Tuesday, November 12, 2024

မှုန်နံ့သာ ပြယ်တစ်ပိုင်းနှင့်


 

မှုန်နံ့သာ ပြယ်တစ်ပိုင်းနှင့်
       ( မင်းကျော် )

ဤနေရာ သည် ဝါနု အဖို့ လောကသစ် ၊ ထို့ထက် အတိအကျ ဆိုရလျှင် ဤနေရာသည် ဝါနု အဖို့ လောကစိမ်း ။ ခြေချရ မှာ က အစ ဝါနု မဝံ့ရဲ ။ မလွှဲသာ၍ သာ ဤ နေရာမှာ သွားလာ နေသည် ။ အမြင်အာရုံ ကိုမျှ ရဲရဲ မဝင့်ရဲ ။ အများကြားမှာ ရောက်နေရပြီ ဖြစ်လျက် အား က လည်း ငယ်ပါဘိ ။ အထီးတည်း ဖြစ်နေရသည် လို့ပဲ ထင်နေသည် ။

သည်တော့ ခွဲခွာ လာခဲ့ရသော အဖေ နှင့် အမေ့ ကို သတိရသည် ။ မောင်လေး ညီမလေး တွေ ကို လွမ်းသည် ။

တကယ်တော့ အဖေ က သာ “ ဘာဖြစ်ဖြစ် သမီး ကို တက္ကသိုလ်ကျောင်း သို့ မရောက် ရောက်အောင် ပို့မည် ” ဟု တဖွဖွ ပြောခဲ့သည် ။ ဝါနု စိတ် ကတော့ တက္ကသိုလ်သို့ ရောက်လိမ့်မည်လည်း မထင်ခဲ့ ။ တက္ကသိုလ် မှာ ပညာသင်ရ ကောင်းစေ ဟုလည်း မအောက်မေ့ခဲ့ရိုး ၊ မစွဲလမ်းခဲ့ရိုး အမှန် ။ သို့ပေမဲ့ အဖေ့ စိတ် အစွဲ ကိုတော့ ဝါနု ကောင်းကောင်း နားလည်သည် ။ အဖေ သည် တော မှာ မွေးသော တောသား ၊ ယာသမား ၊ ချောင်းသမား စင်စစ် ။ သို့ပေမဲ့ အဖေ့ ၌ ခေတ်ပညာ အစွဲကြီးသည် ။ ကြည့် ၊ ဝါနု ရွာကျောင်း မှာ လေးတန်းအောင်သည် ဆိုရုံနှင့် သားတွေ သမီးတွေ ပညာရေး အတွက် ဆိုကာ ရွာ ကို စွန့်သည် ။ ယာ ကို ပစ်သည် ။ မြို့ မှာ ဖြစ်သလို လုပ်ကိုင် ရှာဖွေမည် အကြံ နှင့် မြို့ သို့ ပြောင်းခဲ့သည် ။

“ ကြိုးစား သမီး ၊ မင်းတို့ ခေတ် က ခေတ်ကောင်းကွယ့် ။ အဖေ တို့ ခေတ် မှာက ပညာ ဆိုတာ သင်ချင်ဦး ။ အခုလို မသင်နိုင်ဘူး ။ သမီး တို့ ခေတ် မှာ က တက္ကသိုလ်ပညာ သင်ဖို့ ဆိုတာ သိပ်ခက်လှတာ မဟုတ်ဘူး ။ သမီး သာကြိုးစား ။ အဖေတို့ ခါးစည်းပြီး ခြိုးခြံမယ် ။ သမီး ဆယ်တန်း အောင်ရင် သမီး အမေက ဟောဒီမှာ နေပြီး ဈေးကလေး နာကလေး ရောင်းမယ် ။ အဖေ က ရွာ ပြန်ပြီး ယာလုပ်မယ် ။ ဒီကြားထဲ သမီး ကံကောင်းလို့ ပညာသင်ဆုကလေး ဘာကလေး ရမယ် ဆို ဘာဖြစ်လို့ သမီး တက္ကသိုလ် မရောက်ရ မှာလဲ ”

“ နေပါ့စေ အဖေ ။ အဖေ တို့ လည်း အသက် ကြီးလှပြီပဲဟာ ။ မောင်လေးတွေ ညီမလေးတွေ လည်း ရှိသေးတယ် မဟုတ်လား ။ ဝါနု ကောလိပ် မသွားပါဘူး အဖေ ။ ဆယ်တန်း အောင်ရင် ဝါနု အလုပ် တစ်ခုခု ဝင်လုပ်မယ် ။ ဒါမှ အဖေတို့ လည်း သက်သာမယ် ။ မောင်လေး ညီမလေး တွေ လည်း ပညာသင်ရတာ ပိုပြီး အဆင်ပြေမယ် မဟုတ်လား ” ဟူသော စကားမျိုး ကို ပင် တကယ့် အရိုးခံ ပြောခဲ့သည် ။

သို့သော် အဖေ သည် သဘောမတူ ။ ဆယ်တန်း အောင်သည် နှင့် တက္ကသိုလ် နေခွင့် အလျှောက် ခိုင်းသည် ။ ဓာတုဗေဒ အဓိက ဘာသာ သင်ယူခွင့် ရသည် ။

“ အေး ၊ ကောင်းတယ် ကောင်းတယ် ။ အဖေ အားလုံး စုံစမ်း ပြီးပြီ သမီး ။ ကျောင်း က ဆရာကြီး ကတော့ ဆရာဝန်သင်တန်း တက် ရရင် အကောင်းဆုံး ပဲတဲ့ ။ ဒါပေမဲ့ ခုဟာလည်း မဆိုးဘူးတဲ့ ။ ဘာလဲ ကွယ် ။ အင်း ၊ ဘီပီအိုင်မှာ အလုပ်ရနိုင်တယ် ။ ဒါဆိုလည်း ဆရာဝန် လို ပဲပေါ့ ။ တခြားလည်း အများကြီးပါပဲ ။ အဲဒါ သမီးဆရာကြီး ကို သွားတွေ့ပြီး မေးမြန်းစုံစမ်း ကြည့်ဦးပေါ့ ။ အဲ စတိုင်ပင် ဆိုလား အစိုးရ က ပေးတဲ့ ပညာသင်စရိတ် ၊ ပညာသင်ဆု ခေါ်တယ် ထင်ပါရဲ့ ။ အဲဒါ လျှောက်ဖို့လည်း ဆရာကြီး က ပြောတယ် ။ ဘာဖြစ်ဖြစ် သမီး တက္ကသိုလ် ရောက်ရတော့မယ် ”

အဖေ ဝမ်းသာနေသည် မှာ ဆိုဖွယ်ရာ မရှိ ။

အမေက တက္ကသိုလ် ပညာရေး နှင့် ပတ်သက်၍ ဘာမျှ နားလည်သည် မဟုတ် ။ ဝါနု တက္ကသိုလ် နေခွင့် ရ၍ ဝမ်းသာဖို့ ထက် “ တက္ကသိုလ်ကျောင်း ဆိုတာ ပိုက်ဆံ ရှိတဲ့ လူတွေ အနေများတာ ဆိုတော့ အမေ့ သမီးလေး ညှိုးငယ် နေမှာပဲ အမေ စိုးရိမ်တယ် ။ နောက်ပြီး တက္ကသိုလ်မှာ က ဒွတ်ဒက်ရွှတ်ရှက်တွေ လည်း အားကြီး သင်ရ ဆို မဟုတ်လား ။ အဲဒီမှာ အမေ့ သမီး ဒွတ်ဒက်ရွတ်ရှက် တွေ သင် ပြီး အင်္ဂလိပ်မကြီး ဖြစ်သွားမှာ လည်း အမေ စိုးရိမ်တာပဲ ” စိုးရိမ်ဖို့ပဲ အမေ သိသည် ။

အမေ က တော့ တကယ့် သမားရိုးကျ ။ သူ့ ရှေ့မှာ ခေတ်ကြီး အဟုန် နှင့် ပြောင်းနေသည်ကိုပင် တယ်ပြီး အမှတ်ထားပုံ မပေါ် ။ ကြည့် လေ ။ ကျောင်းသွားရမည် ဆိုသော အခါ မြို့နယ် ကုန်သွယ်ရေး က ပစ္စည်း အသင့်အတင့် ထုတ်ပေးသည် ။ အင်္ကျီစကလေး အစ  ၊ လုံချည်ကလေး အစ ၊ ခြင်ထောင်စ အစ ။ သည်ထဲ မှာ ကံအားလျော်စွာ နိုင်ငံခြား ဖြစ် မျက်နှာချေ တစ်ဘူး နှင့် နှုတ်ခမ်းဆိုးဆေး တစ်ဘူး လည်း ထုတ်ခွင့် ရသည် ။

“ ဒီဥစ္စာတော့ ထုတ် မနေပါနဲ့တော့ သမီး ရယ် ။ သူတို့ မျက်နှာချေ က ပွဲနေပွဲထိုင် လောက်ပဲ ကောင်းတာ မဟုတ်လား ။ ဒါတောင် တကယ်ကျ အကောင်းလှချည်း မဟုတ်ဘူး ။ ပိုက်ဆံ လည်း ကုန်သေး တယ် ။ အမေ လေ သမီး ကျောင်း လိုက်ရမယ် ဆို ကတည်းက သနပ်ခါးတုံးတွေ စု ထားတယ် ။ ကောင်း က ကောင်းနဲ့ ။ ရှင်မတောင် ချည်းပဲ အတုံး နှစ်ဆယ် လောက် ။ မင်းလှ ဘက် က ဆိုတာတော့ အများကြီးပဲ ” ဆိုကာ သနပ်ခါးတရား ဟောပါလေတော့သည် ။

ထိုစဉ်က အမေ ပြော နေတာ ကို နားထောင်ရင်း ဝါနု ကျိတ်ကျိတ်ကလေး ပြုံးခဲ့မိသေးသည် ။ အမေတို့ ရိုးတာပုံက သည်အထိ ဟူသော သဘောနှင့် ။

ခု အဖေ နှင့် အမေ့ ကို သတိရတိုင်း ထိုစဉ်က အမေ ပြောပုံ ၊ ပူပန်ပုံ ၊ စိုးရိမ်ပုံ ၊ နောက်ဆုံး သူ့ သနပ်ခါး ကို ဘယ်လို လိမ်း ၊ ဘယ်လို ခြယ်ကအစ အမှာပါးလိုက်သည်များ ကိုပါ ပြန်ပြောင်းသတိရ ရပြီ ဆိုတော့ ဝါနု ရင်ထဲမှာ မချိ ။ သည်က တစ်ဆက်တည်း ညီမကလေး နှစ်ယောက် နှင့် မောင်ကလေး နှစ်ယောက် ကိုပါ လွမ်းဆွတ်ရပြီ ဆိုသော အခါ အခန်းဖော် မမြင်ရလေအောင်ပင် ဝှက်၍ ငိုလိုက်ရသေးသည် ။

သည်တော့ သည် အားငယ်စိတ် ၊ တမ်းတစိတ် အမျှင်တန်းတန်း နှင့်သာ ပညာသင် ရလျှင်တော့ ဝါနု တက္ကသိုလ် မှ စောစော တပ်ပြန် ခေါက်ဖြစ် လိမ့်မည် လို့ပင် အထင် ရောက်ခဲ့သေး၏ ။

သို့ပေမယ့် တစ်လ နှစ်လ အနေ မှာပင် ဝါနု သည် တက္ကသိုလ် ၌ အထာ ကျလာသည် ။ ဒုတိယ နှစ်ဝက် ကျောင်း ပြန် အဖွင့် တက္ကသိုလ် နယ်မြေ မှာ ခြေချရပြီ ဆိုသောအခါ ယခင် ဆောင်းတုန်း က လို ခြေလှမ်း က မဝံ့မရဲ မနိုင်တော့ ။ လည်တံ က လည်း ညွတ်မနေတော့ ။ ဤလောက နှင့် ဝါနုသည် ကျွမ်းဝင်စပြုခဲ့လေပြီတကား ။ သည်တော့မှပင် ဝါနု သည် လည်ကို စွင့်၍ ခေါင်းကိုပင့်ကာ သူ့ လောက ကို သူ မျက်လုံး စုံဝင့် မိလေတော့သည် ။

ခမ်းနားသည် ။ ကြီးကျယ်သည် ။ ထွေပြားသည် ။ ဆန်းကျယ်သည် ဟူသမျှ သည်မှာ ချည်းပင် ။ စိတ်တက်ကြွဖွယ် ၊ အားကျဖွယ် ၊ မြတ်နိုးဖွယ် ၊ တပ်မက်ဖွယ် ဆိုလျှင်လည်း သည် လောကမှာ အလျှံအပယ် ။

