ရယ်စရာများ နှင့် အလွမ်း
( မင်းခိုက်စိုးစန် )
ဘေဘီလုံနတ်ဘုရားများအကြောင်း ဖွဲ့ဆိုထားသည့် ကျမ်းတစ် စောင်ထဲတွင် အစ် ( ရှ် ) တာ ( Ishter) အမည်ရှိ နတ်သမီးနှင့် သေမင်း တို့သည် ချစ်သူများဖြစ်သွားကြပြီး တစ်ဦးနှင့်တစ်ဦး ပေါင်းစည်းကာ နတ်တစ်ပါးတည်း ဖြစ်သွားကြသည်ဟု ဖတ်ခဲ့ရဖူး၏ ။
oooooooooo
( ၁ )
ကျွန်တော် နှင့် ကောင်မလေးတို့ ပေါင်းစည်းကာ တစ်ဦးတည်း ဖြစ် သွားကြဖို့ ကောင်းလွန်းနေသည့်တိုင် ကျွန်တော်တို့ နှစ်ယောက်အကြား တွင် သော့ခတ်ထားသည့် တံခါးတစ်ချပ် ကန့်လန့်ခံနေသည့်အကြောင်း သင့်ကို ရယ်မောစရာအဖြစ် ပြောပြချင်ပါသေးသည် ။
အဆိုးရွားဆုံးဟာသတစ်ခုမှာ ထိုတံခါးဖွင့်ဖို့ သော့ တံကို ကျွန်တော် တို့နှစ်ဦးစလုံးက လွန်ခဲ့သည့်ဆယ်နှစ်က ကုတ်အင်္ကျီအဟောင်းတစ် ထည်ထဲတွင် မေ့လျော့ထားရစ်ခဲ့ ကြခြင်းဖြစ်ပါသည် ။
oooooooooo
ယောက်ျားတစ်ယောက် နှင့် မိန်းမတစ်ယောက် ပေါင်းစည်းဖြစ်ကြဖို့ ကိစ္စမှာ ဘာတွေလိုအပ်သလဲဟု ကျွန်တော့် မိတ်ဆွေတစ်ယောက်ကို မေးကြည့်ခဲ့ဖူးပါသည် ။ ထို မိတ်ဆွေ က ..
“ ငါကတော့ ငါနဲ့ အကျင့်စရိုက်ဝါသနာချင်းတူတဲ့ မိန်းမမျိုးကိုပဲရှာ ပြီး လက်ထပ်ချင်တယ်ကွာ ”
ဟု ဖြေ၏ ။
ကျွန်တော် သိသလောက် ထိုမိတ်ဆွေ၏ ထူးခြားသော အကျင့်စရိုက် မှာ ချိုင်းမွေးမရိတ်ခြင်းပင် ဖြစ်ပါသည် ။ သူ ပြောပုံအရ ဆိုလျှင် သူ့လို ချိုင်းမွေးရိတ်လေ့ မရှိသည့် မိန်းမတစ်ယောက်ကိုများ ရှာယူနေမည်လား မသိပါ ။
ကျွန်တော့်ဘာသာ ကျွန်တော်တွေးရင်း တစ်ယောက်တည်း ကျိတ် ပြုံးနေမိသည် ။ မိတ်ဆွေကိုတော့ ဘာမှပြော မပြဖြစ်ပါ ။ ပြောပြလျှင် လည်း ကျွန်တော့် ဟာသကို သူ ရယ်မောရကောင်းမှန်း သိလိမ့်မည် မဟုတ်ကြောင်း သေချာလွန်းနေသောကြောင့် ဖြစ်၏ ။
ဟာသတစ်ခုကို ပြောသူနှင့် ထိုဟာသကို နားထောင်ပြီး ရယ်မော ပေးရမည့် သူတို့နှစ်ဦးကြားတွင် သက်တံဆန်ဆန် နားလည်မှုတစ်မျိုး ရှိ နှင့်ထားရန် လိုအပ်သည်ဟု ကျွန်တော် ထင်ပါသည် ။ မမြင်နိုင်သော ရေမှုန်ရေစက်ကလေးတွေထဲရှိ ဝိညာဉ်အချင်းချင်း လက်ဆင့်ကမ်း သွယ်တန်းမိကြရာမှ အလင်းကြိုးမျှင်တစ်မျှင် ဖြစ်ပေါ်လာသလိုမျိုး ဟာသပြောသူနှင့် ထိုဟာသကို နားထောင်ရယ်မောမည့်သူတို့၏ နှလုံးသားနှစ်ခု ကြားတွင် နက်ရှိုင်းလှပသော ဆက်သွယ်ချက်တစ်စုံ တစ်ရာရှိမှသာ ထိုဟာသ၏ပြီးပြည့်စုံမှုကို ရရှိနိုင်သည်ဟု ဆိုလိုခြင်း ဖြစ်ပါသည် ။
ကျွန်တော့်မိတ်ဆွေ၏ နှလုံးသားမှာ ဟာသများကို ဖမ်းချည်ရယ်မော နိုင်ဖို့ ဝိညာဉ်အလင်းကြိုးမျှင်ကလေး ပါမလာရှာပါ ။
ထိုငတိသည် ခွေးသူခိုးတစ်ကောင်သာလျှင် ဖြစ်ပါသည် ။
oooooooooo
လောကတွင် ...
