Tuesday, November 12, 2024

နတ်မြင်းပျံမို့ မြူးကြွားကြွား


 

༻ နတ်မြင်းပျံမို့ မြူးကြွားကြွား ༺
     ( မောင်သာရ )

◽အစွဲအလမ်း စိတ်ဖြေပွဲ

လျှာတို့ မည်သည် အရွယ် အားဖြင့် နှလုံးသည်းညှာ ထက် ငယ်သော်လည်း ထို နှလုံးသည်းညှာ ကိုပင် လုံလုံ ဖုံးကွယ် ထားနိုင်တတ်သည် မို့ ညည်း ပြောသမျှသော စကားတို့ ကို ကိုယ် မယုံကြည်နိုင်ပါ ။ ညည်း ကို ချစ်သောကြောင့် ညည်း ဖြူလျှင် ဖြူမည် ဟု သစ္စာ ဆိုခဲ့သော ကိုယ် ကိုယ်တိုင် က ပင် “ မယုံကြည်နိုင်ပါ ” ဟူ၍ ငြင်းဆိုရက်လာသော အခါ ညည်း စိတ်မှာ မည်မျှ အခံရ ခက်လိမ့်မည် ဆိုသည် ကို လည်း ကိုယ် နားလည်ပါသည် ။ သို့သော် သည်ခေတ် သည် အထောက်အထား ကို မမေ့မလျော့ အာရုံ ပြုတတ်သည်မို့ ညည်း ပြောသမျှသော စကား တို့ မှာ မုသား မပါကြောင်း ကို မည်သို့သော အထောက်အထားများ ဖြင့် ကိုယ် လက်ခံယုံကြည် ရပါမည်နည်း မိစိုး ။

သိလှပြီ ထင်နေ သော်လည်း စင်စစ် လူ့သဘော လူ့မနော ကို ညည်း မသိပါ ။ ညည်း ၏ လက်တကမ်း ဝန်းကျင်မျှ ကို ပင်လျှင် လည်း ညည်း နားလည်ပုံ မရပါ ။ သို့သော် “ တတ် ဆိုသမျှ တက္ကသိုလ် ” ညည်း ကိုယ် မှာ ရှိသည် ဟု ဘဝင် နထင် ရောက်နေတတ်သူ ဆိုပြန် တော့လည်း ညည်း ကို တရားပြ နားချရမည် မှာ ခက်ပါသည် ။

ညည်း က ပြောလာလိမ့်မည် ။ ကိုယ် ကြို၍ ဝန်ခံထားနှင့် လိုပါ၏ ။ ညဉ့် ဆိုသည် မှာ အစဉ် အမှောင် နေတတ်သည် မို့ ညည်း ထက် ပို၍ ကျယ်ဝန်းသည် ဟု ထင်ရသော ကိုယ့် မျက်စိများ သည်လည်း ညည်း ၏ ကျဉ်းသော မျက်စိကလေးများ က မြင်ရသည် ထက် ဘဇာ ကိုမျှ ပို၍ မြင်ရနိုင်ဘွယ်ရာ မရှိပါ ။

သို့သော် ထို အမှောင် ထဲ ၌ ကိုယ် ရောက် နေသည်မှာ ကြာပါပြီ ။

အမှောင် ထဲ သို့ ညည်း ဝင်လာရခါစ က ကိုယ် ကမူ ညည်း ကို ကောင်းစွာ မြင်ရ ပါသည် ။ ဘဇာ ကို မျှ မမြင်ရ သော်လည်း ညည်း ၏ လက်တို့ သည် မာနမာန် ဖြင့် အကန်း ကဲ့သို့ မစမ်းမူ၍ ဟန်ဆောင် နေသော်လည်း ညည်း ၏ ခြေလှမ်းများ က နံ့ပိုင်းနံ့ပိုင်း တုံ့ဆိုင်းတုံ့ဆိုင်း နေခြင်း ဖြင့် ညည်း မမြင်ရကြောင်း ကို သိသာထင်ရှား စေပါသည် ။ မမြင်ရသည့် အထဲ မှောင် မဲမဲ မှာ ညည်း အသည်း ကလည်း ငယ်က ငယ်တတ်ပါဘိသနှင့် ။

ဪ ... မိစိုး ... မိစိုး ... မိစိုး ။

ညည်း ၏ ပြန်စာတိုကလေး ကို ည က ကိုယ် ဖတ်ရပါသည် ။ ဖတ်ရသော အခါ နှင်းမြူ တို့ဖြင့် ဆောင်းခြုံထား အပ်သော ကန်ရေပြင်ကဲ့သို့ ပရိယာယ်တို့ဖြင့် လွှမ်းဆင်ထား အပ်သော ညည်း ၏ မျက်နှာပြင် ကို လည်း ရေးရေးမျှ မူ ကိုယ် မြင်မိပါ၏ ။

စင်စစ်သော် ညည်း စာ ကို ဖတ်ရသည် မှာ အိပ်မက် ထဲ ၌ မျက်လှည့် ကြည့်ရ သကဲ့သို့ပါတကား ။

ကိုယ် အိပ်မက် မမက်သည် မှာ ကြာပါပြီ ။

မမက်သည် မှာ ကြာတော့ လည်း အိပ်မက် ဆိုသည်မှာ ဆယ်ကျော်သက် တို့ ၏ အစွဲအလမ်း စိတ်ဖြေပွဲပါ တကား ဟူ၍ပင် အောက်မေ့ ထားမိချင်ချင်တည့် ။ သို့သော် ည ကမူ တရေးနိုးကလေး သာလျှင် ခြား၍ နှစ်ခါပြန်ပင် မက်ခဲ့ရပါသည် ။ မဆန်းပါလော မိစိုး ။

ပို၍ ဆန်းသည်မှာ ထို အိပ်မက် တို့သည် တခု နှင့် တခု ပသို့မျှ မပတ်သက်ခြင်း ပါ တည်း ။

ထို့ထက် ပို၍ ဆန်းသည် မှာတော့ တခု နှင့် တခု ပသို့မျှ မပတ်သက်သော ထို အိပ်မက် နှစ်ခုစလုံး ထဲမှာ ညည်း ပါနေခြင်း ပါတည်း ။