ကြည့်စမ်းပါဦး ၊ စာသင်ခန်းမဆောင်ကြီးတွေ က အစ မောင် အလတ် ဖြစ်သူ ဒုတိယတန်းကျောင်းသားကလေး တက်ရောက်ပညာ သင်ယူ နေရသည့် စာသင်ခန်း နှင့် ဘာဆို ဘာမှ မဆိုင် ။ ဟိုမှာ က တဲစုတ် ။ အမိုး မလုံ ။ ဤလောက အခေါ် ရေချိုးခန်း ဟူသည့် အိမ်သာ က အစ ဘယ်လိုမျှ နှိုင်း၍ မရ ။ ဆက်စပ်၍ မရ ။ ကားတွေ ကားတွေ ဆိုသည် မှာ လည်း မနည်းပါကလား ။ ဝါနု တို့ မြို့မှာ ဆို ဤနေရာ ၌ မြင်နေကျ ကားမျိုး သုံးစင်းပြည့်အောင်ပင် မရှိ ။ အရောင် က လည်း စုံပါဘိ ။ ပုံသဏ္ဌာန် က လည်း အမျိုးမျိုး ။ ဟိုမှ သည်သို့ လာလိုက်ချေ ။ သည်မှ ဟိုသို့ ဖြတ် သွားချေနှင့် ။ ပျားပန်းခပ်သည် ဆိုသည်မှာ ဒါမျိုးပဲ ဖြစ်မည် ဟု ဝါနု တွေးမိသေးသည် ။

လူတွေ ကျတော့ကော ။ တကယ် အံ့စရာ ။ ဖြူဖြူ နီနီ ပြာပြာ ဝါဝါ စိမ်းစိမ်းရောင်စုံ ။ အထည်အဆင် အမျိုးမျိုး ၊ ဝတ်ပုံဆင်ပုံ ကလည်း အပြားပြား ။ ပထမတော့ ဝါနု တကယ်ပဲ အံ့ဩသည် ။ အမှန်ပဲ ။ ဝါနုတို့ မြို့ က ပြည်သူ့အထည်ဆိုင် မှာ သည်လို အထည်မျိုးတွေ ကို ဝါနု မမြင် ဖူးခဲ့ ။ သည်တော့ သည် အထည်မျိုးတွေ ကို ရန်ကုန်မြို့က ပြည်သူ့ဆိုင် တွေ မှာ သာ ရောင်းချသည် ဟု အထင် ရောက်ခဲ့သေးသည် ။ အခန်းဖော် အားပင် တိုးတိုးတိတ်တိတ် မေးမိသေး၏ ။

“ အမယ်လေး ဝါနုရယ် ၊ အ အ နိုင်ရန်ကော ။ ဟုတ်တယ် ၊ ဟုတ်တယ် ။ ဝါနုပြောတဲ့အစမျိုးက ရန်ကုန်ပြည်သူ့ဆိုင်တွေ မှာ ရှိတယ် ဆိုတာ အမှန်ပဲ ။ ဒါပေမဲ့ အဲဒီ ပြည်သူ့ဆိုင် က ကျ ဝါနု သိနေတဲ့ ဆိုင်မျိုး မဟုတ်ဘူးကွ ။ တစ်နေ့မှ  ကိုယ် လိုက်ပြမယ် ”

သို့ဖြင့် အခန်းဖော် က လိုက်ပြမှပင် ကြည့်မြင်တိုင် ညဈေး က မှောင်ခိုဆိုင်များ ကို ရောက်ခဲ့ရသည် ။

ဒါက ထားဦး ၊ သည်လို ခေါင်းမြီးခြုံ၍ တင်သွင်း လာသော အထည်အဆင် တို့ကို ချုပ်လုပ်ဝတ်ဆင်ပုံ အဖုံဖုံ ။ ပထမ တော့ ဝါနု သည် အမှန်ပင် မျက်စိမရဲ ။ ကိုယ်တိုင် ဗရာစီယာ ဝတ်ဖို့ ဆိုတာ ထား ။ သူတစ်ပါး ဝတ်တာ မြင်လျှင် ပင် ဝါနု သည် အလိုလို ရှက်သည် ။ ဗိုက်သား ခါးသား ဗလာ ဖြစ်နေသည် ကို မြင်ရလျှင် မျက်စိ က အလိုလို ရွံ့ကြောက်သည် ။

တစ်နေ့ကမူ အခန်းဖော်နှင့် အတူ ဗိုလ်ချုပ်ဈေး သို့ သွား၍ ဗရာစီယာ တစ်ထည် အပ်ခဲ့မိချေပြီ ။ သို့ပေမဲ့ နှစ်သာ ကုန်သွားသည် ဝါနု မဝတ်ဖြစ်ခဲ့ ။ စိတ် ထဲ က မလုံ ။

သည့်ထက် ဝါနု စိတ်လှုပ်ရှားစရာ ဖြစ်ရသည်ကား အဆင် အပြင် အထုံးအဖွဲ့နှင့် ဟန်ပန်မူရာ ။ ပျံနေသည် ဟူသော ခေတ်သုံး စကား ကို အများ ထံမှ ဝါနု ကြားရ၏ ။ နောက်တော့ ဝါနု လည်း သုံးတတ် လာသည် ။ အနက်သဘော ကိုကား ဝါနု နားမလည် ။ ယခုတော့ ဝါနု တွေး ကြည့်သည် ။ လတ်ဆတ်သော ၊ လှုပ်ခတ်နေသော ၊ နွယ်ရှင် နှယ် ရစ်မည်နှောင်မည် ထွေးပိုက်မည့်နှယ်သော ၊ ကလူကျီစယ်ဘိသို့ သော သွင်ပြင်ဟန်ပန်မူရာများ သည် တကယ်ပဲ ပျံတက်တော့မည့် ငှက်ငယ် လိုလို ။ သည်လို ဝတ်စားဆင်ယင်ကြပုံ ၊ ဟန်ပန်မူရာ လှုပ်ရှား ပုံတွေ ကို မြင်ရတော့ ပထမ တွင် ဝါနု စိတ် က သူ သည် စာသင်ဌာန တစ်ခုခု သို့ ရောက်လာနေခြင်း ဖြစ်သည် ဟူသော အချက် ကို သံသယ ဖြစ်မိ သေးသည် ။

ဝါနု ကိုယ်တိုင် အမှတ် မထင် ဖြစ်ချင် ဖြစ်မည် ။ ထို ပထမနှစ် စာမေးပွဲ ရက်များမှာ ဝါနု စိတ်မှာ အလိုမကျ ဖြစ်ရသည် ။ ပထမတော့ ဘာရယ်လို့ မသိ ။ နောက်မှပဲ မှန်ရှေ့ ရောက်တိုင်း မိမိ ကိုယ်ကို အလို မကျ နေမှန်း သိလာရသည် ။ ကြည့်စမ်းပါဦး ။ အသက် က ဖြင့် ဆယ့်ရှစ်နှစ် ပြည့်သည် ဆိုရုံခါမျှ ရှိသေးသည် ။ ပြီး တက္ကသိုလ်ကျောင်းသူ တဲ့ ။ ဝတ်ထားပုံက ဖိုးရိုးဖားရား ။ အင်္ကျီစ ကို က ခပ်ခေခေ ။ တက်ထရွန် ဆိုလို့ နှစ်ထည် ပဲ ရှိသည် ။ ဂျော်ဂျက်တို့ဇာနိုင်လွန်တို့များဆို ဝေးပါဘိ ခြင်း ။ ရှိသည့် တက်ထရွန် ကလည်း အဖြူသက်သက် ။ ချုပ်ထားပုံ ကို က ရင်ဖုံး ကလည်း အစပ် ၊ ခါး ကလည်း အစပ် ၊ ပွ ကလ ည်း ပွသေး ။ လုံချည် ကျတော့ကော သူများတွေ လို ခါးကလေး သေးကျင်ကျင် ၊ တင်ကလေး ပေါ်လွင်စေမည့် ချုပ်နည်း မဟုတ် ။ ဒါက အဝတ် ။ ပြင်ပုံဆင်ပုံ ကျတော့ ကော ။ ကျစ်ဆံမြီး ကျစ် ရင် ကျစ် ။ တစ်ပတ်လျှို ဆံထုံး ။ မျက်နှာ မှာ ကျ သနပ်ခါးဘဲကျား နှင့် တောမြို့ က အထက်တန်းကျောင်း မှာ တုန်း ကလည်း ဒီအတိုင်း ။ ဟန်ပန်မူရာ ကျတော့ ကော ။ တကယ့် ကုပ်ချောင်းချောင်း ။

သည်တော့မှပင် ဝါနု သည် သူ့ အဖြစ် ကို သူ အမှတ်မထင် သတိ ပြုမိသည် ။ တစ်ပါးသူတွေ အဖြစ် ကိုလည်း ပို၍ သတိထား ကြည့် လာသည် ။ ရောမကို ရောက်လျှင် ရောမ ကျင့် ကျင့်ရမည် ဆိုသော စကားပုံ ကိုလည်း သတိရလာသည် ။ မိမိ ကိုယ်တိုင် တက္ကသိုလ်ကျောင်းသူ ဖြစ်နေပါကလား ဟူသော အချက် ကို ပင် ယခုမှ ဆင်ခြင်မိသည် ။

ထိုနှစ် စာမေးပွဲ ဖြေ အပြီး အိမ်အပြန် မှာ ဝမ်းနည်း သလိုလို ဖြစ်မိသေး၏ ။ ဟုတ်ပါရဲ့ ။ ဘာပြောပြော စာမေးပွဲ အောင် မှာကတော့ သေချာသည် ။ အတန်း ထဲ မှာ သင်ယူရသော သင်ခန်းစာ အားလုံး ဝါနု ကျေညက် ပိုင်နိုင်ပြီး ဖြစ်သည် ။ သို့ပါလျက် ဝါနု သည် တက္ကသိုလ် တွင် စာသင်ခန်း ပြင်ပ က သင်ခန်းစာများ ကို မသင်ယူမိသည့် အတွက်ကား ဝါနု မသိမသာ ဝမ်းနည်းရသည် မှာ အမှန်ပင် ။

သို့ဖြင့် ဆုံးဖြတ်ခဲ့သည် မဟုတ်ပါဘဲလျက်နှင့် ဒုတိယနှစ် ကျောင်း ပြန်အရောက် မှာ ဝါနု သည် ကျောင်းခန်းပြင်ပ သင်ခန်းစာများ ကို တစ်စတစ်စ သင်ယူစ ပြုခဲ့လေတော့သည် ။ ဒုတိယနှစ် ၌ ဝါနု သည် ဤလောက နှင့် ကျွမ်းဝင်ရုံ မျှ မကတော့ပေ ။ ဤလောက ထဲ သို့ ပင် ဝင်ဆံ့လာခဲ့လေသည် ။

သည်တော့မှ လည်း ပထမ သစ်ပင်ရိပ်ခုံတန်းများ ကို သတိပြု မိသည် ။ ပြီးတော့ စာသင်ခန်း ထောင့်ကျကျ နေရာများ ။

သည်တော့မှလည်း ကျောင်း ရောက်စက သူ့ အဖြစ်အပျက် တစ်ခုကို သတိရကာ ပြုံးခဲ့ရသေးသည် ။

ဝါနု စာ သင်ရသော အဆောင် သည် သိပ္ပံမဟာဌာန ဘက် တွင် ရှိသည် ။ တက္ကသိုလ်နယ်မြေ ၏ အလှအပများ တွင် အရိပ်ကောင်း သစ်ပင်များ အောက်က ခုံတန်းကလေးများ ကိုပါ ဝါနု ထည့်သွင်းထားခဲ့ သည် ။ ကျောင်း ရောက်စ ကတည်း က ထို ထိုင်ခုံကလေးများ မှာ ဝါနု ထိုင်ကြည့်ချင်ခဲ့သည် ။ သူတို့ စာသင်ဆောင် အနီး အနား မှာ လည်း ဤလို ထိုင်ခုံကလေးများ ရှိသည် ။ သို့ပေမဲ့ သည်နယ်မြေ ၌ ခြေချဖို့ပင် မဝံ့ရဲသည့် အခြေအနေတွင် ဝါနု သည် ထိုင်ချင်လှသော ထိုင်ခုံကလေး တွေ မှာ မထိုင်ရဲခဲ့ ။ သို့ဖြင့် ဗဟိုစာကြည့်တိုက်ဘက် ရောက်ဖန်များ လာသောအခါ စာကြည့်တိုက် ဘေးက ကံ့ကော်ပင်အုပ်အုပ် ကို ဝါနု သဘောကျ လာသည် ။ အထူးသဖြင့် ထို ကံ့ကော်ပင်အုပ်အုပ် က ထိုင်ခုံ တန်းကလေးတွေ မှာ ခဏ ဖြစ်မတော့ ထိုင်ကြည့်ချင်သည် ။ ထိုင်ခုံတန်း ကလေးများ တွင် ထိုင်ချင်စိတ် သည် ပို၍ပင် ပြင်းထန်လာသည် ။ ထို့ကြောင့် ပါလာသူ ကို အဖော် ညှိသည် ။ သည်တော့ အတူ ပါလာသူ အဓိပ္ပာယ် တစ်ခုခု ပါသော အပြုံး နှင့်

“ အိုကွယ် ၊ ဘာလို့ ထိုင်ချင်ရတာလဲ ” ဆိုသော အပြုံး ကို ရော စကား ကို ပါ ဝါနု နားမလည်ခဲ့ ။

“ ဘာဖြစ်လို့လဲ မရင်မေ ။ ဒါ ကျောင်းသား ကျောင်းသူတွေ ထိုင်ဖို့ လုပ်ထားတာ မဟုတ်လားဟင် ”

