Showing posts with label ကြပ်ပြေး နန်းတွင်းအရှုပ်တော်ပုံ. Show all posts
Showing posts with label ကြပ်ပြေး နန်းတွင်းအရှုပ်တော်ပုံ. Show all posts

Tuesday, January 19, 2021

ကြပ်ပြေး နန်းတွင်းအရှုပ်တော်ပုံ


 

❝  ကြပ်ပြေး နန်းတွင်းအရှုပ်တော်ပုံ ❞  အမှတ် ( ၃ )

     ၁၉၈၈ ခုနှစ် ၊ စက်တင်္ဘာ စစ်အာဏာသိမ်းပွဲဟာ မဆလ စစ်အာဏာရှင်ကြီး ဉီးနေဝင်းရဲ့ညွှန်ကြားချက်အရ ဗိုလ်ချုပ်ကြီးစောမောင် ဦးဆောင်တဲ့ စစ်အုပ်စုက မျက်လှည့်ပြပြီး အာဏာကို  လွှဲပြောင်းယူလိုက်ခြင်းသာ ဖြစ်ပါတယ် ။

     ၁၉၈၈ ခုနှစ် ၊ စက်တင်္ဘာ ( ၁၇ ) ရက်နေ့မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်   ဗိုလ်ချုပ််ကြီး စောမောင်နဲ့ တပ်မတော်စစ်ထောက်လှမ်းရေးညွှန်ကြားရေးမှူးချုပ်   ဗိုလ်မှူးချုပ် ခင်ညွန့် တို့ဟာ ရန်ကုန်မြို့ AD လမ်းမှာရှိတဲ့ ဦးနေဝင်းရဲ့နေအိမ်ကို သွားရောက်ခဲ့ပြီး တပြည်လုံးမှာ ဖြစ်ပေါ်နေတဲ့ လူထုအုံကြွမှုအခြေအနေတွေနဲ့  တပ်မတော်ရဲ့ လက်ရှိအနေအထားတွေကို ဦးနေဝင်းထံ ရှင်းလင်းတင်ပြခဲ့ရပါတယ် ။ နောက်တစ်နေ့ စက်တင်္ဘာ ( ၁၈ ) ရက်နေ့  ၊ မနက် ( ၉ ) နာရီမှာ ဦးနေဝင်းက မဆလပါတီ ခေါင်းဆောင်တွေဖြစ်တဲ့ ဦးစန်းယု ၊  ဦးစိန်လွင် ၊  ဦးအေးကို ၊  ဒေါက်တာမောင်မောင် ၊ ဗိုလ်ချုပ််ကြီး သူရကျော်ထင်နဲ့  ဦးထွန်းတင် တို့ကို သူ့အိမ်မှာ ခေါ်ယူတွေ့ဆုံပြီး အရေးပေါ် အစည်းအဝေးတစ်ရပ် ကျင်းပပြုလုပ်ခဲ့ပါတယ် ။ ဒီအစည်းအဝေးကို ဗိုလ်ချုပ်ကြီး စောမောင်နဲ့ ဗိုလ်မှူးချုပ်ခင်ညွန့် တို့ကိုလည်း တက်ရောက်ခိုင်းခဲ့ပြီး လက်ရှိအခြေအနေတွေကို အသေးစိတ် ထပ်မံရှင်းပြဖို့ ဗိုလ်မှူးချုပ်ခင်ညွန့်ကို  ဦးနေဝင်းက ညွှန်ကြားခဲ့ကြောင်း သိရှိရပါတယ် ။

     ဒေါက်တာမောင်မောင်ခေါင်းဆောင်တဲ့ အစိုးရအဖွဲ့ အနေနဲ့ တိုင်းပြည်ရဲ့ လက်ရှိအခြေအနေတွေကိုဆက်လက် ထိန်းသိမ်းသွားဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့တဲ့အတွက် ဗိုလ်ချုပ််ကြီးစောမောင်  ဦးဆောင်ပြီး စစ်တပ်ကအာဏာသိမ်းဖို့ ၊အာဏာသိမ်းစစ်ကောင်စီမှာ ဗိုလ်ချုပ်ကြီးစောမောင် ဥက္ကဌ ၊ စစ်ထောက်လှမ်းရေးအ်ကြီးအကဲ ဗိုလ်မှူးချုပ်ခင်ညွန့် နဲ့ ဗိုလ်မှူးကြီး တင်ဦး ( စစ်ဦးစီးမှူးဗိုလ်မှူးကြီး ) တို့ကို အတွင်းရေးမှူးတွေအဖြစ်နဲ့ တာဝန်ပေးအပ်ဖို့ ၊ ဒုတိယကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီးသန်းရွှေ အပါအဝင် ကာကွယ်ရေးဦးစီးချုပ်ရုံးက  ထိပ်ပိုင်းဗိုလ်ချုပ်တချို့နဲ့ စစ်တိုင်းမှူးတွေကို  အာဏာသိမ်း စစ်ကောင်စီ အဖွဲ့ဝင်တွေအဖြစ်နဲ့ထည့်သွင်း တာဝန်ပေးအပ်ဖို့ ၊  ဒို့တာဝန်အရေးသုံးပါး အပါအဝင် ရွေးကောက်ပွဲတွေ အမြန်ဆုံးကျင်းပပြုလုပ်ပေးဖို့ ဆိုတဲ့ဦးတည်ချက် ( ၄ ) ရပ်ကိုပါ အဲဒီအစည်းအဝေးမှာ ဦးနေဝင်းက ချမှတ်ပေးခဲ့တယ်လို့  ဆိုပါတယ် ။ စစ်အစိုးရရဲ့ ဖွဲ့စည်းပုံရေးဆွဲဖို့နဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တွေကိုနောက်ကွယ်က ထိန်းကြောင်းပေးသွားဖို့ အတွက်လည်း  ဒေါက်တာမောင်မောင် ခေါင်းဆောင်တဲ့ ပဲ့ကိုင်ကော်မတီတစ်ရပ်ကို ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ် ။

    တပ်မတော်က နိုင်ငံတော်ရဲ့ အာဏာအရပ်ရပ်ကို သိမ်းပိုက်လိုက်ကြောင်း ကြေညာချက်ကိုလည်း အဲဒီအစည်းအဝေးမှာပဲလက်ရေးမူနဲ့ ရေးသားခဲ့ပြီး ဆက်သွယ်ရေးညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး မျိုးသန့် ( နောင် ပြန်ကြားရေးဝန်ကြီး ) နဲ့ စစ်ထောက်လှမ်းရေး ဒုတိယညွှန်ကြားရေးမှူး  ဒုဗိုလ်မှူးကြီးသန်းထွန်း ( နောင် ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာန ဒုဝန်ကြီး ) တို့က အဲဒီနေ့ ညနေ ( ၄ ) နာရီမှာ မြန်မာ့အသံကိုသွားရောက်ပြီး ဒီကြေညာချက်ကို ထုတ်လွင့်ခိုင်းခဲ့ကြတာဖြစ်ကြောင်း သိရှိရပါတယ် ။

     ဗိုလ်ချုပ်သန်းရွှေ ဟာ ကနဦးမှာ နဝတ စစ်ကောင်စီအတွင်း သာမန် အဖွဲ့ဝင်တစ်ဦးအနေနဲ့သာ  မထင်မရှား ပါဝင်ခွင့်ရရှိခဲ့ပြီး အရေးကြီးတဲ့ ပေါ်လစီပိုင်းဆိုင်ရာကိစ္စတွေကိုလည်း ကိုင်တွယ်ဆောင်ရွက်ခွင့် မရရှိခဲ့ပါဘူး ။ ၁၉၈၉ခုနှစ် ၊ မေလ ( ၂၃ ) ရက် နေ့မှာ စတင်ဖွဲ့စည်းခဲ့တဲ့  နယ်စပ်ဒေသနှင့်  တိုင်းရင်းသားလူမျိုးများ၏  ဖွံ့ဖြိုးတိုးတက် မှုအကောင်အထည်ဖေါ်ရေးဗဟိုအဖွဲ့မှာသာ ဥက္ကဌအဖြစ် ခန့်အပ်တာဝန်ပေးတာကို ခံခဲ့ရပါတယ် ။ ဦးနေဝင်းဟာ ခပ်ထုံထုံ အမူအရာရှိတဲ့ ဗိုလ်ချုပ်သန်းရွှေ အပေါ် သူခိုင်းသမျှ လုပ်မဲ့သူအဖြစ်ရှုမြင်ပြီး  ဒုတိယကာကွယ်ရေးဦးစီးချုပ်အထိ တာဝန်ကြီးတွေကို ပေးအပ်ခဲ့ပေမဲ့ နောက်ပိုင်းမှာ  ဘာကြောင့် ဗိုလ်ချုပ်သန်းရွှေအပေါ်သဘောထားပြောင်းလဲသွားရသလဲ ဆိုတာကိုတော့  ဦးနေဝင်းကလွဲပြီး ဘယ်သူမှ အတိအကျ သိနိုင်မှာ  မဟုတ်ပါဘူး ။

     ဦးနေဝင်းက  ဗိုလ်ချုပ်သန်းရွှေ အပေါ် အမြင်မကြည် ဖြစ်လာတာဟာ  ဦးနေဝင်းနဲ့ ဗိုလ်ချုပ်သန်းရွှေ  တို့အကြားကပြဿနာကြောင့် မဖြစ်နိုင်ဘဲ ဦးနေဝင်းရဲ့ သမီးကြီး ဗိုလ်မှူးခင်စန္ဒာဝင်းနဲ့ ဗိုလ်ချုပ်သန်းရွှေ ရဲ့ ဇနီး ဒေါ်မကြိုင် ၊ သမီးတွေဖြစ်ကြတဲ့ ခင်ပြုံးရွှေ ၊ ကြည်ကြည်ရွှေ ၊  အေးအေးသစ်ရွှေ ၊ ဒေဝါရွှေ ၊ သန္တာရွှေ တို့ အကြားက ပြိုင်ဆိုင်မှုတွေနဲ့ မနာလို ဝန်တိုစိတ်တွေကြောင့် ဖြစ်နိုင်တယ်လို့ ဗိုလ်ချုပ်ကတော်တချို့က သုံးသပ်ပြောဆိုခဲ့ကြပါတယ် ။

၂ဝဝ၈ ခုနှစ် ၊ စက်တင်္ဘာ ( ၁၈ ) ရက်နေ့မှာ ဦးနေဝင်းရဲ့ မဆလ အစိုးရလက်က နိုင်ငံတော်အာဏာကို  တပ်မတော်က သိမ်းလိုက်ပြီ ဆိုပေမဲ့ AD လမ်းမှာရှိတဲ့ ဦးနေဝင်းရဲ့ နေအိမ်ကို ဗိုလ်ချုပ်ကြီးစောမောင်နဲ့ ဗိုလ်ချုပ်ခင်ညွန့်တို့ နေ့စဉ်လိုလို   ဝင် ထွက်သွားလာနေတာတွေ့ရပြီး ဦးနေဝင်းထံ အစီရင်ခံတင်ပြတာတွေ ၊ ဦးနေဝင်းရဲ့ ဩဝါဒကို ခံယူတာတွေ ဆက်လက် ပြုလုပ်ခဲ့ကြပါတယ် ။ ဦးနေဝင်းရဲ့နေအိမ်ကိုလည်း ခါတိုင်းလို လုံခြုံရေးအစောင့်တပ်ဖွဲ့တွေ အပြည့်အဝ ချထားပေးခဲ့ပါတယ် ။ ၁၉၈၉ ခုနှစ် ၊ မတ်လ ( ၂၇ ) ရက် တပ်မတော်နေ့( ဖက်ဆစ်တော်လှန်ရေးနေ့ )  ညစာစားပွဲမှာလည်း ဗိုလ်ချုပ်ကြီးဝတ်စုံကို  ဝတ်ဆင်ပြီး အာဏာသိမ်း စစ်ကောင်စီဝင်တွေရဲ့ စားပွဲထိပ်မှာ ခန့်ခန့်ကြီး နေရာယူထားတဲ့  ဦးနေဝင်းကို နဝတ သတင်းမီဒီယာတွေက တခမ်းတနားဖေါ်ပြပေးခဲ့ကြတာကို တွေ့ရပါတယ် ။ ဒါ့အပြင် နဝတစစ်ကောင်စီဥက္ကဌရုံး အပါအဝင် အစိုးရရုံးတွေမှာလည်း  ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ ဓါတ်ပုံတွေကို  ဆက်လက်ချိတ်ဆွဲထားခဲ့ကြတာ တွေ့ရပါတယ် ။