ကျွန်တော် ပြောလေ့ရှိသည့် ဟာသများကို ကောင်းစွာ ရယ်မောတတ် သူဟူ၍ “ ကောင်မလေး ” တစ်ဦးတည်းသာ ရှိသည်ဟု ကျွန်တော် အောက်မေ့မိ၏ ။ ထို့အတူ ကောင်မလေး ပြောတတ်သော ရယ်စရာ အတွေးစများကို ပြီးပြည့်စုံစွာ နားလည်ခံစားတတ်သူမှာလည်း “ ကျွန်တော် ” တစ်ယောက် တည်းသာ ရှိပါသည် ။
သည်လောက်ဆိုလျှင် ကျွန်တော်တို့နှစ်ဦး၏ နှလုံးသားတွေအကြား မှာ လင်းလက်တောက်ပနေသော သက်တံတစ်ခုရှိမှန်း သင်ရိပ်မိ လောက်ပြီထင်သည် ။
ooooooooooo
( ၂ )
ဆိုကြပါစို့ ...
ဟာသကို သဘာဝလွန်ဟာသ ၊ သဘာဝကျသော ဘောင်အတွင်းမှ လွဲချော်မှုများကို ဖော်ပြသည့်ဟာသနှင့် သဘာဝကို နက်နက်ရှိုင်းရှိုင်း စေ့စေ့စပ်စပ်တူးဖော်ရာမှ ဟန်ဆောင်ဖုံးကွယ်ထားသည့် လူ့စရိုက်လူ့ သဘာဝကို မျက်နှာဖုံး ချွတ်ပြသလို ဖြစ်သွားသည့် ဟာသဟု သုံးမျိုးသုံး စားခွဲခြား၍ ရမည်ထင်ပါသည် ။ ( ကျွန်တော့်ခွဲခြမ်းစိတ်ဖြာပုံသည် ပညာရှင်တို့ ဖွင့်ဆိုပိုင်းခြားပြသည့် ဟာသအမျိုးအစား သတ်မှတ်ချက် များနှင့်တော့ ကိုက်ညီလိမ့်မည်မဟုတ်ပါ )
သဘာဝကို နက်နက်ရှိုင်းရှိုင်းတူးဆွပြီး လူ့စရိုက်ကို မျက်နှာဖုံးချွတ် ပြသည့် ဟာသမျိုးသည် ဂျော့ဘားနဒ်ရှောလို ပါရမီရှင်များထံမှ ထွက် ပေါ်လာတတ်ပုံရပါသည် ။
လူကုံထံအသိုင်းအဝိုင်းက ကျင်းပသည့် ပါတီပွဲတစ်ခုတွင် ဂျော့ဘား နဒ်ရှော က ငွေကြေးချမ်းသာပုံရသော ပညာတတ်အမျိုးသမီးတစ်ဦးကို မေး၏ ။
“ ငွေတစ်သိန်း ရမယ် ဆိုရင် ကိုယ် မချစ်တဲ့ ယောက်ျား တစ်ယောက်နဲ့ အတူ အိပ်နိုင်ပါ့မလား ”
“ အိပ်မှာပေါ့ရှင် ”
“ ကိုင်းဗျာ ... ခင်ဗျားကို ကျွန်တော် တစ်ကျပ် ပေးမယ် ၊ ဘယ့်နှယ်လဲ ၊ ကျွန်တော်နဲ့ ကော အိပ်နိုင်မလား ”
“ ဘာရှင့် ကျွန်မ ကို ဘယ်လို မိန်းမ အတန်းအစားထဲကများ အောက်မေ့နေသလဲ ”
ဂျော့ဘားနဒ်ရှော က ပြန်ပြောလိုက်သည် ။
“ ခင်ဗျား ဘယ်လို မိန်းမအတန်းအစား ဆိုတာ ကျွန်တော် သိပါတယ် ၊ စိတ်မရှိပါနဲ့ ၊ ကျွန်တော် က ခင်ဗျားရဲ့ အနိမ့်ဆုံးဈေးနှုန်း ကို သိချင်လို့ မေးတာပါ ”
