Showing posts with label ဇာဂနာ. Show all posts
Showing posts with label ဇာဂနာ. Show all posts

Wednesday, October 14, 2020

တပေါင်းတန်ခူးအကြောင်းထူး


 

  ❝  တပေါင်းတန်ခူးအကြောင်းထူး  ❞


     မတ်လနှင့်ဧပြီလ နှစ်လလုံးလုံးတော်တော် ပူသလို တော်တော် လှုပ်လှုပ်ရှားရှား ဖြစ်ခဲ့သည် ။ ကျွန်တော်တို့ အထူးဝင်းတစ်ဝင်းလုံး ဝင်လိုက် ထွက်လိုက်နှင့် ဂနာမငြိမ်လှ ။ တစ်ယောက်ရောက်လာလိုက် ချက်ချင်း ပြန်ထွက်သွားလိုက် ဖြစ်နေသဖြင့် ဘယ်သူဘယ်ဝါမှန်းတောင် မမေးလိုက်ရပါချေ ။


     စစ်ကြောရေးစခန်းမှာလည်း နေရောညပါ စည်ကားနေပါရော ။ ရန်ကုန်မြို့သာ လျှပ်စစ်မီး မလာချင်နေပါ့မယ် ၊ အင်းစိန်ထောင် အထူးဝင်းထဲက စစ်ကြောရေး စခန်းမှာတော့ ထိန်ထိန်ကိုသာလို့ ။မှတ်မှတ်ရရ မတ်လနောက်ဆုံး အပတ် ၂၅ ရက်နေ့ ညနေဘက် မှာ ကျွန်တော်တို့

အခန်းရှေ့က သစ်သားတံခါးတွေ တဂျိမ်းဂျိမ်းနဲ့ လာပိတ်ပါလေရော ။ ကိုင်း တစ်ယောက်ဖြင့် တိုးပါပေါ့ ။ ဘယ်သူများပါလိမ့် ။ ကျွန်တော်တို့ တိုက်တန်းလျားမှာ လွတ်နေသောအခန်း နှစ်ခန်းရှိလေသည် ။ ဦးတင်စိုး နှင့် မိုးဝင်း လွတ်သွားပြီး နောက်အခန်းတွေ အပြောင်းအရွှေ့ လုပ်လိုက်သေးသည် ။ ဗိုလ်ကြီးအောင်ဝင်းက အခန်း ( ၁ ) ၊ အခန်း ( ၂ ) က လွတ်နေသည် ။ အခန်း ( သုံး ) မှာက ဘိုမြ ၊

အခန်း ( လေး ) မှာက ကိုဌေး ၊ ကျွန်တော်က အခန်းငါး ။ ဦးစိုးက အခန်းခြောက် ၊ အခန်း ( ၇ ) မှာ ဦးတင်ညွန့် ၊ အခန်းရှစ်နှင့် အခန်းကိုးမှာက ကိုချိန် နှင့် ကိုတင်အောင် ။ သည်တော့ အခန်းနံပါတ် တစ်ဆယ်နှင့် အခန်းနံပါတ်နှစ် အားနေသည် ။ အခန်းတစ်ဆယ်မှာ လူသစ်ထည့်လျှင် ကျွန်တော်တို့ သစ်သားတံခါးကို လာပိတ်နေဖို့ လိုမည်မထင် ။ ဒါဆို အခန်းနံပါတ်နှစ်မှာ လူသစ်ထည့်မှာ သေချာလေပြီ ။ သို့ဖြင့် စကားပြောသံ ခြေသံ သော့တွဲသံများ စပြီး ကြားလိုက်ရတော့ရာ လာပြီ လာပြီ လာချေပြီဟု ရေရွတ်မိတော့သည် ။


     ထောင်ထဲသို့ လူရောက်လာတာ ဝမ်းသာစရာ မဟုတ်သော်လည်းကျွန်တော်တို့ အဖို့ သတင်းထူးလေးတွေ ပါလာမည့်အတွက်တော့ ဝမ်းမြောက်စရာပေ ။


     ထုံးစံအတိုင်း သစ်သားတံခါးတွေ လာဖွင့်တော့မှ နံရံခေါက်အချက်ပေးစနစ်ဖြင့်

ဆက်သွယ်လိုက်တော့မှလား …. ပေါ်ဦးထွန်း ( ခေါ် ) မင်းကိုနိုင် ပါကလား ။ သူ့ကို

အင်းလျားကန်အနီး အနောက်ရန်ကင်းထိပ်မှာ ဖမ်းလာခဲ့သည်ဟု သိရသည် ။ သို့ဆိုလျှင် လူဖမ်းပွဲကတော့ စလေပြီ ။ အထူးဝင်းတစ်ဝင်းလုံး ပျားပန်းခတ်နေသည်မှာလည်း တစ်ယောက်ပြီး တစ်ယောက် ဖမ်းလာခြင်းပင် ။ မင်းကိုနိုင် အပြောအရ ကျောင်းသားများရော ၊ တက်ကြွလှုပ်ရှားသူ အရပ်သားများရော အဖမ်းခံရတာ တစ်ရာကျော်ပြီဟု သိရလေသည် ။ ဥက္ကဋ္ဌကြီးရော ကိုဌေး ပါ စိတ်တော်တော်ပျက်သွားသည် ။ ဒီလိုပုံ ဒီလိုအချိုးနှင့် မိုးကြီး ချုပ်တော့မလားရယ်ပေါ့ ။


xxx    xxxx    xxxx


     တကယ်တော့ မိုးမချုပ်ပါ ၊ ရောင်နီပျိုးလာခဲ့လေသည် ။ သင်္ကြန်မတိုင်ခင် နှစ်ရက်အလို ဧပြီလ ၁၁ ရက်နေ့မှာ ကျွန်တော်နှင့် ကိုဌေးကို ထောက်လှမ်းရေး ၆ မှ ဗိုလ်မှူးစန်းပွင့်က လာတွေ့လေသည် ။ သူအဆိုအရတော့ အထက်လူကြီး

များက တာဝန်ပေးလိုက်ကြောင်း ၊ ကျွန်တော်တို့နှစ်ယောက်၏ ကျန်းမာရေး ( အမှန်ကတော့ စိတ်ပိုင်းဆိုင်ရာအခြေ အနေ ) ကိုလာရောက် စုံစမ်းခြင်းဖြစ်သည်ဟု ဆိုသည် ။ ထိုသည်၏နောက် ထောင်ဆေးရုံကို ခေါ်ပြီး ရန်ကုန်ဆေးရုံကြီးမှ ဆရာဝန်များဖြင့် ဆေးစစ်ပါ​ေလ တော့သည် ။တစ်သက်နှင့်တစ်ကိုယ် တစ်ခါမှ ဆေးစစ်မခံရဖူးဘဲ ခုမှ တော်တော် ဂရုစိုက်ခံနေရသဖြင့် ဘဝင်တောင် မြင့်ချင်ချင် ။ ဆေးစစ်ပြီးသွားသည့်အခါ ကျွန်တော်တို့ ခေတ္တတည်းခိုရာ အထူးဝင်းသို့ ပြန်မပို့ဘဲ တီနှစ်ထောင်ကားကြီးပေါ် တင်ခေါ်သွားလေရာ ကျွန်တော်တို့နှစ်ယောက်လုံး ရင်တွေကို တဒိတ် ဒိတ်ခုန်လို့ ။ လွတ်ပြီလား ၊ လွှတ်ပြီလားရယ်ပေါ့ ။ တကယ်တော့ မဟုတ်ပါချေ ။ ထောင်ဘူးဝကနေ ကားစထွက်သည်နှင့် ထောင်အုတ်ရိုး နံဘေးအတိုင်း ကားကိုကွေ့ပြီး မောင်းသွားရာ ​ေဩာ် ထောင်ပြောင်းတာပေါ့လို့ မှတ်ချက် ပြုလိုက်ရပါတော့သည် ။ အင်းစိန်ထောင်မကြီးနှင့် ကပ်လျက် ပေ ၅၀ ခန့်ခြားပြီး သီးသန့်ထောင် ( ခေါ် ) တွဲဘက်ထောင် တစ်ခုရှိ နေသေး၏ ။ ကျွန်တော် ဆယ်တန်းကျောင်းသားကတည်းက တော်တော် ရင်းနှီးခဲ့သော နေရာဖြစ်သည် ။ ကျွန်တော်၏ အစ်ကိုအကြီးဆုံး နိုင်ငံရေးကိစ္စဖြင့် ပုဒ်မ ၅ ည တပ်ခံရပြီး ထောင် ၃ နှစ် ချခံခဲ့ရသောကြောင့် သူ့ကို ထောင်

ဝင်စာ လာတွေ့ရင်း မကြာမကြာ ရောက်ခဲ့ရခြင်းဖြစ်သည် ။ သူတို့တုန်းက တော်တော် လွတ်လပ်သည် ။ ထောင်ထဲသို့ ဂစ်တာရော ၊ ကတ်ဆက်ပါ သွင်းလို့ရသည် ။ သူနှင့်အတူ ရုပ်ရှင်မင်းသား ဇော်ဝမ်း တေးရေးဆရာ ကိုဇေယျ ( ခေါ် ) တိုနီတင် ၊ ပန်းချီဆရာ ကိုကျော်မင်းမောင်တို့ ပါရှိကြသည် ။ ကျွန်တော်က ချာတိတ်ဆိုတော့ သူတို့ခိုင်းသမျှ စာအုပ် ၊ ခဲတံ ၊ မင် ၊ ကက်ဆက် ၊ ကက်ဆက်အခွေ ၊ ဂစ်တာကြိုး တို့ကို ခဏခဏ ဝယ်ပြီးပို့ခဲ့ရဖူး၏ ။ သည်တော့လည်း တွဲဖက်ထောင်နှင့်ကျွန်တော် ရင်းနှီးတာ ဘာမှမဆန်း ။ ကိုင်း ခုတော့ဖြင့် ကိုယ့်ရပ်ကိုယ့်ရွာ ပြန်လာရသလို တွဲဖက်ထောင်ကြီးထဲသို့ ရောက်ရပြန်ပြီပေါ့ ။


     သို့သော်လည်း ဒီတစ်ခါထပ်လို့သာ လွဲပြန်ပါတော့သည် ။ ကျွန်တော်နှင့် ကိုဇင်ဝိုင်းကိုထောက်လှမ်းရေး အရာရှိ နှစ်ယောက်က အမှုဖြစ်စဉ် အစအဆုံး ပြန်လှန်မေးမြန်းပြီး ထမင်းခေါ်ကျွေးခြင်းသာ ဖြစ်လေသည် ။ ထောင်ထမင်း ထောင်ဟင်းသာ ကောင်းကောင်းကန်းကန်း စားခဲ့ရသော ကျွန်တော်တို့နှစ်ယောက် မှာ ဗိုက်အောင့်မတတ် စားခဲ့ကြရတော့၏ ။ စားသောက်ပြီးသည်နှင့် ကျွန်တော်တို့နှစ်ယောက်ကို အင်းစိန်ထောင်မကြီးဆီသို့

ပြန်ပို့လိုက်ပြန်ပါတော့သည် ။


     ရောက်ပြီဆိုသည်နှင့် သတင်းစာရှင်းလင်းပွဲက လုပ်ရ၏ ။ အခန်းနီးနားချင်းတွေရော ထောင်ဝန်ထမ်းတွေကပါ သိချင်ကြသည် ။ အကျဉ်းသားအချင်းချင်း သိချင်တာ ဘာမှ မဆန်းသော်လည်း ထောင်ဝန်ထမ်းတွေ သိချင်တာကတော့ ထူးသည် ။ သူတို့တစ်သက် ဒီလိုအဖြစ်အပျက် မျိုး တစ်ခါမှ မကြုံဖူးဘူးဟုဆိုသည် ။ အားလုံး၏ တူညီ

သော သုံးသပ်ချက်ကတော့ ကျွန်တော်တို့နှစ်ယောက် သင်္ကြန်မတိုင်မီ လွတ်တော့

မည်ဟု .….။ 


xxxxx   xxxxx   xxxxx


     ထောင်မှာ ကြောင် သုံးကြောင်ရှိသည် ။ ပုန်းကြောင် ၊ ဒိုင်ကြောင် ၊ လွတ်ကြောင် ဟူသော ကြောင် သုံးကြောင် ပင် ။ ပုန်းကြောင်ဆိုသည်က စားစရာ မရှိလို့ အခက်အခဲတွေ ဖြစ်ပြီးကြောင်တောင်တောင် ဖြစ်ရခြင်းကို ဆိုလိုသည်။ လွတ်ကြောင်ကတော့ နက်ဖြန်သန်ဖက်ခါ လွတ်တော့မည်ဆိုပြီး ကြောင်တောင်တောင် ဖြစ်နေခြင်းပင် ။ ဒိုင်ကြောင်ကတော့ ဆရာကြီးလိုလို ၊ ဖီလိုဆိုဖာလိုလို ၊ အဓိပတိ တော်လှန်ရေး သမားကြီးလိုလို ၊ သူ့လောက် ဘယ်သူမှမတတ်ဟုထင်ပြီး စကားလုံးတွေနှင့် လိုက်လိုက် ပေါက်တတ်သည့် သူမျိုးကို ဆိုလိုပါသည် ။ သေချာတာကတော့ ကျွန်တော်ရော ကိုဌေးပါ လွတ်ကြောင် ကြောင်နေကြလေပြီ ။ သင်္ကြန်မှာ ပျော်ရမည် ။ ချစ်သူနှင့် လည်ပတ်ရတော့မည် ။ သူငယ်ချင်းတွေနှင့် သောက်ရတော့မည် ။ ထောင်ဆိုသော ရွံ့ရှာစရာ အရပ်ကြီးနှင့် ဝေးရတော့မည် ။ သို့တစေ စွတ်မပျော်ရဲ ။ လွတ်မအော်ရဲ ။ ဘဝတူချင်း မစာနာရာကျပေမည် ။ သို့သော်လည်း သူတို့တွေကတော့ မှာချင်တာတွေ တစာစာ ပြောသည် ။ အဆိုးဆုံးက ဦးတင်ညွန့် ။ သူက မိန်းမ အများကြီးရှိသည် ။

ထို့ကြောင့် သူ့မိန်းမတွေဆီကို တစ်ယောက် တစ်မျိုး မှာလေသည် ။ မင်းကိုနိုင်ကလည်း သူ့ သူငယ်ချင်းတွေဆီသို့ မှာသည် ။ အထူးသဖြင့် သူနှင့် ကျွန်တော်က မိဖချင်း ရင်းနှီးသလို လူချင်းလည်း ခင်မင်ရင်းစွဲရှိရကား သူ့သူငယ်ချင်းများသည် ကျွန်တော့် သူငယ်ချင်းတွေပင်

ဖြစ်လေသည် ။ ကိုကိုကြီး ၊ အောင်ဒင် ၊ ဇော်ဇော်အောင် တို့ထံသို့ သူမှာချင်သည်များကို စာစီစာကုံးတစ်ပုဒ်လို သေသေချာချာ မှာသည်။ ဗိုလ်မြကလည်း သူ့မိန်းမကို နောက် ယောက်ျားယူရန် မှာ၏ ။ ဦးစိုးနှင့် ဗိုလ်ကြီးအောင်ဝင်းကတော့ ထွေထွေထူးထူး မမှာ ။ သူတို့ မိသားစုတွေကို သွားတွေ့ပြီး အားပေးဖို့ သူတို့ဒီနေရာမှာ ကျန်းမာစွာရှိနေကြောင်း မစိုးရိမ်ဖို့ မှာကြားသည် ။ ကျွန်တော်ရော ကိုဌေးပါ တစ်ခုမှ မကျန်ရအောင် မှတ်ရသည် ။ ဦးနှောက်ထဲ အလွတ်ကျက် မှတ်ထားရသော ယခုမှတ်တမ်း ၊ ကဗျာ ၊ သီချင်းများကိုလည်း ပြန်လှန် လေ့ကျင့်ခန်းလုပ်ရသည် ။ ထမင်းတောင် ဖြောင့်ဖြောင့် မစားနိုင်တော့ချေ ။

ေဩာ် .… လွတ်ကြောင်ဘဝ မသက်သာလှပါကလား ။


xxx   xxxx   xxxx


     သို့ဖြင့် ပိတောက်တွေ ခိုင်လုံးကြိုင် လှိုင်လှိုင်ပွင့် သင်္ကြန်သီချင်းတွေ အပြိုင်

ဖွင့်ကြလေပြီ ။ ကျွန်တော်တို့ကား အချုပ်ခန်းတွင်းမှ တစ်လက် မမှ မရွေ့။ ကိုဌေးကား အသံမှပင် မထွက်တော့ ။ ကျွန်တော်လည်း ဟန်ကိုယ့်ဖို့ တင်းသာ ထားရသည် ။ မခိုင်လှ ။ ဥက္ကဋ္ဌကြီးက သင်္ကြန်သီချင်းလေး လုပ်ပါဦးဆိုပေမယ့် အသံက မရွှင် ။ မင်းကိုနိုင်က ကိုပီကြီး မမကိုယ်တိုင်က ဆိုပါဗျ ဆိုတော့လည်း မမက မကနိုင် ၊ မောင်မောင်လည်း မဆိုနိုင်တော့ ။ ( မင်းကိုနိုင်က ကျွန်တော့်ကို ကိုပီလို့ ခေါ်တာ နောက်ခံဇာတ်လမ်းရှိသည် ။ ပီဆိုတာ ပီတာ ( ပါတီ ) အတိုကောက်ပင် ။ ကျွန်တော့် ပြက်လုံးပီတာ ၊ ကီစောင်ကို အခြေပြုပြီး ကျွန်တော့်အား ကိုပီတာ ( ဝါ ) ကိုပီဟု ခေါ်ဆိုခြင်းဖြစ်၏ ) ခုတော့ဖြင့် ကိုလည်း မပီနိုင်တော့ချေ ။ ထောင်အပြင်မှာ ရေပက်နေကြပါပြီကော ။ ထောင်အပြင်မှာ သင်္ကြန်သီချင်းတွေ မြိုင်နေသော်လည်း ကျွန်တော်တို့အားလုံး ငိုင်လေပြီ ။ အင်းစိန်ထောင်၏ အထူးဝင်း တစ်ဝင်းလုံး ငြိမ်ဆိတ်ခြင်းသာ လွှမ်းမိုးထားတော့၏ ။ အကြိမ်ကြိမ် ပြန်လှန်စဉ်းစား ကြည့်မိပြန်တော့ ကိုယ့်ရောဂါ ကိုယ်ရှာနေခြင်းပင် ။ လွတ်မည်ဆိုခြင်းက ကိုယ့်သဘောနှင့်ကိုယ် ။ ကိုယ့်ကိုယ်ကိုယ် လွှတ်နေခြင်းသာဖြစ်ပြီး တိကျရေရာသော ဘာအခြေခံ အကြောင်းအရာမှ မရှိချေ ။ ထမင်းလေးခေါ်ကျွေး ၊ ဆေးလေး စစ်ပေးတာနှင့်

လွတ်ပြီလို့ မည်သို့မျှ တစ်ထစ်ချ မပြောနိုင်ကြပါချေ ။


     ထို့အတွက်ကြောင့် ကျွန်တော် ဒုံးခနဲဆုံးဖြတ်ချက် ချလိုက်သည် ။ လွှတ်ချင်တဲ့အချိန် လွှတ် ၊ ထောင်အပြင် ရောက်တဲ့နေ့ အိမ်ပြန်ရောက်တဲ့နေ့မှ လွတ်တယ်လို့ပြောမယ် ။ ခု ကိုယ့်ကိုယ်ကိုယ် ဒုက္ခပေးနေတာ သက်သက်ပဲဖြစ် တယ်လို့ အားလုံးကို ပြောပြလိုက်တော့ အခန်းနီးနားချင်းတွေက စိတ်မသက် မသာဖြင့် ကောင်းပါတယ်လေဟု ဆိုကြသည် ။ ကိုဌေးကတော့ တဖွဖွပြော၏။ နှင် ပါလာလို့ပေါ့လေ ။ ငါတစ်ယောက်တည်းသာဆို ခုချိန် သတ်သေပြီးလောက်ပြီတဲ့ ။


