Monday, September 28, 2020

လှစေချင်လို့


 

❝  လှစေချင်လို့  ❞

သမီး

ဒီစာဟာ သမီးအတွက် ရေးလိုက်တာပါ ။

ဘယ်သမီးလဲလို့ ဘေးဘယ်ညာ လှည့်ကြည့်မနေပါနဲ့ ။ အခု ဒီစာကို ဖတ်မိနေတဲ့ သမီးအတွက်ပဲ ရေးလိုက်တာပါ ။

ကျောင်းဆရာတစ်ယောက် မို့ ကိုယ့်ကိုယ်ကိုယ် ဆရာလို့ပဲ သုံးပါရစေ ။ ဆရာကိုယ်ဆရာ မိတ်ဆက်ပါ့မယ် ။ ဆရာက အသက် ၂၀ ကျော်အရွယ် သမီးတစ်ယောက်နဲ့ အသက် ၂၀ ကျော်အရွယ် သားတစ်ယောက်ရဲ့ဖခင်တစ်ဦး ။ ပြီးတော့ အသက် ၂၀ကျော် အရွယ် တပည့်တွေ ရာနဲ့ ထောင်နဲ့ချီပြီး စာသင်နေတဲ့ တက္ကသိုလ် ဆရာတစ်ဦး ။ ပြီးတော့ အသက် ၂၀ ကျော် လူငယ်တွေဖတ်ဖို့ အဓိကဖြစ်တဲ့ စာမျိုးတွေ ရေးနေတဲ့ စာရေးဆရာတစ်ဦးဆိုရင် လုံလောက်ပြီ ထင်ပါရဲ့ နော် ။

ဒီပထမဦးဆုံးစာမှာ ဆရာပြောချင်တာကတော့ မိန်းကလေးတွေ  လှချင်ကြတဲ့ကိစ္စ ဖြစ်တယ်ကွယ့် ။

မိန်းကလေး လှချင်တာများအပြစ်လားလို့ စောဒက မတက်လေနဲ့ ။ ဆရာကသဘောတူပြီးသား ။ မိန်းကလေးတွေမှ မလှချင်ရင် ဆရာတို့ နေနေရတဲ့ လောကကြီး ယဉ်ကျေးမှု တော်လှန်ရေးခေတ်က တရုတ်ပြည်ကြီးနဲ့ တူသွားမှာများ မတွေးရဲပါဘူး ။

ဟော ခုကျတော့ ယောက်ျားလေးတွေကပါ လှချင်လာတာ တော်တော် တွေ့နေရပြန်သကွယ့် ။ ယောက်ျားကလေးလည်း မိန်းကလေးတွေ က ရုပ်ချောတယ်လို့ အပြောခံချင်ကြတာသဘာဝကျပေမယ့် ယောက်ျားလေးတန်မဲ့နဲ့ ကိုယ့်ရုပ်အသွင်အပြင်အတွက် အချိန်တွေ ၊ ငွေတွေ အာရုံစိုက် မှုတွေ အများကြီး ထည့်နေကြတာမျိုး ကျတော့လည်း ဒီလိုသာ လူငယ်တိုင်း ဖြစ်နေကြရင် ဒီနိုင်ငံကြီး နေပျော်စရာမရှိတော့ဘူး ထင်မိတာ အမှန်ပဲကွယ့် ။ သမီး  မိန်းကလေးတစ်ယောက် အမြင်နဲ့ ကြည့်ပါဦး ။ သမီးတို့ အိမ်ထောင်ကျတဲ့အခါကျရင် သမီးရဲ့အိမ်ထောင်ဦးစီးဖြစ်လာမယ့် သမီးချစ်သူဟာ မှန်ရှေ့မှာ သူဝင်နေလို့ သမီးတောင် ထိုင်စောင့်နေရတဲ့ လူမျိုးဖြစ်ရင် သမီး အထင်ကြီး အားကိုးပါ့မလားလို့ ။ ထားတော့ ။

ဒါက ဒီစာရဲ့ အဓိကအကြောင်းရင်း မဟုတ်လေတော့ သမီးတို့ မိန်းကလေးတွေ လှချင်ကြတဲ့ ကိစ္စပဲ ဆရာ ဆက်ရေးပါဦးမယ် ။

