Sunday, August 3, 2025

ချစ်ခြင်းမှ အပ


 

❝ ချစ်ခြင်းမှ အပ ❞ 
( ပိုင်ဒွေး - သင်္ချာ )

ဘဝရဲ့ကြမ်းပြင်ကို ခိုင်မာစွာတည်ဆောက်ချင်ပါတယ် မြပဝါ ။ တစ်ဖက်နဲ့ တစ်ဖက် နားလည်မှု မရခင်မှာ ခံနိုင်ရည်ရှိပါ့မလားလို့ ကြောင့်ကြနေမိတယ်လေ ။ အတိမ်အနက်ကို မစူးစမ်းဘဲနဲ့ မျက်လုံးစုံမှိတ်ထားဖို့ မတောင်းဆိုချင်ပါဘူး ။ အပြောင်းအလဲတစ်ခုရဲ့ ဖြစ်စဉ်တိုင်းမှာ အချိုးအကွေ့ ၊ အထစ်အငေါ့တွေနဲ့ မညီညာတတ်ဘူးဆိုတာ နားလည်တန်ကောင်းပါရဲ့ ။ အဲဒီဖြစ်စဉ်ရဲ့ ဆုံမှတ်တစ်ခုမှာ လာကြုံဆုံရတာကို တိုက်ဆိုင်မှုလို့ပဲ ပါးပါးလေး သုံးသပ်ချင်မိတယ် မြပဝါ ။

ဖန်တီးရယူလို့ မရတဲ့အကြောင်းတရားနဲ့ ပြောင်းလဲသွားရတဲ့ အကျိုးတရားကို ကျွန်တော်တို့ လက်ခံရမှာပေါ့ ။ ကမ္ဘာမြေ နဲ့ ငလျင် ၊ မုန်တိုင်းကို လူတွေ မဖန်တီးနိုင်ကြဘူး ။ ကမ္ဘာကြီးပူနွေးလာမှုနဲ့ ငလျင် ၊ မုန်တိုင်း ဖြစ်ပေါ်မှုက လူတွေနဲ့ ဆက်စပ်သတဲ့ ။ မျောက်ကို ဖန်တီးနိုင်စွမ်း မရှိတဲ့ လူတွေကပဲ မျောက်က ဆင်းသက်လာပြန်ရော မဟုတ်လား ။ ဆက်နွှယ်မှုနဲ့ သက်ဆင်းခြင်း သဘောကို မြပဝါ ရေးရေးလေး မြင်မိမှာပါနော် ။

တကယ်တော့ မြပဝါဟာ ကျွန်တော် ဆင်းသက် မသင့်တဲ့ ကွင်းတစ်ကွင်းပါပဲ ။ ရာသီဥတုဆိုးရွားလို့ ၊ စက်ချို့ယွင်းလို့ ၊ ငှက်အုပ်နဲ့ တိုက်မိလို့ ၊ ပြာငွေ့တွေနဲ့ တိုးမိလို့ဆိုပြီး အကြောင်းပြချက်တွေနဲ့ နီးစပ်ရာကွင်းကို ဆင်းသက်ခဲ့ရတဲ့ လေယာဉ်မျိုး ကျွန်တော် မဟုတ်တာ အမှန်ပါ ။ ကျွန်တော်ဟာ ခရီးရှည်ကို ရာသီဥတုသာယာစွာနဲ့ ဖြတ်သန်းချင်သူပါ မြပဝါ ။ ကိုယ့်ရဲ့ ပေါ့လျော့မှုမပါဘဲ မြင်ကွင်းတွေရှင်း ၊ ပြေးလမ်းကို ချိန်သားကိုက် ပြီးမှ မြပဝါ နားကို ညင်သာစွာ ဆင်းခဲ့သူပါ ။ လေဆိပ်ရဲ့ ခမ်းနားထည်ဝါမှုကို ကျွန်တော့် ရည်ရွယ်ချက်ထဲမှာ ထည့်သွင်းတွက်ချက်မှု မရှိတာ သံသယ ရှင်းပါတယ် ။ ဒါဆိုရင် မြပဝါနေတဲ့ အိမ်လှလှ ၊ အညောင်းပြေတောင်လျှောက်လို့ရတဲ့ ခြံဝင်း ၊ သစ်လွင်လှပတဲ့ ကား ၊ လည်တိုင်ကြော့ကြော့က ရွှေဖြူကြိုး ၊ နားပါးပါးထက်က စံကွက်တွေ ပါတဲ့ စိန်နားကပ် ၊ အိမ်နေရင်း ဝတ်ထားလေ့ရှိတဲ့ ကျောက်စိမ်းလက်ကောက်ဟာ ကျွန်တော်နဲ့ သီးခြားစီပဲလေ ။ ဦးနှောက်စေခိုင်းရာမှာ နှလုံးသားက လိုက်ပါနေရင်တော့ မြပဝါရဲ့ ရုပ်ဝတ္ထုတွေကို စိတ်ကူးနဲ့တင် တစ်ဝက်ပိုင်ဆိုင်လောက်ပါပြီ ။

ကျယ်ပြောလှတဲ့ နှလုံးသားကွန့်မြူးမှုမှာ အကန့်အသတ်ရှိပါသလား မြပဝါ ။ ကျွန်တော်က ရိုးရိုးရှင်းရှင်းပဲ ကြည့်တတ်တာမို့ မြပဝါ ရဲ့ ရင်ထဲကို မြင်မိတာလေ ။ စည်းကမ်းမဲ့ ခွေးတစ်ကောင်ကို စက်သံမညီတဲ့ ဆိုင်ကယ်နဲ့ တိုက်မိရင်း တိမ်းမှောက်သွားတဲ့ နေ့တစ်နေ့ကို အမှတ်ရမိတယ် ။ ကြေမွသွားတဲ့ ဒူးကာ ၊ ကွဲသွားတဲ့ မီးခွက် နှမြောစွာ ကြည့်ရင်း လူးလိမ့် ထလာရတဲ့ ကျွန်တော့်ကို အိမ်ပေါ်က လှမ်းကြည့်နေတယ် ဟုတ်လား မြပဝါ ။ အဲဒါကို ဂရုမထားမိသလို ဒဏ်ရာတွေ ကိုလည်း ဂရုမစိုက်မိတာ အမှန်ပါ ။ ဆိုင်ကယ်ဆီမှာပဲ စိတ်ရောက်နေခဲ့တာလေ ။ ဒီလိုပါပဲ မြပဝါရယ် ။ မပြည့်စုံသူ တစ်ဦးရဲ့ ဆုံးရှုံးမှုဟာ သူများ တကာထက် ပိုပါတယ် ။ ကြေကွဲစရာ မဟုတ်ပေမဲ့ လိုအပ်ချက်တွေ အမြဲရှိနေတဲ့ ကျွန်တော့် အတွက်က ဒဏ်ရာ ရရှိမူဟာ ဒုတိယနေရာမှာပါ ။

“ ရှင်ကလည်း ဆိုင်ကယ်ကိုပဲ ကြည့်နေတယ် ။ ကိုယ့်ဒဏ်ရာကို ပြန်ကြည့်ဦး ”

မြပဝါရဲ့ ကရုဏာသံကို ပထမဦးစွာ ကြားရခြင်း ပါ ။ ဒါဟာ ဖြစ်လေ့ရှိတဲ့ အဖြစ်ထဲက တစ်ခုပါပဲလေ ။

“ ရော့ ဒီမှာ အရက်ပြန် နဲ့ ပလတ်စတာ ၊ လိမ်းဆေးက ဒီထဲမှာ ။ ဒဏ်ရာကို ရေနဲ့ အရင်ဆေး ၊ ဆောင်းတွင်းကြီးနော် အနာရင်းလိမ့်မယ် ၊ ဟုတ်ပြီလား ။ ဂွမ်းလောက်တော့ အိမ်မှာ ရှိမယ်ထင်တယ် ”

ကျွန်တော့်ကို ပြောတဲ့ စကားတွေက သတိပေးသံလား ၊ အမိန့်ပေးသံလား ဆိုတာ မတွေးတတ်ဘူး ။ ကျေးဇူးတင်ကြောင်း မပြောဖြစ်ခဲ့တာ ဝေဝါးသွားတဲ့ စိတ်ကြောင့် ထင်ပါရဲ့ဗျာ ။ လေးဖြူ သီချင်းထဲကလို ခဏလေးပါပဲ မြပဝါ ။ ဆိုင်ကယ်ကို မဖြစ်ဖြစ်အောင် ပြန်မောင်းခဲ့ပြီး အိမ်ပြန်ရောက် ဆေးထည့်ပြီးတဲ့အထိ မြပဝါ ခေါင်းစဉ်အောက်မှာ အဖြေတွေ ရေးခြစ်နေမိတယ် ။ မျက်နှာလေးက ရိုးရိုးလေးပါပဲ ။ ပြင်ဆင်ထားပုံက သာမန်ပါ ။ အသံကလည်း ပုံမှန်ပါ ပဲလေ ။ ကျွန်တော်ဟာ ဖြေစရာ မလိုတဲ့ မေးခွန်းကိုမှ ဘာကြောင့် ရွေးချယ်ဖြေချင်နေမှန်း မသိဘူးဖြစ်နေရဲ့ ။

••••• ••••• ••••• 

မျိုးရိုးဗီဇ ရိုက်ခတ်မှုကို မျိုးဆက်တွေက အနည်းအများ ခံစားရတတ်သတဲ့ ။ မြပဝါ ကျတော့ ဘယ်လိုပါလိမ့်လို့ မတွေးချင်ဘူး ။ ဒါပေမဲ့ သက်ရောက်မှုအငွေ့အသက်နဲ့အတိုင်းအတာကို ဆန်းစစ်နေမိတယ် ။ ကျွန်တော့် စိတ်ထဲမှာ အံ့သြစွာ လက်ခံနေပေမဲ့ ဒီလိုမျိုးက ရှားတယ်လို့ မသတ်မှတ်ချင်ဘူး ။ ကိုယ့်လို မွန်းကျပ်နေရတဲ့ ဘဝထဲမှာ နောက်ထပ် တစ်နေရာစာက ဘယ်လိုမှ မဖြစ်နိုင်တာပါ ။ ပုံဖော်ခွင့် မရှိမှန်းလည်း နားလည်မိတယ် ။ ဆက်စပ်နိုင်ဖို့ဆိုတာ ရေးရေးလေးမှ နည်းလမ်းရှာလို့ မရဘူး မြပဝါ ။ ဆုံတွေ့မှု ၊ တိုက်ဆိုင်မှုတိုင်းကို ရေစက်လို့ မယူဆချင်ပေမဲ့ ဒုတိယအကြိမ် မြပဝါ နဲ့ တွေ့ဆုံမှုဟာ ကျွန်တော်တို့ နှစ်ယောက်ရဲ့ ကွာခြားမှုလေးကိုတော့ ကျဉ်းမြောင်းသွားစေတဲ့ နိဒါန်းအစမှန်း သိလိုက်ရ တယ်လေ ။

“ သူငယ်ချင်း ”

“ ဟင် နောင်နောင် ”

ဆယ်တန်း အတူတက် ၊ စာမေးပွဲ အတူဖြေပြီး ပြောင်းသွားသော သူငယ်ချင်း ။ မတွေ့ဖြစ်ကြတာ တော်တော်ကြာပြီ ။ ငယ်သံယောဇဉ်ထက်ပိုတဲ့ အကြောင်းအရာတွေက ကျွန်တော်တို့ နှစ်ယောက် ကြားမှာ ရှိပြီးသားပဲ ။

“ မင်း ဘာလာလုပ်တာလဲ ”

“ အမေ ဆေးရုံ တက်နေရတယ်ကွာ ၊ အသည်းလို့ပြောတာပဲ ”

“ ငါ ဒီဆေးရုံရောက်တာ နှစ်ရက်ပဲ ရှိသေးတယ် ၊ ရောက်ရောက်ချင်း လာချင်တာ ၊ မင်းကိုလည်း သတိရတယ် ၊ အရင်အိမ်ပဲ မဟုတ်လား ”

ခေါင်းညိတ်မိရင်း နောင်နောင် ခေါ်ရာသို့ လိုက်ခဲ့မိတယ် ။ ဆရာဝန်တွေ နားနေခန်းမှန်း ကျွန်တော် သိတာပဲလေ ။ နောင်နောင်လည်း ဆရာဝန်ဘဝနဲ့ တော်တော် ကျင်လည် နေပြီပဲ ဆိုတဲ့ စိတ်က ရင်ကို နာကျင်စေမိတယ် ။ ဒီလိုနေရာမျိုးကိုမှ ရောက်ခွင့် မရှိတာ ။ နောင်နောင့်လို ဖြစ်ခွင့်မှ မရှိတာ ။ ဆေးရုံနံ့ သဲ့သဲ့က ရင်ကို စူးစူးရှရှနဲ့ ။ ကျွန်တော်ဟာ နောင်နောင်ရဲ့ ဂျူတီကုတ်ကို ကြည့်ပြီး အားနာနေမိတယ် ။ အဲဒီ အားနာခြင်း ၊ သိတတ်ခြင်းကပဲ ကျွန်တော့်ကို ယနေ့ထက်ထိ နှိပ်စက်နေတယ်လေ ။

“ ဒေါက်တာ ”

လှည့်အကြည့်မှာ မျှော်လင့် မထားတဲ့ ပုံရိပ်ကို ထပ်မံ တွေ့ရှိရတယ် ။ အံ့သြစရာပါ ။ ကျွန်တော်ကလည်း အနိမ့်ပိုင်းမှာပဲ နေသားကျနေတယ် ထင်ပါရဲ့ဗျာ ။ ဒါမှမဟုတ် ကိုယ်တိုင်ကလည်း ဆင်ခြင်ဉာဏ် နည်းတယ်လို့ ထင်ပါရဲ့ ။ ပြောပုံဆိုပုံတွေကို တွက်ဆသင့်တယ် မဟုတ်လား ။ ဖြစ်ပျက်ခဲ့တဲ့ အတိတ်အတွက် ကျွန်တော် မေ့နိုင်အောင် ကြိုးစားမိရင်းက မေ့နေခဲ့တာပါ ။ အမှန်ကန်ဆုံး စွန့်စားမှုကို ပြုခဲ့ရတာပဲ ။

“ ဒါ ကျွန်တော့် သူငယ်ချင်း နေမျိုး ၊ စာကြမ်းပိုး နေမျိုးလို့ ခေါ်ကြတာ ။ ဆယ်တန်းမှာ ... ”

“ လာကွာ နောင်နောင် အမေ့ကို သွားကြည့်ရအောင် ”

ကျွန်တော် စကားဖြတ် ပြောမှန်းသိတာပေါ့ ။ အတိတ်ကို တူးဆွခွင့် ရှိပေမဲ့ လက်ရှိမှာမှ အကျိုးမဖြစ်တော့တာ ။ အသိမှတ်ပြု ခံရဖို့ ဒီအခန်းထဲ ရောက်နေတာမှ မဟုတ်ဘဲ ။ နောင်နောင်ရဲ့ စကားဆက် နောက်ခံ သမိုင်းဟာ အဓိပ္ပာယ်တွေ ရှိနေမှာကို သိမည်မှာ မလွဲဘူးလေ ။ ထားခဲ့ ရတဲ့ အချိန်တွေက လွမ်းမောဖွယ်ရာမှ မကောင်းဘဲ ။ ကိုယ်တိုင်လည်း မေ့မေ့လျော့လျော့ပါ ။

“ ခဏလေးပါကွာ ၊ သူက ဒေါက်တာ မြပဝါ ၊ အသည်းအထူးကုလေ ၊ ဒါ ကြောင့်မို့ မိတ်ဆက်ပေးတာ ”

အမေ့အတွက် လိုအပ်မှု ရှိနေခြင်းကြောင့်သာ ငြိမ်သက်နေမိပေမဲ့ ကြာကြာ မနေချင်ဘူး ။ စိတ်ရှည်စွာ ရှင်းပြတဲ့ စကားတွေကို နားထောင်နေဖြစ်ခဲ့တယ် ။ နောင်နောင့် ရှေ့တွင် ကျွန်တော်တို့ တွေ့ဆုံခဲ့ဖူးကြောင်း မပြောဖြစ်ကြဘူး ။ ဒါဟာ လျှို့ဝှက်ချက် မဟုတ်သလို ညှိနှိုင်းမှုလည်း မပါဝင်တာကိုတော့ သံသယကင်းမိတယ် ။ ဆရာဝန်ဦးနှောက်ပဲလေ ။ မှတ်မိမှာပါ ။ ကျွန်တော် ရိုင်း ပျသွားသလား မြပဝါ ။ ကျေးဇူးစကား မဆိုဖြစ်တဲ့ ပထမအဖြစ်နဲ့ တခုတ်တရ မရှိတဲ့ မိတ်ဆက်ခြင်းကို ဘယ်လို မြင်မလဲ မသိဘူးနော် ။

မြပဝါ နေရာမှာ တခြား ဆရာဝန်ဆိုရင် ကျွန်တော် တရင်းတနှီးနဲ့ ဆက်ဆံမိမှာ အမှန်ပါ ။ ခုတော့ မြပဝါရယ် ။ နဂိုကတည်းက လိပ်ပြာမလုံသူ အနေနဲ့ ရှိနှင့်ခဲ့တာလေ ။

••••• ••••• ••••• 

ဆယ်တန်းကို ဂုဏ်ထူးတွေနဲ့ ဆေးအမှတ်ထက် ကျော်လွန်ခဲ့သူက ဘော်ဒါတစ်ခုမှာ အချိန်ပိုင်းဆရာ ဖြစ်နေသတဲ့လား ။ ဘဝရပ်တည်မှု ပုံစံတွေက မတူဘူး မြပဝါ ။ ကျွန်တော့် ရုန်းကန်မှုကို လေးစားသတဲ့လား ။ ကျွန်တော့် အိမ်ကလေးမှာပဲ အတူစားသောက် ၊ စာလုပ်ရင်း နောင်နောင် ဆရာဝန် ဖြစ်သွားခဲ့တာ မှန်ပေမဲ့ ပံ့ပိုးမှုဟာ အဖြူထည်သက်သက်ပါ ။ အမေက နောင်နောင့်ကို ကျွန်တော့်လိုပဲ ချစ်လို့ လက်ခံခဲ့တာလေ ။ အမှတ်တရရှိသူ စာရင်းမှာ ကျွန်တော်နဲ့ အမေ ပါဝင်ချင် ပါဝင်ပါ့မယ် ၊ ကျေးဇူးရှင် အဖြစ်တော့ မခံယူချင်ဘူး ။ ရိုးသားတဲ့ စာကြမ်းပိုးနားကို နောင်နောင့် မိဘတွေက ချဉ်းကပ်စေခဲ့တာပါ ။ ပြီးတော့ အမေကလည်း အသင်အပြ ကောင်းတဲ့ စွယ်စုံရ ဆရာမ တစ်ဦး မဟုတ်လား ။ သတ်မှတ်စည်းကမ်းတွေနဲ့ အိမ်ကို ဘော်ဒါဆောင်လို နေခဲ့ကြတာလေ ။

နောင်နောင့်လက်ကို အမေက ဆုပ်ကိုင်ပြီး မျက်ရည်လည်နေခဲ့သလို နောင်နောင် ကိုယ်တိုင်ကလည်း တုန်ယင် နေခဲ့တာ ကျွန်တော်တို့ သုံးယောက်ရဲ့ သံယောဇဉ်တွေပါ ။ အမေ့မျက်ရည်ထဲမှာ ကျွန်တော့် အတွက်လည်း ပါမယ်ထင်ပါရဲ့ မြပဝါ ။

“ ကိုနောင်နောင်နဲ့ ဆေးကျောင်း အတူတက်ဖို့ တိုက် တွန်းသေးတယ်ဆို ”

“  ... ”

“ သူ့မိဘတွေရဲ့ ပံ့ပိုးပေး မှုကို လက်မခံဘူးဆိုတာ ဟုတ်လား ကိုနေမျိုး ”

ကျွန်တော် ခေါင်းညိတ်ရုံပဲ ရှိတာပါ မြပဝါ ။ နောင်နောင့် မိသားစုက မြပဝါ တို့လို အလျှံပယ်မှ မရှိတာ ။ ဝန်နှစ်ခု ထမ်းရမယ့် အခြေအနေကို လူသားဆန်စွာနဲ့ ငြင်းမိခဲ့တယ် ။ စိတ်မကောင်းခြင်း တစ်ဖက်မှာ နောင်နောင့် အတွက် ဝမ်းသာနေမိခဲ့တယ် ။ နောက်တစ်ချက် ရှိသေးတယ် မြပဝါ ။ အသက်ကြီးမှ အိမ်ထောင်ကျပြီး နောက်ကျစွာနဲ့ မွေးဖွားခဲ့ရတဲ့ ကျွန်တော်ဟာ အဖေနဲ့ ဆယ်နှစ်သာသာလေးပဲ နေလိုက်ရတယ် ။ အမေ့ ရုန်းကန်မှုကို ကျွန်တော်ကိုယ်တိုင် မြင်ခဲ့ရတာ ။ စဉ်းစားကြည့်ပါဦး မြပဝါရယ် ၊ ဆရာဝန်ဖြစ်ဖို့ တစ်ခုတည်းနဲ့ မုဆိုးမ အမေကို ထားရစ်ခဲ့ရမှာလား ဟင် ။ နောက်နှစ်လောက်မှာ အငြိမ်းစားယူတော့မယ့် အမေ့ကို ပြုစုစောင့်ရှောက်ရမယ့် တာဝန် မရှိတော့ဘူးလား ။ မတွေးအပ်တဲ့ အမေ့သက်တမ်းကို တွက်ဆနေမိတာလည်း ပါတာပေါ့ မြပဝါ ။ ဘဝထဲမှာ သတ်မှတ်ပေးလိုက်တဲ့ကြမ္မာကို ဆန့်ကျင်နိုင်စွမ်း မရှိခဲ့ဘူး ။ အလိုလို ဖြစ်သွားမှာပဲဆိုတဲ့ ပေါ့ပြက်ပြက်အတွေးနဲ့ နောင်တတွေကို မကြိုဆိုချင်ဘူး မြပဝါ ။ ကိုယ့် အနာဂတ်ကို ကြိုတင်ဖတ်ရှုခွင့်ရခဲ့ပေမဲ့ ဆယ်တန်းမှာ ကျွန်တော် ကြိုးစားခဲ့တယ် ။ ဘဝထဲက မှတ်တိုင်ကို ကောင်းစွာ စိုက်ထူနိုင်ခဲ့တယ်လေ ။ အောင်စာရင်း ထွက်တဲ့ နေ့က ကျွန်တော့်ကို ဖက်ပြီး အမေ ငိုလိုက်တာဗျာ ။ အဲဒါဟာ ငြင်းဆန်ရတော့မယ့် အခြေအနေတွေ အတွက် အားဆေးဖြစ်ခဲ့ရုံမက အမေ့ နားမှာပဲ နေနိုင်ဖို့ကိုလည်း စေ့ဆော် ပေးခဲ့တယ် ။

အဲဒီ စိတ်ဓာတ်ကို အထင်ကြီး သတဲ့လား မြပဝါ ။ ကျွန်တော့်ကို စောစီးစွာ မှတ်ချက် မပေးသင့်သေးပါဘူး ။ ပြီးတော့ ရင်းနှီးမလာသင့်ဘူး ။

“ ဆိုင်ကယ်နဲ့ သွားတာ မမြင်ရတော့သလိုဘဲ ”

မြပဝါ ရယ် ... ။ ကျွန်တော့်ရဲ့ လိုအပ်ချက်ထဲမှာ အဲဒီ စက်ပစ္စည်း ပါဝင်ပေမဲ့ တစ်ခုကို ရွေးချယ်ဖို့ တစ်ခုကို စွန့်လွှတ်ရစမြဲပါ ။ ပျက်စီးသွားတဲ့ ဆိုင်ကယ်လေး ပြင်ပြီးခါစမှာပဲ အမေ ဆေးရုံ တက်ခဲ့ရတာလေ ။ တစ်လမှ တစ်ခါရတဲ့ လုပ်ခရဲ့ စီးဆင်းမှုဟာ ရက်ပေါင်းသုံးဆယ် ကိုပဲ ကျော်ဖြတ်ခွင့် ရှိတာပါ ။ အမေ့ ပင်စင်လစာ ကလည်း သာမန် လည်ပတ်ရုံနိုင်လေးပါ ။ ပိုလျှံမှုရဲ့ တန်ဖိုးကို မပြည့်စုံတဲ့ ကျွန်တော်က တန်ဖိုးထားတတ်ပေမဲ့ ၊ အမြဲ နားလည်ပေမဲ့ ပိုလျှံမှုက ယနေ့ထက်တိုင် နားမလည်ပေးဘူး မြပဝါ ။

“ အမေ ဆေးရုံတက်ဖို့ ရောင်းလိုက်ရတယ် ဒေါက်တာ ”

ရုတ်ခြည်းပြောင်းလဲ သွားတဲ့ မြပဝါ မျက်နှာဟာ ဟန်ဆောင်မှု ကင်းနေတယ်နော် ။ ကျွန်တော် ကောင်းစွာ နားလည်မိပါတယ် ။ ပြေလည်ခြင်း ၊ မပြေလည်ခြင်း ၊ ဆင်းရဲခြင်း ၊ ချမ်းသာခြင်း ဆိုတဲ့ ဆန့်ကျင်ဘက် ရလဒ်တွေ ကြားမှာ ကျွန်တော်တို့ ရှိနေတာပဲ မဟုတ်လား ။ ပကတိတရားကို အမှန်အတိုင်းပဲ ရှုမြင်နေခဲ့တာ ကျွန်တော့်အကျင့်ပါ ။ အားမလို အားမရ ဖြစ်တာထက် ဖြေသိမ့်နိုင်ဖို့ကိုပဲ ကြိုးစားမိတယ် မြပဝါ ။

“ ဒေါက်တာ နောင်နောင် ကလည်း နေနိုင်လိုက်တာ ”

တစ်ကိုယ်တည်း ညည်းညူသလိုနဲ့ ပြောတဲ့ စကားကို ကျွန်တော် မသိဘဲ နေမလားလေ ။ သံယောဇဉ်နဲ့ စေတနာ စွက်ဖက်နေတဲ့စကားတွေက ရစ်ပတ်နှောင်ဖွဲ့ဖို့ ဖြစ်ခဲ့သလား မသိနိုင်ပါ ။ တိုးဝင်လာမှုအပေါ် ကျွန်တော် ဟန့်တားရမလား မြပဝါ ။ ဥပေက္ခာပြုလို့ မရတဲ့ ဆုံမှတ်လို့ပဲ ဆိုချင်မိပါရဲ့ ။

“ ကျွန်မကို ဒေါက်တာလို့ မခေါ်ပါနဲ့လားရှင် ”

“ ဟုတ်ကဲ့ မြပဝါ ” လို့ပဲ ရင်ထဲက ပြန်ပြောဖြစ်တယ် ။

••••• ••••• •••••

ဘဝရဲ့ ကြမ်းပြင် ချောမွေ့မှု အပေါ်မှာပဲ မြပဝါရဲ့ ဖြူလွလွ ခြေဖဝါးလေးကို ခြေချခွင့် ရစေချင်တယ် ဆိုရင် မြပ၀ါ ရဲ့ နှလုံးသားကို ကြိုတင် စော်ကားသလို ဖြစ်မှာ စိုးတယ် ။ ယုံကြည်မှုဟာ ခိုင်မာဖို့ အခြေတည်တယ် ဆိုပေမဲ့ တစ်ဖက်သတ် မဆန်တဲ့ ယူဆချက် အောက်မှာ မျှတစွာပဲ စဉ်းစားနိုင်ဖို့ကို လိုလားပါတယ် မြပဝါ ။ ကွာဟမှုဟာ မဆန်းပြားပေမဲ့ အဲဒါနဲ့ လူတွေက တိုင်းဆတတ်တာ သဘာဝပါ ။

“ နောင်နောင်က သားအတွက် ဆိုင်ကယ် လာပေးသွားတယ် ၊ လိုတာရှိရင် ပွင့် ပွင့်လင်းလင်း ပြောပါလို့ မှာခဲ့တယ် ”

မြပဝါရဲ့ တိုက်တွန်းမှုက အဓိက ထင်ပါရဲ့ ။ နောင်နောင်ရဲ့ သံယောဇဉ်ကြီးမှုကို နားလည်မိတယ်လေ ။ ကိုယ့်ရဲ့လိုအပ်မှု အစိတ်အပိုင်း တစ်ခု ဖြည့်ဆည်းပေးသော သူငယ်ချင်းကို ဦးစွာ ကျေးဇူးတင်နေမိတယ် ။ အခုမှပင် ကယ်ရီခ သက်သာတော့မည်လေ ။ နေစရာအတွက် ဝန်ပေါ့နေရသော ဘဝအဖြစ်က ကုသိုလ် တစ်မျိုးပါပဲ ။ တချို့က ပါးစပ်နဲ့ ကျောခင်းဖို့ကို တွေးပူနေရတာလေ ။ ဆိုင်ကယ် စီးမိပြန်တော့ မြပဝါကို သတိရမိပြန်တယ် ။ ကျွန်တော် အခါခါ မေ့ပစ်ချင်တယ် မြပဝါရယ် ။ မြပဝါ ရဲ့ ဘဝ တစ်နေရာထဲက ကွယ်ပျောက်သွားချင်တယ် ။ ဝေးဝေးမှာပဲ ကျွန်တော့်ကို ပျော်မွေ့ခွင့်ပြုပါလား ။ မြပဝါရဲ့ ကားလေးနဲ့ ကျွန်တော့် ဆိုင်ကယ်လေးဟာ ကာဗွန်ဒိုင် ထုတ်မိတာက အတူတူပါ ။ ဒါပေမဲ့ ပုံသဏ္ဌာန်နဲ့ အနှစ်သာရက အရမ်းကွာပါတယ် ။ မိုး ၊ နေ ၊ လေကာခြင်း ၊ မကာခြင်းနဲ့ ပတ်သက်ပြီး အငြင်းမပွားတာ ကျွန်တော့်ကို အားနာလို့ ထင်ပါရဲ့ ။ ခဏတာ လှိုင်းဂယက်ထဲမှာ ကျွန်တော် ဝဲလည် နေရတော့မှာလား မြပဝါရယ် ။

ဇာတ်လမ်း တစ်ခုကို ကျွန်တော် ကိုယ်တိုင်ရေး ၊ ဇာတ်ညွှန်းခွဲ ၊ ကိုယ်တိုင်ပဲ အဆုံးသတ်ရမလားဟင် ။ ပါဝင်သရုပ်ဆောင်နေတဲ့ အပိုင်းက နာကျင်လွန်းတဲ့ အခန်းကပါ ။ အထင်ကြီးမှု ၊ လေးစားမှု ၊ ကရုဏာသက်မှုတွေက အဓိက ဟုတ်တဲ့ အကြောင်းပြချက်မှ မဟုတ်တာ မြပဝါ ။ အဲဒီစိတ်တစ်စုံတစ်ရာက မြပဝါရဲ့ လွှမ်းမိုးမှုကို အာမခံနိုင်ဖို့ ခက်မှာပါ ။ ကျွန်တော်တို့ ခံစားချက်တွေကို ဖုံးဖိထားရအောင်လားဗျာ ။ ရင်နှစ်စုံရဲ့ အားပြိုင်မှုတော့ ဖြစ်နိုင်ပေမဲ့ အသိုက်အမြုံရဲ့ လွန်ဆွဲပွဲ ဖြစ်နေတယ် မြပဝါ ။ ရိုးသားမှု တစ်ခုတည်း ရှိနေတဲ့ ကျွန်တော်က မြပဝါကို ဘာတွေများ ပေးဆပ်နိုင်လို့လဲ ။ ဆေးအမှတ်မီတဲ့ ကျွန်တော်က ဆရာဝန်မှ မဟုတ်တာလေ ။ ခံစားမှုအရ စိတ်ယိုင်တာဟာ မခိုင်သူရဲ့ ဝေဒနာ တစ်ခုပါ မြပဝါ ။ ယိုင်နဲ့သူရဲ့ အပြစ် မဟုတ်ပါဘူး ။ ကျွန်တော်လည်း ယိုင်ခဲ့မိတယ် ။ မြပဝါကို မြတ်နိုးမိပါရဲ့ ၊ ချစ်ခင်မိပါရဲ့ ။ ... ရဲ့ များစွာဟာလည်း မြပဝါရင်ထဲမှာ ရှိနေမယ်ဆိုတာ ယုံကြည်မိပါတယ် ။