     ၁၉၉ဝ ခုနှစ်အတွင်း ဒညင်းကုန်းတပ်မတော်ဂေါက်ကွင်းမှာ ဒုတိယဗိုလ်ချုပ်ကြီး သန်းရွှေ ၊  ဗိုလ်ချုပ်မောင်မောင်ခင် ၊ ဗိုလ်ချုပ်ဘုန်းမြင့် နဲ့ ဗိုလ်ချုပ်ချစ်ဆွေတို့  ဂေါက်ရိုက်ကစားနေစဉ် ဦးနေဝင်းရုတ်တရက် ရောက်ရှိလာတဲ့အတွက် ကစားတာကို ခေတ္တရပ်နားပြီး  ဒုတိယဗိုလ်ချုပ်ကြီးသန်းရွှေ က ဦးနေဝင်းကို အလေးပြုကြိုဆို နှုတ်ဆက်ခဲ့တဲ့အပြင် သူတာဝန်ယူလုပ်ဆောင်နေတဲ့  ဒေသဖွံ့ဖြိုးရေး လုပ်ငန်းအခြေအနေတွေကို တင်ပြအစီရင်ခံခဲ့ကြောင်း သိရှိရပါတယ် ။

     ဒါပေမဲ့ ဗိုလ်ချုပ်မှူးကြီးစောမောင်ကို ဖယ်ရှားပြီး ဗိုလ်ချုပ်ကြီး သန်းရွှေ ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာတဲ့အချိန်က စလို့  ဦးနေဝင်းအပေါ် ဗိုလ်ချုပ်ကြီး သန်းရွှေရဲ့ ဆက်ဆံရေးအခြေအနေတွေဟာ လုံးဝ  ပြောင်းလဲသွားခဲ့ပါတယ် ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ က ဦးနေဝင်းက AD လမ်းရှိ ကာကွယ်ရေးဦးစီးချုပ်နေအိမ်က ဆင်းခိုင်းခဲ့တဲ့အတွက် ဦးနေဝင်းဟာ သူ့သမီးကြီး ခင်စန္ဒာဝင်းရဲ့ နေအိမ်ကို ပြောင်းရွှေ့ပေးခဲ့ရတယ်လို့ ဆိုပါတယ် ။  ဦးနေဝင်းရဲ့ အနီးကပ်လုံခြုံရေးတပ်ဖွဲ့က အရာရှိ ၊ အရာခံ ၊ အကြပ်တပ်သား အားလုံးကိုလည်း သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့  တွေကို ပြန်ပို့ခဲ့ပြီး ၊ AD လမ်းအဝ နဲ့ ဒေါ်ခင်စန္ဒာဝင်း အိမ်တဝိုက် မှာသာ အမှတ် ( ၄ ) ဗမာ့သေနတ်ကိုင်တပ်ရင်းက တပ်ခွဲ ( ၁ ) ခွဲကို ဆက်လက် ချထားပေးခဲ့ပါတယ် ။

     အဲဒီနောက်ပိုင်း အစိုးရရုံးတွေမှာချိတ်ဆွဲထားတဲ့ ဦးနေဝင်းရဲ့ ဓါတ်ပုံတွေကိုပြန်လည် ဖြုတ်သိမ်းပေးဖို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ က ဖိအားပေးခဲ့တဲ့အတွက် ၁၉၉၂   ခုနှစ် ၊ မေလ ( ၄ ) ရက်နေ့ထုတ် နဝတ စစ်အစိုးရ သတင်းစာတွေရဲ့ မျက်နှာဖုံးမှာ  ဦးနေဝင်းရဲ့ မညီမညာလက်ရေးနဲ့ ရေးသားထားတဲ့ မေတ္တာရပ်ခံစာတစ်စောင်ကို တွေ့ကြရပါတယ် ။ “ အငြိမ်းစားသမ္မတ နေဝင်း၏ သက်ဆိုင်သူများအား  မေတျွှာရပ်ခံချက် ” လို့ ခေါင်းစဉ်တပ်ထားတဲ့ ဒီ‌ကြေ ငြာ ချက်တိုလေးမှာ   “ အစိုးရ နယ်ဘက် ၊ စစ်ဘက် ရုံးများ ၊ ဌာနများတွင်  ကျွန်တော်၏ ဓါတ်ပုံများ ချိတ်ဆွဲထားခြင်းကို ပယ်ဖျက်ကြပါရန်နှင့်  နောင်တွင်လည်း မချိတ်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည် ။ ” ဆိုပြီး ရေးသားဖေါ်ပြထားပါတယ် ။

     ဦးနေဝင်းဟာ အဲဒီအချိန်ကစပြီး သမီးဖြစ်သူ ဒေါ်ခင်စန္ဒာဝင်းရဲ့ ခြံဝင်းအတွင်းမှာ သီးခြား အိမ်ငယ်တစ်လုံး ဆောက်လုပ်နေထိုင်ခဲ့ရပြီး ဘာသာရေးအလုပ်တွေကိုသာ အာရုံစိုက်လုပ်ကိုင်ခဲ့ကြောင်း သိရှိရပါတယ် ။ နောက်ပိုင်းမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ က ဒေါ်ခင်စန္ဒာဝင်းရဲ့ နေအိမ်တဝိုက်က လုံခြုံရေးအစောင့်တွေကိုပါ ပြန်လည် ရုတ်သိမ်းခိုင်းခဲ့ကြောင်း သိရှိရပါတယ် ။

     ဗိုလ်ချုပ်သန်းရွှေ ဟာ ဒေါ်ခင်စန္ဒာဝင်းကို ပိုပြီး မျက် မုန်းကျိုးတဲ့အတွက်  ဗိုလ်ချုပ်မှူးကြီး စောမောင် နဝတဥက္ကဌ  ဖြစ်စဉ်က ဒေါ်ခင်စန္ဒာဝင်းတို့မိသားစုကို  ချပေးထားတဲ့ စီးပွားရေးလုပ်ပိုင်ခွင့်တွေကို  သူ့လက်ထက် မှာ ပြန်လည် ထိန်းချုပ်ခဲ့ပါတယ် ။ ဗိုလ်ချုပ်ခင်ညွန့် အမိန့်အရ  GSM မိုဘိုင်းတယ်လီဖုန်း  တင်သွင်းရောင်းချခွင့်ကို တစ်ဦးတည်း မူပိုင်အဖြစ် ဒေါ်ခင်စန္ဒာဝင်းတို့ မိသားစုကို ချပေးခဲ့တဲ့ ဆက်သွယ်ရေးစာတိုက်နဲ့ ကြေးနန်းဝန်ကြီးဌာန ဝန်ကြီး ဗိုလ်ချုပ်ဝင်းတင် ကို  ဗိုလ်ချုပ်မှူးကြီးသန်းရွှေ က ၂ဝဝ၁ ခုနှစ် ၊ မေလ ( ၁ဝ ) ရက်နေ့မှာ ဖြုတ်ထုတ်ဖယ်ရှားပစ်ခဲ့ပြီး GSM တယ်လီဖုန်းတွေ တင်သွင်းရောင်းချခွင့်ကိုတိုက်ရိုက် ကြီးကြပ်ဖို့  ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးကို တာဝန်ပေးခဲ့ပါတယ် ။

     GSM တယ်လီဖုန်းတွေ တင်သွင်းဖို့ ကိစ္စမှာအရင်းအနှီး ဒေါ်လာသန်း ( ၂ဝဝ )လောက် လိုအပ်တဲ့အတွက် ဒေါ်ခင်စန္ဒာဝင်း က ဗိုလ်ချုပ်ခင်ညွန့် ရဲ့အကူအညီနဲ့ အပစ်ရပ် UWSA အဖွဲ့ကို ရှယ်ယာ ( ၈ဝ ) ရာခိုင်နှုန်း ရောင်းစားထားခဲ့တဲ့အပြင် တယ်လီဖုန်းတွေကိုလည်း ကြိုတင်ရောင်းချထားခဲ့တာကြောင့် ဒီကိစ္စတွေအတွက်သပွတ်အူလိုက်ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ  နဲ့ ဒုတိယဗိုလ်ချုပ်ကြီး ခင်ညွန့် တို့အကြားမှာ တင်းမာမှုတွေ ပိုမိုဖြစ်ပေါ်ခဲ့ရတယ်လို့ ဆိုပါတယ် ။ အဲဒီနောက်ကစပြီး ဗိုလ်ချုပ်ခင်ညွန့် ရဲ့ ဩဇာအာဏာ ကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီး  မောင်အေးတို့က တဖြေးဖြေး ချုပ်ကိုင်လာကြတာ ကြောင့်   ဗိုလ်ချုပ်ခင်ညွန့် အနေနဲ့ ဒေါ်ခင်စန္ဒာဝင်းတို့ မိသားစုအပေါ် သံယောဇဉ် ရှိပေမဲ့  ကူညီဆောင်ရွက်ပေးနိုင်တာ မရှိသလောက် နည်းသွားခဲ့ရတယ်လို့ဆိုပါတယ် ။

     ဗိုလ်ချုပ်မှူးကြီးသန်းရွှေ  ရဲ့ သမီး ( ၄ ) ဦးဟာ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ  အတွင်းဝန်ရာထူးတွေကို ရယူထားကြတဲ့ အတွက် ဦးနေဝင်း နိုင်ငံခြားကို ဆေးကုသထွက်တဲ့အခါ သက်ဆိုင်ရာနိုင်ငံတွေမှာရှိတဲ့ မြန်မာသံအမတ်ကြီးတွေနဲ့ သံရုံးအရာရှိတွေက ဦးနေဝင်းကို နိုင်ငံတော်အကြီးအကဲလို သမီးဖြစ်သူ   ဒေါ်ခင်စန္ဒာဝင်း ကို ( First Lady ) လို  သဘောထားပြီး ပြာပြာ သလဲ သွားရောက် ကြိုဆို ဧည့်ခံနေကြတာကို  မနာလိုမရှုစိတ်ဖြစ်ပြီး ဖခင်ဖြစ်သူ  ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကို တစိတ်တအိတ်လုပ်ကာ တိုင်ကြားခဲ့ကြပါတယ် ။ စစ်အာဏာရှင်ဟောင်းကြီး  ဦးနေဝင်းနဲ့ သူ့ရဲ့မိသားစုအပေါ်     အမြင်မကြည်လင်တော့တဲ့ စစ်အာဏာရှင်လက်သစ် ဗိုလ်ချုပ်မှူးကြီးသန်းရ က ဦးနေဝင်း နဲ့ သူ့ရဲ့သားသမီးတွေကို  လုံးဝ ကြိုဆိုနှုတ်ဆက်ခြင်း ၊ ဧည့်ခံခြင်း မပြုလုပ်ကြဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနကို ချက်ချင်း အမိန့်ထုတ်ခိုင်းခဲ့ကြောင်း  သိရှိရပါတယ် ။