oooooooooo
သဘာဝလွန် ဟာသများကမူ တစ်စုံတစ်ရာကို သရော် ဖို့ ၊ ကလိ ဖို့ တမင်ဇာတ်လမ်းဆင်ထားသည့် လုပ်ဇာတ်များသာ ဖြစ်ကြ၏ ။ ယုတ္တိ မရှိမှန်း အားလုံးက သိကြသည် ။ သို့သော် နားထောင်သူတို့ မျှော်လင့်ထား ကြသည်က ယုတ္တိ မဟုတ်ပါ ။ ဇာတ်လမ်း ၏ ဘယ်လိုနေရာ ဘယ်လို အချိန်မျိုးအရောက်မှာ မိမိရရ ' တွယ် ' လိုက်လေမလဲဟူသည့် စောင့်စား စိတ်ဖြင့် ရယ်မောရန် အသင့်ပြင်ထားကြသည် ။ အဲသည်လို အကွက်မိမိ သရော်နိုင်ဖို့ ၊ ( ထို ယုတ္တိမရှိသည့် ) ဇာတ်လမ်းကို ဖန်တီးဆင်ယူနိုင်သော စွမ်းရည် ကိုပင် ချီးကျူးကြသေးသည် ။
ဆိုဗီယက်ပြည်ထောင်စု ကွန်မြူနစ်ခေတ်တွင် ပါတီ ခေါင်းဆောင် များ ၊ အခွင့်ထူးစည်းစိမ်ခံစားကြပုံကို သရော်ထားသည့် ဟာသတစ်ပုဒ် အကြောင်း သင် နားထောင်မည် ဆိုလျှင် ပြောပြချင်ပါသေးသည် ။
ပါတီကွန်ဂရက်သို့ တက်ရောက်လာသော ကိုယ်စားလှယ်များ ကို သဘာပတိအဖွဲ့က အုပ်စုနှစ်ခု ခွဲခိုင်းသည် ။ အရင်းရှင်စနစ် ကို ကြိုက် သူများ က တစ်ဖက် ၊ ကွန်မြူနစ်စနစ် ကို ကြိုက်သူများက တစ်ဖက် ဖြစ်၏ ။
ကိုယ်စားလှယ် တစ်ယောက်က ဘယ်အုပ်စုဘက်ကိုမှ ပါမသွားဘဲ အလယ်တွင် ယောင်တောင်တောင်လုပ်နေ၏ ။
ပြီးနောက် ...
ထိုသူ က ...
“ ကျွန်တော် ကွန်မြူနစ်စနစ် ကို ကြိုက်ပါတယ် ဒါပေမယ့် ကျွန်တော်ကိုယ်တိုင်ကတော့ အရင်းရှင်စနစ်မှာ လို ဇိမ်ကျကျ နေချင် တယ် ၊ ဘယ်ဘက်ကို သွားရမလဲ ”
သဘာပတိအဖွဲ့ က ....
“ အဲဒါဆိုရင် ကျွန်တော်တို့ သဘာပတိအဖွဲ့ မှာ လာထိုင်ပါ ”
oooooooooo
သဘာဝနယ်ပယ်အတွင်း မှ ဟာသများမှာမူ ခပ်ရိုးရိုးပင် ဖြစ်လေ့ရှိ ကြပြီး မျှော်လင့်မထားသော အဆုံးသ,တ် တစ်ခုခု ၊ လွဲချော်မှု တစ်ခုခု ဖြင့် အဆုံးသ,တ်တတ်ကြပါသည် ။
များသောအားဖြင့် အဲသည်လို ရယ်စရာကောင်း လောက်အောင် လွဲချော်တတ်သူများအဖြစ် စိတ်ဝေဒနာရှင်များ ၊ လူနုံလူအများနှင့် ကလေးငယ်များကို ဇာတ်ကောင်ထား ဖန်တီးတတ်သည့်အကြောင်း သင်တို့လည်း သတိထားမိကြလိမ့်မည်ထင်သည် ။
ဥပမာ ပြောရလျှင် ...