     သို့ဖြင့် သင်္ကြန်အကြတ်နေ့ညနေမှ စတင်ပြီး ကျွန်တော်တို့၏ အထူးဝင်း

အတွင်းမှာ သင်္ကြန်သီချင်းသံများ မြိုင်လာတော့၏ ။ သံချပ်များလည်း ကြားရသည် ။ ရေဇလုံကို ဗုံလုပ်တီးသံလည်း ကြားရ၏ ။ မင်းကိုနိုင်ကလည်း ဆိတ်ပါးစပ် နတ်မျက်စိအဖွဲ့မှဖြစ်လေရာ သူ့သံချပ်ကလည်း ပျော်စရာကောင်းလေသည် ။ တူးပေပေါင် တူးပေါင် တူပေါင် တူးပေပေါင် တူးပေါင် တူပေါင် သမဝါယမဥက္ကဋ္ဌကတော် နေ့စေ့လစေ့ ကိုယ်ဝန်ရှိသနော် ဆေးရုံပေါ်မှာတက်ကာမွေး ဆပ်ပြာတောင့်လေး မွေး ဟေ့ သူများအကြောင်းမပြောကောင်း သူများအကြောင်း မပြောကောင်း။


   ◾ ဇာဂနာ


   📖 ပထမ

Saturday, July 11, 2020

နာမကရဏ မင်္ဂလာ



  ❝  နာမကရဏ မင်္ဂလာ ❞
     မနေ့ညက မိုးကြီး စုံစုံချုပ်မှ ရောက်လာသဖြင့်ပတ်ဝန်းကျင်ကို အသေအချာ မလေ့လာနိုင်အားခဲ့ ။ သည်နေ့ မနက် မှပင် စေ့စေ့စပ်စပ် ကြည့်ရတော့သည် ။ ကျွန်တော် နေထိုင်ရာအခန်းသည် ၁၆ ပေ x ၁၂ ပေ ကျယ်ဝန်းသော အခန်းဖြစ်၏ ။ အခန်းကို ၂ ပိုင်း ပိုင်းထားသည် ။ ၁၂ ပေ ၄ ပေခန့် ကျယ်ဝန်းသော နောက်ဘက်ခြမ်းနှင့် ၁၂
ပေ ပတ်လည်ရှိ ရှေ့ဘက်ခြမ်းတို့ပင် ။ နောက်ဘက်ခြမ်းမှာ ပခုံးအမြင့်လောက်ရှိသည့် အုတ်ထရံ ကာရံထားသော ရေလောင်းအိမ်သာ တစ်ခုနှင့် ရေဘုံဘိုင်တစ်ခုပြီးတော့ စဉ့်အိုးတစ်လုံး ရေခွက်တစ်ခွက် အထွေထွေသုံးရန် ပလတ်စတစ် ဇလုံတစ်လုံးတို့ ရှိလေသည် ။ ရှေ့ဘက်ခြမ်းမှာတော့ သောက်ရေအိုး ၁ လုံး ၊ ဖျာကြမ်း သုံးချပ် ၊ ဂွမ်းစောင်တစ်ထည် ၊ ပုံ စံ စောင် ( ချည် စောင် ) တစ်ထည်နှင့် မျက်နှာကြက်ပေါ်မှ ဝပ်လေးဆယ်အား မီးလုံးတစ်လုံးတို့သည်ကား ကျွန်တော်ပိုင်ဆိုင်သမျှ အကုန်ပင်ဖြစ်လေသည်။
     သည် ၁၆ ပေ ၁၂ ပေခန်းကို သံတိုင်ကာရံထားသည့် တံခါးမကြီးတစ်ချပ် ၊ပြတင်းပေါက် တစ်ခုအားဖြင့် အရှေ့ဘက်ရှိ မျက်နှာစာခန်းနှင့် ပိုင်းခြားထား၏ ။မျက်နှာစာခန်းသည် ၁၂ ပေ ၆ ပေ ကျယ်ဝန်းပြီး သစ်သားတံခါး တစ်ချပ် တပ်ဆင်ထားသည် ။ အပေါ်မှာတော့ သံဆန်ခါ အုပ်ထား၏ ။ သည်သစ်သားတံခါးမှ တစ်ဆင့်သာလျှင် ပြင်ပသို့ မြင်နိုင်ခွင့်ရှိသည် ။ကျောဘက်နံရံမှာ တပ်ဆင်ထားသော သံတိုင်တပ် ပြတင်းပေါက်ကတော့ အပြင်မှာဖြစ်သဖြင့် ရံခါသာခပ်လှမ်းလှမ်းသို့ ကြည့်လိုလျှင်ဖြစ်စေ ၊ နေထွက်လထွက်ကို ကြည့်လိုလျှင်ဖြစ်စေ အသုံးပြုနိုင်ပေလိမ့်မည် ။
     ရှေ့ဘက်တံခါးမှမျှော်ကြည့်လိုက်လျှင် မုန်လာစိုက်ခင်းတစ်ခု ၊ မြေနီလမ်းကလေး ၊ ပြီးတော့ သရက်ပင်ကြီးနှစ်ပင် သင်္ဘော ၊ မယ်ဇလီပင်အုပ် ၊ နောက်တော့ ( နောင်အခါ စစ်ကြောရေးရုံးဟု သိလာရသည့် ) တစ်ထပ်အဆောက်အဦ တစ်ခု အုတ်စည်းရိုးနီနီ ဟိုမှာဘက် မှာတော့ မီးလောင်ပျက်စီးနေပြီဖြစ်သည့် ထောင်အဆောင်ကြီးတစ်ခု ။ ဒါသည်ပင်ကျွန်တော် မြင်ပိုင်ခွင့်ရှိသည့် နယ်နိမိတ်အစအဆုံးဖြစ်၏ ။
     ကျောဘက် ပြတင်းမှတစ်ဆင့် ကြည့်လိုလျှင် ဦးဆုံးပထမ အိမ်သာအုတ်ပေါင် ပေါ်သို့တက်ရ၏ ။ ထိုမှမျှော်လိုက်လျှင်ဖြင့်မီးလောင်ပြီးစ အဆောင်ကြီးတစ်ခု နောက် ခပ်လှမ်းလှမ်းမှာ ကုက္ကိုပင်ကြီးနှင့် တွဲဖက်ထောင်ဟု အမည်ရသည့် သီးသန့်ထောင်ကြီးတို့ကို မြင်ရလေသည် ။
     ညတုန်းက ပိန်ပိန်သေးသေး ထောင်မှူးလေးက ကျွန်တော့်အား စကား
ပြောခွင့်မရှိကြောင်း ၊ တစ်ခန်းနှင့်တစ်ခန်း လှမ်းပြီးအော်ပြော၍ မဖြစ်နိုင်ကြောင်း ၊ ဝန်ထမ်းများကိုလည်း စကားမပြောရန် တင်းကျပ်စွာ တားမြစ်ကြောင်း မိန့်မှာကြားသွားလေရာ ကျွန်တော့်မှာ အတော်ပင် အကျပ်ရိုက်သွားတော့၏ ။ သောကြာသားဖြစ်သော မိမိအဖို့မှာ ထမင်းမစားလျှင်သာ နေနိုင်မည် ။စကားမပြောရလျှင် မနေနိုင်ဖြစ်ရကာ အကြောင်းတစ်ခုခုရမယ်ရှာပြီး ပြောနေရမှ ကျေနပ်သူဖြစ်လေရာ ဤစည်းကမ်းချက်သည် လိုက်နာရန် အလွန်ခက်ခဲလှပေသည် ။ လူသူမနီးသည့်နေရာမှာ တစ်ယောက်တည်းနေပြီး စကားလည်း မပြောရပြန်ဆိုတော့ ဘယ်လိုဟာကြီးပါလိမ့်ဟု တွေးမိနေပြန်၏။
     သို့သော်လ ည်း မကြာမီမှာပင် ကျွန်တော့်အခန်းရှေ့ရှိ မုန်လာစိုက်ခင်းသို့ ထောင်ကျများ အလုပ်ဆင်းလာကြလေသည် ။ သည်ပုဂ္ဂိုလ်များကို စကားပြောရပေအံ့ဟု ဆုံးဖြတ်ကာ “ ရွှတ်ရွှတ်ရွှတ် ” ဟူ၍တစ်နည်း “ ကစ်ကစ်ကစ် ” ဟူ၍ တဖုံ “ ရွှီ ရွှီ ရွှီ ” ဟူ၍ လေချွန်ကာတစ်မျိုး အမျိုးမျိုးခေါ်သော်လည်း ထိုသူတို့ကပင် နားလေး၍လား ( သို့တည်းမဟုတ် ) ကျွန်တော့် အသံကပင် တိုး၍လားမသိ ၊ ဆက်သွယ်မရနိုင်ဖြစ်နေတော့၏ ။ သို့ဖြင့် သူတို့နှင့် မျက်လုံးချင်းဆုံခွင့်ရရန် ကြိုးစားရပြန်လေရာ ထိုပုဂ္ဂိုလ်များသည် ကျွန်တော့်ကို ကြည့်မိလျှင်ပင် သေဒဏ်ပေးခံရမည့်အလား မျ က်မွေးထော် လော်လို့မှ မကြည့်လေတော့ရာ ကျွန်တော့်မှာ မိမိ၏ အစီအစဉ်ကို လက် မြှောက်အရှုံးပေး လိုက်ရတော့သည်။
     သည်တော့ စကားပြောဖော်ရှာရပြန်တော့၏ ။ ဟော... တွေ့ပါပြီကော ။
အခြားတစ်ပါးတော့ ဟုတ်ပါရိုးလား ။ အခန်းရှေ့မှာ အစာလာစားကြသော စာကလေးများနှင့် စီတန်းချီတက်နေကြသော ပုရွက်ဆိတ်များပင်တည်း ။ ကိုယ့်ကိုပြန်ပြောသည် ဖြစ်စေ ၊ ပြန်မပြောသည်ဖြစ်စေ... အဖက်လုပ်လုပ် မလုပ်လုပ် ကိုယ့်တာဝန်အရ ပြောရမည်သာပင် ။
     သို့သော်လည်း ကျွန်တော့်အား မြန်မာစကားပြော မေ့မသွားစေရန် လေ့ကျင့်ပေးသူများက အလိုအလျောက် ပေါ်လာကြပေသည် ။ ပထမဆုံး ရောက်လာသူများကတော့ ထောင်မှတ်ပုံတင်စာရင်း လာရောက်ရေးသွင်းသူများပင် ။ လမ်းခင်းကျောက်ပြား အရွယ်ခန့်ရှိသော စာအုပ်ထူကြီးကိုကိုင်ပြီး ဝန်ထမ်းသုံးဦးသည် မျက်နှာစာအခန်းတွင်းသို့ ဝင် ရောက် လာကြလေသည် ။ သည့်နောက် မှာတော့ စာအုပ်ကြီးကို ကြမ်းပြင်ပေါ်မှာ ချခင်းရင်း အမည် ၊ အဘအမည် ၊ အသက်စသည်ဖြင့် တစ်ခုပြီးတစ်ခု မေးမြန်းကာ
ရေးသွင်းနေကြပါတော့သည် ။ ကျွန်တော်ကတော့စကားပြောဖော်ရပြီဟု ဝမ်းသာလုံးဆို့ပြီး လိုအပ်သည်ထက်ပင် ပို၍ဝေဝေဆာဆာကြီး အဖြေပေးနေမိတော့၏ ။ ပြဿနာ စတက်သည်ကတော့ “ ကိုယ်တွင်ထင်ရှားသည့် အမှတ်အသား ” ဆိုသောအချက် ၌ပင် ဖြစ်လေသည် ။
     “ ကိုဇာဂနာ ကိုယ်မှာထင်ရှားသည့် အမှတ်အသား ဘာရှိသလဲ ”
     “ မှတ်ပုံတင်ထဲမှာတော့ မေးစေ့အောက် မှာ အမာရွတ်ရှိတယ်လို့ ပါတာပဲ ။ ခုတော့ မုတ်ဆိတ်မွေးတွေ ဖုံးနေလို့ မမြင်သာဘူးပေါ့လေ ”
     “ ဒီပြင်ဟာကော ဘာရှိသေးသလဲ ”
     အပြေးအလွှား စဉ်းစားလိုက် မိ၏ ။ ကိုယ်လုံးပေါ်မှန်ရှိလျှင်လည်း ကောင်းသား ။ ကိုယ့်ခန္ဓာကိုယ်မှာ ဘာအမှတ်အသား ရှိလို့ ရှိမှန်းမသိ ပြန်လျင်လည်း ရှက်စရာ ။ ထိုစဉ် မတ်တတ်ရပ်နေသော ဝန်ထမ်းတစ်ဦးက .....
     “ ဒီရင်ဘတ်က မဲှ့ကို ရေးလိုက်ရင် ရတာပဲ ”ဟု ဆိုလာသောအခါ.....
     နောက်တစ်ဦးက  " ဟာ... ဒါဆို လက် မောင်းက မဲှ့က ပိုထင်ရှားတာပဲ ဒီဟာရေးမှာပေါ့ ” ဟု ဝင်၍ အကြံပေးပြန် လေသည်။