ယောင်အအ မေးလိုက်မိ သေးသည် ။

“ ဒါဖြင့် ခဏ ဝင် ထိုင်တာပေါ့ ”

“ ဘာလုပ်ဖို့လဲကွယ် ”

“ ဝါနု ထိုင်ကြည့်ချင်လို့ပါ ”

“ ဘယ် ကောင်းမလဲကွယ် ဟိုမှာ ”

ဆိုတော့မှပင် ဝါနု သည် ထိုင်ခုံ ပေါ် က မောင် နှင့် မယ် ကို သတိ ထားမိသည် ။ မယ် က ခေါင်း ကို မောင့် ပခုံးမှာ မှေးတင်ထားသည် ။ ဝါနု ရဲရဲ မကြည့်ရဲ ။ သူ့ အဖော် မရင်မေ ကို တစ်ခုခု မေးမည် လို့ လည်း စိတ်ကူး ပေါက်သေးသည် ။ ထို စကား နှုတ်ထွက် မရဲ ။

“ နောက်မှ ဝါနု လည်း သူတို့ လို ထိုင်တာပေါ့ ”

မရင်မေ က ရယ်ရွှန်းပရွှန်း စကား ဆိုသည် ။ ဝါနု ရှက်လိုက်သည်မှာ မျက်နှာ ထား စရာပင် မရှိ ။

အဆောင် ရောက်တော့ မရင်မေ က ထို အဖြစ်ကို ပြက်လုံး လုပ် သည် ။ သည်တော့ ဝါနု ပို၍ ရှက်သည် ။ အပြုံး ကို က ရှက်ပြုံး ။

ဟုတ်ပါရဲ့ ။ ဝါနု ယခု ဒုတိယနှစ် ကျမှပင် သတိထား မိတော့ သည် ။ သစ်ပင်ရိပ် ထိုင်ခုံတန်းများ က မောင် နှင့် မယ် ။ စာသင်ခန်း အားလပ်ချိန် ထောင့်ထဲ က စုံတွဲ ။ စင်္ကြံထောင့် က နှစ်ပါးကြည် ။ အင်းလျားစောင်း က အနမ်းပွင့်များ ။ အထူးသဖြင့် ထို ဒုတိယနှစ် ပထမပိုင်း စာမေးပွဲ ကာလ ကျမှ ပင် ဝါနု ပို၍ သတိထားမိသည် ။ အဆောင် မှာ စာကြည့် မရသဖြင့် စာသင်ခန်းတွေ ဘက်ကို စာကြည့်ဖို့ လာခဲ့သည် ။ တိတ်ဆိတ်သော နေရာတိုင်း မှာ သူတို့ ရှိနှင့်ကြလေသည် ။

ကြည့်စမ်း ။ စာအုပ် ကို ရှေ့မှာ ချကာ မျက်နှာချင်းဆိုင် လျက် ပြုံးရယ်ကျီစယ်နေဟန်များ ။ ဘေးချင်းကပ် ထိုင်လျက် တချို့များ ခါး ကို ဖက်ကာ ပခုံး ကို ဖက်ကာ နှင့် တီးတိုး ပြောနေကြသည်များ ။ အို ဟိုဘက် ထောင့် မှောင်အကွယ် ၌ စာအုပ်တွေ ဘေးမှာ ထားကာ မျက်နှာချင်း အပ်ထားလိုက်ကြသည် မှာ စာအုပ် နှင့် ချစ်သူ့မျက်နှာ အလွဲလွဲ အမှားမှား ဖြစ်နေသည်လား ဆိုစရာပင် ။

သည်တော့ ဝါနု ရင်ဖို လာသည် ။ မကြည့်ဘူး ရှောင်၏ ။ မနေနိုင် ။ ကြည့်မိသည် ။ မြင်မိသည် ။ ရင်ထဲ က မောသည် ။ ဆာသည် လိုလို ဟာသည် လိုလို ။

ကြာတော့လည်း အမြင် မှာ ရိုးသည် ။ ဤ အဖြစ်မျိုး သည် ဤ လောက ၌ အဆန်းတော့ မဟုတ် ဟု နားလည်လာသည် ။

ကြည့်စမ်း ၊ ခုတော့ ကျောင်း ရောက်စက ထိုင်ချင်လှချည့်ရဲ့ ဖြစ်ခဲ့သော ကံ့ကော်ပင်ရိပ် မှာ ပင် ဝါနု လည်း ထိုင်ခဲ့မိပေပြီ ။ ထိုအဖြစ် သည် တတိယနှစ် မှာ စခဲ့သည် ။

တကယ့်တကယ် ပြောရ လျှင်တော့ ဒုတိယနှစ် နောက်ဆုံး စာမေးပွဲ မတိုင်မီကပင် စသည် ဆိုမှ ပို၍မှန်ပေမည် ။ သိပ္ပံ လက်တွေ့ခန်း မှာ သူ နှင့် စ၍ နီးနီးကပ်ကပ် ဆုံတွေ့ရခြင်း ဖြစ်သည် ။ သည် ကတည်း က ဝါနု ရင် က တယ်ပြီးမလုံချင် ။ ထို့ကြောင့် တစ်နေ့ စာသင်ခန်း က အပြန် သူ ထက်ကြပ်မကွာလိုက်လာပြီး

“ ဝါနု ကို ကိုယ် ချစ်တယ် ”

ဆိုလာသောအခါ ဝါနု တစ်ကိုယ် လုံး ကတုန်ကယင် ဖြစ်လာသည် ။ ခန္ဓာကိုယ် က သာ ကတုန်ကယင် ဖြစ်သည် ။ စိတ်အာရုံ က ဘာမျှ မရှိ ။ ဘာမျှ မသိ ။ ထူထူထိုင်းထိုင်းကြီး ဖြစ်နေ သလိုပင် ။ ဘာစကား မျှ မပြောတော့ ။

“ ဘာလဲ ဝါနု ။ ဝါနု ကိုယ့် ကို စိတ်ဆိုး သွားသလား ဟင် ”

ဝါနု ခြေလှမ်း မြန်လာသည် ။ သူ့ ခြေလှမ်း လည်း သွက်လာ သည် ။ သူ ဝါနု ကို မီအောင် အလိုက်နိုင်သားပဲ ။ ဝါနု ကိုယ်တိုင် က သူ မမီအောင် မပြေးနိုင်တော့သည် လား မဆိုနိုင် ။ ဒုတိယနှစ် ကျောင်းပိတ် ၍ ပြန်ရတော့မည် ဆိုသောအခါ သူ့ တဖွဖွ ပြောစကားကို

“ ဝါနု စဉ်းစားပါရစေဦးရှင် ”

ဟု စကား ပြန် ဖြစ်ခဲ့လေသည် ။ ထို့ကြောင့် သူ နှင့် ပတ်သက်သော အဖြစ်သည် သည် ကတည်း က စသည် ဟု ဆိုရခြင်းပင် ။

စဉ်းစားမည်သာ ဆိုခဲ့သည် ။ တကယ်တမ်းကျ ဘာကို စဉ်းစားရမည်ပင် မသိ ။ သို့ပေမဲ့ သည် တစ်မိုးနှောင်း ကျခါမှ ကျောင်း ပိတ်ရက် က ပို၍ပင် ရှည်လျား လေရော့သလား အောက်မေ့သည် ။ ထို့ကြောင့် ခါတိုင်းနှစ် ကလို ကျောင်းသို့ နောက်ကျ မပြန် ။ ကျောင်းဖွင့်ချိန် နှင့် အကိုက်ပြန်သည် ။ ပြီး သူ့ကို တွေ့ ရမည် မျှော်လင့်သည် ။ တကယ်တမ်း ကိုယ် က ရှာပါလျက် သူ့ကို မြင်ရပြီ ဆိုခါမှ မျက်နှာ လွှဲသည် ။

“ ဝါနု နေကောင်းတယ်နော် ”

ဆိုသော စကား ကို ကြားရတော့ ရင် ထဲ မှာ ကြည်နူးသည် ။

“ မတွေ့ရတာ ကြာလို့လား မသိဘူး ။ ဝါနု ပို လှလာ သလိုပဲ ”

ဆိုသော စကားသည် ချိုသာသည် ။ သို့ပေမဲ့ မျက်နှာ ကို တော့ ယောင်ယောင်ယမ်းယမ်း ဝှက်လိုက်မိသေး၏ ။

သို့ဖြင့် သူ က ပင်

“ ကိုယ်တို့ စကား ပြောရအောင် ”

ဆိုသောအခါ ဝါနု နှုတ်တုံ့ မပြန် ။ မလှုပ်စိတ်တူ ဆိုတာ ဒါမျိုးပဲ ထင်ရဲ့လိုတော့ မသိစိတ် က အမှတ်လိုက်သား ။

ကြည့်လေ ၊ သူ နှင့် အတူ ကံ့ကော်ပင်ရိပ် က ခုံတန်း မှာ ပထမ အကြိမ် ဝင်ထိုင်မိသည် ။ မလုံလဲ သည် လို့ လည်း ခံစား ရသည် ။ ကြည်နူးသည် လို့လည်း ခံစားရသည် ။ ဘာရယ် မကွဲပြား ။ ထူးခြားသည် တော့ အမှန်ပင် ။

ထိုည က အဆောင် မှာ မရင်မေ တို့ လူသိုက် လှောင်ပြောင်သည်ကို ခံလိုက်ရသေး၏ ။ သို့ပေမဲ့ ဟန်ရှက်ကလေး ပဲ ရှက်ရသည် ။ သူ့ ကို ပင်

“ ဝါနု မမုန်းတတ်ပါဘူး ”

ဟူသော စကားစ၍ ပြန်ခဲ့ပြီပဲ ။

“ ဒါဖြင့် ဝါနု ကိုယ့် ကို ချစ်တယ်ပေါ့ ” ဆိုလာတော့

“ အို ၊ ဒါတော့ ဘယ်သိပါ့မလဲ ” ဟူသော စကား ကို ရှက် တစ်ဝက် ပြုံးတစ်ဝက် ဆိုခဲ့သေး၏ ။

ကြည့်စမ်း ။ အဖေတို့ အမေတို့ ညီမလေး မောင်လေးတို့ ကို မလွမ်းဆွတ်ဖြစ်သည်မှာပင် ကြာခဲ့ပါပကော ။ ဒါကိုပင် ဝါနု သတိမရ ချင်တော့ ။

သည်လိုနှင့် ညနေ တိုင်လျှင် အဆောင် သို့ မောင် ရောက်လာမည် ကိုသာ ဝါနု မျှော်ရသည် ။ မောင် လာလျှင် မောင် နှင့်အ တူ လမ်းလျှောက် ထွက်သည် ။ ပြောစရာ စကားတွေ မကုန်နိုင် ။

တတိယနှစ် ကျောင်းအပိတ် အိမ် အပြန် ကျတော့ ဝါနု အလွမ်း ကို ပိုက်၍ လာခဲ့သည် ။ ဝါနု လွမ်းလှည့်ပြောင်းချေပြီ ။ ဟိုစဉ် မိသားစု နှင့် ခွဲရစဉ် ကတော့ ဝါနု အဖေအမေ နှင့် ညီမ မောင်ငယ် တို့ ကို လွမ်းခဲ့ ရ၏ ။ ယခုမူ ဝါနု မောင့် ကို လွမ်းရချေပြီ ။

စတုတ္ထနှစ် သည် ဝါနု အဖို့ တက္ကသိုလ် သင်ခန်းစာများ တွင် နောက်ဆုံးနှစ် ဖြစ်သည် ။ သည်တော့ ဝါနု အဖို့ ရှေ့ခရီး ကို စဉ်းစား ရမည် ။

“ သမီး ရန်ကုန် မှာ အလုပ် အဆင်ပြေရင်လည်း ပြေပေါ့ကွယ် ။ အဖေတို့ သဘော ကတော့ သမီး ကို အဖေတို့ ရှိတဲ့ နေရာမှာပဲ အလုပ် ရ စေချင်တယ် ။ အဖေတို့ ရန်ကုန် လိုက် နေဖို့ ဆိုတာကျ သိပ်မလွယ်ဘူး မဟုတ်လား ။ အဲဒီတော့ ဒီ မြို့မှာပဲ အလုပ် ရနိုင် ၊ မရနိုင် စုံစမ်းကြည့်ပေါ့ ။ အဖေ စုံစမ်းကြည့် တာကတော့ သမီးတို့ လိုလူမျိုးတွေ မြေကျေးရှင်း လို ဌာနမျိုးမှာ ဝင် လုပ်ရင်လည်း ရတယ်လို့ ပြောတယ် ။ နောက်ဆုံး ကုန်သွယ်ရေး တို့ ဘာ တို့ မှာပေါ့ကွယ် ။ ဒါမှ မဟုတ်လည်း ကျောင်းဆရာမ ပေါ့ ။ အေး ဒါက အဖေတို့ သဘော ပြောတာသမီး ။ သမီး ပညာ က ရန်ကုန် မှာ အဆင်ပြေမယ် ။ သမီး အဖို့ တက်လမ်း ရှိတယ် ဆိုရင် တော့လည်း ဘယ် တတ်နိုင်မလဲ ။ အေးလေ ဘာပဲဖြစ်ဖြစ် အဖေတို့ က သာ ကိုယ့်မိ ကိုယ့်ဖ နဲ့ ဥမကွဲ သိုက်မပျက် ရှိစေချင်တာကိုး ။ သို့ပေမဲ့ ပျော်ရာမှာ မနေရ တော်ရာမှာ နေရ ဆိုတာ ကလည်း ရှိသေး မဟုတ်လား ။ သမီး အလုပ် ရဖို့ ကသာ အဓိကပါလေ ”

