Friday, November 15, 2024

တံခါးခေါက်သံ နှင့် ကိုအဏ္ဏဝါ

 

😋 တံခါးခေါက်သံ နှင့် ကိုအဏ္ဏဝါ
      ( အဏ္ဏဝါစိုးမိုး )

ကိုအဏ္ဏဝါ ကို သူ့ ဇနီး နှင့် သားသမီးတွေ က ရူးဖို့ စ နေပြီ လို့ ထင်နေကြသည် ။ စိတ်ရောဂါအထူးကု သမားတော် နဲ့ ပြဖို့ တိုင်ပင် နေကြသည် ။ ကိုအဏ္ဏဝါ ၏ အမူအရာ ကလည်း ရူးဖို့ စ နေပြီ လို့ ပြောချင်စရာ ဖြစ်နေသည် ။ မျက်စိ က ကျီးကန်း တောင်းမှောက် ကြောက်ကြောက်ရွံ့ရွံ့ ပုံစံ ဖြင့် အိမ်အဝင် လမ်း ကို လှမ်းလှမ်း ကြည့် နေသည် ။ တစ်စုံတစ်ယောက် က သူ့ အိမ်တံခါး ကို လာ ခေါက်ပြီး ခေါ်သွားတော့မည် ဟု ပြောနေသည် ။ ဘယ်ကို ခေါ်သွားမှာလဲ ၊ သင်္ချိုင်းကုန်း လား ၊ နောက် ဘဝ ကို လား မကွဲမပြား ဖြစ်နေသည် ။ မိသားစုက မေးတော့ လည်း မဖြေဘဲ နေသည် ။

ကိုအဏ္ဏဝါ အသက် ခြောက်ဆယ် ကျော် လာသည့် ၂ဝဝဝ ခုနှစ် နောက်ပိုင်း ကစပြီး အနေအထိုင် အပြောအဆို အမူအရာတွေ ပြောင်း သွားသည် ။ ရင့်ကျက် တည်ငြိမ် သွားသည် လို့တောင် ပြောရမလို ဖြစ်သွားသည် ။ နိုင်ငံခြားသင်္ဘောသား ဘဝ မှ အနားယူ လိုက်၍ လည်း ဖြစ်နိုင်သည် ။ ဝတ်ပုံစားပုံ ကစပြီး သိသိသာသာ ပြောင်းလဲ သွားသည် ။ နှစ်ပေါင်း နှစ်ဆယ်ကျော် ဝတ်လာခဲ့သည့် ဘောင်းဘီတွေ ၊ ရှူးဖိနပ်တွေ နှင့် နက်ခ်တိုင် ( လည်စီး ) တွေကို အသုံးပြုဖို့ နေနေသာသာ ကိုင်တောင် မကြည့်တော့ဘဲ ပလေကပ်လုံချည် ၊ လည်ကတုံးအင်္ကျီ ၊ ကတ္တီပါဖိနပ်တွေ ကိုသာ ဝတ်ဆင် နေသည် ။ စိတ်ပိုင်းဆိုင်ရာပါ ပြောင်းလဲ သွားသည်ဟု ပြောရမလို ဖြစ် နေသည် ။

ကိုအဏ္ဏဝါ နှင့် ပတ်သက်ပြီး ပို၍ အံ့သြစရာ ကောင်းတာက ဘာသာတရား ရိုသေကိုင်းရှိုင်း လာခြင်းပင် ဖြစ်သည် ။ ကံငါးပါး မြဲခြင်း မမြဲခြင်း နှင့် ပတ်သက်ပြီး အငြင်းပွားစရာ ဖြစ်လာပြီ ဆိုလျှင် သူ့ ကိုယ်သူ ခုခံပြောဆိုလေ့ ရှိသည် ။

သူ သည် ငယ်စဉ် ကျွဲကျောင်းသား ၊ နွားကျောင်းသား ဘဝ မှာ မလိမ္မာ လို့ ပုစွန်လုံးနှိုက် ၊ ဖားရိုက် ၊ ငှက်သိုက်ဖျက် လုပ်ခဲ့ဖူးသော်လည်း အသက် ကြီးလာသော အခါ မလုပ်တော့ပါဟု ဆိုသည် ။ တော မှာ နေစဉ် က မြို့သားဧည့်သည် လာ လျှင် အိမ်မွေးကြက် ကို ရိုက်သ,တ်ပြီး ချက်ကျွေးခဲ့ ဖူးသော်လည်း အသက် ( ၁၈ ) နှစ် သား အရွယ် မှာ မြို့သား ဖြစ်သွားလို့ နောက်ထပ် ကြက်သ,တ်ရန် မလိုတော့ပါ ဟု ဆိုသည် ။ သို့ဖြစ်၍ ပါဏာတိပါတကံ လုံနေတာ ကြာပြီ ဟု ဆိုသည် ။

အဒိန္နာဒါနာကံ ကလည်း ပြောပလောက်အောင် မရှိဟု ဆိုသည် ။ အစိုးရ အမှုထမ်း လုပ်ခဲ့ဖူး၍ စီးပွား မဖြစ်ဘဲ နာမည်ပျက်ရုံလေး ခြောက်ပြားတစ်ပဲ အလွဲသုံးစားလေးတွေ လောက်သာ ရှိခဲ့သည် ဟု ဆိုသည် ။

ကာမေသုမိစ္ဆာစာရကံ နဲ့ ပတ်သက်လို့ ကတော့ ကင်းသည် ၊ ရှင်းသည် ၊ လိပ်ပြာသန့်သည် ဟု ဆိုသည် ။ ရောက်လေရာ နိုင်ငံတကာမှာ သူနဲ့ တွဲခဲ့သည့် အမျိုးသမီးတွေ မှာ လင်ရှိသလား ၊ မရှိလား သူ မသိ ဟု ဆိုသည် ။ ဒီကိစ္စ အတွက် ကိုယ်ရေးရာဇဝင် တောင်းကြည့်စရာ မလိုဟုဆိုသည် ။

မုသာဝါဒ ကတော့ လူအထင်ကြီး ခံချင်လို့ ကြွားတာဝါတာ ၊ လိမ်တာလေး တွေပဲရှိသည် ။ စီးပွားဖြစ် ဖိုးတွမ်တီး ရိုက်တာ လုံးဝ မရှိသည့် အတွက် လုံတယ်လို့ ပြောရဲတယ် ဟုဆိုပါသည် ။

သူရာမေရယ ကတော့ ရိုးသားစွာ ဝန်ခံရလျှင် အတော် ကြိုက်ပါတယ် ။ ကြိုက်လို့ လည်း နှစ်ပေါင်း အတော် ကြာအောင် သောက်ခဲ့ပါတယ် ။ အခုတော့ သွေးတိုးရောဂါ နဲ့ အစာအိမ်ရောဂါ တို့ကြောင့် မသောက်ရဲလို့ မသောက်ဘဲ အောင့် ထားသည့် အတွက် လောလောဆယ် လုံနေတယ်ဟုဆိုသည် ။

ဆွမ်းခံကိုယ်တော် မိန့်ကြားသည့် စကားကို အတော် သဘောကျ နေသည် ။ ကံငါးပါး လည်း လုံတယ် ၊ ရတနာသုံးပါး ကိုလည်း သက်ဝင် ယုံကြည်တယ် ဆိုလျှင် အပါယ်တံခါး ပိတ်တယ် ဆိုသည့် စကား ဖြစ်သည် ။ ကိုအဏ္ဏဝါ သည် မိရိုးဖလာ အရ ရတနာသုံးပါး ကို သက်ဝင်ယုံကြည်တယ် ဆိုတာ အငြင်းပွားစရာ မရှိပါ ။ ကံငါးပါး လုံသည့် ကိစ္စ ကတော့ သူ့ စွဲချက်နှင့် သူ့ထုချေလွှာ ချိန်ခွင်လျှာ ညီနေ၍ သူ့ ဘာသာ သူသာ အသိဆုံး ဖြစ်မည် ။ ဆွမ်းခံကိုယ်တော်လေး က သတိပေး စကား လည်း ပြောကြားသွားသည် ။

“ ဒကာကြီး အသက် ခြောက်ဆယ် ကျော်လာပြီ ဆိုတော့ လာလမ်းကို ပြန် ရမယ့်အချိန် နီးလာပြီနော် ၊ သေမင်း က တံခါး လာခေါက်နေပြီ ၊ သုံးဆယ့်တစ်ဘုံ မှာ ကျင်လည်တဲ့ အခါ ဗြဟ္မာ့ပြည် နဲ့ နတ်ပြည် မရောက်နိုင်ရင်တောင် မှ လူလောက် တော့ ပြန်ဖြစ်နိုင်အောင် အခုအချိန် ကစပြီး သတိ ရှိဖို့လိုပြီး ငရဲ ၊ တိစ္ဆာန် ၊ ပြိတ္တာ ၊ အသူရကာယ် ဆိုတဲ့ အပါယ်လေးဘုံ ကို ကျသွားရင် လူဖြစ်ရှုံးပြီ ”

ဒါက သူ့ အိမ်မှာ ဆွမ်းခံ နေတဲ့ ဆွမ်းခံ ကိုယ်တော်လေး က မိန့်ကြားခဲ့ တာဖြစ်သည် ။ ပြီးခဲ့တဲ့ သင်္ကြန်ရက် မှာ ကိုအဏ္ဏဝါ ဒုလ္လဘ ဝတ်ခဲ့သည် ။ တရားစခန်းကို ဆယ်ရက် ဝင်ခဲ့သည် ။ ဝိပဿနာ တရားပြဆရာတော် က တစ်မျိုး သတိ ပေးသည် ။

‘ ဒါန ၊ သီလ ရှိရုံမျှ နဲ့ ကိစ္စ မပြီးဘူး ယောဂီတို့ ။ ရုပ်နာမ်ဓမ္မသဘာဝ တို့ ရဲ့ ဖြစ်ပျက် ကို မြင်ပြီး မွေး ၊ အို ၊ နာ ၊ သေ သံသရာစက်ဝိုင်း မှာ မရပ်မနား လျှောက်နေရမယ့် အဖြစ် ကို ကြောက်ပြီး ဘဝအသစ် တစ်ဖန် ပြန် မဖြစ်ဖို့ အတွက် မဂ်လမ်း ကို ရှာကြရမယ် ။ မဂ်လမ်း ကို ရှာတဲ့အလုပ်ကတော့ ဘာဝနာ လို့ခေါ်တဲ့ တရားအားထုတ်ခြင်းပါပဲ ။ ဒါန ၊ သီလ ၊ ဘာဝနာ သုံးဖြာသော အာစိဏ္ဏကံ အလေ့အထ နဲ့ ပြည့်စုံစွာ နေထိုင်ကြရမယ် ။

နိဗ္ဗာန် မရမီစပ်ကြား ဘဝများစွာ သံသရာ မှာ သတ္တဝါတစ်ကောင် ရဲ့ အမိဝမ်း မှာ ပဋိသန္ဓေ နေရခြင်း ၊ မွေးဖွားကြီးပြင်း ရှင်သန်အောင် ဘဝဆန်စွာ ရုန်းကန်ရခြင်း ၊ ရောဂါ အနာတရ ဖြစ်ရခြင်း ၊ နောက်ဆုံးမှာ ရုပ်နာမ်ခန္ဓာ ကို စွန့်ခွာသွားရပြန်ခြင်း စသည့် အတောမသ,တ်နိုင်သည့် ဒုက္ခသံသရာ ကို မြင်သာ အောင် ’ ဆရာတော် က တရားပြသည် ။

သေခြင်းတရား ကို မဆိုထားနှင့် အိုခြင်း ၊ နာခြင်းတွေ ကိုတောင် သတိ မထားမိဘဲ တရားမသိ ၊ တရားမရှိ နေလာခဲ့သည့် ကိုအဏ္ဏဝါ သည် ဆရာတော် ၏ တရား ကို နာကြားပြီးသော အခါ သံသရာမှာ လည်ရ မှာ ကြောက်သွား လေသည် ။ တရားရိပ်သာ မှ အိမ်ပြန် ရောက်လာပြီး ကတည်းက ကိုအဏ္ဏဝါ အချိုး ပြောင်းသွားသည် ။ အိပ်ရာဝင် အိပ်ရာ ထ ဘုရားရှိခိုးသည် ၊ တရား ရှုမှတ်သည် ။ ကောင်းတဲ့ အလုပ်တွေ ဖြစ်လို့ မိသားစုက ဝမ်းသာကြသည် ။

မိသားစု နား မလည်နိုင် အောင် ဖြစ်ရသည့် ကိစ္စ က ကိုအဏ္ဏဝါ ထိတ်ထိတ်ပျာပျာ ဖြစ်နေသည့် ကိစ္စ ဖြစ်သည် ။ သူ့ ကို တစ်စုံတစ်ယောက် က လာခေါ်တော့မည် ဆိုသည့် ပုံစံဖြင့် အိမ်ရှေ့ ကို မကြာခဏ ကြည့်သည် ။ တံခါးခေါက်သံ ကို နားစွင့်နေခြင်းပင် ဖြစ်သည် ။ သူ့ ဇနီး ဒေါ်ဖြူတုတ် နှင့် သားသမီးတွေ က စိတ်ရောဂါအထူးကုသမားတော် နဲ့ ပြဖို့ တိုင်ပင် နေကြတာကို သိသည့် ကိုအဏ္ဏဝါ ပြုံးသည် ။

သူ့ ဇနီး နှင့် သားသမီးတွေ ကို တရား မသိသူတွေ ဟု ဆိုသည် ။ သေခြင်းတရား ကို မေ့လျော့နေသူတွေ ဟု ပြောသည် ။ သူ သည် သေရမှာ မကြောက်တော့ သည့် အတွက် သေမင်း ကို ရင်ဆိုင်ရန် အသင့် ဖြစ်နေသူ ဟု ဆိုသည် ။ သေမင်း ၏ တံခါးခေါက်သံ ကို နားစွင့် နေသည် ဟု ဆိုပါသည် ။ ဒီအချိန်မှာပဲ တံခါးခေါက်သံ ပြင်းပြင်း ကို ကြားလိုက်ကြရသည် ။

“ ဟော ... ဟော ... သူ .. သူ ... လာပြီ ”

ကိုအဏ္ဏဝါ ၏ဇနီး ဒေါ်ဖြူတုတ် က တံခါး ပြေးဖွင့်ကြည့်သည် ။ အိမ်ရှေ့ မှာ ပတ်ပလစ်ကာ ကား တစ်စီးဖြင့် ရောက်လာကြသော သင်္ဘောသား သုံးလေး ယောက် ကို တွေ့ လိုက်ရသည် ။ ကိုအဏ္ဏဝါ နှင့် အတူ ရေတပ်မှ ထွက်ပြီး သင်္ဘော လိုက်ခဲ့ကြသည့် သူငယ်ချင်းတွေ ဖြစ်သည် ။ ကားပေါ် က ဆင်းပြီး အိမ်ထဲ ဝင်လာ ကြသည် ။ အိမ်ရှေ့ က ဆိုဖာပေါ်မှာ ထိုင်ပြီး ပုတီးစိပ် နေသည့် ကိုအဏ္ဏဝါ ကို ဆူဆူညံညံ နှုတ်ဆက်ကြသည် ။

“ ဟေ့ ... စိုးကြီး ၊ ဟာ ... ပုတီးတွေ ဘာတွေ စိပ်လို့ပါလား ၊ ဒုက္ခပဲ ” 

“ ဟေ့လူ ... ဘာ လိုင်းကြောင် နေတာလဲ ၊ ခင်ဗျား ကို ခေါ်မလို့ လာတာ ”

“ ဒီမှာ ... ဂျော်နီဝါကား ဘလူးလေဘယ် ၊ ဒေါ်လာ တစ်ရာ ပေးခဲ့ရတယ် ၊ လာ ... သွားမယ် ”

မနေ့က မှ မြန်မာပြည် ကို ပြန်ရောက်လာဟန် တူသူ က ဘလူးလေဘယ် ၁.၅ လီတာ ပုလင်းကြီး ကို မြှောက်ပြသည် ။ ဈေးကြီးလွန်းလို့ ကိုအဏ္ဏဝါ တစ်ခါမှ မသောက်ဖူးသေးသည့် ဘလူးလေဘယ် ပုလင်းကြီး ကိုမြင်တော့ ကိုအဏ္ဏဝါ အံ့သြ သွားသည် ။ နှစ်ပေါင်း နှစ်ဆယ်ကျော် အတွင်းမှာ ၁၀ ဒေါ်လာတန် ရက်ဒ်လေဘယ် နှင့် ဆယ့်ရှစ်ဒေါ်လာတန် ဘလက်လေဘယ် တို့ ဖြင့်သာ ကျေနပ်ခဲ့ ရသည် ။ ဘလူးလေဘယ် ကို သောက်ဖူးဖို့ ဆိုတာ အသာ ထားလို့ သေသေချာချာ တောင် မမြင်ဖူးသေး ဖြစ်နေသည် ။

“ ကဲ ... လာ .. သွားမယ် ၊ အဝတ်အစားတွေ ဘာတွေ လဲမနေနဲ့ ” 

တစ်ယောက် က ကိုအဏ္ဏဝါ ရဲ့ လက် ကို ဆွဲပြီး ထခိုင်းသည် ။ သိပ်ပြီး အားစိုက် ခွန်စိုက် မဆွဲလိုက်ရဘဲ ပါသွားသည် ။ မလိုက်ဘူးလို့ မပြောဘဲ ပုတီး ကို ထားခဲ့ပါရစေဦး ဟုသာ ပြောသည် ။ ကိုအဏ္ဏဝါ ကို ကားရှေ့ခန်း မှာ ထိုင်ခိုင်းပြီး ကားမောင်း ထွက်သွားကြတော့သည် ။

◾အဏ္ဏဝါစိုးမိုး

📖 ရယ်စရာ မဂ္ဂဇင်း
      မတ်လ ၊ ၂၀၀၄ ခုနှစ်

Thursday, November 14, 2024

သုံးဘဝ ရှိသူ


 

🚩   သုံးဘဝ ရှိသူ

စာရေးဆရာ ၊ အယ်ဒီတာ ကိုသိုက်ထွန်းသက် က ကျွန်တော် နဲ့ ခင်မင် ရင်းနှီးသူ တစ်ယောက် ဖြစ်ပါတယ် ။ ကျွန်တော်တို့ ချင်း တစ်ရပ်ကွက်တည်း မှာ နေခဲ့ဖူးတယ် ။ ကျွန်တော့် အိမ် မှာ တီဗွီ မရှိတော့ သူ့ အိမ် ကို ကျွန်တော်တို့ မိသားစု လိုက် သွားပြီး ညဉ့်နက် မိုးချုပ် တီဗွီဇာတ်လမ်းတွေ သွား ကြည့်ဖူးတယ် ။ ဝတ္ထုတိုတွေ အတူတူ ရေးခဲ့တယ် ။

၁၉၈၈ ခုနှစ် အရေးအခင်း ကို အတူ လက်တွဲပြီး ဖြတ်သန်းဖူးတယ် ။ ၁၉၉ဝ ပြည့်နှစ် မှာ သက်ဆိုင်ရာ က ဖမ်းဆီးခေါ်ယူ စစ်ဆေးမေးမြန်းတာ ကို အတူ ကြုံခဲ့ဖူးတယ် ။

ကိုသိုက်ထွန်းသက် ရဲ့ ဘဝ တစ်စွန်းတစ်စ ကို ကျွန်တော် သိပေမယ့် တိတိကျကျတော့ မသိဘူး ။ ဓာတ်ပုံကိုဇော်ဇော် ရဲ့ ဘိုဓာတ်ပုံတိုက် မှာ နှစ်ယောက် ဆုံမိတော့ သူ့ ငယ်ဘဝ မှာ စွဲစွဲထင်ထင် အမှတ်ရခဲ့တာလေးတွေ ကို ပြောပြဖို့ ကျွန်တော် မေးမြန်းမိတယ် ။

“ ငယ်ဘဝ မှာ အမှတ်ရ နေတာက စာဖတ်ခဲ့ရတဲ့ ဘဝပေါ့ ၊ အမှတ်ရစရာ တွေကတော့ အများကြီး ပေါ့ ၊ ကျွန်တော် က အစ်ကိုကြီး သိတဲ့ အတိုင်းပဲ မွေးစားသား ဘဝ နဲ့ ကြီးပြင်းခဲ့ရတာ ။ စိန်ပန်းရပ်ကွက် ထဲ က ခြံဝင်း အကြီးကြီး ထဲ မှာ မိသားစု သုံးစု အတူတူ နေခဲ့ကြတာ ”

“ မွေးစားမိဘတွေ က ဦးသိန်းတန် ... ”

“ ဦးသိန်းတန် ၊ ဒေါ်တင်တင်ငြိမ်း ၊ ဦးမောင်မောင် ၊ ဒေါ်တင်တင်သိန်း ၊ ကျွန်တော့် မိဘ အရင်း ဦးအေးမောင် ၊ ဒေါ်တင်မေ ၊ မိသားစု အားလုံး စု နေကြတာ ပေါ့ ၊ ကျွန်တော့် ညီမလေး ခင်စန်းဝင်း ကို ဦးမောင်မောင် ၊ ဒေါ်တင်တင်သိန်း တို့ က မွေးစားတာ ”

“ နှမ အရင်းလား ”

“ အရင်း ၊ ဦးသိန်းတန် ရော ၊ ဦးမောင်မောင် ရော ၊ သူတို့ က ကလေး မရဘူး ။ ကျွန်တော့် မိဘ အရင်းတွေ က လေးယောက် မွေးတာ ။ အစ်မအကြီး ကို အဘွား က မွေးစားတယ် ။ ညီမငယ် က အိမ်ကပ် ကျန်ရစ်တာ ။ ကျွန်တော့် ပြဿနာ က မွေးစား မိဘ ကို အဖေ ၊ အမေ ခေါ်ရပြီး အဖေရင်း ၊ အမေရင်း ကို ဘဘကြီး နဲ့ ကြီးကြီး လို့ ခေါ်ရတာ ”

ကိုသိုက်ထွန်းသက် က ခေါင်း ကို နည်းနည်း မော့ပြီး သူ့ အတိတ် ကို ပြန် တွေးပုံရတယ် ။

“ ဘယ်လိုပဲ ဖြစ်ဖြစ် အဲဒီ အချိန် ကတည်း က ကျွန်တော့် မှာ စိတ်ပိုင်း ဆိုင်ရာ ချွတ်ယွင်းမှုတော့ ရှိခဲ့တယ် ။ မွေးစားမိဘတွေ က ကုန်သည် ၊ စီးပွားရေး ကောင်းတယ် ၊ ကျွန်တော့် အဖေ က ဝန်ထမ်း ပေါ့ ”

“ နေကြတော့ .. ”

“ ဦးသိန်းတန်တို့ ၊ ဦးမောင်မောင်တို့ က ဝင်းမျက်နှာစာ မှာ တိုက်နှစ်လုံး အပြိုင် ဆောက်တယ် ။ အဖေရင်း ဦးအေးမောင် က နောက်ပိုင်းမှာ အိမ်လေး ဆောက် နေတယ် ။ တိုက်နှစ်လုံး အပြိုင် ဆောက် သလို ပြိုင် နေကြတာ ။ သူတို့ မွေးစားထားတဲ့ ကျွန်တော့် ညီမလေး နဲ့ အတူ မကစားရဘူး ၊ ကစား နေတာ မြင်ရင် ချက်ချင်း ပြန်ခေါ်တာ ”

“ ဘယ်အရွယ် က မွေးစားတာလဲ ”

“ ကျွန်တော် ငယ်ငယ် ကျောင်း မနေသေးခင် ကတည်း က ”

“ မိရင်းဖရင်း မဟုတ်မှန်း သိသလား ”

“ ပတ်ဝန်းကျင် က ပြောလို့ သိတာ ၊ ဒီ ဝင်းကြီး ထဲ မှာ ပဲ ကျွန်တော် က အမေရင်း နဲ့ တွေ့ လို့ စကား ပြောမယ် ဆိုတာ နဲ့ မွေးစား အမေ က ချက်ချင်း ရောက် လာပြီး ပြန်ခေါ်တာ ”

“ ကျောင်း နေတော့ကော ”

“ စိန်ပန်းဗုဒ္ဓသာသနာပြု အထက်တန်းကျောင်း မှာ စ နေတယ် ။ တစ်ရပ်ကွက် တည်း ဆိုတော့ ဆရာမ က ကျွန်တော်တို့ အကြောင်း ကို အကြောင်းသိ ၊ အတန်း ထဲ မှာ What is your father? လို့မေးတဲ့ အခါ My father is U Thein Tan လို့ ဖြေရင် ရိုက်တာ ။ My father is U Aye Maung လို့ ပြင်ပြော ခိုင်းတာ ။ ဆရာမ နဲ့ မွေးစားအမေ နဲ့ က လည်း ပြဿနာ ပေါ့ ”

ငယ်ရွယ် နုနယ်တဲ့ ကလေး တစ်ယောက် ရင်ဆိုင်ရမယ့် အနေအထား ကို ကျွန်တော် စာနာကြည့်မိတယ် ။

“ မွေးစားသား တစ်ယောက် ရဲ့ ခံစားမှု ၊ ပြဿနာတွေ ပေါ့ ၊ မွေးစားမိဘ တွေ က ကမ်းနားဈေး မှာ အထည်ဆိုင် ရှိတယ် ။ အဖေ က မီးခြစ်စက်ရုံ မှာ ရုံးအုပ်ကြီး ၊ သူ က စာအုပ်တွေ ဝယ်တယ် ၊ ပြောရင် ယုံစရာ မရှိဘူး ။ သတင်းစာ ကို မြန်မာ ၊ အင်္ဂလိပ် ဝယ်တယ် ၊ မဂ္ဂဇင်း ကို မြဝတီ ၊ ရှုမဝ ၊ ငွေတာရီ ၊ သွေးသောက် ၊ လျှို့ဝှက်သည်းဖို ၊ စန္ဒာ အဲဒါတွေ ဝယ်တယ် ။ တေဇ ၊ ရှေ့ဆောင်လူငယ် ၊ ဒို့ကျောင်းသား လည်း ဝယ်တယ် ။ အိုးဝေ ၊ ရွှေတူ ၊ ပြည်သူ့ကြယ်ဂျာနယ် တွေ လည်း အကုန် ဝယ်တယ် ”

ကိုသိုက် က ပြောတာ နားပြီး ခပ်ယဲ့ယဲ့ ပြုံးတယ် ။ ပြီးမှ သူ့ စကား ကို ဆက် ပြောတယ် ။

“ သူဌေး နှစ်ယောက် က ဘာ စာအုပ် မှ မဝယ်ဘူး ။ ဒါပေမဲ့ စာအုပ် ရောက် လာရင် ဦးဦးဖျားဖျား ဖတ်ရမှ ၊ ဟိုဘက် တိုက် နဲ့ ဒီဘက် တိုက် လု နေတာ ။ နောက်ဆုံး ချုပ်လိုက်တော့ ကျွန်တော့် ကို မွေးစားခဲ့တဲ့ သူဌေးတွေ ဆီ က ဘာ အမွေ မှ မရဘူး ။ ကျွန်တော့် အဖေ ဖတ်ဖို့ ဝယ်ထားတဲ့ စာအုပ်တွေ ကို ဖတ်ပြီး စာရေးဆရာ ဖြစ်လာတာ ”

သူ ရယ်ပါတယ် ။

“ အဖေ ဆီ ကပဲ အမွေ ရလိုက်တာပေါ့ ”

“ အဖေအရင်း ဆီကပဲ အမွေ ရလိုက်တယ် ။ အဲဒါတွေ ကတော့ အမှတ် တရပေါ့ ။ ကျွန်တော် နေရတာ က တိုက် အပေါ်ထပ် မှာ တစ်ယောက်တည်း ၊ အဖေ ရုံး က ပြန်လာပြီ ဆိုရင် ကျွန်တော် က မှန်တံခါး ကနေ အဖေ့ ကို လှမ်း ကြည့်တာ ။ အဖေ က စာအုပ် တစ်အုပ် ထောင်ပြ လိုက်ရင် ကျွန်တော် က ဝုန်းဝုန်း ဝုန်းဝုန်း ဆို ပြေးဆင်း သွားပြီး စာအုပ် ကို ယူ ဖတ်တာ ”