    သို့ဖြင့် အနှီ ပုဂ္ဂိုလ်နှစ်ဦးသည် ဒီဟာက ပိုသိသာတယ် ၊ ဟိုမှဲ့ က ပိုထင်ရှားတယ် ။
ဘာပြုတယ် ညာပြုတယ်နှင့် ငြင်းကြခုံကြပါလေတော့၏ ။ ကျွန်တော်လည်း မနေသာတော့ဘဲ စကားစ ဝင်ဖြတ်ရတော့သည် ။
     “ ခဏဗျာ… ကျွန်တော်တစ်ခုတော့ ပြောချင်လို့ ………ထင်ရှားသည့်အမှတ်
အသားဆိုတာက ကြည့်လိုက်တာနဲ့ ထင်းခနဲ မြင်နေမှမဟုတ်လား ။ အခု ကျွန်တော်က အင်္ကျီ ချွတ်ထားတာဆိုတော့ ရင်ဘတ်တို့ လက် မောင်းတို့က မဲှ့က မြင်နေရတာ ပေါ့။ ဒါပေမဲ့ ကျွန်တော်က အမြဲတမ်း အင်္ကျီချွတ်ပြီး နေမှာမှမဟုတ်တာ ။ မဲှ့ကို ရေးချင်တယ် ဆိုရင်တော့ ဒီပါးပေါ်က မှဲ့က ပိုထင်းမှာပေါ့ ဟုတ်ဖူးလား ”
     သို့မှပင် ကိစ္စက ပြတ်သွားတော့သည် ။ ကျွန်တော်၏ ထောင်ဝင်မှတ်တမ်းစာအုပ်တစ်ခုမှာတော့ “ ကိုယ်တွင်ထင်ရှားသည့် အမှတ်အသား ၊ လက်ယာပါးပေါ်တွင် မှဲ့နက် မွှေးပါတစ် ” ဟူ၍ ဖြစ်သွားလေတော့သည်။
     ဒုတိယတစ်ခါ စကားပြောလာရောက်လေ့ကျင့်ပေးသူကား နံနက်စာ စားအပြီး
တွင် ကျွန်တော့်အခန်းရှေ့သို့ ရောက်လာပါသည် ။ထမင်းစားပြီး အတော်အတန်
ဗိုက်ပြည့်သွားသဖြင့် အခန်းထဲတွင် အစာ​ေကြလမ်းလျှောက်နေစဉ် အခန်းဝ၌ လူရိပ်တွေ့သဖြင့် မော့ကြည့်လိုက် မိရာ အပွင့်အခက် များနှင့် အလှဆင်ထားသော ယူနီဖောင်းကို ဆင်မြန်းထားသည့် လူပုဂ္ဂိုလ်တစ်ဦးကို တွေ့လိုက်ရတော့၏ ။
     ထိုပုဂ္ဂိုလ်ကြီးသည် ခင်မင်နှစ်လိုဖွယ်ရာ ပြုံးပြပြီးနောက် မျက်နှာစာခန်းတွင်းသို့ ဝင်ရောက်လာလေသည် ။ သူ၏နောက် မှ အခြားယူနီဖောင်းဝတ် ပုဂ္ဂိုလ်အများအပြားလည်း
လိုက်ပါလာလေရာ ဤပုဂ္ဂိုလ်ကြီးသည်ကား ခေသူ တစ်ဦးမဟုတ်ပါလားဟု တွေးမိနေပါသည် ။
     “ ဘယ်လိုလဲ ကိုဇာဂနာ..…. နေထိုင်ကောင်းရဲ့လား ”
     “ ဟုတ်ကဲ့ ”
     “ သိနေတယ်လေ…. ခင်ဗျားနေကောင်းမယ်ဆိုတာ သိနေတယ်လေ ”
ကျွန်တော်၏ ရုပ်မြင်သံကြားမှ ပြက်လုံးကိုပြောပြီး ထိုပုဂ္ဂိုလ်ကြီးသည် တဝါးဝါး တဟားဟားဖြင့် ရယ်ပါလေတော့သည် ။ အနီးအနားမှ ပုဂ္ဂိုလ်များကလည်း ဟီးဟီးဟီး ဟားဟားနှင့် ရယ်ကြလေသည် ။ ကျွန်တော့်မှာတော့ ရယ်ရမလိုလို ငိုရမလိုလိုနဲ့ အူကြောင်ကြောင် ဖြစ်နေတော့၏ ။သို့သော်လည်း မျက်နှာစာခန်းရှိ သစ်သားတံခါးကို မှီရပ်နေသော တပ်ကြပ်ကြီးကို မြင်လိုက်ရသည့်အခါမှာတော့ မရယ်ဘဲ မနေနိုင်အောင်ဖြစ်သွားရတော့သည် ။
     ထို တပ်ကြပ်ကြီးသည် တောင်ငေး မြောက်ငေး လုပ်နေရာမှ သူ့အထက်အရာရှိများ တဝါးဝါးတဟားဟားဖြင့် ရယ်နေသံကို ကြားရသည့်အခါ အိပ်မ က် မှ လန့်နိုးလာသည့် လူတစ်ဦးနှယ် ကျီးကြည့်ကြောင်ကြည့်လုပ်နေပြီးမှ ရောကောသောကောဖြင့် ဟီးဟီး ဟားဟား ထလုပ်တော့ရာ ကျွန်တော့်မှာ ထိုတပ်ကြပ်ကြီးအားကြည့်ပြီး မပြုံးဘဲဝါးလုံးကွဲ ရယ်မိပါတော့သည် ။ သည့်နောက် ကျွန်တော့်ရှေ့မှ ပုဂ္ဂိုလ်ကြီးက စကားစပါတော့သည် ။
     “ ကျွန်တော်က အင်းစိန်ထောင် ထောင်ပိုင်ကြီး ဦးစိန်ဌေးပါ ”
     ဪ ... ဦးစိန်ဌေး...  ဦးစိန်ဌေး ။ ဘီဘီစီကပင် ထုတ်လွှင့် ရသော ေထာင်ပိုင်ကြီးပါကလား ။ ကျွန်တော့် စိတ်ကူးထဲမှာ မှန်းပြီးပုံဆွဲထားသော ဦးစိန်ဌေးနှင့် ကျွန်တော့်မျက်စိရှေ့မှ ဦးစိန်ဌေးသည် လားလားကြီး ခြားနားနေပေသည် ။ ကျွန်တော့်ရှေ့မှ ဦးစိန်ဌေးသည် အသားဖြူဖြူ ခပ်သွယ်သွယ် ငယ်စဉ်တုန်းက ကြည့်လို့ကောင်းခဲ့မည့် သဏ္ဌာန်ရှိ၏ ။ ရယ်လိုက်လျှင် ပေါ်လာသော သွားကျိုးလေးမှတစ်ပါး သူ၏ မျက်နှာသည် ရှိရင်းစွဲ အသက်ထက်ပင် နုပျိုလွန်းနေလေသည် ။
     “ ဒီ ရောက်တုန်းရောက်ခိုက် ဘာမှစိတ်အနှောင့်အယှက် မဖြစ်စေချင်ဘူးဗျာ... ကိုဇာဂနာတို့ စိတ်ချမ်းသာ ကိုယ်ချမ်းသာပဲရှိနေစေချင်တယ် ”
     မြတ်စွာဘုရား ။ ထောင်ဆိုတာ ကိုယ်ပိုင်အိမ်မှ မဟုတ်တာ ။ အလှူအိမ်မှ
မဟုတ်တာ ။ တစ်အိမ့်တစ်အိမ် ကူးလူးဆက်ဆံလည်ပတ်သလိုမျိုး ရောက်လာတာမှ မဟုတ်တာ ။ ကျွန်တော်၏ အတွင်းစိတ် အပြောင်းအလဲကို ထောင်ပိုင်ကြီးသည် ရိပ်မိသွားသည်ထင် ။
     “ ကျွန်တော်ဆိုလိုတာက ဒီလိုပါ... ခင်ဗျားတို့ကို ဖမ်းတာရော ၊ လွှတ်တာရော ၊ ကျွန်တော်တို့အကျဉ်းထောင်နဲ့ ဘာမှမဆိုင်ပါဘူး ။ ကျွန်တော်တို့ တာဝန်က ဒီမှာ ခင်ဗျားတို့ ရှိနေသခိုက် တတ်နိုင်သမျှကူညီစောင့်ရှောက်ပြုစုပေးဖို့ပါပဲ ။ ခင်ဗျားတို့ကို ထောင်ထဲမှာ လက်ဖျားနဲ့မှ မတို့စေရပါဘူး ။ ထောင်ထဲမှာ နှိပ်စက်တယ် ၊ ရိုက်နှက်တယ်ဆိုတာ လုံးဝမဟုတ်ပါဘူးဗျာ ။ ကျွန်တော့်ဆီမှာလည်း သားတွေသမီးတွေနဲ့ပါဗျာ ။ ဒီအထဲ မုဒိမ်းကျင့်တယ်ဆိုတာက လာသေးတယ် ။ လုံးဝ မဟုတ်ရပါဘူးဗျာ ”
     ထောင်ပိုင်ကြီးသည် ကျွန်တော့်အား ပုဏ္ဏားတိုင်လို များသဘောထားပြီးများ
ရင်ဖွင့်နေသည်လား မသိ ။ ကျွန်တော်ကတော့ သူပြောသမျှကိုသာ ခေါင်းညိတ် ၊
ခေါင်းခါလိုက် ၊ အင်းလုပ်လိုက် ၊ အဲလုပ်လိုက်ဖြင့် ရေလိုက်ငါးလိုက်လုပ်နေရတော့သည် ။ ထောင်ပိုင်ကြီးမှာလည်း စကားအများကြီး ပြောလိုက်ရသောကြောင့်ထင်ပါ့ ၊ သက်ပြင်းတစ်ချက် မှုတ်ထုတ်ရင်း ………
     “ ကိုဇာဂနာ လိုတာပြောပါ ” ဟူ၍ မေးပါ​ေလတော့သည်။
     “ အထွေအထူးတော့ မရှိပါဘူး ။ စာအုပ်ကလေး ဘာလေးဖတ်ချင်လို့ ရမလားလို့ ”
     “ ကျွန်တော် တင်ပြပေးပါ့မယ် ၊ တင်ပြပေးပါ့မယ် ”
     “ နောက်ပြီးတော့ ကျွန်တော်တို့ဆီပါလာတဲ့ ပိုက်ဆံလေးတွေနဲ့ ဆေးလိပ်လေး မုန့်လေး ဝယ်လို့ရမလားလို့ ”
     “ ကျွန်တော် တင်ပြပေးပါ့မယ် ၊ တင်ပြပေးပါ့မယ် ”
     သည့်နောက် မှာတော့ ကျွန်တော့်ကို နှုတ်ဆက်ပြီး ထောင်ပိုင်ကြီးနှင့်အဖွဲ့သည်
ပြန်လည် ထွက်ခွာသွားလေတော့သည် ။
     “ ဒေါက်...ဒေါက်...ဒေါက် ”
     အနည်းငယ် လန့်သွား၏ ။ အုတ်နံရံခေါက်သံ ။အလိုက်သင့်ပင် ကျွန်တော်လည်း ပြန်ခေါက်လိုက် မိသည် ။
     “ မောင်သူရ ... ဟေ့ကောင်”
     “ ဗျို့...  ကိုဌေး...”
     “ ထောင်ပိုင်ကြီး ဘာတွေပြောသွားသလဲ ”
     “ ဒီလိုပါပဲ ဘာညာ သာရကာပေါ့ ”
     “ ဟေ့ကောင်..…ထောင်မှူးတွေ အလစ်မှာဆိုရင် စကားပြောလို့ ရတယ်ကွ သိလား ”
     “ ဟုတ်လား ...ဒါဆို ထောင်မှူးတွေ လစ်တာနဲ့ နံရံခေါက် အချက်ပေးလိုက်ပေါ့
ဟုတ်ပလား ”
     ထိုစဉ်မှာပင် ထောင်ပိုင်ကြီးကို ပြန်လိုက်ပို့ပေးသော ထောင်မှူးသည် ပြန်ဝင်
လာသဖြင့် ကျွန်တော်တို့နှစ်ဦးသား စကားစ ဖြတ်လိုက်ရတော့၏ ။ ပသို့ဆိုစေ စကားပြောဖော် ရပြီဖြစ်သဖြင့် ကျွန်တော့်မှာ များစွာ ဝမ်းသာမိတော့သည် ။
     ပို၍ပို၍ အဆင်ပြေစေသည့် အကြောင်းများက ဖန်တီးလာပါသည် ။ ညနေစာ စားအပြီး ထောင်မှူး ခပ်ဝဝပုဂ္ဂိုလ်သည် စက်ဘီးကြီးနှင့် ထွက်ခွာသွားပါတော့သည် ။ မရှေးမနှောင်းမှာပင် အသားဖြူဖြူ ဆံပင်တိုတိုနှင့် လူတစ်ဦးက ခေါင်းဆောင်ပြီး ဝန်ထမ်းလေးငါးယောက်ခန့် ကျွန်တော့်အခန်းရှေ့သို့ ရောက်ရှိလာကြပါသည် ။ ထို အသားဖြူဖြူ ပုဂ္ဂိုလ်ကပင် ကျွန်တော့်အား ဆေးလိပ်တိုက်ပြီး မိတ်ဆက်စကားပြောလေရာ ထောင်မှူးများ ညနေထမင်းစားချိန် အိမ်ပြန်လျှင် သူတို့ လွတ်လွတ်လပ်လပ်လာ၍ စကားပြောနိုင်ကြောင်း သိရှိလိုက်ရတော့သည် ။
     ပသို့ဆိုစေကာမူ ကျွန်တော့်အဖို့မှာတော့ ငါမြန်မာစကားမမေ့တော့ဘူးဘဲဟူ၍သာ ဝမ်းသာမိနေပါတော့သည် ။
xxx xxxxxx  xxxxx
     ကျွန်တော်၏ မွေးရာပါ ဗီဇအရ စကားပြောခြင်းအမှုကို အောင်မြင်စွာပြုနိုင်ခဲ့သလို အခြား စွန့်နိုင်ခဲ့သည့် ဝါသနာတစ်ခုကိုလည်း အောင်မြင်စွာပြုလုပ်နိုင်ခဲ့ပါသည် ။ အခြားတော့မဟုတ် ။ သူတစ်ပါးအား နာမည်ပြောင်ပေးခြင်းပင် ။ ငယ်စဉ်ကတည်းကပင် ကျွန်တော်နှင့် နီးစပ်သော သူငယ်ချင်းများအား နာမည်အမျိုးမျိုး ပေးခဲ့ဖူးရာ ယနေ့ထက်တိုင် ယင်းအမည်တို့သည် တွင်ကျယ်လျက်ရှိနေဆဲပင် ဖြစ်လေသည် ။ ယခုလည်း ကျွန်တော့်မျက်စိရှေ့ရောက်လာသော ထောင်ဝန်ထမ်း မှန်သမျှကို နာမည်ထိုင်ပေးမိနေပါ
တော့၏။
     ဘာပြောလိုက်ပြောလိုက် တင်ပြပေးပါ့မယ်ဟူ၍သာ ဖြေလေ့ရှိသော ထောင်ပိုင်
ကြီး ဦးစိန်ဌေးအား မစ္စတာတင်ပြ ။
     သန်းကြွယ် ကာတွန်းနှင့် တူသော ထောင်ပိုင်ဦးလှဖေအား ပရော်ဖက်ဆာတာတီး ။
     ထောင်ပိုင်အနောက် မှ လိုက်လေ့ရှိသော ဝဝထောင်မှူးကြီး နှင့် ပိန်ပိန်အသားညိုညို ထောင်မှူးအတွဲကို ဦးစိတ်တို နှင့် မျောက်ညို ။
     ပိန်ပိန်သေးသေး မျက်နှာ မှုန်ကုပ်ကုပ်နှင့် စကားမပြောရဟူသော စည်းကမ်း
ထုတ်သွားသည့် ထောင်မှူး ဦးမြင့်စိန် ကို “ အသေးလေး ” ။
     ဝဝတုတ်တုတ် ထောင်မှူး ဦးတင်မောင်ကို “ အေဝမ်း ” ။ အားအားရှိတိုင်း တရားဟောနေတတ်သော ကရင် အမျိုးသား ထောင်ကြပ်ကြီးဦးငွေစိုးအား “ ဓမ္မကထိက ” ။ တစ်ခေါင်းလုံး ဖြူဖွေးနေပြီး ညနေဆိုလျှင်ရေချိန်ကိုက်လာလေ့ရှိသော တပ်ကြပ်ကြီး ဦးခင်မောင်လတ်အား “ အချိန်မှန်ဆရာဖြူ ” ။ အမြဲတမ်းပြုံးပြုံးရွှင်ရွှင်နှင့် သူ၏ အတ္ထုပ္ပတ္တိကို ဖွဲ့ ဖွဲ့နွဲ့နွဲ့ လာလာ ပြောပြတတ်သော တပ်ကြပ်အောင်စိုးကို “ ကျွန်တော့်ဘဝဇာတ်ကြောင်း ” ။  ရင်ဘတ်ဖွင့်၍ လျှောက်တတ်သော ဒုတပ်ကြပ် ရခိုင်ကြီးအား  " ဝိတ်ပေါ ” ။ အမြဲတမ်း သုတ်သုတ်သုတ်သုတ်နဲ့ သွားလာ လှုပ်ရှားတတ်သော ရဲဘော်မျက် မှန်အား “ အီးတီ ” ။
     ကိုမြကြီး သီချင်း အမြဲဆိုလေ့ရှိသော ရဲဘော်ယဉ်ထွေးအား “ ကိုမြကလေး ” ။
ကိုယ်တိုင် ဆေးလိပ်မသောက်တတ်သော်လည်း ဝယ်ဝယ်လာပြီး ကျွန်တော်တို့အား လာတိုက်လေ့ရှိသည့် ဒုတပ်ကြပ်ကိုမောင်တာအား “ အလှူရှင် ” ။ အမြဲတမ်း အော်ကျယ်အော်ကျယ်နဲ့ ဘယ်သူဘာပြောပြော ဟုတ်တယ်ကောင်းတယ် မိုက်တယ်မိတယ် လုပ်တတ်သော ရဲဘော်စိုးမောင်အား “ ဖော်လိုမီ ” ။  မည်သူနဲ့မှ စကားမပြော ဗိုက်ကလေး ရှပ်ရှပ်ပြီး လမ်းလျှောက်လေ့ရှိသည့် ရဲဘော်ခင်ဇော်အား “ ဂျပန်ဝမ်း လျှော ” ။ ထမင်းဟင်းချက် ကောင်းသော ရဲဘော်နိုင်ဝင်းအား “ စားဖိုမှူး ” ။ ဆေးလိပ်မီးညှိပေး မုန့်ဝယ်ပေးဖြင့် လာရောက် ကူညီလေ့ရှိသော အင်္ဂလိပ်စာ အဓိကဖြင့် ဘွဲ့ရထားသည့် ရဲဘော်ဇော်မင်းအောင်အား “ ဘောတံတားလေး ” ။ ကျွန်တော်တို့ ကို ပထမဆုံး ဆေးလိပ်လာတိုက်သော ၊ ပထမဆုံးစကားလာပြောသော ၊ ဟင်းဖတ်ကလေးများ ခိုးလာကျွေးသော ရဲဘော်မြင့်ဝင်းအောင်အား “ ဘော်ဒါကြီး ” စသည်ဖြင့် အသီးသီး နာမည် ပေးလိုက်လေသည် ။
     ကင်ပွန်းတပ်ပွဲ အခမ်းအနားအပြီးမှာတော့ အင်းစိန်ထောင်၏ အထူးစပယ်ရှယ် အရွယ်စုံ ၊ အရွက်စုံ ၊ အရိုးစုံ ဟင်းချိုဖြင့် ဧည့်ခံကျွေးမွေးပါလေတော့သတည်း ။
              ◾  ဇာဂနာ
               📖  ပထမ

Thursday, June 11, 2020

မေ့ပစ်လိုက်ပါဗျာ

❝  မေ့ပစ်လိုက်ပါဗျာ  ❞

     မျက်စိနှစ်လုံးဖွင့်လိုက်သည်နှင့် ပတ်ဝန်းကျင်အသစ်က ကြိုဆိုနှုတ်ခွန်းဆက်နေသည်။
     အုတ်နံရံတွေ ၊ သံတိုင်တွေ ကြွေအင်တုံတွေ...။ ကိုယ့်အိမ်ကိုယ့်ရာ မဟုတ်ပါလားဟူသော အတွေးက ကပ်ပါလာသည် ။ အခုလောက်ဆို အိမ်ကလူတွေ
တော့ သိကုန်လောက်ပြီ။ မိမိနှင့်သက်ဆိုင်ရာပတ်ဝန်းကျင်လည်း အတော်ဂယက်ရိုက်လောက်ပြီ ၊ မိမိတို့အား ဖမ်းဆီးစဉ် မနက်က အရိုင်းနှင့် ရွှေရောင်သည် အတူတကွ ရှိနေကြ၏ ။ အဖမ်းခံရကာနီးမှ သူတို့နှစ်ဦး အား ကွမ်းယာအဝယ်ခိုင်းလိုက် မိသဖြင့် လွတ်သွားကြခြင်းပင် ။ သည်သတ္တဝါ နှစ်ကောင်လည်း
ခုလောက်ဆို ထွက်ပဲပြေးပလား ၊ တောပဲခိုလေပလား ။ သင်းတို့နှစ်ယောက်က
စိုးရိမ်စရာကောင်း၏ ။ အရိုင်းက တစ်ဦးတည်း ဘာအလုပ်မှ လုပ်တတ်သူမဟုတ် ။ ဘာကိုမှ တိတိကျကျ ဆုံးဖြတ်ဆောင်ရွက်တတ်သူမဟုတ် ။ အနားမှာ ထိန်းပေးသူမရှိလျှင် သွေးဆောင်ရာနောက် ကောက်ကောက် ပါတတ်သူဖြစ်၏ ။ ရွှေရောင်ကတော့ ကိုသာဆိုး ။ အလုပ်တော့ လုပ်သည် ။ ဖင်ပေါ့သည် ။ သို့တစေ ခေါင်းအေးအေးနှင့် ရင်မဆိုင်တတ် ။
ဝူးဝူးဝါးဝါးနှင့် ထင်ရာလျှောက်လုပ်တတ်သည် ။ အာဏာသိမ်းပြီး ပြီးချင်း မန္တလေးကိုတက်၍ လက်နက် အဆက်အသွယ် သွားရှာသည် ။ ပြီးတော့ တွံတေးမှာ စစ်သင်တန်းပေးဖို့ အစီအစဉ်အတွက် သူပဲ လူလိုက်စုနေရ၏ ။ သူနှင့်အတူ ပူးတွဲလုပ်ရန် ကိုဇော်ဝိတ်ကို
တွဲပေးထားရသည် ။ ကိုဇော်ဝိတ်က ခေါင်းအေးသည် ။ စေ့စေ့စပ်စပ်ရှိ၏ ။ ခု
သူတို့လက်ထဲမှာ လက်ပစ်ဗုံး လေးလုံးရှိနေသည် ။ ဒါသည်ပင် စိုးရိမ်မကင်း ဖြစ်စရာ။

     “ ဟေ့...ကိုရင် နိုးပလား ..ရေချိုးလိုက်ပါလား ”

     ဦးအောင်မြင့်မြတ်က အခန်းထောင့်မှာဆောင့်ကြောင့်လေး ထိုင်နေရာမှ လှမ်းပြောသည် ။ သူ့ကြည့်တော့ သန့်နေသည် ။ ရေချိုးပြီးစ မျက်နှာနှင့်ဖြစ်၏ ။ နှစ်ရက်လုံးလုံး ရေနှင့်မထိတွေ့ခဲ့ရဖြင့် တစ်ကိုယ်လုံး စေးထန်းထန်းဖြစ်နေသည် ။

     “ ချိုးချင်တာပေါ့ ဦးရဲ့ … ဘယ်သွားချိုးရမလဲ ”

     “ ကိုတင်အောင် ပြန်လာရင် သွားလိုက်ပေါ့ ”

     ပြောပြောဆိုဆို မနေ့က ရေအလှူရှင် ကိုပြုံးချိုနှင့် ကိုတင်အောင်ဆိုသူတို့
ပြန်ရောက်လာကြလေသည် ။ ကျွန်တော်လည်း ရေချိုးလိုကြောင်း ပြောပြီး ကိုပြုံးချို နောက် လိုက်ခဲ့ရတော့၏ ။ ကျွန်တော်တို့ အချုပ်ခန်းနှင့် ခြေလှမ်းနှစ်ဆယ် ခန့်အကွာတွင် အုတ်ရေကန်ကြီး တစ်ခုကို ဘွားခနဲတွေ့လိုက်ရသည် ။ ကိုပြုံးချို ကမ်းပေးလာသော ရေလဲပုဆိုးကို ဝတ်ကာ တဂွမ်းဂွမ်းနေအောင်ပင် လေးငါးခြောက်ခွက်ခန့် ခေါင်းမှ လောင်းချ ပစ်လိုက်တော့၏ ။ အနည်းငယ် အေးချမ်းသွားသလို ရှိတော့မှ ဆပ်ပြာတိုက်ရင်းပတ်ဝန်းကျင် လေ့လာရေး လုပ်ရလေသည် ။

     ကျွန်တော်တို့ အချုပ်ခန်းမှာ တောင်နှင့်မြောက်တန်းနေသော အချုပ်ခန်းဖြစ်၏ ။
သည်အုတ်ရေကန်မှာ အချုပ်ခန်းနှင့် ဗဟိုကင်းတဲအကြားတွင် ရှိနေသည် ။ကျွန်တော်တို့ သည်ကို ရောက်သည့်နေ့က သည်ကင်းတဲရှေ့မှာ ကားရပ်ပြီး သည်ကင်းတဲကို ဖြတ်ကာ အချုပ်ခန်းသို့ ခေါ်သွားတာပင်ဖြစ်ရပေမည် ။ မည်သည့်သံဆူးကြိုး ၊ မည်သည့်ရေအိုင် ၊ မည်သည့် သစ်သားတန်း ဘာမှမရှိဘဲ ခေါင်းငုံ့ခိုင်း ကျော်ခိုင်း လုပ်လာသည့်နေရာပင်ဖြစ်မည် ။ သူတို့လှည့်ကွက်ကို ရိပ်မိသွားသော ကျွန်တော့်အား အတင်းဆွဲကာ ဝင်ထိုင်ခိုင်းသည့် သစ်ပင်မှာ သည်ကုက္ကိုပင်ကြီးပင် ဖြစ်ပေလိမ့်မည် ။

