ရွှေတံဆိပ် ရ တဲ့ ဝတ္ထု
( ကျော်မိုးမြင့် )
အထက်တန်းပြ ဆရာ ဦးအေးကျော် အသက် ငါးဆယ် အရွယ် မှာ ဆေးပင်စင် ယူလိုက်ရ ပါတယ် ။ ဆေးပင်စင် ယူ ဆို ဦးအေးကျော် တို့ ကျောင်း မှာ လည်း ယောက်ျားဆရာ ဆိုလို့ လက်တစ်ဖက် ချိုး စာ တောင် မပြည့်တော့ပါဘူး ။ တစ်ကျောင်း လုံး ဆရာမ တွေ ချည်း ဆိုတာ လို ဖြစ်ကုန်မင့်ဟာ ။
ဆရာဦးအေးကျော် က လူချစ်လူခင် ပေါ ပါတယ် ။ စာသင် လည်း ကောင်းတယ် ။ ဟာသဉာဏ် လည်း ရွှင် တာကိုး ။ စာ သင်ရင်း လည်း ရယ်စရာ ဟာသ ဆို ခပ် တည်တည် ပြော တတ်ပါတယ် ။ တွေး ပြီးမှ ရယ် ရ တဲ့ ဟာသမျိုး ကို ပို ပြောလေ့ ရှိပါတယ် ။ ပါးစပ် က သာ ရယ် စရာ ပြောနေတာ မျက်နှာပေါက် က ခပ်တည်တည် ပဲ ။ သူ ဘာမှ မပြောလိုက် မိ သလို နေ နေတာကြီး ကို က ရယ် စရာကြီး ။
••••• ••••• •••••
ဆရာဦးအေးကျော် က လူပျိုကြီး ဘဝ နဲ့ ကျောင်း ဆရာလစာ နဲ့ လည်း မလောက်င ၊ ကျူရှင် က လည်း ပြ ခွင့် မရှိ ဆိုတာမျိုး အမိန့် တွေ ရှိသဟာ ကိုး ။ ဒီတော့ ကာ ကျူရှင် သင်ချင်ရင် ကျောင်းဆရာ ဘဝ က ရဲရဲရင့်ရင့် ထွက်ရုံပေါ့ ။ ဆရာ က ပြတ်သားပါတယ် ။ အလုပ် က ထွက်ပြီး ကျူရှင်လောက ထဲ ဝင် တိုး ပါတယ် ။
သင်ကြားရေး ကောင်းတဲ့ ဆရာ ဟာ ဘယ်တော့မှ မိုး မခေါင်ဘူး ... ဟုတ်လား ။ ခက် နေတာ က နေရေး ။
ကိုယ်ပိုင် အိမ် ၊ ကိုယ်ပိုင် တိုက်ခန်း မရှိလေ တော့ အိမ်ငှား ဘဝ နဲ့ ရွှေ့ပြောင်း အိမ်ထောင်သည် ဖြစ်လို့ နေ ပါတယ် ။ အိမ်ရှင် တွေ က ခြောက်လ ၊ တစ်နှစ် ဆိုတာ လို နေ ပြီးရင် နောက်နှစ် အတွက် အိမ်လခ ကို တိုးတောင်း လာ ကြပြီ ။ နေလို့ ထိုင်လို့ အဆင်ပြေ ပြန်တော့ အိမ်လခ တိုး တောင်း ။ အိမ်လခ က အဆင်ပြေ ၊ သင့်လျော်ပြန် တော့ သွားရေးလာရေး မှာ အဆင် မပြေ ။ ဒီလိုနဲ့ ဆရာ ဦးအေးကျော် တို့ မိသားစု တစ်နှစ် တစ်အိမ် ဆိုတာ လို ရွှေ့ပြောင်း လို့ ချည်း နေရပါ တော့တယ် ။
အခုလည်း အောက်ထပ် မှာ အိမ်ရှင် ၊ အပေါ်ထပ် မှာ နှစ်ခြမ်း ကန့်ပြီး အိမ်ငှား နှစ်ဦး တွဲ နေရမယ့် အိမ် ကို မဒမ်အေးကျော် က တွေ့ခဲ့တယ် ။ ဈေး သင့်တယ် ၊ နေ မယ်ပေါ့ ။ စပေါ်ငွေ တောင် စတိသဘော ပေးခဲ့ပြီဆိုပဲ ။