“ စာ စရေးတာက ... ”

“ ၁၉၆၉ ၊ ဆယ်တန်းနှစ် မှာ စာ စ ရေးနေပြီ ၊ မန္တလေး က ထုတ်တဲ့ ထူးစာစောင် မှာ ထွဏ်းကနောင် ဆိုတဲ့ ကလောင်နာမည် နဲ့ ရေးတာ ”

“ အဖေတို့ က အားပေးကြသလား ”

“ မွေးစား အဖေရော ၊ အဖေရင်း ရော နှစ်ဖက်လုံး က ကျောင်းပညာရေး နှောင့်နှေး မှာ စိုးလို့ အားမပေးဘူး ။ ထွဏ်းကနောင် ဆိုတဲ့ အမည် တွေ့ရင် သိမယ် ဘာညာ နဲ့ ပြောလို့ ပြောင်း လိုက်တာ ။ ကလောင် နာမည်တွေ ကို စုံနေတာပဲ ။ နောက်ဆုံး သိုက်ထွန်းသက် ဆိုတဲ့ အမည် ကျမှ ”

“ သိုက်ထွန်းသက် ဆိုတာ ကလည်း သူငယ်ချင်း နာမည် ဆိုတာ ပြောပြ လိုက်ပါဦး ”

လို့ ဓာတ်ပုံကိုဇော်ဇော် က ပြောပါတယ် ။

“ ဗုဒ္ဓသာသနာပြု အထက်တန်းကျောင်း ကနေ ခြောက်တန်းကျ နေပြည်တော် အထက်တန်းကျောင်း ကို ပြောင်းတယ် ။ နေပြည်တော် မှာ ဆယ်တန်း တစ်နှစ် ကျတော့ အမှတ် ( ၁ ) အထက်တန်းကျောင်း ကို ပြောင်းတယ် ၊ အဲဒီမှာ ကိုတင်မောင်ညွန့် နဲ့ တွေ့တယ် ”

“ ကျောက်ပန်းတောင်း က ကိုတင်မောင်ညွန့် လား ”

လို့ ကျွန်တော် က မေးတယ် ။

သစ်လုပ်ငန်းရှင် ကိုတင်မောင်ညွန့် က ကျွန်တော် နဲ့ ခင်မင် ရင်းနှီးပြီး ကိုသိုက် ထွန်းသက် အကြောင်း လည်း ပြောဖူးလို့ မေးလိုက်တာပါ ။

“ ဟုတ်တယ် ၊ ကိုတင်မောင်ညွန့် က ကျူရှင်တွေ လိုက် တက်တဲ့ အခါ သူ့ နာမည် ကို သိုက်ထွန်းသက် လို့ ပေးထားတယ် ။ ကျွန်တော် က ဝတ္ထုတို တစ်ပုဒ် ရေးပြီး ပို့မယ် ဆိုတော့ သိုက်ထွန်းသက် လို့ ထည့် လိုက်တာနဲ့ တည်သွားတာ ”

ကိုသိုက် က ဟက်ဟက်ပက်ပက် ရယ်တယ် ။

“ စာတွေ ဆက်တိုက် ရေးပြီလား ”

“ ရေးတယ် ၊ ပို့တယ် ၊ ပါတယ် ၊ ကျွန်တော် က စွဲမိစွဲရာ တော့ ရှိတယ် ။ တစ်နေရာ ထိုင်မိရင် မထချင်တဲ့ စိတ် ၊ အသက်ကြီး လို့ အိမ်ငှား နေတော့ နေမိတဲ့ အိမ် က မပြောင်းချင်ဘူး ။ ထူးစာစောင် မှာ ရေးတော့ အဲဒီ အချိန်က စာ စရေးတဲ့ သူတွေ က ဘာ ရေးကြလဲ ဆိုတော့ ဂုဏ်ပကာသန မတူလို့ အသည်းကွဲ ကျန်ရစ်တာ ၊ တစ်ပုဒ် လာ လည်း ဒါပဲ ၊ တစ်ပုဒ် လာ လည်း ဒါပဲ ။ အဲဒီ အချိန်မှာ ကျွန်တော် က စာအုပ်တွေ ဖတ်နေပြီ ၊ ဦးသုခ တို့ ၊ ဦးသာဓု တို့ လို twist ( အလှည့် ) ပါတဲ့ ဝတ္ထုတွေ ကြိုက်နေပြီ ၊ ထူးစာစောင် မှာ ပါတဲ့ ဝတ္ထုတွေ အရည်အသွေး မရှိတာ ၊ ရေးတဲ့ လူတွေ ကောင်းအောင် မရေးလို့ ဆိုပြီး အကြာကြီး ရေးတယ် ”

“ ဘယ်လောက် ကြာကြာ ရေးလဲ ”

“ ပထမဆုံး ပါတဲ့ ဝတ္ထု က ၁၉၆၉ ၊ မဂ္ဂဇင်းဝတ္ထု ပထမဆုံး ပါတာ ၁၉၇၉ ၊ ဆယ်နှစ်လောက် ကို ရေးနေတာ ”

“ ၁၉၇ဝ ပြည့်နှစ် မှာ ဆယ်တန်း ကျပြီး ကျောင်းဆက် မတက်တော့ ဘာတွေ လုပ်ဖြစ်လဲ ”

သူ ပြုံးရယ်တယ် ။

“ ရည်းစား ထား ၊ ရည်းစား နဲ့ ချိန်းတွေ့ ၊ မိုက်မိုက်ကန်းကန်း အလုပ်တွေ လုပ်ခဲ့တယ် ။ ဘာကြောင့် လုပ်ဖြစ်တာလဲ ပြန် စဉ်းစား ကြည့်တော့ အိမ် က တအား ချုပ်ချယ်တာကိုး ။ အပြင်ဘက် ကို ထွက်ခွင့် ရတဲ့ အချိန် မှာ ဒါ လွတ်လပ်မှုပဲ ဆိုပြီး အသုံးချတာ ။ ကိုယ့် ကိုယ် ကိုယ် တည်ဆောက်မှု အပိုင်းကျတော့ မရှိခဲ့ဘူးပေါ့ ။ စာရေးဆရာ တစ်ယောက် သာ ဖြစ်မလာခဲ့ရင် တော်တော် ချာတဲ့ လူတစ်ယောက် ဖြစ်သွားနိုင်တာပဲ ”

“ အိမ်ထောင်ကျ မှ ကိုယ့် ထမင်း ကိုယ်ရှာ စားတာ စ ရတာလား ”

“ ကျွန်တော်တို့ အိမ် က ရှေးရိုးကြီး ၊ အစ်ကိုကြီး သိတဲ့ အတိုင်းပဲ ၊ ကျွန်တော် နဲ့ အိမ်ထောင် ကျတဲ့ အမျိုးသမီး က ထက်မြက်တယ် ။ ကျွန်တော် က ခပ် ပျော့ပျော့ ၊ သူ က တစ်ပတ်လေး တောင် ကျွန်တော့် မိဘ နဲ့ မနေနိုင်တော့ ကျွန်တော် မိန်းမ နောက် ကို လိုက်သွားတယ် ”

ကျွန်တော့် စိတ်အာရုံ ထဲ မှာ ကိုသိုက် ရဲ့ ပထမဇနီး မခင်ဆွေဦး ရဲ့ ပုံစံ ကို မြင်ယောင် လာတယ် ။ အလွန် သွက်လက်ချက်ချာ တဲ့ အမျိုးသမီး ။

“ ရှေးရိုးစွဲ မိသားစု က လာတဲ့ ကျွန်တော် ဟာ ခေတ်မီ သွက်လက်တဲ့ မိသားစုပုံစံ ကို စတင် တွေ့ရှိရတော့တာပဲ ”

“ သူ့ အိမ် လိုက် နေတာလား ”

“ သူ့ မိဘ အိမ် ကို လိုက် နေတာ ။ ခြောက်လ လောက် နေတော့ အသွင် မတူ တာနဲ့ ကျွန်တော်တို့ လင်မယား ကွဲသွားကြရော ။ ကျွန်တော် လည်း အစ်မ တစ်ယောက် ရှိတဲ့ ရန်ကုန် ကို ပြောင်းသွားတယ် ။ ရေနံချောင်းကားဂိတ် မှာ လုပ်တာ ၊ သုံးလ လောက် ကြာတယ် ။ ကျွန်တော့် ဇနီးမဆွေ က ထွေ/အုပ် ( အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ) မှာ အလုပ် ဝင် လုပ်နေပြီ ။ အဲဒါ သူ့ အလုပ် ကို ရန်ကုန် ပြောင်းမယ် ၊ ကျွန်တော့် ဆီ လိုက်လာတော့မယ် လို့ စီစဉ်တာ ”

“ ပြန်ပေါင်းထုပ်ကြမယ်ပေါ့ ”

“ ကျွန်တော် တွေးမိတာ က ရန်ကုန် မှာ ဆိုရင်တော့ ကျွန်တော် ဘာမှ လုပ်တတ်မှာ မဟုတ်ဘူး ။ မန္တလေး မှာ ဆိုရင် စက်ဘီး တစ်စီး ရှိရင် ဘာမဆို လုပ်ကိုင်စားလို့ ရတယ် ဆိုပြီး သူ့ ပြောင်းရွှေ့ကိစ္စ ကို ကျွန်တော် ဖျက်လိုက်တယ် ၊ မန္တလေး ကို ပြန်လာခဲ့တယ် ”

“ နေကြတော့ကော ”

“ မိတ်ဆွေ ဦးတင်မောင်ကြီး ရဲ့ အိမ် မှာ နေတယ် ။ ထမင်း ကို တော့ မိဘ အိမ် က ချိုင့်ဆွဲ စားတာပေါ့ ”

ကိုသိုက် က ပြုံးရယ်ပါတယ် ။

“ အဲဒါ ပြီးတော့မှ စက်ဘီး တစ်စီး နဲ့ မန္တလေးမြို့ ထဲလည်ပြီး အိမ်ငှား ရှာတာ ။ မဆွေ ရဲ့ ရုံး နဲ့ နီးတဲ့ အမရစံခေါင်ရပ်ကွက် ထဲ က အိမ် တစ်အိမ် ကို ငှား နေ ကြတယ် ။ သူ က ရုံး ကို ခြေကျင် သွား ၊ ကျွန်တော် က စက်ဘီး တစ်စီး နဲ့ အလုပ် မျိုးစုံ လုပ်မယ်ပေါ့ ”

°°°°°°°°°°°°°°°°°°°

မန္တလေးမြို့ မှာ ထုတ်ဝေ နေတဲ့ ဂျာနယ်တွေ ထဲမှာ ရွှေမန္တလေးဂျာနယ် က အောင်မြင်တဲ့ ဂျာနယ် တစ်ခု ဖြစ်ပါတယ် ။ ရွှေမန္တလေးဂျာနယ် ကို အယ်ဒီတာချုပ် အဖြစ် ဦးစီးပြီး ထုတ်ဝေနေသူ က စာရေးဆရာ ကိုသိုက် ထွန်းသက် ပါ ။

ကိုသိုက် ရဲ့ ဖခင် က စာပေဝါသနာ ပါ တဲ့ မီးခြစ်စက် က ရုံးအုပ်ကြီး ၊ ကိုသိုက် ကို သူဌေးမိသားစု ဖြစ်တဲ့ ဦးသိန်းတန် နဲ့ ဒေါ်တင်တင်ငြိမ်း မိသားစု က မွေးစား ခဲ့တယ် ။ အသက်အရွယ် ရလာတဲ့ အချိန် မှာ မွေးစားမိဘ ဆီက ဘာ အမွေ မှ မရဘဲ ဖခင်ရင်း ဆီ က ရတဲ့ စာပေအမွေ နဲ့ သူ့ ဘဝ ကို တည်ဆောက်ခဲ့ရတယ် ။ ကိုသိုက် အိမ်ထောင် ကျတော့ သူ့ ခြေထောက် ပေါ်ပဲ သူ ရပ်တည်ရတယ် ။ ကိုသိုက်ထွန်းသက် ရဲ့ ဘဝ အတက်အကျ ကြိုးစားရတာတွေ က စိတ်ဝင်စားဖို့ ကောင်းတယ် ။ ကိုဇော်ဇော် ရဲ့ ဘိုဓာတ်ပုံတိုက် မှာ ကိုသိုက်ထွန်းသက် နဲ့ ဆုံဖြစ်တော့ သူ့ ဘဝ ကို မေးဖြစ်တယ် ။

“ ကျွန်တော် အိမ်ထောင်ကျ ပြီးတော့ ကျွန်တော် ငယ်စဉ် က နေခဲ့တဲ့ စိန်ပန်းရပ်ကွက် က အစ်ကို လို နေတဲ့ သူငယ်ချင်း ကိုဝင်းနိုင် က သူ့ စာအုပ်တွေ ကို စင်လိုက် ဖြိုပြီး ဒီ စာအုပ်တွေ အကုန် မင်း ရောင်းစားတော့ လို့ ပေးတယ် ။ ကျွန်တော် က စာအုပ်တွေ သယ်ပြီး ညဈေးတန်း မှာ စာအုပ်ဆိုင် သွားဖွင့်တယ် ”

“ အဲဒါ ဘယ်နှခုနှစ်လဲ ”

“ ၁၉၇၅ လောက် မှာ ၊ စာအုပ်တွေ က ရှားပါး စာအုပ်တွေ ၊ စာအုပ်ဆိုင် လည်း ခင်း လိုက်ရော လူတွေ က အုံဆင်းလာတာ ။ ဟိုလူ ဝယ် ၊ ဒီလူ ဝယ် နဲ့ အကုန် ပါသွားရော ။ အဲဒီ အချိန် မှာ လူ တစ်ယောက် က ကျွန်တော့် ဆီ ရောက် လာ တယ် ။ ညီလေး ဘယ်ကလဲ တဲ့ ။ ကျွန်တော် လည်း ကျွန်တော့် အခြေအနေ ကို ပြောပြတာပေါ့ ။ သူ က ဆက် မေးတယ် ၊ အလုပ် လုပ်မလားတဲ့ ။ အလုပ် ရရင် လုပ်ချင်တာပေါ့ ။ ဒါဆို သူ နဲ့ လိုက်ခဲ့ဆိုပြီး ညဈေးတန်း နဲ့ မလှမ်းမကမ်း ၊ ငါးပိတန်းလျား ထဲ က ဦးခင်မောင်သိန်း ဆီ ခေါ်သွားတယ် ”

“ ဘာ အလုပ်လဲ ”

“ ဦးခင်မောင်သိန်း က အနောက်မြောက်မြို့နယ် သမဝါယမအသင်း က ဝယ်ဖြန့်လုပ်ငန်း တာဝန်ခံ ၊ သူ က မနက်ဖြန် က စပြီး အလုပ် ဆင်းတဲ့ ။ ကိုယ့် ခြေထောက် ပေါ် ကိုယ် ရပ်မယ် ဆိုတဲ့ နေ့မှာပဲ အလုပ် ရတာ ”

“ သူ က ဘာမျက်စိ ကျလို့ အလုပ် ခန့်ပါလိမ့် ”

“ ကျွန်တော် က အူလည်လည် နဲ့ စာအုပ် အကောင်းတွေ ချရောင်း နေတာ မြင်ပြီး ခေါ်တာ ။ ဦးခင်မောင်သိန်း က ရိုးသားတဲ့ လူ ရှာပေးပါ ပြောလို့ ”

“ ကံကောင်းတာပေါ့ ”

“ မြို့နယ် သမဝါယမအသင်း ကို ကျွန်တော် ရောက် သွားတော့ အရောင်း ဆိုင် နဲ့ တွဲ နေတဲ့ ဂိုဒေါင်ကြီး မှာ လုပ်ရတာ ။ အဲဒီမှာ ရောက်သွားတယ် ။ ကျွန်တော် က အရောင်း တာဝန်ခံတွေ နောက် က ခိုင်းသမျှ လုပ်ပေးရတာ ။ ရုံး က ကွမ်းသွေးပုံး သွန်ကွာ ဆို ကွမ်းတံတွေးပုံး သွန်ရတာ ၊ သကြားအိတ် တွေ ၊ ဆပ်ပြာသေတ္တာ တွေ ထမ်းတင် ပေးရင် အလုပ်သမားခ အပို ဝင်ငွေ ရတယ် ။ ရာထူး ကတော့ နေ့စား လရှင်း ”

“ ယာယီဝန်ထမ်း ပဲ ”

“ ကျွန်တော် က ဝီရိယ ကောင်းတယ် ။ ဆိုင် ကို စောစော လာ ၊ နောက်ကျမှ ပြန် ၊ အလုပ်မရွေး လုပ်တော့ ခွဲတမ်း ခွဲတာ က အစ လုပ်တတ် နေတယ် ။ ဘောက်ချာဖြတ် မရှိလည်း ဝင် ဖြတ်ပေး ၊ လူငယ် ဆိုတော့ အားလုံး နဲ့ အဆင်ပြေ နေပြီ ။ ကျွန်တော် က စာ လည်း ရေး နေပြီ ၊ မိုးဝေ တို့ ဘာတို့ မှာ ဝတ္ထုတွေ ပါနေပြီ ၊ ဒိုင်ယာရီလေး ဘာလေး လည်း ရေးတာ ပြုတာ ဝါသနာ ပါတယ် ၊ ယနေ့ ဘာလုပ်သည် ညာလုပ်သည် ရေးတာ မှတ်တာ ကို သမလူကြီးတွေ က သူတို့ ကို ထောက်ဖို့ မှတ်တယ် ထင်ပုံရတယ် ”

ကိုသိုက်ထွန်းသက် က ပြုံးတယ် ။

“ ကျွန်တော့် ကို ညစောင့် ပြောင်း လိုက်တယ် ။ နာရီစင် နား က ရေခဲဆိုင် မှာ ညစောင့် လုပ်ရတယ် ၊ ဆိုင် က လည်း သံတံခါး နှစ်ထပ် ၊ အလုပ် က ဘာမှ မရှိဘူး ။ ကိုသန့်ဇင် .... ”

“ ဝတ္ထုတိုဆရာ နောင်ရိုး ”

“ နောင်ရိုး နဲ့ ကိုသန်းစိုး တို့ က ည ဆို စကားဝါကဖေး လာ ထိုင်တယ် ။ မောင်ကိုကို ( အမရပူရ ) လည်း လာ ထိုင်တယ် ။ စာပေသမားတွေ နဲ့ ပိုပြီး နီးနီးစပ်စပ် နေဖြစ်တယ် ။ ဒီမှာ အဆင်ပြေတယ် ကြားတော့ အသင်းရုံး ကို ပြောင်းလိုက်ပြန်တယ် ။ ပြောင်းတဲ့ နေ့ မှာပဲ သမဝါယမဦးစီးဌာန ကို လက်ဖက်ရည် ဝယ်ပြီး သွားပို့ ခိုင်းတယ် ။ ချိုင့် နဲ့ ဆွဲပို့ရတာ ။ သမဦးစီး က နောက်ထပ် တစ်ခွက် တဲ့ ၊ လက်ဖက်ရည် ပို့တဲ့ ကောင် မဟုတ်ဘူး ၊ အလုပ် လုပ်ဖို့ လာတာ ဆိုပြီး ကျွန်တော် အလုပ် ထွက် လိုက်တယ် ”

သူ့ မာန ကို ကျွန်တော် လေးစားမိတယ် ။

“ သူတို့ လိုက် ခေါ်ပေမယ့် ပြန် မလိုက်တော့ဘူး ။ အလုပ် ထွက်ပြီး ကြက် မွေးတယ် ၊ ကြက်မွေး တော့ လည်း ကျွန်တော် ကြက်ခြံ ထဲ က ကို မထွက်တော့ဘူး ”

“ အိမ် က တော့ အိမ်ငှား အဖြစ် ပြောင်း နေတာပဲလား ”

“ အိမ်ငှား ပဲ ၊ တစ်အိမ် ပြီး တစ်အိမ် ပြောင်း နေရာ က နေ မီးရထားသံလမ်း ဘေး မှာ အိမ်ဝယ် လိုက်တာ ။ နောက် လမ်းမတန်း နဲ့ နီးတဲ့နေရာ ပြောင်း ဝယ်တယ် ။ ခြံဝင်း က ကျယ်တော့ ကြက်ခြံကြီး ဆောက်ပြီး ကြက်မွေးတယ် ။ နန်းရှေ့ ဈေး ထဲ မှာ လည်း ဂွပ်ဂွပ်ဖိနပ် ရောင်းတယ် ၊ တိပ်ခွေဆိုင် ဖွင့်တယ် ။ ရပ်ကွက် ထဲမှာ အိမ်ခွန် ကောက်တယ် ။ အဲဒါက ခိုင်ငွေ ( ရာခိုင်နှုန်း နဲ့ ရတဲ့ ငွေ ) ရတယ် ”

“ အလုပ် လေးမျိုးပေါ့ ”

“ အစာ နဲ့ ဥနှုန်း က မကိုက်ဘူး ။ ကြက်ဥ ပြန် ရောင်းရတာလည်း ခက်တော့ ကြက်ခြံ ဖြုတ် ပစ်လိုက်တယ် ”

“ ကိုသိုက် သမဝါယမ မှာ လူကြီး ဝင် လုပ်သေးတယ်နော် ”

“ ရပ်ကွက် ထဲ မှာ ကျွန်တော့် ကို အလုပ်မရှိ အကိုင်မရှိ လို့ မြင်ပုံ ရတယ် ။ ကျွန်တော် မတက် တဲ့ သမဝါယမ သင်းလုံးကျွတ်အစည်းအဝေး မှာ အတွင်းရေးမှူး ဆိုပြီး ခန့်ချလိုက်ကြတာ ။ လူကြီးတွေ မျက်နှာ နဲ့ ဝင် လုပ်လိုက်တာ ။ အသင်း က ဗုန်းဗုန်းကျ နေတဲ့ အသင်း ၊ သမဝါယမဥပဒေ နဲ့ ထောင်နှုတ်ခမ်း ပေါ်  ကြိုးတန်း လျှောက် ပြီး လုပ်ခဲ့ရတာ ”

“ ဝတ္ထုတိုတွေ ရေးနေတာ က ... ”

“ ၁၉၇၅ - ၇၆ - ၇၇ - ၇၈ မှာ မိုးဝေမဂ္ဂဇင်း မှာ ရေးနေတာ ။ မိုးဝေ အယ်ဒီတာ ပြောင်း သွားတော့ မရေးဘဲ ရပ်သွားတာ ။ ဒေါ်ခင်ဆွေဦး ရဲ့ စံပယ်ဖြူ မဂ္ဂဇင်း ပေါ်လာတော့ ပြန် ရေးဖြစ်တယ် ”

“ ပင်တိုင် ရေးဖြစ်တာက မဟေသီမဂ္ဂဇင်း က စတာ ထင်တယ် ။ ကိုသိုက် က ဇန်မြင့် ကလောင် အမည်နဲ့ “ ရွှေပါးစပ်ငွေပါးစပ် ” ခေါင်းစဉ် အောက် မှာ ရေးတာ အများကြီး ဖတ်ခဲ့ဖူးတယ် ”

“ မဟေသီ မှာ စာအိုး ကလောင် အမည် နဲ့ “ သူတို့ ဘာတွေ ပြောကြသလဲ ” ခေါင်းစဉ် အောက် မှာ တစ်လ တစ်ပတ် အလှည့်ကျ တာဝန် ယူပြီး ရေး နေကြတာ ။ တစ်ပတ် မှာ ကျွန်တော် က ခပ်ရွှင်ရွှင်လေး ရေး လိုက်တာ ။ မဟေသီ အယ်ဒီတာ ဆရာ ဦးခင်မောင်မြင့် က အဲဒီ အပတ်က ဘယ်သူ ရေးတာလဲ မေးပြီး အဲဒါမျိုး တစ်ပုဒ် သ,တ်သ,တ်ရေးပေးပါလို့ ခိုင်းတယ် ။ ခိုင်းတုန်းက ပေဖူးလွှာ မဂ္ဂဇင်း အတွက် ၊ ပေဖူးလွှာ မှာ တစ်လ ပါပြီး ပေဖူးလွှာ က နေ မဟေသီ ဘက် ပြောင်းလိုက်တာ ”

“ ကလောင်အမည် စ ပေးတုန်းက ဇန်မြင့် နော် ”

“ ဈာန်ရ ကို ကြိုက်လို့ ဈ နဲ့ ဈာန် တာ ၊ ခွင့်မပြု လို့ ဇန်မြင့် ဖြစ်သွားတာ ”

အိမ်ရှင် ကိုဇော်ဇော် တို့ က လက်ဖက်သုပ် ၊ ရေနွေးကြမ်း ၊ လက်ဖက်ရည် တွေ ဧည့်ခံဖို့ လာ ချလို့ စကား ပြတ် သွားတယ် ။ လက်ဖက်သုပ် နည်းနည်း စားကြပြီး တော့ ကိုသိုက်ထွန်းသက် က စကား ဆက် ပြောတယ် ။

“ ကျွန်တော် ငယ်ငယ် က အိမ် က သိပ် ချုပ်ချယ်တယ် ။ တစ်နှစ် ကို နှစ်ခါ လောက် အထူး အခွင့်အရေး ရတယ် ။ သင်္ကြန် အကြိုနေ့ တစ်ရက် ယောက်ျားလေး လို သင်္ကြန် လည်ခွင့် ရတယ် ။ အဲဒီတုန်း က အထက်မြန်မာပြည် စာရေးဆရာအသင်း က ဓမ္မဗိမာန် မှာ စာတမ်းဖတ်ပွဲ လုပ်တယ် ။ အဲဒါ တစ်ရက် သွားခွင့် ရတယ် ။ ဓမ္မဗိမာန် စာဆိုတော်ပွဲ သွားတော့ တစ်ရက် မှာ ဆရာမောင်စွမ်းရည် ရဲ့ “ မန္တလေးမြို့က မနက်ခင်း ” ကဗျာ ကို ကျွန်တော် ထ ဆွေးနွေးတော့ စာပေသမားတွေ နဲ့ ရင်းနှီးရတယ် ”

“ အခြား ဝတ္ထုတို ဆရာတွေ နဲ့ လည်း ရင်းနှီး သွားတယ်နော် ”

“ တက္ကသိုလ် ထဲ က စာရေးဆရာတွေ ဖြစ်တဲ့ ကိုရဲသျှမ်း ၊ ကိုဇင်မော် ၊ ကိုညို ( ညီပုလေး ) တို့ နဲ့ ခင်ရတယ် ။ အဲဒီက နေ စပြီး မန္တလေး စာရေးဆရာတွေ လူထုတိုက် မှာ ဆုံဖြစ်တယ် ။ ၁၂ မျက်နှာနာရီစင် ၊ မညိုပြာရဲ့နှင်းဆီခင်း ၊ အောင် ပင်လယ် လေပြည်ညင်း ၊ ၀သုန္ဒရေလက်ရေး တို့ စာအုပ်တွေ စုပြီး ထုတ်ဖြစ်ခဲ့တယ် ”

“ ကိုသိုက် အိမ်ထောင်ရေး ဘဝ ပြန်ပြောပါဦး ”

“ အိမ်ထောင် တစ်ခု ထူထောင် လိုက်ရင် ကိုယ့် မှာ တာဝန် ရှိလာပြီ ။ ကိုယ် တာဝန် ယူရမယ် ဆိုတဲ့ အသိ ရှိတယ် ။ ကျွန်တော် အသက် ၂၂ နှစ် အထိ မွေးစား မိဘ နဲ့ နေတယ် ။ ချေးအိုးသေးအိုး သွန်တဲ့ အထိ လုပ်ကျွေးတယ် ။ အိမ်ထောင် ပြုတော့ အိမ်ရှင်မ နဲ့ မိဘ နဲ့ စရိုက် မတူကြဘူး ။ ဒါကြောင့် ကျွန်တော်တို့ သီးခြား ခွဲ နေကြတယ် ။ ကျွန်တော့် ဘဝလေး ကို သီးခြား ထူထောင်တယ် ”