ခက်တယ် မြပဝါရယ် ။ လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်ခန့်က ကျောင်းသားတစ်ယောက်အဖြစ် ကို မဖွင့်ဟတော့ဘူး ။ အချိန်ပိုင်းဆရာဘဝနဲ့ မပြေလည်ရာ လမ်းမှာ ရှိနေတဲ့ သူလို့ပဲ မြင်ကြတယ် ။ မြပဝါ နဲ့ နီးကပ်မှုဟာ ကျွန်တော့် ဖြူစင်ခြင်းအတွက် အန္တရာယ်ပါ ။ တစ်မျိုး မြင်လာမှုနဲ့ အတူ ဝေဖန်မှုလည်း ပါလာကြတယ် မြပဝါ ။ အမေကတော့ မသိစွာနဲ့ မြပဝါကို နောင်နောင် နဲ့ လိုက်ဖက်တယ်လို့ ယူဆနေတယ် ။ ဒါဆိုရင် အမေ့အမြင်မှာ ကျွန်တော်ဟာ မြပဝါ အတွက် မလိုအပ်သူပေါ့ ။ နှလုံးသားအရတော့ မြပဝါ လိုအပ်မယ်လို့ ထင်မိပါတယ် ။ အထင်ဟာ လက်တွေ့မှာ မသေချာတဲ့ တွက်ဆမှု တစ်ရပ်ပါ ။

“ မောင်နေမျိုးစီးနေတဲ့ ဆိုင်ကယ်က သမီးဝယ်ပေးထားတာဆို ”

ကျွန်တော် ဘာမှ မသိခဲ့ရတာပါ မြပဝါ ။ အရောင်းအဝယ် စာချုပ်ထဲမှာ မြပဝါရဲ့ လက်မှတ်နဲ့ ဆိုင်ကယ်နံပါတ် က အတိအကျပါပဲ ။

“ မပြည့်စုံတဲ့ ယောက်ျားတစ်ယောက်အနေနဲ့ တခြားနည်းလမ်းကိုပဲ သုံးသင့်တယ်လို့ အန်ကယ် နောက်ဆုံးပြောချင်တယ် မောင်နေမျိုး ”

အပြစ်မဲ့သူကို လိမ်လည်မှုကြီး ဖြစ်အောင် ဖန်တီးပေးခဲ့တာလား မြပဝါ ။ သံယောဇဉ် နယ်ကျွံခဲ့တယ် ဆိုရင်လည်း စေတနာ မပိုမိအောင် ကြိုးစားသင့်ပါတယ် ။ မြပဝါရဲ့ လျှို့ဝှက်ထားမှု အားလုံးက မသမာသူကြောင့် ပေါ်လာခဲ့ပြီလေ ။ သူဟာ ဘယ်သူ ဆိုတာထက် ကျွန်တော့် ရင်ထဲ ဘယ်လို ခံစားနေရမယ် ဆိုတာ မြပဝါ ကြိုတွေးသင့်တယ် ။ အကျိုးအမြတ်ကို တွက်ဆတတ်တဲ့သူ ဆိုရင် မြပဝါကို စောစီးစွာ ဖွင့်ပြောမိမှာပါ ။ ဘယ်အမျိုးအစား ထဲမှာ ပါတဲ့ ယောက်ျားဖြစ်အောင် သွတ်သွင်းခဲ့တာလဲ မြပဝါရယ် ။ ပူးပေါင်းကြံစည်ခြင်းလား ဒါမှမဟုတ် လက်မခံလိုသူကို လှည့်ဖြားခဲ့တာလား ဟင် ။ မြပဝါနဲ့ ရှိတဲ့ ခံစားမှုကို ဆိုင်ကယ်တစ်စီးနဲ့ တန်ဖိုး ဖြတ်လိုက်တာပဲလေ ။ ပြီးတော့ နောင်နောင် ။ သူကရော ... ။ နှလုံးသားနဲ့ ပတ်သက်လာရင် ယှဉ်ပြိုင်မှုတိုင်းမှာ စည်းဖောက်မှုရှိသတဲ့ မြပဝါ ။ ကျွန်တော် စည်းမကျော်ခင်မှာဘဲ အလဲထိုး ခံရခြင်းပါ ။ မြပဝါဟာ ဘယ်သူနဲ့မှ မတူတဲ့ စိတ်ခံစားတတ်မှု ရှိကြောင်း ၊ အဆင့်အတန်းကို မေ့ထားတတ်ကြောင်း အမေ့ကို ပြောပြဖူးတယ် ။ အမေက ဥပမာ ပေးတယ်လေ ။

မိုးကာလ ရေတွေဝိုင်း လည်နေတဲ့ ရွာလေးကို ရထား ပေါ်ကပဲဖြစ်ဖြစ် ၊ ကားပေါ် ကပဲဖြစ်ဖြစ် မြင်ရတဲ့အခါ နေချင် ၊ သွားချင် ၊ လာချင် စိတ် ခဏ ဖြစ်သတဲ့ ။ ထာဝရနေဖို့ကျတော့ စိတ်မကူးဘူးတဲ့လေ ။ မြပဝါလည်း အဲဒီလိုပါပဲတဲ့ ။ ရေတိုမှာ စိတ်ကို အဆုံးတိုင် လွှင့်ခဲ့တာလားဟင် ။ မထင်ရက်ပါဘူး မြပဝါ ။ တကယ်တော့ မြပဝါ နားကို မဆင်းသက်သင့်ဘူး ။ ခုတော့ ကွင်းရဲ့ ခမ်းနားမှုကို ခံစားနိုင်ဖို့ စွပ်စွဲမှုက ဖျက်မရတဲ့ ဒဏ်ရာပါ ။ နောင်နောင် ၊ ကျွန်တော် ၊ ပြီးတော့ မြပဝါ ရဲ့ ရင်းနှီးမှုဆက်ဆံရေးဟာ နှလုံးသားကြောင့် ပျက်လွယ်သွားတာက တကယ့်ကို စိတ်မကောင်းစရာပါ မြပဝါ ။ ဘဝကြမ်းပြင်မှာ သံချက်တွေနဲ့ ပြည့်နှက်နေဆဲပါ မြပဝါရယ် ။

▢  ပိုင်ဒွေး ၊ သင်္ချာ ၊
📖ရွှေအမြုဘေ ရုပ်စုံမဂ္ဂဇင်း
     စက်တင်ဘာ ၂၀၁၅

Saturday, August 2, 2025

အတူတူ ပေါက်ဖွားလာတဲ့ ပုံပြောခြင်း နဲ့ ဝတ္ထုရေးခြင်း


 

❝ အတူတူ ပေါက်ဖွားလာတဲ့ ပုံပြောခြင်း နဲ့ ဝတ္ထုရေးခြင်း ❞

စာရေးဆရာမ Lee Smith က အမေရိကန် ပြည်ထောင်စု ၊ ဗာဂျီးနီးယားပြည်နယ် ကျောက်မီးသွေးတွင်းများ ရှိရာ မြို့ဖြစ်တဲ့ Grundy မှာ ပုံပြောကောင်းတဲ့ မိသားစုများကြား မွေးဖွားကြီးပြင်းလာသူ ဖြစ်ပါတယ် ။ တောင်ပြာတန်းများ ဝိုင်းရံထားတဲ့ သူ့ ဇာတိမြို့မှာ ဖခင်ဖြစ်သူက စတိုးဆိုင်ဖွင့်ထားပြီး မိခင်ဖြစ်သူက ဆရာမ တစ်ဦးဖြစ်ပါတယ် ။ သူ မှတ်မိသလောက် ဆိုရင် ငယ်ငယ်ကတည်းက စာရေးဆရာမ ဖြစ်ချင်ခဲ့တာလို့ ဆိုပါတယ် ။ “ ကျွန်မ အသက် ၈ နှစ် အရွယ် လောက် ကတည်းက အမေ့ဗလာစာအုပ်တွေ ယူပြီး အဲဒီအထဲမှာ ပထမဆုံး ဝတ္ထုကို ရေးခဲ့တာပေါ့ ” လို့ သူမရဲ့ ဝက်ဘ်ဆိုက် ဖြစ်တဲ့ www.leesmith.com မှာ ဖော်ပြထားပါတယ် ။

“ အဲဒီတုန်းက ကျွန်မဝတ္ထုထဲ မှာ အဓိက ဇာတ်ကောင်နှစ်ယောက် က ကျွန်မ အနှစ်သက်ဆုံး ဖြစ်တဲ့ ပုဂ္ဂိုလ်နှစ်ယောက်ကို ထားတာပေါ့ ။ သူတို့ ကတော့ Adlai Stevenson နဲ့ Jane Russell တို့ပေါ့ ။ ကျွန်မဝတ္ထုထဲမှာ သူတို့ နှစ်ယောက် ချစ်ကျွမ်းဝင် သွားကြပြီး အမေရိကန် ပြည်ထောင်စု အနောက်ဘက် ကမ်းခြေ ကို မြင်းလှည်းကလေး တစ်စီးနဲ့ ထွက်သွား ကြတာပေါ့ ။ အဲဒီမှာ သူတို့ နှစ်ယောက် ကြီးပွားချမ်းသာ လာကြတယ်လို့ ရေးခဲ့တာပါ ” လို့ ဆိုပါတယ် ။

ဆရာမက ဗာဂျီးနီးယားပြည်နယ် Roanoke မြို့ က Hollins College မှာ ပညာသင်ကြားခဲ့တာ ဖြစ်ပြီး သူမနဲ့ မိတ်ဆွေတစ်ဦး ဖြစ်တဲ့ Annie Dillard တို့ဟာ မိန်းကလေး သူငယ်ချင်းများ ဖွဲ့ထားတဲ့ Rock တီးဝိုင်းအဖွဲ့မှာ Go Go ကချေသည်များ အဖြစ် ကပြခဲ့ကြပါတယ် ။

အခုဆိုရင် ဆရာမက လုံးချင်းဝတ္ထု ၁၁ အုပ် ထုတ်ဝေခဲ့ပြီး ဝတ္ထုတို စုစည်းမှု ၃ အုပ် ထုတ်ဝေခဲ့ပြီး ဖြစ်ပါတယ် ။ ဆရာမကို American Academy ofArts and Letters က အကယ်ဒမီဆု ချီးမြှင့်ခဲ့ပြီး Reader's Digest ဆု ၊ The Robert Penn Warren Prize အစရှိတဲ့ ဆုများအပြင် O Henry Award ဆု နှစ်ကြိမ်လည်း ရရှိခဲ့ပါတယ် ။

ဆရာမ နဲ့ Writer Magazine က Elfrieda Abbe တို့ရဲ့ အင်တာဗျူးကို လေ့လာရင်း စာရေးနည်း အတတ်ပညာကို လေ့ကျင့်ယူနိုင်ဖို့ ဖော်ပြပေး လိုက်ပါတယ် ။

••••• ••••• •••••

ကလေးဘဝ ကတည်းက Lee Smith ဟာ အိမ်ရှေ့ ကပြင်မှာ ထိုင်ရင်း နာရီပေါင်းများစွာ အဘွား ၊ အမေ ၊ အဖေ ၊ အဒေါ် ၊ ဦးလေးတို့ ပြောပြ တဲ့ သူတို့ဘဝ ဇာတ်ကြောင်း ပုံပြင်များ နဲ့ တောင်ပြာတန်းများရှိရာ သူတို့ဒေသက မိုင်းတွင်းများမှာ ကြုံတွေ့ရတဲ့ အဖြစ်အပျက်များကို ပုံပြင်များသဖွယ် နားထောင်ခဲ့ရပါတယ် ။ သူ့ရှေ့က မျိုးဆက်အားလုံးဟာ အဲဒီဒေသမှာ မွေးဖွား ကြီးပြင်းခဲ့ကြသူများ ဖြစ်တာကြောင့် လေယူလေသိမ်းအားဖြင့် အမေရိကန် ပြည်ထောင်စုရဲ့ တခြား ပြည်နယ်များမှာ နေထိုင်ကြတဲ့သူများနဲ့ ကွဲပြားခြားနားပါတယ် ။ သူတို့ ပြောပြတဲ့ ဘဝဇာတ်ကြောင်း ပုံပြင်များဟာ ကလေးငယ် Lee Smith ရဲ့ ရင်တွင်းမှာ ခိုင်မာတဲ့အုတ်မြစ် သဖွယ် ဝင်ရောက်လာခဲ့ပြီး နောင် စာရေးတဲ့အချိန်မှာ တောင်ပိုင်းသားတို့ရဲ့ လေယူလေသိမ်းနဲ့ ရေးဖြစ်လာခဲ့ပါတယ် ။

Smith ရေးသားခဲ့တဲ့ လုံးချင်းဝတ္ထုများ ၊ ဝတ္ထုတိုများမှာ သူမရဲ့ ရှေ့က မျိုးဆက်တို့ နေ့စဉ် ကြုံတွေ့ရတဲ့ အဖြစ်အပျက်တွေ များစွာလွှမ်းမိုးမှု ရှိခဲ့ပါတယ် ။ သူ့ ဝတ္ထုများထဲမှာ ဘဝအပြောင်းအလဲ အတွက် ဆုံးဖြတ်ချက် ချမှတ်ဖို့ လိုအပ်တာတွေ ၊ သည်းထိတ်ရင်ဖို ဖြစ်ရပ်တွေ အပြင် တချို့ ဝတ္ထုများကတော့ ဒဏ္ဍာရီ နဲ့ ဖြစ်ရပ်မှန် ကြားမှာ ရေးဖွဲ့ ထားတာတွေလည်း ရှိခဲ့ပါတယ် ။ သူ့စာဖတ် ပရိသတ်များက သူ့ဝတ္ထုများကို ဖတ်နေကြစဉ်အတွင်းမှာ စာဖတ်သူကိုယ်တိုင် ဇာတ်ကောင်နေရာ ရောက်ရှိသွားပြီး ဝတ္ထုထဲက အဖြစ်အပျက် များကို ကိုယ်တိုင် ခံစားရသလို လိုက်ပါစီးမျော ခံစားကြရပါတယ် ။ ဒီ အရည်အချင်းဟာ အဘွားတို့ ၊ အဖေတို့ ၊ အမေတို့ ပုံပြော ကောင်းခြင်းကြောင့် ဖြစ်တယ်လို့ ဆိုပါတယ် ။ သူမ ရေးဖွဲ့ထားတဲ့ Oral History ဝတ္ထုမှာ ဆိုရင် သူ့ မွေးရာဇာတိမှာ မွေးဖွားကြီးပြင်းခဲ့ကြတဲ့ မျိုးဆက်ပေါင်း များစွာတို့ရဲ့ အဖြစ် အပျက်များ ပါဝင်ပါတယ် ။ The Last Girls ဝတ္ထုမှာလည်း သူမရဲ့ ကောလိပ်ကျောင်းက တစ်ခန်းတည်း အတူနေခဲ့တဲ့ အခန်းဖော် Harriet Holding ကို ဇာတ်ကောင်အဖြစ် ထားပြီး ရေးဖွဲ့ခဲ့တာ ဖြစ်ပါတယ် ။

Smith က ဝတ္ထုရေးဖွဲ့ရာမှာ ဇာတ်ကောင်နေရာက ရေးဖွဲ့ရတာကို စိတ်အားသန်ပါတယ် ။ ဒါပေမဲ့ တစ်ခါတစ်ရံမှာ ဇာတ်ကြောင်းပြန် ပြောတဲ့ တတိယ ဇာတ်ကောင်နေရာက ရေးတတ်ပြီး တစ်ခါတစ်ရံမှာ နေ့စဉ်မှတ်တမ်းထဲက စာပိုဒ်များ ၊ ကဗျာများ နဲ့လည်း သူ့ဝတ္ထုကို ရေးဖွဲ့တတ်ပါတယ် ။ ဘယ်နေရာကနေပဲ သူ ရေးရေး စာဖတ်ပရိသတ်ကို သူ့ဇာတ်ကောင် ရဲ့နေရာ ရောက်သွားအောင် ရေးဖွဲ့နိုင်စွမ်း ရှိပါတယ် ။

ဘိုးဘွားတို့ရဲ့ ပုံပြော ကောင်းမှု ဓလေ့ကြားမှာ ကြီးပြင်းခဲ့ရသူ ဖြစ်တာ ကြောင့် Smith ကိုယ်တိုင်လည်း ပုံပြောကောင်းသူ ဖြစ်လာခဲ့ပါတယ် ။ ဒါပေမဲ့ Smith ကတော့ ပုံပြောကောင်းတာဟာ စာရေးကောင်းတာ မဟုတ်ပါဘူးလို့ ဆိုပါတယ် ။ ကောလိပ်ကျောင်းသူ ဘဝတုန်းက အင်္ဂလိပ်စာပေကို အဓိကဘာသာရပ် အဖြစ် သင်ယူခဲ့ပြီး အခြား စာရေးဆရာ ပေါက်စများလို တော်တော်လေး ရုန်းကန်ခဲ့ရတယ်လို့ဆိုပါတယ် ။

အဖြစ်အပျက်တစ်ခု ၊ သို့မဟုတ် ပုံပြင်တစ်ပုဒ်ကို ပီပြင်အောင် ပြောပြနိုင်ဖို့ ဆိုတာ ဇာတ်ကြောင်းပြန်တဲ့ တတိယပုဂ္ဂိုလ် နေရာက ရေးဖွဲ့ခြင်းသာလျှင် အကောင်းဆုံး ဖြစ်တယ်လို့ Smith က ယူဆခဲ့ပါတယ် ။ ဒါပေမဲ့ နောင် မှာ တောင်ပိုင်းသား စာရေးဆရာများဖြစ်တဲ့ Willian Faulkner , Eudora Welty , Carson McCullers နဲ့ James Still တို့ ရဲ့ စာများကို လေ့လာကြည့်တဲ့ အခါမှာတော့ သူတို့ အားလုံးရဲ့ စာများဟာ သူမ ကြီးပြင်းခဲ့ရာ ပတ်ဝန်းကျင်က လူများ စကားပြော နေသလို ဖြစ်တာကို တွေ့ရှိ လာခဲ့ပါတယ် ။

တစ်ခါတုန်းက Smith က သူမရဲ့ ဇာတ်ကောင်များကို သူတို့ဘာသာ သူတို့ စကား ပြောစေတဲ့ အခါမှာ သူမရဲ့အသံများ ပါဝင်နေတာကို တွေ့ရှိရပါတယ် ။ ပထမဆုံး လုံးချင်းဝတ္ထု အဖြစ် ရေးသားခဲ့တဲ့ The Last Day the Dogbushes Bloomed ကို ကျောင်းသူဘဝက ရေးသားတဲ့ အခါမှာ သူဖတ်ရှုခဲ့တဲ့ ဆရာများရဲ့ ပုံစံအတိုင်း ရေးခဲ့ပါတယ် ။

လုံးချင်းဝတ္ထု ၁ဝ အုပ် ၊ ဝတ္ထုတိုပေါင်းချုပ် ၃ အုပ် စုစည်းပြီးချိန် အထိ Smith ဟာ သူမရဲ့ မျိုးနွယ်များ ရှိရာ ဒေသမှာပဲ အခြေစိုက် နေထိုင်ခဲ့ပါတယ် ။ ခင်ပွန်းဖြစ်သူ နဲ့ နေထိုင်ပြီး ကျွန်မ နဲ့ အင်တာဗျူး ပြောချိန်မှာ တယ်လီဖုန်းနဲ့ ဖြေကြားခဲ့တာ ဖြစ်ပါတယ် ။ အဲဒီအချိန်တုန်းက Smith ဟာ OnAgate Hill ဝတ္ထုကို ရေးသားနေချိန် ဖြစ်ပါတယ် ။

“ ကျွန်မ ဒီနေရာလေး မှာ နေတာ ၂၅ နှစ် ရှိပြီ ” လို့ Smith ဆိုပြီး “ ဟောဒီ တောင်ကလေးပေါ်မှာ ဘယ်သူမှ မရှိဘူး ကျွန်မ တစ်ယောက်တည်းပဲ ” လို့ ပြောပြပါတယ် ။ သူ့ အသံ နားထောင်ရတာ စာရေးဆရာများအတွက် တကယ့်ကို လွတ်လွတ်လပ်လပ် နေထိုင်လို့ရမယ့် အကောင်းဆုံး နေရာ တစ်ခုလို့ မှန်းဆလို့ ရပါတယ် ။

••••• ••••• •••••

➽ ဆရာမက မကြာခဏဆိုသလို Appalachian တွေရဲ့ ဓလေ့ဖြစ်တဲ့ ပုံပြောခြင်း ဓလေ့ ကြားမှာ ကြီးပြင်းခဲ့တာလို့ ပြောဖူးပါတယ် ။ အဲဒါကြောင့် မိဘ ဘိုးဘွားများ ရဲ့ ပုံပြောတဲ့ ဓလေ့ဟာ ဆရာမ အပေါ်မှာ ဘယ်လောက်အထိ လွှမ်းမိုးနိုင်ခဲ့တယ် ဆိုတာ ပြောပြပေးပါလား ။

ကျွန်မ ပုံပြင်တွေနဲ့ ကြီးပြင်း ခဲ့ရတယ် ဆိုတာက သက်ရှိ ပုဂ္ဂိုလ်များ ဖြစ်ကြတဲ့ အဘွားတို့ ၊ အဖေတို့ ၊ အမေတို့ ၊ အဒေါ် တို့ ၊ ဦးလေးတို့ ပြောတာတွေကို နားထောင်ရင်း ကြီးပြင်းခဲ့ရတာပါ ။ တချို့ဟာတွေက သူတို့ ကိုယ်တွေ့ အဖြစ်အပျက်တွေ ဖြစ်ပြီး တချို့ဟာတွေကတော့ သူတို့ တစ်ဆင့် စကား တစ်ဆင့်နား ကြားခဲ့ကြတဲ့ ပုံပြင်တွေ ၊ အဖြစ်အပျက်တွေ ဖြစ်ပါတယ် ။ ဒါတွေ ပြောကြပြီဆိုရင် သူတို့က ညလုံးပေါက် ပြောနိုင်ကြတယ် ။ ကျွန်မကလည်း သူတို့ နားမှာ ထိုင် နားထောင်ရင်း အိပ်ပျော် သွားတတ်တာပါ ။ ဒါကြောင့် ကျွန်မ စာရေးတဲ့အခါ ဇာတ်ကြောင်းပြန်သူ နေရာက ရေးရင် ကျွန်မ နားထဲကို တစ်စုံတစ်ယောက်က လာပြောပြနေသလို ခံစားရတာတွေကို ပြန်ရေးတာပါ ။ အဲဒီလို ခံစားလို့ မရနိုင်ရင် ကျွန်မ စာမရေးပါဘူး ။ ဒါကြောင့်လည်း စာဖတ်သူများက ကျွန်မစာကို ဖတ်ရင် သူတို့ ကိုယ်တိုင် ဇာတ်ကောင်နေရာကို ရောက် သွားတယ်လို့ ဆိုကြတာပါ ။

➽ ဆရာမရဲ့ အတ္ထုပ္ပတ္တိ မှာ ဆရာမ ရဲ့ မိဘများ က အင်မတန် ပုံပြောကောင်းသူများ ဖြစ်တယ်လို့ တွေ့ရပါတယ် ။ ပုံပြင် တစ်ပုဒ်ကို ပြန် ပြောပြရတာ နဲ့ စာမျက်နှာများ ပေါ် မှာ ချရေးရတာ ဘယ်လိုများ ကွာခြားမှုရှိပါသလဲ ။

ကျွန်မအနေနဲ့ တကယ့်ကို ပုံပြောကောင်းတဲ့ သူတွေ အများကြီး တွေ့ဖူးပါတယ် ။ ဒါပေမဲ့ သူတို့ဟာ စာရေးဆရာတွေ မဟုတ်ပါဘူး ။ ဒီ နှစ်ခု ဘာကွာခြားသလဲ ဆိုတော့ ပုံပြောသူတွေ က သူတို့ရဲ့ မျက်နှာ အမူအရာ ၊ ကိုယ်ဟန် အမူအရာ ၊ လေယူလေသိမ်း တို့ကို အားပြုပါတယ် ။ ဒါတွေကို စာမျက်နှာပေါ် ချရေးမယ် ဆိုရင် လုံးဝ ခြားနားပါတယ် ။ သူတို့ ပြောတဲ့အတိုင်း ရေးမယ်ဆိုရင် စာဖတ်သူက နားလည်နိုင်မှာ မဟုတ်ပါဘူး ။ ပုံပြောတဲ့ သူက ပုံပြောကောင်းသူသာ ဖြစ်ပါတယ် ။ စာရေးကောင်းသူ မဟုတ်ပါဘူး ။

စာရေးတယ် ဆိုတာက လက်မှုပညာ တစ်ခုလို အနုစိတ် ထုဆစ် တတ်ဖို့ လိုပါတယ် ။ တချို့ နေရာတွေမှာ တကယ့်ကို အရေးကြီးတဲ့ အစိတ်အပိုင်းတွေကို ဘယ်လို တင်ပြရမယ်ဆိုတာ စာရေးဆရာက အလေးအနက် ထားပြီး စိတ်ကူး ရပါတယ် ။ ဝတ္ထုဇာတ်လမ်း တစ်ပုဒ်ကို ရေးတော့မယ်ဆိုရင် ဘယ်ရှုထောင့်က ရေးမလဲ ၊ ဘယ်နေရာက စမလဲ ၊ ဘာအကြောင်းလဲ ။ အဲဒါတွေကို အရင်ဆုံး ဆုံးဖြတ်ရပါမယ် ။

➽ ဆရာမ ရေးတဲ့ Oral History မှာ ပထမ ဇာတ်ကောင် နေရာက ရေးတာ ရှိသလို တချို့ နေရာတွေမှာ ဇာတ်ကြောင်းပြန်သူ နေရာက ရေးတာ တွေလည်း ရှိတယ် ။ ဆရာမ ဘာကြောင့် ဒီလို ရေးတာလဲ ။

အဲဒီ ဝတ္ထုက အဖြစ်အပျက်ပေါင်းများစွာ ပါဝင်တဲ့ ဝတ္ထု ဖြစ်ပါတယ် ။ ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီဝတ္ထုဟာ ကျွန်မ တစ်သက်လုံး ရေးချင်ခဲ့တဲ့ ပုံစံတစ်ခု ဖြစ်ပါတယ် ။ ဒါပေမဲ့ ကျွန်မအနေနဲ့ ဘယ်နေရာကနေ ဘယ်လို စရမှန်း မသိလို့ တော်တော်ကြာနေခဲ့တယ် ။ ဒီဝတ္ထုမှာ က ကျွန်မအနေနဲ့ ဒဏ္ဍာရီ တွေ ၊ သမိုင်းတွေထဲက ပုံပြင်တွေမှာပါတဲ့ ဇာတ်ကောင်တွေကို ဂုဏ်ပြု ဖော်ပြချင်တယ် ။ ဒီဇာတ်ကောင်တွေ အကြောင်း ကျွန်မ ငယ်ငယ် ကတည်းက ရင်းနှီးခဲ့ရသလို စာဖတ်ပရိသတ်နဲ့လည်း ရင်းနှီးစေချင်တာ ။ ကျွန်မဇာတ်ကောင်တွေဟာ အပြင်မှာ ကျွန်မ မြင်တွေ့ကြားခဲ့ရသလို စကားတွေကို သူတို့နှုတ် ကနေ ပြောစေချင်တာ ။ သူတို့ပြောတဲ့ စကားတွေ ဟာလည်း Appalachian စကားတွေ ဖြစ်စေချင်တာ ။

ပထမတော့ ကျွန်မက ဒီစာအုပ်ဟာ ဧရာမ စာအုပ်ကြီး ဖြစ်လာလိမ့် မယ်လို့ မျှော်လင့်ခဲ့တယ် ။ ဘာကြောင့်လဲ ဆိုတော့ မျိုးဆက်တွေ အဆက်ဆက်ပါမယ် ။ ဒီမြေ ၊ ဒီရေမှာ ကြီးပြင်းခဲ့ကြတဲ့ လူတွေဟာ ခေတ်ကာလ အလိုက် ပြောင်းလဲခဲ့ကြတာတွေကို ရေးမယ်လို့ စိတ်ကူးခဲ့တာကိုး ။ ဒါကြောင့်လည်း သမိုင်းစာအုပ် တစ်အုပ် ရေးသလို တတိယပုဂ္ဂိုလ် ဇာတ်ကြောင်းပြန်သူ နေရာကနေ ရေးဖို့ လိုအပ်လာတယ် ။

ကျွန်မ ပထမစာမျက်နှာ ၁ဝဝ လောက်ကို အကြမ်းရေးတဲ့ နေရာမှာ တတိယပုဂ္ဂိုလ် ဇာတ်ကြောင်းပြန်သူ နေရာက ရေးခဲ့ပါတယ် ။ ပြန်ဖတ်ကြည့်လိုက်တဲ့ အခါကျတော့ ကျွန်မ ကိုယ်တိုင်က ဇာတ်ကောင်တစ်ယောက် အဖြစ် ပါဝင်နေသလို ဖြစ်နေတယ် ။ အဲဒီလို ဖြစ်တာက မကောင်းဘူး ။ ဇာတ်ကောင်နဲ့ ကျွန်မ ကြားမှာ မညီညွတ်မှုတွေ ရှိနေတယ်လို့ ထင်တယ် ။ ကျွန်မကချည်းပဲ ပြေ နေပြီး ဇာတ်ကောင်တွေ က အအတွေလို ပါးစပ် ပိတ်နေတယ် ။

ဒါကြောင့် ဇာတ်ကောင်တွေက သူတို့ အကြောင်းကို သူတို့ ပြန်ပြောပြ သလို ပထမပုဂ္ဂိုလ်နေရာက ပြန်ရေးဖြစ်ပါတယ် ။ ပထမပုဂ္ဂိုလ်နေရာကလည်း ရေးလိုက်ရော စာအုပ်က ချောချောမွေ့မွေ့  ပြီးသွားတယ် ။

➽ အဲဒီ ဝတ္ထုထဲမှာပဲ တချို့နေရာ ကျတော့ ဇာတ်ကြောင်းပြန်သူ နေရာ ရောက်သွားတာ တွေ့ရတယ် ။

