🥴 ရဟန်းလူထွက်
( ပီ - မိုးနင်း )
“ မသိန်း တူ ရဟန်းလူထွက် မဟုတ်ဘူး ဆိုတာ အာမ ခံနိုင်ပါ့မလား ။ ကျုပ် က ဘုန်းကြီးလူထွက် ဆိုရင် အင်မတန် မုန်းတာ ၊ ဘုန်းကြီးလူထွက် ဆိုတာ ဘယ်နေရာ မှ ဟန်မကျဘူး ၊ အင်မတန် ခွကျတာ အစစအရာရာ မှာ ခွကျတာပဲ ”
ဟု ပွဲစားကြီး ဦးဘိုးမင်း က အောင်သွယ် ဖြစ်သူ ဒေါ်သိန်း အား ပြောလေ၏ ။
ဒေါ်သိန်း သည် ကား မောင်းပဉ္စင်း လူထွက်ကလေး တစ်ယောက် ဖြစ်သော မောင်ကျော်လှ ကို ထမင်းလခ နှင့် ကျွေးရာ မှ တူရင်း ပမာ ချစ်ခင်၍ လာသဖြင့် ပွဲစားကြီး သမီး မယ်ခင် နှင့် ဆွယ်၍ ပေးရာ ပွဲစားကြီး မှာ လည်း သမီး မယ်ခင် ကို မိခင်ပမာ အုပ်ထိန်း၍ နေရသူ မုဆိုးဖို တစ်ယောက် ဖြစ်သဖြင့် မြန်မြန်ကြီး လွတ်စေချင်သော အခြေအနေ၌ ရှိနေသူ ဖြစ်ရကား သဘော တူချင်ချင် ဖြစ်၍ နေလေ၏ ။
အကြောင်းမူကား မောင်ကျော်လှ မှာ ရိုးသားလျက် စာပုံနှိပ်တိုက် တစ်ခု မှာ ဘာသာပြန်ဆရာ အလုပ် လုပ်သူ လခ ရှစ်ဆယ်စား ဆပ် အယ်ဒီတာကလေး တစ်ယောက် ဖြစ်လေ၏ ။ အင်္ဂလိပ်စာကျောင်း ၌ အင်္ဂလိပ်ကပြား အရက်သမားကြီး တစ်ယောက် ကို ပေးကမ်းကျွေးမွေး ပြီး ကျိတ်ကာ သင်ခဲ့သဖြင့် ကိုးတန်း ၊ ဆယ်တန်း သမား တစ်ယောက် တတ်သလောက် ကိုယ်ထူးကိုယ်ချွန် တတ်မြောက်ခဲ့လေ၏ ။
သို့ဖြစ်လေရာ ရုပ်ရည် ကလည်း သားနား သဖြင့် ပွဲစားကြီး မှာ မငြင်းနိုင်ဘဲ နေလေရာ မောင်ကျော်လှ ရဟန်းလူထွက် ဖြစ်မှာ ကို သာ စိုးရိမ်လေ၏ ။ အကြောင်းမူ ကား မိမိ ယောက်ဖ ဖြစ်သော ခွသမား ဘုန်းကြီးလူထွက် တစ်ယောက် ကြောင့် ဘုန်းကြီးလူထွက် မှန်သမျှ အပေါ်၌ မျက်မုန်းကျိုး၍ နေသူ တစ်ယောက် ဖြစ်လေ၏ ။
ဒေါ်သိန်း ။ ။ “ ပွဲစားကြီးရယ် ၊ ကျွန်မ တူ မှာ ဘုန်းကြီးလူထွက် နဲ့ ဘယ်နေရာမှာများ တူလို့ မေးရတာလဲ ပွဲစားကြီး ရဲ့ ”
ပွဲစားကြီး ။ ။ “ ဘုန်းကြီးလူထွက် မှာ ချိုပေါက်တာမဟုတ်ဘူး မသိန်း ၊ ခွကျတာ တစ်ခု ခြားနားတာပဲ ၊ အဲဒီ ခြားနားခြင်း ဟာ က မကောင်းဆုံး ဆိုတဲ့ ခြားနားခြင်း ဖြစ်နေတာမို့ မေးရတာပါ ၊ စိတ် လည်း မရှိပါနဲ့ ၊ ဘုန်းကြီးလူထွက် နဲ့ တူလို့ မေးတာလည်း မဟုတ်ပါဘူး ၊ ကာလ မောင်ပဉ္စင်းများ ကပေမဲ့ သိပ်ပြီး ဗိုလ်ဆန်တတ်လို့ မေးတာပါ ”