ဆိုသော စကား ကို အဖေ ပြောခဲ့သေးသည် ။

သို့ပေမဲ့ ထို ကိစ္စကို ဝါနု ရှေ့တန်းထား၍ စဉ်းစားခဲ့မိ၏ ။ စဉ်းစားစရာ မလိုဟု မှတ်ယူထားသည်လား ကား မဆိုနိုင်ခဲ့ ။ အရေးမကြီး ဟု ထင်တာမျိုး လည်း ဖြစ်နိုင်သည် ။

မှန်သည် ၊ တကယ်တမ်း ကျ ဝါနု သည် ဘာကို စဉ်းစားရမည် ပဲ ဖြစ်ဖြစ် မောင် နှင့် ဆက်စပ်၍သာ စဉ်းစားရမည် ဟု အလိုလို သိနားလည် ထားသလို ဖြစ်ရပေပြီ ။ သည်တော့ ပထမဆုံး က မောင့် ပြဿနာ ။ ပြီး အဖေ့ စကား ကို မစဉ်းစားဘူး ဟု သာ ဆိုရသည် ။ ရန်ကုန် မှာ အလုပ် ရရေး ကိုတော့ ဝါနု စဉ်းစားရသည် ။ ဒါကလည်း မောင့် စကား ကို အကြောင်းပြု၍ ။

“ ဘာပြောပြော မောင် တော့ ဝါနု ရန်ကုန် မှာ ပဲ နေစေ့ချင် တယ် ။ မောင် နဲ့မဝေးအောင်လို့ပေါ့ ။ မောင် တို့ ကျောင်း က ထွက်ပြီးပြီး ချင်း လက်ထပ်ဖို့ ဆိုတာကျတော့ မလွယ်သေးဘူး မဟုတ်လား ။ နောက် ပြီး ခုနေအခါ အလုပ် တစ်ခု ဆိုတာ ဘာပြောပြော မလွယ်ဘူး မဟုတ် လား ။ မောင့် လို လူမျိုးကျ ကိုယ် စိတ်တိုင်းကျ ရဖို့ ပိုခက်တယ် ။ ဒီတော့ မောင် ဒီလို စိတ်ကူးတယ် ။ မောင် ကျောင်း က ပြီးရင် အိမ် ကို ခဏပြန်မယ် ။ ပြီးရင် ရန်ကုန် ပြန်လာမယ် ။ အလုပ် အဆင်ပြေ ရင်လည်း ဝင်လုပ်တာ ပေါ့ ။ မပြေလည်း ကိစ္စ မရှိပါဘူး ။ မောင် နိုင်ငံခြား သွားမှာပဲဟာ ။ မောင် ပညာတော်သင် လျှောက်မယ်လေ ။ အဲဒီတုန်း ဝါနု က အလုပ် တစ်ခု ဝင်လုပ် ။ မောင် ပြန်လာတော့ ဝါနု နဲ့ လက်ထပ်မယ် ။ မကောင်းဘူးလား ”

မဆိုးလှပါ ။ မောင့် အစီအစဉ် ကို ဝါနု ကန့်ကွက်စရာ မမြင် ။ မှန်သည် ။ မောင် နိုင်ငံခြား ပညာတော်သင် သွားမည့် အကြံ ကို ဝါနု သိပြီး ဖြစ်သည် ။ ဝါနု လည်း သဘော တူသည် ။ သည်တော့ မောင် နိုင်ငံခြား မသွားမီ နောက်ဆုံး အချိန်အထိ ဝါနု မောင် နှင့် အတူ နေချင် သည် ။ တကယ်တော့ လည်း ဖြစ်နိုင်လျှင် ဝါနု သည် မောင် နှင့် အမြဲ တမ်း အတူ နေချင်သည် ။ အထူးသဖြင့် ဤ တက္ကသိုလ် ဝန်းကျင်မှာ ။

အမှန်ပင် ဝါနု ကိုယ်တိုင် က လည်း ဤလောက နှင့် မခွာချင် ကံ့ကော်ပင်ရိပ်များ သည် လည်းကောင်း ၊ အင်းလျားရေပြင် သည် လည်းကောင်း စင်စစ်အားဖြင့် အလုံးစုံသော ဤလောက ၏ ရှိရှိ သမျှသည် ချစ်မြတ်နိုးဖွယ် ၊ ကြည်နူးဖွယ် ၊ တက်ကြွဖွယ် ၊ အားကျဖွယ် ချည်း ပင် မဟုတ်လား ဟူသော အမေး ကို ဝါနု အတွေး၌ မကြာမကြာ မေးမိသည် ။ ထို့ကြောင့် လည်း နှစ်အကုန် စာမေးပွဲ နီးသော အခါ ရန်ကုန် မှာ ပင် အလုပ် အဆင်ပြေမည် ဖြစ်ကြောင်း အဖေ့ ထံ သို့ စာ ရေးခဲ့လေသည် ။

ကြည့်စမ်း ။ သည် တစ်ခါ ကိုယ့်မိ ကိုယ့်ဘ ထံ သို့ ပြန်ရမည်ဆို သောအခါ စိတ် မှာ နောက်ဆံ က လည်း တင်းသေးသည် ။ မကျေမနပ် ကလည်း ဖြစ်သေးသည် ။ အမှန်ပင် အိမ် ကျမှ မကျေနပ် စရာ ချည်းပင် ။ ပတ်ဝန်းကျင် အနေအထား က အစ အိမ် မှာ နေရထိုင်ရပုံ ဆိုတာ ထားဦး ။ အဖေ သည် စည်းစနစ်သမား ။ တက္ကသိုလ်ကျောင်းသူ ဟူ၍ မျက်နှာသာ မပေး ။ အိမ်ပြန် ရောက်သည် နှင့် မီးဖို ဝင် ခိုင်းသည် ။ အဝတ်မျိုးစုံ အလျှော် ခိုင်းသည် ။ သည်ထဲ ရွာ ကို ခေါ်ပြီး ယာထဲ ဖြစ်ဖြစ်တော့ ထမင်း ပို့ ခိုင်းလိုက်သေးသည် ။ သည်ကိစ္စမျိုး နှင့် ပတ်သက်၍ ဝါနု ယမန်နှစ် က စပြီး နှုတ်ခမ်း စူခဲ့ရသေးသည် ။ သည်ကိစ္စ မှာ အမေ က ကျ အလိုက် သိသည် ။

“ ကျုပ် သမီး ကောလိပ်ကျောင်းသူ ကို နေရာတကာ မခိုင်းချင် စမ်းပါနဲ့တော် ” ဟူသော စကားဖြင့် သမီး ဘက်က ကာကွယ်သည် ။ သည်တော့ အဖေ နှင့်အမေ စကား များရသည် ။

မည်သို့ဖြစ်စေ ၊ သည် အရွယ် လည်း ရောက်လာခါ သည်မျှ ပညာလည်း သင်ပြီးခါမှ ဘာမျှ အရာမရောက်သည့် အောက်ခြေသိမ်း အလုပ်မျိုး က အစ လုပ်နေရသည်မျိုး ကို ကား ဝါနု မကျေနပ် ။

ထို့ကြောင့်ပင် အိမ်ပြန် ရောက်၍မျှ တစ်လ မကြာ

“ ကျောင်းမှာ သရုပ်ပြဆရာ ပြန် လျှောက်ဖို့ စီစဉ် ထားခဲ့တယ် ။ အဲဒါ ခုရက် မှာ ခေါ်မယ်အဖေ ။ အဲဒီတော့ သမီး အလုပ်ကိစ္စ အတွက် ရန်ကုန် ပြန်ဦးမှ ” ဆိုသည် ကို အဖေ အလွယ် နှင့် သဘော မတူ ။ နောက်ဆုံး မတတ်သာ၍သာ လွှတ်ရသည် ။ အမေ က သူ ကိုယ်တိုင် လိုက်ပို့မြဲ ဖြစ်၍ လိုက်ပို့သည် ။ ရန်ကုန် ရှိ အမေ့ မိတ်ဆွေ တစ်ယောက်နှင့် ပတ်သက်သော အသိ တစ်ယောက် အိမ် မှာ တည်းခိုသည် ။ ဝါနု အလုပ် လျှောက်သည် ။ မောင် နှင့် လည်း တွေ့သည် ။

“ အမေ ပြန်ချင် ပြန်လေ ။ ဝါနု အင်တာဗျူး ထိုင်ရဦးမယ် ။ အင်တာဗျူး က ရှေ့လထဲ ကျမှ တဲ့ ။ အင်တာဗျူး ပြီး မှ ဝါနု ပြန်ခဲ့မယ် ” ဆိုကာ မောင် နှင့် အတူ နေရအောင် ၊ အဖေ့ အရိပ် က လွတ်အောင် ကြံလိုက် ဖန်လိုက် သေး၏ ။

သို့ပေမဲ့ အလုပ်ကိစ္စ ပြီးလျှင် ပင် အဖေ့ ထံ သို့ ပြန်ရလေသည် ။ မည်သို့ဖြစ်စေ ၊ မကြာမီ အလုပ်ခန့်စာ ရလျှင် မောင် နှင့် ပြန် တွေ့ ရမည် ဟု မျှော်လင့်သည် ။ သို့သော် ဝါနု အလုပ်ခန့်စာ မရ ၊ ရန်ကုန် သို့ လည်း မပြန်ရ ။ မောင့် ဆီ မှ စာ ကို ကား တစ်လ တစ်ခါ ဖတ်ရမြဲ ။

နွေဦးပေါက် မှာ အလုပ် ပေါ်ပြန်သည် ။ သည်တစ်ခါ တော့ နယ် က ပင် နေ၍ လျှောက်ရသည် ။ အင်တာဗျူး ခေါ်မှပင် ရန်ကုန် သို့ လာရသည် ။ သို့သော် ဤ တစ်ကြိမ် ၌ မောင့် ကို မတွေ့ ရတော့ပေ ။ အမှန်ဆို မောင် အလုပ် မရသေးသည် ကို ဝါနု သိသည် ။ သည် အလုပ် မှာ လည်း မောင် သည် ဝါနု နှင့်အတူ အင်တာဗျူး ထိုင်မည် ကို အတပ်သိ၏ ။ ထို့ကြောင့် မောင် နှင့် တွေ့ ရမည်ဟု အားခဲ ထားပြီး ဖြစ်သည် ။ သို့ပါ လျက် မောင့် ကို မတွေ့ ရ ။ ဝါနု စိတ် မှာ က မခံချိ ။ အင်တာဗျူး ဝင်ခဲ့ရ ပေမဲ့ စိတ် မဖြောင့် ။ ပြီး အင်တာဗျူး မှာ ကလည်း ကိုယ့် ထက် အရည် အချင်း သာ သူ က များသည် ။ လျှောက်ထားသူ ခြောက်ဆယ်ကျော် အတွက် အလုပ် က နှစ်နေရာ ။ ထို့ကြောင့် စိတ်လျှော့ ၍ ပြန်ခဲ့ရသည် ။

ယခု တစ်ခေါက် အိမ် ကို ရောက်ပြီ ဆိုသောအခါ မောင့် စာ ကို အသင့် တွေ့ရ သဖြင့် အနည်းငယ်တော့ အမောပြေ သလို ဖြစ်ရသေး၏ ။ ထို့ကြောင့် အဝတ် ကို မျှ မလဲဖြစ်သေး ။ မောင့် စာကို အဦးအလျင် ဖတ် ရသည် ။ ဖတ်ရင်း ဖတ်ရင်း ရင်ထဲ က ပူလာသည် ။ ပါးပြင် မှာ ပူနွေး လာ သည် ။ မောင့် စာလုံးတွေ က မှုန်ဝါး လာသည် ။ မောင် လက်ထပ်ရတော့မည် ဆိုသော အကြောင်း ၊ ဝါနု မယုံချင် ။

သည်တုန်း မှာ အဖေ့ ခေါ်သံ ကို ကြားရသည် ။ မျက်ရည်စ ကို ကပျာကယာ သိမ်းရသည် ။ အဖေ့ ရှေ့ သို့ လာရသည် ။

“ သမီး အလုပ် က အဆင် ပြေမှာလား သမီး ။ သမီး ရန်ကုန် ခဏခဏ သွား နေတာလည်း စင်စစ်မတော့ အဖေ မကြိုက်ဘူး ။ သမီး ကို အဖေ ပြောချင်နေတာ ကြာပြီ သမီး ။ ဒါပေမဲ့ သမီး စိတ်မကောင်းမှာ စိုးလို့ မပြောခဲ့ဘူး ။ ဒီ လေးငါးနှစ်အ တွင်း သမီး အဝတ်အစား အမူအရာ က အစ အချိုး ပြောင်းလဲ ပုံကို အဖေ အားမရဘူး ။ သမီး ကို အဖေ တက္ကသိုလ်ကျောင်း ပို့တဲ့ ရည်ရွယ်ချက် ဟာ အထ မမြောက်ဘူးလား လို့ အဖေ ထင်လာတယ် ”