ဟုတ်တယ် ။ ဘာကြောင့်လဲ ဆိုတော့ တချို့ နေရာတွေမှာ လူအများကြီးရဲ့ အမြင်တွေကို ပြောစရာ ရှိလာတယ် ။ ဥပမာအားဖြင့် သုသာန်မှာ အဓိကဇာတ်ကောင် တစ်ယောက်ကို သဂြိုဟ်တဲ့ အခန်း ဆိုပါတော့ ။ အသုဘ လိုက်ပို့သူ အများကြီးရှိတယ် ။ သူတို့ တစ်ယောက်ချင်းဆီက ခံစားချက်တွေကို ပြောစရာ ရှိလာတဲ့ အတွက် ပထမနေရာက ရေးတာထက် တတိယ နေရာက ရေးတာက ပိုပြီး ပြည့်စုံနိုင်တာကြောင့် အဲဒီ အခန်းမှာတော့ ပုံစံ ပြင်ပြီး ရေးလိုက်တယ် ။

➽ ဒီ ဝတ္ထုကို ဖတ်တဲ့ စာဖတ်သူများ အနေနဲ့ အဖြစ်အပျက် များစွာကို ရှုထောင့် အမျိုးမျိုးကနေ မြင်တွေ့ ရသလို ခံစားရတယ် ။ အဲဒီလို ခံစားရအောင် ရည်ရွယ်ပြီး ရေးခဲ့တာလား ။

Oral History ကို ရေးဖို့ ကျွန်မ နှစ် တော်တော်ကြာကြာ အချိန်ယူခဲ့ရပါတယ် ။ လူ တော်တော်များများနဲ့ တွေ့ဆုံပြီး သူတို့ ပြောပြတာတွေကို အသံ ဖမ်းယူခဲ့ပါတယ် ။ တိပ်ခွေထဲက အသံတွေကို ကျွန်မ ချရေးတယ် ။ ဒါတွေကို ပေါင်းစပ်လိုက်တဲ့ အခါမှာ သမိုင်းကြောင်း တစ်ခု လိုလို ၊ ပုံပြင် တစ်ခု လိုလို ဖြစ် ပေါ်လာပါတယ် ။

တကယ်တော့ ဒါဟာ ပုံပြောကောင်းသူ တစ်ယောက်ရဲ့ ပုံပြင် တစ်ပုဒ်သာ ဖြစ်ပါလိမ့်မယ် ။

ဆိုကြပါစို့ ။ လူအများ စုဝေးတဲ့ ရင်ပြင်မှာ လူတစ်ယောက်ကို ကြိုးပေးတဲ့အခန်း ဆိုပါတော့ ။ ဒီအခန်းကို ရေးနိုင်ဖို့ အတွက် မိသားစုထဲမှာ ကြိုးပေး အသ,တ်ခံရသူ ရှိတဲ့ မိသားစုတွေကို ကျွန်မ ရှာပြီး တွေ့ဆုံရတယ် ။ ဒီလို တွေ့ဆုံရာမှာ ၇ ယောက်ကို တွေ့ရင် ခံစားချက် ၇ မျိုး ရရှိပါတယ် ။ တစ်ယောက် နဲ့ တစ်ယောက် ခံစားမှုချင်း လုံးဝ မတူပါဘူး ။ ဒီလိုနဲ့ပဲ ကျွန်မ ဝတ္ထုကို စ နိုင်ခဲ့တာပါ ။

နောက် တစ်ခုက ပုံပြင်များရဲ့ သဘောသဘာဝကို ကျွန်မ လေ့လာ ကြည့်ပါတယ် ။ ပုံပြင်တွေ ဘယ်လို စပြီး ပေါ်ပေါက်လာသလဲ ၊ ဘယ်လို အကြောင်းကြောင့် ဒီ ပုံပြင်တွေကို လက်ဆင့်ကမ်း သယ်ဆောင် လာခဲ့ကြသလဲ ။ အကြောင်းအရာ တစ်ခုတည်းကိုပဲ ပြောတဲ့လူ မတူရင် အချက်အလက်က ကွဲပြားမှု ရှိလာတယ် ။ ဒါတွေကို စုစည်းပြီး ဘယ်ဟာ အမှန် ဖြစ်တယ်ဆိုတာ ဆုံးဖြတ်ဖို့ လိုလာတယ် ။ ကိုယ် မမြင်ခဲ့ရတဲ့ အတိတ်မှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက ဘယ်ဟာက အမှန်ဆိုတာ ပြောဖို့ကတော့ ခက်ပါတယ် ။

➽ On Agate Hill မှာတော့ သမိုင်းထဲက အကြောင်းအရာ တစ်ခု ယူပြီး ရေးဖွဲ့ထားတာ တွေ့ရပါတယ် ။ အဲဒီ အကြောင်းအရာနဲ့ ပတ်သက်ပြီး ဆရာမ ဘယ်လို လေ့လာပါသလဲ ။ ဘာကြောင့်လဲ ဆိုတော့ ဒီအကြောင်းအရာက ပြည်တွင်းစစ် ကာလနဲ့ ပြန်လည် တည်ဆောက်ဆဲ ကာလမှာ ဖြစ်ပျက်ခဲ့တာ ဖြစ်ပါတယ် ။

အဲဒီကာလတုန်းက ရှိခဲ့တဲ့ ၊ သိမီခဲ့တဲ့ သူတွေကို ကျွန်မ လိုက်မေးပါတယ် ။ တချို့ပုဂ္ဂိုလ်များကတော့ ကိုယ်တိုင် မသိမီခဲ့ပေမယ့် စာသင်ခန်းထဲမှာ သင်ခန်းစာ အဖြစ် သင်ယူ လေ့လာခဲ့ရသူတွေ ဖြစ်ပါတယ် ။

အဲဒါအပြင် ကျွန်မ လက်လှမ်းမီတဲ့ တချို့ပုဂ္ဂိုလ်များရဲ့ စာတွေ ၊ ဒိုင်ယာရီ တွေကိုလည်း လေ့လာခဲ့ပါတယ် ။ ဒါတွေကို အခြေခံပြီး အခု ရှင် မေးတဲ့ ဝတ္ထုကို ရေးနိုင်ခဲ့တာဖြစ်ပါတယ် ။

➽ ဆရာမ စာရေးသားပုံ အဆင့်ဆင့်ကို ပြောပြပေးပါလား ။

စာတစ်ပုဒ်ကို မရေးသားခင်မှာ ကျွန်မအနေနဲ့ ပြင်ဆင်မှုတွေ အများကြီး လုပ်ရပါတယ် ။ ပထမအချက်ကတော့ ကျွန်မမှာ ကလေးတွေရှိတဲ့ အတွက် စာရေးဖို့ အချိန်ဆိုတာ တော်တော် ရှားပါးပါတယ် ။ ဒါကြောင့် ရေးဖို့ စိတ်ထဲမှာ ဖရိန်ချပြီးသား ဖြစ်တဲ့ ဇာတ်လမ်း အတွက် အထောက်အကူ ပြုမယ့် အချက်အလက်တွေကို သတိရတိုင်းမှာ မှတ်စုအဖြစ် တို့ထား လိုက်ပါတယ် ။

အဲဒီလို တစ်စ တစ်စ တို့ထားခြင်းက ကျွန်မ ရေးမယ့် ဇာတ်လမ်းဟာ ဘယ်လို ဖြစ်တော့မယ်ဆိုတာ ကျွန်မ ရင်ထဲမှာ ရုပ်လုံးပေါ်လာပါတယ် ။ ရင်ထဲမှာ အဆင်သင့် ဖြစ်နေပြီဆိုတဲ့ အချိန် ၊ ကလေးကို ထိန်းပေးမယ့်သူ ရှိနေတဲ့ အချိန်မှာ ဖြစ်ဖြစ် ၊ ရုံးက အားလပ်တဲ့ ရက်မှာပဲ ဖြစ်ဖြစ် ရင်ထဲမှာ ရှိပြီးသား ဇာတ်လမ်းကို ချရေးတော့တာပဲ ။ ရေးတဲ့ အချိန်ကျမှ အချက်အလက်ရှာဖို့ ကျွန်မ အချိန် မပေးနိုင်ပါဘူး ။

➽ စာမရေးခင်မှာ အဲဒီလို ပြင်ဆင်မှုတွေ လုပ်ထားတော့ ဇာတ်ကောင် နဲ့ ဇာတ်ကွက် ကို ဖန်တီးရာမှာ ဘယ်လောက်အထိ အထောက်အကူ ဖြစ်စေ ပါသလဲ ။

ကျွန်မ ဇာတ်ကောင်တွေ နဲ့ စ လိုက်တယ် ။ ရေးရင်း ရေးရင်းကနေ သူတို့အကြောင်းကို ပိုပို သိလာတယ် ။ သူတို့ ဘာ တွေးတယ် ၊ ဘာကို ချစ်တယ် ၊ ဘာကို ကြောက်တယ် ၊ ဘာကို ရည်ရွယ်တယ် ၊ ဘာကို လိုချင်တယ်ဆိုတာတွေ ကျွန်မ သိလာပါတယ် ။ အဲဒီလို ရေးနေရင်းက သူတို့ တစ်တွေရဲ့ နေ့စဉ်ပုံမှန် လှုပ်ရှားမှုတွေကိုပါ ကျွန်မ မြင်ယောင်လာတယ် ။ ကျွန်မ မျက်စိထဲမှာတော့ သူတို့ဟာ သက်ရှိပုဂ္ဂိုလ်တွေ ဖြစ်နေပြီပေါ့ ။

စာရေးဆရာမ Annie Dillard က ပြောဖူးတယ် ။ အဝတ်တစ်ထည် ချုပ်တော့မယ်ဆိုရင် ကိုယ့်မှာ လုံလောက်တဲ့ ပိတ်စရှိအောင် အရင်စီစဉ်ထားရမယ်တဲ့ ။ အဲဒီလိုပါပဲ ။ စာရေးဆရာ တစ်ယောက်ဟာ သူ ရေးမယ့် စာတစ်ပုဒ် အတွက် ကြိုတင်ပြင်ဆင်မှုမရှိဘဲ ရေးလို့ မရနိုင်ပါဘူး ။

➽ ဆရာမက ဝတ္ထု တစ်ပုဒ်ကို ရေးတော့မယ်ဆိုရင် အကြောင်းအရာ ၊ အချက်အလက်တွေ သာမက ဇာတ်ဝင်အိမ် ပုံစံတို့ ဘာတို့ ကိုပါ ဆွဲထားတတ်တယ်လို့ ကြားဖူးပါတယ် ။ အဲဒါတွေကကော ဝတ္ထုရေးတဲ့ နေရာမှာ ဘယ်လို အထောက်အကူ ပြုပါသလဲ ။

ကျွန်မ အတွက်ကတော့ ကျွန်မရေးမယ့် ဝတ္ထုရဲ့ ဇာတ်ကောင်များနဲ့ ပတ်သက်တဲ့ နေရာ အနေအထားများဟာ အင်မတန် အရေးကြီးပါတယ် ။ ကျွန်မက အဖြစ်အပျက်အားလုံးအတွက် မြေပုံကိုတောင် ချဆွဲထားတာပါ ။ နိုင်ငံ အတွင်းမှာရှိတဲ့ နေရာဒေသတွေရဲ့ အမည်မှန်ကို သုံးတယ် ။ အဲဒီနေရာတွေကလည်း ကျွန်မနဲ့ ရင်းနှီးပြီးသား နေရာတွေဖြစ်ပါတယ် ။ ဒီနာမည်တွေကို သုံးပြီး ကျွန်မ ဝတ္ထုအတွက် ဇာတ်ဝင် နေရာတွေကို တည်ဆောက်ယူပါတယ် ။

ဝတ္ထုတို ရေးရင်လည်း ကျွန်မ အတွက်ကတော့ အားထုတ်မှု အတူတူ ပါပဲ ။ ဘယ်မြို့ ၊ ဘယ်အိမ် ၊ အိမ်တွင်း အပြင်အဆင်က ဘယ်လို စသဖြင့် တိတိကျကျ တည်ဆောက်ယူပြီးမှသာ ကျွန်မရေးပါတယ် ။ အဲဒီလို တည်ဆောက်ပြီးသား နေရာထဲကို ကျွန်မ ဇာတ်ကောင်တွေ ချလိုက်တဲ့ အခါမှာတော့ တစ်ခါတစ်ရံ ကျွန်မ မမျှော်လင့်တဲ့ လှုပ်ရှားမှုတွေကို သူတို့ လုပ်လာတာလည်း ရှိတတ်ပါတယ် ။

➽ ဆရာမရဲ့ စာရေးနည်း သင်တန်းသားတွေကို ဘယ်လို လေ့ကျင့်ခန်း မျိုးတွေ လုပ်ခိုင်းတတ်ပါသလဲ ။

ကျွန်မ ထင်တာကတော့ စာမရေးခင် ကြိုတင် ပြင်ဆင်မှုလုပ်ခြင်းဟာ စာရေးတဲ့ နေရာမှာ အများကြီး အထောက်အကူပြုတာ ဖြစ်တဲ့အတွက် စာရေးနည်းသင်တန်း တက်နေကြတဲ့ ကျွန်မ တပည့် သင်တန်းသားများကို အဲဒီလို လုပ်ကြဖို့ သင်ကြား ပို့ချပေးပါတယ် ။ နေရာတွေ တည်ဆောက်ရမယ် ၊ ဇာတ်ကောင်တွေရဲ့ စရိုက်တွေကို ပြင်ဆင်ရမယ် ၊ ဇာတ်ရှိန် အရ ဇာတ်ကောင်တွေရဲ့ စရိုက်များဟာလည်း ပီပြင်ပေါ်လွင် လာပါလိမ့်မယ် ။ သင်တန်းသားတွေကို ကျွန်မ လေ့ကျင့်ခိုင်းတာ ကတော့ အဖြစ်အပျက် တစ်ခုတည်းကို ရှုထောင့် ၃ နေရာကနေ အရေးခိုင်းခြင်း ဖြစ်ပါတယ် ။ အဲဒီလို ရေးလိုက်တဲ့ အခါမှာ ပထမ ဇာတ်ကောင် နေရာက ရေးတာနဲ့ တတိယ ဇာတ်ကောင် ဇာတ်ကြောင်း ပြန်သူ နေရာက ရေးတာဟာ ကွာခြားသွားတတ်တာကို သူတို့ လက်တွေ့သိရှိ သွားပါတယ် ။

➽ ဆရာမ ပြောတဲ့ အထဲ မှာ အနီးကပ်ဆုံး ဇာတ်ကြောင်းပြန်သူ ( Close Third Person ) လို့ သုံးထားတာ ပါပါတယ် ။ အဲဒါ ဘာကို ရည်ရွယ်ပါသလဲ ။

ဇာတ်ကြောင်းပြန်သူက တတိယ ပုဂ္ဂိုလ်တော့ ဖြစ်တယ် ။ ဒါပေမဲ့ သူ က ဇာတ်ကောင်များနဲ့ အနီးကပ်ဆုံးနေသူ ဖြစ်တဲ့အတွက် ကျွန်မ အနေနဲ့ စာရေးရာမှာ အဲဒီလို ပုဂ္ဂိုလ်နေရာက ရေးရတာကို ကြိုက်ပါတယ် ။ စာ ရေးရင် ကျွန်မ နားထဲမှာ အဲဒီ ပုဂ္ဂိုလ်ရဲ့.စကားတွေကို ကြားယောင်မိတယ် ။ တစ်ယောက်ယောက်က လာပြောနေသလိုပေါ့ ။

➽ ဆရာမက The Last Girls ဝတ္ထုကိုရေးတဲ့ နေရာမှာ ဇာတ်ကောင်ရဲ့ ခံစားမှုကို ပေါ်လွင်အောင် ကဗျာထည့် သုံးသွားတာ တွေ့ရပါတယ် ။ ဝတ္ထုထဲမှာ အဲဒီလို ကဗျာညှပ် သုံးတာက စွန့်စားရာ မကျလွန်းဘူးလား ။ ဘာကြောင့် အဲဒီလို ကဗျာညှပ်သုံးတာလဲ ။

အဲဒီဝတ္ထုမှာ ကျွန်မ ဇာတ်ကောင် Baby က ၁၉၆ဝ ခုနှစ်များအတွင်းတုန်းက ကဗျာတွေ လေ့လာသင်ကြားနေတဲ့ ကျောင်းသားတစ်ယောက် ဖြစ်ပါတယ် ။ ဒါပေမဲ့ ဝတ္ထုအစဖြစ်တဲ့ သူမရဲ့ သူငယ်ချင်းတွေ မစ္စစ္စပီမြစ် ကို စုန်ဆင်းကြတဲ့ အချိန်မှာ Baby က ကွယ်လွန် သွားခဲ့ပါပြီ ။ သူငယ်ချင်းတွေက သူ့ အမှတ်တရအဖြစ် သူ့ကဗျာတွေကို ရွတ်ဆိုကြတယ်လို့ ကျွန်မ ထည့်ခဲ့တာပါ ။ အဲဒီမှာ သူ့အသံ မပါပါဘူး ။

အဲဒါနဲ့ ပတ်သက်လို့ လည်း ကျွန်မ ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး ။ ဒီ ဝတ္ထုတွေကို ကျွန်မ မနက်ပိုင်းတွေမှာ ရေးပါတယ် ။ အိမ်ပြင်ထွက်ပြီး နေပူဆာလှုံရင်း ရေးခဲ့တာပေါ့ ။ တစ်နေ့ မှာတော့ ကျွန်မ နားထဲမှာ Baby အသံနဲ့ ကဗျာ ရွတ်တာတွေ ကြားလာရတယ် ။ အဲဒါကို ကျွန်မ ချရေး လိုက်တာပဲ ။ ကြားကြားချင်း ဆိုတော့ မေ့သွားမှာ စိုးတာနဲ့ အနားမှာ ရှိတဲ့ ချက်လက်မှတ် စာအုပ်ပေါ်မှာ ရေးလိုက်မိတယ် ။ နောက်တော့မှ စာရွက် တစ်ခုပေါ်မှာ ပြန်ကူးယူရတယ် ။ အဲဒီလို ထူးခြားမှု ရှိခဲ့တယ် ။ ဒါကြောင့်လည်း သူ့ အသံလေး ဝတ္ထုထဲမှာ ပါချင်ရှာလို့ပဲ လို့ တွေးပြီး ထည့်ခဲ့တာပါ ။ စာရေးတာကို ရပ်လိုက်ပြီး Baby ရဲ့ ကဗျာတွေကို ကျွန်မ နားထဲမှာ ကြားရတဲ့အတိုင်း လိုက်ကူးထားတယ် ။ ဝတ္ထုကို တကယ်ရေးတဲ့ အချိန်မှာ ဒီကဗျာတွေက တော်တော်လေး အထောက်အကူ ပြုခဲ့ပါတယ် ။

➽ ဆရာမက စာလည်း တော်တော် ဖတ်တယ်လို့ သိရပါတယ် ။ စာဖတ်ခြင်းက ဘယ်လောက်အထိ အထောက်အကူ ပြုပါသလဲ ။

သူများရေးတဲ့ စာတွေကို ကိုယ့်အသံနဲ့ ဖတ်ကြည့်ပါ ။ အဲဒီအခါမှာ ကိုယ်ရေးတာနဲ့ ဘယ်လို ကွာခြားတယ် ၊ ကိုယ့် အယူအဆနဲ့ သူ့ အယူအဆ ဘယ်လို ခားနားတယ် ဆိုတာလည်း တွေ့လာပါလိမ့်မယ် ။ ကျွန်မအတွက်ကတော့ စာဖတ်ခြင်းဟာ အင်မတန် အရေးကြီးပါတယ် ။ စာရေးချိန် နဲ့ စာဖတ်ချိန်ဟာ ဆတူ လောက် ရှိပါတယ် ။

➽ စာရေးချင်သူတွေ အတွက် ဆရာမအနေနဲ့ ဘယ်လိုများ အကြံပေးချင်ပါသလဲ ။

ကျွန်မ တစ်ဦးချင်း အနေနဲ့ ပြောရမယ် ဆိုရင် စာရေးခြင်းဟာ အင်မတန် အံ့သြစရာ ကောင်းတဲ့ကိစ္စ တစ်ခု ဖြစ်ပါတယ် ။ စာရေးရတာကို ကျွန်မ ချစ်မြတ်နိုးတယ် ။ ရေးပြီးသား စာမူကို ပြန်ဖတ်ရတာကိုလည်း ကျွန်မ ပျော်မွေ့တယ် ။ ကိုယ်ရေးတာကို ပြန် ဖတ်ပြီး ပြင်ရင်း ပြင်ရင်းက တစ်ခါတလေမှာ ဇာတ်ကောင်တွေရဲ့ စရိုက်က ပိုပြီး အသက်ဝင်လာပါတယ် ။ တစ်ခါတလေမှာ တချို့က ကျွန်မကို မေးတယ် ။ အစအဆုံး ရေးပြီး မထုတ်ဝေဖြစ်တဲ့ ဝတ္ထု ရှိသလားတဲ့ ။ သိပ်ရှိတာပေါ့ ။ ရေးပြီးမှ ကိုယ့်ဘာသာကိုယ် မကြိုက်လို့ သိမ်းထားလိုက်တဲ့ ဝတ္ထုတွေလည်း ရှိတာပေါ့ ။

ဒါကြောင့် စာရေးဖို့ကြိုးစားနေတဲ့ လူတွေကို အဲဒါလေးတွေ သိစေချင်တယ် ။ ရေးပြီးတဲ့ စာမူတိုင်းဟာ ပုံနှိပ်စာလုံး ဖြစ်ချင်မှ ဖြစ်လာပါလိမ့်မယ် ။ ဖြစ်မလာလို့ စိတ်ဓာတ် မကျပါနဲ့ ။ စာရေးချင်တဲ့ စိတ်ဓာတ်ပျက်ပြား မသွားအောင် အားပေးနိုင်တဲ့ သူဟာ မိမိကိုယ် မိမိပဲ ဖြစ်ပါတယ် ။ ခေါင်းထဲမှာ ပေါ်လာတာနဲ့ ချရေးလို့ရပြီလို့ မတွေးလိုက်ပါနဲ့ ။ ဒီ ဝတ္ထုကို ရေးဖို့လိုအပ်တဲ့ အချက်အလက်တွေကို ရှာဖွေစုစည်းပါဦး ။ ပြည့်စုံပြီ ဆိုတော့မှသာ ချရေးပါ ။ ပြန်ဖတ်ပါ ။ ပြင်ဆင်ပါ ။ ပြန်ရေးပါ ။ ပြီးတော့မှသာ အယ်ဒီတာ လက်ကိုအပ်လိုက်ပါ ။

▢ ဝင်းငြိမ်း
📖ရွှေအမြုတေ မဂ္ဂဇင်း
     ၂၀၁၀ ပြည့်နှစ် ၊ မေလ

စံပြလယ်သမား

 

❝ စံပြလယ်သမား ❞
         ( ပုံပြင် )

ရှေးသရောအခါ လယ်သမားတစ်ဦးသည် တောအုပ်ကြီးတစ်ခု အတွင်း၌ သစ်ပင်ကြီး တစ်ပင်ကို ခုတ်လှဲနေစဉ် ထိုတောအုပ်နှင့် မနီးမဝေးရှိ ရွာကြီး တစ်ရွာမှ သူကြီးတစ်ဦးသည် လယ်သမား ခုတ်လှဲနေရာသို့ ရောက်သွားလေ၏ ။

သူကြီးသည် သစ်ခုတ်နေသော လယ်သမား အနားသို့ ရောက်လျှင် “ မိမိကိုယ် မိမိ အားကိုး၍ သစ်ခုတ်ခြင်းသည် မွန်မြတ်လှပါပေသည် ” ဟု ချီးကျူးစကား ပြောကြားလေ၏ ။ လယ်သမားသည် သူကြီးစကားကို ကြားလျှင် မောကြီးပန်းကြီးနှင့် “ မှန်ပါသည် ၊ မိမိကိုယ် မိမိ အားကိုး၍ လုပ်ကိုင်သော အလုပ်သာလျှင် လောကတွင် အမွန်အမြတ်ဆုံး အလုပ်ဖြစ်ပါသည် ” ဟု ပြန်လှန်ပြောကြားပြီး သစ်ခုတ်ခြင်း အလုပ်ကိုသာ မနေမနား ဆက်လက်လုပ်ကိုင်ခြင်းပြုလေ၏ ။

လယ်သမားသစ်ခုတ်သမားကား မိမိထံသို့ ရောက်လာသူအား သူကြီးမှန်း မသိချေ ။ “ သင်သည် ဤမျှလောက် အလုပ်ကြိုးစားလုပ်ကိုင်ခြင်းကို ကျွန်ုပ် မြင်ရခြင်းအားဖြင့် သင့်၌ ကျွေးမွေးထောက်ပံ့ရန် သားသမီး အတော်များများ ရှိသည်ဟု ကျွန်ုပ် ထင်သည် ၊ ဟုတ်သလော အချင်းလယ်သမား ” ဟု သူကြီးက ဆက်လက် မေးမြန်းစုံစမ်းခြင်းပြုလေ၏ ။

“ မှန်ပါသည် ၊ ကျွန်ုပ်တွင် သားနှစ်ယောက်နှင့် သမီးနှစ်ယောက်ရှိပါသည် ” ဟု လယ်သမားက ပြန်လည် ဖြေဆိုခြင်းပြုလေ၏ ။

“ အို ... သို့ဖြစ်လျှင် သင့်၌ ကျွေးမွေးထောက်ပံ့ရန် သားသမီးလည်း များများစားစား မရှိပါတကား ၊ သို့ပါလျက် အချင်း လယ်သမားသည် ဘယ်အတွက် ဤမျှလောက် အလုပ်ကြိုး စားလုပ်ကိုင်ခြင်း ပြုရသနည်း ၊ သင်သည် လယ်အလုပ်ကိုလည်း လုပ်၏ ။ သစ်ခုတ်ခြင်းအလုပ်ကိုလည်း လုပ်၏ ။ ထိုအလုပ် နှစ်လုပ်ကို လုပ်သော ဝင်ငွေသည် တော်တော်များများ ရမည်ထင်သည် ။ ထိုဝင်ငွေတို့ကို သင် မည်သို့ သုံးစွဲသနည်း ” ဟု သူကြီးက ဆက်လက် မေးမြန်းပြန်၏ ။

ထိုအခါ လယ်သမားက သူကြီးအား “ ကျွန်ုပ်သည် အလုပ် နှစ်လုပ်ကို လုပ်ကိုင်၍ ရသော ငွေအား သုံးပုံပုံ၍ တစ်ပုံကို ကြွေးပေး၍ တစ်ပုံကို ကြွေးဆပ်ပြီး ကျန်တစ်ပုံကို စွန့်ကြဲခြင်းပြုပါသည် ” ဟုဖြေကြားခြင်းပြုလေ၏ ။

သူကြီးသည် လယ်သမား၏ စကားကို နားထောင်ပြီး အမျိုးမျိုး တွေးတောစဉ်းစား ခြင်းပြုသော်လည်း မည်သည့် ကြံဆခြင်းမျှ မပြုနိုင်သောကြောင့် “ အလို ... လယ်သမား ၊ သင် ပြောကြားသော စကားတို့ကို ကျွန်ုပ် မည်သို့မျှ တွေးတောကြံဆ၍ မရပါ ၊ သင် ဘာကို ဆိုလို၍ ထိုစကားတို့ကို ပြောကြားခြင်းပြုဘိသနည်း ” ဟုလယ်သမားအား ဆက်လက်မေးမြန်းလေ၏ ။

“ တစ်ပုံကို ကြွေးပေးခြင်း ဆိုသည်မှာ ကျွန်ုပ်၏ သားသမီးများအား ကျွေးမွေးခြင်းကို ဆိုလိုပါသည် ။ ကျွန်ုပ်မှာ ထိုသားများ ကြီးပြင်းလာသောအခါ ထိုသားများ၏ ကူညီလုပ်ကိုင်ပေးသော လုပ်အားတို့ကို ခံစားရမည် ဖြစ်ပါသည် ။ သားတို့၏ လုပ်အားကို ရရှိစေရန် ထိုသားတို့ အား ကျွေးမွေးခြင်းသည် ကြွေးပေးသည်နှင့် တူသည် မဟုတ်ပါလော ” ဟု လယ်သမားက စိတ်ရှည်လက်ရှည်ရှင်းပြလေ၏ ။

“ မှန်ပါပေသည် ၊ ဟုတ်ပါပေသည် ၊ လယ်သမား၏ စကားသည် လျော်ကန်သင့်မြတ်ပါပေသည် ။ သို့ရာတွင် သင်ပြောသည့် သင့်ငွေ သုံးပုံအနက် ကျန်တစ်ပုံကို စွန့်ကြဲခြင်း ဟူသည်ကား အဘယ်သို့ပါနည်း ” ဟု သူကြီးက ဆက်လက်မေးလေ၏ ။

“ ထိုအကြောင်းကား အခြား မဟုတ်ပါ ။ ကျွန်ုပ်သည် သမီးနှစ်ဦးအား ကျွေးမွေးစောင့်ရှောက်မှုပြုခြင်းသည်ပင်လျှင် ကျွန်ုပ် လုပ်ကိုင်ရရှိသော ငွေသုံးပုံ အနက်မှ ကျန်တစ်ပုံကို စွန့်ကြဲခြင်းနှင့် တူပါတော့သည် ။ အဘယ်ကြောင့် ဆိုသော် သမီးတို့မှာ အရွယ်ရောက်သော် သားတို့ကဲ့သို့ သူတို့ထံမှ လုပ်အားကို ပြန်လည် ရရှိခံစားရန် မမျှော်လင့်နိုင်ရုံသာမက သူတို့ လင်သားရ၍ အိမ်ထောင်ပြု သွားလျှင်လည်း သူတို့ထံမှ ဘာမျှ အကျိုးခံစားခွင့် မမြင်ပါ ။ သို့ဖြစ်၍ သမီးတို့ကို ကျွေးမွေးစောင့်ရှောက်ခြင်းမှာ စွန့်ကြံခြင်းနှင့် တူလှပါသည် ” ဟု ပြောကြားခြင်းပြုလေ၏ ။

ထိုအခါ သူကြီးသည် လယ်သမားကြီး စကားကို အလွန့်အလွန် နှစ်သက်ခြင်းဖြစ်လျက် “ သင်သည် အလွန် ဉာဏ်ကောင်းသူ ဖြစ်ပါသည် ။ သို့ဖြစ်၍ မျက်စိလည် လမ်းမှားသဖြင့် တောတွင်းသို့ ရောက်လာသော ကျွန်ုပ်အား လမ်းပြခြင်း ပြုပါဦး ” ဟု ချီးမွမ်းစကားပြောကြားပြီး လမ်းညွှန်ခြင်းပြုရန် တောင်းပန်စကားပြောကြားခြင်းပြုလတ်၏ ။

လယ်သမားလည်း သူကြီးအား သူကြီးမှန်းမသိဘဲ မထီတရီပြုလိုသော အသံဖြင့် “ သင့်လမ်းကို သင်ရှာ၍ ထွက်ပါလော့ ၊ ကျွန်ုပ်မှာ သစ်ခုတ်၍ မပြီးစီးသေးပါ ။ သင် တောတွင်းမှ ထွက်ရမည့် ခရီးကား ဤမှ ဖြောင့်ဖြောင့်သွား၍ ညာဘက်သို့ ချိုးကွေ့ပါ ။ ညာဘက်သို့ ချိုးကွေ့ ပြီး ဘယ်ဘက်သို့ ချိုးကွေ့ပြီး ဆက်သွားပါ ။ ထိုကမှ ညာဘက်သို့ ချိုးကွေ့ပြီး ” ဟု လမ်းညွှန်ခြင်း ပြုလေ၏ ။