“ မြေ နယ်ခြား ၊ လူ ကပြား ၊ အိမ် တန်းလျား ” ဆိုတာ လို ပေါင်းသင်း နေထိုင် ဆက်ဆံရ ခက်တဲ့ အခြေအနေ ကို တော့ ရောက် ကုန်ပြီပေါ့ ။ ဘာ တတ်နိုင်မှာတုံး ။ တရိပ်ရိပ် တက်နေတဲ့ အိမ်ငှားခ ကို မှ မတတ်နိုင်တော့ ။ သည်းခံလို့ သာ နေကြပေ ရော့ ။
••••• ••••• •••••
အပေါ်ထပ် တစ်ဖက်ခန်း က ဆရာဦးအေးကျော် တို့ အရင် နေ နှင့် တဲ့ မိသားစု က ဆရာတို့ လင်မယား နဲ့ ပြောင်းပြန် ပါ ။ အမျိုးသမီး က အသက် ငါးနှစ်ခန့် ကြီး ပြီး အမျိုးသားလေး က ငယ် နေပါတယ် ။ ကလေး အရေ အတွက် က သုံးယောက်စီ ပါပဲ ။ တိုင်း ထွက် လာတဲ့ အတိုင်း သူ့ဘက် ကိုယ့်ဘက် အကြီးကလေး နှစ်ယောက် က ယောက်ျားကလေး တွေ ။ သုံးတန်းသားလေး တွေ ။ အောက်ဘက် အငယ် တွေ က ပထမတန်း ။ ဒီ ကလေးတွေ ကျောင်း သွား နေရင် တစ်ဖက် စီ မှာ နို့ပြတ်စ အရွယ် ကလေး တစ်ယောက် စီ ကျန်ရစ် သေးတယ် ။
ဟား ... ဝီ ခေါ်အောင် ဆော့တဲ့ အရွယ်တွေ ပေါ့ဗျာ ။ မျောက်မူးလဲလေး တွေ ။
အပေါ်ထပ် မှာ ကျောင်း အားချိန် ကလေးတွေ ဆုံတာ နဲ့ အောက်ထပ် အိမ်ရှင် အဘွားကြီး က ပွဲကြမ်း တော့ တာပဲ ။ အိမ်ရှင် အသက်ကြီး တဲ့ မိန်းမ က ပွဲကြမ်း တာ ၊ အော်တာဟစ်တာ လောက်တော့ ဖြင့် ရှိပါစေဦး ။ အံ့သြ စရာ ဗျ ။ ဆယ့်ရှစ်နှစ် အရွယ် ကလေးမလေး က ကက်ကက်လန် အောင် ဆဲရေးတိုင်းထွာ နေလိုက်တာများ ဆရာဦးအေးကျော် အဲဒီလောက် အောက်တန်းကျ တဲ့ စက်ဆုပ် ရွံရှာဖွယ် ကောင်းတဲ့ စကား အဓိပ္ပာယ်မျိုး မတွေ့ ဖူးသေးပါဘူး ။
အပေါ်ထပ် ကို မီး ဖြတ် လား ဖြတ် ရဲ့ ။ အောက်ထပ် ကနေ ကြက်သွန်ဖြူညှော် နဲ့ တိုက် လား တိုက် ရဲ့ ။ ငရုပ်သီးကြော် နဲ့ တိုက် လား တိုက် ရဲ့ ။ အပေါ်ထပ် က ဆိုတာ ကလေးတွေ ဆွဲ ပြီး အကုန် ဆင်း ဆင်း ပြေးရတာရယ် ။
••••• ••••• •••••