➡ မိန်းကလေးတွေ လှချင်တာ အမှန်ကွယ့်

ယောက်ျားကလေးတွေလည်း မိန်းကလေးတွေကို လှစေချင်ကြတာ အမှန်ပါပဲ ။

အံ့ဩဖို့ကောင်းတာက မိန်းကလေးတစ်ယောက် လှဖို့ဆိုတာ အင်မတန်လွယ်တဲ့ကိစ္စ ဖြစ်လျက်နဲ့ မိန်းကလေး အများစု ဘယ်လိုလုပ်ရမယ် မသိ ဖြစ်နေကြတာပါပဲ ။

ဆရာ့ အသက်အရွယ်နဲ့ ဒီကိစ္စတွေ ဘယ်လိုလုပ်သိပါ့မလဲလို့ သံသယ မဖြစ်နဲ့နော် ။ ဆရာက အခုအသက် ၅၀ ကျော်ပေမယ့်ဆယ်ကျော်သက် ဘဝရော ၊ နှစ်ဆယ်ကျော် ဘဝရော ၊ သုံးဆယ်ကျော် ဘဝရော ၊ လေးဆယ်ကျော် ဘဝပါ ဖြတ်သန်းပြီးခဲ့ဖူးသား ဖြစ်တဲ့အပြင် နေ့ရှိသရွေ့နှစ်ဆယ်ကျော်ကလေးတွေနဲ့ နေနေရတာဆိုတာ မမေ့ပါနဲ့ဦး ။

➡  လှဖို့အတွက် ငွေနဲ့ အချိန် ဘယ်လောက်လိုသလဲ

ဒီမေးခွန်းကို ဖြေကြည့်ပါ သမီး ။

ဒီခေတ် ဒီအခါမှာ ယောက်ျားကလေးတွေက အလုပ်လုပ်ပြီး မိန်းကလေးတွေက အိမ်ထဲမှာ နေရတဲ့ အယူအဆမျိုးတွေ ခေတ်နောက်ကျနေပြီဆိုတာ သမီးတို့အသိ ။ ယှဉ်ပြောကြကြေးဆိုရင် အရည်အချင်းတူရင်  မိန်းကလေးတွေကတောင် ယောက်ျားကလေးတွေထက်ပိုပြီး အလုပ်တစ်ခုရဖို့ လွယ်နေတဲ့ ခေတ်မျိုးပါ ။

သည်ခေတ် မိန်းကလေးတွေအတွက် အချိန်ဆိုတာ ငွေပါပဲ ။ ငွေသုံးရင် အလုပ်ချိန် ပိုလုပ်ပြီး အချိန်သုံးရင် ဝင်ငွေနည်းသွားမှာပါ ။

သည်ခေတ် မိန်းကလေးတွေထဲမှာ အလှဆိုတာအတွက် အချိန်ရော ၊ ငွေရော အများကြီး သုံးနေတဲ့ မိန်းကလေးတွေ ရှိနေတာ အမှန်ပဲ သမီး ၊ ဥပမာ - ဆံပင်အရောင် တစ်ခါဆိုးရင် နှစ်နာရီ ကနေ သုံးနာရီ ကြာတယ် ။ ငွေနှစ်သောင်း ၊ သုံးသောင်း ကုန်တယ် ။ ဟုတ်တယ် မဟုတ်လား ။ ဘာအလုပ်မှ လုပ်စရာမလိုဘဲ မုန့်ဖိုး သိန်းချီရနေတဲ့ သူဌေးသမီးတစ်ယောက် အတွက်တော့ ဒါငွေနဲ့ အချိန်ဖြုန်းတီးတာ သက်သက်လောက်ပဲ ဖြစ်ပေမယ့် တစ်လ ခုနစ်သောင်းနဲ့ တစ်သိန်းကြားထဲ လစာရတဲ့ ဘွဲ့ရ ကုမ္ပဏီဝန်ထမ်း အမျိုးသမီးကလေးတစ်ယောက်အတွက်တော့ တခြားဘက်ကနေ ချွေတာလိုက်ရတဲ့ အချိန်နဲ့ငွေ မများလွန်းဘူးလားလို့ တွေးကြည့်မိစရာပါ ။

ဒီထက်ပိုတစ်ဆင့်တက် တွေးမိရင် ရှာနိုင်တာထက် သုံးချင်တာကများ ၊ ရှာဖို့ကလည်း အချိန်မလောက်လာရင် အချိန်တိုတိုနဲ့ ငွေတွေအများကြီးရဖို့ လိုလာရော ။ အဲဒီအခါကျရင် အလှနဲ့ လှချင်စိတ်ဟာ စာရိတ္တရဲ့ ရန်သူအထိတောင် ဖြစ်တတ်တယ် သမီး ။

