😋 တံခါးခေါက်သံ နှင့် ကိုအဏ္ဏဝါ
( အဏ္ဏဝါစိုးမိုး )
ကိုအဏ္ဏဝါ ကို သူ့ ဇနီး နှင့် သားသမီးတွေ က ရူးဖို့ စ နေပြီ လို့ ထင်နေကြသည် ။ စိတ်ရောဂါအထူးကု သမားတော် နဲ့ ပြဖို့ တိုင်ပင် နေကြသည် ။ ကိုအဏ္ဏဝါ ၏ အမူအရာ ကလည်း ရူးဖို့ စ နေပြီ လို့ ပြောချင်စရာ ဖြစ်နေသည် ။ မျက်စိ က ကျီးကန်း တောင်းမှောက် ကြောက်ကြောက်ရွံ့ရွံ့ ပုံစံ ဖြင့် အိမ်အဝင် လမ်း ကို လှမ်းလှမ်း ကြည့် နေသည် ။ တစ်စုံတစ်ယောက် က သူ့ အိမ်တံခါး ကို လာ ခေါက်ပြီး ခေါ်သွားတော့မည် ဟု ပြောနေသည် ။ ဘယ်ကို ခေါ်သွားမှာလဲ ၊ သင်္ချိုင်းကုန်း လား ၊ နောက် ဘဝ ကို လား မကွဲမပြား ဖြစ်နေသည် ။ မိသားစုက မေးတော့ လည်း မဖြေဘဲ နေသည် ။
ကိုအဏ္ဏဝါ အသက် ခြောက်ဆယ် ကျော် လာသည့် ၂ဝဝဝ ခုနှစ် နောက်ပိုင်း ကစပြီး အနေအထိုင် အပြောအဆို အမူအရာတွေ ပြောင်း သွားသည် ။ ရင့်ကျက် တည်ငြိမ် သွားသည် လို့တောင် ပြောရမလို ဖြစ်သွားသည် ။ နိုင်ငံခြားသင်္ဘောသား ဘဝ မှ အနားယူ လိုက်၍ လည်း ဖြစ်နိုင်သည် ။ ဝတ်ပုံစားပုံ ကစပြီး သိသိသာသာ ပြောင်းလဲ သွားသည် ။ နှစ်ပေါင်း နှစ်ဆယ်ကျော် ဝတ်လာခဲ့သည့် ဘောင်းဘီတွေ ၊ ရှူးဖိနပ်တွေ နှင့် နက်ခ်တိုင် ( လည်စီး ) တွေကို အသုံးပြုဖို့ နေနေသာသာ ကိုင်တောင် မကြည့်တော့ဘဲ ပလေကပ်လုံချည် ၊ လည်ကတုံးအင်္ကျီ ၊ ကတ္တီပါဖိနပ်တွေ ကိုသာ ဝတ်ဆင် နေသည် ။ စိတ်ပိုင်းဆိုင်ရာပါ ပြောင်းလဲ သွားသည်ဟု ပြောရမလို ဖြစ် နေသည် ။
ကိုအဏ္ဏဝါ နှင့် ပတ်သက်ပြီး ပို၍ အံ့သြစရာ ကောင်းတာက ဘာသာတရား ရိုသေကိုင်းရှိုင်း လာခြင်းပင် ဖြစ်သည် ။ ကံငါးပါး မြဲခြင်း မမြဲခြင်း နှင့် ပတ်သက်ပြီး အငြင်းပွားစရာ ဖြစ်လာပြီ ဆိုလျှင် သူ့ ကိုယ်သူ ခုခံပြောဆိုလေ့ ရှိသည် ။
သူ သည် ငယ်စဉ် ကျွဲကျောင်းသား ၊ နွားကျောင်းသား ဘဝ မှာ မလိမ္မာ လို့ ပုစွန်လုံးနှိုက် ၊ ဖားရိုက် ၊ ငှက်သိုက်ဖျက် လုပ်ခဲ့ဖူးသော်လည်း အသက် ကြီးလာသော အခါ မလုပ်တော့ပါဟု ဆိုသည် ။ တော မှာ နေစဉ် က မြို့သားဧည့်သည် လာ လျှင် အိမ်မွေးကြက် ကို ရိုက်သ,တ်ပြီး ချက်ကျွေးခဲ့ ဖူးသော်လည်း အသက် ( ၁၈ ) နှစ် သား အရွယ် မှာ မြို့သား ဖြစ်သွားလို့ နောက်ထပ် ကြက်သ,တ်ရန် မလိုတော့ပါ ဟု ဆိုသည် ။ သို့ဖြစ်၍ ပါဏာတိပါတကံ လုံနေတာ ကြာပြီ ဟု ဆိုသည် ။