     ( အမှန်ကတော့ ဒေါ်ခင်စန္ဒာဝင်းကို ( First Lady ) လို့ မြှောက်ပင့်ခေါ်ဝေါ်ပြီး ကြိုဆိုခဲ့တဲ့နိုင်ငံဆိုလို့ ကွန်မြူနစ်မြောက်ကိုရီးယား နိုင်ငံတစ်ခုတည်းသာ  ရှိခဲ့ပါတယ် ။ ၁၉၇ဝ ခုနှစ်နှောင်းပိုင်းမှာ မြောက်ကိုရီးယားနိုင်ငံ  ပြုံယမ်းမြို့တော် ကို စစ်အာဏာရှင်ကြီး ဦးနေဝင်းနဲ့ သမီးဖြစ်သူ ဒေါ်ခင်စန္ဒာဝင်းတို့ ချစ်ကြည်ရေးအလည်အပတ်ခရီး သွားရောက်စဉ်က အဲဒီလို ခေါ်ဝေါ်သုံးစွဲပြီး ကြိုဆိုခဲ့တာဖြစ်ပါတယ် ။ )

     ဗိုလ်ချုပ်ခင်ညွန့်နဲ့  ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အကြားက မကျေလည်မှုတွေထဲမှာ  ဗိုလ်ချုပ်မှူးကြီး စောမောင်ကို  ဖယ်ရှားပြီး ဗိုလ်ချုပ်ကြီးသန်းရွှေ က အာစာသိမ်းလိုက်ပြီး နောက်ပိုင်း လစ်လပ်သွားခဲ့တဲ့ နဝတ ဒုဥက္ကဌ နေရာကို  ဗိုလ်ချုပ်ခင်ညွန့်ကို  မပေးပဲ ဗိုလ်ချုပ်မောင်အေး ကို ပေးလိုက်တဲ့ကိစ္စလည်း ထိပ်ဆုံးက ပါဝင်တယ်လို့ ဆိုပါတယ် ။  ဦးနေဝင်းနဲ့  မဆလ ထိပ်တန်းခေါင်းဆောင်ကြီးတွေက ၁၉၈၈ ခုနှစ်မှာ တပ်မတော်ကို အဏာသိမ်းဖို့ အမိန့် ပေးခဲ့စဉ်ကတည်းကအာဏာသိမ်းအဖွဲ့မှာ ဗိုလ်ချုပ်မှူးကြီး စောမောင်ပြီး ရင် ဗိုလ်ချုပ်ခင်ညွန့် ကို  ဒုတိယခေါင်းဆောင်အနေနဲ့ သတ်မှတ်ပေးခဲ့တာဖြစ်ပါတယ် ။

     ဗိုလ်ချုပကြီးသန်းရွှေ ဟာ လစ်လပ်သွားတဲ့  သူ့ရဲ့ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ်တာဝန်ကို ရပခ တိုင်းမှူး ဗိုလ်ချုပ် မောင်အေးကို ၁၉၉၃ ခု ၊ မတ်လ ( ၂၇ ) ရက်နေ့မှာ လွဲပြောင်းပေးအပ်ခဲ့ပါတယ် ။ တကယ်တော့ ဗိုလ်ချုပ်ကြီး စောမောင်နဲ့  ဗိုလ်ချုပ်ကြီးသန်းရွှေတို့  အသက် ( ၆ဝ ) ပြည့်လို့ သက်ပြည့်ပင်စင်နဲ့ အငြိမ်းစားယူသွားရင် မြန်မာ့တပ်မတော်ကို ဆက်လက်ဦးဆောင်ဖို့ အတွက်ကာကွယ်ရေး ဦးစီးချုပ်လောင်းအဖြစ် လျာထားခံရသူတွေထဲမှာ မူလက  ဗိုလ်ချုပ်မောင်အေး မပါခဲ့ဘူးလို့  ဆိုပါတယ် ။ အဲဒီအချိန်က ရတခ တိုင်းမှူးဖြစ်ခဲ့တဲ့  ဗိုလ်ချုပ် ဉာဏ်လင်း ( DSA - 1 ) ( အသက် ၅၂ နှစ် ) ကို ကာကွယ်ရေး ဦးစီးချုပ်လောင်း အဖြစ် သတ်မှတ်လျာထားကြောင်း သိရှိရပါတယ် ။ ဒါပေမဲ့ ဗိုလ်ချုပ်ဉာဏ်လင်း က ကျမ္မာရေးမကောင်းတဲ့အတွက် ၁၉၉၁ ခုနှစ် ၊ မတ်လ ( ၁၈ ) ရက်နေ့မှာ ဆေးပင်စင်နဲ့  အငြိမ်းစား ယူသွားခဲ့ရတာကြောင့် သူနဲ့ စစ်တက္ကသိုလ် တပတ်စဉ်ထဲဖြစ်တဲ့ ဗိုလ်ချုပ်မောင်အေးကို မလွဲမရှောင်သာ  ရွေးချယ်လိုက်ရတာ ဖြစ်ကြောင်း  သိရှိရပါတယ် ။

     ဗိုလ်ချုပ်ခင်ညွန့် အနေနဲ့ကလည်း သူ့စစ်မှုထမ်း သက်တမ်းတလျောက် တိုက်ခိုက်ရေးတာဝန်တွေထက် Staff Duty ခေါ် ဦးစီးအရာရှိ တာဝန်တွေကိုသာ  ပိုပြီး ထမ်းဆောင်ခဲ့ရတဲ့အတွက် စစ်ဘက်ရေးရာကိစ္စတွေ ထက် နိုင်ငံရေး ကိစ္စတွေမှာ ပိုပြီး စိတ်ဝင်စားကြောင်း သိရှိရပါတယ် ။  ဗိုလ်ချုပ်ခင်ညွန့် အနေနဲ့ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ်ရာထူးကို ရရှိဖို့ မျှော်လင့်မထားပေမဲ့ နဝတ ဒုဥက္ကဌရာထူး  ရရှိဖို့ကိုတော့    အများကြီး မျှော်လင့်ထားခဲ့တယ်လို့ ဆိုပါတယ် ။ ဒါပေမဲ့  ဗိုလ်ချုပ်မှူးကြီးသန်းရွှေ က ဗိုလ်ချုပ်ခင်ညွန့် ကို ဒီလို ရာထူးမျိုးပေးဖို့  မူလကတည်းက စိတ်မကူးခဲ့ဘူးလို့  ဆိုပါတယ် ။ ဗိုလ်ချုပ်ခင်ညွန့် ကရည်ရွယ်ချက်ကြီးပြီး ပါးနပ်မှုလည်းရှိတဲ့အပြင်  ဦးနေဝင်းမိသားစုအပါအဝင် မဆလ စစ်ခေါင်းဆောင်ဟောင်းတွေကလည်း သူ့ကို  အားပေးထောက်ခံ နေကြတဲ့အတွက် ဒီရာထူးပေးလိုက်ရင် နဝတ ဥက္ကဌနေရာကိုပါ  ခြိမ်းခြောက်လာမှာ စိုးရိမ်တာကြောင့် ဒီရာထူးကို ဘယ်သူ့ကို မှ မပေးဘဲ ( ၂ )နှစ်နီးပါးလောက်ကြာအောင် အချိန်ဆွဲထားခဲ့ပါတယ် ။

     နဝတ စစ်အာဏာသိမ်း ကောင်စီနဲ့  ဝန်ကြီးအဖွဲ့အတွင်း ဒီရာထူးကို ဗိုလ်ချုပ်ခင်ညွန့် သာ ရထိုက်တယ် ။ ဗိုလ်ချုပ်ကြီး မောင်အေးသာ ရထိုက်တယ်နဲ့ အတွင်းကြိတ် အုပ်စုတိုက်ပွဲတွေပေါ်ပေါက်ခဲ့သည်အထိ ဖြစ်ခဲ့ရပါတယ် ။ ဒါပေမဲ့ နောက်ဆုံးမှာ  ဗိုလ်ချုပ်မှူးကြီးသန်းရွှေ  တဦးတည်းရဲ့ ဆုံးဖြတ်ချက်နဲ့ နဝတ ဒုဥက္ကဌ ရာထူးကိုလည်း ၁၉၉၄ ခုနှစ် ၊  ဧပြီလ ( ၂၇ ) ရက်နေ့မှာ ဗိုလ်ချုပ်ကြီး မောင်အေး ကိုသာ  ချီးမြှင့်ပေးအပ်ခဲ့ပါတယ် ။

     ဗိုလ်ချုပ်ခင်ညွန့်ဟာ စိတ်ဓာတ်ကျပြီး သူ့ကို  နှုတ်ထွက်ခွင့်ပေးဖို့  ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ထံ  အကြိမ်ကြိမ် တောင်းဆို ခဲ့ပေမဲ့  ဗိုလ်ချုပ်မှူးကြီးသန်းရွှေ က  နှုတ်ထွက်ခွင့်လည်း မပေး ၊ လုပ်ပိုင်ခွင့်လည်း တိုးမပေးဘဲ ကြိုး ရှည်ရှည်နဲ့ လှန်ထားခဲ့ပါတယ် ။ ဗိုလ်ချုပ်ခင်ညွန့် ကို  အာဏာ ရှိသယောင် ၊  လုပ်ပိုင်ခွင့် ရှိသယောင် လူမြင်ကွင်း မီဒီယာတွေပေါ်မှာ ပြသပေးထားပေမဲ့ အရေးကြီးတဲ့ လုပ်ပိုင်ခွင့်မှန်သမျှကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နဲ့  ဗိုလ်ချုပ်ကြီး မောင်အေး တို့ ကသာ နောက်ကွယ်က ထိန်းချုပ်ထားခဲ့ ကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ် ။

▪️  ဒီမိုကရေစီနှင့်ဖွံ့ဖြိုးတိုးတက်ရေးအင်အားစု     

သုတေသနနှင့်မှတ်တမ်းတင်ဌာန

Thursday, October 29, 2020

ကြပ်ပြေးနန်းတွင်းအရှုပ်တော်ပုံ အမှတ် ( ၂ )


 “ ကြပ်ပြေး နန်းတွင်းအရှုပ်တော်ပုံ  အမှတ် ( ၂ ) ”


    မဆလ စစ်အာဏာရှင်ဟောင်း  ဗိုလ်ချုပ်ကြီးနေဝင်း  လက်ထက်က “ ဒို့လူတွေ  ရှိသေးလား ”  ဆိုပြီး မကြာခဏမေး လေ့ရှိပါတယ် ။  “ ဒို့လူတွေ ” ဆိုတာက  သူတပ်ရင်းမှူး လုပ်ခဲ့တဲ့  အမှတ် ( ၄ ) ဗမာ့သေနပ်ကိုင်တပ်ရင်းမှာ သူနဲ့ အတူတာဝန်ထမ်း ခဲ့ကြတဲ့  သူ့တပည့်ရင်း အရာရှိ ၊ အရာခံ ၊ အကြပ်တပ်သားတွေကို ရည်ညွှန်းတာဖြစ်ပါတယ် ။ ဗိုလ်ချုပ်ကြီး နေဝင်း ကာကွယ်ရေး ဦးချုပ်ဖြစ်လာခဲ့တဲ့ ၁၉၄၉ ခုနှစ် ၊ ဖေဖေါ်ဝါရီလကစပြီး သူနဲ့သဘောထားချင်း မတိုက်ဆိုင်တဲ့  ဗမာ့တပ်မတော်ရဲ့  ထိပ်ပိုင်း တပ်မှူးကြီးတွေ  ( ဗိုလ်မှူးချုပ်ကျော်ဇော အပါအဝင်) ကို  တဦးချင်းဖြစ်စေ ၊ အစုလိုက်အပြုံလိုက်ဖြစ်စေ တဖြေးဖြေး ဖယ်ရှားပစ် ခဲ့ပြီး “ ဒို့လူတွေ  ” နဲ့   အစားထိုးခဲ့ပါတယ် ။


    အခု နအဖစစ်အာဏာရှင်  ဗိုလ်ချုပ်မှူးကြီးသန်​းရွှေ လက်ထက် မှာလည်း  သူ  ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာခဲ့တဲ့ ၁၉၉၂ ခုနှစ် ၊  ဧပြီလက စပြီး မြန်မာ့တပ်မတော်ရဲ့ ထိပ်ပိုင်းရာထူးတွေမှာ “ သူ့လူတွေ ” နဲ့  အစားထိုးနိုင်ဖို့  စတင်ကြိုးပမ်းလာခဲ့ တာ  တွေ့ရှိရပါတယ် ။  အခုလက်ရှိ သူ့ဘေးမှာ ဝန်းရံထားသူအများစုဟာ  သူ တပ်ရင်းမှူး ၊  ဗျူဟာမှူး ၊ တပ်မမှူး ၊  တိုင်းမှူးနဲ့