ယောက်ျားကြီးတစ်ယောက်အနေနဲ့ ဆရာ့အမြင်ကို ပြောရရင်တော့ မြန်မာလူမျိုးရဲ့ အသွင်အပြင် ဆံပင်အနက်ရောင်ကလေးကို သန့်သန့်ရှင်းရှင်းနဲ့ သပ်သပ်ရပ်ရပ်ထားတဲ့ သမီးတစ်ယောက်ဟာ မြန်မာလူမျိုးမှာ လုံးဝမရှိတဲ့ ( ဆေးဆိုးထားတယ် ဆိုတာ လူတိုင်းသိတဲ့ ) ၊ သဘာဝမကျတဲ့ ဆံပင်အရောင် ၊ ပုံစံဆန်းဆန်း လုပ်ထားတဲ့ မိန်းကလေးတစ်ယောက်ထက်တော့ အများကြီး ပိုကျက်သရေရှိတာ အမှန်ပဲ ။

LV အိတ်ပဲ ကိုင်တယ်ပြောတဲ့ မော်ဒယ်လ်မကလေးတစ်ယောက် အကြောင်းကို လွန်ခဲ့တဲ့ နှစ်နှစ် ၊ သုံးနှစ်လောက်က ဂျာနယ်တစ်စောင်မှာ ဖတ်ရဖူးသေးတယ် သမီး ၊ ပါရီမြို့ကို ဆရာရောက်တုန်းက အဲဒီ LV ဆိုင်ကို သွားကြည့်ခဲ့တာပေါ့ ။ တန်းစီပြီးမှ လူဦးရေ ကန့်သတ်ချက်နဲ့ ဝင်ဝယ်ရတဲ့ ဆိုင်များ ၊ အိတ်တစ်လုံးကို မော်တော်ကားတစ်စီးစာလောက် တန်ချင် တန် သွားတတ်တဲ့ ဆိုင်မျိုး ။ တိုင်းပြည်မှာရှိတဲ့ ကလေးတွေရဲ့ ၄၀ ရာခိုင်နှုန်း အာဟာရချို့တဲ့နေတဲ့ နိုင်ငံမှာ ကိုယ်ဝယ်ကိုင်နိုင်ရင်တောင် လူကြားထဲ ထုတ်ပြရမှာ အားနာစရာမဟုတ်လား သမီး ။ အဲသလို ဈေးကြီးနေတဲ့ အကြောင်းကလည်း တကယ့်သားရဲတိရစ္ဆာန်ကလေးတွေ
အများကြီး သေပေးမှ ဖြစ်လာရတဲ့ အိတ်မို့လို့ မဟုတ်လားသမီး ။

ဆရာ့မျက်စိထဲတော့ ရုံးသွားမယ့် အိတ်ရိုးရိုးလေးတစ်လုံး ပခုံးလွယ်ထားတဲ့ မိန်းကလေး တစ်ယောက်ကို ကြည့်ရတာ ပိုမျက်စိအေးပါတယ် ။ နုပျိုလန်းဆန်းမှုကို ပိုထင်ဟပ်နိုင်ပါတယ် ။ တန်ဖိုးကြီး အဝတ်အစားတွေလည်း ဒီသဘောပါပဲကွယ် ။

➡  လှတာနဲ့ တပ်မ က်ဖွယ်ရာကို ခွဲသိဖို့

လှတာဟာ ဂုဏ်ယူစရာပါ သမီး ။

တပ်မ က်ဖွယ်ရာကောင်းအောင် လုပ်ဖို့ကတော့ ဘယ်သူမဆို လုပ်လို့ရပါတယ် ။ ခေတ်နဲ့အညီ ရေစီးကြောင်းတွေက ပြောင်းနေတာတော့အမှန်ပဲ ။ ဒီခေတ်မှာ ရင်ဖုံးအကျီပွပွကြီးတွေ ဘယ်ဝတ်နေတော့မှာလဲ ။ မိန်းကလေးတစ်ယောက် ဘောင်းဘီရှည်ဝတ်တာလည်း နှာခေါင်းရှုံ့ ရမယ့်ကိစ္စတော့ မဟုတ်တော့ဘူး ။