ဝါနု ခေါင်း ကို ငုံ့ထားသည် ။ အဖေ့ စကား ကို မကြား တစ်ချက် ကြား တစ်ချက် ။ အဖေ့ မှာ ကျတော့လည်း ပြောစရာ စကားတွေ ရင် နှင့် အပြည့် ရှိဟန်တူသည် ။ အတော် နှင့် မဆုံးနိုင် ။ အဖေ့ စကားကြောင့် လား ။ မောင့် စာကြောင့်လား ။ မကွဲပြားသော အကြောင်းကြောင့် ဝါနု မျက်ရည် ကျရပြန်သည် ။

“ တော်ပါတော့ ကိုအုံးဟန် ရယ် ၊ ရှင့်စ ကားကလည်း ဘာမှန်း မသိဘူး ”

အမေ က ဝင် ပြော သေးသည် ။

“ မတော်နိုင်ဘူး လှရင် ၊ မတော်နိုင်ဘူး ။ ဒင်းတို့ တက္ကသိုလ်ကျောင်းက  သင်ပေးတဲ့ ပညာ ဟာ ဒင်းတို့ တိုင်းပြည် အတွက် အလုပ် လုပ်ဖို့ သင်ပေးတာ မဟုတ်လား ။ ခု ကြည့်စမ်း ၊ မင့် သမီး ကို မင်း ကြည့် စမ်း ။ အေး ၊ မင်းကတော့ မင်းသမီး လှလာတာ ကိုပဲ ကျေနပ်နေ ။ မင့် သမီး လှလာပုံ လှလာနည်း ကို ရော မင်း သတိထား မိရဲ့လား ။ ကြည့်စမ်း ၊ ဝတ်ပုံ ၊ စားပုံ ၊ နေပုံ ၊ ထိုင်ပုံ က အစ တူသေးသလား ။ ပြောစမ်း လှရင် ၊ ဒင်း ပညာတွေ ဘယ်လောက် တတ်လာတယ် ဆိုတာသာ မသိ ရင် ရှိရမယ် ။ ဒင်း အပျိုကောင်းကောင်း လုပ်တတ်လာ တာ တော့ အမှန်ပဲ မဟုတ်လား ။ မင့် သမီး တခြား မကြည့်နဲ့ ။ သနပ်ခါး တောင် သွေး မလိမ်းချင်တော့ဘူး မဟုတ်လား ။ လိမ်းခြယ် ထားလိုက် ပြန်ရင်ကော ၊ ဝတ်ဆင် ထားလိုက် ပြန်ရင်ကော ဘာနဲ့ တူသလဲ ။ သူ့ ကိုယ် သူ ရုပ်ရှင် မင်းသမီး လုပ်ဖို့ စိတ်ကူး နေသလားမှ မဆိုနိုင်တာ ”

“ အို တော် ”

“ မတော်နိုင်ဘူး လှရင် ။ နောက်ကို မင့် သမီး ရန်ကုန် မှာ အလုပ် မလျှောက်ရဘူး ။ တော မှာ ပဲ ရရာ အလုပ် လုပ်ရမယ် ။ ငါ အားလုံး စီစဉ် ပြီးပြီ ။ လာမယ့်နှစ် လူငယ့်ရေးရာ ညကျောင်း မှာ ကျောင်း ဆရာမ ဝင်လုပ် ။ နေ့ခင်း အိမ် အလုပ်လုပ် ။ အိမ် က ကလေးတွေ ကို စာ ပြပေး အေး ၊ ဘဝင် မြင့်မယ်တော့ မကြံနဲ့ ။ ငါ နဲ့ အတွေ့ ပဲ ”

“ ဘယ့်နဲ့တော် ဘီအက်စီတွေ ဘာတွေ အောင်လာမှ များ အိမ် အလုပ် လုပ်ရမယ်လို့ ”

“ လုပ်ရမယ် လုပ်ရမယ် ”

အဖေ သည် အော်ဟစ် ပြောဆိုရင်း နေရာ မှ ထလေသည် ။ အမေ့ နှုတ် က ဖျစ်တီးဖျစ်တောက် စကားသည် မူ အတောမသ,တ် ။

“ သမီး မျက်ရည်တွေ သုတ်လိုက်စမ်းပါဦး ၊ အလကား ပေါင်ဒါတွေ ပျက်ကုန်မယ် ”

အတောမသ,တ်နိုင် စကား ကြားမှ အမေ ဖြတ် ပြောလိုက်သော စကား ဖြစ်သည် ။

သည်တော့ ဝါနု သည် ပါးပြင် က မျက်ရည်စ ကို သိမ်းလိုက်မိသည် ။

သည် ပါးပြင် သည် ပူနွေးလှဘိသည် ။ ဝါနု ရင်ထဲမှာ လှပ်ခနဲ ဖြစ်ရ ပြန်သည် ။ ဪ ... သည်နေရာ မှာ မောင့် အနမ်းပန်း ရှိသည် မဟုတ်လား ။ မျက်ရည်စ ကို သိမ်းမိလျှင် မောင့် အနမ်း ပြယ်မည်လား အထင် ရောက် လိုက်သေးသည် ။ ထို့ကြောင့် လက် ကို ပါးပြင် မှ ပြန်၍ မရုပ်မိ ။

“ ဟုတ်ပါရဲ့ကွယ် ။ သမီး က လည်း ညည်း အဖေ ပြောမယ် ဆို ပြောစရာပဲ ။ ကိုယ့် အိမ် ကို ပြန်တာတောင် မိတ်ကပ်တွေ ဘာတွေ နဲ့ ”

အမေ့ စကား ကို ခပ်ဝါးဝါး ကြားလိုက်ရတော့ ဝါနု တုန်လှုပ်ရ ပြန်သည် ။

လက်ဝါး ကို ပါးပြင် မှာ ခပ်နာနာ ဖိပြီး ယောင်ယောင်ယမ်းယမ်း ပွတ်သပ်လိုက်မိပြန်သည် ။

မျက်ရည်စ လည်း ခြောက်စေ ၊ မှုန်နံ့သာ လည်း ပျောက်စေ ၊ မောင့် အနမ်း လည်း ပြယ်စေ သဘောပေလား မဆိုနိုင် ။

◾မင်းကျော်

📖 ရှုမဝရုပ်စုံ မဂ္ဂဇင်း
       ၁၉၆၉ ၊ မေ

Friday, November 8, 2024

ခင်ဦးစား ငချစ်ညို


 ❝ ခင်ဦးစား ငချစ်ညို ❞

 ( တက္ကသိုလ်နန္ဒမိတ် )


အစိတ်စိတ်အမြွှာမြွှာ ကွဲပြားလျက် ဖရိုဖရဲ ဖြစ်နေသော မြန်မာနိုင်ငံတော် ကို တတိယအကြိမ်မြောက် ပြန်လည် စုစည်း၍ တစ်အင် ၊ တစ်အား ၊ တစ်ဓား ဖြစ်အောင် ထူထောင်နိုင်ခဲ့သော ဦးအောင်ဇေယျ ၏ အကြောင်း ကို “ ငယ်မည် မှာ အောင်ဇေယျလို့ ၊ တောင်ဒီပကျွန်းဇမ္ဗူ ။ မင်္ဂလာသြဘာညွှန်းတယ် ၊ ထွန်းတဲ့တစ်ဆူ ” ဟူ၍ လည်းကောင်း ၊ “ ရန်ကြီးအောင် တဘောင်သ ၊ တန်ဆောင်လ ပုဏ္ဏမီ ၊ လက်ရုံးတော် ဖုန်းထိန်တောက် ၊ သုံးကြိမ်မြောက်ညီ ။ ရွှေဘိုဆီ ၊ မထီတဲ့လူစား ။ မောင်ချစ်ညို မင်းဟန်တုကို ၊ သွင်းရန်ပြုရှား ” ဟူ၍ လည်းကောင်း ၊ “ အလောင်းမင်းတရား အကြောင်းတော်ကား ၊ ပုဂံပြည်ကြီးရှင် သခင်ပြူစောထီး မှ သည် ၄၇ ယောက် သော မင်းတို့ နောက် ဖောင်စကြာရှင် နရပတိစည်သူ ၏ သမီး ကျောင်းတော်သည်နှင့် နရသိင်္ဃမင်း ၏ သားတော် အနန္တသူရိယ စုံဖက်ရာတွင် ဖွားမြင်သည့်သား သဒ္ဓိကာ ၊ သား ဘဲကြီးရတနာ ၊ သား ဘဲငယ်ရတနာ ၊ သား လံဘူးရန္တသူ ၊ သား ပေါက်မြိုင်မင်းပုလဲ ၊ သား မြေနဲစောသိင်္ဂါ ၊ သား မိုးညှင်းမင်းတရား သီဝပါနော်ရထာ ၊ သား မြောက်ဘက်နော်ရထာ ၊ သား သင်္ခယာ ၊ သား မင်းနေဝန်း ၊ သား မင်းရဲထွေး ၊ သား မင်းကြီးရွှေ ၊ သား ဘုရင်ကျော်သူခံ မင်းဘိုးခင် ၊ သား မင်းစစ်နိုင် ၊ သား သီရိမဟာဓမ္မရာဇာ ၊ သား အလောင်း မင်းတရား ” ဟူ၍ လည်းကောင်း ။


“ ကုန်းဘောင်ဆက် မြန်မာဘုရင် အလောင်းဘုရား သည် ဆင်စီး ၊ မြင်းစီး ၊ ဓားခုတ် ၊ လှံထိုး စသည့် ယောက်ျားကောင်းတို့ တတ်အပ်သော အတတ်များကို တတ်ကျွမ်း၏ ။ အချိန်အရွယ် အမှန်းအဆ လည်းကောင်း လှ၏ ။ ပဲခူး ၊ ဟံသာဝတီကို တိုက်စဉ်က ရန်ပုံခွင်း အမြောက်ကို မိမိတို့ ရံမြို့ထိပ်သို့ တင်၍ ဟံသာဝတီမြို့ ထိပ်က ပစ်လျက် ရှိသော အမြောက်ဝ သို့ အလောင်းဘုရား လက်ညှိုးတော် ညွှန်ရာ အမြောက်ချိန်၍ ပစ်စေရာ ပထမအကြိမ်ကျည်စေ့သည် တလိုင်းတို့ အမြောက်ဝ ကို တည့်တည့် ဝင်၍ ကွဲလေ၏ ။ ထပ်၍ ပစ်စေရာ ကျည်စေ့သည် တလိုင်းတို့ အမြောက်ဝ၌ ဆို့ပိတ်၍ နေလေ၏ ” ဟူ၍ လည်းကောင်း ၊ “ အလောင်းမင်းတရားကား သက္ကရာဇ် ၁ဝ၇၆ ၊ တော်သလင်းလတွင် ဖွားတော်မူ၏ ။ ငလျင် ပြင်းစွာ လှုပ်၍ ဘုရားပုထိုး ပြို၏ ။ မြေကြီး အစိတ်ကွဲ၍ ရေထွက်၏ ။ အရွယ်တော် သို့ ရောက်သည့် ကာလ လက်ရုံးတော် ရောင် တောက်သောကြောင့် မုဆိုးဘိုရွာ က မင်းလောင်း ပေါ်လတ်မည် ” ဟူ၍ လည်းကောင်း ချီးမြှင့် ရေးသားစပ်ဆိုခဲ့ကြ၏ ။


သို့သော် ဦးအောင်ဇေယျ ခေါ် အလောင်းမင်းတရား နှင့် စစ်ပြိုင် ဘက် ၊ စစ်ထိုးဘက် ဖြစ်သော ခင်ဦးစား လက်ျာပျံချီဘွဲ့ခံ ငချစ်ညို ၏ အကြောင်း ကိုကား အကျယ်တဝင့် မှတ်တမ်းတင်ခဲ့သည်ကို မတွေ့ရပေ ။ 


ငချစ်ညို သည် ဦးအောင်ဇေယျ ထက် သတ္တိ သာ သူ မဟုတ် ဟု ဆိုကောင်းဆိုနိုင်စေကာမူ ဦးအောင်ဇေယျ  ထက် ကား သတ္တိညံ့သူ မဟုတ်ချေ ။ အင်းဝ ပျက်သည့်အချိန်တွင် ဦးအောင်ဇေယျ သည် မုဆိုးဘို တွင် ထန်းလုံးတပ် တည်၍ အခိုင်အမာ နေသကဲ့သို့ ငချစ်ညို သည် လည်း မုဆိုးဘို နှင့် အနီးအစပ် ဒေသတွင် တပ်ခိုင်တပ်လုံး ဖြင့် ရှိနှင့်ပြီး ဖြစ်သည် ။


ဦးအောင်ဇေယျ သည် သတ္တိကောင်း ဗျတ္တိကောင်း မြန်မာအမျိုးသား ဖြစ်သကဲ့သို့ ငချစ်ညို သည်လည်း သတ္တိပြောင် သော ၊ အနိုင်မခံ အရှုံး မပေးတတ်သော မြန်မာအမျိုးသား ပင် ဖြစ်သည် ။ သို့သော် ရွှေဂူ တစ်ဂူ တွင် ကေသရာဇာ ခြင်္သေ့မင်း နှစ်ကောင် စိုးစံ၍ မရ သကဲ့သို့ ဦးအောင်ဇေယျ နှင့် ငချစ်ညို တို့ သည်လည်း မြောက်ဘက် တစ်လွှား တွင် အတူတူ ဩဇာ ပျံ့နှံ့ချင်၍ မရချေ ။


ငချစ်ညို သည် လတ်တလောချင်း တွေ့ နေရသော ဦးအောင်ဇေယျ နှင့် အာဏာလုပွဲတွင် ဦးအောင်ဇေယျ အား အလဲထိုး နိုင်ရန် အတွက် ဟံသာဝတီအင်အားစု ၏ အကူအညီ ကို ယူခဲ့ဟန် တူသည် ။ ငချစ်ညို သည် ဟံသာဝတီအင်အားစု ၏ အကူအညီ ကို ယူခဲ့ကြောင်း နှင့် အလောင်းမင်းတရားကြီး အရေးတော်ပုံ ” တွင် အတိအလင်း ဆိုသည် ။ ၎င်းအရေးတော်ပုံကျမ်း တွင် ...