     အချုပ်ခန်း၏ တောင်ဘက်စူးစူး ကုန်းမြင့်ထက် မှာ Lပုံသဏ္ဌာန် အဆောက်အဦ
တစ်ခုရှိသည် ။ ကျွန်တော်တို့ အား စစ်ဆေးမေးမြန်းသည့် ရုံးခန်းများပင်ဖြစ်ပေမည် ။ အချုပ်ခန်း၏ မြောက်ဘက် မှာတော့ ရေအိုင်ကြီးတစ်ခု နောက် ဟိုမှာဘက် မှာက တန်းလျားတွေ ။ ဒါသည်ပင်လျှင် ကျွန်တော် မြင်ခွင့်ရသည့် နယ်နိမိတ် အကုန်ဖြစ်တော့၏ ။

     ကိုယ့်အခန်းထဲ ကိုယ်ပြန်ရောက်တော့ ပြင်ပပတ်ဝန်းကျင် လေ့လာရေး၏ အဆက် အတွင်း ပတ်ဝန်းကျင် လေ့လာရေးကို ပြုလုပ်ရပြန်သည် ။ တောင်မြောက်တန်းနေသော
အချုပ်ခန်းတန်းလျားကို အရှေ့ခြမ်း ၊ အနောက်ခြမ်း နှစ်ခြမ်း ခွဲထားသည် ။ အရှေ့ခြမ်းမှာ အခန်း ( ၁ )  ( ၂ )  ( ၃ ) သုံးခန်း ၊ အနောက်ခြမ်းမှာ အခန်း  ( ၄ )  ( ၅ ) ( ၆ ) သုံးခန်း ။ ပေါင်း ခြောက်ခန်းဖြစ်၏ ။ အရှေ့ခြမ်းနှင့် အနောက်ခြမ်းကို သုံးပေကျယ်သောလမ်းဖြင့် ပိုင်းခြားထားသည် ။

     သည့်နောက် မှာတော့ အခန်းတစ်ခန်းချင်းစီရှိ လူများကို လှမ်း၍ စပ်စုရလေသည်။ ကျွန်တော်တို့ကို ဖမ်းသည့်နေ့ ညသန်းခေါင်လောက် မှာလည်း လူသစ်များက ထပ်မံရောက်လာသေးသည် မဟုတ်လား ။ ကိုယ့်အသံ လူကြားမည်လည်း စိုးသဖြင့် လူရိပ်လူခြေ အကဲခတ်ပြီးမှ အသံခပ်အုပ်အုပ်ဖြင့် “ မိုးကြီး ” ဟု လှမ်းခေါ်ကြည့်လိုက်သည်။  “ ဗျို့ ” ဟု ပြန်ထူးသံ ကြားတော့ တစ်ခါ ဖြင့် နေရာကျပြီဟု အောက် မေ့ကာ တစ်ခန်းပြီးတစ်ခန်း
လျှောက်ခေါ်ရင်း ကိုယ်တိုင်ပြော အတ္ထုပ္ပတ္တိများကို ကြားနာရလတော့သည် ။

     တစ်ခန်းနှင့်တစ်ခန်း ဤသို့အပြန်အလှန် ပြောနေကြစဉ်မှာပင် ကျွန်တော် ပထမနေခဲ့သော ခြစားနေသည့် အခန်းအတွင်းသို့ အသက်ခြောက်ဆယ်ခန့်ရှိ ဦးကြီးတစ်ယောက်အား ခေါ်လာသည်ကို တွေ့ရလေသည် ။ ထို့ကြောင့် ကျွန်တော်တို့၏ စကားဝိုင်းကို ခေတ္တရပ်နားလိုက်ရပြီး လိုက်လံပို့ဆောင်သူများ ပြန်လည်ထွက်ခွာသွားသည့် အခါကျမှပင် ကျွန်တော်၏ သမိုင်းပေးတာဝန်အရ ထိုဦးကြီးကိုပါ လှမ်း၍ စပ်စုလိုက်ရတော့သည် ။ ဤသို့ဖြင့် အခန်းတိုင်းမှ လူပုဂ္ဂိုလ်အသီးသီး၏ နောက်ခံ သမိုင်းများကို သိခွင့်ရလာတော့၏ ။

     အခန်းအမှတ် ( ၁ ) မှာက စပယ်ဦးပုံနှိပ်တိုက်ပိုင်ရှင် ဦးတင်စိုး နှင့် မှော်ဘီမြို့နယ်မှ ကိုဗိုလ်မြတို့ဖြစ်သည် ။
     ဦးတင်စိုးကတော့ အားပေးကူညီမှုဖြင့် ကျွန်တော်တို့နှင့်အတူ အဖမ်းခံရသူပင် ။ ကိုဗိုလ်မြကတော့ ယခင် ခ.လ.ရ ၁၆ မှ
တပ်သားဟောင်း တစ်ဦးဖြစ်၏ ။ အရေးအခင်းကာလက မှော်ဘီမြို့ ရဲဘော်ဟောင်းများအဖွဲ့၏ စည်းရုံးရေးမှူးလည်း ဖြစ်သည် ။ ၂ /၁၀ /၈၈ ည ၆ နာရီခန့်က အဖမ်းခံခဲ့ရသူဖြစ်၏ ။

     အခန်းအမှတ် ၂ မှာက ကိုဌေး ၊ ကိုအမိန် နှင့် ဗိုလ်ကြီးအောင်ဝင်းတို့ဖြစ်သည် ။
ယင်းအခန်းသည် ကျွန်တော် ထိုးကြိတ်အရိုက်အနှက်ခံခဲ့ရသည့် အခန်းဖြစ်၏ ။
ကိုဌေးကတော့ ကျွန်တော်နှင့် အတူတူ ၂/က ကို ချိုးဖောက်သဖြင့် အဖမ်းခံခဲ့ရသူပင် ။ ကိုအမိန် အဖြစ်ကတော့ ရယ်စရာကောင်းလှ၏ ။ တိုင်ကီဖူးစာဟုပင် ဆိုရချိမ့်မည် ။ အဘယ်ကြောင့် ဆိုသော် သည်တိုင်ကီကြောင့် သူအဖမ်းခံခဲ့ရသည်မှာ နှစ်ကြိမ် တိုင်တိုင်ရှိခဲ့လေပြီ ။ ပထမအကြိမ်က မြို့တော်သန့်ရှင်းရေး အစီအစဉ်ဖြင့် လမ်းကြားထဲတွင်
အမှိုက်ပစ်သော တိုင်ကီထားမှုကြောင့် ထောင်ဒဏ် တစ်လကျခံခဲ့ရသည် ။ ယခုတစ်ခါ သူ၏ တိုင်ကီထဲတွင် အဘယ်သူတစ်ဦးက လက်ဆော့ပြီး သမဂ္ဂစာစောင်များလာထည့် သွားသည်မသိ ။ သူအဖမ်းခံလာရ ပြန်လေပြီ ။ ထို့ကြောင့်ပင် ကိုအမိန်က သည် တစ်ခါပြန်လွတ်ရင်တော့ သည်တိုင်ကီပိုင်းကို မီးရှို့ပစ်မည်ဟု ကြိမ်းဝါးနေ လေသည် ။ ကျွန်တော်ကလည်း အားပေးလိုက်ရ၏ ။ မီးရှို့မှုဖြင့် နောက်တစ်ခါ ထပ်ဖမ်းခံရ
လိမ့်မည်ဟူ၍ပင် ။

     ဗိုလ်ကြီးအောင်ဝင်းကတော့ ပျားမွေးမြူရေးမှ ပဲခူးတိုင်း တိုင်းမှူးဖြစ်သည်။ အရေးအခင်းကာလက မှော်ဘီမြို့နယ် လုံခြုံရေးအဖွဲ့ ၏ အဖွဲ့ဝင်တစ်ဦးဖြစ်၏ ။ သူ့ကိုလည်း ၂ /၁၀ / ၈၈ ည ၈ နာရီခန့်က ဖမ်းဆီးခေါ်ဆောင်လာခြင်းပင် ဖြစ်သည် ။

     အခန်းအမှတ် ၃ မှာကတော့ ကျွန်တော်ရယ် ၊ ဦးအောင်မြင့်မြတ်ရယ် ၊
လွိုင်ကော်မှ ကိုတင်အောင်ရယ် ဖြစ်သည် ။ ကျွန်တော်နှင့် ဦးအောင်မြင့်မြတ်ကတော့ အထွေအထူး ပြောစရာလိုမည်မထင်ပါ ။ ကိုတင်အောင်အဖြစ်ကတော့ ရင်နာစရာပင် ။

     ဧကန်စင်စစ် သည်ပုဂ္ဂိုလ်သည် အရေးအခင်းကာလက ဘာမှ လုပ်ခဲ့သူမဟုတ် ။
ဒီမိုကရေစီဆိုတာလည်း စိတ်မဝင်စား ။ သူစိတ်ဝင်စားသည်က မော်တော်ကားပင် ဖြစ်သည် ။ လွိုင်ကော် ရန်ကုန်ပြေးဆွဲနေသော သူ့ကားမှတစ်ပါး ဘာမှ အာရုံထား သူမဟုတ် ။ သို့သော် ကားဆရာတို့ ထုံးစံအတိုင်း လူကြုံပါးလိုက်သော စာကို ယူမိရာမှ အဖမ်းခံခဲ့ရခြင်းပင် ။ ယင်းစာက ရန်ကုန် ကျောင်းသားသမဂ္ဂမှ လွိုင်ကော် ကျောင်းသားသမဂ္ဂသို့ အကြောင်းကြားစာဖြစ်၏ ။  “ လက်နက်ကိုင် ထောက်လှမ်းရေးလုပ်ရန် ” ညွှန်ကြားစာဖြစ်သည် ။ သည်စာ သူ့လက်ထဲမှာမိတော့ သူ့ခမျာ မသင်္ကာမှုနှင့် ဖမ်းခံခဲ့ရ ခြင်းပင် ။

     အခန်းအမှတ် ၄ မှာကတော့ ဦးကြီး ဦးမြတ်ကျော်ထွန်းပင်ဖြစ်သည် ။ ကျွန်တော် မူလနေခဲ့သော ခြစားသည့် အခန်းမှ ဦးကြီး၏ အဖြစ်ကလည်း ရယ်စရာ ။ ၃ / ၁၀ / ၈၈ ည ၈ နာရီခန့်က ဦးကြီးနေထိုင်ရာ ၃၃ လမ်း တစ်လမ်းလုံး ကို မီးဖြတ်ချပြီးနောက် ဦးကြီး၏သားကို ဝင်၍ဖမ်းလေသည် ။ ဦးကြီး၏သားမှာလည်း အရေးအခင်းကာလက ရဲရဲတောက်ပါဝင်ခဲ့သူတစ်ဦး ဖြစ်၏ ။ သို့သော် ထိုသို့ ဝင်မဖမ်းခင်မှာပင် ဦးကြီး၏ သားမှာ ရှောင်သွားပြီးဖြစ်လေရာ ငါးမရ ရေချိုးပြန်သဘောဖြင့် သားမရ အဖေကို ဖမ်းခဲ့ခြင်းပင်တည်း ။

     အခန်းအမှတ် ၅ ကတော့ လူမရှိ ။ နောက် မှသိရသည်မှာ သည်အခန်းမှာ
ယခင်က အချုပ်သားတစ်ယောက် ကိုယ့်ကိုယ်ကိုယ် သတ်သေမှုတစ်ခုဖြစ်ခဲ့ဖူးသည် ။ ထို့ကြောင့် ယခု လူမထားတော့ချေ ။ အခန်း ၆ မှာကတော့ မိုးကြီး ၊ ကိုညီဝင်းစိန် နှင့် မှော်ဘီမှ ဦးစိုး တို့ဖြစ်လေသည် ။ မိုးကြီးနှင့် ကိုညီဝင်းစိန် တို့ကတော့ ကျွန်တော်နှင့် အမှုတွဲ တစ်တွဲတည်းပင် ။ ဦးစိုးကတော့ မှော်ဘီမြို့နယ် လျှပ်စစ်အင်ဂျင်နီယာဖြစ်သည် ။
အရေးအခင်းကာလက မှော်ဘီမြို့နယ် လုံခြုံရေးအဖွဲ့ ၏ ဥက္ကဋ္ဌဖြစ်သည် ။ သူ့ကို
၂ / ၁၀ / ၈၈ ည ၈ နာရီခန့်မှာ ဖမ်းဆီးလာခဲ့ခြင်းဖြစ်လေသည်။

xxxxxxxxxxxxxxxxxx

     “ ချေးကျရာ ပျော်တဲ့အကောင်တွေ ”

     ဦးတင်စိုး၏ မှတ်ချက်ဖြစ်သည် ။ သီချင်းကလေးဆိုလိုက် ၊ စကားလေးပြောလိုက် ၊ ကျားကစားလိုက် လုပ်နေသော ကျွန်တော်နှင့် ကိုဌေးကို အနွတ္တသညာပြုလိုက်ခြင်းပင် ။ ကျွန်တော်တို့နှစ်ဦးမှာ ယမန်နေ့ည ၄ / ၁၀ / ၈၈ ကစ၍ အခန်း ၄ သို့ ပြောင်းရွှေ့လာရပြီး ဦးကြီး ဦးမြတ်ကျော်ထွန်းနှင့် အတူနေနေရလေသည် ။ ဦးတင်စိုးက အခန်း ၂ သို့လည်းကောင်း ၊ ကိုဗိုလ်မြ က အခန်း ၃ သို့လည်းကောင်း ပြောင်းလာကြလေပြီ ။ အခန်း ( ၁ ) ကို အလွတ်ထားထား၏ ။ အဘယ်ကြောင့်ဆိုသော် မနေ့ညက ရုပ်ရှင် သရုပ်ဆောင် ကိုအံ့ကျော်ကို ဖမ်းဆီးလာပြီဖြစ်သောကြောင့်ပင် ။

     ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်စေရမည်ဟူသော စကားနှင့်အညီ
ကျွန်တော်တို့နှစ်ဦးမှာ တပ်မှရဲဘော်များနှင့် အတော်လေပေးဖြောင့်နေပြီဖြစ်သည် ။ သူတို့ယူလာသော မုန့်တွေစားလိုက် ၊ လက်ဖက်ရည်သောက်လိုက် ၊ ဆေးလိပ် ဖွာလိုက်ဖြင့် ရုပ်ရှင်အတွေအကြုံတွေ ၊ ဇာတ်ခုံ အတွေ့အကြုံတွေ ၊ ဖောက်သည်ချရင်း အဖွဲ့ ကျနေတော့သည် ။ သူတို့ကလည်း ဒီကိုရောက်ခါစက ဖြစ်ပျက်ခဲ့သည့် ထိုးကြိတ်
ရိုက်နှက် မှုများနှင့်ပတ်သက်၍ ဒေါသအလျောက် လုပ်ကိုင်မိခဲ့ခြင်း ဖြစ်ကြောင်း ယခုလို ခင်မင်သွားပြန်တော့လည်း အားနာမိကြောင်း ပြောပြီး သူတို့ အားလုံး၏ လက်သုံးစကားဖြစ်သည့် “ မေ့ပစ်လိုက်ပါဗျာ ” ဟူ၍သာ ထပ်တလဲလဲ ပြောနေကြတော့သည် ။ အင်းပေါ့လေ……. ကိုယ်က ခံထားရတဲ့သူဆိုတော့ မေ့ရပေမပေါ့ ။

     သည်ကနေ့ ၅ / ၁၀ / ၈၈ ကတော့ အမှန်ကို ထူးခြားသည့်နေ့ပင်ဖြစ်ပေတော့သည်။ နောင် ကျွန်တော်တို့၏ အကျဉ်းသားဘဝတစ်လျှောက် “ ဝက်နိမိတ် ” ဟု အမည်တွင်တော့မည့်
အစနိဒါန်းပင် ဖြစ်လေတော့၏ ။

     နံနက်စာစားအပြီးတွင် တာဝန်ကျတပ်ကြပ်က ဝက်သားစားသူ ၊ မစားသူ
စာရင်းလာကောက်လေသည် ။ ညနေကျလျှင် ဝက်သားဟင်းနှင့် ကျွေးမည်ဆို၏ ။ သို့ဖြင့် ကျွန်တော်တို့ လူစုမှာ ပထမဆုံးစားရမည့်အသားဟင်းကို မျှော်လင့်စောင့် စားနေကြတော့သည် ။ သို့သော် ကိုရွှေဝက်သား မလာမီမှာ ညနေ ၄ နာရီခန့်တွင် လက်ထိပ်နှင့် ခေါင်း စွပ်သာ ရောက်လာတော့၏ ။ ကျွန်တော်နှင့် ကိုဌေးက တစ်တွဲ ၊ မိုးကြီးနှင့်  ဦးတင်စိုးက တစ်တွဲ ၊ အီးနှစ်ထောင်ကားကြီးပေါ်သို့ တက်ကာ မရမ်းကုန်းရဲစခန်းသို့ လိုက်ပါ လာရလေတော့သည် ။

     ရဲစခန်းအတွင်းဘက် အခန်းကျဉ်းတစ်ခုတွင်းသို့ ရောက် မှ ခေါင်းစွပ်ကို ချွတ်
ပေးလိုက်လေရာ ကျွန်တော်တို့ရှေ့ စားပွဲနောက် မှာဖြင့် တရားသူကြီးတစ်ဦး ၊ အမှု
လိုက် ရဲအုပ်တစ်ဦးတို့ကို တွေ့လိုက်ရတော့၏ ။ ဒီမိုကရေစီ အရေးတော်ပုံအပြီးတွင် ပထမဆုံး အကျိုးထူးခံစားရသူမှာ တရားရေး ဝန်ထမ်းများပင်ဖြစ်သည် ။ တချီတည်း ခုန်ကျော် ရာထူးတိုးကာ တရားသူကြီးများဖြစ်သွားကြလေသည် ။ ထို့ကြောင့်ပင်ထင်၏ ။ မျက်နှာမှာ တရားသူကြီးပါးမဝသေး ။ ဇွတ်အတင်း ခပ်တည်တည် လုပ်နေပုံပေါ်နေသည် ။

     “ ခင်ဗျားက ကိုမိုးဝင်း ၊ ခင်ဗျားက ဦးတင်စိုး ၊ ကိုဇင်ဝိုင်း ၊ ကိုဇာဂနာ
ဟုတ်တယ်နော် ” ခေါင်းညိတ်ပြလိုက်၏ ။

     “ ခင်ဗျားတို့ကို ကျောက်တံတားရဲစခန်းကနေ အရေးပေါ်စီမံမှု ၅ ( ည ) နဲ့ ၊ စွဲတင်တဲ့ အမှုပဲ ၊ အဲဒါအကျဉ်းနည်းနဲ့ စစ်ဆေးဖို့  ၅ / ၁၀ / ၈၈ ကနေ ၁၈ /၁၀ /၈၈ အထိ ၁၄ ရက်ခွင့်ပြုတယ် ၊ ဘာမရှင်းတာရှိလဲ ”

     ဪ...   ဒီထက်ရှင်းတာတောင် ဒီလောက် မရှင်းနိုင် ။ မေးစရာမရှိပါဟုသာ
ဖြေရပေလိမ့်မည် ။ အကယ်၍သာ...

