❝ တပေါင်းတန်ခူးအကြောင်းထူး ❞
မတ်လနှင့်ဧပြီလ နှစ်လလုံးလုံးတော်တော် ပူသလို တော်တော် လှုပ်လှုပ်ရှားရှား ဖြစ်ခဲ့သည် ။ ကျွန်တော်တို့ အထူးဝင်းတစ်ဝင်းလုံး ဝင်လိုက် ထွက်လိုက်နှင့် ဂနာမငြိမ်လှ ။ တစ်ယောက်ရောက်လာလိုက် ချက်ချင်း ပြန်ထွက်သွားလိုက် ဖြစ်နေသဖြင့် ဘယ်သူဘယ်ဝါမှန်းတောင် မမေးလိုက်ရပါချေ ။
စစ်ကြောရေးစခန်းမှာလည်း နေရောညပါ စည်ကားနေပါရော ။ ရန်ကုန်မြို့သာ လျှပ်စစ်မီး မလာချင်နေပါ့မယ် ၊ အင်းစိန်ထောင် အထူးဝင်းထဲက စစ်ကြောရေး စခန်းမှာတော့ ထိန်ထိန်ကိုသာလို့ ။မှတ်မှတ်ရရ မတ်လနောက်ဆုံး အပတ် ၂၅ ရက်နေ့ ညနေဘက် မှာ ကျွန်တော်တို့
အခန်းရှေ့က သစ်သားတံခါးတွေ တဂျိမ်းဂျိမ်းနဲ့ လာပိတ်ပါလေရော ။ ကိုင်း တစ်ယောက်ဖြင့် တိုးပါပေါ့ ။ ဘယ်သူများပါလိမ့် ။ ကျွန်တော်တို့ တိုက်တန်းလျားမှာ လွတ်နေသောအခန်း နှစ်ခန်းရှိလေသည် ။ ဦးတင်စိုး နှင့် မိုးဝင်း လွတ်သွားပြီး နောက်အခန်းတွေ အပြောင်းအရွှေ့ လုပ်လိုက်သေးသည် ။ ဗိုလ်ကြီးအောင်ဝင်းက အခန်း ( ၁ ) ၊ အခန်း ( ၂ ) က လွတ်နေသည် ။ အခန်း ( သုံး ) မှာက ဘိုမြ ၊
အခန်း ( လေး ) မှာက ကိုဌေး ၊ ကျွန်တော်က အခန်းငါး ။ ဦးစိုးက အခန်းခြောက် ၊ အခန်း ( ၇ ) မှာ ဦးတင်ညွန့် ၊ အခန်းရှစ်နှင့် အခန်းကိုးမှာက ကိုချိန် နှင့် ကိုတင်အောင် ။ သည်တော့ အခန်းနံပါတ် တစ်ဆယ်နှင့် အခန်းနံပါတ်နှစ် အားနေသည် ။ အခန်းတစ်ဆယ်မှာ လူသစ်ထည့်လျှင် ကျွန်တော်တို့ သစ်သားတံခါးကို လာပိတ်နေဖို့ လိုမည်မထင် ။ ဒါဆို အခန်းနံပါတ်နှစ်မှာ လူသစ်ထည့်မှာ သေချာလေပြီ ။ သို့ဖြင့် စကားပြောသံ ခြေသံ သော့တွဲသံများ စပြီး ကြားလိုက်ရတော့ရာ လာပြီ လာပြီ လာချေပြီဟု ရေရွတ်မိတော့သည် ။
ထောင်ထဲသို့ လူရောက်လာတာ ဝမ်းသာစရာ မဟုတ်သော်လည်းကျွန်တော်တို့ အဖို့ သတင်းထူးလေးတွေ ပါလာမည့်အတွက်တော့ ဝမ်းမြောက်စရာပေ ။
ထုံးစံအတိုင်း သစ်သားတံခါးတွေ လာဖွင့်တော့မှ နံရံခေါက်အချက်ပေးစနစ်ဖြင့်
ဆက်သွယ်လိုက်တော့မှလား …. ပေါ်ဦးထွန်း ( ခေါ် ) မင်းကိုနိုင် ပါကလား ။ သူ့ကို