“ ပဲခူးမင်းညီ ဥပရာဇာ လည်း မင်းဧကရာဇ်နှင့် တကွ အင်းဝ မြို့ ကို ရလျှင် အရပ်ရပ်သားတို့ သစ္စာခံ သောက်၍ ရှိလေ ပြီးသည် ။ မုဆိုးဘို ရွာ သာ ထန်းလုံးတပ်ကို ယုံ၍ သစ္စာမခံ ကျန်ရှိလေသေးသည် ကို ငါတို့ သင့်ရာလူ စေ၍ သစ္စာတိုက်စေ ။ သစ္စာတိုက် မခံ သောင်းကျန်းခိုင်မာ နေသည့် ကာလ မှ အနိုင်သိမ်းယူရမည် ။ ငါးစို့တစ်ခွင် မြောက်ဘက် တစ်ပင်သာ တို့လည်း ငါတို့ လူချည်း ဖြစ်လေပြီးသည် ။ ခင်ဦးစား မင်းကြီး ကျော်စွာ သား လက်ယာပျံချီ တို့လည်း မုဆိုးဘို နှင့် အနီးအစပ် တပ်ခိုင် တပ်လုံး နှင့် ရှိလေပြီးသည် ။ အပန်းတကြီး လုပ်ကြံရမည် မဟုတ် ၊ လက်ခုပ်တီး ကာ သာ ယူရမည့် အရေးရှိသည် ဖြစ်၍ x x x x x ငါတို့ တပ်ပေါင်း ၃ဝ သားတို့မှာ စုန်သွားနှင့်တော့မည်ဆို၍ အဝဘုရင် ကို ဆောင်ယူ စုန်သွားလေ၏ ” ဟူ၍ လည်းကောင်း ... ။ 


ထို အလောင်းမင်းတရားကြီး အရေးတော်ပုံကျမ်း စာမျက်နှာ ၁၄ တွင် လည်း ...


“ တလပန်းအစား ရွှေခွန်ဝန် ကို အဝမြို့စောင့်ထား၏ ။ ခင်ဦးစား လက်ယာပျံချီ ဆိုသူနှင့် တိုင်ပင်ပေါင်းယှက် ၍ အရပ် ကို သိမ်းရုံးလေ ဟု မှာလိုက်၏ ” ဟူ၍ လည်းကောင်း ။


အထက်ပါ စာမျက်နှာ တွင်ပင် ဦးအောင်ဇေယျ က ငချစ်ညို အား သိမ်းသွင်းပါလျက် ငချစ်ညို က ဦးအောင်ဇေယျ ရှေ့မှောက် တွင် ဒူး မထောက်လို ဟု ပြန်ကြားပုံကို


“ အလောင်းမင်းတရား ကြားရောက်သည် ခင်ဦးစား လက်ယာပျံချီ ...


“ မြန်မာလူမျိုး ဖြစ်လျက် တလိုင်းကျွန် ခံမည်ကြံသည် မှာ မသင့် ။ မင်းမာသည် လက်ရုံးရည် လည်း ရှိပေသည် ။ သူရဲကောင်း လည်း မှန်ပေသည် ။ ငါကဲ့သို့ ဘုန်းပညာအာဏာစက် မစုံလင် ၊ ငါသို့ ဝင်စားလာသော် စစ်သူကြီး နှင့်အရာနှင့် သူကောင်း ပြုတော်မူမည် ။ ငါ့ သူရဲကောင်းတို့ နှင့် နောင် တွေ့ကြ၍ လက်ခြေ လွန်လေသော် သူကောင်း ဆိုသည်နှင့် မညီ ရှိ တော့မည် ဟု စေတော်မူလိုက်၏ ။ ငချစ်ညို လည်း ရှေးအထက် ကပင် ခိုက်စရန်စ ရှိကြဖူးသည် နှင့် ငါ ဝင်စားသော်လည်း အရှင် မထားပေရာဟု မဝင်ဝံ့ရှိ၍ မြန်မာချင်း ကို ရှိမခိုးလို ၊ တလိုင်း ကို သာ ရှိခိုးတော့မည် ဟု ဆိုလိုက်၏ ” ဟူ၍ လည်းကောင်း ဖော်ပြပါရှိလေသည် ။


ဤတွင် စဉ်းစားရန်မှာ ငချစ်ညို သည် အလောင်းမင်းတရားကြီး အရေးတော်ပုံကျမ်း က ဆိုသကဲ့သို့ အကယ်ပင် ဟံသာဝတီအင်အားစု နှင့် စိတ်လိုလက်ရ ပေါင်းလေသလော ၊ သို့တည်းမဟုတ် ဦးအောင်ဇေယျ  ၏ ရန်ကို ကြောက်၍ ယာယီပေါင်း ပေါင်းခြင်းလော ဟူသော အချက်ပင် ဖြစ်သည် ။


ငချစ်ညို သည် သူရဲကောင်း ဖြစ်ကြောင်း ၊ သူရသတ္တိအရာ တွင် ဦးအောင်ဇေယျ နှင့် သွေးတူရည်တူ ဖြစ်ကြောင်း တို့ကို ဦးအောင်ဇေယျ ကိုယ်တိုင်ပင် ဝန်ခံ ထားရကြောင်း အထက်ဖော်ပြပါ အကြောင်းအရာ အားဖြင့် သိသာနိုင်သည် ။ ဦးအောင်ဇေယျ က ငချစ်ညို အား သိမ်းသွင်း ခဲ့သည် ဆိုသည်မှာလည်း ဧကန်အမှန် ပင် ဖြစ်သည် ။ သို့သော် ထပ်လောင်း၍ စဉ်းစားသင့်သည့် အချက်မှာ ဦးအောင်ဇေယျ က ငချစ်ညို အား သိမ်းသွင်းသည့် အချိန်မှာ ဦးအောင်ဇေယျ ကိုယ်တိုင်ပင် လုံခြုံမှု အခိုင်အမာ မရှိသေးသော အချိန်ပင် ဖြစ်သည် ။ ဦးအောင်ဇေယျ နှင့် ဦးအောင်ဇေယျ ၏ တပ်သားများ က ငချစ်ညို နှင့် ငချစ်ညို ၏ တပ်သားများ အန္တရာယ် ကို စိုးရိမ်နေရသည့် အချိန်ပင် ဖြစ်သည် ။ ဤကဲ့သို့သော အချိန် တွင် ဦးအောင်ဇေယျ သိမ်းသွင်းရာ သို့ မဝင်လာသော ငချစ်ညို ကို အပြစ် ဆိုရန် မရှိ ။ ငချစ်ညို ၏ စွမ်းရည်သတ္တိ ကို လည်း ကြည့်ပါဦး ။


“ ငချစ်ညို စကား ကို ကြားတော်မူလျှင် အမျက်တော် ရှိ၍ ယခုပင် ခင်ဦးရွာ ကို မီးတိုက်ချေ ။ မီးကို မြင်လျှင် ငါ ( ဦးအောင်ဇေယျ ) ချီတော်မူ လာမည် ဟု မြင်း ငါးဆယ် ၊ သေနတ် တစ်ရာ ၊ လူသုံးရာ နှင့် သေနတ်ဝန် ၊ မင်းကျော်ပျံချီကို ဗိုလ်မှူး ခန့်၍ ချီသွားရသည် ။ ညဉ့် ၃ ချက်တီးချိန် ရောက်၍ တပ်ကို တက်လျှင် တပ်စီး တို့ သိ၍ ထိုးခုတ်သည် နှင့် မတက်နိုင် သောကြောင့် တပ်ပြင် တွင် ရှိသော ကျောင်း ကို မီးတိုက်၍ ဆုတ်ခဲ့ရချေ၏ ။ အလောင်းမင်းတရား လည်း ခင်ဦး က မီး ကို မြင်လျှင် ခင်ဦး ကို အလိုတော် ပြည့်ပြီ မှတ်တော်မူ၍ လူကြီးမဆို လူအိုစု နှင့် နှဲခရာ ဗြောစည် တီးလျက် ချီတက်မူရာ စည်သာဝ မြောက် တွင် ငချစ်ညို ထွက်၍ လိုက်လာသော ကြောင့် ပရမ်းပတာ ပြေးလာသော ရဲမက်တော် တို့နှင့် တွေ့၍ အကြောင်းမျိုး ကို လျှောက်လျှင် အမျက်တော် ထွက်၍ နင်တို့ သူရဲကောင်း ပြုသမျှ တစ်စုလုံး အသွမ်းချည်း ပြည်စိုး ကျွန်းတော ရောက်ကာ လူစု ဖြစ်သည် ။ လူအိုစု နှင့် သာ ငါ တိုက်တော်မူသည် ။ နင်တို့ တစ်စုမှာ ထမင်းအိုး ထမ်း၍ နောက်က လိုက်ကြရမည် မိန့်တော်မူ၍ ချီသည် နှင့် ငချစ်ညို လည်း တပ်သို့ မပြန်ဘဲ မြင်း သေနတ်ဝန် အများဝန်းရံလျက် ချီလာသည် နှင့် ဆိုင်မိကြ၍ ပစ်ခတ် ထိုးခုတ်ကြလျှင် စစ်သည်တော်များ လည်း အခြား တစ်ပါး ကွဲပြားကြသည် ကို မစည်းရုံးခင် ၍ ဆုတ်တော် မူရချေ၏ ။ စည်ဗြောတို့ ကို လည်း သူ ရလေ၏ ။ ”


အထက်ပါ ဦးအောင်ဇေယျ နှင့် ငချစ်ညို တို့ ရင်ဆိုင် တိုက်ပွဲ တွင် ဦးအောင်ဇေယျ အင်အားစု ဘက်မှ အရေးမလှပုံ ကို ဖော်ပြပြီး နောက် ဒုတိယအကြိမ် ရင်ဆိုင် တိုက်ပွဲ အကြောင်း ကို လည်း အလောင်းမင်းတရားကြီး အရေးတော်ပုံကျမ်း တွင် အောက်ပါ အတိုင်း ဖော်ပြထားပြန်သည် ။


“ ခင်ဦးစား ငချစ်ညို လည်း တပ်ရင်းသို့ ချဉ်း၍ သော်လည်း မလုပ်မကြံ ။ အနီးအပါးသို့ လာ၍ ချက်တစ်ဖြုတ် ကျွဲနွား ကို သိမ်းယူလာ သောကြောင့် သေနတ်ဝန် နှင့် မြင်း နှစ်ဆယ် ၊ သူရိန်ဒေဝ နှင့် သေနတ်လက်ကောင်း ခုနစ်ဆယ့်ငါး ၊ ခင်ဦး ပါး သို့ ကျွဲနွားလိုက်ချေ လွှတ်လိုက်၍ သွားကြလေသော် သေနတ်သမားတို့ ကို ခင်ဦး အရှေ့ နှစ်တိုင်ခန့် ကွာ ကျွန်းကျောင်းအရပ်၌ ထားခဲ့၍ မြင်းနှစ်ဆယ်သား တို့ တပ်ပါးသို့ ချဉ်း၍ ကျွဲ နွားတို့ ကို လိုက်ခဲ့သည်နှင့် ငချစ်ညို  မြင်း နှစ်ဆယ် သေနတ်လုလင် ခြေလျင်သုံးရာ လောက် နှင့် လိုက်ထပ်လာ၏ ။ ငချစ်ညို အစ်ကို ငချစ်ဝ မြင်းသုံးစီး နှင့် ရှေ့လွန်၍ လိုက်လာသည်ကို သေနတ်နှင့် ပစ်၍ ကျလျှင် ခေါင်းကိုဖြတ်၍ ယူကြ၏ ။ ယင်းသို့စဉ်တွင် ငချစ်ညို မီလာ၍ သေနတ်လုလင် ခြေလျင်သမားတို့ ပွဲကြည့်၍သာ နေပါစေ ။ ငါ နှင့် မြင်းစီးချင်း ကစားကြမည် ။ ယောက်ျားကောင်း ထွက်ခဲ့စေ ။ ငချစ်ညို ဆိုလျှင် မင်းကျော်ဗညား ထွက်သည် ကို ငမြတ်ထွန်း နှင့် ငါ နှင့် တိုက်ဖက် မတန် ၊ ငါ့ လှံသာ သွေးစွန်း တော့မည် ဆိုသဖြင့် မုဆိုးခြုံဗိုလ် မင်းလှရွှေတောင် ထွက်ပြန်သည် ကို လည်း ငထွန်းငယ် ၊ ငါ့ လူစွမ်း ကို ငစဉ့်ကိုင် မှာနေကြ စဉ်ပင် နင်အသိဖြစ်သည် ။ ငါ နင့် ကို ဖက် မတန် ဆိုပြန်၍ ယင်မတန်ဗိုလ် ၊ ယင်ပါဗိုလ်တို့ မြင်း ၂ဝ သားအသီးသီး ထွက်ကြသည်ကိုလည်း မဖက် မပြိုင်လို ၊ သေနတ်ဝန် ဆိုသူသာ ထွက်လာစေ ဆို၍ သေနတ်ဝ န်ထွက် ရာတွင်မှ သည်ခါ ယောက်ျားကောင်း ချင်း တွေ့ ရတော့မည် ။ ကိုယ်တို့ မှာ ပွဲကြည့်၍ သာနေ ၊ သေနတ်ဝန် နှင့် ငါနှင့် တန်စေ ကြုံးဝါး သံပ၍ မြင်း ကို အကုန်လွှတ်၍ ခြေတစ်ဖက် ထောင်လျက် ရပ်၍ စီးသည် ။ မြင်းနံပါး ၌ ကပ်လျက် စီးသည် ။ လှံကို လက်ဝဲ လက်ယာ ဘယ်ညာ လျည်း၍ စီးသည် ။ သေနတ်ဝန် မူကား လှံမဖြင့်ချိန်ဆကာ နေ၏ ။ ငချစ်ညို လည်း စီးနည်း အထွေထွေ ကို ပြပြီးလျှင် လှံရှင် နှင့် လွှတ် လိုက်သည် ။ သေနတ်ဝန် လှံရိုးကို ခတ်မိချေ၏ ။ သေနတ်လုလင်တို့ ထ၍ သေနတ်စည်ကြ သည်ကို မြင်လျှင် ငချစ်ညို  ပြန်သွားလေ၏ ။