ဖဲဝိုင်းတွင် ဖဲရိုက် နေသော ကျောင်းသားတစ်ယောက် ကို ဆရာ က ဆွဲခေါ်လာပြီး ရိုက်နှက်ဆုံးမ၏ ။
နောက် ဆရာ က မေးလိုက်သည် ။
“ မင်းကို ငါ ဘာဖြစ်လို့ အပြစ်ပေးရသလဲ သိလား ”
“ ဟုတ်ကဲ့ ... သိပါတယ် .. ဆရာ ၊ ဒိုင်းမွန်းတစ် ကို ပစ်ရမယ့် အစား ကု,လားဖဲချပ် ကို ပစ်လိုက်မိလို့ပါ ”
ooooooooo
( ၃ )
ဟာသများထဲတွင် ပါးစပ်ဖြင့် ပြောပြ၍ မရသော တစ်စုံတစ်ရာ ကို ရယ်မောရသည့် ဟာသသည် တစိမ့်စိမ့် တွေးဖို့ အရသာ အရှိဆုံးဖြစ်သည် ဟု ကျွန်တော် ထင်၏ ။ အဲသည်လို ဟာမျိုးကို လူအများကြီး ခံစား၍ မရ နိုင်ပါ ။ နှလုံးသားချင်း ချုပ်နှောင်ဆက်နွယ်ထားပြီးသား လူနှစ်ယောက် သုံးယောက်အကြား မှာ သာ တည်ရှိနိုင်ပါသည် ။
ကျွန်တော် နှင့် ကောင်မလေးတို့ ကြားမှာ နှစ်ယောက်တည်း ကြားနိုင် သော ရယ်သံတိုးတိုးကလေးတွေ ရှိခဲ့ဖူးပါသည် ။
ကျွန်တော်နှင့် မိတ်ဆွေ ဆယ့်လေးငါးယောက် ( စောစောက ပြောခဲ့သ ည့် မရယ်မောတတ်သော မိတ်ဆွေ လည်း ပါသည် ။ ကောင်မလေး ကို လည်း ' မိတ်ဆွေ' စာရင်းထဲတွင် ထည့်ရပါလိမ့်မည် ) တို့သည် နှင်းမှုန် တွေ ပျပျဆိုင်းသော အဝေးတောင်တန်းကြီးတွေ ဆီ ခရီးထွက်ခဲ့ကြဖူး ပါသည် ။
မြောက်ပြန်လေ ထဲတွင် အပြာရောင်အိပ်မက်တွေ ဝေ့ဝဲ လွင့်ပျံ လာ၏ ။ နူးညံ့အေးစက်သည့် ရနံ့တစ်ခုဖြင့် တိမ်မျှင်ခိုး ငွေ့ငွေ့ တွေ မှုန် မှိုင်းရီဝေနေကြသည် ။ ဆောင်းဥတုသည် တောင်တန်းတွေနှင့် ပါးချင်း ကပ်မှီနေလေသည် ။
တောင်တက်လမ်းတလျှောက်မှာ ကျွန်တော်နှင့် သူမ နှစ်ယောက် တည်း စကားတွေ တတွတ်တွတ် ပြောဖြစ်ကြသည် ။ မောလျှင် ကျောက် တုံးကြီးတွေပေါ်မှာ နှစ်ယောက်သား အတူ ထိုင်ကာ နားကြသည် ။ အတက်ရခက်သော လမ်းကျဉ်းများ ၊ မတ်စောက်သော အချိုးအကွေ့များ ရောက်လျှင် သူ့ကို ကျွန်တော် လက်တွဲဖေးမှီခေါ်ငင်ခဲ့ရပါသည် ။ တောင်ထိပ်သို့ရောက်သောအခါ ကျွန်တော်တို့ နှစ်ယောက်၏ ရယ်သံ များသည် သစ်ရွက်စိမ်းစိမ်းကလေးများ နောက်တွင် ပုန်းခိုလျက် ကျန်ရစ်ခဲ့ကြပြီဖြစ်၏ ။
သူက တောင်ထိပ်ကမူအစွန်းတွင် ရပ်လျက် မိုးကုတ်စက်ဝိုင်းဆီ လှမ်းမျှော်ကြည့်လိုက်ရင်း ..
“ အရုဏ်တက် နေထွက်လာတာကို ဒီနေရာ က နေပြီး စောင့်ကြည့်ခွင့် ရရင် ကောင်းမှာပဲ ၊ သိပ်လှတဲ့ ရှုခင်း ဖြစ်မှာပဲလို့ ကျွန်မ စိတ်ထဲက ထင် နေတယ် ”
အံ့ဩစရာ ကောင်းလောက်အောင်ပင် သူ နှင့် ကျွန်တော် အတွေးချင်း တူနေလေသည် ။ ကျွန်တော် က ...