ထိုအခါ သူကြီးမင်းမှာ လယ်သမား၏ လမ်းညွှန်စကားပြောကြားခြင်းကို နားထောင်ရာမှ မှတ်သားခြင်း မပြုနိုင်ဘိသကဲ့သို့ “ သင်လမ်းညွှန်သော စကားတို့ကို ကျွန်ုပ် ဘယ်သို့မျှ နားမလည်နိုင်တော့ပါ ။ သို့ဖြစ်ရကား သင်ကိုယ်တိုင် ကျွန်ုပ်အား လိုက်ပို့ပါ ” ဟု လယ်သမားကြီး လိုက်မပို့မချင်း တောင်းပန်ခြင်းပြုလေ၏ ။

“ ကျွန်ုပ်တို့ လယ်သမားများမှာ သင့်ကို လိုက်ပို့ရန် အချိန်မရပါ ၊ ကျွန်ုပ်တို့အဖို့ လက်နှင့် အလုပ် မပြတ်အောင် ကြိုးစားလုပ်ကိုင်နိုင်လေ ငွေရလေလေဖြစ်ပါတယ် ။ သင့်အား လိုက်ပို့ရသဖြင့် အချိန်ကုန်သွားရင် ကျွန်ုပ်၏ အိတ်တွင်းမှ ငွေကုန်ကျခြင်း မဖြစ်ပေမယ့် ထိုအချိန်တွင် အလုပ်ပျက်သဖြင့် ကျွန်ုပ်အတွက် ရသင့်သော လုပ်ခများ ဆုံးရှုံးရမည်ဖြစ်လို့ အိတ်ထဲမှ ငွေကျ ပျောက်သည်နှင့် မခြားတော့ပါ ” ဟု လယ်သမားက သူကြီးအား လိုက်လံပို့ခြင်း မပြုနိုင်၍ ခါးခါးသီးသီး ငြင်းဆန်လေ၏ ။

ထိုအခါ မျက်စိလည် လမ်းမှားသူအဖြစ် ဟန်ဆောင်ရာမှ လယ်သမားကြီး၏ ကြိုးစားမှုနှင့် ဟန်ဆောင်ခြင်းကင်းပုံကိုလည်းကောင်း ၊ လယ်အလုပ်၌သာလျှင် အထူးစိတ်ဝင်စားလျက် အလုပ်တာဝန်မှအပ အခြားသော ကိစ္စတို့ကို အရေးမထားပုံတို့ကိုလည်းကောင်း ၊ သိရှိ ဝမ်းမြောက်လျက် ဆုငွေများ ချီးမြှင့်ကာ စံပြလယ်သမားအဖြစ် သူ့ရွာတွင် ကြေညာခြင်းပြုလေ၏ ။

〇 ကိုကြီးမြင့်သိန်း
📖ရှုမဝ မဂ္ဂဇင်း
     ၁၉၆၇ ၊ ဩဂုတ်

စိုရုံလေးပဲ


 

❝ စိုရုံလေးပဲ ❞
( ရှဉ့်ညိုလေး )

အဲသည်နေ့က ရွာနေသော မိုးသည် ဘယ်တော့မှ မစဲတော့မည့်ပုံနှင့် ဖြစ်သည် ။ ရွာနေပုံကလည်း ဘယ်တုန်းကမှ မရွာဖူးသေးသော အညာသားပုံစံနှင့် မိုး ဖြစ်သည် ။ တကယ့်ကို အုန်းအုန်းဒိုင်းဒိုင်းနှင့် ရွာနေခြင်း ဖြစ်သည် ။ ထိုနေ့သည် ... ။

••••• ••••• •••••

ထိုနေ့သည် မိုးလေဝသနှင့် ဇလဗေဒဌာနမှ မိုးရွာမည် ၊ ရွာရန်ရာနှုန်း ရှစ်ဆယ်ရှိသည် ၊ နေရာကွက်၍ မိုးကြီးနိုင်သည် စသဖြင့် ကြိုတင် ကြေညာထားသည့် နေ့လည်း ဖြစ်နိုင်သည် ။ သို့မဟုတ် ကြေညာချင်မှလည်း ကြေညာထားပေလိမ့်မည် ။ သို့သော် အမှန်တကယ် မိုးရွာခဲ့သော နေ့လည်း ဖြစ်သည် ။ သူ မယုံကြည်သည့် သတင်းများတွင် မိုးလေဝသသတင်းသည်လည်း တစ်ခု အပါအဝင် ဖြစ်သည် ။ သူ ကြားနေကျ သတင်းရပ်ဝန်း များထက်တော့ အနည်းငယ် ယုံကြည်ဖွယ် ကောင်းသည် ။ နောက်ပြီး ဒီသတင်းက ပွင့်လင်းမြင်သာသည် ။ ရွာရန်ရာနှုန်း ရှစ်ဆယ် ဆိုသော်လည်း ရွာချင်လျှင် ရွာမည် ။ မရွာလျှင်လည်း ရသည် ။ ထိုသတင်းမှား အတွက် မည်သူ တစ်ဦးတစ်ယောက်မျှ မိုးလေဝသရုံးရှေ့ သွားကာ စီတန်း ဆန္ဒပြခြင်း မရှိသည်က သက်သေဖြစ်သည် ။ သူသည် ဂျာနယ် လစ်တစ်ယောက် ဖြစ်သည် ။ သူ ကြားသိတွေ့မြင်နေရသည့် တစ်ရာ ရာခိုင်နှုန်း သေချာသည့် သတင်းများသည် ရှစ်ဆယ် ရာခိုင်နှုန်း သေချာသည်ဆိုသော မိုးလေဝသ သတင်းလောက်ပင် မှန်ကန်မှုမရှိသည်ကို တွေ့နေရသည် ။ အချိုးချ ကြည့်ရလျှင် နှစ်ဆယ်ရာခိုင်နှုန်းမျှပင် မမှန်သည်က အထင်အရှား ဖြစ်သည် ။ သတင်းဦး ၊ သတင်းထူး ဖြစ်ဖို့အတွက် သူ ကင်မရာ တကားကားနှင့် နေရာအနှံ့ ခြေဆန့်သည် ။ ရုတ်ရုတ်သဲသဲ ဖြစ်နေသော နေရာများ ၊ ကျိတ်ကျိတ်နှင့် တိုးတိုးတိတ်တိတ်လှုပ်ရှားနေသော နေရာများသို့ ရောက်ဖြစ်သည် ။

“ ဒါက ဒီလိုရှိတယ်ဗျ ၊ ဒီကိစ္စမှာ အရေးကြီးဆုံးက ... ”

ဆယ်တန်းတွင် ဓမ္မဓိဋ္ဌာန် မေးခွန်းများကို တစ်ခုမကျန် မှန်အောင် ဖြေခဲ့ဖူးသည်ဆိုသော ဓမ္မဓိဋ္ဌာန်ဆရာကြီးများ၏ သုံးသပ်ချက်များ ။

“ ကျုပ်တို့က ကိုယ်တိုင် လှုပ်ရှားနေတာဗျ ၊ ကျုပ်တို့လောက် ခင်ဗျား သိဦးမလား ”

ပြောင်ပြောင်တင်းတင်း ပြောလာသည့် လက်တွေ့သမား တစ်ယောက်၏ ခံယူသိမြင်မှုများ ။ ( ထိုသူက တကယ့်ကို ပြောင်ပြောင်တင်းတင်း ပြောခြင်းဖြစ်သည် ။ အထက်တန်းကျောင်းတွင် တစ်တန်းတည်း တက်ခဲ့ဖူး၍ ထိုသူ့ အကြောင်းကိုတော့ သူ အတော်အတန် သိသည် ။ တကယ့် လက်တွေ့သမား ဖြစ်သည် ။ တစ်ရက် သိပ္ပံလက်တွေ့ခန်းထဲတွင် မည်သည့် ဆေးရည်နှင့် မည်သည့်ဓာတ်ကို ပေါင်းစပ်ကာ လက်တွေ့ စမ်းသပ်လိုက်သည် မသိ ။ ဝုန်းဆိုသော အသံကျယ်ကြီး ကြားပြီးသည့်နောက် ဆရာ ၊ ဆရာမများနှင့် ကျောင်းသားများ ရောက်သွားချိန်တွင် ကျောင်းဓာတ်ခွဲခန်းထဲရှိ သူ့ထံတွင် မျက်တောင်မွေး မရှိ ၊ မျက်ခုံးမွေး မရှိ ၊ ဦးစွန်းဖုတ် ပင် မရှိတော့ချေ ။ ထိုစဉ်ကတည်းက ပြန်မပေါက်တော့သည့် အမွေးအမှင်များကြောင့် သူ့မျက်နှာသည် ပြောင်တင်းတင်း ဖြစ်သွားသည် ။ ယခုအချိန်ထိတိုင် ပြောင်ဆဲ ၊ တင်းဆဲ ဖြစ်သည် ။ )

“ ကလေးတောင် သိတယ်ဗျ ၊ တစ်နဲ့ တစ်ပေါင်း ရင် ... နှစ်နဲ့ တစ် ပေါင်းရင် ရလာမယ့် အဖြေတွေကို အားလုံးက သိကြပြီးသား ။ ခုကိစ္စက ဒီလောက် ကိန်းသေနေတာ ရလဒ်တွေက ဘာလဲ ၊ ဘယ်ကို ဦးတည် နေတာလဲ ၊ အရှင်းကြီးဗျ ... ”

ဖြစ်စဉ်တစ်ခုကို အတိအကျ တွက်ချက် ပြတတ်ကြသည့် ဂဏန်းကျေသည့် သင်္ချာသမားကြီးများ၏ တွက်ချက်သုံးသပ်ကြပုံများ ။ ပုံသေနည်း အမျိုးမျိုးနှင့် တွက်ချက်ကြသည့် အတွက် အဖြေတွေကလည်း အမျိုးမျိုးပင် ဖြစ်သည် ။ ထိုအဖြေ အမျိုးမျိုးမှာပင် အဖြေမှန် မဟုတ်သည့် ရလဒ်တွေချည်း ဖြစ်နေသည်က ထူးဆန်းသည် ။ ပုံသေနည်း တစ်မျိုးတည်းနှင့် အဖြေတစ်မျိုးတည်း ဖြစ်ခဲ့လျှင်တောင် ဒါဟာ အမှန်မဟုတ်ဘူး ဆိုတာ ကို သူတို့ လက်ခံလာအောင် မည်သည့် တန်ခိုးရှင်မျှ ရှင်းပြနိုင်မည်မဟုတ် ဆိုသည်ကတော့ သေချာသည် ။ ဘဝမှာ တစ်နဲ့ တစ် ပေါင်းပြီး နှစ် မဖြစ် တာတွေ ၊ နှစ် နဲ့ တစ် ပေါင်းပြီး သုံး ဖြစ်မလာသည့် ကိစ္စရပ် တော်တော်များများကို သူတို့ မသိကြ ။ သူတို့ သိသည်က သူတို့ အသုံးပြုထားသည့် စံ ၊ ပေတံ လျော့ကျ မသွားရေး ဖြစ်သည် ။ သိခဲ့ဖူးသည့် ရလဒ် အဖြေလေးများကို အသေဆုပ်ကိုင်ထားကြခြင်းဖြင့် သူတို့၏ မျက်လုံးတွေကို စုံမှိတ်ထားခဲ့ကြသည် ။ ဂဏန်းကျေသည့် ထိုသင်္ချာဆရာကြီးများအတွက် ရင်လေးသည် ။ ထို့ကြောင့် ရင်ပေါ့ စေရန်အတွက် ထိုဆရာကြီးများ အကြောင်း သူ မစဉ်းစားတော့ ။

“ ကျုပ်တို့ ဘဝက လယ် ပဲဗျ ၊ လယ်မရှိတဲ့ လယ်သမား ဘာသွား လုပ်စားရမလဲ ။ ဈေးဆိုင်က ဆန်အိုးထဲ ရောက်ဖို့ လွယ်များ မှတ်နေလား .. ”

လယ်သမားအယောင်ဆောင် ထန်းတက်စားသည့် ထန်းသမား၏ အမြင် မရှင်းဘဲ ရင်ရှင်းချင်သဖြင့် ခုန်ပေါက် ထွက်လာသော ထန်းခိုးဝေ့ဝေ့ စကားသံများ ။ အမြင့်တက်မှ ဝေးဝေး မြင်ရသည် ဆိုသည့် သီအိုရီ အလွဲကြီးကို မည်သူကများ ထွင်ခဲ့ပါလိမ့်ဟု သူ မကြာခဏ စဉ်းစားမိသည် ။ သာမန်လူတစ်ယောက် အတွက်မူ (  ပြင်ပ အကူအညီ မပါဘဲနှင့် ) လူသားစက္ခုဖြင့် မြင်နိုင်စွမ်းရှိသမျှ မြင်ပေလိမ့်မည် ။ သို့ သော် အမြင်အာရုံ ဝေဝါးနေသည့် လူတစ်ယောက် အတွက်မူ အမြင့် တက်လိုက်မှ ဘာမျှ မမြင်ရတော့ခြင်းမျိုးလည်း ဖြစ်သွားနိုင်သည် ။ အရေးကြီးသည်မှာ အမြင်ရှင်းရေး ဖြစ်သည် ။ အမြင်ရှင်းမှ ရင်ရှင်းစရာ ကိစ္စတွေကို ဖြေရှင်းနိုင်မည်ဖြစ်သည် ။ ထိုသို့ သူ ယုံကြည်ယူဆသည့် အတွေး အမြင်လေးများကို ဂျာနယ်ထက်မှာ အက္ခရာ စဉ်သည် ။ ကျေနပ်စရာပင် ဖြစ်သည် ။

ကျေနပ်စရာ မကောင်းသည်က ဘဝကို ဓမ္မဓိဋ္ဌာန်ကျကျ ဖြတ်သန်းနေသည်ဆိုသော ဓမ္မဓိဋ္ဌာန် ဆရာကြီးများ၏ သုံးသပ်ချက်များ ၊ ကိုယ်တွေ့ဗျ ဆိုသည့် လက်တွေ့သမားများ ပြောပြသည့် အကြောင်းအရာများ ၊ အရာရာကို အတိအကျ တွက်ချက်ပြတတ်သည့် အတွက်အချက်သမားများ၏ အယူအဆများ ၊ အလွှာအသီးသီး လူတန်းစား အသီးသီး ထံမှ ထင်မြင်ယူဆချက်များ အားလုံးကို ပေါင်းစပ်ကာ ဘွဲ့တစ်ခု ရထားသည့် ( ကိုရင် ဝတ်တုန်းက ဘွဲ့ကို ထည့်ပြီး ရေတွက် မထားပါ ။ ငယ်စဉ်က ကိုရင် ခဏခဏ ဝတ်၍ သူ့တွင် ဘွဲ့များစွာရှိသည် ။ မှတ်ပင် မမှတ်မိတော့ ။ လောကီဘွဲ့ကတော့ ဘီအက်စ်စီ တစ်ခုသာ ဖြစ်သည် ။ ) သူ၏ ဦးနှောက်ဖြင့် ဖြစ်နိုင်ခြေ အရှိဆုံးသော ကောက်ချက်ကို ချကာ ဂျာနယ်ထက်တွင် စာစီသည် ။ ထိုကောက်ချက်မှာ မိုးလေဝသ သတင်းလောက်ပင် မှန်ကန်ဖူးခြင်း မရှိသောအခါ ဂျာနယ်လစ် အဖြစ်မှ ဝတ္ထုတို လိုင်းသို့ ပြောင်းရန် စိတ်ကူးသည် ။ ထို့နောက် ခြောက်လတွင် တစ်ပုဒ်ခန့် ပါသော ဝတ္ထုတိုဆရာ ဘဝကို လုံးဝခံယူ လိုက်တော့သည် ။ ဝမ်းရေးအတွက်မူ ပူစရာ မလိုခဲ့ ။ မိဘလုပ်စာကို မသိကျိုးကျွန် ပြုကာ မျက်နှာပြောင်ပြောင် နှင့် အခန့်သား ထိုင်စားနေသည့် လူပျိုကြီး ဖြစ်နေသော ကြောင့် ဖြစ်သည် ။

မှန်ပါသည် ။ သူ့ ရွေးချယ်မှု မှန်ကန်သွားသည်ကို သိသည် ။ ယနေ့လည်း အိမ်မှာနေမည်ဟူသော သူ့ ဆုံးဖြတ်ချက် မှန်သွားပြန်သည် ။ အပြင်ဘက်တွင် မိုးတွေက သဲသဲမဲမဲကို ရွာနေဆဲ ဖြစ်သည် ။ လျှပ်စီးတွေက တဝင်းဝင်း ၊ တလက်လက်နှင့် ပြိုးပြိုးပြက်ပြက် ရှိလှသည် ။ မနက်ခင်းတုန်းက မိုးရွာမည့် အရိပ်အယောင်ပင် မရှိ ။ နေသာမည့် နေ့တစ်နေ့၏ အရိပ်အယောင်သာ ပြခဲ့သည် ။

ဝတ္ထုတစ်ပုဒ် ပြီးအောင် ရေးမည် ဟူသော ဆုံးဖြတ်ချက်နှင့် မနက် ၉နာရီတွင် အိပ်ရာမှ ထ,သည် ။ အမေနှင့် အဖေက ညီမလတ် ရှိရာ မြို့သို့ ဘုရားဖူး သွားနေသဖြင့် ထို အချိန်ထိတိုင် သူ အိပ်ခွင့်ရခြင်း ဖြစ်သည် ။ မျက်နှာသစ် ၊ သွားတိုက် ၊ ကော်ဖီသောက် ပြီးနောက် စာရေးစားပွဲမှာ ထိုင်သည် ။ ညဦးပိုင်းက အာရုံကွန့်မြူးထားသည့် ဇာတ်လမ်းလေးသည် အိပ်ရာထက်တွင် အိပ်မက်နှင့် အတူ ကျန်ရစ်ခဲ့သည် ။ ထိုင်းမှိုင်းလေးလံသည့် သူ့ ဦးခေါင်းထဲမှ မည်သည့် စာသားမျှ ထုတ်၍ မရတော့ ။ တစ်ခုခု လုပ်ဦးမှ ဆိုသော အသိနှင့် အိမ်ရှိ အုတ်ရေကန်ကို ရေဆေး သည် ။ အုန်းဆံဖတ်နှင့် တိုက်သည် ။ စွဲနေသည့် ရေညှိ တချို့ကို သံဘရပ်ရှ်ဖြင့် ချွတ်သည် ။ ရေကန်ဆေးပြီးနောက် စိုနေသည့် ခြေထောက် နှင့် နံစော်နေသည့် ရေညှိနံ့တို့ကြောင့် ခေါင်းက ထိုးကိုက်လာသည် ။ ရေတင်ရန် မော်တာဖွင့်လိုက်တော့ လျှပ်စစ်မီးက ဘယ်အချိန်ကတည်းက ပျက်သွားသည် မသိ ။ ရေမချိုးရသဖြင့် အဝတ်ဟောင်းတစ်ခု နှင့် ကိုယ်လက် သုတ်သင်လိုက်သည် ။

စာရေး မရသဖြင့် စာအုပ်စင်တွင်ရှိသည့် စာအုပ်များဘက် လှည့်လိုက်သည် ။ မဖတ်ချင်ဘူး ဆိုသော အဖြေကို ဦးနှောက်က အချက်ပြသည် ။ အင်ဗာတာ အားကိုးဖြင့် တီဗွီ ဖွင့်ကြည့်သည် ။ အို ထူးဆန်းလှချည့်လား ။ လိုင်း ပေါင်း တစ်ရာကျော်သည့် စကိုင်းနက်တွင် သူ စိတ်ဝင်တစား ကြည့်ရမည့် တစ်လိုင်းမျှ မရှိ ။ အကြံကုန်သဖြင့် အိပ်ရာထဲတွင် ခွေကာ ရောက်တတ်ရာရာ တွေးနေလိုက်သည် ။ ထိုအချိန်ထိ မိုးရွာမည့် အရိပ်အယောင်ကို မတွေ့ရသည်မှာ သေချာ သည် ။ သားဖြစ်သည့် သူ့ အပေါ်တွင် မိဘတို့၏ နောက်ဆုံးကျင့်ဝတ် ကျန်နေသေးကြောင်း စဉ်းစားပြီးနောက် မကြာမီ အိပ်ပျော်သွားသည်ကလည်း သေချာသည် ။

သူ အိပ်ရာ နိုးလာရသည်မှာ စိမ့်ခနဲ အေးစိမ့်သွားသည့် မိုးသက်လေကြောင့် ဖြစ်သည် ။ ထို့နောက် ဗြောင်းဗြောင်း ဗြောင်းဗြောင်းနှင့် သွပ်မိုးပေါ်သို့ မိုးစက်များစွာ ကျလာခဲ့သည် ။ ပြောင်းလဲသွားသည့် ဝန်းကျင်ကို ငေးနေပြီး မကြာမီပင် အိပ်ရာထက်သို့ ပက်မိုးအဖြစ်နှင့် မိုးစက်များစွာ ခုန်ဆင်းလာသည် ။ ပြတင်းတံခါးကို ပိတ် လိုက်ပြီး အိမ်ရှေ့ခန်းသို့ ထွက်ခဲ့လိုက်သည် ။

နောက်ဖေးတွင် လှန်းထားသော ရေကန်ဆေးစဉ် ဝတ်ထားသည့် ဘောင်းဘီတိုကြီးမှ တစ်ပါး ခြံဝန်းထဲတွင် သိမ်းရုပ်စရာ အဝတ်မရှိသည်ကို သူသိသည် ။ တစ်ထပ်တိုက် ခေါင်မိုးပေါ်သို့ အရှိန်ပြင်းပြင်း ကျနေသည့် မိုးသံများကြားမှ ဖောက်၍ အိမ်ရှေ့ လမ်းမရှိ ဘောလုံးပွဲမှ အသံတို့က တိုးထွက်လာသည် ။ မိုးရေချိုးလျှင် ကောင်းမလားဟု စဉ်းစားမိသည် ။ တစ်ဝန်းလုံး ကွန်ကရစ် ခင်းထား၍ ရေမတင်သော်လည်း ရေတံလျှောက်မှ သွယ်တန်းထားသည့် ပိုက်တွင် မိုးရေတို့က အရှိန်ဖြင့် ပန်းထွက်စီးဆင်းနေသည် ။ သူတို့ အိမ်တွင် ထိုနေရာမျိုး သုံးနေရာ ရှိသည် ။ ကားဂိုဒေါင်ထောင့်တွင် တစ်ခု ၊ အနောက်တောင်ထောင့်တွင် တစ်ခု ၊ အရှေ့တောင်ထောင့်တွင် တစ်ခု ဖြစ်သည် ။ ထိုနေရာတွင် မိုးရေခံထားသည့် အုတ်ကန်တစ်ခုရှိသည် ။

ပက်လက်ကုလားထိုင်တွင် ပျင်းတိပျင်းတွဲ ထိုင်ရင်း မိုးရေ ချိုးသင့် ၊ မချိုးသင့် စဉ်းစားနေမိသည် ။ မိုးရေ မချိုးတောင် မိုးနှင့် ပတ်သက်သည့် ဝတ္ထုတစ်ပုဒ်လောက် ရေးလိုက်ရလျှင်ကော ။ ငယ်တုန်းက မိုးရေထဲမှာဖြစ်ခဲ့သည့် အဖြစ်အပျက် တစ်ခုခု ကို အက်ဆေးဖြစ်ဖြစ် ရေးလိုက်ရလျှင် ကောင်းမည် ထင်သည် ။

ရုတ်တရက် မြည်ဟည်းသွားသည့် မိုးခြိမ်းသံကြောင့် အတွေးလွန်နေသဖြင့် လန့်သလို ဖြစ်သွားသည် ။ မိုးရွာထဲမှာ ... ။ မိုးခြိမ်းသံကြောင့် စာရေးဆရာမ ဖြစ်သွားသည့် အသိတစ်ယောက် ကို ဖျတ်ခနဲ သတိရလိုက်မိသည် ။ သူ့ချစ်သူ ကောင်လေးက သွေးကင်ဆာနှင့် ဆုံးသွားသည် ။ ထိုကောင်လေးနှင့် စတင် ဆုံစည်းခဲ့သည်က မိုး သည်းသောနေ့ ၊ သိပ်မကြီးလှသည့် သစ်ပင်တစ်ပင် အောက်တွင် ဖြစ်သည် ။ မိုးခြိမ်းသံကြောင့် အကြောက်လွန်သွားသည့် မိန်းကလေး တစ်ယောက် ... ။ ထို့နောက် ... ထို့နောက်မှာတော့ ။

ကောင်လေး သေဆုံးပြီးနောက် ချစ်သူကို လွမ်းမော အောက်မေ့စိတ် ၊ တမ်းတစိတ်ဖြင့် မိုးရွာထဲမှာ ဆိုသော အကြောင်းအရာလေး တစ်ခု မဂ္ဂဇင်း စာမျက်နှာထက်သို့ တက်လာသည် ။ စာပေစကားနှင့် ပြောရလျှင် ထိုစာမူလေးဖြင့် စာပေလောကထဲ ရောက်လာသူလေး ဖြစ်သည် ။ ဝတ္ထုတိုဆရာမ အဖြစ် ထင်ရှားလာချိန်တွင် စာပေနယ်မှ ဆရာတစ်ယောက်နှင့် ပင် ဖူးစာဆုံသည် ။ ထိုဆရာက ပို၍ ပြတ်သည် ။ ဆရာမ ရေးသည်က ဝတ္ထုတို ၊ ထိုဆရာရေးသည်က တစ်မျက်နှာဝတ္ထု ။ မွေးလာမည့် ကလောင်သားလေး များက မည်မျှ တိုသည့် ၊ ပြတ်သည့် စာတွေ ရေးမည်မသိ ။ သူ ပေါက်တတ်ကရ တွေးရင်း ပက်လက်ကုလားထိုင်ထက်တွင် ပျင်းကြောဆန့်လိုက်သည် ။ ရုတ်တရက် လက်သွားသည့် လျှပ်စီးအပြက်တွင် ဧည့်ခန်းမှာ ချိတ်ထားသည့် မိဘနှစ်ပါး တွဲရိုက်ထားသည့် ၊ ဓာတ်ပုံကို မြင်လိုက်သည် ။ ငွေရောင်ပေါင်ကွပ်ထားသည့် ဓာတ်ပုံထဲမှ အမေက သူ့ကို ပြုံးကြည့်နေသည် ။ အဖေက သူ့ကို ပြူးကြည့်နေသည်ဟု ထင်လိုက်သည် ။

“ ကောင်းကွာ ၊ သိပ် ကောင်း ။ မင်း မွေးထားရတာ ဒီအရွယ်ထိ ငါဘယ်နှခါများ ဂုဏ်ယူခဲ့ရဖူးလဲ ။ ရေနံ ဆို ရေနံ ၊ ရွှေတွင်း ဆို ရွှေတွင်း ။ ခု လက်ထဲမယ် ကင်မရာတစ်လက် ရောက်လာပြန်ပြီ ။ ဟို တဖျပ်ဖျပ် ၊ ဒီတလက်လက် နဲ့ ။ မျောက်လက် ဝရဇိန် ရောက်နေသလိုပဲ ။ မလုပ်ဖူးတာလည်း မရှိဘူး ။ ဘယ်နေရာ ချွန်သလဲ ဆိုတော့လည်း ဘယ်နေရာမှ မချွန်ဘူး ။ ဘာလုပ်လုပ် ဟိုစပ်စပ် ၊ ဒီစပ်စပ် နဲ့ မင်းတိုင်းကျေ လုပ်တာကိုး ။ စိုက်လိုက်မတ်တတ်ကို မရှိဘူး ။ ဗမာပြည်မှာ ထမင်းငတ်သေတဲ့ မသာတော့ မရှိဘူး ။ ထမင်းဝ,တဲ့ လူတန်းစားထဲမှာ မင်း မပါတာတော့ သေချာတယ် ။ တစ်ပြည်လုံး ရွာနေတဲ့ မိုးတောင် မင်းလိုကောင်အတွက် ဟင်း .... ”

မိုးခြိမ်းသံနှင့်အတူ သူ ရုတ်တရက် ဖျတ်ခနဲပင် ပက် လက်ကုလားထိုင်မှ ထ,လိုက်သည် ။ ထို့နောက် ကပျာကသီ အဝတ်လဲကာ မိုးရွာထဲသို့ ပြေးထွက်လိုက်သည် ။ အေးစက်သည့် အထိအတွေ့နှင့်အတူ မျက်နှာထက်သို့ မိုးစက်တွေ ခုန်ဆင်းလာသည် ။ ချမ်းစိမ့်သွားသဖြင့် အနည်းငယ် တုန်သွားသည် ။ မိုးစက်များက သူ့ထံသို့ ဖြည်းလေးစွာ ၊ ကျဲပါးစွာ ။ ကောင်းကင်ကို မော့ကြည့်လိုက်တော့ သူ အံ့အားသင့်သွားသည် ။ မိုးတိတ်ပြီ ။ မိုးတိတ်သွားပြီ ။ ရေတံလျှောက်နှင့် ဆက်ထားသည့် ပိုက်အောက်သို့ တိုးဝင်လိုက်သည် ။ ပိုက်မှ မိုးရေစက်တို့ ကြွက်မြီးတန်းနေပြီ ။ အသံတိတ် ကျိန်ဆဲလိုက်ပြီး နောက်ဘက် မိုးရေခံထားသည့် အုတ်ကန်ဆီသို့ အပြေးအလွှား သွားသည် ။

“ ဟင် ... ”

အုတ်ကန်အောက်ခြေတွင် ပိတ်မထားဖြစ်သည့် အပေါက်လေးကို ကြည့်ရင်း သူ တက်တစ်ချက် ပြင်းပြင်း ခေါက်သည် ။ မိုးရေ မချိုးရလည်း ရတဲ့ရေ ချိုးမှာပေါ့ဆိုသော အတွေးနှင့် အိမ်ရှေ့ဘက် ထွက်လာလိုက်သည် ။ စိုရုံလေးမျှသာ ရှိသည့် ရေစက်တို့ကို ဒေါသနှင့် သပ်ပစ်လိုက်သည် ။ ခန္ဓာကိုယ်ပေါ် ပင် နှံ့အောင် မစိုလိုက်ရသည့် မိုးရေစက်တို့ကြောင့် ပူရှိမ်းရှိမ်း ၊ စေးကပ်ကပ်နှင့် နေရခက်လှသည် ။ သုတ်သုတ်လှမ်းနေသည့် သူ့ခြေလှမ်းတို့က အိမ်ရှေ့ရေကန်မရောက်မီပင် တုံ့ရပ်သွားကြသည် ။ မနက်ခင်းတုန်းက ဆေးထားသည့် ရေကန်တွင် မီးပျက်နေ၍ ရေမဖြည့်ရသေးသည်ကို အမှတ်ရလိုက်မိစဉ် အဖေ့ စကားသံတို့က ဝေ့ဝေ့ဝဲဝဲ ။ တစ်ပြည်လုံး ရွာနေတဲ့ မိုးတောင် မင်းလိုကောင် အတွက် ... ။ သူ ကောင်းကင်ကို မော့ကြည့်လိုက်ရင်း .... ။

“ တောက် ... ” 

မိုးရွာပြီးနောက် ထွက်ပြူလာသည့် နေခြည်နုနုအောက်တွင် ခေါင်းငိုက်စိုက်ချကာ မတ်တတ်ရပ်လျက် ရှိသည့် လူတစ်ယောက်ကို ထိုအိမ်ရှေ့ ဖြတ်သွားသူများ သတိပြုမိမည်ဆိုက တွေ့နိုင်မည်ဖြစ်သည် ။ ထိုသူသည် ... ။

