Tuesday, September 29, 2020

သာမညတောင်ဆရာတော်ကြီး နှင့် ဒေါ်အောင်ဆန်းစုကြည်


 

❝  သာမညတောင်ဆရာတော်ကြီး နှင့် ဒေါ်အောင်ဆန်းစုကြည်  ❞

မေတ္တာဆိုသည်မှာ ဒေါ်အောင်ဆန်းစုကြည်အတွက် အလေးအထာဆုံး ခံယူချက်သဘောထား ဖြစ်သည် ။ သူ့အနေဖြင့် နေအိမ်အကျယ်ချုပ်ဘ၀နှင့် နေရစဉ်ကလည်း ထိုအကြောင်းများကို ရေးသားခဲ့ဖူးသည် ။ သူမအတွက် မေတ္တာတရားဖြင့် အောင်မြင်ခဲ့ပုံများကို Letters from Burma ဆိုသည့်စာအုပ်၏ ပထမဆုံးအခန်းလေးခန်းတွင်ဖော်ထုတ် ရေးသားခဲ့သည် ။

ထိုအကြောင်းနှင့် ပတ်သက်ပြီး ၁၉၉၅ ခုနှစ် ၊အောက်တိုဘာ ၄ ရက်နေ့တွင် သာမညတောင်ဆရာတော်ဘုရားကြီးထံသွားရောက်ဖူးမြော်ခဲ့ပုံတွင် ဖော်ပြထားသည် ။ဆရာတော်သည် ဖားအံတောင်တွင် ၂၀၀၃ ခုနှစ် ပျံလွန်တော်မူချိန်အထိ နေထိုင်သွားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၉၅ ခုနှစ်တွင် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်သည်နှင့် သာမညဆရာတော်ကြီးထံ သွားရောက်ဖူးမြော်ခဲ့သည် ။ ဒုတိယအကြိမ်မြောက် နေအိမ်အကျယ်ချုပ်ဖြင့် လွတ်စဉ်ကလည်း ခေတ္တ သွားရောက်ခဲ့သေးသည် ။ မမျှော်လင့်ဘဲ ဆရာတော်ကြီးထံ သွားရောက်ဖူးမြော်ခဲ့ခြင်းသည် စစ်အာဏာရှင်နှင့် NLD တို့ကြားတွင် စိတ်ဓာတ်  ရေးရာ တိုက်ပွဲကြီးတစ်ခုကဲ့သို့ ဖြစ်သွားခဲ့ရကြောင်း တွေ့ရသည်။ ဆရာတော်ကြီးက ဝမ်းမြောက်ကျေနပ်စွာ ဒေါ်အောင်ဆန်းစုကြည်ကို လက်ခံပြလိုက်ခြင်းမှာ စစ်အာဏာရှင်များအဖို့အနည်းငယ် အောင့်သီးအောင့်သက် ဖြစ်ခဲ့ရသည် ။

ဆရာတော်ကြီး နေထိုင်သည့် တောင်ကြောတစ်ဝိုက်တွင် ကရင်ဒုက္ခသည်ပေါင်း ၄၀၀၀ ကျော်ခန့် ရှိသည် ။ ထိုဒေသသည် ၁၉၄၈ ခုနှစ် ခန့်ကတည်းက အစိုးရထိန်းချုပ်ထားနိုင်သည့် နယ်မြေတစ်ခုဟု အပြည့်အဝ မပြောနိုင်သည့် နေရာတစ်နေရာလည်း ဖြစ်သည် ။ သာမညတောင်
တစ်ဝိုက်သည် ကရင်စစ်ပြေးဒုက္ခသည်များ ခိုနားရာ နေရာတစ်နေရာ ဖြစ်လာသည် ။ ဆရာတော်နေထိုင်သည့် ဒေသတစ်ဝိုက်တွင် နှစ်ဘက်စစ်တပ်များ ဝင်ရောက်နှောက်ယှက်ခြင်း မ​ပြု ကြသောကြောင့် ငြိမ်းချမ်းသည့်ဒေသ ဖြစ်နေသည် ။

