ဖားမင်းသားကလေး
( ပုံပြင် )
တစ်ခါတုန်းက ဘုရင်ကြီး တစ်ပါး ရှိ သတဲ့ ။ အဲဒီ ဘုရင်ကြီး မှာ သမီးတော် တွေ ရှိတော် မူ သတဲ့ ။ ဒါပေမယ့် သမီးတော်ကြီး တွေ ဟာ သူတို့ နဲ့ ထိုက်တန်တဲ့ မင်းညီမင်းသားတွေ နဲ့ လက် ထပ်ထိမ်းမြား သွားကြလေတော့ ဘုရင်ကြီး ဟာ သမီးတော် အထွေးဆုံး နဲ့ ပဲ အတူတူ နေတော်မူ ရှာ သတဲ့ ။ ဒီ သမီးတော် အထွေးလေး ဟာ အခြား သမီးတော်တွေ ထက် ရုပ်လက္ခဏာ ပြေပြစ် တင့်တယ်လေတော့ ဘုရင်ကြီး က သူ့ ကို သမီးတော်ကြီး တွေ ထက် ပိုပြီး ချစ်ခင်မြတ်နိုးတော် မူရှာ သတဲ့ ။ အဲဒီလို ချစ်မြတ်နိုးတော်မူလွန်း လို့ သမီးတော်ကလေး ကို ထူးထူးဆန်းဆန်း ၊ လှလှပပ ကစားစရာမြောက်များစွာ ကို ဝယ်ပေးထားတော်မူ သတဲ့ ။
ဒါပေမယ့် သမီးတော်ကလေး ကတော့ အဲဒီ ကစားစရာတွေ ထဲ က ရွှေဘောလုံးကလေး ကို သဘော အကျဆုံးပဲတဲ့ ။ ဒါကြောင့် သမီးတော်ကလေး ဟာ အဲဒီ ရွှေဘောလုံးကလေး နဲ့ မင်္ဂလာဥယျာဉ်တော် ထဲ သွားသွားပြီး ကစားလေ့ရှိ သတဲ့ ။ တစ်နေ့ တော့ သမီးတော်ကလေး ဟာ ရွှေဘောလုံးကလေး ကို လိုက်ဖမ်းတာ မမီလိုက်တော့ ဘဲ မင်္ဂလာဥယျာဉ်တော် ထဲက မင်္ဂလာရေကန်တော်ထဲ လိမ့်ကျသွား သတဲ့ ။ ရွှေဘောလုံးကလေး က လည်း မင်္ဂလာရေကန်တော် ထဲ လိမ့်ကျသွားတာ ဟာ ကမ်းစပ်နား မှာ မရပ်ဘဲ ရေကန်တော် အလယ် ထိ အောင် ရောက်သွား သတဲ့ ။ မင်းသမီးကလေး ဟာ သူ့ ရွှေဘောလုံးကလေး ရေကန်တော် ထဲ လိမ့်ကျ သွားတာ မြင်လိုက်ပေမယ့် ရွှေဘောလုံးကလေး ဟာ ရေကန်တော် အလယ် ရောက်သွားပြီး အပေါ် က ကြာပွင့်ကြာရွက် တွေ က ဖုံးနေလေတော့ ဘာမျှ မမြင်ရတော့ဘူးတဲ့ ။ ဒါနဲ့ မင်းသမီးကလေး ဟာ ရေကန်ဘောင် ပေါ် မှာ ထိုင်ပြီး ငိုနေ သတဲ့ ။
အဲဒီလို မင်းသမီးကလေး က ထိုင် ငို နေတုန်း သူ့ နောက် က နေပြီး “ အို ... မင်းသမီး ကလေး ၊ ဘာကြောင့် ငိုနေရသလဲ ၊ သင် မင်းသမီးကလေး ရဲ့ မျက်ရည်တွေ ဟာ လူသားတို့ ရဲ့ နှလုံးသား ကို မပြောထား နဲ့ အလွန် မာကျောလှတဲ့ ကျောက်တွေ ကို တောင် အရည် ပျော်စေပါ တယ် ။ ကျွန်ုပ် ကူညီပါရစေ ၊ အဘယ် အရေး အဘယ် ကိစ္စ ဆိုတာ သိပါရစေ ” လို့ ပြောလိုက်တဲ့ အသံ ကြား ရလို့ မင်းသမီးကလေး က နောက်ကို လှည့် ကြည့် လိုက်ရာမှာ ရေတွေ ရွဲရွဲစို နေတဲ့ ဝဝစိမ်းစိမ်း ဖားကြီး တစ်ကောင် ကို တွေ့ရ သတဲ့ ။ မင်းသမီးကလေး ကလည်း အဲဒီ ဖားကြီး ကို မြင် တော့ အံ့အားသင့်ပြီး “ အို ... ဖားကြီး ၊ ကျွန်ုပ် ရဲ့ ရွှေဘောလုံးကလေး ဟာ ရေကန်အလယ်ရောက် သွားလို့ပါ ” လို့ ပြန် ပြောကာ ထပ် ငိုနေပြန် သတဲ့ ။