တစ်ဖက်ခန်း ချာတိတ် က ဆိုင်ကယ်ပွဲစား ။ သာမန် ပွဲစား တောင်မဟုတ်ဘူး ။ ဝယ်ရောင်း ပွဲစား ။ ဆိုင်ကယ်ဝပ်ရှော့ လည်း ဖွင့်ခဲ့ဖူးတယ် ။ ဆိုင်ကယ် အရောင်း အဝယ် လုပ်ငန်း အပေါ် ကျွမ်းကျင်ပြီ ပေါ့ ။ ချိုချိုချောင်ချောင် အောက်ဘီးလေးတွေ ကို ဗိုက်နာဈေး နဲ့ ဝယ် ။ ဆေးလေး ပြန် လုပ် ၊ ရုပ်ကလေး ပြန် ထုတ် ။ လက်ပူတိုက် မန်းမှုတ် အစွံထုတ်တဲ့ နေရာ မှာ သူ မတူအောင် စွမ်း သူ ပေါ့ဗျာ ။
ရံခါတော့ ဆိုင်ကယ် တွေ ကို မူဆယ် အ ထိ တက် ဆွဲ တာ ၊ မောင်း ယူခဲ့တာ တွေလ ည်း လုပ်တတ်ပါ သေး တယ် ။ အခြေအနေ အရပ်ရပ်ကို သုံးသပ်လို့ ပေါ့ ။ ပွဲစား ဆို ပြန် တော့ လည်း ဆိုင်ကယ် သန့်သန့်လေး တွေ အပြောင်း အလဲ နဲ့ စီး နေနိုင်တာပေါ့ ။ ဂျင်းဘောင်းဘီ ၊ တီရှပ် နဲ့ ရေဘင် နေကာမျက်မှန်လေး စွပ်လို့ ။
ဆိုင်ကယ် ဝယ်ရောင်းပွဲစား ဆိုတာတွေ ထဲ မှာ လည်း အမျိုးသမီးပွဲစားလေး တွေ ရှိကြပါ သေးတယ် ။ တချို့ မိန်းကလေး ငယ်ငယ်လေး တွေ ၊ ဂျင်းဘောင်းဘီလေး တွေ ၊ နေကာမျက်မှန်လေးတွေ နဲ့ လှိမ့် နေလိုက်ကြတာ ။ အင်းလေ ... သူတို့လေး တွေ မှာ လည်း လှိမ့်စရာ ဘီးကလေး တွေ နဲ့ ဟာကိုး ။
ကျွန်တော်တို့ ချာတိတ် က အဲဒီ ဘက် မှ ‘ ဇ ’ မသေးလှပေဘူး ။
“ အကုသိုလ် ဆိုတဲ့ သတ္တဝါ က ဘယ်တော့မှ တစ်ယောက် တည်း မလာဘူး ။ လမ်းမှာ တွေ့တဲ့ အပေါင်း အဖော် တွေ ခေါ်လာတတ်တယ် ” ဆိုတဲ့ တရုတ်စကားပုံ ရှိတယ် မဟုတ်လား ။ ချာတိတ် မှာ မူဆယ် က မောင်း သယ် လာတဲ့ ဆိုင်ကယ် အဖမ်းခံ ထိတာ ၊ အသိမ်း ခံရတာ တွေ ရှိ လာပြီ ။ ယခင် မြတ်ခဲ့တာလေးတွေ ကုန်ရုံ မက အိတ် ထဲ က ပါ ပါကုန်ပြီ ။
ဒီထက် ဆိုး တာ က အရောင်းအဝယ် မှားတာတွေ ပါ ။ ခိုးရာပါ ပစ္စည်း ကို တစ်ဆင့် ဝယ်ရောင်း လုပ်မိသွား လို့ အပေါက် ထဲ မရောက် အောင် ရှိသမျှ ကြဲ ပြီး ရုန်းထွက် ခဲ့ရတာ ချာတိတ် မရဲ့ ရှိစုမဲ့စု ရွှေတိုငွေစကလေး တွေ ပါ ကျွတ်ကရော့ ။
ဆိုင်ကယ် အရောင်းအဝယ် ၊ ကယ်ရီခေတ် ကုန် သွားတာ ။ အတိုင်အတော တွေ ခံထားရတာ ။ အကြွေး ရှင် တွေ ဝိုင်းအုံလာ တောင်း နေကြတာ တွေ က ဆရာဦး အေးကျော် အဖို့ တစ်အိမ်တည်း နေ နေရတော့ မမြင်ချင် ၊ မကြားချင် ခါ မှ အဆုံး ။ အကြွေးရှင် တွေ ကို ရှောင် ရင်း တိမ်း ရင်း ၊ ချာတိတ် အိမ် ကို ပြန် မအိပ်တော့တာ ကြာပါပြီ ။