••••• ••••• •••••

အဲဒီနေ့က ရွာနေသော မိုးသည် ဘယ်တော့မှ မစဲတော့မည့်ပုံနှင့် ဖြစ်သည် ။ တကယ့်ကို သည်းသည်းထန်ထန်နှင့် မိုးလုံးကျွတ်မျှ ရွာသွန်းခဲ့ခြင်း ဖြစ်သည် ။ ထိုမိုးသည် သူ့ အတွက်တော့ .. ။ ဟုတ်သည် ။ သူ့ အတွက်တော့ ထိုမိုးသည် ... ။

▢ ရှဉ့်ညိုလေး
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
     ဇွန်လ ၊ ၂၀၁၆

Friday, August 1, 2025

ထီလာစစ်သူ နှင့် တွေ့ဆုံခြင်း


 

❝ ဧရာဝတီမြစ်‌ရေ စီးဆင်း‌နေသမျှ ❞
( ထီလာစစ်သူ နှင့် တွေ့ဆုံခြင်း )

ယခုလ ‌တွေ့ဆုံခန်းကို‌တော့ နိုင်ငံ‌တော်ရဲ့ တာဝန်ကို တစ်ဖက်က တစ်ရွက်တစ်ပိုး ထမ်း‌ဆောင်နေလျက်က တစ်ဖက်ကလည်း စာ‌ပေတာဝန်ကို မလစ်ဟင်းရ‌အောင် စဉ်ဆက်မပြတ် သယ်ပိုးလာခဲ့တဲ့ တပ်မ‌တော်သားတစ်‌ယောက် ဖြစ်ခဲ့ပြီး ‌ကြေးမုံသတင်းစာတိုက်တွင် သတင်းစာ တာဝန်များကို ထမ်း‌ဆောင်ခဲ့ကာ ယခုအခါ အနုပညာဦးစီးဌာနတွင် ယဉ်‌ကျေးမှုတာဝန်များ ထမ်း‌ဆောင်‌နေသူ ကဗျာဆရာ ၊ ဝတ္ထု‌ရေးဆရာ ၊ သတင်းစာဆရာ တစ်ဦးဖြစ်တဲ့ “ ထီလာစစ်သူ ” ရဲ့ အ‌တွေးအ‌ခေါ် ယူဆချက်တို့ကို တင်ပြ‌ပေးဖို့ စာတည်းအဖွဲ့က တာဝန်‌ပေးလိုက်ပါတယ် ။

ဆရာထီလာစစ်သူ ‌ရေးခဲ့တဲ့ ဝတ္ထု‌တွေထဲမှာ “ စီးဆင်းရစ်‌လေဦး ဧရာဝတီ ” ဝတ္ထုက ဆရာ့စာ‌ပေမှတ်တိုင်ကို စိုက်ထူ‌စေနိုင်ခဲ့ပြီး “ မဲ‌ခေါင်မြစ်မှ အိုရွက်ဝါနှင့် အခြားကဗျာများ ” ကို ကဗျာစာအုပ် အတွက် စာ‌ပေဗိမာန် ကဗျာ စာ‌ပေဆု ရ‌စေခဲ့ပါတယ် ။ တပ်မ‌တော်တာဝန် ၊ နိုင်ငံတာဝန်‌တွေ ထမ်း‌ဆောင်‌နေရင်းက စာချစ်သူပီပီ စာ‌တွေ ၊ ကဗျာ‌တွေ ‌ရေး‌နေဆဲ ဖြစ်တဲ့ ဆရာထီလာစစ်သူကို မအားမလပ်တဲ့ ကြားကပဲ အချိန်လုပြီး ‌မေးမြန်းခဲ့ရပါတယ် ။

••••• ••••• •••••

“ ထီလာစစ်သူ ဆိုတဲ့ က‌လောင်နာမည် ခံယူတဲ့ ဆရာ့ ရည်ရွယ်ချက်ကို သိပါရ‌စေ ခင်ဗျာ  ”

“ ထီလာစစ်သူ က‌လောင်အမည် ခံယူခဲ့တာ ရည်ရွယ်ချက် ရှိပါတယ် ။ စစ်သူ ဆိုတာ စစ်မှန်မှုကို ယုံကြည်သူ လို့လည်း အဓိပ္ပာယ် ရပါတယ် ။ စစ်သူကြီး လို့လည်း အဓိပ္ပာယ် ယူခဲ့ပါတယ် ။ ထီလာ က‌တော့ ‌မွေးရပ်‌မြေ ဖြစ်တဲ့ မိတ္ထီလာမြို့ကို ဂုဏ်ပြုတဲ့ အ‌နေနဲ့ က‌လောင်အမည်မှာ ‌ဒေသအမည် ထည့်သွင်းတဲ့ သ‌ဘော ဖြစ်ပါတယ် ”

“ ဆရာ စာ‌ပေနယ်ထဲ ‌ရောက်လာပုံက ... ”

“ ကျွန်‌တော် စာ‌ပေ‌လောကထဲ ဝင်‌ရောက်လာရတာက‌တော့ မိဘရဲ့ ဆုံးမသွန်သင်ပဲ့ပြင်မှု‌ကြောင့် ဖြစ်ပါတယ် ။ စာ‌ပေ‌လောကထဲ မ‌ရောက်မီ စာ‌ရေးလိုတဲ့ ဗီဇ ၊ စာဆိုလိုတဲ့ ဗီဇကို အ‌မေနဲ့ အ‌ဖေ့ထံက ရပါတယ် ။ အ‌မေက မဲဇာ‌တောင်‌ခြေရတုကို နှုတ်တိုက်သင်‌ပေးပါတယ် ။ ငါးနှစ် ‌ခြောက်နှစ်သား‌လောက်က ဆိုပါ‌တော့ ။ အ‌ဖေက ‌တေးထပ်‌တွေ ၊ ‌ဒွေးချိုး‌တွေ ၊ ‌လေးချိုး‌တွေကို နှုတ်တိုက်သင်‌ပေးပါတယ် ။

အ‌မေက ကျွန်‌တော် ငယ်စဉ် စာ‌ရေးဆရာမကြီး ခင်မျိုးချစ် ဘာသာပြန်တဲ့ အင်္ဂလိပ်ကဗျာဆရာ “ ‌သောမတ်စ်ဂ‌ရေး ” ရဲ့ လွမ်းချင်းတစ်ပုဒ်ကို သင်‌ပေးဖူးပါတယ် ။ ကဗျာသုံးပိုဒ် ဖြစ်ပါတယ် ။ ပထမတစ်ပိုဒ်ပဲ အခု ရပါ‌တော့တယ် ။ အဲဒီကဗျာ က -

“ တစ်‌နေကုန်‌ညောင်း ၊ ည‌နေ‌စောင်း‌သော် ၊ ‌ခေါင်း‌လောင်းသံ‌ခြွေ ၊ ဝင်သည့်‌နေကို ၊ ‌ဖော်‌ရွှေပျူငှာ ၊ နှုတ်ခွန်းသာခဲ့ ၊ လယ်ယာကုန်းဆင်း ၊ နွားသွင်းဓ‌လေ့ ၊ ရွာဝင်‌ကွေ့၏ ၊ တစ်‌နေ့လုံးဖား ၊ လယ်သမားလမ်း ၊ ရှည်လျားရွာလမ်း ၊ အိမ်ဆီတန်း၍ ၊ ပင်ပန်းလှိုက်ဖို ၊ ‌ရောက်လိုစိတ်သာ ၊ ‌စောမိရှာလိမ့် ၊ ဆည်းဆာညချမ်း ၊ ‌မှောင်‌ငွေ့လွှမ်း‌သော် ၊ ‌ရော်ရမ်းအပြီး ၊ ‌ထွေ‌ထွေညီးသည် ၊ အထီးကျွန်သာ ကျန်‌တော့သည် ။  ။

ကျန်တဲ့ နှစ်ပိုဒ်က‌တော့ အချို့ပါဒ‌တွေ ‌မေ့‌နေလို့ မ‌ပြော‌တော့ပါဘူး ။ ပြီး‌တော့ ‌ဖေ‌ဖေဟာ ‌ကျောင်းဆရာ ဆို‌တော့ စာ‌ပေ‌လောကထဲကို ဝင်ဖို့ ကြိုးပမ်းခဲ့တဲ့သူ ဖြစ်ပါတယ် ။ သူ ‌ရေးခဲ့တဲ့ ‌ဆောင်းပါး‌တွေ ၊ ဝတ္ထုတိုလေး‌တွေ လက်‌ရေးမူ အများအပြား ဖတ်ရပါတယ် ။ ‌ဖေ‌ဖေဟာ ‌ခေတ်စမ်းအ‌ရေး အသားကို အလွန် နှစ်သက် သ‌ဘောကျတာ မှတ်မိပါတယ် ။

စာ‌ပေ‌လောကထဲကို ၁၉၄၇ ခုနှစ်ကစပြီး ကျွန်‌တော် ဝင်‌ရောက်တယ်လို့ ဆိုရပါလိမ့်မယ် ။ ဗိုလ်ချုပ်‌အောင်ဆန်း နဲ့ အာဇာနည်‌ခေါင်း‌ဆောင်ကြီးများ လုပ်ကြံခံရတဲ့ လမှာ မိတ္ထီလာမြို့ အမျိုးသား အထက်တန်းကျောင်းမှာ ထုတ်‌ဝေတဲ့ နံရံကပ်စာ‌စောင်မှာ “ တို့ ဗိုလ်ချုပ် ” ဆိုတဲ့ ‌လေးလုံးစပ်ကဗျာ လင်္ကာတစ်ပုဒ် စတင်‌ ဖော်ပြခြင်း ခံရပါတယ် ။ ‌နောက်နှစ်ကျ‌တော့ ‌ကျောင်းသားသမဂ္ဂ အလုပ်အမှု‌ဆောင် ထဲ ပါလာပြီး နံရံကပ်စာ‌စောင်မှာ အဖွဲ့ဝင်အဖြစ် တာဝန်ယူ လုပ်လာပါတယ် ။ The Highway Man ကဗျာကို ဘာသာပြန်ပြီး နံရံကပ် စာ‌စောင်မှာ ‌ဖော်ပြခဲ့ပါတယ် ။

၁၉၄၉ ခုနှစ်မှာ သတင်းစုံ ဂျာနယ်ကို ဝတ္ထုတိုနဲ့ ကဗျာ‌တွေ စတင်ပို့ခဲ့ပါတယ် ။ တိုင်းရင်း‌မေ ဂျာနယ်ကိုလည်း ကဗျာ‌တွေ စတင်ပို့ခဲ့ပါတယ် ။ ပို့တဲ့ အခါတိုင်းလိုလို ပုံနှိပ်‌ဖော်ပြခြင်း ခံရပါတယ် ။ အဲဒီ‌နောက်‌တော့ က‌လောင်စုံမဂ္ဂဇင်း ၊ တိုင်းသစ်ဂျာနယ် ၊ ရှုမဝမဂ္ဂဇင်း ၊ မြဝတီ မဂ္ဂဇင်းတို့မှာ ဆက်တိုက် စာ‌တွေ ‌ရေးလာခဲ့ပါတယ် ။ နဝ‌ဒေးကြီး နဲ့ နတ်သျှင်‌နောင်ရဲ့ ရတု ‌တွေကို အလွန် စွဲလမ်းခဲ့ပါတယ် ”

“ တပ်မ‌တော်တာဝန် ထမ်း‌ဆောင်‌နေရင်းက ဆရာ စာ‌ရေး‌နေတာ ဆို‌တော့ တာဝန်ချိန်မှာ‌ကော စာ‌ရေးချင်တဲ့ အ‌တွေး မ‌ပေါက်ခဲ့ဘူးလား ၊ ‌ရေး‌ကော ‌ရေးဖြစ်ခဲပါသလား ”

“ ကျွန်‌တော် စာ‌ပေ‌လောကထဲ ဝင်‌ရောက်စဉ်က တပ်မ‌တော်ထဲ မ‌ရောက်‌သေးပါဘူး ။ ဒါ‌ပေမဲ့ စာ‌ပေလောက ထဲကို ဝင်‌ရောက်ပြီးတာနဲ့ တပ်မ‌တော်ထဲကိုလည်း မ‌ရှေးမ‌နှောင်းဘဲ ‌ရောက်လာတယ် လို့‌တော့ ဆိုနိုင်ပါတယ် ။ ၁၉၄၉ ခုနှစ် မှာ ကရင်သောင်းကျန်းသူ‌တွေကို ‌ကျောင်းသားရဲ‌ခေါင်တပ်ဖွဲ့ဝင် အဖြစ်နဲ့ လက်နက် စွဲကိုင် တိုက်ခိုက်‌နေပါပြီ ။ စစ်ဆင်‌ရေးတာဝန်‌တွေ ထမ်း‌ဆောင်‌နေချိန်မှာ စာ‌ရေးချင်စိတ် ‌ပေါ်တဲ့ အခါ ရှိပါတယ် ။ ‌ပေါ်သမျှ စိတ်ကူးစိတ်သန်း‌တွေကို ရသမျှ အချိန်က‌လေးမှာ ဒိုင်ယာရီနဲ့ မှတ်သားပြီး ‌တေး ထားပါတယ် ။ စစ်ဆင်‌ရေးတာဝန် ပြီးလို့ တပ်ပြန်ပြီး နားတဲ့ အချိန်ပိုင်း ကျမှ ‌ရေးဖြစ်ခဲ့ပါတယ် ။ တိုက်ပွဲ ဖြစ်‌နေတုန်းမှာ စာ‌ရေးလို့လည်း မရပါဘူး ။ တိုက်ပွဲ‌တွေ ဖြစ်‌နေတဲ့အချိန်မှာ ကျွန်‌တော့်ရဲ့ အသက်ကို ‌သေမင်းထံ အပ်နှံပြီး တိုင်းပြည်အတွက် အသက်စွန့် တိုက်ခိုက်‌နေပါတယ် ။ အဲဒီအချိန်မှာ ကျွန်‌တော်ဟာ တိုက်ပွဲတွေ ‌အောင်မြင်မှု တစ်ခုတည်းသာ စိတ်ထဲမှာ ရှိပါတယ် ”

“ ဆရာက ဝတ္ထုလည်း ‌ရေးတယ် ၊ ကဗျာလည်း ‌ရေးတယ် ဆို‌တော့ ဝတ္ထု နဲ့ ကဗျာ ဘယ်ဟာကို ပိုပြီး အ‌ရေး သန် ပါသလဲ ”

“ အတိအကျ‌တော့ မ‌ဖြေတတ်ပါဘူး ။ ကဗျာ အ‌ရေး များ‌ပေမယ့် ၊ ကဗျာ အ‌ရေးသန်‌ပေမယ့် ဝတ္ထုတို ၊ ဝတ္ထုရှည် ‌ရေးတာကိုလည်း စိတ်ထဲမှာ အလွန် စွဲလမ်းပါတယ် ။ ကဗျာစာအုပ်‌တွေ ရှစ်အုပ် ၊ ကိုးအုပ် ထွက်ပြီး ခဲ့သလို ဝတ္ထုလုံးချင်း‌တွေလည်း ရှစ်အုပ် ၊ ကိုးအုပ် ထွက်နိုင်ခဲ့ပါတယ် ။ ဝတ္ထု‌တွေ ဆက်‌ရေးဖို့ လည်း ‌ခေါင်းထဲမှာ အမြဲတမ်း စိတ်ကူးစိတ်သန်း‌တွေ ရှိ‌နေပါတယ် ”

“ ခံစားချက်တစ်ခုကို ဝတ္ထုပုံစံနဲ့ ‌ရေးပြတာနဲ့ ကဗျာအဖြစ် ‌ရေးပြရတာ ဘယ်ဟာက ပိုပြီး ထိ‌ရောက်မယ် ထင်ပါသလဲ ဆရာ ”

“ ခံစားချက်တစ်ခုကို ကဗျာနဲ့ ‌ရေးပြီး တင်ပြရတာက‌တော့ စကားလုံးအရာမှာ ကျစ်ကျစ်လျစ်လျစ်နဲ့ ခိုင်ခိုင် မာမာ ခံ့ခံ့ညားညား ရသ ပြည့်ပြည့်ဝဝ ထိထိ‌ရောက်‌ရောက် ရှိလှပါတယ် ။ ဝတ္ထု‌ရေးပြီး တင်ပြရတာ က‌တော့ စကား‌ပြေ အရာမှာ ကျယ်ကျယ်ပြန့်ပြန့် ၊ ရှည်ရှည်လျားလျားနဲ့ စာ‌ပေသရုပ်‌ဖော်ပြီး ပြင်းပြင်းထန်ထန် အားရပါးရ ရှိလှတယ်လို့ ဆိုနိုင်ပါတယ် ။ ဒါ‌ပေမဲ့ ထိ‌ရောက်တာက‌တော့ တစ်မျိုးစီပါပဲ ။ ဘယ်ဟာက ပိုပြီး ထိ‌ရောက်တယ်လို့ မဆိုနိုင်ပါဘူး ။ စာ‌ပေအနုပညာ စွမ်းအားက သူ့နည်းနဲ့ သူ ကြီးမားပြင်းထန်ပြီး ထက်မြက်စူးရှလှပါ တယ် ။ ကမ္ဘာ့ဂန္ထဝင် ဖြစ်တဲ့ ကဗျာကြီး‌တွေ နဲ့ ဝတ္ထုကြီး‌တွေ ကို နှိုင်းယှဉ်ကြည့်ရင် ‌ကောင်း‌ကောင်းကြီး သိနိုင်ပါတယ် ။ ဂန္ထဝင်ကဗျာကြီး‌တွေက ဘာနဲ့ တူသလဲ ဆို‌တော့ ကမ္ဘာ‌မြေကြီး တွေနဲ့ တူပါတယ် ။ ဂန္ထဝင်ဝတ္ထုကြီး‌တွေက‌တော့ မဟာသမုဒ္ဒရာကြီး‌တွေနဲ့ တူတယ်လို့ ဥပမာ ‌ပေးချင်ပါတယ် ”

“ ကဗျာ ဆိုတာ ရင်ဖွင့်ရုံသက်သက်ပါလား ဆရာ ။ ကဗျာမှာ တာဝန်တို့ ၊ ရည်ရွယ်ချက်တို့ ရှိပါသလား ”

“ ကဗျာဟာ စာ‌ပေယဉ်‌ကျေးမှု ပစ္စည်းတစ်ခု ဖြစ်ပါတယ် ။ စာ‌ပေယဉ်‌ကျေးမှုဟာ ပြည်သူတို့ရဲ့ အ‌မွေနှစ် ရတနာ ဖြစ်ပါတယ် ။ သည်‌တော့ ကဗျာရဲ့ အဆင့်အတန်း ၊ ကဗျာရဲ့ တန်ဖိုးကို ကိုဝင်းငြိမ်း ခန့်မှန်း သိရှိနိုင်မယ်လို့ ယုံကြည်ပါတယ် ။ ကဗျာကို တကယ်တမ်း ‌နေ့‌ရော ညပါ ကဗျာဆရာ အဖြစ် စာဆို အဖြစ် နှစ်‌ပေါင်း များစွာ ၊ ကဗျာ‌ပေါင်းများစွာ ‌ရေးသားလာပြီ ဆိုရင် အဲဒီကဗျာထုထည်ပစ္စည်းကြီးဟာ ကဗျာ‌ရေးသူရဲ့ ထုတ်လုပ်လိုက်တဲ့ စာ‌ပေယဉ်‌ကျေးမှု ပစ္စည်း‌တွေ ဖြစ်လာပြီ‌လေ ။ အဲဒီ ပစ္စည်း‌တွေကို တန်ဖိုး ရှိ‌အောင် လုပ်မလား ၊ တန်ဖိုးမဲ့‌အောင် လုပ်မလား ။ တန်ဖိုး ရှိ ၊ မရှိ အကဲဖြတ်တဲ့‌ နေရာမှာ ၊ ‌ဝေဖန် သုံးသပ် တဲ့ ‌နေရာမှာ ရည်ရွယ်ချက်‌ကောင်း မ‌ကောင်း ဆိုတာ ‌ပေါ်လာလိမ့်မယ် ။ ရည်ရွယ်ချက် မ‌ကောင်းရင် သူ့မှာ တာဝန်ရှိတယ် ။ ‌ကောင်းရင်လည်း တာဝန်ရှိလာတယ် ။

အဲဒီ‌တော့ ကဗျာ‌ရေးတဲ့‌ နေရာမှာ ‌ပေါ့‌ပေါ့ဆဆ လုပ်ရင် တူ‌သော အကျိုး‌ကျေးဇူး ခံစားရမှာပါ ။ ‌လေး‌လေး နက်နက် လုပ်ရင် တူ‌သော အကျိုး‌ကျေးဇူး ခံစားရမှာပဲ ။ ဒါ‌တွေဟာ အားလုံး ဆက်စပ်‌ နေပါတယ် ။ ဒါ‌ကြောင့် ကဗျာမှာ ရည်ရွယ်ချက် ရှိတယ် ၊ တာဝန်ရှိတယ်လို့ ကျွန်‌တော် အမြင်ရှိပါတယ် ။

ဆက်‌ပြောရရင် မိမိ၏ ကဗျာ ၊ ဝတ္ထု ၊ ပြဇာတ်‌ကြောင့် စာဖတ်သူ ပြည်သူလူထုကို အဆိပ်အ‌တောက် မဖြစ်‌စေသင့်ပါဘူး ။ ‌စေတနာဖြင့် အကျိုးပြု စာ‌ပေသာ ဖြစ်သင့်ပါတယ် ။ တာဝန်မဲ့ ‌ရေးပါက အဲဒီစာ‌ပေဟာ ပြည်သူအား အကျိုးမပြုဘဲ အဆိပ်အ‌တောက် ဖြစ်‌စေတဲ့ အတွက် မ‌ကောင်းပါ ။ မျက်‌မှောက် မှာ‌ရော ၊ အနာဂတ် မှာ‌ရော စာ‌ရေးသူဟာ တရားခံ ဖြစ်သွားမှာပါပဲ ။

ဥပမာ ၁၉၅၀ - ၁၉၆ဝ ပြည့်နှစ် ဆယ်စုနှစ် အတွင်းမှာ စာ‌ရေးဆရာ အချို့က အချို့ဝတ္ထု‌တွေမှာ တက္ကသိုလ်ပညာ‌ရေး မ‌ကောင်း‌ကြောင်း ၊ ပညာတတ်‌တွေကို ရှုတ်ချတဲ့အ‌ကြောင်း ၊ လမ်း‌ဘေးက ပါ‌မောက္ခ ဆိုတာမျိုး‌တွေ ‌ရေးခဲ့‌တော့ စာဖတ်သူ လူငယ်အချို့ဟာ တက္ကသိုလ် ပညာ‌ရေးကို ဆုံးခန်းတိုင်‌အောင် မသင်ကြ‌တော့ဘူး ။ ပညာ‌ရေး တစ်ပိုင်းတစ်စနဲ့ ဘဝမှာ နစ်နာ ဆုံးရှုံးကြရတာ‌တွေ မြင်ခဲ့ရပါတယ် ။ အဲဒီ ဝတ္ထုအချို့ရဲ့ စာ‌ပေဩဇာ လွှမ်းမိုးမှုဒဏ်ကို ယ‌နေ့အထိ ခံ‌နေကြရ ဆဲပါပဲ ။ မဲ‌ခေါင်မြစ်မှ အိုရွက်ဝါနှင့် အခြားကဗျာများ စာအုပ်ထဲက စာ‌ပေ အ‌ပေါ် မှာ ကျွန်‌တော်ရဲ့ ယုံကြည်ချက် ၊ ခံယူချက်ကို ‌ဖော်ပြထားတဲ့ ကဗျာတစ်ပုဒ် ကို ဒီ‌နေရာမှာ ‌ပြောပြ ချင်ပါတယ် ။ အဲဒီ ကဗျာရဲ့ အမည်က “ အနုပညာသည်၏ ပူပန်ခြင်း ” ကဗျာ ဖြစ်ပါတယ် ။

( ၁ )

ရွယ်လူးပျိုမျစ် ၊ မျက်ကန်းချစ်ဖြင့်
နစ်မူး‌နေဆဲ ၊ ချစ်သူကွဲ၍
သည်းထဲနာကျင် ၊ ဆတ်ဆတ်ပင်တည့်
‌နေ , လျှင် မပူ ၊ လ , မူမ‌အေး
လွမ်း‌ဆွေးမှိုင်းမှုန် ၊ အ‌တွေ့ကြုံလည်း
မတုန်လှုပ်နိုင်ခဲ့‌စေ‌လေ‌သေး ။

( ၂ )

နိုင်ငံ‌တော်တွက် ၊ ‌ရှေ့သို့တက်စဉ်
‌ကြောက်မက်ဖွယ်တည့် ၊ ကြမ္မာပိ‌ကြောင့်
အသိလွတ်ဆဲ ၊ ဦး‌ခေါင်းကွဲလျက်
နှစ်ဖက်လက်ရိုး ၊ ပိုင်းပိုင်းကျိုး၍
‌မေ့‌မြော‌သွေးလွန် ၊ တမလွန်တွင်း
‌သေမင်းတံခါး ၊ ‌ရောက်ခဲ့ငြားလည်း
ငါ့အား မတုန်လှုပ်နိုင်‌စေ‌လေ‌သေး ။

( ၃ )

စာ‌ပေလင်္ကာ ၊ ယုံကြည်ရာ‌ကြောင့်
‌ရေးလှာ‌စောင်‌စောင် ၊ လက်စွမ်း‌ပြောင်လည်း
က‌လောင်တိမ်းမှား ၊ မာန်‌ထောင်လွှား၍
‌ရွေ့လျား‌နောင်‌ခေတ် ၊ အဆိပ်ဖြစ်က
ဖွင့်လှစ်‌ပြောဆို ၊ အပြစ်ကိုလျှင်
ရင်ဖိုတုန်လှုပ် ၊ ‌ချွေးတုတ်တုတ်ကျ
ပူပန်ရသည် ၊ မျက်ရည်လည်လျက်
ဤအချက်လျှင် ၊ ငရဲထင်မိ
စိတ်တွင်သံ‌ဝေငြိတကား ။      ။

ဤကဗျာကို ၁၉၅၃ ခုနှစ်ခန့် ‌ရေးခဲ့တယ် ထင်ပါတယ် ။

ကဗျာနဲ့ ပတ်သက်လို့ ပြည်သူ့အတွက် မဖြစ်‌စေဘဲ အလွမ်း ၊ အ‌ဆွေး ၊ အချစ်ချည်း သက်သက် ‌ရေးခဲ့တဲ့ မြန်မာစာ‌ပေ ‌ခေတ်တစ်‌ခေတ် ၊ မြန်မာဘုရင် အုပ်စိုးတဲ့ ‌ခေတ်တစ်‌ခေတ် ၊ မြန်မာစာ‌ပေသမိုင်းမှာ ကြီးထွားခဲ့လို့ မျိုးချစ်စိတ် မျိုးချစ်အားမာန်‌တွေ ကျဆင်း‌စေခဲ့တဲ့အ‌ကြောင်း စာ‌ပေပညာရှင် သု‌တေသီ ပုဂ္ဂိုလ်ကြီးများက ‌ထောက်ပြတာ ကျွန်‌တော် ဖတ်ဖူး ၊ မှတ်ဖူးပါတယ် ။ ဒါ‌တွေကို ပြန်‌လေ့လာသင့်ပါတယ် ။ နယ်ချဲ့ ကိုလိုနီ‌ခေတ်မှာ ဆရာကြီး သခင်ကိုယ်‌တော်မှိုင်းရဲ့ နယ်ချဲ့ဆန့်ကျင်‌ရေး ‌လေးချိုးကြီး‌တွေ ၊ ဦး‌ကျော်လှရဲ့ နယ်ချဲ့ဆန့်ကျင်‌ရေး သံချို‌တွေ ၊ ဆီးဘန်နီ ဆရာ‌တော်ကြီးရဲ့ ရတု‌တွေ ၊ အခြား မျိုးချစ်ကဗျာ ဆရာကြီး‌တွေရဲ့ ကဗျာ‌တွေဟာ နယ်ချဲ့ဆန့်ကျင်‌ရေး ၊ ဖက်ဆစ်‌တော်လှန်‌ရေး ၊ ပြည်သူ့လွတ်‌မြောက်‌ရေး အ‌ရေး‌တော်ပုံကြီး‌တွေကို တစ်တပ်တစ်အား အ‌ထောက်အကူ ဖြစ်‌ကြောင်း ဘယ်သူမှ မငြင်းနိုင်ပါဘူး ။ ဒီ အချက်‌တွေကို ကြည့်ရင် ကဗျာ ‌ရေးရာမှာ ရည်ရွယ်ချက်ရှိပါတယ် ။

ကဗျာမှာ တာဝန် ရှိပါတယ် ။ တိုင်းပြည် ကြီးပွားတိုးတက်‌အောင် ကဗျာက တစ်ဖက်တစ်လမ်းက တစ်တပ်တစ်အား စွမ်း‌ဆောင်နိုင်ပါတယ်ဗျာ ။ ကဗျာ‌ကောင်း‌အောင် ၊ ရသ‌မြောက်‌အောင် ‌ရေးစွမ်းနိုင်ခြင်းက အတတ်ပညာ ထူးချွန်မှု ၊ သို့မဟုတ် ပါရမီ ‌ကောင်းလို့ပါလို့ ဆိုနိုင်ပါတယ် ။ အဲဒီလို ကဗျာအရာမှာ ထူးချွန်ပြီး တိုင်းပြည်ကို ချစ်‌သော စာ‌ပေ ၊ ပြည်သူကို အကျိုးပြု‌သော စာ‌ပေ‌တွေ ‌စေတနာနဲ့ ထပ်ဆင့်ပြီး ကြိုးပမ်းဖို့ အထူးအ‌ရေးကြီးပါတယ် ။ ရှုမဝမဂ္ဂဇင်း မှာ ကျွန်‌တော် ပြည်သူတို့ ဘက်မှ ရပ်တည်‌သော ကဗျာများ ‌ဆောင်းပါး ကို ‌လေးလ ဆက်တိုက် ‌ဖော်ပြခဲ့တာကို နမူနာ အဖြစ် ‌ပြောပြလိုပါတယ် ” 

“ ကာရန်မဲ့ကဗျာနဲ့ ပတ်သက်လို့ ဆရာ ဘယ်လို ယူဆပါသလဲ ”

“ ကာရန်မဲ့ကဗျာဟာ ကဗျာဖွဲ့ဆိုပုံ ပုံစံသစ် ၊ ပုံသဏ္ဍာန်အသစ် စမ်းသပ်တယ်လို့ ယူဆပါတယ် ။ ကာရန်မဲ့ကဗျာ ဖွဲ့ဆိုသူ‌တွေ လို ကျွန်‌တော် မ‌ရေးဖွဲ့တတ်လို့ မ‌ရေးဖွဲ့ရဲပါဘူး သူတို့လို ‌ရေးဖွဲ့လို့ တတ်ရင်‌တော့ ‌ရေးကြည့်မှာပါပဲ ”

“ မြန်မာကဗျာဆရာ ၊ ဆရာမကြီး‌တွေရဲ့ ကဗျာ‌တွေနဲ့ ပတ်သက်ပြီး‌တော့ သုံးသပ်ချက် စာတမ်း‌တွေ ဆရာ ‌ရေး‌နေတာ‌တွေ့ရပါတယ် ။ ဒီစာတမ်း‌တွေ ‌ရေးတဲ့ ဆရာ့ရည်ရွယ်ချက် သိပါရ‌စေ ”