သာမညဆရာတော်ကြီးသည် ပအိုဝ်းတိုင်းရင်းသားဖြစ်ပြီး မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာဝင်များ အလွန်အလေးအမြတ်ထား ကိုးကွယ်ခြင်းခံရသော ဆရာတော်ကြီးလည်းဖြစ်သည် ။ ၁၉၉၃ ခုနှစ်ခန့်တွင် ယခင် ဦးဝိနယဆိုသည့် ဘွဲ့အမည်မှ သာမညတောင်ဆရာတော်အဖြစ် တန်ခိုးကြီးလာခဲ့သည် ။ ဖားအံသို့ရောက်လျှင် ဆရာတော်ကြီး နေထိုင်သည့် တောင်ကြောဆီသို့ရောက်ရန် ဘတ်စ်ကားကို နောက်ထပ်တစ်နာရီခန့် စီးရသေးသည်။ ဆရာတော် နေထိုင်သည့်တောင်ကြောတစ်ဝိုက်တွင် မိသားစု ၇၀၀၀ ခန့်ရှိပြီး သူတို့အားလုံးကို ဆရာတော်က ထမင်းကျွေးထားသည်ဟု ဆိုရမည် ။ ဆရာတော် ကျောင်းတွင်ယာဉ်ပေါင်း ၂၂ စီးခန့်ရှိသည် ။ အများစုမှာ ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ဆောင်သည့်ကားကြီးများ ဖြစ်သည် ။ ထိုဒေသတစ်ဝိုက်တွင် လမ်းပြင်ရန်နှင့် အခြားဆောက်လုပ်ရေးလုပ်ငန်းများကို လုပ်ဆောင်ရန် ဖြစ်သည် ။

သာမညဆရာတော်ကြီး၏ အဓိကထူးခြားထင်ရှားသော ဝိသေသမှာ မေတ္တာတရားပင် ဖြစ်သည် ။ မြန်မာနိုင်ငံဒေသ အသီးသီးမှ လာရောက်  ကြသူများကလည်းဆရာတော်၏ မေတ္တာကို ခံယူကြရန်သာဖြစ်သည် ။ ဆရာတော်ထံ လာရောက်နေကြသည့် လူများစုမှာ ဆင်းရဲမွဲတေသည့် ပြဿနာများကို ရင်ဆိုင်နေကြရသောကြောင့် ( သို့ ) စစ်ဘေးကြောင့် လွတ်မြောက်ရာလွတ်မြောက်ကြောင်းအတွက် လာနေကြခြင်းလည်း ဖြစ်နိုင်သည် ။ဆရာတော်၏ မေတ္တာရိပ်တွင် ခိုလှုံလိုက်ခြင်းဖြင့် ငြိမ်းချမ်းသည်ဟု ယူဆသောကြောင့်လည်း ဖြစ်နိုင်ပါသည် ။

ဆရာတော်ထံ လာရောက်နေထိုင်ကြသည့် မိဘမဲ့ကလေးပေါင်းများစွာလည်း ရှိသည် ။ သူတို့သည် မိဘများက စွန့်ပစ်ထားခြင်း ခံရသူများ ဖြစ်နိုင်သလို စားရမဲ့သောက်ရမဲ့ဘဝ ရောက်နေကြသောကြောင့်လည်း ဆရာတော်၏ အရိပ်အာဝါသတွင် ခိုလှုံပြီး နေထိုင်ကြခြင်းလည်း ဖြစ်နိုင်သည် ။ ဆရာတော်မေတ္တာကြောင့် သူတို့ ဤနေရာတွင် ထမင်းမငတ်နိုင်ပေ ။စီးပွားရေး အလွန်ကြပ်တည်းနေသည့် ကာလတွင် ဤတောင်ကြားတစ်ဝိုက်တွင် လှူဒါန်းသူများ ကျွေးမွေးသူများနှင့် စည်ကားနေခြင်းမှာ ထူးခြားလှသည်ဟုတော့ ဆိုရမည် ။