ကိုသိုက်ထွန်းသက် စကား ပြောရင်း ချောင်းဆိုး လို့ ခဏ နားပြီး ဆက် ပြောပါတယ် ။

“ ၁၉၉၁ ခု နှစ်ဆန်း မှာ ကျွန်တော်တို့ အိမ်ထောင်ရေး ပြိုကွဲ သွားတယ် ။ သမီးလေး နှစ်ယောက် နဲ့ ကျွန်တော် နဲ့ ပဲ ကျန်ရစ်တယ် ။ အဲဒီ အချိန် မှာ ကျွန်တော် စီးပွားရေး က မအောင်မြင်ဘူး ။ တိပ်ခွေဆိုင်လေး ကလည်း မအောင်မြင်တော့ဘူး ။ သမဝါယမ က လည်း ထွက်လိုက်ပြီ ။ အခွန်အကောက်လုပ်ငန်းတွေ က လည်း ပြန် အပ်လိုက်ပြီ ”

အဲသည် ကာလ ဟာ ကိုသိုက် အတွက် အင်မတန် သောက ကြီးမားတဲ့ ကာလ ပဲ လို့ ကျွန်တော် တွေးနေမိတယ် ။

“ အဲဒီ အချိန်မှာပဲ ကျွန်တော့် အိမ် နဲ့ မျက်နှာချင်းဆိုင် မှာ တိပ်ခွေဆိုင် အသစ် တစ်ဆိုင် လာ ဖွင့်တယ် ၊ ကျွန်တော် ကိုယ့် ကိုယ် ကိုယ် ခုခံကာကွယ် ရတော့ မယ် ။ အရင်းအနှီးတွေ ဘာတွေ ရှာပြီး တိပ်ခွေဆိုင်လေး ကို ဒါထက် ပိုပြီး စိုပြည် အောင် လုပ်ရတယ် ။ ကံပေါ့လေ ၊ အဲဒီမှာ ကျွန်တော့် ဆိုင် က ဝုန်းဆို အောင်မြင် သွားတယ် ။ ကျွန်တော်တို့ သားအဖ သုံးယောက် တော်တော်လေး အဆင်ပြေ လာတယ် ”

ကိုသိုက် ရဲ့မျက်နှာ ပေါ် မှာ အပြုံး နဲ့ ဝင်းလာတယ် ။

“ သမီးကြီး ကလည်း အရွယ် ရောက် လာပြီး အိမ်ထောင် ပြုတယ် ။ သမီးငယ် က လည်း ဆယ်တန်း ဖြေ ပြီးလို့ သူ့ အမေ နဲ့ သွား နေတယ် ။ အိမ်ထောင် ကွဲပြီး ခြောက်နှစ် ကြာတဲ့ အချိန် မှာ ကျွန်တော် နောက် အိမ်ထောင် ပြုတယ် ။ သမီးကြီး ကိုယ်တိုင် သွားပြီး နားဖောက် ထားတာ ”

“ သမီး က ပေးစားတာပေါ့ ”

လို့ ပြောရင်း ကျွန်တော် တို့ ပြိုင်တူ ရယ်ကြတယ် ။

“ အိမ်ထောင် ပြု ပြီးတော့ ကျွန်တော်တို့ ဧရာထွန်းအိမ်ရာ ကို ပြောင်း နေ ကြတယ် ။ အိမ် ကို သမီးတွေ ကို အမွေ ပေးခဲ့လိုက်တယ် ”

“ ကိုသိုက် ရဲ့ မွေးစားအဖေ က ချမ်းသာတယ် မဟုတ်လား ။ သူ့ ဘက် က အမွေ ဆက်ခံခွင့် ကော ”

“ အမေ ဆုံးသွားတော့ မွေးစား အဖေ က အသက် ၆၂ နှစ် မှာ ၂၆ နှစ် အရွယ် မိန်းကလေး နဲ့ အိမ်ထောင်ထပ် ပြုတယ် ။ အိမ်ထောင် ပြု ပြီးတော့ သား က ရတနာ မဟုတ်ဘူး ၊ ရတာ နာပဲ ။ သူ့ မိန်းမ က မှ သူ့ ကို ပြုစုတယ် ဆိုတဲ့ လေသံ ထွက်လာတယ် ”

“ အမွေ မရဘူးပေါ့ ”

“ ဘာမှ မရဘူး ။ ကျွန်တော့် နောက် ဇနီး မအေး က အဖေ့ ဆီ က ဘာ အမွေ မှ မရတဲ့အပေါ် တစ်ခွန်း မှ မပြောဘူး ။ ငြိမ်းချမ်းတယ် ”

“ မွေးစားအဖေ ဘယ် အရွယ် မှာ ဆုံးလဲ ”

“ ၈၆ နှစ် မှာ ဆုံးတယ် ။ မွေးစားအမေ က အရင် ဆုံးတယ် ။ နောက် အမေအရင်း ဆုံးတယ် ။ အဖေ က ပင်စင် ယူပြီး နောက် သမက် တာဝန် ထမ်းဆောင် ရာ လိုက် နေတယ် ။ နောက်ဆုံးမှာ ဘုန်းကြီးဝတ် သွားတယ် ။ အဖေ့ ကို ကျွန်တော် တော်တော်လေး ပြုစုလိုက်ရပါတယ် ”

“ ကိုသိုက် ရဲ့ ဘဝ ကို ပြန် သုံးသပ် ကြည့်ရင် ဘယ်လို မြင်သလဲ ”

“ လက် ထဲ မှာ ပိုပိုလျှံလျှံ စုဆောင်း ထားနိုင်တဲ့ အခြေအနေတော့ မရှိဘူး ။ ချို့ချို့ငဲ့ငဲ့ ဆင်းဆင်းရဲရဲ တော့ မနေခဲ့ရဖူးဘူး ။ အခက်အခဲ တစ်ခု ဖြစ်လာရင် အဆင်ပြေမှု က တော့ ပေါ်လာတာပဲ ။ ပထမအိမ်ထောင် ပြုပြီး အိမ်ခွဲရမယ် ဆိုတဲ့ အချိန် မှာ အလုပ်ပေးမယ့် သူ ပေါ်လာတယ် ။ နောက်ထပ် အိမ်ထောင်ပြုမယ့် အချိန် မှာ စီးပွားရေး က အဆင် မပြေဘူး ။ ဒီအချိန်မှာ ကိုဇန်ဇန် ခေါ်တာနဲ့ ဂျာနယ်လောက ထဲ ရောက် သွားတယ် ၊ ဒီ ဝင်ငွေ နဲ့ ရပ်တည်ပြီး ဧရာထွန်းတိုက်တန်း မှာ နေခဲ့တာ ။ မန္တလေး မှာ ဂျာနယ် ထုတ်ချင်ကြတယ် ။ ဒါကြောင့် အခွင့်အလမ်း ပေါ်လာတော့ ရွှေမန္တလေး ထုတ်တယ် ၊ မန္တလေးသတင်း ၊ မန္တလေး အဓိက ၊ ဒေသဆိုင်ရာ ဂျာနယ် ပဲ ၊ အခြား မြို့လည်း မဖြန့်ဘူး ”

“ ဘဝ မှာ ကျေနပ်ခဲ့ရတာတွေ ... ”

“ ကျေနပ်တာတွေ ကတော့ ကျွန်တော် သမဝါယမ မှာ ဝင် လုပ်တော့ လိပ်ပြာ သန့်တယ် ၊ သူခိုး မလုပ်ခဲ့ဘူး ”

“ ကိုသိုက် ဘဝ မှာ သရော်စာ ရေးတဲ့ ဇန်မြင့် ၊ ဝတ္ထုတို ရေးတဲ့ သိုက်ထွန်းသက် ၊ ရွှေမန္တလေးဂျာနယ် အယ်ဒီတာချုပ် သိုက်ထွန်းသက် သုံး ဘဝ မှာ ဘယ် ဘဝ ကို အကျေနပ်ဆုံး ၊ အပျော်ဆုံး လဲ ”

“ အယ်ဒီတာ ဘဝ မှာ ကျေနပ်တာတွေ ရှိတယ် ။ ဂျာနယ် တစ်စောင် ကို ဦးဦးဖျားဖျား လုပ်ခဲ့တယ် ။ ကိုယ့် ဂျာနယ် ထဲ မှာ ကိုယ်ရေးချင် ရာ ရေးခွင့် ရှိပေမယ့် မရေးဘဲ နေတယ် ။ စာကောင်းလေးတွေ ပါအောင် ကြိုးစားတယ် ။ စာကောင်းလေး တွေ စုပေါင်းပြီး စာအုပ်လေး တွေ ဖြစ်လာကြတာ ဝမ်းသာတယ် ။ အခြား သူတွေ က ရေးကြီးခွင်ကျယ် လုပ်တယ် ထင်ချင် ထင်မယ် ။ ကျင့်ဝတ် ကို စောင့်ထိန်းပြီး အားလုံး ကို မျှတအောင် ဘက် မလိုက်ဘဲ လုပ်ရတာ ကျေနပ်တယ် ”

“ အခက်အခဲ ကော ”

“ နယ်မှာ လုပ်ရတာ က ရန်ကုန် မှာ နဲ့ မတူဘူး ။ ကျွန်တော် တို့ က နီးရာ ဓား ကို တော်တော်လေး ကြောက်ရတယ် ။ ကျွန်တော်တို့ စိတ် အခံက အများ ပြည်သူ ရဲ့ ဆန္ဒ ကို ဆန့်ကျင် ပြီး မလုပ်ဘူး ။ မလွှဲသာ လို့ ထည့် လိုက်ရတဲ့ ဟာ ရှိတောင် မှ ကျွန်တော်တို့ ပျော်ပျော်ကြီး မပါဝင်ခဲ့ဘူး ။ ထောက်ပံ့တာတွေ မယူဘူး ”

◾ကျော်ရင်မြင့်

📖 အတွေ့အကြုံစုံစုံ ဘဝဇာတ်ခုံ

.

ရွှေတံဆိပ် ရ တဲ့ ဝတ္ထု


 

ရွှေတံဆိပ် ရ တဲ့ ဝတ္ထု
    ( ကျော်မိုးမြင့် )

အထက်တန်းပြ ဆရာ ဦးအေးကျော် အသက် ငါးဆယ် အရွယ် မှာ ဆေးပင်စင် ယူလိုက်ရ ပါတယ် ။ ဆေးပင်စင် ယူ ဆို ဦးအေးကျော် တို့ ကျောင်း မှာ လည်း ယောက်ျားဆရာ ဆိုလို့ လက်တစ်ဖက် ချိုး စာ တောင် မပြည့်တော့ပါဘူး ။ တစ်ကျောင်း လုံး ဆရာမ တွေ ချည်း ဆိုတာ လို ဖြစ်ကုန်မင့်ဟာ ။

ဆရာဦးအေးကျော် က လူချစ်လူခင် ပေါ ပါတယ် ။ စာသင် လည်း ကောင်းတယ် ။ ဟာသဉာဏ် လည်း ရွှင် တာကိုး ။ စာ သင်ရင်း လည်း ရယ်စရာ ဟာသ ဆို ခပ် တည်တည် ပြော တတ်ပါတယ် ။ တွေး ပြီးမှ ရယ် ရ တဲ့ ဟာသမျိုး ကို ပို ပြောလေ့ ရှိပါတယ် ။ ပါးစပ် က သာ ရယ် စရာ ပြောနေတာ မျက်နှာပေါက် က ခပ်တည်တည် ပဲ ။ သူ ဘာမှ မပြောလိုက် မိ သလို နေ နေတာကြီး ကို က ရယ် စရာကြီး ။

  •••••   •••••   •••••

ဆရာဦးအေးကျော် က လူပျိုကြီး ဘဝ နဲ့ ကျောင်း ဆရာလစာ နဲ့ လည်း မလောက်င ၊ ကျူရှင် က လည်း ပြ ခွင့် မရှိ ဆိုတာမျိုး အမိန့် တွေ ရှိသဟာ ကိုး ။ ဒီတော့ ကာ ကျူရှင် သင်ချင်ရင် ကျောင်းဆရာ ဘဝ က ရဲရဲရင့်ရင့် ထွက်ရုံပေါ့ ။ ဆရာ က ပြတ်သားပါတယ် ။ အလုပ် က ထွက်ပြီး ကျူရှင်လောက ထဲ ဝင် တိုး ပါတယ် ။

သင်ကြားရေး ကောင်းတဲ့ ဆရာ ဟာ ဘယ်တော့မှ မိုး မခေါင်ဘူး ... ဟုတ်လား ။ ခက် နေတာ က နေရေး ။

ကိုယ်ပိုင် အိမ် ၊ ကိုယ်ပိုင် တိုက်ခန်း မရှိလေ တော့ အိမ်ငှား ဘဝ နဲ့ ရွှေ့ပြောင်း အိမ်ထောင်သည် ဖြစ်လို့ နေ ပါတယ် ။ အိမ်ရှင် တွေ က ခြောက်လ ၊ တစ်နှစ် ဆိုတာ လို နေ ပြီးရင် နောက်နှစ် အတွက် အိမ်လခ ကို တိုးတောင်း လာ ကြပြီ ။ နေလို့ ထိုင်လို့ အဆင်ပြေ ပြန်တော့ အိမ်လခ တိုး တောင်း ။ အိမ်လခ က အဆင်ပြေ ၊ သင့်လျော်ပြန် တော့ သွားရေးလာရေး မှာ အဆင် မပြေ ။ ဒီလိုနဲ့ ဆရာ ဦးအေးကျော် တို့ မိသားစု တစ်နှစ် တစ်အိမ် ဆိုတာ လို ရွှေ့ပြောင်း လို့ ချည်း နေရပါ တော့တယ် ။

အခုလည်း အောက်ထပ် မှာ အိမ်ရှင် ၊ အပေါ်ထပ် မှာ နှစ်ခြမ်း ကန့်ပြီး အိမ်ငှား နှစ်ဦး တွဲ နေရမယ့် အိမ် ကို မဒမ်အေးကျော် က တွေ့ခဲ့တယ် ။ ဈေး သင့်တယ် ၊ နေ မယ်ပေါ့ ။ စပေါ်ငွေ တောင် စတိသဘော ပေးခဲ့ပြီဆိုပဲ ။

“ မြေ နယ်ခြား ၊ လူ ကပြား ၊ အိမ် တန်းလျား ” ဆိုတာ လို ပေါင်းသင်း နေထိုင် ဆက်ဆံရ ခက်တဲ့ အခြေအနေ ကို တော့ ရောက် ကုန်ပြီပေါ့ ။ ဘာ တတ်နိုင်မှာတုံး ။ တရိပ်ရိပ် တက်နေတဲ့ အိမ်ငှားခ ကို မှ မတတ်နိုင်တော့ ။ သည်းခံလို့ သာ နေကြပေ ရော့ ။

  •••••   •••••   •••••

အပေါ်ထပ် တစ်ဖက်ခန်း က ဆရာဦးအေးကျော် တို့ အရင် နေ နှင့် တဲ့ မိသားစု က ဆရာတို့ လင်မယား နဲ့ ပြောင်းပြန် ပါ ။ အမျိုးသမီး က အသက် ငါးနှစ်ခန့် ကြီး ပြီး အမျိုးသားလေး က ငယ် နေပါတယ် ။ ကလေး အရေ အတွက် က သုံးယောက်စီ ပါပဲ ။ တိုင်း ထွက် လာတဲ့ အတိုင်း သူ့ဘက် ကိုယ့်ဘက် အကြီးကလေး နှစ်ယောက် က ယောက်ျားကလေး တွေ ။ သုံးတန်းသားလေး တွေ ။ အောက်ဘက် အငယ် တွေ က ပထမတန်း ။ ဒီ ကလေးတွေ ကျောင်း သွား နေရင် တစ်ဖက် စီ မှာ နို့ပြတ်စ အရွယ် ကလေး တစ်ယောက် စီ ကျန်ရစ် သေးတယ် ။

ဟား ... ဝီ ခေါ်အောင် ဆော့တဲ့ အရွယ်တွေ ပေါ့ဗျာ ။ မျောက်မူးလဲလေး တွေ ။

အပေါ်ထပ် မှာ ကျောင်း အားချိန် ကလေးတွေ ဆုံတာ နဲ့ အောက်ထပ် အိမ်ရှင် အဘွားကြီး က ပွဲကြမ်း တော့ တာပဲ ။ အိမ်ရှင် အသက်ကြီး တဲ့ မိန်းမ က ပွဲကြမ်း တာ ၊ အော်တာဟစ်တာ လောက်တော့ ဖြင့် ရှိပါစေဦး ။ အံ့သြ စရာ ဗျ ။ ဆယ့်ရှစ်နှစ် အရွယ် ကလေးမလေး က ကက်ကက်လန် အောင် ဆဲရေးတိုင်းထွာ နေလိုက်တာများ ဆရာဦးအေးကျော် အဲဒီလောက် အောက်တန်းကျ တဲ့ စက်ဆုပ် ရွံရှာဖွယ် ကောင်းတဲ့ စကား အဓိပ္ပာယ်မျိုး မတွေ့ ဖူးသေးပါဘူး ။

အပေါ်ထပ် ကို မီး ဖြတ် လား ဖြတ် ရဲ့ ။ အောက်ထပ် ကနေ ကြက်သွန်ဖြူညှော် နဲ့ တိုက် လား တိုက် ရဲ့ ။ ငရုပ်သီးကြော် နဲ့ တိုက် လား တိုက် ရဲ့ ။ အပေါ်ထပ် က ဆိုတာ ကလေးတွေ ဆွဲ ပြီး အကုန် ဆင်း ဆင်း ပြေးရတာရယ် ။

•••••   •••••   •••••

တစ်ဖက်ခန်း ချာတိတ် က ဆိုင်ကယ်ပွဲစား ။ သာမန် ပွဲစား တောင်မဟုတ်ဘူး ။ ဝယ်ရောင်း ပွဲစား ။ ဆိုင်ကယ်ဝပ်ရှော့ လည်း ဖွင့်ခဲ့ဖူးတယ် ။ ဆိုင်ကယ် အရောင်း အဝယ် လုပ်ငန်း အပေါ် ကျွမ်းကျင်ပြီ ပေါ့ ။ ချိုချိုချောင်ချောင် အောက်ဘီးလေးတွေ ကို ဗိုက်နာဈေး နဲ့ ဝယ် ။ ဆေးလေး ပြန် လုပ် ၊ ရုပ်ကလေး ပြန် ထုတ် ။ လက်ပူတိုက် မန်းမှုတ် အစွံထုတ်တဲ့ နေရာ မှာ သူ မတူအောင် စွမ်း သူ ပေါ့ဗျာ ။

ရံခါတော့ ဆိုင်ကယ် တွေ ကို မူဆယ် အ ထိ တက် ဆွဲ တာ ၊ မောင်း ယူခဲ့တာ တွေလ ည်း လုပ်တတ်ပါ သေး တယ် ။ အခြေအနေ အရပ်ရပ်ကို သုံးသပ်လို့ ပေါ့ ။ ပွဲစား ဆို ပြန် တော့ လည်း ဆိုင်ကယ် သန့်သန့်လေး တွေ အပြောင်း အလဲ နဲ့ စီး နေနိုင်တာပေါ့ ။ ဂျင်းဘောင်းဘီ ၊ တီရှပ် နဲ့ ရေဘင် နေကာမျက်မှန်လေး စွပ်လို့ ။

ဆိုင်ကယ် ဝယ်ရောင်းပွဲစား ဆိုတာတွေ ထဲ မှာ လည်း အမျိုးသမီးပွဲစားလေး တွေ ရှိကြပါ သေးတယ် ။ တချို့ မိန်းကလေး ငယ်ငယ်လေး တွေ ၊ ဂျင်းဘောင်းဘီလေး တွေ ၊ နေကာမျက်မှန်လေးတွေ နဲ့ လှိမ့် နေလိုက်ကြတာ ။ အင်းလေ ... သူတို့လေး တွေ မှာ လည်း လှိမ့်စရာ ဘီးကလေး တွေ နဲ့ ဟာကိုး ။

ကျွန်တော်တို့ ချာတိတ် က အဲဒီ ဘက် မှ ‘ ဇ ’ မသေးလှပေဘူး ။

“ အကုသိုလ် ဆိုတဲ့ သတ္တဝါ က ဘယ်တော့မှ တစ်ယောက် တည်း မလာဘူး ။ လမ်းမှာ တွေ့တဲ့ အပေါင်း အဖော် တွေ ခေါ်လာတတ်တယ် ” ဆိုတဲ့ တရုတ်စကားပုံ ရှိတယ် မဟုတ်လား ။ ချာတိတ် မှာ မူဆယ် က မောင်း သယ် လာတဲ့ ဆိုင်ကယ် အဖမ်းခံ ထိတာ ၊ အသိမ်း ခံရတာ တွေ ရှိ လာပြီ ။ ယခင် မြတ်ခဲ့တာလေးတွေ ကုန်ရုံ မက အိတ် ထဲ က ပါ ပါကုန်ပြီ ။

ဒီထက် ဆိုး တာ က အရောင်းအဝယ် မှားတာတွေ ပါ ။ ခိုးရာပါ ပစ္စည်း ကို တစ်ဆင့် ဝယ်ရောင်း လုပ်မိသွား လို့ အပေါက် ထဲ မရောက် အောင် ရှိသမျှ ကြဲ ပြီး ရုန်းထွက် ခဲ့ရတာ ချာတိတ် မရဲ့ ရှိစုမဲ့စု ရွှေတိုငွေစကလေး တွေ ပါ ကျွတ်ကရော့ ။

ဆိုင်ကယ် အရောင်းအဝယ် ၊ ကယ်ရီခေတ် ကုန် သွားတာ ။ အတိုင်အတော တွေ ခံထားရတာ ။ အကြွေး ရှင် တွေ ဝိုင်းအုံလာ တောင်း နေကြတာ တွေ က ဆရာဦး အေးကျော် အဖို့ တစ်အိမ်တည်း နေ နေရတော့ မမြင်ချင် ၊ မကြားချင် ခါ မှ အဆုံး ။ အကြွေးရှင် တွေ ကို ရှောင် ရင်း တိမ်း ရင်း ၊ ချာတိတ် အိမ် ကို ပြန် မအိပ်တော့တာ ကြာပါပြီ ။

အိမ်လခ တောင် မပေးနိုင် လို့ အိမ်ရှင်မိသားစု ပွဲကြမ်း နေတာ လည်း ကမ္ဘာပျက် နေပါပြီ ။ ကောင်မလေး မှာ မျက်ရည် နဲ့ မျက်ခွက် ။ အိမ်ရှေ့ ပူ အိမ်နောက် မချမ်းသာ ရှိလိုက်တာဗျာ ။

ကောင်လေး က မူဆယ် မှာ ဆိုင်ကယ်ဝပ်ရှော့ ဖွင့် နေ သလိုလို ၊ သတင်း သဲ့သဲ့ ကြားရလေရဲ့ ။ တစ်ယောက် တည်း တော့ မဟုတ်ဘူး ။ ကောင်မလေး တစ်ယောက် ရဲ့ အရင်းအနှီး နဲ့ ဆိုကိုး ။

ကောင်မလေး က တော့ ပစ္စည်းပစ္စယ တွေ သိမ်းဆည်းထုပ်ပိုး နေရရှာပါပြီ ။ ကလေး သုံးယောက် နဲ့ ကလေးမ ရယ် လေ ။ အိမ်ထောင်စု တစ်ခု ရွှေ့ရ ၊ ပြောင်း ရ ၊ သယ်ရ ၊ ပိုးရတဲ့ အလုပ် ဆိုတာ ယောက်ျားရင့်မကြီး တွေ တောင် လွယ်လှ ၊ သက်သာလှ တဲ့ အလုပ် တော့ ဖြင့် မဟုတ်ချေဘူး ။

အဲသလို စီစဉ် နေရင်း တဖြည်းဖြည်း ထုပ်ပိုး နေ ရင်း လက်ကျန် ဆန်လေး နှစ်ပြည် လောက် နဲ့ ဆီ လက်ကျန် ပုလင်းဝက်ခန့် ကို မဒမ်အေးကျော် တို့ မီးဖို ဘက် ပို့လာတယ် ။ မီးသွေးအိတ်ပိုင်း တစ်ဝက်ခန့် လည်း ပါ လေရဲ့ ။ သုံးစား လိုက်ကြပါ တဲ့ ။ အပန်း မကြီးရင် သား အမိ စားဖို့ ထမင်းလေး တစ်အိုး သာ တည်ပေးပါတဲ့ ။

အိုး ... ပန်းကန်ခွက်ယောက် တွေ က သေတ္တာ တွေ ဘာတွေ ထဲ ထည့်ပြီး ထုပ်ပိုးပြီး ဟာကိုး ။ မဒမ်အေးကျော် က လည်း ရတယ်ပေါ့ ။ အရေး မကြီးပါဘူး ။ ဒီ့ထက် တောင် ဝိုင်းကူညီရဦးမှာ ။ အိမ်ထောင်စု အသိုက် အမြုံလေး တစ်ခု ပြိုကွဲ ပျက်စီး သွားရှာတာ ဆိုတော့ မိန်းမ ချင်း ကိုယ်ချင်း စာ တာ က တစ်မျိုး ၊ ကလေး တွေ ကို သနား တာ က တစ်ကြောင်း နဲ့ ကြေကွဲစရာကြီး ပါ ။

  •••••   •••••   •••••

တစ်ဖက်ခန်း က မီးသွေးအိတ် ရ ပြီးတဲ့ နောက် တစ်နေ့ မှာ ဆရာဦးအေးကျော် မီးမွှေးမယ် အလုပ် မှာ အဲဒီ မီးသွေးအိတ် ထဲ က ရွှေဆွဲကြိုး တစ်ကုံး တွေ့ ရတာပဲ ။ ဆွဲ ပြားတံဆိပ်ကြီး လည်း ပါရဲ့ ။ ဆရာ့ ခမျာ ရွှေ အကြောင်း မသိရှာလေ တော့ အတိအကျ တော့ မခန့်မှန်းတတ်ပါ ဘူး ။ နှစ်ကျပ်သား ၊ သုံးကျပ်သား လောက် ရှိလေမလားပေါ့ ။

ဦးအေးကျော် သူ့ ဆရာမ ကို ရွှေဆွဲကြိုး ရတဲ့ အကြောင်း ပြောလိုက် ကတည်း က အိမ်အောက် က အရင် ကြားလိုက်တာပဲ ။ အိမ် ပြောင်းတော့မယ့် မီးသွေးအိတ်ရှင် ကလေးမ လည်း ကြား တာပါပဲ ။ နာရီ မဆိုင်း ဆိုတာ လို ဆရာ တို့ အခန်းဘက် ကူးလာပြီး ရွှေဆွဲကြိုး အသိမ်း လွန်ပြီး ရှာ မတွေ့ တာ ဖြစ်ကြောင်း ၊ မီးသွေး ကို လာ ပေးခြင်း ဖြစ်ပြီး မီးသွေးအိတ် ထဲ ပါ သွားတဲ့ ရွှေ ဆွဲကြိုး ကို မပေးကြောင်း တိုးတိုး ၊ တိုးတိုး နဲ့ ပြ န်လာ တောင်း နေပါတယ် ။

အောက်ထပ် က အိမ်ရှင် သားအမိ က လည်း “ သူ တို့ ပစ္စည်း သာ ဖြစ်ကြောင်း ၊ ပျောက်ဆုံး နေတာ ကို သတိ မထားမိကြောင်း ၊ အပေါ်ထပ် က မိန်းမ မှာ ဒီလို ရွှေဆွဲ ကြိုး ဆွဲတာ ကို တစ်ခါမျှ မမြင်ဖူးကြောင်း ၊ အိမ် အပေါ် ထပ် ကို ဘယ်ပုံ ရောက်သွားသည် မသိကြောင်း ၊ သူတို့ အိမ်အတွင်း ဖြစ်သဖြင့် သူတို့ ပစ္စည်း သာ ဖြစ်ရမည် ဖြစ်ကြောင်း ” တစ်သက်လုံး အာပြဲ တဲ့ သားအမိ က တိုးတိုး ၊ တိုးတိုး နဲ့ တောင်းဆို လာကြပြန်တယ် ။

