Thursday, November 14, 2024

သုံးဘဝ ရှိသူ


 

🚩   သုံးဘဝ ရှိသူ

စာရေးဆရာ ၊ အယ်ဒီတာ ကိုသိုက်ထွန်းသက် က ကျွန်တော် နဲ့ ခင်မင် ရင်းနှီးသူ တစ်ယောက် ဖြစ်ပါတယ် ။ ကျွန်တော်တို့ ချင်း တစ်ရပ်ကွက်တည်း မှာ နေခဲ့ဖူးတယ် ။ ကျွန်တော့် အိမ် မှာ တီဗွီ မရှိတော့ သူ့ အိမ် ကို ကျွန်တော်တို့ မိသားစု လိုက် သွားပြီး ညဉ့်နက် မိုးချုပ် တီဗွီဇာတ်လမ်းတွေ သွား ကြည့်ဖူးတယ် ။ ဝတ္ထုတိုတွေ အတူတူ ရေးခဲ့တယ် ။

၁၉၈၈ ခုနှစ် အရေးအခင်း ကို အတူ လက်တွဲပြီး ဖြတ်သန်းဖူးတယ် ။ ၁၉၉ဝ ပြည့်နှစ် မှာ သက်ဆိုင်ရာ က ဖမ်းဆီးခေါ်ယူ စစ်ဆေးမေးမြန်းတာ ကို အတူ ကြုံခဲ့ဖူးတယ် ။

ကိုသိုက်ထွန်းသက် ရဲ့ ဘဝ တစ်စွန်းတစ်စ ကို ကျွန်တော် သိပေမယ့် တိတိကျကျတော့ မသိဘူး ။ ဓာတ်ပုံကိုဇော်ဇော် ရဲ့ ဘိုဓာတ်ပုံတိုက် မှာ နှစ်ယောက် ဆုံမိတော့ သူ့ ငယ်ဘဝ မှာ စွဲစွဲထင်ထင် အမှတ်ရခဲ့တာလေးတွေ ကို ပြောပြဖို့ ကျွန်တော် မေးမြန်းမိတယ် ။

“ ငယ်ဘဝ မှာ အမှတ်ရ နေတာက စာဖတ်ခဲ့ရတဲ့ ဘဝပေါ့ ၊ အမှတ်ရစရာ တွေကတော့ အများကြီး ပေါ့ ၊ ကျွန်တော် က အစ်ကိုကြီး သိတဲ့ အတိုင်းပဲ မွေးစားသား ဘဝ နဲ့ ကြီးပြင်းခဲ့ရတာ ။ စိန်ပန်းရပ်ကွက် ထဲ က ခြံဝင်း အကြီးကြီး ထဲ မှာ မိသားစု သုံးစု အတူတူ နေခဲ့ကြတာ ”

“ မွေးစားမိဘတွေ က ဦးသိန်းတန် ... ”

“ ဦးသိန်းတန် ၊ ဒေါ်တင်တင်ငြိမ်း ၊ ဦးမောင်မောင် ၊ ဒေါ်တင်တင်သိန်း ၊ ကျွန်တော့် မိဘ အရင်း ဦးအေးမောင် ၊ ဒေါ်တင်မေ ၊ မိသားစု အားလုံး စု နေကြတာ ပေါ့ ၊ ကျွန်တော့် ညီမလေး ခင်စန်းဝင်း ကို ဦးမောင်မောင် ၊ ဒေါ်တင်တင်သိန်း တို့ က မွေးစားတာ ”

“ နှမ အရင်းလား ”

“ အရင်း ၊ ဦးသိန်းတန် ရော ၊ ဦးမောင်မောင် ရော ၊ သူတို့ က ကလေး မရဘူး ။ ကျွန်တော့် မိဘ အရင်းတွေ က လေးယောက် မွေးတာ ။ အစ်မအကြီး ကို အဘွား က မွေးစားတယ် ။ ညီမငယ် က အိမ်ကပ် ကျန်ရစ်တာ ။ ကျွန်တော့် ပြဿနာ က မွေးစား မိဘ ကို အဖေ ၊ အမေ ခေါ်ရပြီး အဖေရင်း ၊ အမေရင်း ကို ဘဘကြီး နဲ့ ကြီးကြီး လို့ ခေါ်ရတာ ”

ကိုသိုက်ထွန်းသက် က ခေါင်း ကို နည်းနည်း မော့ပြီး သူ့ အတိတ် ကို ပြန် တွေးပုံရတယ် ။

“ ဘယ်လိုပဲ ဖြစ်ဖြစ် အဲဒီ အချိန် ကတည်း က ကျွန်တော့် မှာ စိတ်ပိုင်း ဆိုင်ရာ ချွတ်ယွင်းမှုတော့ ရှိခဲ့တယ် ။ မွေးစားမိဘတွေ က ကုန်သည် ၊ စီးပွားရေး ကောင်းတယ် ၊ ကျွန်တော့် အဖေ က ဝန်ထမ်း ပေါ့ ”

“ နေကြတော့ .. ”

“ ဦးသိန်းတန်တို့ ၊ ဦးမောင်မောင်တို့ က ဝင်းမျက်နှာစာ မှာ တိုက်နှစ်လုံး အပြိုင် ဆောက်တယ် ။ အဖေရင်း ဦးအေးမောင် က နောက်ပိုင်းမှာ အိမ်လေး ဆောက် နေတယ် ။ တိုက်နှစ်လုံး အပြိုင် ဆောက် သလို ပြိုင် နေကြတာ ။ သူတို့ မွေးစားထားတဲ့ ကျွန်တော့် ညီမလေး နဲ့ အတူ မကစားရဘူး ၊ ကစား နေတာ မြင်ရင် ချက်ချင်း ပြန်ခေါ်တာ ”

“ ဘယ်အရွယ် က မွေးစားတာလဲ ”

“ ကျွန်တော် ငယ်ငယ် ကျောင်း မနေသေးခင် ကတည်း က ”

“ မိရင်းဖရင်း မဟုတ်မှန်း သိသလား ”