သည်မျှဆိုသော် ကိုယ့် အိပ်မက် တို့၏ အကြောင်း ကို ညည်း ကြားလိုလှပါရော့မည် ။ ကိုယ့် မှာ လည်း ပြောပြရန် တာဝန် ရှိပါ၏ ။ သို့သော် ကိုယ် ပြောပြစဉ်မှာတော့ သည်းခံ၍ နားဆင်စေလိုသည် ။ ကြားဝင်၍ ရန်တွေ့မည် ဆိုပါက အာရုံ ပြယ်တတ်သည်မို့ တပင်တပန်း ပြန် တွေး၍ နေရသော ဤအိပ်မက် ဇာတ်လမ်းတို့ ကို ကိုယ် မေ့ကုန်မှာ စိုးရပါသည် ။

ပထမ အိပ်မက် မှာမူ ညည်း မျက်နှာ ကို ပြုံးပြုံးရွှင်စွာ မြင်ရပါ၏ ။ သည် အိပ်မက် မှာ ညည်း က အဓိက ဇာတ်ဆောင်သူပါ ။

သို့သော် ဒုတိယ အိပ်မက် မှာတော့ ညည်း ကို လူအများ ကြားထဲ မှာ ခဏသာ မြင်ရသည်မို့ သည် အိပ်မက် ၌ ညည်း ပါရသော အခန်း မှာ လည်း သာမည သာ ဖြစ်တန်ရာ ပါသည် ။ ပသို့ဆိုစေ ၊ ထို အိပ်မက်တို့ ၏ အထဲ မှ ညည်း ၏ ပင်ကိုယ်ရုပ် ကို မူ ညည်း ပြန်၍ မြင် ပါလိမ့်မည် ။ ထိုအခါ “ မယုံကြည်နိုင်ပါ ” ဟူသော ကိုယ် ၏ အဆို ကိုလည်း ညည်း နားလည် လာပါလိမ့်မည် ။ ထိုအခါ ကိုယ့် ကို မချစ်သော ၊ ကိုယ် က သာ ချစ်ရသော မိစိုး သည် ကိုယ့် ကို ခွင့်လွှတ်နိုင်ပါစေသတည်း ။

°°°°°°°°°°°°°°°

◽အိပ်မက်အမှတ် ၁

အိပ်မက် ဆိုသည် မှာ ဝတ္ထုဇာတ်လမ်းများ သဖွယ် အစ အလယ် အဆုံး စသည်ဖြင့် စည်းစည်း ပိုင်ပိုင် မရှိနိုင်ကြောင်း ကိုမူ ညည်း သိထားနှင့်တန် ကောင်းပါပြီ ။

ထိုကဲ့သို့သော အိပ်မက်အူပေါက် ထဲမှာ ကိုယ် သည် မပြေးသော်လည်း ကန်ရာ ရှိခဲ့ရပါချေ၏ ။ မထွက်ခွာခဲ့ပါ သော်လည်း ကိုယ် ပြန်ရပါတော့မည် ။

ကိုယ် ၏ တပင်တိုင် သင်္ဘော သည် မဟာ အဏ္ဏဝါ အပြင် ဝယ် ကမ်းမမြင် လမ်းမမြင် နှင်နေပါ၏ ။ မည်သည့် ဆိပ်ကမ်း မှ သည် ခွာခဲ့တုံ၍ မည်သည့် ဆိပ်ကမ်း၌ ဆိုက်အံ့သည် ကို ကိုယ် ကိုယ်တိုင်လည်း မသိနိုင်ပါ မိစိုး ။

နက္ခတ်တာရာ ဆိုသည်တို့ ကို မူ ကိုယ် ကောင်းစွာ မကြည့်တတ်ခဲ့ပါ ။ သို့သော် အောက်လမ်းဆရာ လဝန်း သည် ရေသူငယ်မ နှင့် တနေ့တခါ ဖြားယောင်း ပေါင်းသင်းနေ တတ်ကြောင်း ကိုမူ ကိုယ် သိပါ၏ ။ ညည်း ကဲ့သို့ပင် တနေ့ ရွှေ ၊ တနေ့ ငွေ နှင့် လဝန်းလူညာ မျက်နှာမူရာ ပြောင်းပြောင်းလာတတ်ကြောင်း ကိုကား ရေသူငယ်မ လည်း သိမည် မထင်ပါ ။ သည် အကြောင်းကို တွေးကာ နေသည် နေ့အခါ ၌ နှစ်ခြိုက်စွာ ရယ် နေတတ်ပါ၏ ။ သို့သော် ညနေတိုင်၌ မူ ရေထဲသို့ ငုပ်လျှိုးရမည် မှာ ဓမ္မတာပင် မှန်သော်လည်း နေသည် လူကဲ့သို့ပင် ရင်ခုန်တတ် ၊ မျက်နှာပျက်တတ်ပုံ ရပါသည် ။

နေဝင် မှာ ကို မူ ကိုယ် စိုးမိပါ၏ ။ အားနွဲ့သူ မဆည်းရာ သည် မျက်ရည်မိုး နှင့် အမျက်မုန်တိုင်းတို့ ကို သား ကဲ့သို့ ရင်မှာ ပိုက်လျက် လင်ပြေး အောက်လမ်းဆရာ့ နောက်သို့ လိုက်အလာမှာ ကိုယ် ၏ သင်္ဘော သည် လည်း ရေမှ ဆယ်ထားအပ်သော ငါး ကဲ့သို့ လွန့်ကာ လူးကာ လွင့်ကာ လည်ကာဖြင့်ပင် မောခဲ့ မျောခဲ့ရပါတော့သည် ။ နွားရိုင်းကဲ့သို့ သော လှိုင်း တို့ ကလည်း သူ ၏ ကျောကုန်းထက်မှ ဝန်စည်ကို ခုန်ပေါက် ခါချလျက် ရန်သူပမာ ဝှေ့သတ် နေကြပါကုန်၏ ။ ကိုယ့် သင်္ဘောဦးသည် ထို ခတ်အံ့ သ,တ်အံ့သောငှာ တဟုန်ထိုး ပြေးလာသော လှိုင်း နွားရိုင်း၏ ခေါင်းနှင့် တအားဝင်၍ ဆောင့်မိသော အခါ၌မူကား ကိုယ်သည် မျက်လုံး ထွက်၍ ရှုံးသောကြက်ကဲ့သို့ နောက်ပြန်ပက်လက် ပစ်ကျခဲ့ရာမှ ပြေးမိပြေးရာ ဦးတည်၍ ပြေးခဲ့ရပါ၏ ။ ထိုအခါ ခလုတ်ထိသော ကလေးငယ် သည် အမိနှင့် နှစ်သိမ့်မှုကို တမ်းတ တတ်ဘိ သကဲ့သို့ ကိုယ် သည်လည်း ဖားလျားချထား အပ်သော ဆံပင်များနှယ် ဖွာနေသော ပဲ့ဖြင့် ပင် အိမ် ပြန်မည်ဟူ၍ ဆိုဆုံးဖြတ်ခဲ့မိပါ၏ ။ သို့သော် ကိုယ် ၏ အိမ်ပြန်သင်္ဘော ထက် ၌မူ ကုန်ပစ္စည်း ဟူ၍ တရွက်တထမ်း မျှ မပါခဲ့ပါတကား ။