ဆရာ က ပြန် ပေးမည် ။ ပစ္စည်းပိုင်ရှင် က အထောက် အထား ။ အလေးချိန် မှန်အောင် ပြောဆို နိုင်သူ ထံ ပြန် အပ်မည် ဆိုတော့ အိမ်ရှင်မိန်းမ က နှစ်ကျပ်ခွဲသား ၊ သမီး က သုံးကျပ်သား လို့ တစ်ပြိုင်တည်း ထွက်လေရဲ့ ။ မီးသွေး အိတ်ကြီး ပေး မိတာ မှားလိုက်လေခြင်း လို့ ဟီးချ လို့ နေ တဲ့ အပူသည် မက တော့ နှစ်ကျပ်သား တဲ့ ခင်ဗျ ။ ဆရာဦးအေးကျော် ကျောင်းဆ ရာဘဝ ကနေ တရားသူကြီး လုံးလုံး ဖြစ်ကရော့ ။ လည်ရွဲတရား စီရင်ခန်း တော့ မဟုတ်ချေဘူး ။ ‘ ရွှေဆွဲကြိုး တရားစီရင်ခန်း ’ ။

  •••••   •••••   •••••

ဒါမျိုး သတင်း က လည်း ပြန့် လွယ် လိုက်တာ ။

ညနေပိုင်း ရောက်တော့ ရပ်ကွက် ထဲ က ရာအိမ်မှူး နဲ့ ပုဆိုးအစိမ်းအဖြူဖောက် ၊ အင်္ကျီအဖြူဝတ် နဲ့ ၊ လူစိမ်း နှစ်ယောက် သူတို့ ကိုယ် သူတို့ မိတ်ဆက်ရင်း ဆရာ့ အိမ် ပေါ် တက် လာကြပါတယ် ။ လူစိမ်း က လူမှုရေးဆိုက် က လို့ ဆိုပါတယ် ။ ပိုင်စိုးပိုင်နင်း နဲ့ အတော့် ကို စိတ်ပျက်စရာ ကောင်းတဲ့ လူတွေ ။ နှစ်ယောက်လုံး ရဲ့ ခါး မှာ စကားပြောဖော် တွေ ချိတ်လို့ ။

လာရင်း ကတော့ ရွှေဆွဲကြိုး ကိစ္စ ပါပဲ ။ ပြေလည် အောင် ညှိနှိုင်းဆုံးဖြတ်ကြဖို့ ၊ ရုံးပြင်ကနား မရောက်ဘဲ ပြီးငြိမ်းကြ ဖို့ ပြောကြ ဟောကြ တာပါ ။ လူမှုရေးဆိုက် က ဆိုတဲ့ လူ က စကား ကို ဦးဆောင်ပြီး တန်ဖိုး ကို သုံးဦးသုံးဖက် အညီအမျှ ခွဲဝေ ယူကြဖို့ ဆုံးဖြတ် ပေးနေပါတယ် ။

ဆရာဦးအေးကျော် က “ သုံးဦး ဆိုတာ မှာ တော့ မှန်ပါတယ် ။ ဒါပေမဲ့ ခွဲဝေ ယူရမယ့် သူ ထဲ မှာ သူ မပါဘူး ။ သူ က အမှန်ကန်ဆုံး နည်းလမ်း ကို ရှာဖွေပြီး ပစ္စည်းရှင် အစစ် ကို ပေးအပ်ရမယ့် သူ ။ တောင်းခံမယ့် ပစ္စည်းရှင် နောက် တစ်ယောက် လာပါလိမ့်ဦးမယ် ” လို့ စကား ကို လှမ်း ပုတ် လိုက်တယ် ။ မျက်လုံး တွေ က ဘယ်သူလဲ ၊ ဘယ်က လူ လဲ ဆိုတဲ့ အကြည့် တွေ နဲ့ ဝိုင်းကြည့်နေကြတယ် ။

“ ဘယ်သူရမတုန်း ။ မီးသွေးသည် ပေါ့ ။ မီးသွေး အိတ် လိုက်ပို့ နေကျ လူပေါ့ ။ ကျွန်မတို့ ပျောက်ဆုံး သွား တဲ့ ရွှေ က မီးသွေးအိတ် ထဲ ပါသွား ပါတယ် ဆို လာ မတောင်းနိုင်ပေးဘူးလား ” လို့ ပြော လိုက်ရော အိမ်ရှင် မိန်းမ ဆိုတာ ဖျပ်ဖျပ် ကို လူး ကရော ။

“ အို ... အို ... မဖြစ်နိုင်တာ ၊ မဆိုင်ပါဘူးရှင် ။ ရှုပ်ရှုပ်ရှက်ရှက် တွေ ။ ကဲပါရှင် လူကြီးစုံရာ မှာ မြန်မြန်သာ ဖြတ် ပေးကြပါ ။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်မ လက်ခံပါတယ် ” တွေ ဘာတွေ ဖြစ် ကုန်တာပေါ့ ။ လက်စသတ် တော့ ဒီ ပုဂ္ဂိုလ် ဒင်း ပင့်ဖိတ်ထား ထင်ပါရဲ့ ။ ရွှေ တံဆိပ်ကြီး ပါတဲ့ မီးသွေးအိတ် သူ တစ်ပါးပေးမိလျက် သား နေ မိလို့ ကြိတ်မနိုင် ၊ ခဲမရ ဒေါသတွေ တလိပ်လိပ် ထ နေတဲ့ မဟဝှာ အပူသည်မ က လည်း “ လူကြီးတွေ ဆုံးဖြတ်တာ ကို ကျေနပ်ပါ့မယ် ” ဆို ကိုး ။

ဒီတော့မှ ဖြင့် ဆရာဦးအေးကျော် ဘာ ဆက် ပြောစရာ လိုတော့ မတုံး ။

“ ဆရာမ ရေ အဲဒီ ရွှေတံဆိပ်ကြီး ယူခဲ့ပါကွယ် ” ဆိုတော့ မဒမ်အေးကျော် မျက်စိမျက်နှာ တွေ ပျက်လို့ ။

“ ဟို .. အဲဒါကြီးတွေ က ရှာ လို့ မတွေ့တော့ဘူး ။ မနက် က တော့ သမီးလေး ဆွဲကြည့် နေသေးတယ် ။ ကျောင်း ကို များ ဆွဲသွား သလား မသိဘူး ” လို့ ပြော လိုက်ရော အလို ဒေါသူပုန် ထ တဲ့ မျက်လုံးတွေ နဲ့ ။

“ ဟာ ... ဒီလောက် တန်ဖိုး ရှိတဲ့ ပစ္စည်း ကို ကလေးဆွဲ ပေးရသလား ။ ဘာပဲ ဖြစ်ဖြစ် ပျောက်ဆုံး သွား ရင်တော့ ဆရာ့ အပေါ်မှာ လုံးဝ တာဝန်ရှိတယ် ” တွေ ၊ ဘာ တွေ ပြောလိုက်ကြတာ ဧည့်ခန်းကျဉ်းကျဉ်းလေး ထဲ မှာ ဆူပွက် ကို သွားတာပဲ ။ လက် က နာရီ တွေ တကြည့်ကြည့် ။ နံရံ ပေါ် က နာရီ ကို ကြည့် သူ က ကြည့် နဲ့ ။ မရိုးမရွ တွေ ဖြစ်ကုန်ကြတာပေါ့ ။ ကျောင်းဆင်းချိန် လည်း ရောက်ပါ ပြီ ။ ဆိုင်ကယ်ဟွန်းသံ တွေ ၊ စက်ဘီးဘဲလ်သံ တွေ လမ်း ပေါ် မှာ အဖြူအစိမ်းလေးတွေ ပြန့်ကျဲ လို့ နေပါပြီ ။ ကလေးအသံ စာစာလေး တွေ ကို လည်း ချစ်စဖွယ် ကြား နေရပါပြီ ။

ကလေး တွေ ကို ကျောင်းကြိုပို့ လုပ်ပေး နေတဲ့ ဆိုင်ကယ် အိမ်ရှေ့ ရောက်လာပါပြီ ။ သွက်လက်ချက်ချာ တဲ့ သမီးလေး က ရှေ့ က ဦးဆောင်ပြီး အိမ် ပေါ် သို့ အပြေး တက် လာပါတယ် ။ ဧည့်ခန်း ထဲ က လူအုပ်ကြီး ကို မမျှော် လင့်ဘဲ တွေ့ လိုက်ရတော့ သမီးကလေး တွန့်ခနဲ ရပ် သွား ရှာတယ် ။ မျက်လုံးတွေ အားလုံး က တော့ သူငယ်တန်း ကျောင်းသူ သမီးလေး ရဲ့ လည်ပင်း ပေါ် စုပုံကျ ရောက်လို့ နေတော့တယ် ။ မိခင် မဒမ်အေးကျော် က “ သမီး မနက် က ရွှေဆွဲကြိုးကြီး ... ” လို့ စကား တောင် မဆုံး လိုက်ရပါဘူး ။ သမီးငယ် က ချက်ကျလက်ကျ ပြန် အော် တော့တာပဲ ။

“ ဘာ ရွှေဆွဲကြိုးကြီး လဲ ။ သမီး လည်ပင်း မှာ ယားယံပြီး အဖုအပိန့်တွေ ထ လို့ ဆရာမ က တောင် ဆေး လိမ်း ပေးရတယ် ။ အဲဒါကြီး ကို ဆရာမ က ကျောင်း အမှိုက် တောင်း ထဲ လွှင့်ပစ်လိုက်ပြီ ”

တစ်အိမ်လုံး မီး ကို ရေ နဲ့ ငြိမ်းလိုက် သလို ငြိမ်ကျ သွား တာပဲ ။ အသက်ရှူသံ တွေ ၊ သက်ပြင်းချသံ တွေ တောင် ကြားလိုက်ရ ထင်ပါရဲ့ ။

◾ကျော်မိုးမြင့်

📖 ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း
      ဇူလိုင်လ ၊ ၂၀၁၅

Wednesday, November 13, 2024

ရယ်စရာများ နှင့် အလွမ်း


 ရယ်စရာများ နှင့် အလွမ်း

    ( မင်းခိုက်စိုးစန် )


ဘေဘီလုံနတ်ဘုရားများအကြောင်း ဖွဲ့ဆိုထားသည့် ကျမ်းတစ် စောင်ထဲတွင် အစ် ( ရှ် ) တာ ( Ishter)  အမည်ရှိ နတ်သမီးနှင့် သေမင်း တို့သည် ချစ်သူများဖြစ်သွားကြပြီး တစ်ဦးနှင့်တစ်ဦး ပေါင်းစည်းကာ နတ်တစ်ပါးတည်း ဖြစ်သွားကြသည်ဟု ဖတ်ခဲ့ရဖူး၏ ။


oooooooooo


( ၁ )


ကျွန်တော် နှင့် ကောင်မလေးတို့ ပေါင်းစည်းကာ တစ်ဦးတည်း ဖြစ် သွားကြဖို့ ကောင်းလွန်းနေသည့်တိုင် ကျွန်တော်တို့ နှစ်ယောက်အကြား တွင် သော့ခတ်ထားသည့် တံခါးတစ်ချပ် ကန့်လန့်ခံနေသည့်အကြောင်း သင့်ကို ရယ်မောစရာအဖြစ် ပြောပြချင်ပါသေးသည် ။


အဆိုးရွားဆုံးဟာသတစ်ခုမှာ ထိုတံခါးဖွင့်ဖို့ သော့ တံကို ကျွန်တော် တို့နှစ်ဦးစလုံးက လွန်ခဲ့သည့်ဆယ်နှစ်က ကုတ်အင်္ကျီအဟောင်းတစ် ထည်ထဲတွင် မေ့လျော့ထားရစ်ခဲ့ ကြခြင်းဖြစ်ပါသည် ။


oooooooooo


ယောက်ျားတစ်ယောက် နှင့် မိန်းမတစ်ယောက် ပေါင်းစည်းဖြစ်ကြဖို့ ကိစ္စမှာ ဘာတွေလိုအပ်သလဲဟု ကျွန်တော့် မိတ်ဆွေတစ်ယောက်ကို မေးကြည့်ခဲ့ဖူးပါသည် ။ ထို မိတ်ဆွေ က ..


“ ငါကတော့ ငါနဲ့ အကျင့်စရိုက်ဝါသနာချင်းတူတဲ့ မိန်းမမျိုးကိုပဲရှာ ပြီး လက်ထပ်ချင်တယ်ကွာ ” 


ဟု ဖြေ၏ ။


ကျွန်တော် သိသလောက် ထိုမိတ်ဆွေ၏ ထူးခြားသော အကျင့်စရိုက် မှာ ချိုင်းမွေးမရိတ်ခြင်းပင် ဖြစ်ပါသည် ။ သူ ပြောပုံအရ ဆိုလျှင် သူ့လို ချိုင်းမွေးရိတ်လေ့ မရှိသည့် မိန်းမတစ်ယောက်ကိုများ ရှာယူနေမည်လား မသိပါ ။


ကျွန်တော့်ဘာသာ ကျွန်တော်တွေးရင်း တစ်ယောက်တည်း ကျိတ် ပြုံးနေမိသည် ။ မိတ်ဆွေကိုတော့ ဘာမှပြော မပြဖြစ်ပါ ။ ပြောပြလျှင် လည်း ကျွန်တော့် ဟာသကို သူ ရယ်မောရကောင်းမှန်း သိလိမ့်မည် မဟုတ်ကြောင်း သေချာလွန်းနေသောကြောင့် ဖြစ်၏ ။


ဟာသတစ်ခုကို ပြောသူနှင့် ထိုဟာသကို နားထောင်ပြီး ရယ်မော ပေးရမည့် သူတို့နှစ်ဦးကြားတွင် သက်တံဆန်ဆန် နားလည်မှုတစ်မျိုး ရှိ နှင့်ထားရန် လိုအပ်သည်ဟု ကျွန်တော် ထင်ပါသည် ။ မမြင်နိုင်သော ရေမှုန်ရေစက်ကလေးတွေထဲရှိ ဝိညာဉ်အချင်းချင်း လက်ဆင့်ကမ်း သွယ်တန်းမိကြရာမှ အလင်းကြိုးမျှင်တစ်မျှင် ဖြစ်ပေါ်လာသလိုမျိုး ဟာသပြောသူနှင့် ထိုဟာသကို နားထောင်ရယ်မောမည့်သူတို့၏ နှလုံးသားနှစ်ခု ကြားတွင် နက်ရှိုင်းလှပသော ဆက်သွယ်ချက်တစ်စုံ တစ်ရာရှိမှသာ ထိုဟာသ၏ပြီးပြည့်စုံမှုကို ရရှိနိုင်သည်ဟု ဆိုလိုခြင်း ဖြစ်ပါသည် ။


ကျွန်တော့်မိတ်ဆွေ၏ နှလုံးသားမှာ ဟာသများကို ဖမ်းချည်ရယ်မော နိုင်ဖို့ ဝိညာဉ်အလင်းကြိုးမျှင်ကလေး ပါမလာရှာပါ ။


ထိုငတိသည် ခွေးသူခိုးတစ်ကောင်သာလျှင် ဖြစ်ပါသည် ။


oooooooooo


လောကတွင် ...


ကျွန်တော် ပြောလေ့ရှိသည့် ဟာသများကို ကောင်းစွာ ရယ်မောတတ် သူဟူ၍ “ ကောင်မလေး ”  တစ်ဦးတည်းသာ ရှိသည်ဟု ကျွန်တော် အောက်မေ့မိ၏ ။ ထို့အတူ ကောင်မလေး ပြောတတ်သော ရယ်စရာ အတွေးစများကို ပြီးပြည့်စုံစွာ နားလည်ခံစားတတ်သူမှာလည်း “ ကျွန်တော် ”  တစ်ယောက် တည်းသာ ရှိပါသည် ။


သည်လောက်ဆိုလျှင် ကျွန်တော်တို့နှစ်ဦး၏ နှလုံးသားတွေအကြား မှာ လင်းလက်တောက်ပနေသော သက်တံတစ်ခုရှိမှန်း သင်ရိပ်မိ လောက်ပြီထင်သည် ။


ooooooooooo


( ၂ )


ဆိုကြပါစို့ ...


ဟာသကို သဘာဝလွန်ဟာသ ၊ သဘာဝကျသော ဘောင်အတွင်းမှ လွဲချော်မှုများကို ဖော်ပြသည့်ဟာသနှင့် သဘာဝကို နက်နက်ရှိုင်းရှိုင်း စေ့စေ့စပ်စပ်တူးဖော်ရာမှ ဟန်ဆောင်ဖုံးကွယ်ထားသည့် လူ့စရိုက်လူ့ သဘာဝကို မျက်နှာဖုံး ချွတ်ပြသလို ဖြစ်သွားသည့် ဟာသဟု သုံးမျိုးသုံး စားခွဲခြား၍ ရမည်ထင်ပါသည် ။ ( ကျွန်တော့်ခွဲခြမ်းစိတ်ဖြာပုံသည် ပညာရှင်တို့ ဖွင့်ဆိုပိုင်းခြားပြသည့် ဟာသအမျိုးအစား သတ်မှတ်ချက် များနှင့်တော့ ကိုက်ညီလိမ့်မည်မဟုတ်ပါ )


သဘာဝကို နက်နက်ရှိုင်းရှိုင်းတူးဆွပြီး လူ့စရိုက်ကို မျက်နှာဖုံးချွတ် ပြသည့် ဟာသမျိုးသည် ဂျော့ဘားနဒ်ရှောလို ပါရမီရှင်များထံမှ ထွက် ပေါ်လာတတ်ပုံရပါသည် ။


လူကုံထံအသိုင်းအဝိုင်းက ကျင်းပသည့် ပါတီပွဲတစ်ခုတွင် ဂျော့ဘား နဒ်ရှော က ငွေကြေးချမ်းသာပုံရသော ပညာတတ်အမျိုးသမီးတစ်ဦးကို မေး၏ ။


“ ငွေတစ်သိန်း ရမယ် ဆိုရင် ကိုယ် မချစ်တဲ့ ယောက်ျား တစ်ယောက်နဲ့ အတူ အိပ်နိုင်ပါ့မလား ” 


“ အိပ်မှာပေါ့ရှင် ” 


“ ကိုင်းဗျာ ... ခင်ဗျားကို ကျွန်တော် တစ်ကျပ် ပေးမယ် ၊ ဘယ့်နှယ်လဲ ၊ ကျွန်တော်နဲ့ ကော အိပ်နိုင်မလား ” 


“ ဘာရှင့် ကျွန်မ ကို ဘယ်လို မိန်းမ အတန်းအစားထဲကများ အောက်မေ့နေသလဲ ” 


ဂျော့ဘားနဒ်ရှော က ပြန်ပြောလိုက်သည် ။


“ ခင်ဗျား ဘယ်လို မိန်းမအတန်းအစား ဆိုတာ ကျွန်တော် သိပါတယ် ၊ စိတ်မရှိပါနဲ့ ၊ ကျွန်တော် က ခင်ဗျားရဲ့ အနိမ့်ဆုံးဈေးနှုန်း ကို သိချင်လို့ မေးတာပါ ”  


oooooooooo


သဘာဝလွန် ဟာသများကမူ တစ်စုံတစ်ရာကို သရော် ဖို့ ၊ ကလိ ဖို့ တမင်ဇာတ်လမ်းဆင်ထားသည့် လုပ်ဇာတ်များသာ ဖြစ်ကြ၏ ။ ယုတ္တိ မရှိမှန်း အားလုံးက သိကြသည် ။ သို့သော် နားထောင်သူတို့ မျှော်လင့်ထား ကြသည်က ယုတ္တိ မဟုတ်ပါ ။ ဇာတ်လမ်း ၏ ဘယ်လိုနေရာ ဘယ်လို အချိန်မျိုးအရောက်မှာ မိမိရရ ' တွယ် ' လိုက်လေမလဲဟူသည့် စောင့်စား စိတ်ဖြင့် ရယ်မောရန် အသင့်ပြင်ထားကြသည် ။ အဲသည်လို အကွက်မိမိ သရော်နိုင်ဖို့  ၊ ( ထို ယုတ္တိမရှိသည့် ) ဇာတ်လမ်းကို ဖန်တီးဆင်ယူနိုင်သော စွမ်းရည် ကိုပင် ချီးကျူးကြသေးသည် ။


ဆိုဗီယက်ပြည်ထောင်စု ကွန်မြူနစ်ခေတ်တွင် ပါတီ ခေါင်းဆောင် များ ၊ အခွင့်ထူးစည်းစိမ်ခံစားကြပုံကို သရော်ထားသည့် ဟာသတစ်ပုဒ် အကြောင်း သင် နားထောင်မည် ဆိုလျှင် ပြောပြချင်ပါသေးသည် ။


ပါတီကွန်ဂရက်သို့ တက်ရောက်လာသော ကိုယ်စားလှယ်များ ကို သဘာပတိအဖွဲ့က အုပ်စုနှစ်ခု ခွဲခိုင်းသည် ။ အရင်းရှင်စနစ် ကို ကြိုက် သူများ က တစ်ဖက် ၊ ကွန်မြူနစ်စနစ် ကို ကြိုက်သူများက တစ်ဖက် ဖြစ်၏ ။


ကိုယ်စားလှယ် တစ်ယောက်က ဘယ်အုပ်စုဘက်ကိုမှ ပါမသွားဘဲ အလယ်တွင် ယောင်တောင်တောင်လုပ်နေ၏ ။


ပြီးနောက် ... 


ထိုသူ က ...


“ ကျွန်တော် ကွန်မြူနစ်စနစ် ကို ကြိုက်ပါတယ် ဒါပေမယ့် ကျွန်တော်ကိုယ်တိုင်ကတော့ အရင်းရှင်စနစ်မှာ လို ဇိမ်ကျကျ နေချင် တယ် ၊ ဘယ်ဘက်ကို သွားရမလဲ ” 

 

သဘာပတိအဖွဲ့ က ....


“ အဲဒါဆိုရင် ကျွန်တော်တို့ သဘာပတိအဖွဲ့ မှာ လာထိုင်ပါ ” 


oooooooooo


သဘာဝနယ်ပယ်အတွင်း မှ ဟာသများမှာမူ ခပ်ရိုးရိုးပင် ဖြစ်လေ့ရှိ ကြပြီး မျှော်လင့်မထားသော အဆုံးသ,တ် တစ်ခုခု ၊ လွဲချော်မှု တစ်ခုခု ဖြင့် အဆုံးသ,တ်တတ်ကြပါသည် ။


များသောအားဖြင့် အဲသည်လို ရယ်စရာကောင်း လောက်အောင် လွဲချော်တတ်သူများအဖြစ် စိတ်ဝေဒနာရှင်များ ၊ လူနုံလူအများနှင့် ကလေးငယ်များကို ဇာတ်ကောင်ထား ဖန်တီးတတ်သည့်အကြောင်း သင်တို့လည်း သတိထားမိကြလိမ့်မည်ထင်သည် ။


ဥပမာ ပြောရလျှင် ...


ဖဲဝိုင်းတွင် ဖဲရိုက် နေသော ကျောင်းသားတစ်ယောက် ကို ဆရာ က ဆွဲခေါ်လာပြီး ရိုက်နှက်ဆုံးမ၏ ။


နောက် ဆရာ က မေးလိုက်သည် ။


“ မင်းကို ငါ ဘာဖြစ်လို့ အပြစ်ပေးရသလဲ သိလား ” 


“ ဟုတ်ကဲ့ ... သိပါတယ် .. ဆရာ ၊ ဒိုင်းမွန်းတစ် ကို ပစ်ရမယ့် အစား ကု,လားဖဲချပ် ကို ပစ်လိုက်မိလို့ပါ ” 


ooooooooo


( ၃ )


ဟာသများထဲတွင် ပါးစပ်ဖြင့် ပြောပြ၍ မရသော တစ်စုံတစ်ရာ ကို ရယ်မောရသည့် ဟာသသည် တစိမ့်စိမ့် တွေးဖို့ အရသာ အရှိဆုံးဖြစ်သည် ဟု ကျွန်တော် ထင်၏ ။ အဲသည်လို ဟာမျိုးကို လူအများကြီး ခံစား၍ မရ နိုင်ပါ ။ နှလုံးသားချင်း ချုပ်နှောင်ဆက်နွယ်ထားပြီးသား လူနှစ်ယောက် သုံးယောက်အကြား မှာ သာ တည်ရှိနိုင်ပါသည် ။


ကျွန်တော် နှင့် ကောင်မလေးတို့ ကြားမှာ နှစ်ယောက်တည်း ကြားနိုင် သော ရယ်သံတိုးတိုးကလေးတွေ ရှိခဲ့ဖူးပါသည် ။


ကျွန်တော်နှင့် မိတ်ဆွေ ဆယ့်လေးငါးယောက် ( စောစောက ပြောခဲ့သ ည့် မရယ်မောတတ်သော မိတ်ဆွေ လည်း ပါသည် ။ ကောင်မလေး ကို လည်း ' မိတ်ဆွေ' စာရင်းထဲတွင် ထည့်ရပါလိမ့်မည် ) တို့သည် နှင်းမှုန် တွေ ပျပျဆိုင်းသော အဝေးတောင်တန်းကြီးတွေ ဆီ ခရီးထွက်ခဲ့ကြဖူး ပါသည် ။


မြောက်ပြန်လေ ထဲတွင် အပြာရောင်အိပ်မက်တွေ ဝေ့ဝဲ လွင့်ပျံ လာ၏ ။ နူးညံ့အေးစက်သည့် ရနံ့တစ်ခုဖြင့် တိမ်မျှင်ခိုး ငွေ့ငွေ့ တွေ မှုန် မှိုင်းရီဝေနေကြသည် ။ ဆောင်းဥတုသည် တောင်တန်းတွေနှင့် ပါးချင်း ကပ်မှီနေလေသည် ။


တောင်တက်လမ်းတလျှောက်မှာ ကျွန်တော်နှင့် သူမ နှစ်ယောက် တည်း စကားတွေ တတွတ်တွတ် ပြောဖြစ်ကြသည် ။ မောလျှင် ကျောက် တုံးကြီးတွေပေါ်မှာ နှစ်ယောက်သား အတူ ထိုင်ကာ နားကြသည် ။ အတက်ရခက်သော လမ်းကျဉ်းများ ၊ မတ်စောက်သော အချိုးအကွေ့များ ရောက်လျှင် သူ့ကို ကျွန်တော် လက်တွဲဖေးမှီခေါ်ငင်ခဲ့ရပါသည် ။ တောင်ထိပ်သို့ရောက်သောအခါ ကျွန်တော်တို့ နှစ်ယောက်၏ ရယ်သံ များသည် သစ်ရွက်စိမ်းစိမ်းကလေးများ နောက်တွင် ပုန်းခိုလျက် ကျန်ရစ်ခဲ့ကြပြီဖြစ်၏ ။

သူက တောင်ထိပ်ကမူအစွန်းတွင် ရပ်လျက် မိုးကုတ်စက်ဝိုင်းဆီ လှမ်းမျှော်ကြည့်လိုက်ရင်း ..


“ အရုဏ်တက် နေထွက်လာတာကို ဒီနေရာ က နေပြီး စောင့်ကြည့်ခွင့် ရရင် ကောင်းမှာပဲ ၊ သိပ်လှတဲ့ ရှုခင်း ဖြစ်မှာပဲလို့ ကျွန်မ စိတ်ထဲက ထင် နေတယ် ” 

 

အံ့ဩစရာ ကောင်းလောက်အောင်ပင် သူ နှင့် ကျွန်တော် အတွေးချင်း တူနေလေသည် ။ ကျွန်တော် က ...