စစ်အာဏာရှင်များသည် သူတို့ အာဏာရပြီးနောက် ဆရာတော်ကြီးအပါး ၂၀ ခန့်ကို ရန်ကုန်မြို့တော်သို့မကြာခဏ ပင့်ဖိတ်ပြီး သူတို့ အာဏာတည်မြဲရေးအတွက် စည်းရုံးရေးအသွင်လုပ်ဆောင်လေ့ ရှိကြသည် ။ သူတို့သည် သာမညဆရာတော်ကြီးကိုလည်း ရန်ကုန်သို့ပင့်ပြီး သူတို့ဩဇာတက်ရန် ကြံဖန်​ကြသော်  လည်း ဆရာတော်ကြီးသည် စစ်ခေါင်းဆောင်များ၏ ပင့်ဖိတ်မှုကို လက် မခံရုံမျှမက ရန်ကုန်သို့လည်း မကြွခဲ့ပေ ။ လူအများက ဆရာတော်ကြီးကို ရဟန္တာဟု သမုတ်ကြသည် ။ ရှေးမင်းဆက်ခေတ်က ရှင်အရဟံနှင့်လည်း နှိုင်းလေ့ရှိကြသည် ။ စစ်အာဏာရှင်တို့ ဆရာတော်ကို ရန်ကုန်သို့ ကြွစေလိုခြင်းမှာ သာသနာပြု မင်းကောင်းမင်းမြတ်ထံ ရှင်အရဟံ ကြွလာပြီးနောက် တိုင်းပြည်ကြီးလည်းသာယာဝပြော ၊ မင်းဆက် နန်းစံသက်လည်း တိုးမြင့်လာစေရန် ဖြစ်သည် ။ ဆရာတော်သည် သာမန် ဗုဒ္ဓဘာသာ ရဟန်းတစ်ပါးအသွင်ဖြင့် အရိုးသားဆုံး နေထိုင်သော်လည်း  သာမညတောင်သို့ ရောက်လာသူတိုင်းကမူ ဝိဇ္ဇာတစ်ပါးဟု မှတ်ယူကာ ကြည်ညိုကိုးကွယ်သူများလည်း ရှိကြသည် ။

ဗုဒ္ဓဘာသာဝင်ရဟန်းများတွင် သမထ အားကောင်းစေရန်ဟု ဆိုကာသက်သတ်လွတ်စားသူများ ရှိကြသည် ။ သာမညဆရာတော်ကြီးသည်သက်သတ်လွတ်သမား ဖြစ်သည် ။ အလားတူ သာမညတောင်တွင်
နေထိုင်ကြသူများလည်း သက်သတ်လွတ်စားသူများ ဖြစ်ကြသည် ။ သာမည တောင်​ေကြာတစ်ဝိုက်တွင် အသားများ ရောင်းချခြင်းမပြုကြဘဲ ဟင်းသီး
ဟင်းရွက် များသာ ရောင်းချလေ့ရှိသည် ။ ဘုရားဖူး လာရောက်ကြသူများလည်း ဤတောင်ကြောတစ်ဝိုက်တွင်သက်သတ်လွတ်သာ စားကြသည် ။ ဆရာတော်ကြီး ကျောင်းတွင်လည်း လာသမျှ ဘုရားဖူးအားလုံးကို သက်သတ်လွတ် ထမင်းဟင်းများသာ ချက်ကျွေးလေ့ရှိသည် ။ မေတ္တာကို အခြေခံကာ သတ္တဝါများအပေါ် သနားသဖြင့် အသက် မသတ် ၊ အသားမစားသည့် ဆရာတော်၏ မေတ္တာသည် အားလုံးအပေါ် လွှမ်းခြုံပြီး အေးချမ်းသည့် နေရာတစ်နေရာဟု ဆိုရမည် ။ နေ့စဉ် သာမညတောင်သို့ နိုင်ငံအနှံမှ ဖူးမြော်ရန် ရောက်လာသူများကို ဆန်တင်း ၁၀၀ ခန့်ချက်ကာ သက်သတ်လွတ်ဟင်းများဖြင့် ကျွေးထားနိုင်သည့် ဆရာတော်၏ စွမ်းအားမှာ ထူးခြားလှသည် ။ ထို့ပြင် ဆရာတော်ကြီးသည် ဖားအံ မှ ကော့ကရိတ်အထိ ၉၇ မိုင်ရှည်သော လမ်းကို ကတ္တရာခင်းပေးခြင်း ၊ လမ်းတံတားအစင်းပေါင်း ၉၀ ခန့်ကို မိမိတစ်ဦးတည်းက ဆောက်လုပ်ပေးခြင်းများကိုလည်း ပြုလုပ်ပေးခဲ့သည် ။