လှိုင်းတို့ သည် ကိုယ် ၏ သင်္ဘော ကို ငုံ့ကြည့်၍ ရေမပါသော အိုး ဟု ၄င်း ၊ ငွေမပါ သော အိတ် ဟု ၄င်း ၊ အသိမပါသော ခေါင်း ဟု ၄င်း ၊ ရသ မပါသော ကဗျာ ဟု ၄င်း ၊ အနည်းနည်း အဖုံဖုံ ကဲ့ရဲ့ ကြကုန်လျက် ၊ အမှိုက်တိုက်များ နှင်နှင်ပင် ကမ်းပါးသို့ တွင်တွင်သာ ပို့ ဆောင်နေပါ၏ ။

ထိုအခါ ကိုယ် ၏ မျက်နှာကို သင်္ဘော ဝမ်းထဲ၌ ကျောက် ကဲ့သို့ ချ၍ ကိုယ်၏ မိုးတူ ရူသို့ ဆန့် ထားသော လက်တို့ ကိုလည်း သက်တန့်များ နိုင်ငံသို့ အသနားခံ ပျံစေရပါသည် ။

ရုတ်တရက်မူ “ ချေးငှားပါ ” ဟူသော စကားသည် ချောင်လည်မှုရရန် ဖန်လိမ့် မည်ဟု ကိုယ်တို့ အောက်မေ့နိုင်ပါ၏ ။ သို့သော် “ ချေးငှားပါ ” ၏ နောက်ကွယ် မှာ “ ပြန်ပေး ပါ့မယ် ” သည် မုချ ရှိနေရပါလိမ့်မည် ။ ထို “ ပြန်ပေးပါ့မယ် ” ဟူသော စကားသည် “ ပြန် ပေးရဦးမယ် ” ဟူသော အသိဘဝဖြင့် ချေးငှားလာသသူ ကို ကလူနှိပ်စက်၍ လာသောအခါ ၌မူကား “ ချောင်လည်မှု ” ဟူသည် အချို့သော အဓိပ္ပာယ် ကို ဆောင်ပါတော့သနည်း ။

ပသို့ဆိုစေ ၊ သက်တန့်များ နိုင်ငံ မှ မစ္ဆရိယ ၏ အစိမ်း ၊ ကာမဂုဏ် ၏ အပြာ ၊ မာန ထဒ္ဓါ၏ အနီ ၊ စသော အရောင်ခုနစ်ပါး ကို ကိုယ် ခဏ ငှားခဲ့ရပါ၏ ။ ကိုယ် သည် ထို ခုနစ်ရောင် သော ဆေးတို့ဖြင့် ကိုယ် ၏ သင်္ဘော ကို လှပစွာ ခြယ်သကာ ထိုဆေး၏ အာနိသင်ဖြင့်ပင် ရထားအပ်သော ဒဏ်ရာများ ကိုလည်း ဖုံးဖိကုသခဲ့ရပါ၏ ။

ကိုယ့် သင်္ဘော၏ မိုးကြိုးလျှပ်နွယ် ကဲ့သို့သော လင်းယဉ်တိုင် ထိပ်ဖျား မှ “ နဂါးကို ခြေဖြင့် ကုတ်ထားသော ဂဠုန်ရုပ် အဟန် ”  အလံသည် လည်း တကြွားကြွား တဝင့်ဝင့်နှင့် လွင့်လျက်နေပါ၏ ။ လှိုင်းငတ်များ စားထား၍ ဝါးနေသော သင်္ဘော ၏ အမည်ဟောင်း ထက် ၌လည်း ၊ အမည်သစ်    
“ နရရာဇာ ” သည် တထင်ထင် တလျားလျား နှင့် ကြွားလျက်နေပါ၏ ။

မိစိုး ... ၊ ထို “ နရရာဇာ ” သည် ရန်သူမိုး နှင့် မချစ်ခင် မနှစ်သက် အပ်သော ရေ တို့၏ အကြား မှ မွေးရပ်မြေ သို့ ဟန်နှင့် ပန်နှင့် လွှင့်၍ ပြန်နေပါချေပြီ ။

°°°°°°°°°°°°°°°°

မွေးရပ်မြေ ၏ စိမ်းလန်းသော ကမ်းသာယာ သို့ ဆိုက်ရောက်သောအခါ စစ်ပြန်ယောက်ျားကို တွေ့ရသော မယားကဲ့သို့ ပြုံးရွှင်နေသော ညည်း မျက်နှာကို ပထမဦးစွာ ကိုယ် မြင်ရပါ သည် ။ ညည်း ကဲ့သို့ပင် ညည်း ၏ ဝန်းကျင်ကလည်း ၊ တရပ်တပါးမှ ပညာသင်ကြား၍ ပြန် လာသော သားကို ဝမ်းမြောက်တသာ ကြိုဆို နေသော မိဘ ကဲ့သို့ ကိုယ့် အား အသည်းလှိုက် အူလှိုက် ကြိုဆိုနေပါ၏ ။