“ ပတ်ဝန်းကျင် က ပြောလို့ သိတာ ၊ ဒီ ဝင်းကြီး ထဲ မှာ ပဲ ကျွန်တော် က အမေရင်း နဲ့ တွေ့ လို့ စကား ပြောမယ် ဆိုတာ နဲ့ မွေးစား အမေ က ချက်ချင်း ရောက် လာပြီး ပြန်ခေါ်တာ ”

“ ကျောင်း နေတော့ကော ”

“ စိန်ပန်းဗုဒ္ဓသာသနာပြု အထက်တန်းကျောင်း မှာ စ နေတယ် ။ တစ်ရပ်ကွက် တည်း ဆိုတော့ ဆရာမ က ကျွန်တော်တို့ အကြောင်း ကို အကြောင်းသိ ၊ အတန်း ထဲ မှာ What is your father? လို့မေးတဲ့ အခါ My father is U Thein Tan လို့ ဖြေရင် ရိုက်တာ ။ My father is U Aye Maung လို့ ပြင်ပြော ခိုင်းတာ ။ ဆရာမ နဲ့ မွေးစားအမေ နဲ့ က လည်း ပြဿနာ ပေါ့ ”

ငယ်ရွယ် နုနယ်တဲ့ ကလေး တစ်ယောက် ရင်ဆိုင်ရမယ့် အနေအထား ကို ကျွန်တော် စာနာကြည့်မိတယ် ။

“ မွေးစားသား တစ်ယောက် ရဲ့ ခံစားမှု ၊ ပြဿနာတွေ ပေါ့ ၊ မွေးစားမိဘ တွေ က ကမ်းနားဈေး မှာ အထည်ဆိုင် ရှိတယ် ။ အဖေ က မီးခြစ်စက်ရုံ မှာ ရုံးအုပ်ကြီး ၊ သူ က စာအုပ်တွေ ဝယ်တယ် ၊ ပြောရင် ယုံစရာ မရှိဘူး ။ သတင်းစာ ကို မြန်မာ ၊ အင်္ဂလိပ် ဝယ်တယ် ၊ မဂ္ဂဇင်း ကို မြဝတီ ၊ ရှုမဝ ၊ ငွေတာရီ ၊ သွေးသောက် ၊ လျှို့ဝှက်သည်းဖို ၊ စန္ဒာ အဲဒါတွေ ဝယ်တယ် ။ တေဇ ၊ ရှေ့ဆောင်လူငယ် ၊ ဒို့ကျောင်းသား လည်း ဝယ်တယ် ။ အိုးဝေ ၊ ရွှေတူ ၊ ပြည်သူ့ကြယ်ဂျာနယ် တွေ လည်း အကုန် ဝယ်တယ် ”

ကိုသိုက် က ပြောတာ နားပြီး ခပ်ယဲ့ယဲ့ ပြုံးတယ် ။ ပြီးမှ သူ့ စကား ကို ဆက် ပြောတယ် ။

“ သူဌေး နှစ်ယောက် က ဘာ စာအုပ် မှ မဝယ်ဘူး ။ ဒါပေမဲ့ စာအုပ် ရောက် လာရင် ဦးဦးဖျားဖျား ဖတ်ရမှ ၊ ဟိုဘက် တိုက် နဲ့ ဒီဘက် တိုက် လု နေတာ ။ နောက်ဆုံး ချုပ်လိုက်တော့ ကျွန်တော့် ကို မွေးစားခဲ့တဲ့ သူဌေးတွေ ဆီ က ဘာ အမွေ မှ မရဘူး ။ ကျွန်တော့် အဖေ ဖတ်ဖို့ ဝယ်ထားတဲ့ စာအုပ်တွေ ကို ဖတ်ပြီး စာရေးဆရာ ဖြစ်လာတာ ”

သူ ရယ်ပါတယ် ။

“ အဖေ ဆီ ကပဲ အမွေ ရလိုက်တာပေါ့ ”

“ အဖေအရင်း ဆီကပဲ အမွေ ရလိုက်တယ် ။ အဲဒါတွေ ကတော့ အမှတ် တရပေါ့ ။ ကျွန်တော် နေရတာ က တိုက် အပေါ်ထပ် မှာ တစ်ယောက်တည်း ၊ အဖေ ရုံး က ပြန်လာပြီ ဆိုရင် ကျွန်တော် က မှန်တံခါး ကနေ အဖေ့ ကို လှမ်း ကြည့်တာ ။ အဖေ က စာအုပ် တစ်အုပ် ထောင်ပြ လိုက်ရင် ကျွန်တော် က ဝုန်းဝုန်း ဝုန်းဝုန်း ဆို ပြေးဆင်း သွားပြီး စာအုပ် ကို ယူ ဖတ်တာ ”

“ စာ စရေးတာက ... ”

“ ၁၉၆၉ ၊ ဆယ်တန်းနှစ် မှာ စာ စ ရေးနေပြီ ၊ မန္တလေး က ထုတ်တဲ့ ထူးစာစောင် မှာ ထွဏ်းကနောင် ဆိုတဲ့ ကလောင်နာမည် နဲ့ ရေးတာ ”

“ အဖေတို့ က အားပေးကြသလား ”

“ မွေးစား အဖေရော ၊ အဖေရင်း ရော နှစ်ဖက်လုံး က ကျောင်းပညာရေး နှောင့်နှေး မှာ စိုးလို့ အားမပေးဘူး ။ ထွဏ်းကနောင် ဆိုတဲ့ အမည် တွေ့ရင် သိမယ် ဘာညာ နဲ့ ပြောလို့ ပြောင်း လိုက်တာ ။ ကလောင် နာမည်တွေ ကို စုံနေတာပဲ ။ နောက်ဆုံး သိုက်ထွန်းသက် ဆိုတဲ့ အမည် ကျမှ ”

“ သိုက်ထွန်းသက် ဆိုတာ ကလည်း သူငယ်ချင်း နာမည် ဆိုတာ ပြောပြ လိုက်ပါဦး ”

လို့ ဓာတ်ပုံကိုဇော်ဇော် က ပြောပါတယ် ။

“ ဗုဒ္ဓသာသနာပြု အထက်တန်းကျောင်း ကနေ ခြောက်တန်းကျ နေပြည်တော် အထက်တန်းကျောင်း ကို ပြောင်းတယ် ။ နေပြည်တော် မှာ ဆယ်တန်း တစ်နှစ် ကျတော့ အမှတ် ( ၁ ) အထက်တန်းကျောင်း ကို ပြောင်းတယ် ၊ အဲဒီမှာ ကိုတင်မောင်ညွန့် နဲ့ တွေ့တယ် ”