အဒိန္နာဒါနာကံ ကလည်း ပြောပလောက်အောင် မရှိဟု ဆိုသည် ။ အစိုးရ အမှုထမ်း လုပ်ခဲ့ဖူး၍ စီးပွား မဖြစ်ဘဲ နာမည်ပျက်ရုံလေး ခြောက်ပြားတစ်ပဲ အလွဲသုံးစားလေးတွေ လောက်သာ ရှိခဲ့သည် ဟု ဆိုသည် ။
ကာမေသုမိစ္ဆာစာရကံ နဲ့ ပတ်သက်လို့ ကတော့ ကင်းသည် ၊ ရှင်းသည် ၊ လိပ်ပြာသန့်သည် ဟု ဆိုသည် ။ ရောက်လေရာ နိုင်ငံတကာမှာ သူနဲ့ တွဲခဲ့သည့် အမျိုးသမီးတွေ မှာ လင်ရှိသလား ၊ မရှိလား သူ မသိ ဟု ဆိုသည် ။ ဒီကိစ္စ အတွက် ကိုယ်ရေးရာဇဝင် တောင်းကြည့်စရာ မလိုဟုဆိုသည် ။
မုသာဝါဒ ကတော့ လူအထင်ကြီး ခံချင်လို့ ကြွားတာဝါတာ ၊ လိမ်တာလေး တွေပဲရှိသည် ။ စီးပွားဖြစ် ဖိုးတွမ်တီး ရိုက်တာ လုံးဝ မရှိသည့် အတွက် လုံတယ်လို့ ပြောရဲတယ် ဟုဆိုပါသည် ။
သူရာမေရယ ကတော့ ရိုးသားစွာ ဝန်ခံရလျှင် အတော် ကြိုက်ပါတယ် ။ ကြိုက်လို့ လည်း နှစ်ပေါင်း အတော် ကြာအောင် သောက်ခဲ့ပါတယ် ။ အခုတော့ သွေးတိုးရောဂါ နဲ့ အစာအိမ်ရောဂါ တို့ကြောင့် မသောက်ရဲလို့ မသောက်ဘဲ အောင့် ထားသည့် အတွက် လောလောဆယ် လုံနေတယ်ဟုဆိုသည် ။
ဆွမ်းခံကိုယ်တော် မိန့်ကြားသည့် စကားကို အတော် သဘောကျ နေသည် ။ ကံငါးပါး လည်း လုံတယ် ၊ ရတနာသုံးပါး ကိုလည်း သက်ဝင် ယုံကြည်တယ် ဆိုလျှင် အပါယ်တံခါး ပိတ်တယ် ဆိုသည့် စကား ဖြစ်သည် ။ ကိုအဏ္ဏဝါ သည် မိရိုးဖလာ အရ ရတနာသုံးပါး ကို သက်ဝင်ယုံကြည်တယ် ဆိုတာ အငြင်းပွားစရာ မရှိပါ ။ ကံငါးပါး လုံသည့် ကိစ္စ ကတော့ သူ့ စွဲချက်နှင့် သူ့ထုချေလွှာ ချိန်ခွင်လျှာ ညီနေ၍ သူ့ ဘာသာ သူသာ အသိဆုံး ဖြစ်မည် ။ ဆွမ်းခံကိုယ်တော်လေး က သတိပေး စကား လည်း ပြောကြားသွားသည် ။
“ ဒကာကြီး အသက် ခြောက်ဆယ် ကျော်လာပြီ ဆိုတော့ လာလမ်းကို ပြန် ရမယ့်အချိန် နီးလာပြီနော် ၊ သေမင်း က တံခါး လာခေါက်နေပြီ ၊ သုံးဆယ့်တစ်ဘုံ မှာ ကျင်လည်တဲ့ အခါ ဗြဟ္မာ့ပြည် နဲ့ နတ်ပြည် မရောက်နိုင်ရင်တောင် မှ လူလောက် တော့ ပြန်ဖြစ်နိုင်အောင် အခုအချိန် ကစပြီး သတိ ရှိဖို့လိုပြီး ငရဲ ၊ တိစ္ဆာန် ၊ ပြိတ္တာ ၊ အသူရကာယ် ဆိုတဲ့ အပါယ်လေးဘုံ ကို ကျသွားရင် လူဖြစ်ရှုံးပြီ ”