ကိုယ် ပြန်လာသည့် အထိမ်းအမှတ် အဖြစ်ဖြင့် ကား မွေးရပ်မြေသည် သူ၏အရပ် လေးမျက်နှာ တို့၌ ခုနစ်ရက်တိုင်တိုင် ပျော်ပွဲ ရွှင်ပွဲသဘင် ဆင်ယင်ကျင်းပ၍ ၊ ကျောင်း ရုံး ဈေး စက်ရုံ စသည်တို့ ကိုလည်း ပိတ်ထားကာ ၊ ကိုယ် လှည့်လည်ရာ အရပ်တကာ ၏ လမ်းများ တလျှောက်၌ လည်း ပရိသတ် သည် အင်နှင့်အားနှင့် စုရုံးလျက် ကိုယ့် အား ကောင်း ချီးထောမနာ သြဘာ ပြုနေကြပါကုန်၏ ။ ထိုအခါက ညည်းတို့ သည်လည်း ကိုယ် ၏ အမည် ကို တေး ကဲ့သို့ ဖွဲ့ဆိုလျက် ၊ ထိုသို့ ဖွဲ့ဆိုကခုန် နေကြကုန်သော အုပ်စုများ ကလည်း လမ်းမများ ပေါ်တွင် နေ့ည မဟူ နေရာယူ ကာ ၊ ဆိုင်းသံ ဗုံသံ တို့ ကလည်း မိုးမြေအနှံ့ ညံနေပါသည် ။ ကိုယ် လာမည့် လမ်းတလျှောက် မှ အိမ် တို့၏ ပြတင်းများ သည်လည်း တပေါက်လျှင် အသပြာ တရာခန့် ထိုက်တန်လျက် ၊ ပန်းကုံး တို့၏ ဈေးနှုန်း သည်လည်း ခေါင်ချဉ်း၍ နေပါ၏ ။

ကိုယ့် မျက်နှာ သည် ပန်းကဲ့သို့ ပွင့်ပါပြီ မိစိုး ။

သို့သော် ညည်း မို့ ပြောရဦးမည် ။ ညည်း သိမည် မထင်သော်လည်း ကိုယ် သိပါ ၏ ။ ကိုယ့် သင်္ဘော ထက်သို့ တစုံတယောက်သော သူမျှ တက်၍ မကြည့်သည် ကို ၄င်း ၊ ကိုယ့် သင်္ဘော ဝမ်းထဲ၌ ပသို့သော ကုန်ပစ္စည်းများ ပါလာသနည်း ဟူ၍လည်း တစုံတယောက် သောသူ ကမျှ လာ၍ မမေးသည် ကို ၄င်း ထောက်သော် ညည်းတို့ အကြောင်းကို ကိုယ် ကောင်းစွာ သိပါပြီ ။

ထို့ကြောင့်လည်း လှပစွာ ခြယ်သထားသော ကိုယ် ၏ သင်္ဘောခွံ ကို ကိုယ့် ဖာသာ ပြန် ကြည့်၍ ၊ ကြေကွဲဝမ်းနည်းစွာ ပြုံးမိပါ၏ ။ မမြင်သော သူအား အရောင်ည၏ ပယောဂ ဖြင့် လှည့်ဖြားခဲ့ မိသော ကိုယ့် အမှား အတွက် လည်း ဤတွင် ခွင့်လွှတ်ပါရန် ကိုယ် ပန်ကြားအပ် ပါသည် ။

တဖန် ကိုယ့် ကို ဤမျှ နှစ်လိုကြည်ဖြူစွာ အသည်းလှိုက် အူလှိုက် ကြိုဆိုဝတ် ပြု၍ နေပြီ ဆိုတော့လည်း ၊ ဘဇာမျှ မပါလာခဲ့သသူ တဦး အနေနှင့် ကိုယ် နေရသည် မှာ မလုံပါ ။ မလုံသောကြောင့် တကြောင်း ၊ ဝမ်းနည်းသောကြောင့် တကြောင်း ၊ စသည် စသည် ဖြင့် အကြောင်းကြောင်းကြောင့် ကိုယ် သည် ကမ်း နှင့် ချည်ထားအပ်သော သံယောဇဉ်ကြိုး တို့ ကို ခိုးဖြေလျက် ၊ မဟာအဏ္ဏဝါပြင် သို့ တဖန် ထွက်ခဲ့ရပြန်ပါ၏ ။

သို့နှင့်ပင် လှိုင်းတို့၏ တံတွေးခွက် ထဲသို့ ကိုယ် ၏ ‘ နရရာဇာ ’ သည် ပက်လက် ရောက်ခဲ့ရ ပြန်ပါသည် ။

°°°°°°°°°°°°°°

နောင်၌ကား ချစ်သူ ၏ စွန့်ပစ်ထားရစ်ခြင်းခံရသော မိန်းမငယ် ကဲ့သို့ ကိုယ် ၏ သင်္ဘောသည် လည်း မဟာအဏ္ဏဝါ အိပ်ရာ၌ ပက်လက် မှ သည် တပြောင်းပြောင်း တပြန်ပြန် ဖြင့် လူးလိမ့်၍ နေခဲ့ရပြန်ပါ၏ ။ ဤသို့ တလူးလူး တလိမ့်လိမ့်နှင့် သိမ့်သိမ့်ခါ နေသော သင်္ဘောငယ် “ နရ ရာဇာ ” သည် တနေ့သော အခါ၌မူ ပုဗ္ဗဝိဒေဟကျွန်း ၏ ကမ်းသောင်ခြေ တနေရာမှာ မေးတင် ကာ ၊ “ ကုန် ”  အလို့ငှာ ဆိုက်လှာပါ၏ ။ ဤမှ တဆင့် အပရဂေါယာ ကျွန်း သို့ ၄င်း ၊ နောင်အခါ ဇမ္ဗူဒီပါကျွန်း သို့ ၄င်း ၊ နောင်အခါ ဥတ္တရကုရု ကျွန်း သို့ ၄င်း ၊ စသည် စသည် ဖြင့် အပြည်ပြည် အကျွန်းကျွန်း သို့လည်း လှည့်လည်လွှင့်ပတ် ရောက်ခဲ့လတ်၍ ၊ ရောက်တတ်ရာရာ အရပ်ရပ် တို့မှ ရရာရာ အဖိုးတန် မှန်သမျှသော “ ကုန် ” တို့ကို ကိုယ် သည် “ အသိ ” ဖြင့် ပေးဝယ်သယ် ဆောင်ခဲ့လျက် ညည်း တို့ မြေသို့ တဖန် လှည့်ပြန် ခဲ့ရပြန်ပါသည် ။

ကိုယ့် အား ယခင် က ထက် များစွာ ပိုမိုသော နှစ်လိုကြည်ဖြူမှု ဖြင့် ကြိုဆို နေအံ့သော ညည်း အဖို့ရာ ၄င်း ၊ ညည်းတို့ အဖို့ရာ ၄င်း ၊ ဤ ပါလာသော မေတ္တာ ၊ အလှ ၊ သစ္စာ ၊ ဘဝ စသည့် “ ကုန် ” တို့သည် ကိုယ် ၏ နောင်တ လက်ဆောင်များပါတည်း ။