အိမ်လခ တောင် မပေးနိုင် လို့ အိမ်ရှင်မိသားစု ပွဲကြမ်း နေတာ လည်း ကမ္ဘာပျက် နေပါပြီ ။ ကောင်မလေး မှာ မျက်ရည် နဲ့ မျက်ခွက် ။ အိမ်ရှေ့ ပူ အိမ်နောက် မချမ်းသာ ရှိလိုက်တာဗျာ ။
ကောင်လေး က မူဆယ် မှာ ဆိုင်ကယ်ဝပ်ရှော့ ဖွင့် နေ သလိုလို ၊ သတင်း သဲ့သဲ့ ကြားရလေရဲ့ ။ တစ်ယောက် တည်း တော့ မဟုတ်ဘူး ။ ကောင်မလေး တစ်ယောက် ရဲ့ အရင်းအနှီး နဲ့ ဆိုကိုး ။
ကောင်မလေး က တော့ ပစ္စည်းပစ္စယ တွေ သိမ်းဆည်းထုပ်ပိုး နေရရှာပါပြီ ။ ကလေး သုံးယောက် နဲ့ ကလေးမ ရယ် လေ ။ အိမ်ထောင်စု တစ်ခု ရွှေ့ရ ၊ ပြောင်း ရ ၊ သယ်ရ ၊ ပိုးရတဲ့ အလုပ် ဆိုတာ ယောက်ျားရင့်မကြီး တွေ တောင် လွယ်လှ ၊ သက်သာလှ တဲ့ အလုပ် တော့ ဖြင့် မဟုတ်ချေဘူး ။
အဲသလို စီစဉ် နေရင်း တဖြည်းဖြည်း ထုပ်ပိုး နေ ရင်း လက်ကျန် ဆန်လေး နှစ်ပြည် လောက် နဲ့ ဆီ လက်ကျန် ပုလင်းဝက်ခန့် ကို မဒမ်အေးကျော် တို့ မီးဖို ဘက် ပို့လာတယ် ။ မီးသွေးအိတ်ပိုင်း တစ်ဝက်ခန့် လည်း ပါ လေရဲ့ ။ သုံးစား လိုက်ကြပါ တဲ့ ။ အပန်း မကြီးရင် သား အမိ စားဖို့ ထမင်းလေး တစ်အိုး သာ တည်ပေးပါတဲ့ ။
အိုး ... ပန်းကန်ခွက်ယောက် တွေ က သေတ္တာ တွေ ဘာတွေ ထဲ ထည့်ပြီး ထုပ်ပိုးပြီး ဟာကိုး ။ မဒမ်အေးကျော် က လည်း ရတယ်ပေါ့ ။ အရေး မကြီးပါဘူး ။ ဒီ့ထက် တောင် ဝိုင်းကူညီရဦးမှာ ။ အိမ်ထောင်စု အသိုက် အမြုံလေး တစ်ခု ပြိုကွဲ ပျက်စီး သွားရှာတာ ဆိုတော့ မိန်းမ ချင်း ကိုယ်ချင်း စာ တာ က တစ်မျိုး ၊ ကလေး တွေ ကို သနား တာ က တစ်ကြောင်း နဲ့ ကြေကွဲစရာကြီး ပါ ။
••••• ••••• •••••
တစ်ဖက်ခန်း က မီးသွေးအိတ် ရ ပြီးတဲ့ နောက် တစ်နေ့ မှာ ဆရာဦးအေးကျော် မီးမွှေးမယ် အလုပ် မှာ အဲဒီ မီးသွေးအိတ် ထဲ က ရွှေဆွဲကြိုး တစ်ကုံး တွေ့ ရတာပဲ ။ ဆွဲ ပြားတံဆိပ်ကြီး လည်း ပါရဲ့ ။ ဆရာ့ ခမျာ ရွှေ အကြောင်း မသိရှာလေ တော့ အတိအကျ တော့ မခန့်မှန်းတတ်ပါ ဘူး ။ နှစ်ကျပ်သား ၊ သုံးကျပ်သား လောက် ရှိလေမလားပေါ့ ။