“ မဟုတ်ပါဘူး ပွဲစားကြီး ရယ် ၊ စိတ်သာချပါ ၊ ကျွန်မ တူ လူအစစ် ၊ ရေ မရောပါဘူး ၊ တိုက်တံဆိပ် ရွေမှန်ရွှေကောင်းပါ ၊ အရည် မြင်တာ နဲ့ သိလောက်ပါတယ် ၊ ကန့် - ယမ်း - ငရဲမီး နဲ့ စမ်းဖို့ မလိုပါဘူး ။ အင်္ဂလိပ် ပညာက သီဟိုဠ် မှာ ကိုးတန်း အောင်ခဲ့ပါတယ် ။ အခုလည်း ကြတ္တိကာ သတင်းစာတိုက် မှာ အယ်ဒီတာချုပ်တစ်ယောက်ပါ ။ ပညာ မှာတော့ မရှိပါဘူး ။ ဘယ်ဘက်က စမ်းစမ်း ခေါက်မိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပါ ၊ အင်္ဂလိပ် - မြန်မာ နှစ်ဘာသာ စွယ်စုံရှင့် ပွဲစားကြီးရဲ့ ။ ဘိလပ်ပြန်များ ကတောင် လက်ဖျားခါရပါတယ် ။ ကြတ္တိကာ သတင်းစာ မှာ ကရကဋ် ဆိုတဲ့ နာမည်နဲ့ ရေးတဲ့ ဆရာဟာ ကျွန်မ တူပါပဲ ။ တခြားလူ မဟုတ်ပါဘူး ”
“ တော်ပါတယ် ၊ အစစအရာရာ မှာ ဘာမှ ပြောစရာ မရှိပါဘူး ။ ကျုပ် မှာတော့ ဒီ သမီး ကို အမေ လို အုပ်ချုပ် နေရလေတော့ ဒီ အကြောင်း နဲ့ ပတ်သက်ရမှာ ရှက်စရာရယ် လို့လည်း သဘော မထားတော့ပါဘူး ။ လူကောင်း ၊ သူကောင်း တစ်ယောက် ဆိုရင် ကိစ္စအေးတာပါပဲ ။ အခု ခေတ်အခါမှာ ယောက်ျားကောင်း ရှားတဲ့ အပေါ်မှာ ဘုန်းကြီးလူထွက် ခွသမား ဖြစ်မှာ သာပြီး စိုးရိမ်ရလို့ မေးတာပါ ။ ဘုန်းကြီးလူထွက် မဟုတ်ဘူး ဆိုတာ မသိန်း အာမခံနိုင်ရင် အထူးပြောဖို့ မလိုပါဘူး ”
“ စိတ်ချပါ ပွဲစားကြီး ရဲ့ ကျွန်မ အာမခံဝံ့ပါတယ် ။ သုံးနှစ် - ဆယ်နှစ် အာမခံရွှေမျိုး မဟုတ်ပါဘူး ။ တစ်သက်လုံး အာမခံ ဝံ့ပါတယ် ”
ပွဲစားကြီး ။ ။ “ မတော်တဆ နောင်ခါကျမှ ဘုန်းကြီးလူထွက် ဖြစ်နေ ရင် ဘယ့်နှယ် လုပ်ရမလဲ ။ မသိန်း က ဘယ်လို အာမခံ မလဲ ”
“ ဒီတော့ ပွဲစားကြီး တော်သလို စီမံနိုင်ပါတယ် ။ ကျွန်မ တူ ဘုန်း ကြီး လူထွက် ဖြစ်တယ်လို့ အခိုင်အမာ ပြောနိုင်တဲ့ အခါကျတော့ အဝတ် တစ်ထည် ကိုယ် တစ်ခု နဲ့ ဆင်းစေ ဆိုတဲ့ အာမခံစာချုပ် ကို လုပ်ဝံ့ပါ တယ် ။ တိုတိုပြောမယ် ပွဲစားကြီး ရယ် ၊ ကျွန်မ တာဝန် ထားလိုက်ပါ ။ ပွဲစားကြီး စီမံသလို ခံပါ့မယ် ။ ပွဲစားကြီး ကို ကျွန်မ မတော်တာ လုပ်ဝံ့ ပါ့မလား ၊ မစစ်မမှန်တာ ကို များ လုပ်မယ်လို့ မထင်ပါနဲ့ ”