သို့သော် ညည်း က ၄င်း ၊ ညည်း ၏ ဝန်းကျင် က ၄င်း ၊ ကိုယ့် အထင်အတွေး နှင့် ခြားနား ဆန့်ကျင်စွာ ပြုမူခဲ့ပါသည် ။ နှစ်လိုကြည်ဖြူသော အရိပ်အယောင် ဟူ၍ လည်း ညည်း ၏ မျက် နှာတွင် မှဲ့တပေါက်စာ မျှ ကိုယ် မတွေ့ရပါတကား ။

တခါက ကိုယ့် အပါးမှာ ဖဝါး မကွာ နေပါရစေ ဆိုခဲ့သသူ ညည်း ကိုယ်တိုင် ကပင် ကိုယ့် ကို သူစိမ်းတရံဆံ အသွင် မသိဟန် ဆောင်ကာ ရှောင်ကြဉ် နေတတ်ပြီ ဆိုတော့လည်း ညည်း ၏ ဝန်းကျင် ကို ကိုယ် မငြိုငြင်လိုတော့ပါ ။ ကိုယ့် သင်္ဘော မှာ အသိဖြင့် ပေးဝယ်ခဲ့ရ သည့် ဝမ်း နှင့် ပြည့်သော ကုန်တို့ အမြောက်အမြား ပါလှာသည် ဟု ညည်း ကို တိတ်တိတ် ဖွင့်၍ ဝန်ခံခဲ့သော အခါ၌လည်း ညည်း က ကိုယ် ၏ ဖွာနေသော ဆံပင်တိုများ ကို ညည်း ၏ သွယ်ပျောင်းသော လက်ချောင်းနွယ်များ ဖြင့် ဆုပ်ကိုင် လှုပ်ရမ်း၍ သာ ရယ်ပါသည် ။

သည်တခါမူ မကြားရသေးသော သူအား တေးအလင်္ကာ ၏ အရသာ ကို ပြောပြမိသသူ ကဲ့သို့ ဝမ်းနည်းကြေကွဲစွာဖြင့် ကိုယ့် သင်္ဘောထံ ကိုယ် ငို၍ ပြန်ခဲ့ရပါ၏ ။

ကိုယ့် သင်္ဘော ထံ ကိုယ် ပြန်၍ ရောက်သော အခါ၌မူ ညည်း နှင့် တကွသော ညည်း ၏ ဝန်းကျင် အကြောင်း ကို ကိုယ် ကောင်းစွာ နားလည်ရ ပြန်ပါသည် ။

ပါလာသော ကုန်တို့ ကိုသာ ပီတိဖြင့် ကြည့်၍ နေမိသောကြောင့် ကိုယ်၏ သင်္ဘော သည် လည်း မြွေပွေးကွက်နှယ် ဆေးများ ကွက်၍ ၊ ပြန်လည်ဆက်ထားအပ်သော လင်းယဉ်တိုင်ကျိုး ထက်မှ အလံငယ် သည် လည်း နေစား ထားသဖြင့် လွလွဖြူ ကာ ၊ လေစား ထားသဖြင့် မွမွဖြာ နေပြီကို ကိုယ် တွေ့ရပါသည် ။ “ နရရာဇာ ” ဟူသော အမည်သည် လည်း ပျက်ပြယ် ၍ ၊ ယင်း ၏ အောက် မှ အမည်ဟောင်း ‘ သုတ နာဝါ ’ သည်ပင် ရေးပျပျ တင်နေပါပြီ ။

ဪ မေးရမည် ဆိုပါလျှင် ညည်းတို့ ၏ ဝန်းကျင်၌ “ အမြင် ” ဆိုသည် ၏ အနက် သဘော ကို ပသို့များ ဖွင့်ဆိုထားပါသနည်း မိစိုး ။

°°°°°°°°°°°°°°°

◽တရေးနိုး ကလေး

အိပ်မက် ထဲ မှ ကိုယ် ကား ငိုနေသည် ။

အိပ်မက် မက်နေသော ကိုယ် ကား အိပ်ပျော်လျက် ရယ်မောနေသောကြောင့် အားငယ် တတ်သော သတ္တိကောင်း အခန်းဖော် ကျောင်းနေဘက် က ကိုယ့် ကို ငြိုငြင်စွာ လှုပ်ခါ၍ နှိုးလှာပါသည် ။ ဤတွင် ကိုယ့် အိပ်မက် သည် လည်း တပါတည်း ပျက်ခဲ့ရပါတော့၏ ။

အိပ်မက် ဆိုသည်မှာ အစဉ် အလျဉ်မပျက် ပြန်ဆက်၍ တွေးရသည်မှာ မလွယ်ပါ မိစိုး ။ မလွယ်သော်လည်း ညည်း ပါသော အိပ်မက် မို့ ညည်း မျက်နှာကြောင့် သွယ်ဆက်၍ တွေးကြည့်ခဲ့ပါ၏ ။ ထိုအတွေး ထဲ၌ပင် ကိုယ် သည် တကျော့တဖန် အိပ်ပျော်ခဲ့ရပြန်ပါသည် ။ ထို အအိပ်ထဲ ၌ပင် ကိုယ် သည် အိပ်မက် တဖန် မက်ခဲ့ရပြန်ပါ၏ ။

ညည်း ကို သည် အိပ်မက် ထဲမှာလည်း တွေ့ရပြန်ပါပြီ ။ ဪ ပွဲတိုင်းကျော်ပါ တကား ။

°°°°°°°°°°°°°°°

သူတကာ ပြောမည် ဆိုလျှင်လည်း ပြော စရာပင် ။ ကိုယ့် ဘဝမှာ ညည်း သာလျှင် သခင် ၊ ညည်း သာလျှင် ဘုရင် မို့ ကိုယ့် အိပ်မက် တို့ ကိုလည်း ညည်း အပျော် နေဘို့အတွက် သက်သက် ဆောက်ထားအပ်သော အိမ်များ ဟုပင် ညည်း က ခပ်ပိုင်ပိုင် ထင် နေသည် ထင့် ။ ညည်း မပါ လျှင် ကိုယ့် မှာ အိပ်မက် ပင် မမက်တတ်တော့ပါ ။

စင်စစ်သော် ကိုယ့် အိပ်မက်များကို ညည်း တယောက်တည်း လွှတ်တော်ဆင့် ပြဋ္ဌာန်း၍ ညည်း အပိုင် လုယက် သိမ်းပိုက်ထားခဲ့သည်မှာ ကြာပါပြီ ။ ကိုယ် က အားနည်းသူ မို့ ညည်း ၏ အပြုအမူ ကို မတိုက်ခိုက်ဝံ့ တော့လည်း တစတစ နှင့် ညည်း အတင့်ရဲ လာသည်မှာ ဆန်းသည် ဟု ကား မဆိုနိုင်ပါ ။