ဆရာတော်ကြီးထံ ဒေါ်အောင်ဆန်းစုကြည် လာရောက်ဖူးတွေ့သလို ထိုစဉ်က နဝတအဖွဲ့မှ စစ်ခေါင်းဆောင် တစ်ဦးဖြစ်သူ ဗိုလ်ချုပ်ခင်ညွန့် လည်း လာရောက်ဖူးတွေ့သည် ။ ဆရာတော်၏ သဘောထားနှင့် ပတ်သက်ပြီး စစ်ခေါင်းဆောင်များ အလွန်အရှက်ရခဲ့ကြသည်ချည်း ဖြစ်သည် ။ ဘွဲ့ထူးဂုဏ်ထူးများဖြင့် ချီးမြှောက်သော်လည်း မခံယူ ၊ အားလုံးကို လျစ်လျူရှုခဲ့သည် ။ ဆရာတော်ကြီးသည် စစ်ဗိုလ်ချုပ်များက ရန်ကုန်သို့ ပင့်ဖိတ်သော်  လည်း မလာခဲ့ပေ ။ နောက်ဆုံး နာမကျန်းဖြစ်သဖြင့် ရန်ကုန်သို့ဆင်းပြီးဆေးကုသမှု ခံယူခဲ့ရသည် ။ ထိုသို့ ဆေးကုသမှု ခံယူရာတွင်လည်း ဗိုလ်ချုပ်ခင်ညွန့်က အတင်းအဓမ္မဆေးဖိုးများ ကျခံသည်ဆိုကာ နာမည်ကောင်း ဝင်ယူခဲ့သည် ။ ဆရာတော်ကြီးသည် ကျန်းမာလာသောအခါ ဗိုလ်ချုပ်များ ပင့်သည်ကို မကြွဘဲ ဒေါ်အောင်ဆန်းစုကြည်အိမ်သို့ ကြွရောက်ခဲ့သောကြောင့်လည်း စစ်ခေါင်းဆောင်များ အရှက်ရခဲ့ကြရသည် ။

ဗိုလ်ချုပ်ခင်ညွန့်သည်သာမညတောင်သို့ လာရောက်ခဲ့သည် ။ သူသည် တောင်ပေါ်သို့ တက်လာပြီး ဆရာတော်ကြီးကို ဖူးတွေ့ခဲ့ရသည် ။ ဆရာတော်ကြီးက သူ့ကို ခရီးဦးကြိုခြင်းလည်း မပြု ၊ ဖိတ်ခေါ်ခြင်းလည်း မပြုခဲ့ပေ ။ ဒေါ်အောင်ဆန်းစုကြည် သည် ဆရာတော်ကြီးကို လာရောက်ဖူးတွေ့စဉ်က ဆရာတော်ကြီးကိုယ်တိုင် တောင်အောက်သို့ ကြွလာပြီး တွေ့ဆုံခဲ့သည့်အပြင် နောက်လည်းလာရန် မိန့်ကြားတော်မူခဲ့သည် ။ ဗိုလ်ချုပ်ခင်ညွှန့်က ဆရာတော်ကြီးကို ဗင်ကားတစ်စီးလှူသည် ။ ဆရာတော်ကြီးက ရဟန်းများသည် ကားမလိုဟုဆိုကာ ပြန်ယူသွားခိုင်းခဲ့သည် ။