“ ဟုတ်တယ် ၊ မနက်ဖြန်မနက် အရုဏ်တက်တဲ့အချိန် ကိုယ်တို့နှစ် ယောက် ဒီနေရာက စောင့်ပြီး နေထွက်လာတာ ကို ကြည့်ရရင် ကောင်း မယ်ကွ ”
သူက ကျွန်တော့် ကို တစ်ချက် လှမ်းကြည့်သည် ။ နောက် ရေအိုင် မျက်နှာပြင်ပေါ် လရောင်ကျကာ လက်နေသည့် အလင်းကွက်ကလေး တစ်ကွက်လို ပြုံးလိုက်၏ ။ ပြီးတော့ သူ ခေါင်းညိတ် ပြပါသည် ။
ooooooooooo
တည်းခိုခန်းသို့ သူများတွေ ထက် နောက်ကျပြီးမှ ကျွန်တော်တို့ ရောက်သွားကြသည် ။ ကျွန်တော့် မိတ်ဆွေများ က ယောက်ျားလေးများ အတွက် အခန်းတစ်ခန်း နှင့် မိန်းကလေး များအတွက် အခန်းတို့ ကို ကပ်လျက် ရအောင် ငှားထားနိုင်သောကြောင့် အဆင်ပြေသွား၏ ။
ကျွန်တော်က သည်ဘက်အခန်းနံရံ နှင့် ကပ်လျက် လက်ယာဘက် အစွန်ဆုံးနေရာကို ယူလိုက်ပါသည် ။ ကောင်မလေး က တစ်ဖက်မှာ နံရံ နှင့် ကပ်လျက် လက်ဝဲဘက်အစွန်ဆုံး နေရာကို ယူထားသောကြောင့် ဖြစ်၏ ။ ကျွန်တော်တို့ နှစ်ယောက် ကြားတွင် သစ်သားနံရံပါးပါးကလေး တစ်ချပ်သာ ခြားနေသည့် အကြောင်း တွေးမိပြီး ညဉ့်နက်သည်အထိ အိပ်မပျော် ။ အလွန်ကြောင်စီစီနိုင်လှသော စိတ်ကယောင် ချောက်ချား ဖြစ်မှုတစ်ခုမှန်း နောက်မှ ကိုယ့်ဘာသာကိုယ်တွေးပြီး ရှက်သလိုလို အောက်မေ့မိ၏ ။
' ယောက်ျားတစ်ယောက် ၏ အလွမ်း ' ဆိုသည်မှာ ရေခိုးရေငွေ့များနှင့် တူပါသည် ။ အပူကြောင့် လွင့်ပျံ့ပြန့်ကျဲနေခိုက်တွင် ပေါ့ပေါ့းလွန်းလှသည့်တိုင် အအေးဖြင့် ငွေ့ရည် ဖွဲ့ကာ မိုးရွာချလိုက်သည့် အခါ ပင်လယ် တစ်ခု ဖြစ်သွားတတ်ပါသည် ။
ပြတင်းပေါက် အပြင်အ၀တွင် တောင်ပေါ်ဆောင်းည သည် အေးစက်တိတ်ဆိတ်နေ၏ ။
ooooooooo
( ၄ )
ကျွန်တော် ဖျတ်ခနဲလန့်နိုးလာသောအခါ နံနက်လေး နာရီ ထိုးရန် ဆယ့်ငါးမိနစ်ခန့်သာ လိုတော့သည် ။ တစ်ဖက်ခန်းမှ ကောင်မလေး နိုး အောင် နံရံကို လက်ဖြင့် တဒေါက်ဒေါက် ခေါက်ရင်း ကျွန်တော် အိပ်ရာ ထဲမှ လူးလဲထလိုက်သည် ။
နံရံ၏ အခြား တစ်ဖက်မှ ကောင်မလေး၏ လူးလွန့်သံ ၊ ညည်းညူ သမ်းဝေသံတို့ကို ခပ်တိုးတိုးကြားရသည် ။ တော်တော် အပျင်းကြီးတဲ့ ကောင်မလေး ဟု ကျွန်တော် တွေးမိသေး၏ ။ ကျွန်တော် ကမန်းကတန်း မျက်နှာသစ်ပြီး အဝတ်အစား လဲသည် ။ အခန်းတံခါး ကို ဖွင့်ထွက်မည်ပြု ပြီးမှ အပြင်မှာ အတော်အေးနေမှာပဲဟု တွေးမိကာ ပြန်ဝင်ပြီး ကုတ်အင်္ကျီ တစ်ထည် ထပ်ဝတ်သည် ။ အခန်း ထဲမှာ ကျွန်တော့် သူငယ်ချင်းများ က အိပ်မောကျနေဆဲ ။