သို့သော် သည် အိပ်မက် မှာတော့ ညည်း ပါသော အခန်းကဏ္ဍ မှာ သိသိသာသာ လျှော့နည်း လာပါပြီ ။ သည်နည်းနှင့် ပင် ညည်း ကို တစတစ ကိုယ် မေ့လာ နိုင်ပါလိမ့်မည် ထင်၏ ။

စိတ် တော့ မရှိနှင့် ။

°°°°°°°°°°°°°°°

◽အိပ်မက် အမှတ် ၂

အိပ်မက် ဆိုသည်မှာ အာရုံငါးခု ရုပ်ဝတ္ထု နှင့် ပသို့မျှ မပတ်သက်သည် မို့ ပကတိ မျက်စိ နှင့် ကြည့်ရသည့် သွင် ထင်ထင်ရှားရှား မမြင်နိုင်ကြောင်း ကို မူ ညည်း သိထားနှင့်တန် ကောင်း ပါပြီ ။

ထိုကဲ့သို့သော မထင်မလျား ဝိုးတဝါး လောက ထဲတွင် ကိုယ် ၏ ဝိညာဉ်သည် လည်း သစ်ပင် ပမာ မြေ၌ ရပ်၍ နေပါချေ၏ ။

ထိုအပင် ကား အိုမင်းပါ ချေပြီ ။ အရွက်တို့ ကား အမုန်း ကဲ့သို့ စိမ်းစိမ်းရင့်၍ နေကုန် ၏ ။ အပွင့်တို့ ကား မာန ကဲ့သို့ နီမြန်း၍ နေကုန်၏ ။ အမြစ်တို့ ကား ငရဲပြည် ၌ တည်ကုန်၏ ။ အခက်တို့ ကား နိဗ္ဗာန်ဘုံသို့ ဆန်ချေပြီ ။

ကိုယ် သည် ရွှေ ကဲ့သို့သော မြေမှ ကိုယ် ၏ ဝိညာဉ်ပင် အတွက် ငွေ ကို ရေ ကဲ့သို့ လောင်းခဲ့ပါ၏ ။ ရွှေရည်ငွေရည် တို့သည် ထို အပင်ရင်း မှ နေ၍ မြစ်မ ငါးရာ ဖြာဖြာဆင်း ချေ သည် ။

တနေ့သော် ကောင်းကင် မှ ကြယ်များ ကြွေလှာသည် ဟု ရုတ်တရက် ကိုယ် ထင် မိ၏ ။ ကိုယ့် နှလုံးအိမ် မှ သွေးတို့သည် လည်း ကျိုးသော တာမှ ရေ ကဲ့သို့ အဟုန်ပြင်းစွာ ဖြင့် တိုးလှာကြကုန်၏ ။ သို့သော် ကိုယ့် အထင် မှားခဲ့သည် တကား ။

ရွှေမြေ သည် သွေးဖြင့် လွှမ်းကုန်၏ ။ နေ သည် ရွှေ နှင့် ပြိုင်၍ ပူပြကာ နီသော ဝိညာဉ်ပန်းတို့ ကို မြေခစေလေပြီ ။ ဪ ဝိညာဉ်ပင်တို့ မည်သည် ဇရာဥတု သို့ တိုင် ရောက် ခါမှ သီးတတ်ချေသည် တကား ။

ကိုယ် သည် မှည့်သော အသီးတို့ ကို မြေဝယ်မကျ ဆွတ်ခဲ့လတ်၍ တရပ်တရွာ မှ အလည် ရောက်လာနေကြကုန်သော ဘုရားဖူးဧည့်သည် တို့ လျှောက်ရာ မဟာလမ်းမ စင်္ကြံ ၌ ရွှေလင်ဗန်း ငွေလင်ဗန်း တို့ဖြင့် ခမ်းနားစွာ ခင်းကျင်း၍ တည်ခဲ့တုံ၏ ။

ကိုယ့် အား ဧည့်သည် တို့သည် မှန်ကို ကြည့် သကဲ့သို့ ကြည့်ကုန်၏ ။ ကိုယ့် ကို မြင်သောအခါ ငယ်ရွယ်ချောမွေ့သော မိမိ ရုပ်ကို မိမိ ပြန် မြင်ရ သကဲ့သို့ လည်း ပျော်ကုန်သည် ။

ကိုယ့် စေတနာ သဒ္ဓါတရား အတွက်လည်း လူသူတကာ က ပြုံး၍ ချိုစွာ နှုတ်ဆက် လာကုန်၏ ။ ဧည့်သည်တို့ သည် မဟာလမ်းမကြီး ၏ စင်္ကြံထက် ၌ စုရုံးလျက် ၊ ကိုယ့် အား စကြာဝဠာပြန် လူစွမ်းကောင်း ကဲ့သို့ ကြည့်ရှုလိုသော စိတ်နှင့် တကွ ၊ သြဘာ ပြုနေကြပါကုန် ၏ ။

တယောက်သော ဧည့်သည် မှာ မူကား ချစ်သူ နှင့် ရုတ်တရက် ရင်ဆိုင် တွေ့နေရ သကဲ့သို့ ခုန်သော ရင်ဖြင့် တခုသော သစ်သီး ကို ကြည့်နေဘိ၏ ။ တယောက်သော ဧည့်သည် မှာ မူကား သစ်သီး တို့ကို အားဖြင့် ကျုံး၍ ပါလာသော အိတ်ဝယ် အပြည့် ထည့်နေဘိ၏ ။

ရုတ်ခြည်းပင် လျှင် ရွှန်းပသော လင်ဗန်းများ ၌ တခုမျှ မကျန်ခဲ့တကား ။

ကိုယ် တွေးမိပါ၏ ။ ကိုယ် ကိုယ်တိုင် ပင် လျှာ နှင့် တခု ကိုမျှ တို့ မကြည့်ခဲ့မိဘူး သော်လည်း ဤ သစ်သီးတို့ သည် သုဓာဘုတ် နှယ် ချိုမြိန်ရွှန်းမြလိမ့်မည် ဟု ကိုယ် ဆင်ခြင် မိပါပြီ ။