“ ဒီသုံးသပ်ချက်စာတမ်း ‌ရေး‌နေတာ ကျွန်‌တော့်မှာ ရည်ရွယ်ချက် ရှိပါတယ် ။ ကျွန်‌တော်နဲ့ ‌ခေတ်ပြိုင်စာဆို ကဗျာဆရာကြီး‌တွေ ၊ ဆရာမကြီး‌တွေ ကဗျာ‌တွေကို အတတ်နိုင်ဆုံး စုစည်းပြီး ၂ဝ ရာစု မြန်မာ ကဗျာသမိုင်း အတွက် ကဗျာကျမ်း အဖြစ် ရှိရစ်‌အောင် ကြိုးပမ်းခြင်းဖြစ်ပါတယ် ။ သူတို့ ‌ရေးသမျှ ကဗျာတွေ အားလုံး လိုက်လံ စု‌ဆောင်းပါတယ် ။ သက်ရှိ ထင်ရှားရှိ‌နေတဲ့ ကဗျာဆရာကြီး‌တွေရဲ့ အကူအညီ ၊ ရန်ကုန် တက္ကသိုလ် စာကြည့်တိုက်က ဆရာ ဦး‌သော်‌ကောင်း ၊ ‌ဒေါ်‌ကြော့‌ကြော့ ၊ တင်တင်‌မော်တို့ အကူအညီ ၊ အခြား ကဗျာဆရာ‌တွေရဲ့ အကူအညီ ၊ ‌မြေနီကုန်းက ဦး‌စောလှိုင် ၊ ‌ဒေါ်မြမြ ( စာ‌ပေတိုက် ) တို့ အကူအညီ ရယူပြီး စာအုပ် မထုတ်ရ‌သေးဘဲ စာနယ်ဇင်း အ‌စောင်‌စောင်မှာ ပြန့်ကျဲ‌နေတဲ့ ကဗျာ‌တွေ တစ်ပုဒ်ချင်း ရယူရပါတယ် ။ စပါး ‌ကောက်သင်း‌ကောက်သလို တစ်နှံချင်း ‌ကောက်သလို ‌ကောက်ရပါတယ် ။ မြန်မာစာ မဟာဝိဇ္ဇာဘွဲ့ ယူဖို့အတွက် ပြုစုထားတဲ့ ‌ကျောင်းသူ ၊ ‌ကျောင်းသား‌တွေရဲ့ စာတမ်း‌တွေလည်း စုရပါတယ် ။ ဒီကဗျာကျမ်းတွေဟာ မြန်မာစာ‌ပေ‌လောက အတွက် တစ်ဖက်တစ်လမ်းက အ‌ထောက်အကူ ဖြစ်မယ်လို့ ယုံကြည်ပါတယ် ။

ကျွန်‌တော်တို့ တစ်‌တွေဟာ မြန်မာစာ‌ပေကို ‌လေ့လာရပါတယ် ။ ကျမ်းပြုရမှာ‌တွေကို ကျမ်းပြုရပါမယ် ။ ဒါ‌ကြောင့် ကျွန်‌တော်တို့ မြန်မာစာ‌ပေဖွံ့ဖြိုး‌ရေး အတွက် ကြိုးစားတာပါပဲ ။ ၂ဝ ရာစု မြန်မာစာဆို မြန်မာကဗျာ (‌ ငွေတာရီ ၊ နုယဉ် ၊ ဗန်း‌မော်ညိုနွဲ့ ၊ မင်းယု‌ဝေ ၊ ဘုတလင် ချစ်‌လေး ) ကျမ်း ပြုစုပြီးသွားပါပြီ ။ ဒီနှစ်ထဲမှာ ထွက်နိုင်ပါလိမ့်မယ် ”

“ ကဗျာ ‌ရေးတဲ့‌နေရာမှာ ကာရန် နဲ့ အ‌ကြောင်းအရာ ဘယ်ဟာ အဓိကကျပါသလဲ ဆရာ ”

“ ကဗျာ ‌ရေးရာမှာ အ‌ကြောင်းအရာဟာ အဓိက ဖြစ်ပါတယ် ။ ဒါ‌ပေမဲ့ ကာရန် ကိုလည်း အ‌ကြောင်းအရာ ထက် ‌လျှော့တွက်လို့ မရပါဘူး ။ ကဗျာ‌ကောင်းတစ်ပုဒ် ကို လူသားတစ်‌ယောက် အဖြစ် ဥပမာ ‌ပေးချင်ပါတယ် ။ ကာရန်ကို လူသားတို့ရဲ့ ကိုယ်ခန္ဓာ အဖြစ် သ‌ဘောထားပြီး အ‌ကြောင်းအရာ ကို ဝိညာဉ် အဖြစ် သ‌ဘောထား ရင် ရမယ်လို့ ဆိုချင်ပါတယ် ။ အသက်ဝိညာဉ် မရှိရင် ခန္ဓာကိုယ်ဟာ ဘာမှ အသုံးချ လို့ မရပါဘူး ။ အဲဒီလိုပဲ အသက်ဝိညာဉ်ဟာ ကိုယ်ခန္ဓာ မရှိရင် နားခိုစရာ ၊ တွယ်စရာ မရှိပါဘူး ။ ဒီ‌တော့ အသက်ဝိညာဉ် ‌ရော ၊ ကိုယ်ခန္ဓာ‌ ရော ရှိမှ လူသားဘဝဟာ ရှင်သန်ကြီးပြင်းလာပြီး အဓိပ္ပာယ်ရှိပါ့မယ် ။ ကဗျာ ကို ဥပမာအဖြစ် လူသားအ‌နေနဲ့ တူ‌ကြောင်း ‌ပြောပြလိုပါတယ် ”

“ ကဗျာ ‌ဝေဖန်‌ရေးနဲ့ ပတ်သက်လို့ ဆရာ ဘယ်လို ယူဆပါသလဲ ”

“ ကဗျာ ‌ဝေဖန်‌ရေးနဲ့ ပတ်သက်လို့ ‌ပြောရရင် ကဗျာ‌ဝေဖန်‌ရေးဟာ လိုအပ်ပါတယ် ။ ကဗျာ‌ဝေဖန်တဲ့‌နေရာ မှာ သူ့အတိုင်းအတာနဲ့ သူ ရှိပါတယ် ။ ဆင်ချည်တဲ့ ကြိုး နဲ့ ဆိတ် ကို မချည်‌ကောင်းပါဘူး ။ ဆိတ် ချည်တဲ့ ကြိုးနဲ့ လည်း ဆင် ကို ချည်လို့ မရပါဘူး ။ ဆင်ချည်တဲ့ ကြိုးနဲ့ ဆင် ကို ချည်မှ အဆင်‌ပြေပါတယ် ။ ဆိတ် ချည်တဲ့ ကြိုးကို ဆိတ် ချည်မှ အဆင်‌ပြေပါတယ် ။ ကျွန်‌တော် ဒီလိုပဲ ယူဆပါတယ် ။ ပြီး‌တော့ ကဗျာ ‌ဝေဖန်တဲ့ ‌နေရာမှာ ‌စေတနာတရားဟာ အလွန်လိုအပ်တယ်လို့ ယူဆပါတယ် ။ ‌စေတနာမှန်‌သော ‌ဝေဖန်‌ရေးဟာ စာ‌ပေကို ဖွံ့ဖြိုးတိုးတက်‌စေတယ်လို့ ယူဆပါတယ် ။ စာ‌ပေကို အပြုသ‌ဘောနဲ့ ‌ဝေဖန်ဦးစား‌ပေးဖို့ ဆိုလိုပါတယ် ။ ‌နောက်တစ်ချက် ‌ပြောချင်တာက‌တော့ စာဖတ်သူ နဲ့ စာ‌ရေးသူ ကြားမှာ ‌ဝေဖန်‌ရေး ဆရာ ဟာ ရှိပါတယ် ။ ‌ဝေဖန်သူ ဟာ တာဝန် အလွန်ကြီးပါတယ် ။ အရည်အချင်း နဲ့ ပြည့်စုံပြီး ‌စေတနာရှေ့ထားတဲ့ ၊ ‌ဝေဖန်တတ်တဲ့ ‌ဝေဖန်‌ရေးဆရာဟာ စာ‌ကောင်း ‌ပေ‌ကောင်းကို ထုတ်‌ဖော်ပြသသူ လို့ သိရပါတယ် ။ စာ‌ပေအရသာ ခံစားတတ်‌အောင် တင်ပြနိုင်စွမ်းရှိသူလို့ ဆို‌ကြောင်း သိရပါတယ် ။ ဒါ‌ကြောင့် စာ‌ပေ‌ဝေဖန်‌ရေးဟာ စာ‌ပေတိုးတက်မှု အတွက် အလွန်အ‌ရေးပါ အရာရောက်‌ကြောင်း ‌ပြောကြားလိုပါတယ် ”

“ ဒီ‌နေ့ မဂ္ဂဇင်းကဗျာ‌တွေ အ‌ပေါ် ဆရာ ဘယ်လို သုံးသပ်မိပါသလဲ ”

“ ယ‌နေ့ လစဉ်ထုတ် မဂ္ဂဇင်း ၁၄ ‌စောင်မှာ ပါဝင်‌ဖော်ပြ‌နေတဲ့ ကဗျာ‌တွေ ဖတ်သ‌လောက်မှာ ကဗျာအများစုဟာ မြန်မာစာ‌ပေ ဖွံ့ဖြိုးတိုးတက်မှုကို အ‌ထောက်အကူ ပြု‌နေတယ်လို့ ယူဆပါတယ် ။ ပြည်သူ‌တွေရဲ့ အကျိုးစီးပွားကို သယ်ပိုး‌နေတဲ့ ကဗျာ‌တွေ အများမပြား‌တွေ့ရပါတယ် ။ ပြည်သူ့အကျိုးပြု ကဗျာ‌တွေဟာ ဘယ်‌တော့မှ ၊ ဘယ်‌ခေတ်မှာမှ မတိမ်‌ကောပါဘူး ။ ပြည်သူ့အကျိုးစီးပွားကို ဆန့်ကျင်ရင်‌တော့ အဲဒီ ကဗျာဟာ ကျဆုံးမှာပါပဲ ။

ယ‌နေ့ ကဗျာဆရာ အများစုဟာ မြန်မာကဗျာ ‌ရေးဖွဲ့ပုံ ‌ရေးဖွဲ့နည်းစနစ်ကို လိုက်နာ ဖွဲ့ဆို‌နေကြပါတယ် ။ မြန်မာ့ ယဉ်‌ကျေးမှု အ‌မွေအနှစ်ကို ထိန်းသိမ်းရင်း အ‌ကြောင်းအရာသစ်‌တွေကို တင်ပြ‌နေကြပါတယ် ။ တိုင်းချစ်ပြည်ချစ် စိတ်ဓာတ် ၊ လူ့‌ဘောင်သစ် တည်‌ဆောက်‌ရေး စိတ်ဓာတ် ၊ မြန်မာ့ရိုးရာ ယဉ်‌ကျေးမှု ဓ‌လေ့ထုံးစံ ကို ထွန်းကား‌စေလို‌သော စိတ်ဓာတ် ၊ အ‌တွေးအ‌ခေါ် ၊ ဘဝအားမာန် ၊ ဘဝရုန်းကန် လှုပ်ရှားမှု ၊ ဘဝအမြင် ၊ ‌လောကအမြင်‌တွေကို ဖွဲ့ဆို‌နေတာ ‌တွေ့ရပါတယ် ။ ယ‌နေ့‌ခေတ်မှာ နှစ်စဉ်နှစ်တိုင်း နိုင်ငံ‌တော်က ချီးမြှင့်တဲ့ အမျိုးသား စာ‌ပေဆု‌တွေ ထဲမှာ နှစ်စဉ် ဆက်တိုက်လိုလို ဆုချီးမြှင့် ခံ‌နေရတာကိုက မြန်မာ ကဗျာဆရာ အများစုဟာ ပြည်သူ့အကျိုးပြုကဗျာ‌တွေ ‌ရေးဖွဲ့‌နေလို့ ဖြစ်တယ်ဆိုတာ သက်‌သေခံ ‌နေပါတယ် ”

“ ကဗျာ ‌လေ့လာလိုက်စားသူ‌တွေ အ‌နေနဲ့ ပတ်သက်ပြီး ဆရာ ဘယ်လို အကြံ‌ပေးချင်ပါသလဲ ဆရာ ”

“ ကဗျာ ‌လေ့လာလိုက်စားသူ‌တွေဟာ မြန်မာကဗျာကို ‌သေချာစွာ လိုက်စားပြီး ပျို့ ၊ လင်္ကာ ၊ ရတု ၊ ရကန် ၊ သံ‌ပေါက် ၊ ဧချင်း ၊ အိုင်ချင်း ၊ ကာချင်း ၊ တျာချင်း ၊ ‌ဒွေးချိုး ၊ ‌လေးချိုး စတဲ့ မြန်မာ့ယဉ်‌ကျေးမှု ကဗျာစာ‌ပေတွေကို ‌စေ့‌စေ့စပ်စပ် အ‌လေးအနက်ထားပြီး ‌လေ့လာကြပါလို့ ‌စေတနာနဲ့ အကြံပြုချင်ပါတယ် ”

“ ဒီ‌နေ့ ကျွန်‌တော်တို့ စာ‌ပေ‌လောကမှာ ပင်ကို‌ရေးဝတ္ထု‌တွေ အရည်အ‌သွေး ကျဆင်း‌နေတာနဲ့ ပတ်သက်ပြီး ဆရာ ဘယ်လို မြင်ပါသလဲ ”

“ ယ‌နေ့ ပင်ကို‌ရေး ဝတ္ထု‌တွေ ‌ရောင်းအား ကျဆင်းတာက‌တော့ ‌ဆွေး‌နွေးစရာ‌တွေ အများကြီး ရှိမယ်လို့ ထင်ပါတယ် ။ စာ‌ရေးသူ ၊ ထုတ်‌ဝေသူ ၊ စာဖတ်သူ ဒီသုံးဦး အ‌ပေါ်မှာ အများဆုံး တည်ပါတယ် ။ ပင်ကို‌ရေးဝတ္ထု‌တွေကို ယခုထက် ‌ကောင်း‌အောင် မြန်မာစာ‌ရေး ဆရာ‌တွေ အထူးကြိုးစားပြီး ‌ရေးဖို့လည်း လိုမယ်လို့ ယူဆပါတယ် ။ ပင်ကို‌ရေး ဝတ္ထု‌တွေဟာ ဝတ္ထုစံနှုန်း သတ်မှတ်ချက်‌တွေ ရှိတဲ့အတိုင်း စာ‌ပေ အဆင့်အတန်း မြင့်ဖို့ ၊ စာ‌ပေအရည်အ‌သွေး ‌ကောင်းဖို့ လိုပါတယ် ။ ပင်ကို‌ရေးဝတ္ထု ဆိုပြီး‌တော့ စာ‌ပေ အဆင့်အတန်း မမီ ၊ စာ‌ပေအရည်အ‌သွေး ညံ့ဖျင်းရင်လည်း အချည်းနှီး ဖြစ်မှာပဲ ။ ပင်ကို‌ရေးဝတ္ထုကြီး‌တွေ ပြန်လည်ထွန်းကား လာ‌အောင် ၊ ‌ရောင်းအား ရှိလာ‌အောင် ပထမဆုံး လုပ်‌ပေးနိုင်တဲ့ ဌာနက‌တော့ လစဉ်ထုတ် မဂ္ဂဇင်းကြီး‌တွေ ဖြစ်ပါတယ် ။

ပင်ကို‌ရေးဝတ္ထု‌ကောင်း ‌ရေးနိုင်စွမ်းရှိတဲ့ စာ‌ရေးဆရာကြီး‌တွေနဲ့ အယ်ဒီတာချုပ်‌တွေ ‌တွေ့ဆုံညှိနှိုင်းပြီး အခန်းဆက် ပင်ကို‌ရေးဝတ္ထုကြီး‌တွေ ပြန်လည် ထွန်းကားမှု အတွက် ကြိုးပမ်းသင့်ပါပြီ ။ ဒီလို ကြိုးပမ်းခဲ့တဲ့ အစဉ်အလာလည်း ရှိပါတယ် ။ ရှုမဝ မဂ္ဂဇင်း ၊ မြဝတီမဂ္ဂဇင်း ၊ ‌ငွေတာရီ မဂ္ဂဇင်း ၊ ‌သွေး‌သောက်မဂ္ဂဇင်း အရှိတဲ့ မဂ္ဂဇင်းကြီး‌တွေက ပုံနှိပ်‌ဖော်ပြခဲ့တဲ့ ပင်ကို‌ရေး ဝတ္ထုကြီး‌တွေဟာ အထင် အရှား ရှိပြီး ဖြစ်ပါတယ် ။ ဦးသိန်း‌ဖေမြင့်ရဲ့ “ အ‌ရှေ့က ‌နေဝန်းထွက်သည့်ပမာ ” ၊ ခင်နှင်းယုရဲ့ “ ကျွန်းဧကရီ ” ၊ “ ချစ်လှချည်ရဲ့ မွှေး ” ၊ ဂျာနယ်‌ကျော်မမ‌လေးရဲ့ “ သူမ ” ၊ “ မုန်း၍မဟူ ”  ၊ တက္ကသိုလ်ဘုန်းနိုင်ရဲ့ “ သူ့ကျွန်မခံပြီ ” ၊ ဒဂုန်တာရာရဲ့ “ ကြာပန်း‌ရေစင် ” ၊ ဗန်း‌မော်တင်‌အောင်ရဲ့ “ မြိုင် ” ၊ ဝင်းဦးရဲ့ “ ‌ဆွေး ” ၊ ဝင်းလှိုင် ရဲ့ “ ဘဝ ‌နေဝင်ချိန် ” ၊ ‌အောင်လင်းရဲ့ “ အရိုင်းစံပယ် ” ၊ “ စင်‌ရော် ” ၊ မင်းရှင်ရဲ့ “ မိုးနဲ့‌မြေ ” ၊ “ ပြင်ဦးလွင် မှ လွမ်းရိပ်သာ ” စတဲ့ ဝတ္ထုကြီး‌တွေဟာ လစဉ်ထုတ် မဂ္ဂဇင်းကြီး‌တွေက အယ်ဒီတာချုပ်တွေဟာ စိတ်ရှည်လက်ရှည်နဲ့ ထည့်သွင်း ‌ဆောင်ရွက်‌ပေးခဲ့လို့ ‌ပေါ်ထွက်လာတဲ့ ဝတ္ထုကြီး‌တွေ ဖြစ်ပါတယ် ။ မဂ္ဂဇင်းကြီး‌တွေမှာ ထည့်သွင်း‌ ဖော်ပြပြီးတဲ့‌ နောက်မှာ လုံးချင်းဝတ္ထု အဖြစ် ထုတ်‌ဝေလိုက်တဲ့ အခါမှာ ‌အောင်မြင်ကျော်ကြားတဲ့ ဝတ္ထုကြီး‌တွေ အဖြစ် မြန်မာစာ‌ပေ‌လောကမှာ ရပ်တည်‌နေနိုင်ခဲ့ကြပါတယ် ။

ကျွန်‌တော် စိတ် မ‌ကောင်းစရာ တစ်ခု ‌ပြောချင်တာက‌တော့ မဂ္ဂဇင်းဝတ္ထုရှည်ဆိုပြီး ယ‌နေ့ အချို့ မဂ္ဂဇင်းကြီး‌တွေ အမည်တပ်ပြီး ထည့်‌ပေးကြတာ ဖတ်ကြည့်‌တော့ ဝတ္ထုတို‌လောက်သာပဲ ရှိ‌တော့ ဘယ်လို နားလည်ရမှန်းတောင် မသိ‌တော့ပါဘူး ။ တစ်ခုခု‌တော့ ကွဲလွဲချက် ရှိ‌နေတယ်လို့ ထင်ပါတယ် ”

“ ဒီ‌နေ့ ဘာသာပြန်‌တွေနဲ့ ပတ်သက်ပြီး‌တော့ ဆရာ ဘယ်လို ယူဆပါသလဲ ”

“ ဘာသာပြန်စာ‌ပေ အ‌ပေါ်မှာလည်း ‌ဆွေး‌နွေးစရာ‌တွေ အများကြီး ရှိပါတယ် ။ မြန်မာစာဖတ်ပရိသတ် နဲ့ ကမ္ဘာ့စာ‌ပေ ဆက်သွယ်မှု အ‌ခြေအ‌နေ‌ပေါ်မှာလည်း ထည့်တွက်ရပါလိမ့်မယ် ။ မြန်မာစာဖတ်ပရိသတ်က ကမ္ဘာ့ စာ‌ပေ‌တွေကို ကျယ်ကျယ်ပြန့်ပြန့် လိုက်စားလာလို့ ဖြစ်တယ်လို့ ယူဆနိုင်ပါတယ် ။ ဘာသာပြန်စာအုပ်တိုင်း ‌ကောင်းသလားဆို‌တော့ စာအုပ်တိုင်း မ‌ကောင်းပါဘူး ။ ဒါ‌ပေမဲ့ စာအုပ်‌ကောင်း အများအပြားလည်း ပါပါတယ် ။ အထူးသဖြင့်က‌တော့ ဖတ်လို့‌ ကောင်း‌အောင် ‌ရေးထားတဲ့ အ‌ပျော်ဖတ်စာအုပ်‌တွေ ၊ သူတို့ဆီမှာ Best seller ဆိုတဲ့ စာအုပ်‌တွေက ကျွန်‌တော်တို့ဆီမှာ စာဖတ်သူ‌တွေ အကြိုက် ဖြစ်နိုင်မယ့် အလားအလာ ရှိရင် ပြန်ဆိုကြတာ‌ တွေ့ရပါတယ် ။ ဘာသာပြန် စာ‌ပေ‌တွေ အထူးသဖြင့် ဘာသာပြန် ဝတ္ထုကြီး‌တွေ ‌နေရာယူလာတာက‌တော့ ပင်ကို‌ရေး မြန်မာ ဝတ္ထု‌ကောင်းတွေ ၊ ဝတ္ထုကြီး‌တွေ မထွက်နိုင်တဲ့ အတွက်ကလည်း အ‌ကြောင်း တစ်‌ကြောင်း ဖြစ်ပါတယ် ။ ၁၉၅ဝ ပြည့်နှစ် ၊ ၁၉၆ဝ ပြည့်နှစ် ၁ဝ စုနှစ် တစ်စုကို စံထားပြီး ‌ပြောကြရ‌အောင်ဗျာ ။ အဲဒီ ၁ဝ စုနှစ် အတွင်းမှာ ဘာသာပြန် ဝတ္ထု‌ကောင်း‌တွေ ၊ ဝတ္ထုကြီး‌တွေ အ‌တော်များများ ထွက်တာ ‌တွေ့ရပါလိမ့်မယ် ။

ထိုနည်းတူစွာပဲ ပင်ကို‌ရေး မြန်မာဝတ္ထု‌တွေ ဝတ္ထု‌ကောင်း‌တွေလည်း အ‌တော်များများ ထွက်ခဲ့ပါတယ် ။ ဘာသာပြန်ဝတ္ထု အချို့ဖြစ်တဲ့ အ‌မေ ၊ ‌မြေပ‌ဒေသာ ၊ ‌မျှော်တလင့်လင့် ၊ ‌သွေးစုပ်‌မြေ ၊ ‌ဒေးဗစ်‌ကော့ပါးဖီးလ် ၊ ‌တောင်‌လေ‌သွေး‌တော့ ၊ ပန်း‌ရောင် ၊ အဘိုးအို နှင့် ပင်လယ် ၊ ‌ရော်ဘင်ဆန် ကရူးဆိုး ၊ ဇင်းဒါးအကျဉ်းသမား ၊ ဖရူဆို ၊ ခါးကုန်းကြီး အစရှိတဲ့ ဝတ္ထုကြီး‌တွေ ထွက်ခဲ့သလို ပင်ကို‌ရေး ဝတ္ထုကောင်း ဝတ္ထုကြီး‌တွေ ဖြစ်တဲ့ မိုးနှင့်‌မြေ ၊ ‌မေ့ဘူးကွယ့် သက်လှယ်ရယ် ၊ အရိုင်းစံပယ်‌မွှေး ၊ သူ့ကျွန်မခံပြီ ၊ ပစ်တိုင်း‌ထောင် ၊ ဘုန်း‌မောင် တစ်‌ယောက်တည်းရယ် ၊ လွမ်းရစ်‌တော့ သက်လှယ်ရယ် ၊ ကြာပန်း‌ရေစင် ၊ ကမ္မဖလ ၊ ‌ရွှေချစ် ‌ငွေချစ် ၊ တစ်မိုး‌သောက်‌သော် ၊ မိုး‌အောက်‌မြေပြင် ၊ ‌မောင့်မမငြိမ်း ၊ ‌ဗေဒါ ၊ တို့တိုင်းဌာနီ ၊ မင်းမှုထမ်း ၊ တပ်ထဲက မြတ်ကိုကို ၊ မုန်း၍မဟူ ၊ အ‌ရှေ့က ‌နေဝန်းထွက်သည့်ပမာ ၊ သူမ ၊ ငဘ အစရှိတဲ့ ဝတ္ထု ကြီး‌တွေ ထွက်ခဲ့ပါတယ် ။ ၁၉၆ဝ ပြည့်နှစ် ၊ ၁၉၇ဝ ပြည့်နှစ် အတွင်း ၁ဝ စုနှစ် တစ်စု ကာလကို စံပြုကြည့်ရင်လည်း ‌တွေ့နိုင်ပါတယ် ။

ဒါက ဘာသာပြန်စာ‌ပေထဲက ဝတ္ထုအ‌ကြောင်း ‌ပြောပြတာပါ ။ အခြားဘာသာပြန် ဘာသာရပ်‌တွေက‌တော့ အထူး‌ ပြောစရာ မလိုပါဘူး ။ စီးပွား‌ရေး ၊ နိုင်ငံ‌ရေး ၊ လူမှု‌ရေး ၊ ပညာ‌ရေး ၊ သိပ္ပံဘာသာရပ်‌တွေ ဘာသာပြန် အ‌နေနဲ့ ထွက်‌ပေါ်လာတာ ပြည်သူ‌တွေ အတွက် ‌ကောင်းမွန် တိုးတက်တဲ့ အသိဉာဏ်‌တွေ ဖြစ်‌စေတယ်လို့ ယူဆပါတယ် ”

“ မဲ‌ခေါင်မြစ်မှ အိုရွက်ဝါ ကဗျာစာအုပ် အမှာစာ ‌ရေးတဲ့‌နေရာမှာ ဆရာက “ စာ‌ပေဟာ ‌ခေတ်ရဲ့ ‌ကြေးမုံဖြစ်တယ် ” လို့ ‌ရေးထားတာ ‌တွေ့ရပါတယ် ။ ဒီ‌နေ့ ကျွန်‌တော်တို့ စာ‌ပေမှာ တကယ်ပဲ ‌ခေတ်ရဲ့ အ‌ရောင် တိတိကျကျ ထင်ဟပ်ပါသလား ”

“ စာပေဟာ ‌ခေတ်ရဲ့ ‌ကြေးမုံဖြစ်ပါတယ် ။ တကယ်ပဲ ‌ခေတ်ရဲ့ ‌ကြေးမုံဟာ စာ‌ပေမှာ အ‌ရောင် တိတိကျကျ ထင်ဟပ်နိုင်ပါတယ်ဗျာ ။ ကျွန်‌တော်တို့ မြန်မာစာ‌ပေသမိုင်းကို အတိုချုံးပြီး ပြန်စ‌ ကောက် ကြည့်ရ‌အောင် ။ ပုဂံ‌ခေတ် ၊ ပင်းယ‌ခေတ် ၊ အင်းဝ‌ခေတ် ၊ ‌တောင်ငူခေတ် ၊ ‌ညောင်ရမ်း‌ခေတ် ၊ ကုန်း‌ဘောင်‌ခေတ် ၊ အင်္ဂလိပ်ခေတ် ၊ လွတ်လပ်‌ရေး‌ခေတ် ၊ ဆိုရှယ်လစ်‌ခေတ်‌ပြောင်း အ‌ရေး‌တော်ပုံ ‌တော်လှန်‌ရေး‌ခေတ် ၊ ဒီ‌ခေတ် အသီးသီးတို့မှာ ‌ပေါ်ထွက်လာတဲ့ ‌ကျောက်စာ ၊ ‌ပေစာ ၊ စာအုပ်စာတမ်း‌တွေ ဖတ် ကြည့်ရင် သိနိုင်ပါတယ် ။ ‌ကျောက်စာ ဆိုရင် ပုဂံ‌ခေတ် က သျှင်ဒိသာပါ‌မောက္ခ ‌ကျောက်စာဟာ မ‌ဖော်ပြရင် မဖြစ်တဲ့ စာ‌ပေမှတ်တမ်းဝင် ‌ကျောက်စာ ဖြစ်ပါတယ် ။ အဲဒီ ‌ကျောက်စာ ဟာ စာ‌ပေအ‌ရေးအသား အတွက်သာ မဟုတ်ဘူး ပြည်တွင်း‌ရေး အ‌နှောင့်အယှက်ရှိပုံ ၊ မြန်မာရဟန်း‌တော်များ တိုင်းပြည်အ‌ရေးနဲ့ ပတ်သက်လို့ ‌ဆောင်ရွက်ခဲ့ပုံ‌တွေကို ‌ဖော်ပြထားပါတယ် ။

ပင်းယ‌ခေတ်က ကာချင်းဟာ နိုင်ငံ‌တော် အချုပ်အခြာအာဏာကို ကာကွယ်‌စောင့်‌ရှောက်‌ရေး ၊ ကျူး‌ကျော်စစ်ကို တရား‌သောစစ်ဖြင့် ခုခံကာကွယ်‌ရေးတို့ အတွက် ၊ တိုင်းပြည် အတွက် သူရဲ‌ကောင်း‌တွေ အသက်စွန့်၍ အ‌လောင်းချင်းထပ်၍ အ‌သေခံပုံ ၊ ရန်သူ‌တွေ ၊ ဆုတ်ခွာထွက်‌ပြေး ဆုံးရှုံးကြရပုံ‌တွေ ‌တွေ့နိုင်ပါတယ် ။ ကျန်တဲ့ ‌ခေတ်‌တွေက‌တော့ အထူး မ‌ပြော‌တော့ပါဘူး ။ သိပ်ပြီး များ‌နေမှာ စိုးလို့ပါ ။ စာ‌ရေးဆရာကြီး ‌မောင်ထင် ‌ရေးတဲ့ “ ငဘ ” ဝတ္ထု ၊ ဦးသိန်း‌ဖေမြင့်‌ ရေးတဲ့ “  အ‌ရှေ့က ‌နေဝန်းထွက်သည့်ပမာ ” ဝတ္ထုကြီး‌တွေဟာ ‌နောက်ခံပြုထားတဲ့ ‌ခေတ်ရဲ့ အ‌ကြောင်း‌တွေကို ဂဃနဏ ‌တွေ့ရမှာပါ ။ အလားတူပဲ စာနယ်ဇင်း‌တွေမှာ ဖတ်ကြည့်ရင် အများကြီး သိနိုင်ပါတယ် ”

“ တာဝန်‌တွေ များတဲ့ အထဲက ဆရာ စာ‌ရေး‌နေတယ် ဆို‌တော့ စာ‌ရေးဖို့ အချိန်ရယ်လို့ သီးခြား သတ်မှတ်ထားတာများ ရှိပါသလား ဆရာ ”