“ ကျောက်ပန်းတောင်း က ကိုတင်မောင်ညွန့် လား ”

လို့ ကျွန်တော် က မေးတယ် ။

သစ်လုပ်ငန်းရှင် ကိုတင်မောင်ညွန့် က ကျွန်တော် နဲ့ ခင်မင် ရင်းနှီးပြီး ကိုသိုက် ထွန်းသက် အကြောင်း လည်း ပြောဖူးလို့ မေးလိုက်တာပါ ။

“ ဟုတ်တယ် ၊ ကိုတင်မောင်ညွန့် က ကျူရှင်တွေ လိုက် တက်တဲ့ အခါ သူ့ နာမည် ကို သိုက်ထွန်းသက် လို့ ပေးထားတယ် ။ ကျွန်တော် က ဝတ္ထုတို တစ်ပုဒ် ရေးပြီး ပို့မယ် ဆိုတော့ သိုက်ထွန်းသက် လို့ ထည့် လိုက်တာနဲ့ တည်သွားတာ ”

ကိုသိုက် က ဟက်ဟက်ပက်ပက် ရယ်တယ် ။

“ စာတွေ ဆက်တိုက် ရေးပြီလား ”

“ ရေးတယ် ၊ ပို့တယ် ၊ ပါတယ် ၊ ကျွန်တော် က စွဲမိစွဲရာ တော့ ရှိတယ် ။ တစ်နေရာ ထိုင်မိရင် မထချင်တဲ့ စိတ် ၊ အသက်ကြီး လို့ အိမ်ငှား နေတော့ နေမိတဲ့ အိမ် က မပြောင်းချင်ဘူး ။ ထူးစာစောင် မှာ ရေးတော့ အဲဒီ အချိန်က စာ စရေးတဲ့ သူတွေ က ဘာ ရေးကြလဲ ဆိုတော့ ဂုဏ်ပကာသန မတူလို့ အသည်းကွဲ ကျန်ရစ်တာ ၊ တစ်ပုဒ် လာ လည်း ဒါပဲ ၊ တစ်ပုဒ် လာ လည်း ဒါပဲ ။ အဲဒီ အချိန်မှာ ကျွန်တော် က စာအုပ်တွေ ဖတ်နေပြီ ၊ ဦးသုခ တို့ ၊ ဦးသာဓု တို့ လို twist ( အလှည့် ) ပါတဲ့ ဝတ္ထုတွေ ကြိုက်နေပြီ ၊ ထူးစာစောင် မှာ ပါတဲ့ ဝတ္ထုတွေ အရည်အသွေး မရှိတာ ၊ ရေးတဲ့ လူတွေ ကောင်းအောင် မရေးလို့ ဆိုပြီး အကြာကြီး ရေးတယ် ”

“ ဘယ်လောက် ကြာကြာ ရေးလဲ ”

“ ပထမဆုံး ပါတဲ့ ဝတ္ထု က ၁၉၆၉ ၊ မဂ္ဂဇင်းဝတ္ထု ပထမဆုံး ပါတာ ၁၉၇၉ ၊ ဆယ်နှစ်လောက် ကို ရေးနေတာ ”

“ ၁၉၇ဝ ပြည့်နှစ် မှာ ဆယ်တန်း ကျပြီး ကျောင်းဆက် မတက်တော့ ဘာတွေ လုပ်ဖြစ်လဲ ”

သူ ပြုံးရယ်တယ် ။

“ ရည်းစား ထား ၊ ရည်းစား နဲ့ ချိန်းတွေ့ ၊ မိုက်မိုက်ကန်းကန်း အလုပ်တွေ လုပ်ခဲ့တယ် ။ ဘာကြောင့် လုပ်ဖြစ်တာလဲ ပြန် စဉ်းစား ကြည့်တော့ အိမ် က တအား ချုပ်ချယ်တာကိုး ။ အပြင်ဘက် ကို ထွက်ခွင့် ရတဲ့ အချိန် မှာ ဒါ လွတ်လပ်မှုပဲ ဆိုပြီး အသုံးချတာ ။ ကိုယ့် ကိုယ် ကိုယ် တည်ဆောက်မှု အပိုင်းကျတော့ မရှိခဲ့ဘူးပေါ့ ။ စာရေးဆရာ တစ်ယောက် သာ ဖြစ်မလာခဲ့ရင် တော်တော် ချာတဲ့ လူတစ်ယောက် ဖြစ်သွားနိုင်တာပဲ ”

“ အိမ်ထောင်ကျ မှ ကိုယ့် ထမင်း ကိုယ်ရှာ စားတာ စ ရတာလား ”

“ ကျွန်တော်တို့ အိမ် က ရှေးရိုးကြီး ၊ အစ်ကိုကြီး သိတဲ့ အတိုင်းပဲ ၊ ကျွန်တော် နဲ့ အိမ်ထောင် ကျတဲ့ အမျိုးသမီး က ထက်မြက်တယ် ။ ကျွန်တော် က ခပ် ပျော့ပျော့ ၊ သူ က တစ်ပတ်လေး တောင် ကျွန်တော့် မိဘ နဲ့ မနေနိုင်တော့ ကျွန်တော် မိန်းမ နောက် ကို လိုက်သွားတယ် ”

ကျွန်တော့် စိတ်အာရုံ ထဲ မှာ ကိုသိုက် ရဲ့ ပထမဇနီး မခင်ဆွေဦး ရဲ့ ပုံစံ ကို မြင်ယောင် လာတယ် ။ အလွန် သွက်လက်ချက်ချာ တဲ့ အမျိုးသမီး ။

“ ရှေးရိုးစွဲ မိသားစု က လာတဲ့ ကျွန်တော် ဟာ ခေတ်မီ သွက်လက်တဲ့ မိသားစုပုံစံ ကို စတင် တွေ့ရှိရတော့တာပဲ ”

“ သူ့ အိမ် လိုက် နေတာလား ”