ဦးအေးကျော် သူ့ ဆရာမ ကို ရွှေဆွဲကြိုး ရတဲ့ အကြောင်း ပြောလိုက် ကတည်း က အိမ်အောက် က အရင် ကြားလိုက်တာပဲ ။ အိမ် ပြောင်းတော့မယ့် မီးသွေးအိတ်ရှင် ကလေးမ လည်း ကြား တာပါပဲ ။ နာရီ မဆိုင်း ဆိုတာ လို ဆရာ တို့ အခန်းဘက် ကူးလာပြီး ရွှေဆွဲကြိုး အသိမ်း လွန်ပြီး ရှာ မတွေ့ တာ ဖြစ်ကြောင်း ၊ မီးသွေး ကို လာ ပေးခြင်း ဖြစ်ပြီး မီးသွေးအိတ် ထဲ ပါ သွားတဲ့ ရွှေ ဆွဲကြိုး ကို မပေးကြောင်း တိုးတိုး ၊ တိုးတိုး နဲ့ ပြ န်လာ တောင်း နေပါတယ် ။
အောက်ထပ် က အိမ်ရှင် သားအမိ က လည်း “ သူ တို့ ပစ္စည်း သာ ဖြစ်ကြောင်း ၊ ပျောက်ဆုံး နေတာ ကို သတိ မထားမိကြောင်း ၊ အပေါ်ထပ် က မိန်းမ မှာ ဒီလို ရွှေဆွဲ ကြိုး ဆွဲတာ ကို တစ်ခါမျှ မမြင်ဖူးကြောင်း ၊ အိမ် အပေါ် ထပ် ကို ဘယ်ပုံ ရောက်သွားသည် မသိကြောင်း ၊ သူတို့ အိမ်အတွင်း ဖြစ်သဖြင့် သူတို့ ပစ္စည်း သာ ဖြစ်ရမည် ဖြစ်ကြောင်း ” တစ်သက်လုံး အာပြဲ တဲ့ သားအမိ က တိုးတိုး ၊ တိုးတိုး နဲ့ တောင်းဆို လာကြပြန်တယ် ။
ဆရာ က ပြန် ပေးမည် ။ ပစ္စည်းပိုင်ရှင် က အထောက် အထား ။ အလေးချိန် မှန်အောင် ပြောဆို နိုင်သူ ထံ ပြန် အပ်မည် ဆိုတော့ အိမ်ရှင်မိန်းမ က နှစ်ကျပ်ခွဲသား ၊ သမီး က သုံးကျပ်သား လို့ တစ်ပြိုင်တည်း ထွက်လေရဲ့ ။ မီးသွေး အိတ်ကြီး ပေး မိတာ မှားလိုက်လေခြင်း လို့ ဟီးချ လို့ နေ တဲ့ အပူသည် မက တော့ နှစ်ကျပ်သား တဲ့ ခင်ဗျ ။ ဆရာဦးအေးကျော် ကျောင်းဆ ရာဘဝ ကနေ တရားသူကြီး လုံးလုံး ဖြစ်ကရော့ ။ လည်ရွဲတရား စီရင်ခန်း တော့ မဟုတ်ချေဘူး ။ ‘ ရွှေဆွဲကြိုး တရားစီရင်ခန်း ’ ။
••••• ••••• •••••
ဒါမျိုး သတင်း က လည်း ပြန့် လွယ် လိုက်တာ ။
ညနေပိုင်း ရောက်တော့ ရပ်ကွက် ထဲ က ရာအိမ်မှူး နဲ့ ပုဆိုးအစိမ်းအဖြူဖောက် ၊ အင်္ကျီအဖြူဝတ် နဲ့ ၊ လူစိမ်း နှစ်ယောက် သူတို့ ကိုယ် သူတို့ မိတ်ဆက်ရင်း ဆရာ့ အိမ် ပေါ် တက် လာကြပါတယ် ။ လူစိမ်း က လူမှုရေးဆိုက် က လို့ ဆိုပါတယ် ။ ပိုင်စိုးပိုင်နင်း နဲ့ အတော့် ကို စိတ်ပျက်စရာ ကောင်းတဲ့ လူတွေ ။ နှစ်ယောက်လုံး ရဲ့ ခါး မှာ စကားပြောဖော် တွေ ချိတ်လို့ ။