     “ ကျွန်တော်တို့ကို ၅( ည ) ဆိုပြီး ဘာလို့ ၁၄ ရက်တောင် ဖမ်းရတာလဲ ”
ဟူ၍သာ မေးလိုက်ခဲ့လျှင်ဖြင့် ထိုပူပူနွေးနွေး တရားသူကြီး၏ မျက်နှာသည် ဘယ်သို့ဘယ်ပုံ ရှိသွားလေမည်နည်းဟု တွေးမိနေသည် ။

     ထိုနေ့က ထောက်လှမ်းရေး ၆ သို့ ပြန်ရောက်သည့်အခါမှာတော့ ဦးကြီး ဦးမြတ်ကျော်ထွန်းရယ် ၊ ကိုညီဝင်းစိန်ရယ် ၊ ကိုအမိန်ရယ် ၊ ဦးအောင်မြင့်မြတ်တို့ ၄ ဦး လွတ်မြောက် သွားကြလေတော့သည် ။

xxxxxxxxxxxxx

     ဦးအောင်မြင့်မြတ်တို့ လွတ်သွားပြီးမှ ကျွန်တော်တို့ အချုပ်ခန်းသည် ပို၍ပင်
လွတ်လပ်လာတော့၏ ။ တစ်နယ်တကျေးမှ ပြန်လာသော ဆွေမျိုးရင်းချာတစ်ဦးကို
လာရောက်နှုတ်ဆက်နေကြသည့်နှယ် ကျွန်တော်တို့ အခန်းရှေ့သည် စည်ကားလျက် ။ နံနက်စာစားအပြီးတွင် ရောက်လာလေ့ရှိသော တပ်မ ၂၂ မှ ရဲဘော်များ ၊ ထောက်လှမ်းရေးတပ်မှ ရဲဘော်များနှင့် တောအကြောင်း ၊ တောင်အကြောင်း ၊ ရုပ်ရှင်အကြောင်း ၊ အငြိမ့်အကြောင်း ၊ ပြောလိုက် သူတို့ယူလာတာတွေ စားလိုက်ဖြင့် အဆင်ကို ပြေနေတော့သည် ။ ထို့အပြင် ညနေဆိုလျှင် ငှက်ပျောသီးလေး နှစ်လုံးကိုင်၍ ရောက်လာတတ်သော တပ်ကြပ်ကြီးစိန်ရ ၊ အချိန်မှန် မြင်းဖြူစီးပြန်လာသော တပ်ကြပ်ကြီးပိန်ရှည် ၊ ဇင်မာဦးအကြောင်း တဖွဖွမေးလေ့ရှိသော တပ်ကြပ်ကြီးဝတုတ် နှင့် ထွေရာလေးပါး ပြောဆိုရင်းဖြင့် အချိန်တွေကုန်မှန်းမသိ ကုန်ခဲ့ရလေတော့သည် ။
ဤသို့လျှင် ပျော်လို့မဆုံး ပြုံးလို့မဝသေးမီကာလအတွင်း၌ပင် ၈ / ၁၀ / ၈၈ ည
၆ နာရီအချိန်ခန့်မှာတော့ ကျွန်တော်တို့ လူသိုက်အားလုံးကို အင်းစိန်အကျဉ်းထောင်သို့ ပြောင်းရွှေ့ ပေးလိုက်ပါတော့သတည်း ။

ဇာဂနာ

ပထမ

Thursday, May 14, 2020

ပါစင်နယ် အင်တာဗျူး



❝  ပါစင်နယ်အင်တာဗျူး  ❞

     “ ခင်ဗျားနာမည် ”

     “ ဇာဂနာ ”

     “ မဟုတ်ဘူးလေ.… နာမည်ရင်းပြောတာ”

     “ မောင်သူရ ”

     “ တခြား နာမည်ရှိသေးလား ”

     “ ဟင့်အင်း ”

     “ သူငယ်ချင်းတွေ မိတ်ဆွေတွေခေါ်တဲ့နာမည်ကော မရှိဘူးလား ”

     “ ဒါတွေကတော့ အများကြီးပေါ့ ”

     “ ပြောပြပါဦး ”

     “ လန်ခြားကုလား ၊ ကုလားအဘိုးကြီး ၊ ဦးပုည ၊ ဇာတ်ဆရာ ၊ မောင်ရစ် ၊ ကတင်းပုံ ၊ ရှောင်ကွန်နရီ ၊ အဖေကြီး ၊ ဇာတ်ဆရာ ၊ ကိုကို ”

     “ တော်ပြီ ၊ တော်ပြီ ”

     “ ကျွန်တော် မပြောဘူးလား အများကြီးပါဆို ”

     “ ကုလားအဘိုးကြီးလို့ပဲ မှတ်ထားလိုက် မယ်နော် ”

     “ သဘောလေ ”

     “ မိဘအမည် ”

     “ ဦးအောင်သိန်း ၊ ဒေါ်လှကြည် ”

     “ မွေးသက္ကရာဇ် ”

     “ ၂၇-၁-၁၉၆၁ ”

     “ ပညာအရည်အချင်း ”

     “ B.D.S ( Rgn ) ”

     “ မြန်မာလိုဆိုရင်ရော ”

     “ ဘကုံးရေးလုံးကြီးတင်ဆံခတ် ဘီ ဒဒွေးရေး ”

     “ မဟုတ်ဘူးလေ မြန်မာလိုအဓိပ္ပာယ်ပြောတာ ”

     “ ဪ.…ဒါလား... သွားဘက်ဆိုင်ရာ ဆရာဝန်ဘွဲ့ ခေါ်တယ်ဗျ ”

     မဂ္ဂဇင်းစာစောင်များနှင့် အင်တာဗျူးနေခြင်းမဟုတ်ပါ ။

     အမှတ် ၆ တပ်မတော် ထောက်လှမ်းရေး တပ်တွင် ကျွန်တော့်အား စတင်စစ်ဆေးခြင်းဖြစ်သည် ။ အချုပ်ခန်း အကျဉ်းလေးထဲတွင် အထုအထောင်းခံပြီး နာရီဝက်ခန့်အကြာ ဤအခန်းသို့ ရောက်ရှိလာခြင်းဖြစ်၏ ။ နောက်ပြန်ခတ်ထားသော လက်ထိပ်နှင့် ခေါင်းစွပ်တို့ကတော့ အရိုက်အရာ ဆက်ခံနေဆဲပင် ။

     “ကျွန်တော်တို့က ခင်ဗျားကို လူကြီးလူကောင်း တစ်ယောက်လို သဘောထားပါတယ် ။ အဲသည်လိုပဲ စစ်ဆေး မေးမြန်းချင်တယ် ။ ခင်ဗျားကလည်း ကျွန်တော်တို့ကို ကူညီတဲ့အနေနဲ့ မခြွင်းမချန် ပြောစေချင်တယ် ။ ဒီလိုမှ မဟုတ်ရင်တော့ ကျွန်တော်တို့ဆီမှာ ပြောလို့ရအောင် စစ်တဲ့နည်းတွေရှိပါတယ် ။ ကျွန်တော်ကတော့ မလုပ်ပါဘူး ။ ဒီပြင်အဖွဲ့တွေက လာလုပ်ကြလိမ့်မယ် ။ ဒီတော့ဗျာ အဲသလိုမျိုးအဖြစ် မခံစေချင်ဘူး ”

     ပျားရည်သုတ်ထားသော လှံသွားသည် ချိုမြစူးရှလှဘိ၏။

     သည်နောက် မှာတော့ လက်ထိပ်နှင့် ခေါင်းစွပ်များကို ဖြုတ်ပေးပြီ ကျွန်တော်၏ ကိုယ်ရေးရာဇဝင် အကျဉ်းကို စတင် မေးမြန်းပါတော့သည် ။ ဘယ်ကျောင်းတက်လဲ ၊ ဘယ်တုန်းက ဘွဲ့ရလဲ ၊ အနုပညာနယ်ထဲ ဘယ်လိုရောက်လာလဲ ၊ ရိုက်ခဲ့ဖူးတဲ့ ရုပ်ရှင်ကားတွေ ဘယ်နှစ်ကားလဲ စသည် စသည်ပေါ့ ။

    ဤသို့လျှင် အပြန်အလှန် မေးမြန်းဆဲမှာပင် ကင်မရာလွယ်ထားသော ယူနီဖောင်းဝတ် တစ်ဦးနှင့် အခြားနှစ်ဦး ပေါင်းသုံးဦးသည် အခန်းတွင်းသို့ ဝင်ရောက်လာလေသည် ။ ဧကန္တတော့ ကျွန်တော်တို့ အင်တာဗျူး နေပုံကို မှတ်တမ်းတင်လို   .  .ထင့် ။

     သို့သော်ငြားလည်း ကျွန်တော်၏ အထင်မှာ မှားသွားရှာလေသည် ။ ကျွန်တော့်အား နံရံနှင့် ကျော​ကို ကပ်စေ ပြီး ဘုတ်ပြားတစ်ခုတွင် “ သူရ ( ခ ) ဇာဂနာ ( ဘ ) ဦးအောင်သိန်း ” ဟု ရေး၍ ကျွန်တော့်ရှေ့တွင် ထောင်ကာ မှတ်ပုံတင်ဓာတ်ပုံ ရိုက်သကဲ့သို့ ရှေ့တည့်တည့် မှတစ်ပုံ ၊ ဘယ်ဘက်ဘေးမှ တစ်ပုံ ၊ ညာဘက် ဘေးမှတစ်ပုံ သုံးမျိုးသုံးပုံရိုက်ကူးခြင်ပင်ဖြစ်၏။

     ဓာတ်ပုံရိုက်သည့် ကိစ္စပြီးသည့်အခါမှာတော့ စစ်ဆေးမေးမြန်းပွဲ ဒုတိယပိုင်း
အစီအစဉ်ကို ဆက်လက်ကျင်းပပါတော့သည် ။ ကျွန်တော့်အနေဖြင့် ဤအရေးအခင်းတွင် စတင်ပါဝင်လာပုံအကြောင်း တစေ့တစောင်းပင်တည့် ။ ဖော့တန်တာဖော့ ၊ ပြင်းတန်တာပြင်း ၊ ဘယ်ပြပြီး ညာ ရိုက်လိုရိုက်ဖြင့် မေးလိုက် ဖြေလိုက် လုပ်လာသည်မှာ ညနေ ၆ နာရီ ခွဲကျော်ကျော်သို့ပင် ဆိုက်ရောက်လာပေပြီ။ ကျွန်တော့်အား မေးမြန်းနေကြသည့် စစ်ထောက်လှမ်းရေး အရာရှိနှင့် ရဲထောက်လှမ်းရေး အရာရှိတို့မှာလည်း မထတမ်း ၆နာရီကျော် ထိုင်နေကြသည်က တစ်ကြောင်း၊ ဆာလောင် မွတ်သိပ်လောက်ပြီ ဖြစ်သောကြောင့် အစီအစဉ်ကို ခေတ္တရပ်နားကာ အခန်းပြင်သို့ ထွက်သွားကြလေသည် ။ ညောင်းညာခွင့် ၊ ဗိုက်ဆာခွင့် မရှိသည့်အလား အခန်းအလယ်က ခုံတန်းလျားပေါ်မှာ တစ်ယောက်တည်း ငုတ်တုတ်ကြီးကျန်နေခဲ့တော့သည် ။

     သို့သော်လည်း ကယ်တင်ရှင်တစ်ဦးပေါ်လာပြန်ပါသည် ။ လျှပ်တစ်ပြက် မီသွန်း ဖြစ်၏ ။ လက်ဖက်ရည်တစ်ခွက် ကိုင် • • •ဝင်လာပြီး “ ထမင်းတော့ ကျွေးချင်ပါတယ်ဗျာ ၊ ခွင့်မရှိလို့ပါ... အဆာပြေ လက်ဖက်ရည်လေး သောက်လိုက်ပါ ဆေးလိပ် သောက်ချင်ရင်လည်းရော့ ” ဟု ခပ်မြန်မြန် ခပ်သွက်သွက် ပေးစရာရှိတာပေးကာ အခန်းပြင်သို့ ပြန်ထွက်သွားပါတော့သည် ။ ကျွန်တော့်မှာတော့ လက်ဖက်ရည်လေး သောက်လိုက် ၊ ဆေးလိပ်လေး ဖွာလိုက်ဖြင့် မေးခဲ့ဖြေခဲ့သည်များကို ပြန်လှန် စဉ်းစားနေမိ၏ ။

     နောက် နာရီဝက်ခန့်အကြာမှာတော့ အထက်ကပုဂ္ဂိုလ်နှစ်ဦးသည် ပြန်လည် ရောက်ရှိလာပြီး တတိယပိုင်း အစီအစဉ်ကို ဆက်လက် ဆင်နွှဲခဲ့ကြပါတော့သည် ။

     ဒီတစ်ခါမှာတော့ ခေါင်းစဉ်က ပြောင်းသွားပြီဖြစ်၏ ။ အရေးအခင်း ကာလက ကျွန်တော်ပါဝင်ခဲ့သော အနေအထားလှုပ်ရှားမှု ၊ အဆက်အသွယ် စသည်တို့ပင်ဖြစ်၏ ။ အထူးသဖြင့် မေးမြန်းသူ ပုဂ္ဂိုလ်များ၏ အသိချင်ဆုံးကိစ္စမှာ ဦးတင်ဦး ( ဗိုလ်ချုပ်ကြီးဟောင်း ) ၊
ဒေါ်အောင်ဆန်းစုကြည်တို့နှင့် ဆက်သွယ်မှုအနေအထား ၊ ရွှေချိုးဖြူလူငယ် ၊ ရဲမာန်လူငယ် စသော ရဲရဲတောက် အသေခံလူငယ်အဖွဲ့အစည်းများနှင့် ဆက်သွယ်မှုအနေ အထားတို့ပင်ဖြစ်သည်။

     အဘယ်ကြောင့် ဤမျှ အရေးကြီးနေသည်ကို နောင်သောအခါကျမှ ကျွန်တော့်မှာ သိခွင့်ရခဲ့လေသည် ။ ယင်းမှာ အခြားမဟုတ် ။ ကျွန်တော်တို့အား ဘားလမ်းထဲတွင် ဖမ်းဆီးပြီး ထောက်လှမ်းရေးတပ်သို့ ခေါ်ဆောင်လာသောအခါ ရွှေချိုးဖြူလူငယ်အဖွဲ့က ဟိုင်းလပ်ကားအဝါဖြင့် နောက် မှ ထက်ကြပ်မကွာ လိုက်လာကာ ကျွန်တော်တို့အား ကယ်တင်ရန် ကြိုးစားသည်ဟု သိရ၏ ။ ထို့ကြောင့်ပင်လျှင် ကျွန်တော်တို့ အချုပ်ခန်းကို စောင့်ကြပ်ရန် တပ်မ ၂၂ မှ တပ်စု တစ်စုကို တာဝန်ပေးထားလေသည် ။ ထိုရွှေချိုးဖြူ လူငယ်အဖွဲ့တွင် M79 လောင်ချာ တစ်လက် ရှိနေသည်ဟုလည်းဆို၏ ။

     ကျွန်တော့်မှာတော့ ကိုယ့်အတွက်လည်း သူတစ်ပါးဒုက္ခမရောက်စေ ၊ ကိုယ်လည်း အန္တရာယ်ကင်းစေ မေးမြန်းသူများလည်း သူတို့လိုချင်သည်များကို တစ်ပိုင်းတစ်စ ရကြပါစေ ဟူသောသဘောပိုက်ကာ ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာနည်းကို ကျင့်သုံး.. ဖြေကြားနေရပါတော့၏ ။ တစ်ခါတစ်ရံမှာတော့ အရေးကြီးသည်ဟု ယူဆရသော ကိစ္စများကို အာပတ် လွတ်ရုံ သာမန်ကာလျှံကာ လျှမ်းပြောရပြီး တစ်ခါတစ်ရံမှာတော့ အရေးမကြီးသည့် အရေးအရာများကို ဖွဲ့ဖွဲ့နွဲ့နွဲ့ ပြောခြင်းဖြင့် အချိန်များကို
ကုန်လွန်စေခဲ့ရသည် ။

     သို့ ဖြင့် နောက်တစ်နေ့မနက် ( ၃-၁၀-၈၈ ) ၇ နာရီ အချိန်မှာတော့ ကျွန်တော့်အား မေးမြန်းသူများမှာ ပါးစပ်ညောင်း ၊ လက်ညောင်း ၊ ဖင်ညောင်းသွားကြ၍ ထင်သည် ။ ဆွေးနွေးပွဲ အစီအစဉ်ကို ရပ်ဆိုင်းလိုက်လေတော့၏ ။ ကျွန်တော့်အားလည်း လက်ထိတ်ပြန်ခတ် ၊ ခေါင်းစွပ် ပြန်စွပ်ကာ အချုပ်ခန်းတစ်ခုတွင်းသို့ ပို့ဆောင်လိုက်ပါတော့သည် ။

     သည်တစ်ခါရောက်ရသည့် အခန်းက ပထမဆုံး ကျွန်တော် အထိုးအကြိတ်ခံခဲ့ရသည့် အခန်းလောက် မသားနား ။ အကျယ်အဝန်းကတော့ ၉ ပေပတ်လည် အတူတူပင်ဖြစ် ။ သို့သော်ငြားလည်း ယခုအခန်းပတ်ပတ်လည်မှာ သစ်သားတန်း ဆင့်တွေ တန်းတွေ ရိုက်ထားသည် ။ လေဝင်ပေါက်မှန်သမျှကိုလည်း ကတ်ထူစက္ကူပြားများ ဖိုင်ဘာများဖြင့် ကာရံထား၏ ။ ခြစားထားသဖြင့် စုတ်ပြတ်ကြေမွနေသော သစ်ချောင်းများ အမှိုက်စများကလည်း ဒုနဲ့ဒေး ။ အခန်းထောင့်မှာကတော့ ထွေးခံတစ်လုံး ၊ ပြီးတော့ ပလတ်စ တစ်စက ဘိုးဘိုးခေါ်ရလောက်အောင် ပါးလွှာကြုံလှီနေသည့် ဖျာကြမ်းလား ဖျောချောလား ဘာမှန်းမသိသည့် ဖျာတစ်ချပ် ။ အမှိုက်တွေ စက္ကူစတွေကို သဘောလောက်ပုတ်ခတ်ရှင်းလင်းပြီး ယင်းဖျာပေါ်မှာပင် တုံးလုံးလှဲချလိုက်ရတော့သည် ။ တစ်နေ့လုံး တစ်ညလုံး ငုတ်တုတ်ထိုင်ခဲ့ရသည့်ဒဏ် ၊ ထိုးကြိတ်ခံထားရသည့် ဒဏ်တွေက ကျွန်တော်၏ အရိုးများအသားများကို ကောင်းစွာ တိုက်ပွဲဆင် နေပေတော့သည်။

     “ ရှူး ကိုဇာဂနာ ရေသောက် မလား ”

     မှေးကနဲဖြစ်သွားလိုက် လေသံတိုးတိုးလေးဖြင့် လာခေါ် နေသည်ကို ကြားလိုက်ရသဖြင့် သံတိုင်အဝသို့ လှမ်းကြည့်လိုက်ရာ မျက်နှာပြုံးချိုချိုနှင့် လူတစ်ယောက် ရေနွေးကရားကြီး ကိုင်၍ သံတိုင်ကြားထဲထည့် နှုတ်သီးနှင့် နှုတ်ခမ်းတေ့ကာ ဂွပ်ကနဲ ဂွပ်ကနဲ မြိုချပစ်လိုက်တော့သည် ။