“ အဲလေ ၊ နောင်ခါကျတော့လဲ ဘယ် တတ်နိုင်မလဲ ၊ စိုးရိမ်လို့ မေးရတာပါ ၊ မသိန်း လည်း မဟုတ်မမှန်တာ ကိုတော့ မလုပ်ဘူး ဆိုတာ ယုံကြည်ပါတယ် ”
“ ယုံပါ ပွဲစားကြီး ကျွန်မ မျက်နှာပျက် မခံပါဘူး ။ ကျွန်မ တူ လူမွန်လူကောင်းပါ ။ သူတို့ ကလေးချင်း တော့လည်း ချောမောညီညွတ် ပြီး ဖြစ်နေကြတာမို့ ဝတ္တရား ရှိသလောက် ကိုပဲ ပြောရတာကိုး ပွဲစားကြီး ရဲ့ ။ ကလေးမ ကလည်း ဒီ အကြောင်းကိုပဲ အတန်တန် မေးရှာပါတယ် ။ သူ ကလည်း မောင်ကျော်လှ ဘုန်းကြီးလူထွက် ဖြစ်နေမှာ ကို စိုးရိမ်တာပဲ ။ “ ဖေဖေ က ရဟန်းလူထွက် ကို အင်မတန် မုန်းတယ်တဲ့ ၊ ကျွန်မ ကိုယ်တိုင် ကလည်း ရဟန်းလူထွက် ဆိုရင် ရွှေ နဲ့မွှန်း ထားတောင် စိတ်မပါ ချင်ဘူး ” တဲ့ ၊ အဲဒီလို ပြောရှာတယ် ... ပွဲစားကြီး ရဲ့ ။ ဒီ့အတွက် စိတ်ချပါ လို့ ကျွန်မ အာမဝန်တာ ခံထားရပါတယ် ”
“ ကိုင်း ၊ ဘုန်းကြီးလူထွက် မဟုတ်ဘူး ဆိုရင်တော်ပြီ ။ မသိန်း ပဲ အစစအရာရာ ချောချောမောမော ဖြစ်အောင် စီမံပါလေတော့ ”
ဟု ပွဲစားကြီး ဦးဘိုးမင်း သည် အဆုံးသ,တ်စကား ကို ဆိုလိုက်လေ ရာ နောက်များမကြာမီ မင်္ဂလာကိစ္စ ချောမောခြင်း သို့ ရောက်လေသ တည်း ။
“ ဘယ့်နှယ်လဲ အဒေါ် သူတို့မရိပ်မိလောက်သေးပါဘူး ၊ ရိပ်မိလို့ လည်း အရေးမကြီးပါဘူးလေ ”
“ အခုအနေတော့ ရိပ်မိလို့ မတော်သေးဘူး ။ သူ့ အဖေ က ဘုန်းကြီးလူထွက် ဆိုရင် အင်မတန် မုန်းတာ ၊ ဘုန်းကြီးလူထွက် မှန်ရင် တစ်နေ့ ရွှေတစ်ကျပ်သား ဥပါပေ့စေ သူ့ သမီးနဲ့ မပေးစားဘူးတဲ့ ၊ ဘုန်းကြီး လူထွက် နဲ့ ဘယ်လိုများ ဖြစ်ဖူးသလဲ မသိဘူး ”
ဟု ဒေါ်သိန်း က မောင်ကျော်လှ အား ပြောလေ၏ ။