ဤကဲ့သို့ စွမ်းရည်သတ္တိနှင့် ပြည့်စုံသော ငချစ်ညို အကြောင်း ကို အရေးတော်ပုံကျမ်းပြုဆရာ က “ လက်ျာပျံချီ ငချစ်ညို ကား ဆင်စီးမြင်းစီး ပြွမ်းတီး၏ ။ ဓားရေးလွှားရေး ကျွမ်းကျင်၏ ။ လေးပစ်လှံထိုး မျိုးစုံ၏ ။ အပြီးအစီးအကွယ်အကာ လုံခြုံ၏ ။ တစ်ယောက်ချင်း ကို မဆိုထားဘိ တောင်ပုံရာပုံ ကို သော်လည်း မြင်းစီးချင်း နှင့်သာ ဝင်၍ ဖျက်နိုင်၏ ။ ရဲစွမ်း သတ္တိ ရှိ၏ ။ စစ်ရိပ်စစ်ခြည် နားလည်၏ ” ဟု ဖော်ပြခဲ့၏ ။


ဤကဲ့သို့ သူရသတ္တိ နှင့် ပြည့်စုံသူပင် ဖြစ်လင့်ကစား နိုင်ငံရေး လမ်းစဉ်လွဲမှားလာသော အခါ ၊ စည်းရုံးရေး မမှန်ကန်သော အခါ အရှုံး နှင့် ရင်ဆိုင်လာရလေသည် ။ အောက်ပါ ကောက်နုတ်ချက် ကို ကြည့်ပါဦး ။ 


“ ငချစ်ညို လည်း × × × သူ မရောက်ခင် အကူ ရှာနှင့်ရသော် သင့်မည် အကြံရှိ၍ အဝမြို့စောင့် ရွှေခွန်ဝန် မှာ တလိုင်း သုံးထောင် တောင်း ၍ တပ်အရှေ့ က ၂ တပ် ၊ ခင်ဦး နှင့် သော် ၃ တပ် ၊ ရန်သူ အဝင် ခက်အောင် ခုံလောက် ၃ လုံးဆိုင် တပ်တည်ရ၏ ။


“ အလောင်းမင်းတရား လည်း ခင်ဦး သို့ အကြိမ်ကြိမ် ချီ၍ လုပ်ကြံသည် ။ ငချစ်ညို ထွက်လျှင် ငါတို့က မရပ်မခံနိုင် ပျက်ရ ချေသည် ။ သည် တစ်ခါသော် မြင်းသည် လည်း မြင်းနှင့် တပ်ရင်းသို့ ကပ် ၊ ပုဆိန်သမား ဓားသမား လည်း တပ်တိုက် ကို ဖြတ် ၊ တူးရွင်းသမား တို့ လည်း တူးရွင်း နှင့် တပ်တိုင်ကို တူး ၊ လှေကားသမား လည်း လှေကား ထောင်၍ တက် ၊ နောက်သို့ ပြန်လှည့်၍ ကြည့်သော် ငါ့ညီ ငါ့သား ပင် ဖြစ်သော်လည်း ကွပ် ။ အခါတစ်ပါး ကို မနှုန်းနှင့် ၊ အမှု ကုန်စင်အောင်ထမ်း ။ ငချစ်ညို ၊ ညီ ငချစ်မြ ၊ အဖငလုံ တို့ကို အရှင်ယူခဲ့ ။ တလိုင်း ၂ တပ် ရှိသည် ဆိုသည် ။ တလိုင်း တပ် မှာ ယာယီ ခင်ဦး သာ နဂို ဖြစ်သည် ။ ခင်ဦး ပျက်လျှင် တလိုင်းတပ် ပျက်လိမ့်တကား ဟု မိန့်တော်မူ၍ နတ်တော်လဆန်း ၈ ရက်နေ့ ချီစေ၍ မိုးသောက်တံခါး ဖွင့်တွင် အနောက်တောင်ထောင့်က တစ်ပြိုင်နက် တပ်ရင်း သို့ ကပ်၍ တပ်တိုင် တို့ ကို တူး သူ တူး ၊ တပ်တိုင် တို့ ကို ဖြတ် သူ ဖြတ် ၊ လှေကား ထောင်၍ တက် သူ တက် ၊ သူ က ထိုးခုတ်သည် ကို ပမာ မမှတ် ။ ငချစ်ညို လည်း ညဉ့်မိုက်ရီတရော် ဖြစ်၍ ပြင်သို့ မထွက်ဝံ့ ၊ တပ်တွင်းကသာ ကွပ်ညှပ်ဆော်ဖန်၍ နေ၏ ။ နောင်တော် ( ဦးအောင်ဇေယျ ၏ အစ်ကို ) စည်သာမင်းကြီး မူကား မြင်း နှစ်ဆယ်သားတို့ နှင့် တပ်အနောက် သို့ ပတ်၍ မြောက်တံခါး က ဝင်၏ ။ တပ်စီးတပ်နင်း တို့ လည်း အနောက်တောင်ထောင့် က သူ တက်သည် ကို ဆီးဆို့ ၍တိုက် မည်ဟု လူ ၃ဝ ခန့် သာ ထားခဲ့၍ အနောက်တောင် ထောင့် သို့ ချည်းပြေး လေ၏ ။ စည်သာ မင်းကြီးလည်း တံခါးစောင့်လူတို့ကို ခြောက်လှန့်၍ တပ်တွင်းသို့ ဝင်မိလျှင် အိမ်ရာတဲကနား တို့ ကို မြင်း ၂ဝ သား မီးတိုက်သည် နှင့် တပ်ပေါက်၍ ရဲမက်တော် တို့ ဝင်မိလျှင် ငချစ်ညို လည်း ဆွေသားတစ်စု နှင့် သာ ထွက်ပြေးလေ၏ ။ ဝေလီဝေလင်း နှင်း လည်း မှုန်သည်နှင့် မမိလိုက်ချေ ။ ခင်ဦး ပျက်လျှင် တလိုင်းတို့ တပ်လည်း ပျက်နှင့် လေ၍ သေနတ် ၂ဝဝ ၊ မြင်း ၅၀ ၊ ဆန်ရေစပါး ကျွဲနွားလူသူ တို့ကို သိမ်းယူ၍ ပြန်ခဲ့ရ၏ ။ ငချစ်ညို တို့ သားအဖ တစ်စု လည်း ခင်ဦး က ထွက်ပြေး၍ ကျွန်းတောကြီး တပ် သို့ ဝင်လေ၏ ။


သူရဲကောင်းကြီး ငချစ်ညို ၏ ခင်ဦး တပ်ပျက်ခြင်း သည် သူရဲကောင်းကြီး ငချစ်ညို ၏ ပျက်စီးခြင်းသို့ ရှေ့ရှုခဲ့လေသည် ။ ငချစ်ညို  ကျွန်းတောကြီးတပ် သို့ ဝင်၍ လာခဲ့ခြင်းမှာ ဟံသာဝတီပါမင်း ၏ အမှုထမ်း တစ်ဦး ဖြစ်သော ရာဇာဓိရာဇ် ဆိုသူ သည် ဆင် ၅ဝ ၊ မြင်း တစ်ထောင် ၊ လူတစ်သောင်းခန့် နှင့် မြေတူးမြို့ အနောက်ဘက် ရှိ အင်တိုင် ရွာ တွင် တပ်အခိုင်အမာ တည်၍ နေသဖြင့် ၎င်းထံမှ အကူအညီ ရနိုင်သည့် အတွက် ဖြစ်၏ ။ သို့သော် ငချစ်ညို  ကျွန်းတောကြီး တွင် တပ်တည်၍ နေသည် ဟု ကြားလျှင် ရာဇာဓိရာဇ် သည် ဦးအောင်ဇေယျ လာရောက်တိုက် ခိုက်မည်ကို ကြောက် သဖြင့် အင်တိုင်တပ် မှသည် ချင်းတွင်းမြစ် အနောက် ဘက် မင်းခင်းမြို့ သို့ ပြောင်းရွှေ့ သွားလေသည် ။ ဦးအောင်ဇေယျ လည်း ကျွန်းတောကြီး ရှိ ငချစ်ညို တပ် ကို လက်နက်ကိုင် ၂ ထောင် စေလွှတ်၍ တိုက်စေပြန်ရာ ကျွန်းတောကြီးတပ် လည်း ပျက်ရပြန်လေသည် ။ သို့ ဖြစ်၍ ငချစ်ညို သည် မိဘဆွေမျိုးများ နှင့် တကွ ရာဇာဓိရာဇ် ရှိရာ မင်းခင်းတပ် သို့ ပြေးလာခဲ့ရလေ၏ ။ ငချစ်ညို မင်းခင်း သို့ ရောက်၍ မကြာမီပင် ရာဇာဓိရာဇ် သည် ဦးအောင်ဇေယျ ထံ သစ္စာခံ၍ ဝင်ရောက် သွားသော ကြောင့် ငချစ်ညို သည် စလင်ကသူ ရွာ သို့ ပြောင်းရွှေ့ ခဲ့ရပြန်သည် ။ ထိုရွာ တွင် နေစဉ် ပင် ဦးအောင်ဇေယျ အား တိုက်ခိုက်ရန် အင်အားကြီးစွာ ချီတက်လာသော ဟံသာဝတီပဲခူးမင်း ၏ ညီတော် မဟာဥပရာဇာကြီးမှူး သည့် တပ်ကြီး သည် ဆင်တဲဝ အရပ်သို့ ရောက်လာပြီး နောက် စလင်ကသူ ရွာ ကို ညှပ်၍တိုက်ကြရာ စလင်ကသူ တပ်ပျက်ရ လေသည် ။ ဤတွင် ငချစ်ညို တို့ သားအဖ သည် မဟာဥပရာဇာ ထံသို့ ဝင်ရလေသည် ။ သို့ သော် အယုံအကြည် မရှိသဖြင့် ငချစ်ညို တို့ သားအဖ ကို သုတ်သင်လိုက် လေသည် ။


ဤသို့ဖြင့် ရဲစွမ်းသတ္တိနှင့် ပြည့်စုံသော သူရဲကောင်းကြီး ဧကန် စင်စစ် ဖြစ်ပါလျက် တိုင်းပြည်ရေး ထက် ပုဂ္ဂိုလ်ရေး မုန်းတီးမှု ကို ဦးစား ပေးမှု ၊ အပြင်အပ အကူအညီ ကို အားကိုးမှု တို့ ကြောင့် သူရဲကောင်းပီပီ တိုက်ပွဲတွင် သေရမည့် ငချစ်ညို သည် သူတစ်ပါး လက်သို့ မိမိ ကိုယ်ကို ယုံကြည်စွာ အပ်နှင်းရင်း အယုံအကြည် မခံရဘဲ ကြက်ကလေးငှက်ကလေးများ အသ,တ်ခံရ သကဲ့သို့ ခံခဲ့ရပေသည်တကား ။  ။


◾တက္ကသိုလ်နန္ဒမိတ်


📖 မြဝတီ မဂ္ဂဇင်း

      ဖေဖော်ဝါရီ ၊ ၁၉၅၉ 

.