အဲဒီ အခါကျတော့ ဖားကြီး က “ အို ... မင်းသမီးကလေး ၊ မစိုးရိမ်နဲ့ ၊ ကျွန်ုပ် အသင့် ရဲ့ ဘောလုံး ကို ပြန် ရအောင် ယူပေးပါ့မယ် ၊ အသင့် ရဲ့ဘောလုံး ပြန် ရရင် ကျွန်ုပ် ကို ဘာပေးမလဲ ” လို့ မေး သတဲ့ ။
မင်းသမီးကလေး က “ ကျွန်ုပ် မှာ ရှိတဲ့ ကျောက်မျက်ရတနာတွေ ၊ ကျွန်ုပ် ဆောင်းတဲ့ မကိုဋ်ရယ် ၊ ကျွန်ုပ် မှာ ရှိတဲ့ အသပြာ အားလုံး ကို သင့်အား ပေးမှာပေါ့ ”
ဖားကြီး “ ကျွန်ုပ် သင့် ရဲ့ပစ္စည်းဥစ္စာ ၊ ရတနာ ရွှေငွေတွေ ကို တစ်ခုမျှ မလိုချင်ဘူး ၊ ကျွန်ုပ် ဟာ သင့် ရဲ့မိတ်ဆွေ ဖြစ်ပြီး သင် နဲ့ အတူ စားချင်တယ် ၊ ကစားချင်တယ် ၊ သင် နဲ့ အတူတူ အမြဲ နေပြီး အိပ်တာ တောင်မှ သင် နဲ့ အတူတူ အိပ်ချင်တယ် ”
“ အို ... ဖားကြီး ၊ သင် လိုချင်တာ အကုန် ရစေ့မယ် ၊ ကျွန်ုပ် ရဲ့ ရွှေဘောလုံးကလေး ကို သာ ရေကန်တော် ထဲ က ပြန် ရအောင် လုပ်ပေးပါလို့ ” မင်းသမီးကလေး က ပြန်ပြော သတဲ့ ။ မင်းသမီးကလေး က ဒီလို ပြောလိုက်တာ ဟာ တခြားကြောင့် မဟုတ်ဘူး ။ “ ဒီ ဖားကြီး ဟာ သူ နဲ့ အတူ နေချင် ၊ အတူ စားချင်တယ် လို့သာ ပြောနေတယ် ၊ အမှန်ကတော့ ဖား ဆိုတာ ရေ ထဲမှာ သာ နေနိုင်တာ ။ သူ ဟာ တခြား ဖားတွေ နဲ့ ရေ ထဲ မှာသာ ပျော်နေချင် မှာပါ ” လို့ သူ့ ဘာသာ သူ စဉ်းစားမိလို့ပဲ ။
ဖားကြီး က လည်း မင်းသမီးကလေး ရဲ့ ကတိစကား ကို ကြားရတော့ တစ်ခါတည်း ရေကန် ထဲ ခုန်ချပြီး ရွှေဘောလုံးကလေး ကို သူ့ ပါးစပ် နဲ့ ကိုက်ပြီး ပြန် ထွက်လာ သတဲ့ ။ မင်းသမီး ဟာ ရွှေဘောလုံးကလေး ကို မြင်လိုက်တာ နဲ့ တစ်ပြိုင်နက် ဖားကြီး ပါးစပ် ထဲ က ယူပြီး နန်းတော် ဆီ အတင်း ပြေးတာပဲတဲ့ ။ ဖားကြီး က နောက်က နေပြီး “ အသင် မင်းသမီးကလေး ၊ စောင့်ပါဦး ၊ ကျွန်ုပ် သင့် ကို မီအောင် မလိုက်နိုင်ဘူး ” လို့ အော်ပြောတာတောင် လှည့် မကြည့်တော့ဘူးတဲ့ ။ ဖားကြီး ဟာ ဒါနဲ့ ဝမ်းနည်းပက်လက် နဲ့ ရေကန် ဆီ ကို ပြန် သွားရှာ သတဲ့ ။