ဒါပေမဲ့ မြင်တဲ့သူကို တပ်မ က်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ ခန္ဓာကိုယ်အသားအရေကို လှစ်ပြီးပဲဖြစ်ဖြစ် ၊ ကိုယ်နေဟန်ထားကို ပဲဖြစ်ဖြစ်ဖော်ပြပြီး ဝတ်စားထားတဲ့ မိန်းကလေးတစ်ယောက်ကို ဘယ် ယောက်ျားကလေးမှ လှတယ်လို့ မထင်ကြဘူး ဆိုတာကိုတော့ ယုံကြည်စေချင်တယ် ။

တပ်မ က်တာက တပ်မ က်တာ သက်သက် ။ ချစ်စရာလို့ မြင်တာမှအလှကို ခံစားတာ မတူပါဘူး သမီး ။

အဝေးကနေမြင်ပြီး အသက်ရှူမြန်ချင် မြန်တတ်ပေမယ့် အနီးကပ်ပြီး လူကြားထဲ ခေါ်သွားရမှာကိုတော့ ကိုယ့်ချစ်သူကိုယ်တိုင်ကတောင် မလုံမလဲ ခံစားကြရတတ်ပါတယ် ။

အန္တရာယ်ကိုလည်း ဖိတ်ခေါ် ၊ ကိုယ့်ကိုလည်း သူများ တန်ဖိုးမထားစေတတ်တဲ့ အဆင်အပြင်နဲ့ အလှကိုတော့ ခွဲမြင်ကြစေချင်တယ် ။

➡  လူတိုင်းလှတဲ့ အရွယ်ပါ

မိုးရေဆမ်းထားတဲ့ ပန်းကလေးတစ်ပွင့်ကို ကြည့်ရတာ မလှဘူးလားလို့မေးရင် ဘာပန်းလဲ ၊ ဘာအရောင်လဲ ဘယ်သူမှ မေးနေမှာ မဟုတ်ပါဘူး ။ လှတယ်လို့ တညီတညွတ်တည်း သဘောတူကြမှာပါ ။

သမီးတို့ အရွယ်ဆိုတာ အဲဒီ မိုးဆမ်းထားတဲ့ ပန်းကလေးတွေလိုပါပဲ ။ နှင်းဆီလည်း လှတာပါပဲ စံပယ်လည်း လှတာပါပဲ ၊ ကံ့ကော်လည်း လှတာပါပဲ ။

သန့်ရှင်းကြည်လင်မှုက အလှတရားပါး ဆံပင်ထဲမှာလည်း အဖြူ ၊ အညို မစွက်သေးဘူး ။ မျက်နှာမှာလည်း အရေးကြောင်း တွဲမကျသေးဘူး ။ နှလုံးသွေးကြောလည်း အဆီပြင် မဖုံးသေးဘူး ။

အရေးအကြီးဆုံးကတော့ မျက်လုံးကလေးတွေလည်း ကြည်လင်နေကြတုန်းပဲ ။ သမီးတို့အရွယ်ကလေးတွေ ဘယ်လောက်လှတယ်ဆိုတာ ဆရာတို့အရွယ်ရောက်ပြီး ပြန်လှည့်ကြည့်တော့မှ သဘောပေါက် မှာ ။

လူတိုင်း လှတဲ့ အရွယ်ပါ သမီး ။

ကြည်လင်တဲ့ မျက်လုံးကလေးတွေ အရောင်အစွန်းအထင်း ကင်း
ဖို့ကိုတော့ ပညာနဲ့ဆင်ခြင်တုံတရား လိုသေးတယ်နော် ။

➡  အဝတ်အစားတွေ အများကြီး လိုသလား

စနိုးဝှိုက်နဲ့ လူပုလေး ခုနစ်ယောက် ပုံပြင်ထဲက စနိုးဝှိုက်ကလေး ကိုတော့ သမီးတို့ သိမှာပါနော် ။

စနိုးဝှိုက်ကလေးဟာ ကာတွန်းဖြစ်လိုက် ၊ ရုပ်ရှင် ဖြစ်လိုက်နဲ့ အများ မျက်စိထဲမှာ လှနေတာ ရာစုနှစ် တစ်နှစ်တောင် ပြည့်တော့မယ် သမီး ။ အဝတ်အစား တစ်မျိုးတည်းပဲ ဝတ်သွားခဲ့တာ သတိထားမိသလား ။

အဲသည် အဝတ်အစား တစ်မျိုးတည်းနဲ့ပဲ လူမျိုးပေါင်းစုံ ၊ ခေတ်ပေါင်းစုံ ၊ အရွယ်ပေါင်းစုံရဲ့ မျက်စိထဲမှာ လှနေခဲ့တာ ဘာကြောင့်လို့ထင်လဲ သမီး ။