“ သူ့ မိဘ အိမ် ကို လိုက် နေတာ ။ ခြောက်လ လောက် နေတော့ အသွင် မတူ တာနဲ့ ကျွန်တော်တို့ လင်မယား ကွဲသွားကြရော ။ ကျွန်တော် လည်း အစ်မ တစ်ယောက် ရှိတဲ့ ရန်ကုန် ကို ပြောင်းသွားတယ် ။ ရေနံချောင်းကားဂိတ် မှာ လုပ်တာ ၊ သုံးလ လောက် ကြာတယ် ။ ကျွန်တော့် ဇနီးမဆွေ က ထွေ/အုပ် ( အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ) မှာ အလုပ် ဝင် လုပ်နေပြီ ။ အဲဒါ သူ့ အလုပ် ကို ရန်ကုန် ပြောင်းမယ် ၊ ကျွန်တော့် ဆီ လိုက်လာတော့မယ် လို့ စီစဉ်တာ ”

“ ပြန်ပေါင်းထုပ်ကြမယ်ပေါ့ ”

“ ကျွန်တော် တွေးမိတာ က ရန်ကုန် မှာ ဆိုရင်တော့ ကျွန်တော် ဘာမှ လုပ်တတ်မှာ မဟုတ်ဘူး ။ မန္တလေး မှာ ဆိုရင် စက်ဘီး တစ်စီး ရှိရင် ဘာမဆို လုပ်ကိုင်စားလို့ ရတယ် ဆိုပြီး သူ့ ပြောင်းရွှေ့ကိစ္စ ကို ကျွန်တော် ဖျက်လိုက်တယ် ၊ မန္တလေး ကို ပြန်လာခဲ့တယ် ”

“ နေကြတော့ကော ”

“ မိတ်ဆွေ ဦးတင်မောင်ကြီး ရဲ့ အိမ် မှာ နေတယ် ။ ထမင်း ကို တော့ မိဘ အိမ် က ချိုင့်ဆွဲ စားတာပေါ့ ”

ကိုသိုက် က ပြုံးရယ်ပါတယ် ။

“ အဲဒါ ပြီးတော့မှ စက်ဘီး တစ်စီး နဲ့ မန္တလေးမြို့ ထဲလည်ပြီး အိမ်ငှား ရှာတာ ။ မဆွေ ရဲ့ ရုံး နဲ့ နီးတဲ့ အမရစံခေါင်ရပ်ကွက် ထဲ က အိမ် တစ်အိမ် ကို ငှား နေ ကြတယ် ။ သူ က ရုံး ကို ခြေကျင် သွား ၊ ကျွန်တော် က စက်ဘီး တစ်စီး နဲ့ အလုပ် မျိုးစုံ လုပ်မယ်ပေါ့ ”

°°°°°°°°°°°°°°°°°°°

မန္တလေးမြို့ မှာ ထုတ်ဝေ နေတဲ့ ဂျာနယ်တွေ ထဲမှာ ရွှေမန္တလေးဂျာနယ် က အောင်မြင်တဲ့ ဂျာနယ် တစ်ခု ဖြစ်ပါတယ် ။ ရွှေမန္တလေးဂျာနယ် ကို အယ်ဒီတာချုပ် အဖြစ် ဦးစီးပြီး ထုတ်ဝေနေသူ က စာရေးဆရာ ကိုသိုက် ထွန်းသက် ပါ ။

ကိုသိုက် ရဲ့ ဖခင် က စာပေဝါသနာ ပါ တဲ့ မီးခြစ်စက် က ရုံးအုပ်ကြီး ၊ ကိုသိုက် ကို သူဌေးမိသားစု ဖြစ်တဲ့ ဦးသိန်းတန် နဲ့ ဒေါ်တင်တင်ငြိမ်း မိသားစု က မွေးစား ခဲ့တယ် ။ အသက်အရွယ် ရလာတဲ့ အချိန် မှာ မွေးစားမိဘ ဆီက ဘာ အမွေ မှ မရဘဲ ဖခင်ရင်း ဆီ က ရတဲ့ စာပေအမွေ နဲ့ သူ့ ဘဝ ကို တည်ဆောက်ခဲ့ရတယ် ။ ကိုသိုက် အိမ်ထောင် ကျတော့ သူ့ ခြေထောက် ပေါ်ပဲ သူ ရပ်တည်ရတယ် ။ ကိုသိုက်ထွန်းသက် ရဲ့ ဘဝ အတက်အကျ ကြိုးစားရတာတွေ က စိတ်ဝင်စားဖို့ ကောင်းတယ် ။ ကိုဇော်ဇော် ရဲ့ ဘိုဓာတ်ပုံတိုက် မှာ ကိုသိုက်ထွန်းသက် နဲ့ ဆုံဖြစ်တော့ သူ့ ဘဝ ကို မေးဖြစ်တယ် ။

“ ကျွန်တော် အိမ်ထောင်ကျ ပြီးတော့ ကျွန်တော် ငယ်စဉ် က နေခဲ့တဲ့ စိန်ပန်းရပ်ကွက် က အစ်ကို လို နေတဲ့ သူငယ်ချင်း ကိုဝင်းနိုင် က သူ့ စာအုပ်တွေ ကို စင်လိုက် ဖြိုပြီး ဒီ စာအုပ်တွေ အကုန် မင်း ရောင်းစားတော့ လို့ ပေးတယ် ။ ကျွန်တော် က စာအုပ်တွေ သယ်ပြီး ညဈေးတန်း မှာ စာအုပ်ဆိုင် သွားဖွင့်တယ် ”

“ အဲဒါ ဘယ်နှခုနှစ်လဲ ”