ဆရာတော်ကြီးသည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစဉ်က ပြုံးရွှင်ရယ်မောကာ ပွင့်ပွင့်လင်းလင်း စကား​ေတွ ပြောသည် ။ ဗိုလ်ချုပ်ခင်ညွန့် ကိုမူ ဆုံးမစကားသာ ပြောကြားတော်မူခဲ့သည် ။ ဆရာတော်ကြီးက ဗိုလ်ချုပ်ခင်ညွှန့် ကို ဦးပဉ္စင်းမရှိရင် မင်းလည်း မရှိတော့ပါဘူးဟု ဆုံးမလိုက်ကြောင်း ၊ အနီးရှိသူများက ပြောကြားကြသည် ။ ဆရာတော် ပျံလွန်တော်မူပြီး တစ်နှစ်မပြည့်မီ အချိန်တွင် ဗိုလ်ချုပ်ခင်ညွန့် ရာထူးမှ အဖယ်ခံလိုက်ရကာ နေအိမ်အကျယ်ချုပ်ဖြင့် နေခဲ့ရသည်။

ဗိုလ်ချုပ်ခင်ညွန့် ဆရာတော်ထံလာစဉ်က ဆရာတော်ကြီးသည်သူနှင့်အတူ ဓာတ်ပုံရိုက်ခွင့် မပေးခဲ့ပေ ။ ဒေါ်အောင်ဆန်းစုကြည်ကိုမူ အတူဓာတ်ပုံရိုက်ခွင့် ပေးခဲ့ကြောင်း တွေ့ရသည် ။

ဗိုလ်ချုပ်ခင်ညွန့်ကို ဆရာတော်ကြီး ပေးတွေ့ချိန်မှာ သူလိုငါလို ဖူးတွေ့ချိန်အတိုင်းသာ ခေတ္တမျှဖြစ်သည် ။ ဒေါ်အောင်ဆန်းစုကြည် နှင့် ဆရာတော်ကြီး တွေ့ချိန်မှာ တစ်နာရီခန့် ကြာမြင့်ခဲ့သည် ။

ဗိုလ်ချုပ်ခင်ညွန့်သည် ဆရာတော်ကြီးကို ဖူးတွေ့ပြီး ပြန်ရန် ကားပေါ်တက်လိုက်သည့်အခါတွင်ကားသည် စက်နှိုးမရ ဖြစ်နေသည် ။ သူကကားပေါ်မှ ဆင်းလာပြီး ဆရာတော်ကြီးထံ ပြန်လာကာ ဦးခိုက်ပြီး ထိုအကြောင်းကို ပြောပြသည် ။ ဆရာတော်ကြီးက ဒေါသကိုထိန်းရင် အလိုလို ပြန်ကောင်းသွားမည်ဟု ပြောလိုက်သည် ။ နောက်တစ်ကြိမ် ကားပေါ်
တက်ပြီး စက်နှိုးမှရသွားသည် ။