မောင်ကျော်လှ သည်ကား ကာလဦးပဉ္စင်းလူထွက် ဖြစ်လေရာ အနေအထိုင် ၊ ဝတ်ပုံဆင်ပုံ ၊ သွားပုံလာပုံ ၊ ပြောဆိုပုံ ဟူသမျှမှာ ကော လိပ်ကျောင်းသား စတိုင်ပါသူ တစ်ယောက် ဖြစ်လေ၏ ။ ဦးပဉ္ဇင်းဘဝ မှာ ရှိစဉ်က အင်္ဂလိပ်စာ ကို ကျိတ်ကာသင်ခဲ့သဖြင့် မြန်မာစကား ပြော ရာ၌ အင်္ဂလိပ်စကား ညှပ်၍ သုံးပုံမှာ ဘုန်းကြီးလူထွက် ဖြစ်ကြောင်း အကဲ မခတ်နိုင်လောက်အောင် ကာလ ကို မီလေ၏ ။
ဦးပဉ္စင်းလူထွက် ဖြစ်ကြောင်း ကို ဒေါ်သိန်း တစ်ယောက် သာ သိ လေ၏ ။ ယောက္ခမကြီး မှာ ကား အနည်းငယ်မျှ မသင်္ကာသော စိတ်မရှိ တော့ချေ ။ သို့သော်လည်း မိန်းမများသည် မိမိတို့ လင်ယောက်ျား ၏ အမူအရာ ၊ အသုံးအနှုန်း ၊ စတိုင်ဟန် တို့ ကို အထူး ဂရုစိုက်တတ်သော အလေ့ ရှိသည့် အတိုင်း တစ်နည်း အားဖြင့် မသင်္ကာသော စိတ် ပေါ် ပေါက်စ ပြုလေ၏ ။ အကြောင်းမူကား ဆယ်ဝါ ရခဲ့သော ရဟန်း ၏ အငွေ့ အသက် သည် ဖန်စီရှပ် နှင့် ဗိုလ်ကေ ဖုံးသော်လည်း လုံးလုံး မပျောက် ၊ တစ်နည်းနည်း အားဖြင့် ကပ်ဖူးသော အဝါရောင် ၊ နံ့သာရောင် သည် တစ်နည်းနည်း အားဖြင့် အရိပ်အယောင် ကို ပြလေ၏ ။
သို့သော်လည်း မယ်ခင် မှာ ဒိဋ္ဌ မပြောနိုင် ၊ အဘယ်သို့သော အရာ ဟူ၍ သေသေချာချာ မသိရ ၊ ရဟန်းလူထွက် မှန်လျှင် သမီး နှင့် မပေးစား ဟူသော ဖခင်ပွဲစားကြီး ၏ စကားကြောင့် သို့လော သို့လော တွေးတော ရာမှ ဤ သံသယစိတ် ဖြစ်ပေါ်၍ လာခြင်းပေလားမသိရ ။ စနောင့်စနင်း ဖြစ်ကာ မသင်္ကာ သလို စိတ်၌ စ၍ ဖြစ်ပေါ်စ ပြုလေ၏ ။
သို့ဖြစ်ပေါ်သည့် အခါမှ စ၍ လင် ဖြစ်သူ ၏ ပြောပုံ ၊ ဆိုပုံ ၊ အမူအရာ ဟူသမျှကို အများကြီး ဂရုစိုက်ကာ အကဲခတ်ခဲ့၏ ၊
သို့ပင် အကဲခတ်သော် ငြားလည်း မောင်ကျော်လှ မှာ ဦးပဉ္စင်း ဘဝ မှ ထွက်ဖို့ရန် ကြံစည်သည့် နေ့မှ စပြီး ထွက်ပြီးသည့် နောက် ဆံပင် ဗိုလ်ကေ ညှပ်လောက် အောင် ရှည်သည် နှင့် တစ်ပြိုင်တည်း ကောလိပ် ကျောင်းသား နှင့် မခြားသော စတိုင် ကို ထပ်တူ ထပ်မျှ အောင်မြင်ပိုင် နိုင်စွာ ရရှိဖို့ရန် အဘယ်ပုံ စီမံရမည် ဟူသော အကြောင်း ကို ဆရာ တကာရင်း ဖြစ်သူ ဘီအေမောင်ဘိုးထွား ထံမှ ကျကျနန ခယ နည်းခံပြီး ကောလိပ်ကျောင်းသား ဝတ်ပုံ ၊ ကောလိပ်သွား သွားပုံ ၊ ကောလိပ်ပြော ပြောပုံ စသည် တို့ ကို