“ ဟုတ်တယ် ၊ မနက်ဖြန်မနက် အရုဏ်တက်တဲ့အချိန် ကိုယ်တို့နှစ် ယောက် ဒီနေရာက စောင့်ပြီး နေထွက်လာတာ ကို ကြည့်ရရင် ကောင်း မယ်ကွ ” 


သူက ကျွန်တော့် ကို တစ်ချက် လှမ်းကြည့်သည် ။ နောက် ရေအိုင် မျက်နှာပြင်ပေါ် လရောင်ကျကာ လက်နေသည့် အလင်းကွက်ကလေး တစ်ကွက်လို ပြုံးလိုက်၏ ။ ပြီးတော့ သူ ခေါင်းညိတ် ပြပါသည် ။


ooooooooooo


တည်းခိုခန်းသို့ သူများတွေ ထက် နောက်ကျပြီးမှ ကျွန်တော်တို့ ရောက်သွားကြသည် ။ ကျွန်တော့် မိတ်ဆွေများ က ယောက်ျားလေးများ အတွက် အခန်းတစ်ခန်း နှင့် မိန်းကလေး များအတွက် အခန်းတို့ ကို ကပ်လျက် ရအောင် ငှားထားနိုင်သောကြောင့် အဆင်ပြေသွား၏ ။


ကျွန်တော်က သည်ဘက်အခန်းနံရံ နှင့် ကပ်လျက် လက်ယာဘက် အစွန်ဆုံးနေရာကို ယူလိုက်ပါသည် ။ ကောင်မလေး က တစ်ဖက်မှာ နံရံ နှင့် ကပ်လျက် လက်ဝဲဘက်အစွန်ဆုံး နေရာကို ယူထားသောကြောင့် ဖြစ်၏ ။ ကျွန်တော်တို့ နှစ်ယောက် ကြားတွင် သစ်သားနံရံပါးပါးကလေး တစ်ချပ်သာ ခြားနေသည့် အကြောင်း တွေးမိပြီး ညဉ့်နက်သည်အထိ အိပ်မပျော် ။ အလွန်ကြောင်စီစီနိုင်လှသော စိတ်ကယောင် ချောက်ချား ဖြစ်မှုတစ်ခုမှန်း နောက်မှ ကိုယ့်ဘာသာကိုယ်တွေးပြီး ရှက်သလိုလို အောက်မေ့မိ၏ ။


' ယောက်ျားတစ်ယောက် ၏ အလွမ်း ' ဆိုသည်မှာ ရေခိုးရေငွေ့များနှင့် တူပါသည် ။ အပူကြောင့် လွင့်ပျံ့ပြန့်ကျဲနေခိုက်တွင် ပေါ့ပေါ့းလွန်းလှသည့်တိုင် အအေးဖြင့် ငွေ့ရည် ဖွဲ့ကာ မိုးရွာချလိုက်သည့် အခါ ပင်လယ် တစ်ခု ဖြစ်သွားတတ်ပါသည် ။


ပြတင်းပေါက် အပြင်အ၀တွင် တောင်ပေါ်ဆောင်းည သည် အေးစက်တိတ်ဆိတ်နေ၏ ။


ooooooooo


( ၄ )


ကျွန်တော် ဖျတ်ခနဲလန့်နိုးလာသောအခါ နံနက်လေး နာရီ ထိုးရန် ဆယ့်ငါးမိနစ်ခန့်သာ လိုတော့သည် ။ တစ်ဖက်ခန်းမှ ကောင်မလေး နိုး အောင် နံရံကို လက်ဖြင့် တဒေါက်ဒေါက် ခေါက်ရင်း ကျွန်တော် အိပ်ရာ ထဲမှ လူးလဲထလိုက်သည် ။


နံရံ၏ အခြား တစ်ဖက်မှ ကောင်မလေး၏ လူးလွန့်သံ ၊ ညည်းညူ သမ်းဝေသံတို့ကို ခပ်တိုးတိုးကြားရသည် ။ တော်တော် အပျင်းကြီးတဲ့ ကောင်မလေး ဟု ကျွန်တော် တွေးမိသေး၏ ။ ကျွန်တော် ကမန်းကတန်း မျက်နှာသစ်ပြီး အဝတ်အစား လဲသည် ။ အခန်းတံခါး ကို ဖွင့်ထွက်မည်ပြု ပြီးမှ အပြင်မှာ အတော်အေးနေမှာပဲဟု တွေးမိကာ ပြန်ဝင်ပြီး ကုတ်အင်္ကျီ တစ်ထည် ထပ်ဝတ်သည် ။ အခန်း ထဲမှာ ကျွန်တော့် သူငယ်ချင်းများ က အိပ်မောကျနေဆဲ ။


တည်းခိုခန်းစင်္ကြံ ရှည်မျောမျော တလျှောက် ကျွန်တော် ဖြည်းဖြည်း ပင် လျှောက်လာခဲ့သည် ။ ကျွန်တော့် နောက်မှ ခြေသံဖွဖွ တိုးတိုးကလေး တစ်စုံ ကပ်ပါလာသည်ကိုကြားရ၏ ။


လာပါ ...ကောင်မလေးရေ ။


အရုဏ်ကို ကြိုဆိုဖို့ တို့နှစ်ယောက် အတူတူ သွားကြရအောင် ။


oooooooooo


တောင်ကမူလေး ပေါ်တွင် လေက တဝှီးဝှီး တိုက်နေသည် ။ ပတ်ဝန်းကျင်တစ်ခုလုံး မှောင်မိုက်နေဆဲပင်ရှိသေး၏ ။ အနက်ရောင် တောက်ပသော ဆောင်းဥတုအရုဏ်ဦးထဲမှာ ကျွန်တော်နှင့်သူ တိတ်ဆိတ်စွာ ထိုင်နေဖြစ်ကြလေသည် ။ ရင်ထဲမှာ နှင်းစက်တွေ ဥနေ၏ ။


“ သိပ်ချမ်းနေလား ” 

 

ကျွန်တော် က မေးလိုက်သည် ။ ကောင်မလေးက ခေါင်းညိတ်ပြ၏ ။ 


ကျွန်တော်ယူလာသော ကုတ်အင်္ကျီကို ချွတ်ပြီး သူ့ကို ခြုံပေးလိုက် သည် ။ တည်ငြိမ်သောရေပြင်ပေါ် လက်သွားသည့် လရောင်အလင်း ကွက်ကို တစ်ကြိမ် ထပ်၍မြင်ရပြန်လေသည် ။


နောက်တော့ သူက ဆောင်းဝတ်ရည်များဖြင့် သိပ်သည်းနေသည့် ကောင်းကင်ကြီးကို မော့ကြည့်ရင်း အိုင်းစတိုင်း ၏ စကြဝဠာသီဝရီ နှင့် ဟိုက်ဇင်းဘတ် ၏ မရေရာခြင်းနိယာမ အကြောင်း ပြောပြသည် ။


ဘဝ ဆိုသည်မှာ တကယ်ပင် မရေရာမှု တစ်ခုဖြစ်၏ ။ အဲသည် နေ့က မြူတွေ ထူထပ်အုံ့ဆိုင်းနေခြင်းကြောင့် မနက် ခြောက်နာရီ ထိုးသည် အထိ နေထွက်လာသည်ကို မမြင်ရပါ ။


ကျွန်တော်တို့ နှစ်ယောက် ကိုယ့်ကိုယ်ကို ရယ်မောမိကြရင်း တောင်ကုန်းကလေးပေါ်မှ ပြန်ဆင်းလာခဲ့ကြသည် ။ မျှော်လင့်ချက် ဆိုသည်မှာ တစ်ခါတရံ ဟာသတစ်ခု ဖြစ်သွား တတ်ပါသည် ။


ooooooooo


အဲသည်နေ့ ညနေထမင်းဝိုင်းတွင် ကျွန်တော့် မိတ်ဆွေ မရယ်မော တတ်သော ငတိ က မေးသည် ။


“ မနက်က မင်း စောစောစီးစီး ဘယ်ပျောက်သွားတာလဲ ၊ နိုးလာလို့ ကြည့်လိုက်တော့ မင်းမရှိတော့ဘူး ” 


ကျွန်တော် က ...


“ မနက်က နေထွက်တာကို သွားကြည့်တာကွ ” 


ကျွန်တော့် စကားကို ကြားရသောအခါ မိတ်ဆွေ ဖြစ်သူက ပျာပျာသလဲ ဖြစ်သွားပြီး...


“ ဘာဖြစ်လို့ သွားကြည့်ရတာလဲဟင် ၊ ဒီနေ့ နေ က ဘယ်ဘက်က ထွက်မှာမို့လို့လဲ ” 


ကျွန်တော် အသက်ရှူကျပ်သွားသည် အထိ ရယ်မောပစ်လိုက်မိသည် ။ ကောင်မလေး ကို လှမ်း ကြည့်လိုက်သောအခါ သူ လည်း ကျိတ်၍ ရယ်နေသည်ကို မြင်ရ၏ ။ ကျွန်တော့် မိတ်ဆွေကတော့ နားမ လည်နိုင်စွာ ကြောင်တောင်တောင် ငေးကြည့်နေဆဲရှိသေး၏ ။ ထို့ကြောင့် ကျွန်တော် က ...


“ ထုံးစံ အတိုင်းပေါ့ကွာ ၊ အရှေ့ဘက် ကပဲ ထွက်တာပေါ့ ” 


“ ဒါနဲ့များ သွားကြည့်နေရသေးတယ် ” 


မိတ်ဆွေဖြစ်သူက ကျွန်တော့် ကို အလကားသက်သက် အလုပ်ပိုတွေ အပင်ပန်းခံ လျှောက်လုပ်နေတဲ့ကောင် ဟု မြည်တွန်ရေရွတ်၏ ။


ကျွန်တော် ဘာမှ ပြန်မပြောဘဲ ရယ်၍သာ နေလိုက်ပါသည် ။


ooooooooo


( ၅ )


နောက်ဆုံး အနေဖြင့် ...


ဘာသာပြန်စာအုပ်တစ်အုပ်ထဲတွင် ကျွန်တော် ဖတ်ခဲ့ရဖူးသော “ နောက်ဆုံးဟာသ ”  ဟု ခေါင်းစဉ်ပေးထားသည့် ရယ်စရာ အဖြစ်အပျက် တစ်ခုအကြောင်း ပြန်ပြောပြချင်ပါသည် ။


ဟိုတယ်တစ်ခု အတွင်းသို့ လူသုံးယောက် ဝင်လာကြသည် ။ ဧည့်ခန်း ထဲအရောက်တွင် သူတို့ ၏ ကုတ်အင်္ကျီကြီးများ ကို ချွတ်ပြီး ချိတ်တွင် ချိတ်ထားလိုက်ကြ၏ ။ သူတို့၏ အခန်း က အထပ် ( ၂၀ ) မှာ ဖြစ်သည် ။ ဟိုတယ်ဧည့်ကြို စာရေးက ဓာတ်လှေကား ပျက်နေသောကြောင့် ရိုးရိုး လှေကား မှပင် တက်သွားကြပါ ဟု တောင်းပန်သည် ။


ခြေလျင် တက်ရမည် ဖြစ်သည့်အတွက် အမောအပန်း ပြေစေရန် အထပ်တစ်ထပ်ရောက်တိုင်း တစ်ယောက် တစ်လှည့်စီ ဟာသ တစ်ခုပြီး တစ်ခု ပြောသွားကြရန် ဆုံးဖြတ်လိုက်ကြ၏ ။ ထိုသို့ဖြင့် တစ်ထပ်တက် လိုက် မောပြီး ခဏနားလိုက် ၊ ရယ်စရာပြောကာ ရယ်လိုက်ဖြင့် တဖြည်းဖြည်း အထပ် ( ၂ဝ ) သို့ ရောက်လာသည် ။


သည်တစ်ခါ ဟာသ ပြောရန် အလှည့်ကျသူ က ..


“ ကဲ ... မင်းတို့ကို ငါ နောက် ဆုံးဟာသ ပြောပြ မယ် ” 

 

ကျန် နှစ်ယောက်က မောဟိုက်စွာဖြင့် ထိုသူ ကို ကြည့်လိုက်၏ ။ သူက ...


“ ငါတို့ အခန်းဖွင့်ဖို့ သော့ကို ချွတ်ထားပစ်ခဲ့တဲ့ ကုတ်အင်္ကျီ ထဲမှာ မေ့ကျန်ရစ်ခဲ့တယ် ” 

 

ooooooooooo


ကျွန်တော်သည် မိန်းမ တစ်ယောက်ကို “ ချစ်တယ် ” ဟု ဖွင့်ပြောပြဖို့ ရန်အတွက် သတ္တိနည်းပါးလွန်းသူ တစ်ဦး ဖြစ်သည့်အကြောင်း သင်တို့ ကို စောစောကတည်းက ဝန်ခံဖြစ်ခဲ့ဖို့ ကောင်းပါသည် ။


လွန်ခဲ့သည့် တစ်နှစ်ကပင် ကျွန်တော့် ကောင်မလေး အိမ်ထောင်ပြု သွားခဲ့ပြီဖြစ်ပါသည် ။ သူ နှင့် ( မတော်တဆ ) ခင်ပွန်း ဖြစ်ခွင့်ရလိုက်သူ မှာ လည်း ကျွန်တော့် မိတ်ဆွေ တစ်ဦးပင် ဖြစ်၏ ။


သင့် အထင် မှန်ပါသည် ။ ထိုသူ မှာ ကျွန်တော် စောစောက ပြောလာခဲ့ ပြီးသော ' မရယ်မောတတ်သည့် မိတ်ဆွေ ' ဖြစ်ပါသည် ။ ကျွန်တော် က ကိုးနှစ်နီးပါး အဝေးတစ်နေရာ သို့ ရောက်နေခဲ့သောကြောင့် သူတို့ နှစ်ယောက် မည်သို့ ဖြစ်သွားခဲ့သည်ကို မသိပါ ။ ( ဘဝ ဆိုသည်မှာ ယုတ္တိဗေဒ နယ်အတွင်း မှ မျှော်လင့်မထားသော ဟာသ တစ်ခု ဖြစ်ပုံရပါသည် )


မည်သို့ပင် ဆိုစေကာမူ သည်လို အခြေအနေမျိုးတွင် ကျွန်တော့် အနေ ဖြင့် ... မင်းတို့ အိမ်ထောင်ရေး အဆင်ပြေလား ဟု သာ မေးရန်ရှိပါ တော့သည် ။


မိတ်ဆွေ ဖြစ်သူ က ..


“ အဆင်ပြေပါတယ်ကွာ .. ဒါပေမယ့် ငါ့ မိန်းမက တစ်ချက် တစ်ချက် ခပ်ကြောင်ကြောင်ရယ် ၊ တစ်ခါတလေ မနက် မိုးမလင်းသေးခင် မှောင်မိုက်ကြီး ထဲ ထပြီး ခြံထဲ ဆင်း ထိုင်နေတတ်တယ် ၊ ကုတ်အင်္ကျီ အဟောင်းကြီး ဝတ်ပြီးတော့ ။ သူ မို့လို့ မချမ်းမစီးကွာ ။ ပြောတော့ အရုဏ်တက်တာ ကို စောင့်ကြည့်ချင်လို့တဲ့ ။ ကဲ ... လုပ်ပုံက ဘယ်လောက် ကြောင်သလဲ ” 

 

ကျွန်တော် ကောင်မလေး ကို မတွေ့တော့ဖို့ ဆုံးဖြတ်လိုက်သည် ။ ပြန်ဖို့ အချိန်တော်ပြီ ဟု ကိုယ့်ကိုယ် ကို သတိပေးရင်း ထိုင်နေရာ မှ ထရပ် လိုက်၏ ။ 

ကျွန်တော့်မိတ်ဆွေ က ...


“ မိန်းမတွေ က နားလည်ရခက်တယ်ကွ ၊ အင်းလေ .. များသောအားဖြင့် မိန်းမတွေက ခပ်ညံ့ညံ့တွေပါကွာ ” 


မိန်းမများ သည် သူ ထင်သလောက် မညံ့ကြသည့် အကြောင်း ရှင်းပြဖို့ စိတ်ကူးမိသည့်တိုင် ကျွန်တော့် မှာ စကားသံ ထွက်လာနိုင်လောက် အောင် အင်အား မရှိတော့ပါ ။


ကျွန်တော် လှည့်ပြန်လာခဲ့သည် ။


နေရစ်ခဲ့တော့ ... ကောင်မလေး ရေ ... ။


ယောက်ျား တစ်ယောက်ရဲ့ တည်ငြိမ်အေးစက်တဲ့ အလွမ်းတွေ ငါ့ ရင် ထဲ မှာ မိုး လို သည်းသည်းမည်းမည်း ရွာ နေတယ် ။ ဟောဒီ သံမဏိမျက်ဝန်းတွေ ထဲ မှာ ပင်လယ် ... ။


ooooooooo


အဆိုးရွားဆုံး ဟာသမှာ တံခါးဖွင့်ဖို့ သော့တံ ကို လွန်ခဲ့သည့် ဆယ်နှစ် ကုတ်အင်္ကျီအဟောင်း တစ်ထည် ထဲတွင် ကျွန်တော်တို့ နှစ်ဦးစလုံး က

မေ့လျော့ထားရစ်ခဲ့ကြခြင်း ဖြစ်ပါသည် ။


( ၁၉၉၇ )


မင်းခိုက်စိုးစန် 


ဝတ္ထုတိုပေါင်းချုပ် 

ရဟန်းလူထွက်

 

🥴 ရဟန်းလူထွက်
       ( ပီ - မိုးနင်း )

“ မသိန်း တူ ရဟန်းလူထွက် မဟုတ်ဘူး ဆိုတာ အာမ ခံနိုင်ပါ့မလား ။ ကျုပ် က ဘုန်းကြီးလူထွက် ဆိုရင် အင်မတန် မုန်းတာ ၊ ဘုန်းကြီးလူထွက် ဆိုတာ ဘယ်နေရာ မှ ဟန်မကျဘူး ၊ အင်မတန် ခွကျတာ အစစအရာရာ မှာ ခွကျတာပဲ ”

ဟု ပွဲစားကြီး ဦးဘိုးမင်း က အောင်သွယ် ဖြစ်သူ ဒေါ်သိန်း အား ပြောလေ၏ ။

ဒေါ်သိန်း သည် ကား မောင်းပဉ္စင်း လူထွက်ကလေး တစ်ယောက် ဖြစ်သော မောင်ကျော်လှ ကို ထမင်းလခ နှင့် ကျွေးရာ မှ တူရင်း ပမာ ချစ်ခင်၍ လာသဖြင့် ပွဲစားကြီး သမီး မယ်ခင် နှင့် ဆွယ်၍ ပေးရာ ပွဲစားကြီး မှာ လည်း သမီး မယ်ခင် ကို မိခင်ပမာ အုပ်ထိန်း၍ နေရသူ မုဆိုးဖို တစ်ယောက် ဖြစ်သဖြင့် မြန်မြန်ကြီး လွတ်စေချင်သော အခြေအနေ၌ ရှိနေသူ ဖြစ်ရကား သဘော တူချင်ချင် ဖြစ်၍ နေလေ၏ ။

အကြောင်းမူကား မောင်ကျော်လှ မှာ ရိုးသားလျက် စာပုံနှိပ်တိုက် တစ်ခု မှာ ဘာသာပြန်ဆရာ အလုပ် လုပ်သူ လခ ရှစ်ဆယ်စား ဆပ် အယ်ဒီတာကလေး တစ်ယောက် ဖြစ်လေ၏ ။ အင်္ဂလိပ်စာကျောင်း ၌ အင်္ဂလိပ်ကပြား အရက်သမားကြီး တစ်ယောက် ကို ပေးကမ်းကျွေးမွေး ပြီး ကျိတ်ကာ သင်ခဲ့သဖြင့် ကိုးတန်း ၊ ဆယ်တန်း သမား တစ်ယောက် တတ်သလောက် ကိုယ်ထူးကိုယ်ချွန် တတ်မြောက်ခဲ့လေ၏ ။

သို့ဖြစ်လေရာ ရုပ်ရည် ကလည်း သားနား သဖြင့် ပွဲစားကြီး မှာ မငြင်းနိုင်ဘဲ နေလေရာ မောင်ကျော်လှ  ရဟန်းလူထွက် ဖြစ်မှာ ကို သာ စိုးရိမ်လေ၏ ။ အကြောင်းမူ ကား မိမိ ယောက်ဖ ဖြစ်သော ခွသမား ဘုန်းကြီးလူထွက် တစ်ယောက် ကြောင့် ဘုန်းကြီးလူထွက် မှန်သမျှ အပေါ်၌ မျက်မုန်းကျိုး၍ နေသူ တစ်ယောက် ဖြစ်လေ၏ ။

ဒေါ်သိန်း  ။  ။ “ ပွဲစားကြီးရယ် ၊ ကျွန်မ တူ မှာ ဘုန်းကြီးလူထွက် နဲ့ ဘယ်နေရာမှာများ တူလို့ မေးရတာလဲ ပွဲစားကြီး ရဲ့ ”

ပွဲစားကြီး ။  ။ “ ဘုန်းကြီးလူထွက် မှာ ချိုပေါက်တာမဟုတ်ဘူး မသိန်း ၊ ခွကျတာ တစ်ခု ခြားနားတာပဲ ၊ အဲဒီ ခြားနားခြင်း ဟာ က မကောင်းဆုံး ဆိုတဲ့ ခြားနားခြင်း ဖြစ်နေတာမို့ မေးရတာပါ ၊ စိတ် လည်း မရှိပါနဲ့ ၊ ဘုန်းကြီးလူထွက် နဲ့ တူလို့ မေးတာလည်း မဟုတ်ပါဘူး ၊ ကာလ မောင်ပဉ္စင်းများ ကပေမဲ့ သိပ်ပြီး ဗိုလ်ဆန်တတ်လို့ မေးတာပါ ”

“ မဟုတ်ပါဘူး ပွဲစားကြီး ရယ် ၊ စိတ်သာချပါ ၊ ကျွန်မ တူ လူအစစ် ၊ ရေ မရောပါဘူး ၊ တိုက်တံဆိပ် ရွေမှန်ရွှေကောင်းပါ ၊ အရည် မြင်တာ နဲ့ သိလောက်ပါတယ် ၊ ကန့် - ယမ်း - ငရဲမီး နဲ့ စမ်းဖို့ မလိုပါဘူး ။ အင်္ဂလိပ် ပညာက သီဟိုဠ် မှာ ကိုးတန်း အောင်ခဲ့ပါတယ် ။ အခုလည်း ကြတ္တိကာ သတင်းစာတိုက် မှာ အယ်ဒီတာချုပ်တစ်ယောက်ပါ ။ ပညာ မှာတော့ မရှိပါဘူး ။ ဘယ်ဘက်က စမ်းစမ်း ခေါက်မိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပါ ၊ အင်္ဂလိပ် - မြန်မာ နှစ်ဘာသာ စွယ်စုံရှင့် ပွဲစားကြီးရဲ့ ။ ဘိလပ်ပြန်များ ကတောင် လက်ဖျားခါရပါတယ် ။ ကြတ္တိကာ သတင်းစာ မှာ ကရကဋ် ဆိုတဲ့ နာမည်နဲ့ ရေးတဲ့ ဆရာဟာ ကျွန်မ တူပါပဲ ။ တခြားလူ မဟုတ်ပါဘူး ”

“ တော်ပါတယ် ၊ အစစအရာရာ မှာ ဘာမှ ပြောစရာ မရှိပါဘူး ။ ကျုပ် မှာတော့ ဒီ သမီး ကို အမေ လို အုပ်ချုပ် နေရလေတော့ ဒီ အကြောင်း နဲ့ ပတ်သက်ရမှာ ရှက်စရာရယ် လို့လည်း သဘော မထားတော့ပါဘူး ။ လူကောင်း ၊ သူကောင်း တစ်ယောက် ဆိုရင် ကိစ္စအေးတာပါပဲ ။ အခု ခေတ်အခါမှာ ယောက်ျားကောင်း ရှားတဲ့ အပေါ်မှာ ဘုန်းကြီးလူထွက်  ခွသမား ဖြစ်မှာ သာပြီး စိုးရိမ်ရလို့ မေးတာပါ ။ ဘုန်းကြီးလူထွက် မဟုတ်ဘူး ဆိုတာ မသိန်း အာမခံနိုင်ရင် အထူးပြောဖို့ မလိုပါဘူး ”

“ စိတ်ချပါ ပွဲစားကြီး ရဲ့ ကျွန်မ အာမခံဝံ့ပါတယ် ။ သုံးနှစ် - ဆယ်နှစ် အာမခံရွှေမျိုး မဟုတ်ပါဘူး ။ တစ်သက်လုံး အာမခံ ဝံ့ပါတယ် ”

ပွဲစားကြီး ။  ။ “ မတော်တဆ နောင်ခါကျမှ ဘုန်းကြီးလူထွက် ဖြစ်နေ ရင် ဘယ့်နှယ် လုပ်ရမလဲ ။ မသိန်း က ဘယ်လို အာမခံ မလဲ ”

“ ဒီတော့ ပွဲစားကြီး တော်သလို စီမံနိုင်ပါတယ် ။ ကျွန်မ တူ ဘုန်း ကြီး လူထွက် ဖြစ်တယ်လို့ အခိုင်အမာ ပြောနိုင်တဲ့ အခါကျတော့ အဝတ် တစ်ထည် ကိုယ် တစ်ခု နဲ့ ဆင်းစေ ဆိုတဲ့ အာမခံစာချုပ် ကို လုပ်ဝံ့ပါ တယ် ။ တိုတိုပြောမယ် ပွဲစားကြီး ရယ် ၊ ကျွန်မ တာဝန် ထားလိုက်ပါ ။ ပွဲစားကြီး စီမံသလို ခံပါ့မယ် ။ ပွဲစားကြီး ကို ကျွန်မ မတော်တာ လုပ်ဝံ့ ပါ့မလား ၊ မစစ်မမှန်တာ ကို များ လုပ်မယ်လို့ မထင်ပါနဲ့ ”

“ အဲလေ ၊ နောင်ခါကျတော့လဲ ဘယ် တတ်နိုင်မလဲ ၊ စိုးရိမ်လို့ မေးရတာပါ ၊ မသိန်း လည်း မဟုတ်မမှန်တာ ကိုတော့ မလုပ်ဘူး ဆိုတာ ယုံကြည်ပါတယ် ”

“ ယုံပါ ပွဲစားကြီး ကျွန်မ မျက်နှာပျက် မခံပါဘူး ။ ကျွန်မ တူ လူမွန်လူကောင်းပါ ။ သူတို့ ကလေးချင်း တော့လည်း ချောမောညီညွတ် ပြီး ဖြစ်နေကြတာမို့ ဝတ္တရား ရှိသလောက် ကိုပဲ ပြောရတာကိုး ပွဲစားကြီး ရဲ့ ။ ကလေးမ ကလည်း ဒီ အကြောင်းကိုပဲ အတန်တန် မေးရှာပါတယ် ။ သူ ကလည်း မောင်ကျော်လှ  ဘုန်းကြီးလူထွက် ဖြစ်နေမှာ ကို စိုးရိမ်တာပဲ ။ “ ဖေဖေ က ရဟန်းလူထွက် ကို အင်မတန် မုန်းတယ်တဲ့ ၊ ကျွန်မ ကိုယ်တိုင် ကလည်း ရဟန်းလူထွက် ဆိုရင် ရွှေ နဲ့မွှန်း ထားတောင် စိတ်မပါ ချင်ဘူး ” တဲ့ ၊ အဲဒီလို ပြောရှာတယ် ... ပွဲစားကြီး ရဲ့ ။ ဒီ့အတွက် စိတ်ချပါ လို့ ကျွန်မ အာမဝန်တာ ခံထားရပါတယ် ”

“ ကိုင်း ၊ ဘုန်းကြီးလူထွက် မဟုတ်ဘူး ဆိုရင်တော်ပြီ ။ မသိန်း ပဲ အစစအရာရာ ချောချောမောမော ဖြစ်အောင် စီမံပါလေတော့ ”

ဟု ပွဲစားကြီး ဦးဘိုးမင်း သည် အဆုံးသ,တ်စကား ကို ဆိုလိုက်လေ ရာ နောက်များမကြာမီ မင်္ဂလာကိစ္စ ချောမောခြင်း သို့ ရောက်လေသ တည်း ။

“ ဘယ့်နှယ်လဲ အဒေါ်  သူတို့မရိပ်မိလောက်သေးပါဘူး ၊ ရိပ်မိလို့ လည်း အရေးမကြီးပါဘူးလေ ”

“ အခုအနေတော့ ရိပ်မိလို့ မတော်သေးဘူး ။ သူ့ အဖေ က ဘုန်းကြီးလူထွက် ဆိုရင် အင်မတန် မုန်းတာ ၊ ဘုန်းကြီးလူထွက် မှန်ရင် တစ်နေ့ ရွှေတစ်ကျပ်သား ဥပါပေ့စေ သူ့ သမီးနဲ့ မပေးစားဘူးတဲ့ ၊ ဘုန်းကြီး လူထွက် နဲ့ ဘယ်လိုများ ဖြစ်ဖူးသလဲ မသိဘူး ”