၂၀၀၃ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်ကို ဆရာတော်ကြီးက ရှေ့လည်းမတိုးနဲ့ ၊ နောက်လည်းမဆုတ်နဲ့ဟု မိန့်မှာတော်မူခဲ့သည် ။ ဒီပဲယင်း သို့ ဒေါ်အောင်ဆန်းစုကြည် စည်းရုံးရေး ခရီးထွက်သည့်အခါတွင် လုပ်ကြံ  တိုက်ခိုက်ခြင်း ခံလိုက်ရသည် ။ ဆရာတော်ကြီး ပျံလွန်တော်မူသည့်အခါတွင် ရုပ်အလောင်းကို အဓမ္မလာပြီး ယူဆောင်သွားခြင်း ခံလိုက်ရသည် ။ မည်သည့်အဖွဲ့အစည်း ၊ မည်သူတို့လာရောက် ယူဆောင်သွားခြင်း ဖြစ်ကြောင်း ယနေ့တိုင် လက်သည်မပေါ်ခဲ့ပေ ။ ၂၀၀၃ ခုနှစ်တွင် ပျံလွန်တော် မူခဲ့သော ဆရာတော်ကြီးရုပ်အလောင်းကို သာမညကျောင်းတွင်ထားစဉ်လက်နက်ကိုင် လူတစ်စုသည် တိုယိုတာကားဖြင့် ရောက်လာပြီး အဓမ္မလုယက် ယူဆောင်သွားကြခြင်း ဖြစ်သည် ။

အလောင်းတော်ကို ယူဆောင်သွားပြီး လေးရက်ကြာမှ ဆရာတော် ရုပ်အလောင်းကို မီးသဂြိုဟ်ပြီးကြောင်း ၊ အရိုးပြာများကို ကော့ကဒါကျေးရွာတွင် ထားခဲ့ကြောင်း အကြောင်းကြားသဖြင့် သွားကြည့်ကြရာ ကျောင်းမှ ယူဆောင်သွားသည့် ခေါင်းတလားနှင့် ပြာပုံလေးကို တွေ့ကြရသည် ။ဆရာတော်၏ အရိုးပြာဟုတ်မဟုတ် မသိရသော်လည်း ရသမျှကိုသာ ဒကာ ဒကာမများက ပြန်သိမ်းလာခဲ့ကြရသည် ။

မည်သို့ဆိုစေ ဆရာတော်ရုပ်အလောင်း ပျောက်ဆုံးခြင်းသည် ​ေဗဒင်ယတြာကို အလွန်အမင်း ယုံကြည်တတ်သည့် စစ်ခေါင်းဆောင်များနှင့် ပတ်သက်နေလိမ့်မည်ဟုလည်း ယူဆကြသည် ။ အချို့ကလည်း ရဟန္တာ ပုဂ္ဂိုလ်များ၏ ရုပ်ကြွင်းများဖြင့်နေပြည်တော်ရှိ ဥပါဒသန္တိစေတီတော်ကိုတည်ဆောက်ကာယတြာချေနေခြင်းဖြစ်ကြောင်း စွပ်စွဲကြသည် ။ မည်သို့ဆိုစေ မေတ္တာတရားဖြင့် နေထိုင်လေ့ရှိသော ဆရာတော်ကြီးသည် မေတ္တာ​ ပေးသင့်သူကို ပေးခဲ့ပြီး ၊ မေတ္တာ မပေးသင့်ဟု ယူဆသူများကို မေတ္တာ မပေးခဲ့ရုံမက ၊ တိုင်းပြည်၏ မင်းဆိုးမင်းညစ်များအဖြစ် ပြည်သူ မချစ်သော အုပ်စိုးသူအပေါ် မျက်နှာသာ မပေးခဲ့ဆိုခြင်းမှာ ဆရာတော်ကြီး၏ ထူးခြားသော ပြည်သူ့အပေါ်ထားသည့် မေတ္တာဟုသာ ဆိုရမည် ဖြစ်ပါသည်။

Ref: Sacralizing or Demonizing Democracy?
Gustaaf Houtman

      ◾  တင်ညွန့်
     📖   ဦးသန်းရွှေ ၏ ယတြာများ

.

No comments:

Post a Comment