ပထမဦးဆုံးတစ်ခုကလိုက်လျောညီထွေရှိမှုပါ ။ စနိုးဝှိုက်ကလေးရဲ့အဝတ်အစားဟာ သူ့ပတ်ဝန်းကျင်ထက်ကို စူးစူးရဲရဲကြီး ထူးခြားမနေဘူး ။ သင့်တင့်လျောက်ပတ်နေတယ် ။ အမြင်မရိုင်းဘူး ဆိုပါတော့ကွယ် ။ သူ့ကိုယ်ဟန် အမူအရာနဲ့လည်း လိုက်ဖက်နေပြန်တယ် ။ ဒါကတော့ ရွေးချယ်တတ်မှုပေါ့ ။

ဆရာ ဆိုလိုတာက မိန်းကလေးတစ်ယောက် မှာ အဝတ်အစား အလဲအလှယ် များများရှိဖို့ မလိုဘူးကွယ့် ။ ဝတ်ထားစားထားတဲ့ ပုံစံက ကိုယ်ကိုယ်တိုင်နဲ့ရော ၊ ပတ်ဝန်းကျင်နဲ့ရော ( ပတ်ဝန်းကျင်ဆိုတာ ယဉ်ကျေးမှု အရရော ၊ ရာသီဥတုအရရော ကိုယ်ဝတ်စား သွားရမယ့်နေရာ ၊ ကာလံ ဒေသံပေါ့ကွယ် ) အဆင်ပြေပြေ ညီညီညွတ်ညွတ်ရှိဖို့က အဓိကလို့ ဆိုလိုချင်တာပါပဲ ။

ဆရာ တစ်ခါမတွေ့ဖူးတယ် ။ အဆိုတော်မလေး တစ်ယောက်။ ရုပ်ကလေးကလည်း ချောပါရဲ့။ အသံကလေးကလည်း ကောင်း ၊ မင်္ဂလာဆောင်မှာ ဘိသိက်သီချင်း ဆိုတာ ။ မြန်မာဝတ်စုံဝတ်ပြီး ပဝါလည်း စုံချထားပါရဲ့ အင်္ကျီလက်က လက်တို ဖြစ်နေတယ် ။ အရေးတကြီးကြီး မဟုတ်ပေမယ့် ကြည့်ရတာ မျက်စိထဲမှာ တစ်ခုခုလွဲနေသလို ဖြစ်တာပေါ့ကွယ် ။

ဆရာ ဆိုလိုတဲ့ ကာလံဒေသံ ဆိုတာ အဲဒါမျိုးကို ပြောတာပါ ။ အဲဒီထက် ဆိုးတာလည်း ရှိတာပေါ့ ။

ဥပမာ အဲဒီ မင်္ဂလာဆောင်မှာတောင် တိုလွန်းတဲ့ စကတ်နဲ့လာတဲ့ မိန်းကလေးတွေ ရှိနေတာပဲ ။

ဒုတိယ အရေးအကြီးဆုံး အချက်က သန့်ရှင်းသပ်ရပ်မှုပါ ။ အခု ပုဂ္ဂလိက ဘဏ်တွေပေါ်လာတော့ ဆရာသတိထားမိတာ ရှိတယ် ။ ဘဏ်ဝန်ထမ်း မိန်းကလေးတွေရဲ့ ဝတ်စုံကများသောအားဖြင့် ခေတ်မမီလွန်း ရှေးမကျလွန်းတဲ့ မြန်မာဝတ်စုံမျိုးပဲ ။ အရောင်ရော ၊ ပုံစံရော အတူတူ ဝတ်ထားကြပေမယ့်များသောအားဖြင့် သူတို့ကြည့်ရတာ လှတယ် ။ ဘာဖြစ်လို့လဲဆိုတော့ သန့်ရှင်းပြီး သပ်ရပ်နေတာကိုး ။

တတိယအချက်ကတော့ အရေးကြီးဆုံးအချက်ပါ သမီး ။

ကြည်လင်နေဖို့ပါ ။

ကြည်လင်နေမှ လှတာပါ ။

စနိုးဝှိုက်ကလေးကို ကြည့်လိုက်ရင် အမြဲ ကြည်လင်နေတာပဲ ။ ဒါကြောင့် လှတာပေါ့ ။ စုန်းမကြီးက ဘုရင်မကြီးလို လှလှပပ ဝတ်စားထားတုန်းကလည်း မလှပါဘူး ။ ဘာဖြစ်လို့လဲဆိုတော့ မကြည်လင်လို့ပါပဲ ။