အင်းလျားကန်အနီး အနောက်ရန်ကင်းထိပ်မှာ ဖမ်းလာခဲ့သည်ဟု သိရသည် ။ သို့ဆိုလျှင် လူဖမ်းပွဲကတော့ စလေပြီ ။ အထူးဝင်းတစ်ဝင်းလုံး ပျားပန်းခတ်နေသည်မှာလည်း တစ်ယောက်ပြီး တစ်ယောက် ဖမ်းလာခြင်းပင် ။ မင်းကိုနိုင် အပြောအရ ကျောင်းသားများရော ၊ တက်ကြွလှုပ်ရှားသူ အရပ်သားများရော အဖမ်းခံရတာ တစ်ရာကျော်ပြီဟု သိရလေသည် ။ ဥက္ကဋ္ဌကြီးရော ကိုဌေး ပါ စိတ်တော်တော်ပျက်သွားသည် ။ ဒီလိုပုံ ဒီလိုအချိုးနှင့် မိုးကြီး ချုပ်တော့မလားရယ်ပေါ့ ။
xxx xxxx xxxx
တကယ်တော့ မိုးမချုပ်ပါ ၊ ရောင်နီပျိုးလာခဲ့လေသည် ။ သင်္ကြန်မတိုင်ခင် နှစ်ရက်အလို ဧပြီလ ၁၁ ရက်နေ့မှာ ကျွန်တော်နှင့် ကိုဌေးကို ထောက်လှမ်းရေး ၆ မှ ဗိုလ်မှူးစန်းပွင့်က လာတွေ့လေသည် ။ သူအဆိုအရတော့ အထက်လူကြီး
များက တာဝန်ပေးလိုက်ကြောင်း ၊ ကျွန်တော်တို့နှစ်ယောက်၏ ကျန်းမာရေး ( အမှန်ကတော့ စိတ်ပိုင်းဆိုင်ရာအခြေ အနေ ) ကိုလာရောက် စုံစမ်းခြင်းဖြစ်သည်ဟု ဆိုသည် ။ ထိုသည်၏နောက် ထောင်ဆေးရုံကို ခေါ်ပြီး ရန်ကုန်ဆေးရုံကြီးမှ ဆရာဝန်များဖြင့် ဆေးစစ်ပါေလ တော့သည် ။တစ်သက်နှင့်တစ်ကိုယ် တစ်ခါမှ ဆေးစစ်မခံရဖူးဘဲ ခုမှ တော်တော် ဂရုစိုက်ခံနေရသဖြင့် ဘဝင်တောင် မြင့်ချင်ချင် ။ ဆေးစစ်ပြီးသွားသည့်အခါ ကျွန်တော်တို့ ခေတ္တတည်းခိုရာ အထူးဝင်းသို့ ပြန်မပို့ဘဲ တီနှစ်ထောင်ကားကြီးပေါ် တင်ခေါ်သွားလေရာ ကျွန်တော်တို့နှစ်ယောက်လုံး ရင်တွေကို တဒိတ် ဒိတ်ခုန်လို့ ။ လွတ်ပြီလား ၊ လွှတ်ပြီလားရယ်ပေါ့ ။ တကယ်တော့ မဟုတ်ပါချေ ။ ထောင်ဘူးဝကနေ ကားစထွက်သည်နှင့် ထောင်အုတ်ရိုး နံဘေးအတိုင်း ကားကိုကွေ့ပြီး မောင်းသွားရာ ေဩာ် ထောင်ပြောင်းတာပေါ့လို့ မှတ်ချက် ပြုလိုက်ရပါတော့သည် ။ အင်းစိန်ထောင်မကြီးနှင့် ကပ်လျက် ပေ ၅၀ ခန့်ခြားပြီး သီးသန့်ထောင် ( ခေါ် ) တွဲဘက်ထောင် တစ်ခုရှိ နေသေး၏ ။ ကျွန်တော် ဆယ်တန်းကျောင်းသားကတည်းက တော်တော် ရင်းနှီးခဲ့သော နေရာဖြစ်သည် ။ ကျွန်တော်၏ အစ်ကိုအကြီးဆုံး နိုင်ငံရေးကိစ္စဖြင့် ပုဒ်မ ၅ ည တပ်ခံရပြီး ထောင် ၃ နှစ် ချခံခဲ့ရသောကြောင့် သူ့ကို ထောင်