ဟု ဒေါ်သိန်း က မောင်ကျော်လှ အား ပြောလေ၏ ။

မောင်ကျော်လှ သည်ကား ကာလဦးပဉ္စင်းလူထွက် ဖြစ်လေရာ အနေအထိုင် ၊ ဝတ်ပုံဆင်ပုံ ၊ သွားပုံလာပုံ ၊ ပြောဆိုပုံ ဟူသမျှမှာ ကော လိပ်ကျောင်းသား စတိုင်ပါသူ တစ်ယောက် ဖြစ်လေ၏ ။ ဦးပဉ္ဇင်းဘဝ မှာ ရှိစဉ်က အင်္ဂလိပ်စာ ကို ကျိတ်ကာသင်ခဲ့သဖြင့် မြန်မာစကား ပြော ရာ၌ အင်္ဂလိပ်စကား ညှပ်၍ သုံးပုံမှာ ဘုန်းကြီးလူထွက် ဖြစ်ကြောင်း အကဲ မခတ်နိုင်လောက်အောင် ကာလ ကို မီလေ၏ ။

ဦးပဉ္စင်းလူထွက် ဖြစ်ကြောင်း ကို ဒေါ်သိန်း တစ်ယောက် သာ သိ လေ၏ ။ ယောက္ခမကြီး မှာ ကား အနည်းငယ်မျှ မသင်္ကာသော စိတ်မရှိ တော့ချေ ။ သို့သော်လည်း မိန်းမများသည် မိမိတို့ လင်ယောက်ျား ၏ အမူအရာ ၊ အသုံးအနှုန်း ၊ စတိုင်ဟန် တို့ ကို အထူး ဂရုစိုက်တတ်သော အလေ့ ရှိသည့် အတိုင်း တစ်နည်း အားဖြင့် မသင်္ကာသော စိတ် ပေါ် ပေါက်စ ပြုလေ၏ ။ အကြောင်းမူကား ဆယ်ဝါ ရခဲ့သော ရဟန်း ၏ အငွေ့ အသက် သည် ဖန်စီရှပ် နှင့် ဗိုလ်ကေ ဖုံးသော်လည်း လုံးလုံး မပျောက် ၊ တစ်နည်းနည်း အားဖြင့် ကပ်ဖူးသော အဝါရောင် ၊ နံ့သာရောင် သည် တစ်နည်းနည်း အားဖြင့် အရိပ်အယောင် ကို ပြလေ၏ ။

သို့သော်လည်း မယ်ခင် မှာ ဒိဋ္ဌ မပြောနိုင် ၊ အဘယ်သို့သော အရာ ဟူ၍ သေသေချာချာ မသိရ ၊ ရဟန်းလူထွက် မှန်လျှင် သမီး နှင့် မပေးစား ဟူသော ဖခင်ပွဲစားကြီး ၏ စကားကြောင့် သို့လော သို့လော တွေးတော ရာမှ ဤ သံသယစိတ် ဖြစ်ပေါ်၍ လာခြင်းပေလားမသိရ ။ စနောင့်စနင်း ဖြစ်ကာ မသင်္ကာ သလို စိတ်၌ စ၍ ဖြစ်ပေါ်စ ပြုလေ၏ ။

သို့ဖြစ်ပေါ်သည့် အခါမှ စ၍ လင် ဖြစ်သူ ၏ ပြောပုံ ၊ ဆိုပုံ ၊ အမူအရာ ဟူသမျှကို အများကြီး ဂရုစိုက်ကာ အကဲခတ်ခဲ့၏ ၊

သို့ပင် အကဲခတ်သော် ငြားလည်း မောင်ကျော်လှ မှာ ဦးပဉ္စင်း ဘဝ မှ ထွက်ဖို့ရန် ကြံစည်သည့် နေ့မှ စပြီး ထွက်ပြီးသည့် နောက် ဆံပင် ဗိုလ်ကေ ညှပ်လောက် အောင် ရှည်သည် နှင့် တစ်ပြိုင်တည်း ကောလိပ် ကျောင်းသား နှင့် မခြားသော စတိုင် ကို ထပ်တူ ထပ်မျှ အောင်မြင်ပိုင် နိုင်စွာ ရရှိဖို့ရန် အဘယ်ပုံ စီမံရမည် ဟူသော အကြောင်း ကို ဆရာ တကာရင်း ဖြစ်သူ ဘီအေမောင်ဘိုးထွား ထံမှ ကျကျနန ခယ နည်းခံပြီး ကောလိပ်ကျောင်းသား ဝတ်ပုံ ၊ ကောလိပ်သွား သွားပုံ ၊ ကောလိပ်ပြော ပြောပုံ စသည် တို့ ကို လက်ထပ်သင်ခဲ့ သဖြင့် သင်္ကန်း နှင့်လွတ်ပြီး သုံးလ ကြာ၍ လူအတွေ့ ခံလိုက်သော အခါ ဘရေဇာကွတ် ၊ ကော်လာ အလန် နှင့် ရှပ်အင်္ကျီ ၊ ဗိုလ်ကေဆံလိမ် ၊ ကုတ်ရှူးဖိနပ် ၊ တုတ်ကောက် နှင့် အင်္ဂလိပ်သတင်းစာ ကို ကိုင်၍ လာသော မောင်ကျော်လှ ကို ဆရာရင်း ဖြစ်သူ ဆရာတော်ကြီး နှင့် အပေါင်းအဖော် ဖြစ်ခဲ့သူ ဦးပဉ္စင်းများ သော်မှ မမှတ်မိရုံမက ၎င်းကို အားကျပြီး အချို့ မှာ ထွက်ချင်စိတ် ပေါက်ကြ လေ၏ ။

သို့ဖြစ်သောကြောင့် မယ်ခင် မသိနိုင်အောင် လုပ်ရန် အရေး မှာ လွန်စွာ လွယ်ကူလေ၏ ။ မယ်ခင် အကဲခတ်မှန်း ကို လည်း ကျော်လှ သည် တစ်နည်းနည်း ဖြင့် သိလေ၏ ။

ထိုကဲ့သို့ နေရာ သားဦးကလေး ခြောက်လသား အရွယ်သို့ ရောက် ခဲ့လေ၏ ။ မယ်ခင် သည် ကား လုံးလုံးကြီး စိတ်မချတော့ချေ ။ ယောက္ခမကြီး မှာ ကား - “ ငါ့ သမက် ဧကန် ဘုန်းကြီးလူထွက် မဟုတ် ” ဟု ဒုန်းဒုန်းကြီး စိတ်ချ၍ သာ နေရှာလေတော့ သတည်း ။

မယ်ခင် ၏ စိတ်၌ကား ထိုကဲ့သို့ စိတ်မချနိုင်ရုံမက ဧကန်ဒိဋ္ဌ ရဟန်းလူထွက် ပဲဟူသော အသိ ကို ပင် ပိုင်နိုင်စွာ ရစ ပြုလေ၏ ။

သို့သော်လည်း အဘယ် ကဲ့သို့သော ဧကန်မျိုး ဖြစ်သည်ကို အထောက်အခံ ပြရန် ခိုင်လုံသော သက်သေခံ အထောက်အထား ကို ရှာ၍ မတွေ့  ၊ တိုက်ရိုက် လည်း မမေးဝံ့ချေ ။ အကြောင်းမူ ကား … “ မေးလျှင် သင်း သာလွန်၍ လုံခြုံအောင် ဟန်ဆောင်လိမ့်မည် ၊ တစ်ချက် တစ်ချက် မှာတော့ သင်း သတိလစ် မှာပဲ ၊ လစ်လျှင် အစအန တော့ ဧကန်ပေါ် မှာပဲ ၊ မပေါ်ဘဲ မနေနိုင်ရာ ၊ အလစ်မှာ အမိ ဖမ်းမိမည် ” ဟူသော အကြံ နှင့်သာ နေခဲ့လေ၏ ။

မိန်းမတို့ မှာ မိမိတို့ လင်ယောက်ျား နှင့် ပတ်သက်၍ တစ်စုံတစ်ရာ ကို သိလိုသည့်အခါ ထို သိလိုသော ဆန္ဒသည် ဒီရေ အရှိန်လို တိုးတက် လေ၏ ။ နေပြင်းသလို တိုး၍ ပြင်းထန်တတ်လေရာ - “ သင်း ဧကန် ပဉ္စင်း လူထွက်ပဲ ၊ ဧကန်ပါပဲ ၊ ငါ အဘယ်ပုံ သက်သေခံ ရအောင် လုပ်ရ ပါ့မလဲ ” ဟူ၍သာ ကြံစည်ကာ မခံမရပ် နိုင်အောင် ရှိနေလေ၏ ။

သို့ ကြံစည် တွေးတောဖန် များသော အခါ တစ်စုံတစ်ရာ ကို တွေးမိ လေ၏ ။ ထိုအရာသည် ကား မိမိ ယောက်ျား သီချင်း ဆိုလေ့ မရှိ ဟူသော အကြောင်း ဖြစ်လေ၏ ။ “ တကယ် ဆိုရင် လင်မယား ညားစ ၊ ချစ်တုန်း ၊ ခင်တုန်း တပြုံးပြုံး နေခိုက်မှာ တေးကလေးများ ကို သာသာယာယာ ဆို ဖို့ ၊ တေးကလေးများ ညည်း ဖို့ ရှိတာပဲ ။ ‘ တူ နဲ့ နဲ့ တောင် ’ ရယ် လို့ မှ မမြည်စဖူးပါဘူးကလား ၊ ဘယ်လိုလူများ ဖြစ်ပါလိမ့်မလဲ ၊ ဒါ တစ်ခုဟာဖြင့် ဘုန်းကြီးလူထွက် လက္ခဏာ အစစ်အမှန် နဲ့ တူတာပဲ ၊ သင်း သီချင်း ဆို အောင် ငါ ဘယ့်နှယ် လုပ်ရပါ့မလဲ ၊ သီချင်း ဆိုရင်ဖြင့် ဧကန် အချိုးအစား ကျမှာ မဟုတ်ဘူး ။ ဘုန်းကြီးသံ ၊ ရေစက်ချသံ ၊ ကမ္မဝါသံ ၊ ပရိတ်သံများ ပဲ ပါလေမလား ၊ ယပ်လှဲတရားသံမျိုး ပဲ ဖြစ်လေမလား ၊ သက် သေအထောက်အခံ တော့ ဧကန် ရမှာပဲ ” စသည်ဖြင့် ကြံလေ၏ ။ သို့ဖြစ်၍ ...

“ တေးကလေးများ ဆိုပါလား ကိုကျော်လှ ရဲ့ ”

ဟု တစ်ခါက ပြောမိရာ ကျော်လှ က ..

“ ကလေးကလား မလုပ်ပါနဲ့ ခင်ရဲ့ ။ မဆိုချင်ပါဘူး ။ မတတ်လို့ တော့ မဟုတ်ပါဘူး ။ ဟို ကောလိပ်ကျောင်းပွဲတုန်း က တောင် တစ်ခါ မင်းသား လုပ်ပြီး ကခဲ့ရပါသေးတယ် ။ အခုတော့ ပြန် တွေးတာတောင် ရှက် နေတာပဲ ”

ဟု ပြန်၍ ပြောလေ၏ ။ ထိုအခါ မယ်ခင် က သာ၍ပင် မသင်္ကာ ဖြစ်လေ၏ ။

တစ်နေ့သ၌ မယ်ခင် သည် မီးဖို၌ အလုပ် များ၍ နေလေ၏ ။ ကျော်လှ မှာ သတင်းစာ ဖတ်ရင်း ကလေးအိပ်သော ပုခက် ကို တစ်ချက် တစ်ချက် တွန်းလွှဲ၍ နေ၏ ။ သို့နေခိုက် မယ်ခင် သည် တစ်စုံတစ်ရာ ကို တွေးမိ သဖြင့် ငရုတ်ဆုံ ကိုယူ၍ ထောင်း၏ ။ ငရုတ်သီး ထောင်းသံ သည် တဖြည်းဖြည်း ပိုမို ပြင်းထန် ကျယ်လွင့်၍ လာလေ၏ ။ မီးဖို ၌ ခင်း၍ ထားသော ကြမ်းသည် ကလေးပုခက် အောက်ရှိ ကြမ်းအပိုင်း နှင့် တစ်ဆက်တည်း ရှိနေလေရာ ပုခက် အောက် သို့ ငရုတ်သီး ထောင်းသော အသံ ရောက်ပြီး လျှင် ကလေး လန့်၍ နိုးပြီး စ၍ ငိုလေ၏ ။

ကျော်လှ သည် ပုခက် ကို သွက်သွက် လွှဲ၏ ။ ငရုတ်သီး ထောင်းသံ မှာ ပိုမို၍ ပြင်းထန်လေ၏ ။ ကလေး လည်း ပိုမို၍ သည်းစွာ ငို၏ ။ ကျော်လှ သည် သတင်းစာ ကို ချပြီး ...

“ မင်း ငရုတ်သီး ထောင်းတာ ကလည်း မြည်လိုက်တာ ၊ ဖြည်းဖြည်းများ ထောင်းပါဦး ”

ဟု ပြောပြီး ပုခက် ကို တုတ်၍ လွှဲ၏ ။ ပါးစပ် က စုတ်သပ်လေ၏ ။ “ အေးအေး အိပ်ပါ ကလေးရေ ... ” ဟု ပြော၏ ။ မယ်ခင် သည် တစ်ဖက်သို့ လှည့်ကာ ကျိတ်၍ ပြုံးလေ၏ ။ “ ဒီတစ်ခါတော့ မိတော့မှာပဲ ၊ သင်း ကို ထိတ်လန့်အောင် လုပ်ပြီးမှ အလစ် မှာ ဖမ်းမယ် ” ဟု တွေးကာ ဒေါသဖြစ်သော အမူအရာ နှင့် ...

“ တစ်ယောက်တည်းကို ရှင့်ကလေး မနိုးမီ ပြီးအောင် မြန်မြန် လုပ်ရတာ ဒီကလေး ကိုမှ ငြိမ်အောင် မလုပ်နိုင်ဘူးလား ”

ဟု ခပ်မာမာ လှမ်း၍ ပြောလိုက်လေ၏ ။

ကျော်လှ သည် ကား “ အေးအေး - အိပ်ပါတော့လားလေ ” ဟု ဟစ်အော်ကာ ပုခက် ကို တွင်တွင်ကြီး လှုပ်၍ နေလေ၏ ။ မယ်ခင် သည် ဆောင့်ကာ အောင့်ကာ အလုပ် လုပ်ရာ မှ ...

“ ကလေး ကို မငိုအောင် မလုပ်တတ်တော့ဘူးလား ၊ ရှင့် ပါးစပ်က လည်း အင်အင် - အယ်အယ် လုပ်ပြီး တေးကလေး ဘာလေးများဆိုပြီး လွှဲမှပေါ့ ရှင့် ၊ ကိုယ်တော်ကြီး ရဲ့ ”

ဟု အော်၍ ပြောလိုက်ရာ ကျော်လှ မှာ ထိတ်လန့်တကြား ဖြစ်ကာ ယပ်လှဲသံပါပါ နှင့် ...

“ ကြောင်ကြီးငယ်တည့်မှ −  မြီးတံတိုငယ်လေ ၊ အဆီကို စားပါလို့ အသားကို တည့် မျိုလေပြီ ၊ ကြောင်အိုငယ်တည့် ငပေမှေးငယ်လေး ကိုက် လာချေပေါ့ သတည်း ”

ဟု ဆွဲငင်စွာ ကမ္မဝါသံ နှင့် မခြား ကြွေးကြော် သီဆို လိုက်လေရာ မယားသည် ဖြစ်သူ မယ်ခင် မှာ ဣန္ဒြေ ကို ဆယ်၍ မရတော့သည် ဖြစ်ရ ကား ငရုတ်ဆုံ ရော ၊ ငရုတ်ကျည်ပွေ့  ရော လက် မှ လွတ်ကျ ပြီးလျှင် တင်ပါး နှင့် ကြမ်း ကို ဆောင့်ကာ ပိုးလိုးပက်လက် လန်အောင် ရယ်ရှာလေတော့ သတည်း ။

ထိုအခိုက် တွင် ရဟန်းလူထွက် ကို လွန်စွာ မုန်းထားသော ယောက္ခမ ပွဲစားကြီး သည် အိမ် ပေါ် ၌ ဘုရားရှိခိုး နေရာမှ ထတည့်၍ လာပြီးလျှင် ... “ ဟားဟား .... ဟားဟား ” ဟု ရယ်လျက် လှေကား မှ ဆင်း၍ လာလေ သတည်း ။

( ၁၆ - ၁၀ - ၁၉၃၂ )

ပီ - မိုးနင်း

ဝတ္ထုပဒေသာ အမှတ် - ၁

Tuesday, November 12, 2024

နတ်မြင်းပျံမို့ မြူးကြွားကြွား


 

༻ နတ်မြင်းပျံမို့ မြူးကြွားကြွား ༺
     ( မောင်သာရ )

◽အစွဲအလမ်း စိတ်ဖြေပွဲ

လျှာတို့ မည်သည် အရွယ် အားဖြင့် နှလုံးသည်းညှာ ထက် ငယ်သော်လည်း ထို နှလုံးသည်းညှာ ကိုပင် လုံလုံ ဖုံးကွယ် ထားနိုင်တတ်သည် မို့ ညည်း ပြောသမျှသော စကားတို့ ကို ကိုယ် မယုံကြည်နိုင်ပါ ။ ညည်း ကို ချစ်သောကြောင့် ညည်း ဖြူလျှင် ဖြူမည် ဟု သစ္စာ ဆိုခဲ့သော ကိုယ် ကိုယ်တိုင် က ပင် “ မယုံကြည်နိုင်ပါ ” ဟူ၍ ငြင်းဆိုရက်လာသော အခါ ညည်း စိတ်မှာ မည်မျှ အခံရ ခက်လိမ့်မည် ဆိုသည် ကို လည်း ကိုယ် နားလည်ပါသည် ။ သို့သော် သည်ခေတ် သည် အထောက်အထား ကို မမေ့မလျော့ အာရုံ ပြုတတ်သည်မို့ ညည်း ပြောသမျှသော စကား တို့ မှာ မုသား မပါကြောင်း ကို မည်သို့သော အထောက်အထားများ ဖြင့် ကိုယ် လက်ခံယုံကြည် ရပါမည်နည်း မိစိုး ။

သိလှပြီ ထင်နေ သော်လည်း စင်စစ် လူ့သဘော လူ့မနော ကို ညည်း မသိပါ ။ ညည်း ၏ လက်တကမ်း ဝန်းကျင်မျှ ကို ပင်လျှင် လည်း ညည်း နားလည်ပုံ မရပါ ။ သို့သော် “ တတ် ဆိုသမျှ တက္ကသိုလ် ” ညည်း ကိုယ် မှာ ရှိသည် ဟု ဘဝင် နထင် ရောက်နေတတ်သူ ဆိုပြန် တော့လည်း ညည်း ကို တရားပြ နားချရမည် မှာ ခက်ပါသည် ။

ညည်း က ပြောလာလိမ့်မည် ။ ကိုယ် ကြို၍ ဝန်ခံထားနှင့် လိုပါ၏ ။ ညဉ့် ဆိုသည် မှာ အစဉ် အမှောင် နေတတ်သည် မို့ ညည်း ထက် ပို၍ ကျယ်ဝန်းသည် ဟု ထင်ရသော ကိုယ့် မျက်စိများ သည်လည်း ညည်း ၏ ကျဉ်းသော မျက်စိကလေးများ က မြင်ရသည် ထက် ဘဇာ ကိုမျှ ပို၍ မြင်ရနိုင်ဘွယ်ရာ မရှိပါ ။

သို့သော် ထို အမှောင် ထဲ ၌ ကိုယ် ရောက် နေသည်မှာ ကြာပါပြီ ။

အမှောင် ထဲ သို့ ညည်း ဝင်လာရခါစ က ကိုယ် ကမူ ညည်း ကို ကောင်းစွာ မြင်ရ ပါသည် ။ ဘဇာ ကို မျှ မမြင်ရ သော်လည်း ညည်း ၏ လက်တို့ သည် မာနမာန် ဖြင့် အကန်း ကဲ့သို့ မစမ်းမူ၍ ဟန်ဆောင် နေသော်လည်း ညည်း ၏ ခြေလှမ်းများ က နံ့ပိုင်းနံ့ပိုင်း တုံ့ဆိုင်းတုံ့ဆိုင်း နေခြင်း ဖြင့် ညည်း မမြင်ရကြောင်း ကို သိသာထင်ရှား စေပါသည် ။ မမြင်ရသည့် အထဲ မှောင် မဲမဲ မှာ ညည်း အသည်း ကလည်း ငယ်က ငယ်တတ်ပါဘိသနှင့် ။

ဪ ... မိစိုး ... မိစိုး ... မိစိုး ။

ညည်း ၏ ပြန်စာတိုကလေး ကို ည က ကိုယ် ဖတ်ရပါသည် ။ ဖတ်ရသော အခါ နှင်းမြူ တို့ဖြင့် ဆောင်းခြုံထား အပ်သော ကန်ရေပြင်ကဲ့သို့ ပရိယာယ်တို့ဖြင့် လွှမ်းဆင်ထား အပ်သော ညည်း ၏ မျက်နှာပြင် ကို လည်း ရေးရေးမျှ မူ ကိုယ် မြင်မိပါ၏ ။

စင်စစ်သော် ညည်း စာ ကို ဖတ်ရသည် မှာ အိပ်မက် ထဲ ၌ မျက်လှည့် ကြည့်ရ သကဲ့သို့ပါတကား ။

ကိုယ် အိပ်မက် မမက်သည် မှာ ကြာပါပြီ ။

မမက်သည် မှာ ကြာတော့ လည်း အိပ်မက် ဆိုသည်မှာ ဆယ်ကျော်သက် တို့ ၏ အစွဲအလမ်း စိတ်ဖြေပွဲပါ တကား ဟူ၍ပင် အောက်မေ့ ထားမိချင်ချင်တည့် ။ သို့သော် ည ကမူ တရေးနိုးကလေး သာလျှင် ခြား၍ နှစ်ခါပြန်ပင် မက်ခဲ့ရပါသည် ။ မဆန်းပါလော မိစိုး ။

ပို၍ ဆန်းသည်မှာ ထို အိပ်မက် တို့သည် တခု နှင့် တခု ပသို့မျှ မပတ်သက်ခြင်း ပါ တည်း ။

ထို့ထက် ပို၍ ဆန်းသည် မှာတော့ တခု နှင့် တခု ပသို့မျှ မပတ်သက်သော ထို အိပ်မက် နှစ်ခုစလုံး ထဲမှာ ညည်း ပါနေခြင်း ပါတည်း ။

သည်မျှဆိုသော် ကိုယ့် အိပ်မက် တို့၏ အကြောင်း ကို ညည်း ကြားလိုလှပါရော့မည် ။ ကိုယ့် မှာ လည်း ပြောပြရန် တာဝန် ရှိပါ၏ ။ သို့သော် ကိုယ် ပြောပြစဉ်မှာတော့ သည်းခံ၍ နားဆင်စေလိုသည် ။ ကြားဝင်၍ ရန်တွေ့မည် ဆိုပါက အာရုံ ပြယ်တတ်သည်မို့ တပင်တပန်း ပြန် တွေး၍ နေရသော ဤအိပ်မက် ဇာတ်လမ်းတို့ ကို ကိုယ် မေ့ကုန်မှာ စိုးရပါသည် ။

ပထမ အိပ်မက် မှာမူ ညည်း မျက်နှာ ကို ပြုံးပြုံးရွှင်စွာ မြင်ရပါ၏ ။ သည် အိပ်မက် မှာ ညည်း က အဓိက ဇာတ်ဆောင်သူပါ ။

သို့သော် ဒုတိယ အိပ်မက် မှာတော့ ညည်း ကို လူအများ ကြားထဲ မှာ ခဏသာ မြင်ရသည်မို့ သည် အိပ်မက် ၌ ညည်း ပါရသော အခန်း မှာ လည်း သာမည သာ ဖြစ်တန်ရာ ပါသည် ။ ပသို့ဆိုစေ ၊ ထို အိပ်မက်တို့ ၏ အထဲ မှ ညည်း ၏ ပင်ကိုယ်ရုပ် ကို မူ ညည်း ပြန်၍ မြင် ပါလိမ့်မည် ။ ထိုအခါ “ မယုံကြည်နိုင်ပါ ” ဟူသော ကိုယ် ၏ အဆို ကိုလည်း ညည်း နားလည် လာပါလိမ့်မည် ။ ထိုအခါ ကိုယ့် ကို မချစ်သော ၊ ကိုယ် က သာ ချစ်ရသော မိစိုး သည် ကိုယ့် ကို ခွင့်လွှတ်နိုင်ပါစေသတည်း ။

°°°°°°°°°°°°°°°

◽အိပ်မက်အမှတ် ၁

အိပ်မက် ဆိုသည် မှာ ဝတ္ထုဇာတ်လမ်းများ သဖွယ် အစ အလယ် အဆုံး စသည်ဖြင့် စည်းစည်း ပိုင်ပိုင် မရှိနိုင်ကြောင်း ကိုမူ ညည်း သိထားနှင့်တန် ကောင်းပါပြီ ။

ထိုကဲ့သို့သော အိပ်မက်အူပေါက် ထဲမှာ ကိုယ် သည် မပြေးသော်လည်း ကန်ရာ ရှိခဲ့ရပါချေ၏ ။ မထွက်ခွာခဲ့ပါ သော်လည်း ကိုယ် ပြန်ရပါတော့မည် ။

ကိုယ် ၏ တပင်တိုင် သင်္ဘော သည် မဟာ အဏ္ဏဝါ အပြင် ဝယ် ကမ်းမမြင် လမ်းမမြင် နှင်နေပါ၏ ။ မည်သည့် ဆိပ်ကမ်း မှ သည် ခွာခဲ့တုံ၍ မည်သည့် ဆိပ်ကမ်း၌ ဆိုက်အံ့သည် ကို ကိုယ် ကိုယ်တိုင်လည်း မသိနိုင်ပါ မိစိုး ။

နက္ခတ်တာရာ ဆိုသည်တို့ ကို မူ ကိုယ် ကောင်းစွာ မကြည့်တတ်ခဲ့ပါ ။ သို့သော် အောက်လမ်းဆရာ လဝန်း သည် ရေသူငယ်မ နှင့် တနေ့တခါ ဖြားယောင်း ပေါင်းသင်းနေ တတ်ကြောင်း ကိုမူ ကိုယ် သိပါ၏ ။ ညည်း ကဲ့သို့ပင် တနေ့ ရွှေ ၊ တနေ့ ငွေ နှင့် လဝန်းလူညာ မျက်နှာမူရာ ပြောင်းပြောင်းလာတတ်ကြောင်း ကိုကား ရေသူငယ်မ လည်း သိမည် မထင်ပါ ။ သည် အကြောင်းကို တွေးကာ နေသည် နေ့အခါ ၌ နှစ်ခြိုက်စွာ ရယ် နေတတ်ပါ၏ ။ သို့သော် ညနေတိုင်၌ မူ ရေထဲသို့ ငုပ်လျှိုးရမည် မှာ ဓမ္မတာပင် မှန်သော်လည်း နေသည် လူကဲ့သို့ပင် ရင်ခုန်တတ် ၊ မျက်နှာပျက်တတ်ပုံ ရပါသည် ။