ဒါက သူ့ အိမ်မှာ ဆွမ်းခံ နေတဲ့ ဆွမ်းခံ ကိုယ်တော်လေး က မိန့်ကြားခဲ့ တာဖြစ်သည် ။ ပြီးခဲ့တဲ့ သင်္ကြန်ရက် မှာ ကိုအဏ္ဏဝါ ဒုလ္လဘ ဝတ်ခဲ့သည် ။ တရားစခန်းကို ဆယ်ရက် ဝင်ခဲ့သည် ။ ဝိပဿနာ တရားပြဆရာတော် က တစ်မျိုး သတိ ပေးသည် ။
‘ ဒါန ၊ သီလ ရှိရုံမျှ နဲ့ ကိစ္စ မပြီးဘူး ယောဂီတို့ ။ ရုပ်နာမ်ဓမ္မသဘာဝ တို့ ရဲ့ ဖြစ်ပျက် ကို မြင်ပြီး မွေး ၊ အို ၊ နာ ၊ သေ သံသရာစက်ဝိုင်း မှာ မရပ်မနား လျှောက်နေရမယ့် အဖြစ် ကို ကြောက်ပြီး ဘဝအသစ် တစ်ဖန် ပြန် မဖြစ်ဖို့ အတွက် မဂ်လမ်း ကို ရှာကြရမယ် ။ မဂ်လမ်း ကို ရှာတဲ့အလုပ်ကတော့ ဘာဝနာ လို့ခေါ်တဲ့ တရားအားထုတ်ခြင်းပါပဲ ။ ဒါန ၊ သီလ ၊ ဘာဝနာ သုံးဖြာသော အာစိဏ္ဏကံ အလေ့အထ နဲ့ ပြည့်စုံစွာ နေထိုင်ကြရမယ် ။
နိဗ္ဗာန် မရမီစပ်ကြား ဘဝများစွာ သံသရာ မှာ သတ္တဝါတစ်ကောင် ရဲ့ အမိဝမ်း မှာ ပဋိသန္ဓေ နေရခြင်း ၊ မွေးဖွားကြီးပြင်း ရှင်သန်အောင် ဘဝဆန်စွာ ရုန်းကန်ရခြင်း ၊ ရောဂါ အနာတရ ဖြစ်ရခြင်း ၊ နောက်ဆုံးမှာ ရုပ်နာမ်ခန္ဓာ ကို စွန့်ခွာသွားရပြန်ခြင်း စသည့် အတောမသ,တ်နိုင်သည့် ဒုက္ခသံသရာ ကို မြင်သာ အောင် ’ ဆရာတော် က တရားပြသည် ။
သေခြင်းတရား ကို မဆိုထားနှင့် အိုခြင်း ၊ နာခြင်းတွေ ကိုတောင် သတိ မထားမိဘဲ တရားမသိ ၊ တရားမရှိ နေလာခဲ့သည့် ကိုအဏ္ဏဝါ သည် ဆရာတော် ၏ တရား ကို နာကြားပြီးသော အခါ သံသရာမှာ လည်ရ မှာ ကြောက်သွား လေသည် ။ တရားရိပ်သာ မှ အိမ်ပြန် ရောက်လာပြီး ကတည်းက ကိုအဏ္ဏဝါ အချိုး ပြောင်းသွားသည် ။ အိပ်ရာဝင် အိပ်ရာ ထ ဘုရားရှိခိုးသည် ၊ တရား ရှုမှတ်သည် ။ ကောင်းတဲ့ အလုပ်တွေ ဖြစ်လို့ မိသားစုက ဝမ်းသာကြသည် ။
မိသားစု နား မလည်နိုင် အောင် ဖြစ်ရသည့် ကိစ္စ က ကိုအဏ္ဏဝါ ထိတ်ထိတ်ပျာပျာ ဖြစ်နေသည့် ကိစ္စ ဖြစ်သည် ။ သူ့ ကို တစ်စုံတစ်ယောက် က လာခေါ်တော့မည် ဆိုသည့် ပုံစံဖြင့် အိမ်ရှေ့ ကို မကြာခဏ ကြည့်သည် ။ တံခါးခေါက်သံ ကို နားစွင့်နေခြင်းပင် ဖြစ်သည် ။ သူ့ ဇနီး ဒေါ်ဖြူတုတ် နှင့် သားသမီးတွေ က စိတ်ရောဂါအထူးကုသမားတော် နဲ့ ပြဖို့ တိုင်ပင် နေကြတာကို သိသည့် ကိုအဏ္ဏဝါ ပြုံးသည် ။