ဒုတိယကာကွယ်ရေးဦးစီးချုပ်  စတဲ့တာဝန်တွေကို ထမ်းဆောင်ခဲ့စဉ်က သူ့တပည့်ရင်း ဖြစ်ခဲ့ဘူးသူတွေ ၊ သူကိုယ်တိုင်  ယုံကြည် စိတ်ချ အားကိုးရသူတွေ ဖြစ်နေတာကိုတွေ့နိုင်ပါတယ် ။


     OTS အပတ်စဉ် ( ၉ ) သင်တန်းဆင်း အရာရှိတဦးဖြစ်တဲ့  ဗိုလ်ချုပ်မှူးကြီး သန်းရွှေ  ဟာ ခလရ ( ၁ ) ၊  ခမရ ( ၁ဝ၁ ) ၊ တပ်မ

(၈၈) ၊  အနောက်တောင်တိုင်း စစ်ဌာနချုပ် ( နတခ ) စတဲ့  တိုက်ခိုက်ရေးတပ်တွေမှာ  တာဝန်အဆင့်ဆင့်ကို  ထမ်းဆောင်ခဲ့ဘူးပေမဲ့ တိုက်ခိုက်ရေးဘက် မှာ ထူးချွန်အောင်မြင်တဲ့ တပ်မှူးတဦးတော့ မဖြစ်ခဲ့ပါဘူး ။ ၁၉၈ဝ ခုနှစ်လောက်က တပ်မ ( ၈၈ ) တပ်မမှူးဘဝနဲ့ ကျိုင်းတုံဒေသမှာ စစ်ဆင်ရေးတာဝန်တွေကို  ထမ်းဆောင်နေစဉ်  တပ်မ ( ၈၈ )ကို ဗကပ ( ၈၁၅ ) စစ်ဒေသ ( ယခု ဦးစိုင်းလင်း ၏ မိုင်းလား  အပစ်ရပ်အထူးဒေသ ) လက်အောက်ခံ တပ်တွေကပြင်းပြင်းထန်ထန် ပိတ်ဆို့ တိုက်ခိုက်ချေမှုန်းခဲ့တဲ့အတွက်  တပ်မ ( ၈၈ ) လက်အောက်ခံ  အမှတ် ( ၃ ) ကချင်သေနတ်ကိုင်တပ်ရင်း ဌာနချုပ်ပါကျဆုံးခဲ့ရပြီး စစ်သည်တွေနဲ့ မိသားစုအများအပြားသေဆုံးခဲ့ရဘူးပါတယ်  ။


     ဒါပေမဲ့  ဗိုလ်ချုပ်သန်းရွှေဟာ အဲဒီအချိန်က ဦးနေဝင်းရဲ့ အထူးယုံကြည်စိတ်ချရတဲ့  စစ်ခေါင်းဆောင်တဦး ဖြစ်နေတဲ့ အတွက် အရေးယူမခံရတဲ့အပြင် အဲဒီနှစ်အတွင်း ကျင်းပပြုလုပ်ခဲ့တဲ့  မဆလပါတီရဲ့ စတုတ္ထအကြိမ်ပါတီညီလာခံမှာ ဗဟိုကော်

မတီဝင်အဖြစ်တောင်  ချီးမြှင့်မြှောက်စားတာကို  ခံခဲ့ရပါတယ် ။ ၁၉၈၃  ခုနှစ်မှာ   နတခ တိုင်းမှူးနဲ့  ဧရာဝတီတိုင်းရဲ့ ဒေသပါတီ ကော်မတီဥက္ကဌ  ရာထူးတွေကိုပါ ချီးမြှင့်ခံခဲ့ရပြီး  ၁၉၈၅ ခုနှစ်မှာတော့ ဒုတိယကာကွယ်ရေးဦးစီးချုပ် ဖြစ်လာခဲ့ပါတယ် ။ အဲဒီအချိန်က အသက် ( ၅၂ ) နှစ် အရွယ်သာရှိသေးတဲ့ ဗိုလ်ချုပ်သန်းရွှေ ဟာ ရာထူး   အဆင့် ( ၂ ) ဆင့်ကို ခုန်ပျံကျော်တက်ပြီး ဒုတိယ ကာကွယ်ရေးဦးစီးချုပ်   ဖြစ်လာတဲ့အပေါ် မဆလတပ်မတော်  ထိပ်ပိုင်းတပ်မှူးတွေအတွင်းမှာ   မကျေနပ်မှုတွေ အများအပြား ရှိခဲ့ကြပါတယ် ။ ဒါပေမဲ့ စစ်အာဏာရှင်ကြီး ဦးနေဝင်း ရှေ့မှာတော့  အားလုံး ရေငုံနှုတ်ပိတ် နေခဲ့ကြရတယ်လို့ ဆိုပါတယ် ။


ဗိုလ်ချုပ်ကြီး သန်းရွှေ ဟာ စစ်မတိုက်တတ်ပေမဲ့ “ လက်ဘက်တော့ ကောင်းကောင်း ထုပ်တတ်တယ် ” ဆိုတဲ့  လူစားထဲမှာ ပါပုံရပါတယ် ။  သူက  အရာရှိပေါက်စဘဝနဲ့  ကက /  ပြည် ၊ မပခ နဲ့ တပ်မဟာ ( ၁ ) တို့မှာ နယ်လှည့်  စိတ်ဓါတ်စစ်ဆင်ရေးမှူး တာဝန်တွေကို ထမ်းဆောင်ခဲ့ဘူးတဲ့အပြင် ဗဟိုနိုင်ငံရေးတက္ကသိုလ်မှာလည်း    နည်းပြတာဝန်တွေကို ထမ်းဆောင်ခဲ့ဘူးတဲ့ အတွေ့အကြုံတွေေကြောင့် လူတွေရဲ့  စိတ်ဓာတ်သဘောသဘာဝနဲ့ နိုင်ငံရေး အလားအလာတချို့ကို ကြိုတင်တွက်ချက်  ခန့်မှန်းနိုင်ပြီး  လူကြီးတွေ နှစ်သက်သဘောကျအောင် နေထိုင်ပြတတ်တဲ့ အရည်အချင်းရှိကြောင်း သိရှိရပါတယ် ။


     ဒါပေမဲ့ ၁၉၈၈ ခုနှစ် ၊ ရှစ်လေးလုံး အရေးအခင်းကာလမှာတော့  စစ်အာဏာရှင်ကြီး  ဦးနေဝင်းနဲ့ သမီးကြီး  ဗိုလ်မှူး စန္ဒာဝင်းတို့က  ဗိုလ်ချုပ်သန်းရွှေ ကို ခေါက်ထားပြီး စစ်ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်မှူးချုပ်ခင်ညွန့် ကို  ရှေ့တန်းတင် ပွဲ ထုတ်လာတဲ့အတွက် ဗိုလ်ချုပ်သန်းရွှေ ရဲ့ စိတ်ထဲမှာ ဦးနေဝင်းမိသားစုနဲ့ ဗိုလ်မှူးချုပ်ခင်ညွန့် တို့အပေါ်   အငြိုးအတေးတွေ စတင် ဖြစ်ပေါ်ခဲ့တယ်လို့ ယူဆရပါတယ် ။  ၁၉၈၈ ခုနှစ် ၊ စက်တင်္ဘာလအတွင်း  စစ်အာဏာရှင်ကြီး ဦးနေဝင်းက  ဗိုလ်ချုပ်ကြီး  စောမောင်နဲ့  ဗိုလ်ချုပ်ခင်ညွန့်တို့ကို    သူ့ရဲ့အိမ်တော်မှာ  ခေါ်ယူတွေ့ဆုံပြီး  စစ်တပ်နဲ့အာဏာသိမ်းဖို့ ၊  စစ်အာဏာသိမ်းကောင်စီမှာ ဗိုလ်ချုပ်ကြီးစောမောင်က   ဥက္ကဌလုပ်ပြီး ဗိုလ်ချုပ်ခင်ညွန့် နဲ့ ဗိုလ်မှူးချုပ်တင်ဦး  တို့ကိုအတွင်းရေးမှူး ( ၁ ) နဲ့ ( ၂ ) လုပ်ခိုင်းဖို့ ညွှန်ကြားခဲ့ပါတယ် ။ ဗိုလ်ချုပ်မှူးကြီး စောမောင်ကလည်း ဒုတိယကာကွယ်ရေးဦးစီးချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးသန်းရွှေကို အာဏာသိမ်းစစ်ကောင်စီမှာ သာမန်အဖွဲ့ဝင် တဦးအဖြစ်နဲ့သာ  ထည့်သွင်းခဲ့ပြီး အရေးပါတဲ့  စစ်ရေး ၊ နိုင်ငံရေး ၊ စီးပွားရေးဆိုင်ရာ ပေါ်လစီတွေကို  ကိုင်တွယ်ခိုင်းခြင်းမရှိပဲ လမ်းဖေါက် ၊ တံတားဆောက် စတဲ့လုပ်ငန်းတချို့ကိုသာ  ကြီးကြပ်စေခဲ့တာကြောင့်  ဗိုလ်ချုပ်ကြီးသန်းရွှေ က ဗိုလ်ချုပ်မှူးကြီးစောမောင် နဲ့ ဦးနေဝင်းတို့ အပေါ် အငြိုးအတေးထားခဲ့ကြောင်း သိရှိရပါတယ် ။


     ဗိုလ်ချုပ်ကြီးသန်းရွှေ ရဲ့ မကျေနပ်မှုတွေကို  ရိပ်မိလာတဲ့ ဗိုလ်ချုပ်ခင်ညွန့်က   နဝတအတွင်း စည်းလုံးညီညွတ်ရေးကို ရှေ့ရှုပြီး  ဗိုလ်ချုပ်ကြီးသန်းရွှေ ကို နဝတစစ်ကောင်စီရဲ့  ဒုတိယဥက္ကဌအဖြစ်  ခန့်အပ်တာဝန်ပေးဖို့  ဗိုလ်ချုပ်မှူးကြီးစောမောင်ကိုအကြိမ်ကြိမ် နားချစည်းရုံးခဲ့တာကြောင့်  ဗိုလ်ချုပ်မှူးကြီးစောမောင်က ၁၉၉ဝ ပြည့်နှစ်  အစောပိုင်းရောက် မှ ဗိုလ်ချုပ်ကြီး သန်း

ရွှေကို နဝတ ဒုတိယဥက္ကဌအဖြစ် ခန့်အပ်တာဝန်ပေးခဲ့ပါတယ် ။ ဒါပေမယ့် အ ငြိုးအတေးကြီးတဲ့ ဗိုလ်ချုပ်သန်းရွှေ ဟာ ဗိုလ်ချုပ်မှူးကြီးစောမောင်ရဲ့ ခြေလှမ်းအမှားကို  စောင့်ဆိုင်းရင်း ဆင်ကြံကြံ  နေခဲ့ပါတယ် ။  ဗိုလ်ချုပ်ကြီး သန်းရွှေ ဟာ နေရာတကာ သူ့လက် သူ့ခြေ ဖြစ်နေတဲ့  ဗိုလ်ချုပ်ခင်ညွန့်ကိုလည်း သိပ်ကြည့်မရပေမဲ့   စစ်ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ခင်ညွန့်ဟာ ရှစ်လေးလုံး အရေးအခင်းကာလအတွင်း အဖျက်အမှောင့်လုပ်ငန်းတွေကို လျို့ဝှက်လုပ်ကိုင်ပြီး စစ်အာသိမ်းဖို့  အခြေအနေတွေပေါ်ပေါက်လာအောင် ဖန်တီးလုပ်ဆောင်ပေးခဲ့သူ  ဖြစ်နေတာကြောင့် တချိန်ချိန်မှာ သူ့အတွက်လည်း အသုံးဝင်လာနိုင်တယ် ဆိုတဲ့ အတွေးနဲ့ အချိုသတ် ဆက်ဆံထားဖို့  ဆုံးဖြတ်ခဲ့ပုံရပါတယ် ။