ညကျတော့ ဘုရင်ကြီး ရော ၊ မိဖုရားကြီး ရော ၊ သမီးတော်ကလေး ပါ ညစာ စားနေကြ တုန်း တစ်စုံတစ်ယောက် ဟာ ထမင်းစားခန်း ဆီ လာတဲ့ အသံ နဲ့ တံခါး ကို ခေါက်သံ ကြား သတဲ့ ။ ပြီးတော့ တံခါး အပြင် က နေပြီး “ အို ... ဘုရင်သမီးတော်ကလေး ၊ တံခါး ကို ဖွင့်ပေးပါလော့ ” လို့ ပြောသံ ကို လည်း ကြားရ သတဲ့ ။ ဒါနဲ့ သမီးတော်ကလေး ဟာ တံခါး ကို သွားဖွင့် လိုက်တော့ မနက် က သူ့ ရွှေဘောလုံးကလေး ကို ရေကန်တော် ထဲ က ဆယ်ပေးတဲ့ ဖားကြီး ကို မြင်တော့ တစ်ခါတည်း ထိတ်လန့်ပြီး တံခါး ကို ပြန် ပိတ်လိုက်သတဲ့ ။ ဘုရင်ကြီး က သမီးတော် ထိတ်ထိတ်ပျာပျာ ဖြစ်နေတာ ကို မြင်လို့ မေးကြည့်တဲ့ အခါမှာ သမီးတော် က အဲဒီနေ့ နံနက်ခင်း က ဖားကြီး နဲ့ သူ နဲ့ တွေ့ရပုံ ၊ ဖားကြီး ကို သူ ကတိ ထားခဲ့ပုံ ၊ ဖားကြီး က သူ့ ရွှေဘောလုံးကလေး ကို ရေကန်တော် ထဲက ဆယ်ပေးပုံတွေ ကို အကုန် ပြန် ပြော သတဲ့ ။
အဲဒီတော့ ဘုရင်မင်းမြတ် က သမီးတော် ကို သူ က ဖားကြီး ကို ပေးခဲ့တဲ့ ကတိ အတိုင်း တံခါး ကို ဖွင့်ပေးခိုင်းတော်မူ သတဲ့ ။ အဲဒီနောက် ဖားကြီး က မင်းသမီးကလေး နဲ့ အတူ ထမင်း စားချင်တယ် ဆိုပြီး မင်းသမီးကလေး ပန်းကန် ထဲ က နှိုက်စားပြန် သတဲ့ ။ မင်းသမီးကလေး က သူ့ ခမည်းတော် ဘုရင်မင်းမြတ်ကြီး က သူ ကတိ ထားခဲ့တဲ့ အတိုင်း ထမင်း ကျွေးရမယ် ဆိုလို့ သာ ကြည့်နေရတယ် ။ ဒီ ဖားကြီး စားတာကို နည်းနည်းကလေး မှ သဘော မကျဘူးတဲ့ ။ ဒါကြောင့် ထမင်း တောင် ဆက် မစားတော့ဘူးတဲ့ ။ ဖားကြီး ကတော့ မင်းသမီးကလေး ရဲ့ ပန်းကန် ထဲ က ထမင်း တွေ ကို စား ပြီးတော့ တယ်ကောင်းတဲ့ ထမင်းပါကလား လို့ မင်းသမီးကလေး ကို ပြောပြ သတဲ့ ။ အဲဒီနောက် ည အိပ်ရာ ဝင် ပြန်တော့ လည်း သူ့ ခမည်းတော် ဘုရင်ကြီး ကို ကြောက်လို့ ဖားကြီး ကို သူ့ ရဲ့အိပ်ခန်း ထဲ ခေါ်သွားရ သတဲ့ ။ အိပ်ခန်း ထဲ ရောက်ပြန်တော့ လည်း ဖားကြီး က မင်းသမီးကလေး ရဲ့ သလွန်တော် ပေါ်မှာ အိပ်ချင်တယ် လို့ ဆိုပြန် သတဲ့ ။ ဒါနဲ့ မင်းသမီးကလေး က သူ့ ကို စိတ်ဆိုးပြီးတော့ သူ့ ရဲ့ သလွန်တော် ခြေရင်းဘက် ဆီ ကို ပစ်တင်လိုက် သတဲ့ ။