     ထို ကိုပြုံးချို ပြန်သွားပြီးနောက် ခဏတဖြုတ် ပြန်လှဲဦးမည်ဟု ပြင်ဆင်ကာရှိသေး ဒုတိယအကြိမ် အင်တာဗျူးရန်လာပြန်ခေါ်သဖြင့် ကျွန်တော့်မှာ မူလအဆောင်အယောင်အတိုင်း လက်ထိပ်ခတ်ခေါင်းစွပ်စွပ်ကာ ပြန်ပါသွားရပါ တော့သည်။

     သည်တစ်ခါမှာတော့ ခေါင်းစဉ်ကပြောင်းသွားပြန်ပြီဖြစ်၏ ။ မိုးကြီး ( မိုးဝင်း  ) ၏ ပါးစပ်ဆော့မှုမှ ဖြစ်ပေါ်လာသော ရလဒ်ပင် ။ အာဏာသိမ်းပြီး နောက်တစ်နေ့ ချီတက်ပွဲ အကြောင်းဖြစ်၏ ။ ဘယ်လိုစသလဲ ဘယ်သူတွေပါသလဲ ဘယ်သူခိုင်းလို့လဲ ဘာကြောင့် လုပ်တာလဲ ။ တဖြေးဖြေးနှင့် ကျွန်တော်တို့ စကားဝိုင်းသည် ဆွေးနွေးပွဲဆန်လာ၏ ။ တပ်မတော်အပေါ် ကျွန်တော်တို့ သဘောထားကို ပီပီပြင်ပြင် တင်ပြနိုင်လာ၏ ။ မေးမြန်းသူများကလည်း လမ်းဖွင့်ပေးသည် ။ သည်တော့လည်း အခွင့်အရေးရတုန်း ပြည့်ပြည့်ဝဝ ပြောနိုင်လိုက်၏ ။ နိုင်ငံ့အကျိုး ပြည်သူ့အကျိုးကို တကယ်မျှော်ကိုးရင် အစောပိုင်းကပင် အာဏာသိမ်းသင့်ကြောင်း အခုလိုအချိန်မျိုးမှာမှ အာဏာသိမ်းခြင်းသည် ယုံကြည်စရာမဟုတ်ကြောင်း ၂၆နှစ်လုံးလုံး မ.ဆ.လ သစ္စာတော်ခံခဲ့သောတပ်ကို မည်သည့်နည်းနှင့်မျှ လက်ကိုင်တုတ် မဟုတ်ဟု မပြောနိုင်ကြောင်း တိုင်းပြည်
ငြိမ်သက်စေလိုလျှင် အာဏာသိမ်းစရာမလိုသော နည်းလမ်းများစွာရှိကြောင်း ၊ အာဏာသိမ်းခြင်းမှာလည်း လှည့်ဖျားမှုတစ်ရပ်ဟုသာထင်ကြောင်း ၊ အာဏာဆက်ခံခြင်းဟူ၍လက်ခံထားကြောင်း စသည်ဖြင့် ကျယ်ကျယ်ဝန်းဝန်းပင် ဆွေးနွေးမိလိုက်သည် ။
     ပြောကောင်းကောင်းနှင့် လေကြောရှည်မိနေသည်မှာ လေးနာရီခန့်ပင် ကြာသွားလေတော့သည် ။ ဆာလောင် မွတ်သိပ်မှု သင်္ကေတဖြစ်သော ကွီကွီကွမ်ကွမ် အသံများကလည်း ဝမ်းခေါင်းတွင်းမှ ပေါ်ထွက်နေရကား ဆွေးနွေးပွဲအစီအစဉ်ကို ခေတ္တရပ်နားကာ ကျွန်တော်၏ ယာယီစံမြန်းရာ အချုပ်ခန်းသို့ ကြွလှမ်းခဲ့ရတော့၏ ။ သည်တစ်ခါမှာတော့ ပုံစံခွက်ဖြင့်ထည့်ထားသော ပဲဟင်းကြက်ဥကြော်တို့ဖြင့် ခြံရံထားသည့် ထမင်းပန်းကန်က ဆီးကြိုနေပေသည် ။ ဆာဆာနှင့် တစ်ပန်းကန်လုံး ပြောင်သွားအောင် ဝါးပစ်
လိုက် မိ၏ ။ သည့်နောက် ဆွေးနွေးပွဲအစီအစဉ်ကို ပြန်လည် ကျင်းပရပြန်သည် ။

     ပြောလိုက် မေးလိုက် ငြင်းလိုက်ခုံလိုက် ဟောက်လိုက် ရယ်လိုက်ဖြင့် စခန်း
သွားခဲ့ကြရာ ညနေ ၆းဝဝ နာရီထိုးမှပင် စခန်းသိမ်းရတော့၏ ။

     ကျွန်တော်လည်း ထိုအခါမှပင် မိမိ၏ ဘူမိနက်သန်နေရာမှန်သို့ ပြန်ခွင့်ရတော့သည် ။ သည်တစ်ခါလည်း ထမင်းပန်းကန်က အဆင့်သင့်ကြိုနေပြန်သည် ။ ဟင်းကတော့ ပြောင်းသွားပြီဖြစ်၏ ။ ကြက်ဥကြော်နှင့် ပဲဟင်း ။

     ညနေစာစားအပြီးမှာ ကျွန်တော်နှင့်တွေ့ရသည့် ပုဂ္ဂိုလ်ကတော့ မနက်က
မေးမြန်း ဆွေးနွေးခဲ့သူများ မဟုတ်ပါချေ ။ တပ်မှူး ဗိုလ်မှူးစန်းပွင့်ဆိုသူပင်ဖြစ်သည် ။သူက တပ်မတော်၏ သဘောထားကို ၂နာရီခန့် ရှင်းပြနေလေရာ သည်တစ်ခါမှာတော့ ကျွန်တော်က ရာထူးတက်ကာ နားသောတဆင်သူ ဖြစ်လာရတော့၏ ။

     နားထောင်ပွဲအပြီး အခန်းပြန်ရောက်သည့်အခါမှာတော့ ပင်ပန်းနွမ်းနယ်မှုအရှိန်က တွန်းပို့နေသဖြင့် မျက်လွှာနှစ်စုံမှာ ငိုက်စင်းလာပေတော့သည် ။ သို့သော်လည်း ကျွန်တော်၏ ညာဘက် မျက်စောင်းထိုးအခန်းသို့ ကိုဌေး ( ဇင်ဝိုင်း ) ကို တွဲခေါ်လာသဖြင့် အတန်ငယ် မျက်စိကျယ်သွားရပေသည် ။ ကိုဌေးကို ကြည့်ရသည်မှာ ဝမ်းလျှောပြီးစ လူမမာ အရက် မူးလာသည့်နှယ် ပျော့ဖတ်နွမ်းရိလွန်းလှ၏ ။ လိုက်လံပို့ဆောင်သူများ ထွက်ခွာသွားပြီးမှ လေသံတိုးတိုးဖြင့် အခြေအနေကို လှမ်းမေးရသည် ။ တော်တော် မခံချင်စရာကောင်းလှ၏ ။ ကိုဌေးကို စစ်ဆေးမေးမြန်းနေစဉ်တွင် ကားတစ်စီးရောက်လာပြီး ဗိုလ်မှူးတစ်ယောက် ဆင်းလာကြောင်း အရက်နံ့မှာလည်း တထောင်းထောင်း ထနေကြောင်း ခေါင်းစွပ် စွပ်ထားရသဖြင့် ဘယ်သူ ဘယ်ဝါမှန်း မသိကြောင်း ထိုဗိုလ်မှူးဆိုသူက မင်းလားကွ ဇင်ဝိုင်းဟုဆိုကာ ထိုးကြိတ်ကန်ကျောက်ကြောင်း ဘေးလူများဝိုင်းဆွဲသဖြင့်
ဤမျှလောက်သာ ခံရကြောင်း ပြောပြကာ ပခုံး လည်ပင်း ကျောကုန်းတို့မှ ဒဏ်ရာများကို ပြလေသည် ။ သာမန် ရဲဘော်လေးတစ်ယောက်က ပြုမူသည်ဟုဆိုလျှင် နားမလည် ပါးမလည်မို့ ခွင့်လွှတ်သာသေး၏ ။ ခုလို အရာရှိတစ်ယောက်က ဤသို့လုပ်ဆောင်သည်မှာတော့ အောက်တန်းကျလွန်း၏ ။ သေးနုပ် သိမ်ဖျင်းလွန်းလှပေသည် ။ ကျွန်တော်တို့မှာတော့ ရင်ထဲမှာသာ ဒေါသထွက်ခွင့် ရှိသည်မဟုတ်လော ။ မကျေနပ်ပါကလည်း ဘာမှ မလုပ်နိုင် ။ ရှေ့ကသံတိုင်တွေကိုသာ ဝါးစားရန်ရှိတော့၏ ။

     များမကြာမီပင် တပ်မှူးဗိုလ်မှူးစန်းပွင့်ရောက်လာပြီး ကိုဌေးအား တောင်းပန်စကား ပြောလေသည် ။ ကျွန်တော့်အားလည်း လေဝင်လေထွက်ကောင်းသော ဦးအောင်မြင့်မြတ်တို့ အခန်းသို့ ရွှေ့ပြောင်းပေးလိုက်၏ ။ ကျွန်တော့်မှာတော့ ဦးအောင်မြင့်မြတ်ကိုရော သူ၏အခန်းဖော်ကိုပါ စကားပြောမအားတော့ဘဲ ဖျာကြမ်းပေါ်မှာ ခေါင်းကပ်ရင်း အိပ်ချပစ်လိုက်လေတော့သည် ။

ဇာဂနာ

ပထမ

Thursday, May 7, 2020

ဆိုင်ကယ်လှလှလေးတွေ



🛴   ဆိုင်ကယ်လှလှလေးတွေ

       ပုစွန်သေစေသော တော်သလင်းနေသည် ကျွန်တော့် အား ကောင်းစွာဒုက္ခပေးနေတော့၏ ။
      အကြိုအကြားများပါမကျန် တရစပ်ထွက်နေသော ချွေးတို့ဖြင့် ကျွန်တော့် တစ်ကိုယ်လုံးမှာ ရွှဲနစ်နေတော့သည် ။ ခန္ဓာကိုယ် အောက်ပိုင်းတစ်ခုလုံး မှာလည်း ရှိမှရှိပါသေးရဲ့လားဟု ထင်မှတ်မှား လောက်အောင်ပင် ထုံကျင်နေတော့၏ ။

       မဖြစ်ခံနိုင်ပါရိုးလား....

       ကျွန်တော်တို့ ဖြစ်ပျက်နေပုံကိုလည်း ကြည့်လေ ။

       အမိုးအကာမပါသော တီအီး ၁၁ ကားကြီး၏ ကြမ်းပြင်ပေါ်တွင် ဒူးနှစ်ဘက်​ေထာက် နဖူးနှင့် ကြမ်းပြင်ထိထားပြီး လက်နှစ်ချောင်းကိုယှက်ကာ နောက်စေ့ပေါ်သို့ တင်ထားရလေတော့သည် ။ ရုပ်ရှင်ကားများတွင် စစ်သုံ့ပန်းများအား ဖမ်းဆီးပုံနှင့် တူလွန်းလှပါဘိတော့ ။

       မိမိတို့သည် သူပုန်လည်းမဟုတ် ။ ဓားပြလည်း မဟုတ်ပါဘဲလျက် အဘယ့်
ကြောင့် ဤသို့ဤနှယ် လူ့တန်ဖိုးကို လျစ်လျူရှူသော ဖမ်းဆီးနည်းကို အသုံးပြုမှန်း နားမလည်နိုင် ဖြစ်ရလေသည် ။ ပတ်ဝန်းကျင်က မိမိတို့အား မမြင်စေလို၍ဟု ဆိုရပြန်ကလည်း ကျွန်တော်တို့အား ဖမ်းဆီးစဉ်ကာလကပင် ဝိုင်းအုံကြည့်ရှုနေသော လူအုပ်ကြီးမှာ ရွှေတိဂုံဘုရား တပေါင်း ပွဲတော်တမျှ စည်ကားနေပေရာ ဤအချက်သည် မဖြစ်နိုင်ပါ
ချေ။ သို့ဆိုလျှင် မိမိတို့အား မည်သည့်နေရာကို ခေါ်သွားမှန်း မသိစေလို၍သာ ဖြစ်ပေမည် ။ ဤအချက်သည်လည်း မအောင်မြင်နိုင်ပါချေ ။ အဘယ်ကြောင့်ဆိုသော် ဆရာကြီး ရွှေဥဒေါင်း၏ ဦးစံရှားဝတ္ထုများနှင့် ကြီးပြင်းလာရသော ကျွန်တော်သည် ခေသူမဟုတ်ရကား ကားရပ်ပုံ ၊ မောင်းပုံ ၊ ချိုးကွေ့ပုံတို့ကို စိတ်ဖြင့်မှန်းပြီး ဟော သိမ်ကြီးဈေး ၊ ဘုန်းကြီးလမ်း ၊ ပြည်လမ်း ၊ ဦးဝိစာရလမ်း စသည်ဖြင့် မှတ်သားလာနိုင်ခဲ့ပေသည် ။ “     ခဝဲခြံရောက် မယ် တက်..တက် ” ဟူသော ကားစပယ်ယာများ၏ အသံကို ကြားရသည့်အခါ ဪ.. မရမ်းကုန်း လမ်းဆုံရောက်ပြီကိုး ။ ဒါဆို တို့ကို ထောက်လှမ်းရေး ၆ နဲ့ ရေကြည်အိုင် တစ်ခုခုကို ပို့မှာသေချာပြီဟု တွက်ဆမိလိုက်၏ ။ များမကြာမီပင် ကျွန်တော်တို့၏ တီအီး ၁၁ ကားကြီးသည်လက်ယာဘက်သို့ ချိုးကွေ့လိုက်ရာ ထောက်လှမ်းရေး ၆ ပဲဟု တစ်ထစ်ချ ယူဆလိုက်ရပါတော့သည် ။

       မြေနီလမ်းအတိုင်း မောင်းချလာသော ကိုရွှေတီအီးသည် လက်ယာဘက်ကို
ထပ်မံချိုးပြီးနောက် ကုန်းခပ်မြင့်မြင့် တစ်ခုကို တက်ကာ သက်ပြင်း ခပ်ကြမ်းကြမ်းတစ်ခု မှုတ်ထုတ်ပြီးနောက် ရပ်ချလိုက်လေတော့သည် ။

       “ ဟေ့ တစ်ယောက် မှ ခေါင်းထောင်မကြည့်စေနဲ့ ၊ တစ်ယောက်စီ ဆင်းခိုင်း ၊
ဒါအရင်ယူ ၊ ဟေ့ကောင် ... သော့ဖွင့်ပြီး ပလား ” စသဖြင့် တစ်ယောက်တစ်ပေါက်
အော်ဟစ်ပြောဆိုနေသံများကို ကြားနေရသဖြင့် ဧကန္တတော့ ဒီနေရာဟာ ရုံးခန်းတစ်ခုခု ( ဒါမှမဟုတ် ) ကင်းတဲ တစ်ခုခုဖြစ်လိမ့်မည်ထင်တယ်ဟု တွက်ချက်နေမိ၏ ။ ထိုအခိုက် မှာပင် ဗြုန်းခနဲ ကျွန်တော့်ခေါင်းကို အဝတ်ကြီးတစ်ခု စွပ်ချလိုက်ပြီး “ ထ ” ဟု ပြောလာသဖြင့် ကျွန်တော့်မှာ ခြေကျင်နေသည့်ကြားမှပင် အသာဖြည်းဖြည်း ထလိုက်ရ၏ ။ တစ်ဖန် “ ခုန်ချ ” ဟုဆိုပြန်သဖြင့် ကျွန်တော့်မှာ မမြင်မကန်း ရမ်းခုန်ချလိုက်ရာ ကံအားလျော်စွာ သဲပုံပေါ်တည့်တည့်ကျသွားသဖြင့် သက်သာရာ ရသွားပေသည် ။ ထို့နောက် “ ကဲ...ထ ” ဟုဆိုကာ ကျွန်တော်၏ လက် မောင်းအား လူတစ်ယောက်က ခပ်ကြမ်းကြမ်း ဆွဲခေါ်ပြန်သဖြင့် ကျွန်တော့်မှာ ထိုပုဂ္ဂိုလ်နောက်သို့ ကန့်လန့်ကန့်လန့်နှင့် ပါသွားရပြန်တော့သည် ။

       ထိုပုဂ္ဂိုလ်သည် တစ်လမ်းလုံး ကျွန်တော့်အား “ ရှေ့မှာတန်း ခေါင်းငုံ့ ”  ၊
“ ရေမြောင်းရှိတယ် ကျော်လိုက် ”  “ လှေကား ထစ်တစ်ခုရှိတယ် ” စသဖြင့် တတွတ်တွတ်ပြောပြီး စေခိုင်းလာလေသည် ။ ကျွန်တော်သည်လည်း ရှေ့က ထောက်လှမ်းရေးစာအုပ်များ ဖတ်ခဲ့ဖူးသည့်အားလျော်စွာ “ ခေါင်းငုံ့ ” ဟု အမိန့်ပေးသူက “ လုံးဝမငုံ့ ” ဘဲနေသည့် အဖြစ်ကို သံသယဝင်ပြီး နောက်ပိုင်း ထိုသူစေခိုင်းသမျှကို လိုက် မလုပ်ဘဲနေရန် ဆုံးဖြတ်လိုက်တော့၏ ။ “ သံဆူးကြိုးရှိတယ် ခေါင်းငုံ့ ” ဟု ထိုသူက ပြောလာသောအခါ ကျွန်တော်က မငုံ့ဘဲ တည့်တည့် ဝင်တိုးပစ်လိုက်ရာ ဘာသံဆူးကြိုးနဲ့မှ မညှိဘဲရှိလေသည် ။ အနှီပုဂ္ဂိုလ်... ထိုပုဂ္ဂိုလ်... ၄င်းပုဂ္ဂိုလ်... အကြင်ပုဂ္ဂိုလ်သည် သူ့ကြံစည်မှု ပျက်ပြားသွားသဖြင့် ဒေါသပွားကာ ကျွန်တော့်အား သစ်ပင်ကြီးတစ်ပင်ဆီသို့ အတင်း ဆွဲခေါ်သွားလေရာ ကံအားလျော်စွာ မျက်နှာနှင့် မတိုက် မိဘဲ ပခုံးနဲ့သာ တိုက် မိသဖြင့် သက်သာသွားရပြန်လေသည် ။ သည်နောက် မှာတော့ ထိုပုဂ္ဂိုလ်သည် သူ့ကြံစည်ချက် များ ကုန်ဆုံသွား၍ထင် ကျွန်တော့်အား အခန်းတစ်ခုထဲသို့ ထည့်လိုက်တော့၏ ။ အုတ်နံရံနှင့် ကျွန်တော့်ကို မျက်နှာချင်းဆိုင်  အနေအထားဖြင့် ကပ်ထားခိုင်းပြီးနောက် “ နောက်လှည့်မကြည့်နဲ့ ” ဟု အမိန့်ပေးကာ ထိုပုဂ္ဂိုလ်သည် အခန်းအပြင်သို့ ခပ်သုတ်သုတ် ပြန်ထွက်သွားလေသည် ။ ကျွန်တော့်မှာဖြင့် ငိုအားထက် ရယ်အားသန်... ဘယ့်နှယ်... ခေါင်းစွပ်ကြီးစွပ်ထားတဲ့ဟာ ဘာမှ မမြင်ရတဲ့သူက လှည့်ကြည့်တော့ကော ဘာမြင်ရမှာမို့တုံး ၊ အကန်းကို တောင်ကြည့် မြောက်ကြည့် မလုပ်နဲ့လို့ပြောသလိုချည်းပါလား ။ ထို့နောက် ထိုပုဂ္ဂိုလ်သည် အခန်းထဲ ပြန်ဝင်လာပြီး ကျွန်တော်၏ လက်နှစ်ဖက်ကို နောက်ပြန် လက်ထိပ်ခတ်လိုက်ပြန်ပါသေးသည် ။ ေဩာ်  ဒုက္ခ ဒုက္ခ.. အခုထွက်ပြေးပါလို့ ခိုင်းရင်တောင်မှ မမြင်မကန်းနဲ့ ဘယ်သွားရမှန်း ဘယ်လာရမှန်းတောင် သိမှာမဟုတ် ။ လိပ်ကို မျက်နှာအဝတ်နဲ့စည်းပြီး ပက်လက် လှန်ထားသလိုပါလား ။