ကြည်လင်တယ်ဆိုတဲ့ မျက်နှာမျိုးကလေးက မေတ္တာနဲ့ နေမှ ရှိတတ်တာပါ ။ ဘယ်သူ့အပေါ်မှာမဆို ချမ်းသာမှုပဲ ဖြစ်စေချင်ပြီး ဒုက္ခတွေ ကင်းဝေးစေချင်နေတဲ့ မျက်နှာကလေးမျိုးပေါ့ ။

ခက်သလား သမီး ။

စနိုးဝှိုက်ကလေးက ပုံပြင်ထဲမှာပဲ ရှိတယ်လို့ တွေးနေတာလား ။

➡  မေတ္တာရဲ့ အလှ

လွန်ခဲ့တဲ့ လေးနှစ်လောက်က ဆရာ ဝတ္ထုတိုကလေး တစ်ပုဒ် ရေးခဲ့ဖူးတယ် ။

အိပ်မ က်ထဲက နတ်သမီးတဲ့ ။

လှတာကို သိပ်မ က်တဲ့ ကောင်လေးတစ်ယောက်အကြောင်းပေါ့ ။ သူ့မှာ သူငယ်ချင်းမလေး သုံးယောက်ရှိတယ် ။ နှစ်ယောက်က လှတယ် ။ တစ်ယောက်က ရွက်ကြမ်းရေကျို ပေါ့လေ ။ သူက လှတဲ့ နှစ်ယောက်စလုံး နဲ့ တစ်လှည့်စီ ရည်းစားဖြစ်တယ် ။ နောက်ကွဲသွားတယ် ။ နှစ်ပေါင်းများစွာကြာလို့ ပြန်တွေ့ကြတော့ အဲဒီနှစ်ယောက်စလုံးက မလှတော့ဘူး ။ သူ မချစ်ခဲ့မိတဲ့ တစ်ယောက်က လှနေလို့ သူ အံ့ဩရတယ် ။ အိပ်မ က်ထဲက နတ်သမီး ပေါ့ ။ အကြောင်းရင်းကတော့ အဲဒီ သူငယ်ချင်းမလေးက မိဘမဲ့ ကလေးတွေကို ပြုစုစောင့်ရှောက်တဲ့ အလုပ်ပဲ တစ်သက်လုံး လုပ်နေခဲ့တော့ မေတ္တာနဲ့ နေနေတော့ မျက်နှာကလေးက ကြည်လင်နေတာတဲ့ ။

ဆရာ့ဘဝ အတွေ့အကြုံတွေထဲက တွေ့ကြုံဖူးတာကလေးတွေကို ပြန်ပေါင်းစပ်ပြီး ရေးခဲ့တဲ့ ဇာတ်လမ်းမျိုးပါ ။

မေတ္တာနဲ့နေရင် လှတယ်ဆိုတာ ယုံပြီလား သမီး ။

မယုံမရှိပါနဲ့ကွယ် ။

အခုလည်း သမီး သတိထား ကြည့်မယ်ဆိုရင် သမီးတို့အရွယ် မိန်းကလေးတွေထဲမှာ စနိုးဝှိုက်ကလေးတွေ ရှိနေတာ သတိထားမိမှာပဲ ။

အလှပြင်ဖို့ ပိုက်ဆံတွေလည်း အများကြီးရှိစရာ မလိုဘူး ။ အချိန်တွေလည်း အများကြီးပေးစရာ မလိုဘူး ။

သူများစွဲမ က်အောင် ဆွဲဆောင်နေဖို့ မလိုဘူး ။

အဝတ်အစား ဖက်ရှင်အမျိုးမျိုး လဲလှယ်ဝတ်နိုင်ဖို့လည်း မလိုဘူး ။ သန့်ရှင်းကြည်လင်တဲ့ မေတ္တာနဲ့ လှနေလို့ ရပါတယ် ။

အဲသလို လှနေတဲ့ မိန်းကလေးတွေကမှသာ ကိုယ်တိုင်လှရုံသာမက ပတ်ဝန်းကျင်ကိုပါ အလှဆင်နိုင်ကြပါတယ် သမီး ။

နည်းနည်းလေး သတိထားပြီး လေ့လာကြည့်လိုက်ပါ ။ တွေ့မှာပါ ။

သမီးလေး သန့်ရှင်းကြည်လင်စွာ လှနိုင်ပါစေကွယ် ။

             ◾ လင်္ကာရည်ကျော်

No comments:

Post a Comment