လာရင်း ကတော့ ရွှေဆွဲကြိုး ကိစ္စ ပါပဲ ။ ပြေလည် အောင် ညှိနှိုင်းဆုံးဖြတ်ကြဖို့ ၊ ရုံးပြင်ကနား မရောက်ဘဲ ပြီးငြိမ်းကြ ဖို့ ပြောကြ ဟောကြ တာပါ ။ လူမှုရေးဆိုက် က ဆိုတဲ့ လူ က စကား ကို ဦးဆောင်ပြီး တန်ဖိုး ကို သုံးဦးသုံးဖက် အညီအမျှ ခွဲဝေ ယူကြဖို့ ဆုံးဖြတ် ပေးနေပါတယ် ။
ဆရာဦးအေးကျော် က “ သုံးဦး ဆိုတာ မှာ တော့ မှန်ပါတယ် ။ ဒါပေမဲ့ ခွဲဝေ ယူရမယ့် သူ ထဲ မှာ သူ မပါဘူး ။ သူ က အမှန်ကန်ဆုံး နည်းလမ်း ကို ရှာဖွေပြီး ပစ္စည်းရှင် အစစ် ကို ပေးအပ်ရမယ့် သူ ။ တောင်းခံမယ့် ပစ္စည်းရှင် နောက် တစ်ယောက် လာပါလိမ့်ဦးမယ် ” လို့ စကား ကို လှမ်း ပုတ် လိုက်တယ် ။ မျက်လုံး တွေ က ဘယ်သူလဲ ၊ ဘယ်က လူ လဲ ဆိုတဲ့ အကြည့် တွေ နဲ့ ဝိုင်းကြည့်နေကြတယ် ။
“ ဘယ်သူရမတုန်း ။ မီးသွေးသည် ပေါ့ ။ မီးသွေး အိတ် လိုက်ပို့ နေကျ လူပေါ့ ။ ကျွန်မတို့ ပျောက်ဆုံး သွား တဲ့ ရွှေ က မီးသွေးအိတ် ထဲ ပါသွား ပါတယ် ဆို လာ မတောင်းနိုင်ပေးဘူးလား ” လို့ ပြော လိုက်ရော အိမ်ရှင် မိန်းမ ဆိုတာ ဖျပ်ဖျပ် ကို လူး ကရော ။
“ အို ... အို ... မဖြစ်နိုင်တာ ၊ မဆိုင်ပါဘူးရှင် ။ ရှုပ်ရှုပ်ရှက်ရှက် တွေ ။ ကဲပါရှင် လူကြီးစုံရာ မှာ မြန်မြန်သာ ဖြတ် ပေးကြပါ ။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်မ လက်ခံပါတယ် ” တွေ ဘာတွေ ဖြစ် ကုန်တာပေါ့ ။ လက်စသတ် တော့ ဒီ ပုဂ္ဂိုလ် ဒင်း ပင့်ဖိတ်ထား ထင်ပါရဲ့ ။ ရွှေ တံဆိပ်ကြီး ပါတဲ့ မီးသွေးအိတ် သူ တစ်ပါးပေးမိလျက် သား နေ မိလို့ ကြိတ်မနိုင် ၊ ခဲမရ ဒေါသတွေ တလိပ်လိပ် ထ နေတဲ့ မဟဝှာ အပူသည်မ က လည်း “ လူကြီးတွေ ဆုံးဖြတ်တာ ကို ကျေနပ်ပါ့မယ် ” ဆို ကိုး ။
ဒီတော့မှ ဖြင့် ဆရာဦးအေးကျော် ဘာ ဆက် ပြောစရာ လိုတော့ မတုံး ။
“ ဆရာမ ရေ အဲဒီ ရွှေတံဆိပ်ကြီး ယူခဲ့ပါကွယ် ” ဆိုတော့ မဒမ်အေးကျော် မျက်စိမျက်နှာ တွေ ပျက်လို့ ။