လက်ထပ်သင်ခဲ့ သဖြင့် သင်္ကန်း နှင့်လွတ်ပြီး သုံးလ ကြာ၍ လူအတွေ့ ခံလိုက်သော အခါ ဘရေဇာကွတ် ၊ ကော်လာ အလန် နှင့် ရှပ်အင်္ကျီ ၊ ဗိုလ်ကေဆံလိမ် ၊ ကုတ်ရှူးဖိနပ် ၊ တုတ်ကောက် နှင့် အင်္ဂလိပ်သတင်းစာ ကို ကိုင်၍ လာသော မောင်ကျော်လှ ကို ဆရာရင်း ဖြစ်သူ ဆရာတော်ကြီး နှင့် အပေါင်းအဖော် ဖြစ်ခဲ့သူ ဦးပဉ္စင်းများ သော်မှ မမှတ်မိရုံမက ၎င်းကို အားကျပြီး အချို့ မှာ ထွက်ချင်စိတ် ပေါက်ကြ လေ၏ ။
သို့ဖြစ်သောကြောင့် မယ်ခင် မသိနိုင်အောင် လုပ်ရန် အရေး မှာ လွန်စွာ လွယ်ကူလေ၏ ။ မယ်ခင် အကဲခတ်မှန်း ကို လည်း ကျော်လှ သည် တစ်နည်းနည်း ဖြင့် သိလေ၏ ။
ထိုကဲ့သို့ နေရာ သားဦးကလေး ခြောက်လသား အရွယ်သို့ ရောက် ခဲ့လေ၏ ။ မယ်ခင် သည် ကား လုံးလုံးကြီး စိတ်မချတော့ချေ ။ ယောက္ခမကြီး မှာ ကား - “ ငါ့ သမက် ဧကန် ဘုန်းကြီးလူထွက် မဟုတ် ” ဟု ဒုန်းဒုန်းကြီး စိတ်ချ၍ သာ နေရှာလေတော့ သတည်း ။
မယ်ခင် ၏ စိတ်၌ကား ထိုကဲ့သို့ စိတ်မချနိုင်ရုံမက ဧကန်ဒိဋ္ဌ ရဟန်းလူထွက် ပဲဟူသော အသိ ကို ပင် ပိုင်နိုင်စွာ ရစ ပြုလေ၏ ။
သို့သော်လည်း အဘယ် ကဲ့သို့သော ဧကန်မျိုး ဖြစ်သည်ကို အထောက်အခံ ပြရန် ခိုင်လုံသော သက်သေခံ အထောက်အထား ကို ရှာ၍ မတွေ့ ၊ တိုက်ရိုက် လည်း မမေးဝံ့ချေ ။ အကြောင်းမူ ကား … “ မေးလျှင် သင်း သာလွန်၍ လုံခြုံအောင် ဟန်ဆောင်လိမ့်မည် ၊ တစ်ချက် တစ်ချက် မှာတော့ သင်း သတိလစ် မှာပဲ ၊ လစ်လျှင် အစအန တော့ ဧကန်ပေါ် မှာပဲ ၊ မပေါ်ဘဲ မနေနိုင်ရာ ၊ အလစ်မှာ အမိ ဖမ်းမိမည် ” ဟူသော အကြံ နှင့်သာ နေခဲ့လေ၏ ။
မိန်းမတို့ မှာ မိမိတို့ လင်ယောက်ျား နှင့် ပတ်သက်၍ တစ်စုံတစ်ရာ ကို သိလိုသည့်အခါ ထို သိလိုသော ဆန္ဒသည် ဒီရေ အရှိန်လို တိုးတက် လေ၏ ။ နေပြင်းသလို တိုး၍ ပြင်းထန်တတ်လေရာ - “ သင်း ဧကန် ပဉ္စင်း လူထွက်ပဲ ၊ ဧကန်ပါပဲ ၊ ငါ အဘယ်ပုံ သက်သေခံ ရအောင် လုပ်ရ ပါ့မလဲ ” ဟူ၍သာ ကြံစည်ကာ မခံမရပ် နိုင်အောင် ရှိနေလေ၏ ။