တည်းခိုခန်းစင်္ကြံ ရှည်မျောမျော တလျှောက် ကျွန်တော် ဖြည်းဖြည်း ပင် လျှောက်လာခဲ့သည် ။ ကျွန်တော့် နောက်မှ ခြေသံဖွဖွ တိုးတိုးကလေး တစ်စုံ ကပ်ပါလာသည်ကိုကြားရ၏ ။
လာပါ ...ကောင်မလေးရေ ။
အရုဏ်ကို ကြိုဆိုဖို့ တို့နှစ်ယောက် အတူတူ သွားကြရအောင် ။
oooooooooo
တောင်ကမူလေး ပေါ်တွင် လေက တဝှီးဝှီး တိုက်နေသည် ။ ပတ်ဝန်းကျင်တစ်ခုလုံး မှောင်မိုက်နေဆဲပင်ရှိသေး၏ ။ အနက်ရောင် တောက်ပသော ဆောင်းဥတုအရုဏ်ဦးထဲမှာ ကျွန်တော်နှင့်သူ တိတ်ဆိတ်စွာ ထိုင်နေဖြစ်ကြလေသည် ။ ရင်ထဲမှာ နှင်းစက်တွေ ဥနေ၏ ။
“ သိပ်ချမ်းနေလား ”
ကျွန်တော် က မေးလိုက်သည် ။ ကောင်မလေးက ခေါင်းညိတ်ပြ၏ ။
ကျွန်တော်ယူလာသော ကုတ်အင်္ကျီကို ချွတ်ပြီး သူ့ကို ခြုံပေးလိုက် သည် ။ တည်ငြိမ်သောရေပြင်ပေါ် လက်သွားသည့် လရောင်အလင်း ကွက်ကို တစ်ကြိမ် ထပ်၍မြင်ရပြန်လေသည် ။
နောက်တော့ သူက ဆောင်းဝတ်ရည်များဖြင့် သိပ်သည်းနေသည့် ကောင်းကင်ကြီးကို မော့ကြည့်ရင်း အိုင်းစတိုင်း ၏ စကြဝဠာသီဝရီ နှင့် ဟိုက်ဇင်းဘတ် ၏ မရေရာခြင်းနိယာမ အကြောင်း ပြောပြသည် ။
ဘဝ ဆိုသည်မှာ တကယ်ပင် မရေရာမှု တစ်ခုဖြစ်၏ ။ အဲသည် နေ့က မြူတွေ ထူထပ်အုံ့ဆိုင်းနေခြင်းကြောင့် မနက် ခြောက်နာရီ ထိုးသည် အထိ နေထွက်လာသည်ကို မမြင်ရပါ ။
ကျွန်တော်တို့ နှစ်ယောက် ကိုယ့်ကိုယ်ကို ရယ်မောမိကြရင်း တောင်ကုန်းကလေးပေါ်မှ ပြန်ဆင်းလာခဲ့ကြသည် ။ မျှော်လင့်ချက် ဆိုသည်မှာ တစ်ခါတရံ ဟာသတစ်ခု ဖြစ်သွား တတ်ပါသည် ။
ooooooooo
အဲသည်နေ့ ညနေထမင်းဝိုင်းတွင် ကျွန်တော့် မိတ်ဆွေ မရယ်မော တတ်သော ငတိ က မေးသည် ။
“ မနက်က မင်း စောစောစီးစီး ဘယ်ပျောက်သွားတာလဲ ၊ နိုးလာလို့ ကြည့်လိုက်တော့ မင်းမရှိတော့ဘူး ”
ကျွန်တော် က ...
“ မနက်က နေထွက်တာကို သွားကြည့်တာကွ ”
ကျွန်တော့် စကားကို ကြားရသောအခါ မိတ်ဆွေ ဖြစ်သူက ပျာပျာသလဲ ဖြစ်သွားပြီး...