ဝင်စာ လာတွေ့ရင်း မကြာမကြာ ရောက်ခဲ့ရခြင်းဖြစ်သည် ။ သူတို့တုန်းက တော်တော် လွတ်လပ်သည် ။ ထောင်ထဲသို့ ဂစ်တာရော ၊ ကတ်ဆက်ပါ သွင်းလို့ရသည် ။ သူနှင့်အတူ ရုပ်ရှင်မင်းသား ဇော်ဝမ်း တေးရေးဆရာ ကိုဇေယျ ( ခေါ် ) တိုနီတင် ၊ ပန်းချီဆရာ ကိုကျော်မင်းမောင်တို့ ပါရှိကြသည် ။ ကျွန်တော်က ချာတိတ်ဆိုတော့ သူတို့ခိုင်းသမျှ စာအုပ် ၊ ခဲတံ ၊ မင် ၊ ကက်ဆက် ၊ ကက်ဆက်အခွေ ၊ ဂစ်တာကြိုး တို့ကို ခဏခဏ ဝယ်ပြီးပို့ခဲ့ရဖူး၏ ။ သည်တော့လည်း တွဲဖက်ထောင်နှင့်ကျွန်တော် ရင်းနှီးတာ ဘာမှမဆန်း ။ ကိုင်း ခုတော့ဖြင့် ကိုယ့်ရပ်ကိုယ့်ရွာ ပြန်လာရသလို တွဲဖက်ထောင်ကြီးထဲသို့ ရောက်ရပြန်ပြီပေါ့ ။
သို့သော်လည်း ဒီတစ်ခါထပ်လို့သာ လွဲပြန်ပါတော့သည် ။ ကျွန်တော်နှင့် ကိုဇင်ဝိုင်းကိုထောက်လှမ်းရေး အရာရှိ နှစ်ယောက်က အမှုဖြစ်စဉ် အစအဆုံး ပြန်လှန်မေးမြန်းပြီး ထမင်းခေါ်ကျွေးခြင်းသာ ဖြစ်လေသည် ။ ထောင်ထမင်း ထောင်ဟင်းသာ ကောင်းကောင်းကန်းကန်း စားခဲ့ရသော ကျွန်တော်တို့နှစ်ယောက် မှာ ဗိုက်အောင့်မတတ် စားခဲ့ကြရတော့၏ ။ စားသောက်ပြီးသည်နှင့် ကျွန်တော်တို့နှစ်ယောက်ကို အင်းစိန်ထောင်မကြီးဆီသို့
ပြန်ပို့လိုက်ပြန်ပါတော့သည် ။
ရောက်ပြီဆိုသည်နှင့် သတင်းစာရှင်းလင်းပွဲက လုပ်ရ၏ ။ အခန်းနီးနားချင်းတွေရော ထောင်ဝန်ထမ်းတွေကပါ သိချင်ကြသည် ။ အကျဉ်းသားအချင်းချင်း သိချင်တာ ဘာမှ မဆန်းသော်လည်း ထောင်ဝန်ထမ်းတွေ သိချင်တာကတော့ ထူးသည် ။ သူတို့တစ်သက် ဒီလိုအဖြစ်အပျက် မျိုး တစ်ခါမှ မကြုံဖူးဘူးဟုဆိုသည် ။ အားလုံး၏ တူညီ
သော သုံးသပ်ချက်ကတော့ ကျွန်တော်တို့နှစ်ယောက် သင်္ကြန်မတိုင်မီ လွတ်တော့
မည်ဟု .….။
xxxxx xxxxx xxxxx
ထောင်မှာ ကြောင် သုံးကြောင်ရှိသည် ။ ပုန်းကြောင် ၊ ဒိုင်ကြောင် ၊ လွတ်ကြောင် ဟူသော ကြောင် သုံးကြောင် ပင် ။ ပုန်းကြောင်ဆိုသည်က စားစရာ မရှိလို့ အခက်အခဲတွေ ဖြစ်ပြီးကြောင်တောင်တောင် ဖြစ်ရခြင်းကို ဆိုလိုသည်။ လွတ်ကြောင်ကတော့ နက်ဖြန်သန်ဖက်ခါ လွတ်တော့မည်ဆိုပြီး ကြောင်တောင်တောင် ဖြစ်နေခြင်းပင် ။ ဒိုင်ကြောင်ကတော့ ဆရာကြီးလိုလို ၊ ဖီလိုဆိုဖာလိုလို ၊ အဓိပတိ တော်လှန်ရေး သမားကြီးလိုလို ၊ သူ့လောက် ဘယ်သူမှမတတ်ဟုထင်ပြီး စကားလုံးတွေနှင့် လိုက်လိုက် ပေါက်တတ်သည့် သူမျိုးကို