“ ၁၉၇၅ လောက် မှာ ၊ စာအုပ်တွေ က ရှားပါး စာအုပ်တွေ ၊ စာအုပ်ဆိုင် လည်း ခင်း လိုက်ရော လူတွေ က အုံဆင်းလာတာ ။ ဟိုလူ ဝယ် ၊ ဒီလူ ဝယ် နဲ့ အကုန် ပါသွားရော ။ အဲဒီ အချိန် မှာ လူ တစ်ယောက် က ကျွန်တော့် ဆီ ရောက် လာ တယ် ။ ညီလေး ဘယ်ကလဲ တဲ့ ။ ကျွန်တော် လည်း ကျွန်တော့် အခြေအနေ ကို ပြောပြတာပေါ့ ။ သူ က ဆက် မေးတယ် ၊ အလုပ် လုပ်မလားတဲ့ ။ အလုပ် ရရင် လုပ်ချင်တာပေါ့ ။ ဒါဆို သူ နဲ့ လိုက်ခဲ့ဆိုပြီး ညဈေးတန်း နဲ့ မလှမ်းမကမ်း ၊ ငါးပိတန်းလျား ထဲ က ဦးခင်မောင်သိန်း ဆီ ခေါ်သွားတယ် ”

“ ဘာ အလုပ်လဲ ”

“ ဦးခင်မောင်သိန်း က အနောက်မြောက်မြို့နယ် သမဝါယမအသင်း က ဝယ်ဖြန့်လုပ်ငန်း တာဝန်ခံ ၊ သူ က မနက်ဖြန် က စပြီး အလုပ် ဆင်းတဲ့ ။ ကိုယ့် ခြေထောက် ပေါ် ကိုယ် ရပ်မယ် ဆိုတဲ့ နေ့မှာပဲ အလုပ် ရတာ ”

“ သူ က ဘာမျက်စိ ကျလို့ အလုပ် ခန့်ပါလိမ့် ”

“ ကျွန်တော် က အူလည်လည် နဲ့ စာအုပ် အကောင်းတွေ ချရောင်း နေတာ မြင်ပြီး ခေါ်တာ ။ ဦးခင်မောင်သိန်း က ရိုးသားတဲ့ လူ ရှာပေးပါ ပြောလို့ ”

“ ကံကောင်းတာပေါ့ ”

“ မြို့နယ် သမဝါယမအသင်း ကို ကျွန်တော် ရောက် သွားတော့ အရောင်း ဆိုင် နဲ့ တွဲ နေတဲ့ ဂိုဒေါင်ကြီး မှာ လုပ်ရတာ ။ အဲဒီမှာ ရောက်သွားတယ် ။ ကျွန်တော် က အရောင်း တာဝန်ခံတွေ နောက် က ခိုင်းသမျှ လုပ်ပေးရတာ ။ ရုံး က ကွမ်းသွေးပုံး သွန်ကွာ ဆို ကွမ်းတံတွေးပုံး သွန်ရတာ ၊ သကြားအိတ် တွေ ၊ ဆပ်ပြာသေတ္တာ တွေ ထမ်းတင် ပေးရင် အလုပ်သမားခ အပို ဝင်ငွေ ရတယ် ။ ရာထူး ကတော့ နေ့စား လရှင်း ”

“ ယာယီဝန်ထမ်း ပဲ ”

“ ကျွန်တော် က ဝီရိယ ကောင်းတယ် ။ ဆိုင် ကို စောစော လာ ၊ နောက်ကျမှ ပြန် ၊ အလုပ်မရွေး လုပ်တော့ ခွဲတမ်း ခွဲတာ က အစ လုပ်တတ် နေတယ် ။ ဘောက်ချာဖြတ် မရှိလည်း ဝင် ဖြတ်ပေး ၊ လူငယ် ဆိုတော့ အားလုံး နဲ့ အဆင်ပြေ နေပြီ ။ ကျွန်တော် က စာ လည်း ရေး နေပြီ ၊ မိုးဝေ တို့ ဘာတို့ မှာ ဝတ္ထုတွေ ပါနေပြီ ၊ ဒိုင်ယာရီလေး ဘာလေး လည်း ရေးတာ ပြုတာ ဝါသနာ ပါတယ် ၊ ယနေ့ ဘာလုပ်သည် ညာလုပ်သည် ရေးတာ မှတ်တာ ကို သမလူကြီးတွေ က သူတို့ ကို ထောက်ဖို့ မှတ်တယ် ထင်ပုံရတယ် ”

ကိုသိုက်ထွန်းသက် က ပြုံးတယ် ။

“ ကျွန်တော့် ကို ညစောင့် ပြောင်း လိုက်တယ် ။ နာရီစင် နား က ရေခဲဆိုင် မှာ ညစောင့် လုပ်ရတယ် ၊ ဆိုင် က လည်း သံတံခါး နှစ်ထပ် ၊ အလုပ် က ဘာမှ မရှိဘူး ။ ကိုသန့်ဇင် .... ”

“ ဝတ္ထုတိုဆရာ နောင်ရိုး ”

“ နောင်ရိုး နဲ့ ကိုသန်းစိုး တို့ က ည ဆို စကားဝါကဖေး လာ ထိုင်တယ် ။ မောင်ကိုကို ( အမရပူရ ) လည်း လာ ထိုင်တယ် ။ စာပေသမားတွေ နဲ့ ပိုပြီး နီးနီးစပ်စပ် နေဖြစ်တယ် ။ ဒီမှာ အဆင်ပြေတယ် ကြားတော့ အသင်းရုံး ကို ပြောင်းလိုက်ပြန်တယ် ။ ပြောင်းတဲ့ နေ့ မှာပဲ သမဝါယမဦးစီးဌာန ကို လက်ဖက်ရည် ဝယ်ပြီး သွားပို့ ခိုင်းတယ် ။ ချိုင့် နဲ့ ဆွဲပို့ရတာ ။ သမဦးစီး က နောက်ထပ် တစ်ခွက် တဲ့ ၊ လက်ဖက်ရည် ပို့တဲ့ ကောင် မဟုတ်ဘူး ၊ အလုပ် လုပ်ဖို့ လာတာ ဆိုပြီး ကျွန်တော် အလုပ် ထွက် လိုက်တယ် ”

သူ့ မာန ကို ကျွန်တော် လေးစားမိတယ် ။

“ သူတို့ လိုက် ခေါ်ပေမယ့် ပြန် မလိုက်တော့ဘူး ။ အလုပ် ထွက်ပြီး ကြက် မွေးတယ် ၊ ကြက်မွေး တော့ လည်း ကျွန်တော် ကြက်ခြံ ထဲ က ကို မထွက်တော့ဘူး ”

“ အိမ် က တော့ အိမ်ငှား အဖြစ် ပြောင်း နေတာပဲလား ”