နေဝင် မှာ ကို မူ ကိုယ် စိုးမိပါ၏ ။ အားနွဲ့သူ မဆည်းရာ သည် မျက်ရည်မိုး နှင့် အမျက်မုန်တိုင်းတို့ ကို သား ကဲ့သို့ ရင်မှာ ပိုက်လျက် လင်ပြေး အောက်လမ်းဆရာ့ နောက်သို့ လိုက်အလာမှာ ကိုယ် ၏ သင်္ဘော သည် လည်း ရေမှ ဆယ်ထားအပ်သော ငါး ကဲ့သို့ လွန့်ကာ လူးကာ လွင့်ကာ လည်ကာဖြင့်ပင် မောခဲ့ မျောခဲ့ရပါတော့သည် ။ နွားရိုင်းကဲ့သို့ သော လှိုင်း တို့ ကလည်း သူ ၏ ကျောကုန်းထက်မှ ဝန်စည်ကို ခုန်ပေါက် ခါချလျက် ရန်သူပမာ ဝှေ့သတ် နေကြပါကုန်၏ ။ ကိုယ့် သင်္ဘောဦးသည် ထို ခတ်အံ့ သ,တ်အံ့သောငှာ တဟုန်ထိုး ပြေးလာသော လှိုင်း နွားရိုင်း၏ ခေါင်းနှင့် တအားဝင်၍ ဆောင့်မိသော အခါ၌မူကား ကိုယ်သည် မျက်လုံး ထွက်၍ ရှုံးသောကြက်ကဲ့သို့ နောက်ပြန်ပက်လက် ပစ်ကျခဲ့ရာမှ ပြေးမိပြေးရာ ဦးတည်၍ ပြေးခဲ့ရပါ၏ ။ ထိုအခါ ခလုတ်ထိသော ကလေးငယ် သည် အမိနှင့် နှစ်သိမ့်မှုကို တမ်းတ တတ်ဘိ သကဲ့သို့ ကိုယ် သည်လည်း ဖားလျားချထား အပ်သော ဆံပင်များနှယ် ဖွာနေသော ပဲ့ဖြင့် ပင် အိမ် ပြန်မည်ဟူ၍ ဆိုဆုံးဖြတ်ခဲ့မိပါ၏ ။ သို့သော် ကိုယ် ၏ အိမ်ပြန်သင်္ဘော ထက် ၌မူ ကုန်ပစ္စည်း ဟူ၍ တရွက်တထမ်း မျှ မပါခဲ့ပါတကား ။

လှိုင်းတို့ သည် ကိုယ် ၏ သင်္ဘော ကို ငုံ့ကြည့်၍ ရေမပါသော အိုး ဟု ၄င်း ၊ ငွေမပါ သော အိတ် ဟု ၄င်း ၊ အသိမပါသော ခေါင်း ဟု ၄င်း ၊ ရသ မပါသော ကဗျာ ဟု ၄င်း ၊ အနည်းနည်း အဖုံဖုံ ကဲ့ရဲ့ ကြကုန်လျက် ၊ အမှိုက်တိုက်များ နှင်နှင်ပင် ကမ်းပါးသို့ တွင်တွင်သာ ပို့ ဆောင်နေပါ၏ ။

ထိုအခါ ကိုယ် ၏ မျက်နှာကို သင်္ဘော ဝမ်းထဲ၌ ကျောက် ကဲ့သို့ ချ၍ ကိုယ်၏ မိုးတူ ရူသို့ ဆန့် ထားသော လက်တို့ ကိုလည်း သက်တန့်များ နိုင်ငံသို့ အသနားခံ ပျံစေရပါသည် ။

ရုတ်တရက်မူ “ ချေးငှားပါ ” ဟူသော စကားသည် ချောင်လည်မှုရရန် ဖန်လိမ့် မည်ဟု ကိုယ်တို့ အောက်မေ့နိုင်ပါ၏ ။ သို့သော် “ ချေးငှားပါ ” ၏ နောက်ကွယ် မှာ “ ပြန်ပေး ပါ့မယ် ” သည် မုချ ရှိနေရပါလိမ့်မည် ။ ထို “ ပြန်ပေးပါ့မယ် ” ဟူသော စကားသည် “ ပြန် ပေးရဦးမယ် ” ဟူသော အသိဘဝဖြင့် ချေးငှားလာသသူ ကို ကလူနှိပ်စက်၍ လာသောအခါ ၌မူကား “ ချောင်လည်မှု ” ဟူသည် အချို့သော အဓိပ္ပာယ် ကို ဆောင်ပါတော့သနည်း ။

ပသို့ဆိုစေ ၊ သက်တန့်များ နိုင်ငံ မှ မစ္ဆရိယ ၏ အစိမ်း ၊ ကာမဂုဏ် ၏ အပြာ ၊ မာန ထဒ္ဓါ၏ အနီ ၊ စသော အရောင်ခုနစ်ပါး ကို ကိုယ် ခဏ ငှားခဲ့ရပါ၏ ။ ကိုယ် သည် ထို ခုနစ်ရောင် သော ဆေးတို့ဖြင့် ကိုယ် ၏ သင်္ဘော ကို လှပစွာ ခြယ်သကာ ထိုဆေး၏ အာနိသင်ဖြင့်ပင် ရထားအပ်သော ဒဏ်ရာများ ကိုလည်း ဖုံးဖိကုသခဲ့ရပါ၏ ။

ကိုယ့် သင်္ဘော၏ မိုးကြိုးလျှပ်နွယ် ကဲ့သို့သော လင်းယဉ်တိုင် ထိပ်ဖျား မှ “ နဂါးကို ခြေဖြင့် ကုတ်ထားသော ဂဠုန်ရုပ် အဟန် ”  အလံသည် လည်း တကြွားကြွား တဝင့်ဝင့်နှင့် လွင့်လျက်နေပါ၏ ။ လှိုင်းငတ်များ စားထား၍ ဝါးနေသော သင်္ဘော ၏ အမည်ဟောင်း ထက် ၌လည်း ၊ အမည်သစ်    
“ နရရာဇာ ” သည် တထင်ထင် တလျားလျား နှင့် ကြွားလျက်နေပါ၏ ။

မိစိုး ... ၊ ထို “ နရရာဇာ ” သည် ရန်သူမိုး နှင့် မချစ်ခင် မနှစ်သက် အပ်သော ရေ တို့၏ အကြား မှ မွေးရပ်မြေ သို့ ဟန်နှင့် ပန်နှင့် လွှင့်၍ ပြန်နေပါချေပြီ ။

°°°°°°°°°°°°°°°°

မွေးရပ်မြေ ၏ စိမ်းလန်းသော ကမ်းသာယာ သို့ ဆိုက်ရောက်သောအခါ စစ်ပြန်ယောက်ျားကို တွေ့ရသော မယားကဲ့သို့ ပြုံးရွှင်နေသော ညည်း မျက်နှာကို ပထမဦးစွာ ကိုယ် မြင်ရပါ သည် ။ ညည်း ကဲ့သို့ပင် ညည်း ၏ ဝန်းကျင်ကလည်း ၊ တရပ်တပါးမှ ပညာသင်ကြား၍ ပြန် လာသော သားကို ဝမ်းမြောက်တသာ ကြိုဆို နေသော မိဘ ကဲ့သို့ ကိုယ့် အား အသည်းလှိုက် အူလှိုက် ကြိုဆိုနေပါ၏ ။

ကိုယ် ပြန်လာသည့် အထိမ်းအမှတ် အဖြစ်ဖြင့် ကား မွေးရပ်မြေသည် သူ၏အရပ် လေးမျက်နှာ တို့၌ ခုနစ်ရက်တိုင်တိုင် ပျော်ပွဲ ရွှင်ပွဲသဘင် ဆင်ယင်ကျင်းပ၍ ၊ ကျောင်း ရုံး ဈေး စက်ရုံ စသည်တို့ ကိုလည်း ပိတ်ထားကာ ၊ ကိုယ် လှည့်လည်ရာ အရပ်တကာ ၏ လမ်းများ တလျှောက်၌ လည်း ပရိသတ် သည် အင်နှင့်အားနှင့် စုရုံးလျက် ကိုယ့် အား ကောင်း ချီးထောမနာ သြဘာ ပြုနေကြပါကုန်၏ ။ ထိုအခါက ညည်းတို့ သည်လည်း ကိုယ် ၏ အမည် ကို တေး ကဲ့သို့ ဖွဲ့ဆိုလျက် ၊ ထိုသို့ ဖွဲ့ဆိုကခုန် နေကြကုန်သော အုပ်စုများ ကလည်း လမ်းမများ ပေါ်တွင် နေ့ည မဟူ နေရာယူ ကာ ၊ ဆိုင်းသံ ဗုံသံ တို့ ကလည်း မိုးမြေအနှံ့ ညံနေပါသည် ။ ကိုယ် လာမည့် လမ်းတလျှောက် မှ အိမ် တို့၏ ပြတင်းများ သည်လည်း တပေါက်လျှင် အသပြာ တရာခန့် ထိုက်တန်လျက် ၊ ပန်းကုံး တို့၏ ဈေးနှုန်း သည်လည်း ခေါင်ချဉ်း၍ နေပါ၏ ။

ကိုယ့် မျက်နှာ သည် ပန်းကဲ့သို့ ပွင့်ပါပြီ မိစိုး ။

သို့သော် ညည်း မို့ ပြောရဦးမည် ။ ညည်း သိမည် မထင်သော်လည်း ကိုယ် သိပါ ၏ ။ ကိုယ့် သင်္ဘော ထက်သို့ တစုံတယောက်သော သူမျှ တက်၍ မကြည့်သည် ကို ၄င်း ၊ ကိုယ့် သင်္ဘော ဝမ်းထဲ၌ ပသို့သော ကုန်ပစ္စည်းများ ပါလာသနည်း ဟူ၍လည်း တစုံတယောက် သောသူ ကမျှ လာ၍ မမေးသည် ကို ၄င်း ထောက်သော် ညည်းတို့ အကြောင်းကို ကိုယ် ကောင်းစွာ သိပါပြီ ။

ထို့ကြောင့်လည်း လှပစွာ ခြယ်သထားသော ကိုယ် ၏ သင်္ဘောခွံ ကို ကိုယ့် ဖာသာ ပြန် ကြည့်၍ ၊ ကြေကွဲဝမ်းနည်းစွာ ပြုံးမိပါ၏ ။ မမြင်သော သူအား အရောင်ည၏ ပယောဂ ဖြင့် လှည့်ဖြားခဲ့ မိသော ကိုယ့် အမှား အတွက် လည်း ဤတွင် ခွင့်လွှတ်ပါရန် ကိုယ် ပန်ကြားအပ် ပါသည် ။

တဖန် ကိုယ့် ကို ဤမျှ နှစ်လိုကြည်ဖြူစွာ အသည်းလှိုက် အူလှိုက် ကြိုဆိုဝတ် ပြု၍ နေပြီ ဆိုတော့လည်း ၊ ဘဇာမျှ မပါလာခဲ့သသူ တဦး အနေနှင့် ကိုယ် နေရသည် မှာ မလုံပါ ။ မလုံသောကြောင့် တကြောင်း ၊ ဝမ်းနည်းသောကြောင့် တကြောင်း ၊ စသည် စသည် ဖြင့် အကြောင်းကြောင်းကြောင့် ကိုယ် သည် ကမ်း နှင့် ချည်ထားအပ်သော သံယောဇဉ်ကြိုး တို့ ကို ခိုးဖြေလျက် ၊ မဟာအဏ္ဏဝါပြင် သို့ တဖန် ထွက်ခဲ့ရပြန်ပါ၏ ။

သို့နှင့်ပင် လှိုင်းတို့၏ တံတွေးခွက် ထဲသို့ ကိုယ် ၏ ‘ နရရာဇာ ’ သည် ပက်လက် ရောက်ခဲ့ရ ပြန်ပါသည် ။

°°°°°°°°°°°°°°

နောင်၌ကား ချစ်သူ ၏ စွန့်ပစ်ထားရစ်ခြင်းခံရသော မိန်းမငယ် ကဲ့သို့ ကိုယ် ၏ သင်္ဘောသည် လည်း မဟာအဏ္ဏဝါ အိပ်ရာ၌ ပက်လက် မှ သည် တပြောင်းပြောင်း တပြန်ပြန် ဖြင့် လူးလိမ့်၍ နေခဲ့ရပြန်ပါ၏ ။ ဤသို့ တလူးလူး တလိမ့်လိမ့်နှင့် သိမ့်သိမ့်ခါ နေသော သင်္ဘောငယ် “ နရ ရာဇာ ” သည် တနေ့သော အခါ၌မူ ပုဗ္ဗဝိဒေဟကျွန်း ၏ ကမ်းသောင်ခြေ တနေရာမှာ မေးတင် ကာ ၊ “ ကုန် ”  အလို့ငှာ ဆိုက်လှာပါ၏ ။ ဤမှ တဆင့် အပရဂေါယာ ကျွန်း သို့ ၄င်း ၊ နောင်အခါ ဇမ္ဗူဒီပါကျွန်း သို့ ၄င်း ၊ နောင်အခါ ဥတ္တရကုရု ကျွန်း သို့ ၄င်း ၊ စသည် စသည် ဖြင့် အပြည်ပြည် အကျွန်းကျွန်း သို့လည်း လှည့်လည်လွှင့်ပတ် ရောက်ခဲ့လတ်၍ ၊ ရောက်တတ်ရာရာ အရပ်ရပ် တို့မှ ရရာရာ အဖိုးတန် မှန်သမျှသော “ ကုန် ” တို့ကို ကိုယ် သည် “ အသိ ” ဖြင့် ပေးဝယ်သယ် ဆောင်ခဲ့လျက် ညည်း တို့ မြေသို့ တဖန် လှည့်ပြန် ခဲ့ရပြန်ပါသည် ။

ကိုယ့် အား ယခင် က ထက် များစွာ ပိုမိုသော နှစ်လိုကြည်ဖြူမှု ဖြင့် ကြိုဆို နေအံ့သော ညည်း အဖို့ရာ ၄င်း ၊ ညည်းတို့ အဖို့ရာ ၄င်း ၊ ဤ ပါလာသော မေတ္တာ ၊ အလှ ၊ သစ္စာ ၊ ဘဝ စသည့် “ ကုန် ” တို့သည် ကိုယ် ၏ နောင်တ လက်ဆောင်များပါတည်း ။

သို့သော် ညည်း က ၄င်း ၊ ညည်း ၏ ဝန်းကျင် က ၄င်း ၊ ကိုယ့် အထင်အတွေး နှင့် ခြားနား ဆန့်ကျင်စွာ ပြုမူခဲ့ပါသည် ။ နှစ်လိုကြည်ဖြူသော အရိပ်အယောင် ဟူ၍ လည်း ညည်း ၏ မျက် နှာတွင် မှဲ့တပေါက်စာ မျှ ကိုယ် မတွေ့ရပါတကား ။

တခါက ကိုယ့် အပါးမှာ ဖဝါး မကွာ နေပါရစေ ဆိုခဲ့သသူ ညည်း ကိုယ်တိုင် ကပင် ကိုယ့် ကို သူစိမ်းတရံဆံ အသွင် မသိဟန် ဆောင်ကာ ရှောင်ကြဉ် နေတတ်ပြီ ဆိုတော့လည်း ညည်း ၏ ဝန်းကျင် ကို ကိုယ် မငြိုငြင်လိုတော့ပါ ။ ကိုယ့် သင်္ဘော မှာ အသိဖြင့် ပေးဝယ်ခဲ့ရ သည့် ဝမ်း နှင့် ပြည့်သော ကုန်တို့ အမြောက်အမြား ပါလှာသည် ဟု ညည်း ကို တိတ်တိတ် ဖွင့်၍ ဝန်ခံခဲ့သော အခါ၌လည်း ညည်း က ကိုယ် ၏ ဖွာနေသော ဆံပင်တိုများ ကို ညည်း ၏ သွယ်ပျောင်းသော လက်ချောင်းနွယ်များ ဖြင့် ဆုပ်ကိုင် လှုပ်ရမ်း၍ သာ ရယ်ပါသည် ။

သည်တခါမူ မကြားရသေးသော သူအား တေးအလင်္ကာ ၏ အရသာ ကို ပြောပြမိသသူ ကဲ့သို့ ဝမ်းနည်းကြေကွဲစွာဖြင့် ကိုယ့် သင်္ဘောထံ ကိုယ် ငို၍ ပြန်ခဲ့ရပါ၏ ။

ကိုယ့် သင်္ဘော ထံ ကိုယ် ပြန်၍ ရောက်သော အခါ၌မူ ညည်း နှင့် တကွသော ညည်း ၏ ဝန်းကျင် အကြောင်း ကို ကိုယ် ကောင်းစွာ နားလည်ရ ပြန်ပါသည် ။

ပါလာသော ကုန်တို့ ကိုသာ ပီတိဖြင့် ကြည့်၍ နေမိသောကြောင့် ကိုယ်၏ သင်္ဘော သည် လည်း မြွေပွေးကွက်နှယ် ဆေးများ ကွက်၍ ၊ ပြန်လည်ဆက်ထားအပ်သော လင်းယဉ်တိုင်ကျိုး ထက်မှ အလံငယ် သည် လည်း နေစား ထားသဖြင့် လွလွဖြူ ကာ ၊ လေစား ထားသဖြင့် မွမွဖြာ နေပြီကို ကိုယ် တွေ့ရပါသည် ။ “ နရရာဇာ ” ဟူသော အမည်သည် လည်း ပျက်ပြယ် ၍ ၊ ယင်း ၏ အောက် မှ အမည်ဟောင်း ‘ သုတ နာဝါ ’ သည်ပင် ရေးပျပျ တင်နေပါပြီ ။

ဪ မေးရမည် ဆိုပါလျှင် ညည်းတို့ ၏ ဝန်းကျင်၌ “ အမြင် ” ဆိုသည် ၏ အနက် သဘော ကို ပသို့များ ဖွင့်ဆိုထားပါသနည်း မိစိုး ။

°°°°°°°°°°°°°°°

◽တရေးနိုး ကလေး

အိပ်မက် ထဲ မှ ကိုယ် ကား ငိုနေသည် ။

အိပ်မက် မက်နေသော ကိုယ် ကား အိပ်ပျော်လျက် ရယ်မောနေသောကြောင့် အားငယ် တတ်သော သတ္တိကောင်း အခန်းဖော် ကျောင်းနေဘက် က ကိုယ့် ကို ငြိုငြင်စွာ လှုပ်ခါ၍ နှိုးလှာပါသည် ။ ဤတွင် ကိုယ့် အိပ်မက် သည် လည်း တပါတည်း ပျက်ခဲ့ရပါတော့၏ ။

အိပ်မက် ဆိုသည်မှာ အစဉ် အလျဉ်မပျက် ပြန်ဆက်၍ တွေးရသည်မှာ မလွယ်ပါ မိစိုး ။ မလွယ်သော်လည်း ညည်း ပါသော အိပ်မက် မို့ ညည်း မျက်နှာကြောင့် သွယ်ဆက်၍ တွေးကြည့်ခဲ့ပါ၏ ။ ထိုအတွေး ထဲ၌ပင် ကိုယ် သည် တကျော့တဖန် အိပ်ပျော်ခဲ့ရပြန်ပါသည် ။ ထို အအိပ်ထဲ ၌ပင် ကိုယ် သည် အိပ်မက် တဖန် မက်ခဲ့ရပြန်ပါ၏ ။

ညည်း ကို သည် အိပ်မက် ထဲမှာလည်း တွေ့ရပြန်ပါပြီ ။ ဪ ပွဲတိုင်းကျော်ပါ တကား ။

°°°°°°°°°°°°°°°

သူတကာ ပြောမည် ဆိုလျှင်လည်း ပြော စရာပင် ။ ကိုယ့် ဘဝမှာ ညည်း သာလျှင် သခင် ၊ ညည်း သာလျှင် ဘုရင် မို့ ကိုယ့် အိပ်မက် တို့ ကိုလည်း ညည်း အပျော် နေဘို့အတွက် သက်သက် ဆောက်ထားအပ်သော အိမ်များ ဟုပင် ညည်း က ခပ်ပိုင်ပိုင် ထင် နေသည် ထင့် ။ ညည်း မပါ လျှင် ကိုယ့် မှာ အိပ်မက် ပင် မမက်တတ်တော့ပါ ။

စင်စစ်သော် ကိုယ့် အိပ်မက်များကို ညည်း တယောက်တည်း လွှတ်တော်ဆင့် ပြဋ္ဌာန်း၍ ညည်း အပိုင် လုယက် သိမ်းပိုက်ထားခဲ့သည်မှာ ကြာပါပြီ ။ ကိုယ် က အားနည်းသူ မို့ ညည်း ၏ အပြုအမူ ကို မတိုက်ခိုက်ဝံ့ တော့လည်း တစတစ နှင့် ညည်း အတင့်ရဲ လာသည်မှာ ဆန်းသည် ဟု ကား မဆိုနိုင်ပါ ။

သို့သော် သည် အိပ်မက် မှာတော့ ညည်း ပါသော အခန်းကဏ္ဍ မှာ သိသိသာသာ လျှော့နည်း လာပါပြီ ။ သည်နည်းနှင့် ပင် ညည်း ကို တစတစ ကိုယ် မေ့လာ နိုင်ပါလိမ့်မည် ထင်၏ ။

စိတ် တော့ မရှိနှင့် ။

°°°°°°°°°°°°°°°

◽အိပ်မက် အမှတ် ၂

အိပ်မက် ဆိုသည်မှာ အာရုံငါးခု ရုပ်ဝတ္ထု နှင့် ပသို့မျှ မပတ်သက်သည် မို့ ပကတိ မျက်စိ နှင့် ကြည့်ရသည့် သွင် ထင်ထင်ရှားရှား မမြင်နိုင်ကြောင်း ကို မူ ညည်း သိထားနှင့်တန် ကောင်း ပါပြီ ။

ထိုကဲ့သို့သော မထင်မလျား ဝိုးတဝါး လောက ထဲတွင် ကိုယ် ၏ ဝိညာဉ်သည် လည်း သစ်ပင် ပမာ မြေ၌ ရပ်၍ နေပါချေ၏ ။

ထိုအပင် ကား အိုမင်းပါ ချေပြီ ။ အရွက်တို့ ကား အမုန်း ကဲ့သို့ စိမ်းစိမ်းရင့်၍ နေကုန် ၏ ။ အပွင့်တို့ ကား မာန ကဲ့သို့ နီမြန်း၍ နေကုန်၏ ။ အမြစ်တို့ ကား ငရဲပြည် ၌ တည်ကုန်၏ ။ အခက်တို့ ကား နိဗ္ဗာန်ဘုံသို့ ဆန်ချေပြီ ။

ကိုယ် သည် ရွှေ ကဲ့သို့သော မြေမှ ကိုယ် ၏ ဝိညာဉ်ပင် အတွက် ငွေ ကို ရေ ကဲ့သို့ လောင်းခဲ့ပါ၏ ။ ရွှေရည်ငွေရည် တို့သည် ထို အပင်ရင်း မှ နေ၍ မြစ်မ ငါးရာ ဖြာဖြာဆင်း ချေ သည် ။

တနေ့သော် ကောင်းကင် မှ ကြယ်များ ကြွေလှာသည် ဟု ရုတ်တရက် ကိုယ် ထင် မိ၏ ။ ကိုယ့် နှလုံးအိမ် မှ သွေးတို့သည် လည်း ကျိုးသော တာမှ ရေ ကဲ့သို့ အဟုန်ပြင်းစွာ ဖြင့် တိုးလှာကြကုန်၏ ။ သို့သော် ကိုယ့် အထင် မှားခဲ့သည် တကား ။

ရွှေမြေ သည် သွေးဖြင့် လွှမ်းကုန်၏ ။ နေ သည် ရွှေ နှင့် ပြိုင်၍ ပူပြကာ နီသော ဝိညာဉ်ပန်းတို့ ကို မြေခစေလေပြီ ။ ဪ ဝိညာဉ်ပင်တို့ မည်သည် ဇရာဥတု သို့ တိုင် ရောက် ခါမှ သီးတတ်ချေသည် တကား ။

ကိုယ် သည် မှည့်သော အသီးတို့ ကို မြေဝယ်မကျ ဆွတ်ခဲ့လတ်၍ တရပ်တရွာ မှ အလည် ရောက်လာနေကြကုန်သော ဘုရားဖူးဧည့်သည် တို့ လျှောက်ရာ မဟာလမ်းမ စင်္ကြံ ၌ ရွှေလင်ဗန်း ငွေလင်ဗန်း တို့ဖြင့် ခမ်းနားစွာ ခင်းကျင်း၍ တည်ခဲ့တုံ၏ ။

ကိုယ့် အား ဧည့်သည် တို့သည် မှန်ကို ကြည့် သကဲ့သို့ ကြည့်ကုန်၏ ။ ကိုယ့် ကို မြင်သောအခါ ငယ်ရွယ်ချောမွေ့သော မိမိ ရုပ်ကို မိမိ ပြန် မြင်ရ သကဲ့သို့ လည်း ပျော်ကုန်သည် ။

ကိုယ့် စေတနာ သဒ္ဓါတရား အတွက်လည်း လူသူတကာ က ပြုံး၍ ချိုစွာ နှုတ်ဆက် လာကုန်၏ ။ ဧည့်သည်တို့ သည် မဟာလမ်းမကြီး ၏ စင်္ကြံထက် ၌ စုရုံးလျက် ၊ ကိုယ့် အား စကြာဝဠာပြန် လူစွမ်းကောင်း ကဲ့သို့ ကြည့်ရှုလိုသော စိတ်နှင့် တကွ ၊ သြဘာ ပြုနေကြပါကုန် ၏ ။

တယောက်သော ဧည့်သည် မှာ မူကား ချစ်သူ နှင့် ရုတ်တရက် ရင်ဆိုင် တွေ့နေရ သကဲ့သို့ ခုန်သော ရင်ဖြင့် တခုသော သစ်သီး ကို ကြည့်နေဘိ၏ ။ တယောက်သော ဧည့်သည် မှာ မူကား သစ်သီး တို့ကို အားဖြင့် ကျုံး၍ ပါလာသော အိတ်ဝယ် အပြည့် ထည့်နေဘိ၏ ။

ရုတ်ခြည်းပင် လျှင် ရွှန်းပသော လင်ဗန်းများ ၌ တခုမျှ မကျန်ခဲ့တကား ။

ကိုယ် တွေးမိပါ၏ ။ ကိုယ် ကိုယ်တိုင် ပင် လျှာ နှင့် တခု ကိုမျှ တို့ မကြည့်ခဲ့မိဘူး သော်လည်း ဤ သစ်သီးတို့ သည် သုဓာဘုတ် နှယ် ချိုမြိန်ရွှန်းမြလိမ့်မည် ဟု ကိုယ် ဆင်ခြင် မိပါပြီ ။

သို့သော် သူတကာ ၏ အရသာ ကို ကိုယ် လည်း ကိုယ့် လျှာ မှာ တွေ့ကြည့်လိုလာ သည် ။ တခုမျှကို မူ မြဲကြည့်လို၏ ။ ထို့ကြောင့် လင်ဗန်းများ ကို ထပ်၍ ဘဝဂ်သို့ တိုင် တိုင် ထူခိုက် ၊ တခုသော လင်ဗန်း ၏ အောက် မှ တခြမ်း သာ မှည့်၍ တခြမ်း စိမ်းသော တခုသော အသီး ကို မြင်ရသော အခါ ကိုယ် ပျော်မိပါသည် ။ ကိုယ့် ဝိညာဉ် ၏ အမွေအနှစ် ကို ကိုယ် ကိုယ်တိုင် သုံးဆောင်ရတော့မည် ဟု သိရသောအခါ ကိုယ် ရေးသော ကဗျာ ကို ကိုယ့် ဖာသာ ပြန် ဖတ်ရ သကဲ့သို့ စိတ် မှာ ကြည်မြမိပါ၏ ။ သည်စိတ် နှင့် ပင် ကိုယ် သည် မှည့်သော အပိုင်း ကို သွား ဖြင့် ကိုက်သော်

အို ကိုယ့် သွားများ ကြွေရပါပြီ မိစိုး ။

ချဉ်လှပါဘိ တကား ။ ခါးလှပါဘိ တကား ။

သံပုရာတို့ ချဉ်သည် ၊ တမာတို့ ခါးသည် ဆိုသည်မှာ လူတို့ အတွေ့အကြုံ နှင့်သာ ဆိုင်ပါချေ၏ ။ ဤ အချဉ် ဤ အခါး ကိုမူ လူတို့ မတွေ့မကြုံဘူးတန်တကား ။