သို့သော် သူတကာ ၏ အရသာ ကို ကိုယ် လည်း ကိုယ့် လျှာ မှာ တွေ့ကြည့်လိုလာ သည် ။ တခုမျှကို မူ မြဲကြည့်လို၏ ။ ထို့ကြောင့် လင်ဗန်းများ ကို ထပ်၍ ဘဝဂ်သို့ တိုင် တိုင် ထူခိုက် ၊ တခုသော လင်ဗန်း ၏ အောက် မှ တခြမ်း သာ မှည့်၍ တခြမ်း စိမ်းသော တခုသော အသီး ကို မြင်ရသော အခါ ကိုယ် ပျော်မိပါသည် ။ ကိုယ့် ဝိညာဉ် ၏ အမွေအနှစ် ကို ကိုယ် ကိုယ်တိုင် သုံးဆောင်ရတော့မည် ဟု သိရသောအခါ ကိုယ် ရေးသော ကဗျာ ကို ကိုယ့် ဖာသာ ပြန် ဖတ်ရ သကဲ့သို့ စိတ် မှာ ကြည်မြမိပါ၏ ။ သည်စိတ် နှင့် ပင် ကိုယ် သည် မှည့်သော အပိုင်း ကို သွား ဖြင့် ကိုက်သော်

အို ကိုယ့် သွားများ ကြွေရပါပြီ မိစိုး ။

ချဉ်လှပါဘိ တကား ။ ခါးလှပါဘိ တကား ။

သံပုရာတို့ ချဉ်သည် ၊ တမာတို့ ခါးသည် ဆိုသည်မှာ လူတို့ အတွေ့အကြုံ နှင့်သာ ဆိုင်ပါချေ၏ ။ ဤ အချဉ် ဤ အခါး ကိုမူ လူတို့ မတွေ့မကြုံဘူးတန်တကား ။

°°°°°°°°°°°°°°°

သံပုရာ ထက် အဆ တရာ ၊ တမာ ထက် အဆ တကုဋေ မကျေချမ်းနိုင် ၊ ခွင့်မလွှတ်နိုင်သော အကုသိုလ် ဖြင့် ကိုယ် သည် လူတို့ ကို ဖျက်ခဲ့မိသည် ။ ထိုအခါ ကိုယ် ၏ အမျက်တို့ သည် လည်း မိုး ကဲ့သို့ ညို့လာကာ ကိုယ့် ကိုယ်ကို ပြန်၍ သ,တ်လှာ၏ ။

ကိုယ် သည် ငရဲငယ် ၃၂ ဘုံ ၌ ရေနစ်သူ ၏ လက်များ ကဲ့သို့ တွယ်ကုတ် နေသော ဝိညာဉ်သစ်မြစ်များ ကို အမျက်မာန် ဖြင့် တအား ဆွဲနုတ် ထည့်၍ ၊ အတိတ် ရွှေမြေကို ငလျင် ဖြင့် လှန်ပစ်မိပါသည် ။ ပစ္စုပ္ပန် ၏ အပူ၌ မြေ မှ နုတ်ထားအပ်သော အပင် သည် သေတော့၏ ။

အို ၊ မိစိုး ။ ကြာပြီ ။ ကြာချေပြီ ။

ကာလ သည် လူတို့ ကို မသနားတတ်သည်သာ တကား ။

ထိုအခါ ကိုယ် ၏ သေနေသော ဝိညာဉ်ပင် ကို အနာဂတ် စိမ့်စမ်းမြေ ၌ ဝဋ်အလျောက် တဖန် ပြန်လည် စိုက်ကြည့်ရ ပြန်ပါသည် ။ သည်တခါမူ အခက်အရွက်များ ကို မြေ မှာ မြှုပ်တည့် ၍ ၊ အမြစ်များ ကို မိုး သို့ မျှော်စေကာ သွေး ချွေး မျက်ရည် တို့ဖြင့် သွန်းတည့်၍ စိုက်ပါ၏ ။

နေ့ သည် ၄င်း ၊ ညဉ့် သည် ၄င်း ၊ ကိုယ် ၏ တာဝန်သာတည်း ။ ကိုယ် သည် နေ့ည မဟူ အရိပ် ကိုသာ ကြည့်နေမိပါ၏ ။

သို့နှင့်ပင် ဝိညာဉ်ပင် သည် ဇရာဥတု သို့ တိုင်ပြန်သော အခါ တဖန် ပြန်လည်၍ ပွင့်လှာပြန်သည် ။ အပွင့်တို့ ကြွေပြန်သော အခါ၌လည်း အသီးတို့ သည် ဝေဆာလှာပြန်၏ ။

သည်တခါမူ ကိုယ် က ပထမ မြဲကြည့်ရပါသည် ။

ပျားရည်တို့ ချိုသည် ၊ စပယ်တို့ မွှေးသည် ဆိုသည် မှာ လူတို့ အတွေ့အကြုံ နှင့်သာ ဆိုင်ပါချေ၏ ။ ဤ အချို ၊ ဤ အမွှေး ကို မူ လူတို့ မတွေ့မကြုံဘူးဟန်တကား ။

အမျက်တို့ လည်း ပြေပါပြီ ။

ထို့ကြောင့် မှည့်သော အသီးတို့ ကို မြေဝယ် မကျ ဆွတ်ခဲ့လတ်၍ ဘုရားပွဲ လာ ဧည့်သည်တို့ လျှောက်ရာ မဟာလမ်းမ စင်္ကြံ ၌ ထန်းခေါက်တောင်းများ ဖြင့် ထည့်ကာ တည်ခင်း ဧည့်ခံခဲ့မိပြန်ပါသည် ။

သို့သော် ဧည့်သည် တို့ က ဆန်းသည် ။ မစားကောင်း သကဲ့သို့ လည်း ကြည့်ကာ ကြည့်ကာ မျှ ဖြင့်ပင် ပြန်၍ ပြန်၍ သာ ချထားခဲ့ကြပါကုန်၏ ။

သည် အထဲ မှ တယောက်သော သူ ကမူ တခုသော သစ်သီးကို အသေအချာ တယု တယ ကိုင် ကြည့်၍ ပြင်းစွာ ရယ်ပါချေသည် ။ ထို့နောက်၌ ကား ထို တယောက်သူ ၏ မျက် နှာမူရာ သည် ရုတ်ခြည်း ပြောင်းလာကာ တံတွေး ကိုလည်း ပက်ပက်ပါ ထွေးခဲ့ပါချေ၏ ။