“ ဘာဖြစ်လို့ သွားကြည့်ရတာလဲဟင် ၊ ဒီနေ့ နေ က ဘယ်ဘက်က ထွက်မှာမို့လို့လဲ ”
ကျွန်တော် အသက်ရှူကျပ်သွားသည် အထိ ရယ်မောပစ်လိုက်မိသည် ။ ကောင်မလေး ကို လှမ်း ကြည့်လိုက်သောအခါ သူ လည်း ကျိတ်၍ ရယ်နေသည်ကို မြင်ရ၏ ။ ကျွန်တော့် မိတ်ဆွေကတော့ နားမ လည်နိုင်စွာ ကြောင်တောင်တောင် ငေးကြည့်နေဆဲရှိသေး၏ ။ ထို့ကြောင့် ကျွန်တော် က ...
“ ထုံးစံ အတိုင်းပေါ့ကွာ ၊ အရှေ့ဘက် ကပဲ ထွက်တာပေါ့ ”
“ ဒါနဲ့များ သွားကြည့်နေရသေးတယ် ”
မိတ်ဆွေဖြစ်သူက ကျွန်တော့် ကို အလကားသက်သက် အလုပ်ပိုတွေ အပင်ပန်းခံ လျှောက်လုပ်နေတဲ့ကောင် ဟု မြည်တွန်ရေရွတ်၏ ။
ကျွန်တော် ဘာမှ ပြန်မပြောဘဲ ရယ်၍သာ နေလိုက်ပါသည် ။
ooooooooo
( ၅ )
နောက်ဆုံး အနေဖြင့် ...
ဘာသာပြန်စာအုပ်တစ်အုပ်ထဲတွင် ကျွန်တော် ဖတ်ခဲ့ရဖူးသော “ နောက်ဆုံးဟာသ ” ဟု ခေါင်းစဉ်ပေးထားသည့် ရယ်စရာ အဖြစ်အပျက် တစ်ခုအကြောင်း ပြန်ပြောပြချင်ပါသည် ။
ဟိုတယ်တစ်ခု အတွင်းသို့ လူသုံးယောက် ဝင်လာကြသည် ။ ဧည့်ခန်း ထဲအရောက်တွင် သူတို့ ၏ ကုတ်အင်္ကျီကြီးများ ကို ချွတ်ပြီး ချိတ်တွင် ချိတ်ထားလိုက်ကြ၏ ။ သူတို့၏ အခန်း က အထပ် ( ၂၀ ) မှာ ဖြစ်သည် ။ ဟိုတယ်ဧည့်ကြို စာရေးက ဓာတ်လှေကား ပျက်နေသောကြောင့် ရိုးရိုး လှေကား မှပင် တက်သွားကြပါ ဟု တောင်းပန်သည် ။
ခြေလျင် တက်ရမည် ဖြစ်သည့်အတွက် အမောအပန်း ပြေစေရန် အထပ်တစ်ထပ်ရောက်တိုင်း တစ်ယောက် တစ်လှည့်စီ ဟာသ တစ်ခုပြီး တစ်ခု ပြောသွားကြရန် ဆုံးဖြတ်လိုက်ကြ၏ ။ ထိုသို့ဖြင့် တစ်ထပ်တက် လိုက် မောပြီး ခဏနားလိုက် ၊ ရယ်စရာပြောကာ ရယ်လိုက်ဖြင့် တဖြည်းဖြည်း အထပ် ( ၂ဝ ) သို့ ရောက်လာသည် ။
သည်တစ်ခါ ဟာသ ပြောရန် အလှည့်ကျသူ က ..
“ ကဲ ... မင်းတို့ကို ငါ နောက် ဆုံးဟာသ ပြောပြ မယ် ”
ကျန် နှစ်ယောက်က မောဟိုက်စွာဖြင့် ထိုသူ ကို ကြည့်လိုက်၏ ။ သူက ...