“ ကျွန်‌တော် ဟာ ကျွန်‌တော့်ရဲ့ နိုင်ငံ ၊ ပြည်သူကို အလွန်ချစ်မြတ်နိုးပါတယ် ။ ဒါ‌ကြောင့် စစ်ပညာကို ဂျပန်‌ခေတ် ကတည်းက သင်ကြားခွင့် ရသမျှ သင်ကြားခဲ့ပါတယ် ။ စစ်ပညာ သင်ခဲ့သလို စာ‌ပေ‌တွေလည်း ရသမျှ ရှာ‌ဖွေပြီး ဖတ်ရှု‌လေ့လာမှတ်သားခဲ့ပါတယ် ။ ကဗျာ ၊ ဝတ္ထု ၊ ‌ဆောင်းပါးစာ‌ပေ‌တွေ ‌ရေးဖို့ ကြိုးစားခဲ့ရပါ တယ် ။ အရွယ်‌ရောက်စ ကာလ ပြည်တွင်း‌သောင်းကျန်းဆူပူမှု နဲ့ ရင်ဆိုင်ရတဲ့ အခါမှာ တပ်မ‌တော်ထဲ ဝင်‌ရောက်ပြီး တိုက်ပွဲများစွာ ပါဝင် ဆင်နွှဲခဲ့သလို စာ‌ပေ‌တွေ လည်း အများကြီး ‌ရေးခဲ့ပါတယ် ။ နိုင်ငံချစ်တဲ့ တိုင်းသူပြည်သား တစ်‌ယောက်ဟာ သူ့နိုင်ငံ အတွက် ၊ လူမျိုး အတွက် သူ စွမ်း‌ဆောင်နိုင်တဲ့ ဘက်က သူ ‌ရောက်ရာ‌နေရာ ၊ ကျရာ တာဝန်ကို ထမ်း‌ဆောင်ရမယ်လို့ ကျွန်‌တော် ပြတ်ပြတ်သားသား ယုံကြည်ချက် ၊ ခံယူချက် ရှိပါတယ် ။ ‌ရောက်ရာ‌ဒေသ ၊ ကျရာ တာဝန်ကို အသက်ရှင်‌ နေသမျှ ကာလပတ်လုံး ကျွန်‌တော်ဟာ ကျွန်‌တော့် နိုင်ငံ အတွက် အလုပ်အ‌ကျွေး ပြု‌နေမှာပါပဲ ။ ကျွန်‌တော် အသက်‌သေဆုံးတဲ့ ကာလကျမှ ရပ်ဆိုင်း သွားမယ် ထင်ပါတယ် ။ စာ‌ရေးတဲ့ အချိန် ရယ်လို့ သီးခြား သတ်မှတ် မထားနိုင်ပါဘူး ။

ဒီ‌နေရာမှာ ချက်‌ကော့ ရဲ့ “ ငှက်စင်‌ရော် ” ပြဇာတ်ထဲက ‌ပြောပြချက်ကို သိပ်သ‌ဘောကျတယ် ။ ချက်‌ကော့က “ ကျုပ်ဟာ ကျုပ် နိုင်ငံကိုလည်း ချစ်တယ် ၊ ကျုပ် ပြည်သူ‌တွေလည်း ချစ်တယ် ၊ ကျုပ်နိုင်ငံ ကျုပ်ပြည်သူ‌တွေ ရဲ့ အနာဂတ် ၊ ကျုပ်နိုင်ငံ ကျုပ်ပြည်သူ‌တွေရဲ့ သိပ္ပံပညာ တင်ပြဖို့ ကျုပ်မှာ တာဝန်ရှိတယ် ၊ ‌နောက်ပြီး လူသား‌တွေရဲ့ အခွင့်အ‌ရေး ကိုလည်း တင်ပြဖို့ ကျုပ်မှာ တာဝန်ရှိတယ် ” လို့ ဆိုထားပါတယ် ။

ကျွန်‌တော့်ရဲ့ အ‌ပေါင်းအသင်း‌တွေက ကိုဝင်းငြိမ်း ‌မေးသလိုပဲ ‌မေးကြပါတယ် ။ ကျွန်‌တော် အထက်က ‌ဖြေတဲ့ အတိုင်းပဲ ‌ဖြေခဲ့ပါတယ် ။ ကျွန်‌တော်ဟာ စာ အမြဲတမ်း ဖတ်‌နေပါတယ် ။ စာ‌ရေးတာနဲ့ ပတ်သက်လို့က‌တော့ ဧရာဝတီမြစ်ကြီး စီး‌နေသလို အစဉ်အဆက်မပြတ် တသွင်သွင် တဒီးဒီး စီး‌နေသလို ‌ရေး‌နေမှာပါပဲ ။ အချိန် သတ်မှတ်ထားခြင်း မရှိပါဘူး ”

“ စီးဆင်းရစ်‌လေဦး ဧရာဝတီ ‌ရေးဖြစ်သွားတဲ့ ရည်ရွယ်ချက်ကို သိပါရ‌စေ ဆရာ ”

“ စီးဆင်းရစ်‌လေဦး ဧရာဝတီ ‌ရေးဖြစ်သွားတဲ့ ရည်ရွယ်ချက်က နှစ်ချက် ရှိပါတယ် ။ တစ်ချက်က အဲဒီ စာအုပ်မှာ ‌ဖော်ပြထားပြီး ဖြစ်ပါတယ် ။

‌နောက်တစ်ချက်က‌တော့ ကမ္ဘာ့ဝတ္ထုကြီး‌တွေ ၊ မြန်မာ့ဝတ္ထုကြီး‌တွေကို ဖတ်ရှု‌လေ့လာခွင့်ရပြီး အားကျတဲ့ အတွက် ဖြစ်ပါတယ် ။ ကမ္ဘာ့ဝတ္ထုကြီး‌တွေအနက်က လီယို‌တော်လ်စတွိုင်းရဲ့ “ စစ်နှင့် ငြိမ်းချမ်း‌ရေး ” ၊ မာဂရက်မစ်ချယ် ရဲ့ “ ‌လေရှုးသုန်သုန် ” ၊ မီး‌ခေးရှိုလို‌တော့ဗ် ရဲ့ “ တငြိမ့်ငြိမ့်ဒွန် ” ၊ “ ‌တောရိုင်း‌မြေ ”  ၊ James A Michener ရဲ့ “ Hawaii The Source Centenial ” ဝတ္ထုကြီး‌တွေ ၊ “ Herman Wark ” ရဲ့ “ Young Blood Hawke ”  ၊ မြန်မာ ဝတ္ထုကြီး‌တွေထဲက ဆရာကြီး သခင်ကိုယ်‌တော်မှိုင်းရဲ့ “ ရှာပုံ‌တော် ” ၊ ဒဂုန်ခင်ခင်‌လေးရဲ့ “ စာဆို‌တော် ” ၊ နန္ဒရဲ့ “ သံနဲ့‌သွေး ” ၊ “ ငါ့‌သွေး ငါ့ဓား ငါ့ဧရာဝတီ ” ၊ နတ်နွယ်ရဲ့ “ မြန်မာပြည် ‌မြောက်ပိုင်း ” ၊ မင်း‌ကျော် ရဲ့ “ မဟာ ” ၊ “ တ‌စ္ဆေ ” ၊ “ ငါတို့‌ခေတ်နှင့်အပြိုင် ” ၊ တက္ကသိုလ်ဘုန်းနိုင်ရဲ့ “ သူငယ်ချင်းလို့ပဲ ဆက်၍ ‌ခေါ်မည်ခိုင် ” ၊ ‌မောင်‌နေဝင်းရဲ့ “ မိုး‌မြေသိမ့်သိမ့် ” ၊ ‌စောဦးရဲ့ “ တစ်မိုး‌သောက်‌သော် ” ၊ ‌ကျော်‌အောင်ရဲ့ “ အ‌ရေး ကြီးပြီ ‌သွေးနီးကြစို့ ” ၊ ‌မောင်သိန်းဆိုင်ရဲ့ “ ‌ရေနံ့သာခင်ခင်ကြီး ”  စတဲ့ ဝတ္ထုကြီး‌တွေကို သိပ်နှစ်သက်သ‌ဘောကျခဲ့ပါတယ် ။ ဒီ‌တော့ မြန်မာဝတ္ထု‌လောကမှာ မှတ်တိုင်တစ်တိုင် အဖြစ် ပါဝင်နိုင်ဖို့ မြန်မာဝတ္ထုကြီး စစ်စစ် တစ်အုပ် ‌ပေါ်ထွက်လာဖို့ ရည်ရွယ်ခဲ့ခြင်းဖြစ်ပါတယ် ”

“ ဆရာ စာ‌ပေဗိမာန် ကဗျာဆု ရတဲ့ “ မဲ‌ခေါင်မြစ်မှ အိုရွက်ဝါ ” ကဗျာရှည်ကြီး နဲ့ “ စီးဆင်းရစ်‌လေဦး ဧရာဝတီ ”  နှိုင်းယှဉ်ကြည့်ရင် ဘယ်လို ခံစားရပါသလဲ ။ ကျွန်‌တော် ‌မေးတဲ့‌ မေးခွန်းက သားသမီး နှစ်‌ယောက်ထဲက ဘယ်သူ့ကို ပိုချစ်သလဲလို့ ‌မေးတာမျိုးပါပဲ ဆရာ ”

“ ဒီနှစ်ခု နှိုင်းယှဉ်‌ ပြောရရင်‌တော့ ခံစားရမှုဟာ တစ်မျိုးစီပါပဲ ။ ကဗျာရှည်ကြီးက စာ‌ပေရသ‌မြောက် ဂန္ထဝင် ကဗျာကြီး တစ်ပုဒ် ဖြစ်သလို ဝတ္ထုကြီး ကလည်း တိုင်းပြုပြည်ပြု မြန်မာ့ဂန္ထဝင်ဝတ္ထုကြီး တစ်ပုဒ်လို့ စာ‌ပေ မြတ်နိုးသူ‌တွေက ‌ဝေဖန်ကြပါတယ် ။ ကျွန်‌တော်က‌တော့ ဒီသားသမီး နှစ်‌ယောက်လုံး ကို အတူတူပဲ ချစ်မြတ်နိုးပါတယ် ။ ဘယ်သူ့ ဘယ်သူကိုမှ မပိုပါဘူးဗျာ ။ ပိုလို့လည်း မရပါဘူး ။ ဘာ‌ကြောင့်လဲ ဆို‌တော့ ဒီအနုပညာ ပစ္စည်း နှစ်ခုမှာ တစ်မျိုးစီ အနုပညာတန်ဖိုး ရှိ‌နေတဲ့အတွက် ဖြစ်ပါတယ် ။ ကိုဝင်းငြိမ်း‌ ပေးတဲ့ ဥပမာလိုပဲ ပြန်‌ဖြေချင်ပါတယ် ။ သား ဟာ လူ့‌လောက အတွက် တန်ဖိုး ရှိသလို ၊ သမီး ဟာလည်း လူ့‌လောက အတွက် တန်ဖိုးရှိပါတယ် ။ အနုပညာ‌လောကမှာလည်း ကဗျာ နဲ့ ဝတ္ထု ဟာ ဒီလိုပဲ ‌ပြောလို့ရမယ်လို့ ထင်ပါတယ်ဗျာ ”

“ ‌ကျေးဇူးတင်ပါတယ် ဆရာ ၊ ဝတ္ထုနဲ့ ပတ်သက်တာ‌တွေ‌ရော ၊ ကဗျာနဲ့ ပတ်သက်တာ‌တွေပါ ပြည့်ပြည့်စုံစုံ ‌ဖြေကြား‌ပေးသွားတဲ့ အတွက် စာချစ်သူ‌တွေအတွက် အကျိုးရှိပါလိမ့်မယ် ။ တာဝန်‌တွေနဲ့ မအားလပ်တဲ့ ကြားက အချိန်‌ပေးခဲ့တဲ့ အတွက်လည်း ‌ပေဖူးလွှာ စာတည်းအဖွဲ့ ကိုယ်စား ကျွန်‌တော်ကပဲ ‌ကျေးဇူးတင်စကား ‌ပြောခဲ့ပါရ‌စေ ။ ဆရာ လည်း ဆန္ဒရှိတဲ့အတိုင်း ဧရာဝတီမြစ်‌ရေ စီးဆင်း‌နေသမျှ စာ‌ပေအကျိုး ဆတက် ထမ်းပိုး သယ်ပိုးနိုင်‌စေဖို့ ဆန္ဒပြုခဲ့ပါတယ် ”

▢  ဝင်းငြိမ်း
‌📖 ပေဖူးလွှာမဂ္ဂဇင်း
      အမှတ် - ၃၈
      ဇူလိုင်လ ၊ ၁၉၈၄ ခုနှစ်

ပရိသတ် ငိုအောင် လုပ်တဲ့သူ


 

❝ ပရိသတ် ငိုအောင် လုပ်တဲ့သူ ❞

၂ဝ၁ဝ ခုနှစ် ၊ ဖေဖော်ဝါရီလထုတ် ရွှေအမြုတေ မဂ္ဂဇင်းရဲ့ ကြုံရာဆုံရာ တစ်မိနစ်တာ ကဏ္ဍမှာ စာရေးဆရာမ ခင်ခင်ထူး နဲ့ တွေ့ဆုံတာကို ဖော်ပြ ပေးခဲ့ပါတယ် ။ အခန်းဆက် ဝတ္ထုရှည်အဖြစ် ရေးနေတဲ့ မအိမ်ကံ ဇာတ်သိမ်းခန်း ရေးရတဲ့ အချိန်မှာ စာရေးဆရာကိုယ်တိုင် စိတ်မထိန်းနိုင်တော့ဘဲ ငိုကြွေးခဲ့ရတဲ့ အဖြစ်အပျက်ကို ပြောပြခဲ့ပါတယ် ။ ဧပြီလထုတ်မှာတော့ မအိမ်ကံ က လုံးဝ ဇာတ်သိမ်းသွားပြီ ဖြစ်ပါတယ် ။

ဆရာမ ခင်ခင်ထူးရဲ့ အဖြေကို ဖတ်ရပြီး မကြာမီ ရက်ပိုင်း အတွင်းမှာပဲ The Writer Magazine မှာ စာရေးဆရာမ Kathy Stevenson ရေးသားထားတဲ့ Making Readers Cry ဆိုတဲ့ ဆောင်းပါးကို ဖတ်လိုက်ရတာကြောင့် စာရေးဖို့ ကြိုးစားနေကြတဲ့ ဝါသနာရှင်များအတွက် တစ်ဆင့် ဖောက်သည်ချ ပေးချင်ပါတယ် ။ စာရေးဆရာမ Kathy က ဝတ္ထုတို များစွာကို ရေးခဲ့သူ ဖြစ်တဲ့အပြင် ဆောင်းပါးများ ၊ ရသစာတမ်းများ များစွာ ကိုလည်း The New York Times , Newsweek , Chicago Tribune , Los Angeles Times နဲ့ Christian Science Monitor တို့မှာ ရေးသားနေသူ ဖြစ်ပါတယ် ။ ဆရာမက သမိုင်းနောက်ခံ ဇာတ်လမ်းဖြစ်တဲ့ The Lake Poet ကို ထုတ်ဝေခဲ့တဲ့အပြင် သူ ရေးသားခဲ့တဲ့ ရသစာတမ်းများ စုစည်းထားတဲ့ စာအုပ် နှစ်အုပ်ကိုလည်း ထုတ်ဝေခဲ့ပြီးသူ ဖြစ်ပါတယ် ။ ဆရာမရဲ့ ဆောင်းပါးကို လေ့လာကြည့်ကြရအောင်ပါ ။

••••• ••••• •••••

စာရေးဆရာမ တစ်ယောက် အနေနဲ့ ကျွန်မ အလုပ်ချင်ဆုံး ကိစ္စကတော့ ပရိသတ်များကို မျက်ရည်ကျအောင် ရေးတဲ့နည်း ဖြစ်ပါတယ် ။ သည်းထိတ်ရင်ဖို ပဲ ဖြစ်ဖြစ် ၊ အချစ်ဝတ္ထု ပဲ ဖြစ်ဖြစ် ကြိုက်တဲ့ အမျိုးအစားကို ရွေးချယ် ဖတ်ကြပါတယ် ။ ဝတ္ထုတွေကို ဖတ်တဲ့အခါမှာ စာဖတ်သူ တစ်ယောက်အနေနဲ့ ဘာကို အလိုချင်ဆုံးလဲ ဆိုတာ လေ့လာကြည့်ကြရအောင်ပါ ။

စာဖတ်သူတစ်ယောက် ဟာ သူ ကြိုက်နှစ်သက်ရာကို ဖတ်နေရင်းက လက်ရှိ ကမ္ဘာကနေ စိတ်ကူးယဉ် ကမ္ဘာထဲကို လွင့်မျော ချင်ကြတာ များပါတယ် ။ အဲဒီလို စာတွေ ဖတ်ရင်းက ရယ်စရာလေးတွေ ပါရင် ရယ်လိုက်မယ် ။ ထိုနည်းအတူ ငိုစရာ ပါလာရင်လည်း ငိုလိုက်မှာပါပဲ ။

စာရေးဆရာကြီး Robert Frost က ပြောဖူးတာ ရှိပါတယ် ။

“ စာရေးသူ ကိုယ်တိုင်က မျက်ရည်မကျဘဲ ရေးတဲ့စာ ဆိုရင် စာဖတ်သူကလည်း မျက်ရည်ကျမှာ မဟုတ်ဘူး ” တဲ့ ။

သူ့ အဆိုကို လေ့လာကြည့်မယ်ဆိုရင် ရေးသူကိုယ်တိုင်က မျက်ရည်စက်လက်နဲ့ ခံစားပြီး ရေးဖွဲ့တဲ့ စာမှသာလျှင် စာဖတ်သူကလည်း စာရေးသူနဲ့ ထပ်တူ ခံစားရပြီး မျက်ရည် ကျလိမ့်မယ်လို့ အဓိပ္ပာယ် ဆောင်ပါတယ် ။ ဝတ္ထု ပဲ ရေးရေး ၊ ကဗျာ ပဲ ရေးရေး ကျွန်မတို့ဟာ နေ့စဉ် ဘဝမှာ တွေ့ကြုံ ခံစားနေရတာတွေကို မူတည်ပြီး ရေးဖွဲ့ကြတာ ဖြစ်ပါတယ် ။ အဲဒီလို ရေးဖွဲ့ရင်းက နေ့စဉ် ကြုံတွေ့ရတာတွေထဲမှာ ရယ်စရာ ပါသလို ငိုစရာတွေလည်း ပါလာမှာပါပဲ ။

ကျွန်မ ပထမဆုံးအကြိမ် မျက်ရည်ကျရတဲ့ စာကတော့ ရသစာတမ်း တစ်ပုဒ် ရေးနေစဉ် ဖြစ်ပါတယ် ။ ခန္ဓာကိုယ် အတွင်းမှာရှိတဲ့ ဟော်မုန်းဓာတ်တွေ မညီမျှလို့ဘဲ ဖြစ်ဖြစ် ၊ အိပ်ရေးပျက်တာ များလို့ပဲ ဖြစ်ဖြစ် မျက်ရည်ကျခဲ့တာတော့ အမှန်ပါပဲ ။ အဲဒီ စာမူကို ကျွန်မက အယ်ဒီတာ လက်ထဲ အပ်ပြီး ကျွန်မစာကို ဖတ်ပေးပါ ၊ သုံးသပ်ချက်ကလေး လည်း ပြောပြပေးပါလို့ တောင်းဆိုခဲ့ပါတယ် ။ အယ်ဒီတာ တစ်ယောက်ကို အဲဒီလို တောင်းဆိုခဲ့တာ ကျွန်မ အနေနဲ့ မှားကောင်း မှားနိုင်ပါတယ် ။ ဒါပေမဲ့ ကျွန်မ ခံစားခဲ့တာဟာ သဘာဝ ကျရဲ့လား ဆိုတာကို သိချင်တာကြောင့် သူ့သုံးသပ်ချက် ကို တောင်းခံခြင်းဖြစ်ပါတယ် ။ ကျွန်မ စည်းဖောက်မိသလားလို့ သူ စာဖတ်ပြီးချိန် မေးလိုက်တော့ “ မဖောက်ပါဘူး ” လို့ ပြောလိုက်တဲ့ သူ့အသံက တုန်ယင်အက်ကွဲ နေပါတယ် ။ ကျွန်မ ခံစားချက် အပြည့်နဲ့ ရေးလိုက်တဲ့ စာဟာ သူ့ နှလုံးသားကို မိမိရရ ထိုးဖောက် သွားနိုင်ခဲ့တယ်ဆိုတာ သေချာသွားပါတယ် ။

ကျွန်မ စာရေးသက် နှစ်ပေါင်း၂၀ အတွင်းမှာ ရသစာတမ်းပေါင်း ၃ဝဝ ကျော်ရေးခဲ့ပါတယ် ။ အထူးသဖြင့်တော့ နေ့စဉ်ထုတ် သတင်းစာများမှာ ရေးသားခဲ့ခြင်း ဖြစ်ပါတယ် ။ အဲဒီ ရသစာတမ်းများထဲက တော်တော်များများဟာ ဟာသဆန်တဲ့ အရေးအသားများ ဖြစ်ပါတယ် ။ ကျွန်မက ပတ်ဝန်းကျင်မှာ နေ့စဉ် ဖြစ်ပျက် နေသမျှတို့ကို ဟာသရှုထောင့်ကနေ ရှုမြင်သုံးသပ်တတ်သူ ဖြစ်ပါတယ် ။ အဲဒီ ဘက်ကို စိတ်သန်တယ် လို့လည်း ကျွန်မ ထင်ပါတယ် ။ ရေးခဲ့တဲ့ ရသစာတမ်းများထဲမှာ ၁၈ ပုဒ် လောက်ကတော့ Philadelphia Inquirer မှာ ပါဝင်ခဲ့တာ ဖြစ်ပြီး အဲဒီအထဲက ၁၂ ပုဒ် လောက်ဟာ ဟာသ ဖြစ်ပါတယ် ။

အဲဒီ ရသစာတမ်းများက Philadelphia ပြည်နယ်မှာနေထိုင်ကြတဲ့ သူများ အကြောင်းကို ဟာသရှုထောင့်က ရေးခဲ့တာပါ ။ ဒီလို ရေးနိုင်ဖို့ အတွက်လည်း ငါးမျှားသူ တစ်ယောက်ဟာ ငါးမျှားတံကို ကိုင်ပြီး ဟပ်လာမယ့် ငါးကို စိတ်ရှည်ရှည်နဲ့ စောင့်သလို ကျွန်မကလည်း အရာရာကို စိတ်ရှည်ရှည်ထားပြီး ဟာသရှုထောင့်က ကြည့်နိုင်ခဲ့တဲ့ အတွက် ရေးသားလို့ ရတဲ့ ရသစာတမ်းတွေ ဖြစ်ပါတယ် ။ လူတွေကို ကျွန်မတို့ စာတွေဖတ်ပြီး ရယ်မောသွားအောင် လုပ်ရတဲ့ အလုပ်ဟာ တော်တော် ခဲယဉ်းတဲ့ အလုပ် ဖြစ်ပါတယ် ။ ဒီလို လုပ်နိုင်ပြီ ဆိုရင်လည်း စာရေးဆရာ တစ်ယောက် အနေနဲ့ ရရှိတဲ့ ပီတိဟာ အံ့ဩစရာကောင်း လောက်အောင် ရှိပါတယ် ။

ဒါပေမဲ့ လူတွေရဲ့ ဘဝမှာ အရာအားလုံးဟာ ပျော်ရွှင်ရယ်မောစရာတွေ ချည်း မဟုတ်ပါဘူး ။ ဘယ်လိုပဲ ဟာသရှုထောင့်က ကြည့်ကြည့် ရယ်လို့ မရတဲ့ ကိစ္စတွေ အများကြီးရှိပါတယ် ။ ကျွန်မတို့ နေ့စဉ် ကြုံတွေ့ကြားသိနေရတဲ့ သတင်းများထဲမှာ ရင်နဲ့ မဆံ့အောင် ခံစားရတဲ့ ဝမ်းနည်းကြေကွဲမှုကို ပေးစွမ်းတဲ့ သတင်းတွေ အများကြီး ပါပါတယ် ။

စောစောက ကျွန်မ ပြောတဲ့ အယ်ဒီတာကို ဝမ်းနည်းကြေကွဲသွားစေတဲ့ ကျွန်မ ရသစာတမ်းက The Boy in the Photograph ( ဓာတ်ပုံ ထဲ က ကောင်ကလေး ) ဆိုတဲ့ ရသစာတမ်း ဖြစ်ပါတယ် ။ အဲဒီ ရသစာတမ်းက Ryan White ဆိုတဲ့ ကောင်လေး တစ်ယောက်အကြောင်းကို ကျွန်မ ရေးတာပါ ။ ဒီကောင်လေး က ၁၉၉ဝ ပြည့်နှစ်က AIDS ရောဂါ နဲ့ ကွယ်လွန်သွားတဲ့ ကလေးတစ်ယောက်ပါ ။ ဒီ ကလေးက AIDS ရောဂါ စွဲကပ်နေပြီဆိုတာ သိလိုက်တဲ့အချိန် ကစပြီး တခြား ဝေဒနာရှင်များနဲ့ မတူ ဘဝကို ရဲရဲဝံ့ဝံ့ သတ္တိ ရှိရှိ ရင်ဆိုင်သွားခဲ့ပါတယ် ။ တခြား ဝေဒနာရှင်များ ကတော့ ဒီဝေဒနာ စွဲကပ်ပြီ ဆိုတာ သိလိုက်တာနဲ့ တစ်ပြိုင်နက် ချုံးကျသွားပြီး ဘဝကို ဘယ်လို ရင်ဆိုင်ရမှန်း မသိ ဖြစ်သွားတတ်ကြပါတယ် ။ ဒီ ကလေးကတော့ သာမန်ကလေးများလို မော်တော်ကားတွေကို နှစ်သက်တယ် ။ အားကစား ဝါသနာပါတယ် ။ ရော့ခ်ဂီတကိုလည်း ရူးသွပ်ပါတယ် ။ လူတကာ ကြောက်ရွံ့တဲ့ ရောဂါဆိုးကြီးကို သူက ရဲရဲဝံ့ဝံ့ ရင်ဆိုင်ပြသွားပါတယ် ။

ဒါကြောင့် သူ့နောက်ဆုံး အချိန်များဟာ တခြား ဝေဒနာရှင်များနဲ့ မတူ သိက္ခာရှိရှိ ကျော်ဖြတ်သွားနိုင်ခဲ့ပါတယ် ။

စာရေးသူ အများစုဟာ စိတ်ခံစားလွယ်တဲ့ သူများဖြစ်ပါတယ် ။ ဒီလို ခံစားလွယ်မှလည်း သူတို့ ရေးဖွဲ့တင်ပြမယ့် စာများဟာ စာဖတ်သူ ရင်ထဲကို ထဲထဲဝင်ဝင် ရောက်ရှိသွားမှာ ဖြစ်ပါတယ် ။ ကျွန်မတို့ စာရေးဆရာများရဲ့ ဘဝဟာ ရယ်စရာ ၊ ငိုစရာများနဲ့ အမြဲလိုလို ပြည့်နေတာပါ ။ ဒါတွေကို ကျွန်မတို့က စာလုံးအဖြစ် သီကုံးရေးဖွဲ့ကြပြီး စာဖတ်သူများထံ တင်ပြ နေကြတာပါ ။

မကြာသေးခင်က ကျွန်မကို အီလီနွိုက်ပြည်နယ် ၊ Lake Forest မှာ ရှိတဲ့ Newcomers Club မှာ ဧည့်သည်တစ်ဦး အဖြစ် လာရောက် ဟောပြောဖို့ ဖိတ်ကြားခဲ့ကြပါတယ် ။ ကျွန်မ ကလည်း Philadelphia မှာ ၁ဝ နှစ်လောက် နေခဲ့ဖူးတာကိုး ။ အဲဒီ ဟောပြောပွဲကို အမျိုးသမီး ၆ဝ လောက် တက်ရောက်ခဲ့ကြပါတယ် ။ သူတို့ အားလုံးဟာလည်း ဒီဒေသမှာ နှစ်ကာလ တချို့ နေထိုင်ခဲ့ဖူးကြပြီး အခုတော့ ရွှေ့ပြောင်း သွားကြသူများ ဖြစ်ပါတယ် ။ တချို့က အမေရိကန်ပြည်ထောင်စု ရဲ့ တခြား ပြည်နယ်များကို ပြောင်းရွှေ့သွားကြတာဖြစ်ပြီး တချို့ကတော့ တခြား နိုင်ငံများဆီကို ပြောင်းရွှေ့ သွားသူတွေဖြစ်ပါတယ် ။ အဲဒီပွဲမှာ ကျွန်မ ပထမဆုံးဖတ်ဖို့ ရွေးချယ်လိုက်တဲ့ ရသစာတမ်းကတော့ ကျွန်မ သူငယ်ချင်း Diane အကြောင်း ရေးခဲ့တဲ့ ရသစာတမ်း ဖြစ်ပါတယ် ။ Diane ကို ကျွန်မ Lake Forest မှာပဲ တွေ့ဆုံ သိကျွမ်းခဲ့တာပါ ။ အခုလိုပဲ နောက်ရောက်လာတဲ့ သူတွေ စုစည်းဆုံတွေ့ကြတဲ့ ကော်ဖီဝိုင်းမှာ သူနဲ့ ကျွန်မ ခင်ခဲ့ကြတာပါ ။ ဖြစ်ချင်တော့ ကျွန်မတို့နှစ်ယောက် ခင်မင်ကြပြီးနောက် ၅ နှစ် လောက် အကြာမှာ တခြား ပြည်နယ်ကို ပြောင်းရွှေ့ သွားပါတယ် ။ ကျွန်မ ရေးခဲ့တဲ့ ရသစာတမ်းမှာ ကျွန်မတို့ နှစ်ယောက် စတင် ဆုံတွေ့ရင်း နှီးခဲ့ကြပုံ ၊ ရင်းသာ ရင်းနှီးကြပေမယ့် တစ်ယောက်နဲ့ တစ်ယောက် အကျင့်စရိုက်ချင်းက မတူကြပုံများ ရေးဖွဲ့ထားပါတယ် ။

ဒီ အကြောင်းတွေကို ခပ်ပေါ့ပေါ့ ပုံစံနဲ့ ရေးဖွဲ့ သွားတာပါ ။ သူ နဲ့ ကျွန်မ ကြားမှာ ပေါ်ပေါက်ခဲ့တဲ့ ရယ်စရာကလေးတွေလည်း ပါတာပေါ့ ။ အဲဒီလို အကြောင်းလေးတွေကို ရောက်တဲ့အခါမှာ ကျွန်မ ဖတ်နေတာကို နားထောင်နေကြတဲ့ အမျိုးသမီးများက ကျွန်မ နဲ့ စိတ်ချင်း ရင်းနှီးလာသလို ခံစား သွားကြရပါတယ် ။ တကယ်တော့ သူတို့ နဲ့ ကျွန်မက တစ်ကြိမ်တစ်ခါမှ ကြုံတွေ့ဖူးတာ မဟုတ်ဘဲ အခုမှ တွေ့ဖူးကြတာပါ ။