     ဗိုလ်ချုပ်မှူးကြီးစောမောင်ဟာ  ၁၉၉ဝ အထွေထွေရွေးကောက်ပွဲမှာ  တစညပါတီ    အနိုင်ရမယ်ထင်ပြီး ရွေးကောက်ပွဲပြီးရင် တပ်မတော်က စစ်တပ်လျားကို ပြန်မယ်လို့  အာချောင်မိခဲ့ပါတယ် ။  ဒါပေမဲ့ စီစဉ်ထားသလိုဖြစ်မလာဘဲ  NLD ပါတီက အပြတ်အသတ် အနိုင်ရရှိသွားတဲ့အခါ   ဗိုလ်ချုပ်ကြီး သန်းရွှေ ဦးဆောင်တဲ့   သဘောထားတင်းမာသူ နဝတ ဗိုလ်ချုပ်တွေက လွှတ်တော်ခေါ်ပေးဖို့ ကိစ္စနဲ့ NLD ပါတီကို  အာဏာလွှဲပေးဖို့ ကိစ္စတွေအပေါ်အပြင်းအထန် ဆန့်ကျင် ကန့်ကွက်ခဲ့ကြပါတယ် ။ NLD ပါတီက သူတို့ အာဏာရခဲ့ရင် မြန်မာ့တပ်မတော်ကို ပြုပြင်ပြောင်းလဲရေး ပြုလုပ်ဖို့ ၊  ဗိုလ်မှူးကြီးနဲ့အထက်တပ်မတော် အရာရှိကြီးတွေကို  ဖယ်ရှားသန့်စင်ပစ်ဖို့  စီစဉ်နေကြောင်း တစိတ်ကိုတအိပ်လုပ်ပြီး တပ်မတော်အတွင်းမှာ သွေးထိုးလှုံ့ဆော်မှုတွေ ကိုလည်းပြုလုပ်ခဲ့ကြပါတယ် ။


     ဘေးကျတ်နံကျတ် အခြေအနေတွေနဲ့  ရင်ဆိုင်လာရတဲ့  အာဏာသိမ်း စစ်ခေါင်းဆောင်  ဗိုလ်ချုပ်မှူးကြီး စောမောင် ဟာ စိတ်ထွက်ပေါက်ရှာတဲ့အနေနဲ့ အရက်ကို နေ့ရောညပါ  သောက်လာခဲ့ရာက နောက်ဆုံးမှာ  စိတ်ဝေဒနာပါ စွဲကပ်လာပြီး မိန့်ခွန်းချွေရာမှာ အမှားအယွင်းတွေ  ဖြစ်ပေါ်လာခဲ့ပါတယ် ။ အကွက်ကောင်းကိုချောင်းနေတဲ့  ဗိုလ်ချုပ်ကြီးသန်းရွှေဟာ  ဗိုလ်ချုပ်မှူးကြီးစောမောင်ရဲ့ မိန့်ခွန်းတွေကို  တလုံးမှ  ပြင်ဆင်တည်းဖြတ်ခြင်းမပြုဘဲ ရေဒီယိုနဲ့  ရုပ်မြင်သံကြားကနေ  ထုတ်လွှင့်ခိုင်းခဲ့ပြီး   ဗိုလ်ချုပ်မှူးကြီးစောမောင်ကို  ပြည်သူလူထုနဲ့ တပ်မတော်သားတွေအကြားမှာ ပညာသားပါပါနဲ့ သိက္ခာချဖို့ ကြိုးစားခဲ့ပါ တယ် ။ နောက်ဆုံးမှာ တပ်မတော်ဆေးညွှန်ကြားရေးမှူး  ဗိုလ်မှူးချုပ်ကျော်ဝင်း  (နောင်  အင်္ဂလန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်

ကြီး ) ဦးဆောင်တဲ့  သမားတော်ကြီးတွေကို စစ်ဆေးခိုင်းပြီး ဗိုလ်ချုပ်မှူးကြီး စောမောင်ရဲ့  ကျန်းမာရေးအခြေအနေ မကောင်းတော့ကြောင်း ဆေးထောက်ခံစာ   ရေးခိုင်းခဲ့ပါတယ် ။  ဗိုလ်ချုပ်ကြီး သန်းသန်းရွှေဟာ နဝတ စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့  စစ်အစိုးရအဖွဲ့ဝင် တွေကို ဒီဆေးစာပြပြီး ဗိုလ်ချုပ်မှူးကြီး စောမောင်ကို   အနားပေးဖို့ စည်းရုံးခဲ့တဲ့အပြင်  စစ်တိုင်းမှူးတဦးချင်းစီရဲ့  သဘောထားကိုလည်း ခေါ်ယူမေးမြန်းတာတွေ ပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ် ။


    အစစအရာရာ အကွက်စေ့အောင် ဖန်တီးနိုင်ခဲ့တဲ့   ဗိုလ်ချုပ်ကြီးသန်းရွှေဟာ  သူကိုယ်တိုင် လက် မှတ်ရေးထိုးထားတဲ့ နဝတ ကြေ ငြာချက်အမှတ်  ၈ / ၉၂ ကို  ၁၉၉၂ ခုနှစ် ၊ ဧပြီလ ( ၂၃ ) ရက်နေ့ ရက်စွဲနဲ့  ထုတ်ပြန်ခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး စောမောင် ကို တာဝန်အရပ်ရပ်က အနားပေးကြောင်း  ကြေ ငြာခဲ့ပါတယ် ။  “ နိုင်ငံတော်၏  မြားမြောင်ကြီးလေးလှသော  အလုပ်တာဝန်များ၏

ဒဏ်ကြောင့်  ဗိုလ်ချုပ်မှူးကြီးစောမောင်၏  ကျန်းမာရေးသည် အနားမယူလျှင် မဖြစ်တော့သည့် အခြေအနေအထိ ချို့ယွင်းလာ သဖြင့် တာဝန်များ ပြန်လည်ထမ်းဆောင်နိုင်သော ကျန်းမာရေးအခြေအနေသို့ ရောက်ရှိသည်အထိ အနားယူနေရန် ကျွမ်းကျင်သော ဆရာဝန်ကြီးများက အကြံပြု ထောက်ခံ တင်ပြလာပါသည် ။ အထက်ပါ ဆရာဝန်ကြီးများ၏ အကြံပြုထောက်ခံချက်ကို

နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အစည်းအဝေးတွင်တင်ပြပြီး  ဗိုလ်ချုပ်မှူးကြီး စောမောင်အား အနားယူစေရန် ဆုံးဖြတ်လိုက်ကြောင်း ကြေ ငြာအပ်ပါသည် ။ ” ဆို ပြီး  ဗိုလ်ချုပ်ကြီးသန်း‌ရွှေ က ဗိုလ်ချုပ်မှူးကြီးစောမောင်  ကို   ပညာသားပါပါ ဖယ်ရှားပစ်ပြီး အာဏာသိမ်းခဲ့ပါတယ် ။  နဝတ အတွင်းရေးမှူး ( ၁ )  ဗိုလ်ချုပ်ခင်ညွန့် ကလည်း  အဲဒီနေ့ ရက်စွဲနဲ့   နဝတ ကြေ ငြာချက် အမှတ် ၉ / ၉၂ ကို  ထုတ်ပြန်ခဲ့ပြီး နဝတဥက္ကဌနေရာကို ယခုအချိန်ကစပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ က ဆက်လက် တာဝန်ယူ သွားမှာဖြစ်ကြောင်း ကြေ ငြာခဲ့ပါတယ် ။ ( တကယ်တော့ ဗိုလ်ချုပ်ကြီး သန်းရွှေ ဟာ  ဧပြီလ ( ၂၂ ) ရက်နေ့ ကတည်းက ကာကွယ်ရေးဦးစီးချုပ် တာဝန်ကို စတင်ထမ်းဆောင်နေပြီ ဖြစ်ပါတယ် ။ )


       ဒီဖြုတ်ထုတ်အာဏာသိမ်းပွဲကို ဗိုလ်ချုပ်ကြီး သန်းရွှေ နဲ့ ဗိုလ်ချုပ်ခင်ညွန့် တို့ ပူးပေါင်း လုပ်ကိုင်ခဲ့ကြတာ ဖြစ်နိုင်ပါတယ် ။ သူ့ အထက်ကဗိုလ်ချုပ်တွေကို ရှင်းထုတ်ပစ်ပြီး တဖြေးဖြေးနေရာယူဖို့ ကြံစည်နေတဲ့ မျှော်မှန်းချက်ကြီးမားသူ စစ်ထောက်လှမ်း ရေးအကြီးအကဲ  ဗိုလ်ချုပ်ခင်ညွန့် နဲ့   ဗိုလ်ချုပ်ကြီး သန်းရွှေ တို့ ဟာ   ကိုယ့်အကြံအစီနဲ့ကိုယ် ပူးပေါင်းလုပ်ခဲ့ကြတာ ဖြစ်ပါတယ် ။ ဗိုလ်ချုပ်မှူးကြီး စောမောင်အပေါ် သစ္စာဖောက်ပြီး နောက်ကျောကိုဓားနဲ့ထိုးခဲ့ကြတဲ့  ဗိုလ်ချုပ်ကြီး သန်းရွှေ နဲ့  ဗိုလ်ချုပ်ခင်ညွန့် တို့ကို  ဗိုလ်ချုပ်မှူးကြီးစောမောင်ရဲ့ ဇနီး   ဒေါ်အေးအေးရီ က ခံပြင်းဒေါသထွက်ပြီး ကာကွယ်ရေးဦးစီးချုပ်ရုံးပေါ်အထိ တက်ဆဲ ခဲ့တာကိုလည်း အဲဒီအချိန်က ရန်ကုန်စစ်ရုံးချုပ်မှာ တာဝန်ကျနေသူတိုင်း သိရှိခဲ့ကြတယ်လို့ ဆိုပါတယ် ။


     ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဟာ ကာကွယ်ဦးရေးဦးစီးချုပ်ဖြစ်လာတာနဲ့  တပြိုင်နက် သူ့ရဲ့ အနေအထားကို ခိုင်မာအောင် စတင်တည်ဆောက်ခဲ့ပါတယ် ။ သူ ပထမဆုံး လုပ်ခဲ့တဲ့ အလုပ်ကတော့ စစ်ရုံးချုပ်နဲ့   ဗိုလ်ချုပ်ခင်ညွန့် ရဲ့  စစ်ထောက်လှမ်းရေးဌာန တွေမှာ  “ သူ့လူတွေ ”  ကို နေရာချထားလာခြင်း  ဖြစ်ပါတယ် ။ သူ တပ်မ ( ၈၈ ) တပ်မှူးအဖြစ် ထမ်းဆောင်ခဲ့စဉ်က စစ်ဦးစီးမှူး ( ဒုတိယတန်း ) အဖြစ်နဲ့ သူ့လက်အောက် မှာ တာဝန်ထမ်းဆောင်ခဲ့ဘူးတဲ့  ဒုဗိုလ်မှူးကြီး ကျော်ဝင်း  ( မန္တလေး  အမှတ် ( ၁ ) စစ်ထောက်လှမ်းရေးတပ်မှူး ) ကို   မေလအတွင်းမှာ ရန်ကုန်စစ်ရုံးချုပ်ကိုခေါ်ယူခဲ့ပြီး တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံးမှာ  ဒုတိယညွှန်ကြားရေးမှူးအဖြစ်နဲ့ ခန့်အပ်ကာ  ဗိုလ်ချုပ်ခင်ညွန့် ကို  ထိမ်းချုပ်နိုင်ဖို့  စတင်ကြိုးပမ်းခဲ့ပါတယ် ။