       မကြာခင်မှာပဲ အသံခပ်ဩဩ တစ်ခုက ပေါ်ထွက်လာပြန်သည် ။ ဒါက
ဇင်ဝိုင်း ၊ ဒါက ဇာဂနာ ၊ ဒါက မိုးဝင်း စသည်ဖြင့် တစ်ခန်းစီ တစ်ခန်းစီလိုက်၍ မိတ်ဆက်ပေးနေပါတော့၏ ။ တစ်ဆက်တည်း ဆိုသလိုပင် လူလေးငါးယောက်ခန့် ကျွန်တော်ရှိနေရာ အခန်းထဲသို့ ဝင်လာကြလေသည် ။ “ မင်းက ဇာဂနာလားကွ ” ဟူသော ခပ်ကြမ်းကြမ်း အသံနှင့်အတူ အုံးခနဲ ရိုက်လိုက်သော လက်ဖဝါး၏ အရှိန်ကြောင့် ကျွန်တော်၏
နဖူးမှာ အုတ်နံရံနှင့် မိတ်ဖွဲ့သွားရကာ ကြယ်တွေလတွေသည် စီကာတန်းကာ ပေါ်ထွက်လာပါတော့သည် ။ သည်နောက်မှာတော့ “ ဟေ့ကောင် လုပ်စမ်းပါဦးကွ ဒို့အရေးလေးဘာလေး ။

       “ ဒီမိုကရေစီ အော်ပါဦးကွ ”

       “ ဟေ့ကောင် အီမာ ပီတာ ကီစောင် လုပ်စမ်းပါဦး ”

       စသည်ဖြင့် ပြောလိုက် ထိုးလိုက်ဖြင့် အနှီ ပုဂ္ဂိုလ်များမှာ စံချိန်စံညွှန်း မမီမှာစိုး
သည့်အလား ကျွန်တော့်အား တဗုန်းဗုန်း တဒိုင်းဒိုင်းနှင့် ဝိုင်းထိုးနေကြပါတော့သည် ။ ကျွန်တော့်မှာတော့ သမ္မတလူကြမ်းအဖွဲ့ အလယ်သို့ ရောက်သွားရှာသော ရိုးရိုးအအ ရွာသားလေး တစ်ဦးလိုပင် ဖြစ်နေတော့၏ ။ သည်အထဲ ကောင်းကောင်းမထိုးဘဲ “ နောက်လှည့်မကြည့်နဲ့ ” ဟု အမိန့်ပေးနေသေးသဖြင့် ေဩာ်...  သူတို့မျက်နှာကို မြင်သွားမှာ တော်တော် စိုးရိမ်နေရှာကြပါလား ။ ကိုယ့်ကို ပြန်မမြင်နိုင်တဲ့ သူ ဘာမှပြန်မလုပ်နိုင်တဲ့သူ
တစ်ဦးကိုမှ ဝိုင်းဝန်းထိုးကြိတ်ရဲတာ နည်းတဲ့သတ္တိမဟုတ်ပါလားလို့ တွေးမိပြီး အနှီ ပုဂ္ဂိုလ်များကို မချီးကျူးဘဲ မနေနိုင်အောင် ဖြစ်နေရပါတော့သည် ။

       သည့်နောက် မှာတော့ သူတို့ပဲ ​ေညာင်းသွားလို့လား ။ ကျွန်တော့်ကိုပဲ သနား
သွားလို့လားမသိ ၊ ခေတ္တ အားလပ်ချိန် ဖြစ်သွားလေသည် ။ ကျွန်တော်၏ ကျောပြင် ၊ ဝမ်းဗိုက်တို့မှာလည်း သူတို့ကြိုက်သလို ထိုးကြိတ်ခွင့်ပေးထားပြီး ယခုမှပင် အနားရလေတော့သည် ။ သို့သော်လည်း “ နားပြန်လည်း မသက်သာ ” ဟူ ဘိသကဲ့သို့ အသံစူးရှရှနှင့် လူတစ်ယောက် ရောက်လာပြီး .....

       “ ဟေ့... ဒါဇာဂနာလားကွ ”

       “ ဟုတ်ပါတယ် ဆရာကြီး ” ဟူ၍ အမေးအဖြေ လုပ်ကြကာ ထိုစူးရှရှငနဲသည် အခန်း သံတံခါးကို ဖွင့်၍ ဝင်လာပါတော့သည်။

       သည့်နောက် မှာတော့ “ ဟေ့ကောင် ဒီမိုကရေစီတော့ မရဘူး ဒါပဲရမယ်ကွ ” “ မအေ.. ”  “ ငါ...မသား ” စသည် ဖြင့် ကျွန်တော်တစ်သက်တာမှာ တစ်ခါမျှ မကြားဘူးသော ဆဲနည်းဝေဆာ ပဒေသာဖြင့် အသုံးတော်ခံကာ သူ၏ ဒူးခေါင်း ၊ လက်ဝါးစောင်း ၊ ခြေထောက်တို့ဖြင့် ကျွန်တော်၏ ဝမ်းဗိုက် ၊ ကျောကုန်း ၊ လည်ကုပ်တို့ကို မိတ်ဆက်နေပါတော့သည်   ။ အချက်ပေါင်း နှစ်ဆယ်ခန့် စိတ်ရှိသမျှ သုံးဆောင်ပြီးသည့် အခါမှာတော့ ဤ စူးရှရှငနဲသည်လည်း ခေတ္တအနားယူပြန်လေသည် ။ သို့သော်လည်း ကျွန်တော်ကတော့ မနားရပါချေ ။

       “ ဟေ့ကောင် ဆိုင်ကယ်စီးတတ်သလား .…. စီးတတ်မှာပါကွာ ” ဟူ၍ သူ့ဘာသာသူ အမေးအဖြေလုပ်ကာ ထောက်လှမ်းရေးတပ်၏ နာမည်ကျော်ဆိုင်ကယ်ကို စီးခိုင်းပါတော့သည် ။

      ဆိုင်ကယ်ဆိုသည်မှာ အခြားတော့မဟုတ်ချေ။ ခြေဖျားထောက်၍ ခြေထောက်ကို ကားနိုင်သမျှ ကားခိုင်းပြီး ဒူးကိုကွေးနိုင်သမျှ ကွေးခိုင်းထားကာ လက်နှစ်ဖက်ကို ( လက်ထိပ်ဖြုတ်၍ ) မြှောက်၍ မတ်တတ်ရပ်ခိုင်းထားခြင်းပင် ဖြစ်သည် ။ အတော်ပင် ညောင်းညာ ကိုက်ခဲသော အလုပ်ပင်ဖြစ်၏ ။ ခြေထောက် များ တဆတ်ဆတ်တုန်သည်အထိ ခံစားရလေသည် ။ ထိုအချိန်မှာပင် ဝုန်းခနဲ ပြိုလဲကျသံကြီးနှင့် အတူ “ ဟေ့ကောင် ဇင်ဝိုင်း ဘာဖြစ်တာလဲ ထစမ်း ” ဟူသော အသံကိုလည်းကောင်း ၊ “ ကျုပ်တို့တပ်ထဲမှာ အသက်ကြီးတာ ငယ်တာမရှိဘူး ။ ဟေ့လူ ရပ်စမ်း ” ဟူသော ဦးအောင်မြင့်မြတ် အခန်းမှ အသံကိုလည်းကောင်း ၊ “ တရုတ်ထဲမှာတော့ မင်းတော်တော် သောက်သုံးမကျတဲ့ကောင်ပဲ ”
ဟူသည့်ကို အမိန့်၏ အခန်းမှ အသံကိုလည်းကောင်း ၊ “ ကျွန်တော် မရပ်နိုင်လို့ပါခင်ဗျာ …..တောင်းပန်တယ်ဗျာ ” ဟူသော ဦးတင်စိုး၏ အသံကိုလည်း ကောင်း ၊ “ဟေ့ကောင် မိုးဝင်း မအေ...ဆဲစမ်းပါဦးကွ ” ဟူ၍လည်းကောင်း ၊ “ ကြောက်လှပါပြီခင်ဗျာ ……ကျွန်တော့် တစ်သက်တာ တစ်ခါမှ ဒီလို မခံစားဘူးပါခင်ဗျာ ” ဟူသော နောက်ပိုင်း ဇာတ်ထုပ်မှာ အာဏာပါးကွက်သားများအား ငိုယို တောင်းပန်နေသည့်နှယ် ကိုညီဝင်းစိန်၏ အသံ တို့ကိုလည်းကောင်း ဆက်တိုက် ဆက်တိုက် ကြားလာရတော့သည် ။

       ဒီအကောင်တွေရှေ့မှာ လဲကျလို့ အညံ့ခံလို့ မဖြစ်ဘူး ။ မင်းတို့ကြိုက်သလောက်လုပ် တောင့်ခံမယ်ကွဟု စိတ်ထဲမှာ ကြိမ်းဝါးပြီး ကိုယ့်ကိုယ်ကိုယ်အားတင်းလိုက် မိ၏ ။ သို့ငြားလည်း “ တင်းပြန်လည်း မသက်သာ  ” ဆိုသလိုပင် သူတို့ရှေ့မှာ လဲမကျသဖြင့် မကျေမနပ် ဖြစ်ကြသည်ထင် ကျွန်တော်၏ ပေါင်နှစ်ချောင်းကို တဖုန်းဖုန်းနှင့် လာကန်ကြ
ပါတော့သည် ။ ဪ... ရှင်မဟာမောဂ္ဂလန်လို မထေရ်မြတ်ကြီးပင်လျှင် ခိုးသားငါးရာ ဝိုင်းရိုက်သည့် ဒဏ် ခံရသေးသည်ပဲ ကိုယ်က ဘာကောင်မှ မဟုတ်တာ ..ဝဋ်ရှိသ၍ ခံဦးပေါ့လေ ဟူ၍သာ ဖြေသိမ့်၍ ကြိတ်မှတ်ခံနေရတော့၏ ။

       သို့ သော်လည်း ကံကောင်းထောက် မစွာ ကယ်တယ်ရှင်တစ်ဦးက ပေါ်
လာပါတော့သည် ။ “ ဟေ့...ဒို့ဆီကကောင်တွေ အကုန်ထွက် ” ဟူသော အသံနှင့်
အတူ “ ကိုဇာဂနာ သက်သာသလိုနေပါ သက်သာသလိုနေပါ ” ဟူ၍ ချိုသာပျော့
ပျောင်းစွာ လာပြောလေသည် ။ သို့ဖြင့် ကျွန်တော့်မှာ ဆိုင်ကယ်စီးခြင်း ဘေးဒုက္ခ မှ ကင်းငြိမ်းချမ်းသာ ရတော့၏ ။ ညောင်းညာ ကိုက်ခဲနာကျင်မှုတို့က ယခုမှပင် စုပြုံတိုးဝှေ့ ရောက်လာတော့သည် ။ မတ်တတ်ရပ်ရင်းနှင့်ပင် လက် မောင်း ကလေး နှိပ်လိုက် ၊ ပေါင်ကလေး နှိပ်လိုက်ဖြင့် သက်သာရာ ရလိုရငြား ကျွန်တော့်မှာ လုံးပန်းနေရတော့၏ ။ ထိုအချိန်မှာပင် နူးညံ့သော အသံပိုင်ရှင်သည် ပြန်လည်ရောက်ရှိလာပြီး.…

       “ ကိုဇာဂနာ ခေါင်းစွပ်ချွတ်လိုက်ပါ.…. အေးအေးနားပါ ။ အဲဒီမှာ ဖျာရှိပါတယ် ၊ လှဲချင်လှဲနေပါ ။ ကျွန်တော့်ကို ခေါင်းစွပ်ပေး အပေါ့သွားချင်ရင် ဟိုထောင့်မှာ
ခွက်ရှိတယ် ” ဟူ၍ ပြောလာပြန်လေသည် ။ ခေါင်းစွပ်ကို သံတိုင်များအကြားမှာ လှမ်းပေးရင်း ကိုနူးညံ့၏ မျက်နှာကို ကြည့်လိုက်တော့ အသားဖြူဖြူ နှာတံပေါ်ပေါ်နှင့် ကုလားမင်းသား မီသွန်းနှင့်တူသော လူငယ်တစ်ဦးကို တွေ့လိုက်ရ၏ ။ ကျွန်တော်ကတော့ ထိုပုဂ္ဂိုလ်ကို “ လျှပ်တစ်ပြက် မီသွန်း ”  ဟု
အမည်ပေးလိုက် မိသည် ။ သူထွက်ခွာသွားပြီးသည့် အခါမှာတော့ သမံတလင်းကြမ်းပြင်ပေါ်မှာပင် ခြေပစ်လက်ပစ် လှဲချပစ်လိုက် မိတော့၏ ။

ကျွန်တော်၏ နားထဲမှာတော့ “ တရားမျှတပြီး လွတ်လပ်တဲ့ ပါတီစုံဒီမိုကရေစီ
ရွေးကောက်ပွဲ လုပ်ပေးပါမယ်... တပ်မတော်သားတွေဟာ မိဘပြည်သူတွေနဲ့ ဆက်ဆံရင် နှိမ့်ချပြီး ဆက်ဆံရမယ်
ယဉ်ယဉ်ကျေးကျေး ရှိရမယ် ”
ဟူသော စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်စောမောင်ဆိုသူ၏ စကားသံများကိုသာ ကြားယောင်မိနေပါတော့သည် ။

 ◾    ဇာဂနာ

ပထမ

.

စကားလက် မွန်










စကားလက် မွန်

       ၁၉၈၈ ခုနှစ်သည် အရေးတော်ပုံနှစ်ဟု ဆိုရမလောက်ပင် အစိုးရအား ဆန့်ကျင်သော အရေးအခင်းများသည် တစ်ခုပြီးတစ်ခု ဖြစ်ပွားခဲ့လေသည်။ မောင်ဘုန်းမော် အရေးအခင်းဟုအမည်တွင်ခဲ့သည့် မတ်လ လှုပ်ရှားမှု ၊ ဂျင်ဂလိ ပွဲတော်ဟု ကင်ပွန်းတပ် ခံခဲ့ရသည့် ဇွန်လ အရေးအခင်း ၊ ရှစ်လေးလုံးဟု ကျော်ကြားခဲ့သော ဩဂုတ်လ အရေးအခင်း ၊ ထိုသည်၏နောက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အုံကြွလှုပ်ရှားခဲ့သည့် ဒီမိုကရေစီ အရေးတော်ပုံ တို့ပင်တည်း ။

       ဩဂုတ်လ ၂၂ ရက် မှ အစပြုခဲ့သော ယင်း ဒီမိုကရေစီ အရေးတော်ပုံသည်ကား မြန်မာ့သမိုင်းတွင် မကြုံဘူးလောက်အောင် လူတန်းစားအလွှာပေါင်းစုံ ပါဝင်သည့် အစိုးရ ဆန့်ကျင်သော လှုပ်ရှားမှုကြီးဖြစ်ရကား ဆရာဝန်များ ၊ အနုပညာရှင်များ ၊ ရှေ့နေများ စသည့် အသိပညာရှင် ၊ အတတ်ပညာရှင်များသာမက အိုးမဲ့အိမ်မဲ့ အခြေအနေမဲ့များ၏ လမ်းဘေး သမဂ္ဂပါမကျန် တော်လှန်တိုက်ပွဲဝင်ခဲ့ကြလေသည်။

       အနုပညာရှင် တစ်ပိုင်းတစ်စ ဖြစ်နေသော ကျွန်တော်တို့ သူငယ်ချင်းတစ်သိုက်လည်း ဤအရေးတော်ပုံအစ ကာလများကပင် ပါဝင်ခဲ့ရကား ကျောင်းသားစိတ်တစ်ပိုင်း ကျန်နေသည့်အတွင်းဓာတ်၏ လှုံ့ဆော်မှုကြောင့် တဖြည်းဖြည်း နက်မှန်းမသိ နက်ရှိုင်းစွာ ဝင်ရောက်ဆင်နွှဲမိလေတော့သည်။

       ထိုစဉ်က ကျွန်တော်တို့၏ စုရပ်ဖြစ်သော ရန်ကုန်မြို့ ၂၁ လမ်းရှိ ( ယခင်
သဘင်ကောင်စီရုံးခန်း ) မြန်မာနိုင်ငံလုံးဆိုင်ရာ သဘင်သမဂ္ဂ ရုံးခန်းသည်လည်းအနယ်နယ် အရပ်ရပ်မှ သပိတ်ခေါင်းဆောင်များ ၊ ကိုယ်စားလှယ်များ စတည်းချရာ နေရာတစ်ခုလည်း ဖြစ်လာလေသည် ။

       ရွှေပြည်အေးသမားများ ၊ အကဲခတ်ဆရာများ ၊ ရရင်ရ မရရင်ချ ဆိုသော ပုဂ္ဂိုလ်များ၏ ငြင်းခုံရာ စည်းဝေးခန်းမ တစ်ခုလည်း ဖြစ်ခဲ့လေသည် ။

       ကျွန်တော်တို့ သူငယ်ချင်းတသိုက် မှာလည်း တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင်ခွင့် မကြုံရလောက်အောင်ပင် ဟောပြောပွဲများ ၊ အစည်းအဝေးပွဲများ ၊
နယ်စည်းရုံးရေးခရီးစဉ်များ ၊ ဆန္ဒပြပွဲများ ၊ အလှူခံကိစ္စများနှင့် ချာလပတ်ယမ်းနေကြရကား တစ်ဦးနှင့်တစ်ဦး ရုံးရှေ့ကျောက်သင်ပုန်းမှတစ်ဆင့်သာ ဆက်သွယ်ရသည့်ဘဝသို့ ဆိုက်ရောက်ခဲ့ရလေတော့သည် ။

       သို့သော်လည်း ကျွန်တော်တို့ လူသိုက်ကို မျက်နှာချင်း ပြန်လည်ဆုံဆည်းခွင့်ရအောင် ဖန်တီးပေးလိုက်သည့် အရာကား ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့တွင် ပေါ်ပေါက်လာပါတော့သည် ။ အခြားမဟုတ်ပါ ၊ စစ်တပ်က အာဏာသိမ်းလိုက်
ခြင်းပင်တည်း ။

       ထိုနေ့ ညနေ ၆နာရီခန့်၌ သဘင်သမဂ္ဂရုံးခန်းတွင်းသို့ တစ်ယောက်ပြီးတစ်ယောက် အလျှိုလျှို ရောက်လာကြပါတော့သည် ။ ဘာလုပ်ကြမလဲ ၊ ဘာတွေဆက်လုပ်ကြဦးမလဲ ။ ဘယ်လို လုပ်ကြမလဲ ။