“ ဟို .. အဲဒါကြီးတွေ က ရှာ လို့ မတွေ့တော့ဘူး ။ မနက် က တော့ သမီးလေး ဆွဲကြည့် နေသေးတယ် ။ ကျောင်း ကို များ ဆွဲသွား သလား မသိဘူး ” လို့ ပြော လိုက်ရော အလို ဒေါသူပုန် ထ တဲ့ မျက်လုံးတွေ နဲ့ ။
“ ဟာ ... ဒီလောက် တန်ဖိုး ရှိတဲ့ ပစ္စည်း ကို ကလေးဆွဲ ပေးရသလား ။ ဘာပဲ ဖြစ်ဖြစ် ပျောက်ဆုံး သွား ရင်တော့ ဆရာ့ အပေါ်မှာ လုံးဝ တာဝန်ရှိတယ် ” တွေ ၊ ဘာ တွေ ပြောလိုက်ကြတာ ဧည့်ခန်းကျဉ်းကျဉ်းလေး ထဲ မှာ ဆူပွက် ကို သွားတာပဲ ။ လက် က နာရီ တွေ တကြည့်ကြည့် ။ နံရံ ပေါ် က နာရီ ကို ကြည့် သူ က ကြည့် နဲ့ ။ မရိုးမရွ တွေ ဖြစ်ကုန်ကြတာပေါ့ ။ ကျောင်းဆင်းချိန် လည်း ရောက်ပါ ပြီ ။ ဆိုင်ကယ်ဟွန်းသံ တွေ ၊ စက်ဘီးဘဲလ်သံ တွေ လမ်း ပေါ် မှာ အဖြူအစိမ်းလေးတွေ ပြန့်ကျဲ လို့ နေပါပြီ ။ ကလေးအသံ စာစာလေး တွေ ကို လည်း ချစ်စဖွယ် ကြား နေရပါပြီ ။
ကလေး တွေ ကို ကျောင်းကြိုပို့ လုပ်ပေး နေတဲ့ ဆိုင်ကယ် အိမ်ရှေ့ ရောက်လာပါပြီ ။ သွက်လက်ချက်ချာ တဲ့ သမီးလေး က ရှေ့ က ဦးဆောင်ပြီး အိမ် ပေါ် သို့ အပြေး တက် လာပါတယ် ။ ဧည့်ခန်း ထဲ က လူအုပ်ကြီး ကို မမျှော် လင့်ဘဲ တွေ့ လိုက်ရတော့ သမီးကလေး တွန့်ခနဲ ရပ် သွား ရှာတယ် ။ မျက်လုံးတွေ အားလုံး က တော့ သူငယ်တန်း ကျောင်းသူ သမီးလေး ရဲ့ လည်ပင်း ပေါ် စုပုံကျ ရောက်လို့ နေတော့တယ် ။ မိခင် မဒမ်အေးကျော် က “ သမီး မနက် က ရွှေဆွဲကြိုးကြီး ... ” လို့ စကား တောင် မဆုံး လိုက်ရပါဘူး ။ သမီးငယ် က ချက်ကျလက်ကျ ပြန် အော် တော့တာပဲ ။
“ ဘာ ရွှေဆွဲကြိုးကြီး လဲ ။ သမီး လည်ပင်း မှာ ယားယံပြီး အဖုအပိန့်တွေ ထ လို့ ဆရာမ က တောင် ဆေး လိမ်း ပေးရတယ် ။ အဲဒါကြီး ကို ဆရာမ က ကျောင်း အမှိုက် တောင်း ထဲ လွှင့်ပစ်လိုက်ပြီ ”
တစ်အိမ်လုံး မီး ကို ရေ နဲ့ ငြိမ်းလိုက် သလို ငြိမ်ကျ သွား တာပဲ ။ အသက်ရှူသံ တွေ ၊ သက်ပြင်းချသံ တွေ တောင် ကြားလိုက်ရ ထင်ပါရဲ့ ။
◾ကျော်မိုးမြင့်
📖 ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း
ဇူလိုင်လ ၊ ၂၀၁၅
No comments:
Post a Comment