မိစိုး ။ ထို တယောက်သော သူကား အသူပါနည်း ။

အများ ကြား ထဲ မှာ မို့ ညည်း ကို လူ မှားမည် မထင်လေနှင့် ။ ညည်း မျက်နှာ ကို ကိုယ် သိသည် ။ ကိုယ့် အသဲ မှာ ညည်း မျက်နှာ အရာ ထင်နေသည် ။

တယောက်သော သူ မှာ ညည်း မှ ညည်း ပါတည်း ။

°°°°°°°°°°°°°°°

◽ယုံတမ်းစကား ဆိုသသူ

နေခြည်နုငယ် သွယ်လျလျသည် ကိုယ့် ပါးကို ညင်သာစွာ နမ်းလှာ၏ ။ နေ့ သည် သူ ၏ တောက်ပသော အဝတ်တန်ဆာ ဖြင့် ည ၏ သိမ်မွေ့ယုယမှု ကို မျက်နှာ ငယ်စေခဲ့ချေပြီ ။

မိစိုးငယ် ။ ည က အိပ်မက်များ ထဲ မှာ ပင် ညည်း က ထွက်ပြေးသူပါ တကား ။

ညည်း ၏ ဟန်မဖုံးသော မာန်ပြုံးတို့ ကို ထို အိပ်မက်များ တွင် ကိုယ် အထင်အလျား မြင်ခဲ့ရပါပြီ ။ ညည်း ၏ ပင်ကိုယ် စိတ် ၊ ပင်ကိုယ် ရုပ် သည် အိပ်မက် အမူး တွင် ကျွဲခိုး ပေါ်ခဲ့ ချေပြီ တကား ။

°°°°°°°°°°°°°°

ညည်း ထံ ကိုယ် စာ အတန်တန် ရေးခဲ့ပါ၏ ။ ညည်း က တစောင် ဆို တစောင် မှ မပြန်တတ် ခဲ့ပါ ။ ညည်း ကို တွေ့သော အခါ၌လည်း ညည်း ၏ ဝန်းကျင်မှာ ကိုယ့် သိက္ခာ ကို မိုး သို့တိုင် တင်၍ ကိုယ် ၏ ငယ်စိတ် ငယ်လက် တို့ ကို လည်း တရားဖြင့် တအား ချုပ်တတ်ပြန်ပါသည် ။ ဪ ၊ အသူ ခံတမ်းပါထင့် ။

ညည်း ကိုယ့် ကို မျက်လှည့်  ပြနေသည် မှာ ကြာပါပြီ ။ ညဦး က မှ ဖတ်ရသော ညည်း ၏ ပထမဆုံး နှင့် နောက်ဆုံး ပြန်စာတိုကလေး ကလည်း ကိုယ့် ကို ထပ်၍ တဖန် မျက်လှည့်ပြ နေပြန်သည်သာ တည့် ။

ညည်း က ညည်း စာတွင် “ အချစ် ဆိုသည်မှာ ကျွန်မ နားမလည်ပါ ” ဟု ဆို၏ ။

ဪ ... ဪ ၊ မှန်ပါ့ ။ ယုံပါမည် ။

ရယ်ဘို့ပင် ကောင်းတော့၏ ။ မိစိုး ။ ညည်း ကိုယ် ညည်း ပြန်ကြည့်ဦး ။ ရင်ပုံ ကို ဝတ်၍ လျော့တော့တော့ မလုံ့တလုံ ဖြင့် လည်း ညည်း နေတတ်ချေပြီ ။ ဆံပင် ကို ပါးပါး ဖြန့်၍ နားရွက် အထက်ပိုင်း ကို လည်း ညည်း လုံလုံ ဖုံးခြုံတတ်ချေပြီ ။ ဒေါက်မြင့်ဖိနပ် ဖြင့် လည်း ခြေရာတို့ ကို မျဉ်းဖြောင့် တကြောင်းတည်း မှာ ထပ်၍ ညည်း လျှောက်တတ် ချေပြီ ။ အင်္ကျီ ၏ အရောင် နှင့် ဆန့်ကျင်သော ထမီရောင် ကို လည်း ညည်း ရွေးတတ်ချေပြီ ။ အထက်ဆင့် မပါ သော ထမီ ကို ကျဉ်းကျဉ်း ချုပ်ကာ ၊ ခါးကြား မှာ မညှပ်မီ အထက်စ ကို ကြိုးကဲ့သို့ နှစ်ပတ် သုံးပတ်မျှ ကျစ်၍ လည်း ဝတ်တတ်ချေပြီ ။

ညည်း မျက်နှာ သည် နွမ်းလျနေဟန် ထင့် ။ ညည်း ဆံစည်းသည် လျော့ရဲရဲ နှင့် ။ ညည်း ထုံးဖွဲ့မှု သည် မြှော်တလင့်လင့် ။

သို့သော် ညည်း ၏ နှလုံးအိမ် သည် ပျားရည် မှာ စိမ်နေရသည် သို့ ပျော်၏ ။ ညည်း လမ်းလျှောက် လျှင် က နေသည်ချည့် ထင်မိ၏ ။ ငယ်ငယ် က အမေ ပြောသော ပုံပြင် တပုဒ် ထဲ မှ နတ်မြင်းပျံ ဆိုသည် မှာ ညည်း ကဲ့သို့ပါ တကား ။

°°°°°°°°°°°°°°°

ကိုယ် ပသို့ ယုံရပါ့မည်နည်း ။

ပသို့သော အထောက်အထား ဖြင့် ညည်း ၏ စကားကို ယုံရပါ့မည်နည်း ။

လူ သည် ဟန်ဆောင် တတ်၏ ။ ညည်း ၏ ဝန်းကျင် သည် လည်း ဟန်ဆောင်တတ်၏ ။ ညည်း သည် လည်း ဟန်ဆောင်တတ်ချေပြီ ။

ညည်း က နားလည်လျက် နှင့် နားမလည် ဟန် ဆောင်ခဲ့၏ ။ ဪ ၊ လိမ်မာဘိသည်တကား ။

ကိုယ် က မူ ဟန်မဆောင်လိုပါ ။ ကိုယ် ဝန်ခံပါ၏ ။ ညည်း ကို ကိုယ် ပသို့မျှ နား လည်၍ မရနိုင်ပါ မိစိုး ။

◾မောင်သာရ

📖 တကျပ်တန် စာအုပ်
      ၁၉၆၁ ခု ၊ .........လ

No comments:

Post a Comment