       သေချာတာတစ်ခုကတော့ နဂိုကပင် နာမည်ကြီးနေသည့်အတိုင်း မိမိတို့ လူသိုက်သည် အဖမ်းခံရပေလိမ့်မည် ။ ဒီတော့ ထွက်ပြေးကြမလား ၊ သွားအဖမ်းခံမလား ၊ တောခိုကြမလား တစ်ခုခုတော့ လုပ်ရပေလိမ့်မည် ။ ပထမဆုံးတော့ ဒီနေရာမှ အမြန် စွန့်ခွာရပေလိမ့်မည် ။ အကယ်၍များ စစ်တပ်သည် သူတို့ကြေညာထားသည့်အတိုင်း အင်အားသုံး၍ သည်နေရာကို ဝင်ရှင်းခဲ့လျှင် လမ်းသူလမ်းသားများ အချောင်သက်သက်
ထိခိုက်နစ်နာကြမည် မဟုတ်တုံလော ။ မိမိတို့အပေါ် သံယောဇဉ် ကြီးမားနေပြီဖြစ်သော လမ်းသူလမ်းသားများကလည်း သူတို့ ကာကွယ်ပေးပါမည် ၊ ဖွက်ပေးထားပါမည် မသွားကြပါနှင့်ဟု အတန်တန်တားကြလေသည် ။

       သို့သော်လည်း ကျွန်တော်တို့တစ်သိုက် မှာ ဆုံးဖြတ်ထားသည့်အတိုင်း
ကိုယ့် ပစ္စည်းလေးတွေ ကိုယ်ဆွဲ ၊ ရုံးခန်းအတွင်းမှ စာရွက်စာတမ်းများကို အလျင်အမြန် ဖျောက်ဖျက်ကာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးဝင်း အတွင်းသို့ ရွှေ့ပြောင်းခဲ့ကြတော့သည် ။ ထိုအချိန်က ဆေးရုံကြီးဝင်းအတွင်း၌ အစာငတ်ခံဆန္ဒပြနေကြသော အုပ်စုအဖွဲ့အစည်းအသီးသီးမှာလည်း ညမထွက်ရ အမိန့်ကြောင့် အိမ်ပြန်ခွင့်မရဘဲ လူနာဆောင် အသီးသီး၌ သောင်တင်နေကြလေသည် ။ ထို့ကြောင့်ပင် ကျွန်တော်တို့ သူငယ်ချင်းတစ်သိုက် မှာ အုပ်စု သုံးစုခွဲပြီး အဝတ်လျှော်စက် ၊ ဓာတ်အားပေးစက်နှင့် ရေခဲတိုက် များ အတွင်းသို့ ဝင်ရောက်ပုန်းအောင်းနေရတော့သည် ။

       တစ်ချက်တစ်ချက်တွင် စစ်အစိုးရအလိုမရှိဟူသော အော်သံများ ၊ သေနတ်
သံများ လမ်းမများပေါ်တွင် ချထားသော အပိတ်အဆို့ ၊ အကာအရံများကို လိုက်လံ
ရှင်းလင်းနေသည့် စစ်ကားသံများကို နာခံရင်း တစ်ညတာခရီးကို ကျော်လွန်ခဲ့ရပေသည် ။

       ဤနေရာတွင် ကျွန်တော်နှင့်အတူ ပုန်းအောင်းခဲ့သူများကို မှတ်တမ်းတင်လိုပါသည် ။ ကျွန်တော်တို့ သဘင်သမဂ္ဂ မှ မိုးဝင်း ၊ မိုးမင်း ၊ အရိုင်း ၊ ညီညီလှိုင်
( ညောင်ညောင် ) ၊ ညီဝင်းစိန် ၊ ဖိုးဖြူ၊ စိုးဟန် ၊ တပ်မတော် မှတ်တမ်းရုံးမှ တပ်ကြပ်အောင်သန်း ၊ ကျောင်းသားတပ်ပေါင်းစုမှ ရွှေရောင် ၊ အောင်ဇော်မျိုး ၊ ရုပ်ရှင်သရုပ်ဆောင် ဇင်ဝိုင်းနှင့် တောင်ဥက္ကလာပမှ ဆိတ်မ ဆိုသူတို့ဖြစ်ပါသည် ။ ညတွင်းချင်းပင် ကျောင်းသားသမဂ္ဂမှ မင်းမင်း ၊ ဇော်ထွန်းတို့ ခေါင်းဆောင်သည့် အစာငတ် ဆန္ဒပြပွဲ ဖြစ်မြောက်ရေးအဖွဲ့သို့ လှမ်း၍ ဆက်သွယ်ပြီး မနက် မိုးလင်းသည်အထိ မည်သည့်နေရာမှ မသွားရန်နှင့် သောင်တင်နေသည့် ကလေးများကိစ္စ မိမိတို့လာမှ ရှင်းပေးမည်ဖြစ်ကြောင်း အကြောင်းကြားထားရပေသည် ။

       သို့ဖြင့် စက်တင်ဘာလ ၁၉ ရက်နေ့ မနက် ၅ နာရီ ထိုးသည့်အချိန်မှာတော့
ကျွန်တော်တို့၏ စီစဉ်ပေးမှုဖြင့် ကျောင်းသူ ၊ ကျောင်းသားလေးများအား ဘေးကင်း ရန်ကင်းစွာဖြင့် အိမ်ပြန်ပို့နိုင်ခဲ့လေသည် ။

       သည်နောက် မှာတော့ ညက ကြိုတင်စီစဉ်ထားသည့်အတိုင်း စစ်အစိုးရ
ဆန့်ကျင်ရေးဆန္ဒပြပွဲကို ချီတက်ရန် စိုင်းပြင်းကြရလေတော့သည် ။ သည်မှာတင် ပြဿနာက စပါလေပြီ ။ ဆေးရုံကြီးအတွင်းရှိ သူ့အစုနှင့်သူ ရှိနေကြသော အဖွဲ့ အစည်းအသီးသီးသည် အင်တင်တင် ဖြစ်နေကြလေသည် ။ တောင်လိုလို ၊ မြောက်လိုလို ၊ အစည်း
အဝေး လုပ်ဦးမလိုလို ၊ အီအီးပါဦးမလိုလိုနှင့် ချီတက်ရန်ကိစ္စကို ရှောင်ဖယ်ရှောင်ဖယ် လုပ်နေကြတော့သည် ။ သည်တစ်ခါက တကယ့်ကို သေနတ်နှင့် ပစ်တော့မှာ မဟုတ်လား ။

       ကျွန်တော်တို့ သူငယ်ချင်းတစ်စု ခေါင်းချင်းဆိုင်ရတော့၏ ။ ကဲ  …….ဘယ်သူမှ မထွက်ခင်ကတည်းက တို့ထွက်ခဲ့တယ် ။ နောက်တစ်နိုင်ငံလုံး ပါလာတော့ ဒို့အရေးမှ မလုပ်ရရင် ခေတ်မမီတော့ဘူးတဲ့ဆိုပြီး ပါလာလိုက်ကြတာ ။ ခုတော့ ဘယ်တစ်ကောင် တစ်မြီးမှ မတွေ့ရတော့ဘူး ။ ခုချက်ချင်း ပစ်ပါ..……. ဖမ်းပါနဲ့ စင်ပေါ်ကနေ လက်သီးလက် မောင်းတန်းခဲ့တဲ့ ဘယ်အနုပညာသမားဆိုတာတွေလည်း အရိပ်တောင် မတွေ့ရတော့ဘူး ။ တို့ဘယ်လိုလုပ်ကြမလဲ ။ ကလေးတွေကိုချည်းပဲ မင်းတို့ ချီတက်ကြတော့ ဆိုပြီး လွှတ်လိုက်တော့မလား ၊ အသေခိုင်းလိုက်တော့မှာလား…….။ 

       ကိုင်း... ဘယ်သူထွက်ထွက် မထွက်ထွက် ၊ တို့ထွက်တယ်ကွဟု ကြိမ်းဝါးပြီး
ကိုဌေး ( ဇင်ဝိုင်း ) ရယ် ၊ မိုးကြီး ( မိုးဝင်း ) ရယ် ၊ မောင်စိန်ထွန်း ( မိုးမင်း ) ရယ် ၊
အောင်သန်းဦး ( အရိုင်း ) ရယ် ၊ မောင်ရွှေရောင်ရယ် ၊ ကျွန်တော်ရယ် နောက် ပြီး
ကျောင်းသားဟောင်းများအဖွဲ့မှ နိုင်လင်းနှင့် ကျော်မြင့်တို့ပါ ပေါင်းကာ စုစုပေါင်း ရှစ်ယောက် တည်းဖြင့် စတင်ချီတက်ခဲ့ကြပါတော့သည် ။

       စစ်အစိုးရ အလိုမရှိ ၊ စောမောင်အစိုးရ အလိုမရှိ.... 

       ဗိုလ်ချုပ်ပေးတဲ့ စစ်ပညာ ကျောင်းသားပြည်သူ သတ်ဖို့မဟုတ်ဘူး………စသော ကြွေးကြော်သံများဖြင့် ရန်ကုန်မြို့ ဗိုလ်ချုပ်လမ်းတစ်လျှောက် ထိုမှ ဘုရားလမ်း ၊ မဟာဗန္ဓုလလမ်း ၊ ဘုန်းကြီးလမ်းမှတစ်ဆင့် ဗိုလ်ချုပ်လမ်းအတိုင်း ပြန်လည် ချီတက်ခဲ့ကြရာ တစ်ပတ်ပတ်မိသည့် အချိန်မှာဖြင့် လူတန်းကြီးမှာ နှစ်ထောင်သုံးထောင်ခန့်
ဖြစ်လာလေတော့သည် ။

       ဤသို့ဖြင့် ထပ်မံ ရောက်ရှိလာသော အဖွဲ့များနှင့် ပူးပေါင်းကာ လူလေးထောင်
ကျော်ခန့်ကို ဦးဆောင်ပြီး မြို့တော်ခန်းမသို့ ဦးတည်လိုက်တော့၏ ။

       ထိုနေ့မနက်က အဖြစ်အပျက် များကို အကျဉ်းရုံး၍ ဆိုရသော် ကျွန်တော်တို့လူစုမှာ သေကံမရောက် သက် မပျောက် ၊ ကျည်ဆန်ထွင်းဖောက်သည့် ဘေးမှ ကင်းဝေးကာ ထွက်ပြေးနိုင်ခဲ့လေသည် ။ 

       သို့သော်ငြားလည်း ဇာဂနာနှင့် ဇင်ဝိုင်း သေပြီဟူသော သတင်းက တောမီး
လောင်သည့် နှယ် ပျံ့နှံ့သွားခဲ့တော့၏ ။ တစ်ဆက်တည်းဆိုသလို ကျွန်တော်တို့
နှစ်ယောက်ကို မြေလှန်ရှာနေသည်ဟူသောသတင်းကလည်း ထက်ကြပ်မကွာ လိုက်ပါလေတော့သည် ။ ကျွန်တော်တို့မှာကား တစ်နေရာရာမှာပဲ သွားပြီး ရှောင်နေရတော့မလိုလို ၊ တစာစာ လာခေါ်နေကြသော ညီငယ်ကျောင်းသားများနှင့် အတူပဲ တောခိုရတော့မလိုလိုနှင့် အတော်ဆုံးဖြတ်ရကျပ်နေပါတော့သည် ။ နောက်ဆုံးမှာတော့ ဘယ်ကိုမှ မရှောင်ဘဲ ၊ တောမခိုဘဲ မြို့ပေါ်မှာပင် လုပ်စရာရှိသည်များကို သိုသိုသိပ်သိပ် ဆက်လက် လုပ်ဆောင်ရန် ဆုံးဖြတ်ပြီး ကျွန်တော် ၊ ကိုဌေး ( ဇင်ဝိုင်း ) ၊ မိုးကြီး ( မိုးဝင်း ) ၊ မောင်စိန်ထွန်း ( မိုးမင်း ) ၊ အောင်သန်းဦး ( အရိုင်း ) တို့ ငါးဦးသားသည် သူငယ်ချင်း ကိုကျော်ဝင်း၏ အိမ်၌ စတည်းချရန် ထွက်ခွာလာခဲ့ကြပါတော့သည် ။

       ဤသို့ဖြင့် စက်တင်ဘာလ ၂၀ ရက် မှစ၍ ကိုကျော်ဝင်း ၊ ကိုသိန်းဦး ၊ ကိုကိုဦး စသည့် သူငယ်ချင်းများအိမ်သို့ တစ်လှည့်စီ သွားနေလိုက် ၊ ရန်ကုန်မြို့ထဲသို့ အလှည့်ကျ သွား၍ အဆက်အသွယ်လုပ်လိုက် ၊ ရန်ကုန်မြို့အနှံ့ ပုန်းအောင်းနေကြသော အဖွဲ့အစည်းဝင်များ ထံသို့ စားနပ်ရိက္ခ အခြောက်အခြမ်းများ လိုက်လံဝေငှလိုက်ဖြင့် တစ်ရက်ပြီး တစ်ရက် ကျော်လွန်ခဲ့ရတော့၏ ။

       မှတ်မှတ်ရရ ၊ ထူးထူးခြားခြား ဆောင်ရွက်ခဲ့သည်များမှာကား အနုပညာတပ်ဦးဟု အမည်ပေးပြီး ရုပ်ရှင်နယ်မှ ဒါရိုက်တာ အောင်မြင့်မြတ် ၊ ပန်းချီပန်းပုနယ်မှ ဦးမျိုးမြင့် ၊ စာပေနယ်မှ မောင်မိုးသူ ၊ ဂီတနယ်မှ ကိုကိုအောင် ( သပြေ ) နှင့် သဘင်နယ်မှ ကျွန်တော် တို့ပါဝင်သော အဖွဲ့တစ်ခုကို လျှို့ဝှက်စွာ ဖွဲ့စည်းနိုင်ခဲ့ခြင်းပင် ။ ရန်ကုန်မြို့ ဘားလမ်းရှိ စင်ရော် မောင်မောင် ရုံးခန်းကို ဆက်သွယ်ရန်ဌာနအဖြစ် သတ်မှတ်ကာ

    ( ၁ ) တောတွင်းရောက် ကျောင်းသားများနှင့် အဆက်အသွယ်ယူကာ မြို့ပေါ်တွင် လှုပ်ရှားရန် 

    ( ၂ ) အလုပ်သမားသမဂ္ဂများကို စည်းရုံးကာ အလုပ်သမားများ အလုပ်ခွင်မဆင်းရေး သပိတ်မှောက်ရန်

    ( ၃ ) နိုင်ငံရေးအရ ခေါင်းဆောင်များအား ပံ့ပိုးကူညီရန် ... စသည့် ရည်ရွယ်ချက် များ သတ်မှတ်ထားခဲ့သည် ။

       ကျွန်တော့်မှာ အငယ်ဆုံးအဖွဲ့ဝင်တစ်ဦးဖြစ်သည့် အားလျော်စွာ ဟိုပြေးရ
ဒီပြေးရ ၊ ဟိုအဖွဲ့နှင့် သွားဆွေးနွေးရ ၊ ဒီအဖွဲ့နှင့် သွားဆွေးနွေးရ ၊ ဟိုလူကြီးအိမ်သွားရ ၊ ဒီလူကြီးအိမ် သွားရဖြင့် ဖတ်ဖတ်မောနေရတော့သည် ။

       ဤသို့ ပြေးရင်းလွှားရင်းပင် ကိုယ့်အဖြစ်ကို ကိုယ်ပြန်စဉ်းစားမိပြီး ဟိုသွား
လည်းသုတ်သုတ် သုတ်သုတ် ၊ ဒီသွားလည်း ရုတ်ရုတ် ရုတ်ရုတ် ၊ ဦးထုပ်ဆောင်းလိုက် ၊ မျက် မှန်တပ်လိုက် လုပ်နေရသည့်အဖြစ်ကို တဖြည်းဖြည်းရွံရှာလာမိတော့သည် ။ ထိုအချိန်ကလည်း ရန်ကုန်မြို့တလွှားတွင်  (အထူးသဖြင့် အနုပညာ အသိုင်းအဝိုင်း၌ )
ဘယ်သူ့ကို မေးလိုက် မေးလိုက် “ ရှောင်နေတယ်      
” ဟူသော “ ရှောင် ” နာရောဂါသည် အပိုလို မျက်စိနာထက်ပင် လျင်မြန်စွာ ကူးစက်ပျံ့နှံ့နေချိန် ဖြစ်ပြန်ရာ ၊ ကိုယ့်ကိုလည်း ဤစာရင်းထဲ အသွင်းခံရမှာကို တွေးပြီး ကြောက်လာမိတော့၏ ။ ဘယ်တုန်းက ဘာလုပ်ခဲ့မှန်းမသိ ဘယ်မှာပါခဲ့မှန်းမသိဘဲ လူအထင်ကြီး ပြီးရော ရှောင်နေတယ်ဆိုသည့် မစ္စတာ
ရှောင်လင်များနှင့် တစ်တန်းတစ်စားတည်း ဖြစ်ကုန်မည်စိုးသဖြင့် ကျွန်တော်တို့ သူငယ်ချင်း တသိုက် မှာ တိုင်ပင်ဆွေးနွေးကြပြီး စက်တင်ဘာ ၂၅ ရက်နေ့ ( အာဏာသိမ်းပြီး တစ်ပတ်အကြာ ) တွင် အသီးသီး ကိုယ့်အိမ်ကိုယ် အလင်းဝင်ခဲ့ကြတော့သည် ။ ရန်ကုန် မြို့ထဲတွင်လည်း ခပ်တည်တည်ပင် ပေါ်ပေါ်ထင်ထင် ဗြောင်သွားလာလှုပ်ရှားပစ်လိုက် တော့၏ ။

       ထို့ကြောင့်ပင်ထင်သည် ။ ၁၉၈၈ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့ နံနက် ၈ နာရီတွင် ရန်ကုန်မြို့ ဘားလမ်းရှိ စပယ်ဦးပုံနှိပ်တိုက်တွင် ကျွန်တော် ၊ ကိုဌေး ( ဇင်ဝိုင်း ) ၊ မိုးကြီး ( မိုးဝင်း ) ၊ ကိုညီဝင်းစိန် ၊ ဦးအောင်မြင့်မြတ် ၊ ဦးတင်စိုးနှင့် ( မဆီမဆိုင် ပါလာရှာသော ) ( သစ်မွှေးရှမ်းခေါက်ဆွဲဆိုင်မှ ) ကိုအမိန်တို့ ခုနစ်ဦးသည် တပ်မ ၃၃ မှ စစ်ကားများဖြင့် ဝိုင်းဝန်းပိတ်ဆို့ ဖမ်းဆီးခြင်းကို ခံလိုက်ရပါတော့သတည်း ။

       ဤစာအုပ်ငယ်တွင် ကျွန်တော်တို့အား စတင်ဖမ်းဆီးသည့် အချိန်မှစ၍ ထိန်းသိမ်း ရာမှ လွတ်လာသည်အထိ တွေ့ကြုံခဲ့သမျှကို အရင်းတိုင်းဖောက်သည်ချထားပါသည်။ စာအုပ်အမည်နှင့် ပတ်သက်၍ အတန်ငယ်ပြောစရာရှိသည် ။ ကျွန်တော်တို့သည် စစ်အစိုးရ တက်လာပြီးသည့်နောက် ပထမဆုံး အဖမ်းခံရသော အနုပညာသမားများဖြစ်ခြင်း၊  ပုဒ်မ ၁၀ ( က ) ဖြင့် ပထမဆုံးအရေးယူခံရသူများဖြစ်ခြင်း မီးလောင်ပြီးစ အင်းစိန်ထောင်တွင်းသို့ ပထမဆုံးအပို့ခံရသော နိုင်ငံရေး အကျဉ်းသားများဖြစ်ခြင်း စသည့် အကြောင်းများတို့အပြင် ကျွန်တော်၏ ပင်ရင်း နဂိုမူလစိတ်မှာ အတန်ငယ်ကြွားဝါလို စိတ်ရှိခြင်းတို့ကြောင့် ဤစာအုပ်အမည်ကို “ ပထမ ” ဟု ကင်ပွန်း တပ်လိုက်ရခြင်းဖြစ်ပါ သည် ။ အကယ်၍ မကျေမလည် ဖြစ်သူများရှိပါက အတင်းပြောကြပါကုန်။

◾  ဇာဂနာ

.