သူ့ ဇနီး နှင့် သားသမီးတွေ ကို တရား မသိသူတွေ ဟု ဆိုသည် ။ သေခြင်းတရား ကို မေ့လျော့နေသူတွေ ဟု ပြောသည် ။ သူ သည် သေရမှာ မကြောက်တော့ သည့် အတွက် သေမင်း ကို ရင်ဆိုင်ရန် အသင့် ဖြစ်နေသူ ဟု ဆိုသည် ။ သေမင်း ၏ တံခါးခေါက်သံ ကို နားစွင့် နေသည် ဟု ဆိုပါသည် ။ ဒီအချိန်မှာပဲ တံခါးခေါက်သံ ပြင်းပြင်း ကို ကြားလိုက်ကြရသည် ။
“ ဟော ... ဟော ... သူ .. သူ ... လာပြီ ”
ကိုအဏ္ဏဝါ ၏ဇနီး ဒေါ်ဖြူတုတ် က တံခါး ပြေးဖွင့်ကြည့်သည် ။ အိမ်ရှေ့ မှာ ပတ်ပလစ်ကာ ကား တစ်စီးဖြင့် ရောက်လာကြသော သင်္ဘောသား သုံးလေး ယောက် ကို တွေ့ လိုက်ရသည် ။ ကိုအဏ္ဏဝါ နှင့် အတူ ရေတပ်မှ ထွက်ပြီး သင်္ဘော လိုက်ခဲ့ကြသည့် သူငယ်ချင်းတွေ ဖြစ်သည် ။ ကားပေါ် က ဆင်းပြီး အိမ်ထဲ ဝင်လာ ကြသည် ။ အိမ်ရှေ့ က ဆိုဖာပေါ်မှာ ထိုင်ပြီး ပုတီးစိပ် နေသည့် ကိုအဏ္ဏဝါ ကို ဆူဆူညံညံ နှုတ်ဆက်ကြသည် ။
“ ဟေ့ ... စိုးကြီး ၊ ဟာ ... ပုတီးတွေ ဘာတွေ စိပ်လို့ပါလား ၊ ဒုက္ခပဲ ”
“ ဟေ့လူ ... ဘာ လိုင်းကြောင် နေတာလဲ ၊ ခင်ဗျား ကို ခေါ်မလို့ လာတာ ”
“ ဒီမှာ ... ဂျော်နီဝါကား ဘလူးလေဘယ် ၊ ဒေါ်လာ တစ်ရာ ပေးခဲ့ရတယ် ၊ လာ ... သွားမယ် ”
မနေ့က မှ မြန်မာပြည် ကို ပြန်ရောက်လာဟန် တူသူ က ဘလူးလေဘယ် ၁.၅ လီတာ ပုလင်းကြီး ကို မြှောက်ပြသည် ။ ဈေးကြီးလွန်းလို့ ကိုအဏ္ဏဝါ တစ်ခါမှ မသောက်ဖူးသေးသည့် ဘလူးလေဘယ် ပုလင်းကြီး ကိုမြင်တော့ ကိုအဏ္ဏဝါ အံ့သြ သွားသည် ။ နှစ်ပေါင်း နှစ်ဆယ်ကျော် အတွင်းမှာ ၁၀ ဒေါ်လာတန် ရက်ဒ်လေဘယ် နှင့် ဆယ့်ရှစ်ဒေါ်လာတန် ဘလက်လေဘယ် တို့ ဖြင့်သာ ကျေနပ်ခဲ့ ရသည် ။ ဘလူးလေဘယ် ကို သောက်ဖူးဖို့ ဆိုတာ အသာ ထားလို့ သေသေချာချာ တောင် မမြင်ဖူးသေး ဖြစ်နေသည် ။
“ ကဲ ... လာ .. သွားမယ် ၊ အဝတ်အစားတွေ ဘာတွေ လဲမနေနဲ့ ”
တစ်ယောက် က ကိုအဏ္ဏဝါ ရဲ့ လက် ကို ဆွဲပြီး ထခိုင်းသည် ။ သိပ်ပြီး အားစိုက် ခွန်စိုက် မဆွဲလိုက်ရဘဲ ပါသွားသည် ။ မလိုက်ဘူးလို့ မပြောဘဲ ပုတီး ကို ထားခဲ့ပါရစေဦး ဟုသာ ပြောသည် ။ ကိုအဏ္ဏဝါ ကို ကားရှေ့ခန်း မှာ ထိုင်ခိုင်းပြီး ကားမောင်း ထွက်သွားကြတော့သည် ။
◾အဏ္ဏဝါစိုးမိုး
📖 ရယ်စရာ မဂ္ဂဇင်း
မတ်လ ၊ ၂၀၀၄ ခုနှစ်
No comments:
Post a Comment