“ အိမ်ငှား ပဲ ၊ တစ်အိမ် ပြီး တစ်အိမ် ပြောင်း နေရာ က နေ မီးရထားသံလမ်း ဘေး မှာ အိမ်ဝယ် လိုက်တာ ။ နောက် လမ်းမတန်း နဲ့ နီးတဲ့နေရာ ပြောင်း ဝယ်တယ် ။ ခြံဝင်း က ကျယ်တော့ ကြက်ခြံကြီး ဆောက်ပြီး ကြက်မွေးတယ် ။ နန်းရှေ့ ဈေး ထဲ မှာ လည်း ဂွပ်ဂွပ်ဖိနပ် ရောင်းတယ် ၊ တိပ်ခွေဆိုင် ဖွင့်တယ် ။ ရပ်ကွက် ထဲမှာ အိမ်ခွန် ကောက်တယ် ။ အဲဒါက ခိုင်ငွေ ( ရာခိုင်နှုန်း နဲ့ ရတဲ့ ငွေ ) ရတယ် ”

“ အလုပ် လေးမျိုးပေါ့ ”

“ အစာ နဲ့ ဥနှုန်း က မကိုက်ဘူး ။ ကြက်ဥ ပြန် ရောင်းရတာလည်း ခက်တော့ ကြက်ခြံ ဖြုတ် ပစ်လိုက်တယ် ”

“ ကိုသိုက် သမဝါယမ မှာ လူကြီး ဝင် လုပ်သေးတယ်နော် ”

“ ရပ်ကွက် ထဲ မှာ ကျွန်တော့် ကို အလုပ်မရှိ အကိုင်မရှိ လို့ မြင်ပုံ ရတယ် ။ ကျွန်တော် မတက် တဲ့ သမဝါယမ သင်းလုံးကျွတ်အစည်းအဝေး မှာ အတွင်းရေးမှူး ဆိုပြီး ခန့်ချလိုက်ကြတာ ။ လူကြီးတွေ မျက်နှာ နဲ့ ဝင် လုပ်လိုက်တာ ။ အသင်း က ဗုန်းဗုန်းကျ နေတဲ့ အသင်း ၊ သမဝါယမဥပဒေ နဲ့ ထောင်နှုတ်ခမ်း ပေါ်  ကြိုးတန်း လျှောက် ပြီး လုပ်ခဲ့ရတာ ”

“ ဝတ္ထုတိုတွေ ရေးနေတာ က ... ”

“ ၁၉၇၅ - ၇၆ - ၇၇ - ၇၈ မှာ မိုးဝေမဂ္ဂဇင်း မှာ ရေးနေတာ ။ မိုးဝေ အယ်ဒီတာ ပြောင်း သွားတော့ မရေးဘဲ ရပ်သွားတာ ။ ဒေါ်ခင်ဆွေဦး ရဲ့ စံပယ်ဖြူ မဂ္ဂဇင်း ပေါ်လာတော့ ပြန် ရေးဖြစ်တယ် ”

“ ပင်တိုင် ရေးဖြစ်တာက မဟေသီမဂ္ဂဇင်း က စတာ ထင်တယ် ။ ကိုသိုက် က ဇန်မြင့် ကလောင် အမည်နဲ့ “ ရွှေပါးစပ်ငွေပါးစပ် ” ခေါင်းစဉ် အောက် မှာ ရေးတာ အများကြီး ဖတ်ခဲ့ဖူးတယ် ”

“ မဟေသီ မှာ စာအိုး ကလောင် အမည် နဲ့ “ သူတို့ ဘာတွေ ပြောကြသလဲ ” ခေါင်းစဉ် အောက် မှာ တစ်လ တစ်ပတ် အလှည့်ကျ တာဝန် ယူပြီး ရေး နေကြတာ ။ တစ်ပတ် မှာ ကျွန်တော် က ခပ်ရွှင်ရွှင်လေး ရေး လိုက်တာ ။ မဟေသီ အယ်ဒီတာ ဆရာ ဦးခင်မောင်မြင့် က အဲဒီ အပတ်က ဘယ်သူ ရေးတာလဲ မေးပြီး အဲဒါမျိုး တစ်ပုဒ် သ,တ်သ,တ်ရေးပေးပါလို့ ခိုင်းတယ် ။ ခိုင်းတုန်းက ပေဖူးလွှာ မဂ္ဂဇင်း အတွက် ၊ ပေဖူးလွှာ မှာ တစ်လ ပါပြီး ပေဖူးလွှာ က နေ မဟေသီ ဘက် ပြောင်းလိုက်တာ ”

“ ကလောင်အမည် စ ပေးတုန်းက ဇန်မြင့် နော် ”

“ ဈာန်ရ ကို ကြိုက်လို့ ဈ နဲ့ ဈာန် တာ ၊ ခွင့်မပြု လို့ ဇန်မြင့် ဖြစ်သွားတာ ”

အိမ်ရှင် ကိုဇော်ဇော် တို့ က လက်ဖက်သုပ် ၊ ရေနွေးကြမ်း ၊ လက်ဖက်ရည် တွေ ဧည့်ခံဖို့ လာ ချလို့ စကား ပြတ် သွားတယ် ။ လက်ဖက်သုပ် နည်းနည်း စားကြပြီး တော့ ကိုသိုက်ထွန်းသက် က စကား ဆက် ပြောတယ် ။

“ ကျွန်တော် ငယ်ငယ် က အိမ် က သိပ် ချုပ်ချယ်တယ် ။ တစ်နှစ် ကို နှစ်ခါ လောက် အထူး အခွင့်အရေး ရတယ် ။ သင်္ကြန် အကြိုနေ့ တစ်ရက် ယောက်ျားလေး လို သင်္ကြန် လည်ခွင့် ရတယ် ။ အဲဒီတုန်း က အထက်မြန်မာပြည် စာရေးဆရာအသင်း က ဓမ္မဗိမာန် မှာ စာတမ်းဖတ်ပွဲ လုပ်တယ် ။ အဲဒါ တစ်ရက် သွားခွင့် ရတယ် ။ ဓမ္မဗိမာန် စာဆိုတော်ပွဲ သွားတော့ တစ်ရက် မှာ ဆရာမောင်စွမ်းရည် ရဲ့ “ မန္တလေးမြို့က မနက်ခင်း ” ကဗျာ ကို ကျွန်တော် ထ ဆွေးနွေးတော့ စာပေသမားတွေ နဲ့ ရင်းနှီးရတယ် ”