ဒါ့အပြင်  မိန်းမကိစ္စရှုတ်ထွေးမှုတွေကြောင့်  ဗိုလ်ချုပ်မှူးကြီး စောမောင်က  အပြစ်ပေးတဲ့အနေနဲ့  စစ်ရုံးချုပ်ကနေ  ယာယီ  နှင်ထုတ်ထားတဲ့ သူ့တပည့်ရင်း ဗိုလ်ချုပ်တင်ဦး ( အတွင်းရေးမှူး ၂ ) နဲ့  ဗိုလ်မှူးကြီး ခင်မောင်သန်း ( စစ်ဦးစီးမှူး  ပထမတန်း ) တို့ကိုလည်း စစ်ရုံးချုပ်ကို ပြန်လည်ခေါ်ယူ တာဝန်ပေးအပ်ခဲ့ပါတယ် ။  ဗိုလ်မှူးကြီး ခင်မောင်သန်းကို တပ်မ ( ၁၁ ) တပ်မမှူးအနေ နဲ့    ခန့်အပ်တာဝန်ပေးခဲ့တာဖြစ်ပေမဲ့  ဗိုလ်ချုပ်မှူးကြီး သန်းရွှေ က  သူ့ အနီးမှာ ခေါ်ယူထားပြီး  စစ်ရုံးချုပ်ကနေ တပ်မ ( ၁၁ )ကို ကွပ်ကဲစေခဲ့ပါတယ် ။ သူ့ရဲ့ လုံခြုံရေးအတွက် အကာအကွယ်ရအောင် တပ်မ ( ၁၁ ) မှူးကို အနားမှာ ခေါ်ယူထားခဲ့ခြင်း ဖြစ်နိုင်ပါတယ် ။ နောက်ပိုင်းမှာ ဗိုလ်ချုပ်မှူးကြီးစောမောင် ရဲ့    လူတွေအားလုံးကို စစ်ရုံးချုပ်ကဖယ်ရှားပစ်ခဲ့ပြီး သူ့လူတွေနဲ့ အစားထိုးခဲ့ပါတယ် ။


     ယုတ်စွအဆုံး ဗိုလ်ချုပ်သန်းရွှေ  နတခ တိုင်းမှူးဘဝနဲ့ ပုသိမ်မြို့ မှာ  တာဝန်ထမ်းဆောင်ခဲ့စဉ်က တိုင်းမှူးကတော် ဒေါ်မကြိုင် ရဲ့ စကားကို မြေဝယ်မကျ နားထောင်ခဲ့ကြတဲ့ ဗိုလ်မှူးနေဝင်းက နိုင်ငံတော်သမ္မတရဲ့ စစ်ဘက်လက်ထောက် ဗိုလ်ချုပ် နေဝင်း ဖြစ်လာပြီး ။  ဗိုလ်မှူးဆန်းဆင့်  က စစ်ရာထူးခန့်ချုပ်   ဗိုလ်ချုပ်ဆန်းဆင့် ။ တိုင်းမှူးရဲ့ အိမ်တော်စောင့် လုံခြုံရေးအရာရှိ ဗိုလ်ကြီး လှအောင်သိန်း  က ခြေလျင်လည်းမဆင်း ။ စစ်လည်းမတိုက်ရဘဲ  သူရဲကောင်းမှတ်တမ်းဝင်တံဆိပ် ချီးမြှင့်ခံရပြီး စစ်ရုံးချုပ်စခန်းမှူး ဗိုလ်ချုပ်လှအောင်သိန်း ဖြစ်လာကြကြောင်း တင်ပြလိုက်ရပါတယ် ။



ဒီမိုကရေစီနှင့်ဖွံ့ဖြိုးတိုးတက်ရေးအင်အားစု                                           

သုတေသန နှင့် မှတ်တမ်းတင်ဌာန

Wednesday, August 5, 2020

ကြပ်ပြေး နန်းတွင်းအရှုပ်တော်ပုံ အမှတ် ( ၁ )


“ ကြပ်ပြေး နန်းတွင်းအရှုပ်တော်ပုံ  အမှတ် ( ၁ ) ”

    နအဖစစ်အစိုးရအတွင်း  အပြောင်းအလဲတချို့ကို  နအဖ စစ်ကောင်စီကဇွန်လ( ၂ဝ ) ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန် ကြေညာခဲ့ပါတယ် ။  ကာကွယ်ရေးဦးစီးချုပ် ( ရေ ) ဒုတိယဗိုလ်ချုပ်ကြီး စိုးသိန်းကို အမှတ် ( ၂ ) စက် မှုဝန်ကြီး ဌာန  ဝန်ကြီးအဖြစ် ပြောင်းလဲခန့်အပ်ခဲ့ပြီး အမှတ် ( ၂ ) စက် မှုဝန်ကြီးဌာနဝန်ကြီး ဗိုလ်ချုပ်စောလွင် ကိုတော့လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဝန် ကြီး ဌာန ဝန်ကြီး အဖြစ်ပြောင်းလဲ ခန့်အပ်ကြောင်း နအဖစစ်ကောင်စီ အတွင်းရေးမှူး ( ၁ ) ဒုတိယဗိုလ်ချုပ်ကြီးသီဟ သူရ တင်အောင်မြင့်ဦးရဲ့ လက် မှတ်နဲ့ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ် ။ တချိန်တည်းလောက် မှာပဲ မြန်မာ့တပ်မတော်ရဲ့ ထိပ်ပိုင်း ရာထူးတချို့မှာလည်းအပြောင်းအလဲတွေ ပြုလုပ်ခဲ့တာ တွေ့ရပါတယ် ။ ဒါပေမဲ့  တပ်မတော်အတွင်းကအပြောင်းအလဲတွေကိုတော့ နအဖစစ်အစိုးရက တရားဝင် ထုတ်ပြန်လေ့မရှိပါဘူး ။

    အစိုးရအဖွဲ့ဝင်တွေနဲ့ အရပ်ဘက်ဝန်ထမ်းအကြီးအကဲတွေရဲ့ ခန့်အပ် ၊ ပြောင်းလဲ ၊ ထုတ်ပယ်မှုတွေကို အစိုးရ ဂေဇက် ( Gazette ) တွေမှာ ဖေါ်ပြကြေညာပေးရတဲ့သဘောသဘာဝရှိပေမဲ့  တပ်မတော်အတွင်းက ခန့်အပ် ၊ ပြောင်းလဲ ၊ ထုတ်ပယ်မှုတွေကိုတော့ MS Order အနေနဲ့  တပ်မတော်အတွင်းမှာသာ  ကန့်သတ်ပြီး  ထုတ်ပြန်လေ့ရှိတာကို တွေ့ရပါ တယ် ။

     အခုတစ် ကြိမ်ပြုလုပ်ခဲ့တဲ့   နအဖတပ်တွင်းကအပြောင်းအလဲတွေမှာ  နအဖ စစ်ကောင်စီအဖွဲ့ဝင် ထိပ်တန်း ဒုတိယ ဗိုလ်ချုပ်ကြီး ( ၅ ) ဦးကို တာဝန်တွေက အနားပေးလိုက်ပြီး ဒုတိယဗိုလ်ချုပ်ကြီး တစ်ဦးကိုတော့  ဝန်ကြီး အဖြစ် ပြောင်းရွှေ့ခန့်အပ်ခဲ့တာ တွေ့ရပါတယ် ။ လက်ရှိတာဝန်တွေက အနားပေးခံခဲ့ရတဲ့ ဒုတိယဗိုလ်ချုပ်ကြီး တွေကတော့ ကာကွယ်ရေးဝန်ကြီးဌာန အမှတ် ( ၁ ) စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့် ။ အမှတ် ( ၂ ) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဝင်း ။ အမှတ်( ၃ ) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်မောင်သန်း ။  တပ်မတော်စစ်ဆေးရေးအရာရှိချုပ် ( ကြည်း ၊  ရေ ၊ လေ ) ဒုတိယဗိုလ်ချုပ်ကြီး မောင်ဘို ။ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်  ဒုတိယဗိုလ်ချုပ်ကြီးအောင်ထွေး တို့ဖြစ်ကြပြီး ဝန်ကြီးအဖြစ်နဲ့ ပြောင်းရွှေ့တာဝန်ပေးခံရသူကတော့ကာကွယ်ရေးဦးစီးချုပ် ( ရေ ) ဒုတိယဗိုလ်ချုပ်ကြီး စိုးသိန်း  ဖြစ်ပါ တယ် ။

    သူတို့ရဲ့ နေရာတွေမှာစစ်တိုင်းမှူး ( ၅ ) ဦးနဲ့ စစ်ဦးစီးအရာရှိချုပ် ( ရေ )  တို့ကို ချက်ချင်းအစားထိုး ခန့်အပ်ခဲ့တာကိုလည်းတွေ့ရှိရပါတယ် ။  မပခ တိုင်းမှူး ဗိုလ်ချုပ် အုန်းမြင့် ။ ရမခ တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ် ။ တဂခ တိုင်းမှူး  ဗိုလ်ချုပ် မင်းအောင်လှိုင် ။ တပခတိုင်းမှူး ဗိုလ်ချုပ်ကိုကို  တို့ကို ကစထမှူးတွေအဖြစ် အစားထိုးခန့်အပ်ခဲ့ပြီး ရကခ တိုင်းမှူး ဗိုလ်ချုပ် လှဌေးဝင်းကို တပ်မတော် လေ့ကျင့်ရေးအရာရှိချုပ် ။  နပခ တိုင်းမှူး ဗိုလ်ချုပ်မောင်ရှိန်  ကို   တပ်မတော် စစ်ဆေးရေးအရာရှိချုပ် ( ကြည်း ၊ ရေ ၊ လေ ) အဖြစ်နဲ့ အစားထိုး ခန့်အပ်ခဲ့ကြောင်း  သိရှိရပါတယ် ။ စစ်ဦးစီးအရာရှိချုပ် ( ရေ ) ဗိုလ်ချုပ်ဉာဏ်ထွန်း ကိုလည်း ကာကွယ် ရေးဦးစီးချုပ် ( ရေ ) အဖြစ် အစားထိုးခန့်အပ်ခဲ့တာ တွေ့ရပါတယ် ။

     လစ်လပ်သွားတဲ့ စစ်တိုင်းမှူးတွေရဲ့ နေရာတွေကိုလည်း တပ်မမှူးတွေ ၊ စစ်ကျောင်းအုပ်ကြီးတွေ ၊  ဆေးတပ်မှူးတွေနဲ့ ချက်ချင်း အစားထိုးခဲ့တာ တွေ့ရပါတယ် ။ တပ်မတော် ( ကြည်း ) တိုက်ခိုက်ရေးသင်တန်းကျောင်း ( ဗထူးတပ်မြို့ ) ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် စိုးဝင်း ကို မပခ တိုင်းမှူး ။ တပ်မတော် ဆေးတက္ကသိုလ် ပါမောက္ခချုပ်  ဗိုလ်မှူးချုပ်ရာပြည့် ကို ရပခ တိုင်းမှူး ။ ဦးစီးအရာရှိ  တက္ကသိုလ် ( ကလော ) ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ကျော်ဖြိုး ကို တဂခ တိုင်းမှူး ။  တပ်မ ( ၇၇ ) တပ်မမှူး ဗိုလ်မှူးချုပ် ဝင်းမြင့် ကို ရကခ တိုင်းမှူး ။  တပ်မ ( ၁၁ ) တပ်မမှူး ဗိုလ်မှူးချုပ် လှမင်း ကို တပခ တိုင်းမှူး စသည်ဖြင့်  အစားထိုးခန့်အပ် တာဝန် ပေးခဲ့ကြောင်း သိရှိရပါတယ် ။ ( ရပခ တိုင်းမှူး  ဗိုလ်ချုပ်သောင်းအေးကို နပခ သို့  ပြောင်းရွှေ့ခဲ့သည် ။ )