ဆိုလိုပါသည် ။ သေချာတာကတော့ ကျွန်တော်ရော ကိုဌေးပါ လွတ်ကြောင် ကြောင်နေကြလေပြီ ။ သင်္ကြန်မှာ ပျော်ရမည် ။ ချစ်သူနှင့် လည်ပတ်ရတော့မည် ။ သူငယ်ချင်းတွေနှင့် သောက်ရတော့မည် ။ ထောင်ဆိုသော ရွံ့ရှာစရာ အရပ်ကြီးနှင့် ဝေးရတော့မည် ။ သို့တစေ စွတ်မပျော်ရဲ ။ လွတ်မအော်ရဲ ။ ဘဝတူချင်း မစာနာရာကျပေမည် ။ သို့သော်လည်း သူတို့တွေကတော့ မှာချင်တာတွေ တစာစာ ပြောသည် ။ အဆိုးဆုံးက ဦးတင်ညွန့် ။ သူက မိန်းမ အများကြီးရှိသည် ။
ထို့ကြောင့် သူ့မိန်းမတွေဆီကို တစ်ယောက် တစ်မျိုး မှာလေသည် ။ မင်းကိုနိုင်ကလည်း သူ့ သူငယ်ချင်းတွေဆီသို့ မှာသည် ။ အထူးသဖြင့် သူနှင့် ကျွန်တော်က မိဖချင်း ရင်းနှီးသလို လူချင်းလည်း ခင်မင်ရင်းစွဲရှိရကား သူ့သူငယ်ချင်းများသည် ကျွန်တော့် သူငယ်ချင်းတွေပင်
ဖြစ်လေသည် ။ ကိုကိုကြီး ၊ အောင်ဒင် ၊ ဇော်ဇော်အောင် တို့ထံသို့ သူမှာချင်သည်များကို စာစီစာကုံးတစ်ပုဒ်လို သေသေချာချာ မှာသည်။ ဗိုလ်မြကလည်း သူ့မိန်းမကို နောက် ယောက်ျားယူရန် မှာ၏ ။ ဦးစိုးနှင့် ဗိုလ်ကြီးအောင်ဝင်းကတော့ ထွေထွေထူးထူး မမှာ ။ သူတို့ မိသားစုတွေကို သွားတွေ့ပြီး အားပေးဖို့ သူတို့ဒီနေရာမှာ ကျန်းမာစွာရှိနေကြောင်း မစိုးရိမ်ဖို့ မှာကြားသည် ။ ကျွန်တော်ရော ကိုဌေးပါ တစ်ခုမှ မကျန်ရအောင် မှတ်ရသည် ။ ဦးနှောက်ထဲ အလွတ်ကျက် မှတ်ထားရသော ယခုမှတ်တမ်း ၊ ကဗျာ ၊ သီချင်းများကိုလည်း ပြန်လှန် လေ့ကျင့်ခန်းလုပ်ရသည် ။ ထမင်းတောင် ဖြောင့်ဖြောင့် မစားနိုင်တော့ချေ ။
ေဩာ် .… လွတ်ကြောင်ဘဝ မသက်သာလှပါကလား ။
xxx xxxx xxxx
သို့ဖြင့် ပိတောက်တွေ ခိုင်လုံးကြိုင် လှိုင်လှိုင်ပွင့် သင်္ကြန်သီချင်းတွေ အပြိုင်
ဖွင့်ကြလေပြီ ။ ကျွန်တော်တို့ကား အချုပ်ခန်းတွင်းမှ တစ်လက် မမှ မရွေ့။ ကိုဌေးကား အသံမှပင် မထွက်တော့ ။ ကျွန်တော်လည်း ဟန်ကိုယ့်ဖို့ တင်းသာ ထားရသည် ။ မခိုင်လှ ။ ဥက္ကဋ္ဌကြီးက သင်္ကြန်သီချင်းလေး လုပ်ပါဦးဆိုပေမယ့် အသံက မရွှင် ။ မင်းကိုနိုင်က ကိုပီကြီး မမကိုယ်တိုင်က ဆိုပါဗျ ဆိုတော့လည်း မမက မကနိုင် ၊ မောင်မောင်လည်း မဆိုနိုင်တော့ ။ ( မင်းကိုနိုင်က ကျွန်တော့်ကို ကိုပီလို့ ခေါ်တာ နောက်ခံဇာတ်လမ်းရှိသည် ။ ပီဆိုတာ ပီတာ ( ပါတီ ) အတိုကောက်ပင် ။ ကျွန်တော့် ပြက်လုံးပီတာ ၊ ကီစောင်ကို အခြေပြုပြီး ကျွန်တော့်အား ကိုပီတာ ( ဝါ ) ကိုပီဟု ခေါ်ဆိုခြင်းဖြစ်၏ ) ခုတော့ဖြင့် ကိုလည်း မပီနိုင်တော့ချေ ။ ထောင်အပြင်မှာ ရေပက်နေကြပါပြီကော ။ ထောင်အပြင်မှာ သင်္ကြန်သီချင်းတွေ မြိုင်နေသော်လည်း ကျွန်တော်တို့အားလုံး ငိုင်လေပြီ ။ အင်းစိန်ထောင်၏ အထူးဝင်း တစ်ဝင်းလုံး ငြိမ်ဆိတ်ခြင်းသာ လွှမ်းမိုးထားတော့၏ ။ အကြိမ်ကြိမ် ပြန်လှန်စဉ်းစား ကြည့်မိပြန်တော့ ကိုယ့်ရောဂါ ကိုယ်ရှာနေခြင်းပင် ။ လွတ်မည်ဆိုခြင်းက ကိုယ့်သဘောနှင့်ကိုယ် ။ ကိုယ့်ကိုယ်ကိုယ် လွှတ်နေခြင်းသာဖြစ်ပြီး တိကျရေရာသော ဘာအခြေခံ အကြောင်းအရာမှ မရှိချေ ။ ထမင်းလေးခေါ်ကျွေး ၊ ဆေးလေး စစ်ပေးတာနှင့်
လွတ်ပြီလို့ မည်သို့မျှ တစ်ထစ်ချ မပြောနိုင်ကြပါချေ ။
ထို့အတွက်ကြောင့် ကျွန်တော် ဒုံးခနဲဆုံးဖြတ်ချက် ချလိုက်သည် ။ လွှတ်ချင်တဲ့အချိန် လွှတ် ၊ ထောင်အပြင် ရောက်တဲ့နေ့ အိမ်ပြန်ရောက်တဲ့နေ့မှ လွတ်တယ်လို့ပြောမယ် ။ ခု ကိုယ့်ကိုယ်ကိုယ် ဒုက္ခပေးနေတာ သက်သက်ပဲဖြစ် တယ်လို့ အားလုံးကို ပြောပြလိုက်တော့ အခန်းနီးနားချင်းတွေက စိတ်မသက် မသာဖြင့် ကောင်းပါတယ်လေဟု ဆိုကြသည် ။ ကိုဌေးကတော့ တဖွဖွပြော၏။ နှင် ပါလာလို့ပေါ့လေ ။ ငါတစ်ယောက်တည်းသာဆို ခုချိန် သတ်သေပြီးလောက်ပြီတဲ့ ။
သို့ဖြင့် သင်္ကြန်အကြတ်နေ့ညနေမှ စတင်ပြီး ကျွန်တော်တို့၏ အထူးဝင်း
အတွင်းမှာ သင်္ကြန်သီချင်းသံများ မြိုင်လာတော့၏ ။ သံချပ်များလည်း ကြားရသည် ။ ရေဇလုံကို ဗုံလုပ်တီးသံလည်း ကြားရ၏ ။ မင်းကိုနိုင်ကလည်း ဆိတ်ပါးစပ် နတ်မျက်စိအဖွဲ့မှဖြစ်လေရာ သူ့သံချပ်ကလည်း ပျော်စရာကောင်းလေသည် ။ တူးပေပေါင် တူးပေါင် တူပေါင် တူးပေပေါင် တူးပေါင် တူပေါင် သမဝါယမဥက္ကဋ္ဌကတော် နေ့စေ့လစေ့ ကိုယ်ဝန်ရှိသနော် ဆေးရုံပေါ်မှာတက်ကာမွေး ဆပ်ပြာတောင့်လေး မွေး ဟေ့ သူများအကြောင်းမပြောကောင်း သူများအကြောင်း မပြောကောင်း။
◾ ဇာဂနာ
📖 ပထမ
No comments:
Post a Comment