သို့ ကြံစည် တွေးတောဖန် များသော အခါ တစ်စုံတစ်ရာ ကို တွေးမိ လေ၏ ။ ထိုအရာသည် ကား မိမိ ယောက်ျား သီချင်း ဆိုလေ့ မရှိ ဟူသော အကြောင်း ဖြစ်လေ၏ ။ “ တကယ် ဆိုရင် လင်မယား ညားစ ၊ ချစ်တုန်း ၊ ခင်တုန်း တပြုံးပြုံး နေခိုက်မှာ တေးကလေးများ ကို သာသာယာယာ ဆို ဖို့ ၊ တေးကလေးများ ညည်း ဖို့ ရှိတာပဲ ။ ‘ တူ နဲ့ နဲ့ တောင် ’ ရယ် လို့ မှ မမြည်စဖူးပါဘူးကလား ၊ ဘယ်လိုလူများ ဖြစ်ပါလိမ့်မလဲ ၊ ဒါ တစ်ခုဟာဖြင့် ဘုန်းကြီးလူထွက် လက္ခဏာ အစစ်အမှန် နဲ့ တူတာပဲ ၊ သင်း သီချင်း ဆို အောင် ငါ ဘယ့်နှယ် လုပ်ရပါ့မလဲ ၊ သီချင်း ဆိုရင်ဖြင့် ဧကန် အချိုးအစား ကျမှာ မဟုတ်ဘူး ။ ဘုန်းကြီးသံ ၊ ရေစက်ချသံ ၊ ကမ္မဝါသံ ၊ ပရိတ်သံများ ပဲ ပါလေမလား ၊ ယပ်လှဲတရားသံမျိုး ပဲ ဖြစ်လေမလား ၊ သက် သေအထောက်အခံ တော့ ဧကန် ရမှာပဲ ” စသည်ဖြင့် ကြံလေ၏ ။ သို့ဖြစ်၍ ...
“ တေးကလေးများ ဆိုပါလား ကိုကျော်လှ ရဲ့ ”
ဟု တစ်ခါက ပြောမိရာ ကျော်လှ က ..
“ ကလေးကလား မလုပ်ပါနဲ့ ခင်ရဲ့ ။ မဆိုချင်ပါဘူး ။ မတတ်လို့ တော့ မဟုတ်ပါဘူး ။ ဟို ကောလိပ်ကျောင်းပွဲတုန်း က တောင် တစ်ခါ မင်းသား လုပ်ပြီး ကခဲ့ရပါသေးတယ် ။ အခုတော့ ပြန် တွေးတာတောင် ရှက် နေတာပဲ ”
ဟု ပြန်၍ ပြောလေ၏ ။ ထိုအခါ မယ်ခင် က သာ၍ပင် မသင်္ကာ ဖြစ်လေ၏ ။
တစ်နေ့သ၌ မယ်ခင် သည် မီးဖို၌ အလုပ် များ၍ နေလေ၏ ။ ကျော်လှ မှာ သတင်းစာ ဖတ်ရင်း ကလေးအိပ်သော ပုခက် ကို တစ်ချက် တစ်ချက် တွန်းလွှဲ၍ နေ၏ ။ သို့နေခိုက် မယ်ခင် သည် တစ်စုံတစ်ရာ ကို တွေးမိ သဖြင့် ငရုတ်ဆုံ ကိုယူ၍ ထောင်း၏ ။ ငရုတ်သီး ထောင်းသံ သည် တဖြည်းဖြည်း ပိုမို ပြင်းထန် ကျယ်လွင့်၍ လာလေ၏ ။ မီးဖို ၌ ခင်း၍ ထားသော ကြမ်းသည် ကလေးပုခက် အောက်ရှိ ကြမ်းအပိုင်း နှင့် တစ်ဆက်တည်း ရှိနေလေရာ ပုခက် အောက် သို့ ငရုတ်သီး ထောင်းသော အသံ ရောက်ပြီး လျှင် ကလေး လန့်၍ နိုးပြီး စ၍ ငိုလေ၏ ။
ကျော်လှ သည် ပုခက် ကို သွက်သွက် လွှဲ၏ ။ ငရုတ်သီး ထောင်းသံ မှာ ပိုမို၍ ပြင်းထန်လေ၏ ။ ကလေး လည်း ပိုမို၍ သည်းစွာ ငို၏ ။ ကျော်လှ သည် သတင်းစာ ကို ချပြီး ...