    ဆင့်ကဲဆင့်ကဲ လစ်လပ်သွားတဲ့ နေရာတွေကိုလည်း အစားထိုး ခန့်အပ်မှုတွေ ပြုလုပ်ခဲ့ရတဲ့အတွက် ဗိုလ်ချုပ်မှူးကြီး ( ၁ ) ဦး ။ ဒုတိယဗိုလ်ချုပ်မှူးကြီး ( ၁ ) ဦး ။ ဗိုလ်ချုပ်ကြီး ( ၂ ) ဦး ။ ဒုတိယဗိုလ်ချုပ်ကြီး ( ၁၂ ) ဦး ( ဒုတိယဗိုလ်ချုပ်ကြီး လစာကို စားနေပြီဖြစ်သော ဗိုလ်ချုပ်သာအေး ။ ဗိုလ်ချုပ်ခင်ဇော် နှင့်  ဗိုလ်ချုပ် သူရမြင့်အောင် တို့ မပါသေးပါ ) ။  ဗိုလ်ချုပ်  ( ၅ဝ ) ကျော် ။ ဗိုလ်မှူး ချုပ် ( ၁ဝဝ ) ကျော် ။ ဗိုလ်မှူးကြီး ၃၄ဝ ကျော် ။  ဒုတိယဗိုလ်မှူးကြီး ၁၃ဝဝ ကျော်လောက်ရှိတဲ့ မြန်မာ့တပ်မတော်အတွင်းမှာ အနည်းဆုံး အရာရှိ ( ၂ဝဝ )  ကျော်လောက်ကိုအပြောင်းအလဲတွေ ပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ် ။ နအဖ စစ်ကောင်စီ ၊ နအဖ
စစ်အစိုးရနဲ့ နအဖတပ်မတော်အတွင်းမှာ နောက်ထပ်အပြောင်းအလဲတွေ ဆက်လက် ဖြစ်ပေါ်နိုင်တဲ့ အလားအလာ ရှိပါတယ် ။

    နအဖ တပ်တွင်းက ဒီအပြောင်းအလဲတွေဟာ မကြာခင်ကမှ ပြုလုပ်ခဲ့တဲ့   နအဖစစ်ကောင်စီရဲ့ ၂ဝဝ၈  ခုနှစ် ပထမ လေးလပတ် အစည်းအဝေးအပြီးမှာ ပေါ်ထွက်လာတာဖြစ်ပါတယ် ။ ဒီနှစ်အစောပိုင်းမှာ  ပြုလုပ်ရမဲ့  ၂ဝဝရ ခုနှစ်အတွက် နအဖ စစ်ကောင်စီရဲ့ တတိယလေးလပတ်အစည်းအဝေးကို ပုံမှန်အတိုင်း ကျင်းပမပြုလုပ်နိုင်ခဲ့တာကို ထောက်ရှုခြင်းအားဖြင့် နအဖ တပ်တွင်း  နေရာအပြောင်းအရွှေ့ ကိစ္စတွေနဲ့ပတ်သကပြီး စစ်ကောင်စီအတွင်းမှာ  မကျေလည်မှုတွေ ရှိနေနိုင်တယ်လို့ ယူဆရပါတယ် ။ တာဝန်ကနေ  အနားပေးခံလိုက်ရတဲ့ နအဖစစ်ကောင်စီအဖွဲဏ္ဍဝင် ဒုတိယဗိုလ်ချုပ်ကြီး ( ၆ ) ဦးလုံးဟာ အမြင့်ဆုံး အာဏာပိုင်အဖွဲ့အစည်းဖြစ်တဲ့ အဖွဲ့ဝင် ( ၁၉ ) ဦးပါ  စစ်ကောင်စီကလည်း နှုတ်ထွက်ပေးလိုက်ရပြီလို့ ယူဆရပါတယ် ။

    ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဟာ  တပ်မတော်ကနေအနားမယူခင် သူ့ရဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နေရာကို ဆက်ခံမဲ့သူနဲ့ တပ်မတော်ရဲ့ ထိပ်တန်းရာထူးကြီး တွေကို ဆက်ခံရမဲ့သူတွေကို  အထူးသတိထားပြီး ရွေးချယ်နေပုံရပါတယ် ။ သေချာတဲ့ အချက်တစ်ခုကတော့ လက်ရှိ  ဒုတိယကာကွယ်ရေးဦးစီးချုပ်ဖြစ်တဲ့  ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးကို သူ သက်ရှိထင်ရှားရှိနေသရွေ့ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ပေး ခန့်အပ်မှာ မဟုတ်ဘူးဆိုတဲ့  အချက်ဖြစ်ပါတယ် ။  ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနေနဲ့ သူယုံကြည်စိတ်ချသူတွေကို   သူ့ရဲ့နေရာနဲ့ တပ်မတော်ရဲ့ ထိပ်ပိုင်းရာထူးတွေမှာ  တာဝန်ပေးခန့်အပ်ပြီးရင် သူနဲ့အတူ ဒုတိယဗိုလ်ချုပ်မှူးကြီး  မောင်အေး ။ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် ။ အတွင်းရေးမှူး ( ၁ )နဲ့ စစ်ထောက်ချုပ်ဒုဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦး ။ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ် ဒုဗိုလ်ချုပ်ကြီး  တင်အေး ။ ကာကွယ်ရေးဦးစီးချုပ် ( လေ ) ဒုဗိုလ်ချုပ်ကြီး  မြတ်ဟိန်း  တို့ကိုပါ  တပ်မတော်အတွင်းက  ဆွဲပြီးခေါ်ထုတ်သွားမှာ သေချာနေပြီဖြစ်ပါတယ် ။ (  ၁၉၈၈ ခုနှစ် ၊ ဇူလိုင်လအတွင်း ကျင်းပပြုလုပ်ခဲ့သည့် မဆလပါတီ၏ အရေးပေါ် ပါတီညီလာခံတွင် စစ်အာဏာရှင်ကြီး  ဦးနေဝင်းက သူနဲ့အတူ  ဦးစန်းယု ။ ဦးအေးကို နှင့်  ဦးကျော်ထင် တို့ကိုပါ   ဆွဲခေါ်သွားသလိုမျိုး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကလည်း ဒုတိယ ဗိုလ်ချုပ် မှူးကြီး မောင်အေးကို ခါးဖက်ပြီး သူနဲ့အတူ ဆွဲခေါ်သွားရန်  ကြံစည်နေသည်ဟု ယူဆရပါသည် ။ )

    ဗိုလ်ချုပ်မှူးကြီး သန်း‌ရွှေ ဟာ သူ့ရဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နေရာကို   ဆက်ခံမဲ့သူအဖြစ်ဗိုလ်ချုပ်သူရ ရွှေမန်းကို ၂ဝဝ၁  ခုနှစ်ကတည်းက စတင်ရွေးချယ် သတ်မှတ်ခဲ့တာ တွေ့ရပါတယ် ။ DSA  အပတ်စဉ် ( ၁၁ ) ကျောင်းဆင်း နတခ တိုင်းမှူးဗိုလ်ချုပ်သူရ ရွှေမန်း ကို ၂ဝဝ၁ ခုနှစ် ၊ နိုဝင်ဘာ ( ၁၅ ) ရက်နေ့မှာကာကွယ်ရေး ဦးစီးချုပ်ရုံးကို  ခေါ်ယူခဲ့ပြီး ( ညှိနှိုင်းကွပ်ကဲ ရေးမှူး - ကြည်း ၊ ရေ ၊ လေ ) အဖြစ် ရာထူးသစ် တစ်ခု တီထွင်ဖန်တီး တာဝန်ပေးခဲ့တဲ့အပြင် ၂ဝဝ၂ခုနှစ် ၊ စက်တင်္ဘာလမှာ ဒုတိယ ဗိုလ်ချုပ်ကြီး ။ ၂ဝဝ၃ ခုနှစ် ၊ ဩဂုတ်လမှာ  ဗိုလ်ချုပ်ကြီး အဖြစ် ရာထူးတွေကို   တဆင့်ပြီးတဆင့် တိုးမြှင့်ပေးအပ်ခဲ့တာ တွေ့နိုင်ပါ တယ် ။ ဗိုလ်ချုပ်ကြီး ရွှေမန်း  ဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ရဲ့ ငယ်တပည့်ရင်းတစ်ဦး မဟုတ်ပေမဲ့ လူရိုးလူအေး  တစ်ဦးဖြစ်တဲ့အပြင်အထက်က ခိုင်းတဲ့အတိုင်း လုပ်ကိုင်တတ်သူ ဖြစ်တာကြောင့် သူ့ ကို  ဗိုလ်ချုပ်မှူးကြီး သန်းရွှေ  က လက်သပ်မွေးဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်နိုင်ပါတယ် ။  ( ဗိုလ်ချုပ်ရွှေမန်း ရဲ့ ဇနီး ဒေါ်ခင်လေးသက်ကဗိုလ်ချုပ်မှူးကြီး ကတော်ဒေါ်ကြိုင်ကြိုင် နဲ့ သားသမီးတွေရဲ့ ဝတ်ကြီး ဝတ်ငယ်တွေကို နေ့စဉ်ဝင်ထွက် ပြုစုပေးနေတဲ့အတွက် ဒေါ်ကြိုင်ကြိုင် ရဲ့ ညွှန်ကြားချက်အရ  ဗိုလ်ချုပ်မှူးကြီး သန်းရွှေ က ဗိုလ်ချုပ်ရွှေမန်း ကို  အခုလို ချီးမြှင့်မြှောက်စားခဲ့တာဖြစ်တယ်လို့ ဗိုလ်ချုပ်ကတော်အသိုင်းအဝိုင်းမှာ  ပြောဆိုနေကြတာတွေတော့ ရှိပါတယ်။ )

    တပ်မတော်ကာကွယ်ရေးဦးစီးချုပ် သို့မဟုတ် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် ဗိုလ်ချုပ်ကြီး ရွှေမန်းနဲ့ အတူ ယှဉ်တွဲလျာထားခံရသူ တစ်ဦးကတော့ DSA အပတ်စဉ်( ၁၅ ) ကျောင်းဆင်း အမှတ်( ၅ ) အထူးစစ်ဆင်ရေးအဖွဲ့မှူး ဒုဗိုလ် ချုပ်ကြီး မြင့်​ေဆွ ဖြစ်ကြောင်း သိရှိရပါတယ် ။    ဒုဗိုလ်ချုပ်ကြီး မြင့်ဆွေကတော့ ဗိုလ်ချုပ်မှူးကြီး ကတော် ဒေါ်ကြိုင်ကြိုင် နဲ့ ဆွေမျိုး တော်စပ်တဲ့အတွက် တပ်မ ( ၁၁ ) တပ်မမှူး ။ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ။  တပ်မတော်စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ် စတဲ့ ရာထူးတွေကို အလွယ်တကူ ရရှိခဲ့တဲ့အပြင် ၂ဝဝ၅ ခုနှစ် ၊အောက်တိုဘာလမှာ ဒုဗိုလ်ချုပ်ကြီး အဆင့်  တိုးမြှင့်ပေးတာကို ခံခဲ့ရပါတယ် ။  ဗိုလ်ချုပ်မှူးကြီးသန်းရွှေ က ဗိုလ်ချုပ်ကြီး သူရရွှေမန်းကို သူ့နေရာဆက်ခံဖို့ မူလကလျာထားခဲ့ပေမဲ့ အခုအချိန်မှာ ဗိုလ်ချုပ်ကြီး သူရရွှေမန်းရဲ့ အသက်က ( ၆ဝ ) ကျော်နေပြီဖြစ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နေရာအတွက်  ဒုတိယဗိုလ်ချုပ်ကြီး  မြင့်ဆွေက အလားအလာ  ပိုကောင်းနေကြောင်း ။  ဒါကြောင့် ရန်ကုန် စီးပွားရေးလောကအသိုင်းအဝိုင်းက    ဒုဗိုလ်ချုပ်ကြီး  မြင့်ဆွေနဲ့ ပိုရင်းနှီးအောင် ကြိုး စားနေကြောင်းကြားသိရပါတယ် ။