°°°°°°°°°°°°°°°

သံပုရာ ထက် အဆ တရာ ၊ တမာ ထက် အဆ တကုဋေ မကျေချမ်းနိုင် ၊ ခွင့်မလွှတ်နိုင်သော အကုသိုလ် ဖြင့် ကိုယ် သည် လူတို့ ကို ဖျက်ခဲ့မိသည် ။ ထိုအခါ ကိုယ် ၏ အမျက်တို့ သည် လည်း မိုး ကဲ့သို့ ညို့လာကာ ကိုယ့် ကိုယ်ကို ပြန်၍ သ,တ်လှာ၏ ။

ကိုယ် သည် ငရဲငယ် ၃၂ ဘုံ ၌ ရေနစ်သူ ၏ လက်များ ကဲ့သို့ တွယ်ကုတ် နေသော ဝိညာဉ်သစ်မြစ်များ ကို အမျက်မာန် ဖြင့် တအား ဆွဲနုတ် ထည့်၍ ၊ အတိတ် ရွှေမြေကို ငလျင် ဖြင့် လှန်ပစ်မိပါသည် ။ ပစ္စုပ္ပန် ၏ အပူ၌ မြေ မှ နုတ်ထားအပ်သော အပင် သည် သေတော့၏ ။

အို ၊ မိစိုး ။ ကြာပြီ ။ ကြာချေပြီ ။

ကာလ သည် လူတို့ ကို မသနားတတ်သည်သာ တကား ။

ထိုအခါ ကိုယ် ၏ သေနေသော ဝိညာဉ်ပင် ကို အနာဂတ် စိမ့်စမ်းမြေ ၌ ဝဋ်အလျောက် တဖန် ပြန်လည် စိုက်ကြည့်ရ ပြန်ပါသည် ။ သည်တခါမူ အခက်အရွက်များ ကို မြေ မှာ မြှုပ်တည့် ၍ ၊ အမြစ်များ ကို မိုး သို့ မျှော်စေကာ သွေး ချွေး မျက်ရည် တို့ဖြင့် သွန်းတည့်၍ စိုက်ပါ၏ ။

နေ့ သည် ၄င်း ၊ ညဉ့် သည် ၄င်း ၊ ကိုယ် ၏ တာဝန်သာတည်း ။ ကိုယ် သည် နေ့ည မဟူ အရိပ် ကိုသာ ကြည့်နေမိပါ၏ ။

သို့နှင့်ပင် ဝိညာဉ်ပင် သည် ဇရာဥတု သို့ တိုင်ပြန်သော အခါ တဖန် ပြန်လည်၍ ပွင့်လှာပြန်သည် ။ အပွင့်တို့ ကြွေပြန်သော အခါ၌လည်း အသီးတို့ သည် ဝေဆာလှာပြန်၏ ။

သည်တခါမူ ကိုယ် က ပထမ မြဲကြည့်ရပါသည် ။

ပျားရည်တို့ ချိုသည် ၊ စပယ်တို့ မွှေးသည် ဆိုသည် မှာ လူတို့ အတွေ့အကြုံ နှင့်သာ ဆိုင်ပါချေ၏ ။ ဤ အချို ၊ ဤ အမွှေး ကို မူ လူတို့ မတွေ့မကြုံဘူးဟန်တကား ။

အမျက်တို့ လည်း ပြေပါပြီ ။

ထို့ကြောင့် မှည့်သော အသီးတို့ ကို မြေဝယ် မကျ ဆွတ်ခဲ့လတ်၍ ဘုရားပွဲ လာ ဧည့်သည်တို့ လျှောက်ရာ မဟာလမ်းမ စင်္ကြံ ၌ ထန်းခေါက်တောင်းများ ဖြင့် ထည့်ကာ တည်ခင်း ဧည့်ခံခဲ့မိပြန်ပါသည် ။

သို့သော် ဧည့်သည် တို့ က ဆန်းသည် ။ မစားကောင်း သကဲ့သို့ လည်း ကြည့်ကာ ကြည့်ကာ မျှ ဖြင့်ပင် ပြန်၍ ပြန်၍ သာ ချထားခဲ့ကြပါကုန်၏ ။

သည် အထဲ မှ တယောက်သော သူ ကမူ တခုသော သစ်သီးကို အသေအချာ တယု တယ ကိုင် ကြည့်၍ ပြင်းစွာ ရယ်ပါချေသည် ။ ထို့နောက်၌ ကား ထို တယောက်သူ ၏ မျက် နှာမူရာ သည် ရုတ်ခြည်း ပြောင်းလာကာ တံတွေး ကိုလည်း ပက်ပက်ပါ ထွေးခဲ့ပါချေ၏ ။

မိစိုး ။ ထို တယောက်သော သူကား အသူပါနည်း ။

အများ ကြား ထဲ မှာ မို့ ညည်း ကို လူ မှားမည် မထင်လေနှင့် ။ ညည်း မျက်နှာ ကို ကိုယ် သိသည် ။ ကိုယ့် အသဲ မှာ ညည်း မျက်နှာ အရာ ထင်နေသည် ။

တယောက်သော သူ မှာ ညည်း မှ ညည်း ပါတည်း ။

°°°°°°°°°°°°°°°

◽ယုံတမ်းစကား ဆိုသသူ

နေခြည်နုငယ် သွယ်လျလျသည် ကိုယ့် ပါးကို ညင်သာစွာ နမ်းလှာ၏ ။ နေ့ သည် သူ ၏ တောက်ပသော အဝတ်တန်ဆာ ဖြင့် ည ၏ သိမ်မွေ့ယုယမှု ကို မျက်နှာ ငယ်စေခဲ့ချေပြီ ။

မိစိုးငယ် ။ ည က အိပ်မက်များ ထဲ မှာ ပင် ညည်း က ထွက်ပြေးသူပါ တကား ။

ညည်း ၏ ဟန်မဖုံးသော မာန်ပြုံးတို့ ကို ထို အိပ်မက်များ တွင် ကိုယ် အထင်အလျား မြင်ခဲ့ရပါပြီ ။ ညည်း ၏ ပင်ကိုယ် စိတ် ၊ ပင်ကိုယ် ရုပ် သည် အိပ်မက် အမူး တွင် ကျွဲခိုး ပေါ်ခဲ့ ချေပြီ တကား ။

°°°°°°°°°°°°°°

ညည်း ထံ ကိုယ် စာ အတန်တန် ရေးခဲ့ပါ၏ ။ ညည်း က တစောင် ဆို တစောင် မှ မပြန်တတ် ခဲ့ပါ ။ ညည်း ကို တွေ့သော အခါ၌လည်း ညည်း ၏ ဝန်းကျင်မှာ ကိုယ့် သိက္ခာ ကို မိုး သို့တိုင် တင်၍ ကိုယ် ၏ ငယ်စိတ် ငယ်လက် တို့ ကို လည်း တရားဖြင့် တအား ချုပ်တတ်ပြန်ပါသည် ။ ဪ ၊ အသူ ခံတမ်းပါထင့် ။

ညည်း ကိုယ့် ကို မျက်လှည့်  ပြနေသည် မှာ ကြာပါပြီ ။ ညဦး က မှ ဖတ်ရသော ညည်း ၏ ပထမဆုံး နှင့် နောက်ဆုံး ပြန်စာတိုကလေး ကလည်း ကိုယ့် ကို ထပ်၍ တဖန် မျက်လှည့်ပြ နေပြန်သည်သာ တည့် ။

ညည်း က ညည်း စာတွင် “ အချစ် ဆိုသည်မှာ ကျွန်မ နားမလည်ပါ ” ဟု ဆို၏ ။

ဪ ... ဪ ၊ မှန်ပါ့ ။ ယုံပါမည် ။

ရယ်ဘို့ပင် ကောင်းတော့၏ ။ မိစိုး ။ ညည်း ကိုယ် ညည်း ပြန်ကြည့်ဦး ။ ရင်ပုံ ကို ဝတ်၍ လျော့တော့တော့ မလုံ့တလုံ ဖြင့် လည်း ညည်း နေတတ်ချေပြီ ။ ဆံပင် ကို ပါးပါး ဖြန့်၍ နားရွက် အထက်ပိုင်း ကို လည်း ညည်း လုံလုံ ဖုံးခြုံတတ်ချေပြီ ။ ဒေါက်မြင့်ဖိနပ် ဖြင့် လည်း ခြေရာတို့ ကို မျဉ်းဖြောင့် တကြောင်းတည်း မှာ ထပ်၍ ညည်း လျှောက်တတ် ချေပြီ ။ အင်္ကျီ ၏ အရောင် နှင့် ဆန့်ကျင်သော ထမီရောင် ကို လည်း ညည်း ရွေးတတ်ချေပြီ ။ အထက်ဆင့် မပါ သော ထမီ ကို ကျဉ်းကျဉ်း ချုပ်ကာ ၊ ခါးကြား မှာ မညှပ်မီ အထက်စ ကို ကြိုးကဲ့သို့ နှစ်ပတ် သုံးပတ်မျှ ကျစ်၍ လည်း ဝတ်တတ်ချေပြီ ။

ညည်း မျက်နှာ သည် နွမ်းလျနေဟန် ထင့် ။ ညည်း ဆံစည်းသည် လျော့ရဲရဲ နှင့် ။ ညည်း ထုံးဖွဲ့မှု သည် မြှော်တလင့်လင့် ။

သို့သော် ညည်း ၏ နှလုံးအိမ် သည် ပျားရည် မှာ စိမ်နေရသည် သို့ ပျော်၏ ။ ညည်း လမ်းလျှောက် လျှင် က နေသည်ချည့် ထင်မိ၏ ။ ငယ်ငယ် က အမေ ပြောသော ပုံပြင် တပုဒ် ထဲ မှ နတ်မြင်းပျံ ဆိုသည် မှာ ညည်း ကဲ့သို့ပါ တကား ။

°°°°°°°°°°°°°°°

ကိုယ် ပသို့ ယုံရပါ့မည်နည်း ။

ပသို့သော အထောက်အထား ဖြင့် ညည်း ၏ စကားကို ယုံရပါ့မည်နည်း ။

လူ သည် ဟန်ဆောင် တတ်၏ ။ ညည်း ၏ ဝန်းကျင် သည် လည်း ဟန်ဆောင်တတ်၏ ။ ညည်း သည် လည်း ဟန်ဆောင်တတ်ချေပြီ ။

ညည်း က နားလည်လျက် နှင့် နားမလည် ဟန် ဆောင်ခဲ့၏ ။ ဪ ၊ လိမ်မာဘိသည်တကား ။

ကိုယ် က မူ ဟန်မဆောင်လိုပါ ။ ကိုယ် ဝန်ခံပါ၏ ။ ညည်း ကို ကိုယ် ပသို့မျှ နား လည်၍ မရနိုင်ပါ မိစိုး ။

◾မောင်သာရ

📖 တကျပ်တန် စာအုပ်
      ၁၉၆၁ ခု ၊ .........လ

ဖားမင်းသားကလေး


 

ဖားမင်းသားကလေး
        ( ပုံပြင် )

တစ်ခါတုန်းက ဘုရင်ကြီး တစ်ပါး ရှိ သတဲ့ ။ အဲဒီ ဘုရင်ကြီး မှာ သမီးတော် တွေ ရှိတော် မူ သတဲ့ ။ ဒါပေမယ့် သမီးတော်ကြီး တွေ ဟာ သူတို့ နဲ့ ထိုက်တန်တဲ့ မင်းညီမင်းသားတွေ နဲ့ လက် ထပ်ထိမ်းမြား သွားကြလေတော့ ဘုရင်ကြီး ဟာ သမီးတော် အထွေးဆုံး နဲ့ ပဲ အတူတူ နေတော်မူ ရှာ သတဲ့ ။ ဒီ သမီးတော် အထွေးလေး ဟာ အခြား သမီးတော်တွေ ထက် ရုပ်လက္ခဏာ ပြေပြစ် တင့်တယ်လေတော့ ဘုရင်ကြီး က သူ့ ကို သမီးတော်ကြီး တွေ ထက် ပိုပြီး ချစ်ခင်မြတ်နိုးတော် မူရှာ သတဲ့ ။ အဲဒီလို ချစ်မြတ်နိုးတော်မူလွန်း လို့ သမီးတော်ကလေး ကို ထူးထူးဆန်းဆန်း ၊ လှလှပပ ကစားစရာမြောက်များစွာ ကို ဝယ်ပေးထားတော်မူ သတဲ့ ။

ဒါပေမယ့် သမီးတော်ကလေး ကတော့ အဲဒီ ကစားစရာတွေ ထဲ က ရွှေဘောလုံးကလေး ကို သဘော အကျဆုံးပဲတဲ့ ။ ဒါကြောင့် သမီးတော်ကလေး ဟာ အဲဒီ ရွှေဘောလုံးကလေး နဲ့ မင်္ဂလာဥယျာဉ်တော် ထဲ သွားသွားပြီး ကစားလေ့ရှိ သတဲ့ ။ တစ်နေ့ တော့ သမီးတော်ကလေး ဟာ ရွှေဘောလုံးကလေး ကို လိုက်ဖမ်းတာ မမီလိုက်တော့ ဘဲ မင်္ဂလာဥယျာဉ်တော် ထဲက မင်္ဂလာရေကန်တော်ထဲ လိမ့်ကျသွား သတဲ့ ။ ရွှေဘောလုံးကလေး က လည်း မင်္ဂလာရေကန်တော် ထဲ လိမ့်ကျသွားတာ ဟာ ကမ်းစပ်နား မှာ မရပ်ဘဲ ရေကန်တော် အလယ် ထိ အောင် ရောက်သွား သတဲ့ ။ မင်းသမီးကလေး ဟာ သူ့ ရွှေဘောလုံးကလေး ရေကန်တော် ထဲ လိမ့်ကျ သွားတာ မြင်လိုက်ပေမယ့် ရွှေဘောလုံးကလေး ဟာ ရေကန်တော် အလယ် ရောက်သွားပြီး အပေါ် က ကြာပွင့်ကြာရွက် တွေ က ဖုံးနေလေတော့ ဘာမျှ မမြင်ရတော့ဘူးတဲ့ ။ ဒါနဲ့ မင်းသမီးကလေး ဟာ ရေကန်ဘောင် ပေါ် မှာ ထိုင်ပြီး ငိုနေ သတဲ့ ။

အဲဒီလို မင်းသမီးကလေး က ထိုင် ငို နေတုန်း သူ့ နောက် က နေပြီး “ အို ... မင်းသမီး ကလေး ၊ ဘာကြောင့် ငိုနေရသလဲ ၊ သင် မင်းသမီးကလေး ရဲ့ မျက်ရည်တွေ ဟာ လူသားတို့ ရဲ့ နှလုံးသား ကို မပြောထား နဲ့ အလွန် မာကျောလှတဲ့ ကျောက်တွေ ကို တောင် အရည် ပျော်စေပါ တယ် ။ ကျွန်ုပ် ကူညီပါရစေ ၊ အဘယ် အရေး အဘယ် ကိစ္စ ဆိုတာ သိပါရစေ ” လို့ ပြောလိုက်တဲ့ အသံ ကြား ရလို့ မင်းသမီးကလေး က နောက်ကို လှည့် ကြည့် လိုက်ရာမှာ ရေတွေ ရွဲရွဲစို နေတဲ့ ဝဝစိမ်းစိမ်း ဖားကြီး တစ်ကောင် ကို တွေ့ရ သတဲ့ ။ မင်းသမီးကလေး ကလည်း အဲဒီ ဖားကြီး ကို မြင် တော့ အံ့အားသင့်ပြီး “ အို ... ဖားကြီး ၊ ကျွန်ုပ် ရဲ့ ရွှေဘောလုံးကလေး ဟာ ရေကန်အလယ်ရောက် သွားလို့ပါ ” လို့ ပြန် ပြောကာ ထပ် ငိုနေပြန် သတဲ့ ။

အဲဒီ အခါကျတော့ ဖားကြီး က “ အို ... မင်းသမီးကလေး ၊ မစိုးရိမ်နဲ့ ၊ ကျွန်ုပ် အသင့် ရဲ့ ဘောလုံး ကို ပြန် ရအောင် ယူပေးပါ့မယ် ၊ အသင့် ရဲ့ဘောလုံး ပြန် ရရင် ကျွန်ုပ် ကို ဘာပေးမလဲ ” လို့ မေး သတဲ့ ။

မင်းသမီးကလေး က “ ကျွန်ုပ် မှာ ရှိတဲ့ ကျောက်မျက်ရတနာတွေ ၊ ကျွန်ုပ် ဆောင်းတဲ့ မကိုဋ်ရယ် ၊ ကျွန်ုပ် မှာ ရှိတဲ့ အသပြာ အားလုံး ကို သင့်အား ပေးမှာပေါ့ ”

ဖားကြီး “ ကျွန်ုပ် သင့် ရဲ့ပစ္စည်းဥစ္စာ ၊ ရတနာ ရွှေငွေတွေ ကို တစ်ခုမျှ မလိုချင်ဘူး ၊ ကျွန်ုပ် ဟာ သင့် ရဲ့မိတ်ဆွေ ဖြစ်ပြီး သင် နဲ့ အတူ စားချင်တယ် ၊ ကစားချင်တယ် ၊ သင် နဲ့ အတူတူ အမြဲ နေပြီး အိပ်တာ တောင်မှ သင် နဲ့ အတူတူ အိပ်ချင်တယ် ”

“ အို ... ဖားကြီး ၊ သင် လိုချင်တာ အကုန် ရစေ့မယ် ၊ ကျွန်ုပ် ရဲ့ ရွှေဘောလုံးကလေး ကို သာ ရေကန်တော် ထဲ က ပြန် ရအောင် လုပ်ပေးပါလို့ ” မင်းသမီးကလေး က ပြန်ပြော သတဲ့ ။ မင်းသမီးကလေး က ဒီလို ပြောလိုက်တာ ဟာ တခြားကြောင့် မဟုတ်ဘူး ။ “ ဒီ ဖားကြီး ဟာ သူ နဲ့ အတူ နေချင် ၊ အတူ စားချင်တယ် လို့သာ ပြောနေတယ် ၊ အမှန်ကတော့ ဖား ဆိုတာ ရေ ထဲမှာ သာ နေနိုင်တာ ။ သူ ဟာ တခြား ဖားတွေ နဲ့ ရေ ထဲ မှာသာ ပျော်နေချင် မှာပါ ” လို့ သူ့ ဘာသာ သူ စဉ်းစားမိလို့ပဲ ။

ဖားကြီး က လည်း မင်းသမီးကလေး ရဲ့ ကတိစကား ကို ကြားရတော့ တစ်ခါတည်း ရေကန် ထဲ ခုန်ချပြီး ရွှေဘောလုံးကလေး ကို သူ့ ပါးစပ် နဲ့ ကိုက်ပြီး ပြန် ထွက်လာ သတဲ့ ။ မင်းသမီး ဟာ ရွှေဘောလုံးကလေး ကို မြင်လိုက်တာ နဲ့ တစ်ပြိုင်နက် ဖားကြီး ပါးစပ် ထဲ က ယူပြီး နန်းတော် ဆီ အတင်း ပြေးတာပဲတဲ့ ။ ဖားကြီး က နောက်က နေပြီး “ အသင် မင်းသမီးကလေး ၊ စောင့်ပါဦး ၊ ကျွန်ုပ် သင့် ကို မီအောင် မလိုက်နိုင်ဘူး ” လို့ အော်ပြောတာတောင် လှည့် မကြည့်တော့ဘူးတဲ့ ။ ဖားကြီး ဟာ ဒါနဲ့ ဝမ်းနည်းပက်လက် နဲ့ ရေကန် ဆီ ကို ပြန် သွားရှာ သတဲ့ ။

ညကျတော့ ဘုရင်ကြီး ရော ၊ မိဖုရားကြီး ရော ၊ သမီးတော်ကလေး ပါ ညစာ စားနေကြ တုန်း တစ်စုံတစ်ယောက် ဟာ ထမင်းစားခန်း ဆီ လာတဲ့ အသံ နဲ့ တံခါး ကို ခေါက်သံ ကြား သတဲ့ ။ ပြီးတော့ တံခါး အပြင် က နေပြီး “ အို ... ဘုရင်သမီးတော်ကလေး ၊ တံခါး ကို ဖွင့်ပေးပါလော့ ” လို့ ပြောသံ ကို လည်း ကြားရ သတဲ့ ။ ဒါနဲ့ သမီးတော်ကလေး ဟာ တံခါး ကို သွားဖွင့် လိုက်တော့ မနက် က သူ့ ရွှေဘောလုံးကလေး ကို ရေကန်တော် ထဲ က ဆယ်ပေးတဲ့ ဖားကြီး ကို မြင်တော့ တစ်ခါတည်း ထိတ်လန့်ပြီး တံခါး ကို ပြန် ပိတ်လိုက်သတဲ့ ။ ဘုရင်ကြီး က သမီးတော် ထိတ်ထိတ်ပျာပျာ ဖြစ်နေတာ ကို မြင်လို့ မေးကြည့်တဲ့ အခါမှာ သမီးတော် က အဲဒီနေ့ နံနက်ခင်း က ဖားကြီး နဲ့ သူ နဲ့ တွေ့ရပုံ ၊ ဖားကြီး ကို သူ ကတိ ထားခဲ့ပုံ ၊ ဖားကြီး က သူ့ ရွှေဘောလုံးကလေး ကို ရေကန်တော် ထဲက ဆယ်ပေးပုံတွေ ကို အကုန် ပြန် ပြော သတဲ့ ။

အဲဒီတော့ ဘုရင်မင်းမြတ် က သမီးတော် ကို သူ က ဖားကြီး ကို ပေးခဲ့တဲ့ ကတိ အတိုင်း တံခါး ကို ဖွင့်ပေးခိုင်းတော်မူ သတဲ့ ။ အဲဒီနောက် ဖားကြီး က မင်းသမီးကလေး နဲ့ အတူ ထမင်း စားချင်တယ် ဆိုပြီး မင်းသမီးကလေး ပန်းကန် ထဲ က နှိုက်စားပြန် သတဲ့ ။ မင်းသမီးကလေး က သူ့ ခမည်းတော် ဘုရင်မင်းမြတ်ကြီး က သူ ကတိ ထားခဲ့တဲ့ အတိုင်း ထမင်း ကျွေးရမယ် ဆိုလို့ သာ ကြည့်နေရတယ် ။ ဒီ ဖားကြီး စားတာကို နည်းနည်းကလေး မှ သဘော မကျဘူးတဲ့ ။ ဒါကြောင့် ထမင်း တောင် ဆက် မစားတော့ဘူးတဲ့ ။ ဖားကြီး ကတော့ မင်းသမီးကလေး ရဲ့ ပန်းကန် ထဲ က ထမင်း တွေ ကို စား ပြီးတော့ တယ်ကောင်းတဲ့ ထမင်းပါကလား လို့ မင်းသမီးကလေး ကို ပြောပြ သတဲ့ ။ အဲဒီနောက် ည အိပ်ရာ ဝင် ပြန်တော့ လည်း သူ့ ခမည်းတော် ဘုရင်ကြီး ကို ကြောက်လို့ ဖားကြီး ကို သူ့ ရဲ့အိပ်ခန်း ထဲ ခေါ်သွားရ သတဲ့ ။ အိပ်ခန်း ထဲ ရောက်ပြန်တော့ လည်း ဖားကြီး က မင်းသမီးကလေး ရဲ့ သလွန်တော် ပေါ်မှာ အိပ်ချင်တယ် လို့ ဆိုပြန် သတဲ့ ။ ဒါနဲ့ မင်းသမီးကလေး က သူ့ ကို စိတ်ဆိုးပြီးတော့ သူ့ ရဲ့ သလွန်တော် ခြေရင်းဘက် ဆီ ကို ပစ်တင်လိုက် သတဲ့ ။

ဒါပေမယ့် ဖားကြီး ကတော့ မင်းသမီးကလေး က ဘယ်လိုပဲ စိတ်ဆိုးလို့ နေနေ သူ့ ရဲ့ အိပ်ရာ ပေါ် မှာ နှစ်နှစ်ခြိုက်ခြိုက်ကြီး အိပ်လိုက် သတဲ့ ။ ဒါနဲ့ မနက် မိုးလင်းတော့ မင်းသမီးကလေး က ဖားကြီး ကို အိပ်ရာ ပေါ် က ကောက်ပြီးတော့ ဖား ဆိုတာ လူတွေ နေတဲ့ နေရာမှာ နေရတာ ထက် မြေကြီး ပေါ်မှာ နေရတာ ကို ပိုပြီး ကောင်းတယ် ဆိုပြီး သူ့ အခန်း တံခါးပေါက် ကို ဖွင့်ပြီး မြေကြီး ပေါ် ကို ပစ်ချလိုက် သတဲ့ ။ ဖားကြီး ဟာ အဲဒီလို ပစ်ချလိုက် လို့ မြေကြီး နဲ့ ခြေထောက် နဲ့ ထိ လိုက်ရင်ပဲ တစ်ခါတည်း အလွန် လှပချောမွေ့တဲ့ မင်းသားကလေး ဖြစ်သွား သတဲ့ ။ အဲဒီလို မင်းသားကလေး လည်း ဖြစ်သွားရော ၊ မင်းသမီးကလေး ကို ကျေးဇူးတင်လွန်း လို့ လှမ်းပြီး ခေါ် သတဲ့ ။ မင်းသမီးကလေး က လည်း အံ့အားသင့်ပြီး မင်းသားကလေး ဆီ ကို ပြေးဆင်းသွား သတဲ့ ။ အဲဒီတော့မှ မင်းသမီးကလေး က မင်းသားကလေး ကို သူ ထားခဲ့တဲ့ ကတိတွေ ပျက်ကွက်ခဲ့တဲ့ အတွက် အပြစ် မတင်ဖို့ရာ တောင်းပန် သတဲ့ ။ မင်းသားကလေး က အပြစ် မတင်တဲ့ အပြင် မင်းသမီးကလေး ကြောင့် လူ ပြန် ဖြစ်ရတာ ကို ကျေးဇူး တင်ကြောင်း ပြောပြသတဲ့ ။ နောက်ပြီး သူ ဟာ ယခင် က လူသား စင်စစ် မင်းသားကလေး တစ်ပါး ဖြစ်တဲ့ အကြောင်း ၊ သူ့ ကို ယုတ်မာ ညစ်ညမ်းလှတဲ့ စုန်းမကြီး တစ်ယောက် က ယခု လို ဖား ဖြစ်အောင် လုပ်ထားခဲ့တဲ့ အကြောင်း ၊ သူဟာ မင်းသမီးကလေး တစ်ပါးပါး နဲ့ မင်္ဂလာရေကန်တော် မှာ တွေ့တဲ့ အခါမှ  ဖားဘဝ က နေပြီး မင်းသား ကလေး ဘဝ ပြန်ရောက်မယ့် အကြောင်းတွေ ကို ပြောပြ သတဲ့ ။

ဒါနဲ့ မင်းသမီးကလေး က မင်းသားကလေး ကို သူ့ ခမည်းတော် ဘုရင်မင်းမြတ်ကြီး ဆီ သို့ ခေါ်သွား သတဲ့ ။ ဘုရင်မင်းမြတ်ကြီး က လည်း မင်းသားကလေး ကို မြင်တဲ့ အခါ အလွန် ချစ်ခင် ကြင်နာတော် မူပြီး နန်းတော် ထဲ မှာပဲ သမီးတော် နဲ့ အတူ ထားပြီး သားတော် အဖြစ် နဲ့ ယုယပြုစု တော်မူ သတဲ့ ။ အဲဒီနောက် မင်းသားကလေး နဲ့ မင်းသမီးကလေး တို့ အချိန်တန် အရွယ်ရောက် လာတဲ့ အခါကျတော့ ဘုရင်မင်းမြတ် က သူတို့ နှစ်ဦး ကို လက်ထပ်ထိမ်းမြား ပေးတော်မူပြီး နောက်ဆုံး သူ အသက်အရွယ် အိုမင်း ကြီးရင့်လာတဲ့ အခါ အဲဒီ မင်းသားကလေး နဲ့ မင်းသမီးကလေး တို့ ကို ပဲ ထီးနန်းစည်းစိမ် ပေးအပ်တော်မူလိုက် သတဲ့ ။

◾ဦးလေးကိုကိုကြီး

📖 ရှုမဝ မဂ္ဂဇင်း
      ၁၉၆၂ ၊ ဒီဇင်ဘာ