“ မင်း ငရုတ်သီး ထောင်းတာ ကလည်း မြည်လိုက်တာ ၊ ဖြည်းဖြည်းများ ထောင်းပါဦး ”
ဟု ပြောပြီး ပုခက် ကို တုတ်၍ လွှဲ၏ ။ ပါးစပ် က စုတ်သပ်လေ၏ ။ “ အေးအေး အိပ်ပါ ကလေးရေ ... ” ဟု ပြော၏ ။ မယ်ခင် သည် တစ်ဖက်သို့ လှည့်ကာ ကျိတ်၍ ပြုံးလေ၏ ။ “ ဒီတစ်ခါတော့ မိတော့မှာပဲ ၊ သင်း ကို ထိတ်လန့်အောင် လုပ်ပြီးမှ အလစ် မှာ ဖမ်းမယ် ” ဟု တွေးကာ ဒေါသဖြစ်သော အမူအရာ နှင့် ...
“ တစ်ယောက်တည်းကို ရှင့်ကလေး မနိုးမီ ပြီးအောင် မြန်မြန် လုပ်ရတာ ဒီကလေး ကိုမှ ငြိမ်အောင် မလုပ်နိုင်ဘူးလား ”
ဟု ခပ်မာမာ လှမ်း၍ ပြောလိုက်လေ၏ ။
ကျော်လှ သည် ကား “ အေးအေး - အိပ်ပါတော့လားလေ ” ဟု ဟစ်အော်ကာ ပုခက် ကို တွင်တွင်ကြီး လှုပ်၍ နေလေ၏ ။ မယ်ခင် သည် ဆောင့်ကာ အောင့်ကာ အလုပ် လုပ်ရာ မှ ...
“ ကလေး ကို မငိုအောင် မလုပ်တတ်တော့ဘူးလား ၊ ရှင့် ပါးစပ်က လည်း အင်အင် - အယ်အယ် လုပ်ပြီး တေးကလေး ဘာလေးများဆိုပြီး လွှဲမှပေါ့ ရှင့် ၊ ကိုယ်တော်ကြီး ရဲ့ ”
ဟု အော်၍ ပြောလိုက်ရာ ကျော်လှ မှာ ထိတ်လန့်တကြား ဖြစ်ကာ ယပ်လှဲသံပါပါ နှင့် ...
“ ကြောင်ကြီးငယ်တည့်မှ − မြီးတံတိုငယ်လေ ၊ အဆီကို စားပါလို့ အသားကို တည့် မျိုလေပြီ ၊ ကြောင်အိုငယ်တည့် ငပေမှေးငယ်လေး ကိုက် လာချေပေါ့ သတည်း ”
ဟု ဆွဲငင်စွာ ကမ္မဝါသံ နှင့် မခြား ကြွေးကြော် သီဆို လိုက်လေရာ မယားသည် ဖြစ်သူ မယ်ခင် မှာ ဣန္ဒြေ ကို ဆယ်၍ မရတော့သည် ဖြစ်ရ ကား ငရုတ်ဆုံ ရော ၊ ငရုတ်ကျည်ပွေ့ ရော လက် မှ လွတ်ကျ ပြီးလျှင် တင်ပါး နှင့် ကြမ်း ကို ဆောင့်ကာ ပိုးလိုးပက်လက် လန်အောင် ရယ်ရှာလေတော့ သတည်း ။
ထိုအခိုက် တွင် ရဟန်းလူထွက် ကို လွန်စွာ မုန်းထားသော ယောက္ခမ ပွဲစားကြီး သည် အိမ် ပေါ် ၌ ဘုရားရှိခိုး နေရာမှ ထတည့်၍ လာပြီးလျှင် ... “ ဟားဟား .... ဟားဟား ” ဟု ရယ်လျက် လှေကား မှ ဆင်း၍ လာလေ သတည်း ။
( ၁၆ - ၁၀ - ၁၉၃၂ )
ပီ - မိုးနင်း
ဝတ္ထုပဒေသာ အမှတ် - ၁
No comments:
Post a Comment