“ အခြား ဝတ္ထုတို ဆရာတွေ နဲ့ လည်း ရင်းနှီး သွားတယ်နော် ”

“ တက္ကသိုလ် ထဲ က စာရေးဆရာတွေ ဖြစ်တဲ့ ကိုရဲသျှမ်း ၊ ကိုဇင်မော် ၊ ကိုညို ( ညီပုလေး ) တို့ နဲ့ ခင်ရတယ် ။ အဲဒီက နေ စပြီး မန္တလေး စာရေးဆရာတွေ လူထုတိုက် မှာ ဆုံဖြစ်တယ် ။ ၁၂ မျက်နှာနာရီစင် ၊ မညိုပြာရဲ့နှင်းဆီခင်း ၊ အောင် ပင်လယ် လေပြည်ညင်း ၊ ၀သုန္ဒရေလက်ရေး တို့ စာအုပ်တွေ စုပြီး ထုတ်ဖြစ်ခဲ့တယ် ”

“ ကိုသိုက် အိမ်ထောင်ရေး ဘဝ ပြန်ပြောပါဦး ”

“ အိမ်ထောင် တစ်ခု ထူထောင် လိုက်ရင် ကိုယ့် မှာ တာဝန် ရှိလာပြီ ။ ကိုယ် တာဝန် ယူရမယ် ဆိုတဲ့ အသိ ရှိတယ် ။ ကျွန်တော် အသက် ၂၂ နှစ် အထိ မွေးစား မိဘ နဲ့ နေတယ် ။ ချေးအိုးသေးအိုး သွန်တဲ့ အထိ လုပ်ကျွေးတယ် ။ အိမ်ထောင် ပြုတော့ အိမ်ရှင်မ နဲ့ မိဘ နဲ့ စရိုက် မတူကြဘူး ။ ဒါကြောင့် ကျွန်တော်တို့ သီးခြား ခွဲ နေကြတယ် ။ ကျွန်တော့် ဘဝလေး ကို သီးခြား ထူထောင်တယ် ”

ကိုသိုက်ထွန်းသက် စကား ပြောရင်း ချောင်းဆိုး လို့ ခဏ နားပြီး ဆက် ပြောပါတယ် ။

“ ၁၉၉၁ ခု နှစ်ဆန်း မှာ ကျွန်တော်တို့ အိမ်ထောင်ရေး ပြိုကွဲ သွားတယ် ။ သမီးလေး နှစ်ယောက် နဲ့ ကျွန်တော် နဲ့ ပဲ ကျန်ရစ်တယ် ။ အဲဒီ အချိန် မှာ ကျွန်တော် စီးပွားရေး က မအောင်မြင်ဘူး ။ တိပ်ခွေဆိုင်လေး ကလည်း မအောင်မြင်တော့ဘူး ။ သမဝါယမ က လည်း ထွက်လိုက်ပြီ ။ အခွန်အကောက်လုပ်ငန်းတွေ က လည်း ပြန် အပ်လိုက်ပြီ ”

အဲသည် ကာလ ဟာ ကိုသိုက် အတွက် အင်မတန် သောက ကြီးမားတဲ့ ကာလ ပဲ လို့ ကျွန်တော် တွေးနေမိတယ် ။

“ အဲဒီ အချိန်မှာပဲ ကျွန်တော့် အိမ် နဲ့ မျက်နှာချင်းဆိုင် မှာ တိပ်ခွေဆိုင် အသစ် တစ်ဆိုင် လာ ဖွင့်တယ် ၊ ကျွန်တော် ကိုယ့် ကိုယ် ကိုယ် ခုခံကာကွယ် ရတော့ မယ် ။ အရင်းအနှီးတွေ ဘာတွေ ရှာပြီး တိပ်ခွေဆိုင်လေး ကို ဒါထက် ပိုပြီး စိုပြည် အောင် လုပ်ရတယ် ။ ကံပေါ့လေ ၊ အဲဒီမှာ ကျွန်တော့် ဆိုင် က ဝုန်းဆို အောင်မြင် သွားတယ် ။ ကျွန်တော်တို့ သားအဖ သုံးယောက် တော်တော်လေး အဆင်ပြေ လာတယ် ”

ကိုသိုက် ရဲ့မျက်နှာ ပေါ် မှာ အပြုံး နဲ့ ဝင်းလာတယ် ။

“ သမီးကြီး ကလည်း အရွယ် ရောက် လာပြီး အိမ်ထောင် ပြုတယ် ။ သမီးငယ် က လည်း ဆယ်တန်း ဖြေ ပြီးလို့ သူ့ အမေ နဲ့ သွား နေတယ် ။ အိမ်ထောင် ကွဲပြီး ခြောက်နှစ် ကြာတဲ့ အချိန် မှာ ကျွန်တော် နောက် အိမ်ထောင် ပြုတယ် ။ သမီးကြီး ကိုယ်တိုင် သွားပြီး နားဖောက် ထားတာ ”

“ သမီး က ပေးစားတာပေါ့ ”

လို့ ပြောရင်း ကျွန်တော် တို့ ပြိုင်တူ ရယ်ကြတယ် ။

“ အိမ်ထောင် ပြု ပြီးတော့ ကျွန်တော်တို့ ဧရာထွန်းအိမ်ရာ ကို ပြောင်း နေ ကြတယ် ။ အိမ် ကို သမီးတွေ ကို အမွေ ပေးခဲ့လိုက်တယ် ”

“ ကိုသိုက် ရဲ့ မွေးစားအဖေ က ချမ်းသာတယ် မဟုတ်လား ။ သူ့ ဘက် က အမွေ ဆက်ခံခွင့် ကော ”