    အသက်အရွယ် ကြီး ရင့်နေပြီဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး  သန်းရွှေ အနေနဲ့ မြန် မာ့တပ်မတော်ကို  ကန့်လန့်ကာ နောက်ကွယ် က ဆက်လက် ကြိုးကိုင်နိုင်ဖို့ ကြိုးပမ်းအားထုတ်ရာမှာ မဆလစစ်အာဏာ ရှင်ဟောင်း ဗိုလ်ချုပ်ကြီး နေဝင်း ၁၉၈၈ ခုနှစ်က ပြုလုပ်မိခဲ့တဲ့ အမှားမျိုး ထပ်မလုပ်မိအောင်  အထူးသတိထားပြီးလုပ်ဆောင်နေတာတွေ့ရပါတယ်။ တပ်မတော်ရဲ့ထိပ်တန်းရာထူးကြီး တွေကို ဆက်ခံမဲ့  မျိုးဆက်သစ်တပ်မှူးတွေကို သူ့ စိတ်ကြိုက် အချိန်ယူရွေးချယ်ပြီး ကာကွယ်ရေး ဦးစီးချုပ်ရုံးနဲ့ တိုင်း ၊ တပ်မတွေမှာ  နေရာချထားပေးနေတာ တွေ့ရပါတယ် ။ ၁၉၉ရ ခုနှစ် ၊နိုဝင်ဘာလအတွင်း နဝတ စစ်ကောင်စီအဖွဲဏ္ဍဝင် ဒုဗိုလ်ချုပ်ကြီး တစ်ဒါဇင်ကျော်ကို ဖြုတ်ထုတ်ဖယ်ရှားပစ်လိုက်တဲ့ အချိန်ကစလို့ မြန်မာ့တပ်မတော်တစ်ခုလုံးကို သူ့ စိတ်ကြိုက် ချယ်လှယ်ဖန်တီး ပုံသွင်းယူလာခဲ့တာ ဖြစ်ပါတယ် ။ သူ့ကို ခြေရာတိုင်းပြီး ကလန်ကဆန်လုပ်ဖို့  ကြိုးစားခဲ့တဲ့ ဗိုလ်ချုပ်ကြီး ခင်ညွန့် နဲ့ သူ့ရဲ့ စစ်ထောက်လှမ်းရေးတစ်ဖွဲ့လုံးကို  ၂ဝဝ၄ ခုနှစ် ၊ နှစ်ကုန်ပိုင်းမှာ မြေလှန်ရှင်းလင်းပစ်လိုက်တဲ့အချိန်ကစပြီး  တပ်ထဲမှာ သူ့ကို  မော်ကြည့်ရဲတဲ့သူ  တစ်ယောက် မှမရှိတော့တာ တွေ့ရပါတယ် ။

    တပ်မတော် ဒုတိယကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး  အနေနဲ့လည်း ၁၉၉၄ - ၉၅ - ၉၆ လောက် က တပ်မမှူးအဆင့်လောက်အထိ ပြောင်းရွှေ့ခန့်အပ်မှုတွေကို  ကိုယ့်သဘောနဲ့ကိုယ်  လုပ်ပိုင်ခွင့်ရှိခဲ့ပေမဲ့နောက်ပိုင်းမှာတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ရဲ့အတည်ပြုချက် မပါရင်  ဘာမှလုပ်လို့ မရတော့ကြောင်း သိရှိရပါတယ် ။ ဒီလိုအခြေအနေတွေကြောင့်
ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး  ကိုယ်တိုင်  ဖြုတ်ထုတ်ရှင်းတဲ့အထဲ ပါမသွားရအောင် အခြေအနေကိုကြည့်ပြီး ဗိုလ်ချုပ်မှူးကြီးသန်း‌ရွှေ ရုတ်တရက် သေဆုံးမဲ့ အချိန်ကို အရက်သောက်ရင်းနဲ့  ထိုင်စောင့်နေရတယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံးမှာ နှစ် အတန်ကြာ တာဝန်ထမ်းဆောင်ခဲ့ဘူးတဲ့တပ်မတော်အရာရှိတစ်ဦးက ပြောဆိုခဲ့ဘူးပါတယ် ။

    ဗိုလ်ချုပ်မှူး ကြီးသန်း‌ရွှေ ဟာ တပ်မတော်ရဲ့ ထိပ်ပိုင်းရာထူးတွေအတွက် မျိုးဆက်သစ် ဗိုလ်ချုပ်တွေကို မွေးမြူလာခဲ့ရာ မှာ အခုဆိုရင် ကာကွယ်ရေးဦးစီးချုပ်ရုံးမှာ  ဗိုလ်ချုပ်ကြီး ရွှေမန်း ။ ဒုဗိုလ်ချုပ်ကြီး မြင့်ဆွေ။ ဒုဗိုလ်ချုပ်ကြီး မြင့်လှိုင် ။   ဒုဗိုလ်ချုပ်ကြီးရဲမြင့် ( စရခ ) နဲ့  မကြာခင် ဒုဗိုလ်ချုပ်ကြီးတွေဖြစ်လာကြတော့့မဲ့  ဗိုလ်ချုပ်သာအေး ၊ ဗိုလ်ချုပ်ခင်ဇော်  ၊ ဗိုလ်ချုပ် သူရမြင့်အောင် တို့အပြင် အခုအသစ်ခန့်အပ်လိုက်တဲ့  ဗိုလ်ချုပ်အုန်းမြင့် ၊  ဗိုလ်ချုပ် အောင်သန်းထွဋ် ၊ ဗိုလ်ချုပ် မင်းအောင်လှိုင် ၊  ဗိုလ်ချုပ်လှဌေးဝင်း ၊ ဗိုလ်ချုပ် ကိုကို နဲ့  ဗိုလ်ချုပ် ဉာဏ်ထွန်း တို့  ရောက်ရှိနေကြပြီဖြစ်ပါတယ် ။ စစ်တိုင်း  ( ၁၃ ) တိုင်းမှာလည်း DSA အပတ်စဉ် ( ၂၂ ) ကျောင်းဆင်းတိုင်းမှူး ( ၇ ) ဦး ( ဗိုလ်ချုပ်ကျော်ဆွေ ၊ ဗိုလ်ချုပ်တင်ငွေ ၊ ဗိုလ်မှူးချုပ်စိုးဝင်း ၊ဗိုလ်မှူးချုပ်ရာပြည့် ၊  ဗိုလ်မှူးချုပ် ကျော်ဖြိုး ၊ဗိုလ်မှူးချုပ်ဝင်းမြင့် ၊ဗိုလ်မှူးချုပ်လှမင်း ) အပါအဝင် မျိုးဆက်သစ်  စစ်တိုင်းမှူးတွေနဲ့ အစားထိုးထားပြီး ဖြစ်သလို ၊တပ်မ( ၁ဝ ) ခု ၊ စကခ ( ၁၉ ) ခု နဲ့ ဒကစ ( ၇ ) ခု မှာလည်း မျိုးဆက်သစ်တပ်မှူးတွေနဲ့ အစားထိုးနေပြီဖြစ်ပါတယ် ။ ဒါ့အပြင်  စစ်ရုံးချုပ် အကူလက်ရုံးတပ်ဖွဲ့တွေနဲ့   တပ်မတော် ( လေ ) ။ တပ်မတော် ( ရေ ) တို့မှာလည်း မျိုးဆက်သစ်တပ်မှူးတွေနဲ့  အစားထိုးနေပြီ ဖြစ်ပါတယ် ။

    နအဖက နာဂစ်လေမုန်တိုင်း ဒဏ်ကြောင့် အတိဒုက္ခရောက်နေကြတဲ့  မြန်မာပြည်သူတွေကို မငဲ့ကွက်ပဲ သူတို့ စိတ်တိုင်းကျ ရေးဆွဲထားတဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို  အတင်းအကျပ် အတည်ပြုနိုင်ခဲ့ပေမဲ့ ၂ဝ၁၀ ရွေးကောက်ပွဲ  မတိုင်ခင်မှာ ရင်ဆိုင်ရမဲ့ စိမ်ခေါ်မှုတွေ အများအပြား ကျန်ရှိနေသေးတာကို တွေ့နိုင်ပါတယ် ။ မြန်မာ့တပ်မတော်ကို   ယုံကြည်စိတ်ချရတဲ့ မျိုးဆက်သစ်တပ်မှူးတွေရဲ့ လက်ထဲကို စနစ်တကျ လွှဲပြောင်းပေးနိုင်ရေး ။ ပါလီမန်အဆင့်ဆင့်နဲ့  ဗဟိုအစိုးရ ။ ပြည်နယ်အစိုးရ စတဲ့ အုပ်ချုပ်ရေးအဆင့်ဆင့်မှာ  စစ်ဗိုလ် ( ၂၅ ) ရာခိုင်နှုန်း  ပါဝင်နိုင်ဖို့အတွက်   တပ်ထဲမှာ သုံးမရမဲ့သူတွေကို  စီစစ်ရွေးချယ် စေလွှတ် နိုင်ရေး ။ ကြံ့ဖွံ့အသင်းကို အသွင်ပြောင်းဖွဲ့စည်းမဲ့ စစ်တပ်ပိုင် နိုင်ငံရေးပါတီကြီးမှာ တပ်မတော်ထဲက အိုပယ်တွေကို နေရာချထားပေးရေး ။ အနာဂါတ်မြန်မာနိုင်ငံရဲ့ စီးပွားရေးလောကကို တပ်မတော်အသိုင်းအဝိုင်းက ဆက်လက် လက်ဝါးကြီးအုပ်ထား နိုင်အောင် စနစ်တကျ ပြင်ဆင်ထားရှိနိုင်ရေးနဲ့  အပစ်ရပ် ၊ အပစ်မရပ်လက်နက်ကိုင်အဖွဲ့အစည်းတွေကို အချိန်မီ  လက်နက်ဖြုတ်သိမ်းနိုင်ရေး ၊ စတဲ့ကိစ္စတွေကို ဒီနှစ်တွေအတွင်းမှာ ပြီးပြတ်အောင် ပြုလုပ်ရဖို့ ကျန်ရှိနေပါတယ် ။

    စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်း‌ရွှေ  ဟာ အကူးအပြောင်းကာလမှာ စစ်အာဏာ ရှင်ဟောင်း ဗိုလ်ချုပ်ကြီး နေဝင်းလို အမှားမျိုးနဲ့  မကြုံရအောင်  သတိထားပြီး ပြင်ဆင်လုပ်ကိုင်နေတာတွေ့ရပေမဲ့ အခန့်မသင့်ရင် ကိုယ်ဖေါ်တဲ့ဆေးခါးကြီးကို ကိုယ် ပြန်သောက်ရတဲ့ကိန်း ဆိုက်နိုင်ပါတယ် ။ သူတို့ကိုယ်တိုင်   အတင်းအကျပ် အတည်ပြုခဲ့တဲ့ ၂ဝဝ၈  ဖွဲ့စည်းပုံအခြေခံဥပဒေအရကာကွယ်ရေးဦးစီးချုပ်ရဲ့  လုပ်ပိုင်ခွင့်တွေဟာ သမ္မတဆိုသူရဲ့ လုပ်ပိုင်ခွင့်တွေထက်တောင် ပိုများနေတာကြောင့် တချိန်ချိန်မှာ ဝဋ်လည်ပြီး ကိုယ်မွေးခဲ့တဲ့မျောက်ကို ကိုယ်ပြန် ကြောက်ရမဲ့ အဖြစ်ဆိုးနဲ့ကြုံတွေ့ရနိုင်ကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ် ။

◾   ဒီမိုကရေစီနှင့်ဖွံ့ဖြိုးတိုးတက်ရေးအင်အားစု 
                                          သုတေသနနှင့်မှတ်တမ်းတင်ဌာန

.