ဒါပေမယ့် ဖားကြီး ကတော့ မင်းသမီးကလေး က ဘယ်လိုပဲ စိတ်ဆိုးလို့ နေနေ သူ့ ရဲ့ အိပ်ရာ ပေါ် မှာ နှစ်နှစ်ခြိုက်ခြိုက်ကြီး အိပ်လိုက် သတဲ့ ။ ဒါနဲ့ မနက် မိုးလင်းတော့ မင်းသမီးကလေး က ဖားကြီး ကို အိပ်ရာ ပေါ် က ကောက်ပြီးတော့ ဖား ဆိုတာ လူတွေ နေတဲ့ နေရာမှာ နေရတာ ထက် မြေကြီး ပေါ်မှာ နေရတာ ကို ပိုပြီး ကောင်းတယ် ဆိုပြီး သူ့ အခန်း တံခါးပေါက် ကို ဖွင့်ပြီး မြေကြီး ပေါ် ကို ပစ်ချလိုက် သတဲ့ ။ ဖားကြီး ဟာ အဲဒီလို ပစ်ချလိုက် လို့ မြေကြီး နဲ့ ခြေထောက် နဲ့ ထိ လိုက်ရင်ပဲ တစ်ခါတည်း အလွန် လှပချောမွေ့တဲ့ မင်းသားကလေး ဖြစ်သွား သတဲ့ ။ အဲဒီလို မင်းသားကလေး လည်း ဖြစ်သွားရော ၊ မင်းသမီးကလေး ကို ကျေးဇူးတင်လွန်း လို့ လှမ်းပြီး ခေါ် သတဲ့ ။ မင်းသမီးကလေး က လည်း အံ့အားသင့်ပြီး မင်းသားကလေး ဆီ ကို ပြေးဆင်းသွား သတဲ့ ။ အဲဒီတော့မှ မင်းသမီးကလေး က မင်းသားကလေး ကို သူ ထားခဲ့တဲ့ ကတိတွေ ပျက်ကွက်ခဲ့တဲ့ အတွက် အပြစ် မတင်ဖို့ရာ တောင်းပန် သတဲ့ ။ မင်းသားကလေး က အပြစ် မတင်တဲ့ အပြင် မင်းသမီးကလေး ကြောင့် လူ ပြန် ဖြစ်ရတာ ကို ကျေးဇူး တင်ကြောင်း ပြောပြသတဲ့ ။ နောက်ပြီး သူ ဟာ ယခင် က လူသား စင်စစ် မင်းသားကလေး တစ်ပါး ဖြစ်တဲ့ အကြောင်း ၊ သူ့ ကို ယုတ်မာ ညစ်ညမ်းလှတဲ့ စုန်းမကြီး တစ်ယောက် က ယခု လို ဖား ဖြစ်အောင် လုပ်ထားခဲ့တဲ့ အကြောင်း ၊ သူဟာ မင်းသမီးကလေး တစ်ပါးပါး နဲ့ မင်္ဂလာရေကန်တော် မှာ တွေ့တဲ့ အခါမှ ဖားဘဝ က နေပြီး မင်းသား ကလေး ဘဝ ပြန်ရောက်မယ့် အကြောင်းတွေ ကို ပြောပြ သတဲ့ ။
ဒါနဲ့ မင်းသမီးကလေး က မင်းသားကလေး ကို သူ့ ခမည်းတော် ဘုရင်မင်းမြတ်ကြီး ဆီ သို့ ခေါ်သွား သတဲ့ ။ ဘုရင်မင်းမြတ်ကြီး က လည်း မင်းသားကလေး ကို မြင်တဲ့ အခါ အလွန် ချစ်ခင် ကြင်နာတော် မူပြီး နန်းတော် ထဲ မှာပဲ သမီးတော် နဲ့ အတူ ထားပြီး သားတော် အဖြစ် နဲ့ ယုယပြုစု တော်မူ သတဲ့ ။ အဲဒီနောက် မင်းသားကလေး နဲ့ မင်းသမီးကလေး တို့ အချိန်တန် အရွယ်ရောက် လာတဲ့ အခါကျတော့ ဘုရင်မင်းမြတ် က သူတို့ နှစ်ဦး ကို လက်ထပ်ထိမ်းမြား ပေးတော်မူပြီး နောက်ဆုံး သူ အသက်အရွယ် အိုမင်း ကြီးရင့်လာတဲ့ အခါ အဲဒီ မင်းသားကလေး နဲ့ မင်းသမီးကလေး တို့ ကို ပဲ ထီးနန်းစည်းစိမ် ပေးအပ်တော်မူလိုက် သတဲ့ ။
◾ဦးလေးကိုကိုကြီး
📖 ရှုမဝ မဂ္ဂဇင်း
၁၉၆၂ ၊ ဒီဇင်ဘာ
No comments:
Post a Comment