“ ငါတို့ အခန်းဖွင့်ဖို့ သော့ကို ချွတ်ထားပစ်ခဲ့တဲ့ ကုတ်အင်္ကျီ ထဲမှာ မေ့ကျန်ရစ်ခဲ့တယ် ”
ooooooooooo
ကျွန်တော်သည် မိန်းမ တစ်ယောက်ကို “ ချစ်တယ် ” ဟု ဖွင့်ပြောပြဖို့ ရန်အတွက် သတ္တိနည်းပါးလွန်းသူ တစ်ဦး ဖြစ်သည့်အကြောင်း သင်တို့ ကို စောစောကတည်းက ဝန်ခံဖြစ်ခဲ့ဖို့ ကောင်းပါသည် ။
လွန်ခဲ့သည့် တစ်နှစ်ကပင် ကျွန်တော့် ကောင်မလေး အိမ်ထောင်ပြု သွားခဲ့ပြီဖြစ်ပါသည် ။ သူ နှင့် ( မတော်တဆ ) ခင်ပွန်း ဖြစ်ခွင့်ရလိုက်သူ မှာ လည်း ကျွန်တော့် မိတ်ဆွေ တစ်ဦးပင် ဖြစ်၏ ။
သင့် အထင် မှန်ပါသည် ။ ထိုသူ မှာ ကျွန်တော် စောစောက ပြောလာခဲ့ ပြီးသော ' မရယ်မောတတ်သည့် မိတ်ဆွေ ' ဖြစ်ပါသည် ။ ကျွန်တော် က ကိုးနှစ်နီးပါး အဝေးတစ်နေရာ သို့ ရောက်နေခဲ့သောကြောင့် သူတို့ နှစ်ယောက် မည်သို့ ဖြစ်သွားခဲ့သည်ကို မသိပါ ။ ( ဘဝ ဆိုသည်မှာ ယုတ္တိဗေဒ နယ်အတွင်း မှ မျှော်လင့်မထားသော ဟာသ တစ်ခု ဖြစ်ပုံရပါသည် )
မည်သို့ပင် ဆိုစေကာမူ သည်လို အခြေအနေမျိုးတွင် ကျွန်တော့် အနေ ဖြင့် ... မင်းတို့ အိမ်ထောင်ရေး အဆင်ပြေလား ဟု သာ မေးရန်ရှိပါ တော့သည် ။
မိတ်ဆွေ ဖြစ်သူ က ..
“ အဆင်ပြေပါတယ်ကွာ .. ဒါပေမယ့် ငါ့ မိန်းမက တစ်ချက် တစ်ချက် ခပ်ကြောင်ကြောင်ရယ် ၊ တစ်ခါတလေ မနက် မိုးမလင်းသေးခင် မှောင်မိုက်ကြီး ထဲ ထပြီး ခြံထဲ ဆင်း ထိုင်နေတတ်တယ် ၊ ကုတ်အင်္ကျီ အဟောင်းကြီး ဝတ်ပြီးတော့ ။ သူ မို့လို့ မချမ်းမစီးကွာ ။ ပြောတော့ အရုဏ်တက်တာ ကို စောင့်ကြည့်ချင်လို့တဲ့ ။ ကဲ ... လုပ်ပုံက ဘယ်လောက် ကြောင်သလဲ ”
ကျွန်တော် ကောင်မလေး ကို မတွေ့တော့ဖို့ ဆုံးဖြတ်လိုက်သည် ။ ပြန်ဖို့ အချိန်တော်ပြီ ဟု ကိုယ့်ကိုယ် ကို သတိပေးရင်း ထိုင်နေရာ မှ ထရပ် လိုက်၏ ။
ကျွန်တော့်မိတ်ဆွေ က ...
“ မိန်းမတွေ က နားလည်ရခက်တယ်ကွ ၊ အင်းလေ .. များသောအားဖြင့် မိန်းမတွေက ခပ်ညံ့ညံ့တွေပါကွာ ”
မိန်းမများ သည် သူ ထင်သလောက် မညံ့ကြသည့် အကြောင်း ရှင်းပြဖို့ စိတ်ကူးမိသည့်တိုင် ကျွန်တော့် မှာ စကားသံ ထွက်လာနိုင်လောက် အောင် အင်အား မရှိတော့ပါ ။
ကျွန်တော် လှည့်ပြန်လာခဲ့သည် ။
နေရစ်ခဲ့တော့ ... ကောင်မလေး ရေ ... ။
ယောက်ျား တစ်ယောက်ရဲ့ တည်ငြိမ်အေးစက်တဲ့ အလွမ်းတွေ ငါ့ ရင် ထဲ မှာ မိုး လို သည်းသည်းမည်းမည်း ရွာ နေတယ် ။ ဟောဒီ သံမဏိမျက်ဝန်းတွေ ထဲ မှာ ပင်လယ် ... ။
ooooooooo
အဆိုးရွားဆုံး ဟာသမှာ တံခါးဖွင့်ဖို့ သော့တံ ကို လွန်ခဲ့သည့် ဆယ်နှစ် ကုတ်အင်္ကျီအဟောင်း တစ်ထည် ထဲတွင် ကျွန်တော်တို့ နှစ်ဦးစလုံး က
မေ့လျော့ထားရစ်ခဲ့ကြခြင်း ဖြစ်ပါသည် ။
( ၁၉၉၇ )
မင်းခိုက်စိုးစန်
ဝတ္ထုတိုပေါင်းချုပ်
No comments:
Post a Comment