“ အမေ ဆုံးသွားတော့ မွေးစား အဖေ က အသက် ၆၂ နှစ် မှာ ၂၆ နှစ် အရွယ် မိန်းကလေး နဲ့ အိမ်ထောင်ထပ် ပြုတယ် ။ အိမ်ထောင် ပြု ပြီးတော့ သား က ရတနာ မဟုတ်ဘူး ၊ ရတာ နာပဲ ။ သူ့ မိန်းမ က မှ သူ့ ကို ပြုစုတယ် ဆိုတဲ့ လေသံ ထွက်လာတယ် ”

“ အမွေ မရဘူးပေါ့ ”

“ ဘာမှ မရဘူး ။ ကျွန်တော့် နောက် ဇနီး မအေး က အဖေ့ ဆီ က ဘာ အမွေ မှ မရတဲ့အပေါ် တစ်ခွန်း မှ မပြောဘူး ။ ငြိမ်းချမ်းတယ် ”

“ မွေးစားအဖေ ဘယ် အရွယ် မှာ ဆုံးလဲ ”

“ ၈၆ နှစ် မှာ ဆုံးတယ် ။ မွေးစားအမေ က အရင် ဆုံးတယ် ။ နောက် အမေအရင်း ဆုံးတယ် ။ အဖေ က ပင်စင် ယူပြီး နောက် သမက် တာဝန် ထမ်းဆောင် ရာ လိုက် နေတယ် ။ နောက်ဆုံးမှာ ဘုန်းကြီးဝတ် သွားတယ် ။ အဖေ့ ကို ကျွန်တော် တော်တော်လေး ပြုစုလိုက်ရပါတယ် ”

“ ကိုသိုက် ရဲ့ ဘဝ ကို ပြန် သုံးသပ် ကြည့်ရင် ဘယ်လို မြင်သလဲ ”

“ လက် ထဲ မှာ ပိုပိုလျှံလျှံ စုဆောင်း ထားနိုင်တဲ့ အခြေအနေတော့ မရှိဘူး ။ ချို့ချို့ငဲ့ငဲ့ ဆင်းဆင်းရဲရဲ တော့ မနေခဲ့ရဖူးဘူး ။ အခက်အခဲ တစ်ခု ဖြစ်လာရင် အဆင်ပြေမှု က တော့ ပေါ်လာတာပဲ ။ ပထမအိမ်ထောင် ပြုပြီး အိမ်ခွဲရမယ် ဆိုတဲ့ အချိန် မှာ အလုပ်ပေးမယ့် သူ ပေါ်လာတယ် ။ နောက်ထပ် အိမ်ထောင်ပြုမယ့် အချိန် မှာ စီးပွားရေး က အဆင် မပြေဘူး ။ ဒီအချိန်မှာ ကိုဇန်ဇန် ခေါ်တာနဲ့ ဂျာနယ်လောက ထဲ ရောက် သွားတယ် ၊ ဒီ ဝင်ငွေ နဲ့ ရပ်တည်ပြီး ဧရာထွန်းတိုက်တန်း မှာ နေခဲ့တာ ။ မန္တလေး မှာ ဂျာနယ် ထုတ်ချင်ကြတယ် ။ ဒါကြောင့် အခွင့်အလမ်း ပေါ်လာတော့ ရွှေမန္တလေး ထုတ်တယ် ၊ မန္တလေးသတင်း ၊ မန္တလေး အဓိက ၊ ဒေသဆိုင်ရာ ဂျာနယ် ပဲ ၊ အခြား မြို့လည်း မဖြန့်ဘူး ”

“ ဘဝ မှာ ကျေနပ်ခဲ့ရတာတွေ ... ”

“ ကျေနပ်တာတွေ ကတော့ ကျွန်တော် သမဝါယမ မှာ ဝင် လုပ်တော့ လိပ်ပြာ သန့်တယ် ၊ သူခိုး မလုပ်ခဲ့ဘူး ”

“ ကိုသိုက် ဘဝ မှာ သရော်စာ ရေးတဲ့ ဇန်မြင့် ၊ ဝတ္ထုတို ရေးတဲ့ သိုက်ထွန်းသက် ၊ ရွှေမန္တလေးဂျာနယ် အယ်ဒီတာချုပ် သိုက်ထွန်းသက် သုံး ဘဝ မှာ ဘယ် ဘဝ ကို အကျေနပ်ဆုံး ၊ အပျော်ဆုံး လဲ ”

“ အယ်ဒီတာ ဘဝ မှာ ကျေနပ်တာတွေ ရှိတယ် ။ ဂျာနယ် တစ်စောင် ကို ဦးဦးဖျားဖျား လုပ်ခဲ့တယ် ။ ကိုယ့် ဂျာနယ် ထဲ မှာ ကိုယ်ရေးချင် ရာ ရေးခွင့် ရှိပေမယ့် မရေးဘဲ နေတယ် ။ စာကောင်းလေးတွေ ပါအောင် ကြိုးစားတယ် ။ စာကောင်းလေး တွေ စုပေါင်းပြီး စာအုပ်လေး တွေ ဖြစ်လာကြတာ ဝမ်းသာတယ် ။ အခြား သူတွေ က ရေးကြီးခွင်ကျယ် လုပ်တယ် ထင်ချင် ထင်မယ် ။ ကျင့်ဝတ် ကို စောင့်ထိန်းပြီး အားလုံး ကို မျှတအောင် ဘက် မလိုက်ဘဲ လုပ်ရတာ ကျေနပ်တယ် ”

“ အခက်အခဲ ကော ”

“ နယ်မှာ လုပ်ရတာ က ရန်ကုန် မှာ နဲ့ မတူဘူး ။ ကျွန်တော် တို့ က နီးရာ ဓား ကို တော်တော်လေး ကြောက်ရတယ် ။ ကျွန်တော်တို့ စိတ် အခံက အများ ပြည်သူ ရဲ့ ဆန္ဒ ကို ဆန့်ကျင် ပြီး မလုပ်ဘူး ။ မလွှဲသာ လို့ ထည့် လိုက်ရတဲ့ ဟာ ရှိတောင် မှ ကျွန်တော်တို့ ပျော်ပျော်ကြီး မပါဝင်ခဲ့ဘူး ။ ထောက်ပံ့တာတွေ မယူဘူး ”

◾ကျော်ရင်မြင့်

📖 အတွေ့အကြုံစုံစုံ ဘဝဇာတ်ခုံ

.

No comments:

Post a Comment