ဆက် ဖတ်သွားရင်း ကျွန်မနဲ့ Diane တို့ ခွဲခွာရတော့မယ့် အခန်းကို ရောက်လာပါတယ် ။ သူ့ အိမ်ရှေ့က ကျွန်မ ကား ဖြတ် မောင်းသွားရင်း ခြံဝမှာ “ ရောင်းရန် ” ဆိုတဲ့ ဆိုင်းဘုတ်ကလေး ပထမဆုံးအကြိမ်အဖြစ် တွေ့လိုက်ရပါ တယ် ။ ဒီစာပိုဒ် အရောက်မှာ အမျိုးသမီးတွေကို မျက်စိဝဲ ကြည့်လိုက်တော့ တချို့ အမျိုးသမီးတွေက စက္ကူလက်ကိုင်ပဝါကလေးများနဲ့ သူတို့ မျက်ဝန်းထောင့်စွန်းတွေကို တို့နေကြပါပြီ ။ ( စကားပြောသူ တစ်ယောက် အနေနဲ့ မိမိ ပြောနေစဉ် အတွင်းမှာ နားထောင်နေတဲ့ ပရိသတ် တစ်ဦးချင်းကို မျက်လုံးချင်း ဆုံမိအောင် ကြိုးစားရပါတယ် ။ ဒါဟာ အောင်မြင်တဲ့ စကားပြောနည်း တစ်ခု ဖြစ်ပါတယ် ။ ) တချို့ အမျိုးသမီးတွေ ကတော့ ပါးပြင်ပေါ်မှာ မျက်ရည် အသွယ်သွယ် စီးကျနေပါပြီ ။

ကျွန်မ ဟောပြောနေတဲ့ စင်မြင့်နဲ့ အနီးဆုံး စားပွဲဝိုင်းက အမျိုးသမီး ကတော့ ခံစားချက်အပြည့်နဲ့ မျက်ရည်တွေ စိုရွှဲနေပါပြီ ။ သူတို့ အဲဒီလို မျက်ရည်ကျ နေကြတာ မြင်လိုက်ရတော့ ကျွန်မ ရင်ထဲမှာလည်း ဆို့နင့်မှု ခံစားလိုက်ရပါတယ် ။ ဒါကြောင့် ကျွန်မလည်ချောင်းဝမှာ တစ်ဆို့ နေတဲ့ စကားလုံးများ တော်တော်နဲ့ ထွက်မလာနိုင်ခဲ့ပါဘူး ။ စာမျက်နှာများ ပေါ်မှာ ကျွန်မတို့ ခံစားချက် အပြည့်နဲ့ ရေးခဲ့တဲ့ စာတွေဟာ စာဖတ်သူများ အပေါ် မှာ အဲဒီလို ခံစားချက် အပြည့်အဝ ပေးနိုင်မယ် ဆိုတာ သိစေချင်ပါတယ် ။ စာရေးသူများကြောင့် စာဖတ်သူတွေ ပျော်ရွှင် ရယ်မောနိုင်သလို ရင်နင့် မျက်ရည်ကျတာတွေလည်းရှိပါတယ် ။

ကျွန်မ စာဆက်ဖတ်ဖို့ တော်တော် အားယူ ရပါတယ် ။ ကိုယ့်ကိုယ်ကိုယ် အားတင်း ပြီးတော့မှ ဆက်ဖတ်ရပါတယ် ။

ကျွန်မက တကယ်တော့ အိမ်ရှင်မကောင်း ပီသအောင် အမြဲကြိုးစား နေသူဖြစ်ပြီး ကျတဲ့ နေရာမှာ ပျော်အောင် နေတတ်သူ ဖြစ်ပါတယ် ။ Diane ကျွန်မကို ခွဲသွားတော့မှာပဲ ဆိုတဲ့ အသိနဲ့ ကျလာတဲ့ မျက်ရည်တွေကို သုတ်လိုက်ပြီး အိမ်ဝယ်ချင်သူကို တစ်ခန်းချင်း လိုက်ပြနေတဲ့ Diane ကို ဝင်တွေ့လိုက်ပါတယ် ။ တကယ်တော့ ဒီအိမ်ကလေးကို Diane ကိုယ်တိုင် အင်မတန် ချစ်တယ်ဆိုတာ ကျွန်မ သိတာပေါ့ ။ သူ အင်မတန် ချစ်မြတ်နိုးတဲ့ အိမ်ကလေးကို သူများ လက် ထိုးအပ်ပြီး ထားခဲ့ရမှာကို သူလည်း ခံစားရမှာပါပဲ ။ အိမ် ဝယ်မယ့် သူတွေကလည်း တစ်ခန်းချင်း လိုက်ကြည့်တဲ့အပြင် အိမ်နဲ့ အတူရရှိမယ့် ဗီရိုတွေကိုလည်း တံခါးတွေ ဖွင့်ကြည့်နေကြတာ တွေ့ရပါတယ် ။ ဒါကြောင့် ကျွန်မက Diane ကို အပြင်မှာ နေ့လယ်စာ သွား စားကြဖို့ ခေါ်ထုတ် သွားခဲ့ပါတယ် ။

ကံကောင်းချင်တော့ ကျွန်မက နောက်ဆုံးအပိုဒ်မှာ ဟာသကလေး ဖောက်ထည့်ထားခဲ့ပါတယ် ။ ဒီအပိုဒ်ကို ဖတ်တော့ သူတို့ တစ်တွေ ရယ်မောကြပြန်ပါရော ။ ရယ်တဲ့ သူတွေထဲမှာ ကျွန်မ လည်း ပါပါတယ် ။

နောက်ထပ် ဖတ်ပြဖြစ်တဲ့ ရသစာတမ်း တစ်ပုဒ်ကတော့ ကျွန်မ အကြိုက်ဆုံးတွေထဲက တစ်ပုဒ် ဖြစ်တဲ့ ဟာသရသကလေးပါ ။ နာမည်က A Tale of Two Beaches ဖြစ်ပါတယ် ။ နယူးဂျာဆီ က ပင်လယ်ကမ်းခြေ နဲ့ ကယ်လီဖိုးနီးယား က ပင်လယ်ကမ်းခြေတို့ကို နှိုင်းယှဉ် တင်ပြထားတာ ဖြစ်ပြီး ဒီ ရသစာတမ်းကိုတော့ The New York Times မှာ ဖော်ပြခဲ့တာပါ ။

အဲဒီ ရသစာတမ်းနဲ့ ပတ်သက်ပြီး ပရိသတ်တွေဆီက ရခဲ့တဲ့ စာတွေထဲမှာ ပရိသတ်တစ်ယောက် ရေးတဲ့စာကို ကျွန်မ မှတ်မိနေပါတယ် ။ “ ဆရာမ ရေးထားတာကို ဖတ်လိုက်ရတော့ ကျွန်မ ရယ်လည်း ရယ်ရတယ် ။ ငိုလည်း ငိုရတယ် ” တဲ့ ။ တကယ်တော့ ကျွန်မ အဲဒီလို မရည်ရွယ်ခဲ့ပါဘူး ။ ဒါပေမဲ့ စာရေးဆရာ တစ်ယောက်က နက်နက်ရှိုင်းရှိုင်း ခံစား ရေးဖွဲ့ပြတဲ့ အခါမှာ စာဖတ်သူများ ဘက်က ခံစားနားလည်လာတာ နဲ့ အမျှ ငိုရ ၊ ရယ်ရတာပါပဲ ။ အဲဒီလို ခံစားနိုင်အောင် ရေးဖွဲ့ဖို့ဆိုတာ လွယ်လွယ်ကူကူနဲ့တော့ မဖြစ်နိုင်ပါဘူး ။ အဲဒီလို ဖြစ်လာအောင် ကိုယ့်ဘဝမှာ ခံစားခဲ့ရတဲ့ ၊ နာကျင်ခဲ့ရတဲ့ ဝေဒနာတွေကို စာဖတ်သူများ ခံစားနိုင်အောင် မျှဝေပေးနိုင်မှသာ ခံစားမှုကို ပေးနိုင်မှာ ဖြစ်ပါတယ် ။ ဒီလို ရေးနိုင်ဖို့ တစ်ခါတလေမှာ ဘယ်သူမှ မသိတဲ့ မိသားစု လျှို့ဝှက်ချက်များကို ဖော်ထုတ်ရေးသားရတာတွေလည်း ရှိတတ်ပါတယ် ။

ဒီလို ရေးနိုင်ဖို့ ပထမဆုံး လုပ်ရမယ့် အချက်ကတော့ မိမိ ပတ်ဝန်းကျင်ကို ဂရုတစိုက် လေ့လာပါ ။ လူဆိုတာမျိုးက ဘဝရဲ့ ထိုးနှက်ချက်တွေကို ခံစားနိုင်အောင်လို့ မိမိကိုယ် မိမိ အတတ်နိုင်ဆုံး ကာကွယ်ကြပါတယ် ။ စာရေးဆရာ တစ်ယောက် အနေနဲ့ကျတော့ ပတ်ဝန်းကျင်က လူများလို အရေထူ နေဖို့ မလိုဘဲ အရေပါးပါးပဲ ရှိဖို့ လိုပါတယ် ။ ဒါမှသာ သူက ထိခိုက်ခံစားလွယ်မှာ ဖြစ်ပါတယ် ။ အရေပါးသူများက ဘဝရဲ့ အလှကိုရော ၊ နာကျင်မှုဝေဒနာကိုပါ တစ်ပြိုင်တည်း ခံစားနိုင်မယ့် သူတွေ ဖြစ်ပါတယ် ။ ကိုယ် ခံစားရတာတွေကို ပရိသတ် ထပ်တူ ခံစားနိုင်အောင် ရေးဖွဲ့တတ်ခြင်းဟာ စာရေးဆရာကောင်း ဖြစ်ပါတယ် ။

ထပ်တူ ခံစားနိုင်အောင် ရေးပြနိုင်ရမယ်လို့ ဆိုတဲ့ နေရာမှာ ထပ်တူထပ်မျှ ရေးရတာ ဖြစ်ချင်မှ ဖြစ်ပါမယ် ။ တချို့ နေရာတွေမှာ တကယ်ဖြစ်တာထက် ပိုပြီး ရေးပြရတာတွေ ရှိသလို တချို့နေရာတွေ မှာတော့ အရှိအတိုင်း ရေးမပြဘဲ လျှော့ပြီး ရေးရတာတွေလည်း ရှိပါတယ် ။ စာရေးသူ တစ်ယောက်က စာရေးစားပွဲမှာ ထိုင်ပြီး ငါ ခံစားရသလို စာဖတ်သူ တွေ ခံစားရအောင် ရေးလိုက်မယ်ဟဲ့ လို့ ကြုံးဝါးပြီး ရေးတာတော့လည်း မဟုတ်ပါဘူး ။ သူ့ဘာသာ သူ ရေးဖွဲ့နေရင်းကနေ စာဖတ်သူရဲ့ နှလုံးသားကို ဖမ်းဆုပ်မိ သွားတာဖြစ်ပါတယ် ။

••••• ••••• •••••

အထက်မှာ ဖော်ပြခဲ့တာက စာရေး ဆရာမ Kathy ရဲ့ ခံစားမှုနဲ့ ရေးဖွဲ့ နည်းများ ဖြစ်ပါတယ် ။ စာရေးကောင်းသူ တစ်ယောက်ရဲ့ စာတစ်ပုဒ်ကို ဖတ်လိုက်ရရင် စာဖတ်သူက ရင်ထဲမှာ နင့်နေအောင် ခံစား လိုက်ရရင် ဒီ စာရေးဆရာဟာ ရေးဖွဲ့မှု ပြောင်မြောက်တဲ့ စာရေးဆရာလို့ ဆိုရပါမယ် ။ ရွှေအမြုတေကို ပေးပို့လာတဲ့ ရွှေအသစ်များရဲ့ ဝတ္ထုများ ထဲမှာ ဇာတ်လမ်းအရ ရင်နင့်စရာ ကောင်းပေမယ့် ရေးဖွဲ့မှု ပုံစံ  ၊ အားနည်းမှုကြောင့် ရင် မနင့်ရတဲ့ ဝတ္ထု ဖြစ်သွားတာတွေ အများကြီး တွေ့ရပါတယ် ။

ဒါကြောင့် ဆရာမ Kathy ကိုးကားထားတဲ့ ဆရာကြီး Robert Frost ပြောသလို “ စာရေးသူ မျက်ရည်မကျဘဲ ရေးတဲ့ စာတစ်ပုဒ်ဟာ စာဖတ်သူကို မျက်ရည်ကျစေမှာ မဟုတ်ပါဘူး ” ဆိုတာကို သတိပြုကြစေချင်ပါတယ် ။

▢ ဝင်းငြိမ်း
📖ရွှေအမြုတေ မဂ္ဂဇင်း
     ၂၀၁၀ ပြည့်နှစ် ၊ ဧပြီလ

မာစတာ


 

❝ မာစတာ ❞

ဆရာမ ဒေါ်ခင်စိုးအေးနဲ့ ချိန်းဆိုထားတဲ့ အချိန်ကို ကျော်လွန်သွားပြီ ။ မျှော်လင့်မထားတဲ့ အလုပ်တွေ ပေါ်လာလို့ ကျွန်တော့် ဘက်က နောက်ကျနေပြီ ။ ဆရာမက Master Professional Education Centre ဆိုတဲ့ အမည်နဲ့ အင်္ဂလိပ်ဘာသာစကားသင်ကျောင်း တစ်ခု မန္တလေးမှာ ဖွင့်ထားတယ် ။ ကိန်းဘရစ် တက္ကသိုလ် စာမေးပွဲတွေကို သူ့တပည့်တွေက ထူးထူးချွန်ချွန် အောင်မြင်လို့ ဒေါ်ခင်စိုးအေးက သတင်းမွှေးတယ် ။

သူနဲ့ တွေ့ချင်လို့ ရက်ချိန်း ယူတဲ့အခါ သူ့ဘက်က မအားလပ်ဘူး ။ သူ့အချိန် အနည်းငယ်ကို ဖဲ့ပြီး တွေ့မယ် ဆိုတော့ ကျွန်တော်က နောက်ကျနေပြီ ။ ဒေါ်ခင်စိုးအေး နဲ့ ကျွန်တော် သိကျွမ်းခဲ့တာ လွန်ခဲ့တဲ့ ၁၅ နှစ်လောက် ကတည်းကပါ ။ ဆရာ ဦးသူရအောင် က အင်္ဂလိပ်စကား ပြောတဲ့ ဗြိတိန်နိုင်ငံသား ဒေသခံ ဆရာစစ်စစ် လေးယောက်ကို ငှားပြီး မန္တလေးမြို့ မှာ အိုင်အယ်လ်အေ ( International Language Academy ) အင်္ဂလိပ် ဘာသာစကားသင်ကျောင်း ဖွင့်တယ် ။ ဒေါ်ခင်စိုးအေးက အိုင်အယ်လ်အေ မှာ အကူဆရာမ လုပ်တယ် ။ အဲဒီအချိန် ကတည်းက ခင်မင်တာ ။

ဒါပေမဲ့ ချိန်းဆိုတဲ့အချိန်ထက် နောက်ကျနေလို့ ကျွန်တော်က မျက်နှာပူတယ် ။ လူချင်း မျက်နှာချင်းဆိုင် ထိုင်မိချိန်မှာတော့ ဒေါ်ခင်စိုးအေးရဲ့ ဆက်ဆံရေးက နွေးထွေးတာမို့ အဆင်ပြေသွားတယ် ။ ကျွန်တော်တို့ ရောက်တတ်ရာရာ စကားတွေ ပြောဖြစ်ကြတယ် ။

“ မိဘ ဆိုတာ ဘယ် မိဘမဆို ကိုယ့် သားသမီးကို အမြင့်ဆုံးတော့ မျှော်မှန်းကြတာပေါ့ ၊ ကျွန်မကတော့ ကံကောင်းစွာနဲ့ ရှစ်တန်း မှာ ဝိဇ္ဇာ ၊ သိပ္ပံ ခွဲတာ ဝိဇ္ဇာ ဖြစ်သွားတယ် ၊ ကိုးတန်းကို အမှတ် ( ၄ ) အထက်တန်းကျောင်းမှာ တက်တယ် ၊ ကျွန်မက Arts ( ဝိဇ္ဇာ ) ဖြစ်နေတော့ စိတ်ညစ်နေတာ ၊ စာကို ကောင်းကောင်း မလုပ်ဘူး ၊ အဲဒီအချိန်မှာ ကျွန်မ life ( ဘ၀ ) ကို ပြောင်းစရာ စကားတစ်ခု ၊ အတန်းပိုင် ဆရာမက ပြောတယ် ၊ သူက အခုတော့ ပါမောက္ခ ဖြစ်သွားပြီ ”

ဘဝကို ပြောင်းလဲစေနိုင်တဲ့ စကား ဆိုတာကို ကျွန်တော်က စိတ်ဝင်စားလို့ နားစွင့်မိတယ် ။

“ ခင်စိုးအေးတဲ့ တောကြီးကြီး ၊ တောသေးသေး ဘုရင်ဖြစ်ဖို့ အဓိကပဲတဲ့ ၊ နင် ဝိဇ္ဇာ ၊ သိပ္ပံ တက္ကသိုလ် ရောက်သွားတဲ့အခါ အဲဒီမှာ outstanding ( ထူးချွန်မှု ) ဖြစ်အောင် လုပ်ရင် နင် ဘုရင် ဖြစ်မှာပဲလို့ ပြောတယ် ၊ ကျွန်မ အဲဒီ စကားကို မှတ်ထားပြီး ကောင်းကောင်း စာလုပ်တယ် ”

“ ဆရာမနာမည်က ဘယ်သူလဲ ”

“ ဒေါ်ခင်မမတင် ”

ကျွန်တော် သိတဲ့ အင်္ဂလိပ်စာပါမောက္ခ ဆရာမ ပါပဲ ။ ဒေါ်ခင်စိုးအေးက သူ့ စကားကို ဆက်ပြောတယ် ။

“ ဆယ်တန်းအောင်တော့ အမှတ်ကောင်းတယ် ၊ University ( တက္ကသိုလ် ) ကို ရောက်တော့ first year to final honours ( ပထမနှစ်မှ ဂုဏ်ထူးတန်း နောက်ဆုံး နှစ် ) အထိ အစိုးရရဲ့ စကောလားရှစ် ချီးမြှင့်ခံရတယ် ၊ ( ၁၉၉၅ ခု ) မှာ BA ( Honours ) ပြီးတယ် ၊ ရွှေတံဆိပ် ချီးမြှင့်ခံရတယ် ၊ တက္ကသိုလ်တွေ အားလုံးထဲက first year to honours အတွက် ကျွန်မ ရွှေတံဆိပ်ရတာ ”

“ မေဂျာအလိုက်ပေါ့ ”

“ ဟုတ်တယ် ၊ English အတွက် ကျွန်မ ရတာ ၊ အဲဒီမှာ English ကို ဇောက်ချလုပ်ဖို့ ပိုဖြစ်လာတာ ၊ ကျွန်မက sharing ( ဝေမျှပေးခြင်း ) ကို ဝါသနာပါ တော့ teaching ( စာသင်ပြမှု ) အပိုင်းကို လုပ်ဖြစ်သွားတယ် ”

“ ဘယ်မှာ စလုပ်ဖြစ်လဲ ”

“ အမ်အိုင်တီ ( Mandalay Institute of Technology ) မှာ ကျူတာ အနေနဲ့ လုပ်တာ ၊ ကံကောင်းချင်တော့ bond ( စာချုပ် ) မရှိဘူး ၊ ကျောင်းတွေက ပိတ်ထားတော့ စာက မသင်ရဘူး ၊ ကျွန်မ အဲဒီ life ကို မကြိုက်ဘူး ။ ခြောက်လနဲ့ ထွက်ပစ်လိုက်ရော ၊ ကျွန်မ အပေါ် ဖိစီးမှုကို လက်မခံချင်တော့ ဝန်ထမ်းနဲ့ အဆင် မပြေဘူး ”

“ ထွက်ပြီးတော့

“ ဆရာဦးသူရအောင် က အိုင်အယ်လ်အေ လုပ်နေတယ် ၊ native speaker (ဒေသခံ ပင်ရင်းဘာသာစကားပြောသူ ) ဆရာတွေနဲ့ အလုပ် လုပ်ရတာ သဘောကျလို့ ဝင်လုပ်တယ် ၊ ဆရာ ဆုံးသွားတာနဲ့ ရပ်သွားတယ် ”

အောင်မြင်နေတဲ့ သင်တန်းကျောင်း တစ်ခု ရပ်သွားတဲ့ အချိန်ကို ကျွန်တော် ပြန်သတိရတယ် ။

“ ၂၀၀၀ ပြည့်နှစ်မှာ ကျွန်မ Language သင်တန်း ဖွင့်တယ် ။ အဖေက လုံးဝ အားမပေးဘူး ၊ သူက ပါမောက္ခဖြစ်တာတို့ ကျောင်းမှာ လုပ်တာ ဣန္ဒြေရတယ်ပေါ့ ။ ကျွန်မ ဇွတ်ထောင်တယ် ”

“ အရင်းအနှီးက ”

“ သူငယ်ချင်းနဲ့ ပေါင်းလုပ်တာ ၊ သူက အောက်ထပ်မှာ အားကစားခန်းမ လုပ်တယ် ၊ ကျွန်မက အပေါ်ထပ်မှာ ကျောင်းဖွင့်မယ် ဆိုပြီး လုပ်တာ ၊ တကယ်တော့ အလုပ်လုပ်ချင်တာပဲ ရှိတာ ၊ Business ( စီးပွာရေးလုပ်ငန်း ) ကို ဘယ်လို run ( ကိုင်တွယ် ) ရမယ်ဆိုတာ လုံးဝ မသိခဲ့ဘူး ။ ကျွန်မက စာပဲ တစ်ချိန်လုံး လုပ်ခဲ့တာ ၊ စွန့်စားပြီး လုပ်တော့ ဆုံးရှုံးမှုများတယ် ”

“ ရှုံးခဲ့တာက ”

“ နှစ်နှစ်ခွဲလောက် လုံးဝ ရှုံးတယ် ၊ အိမ်က လုံးဝ အားမပေးဘူး ၊ ဒီဟာကြီးကို မရပ်ဘူးလို့ ပေလုပ်တယ် ၊ အဖေက စိတ်ဆိုးတယ် ၊ ဖြစ်ချင်တော့ ကျွန်မတို့ ငှားနေတဲ့အိမ်က ရောင်းလိုက်တယ် ၊ ဘယ်ပြောင်းရလဲ ဆိုတော့ မင်္ဂလာဈေးနားက လမ်းကြားထဲကို ပြောင်းတယ် ”

“ အဆင်ပြေပြီလား ”

“ ကျွန်မ စဉ်းစားတယ် ၊ ငါသတင်းစာထဲက ကြော်ငြာပေမယ့် အလုပ်မဖြစ်ဘူး ၊ ကိုယ်ဖြစ်ချင်တဲ့ ပုံစံရယ် ၊ ကိုယ့်ကျောင်းရဲ့ result ( အောင်ချက် ) ရယ် ရေးပြီး ဖလိုင်ရာလေးတွေ လုပ် ၊ ကျောင်းတွေ လိုက် ဝေတယ် ၊ အမှတ် ၁၆ ကျောင်းက ကျွန်မနဲ့ နီးတယ် ၊ အဲဒီက မိဘတွေက ပညာရေး အားပေးတော့ လာကြတယ် ၊ လာရင်း လာရင်းနဲ့ ကျွန်မလုပ်ငန်း စအောင်မြင်တယ် ”

“ အဲဒီအချိန်က ကိုယ်ဖွင့်တဲ့ ကျောင်းခန်းက ခပ်ကျဉ်းကျဉ်း ဖြစ်မယ် ၊ ကျောင်းသားမိဘတွေရဲ့ အထင်သေး အမြင်သေး ခံရသလား ”

“ အဲဒါမျိုးတွေတော့ အများကြီး ကြုံရတယ် ၊ facility ( ပရိဘောဂ အဆောင်အယောင်ပစ္စည်း ) နဲ့ education ( ပညာရေး ) ကို ဘယ်လို နားလည်သလဲ ၊ အချို့ မိဘတွေက အဲကွန်း ဘယ်နှလုံး ရှိသလဲ ၊ သင်ကြားမှုပစ္စည်း ဘာတွေ သုံးနိုင်လဲ ဒါမေးတယ် ၊ အရေးကြီးတာက တတ်ကျွမ်းတဲ့ ဆရာပဲ ၊ ကျွန်မဆီမှာ အဲကွန်းတော့ မရှိဘူး ။ လေဝင်လေထွက်ကောင်းပြီး သက်သောင့်သက်သာ ရှိမယ် ၊ ကလေးက ဒီအခန်းထဲမှာ အလွန်ဆုံး တစ်နာရီ တစ်နာရီခွဲပဲ နေရမယ် ၊ ဒီအချိန်လေး အတွင်းမှာ ပန်ကာနဲ့ မနေနိုင်ဘူးလား ၊ ကျွန်မ စည်းရုံးရတာပေါ့ ၊ အချို့ မိဘကျတော့ အဲကွန်း မမေးဘူး ၊ သင်ကြားနည်း ပုံစံမေးတယ် ၊ ကျွန်မ ကံကောင်းသွားတာက အဲဒီမိဘမျိုးက ပိုများသွားတယ် ၊ education ဟာ facility မဟုတ်ဘူး ဆိုတာ မိဘက သဘောပေါက်ပြီး ကျွန်မ လုပ်ငန်း အဆင်ပြေတာ ၊ အချို့ကလည်း အဲကွန်းနဲ့ compound ( ဝင်းခြံ ) နဲ့ ဆုံးဖြတ်တာ ၊ ဒါမျိုးတွေ ရင်ဆိုင်ခဲ့ရတာပေါ့ ”

“ အဆင်ပြေတဲ့ လမ်းကြောင်းပေါ် လျှောက်လှမ်းလာခဲ့ရပုံလည်း ပြောပါဦး ”

“ Business လုပ်လာတာလည်း သုံးလေးနှစ် ရှိလာပြီ ဆိုတော့ အမြင်က ရှိလာပြီ ၊ သဘာဝ မတူတဲ့ သူငယ်ချင်းရဲ့ လုပ်ငန်းနဲ့ တွဲလုပ်ဖို့ မသင့်တော့ဘူး ဆိုပြီး သီးခြားခွဲတယ် ၊ အဆင်ပြေလာတယ် ”

“ အဆင်ပြေတဲ့ အချိန်မှာ ကြုံရတဲ့ ဒုက္ခ ”

“ ကြုံရတဲ့ ဒုက္ခက မိဘတွေ အမြင်မှာ ဆရာမ သင်မှ တတ်တာလို့ မြင်တယ် ၊ ကျွန်မ မလွတ်လပ်ဘူး ၊ ကျွန်မ ကျန်းမာရေးလည်း ဆုတ်ယုတ်လာတယ် ၊ ကျွန်မ ရပ်လိုက်ရင် လုပ်ငန်းကြီးလည်း ရပ်တန့်သွားမယ် ၊ အခက်အခဲ ဖြစ်တယ် ၊ ဆရာ ဂျော်နီကျော်မိုး ကို တိုင်ပင်တယ် ”

ဆရာဂျော်နီ ဘယ်လို အကြံပေးသလဲ ၊ ကျွန်တော် စိတ်ဝင်စားတယ် ။

“ ဆရာမ ၊ လွတ်လပ်ဖို့ ဆိုတာ စနစ်ရှိမှ လွတ်လပ်တာတဲ့ ၊ အဲဒီမှာ တာဝန်ကို distibute ( ခွဲဝေ ) လုပ်ဖို့ ကျွန်မ စဉ်းစားတယ် ။ staff တွေ ချဲ့ထွင်တယ် ၊ rule and regulation ( စည်းမျဉ်းစည်းကမ်းနဲ့ လုပ်ပုံကိုင်ပုံ ) တွေ ဆွဲတယ် ၊ ကျွန်မ မသိရင် ကျွန်မ မိတ်ဆွေတွေကို မေးတယ် ”

“ ခု အခြေအနေကော ”

“ လုပ်ငန်းပိုပြီး ချဲ့ထွင်နိုင်လာတယ် ၊ ကျောင်းသားတွေနဲ့ ပတ်သက်တဲ့ result ပိုကောင်းလာတယ် ၊ ကျွန်မ တစ်ယောက်တည်း တုန်းက လေးချိန်ပဲ သင်နိုင်ရင် လုပ်ငန်းကို distibute လုပ်လိုက်တော့ တစ်ချိန်တည်းမှာ တစ်ပြိုင်တည်း လေးငါးတန်းကို တစ်ချိန်တည်း ဖွင့်ပြီး ကျွန်မက တစ်တန်းပြီး တစ်တန်း လိုက်ကြည့်လို့ရတယ် ၊ စီးပွားရေး အရလည်း အဆင်ပြေလာတယ် ”

“ အခု ကိုယ်ပိုင်အချိန် ရပြီလား ”

“ ရတယ် ၊ ရတဲ့အခါ ဘာလုပ်သလဲ ဆိုတော့ ကျွန်မ စာရေးဖြစ်တယ် ၊ ဖတ်ဖြစ်တယ် ၊ ၂၀၀၀ က စပြီး ရုန်းကန် လိုက်တာ ၂၀၀၉ လောက်အထိ လှုပ်ကို မလှုပ်နိုင်ဘူး ၊ ၂ဝ၁ဝ လောက်ကျမှ မန္တလေးနဲ့ ပတ်သက်ပြီး စာရေးဖို့ ဆရာ သိုက်ထွန်းသက် က တိုက်တွန်းလို့ အချက်အလက်တွေ စုပြီး ရွှေမန္တလေး ဂျာနယ်မှာ မန္တလေးသို့ သွားရအောင် Let's go to Mandalay ကို အပတ်စဉ်ရေးတာ ”

“ ကျွန်တော် ဖတ်တယ် ၊ စာအုပ်အဖြစ် ပေါင်းထုတ်တာလည်း တွေ့ရတယ် ၊ အခြား စာအုပ်တွေလည်း ထွက်တယ်နော် ”

“ ပျော်ရွှင်လေ့လာ အင်္ဂလိပ်စာရယ် ၊ Stylistic Transform ရယ် ၊ အားလုံး သုံးအုပ် ထွက်ပြီးပြီ ”

“ အခုတော့ ဆရာမကို အဖေက လက်ခံ ကျေနပ်ပြီလား ”

“ တော်တော် ကျေနပ်သွားပါပြီ ”

ဒေါ်ခင်စိုးအေးက ရယ်တယ် ။

သူ့ သင်တန်းကျောင်းရဲ့ အမည်က Master မို့ ကျွန်တော်က မေးခွန်းတစ်ခု မေးတယ် ။

“ မာစတာဆိုတဲ့ အမည်ကို ပေးတာက ဆရာမ ဒေါ်ခင်မမတင် ပြောခဲ့တဲ့ တောကြီးကြီး ၊ တောသေးသေး ဘုရင် ဖြစ်ရမယ် ဆိုတဲ့စကားနဲ့ ဆိုင်သလား ”

ဒေါ်ခင်စိုးအေး ပြုံးပါတယ် ။

“ ဆိုင်တယ် ၊ နောက်တစ်ခုက မာစတာ ဆိုတဲ့ စကားလုံးကို ဆရာကြီးလို့ များသောအားဖြင့် ထင်တယ် ၊ Dictionary ( အဘိဓာန် ) ထဲမှာက ကျွမ်းကျင်ခြင်း ၊ တတ်မြောက်ခြင်း ၊ ကျွမ်းကျင်စွာ တတ်မြောက်ခြင်း ၊ အဲဒီ အဓိပ္ပာယ်ကို ကြိုက်လို့ ၊ ကျွန်မရဲ့ စင်တာကို လာရင် ကျွမ်းကျင်စွာ တတ်မြောက်ရမယ် ၊ ကိုယ်လည်း ကျွမ်းကျင်တတ်မြောက်ရမယ် ဆိုတဲ့ အဓိပ္ပာယ်နဲ့ ပေးတာ ”

⎕ ကျော်ရင်မြင့်
📖ဘဝကြေးမုံ အဖြစ်စုံ