Thursday, November 7, 2024

ပန်းမောင်နှံ


 ❝ ပန်းမောင်နှံ ❞

      ( ပုံပြင် )


ဟိုး ရှေးရှေးတုန်း က တဲ့ကွယ် ၊ ဘုရင်ကြီး တစ်ပါး မှာ သိပ်လှပြီး သိပ် ချစ်စရာ ကောင်း တဲ့ သမီးတော် တစ်ပါး ရှိသတဲ့ကွယ် ။ ဘယ်လောက် လှတယ် ဆိုတာကတော့ နေမင်းရောင်ခြည် ဟာ ရွှေရောင် လို ဝင်းဝါပြီး တိမ်ရောင်တွေ အမျိုးစုံနဲ့ ကျက်သရေ ရှိနေတဲ့ ညနေခင်း အချိန်မှာ ဘုရင့် သမီးတော်လေး ဟာ လေသာပြတင်း ကို ဖွင့်ပြီး သာယာသော ညနေခင်း ၏ အလှ ကို ရှုစား နေရင်း အနီးအနား မှ ဖြတ်ပြီး သွားကြတဲ့ လူအပေါင်း ဟာ နောက်တစ်ခါ ပြန်ပြီးလှည့် မကြည့်ဘဲ မနေနိုင်ဘူးတဲ့ကွယ် ။ သိပ် ချောတာကိုးကွယ့် ။


အဲဒီလို လှပတဲ့  သမီးတော် ကလေး ကို လည်း ခမည်းတော်ဘုရား က လွန်စွာ ချစ်ခင် အလိုလိုက် သတဲ့ကွယ် ။


တစ်နေ့တော့ သမီးတော် ကလေး က လက်ရာနုနု နဲ့ လှပဆန်းကြယ်တဲ့ လည်ဆွဲ တော် ကို ဝတ်လိုတာ နဲ့ ဖခမည်းတော်ဘုရား ထံ မှာ ပူဆာပါလေရောကွယ် ။ ခမည်းတော်ဘုရား ကလည်း ချစ်လှစွာသော  သမီးတော် ၏ အလိုဆန္ဒ ကို လိုက်လျောပြီး တိုင်းပြည် အတွင်းမှာ မောင်းခတ် ကြေညာ လိုက်တာပေါ့ ။


“ တိုင်းသူပြည်သား လူအများတို့လေး ... ပန်းထိမ် အတတ် မှာ တစ်ဖက်ကမ်းခတ် တတ်သောသူများ ရှိပါက လက်ရာနုနု နှင့် လှပဆန်းကြယ်သော လည်ဆွဲတန်ဆာ ကို ပြုလုပ်၍ ဘုရင်မင်းမြတ် ၏ ရှေ့တော်မှောက် တွင် တင်ဆက်ပြသကြရမည် ။ အကယ်၍ ဘုရင်မင်းမြတ် နှင့် သမီးတော် ကြိုက်နှစ်သက်ပါက ဆုတော်ငွေ ထောင်ထုပ် ကို ချီးမြှင့်မည် ဖြစ်ကြောင်း ” 


အဲဒီလို ကြေညာမောင်း လှည့်လည် ခတ် လေတော့ တိုင်းပြည် အတွင်း မှာ ရှိသမျှ ပန်းထိမ်ဆရာကြီးတွေ ဟာ အထူးပဲ ကြိုးစားပြီး လည်ဆွဲလေးတွေ လှသတဲ့ လှ ၊ ဆန်းသတဲ့ ဆန်း လာအောင် ပြုလုပ်ကြတာပေါ့ကွယ် ။


ဒါနဲ့ ဘုရင့် ရှေ့တော်မှောက် ကို သွင်းရမည့် အချိန်ကို ရောက်လာပါလေရောကွယ် ။ ဒီတော့ ပန်းထိမ်ကျော်ကြီးတွေ ဟာ အထူး စီမံ ပြုလုပ်ထားတဲ့ လည်ဆွဲလေးတွေ ယူပြီး နန်းတော် ထဲ ကို လာကြတာပေါ့ ။ ကိုယ့် လက်ရာလေးတွေ ကိုယ် ကြည့်ပြီး “ အင်း ... ငါ့ ဟာလေး က တော့ အတော် လှအောင် ပြုလုပ်ခဲ့တာပဲ ၊ ဘုရင်ကြီး ကတော့ ငါ့ လည်ဆွဲလေး သဘောကျမှာပဲ ” ဆိုတဲ့ အတွေးလေးတွေ ပီတိလေးတွေ ကိုယ်စီ နဲ့ နန်းရင်ပြင်တော် မှာ ဘုရင်ကြီး ကြွချီ အလာ ကို စောင့်မျှော် နေကြတာပေါ့ကွယ် ။


မကြာခင် အချိန်မှာပဲ ဘုရင်ကြီး ကြွချီလာပြီး ပန်းထိမ်သည် တို့ အထူးတလည် ပြုလုပ်ထားတဲ့ လည်ဆွဲများ ကို ရှုစားပြီး မင်းချင်း တစ်ယောက် ကို ခေါ်ကာ လည်ဆွဲ တို့ ကို  သမီးတော်  လေး ထံ ပြသ ခိုင်းလိုက်သတဲ့ကွယ် ။


သမီးတော်လေး လည်း ယူဆောင်လာသော လည်ဆွဲတွေ ကို တစ်ခုစီ တစ်ခုစီ ရှုစား ပြီး လည်မှာ ဆွဲလို့ မှန်ပုံတော် ရှုသတဲ့ကွယ် ။ ( အဲ ... မှန်ပုံတော် ရှုတယ် ဆိုတာက မှန် ကြည့်တာ ကို ခေါ်တာပေါ့ကွယ် ။ )  သမီးတော် လေးက မှန်ပုံတော် ရှုနေပြီး ကြိုက်နှစ်သက်တဲ့ လည်ဆွဲ တစ်ခုမှ မတွေ့မိဘူးတဲ့ ။ ဒါနဲ့ စိတ်ပျက်ပြီး လည်ဆွဲ အားလုံးကို ခမည်းတော် ထံ ပြန်ပို့ကာ တစ်ခု မှ စိတ်ကြိုက် မတွေ့ကြောင်း အကြောင်း ကြားလိုက်သတဲ့ကွယ် ။


ခမည်းတော်ဘုရား ကလည်း  သမီးတော် လေး အကြိုက်မတွေ့၍ စိတ်မကောင်း ဖြစ် မိပြီး မိမိတို့ ၏ လည်ဆွဲများ ကို အသီးသီး ယူ၍ ပြန်သွားကြရန် ပန်းထိမ်သည် တို့ကို အမိန့်ချလိုက် သတဲ့ကွယ် ။


အဲဒီ အချိန်မှာပဲ လုလင်ပျိုကလေး တစ်ဦး ဟာ မောပန်းတကြီး နန်းတော် ဆီ သို့ ပြေး လာပြီး နန်းရင်ပြင် မှာ ဝင်ခစားလာပါရောကွယ် ။ အဲဒီအကြောင်း ကို ဘုရင်မင်းမြတ် က မြင်တော် မူလို့ အကျိုးအကြောင်း မေးမြန်းတာပေါ့ကွယ် ။


“ မှန်လှပါဘုရား ၊ ကျွန်တော်မျိုး လည်ဆွဲတန်ဆာ ကို အထူးပြုလုပ် မွမ်းမံ နေရခြင်း ကြောင့် အချိန် နှောင့်နှေးနေရခြင်း ဖြစ်ပါသည်ဘုရား ” လို့ ပြန်လည် လျှောက်ထား လိုက်တာ ပေါ့ကွယ် ။ ဒီတော့ ဘုရင်မင်းမြတ် ဟာလည်း “ သမီးတော်လေး အတွက် လှပသော လည်ဆွဲ လေး ဖြစ်ပါစေ ” လို့ ဝမ်းထဲမှ ဆုတောင်းရင်း လုလင်ပျိုလေး ဆက်သတဲ့ လည်ဆွဲ ကို ရှုစားပြီး ယခင်က အတိုင်း သမီးတော်လေး ထံ ပြသ စေလွှတ် လိုက်ပြန်ပါရောကွယ် ။


သမီးတော်လေး ဟာ ဒီ လည်ဆွဲတန်ဆာကလေး ကို လည်း မြင်လိုက်ရော နှစ်သက်ခြင်း များစွာ ဖြစ်သွား၍ လည် မှာ ဆွဲကပ်ပြီး မှန်ပုံတော် ရှုလိုက်ပြန်တာပေါ့ ။ အဲဒီ လည်ဆွဲလေး ဆွဲပြီးရော ယခင် က ထက် အဆပေါင်း များစွာ ပိုပြီး လှလာ သယောင် ထင်ရသတဲ့ကွယ် ။


“ အို ... ထိပ်ထားလေးဘုရား ၊ ဒီ လည်ဆွဲတော် ဆွဲမှ ယခင် က ထက် ပိုမို လှပလာပါ သည်ဘုရား ” ဆိုတဲ့ အသံတွေ ဟာ အထိန်းတော် အပျိုတော်တွေ ထံ မှ ထွက်လာရသတဲ့ကွယ် ။ ပိုပြီး ကို လှလာတာကိုးကွယ့် ။


သမီးတော်လေး ဟာ လည်း လည်ဆွဲလေး ဆွဲပြီး မှန်ပုံတော် ရှုရင်း တစိမ့်စိမ့် ပီတိ တွေ ဖြစ်နေတာပဲတဲ့ကွယ် ။ ဒါနဲ့ ဒီ လည်ဆွဲ ကို  သမီးတော် နှစ်သက်လွန်း၍ ပန်းထိမ်သည် အား  သမီးတော် ထံ ခစားလွှတ်ပါရန် ဖခမည်းတော် ထံ လျှောက်ထား ခိုင်းလိုက်သတဲ့ကွယ် ။


ဘုရင်ကြီး ဟာ လည်း သမီးတော် ကြိုက်နှစ်သက်ကြောင်းကြားရတော့ များစွာ ဝမ်း ပန်းတသာ ဖြစ်ပြီး ချစ်လှစွာသော သမီးတော် လေး ရဲ့ ဆန္ဒ ကို ဖြည့်ရလို့ ကျေနပ်နေတာပေါ့ ။ ဒါနဲ့ ပန်းထိမ်သည်လုလင် ကို လည်း ဆုတော်လာဘ်တော် တွေ များစွာ ပေးသည့် ပြင် ဘုရင့်ပန်းထိမ်တော် အဖြစ် အမှုထမ်းဆောင်စေရန် အမိန့်ကိုပါ ချမှတ်ပေးပြီး  သမီးတော်ကလေး ထံ ခစားဖို့ စေလွှတ် လိုက်တာပေါ့ကွယ် ။


ပန်းထိမ်သည် လုလင်ကလေး ဟာ မင်းသမီးကလေး စံရာ တစ်ပင်တိုင်မြနန်း ကို သွားရောက်ခစားရတာပေါ့ ။


မင်းသမီးလေး ရှေ့တော်မှောက် ရောက်တဲ့ အခါ ပန်းထိမ်သည် လုလင်ကလေး ဟာ မျက်တောင် မခတ်ဘဲ မင်းသမီးကလေး ကို ငေးပြီး ကြည့်နေမိ သတဲ့ကွယ် ။ မင်းသမီးလေး ဟာ နဂိုကမှ ချောလှနေတဲ့ အထဲ လည်ဆွဲ ဆွဲလို့ ပိုလှနေတော့ ပန်းထိမ်သည်ကလေး ဟာ မမြင်ဖူး တဲ့ ထူးကဲလှတဲ့ အလှ ကို တအံ့တသြ ငေးမော ကြည့် နေတာပေါ့ကွာ ။


မင်းသမီးကလေး ကလည်း မိမိ ကို ငေးမော ကြည့်နေတဲ့ ပန်းထိမ်သည် လုလင် ကလေး ကို ပြန်ပြီး ကြည့်နေမိပြန်သတဲ့ကွယ် ။ အကြောင်းကတော့ လည်ဆွဲလေး က သာ နှစ်သက်စရာကောင်းရုံတင် မကဘဲ ပြုလုပ်သူ ပန်းထိမ်သည်ကလေး ဟာ လည်း မင်းသမီးလေး ရဲ့ အသဲနှလုံး ကို အေးမြစေလို့ပဲတဲ့ကွယ် ။


မည်မျှကြာကြာ ငေးကြည့် နေကြသည် မသိနိုင်ဘဲ ရှိစဉ်မှာ မင်းသမီးလေး ဟာ သတိ ဝင်လာပြီး မျက်လွှာ ချပစ်လိုက်မှ ပန်းထိမ်သည်လုလင်လေး ဟာလည်း သတိ လည်လာကာ ခေါင်းငုံ့၍ ခစား ပစ်လိုက်ရ သတဲ့ကွယ် ။ ဘုရင့် သမီးတော် ကလေး ဟာ ကောင်းမွန်ကြောင်း ၊ တော်ကြောင်း ၊ ချီးကျူးစကား မိန့်ပြီး လက်ဝတ်တော် မြလက်စွပ်ကလေး ကို ဆု အဖြစ် ချီးမြှင့် လိုက်သတဲ့ကွယ် ။


အဲဒီနေ့ က စပြီး ပန်းထိမ်သည်ကလေး ဟာ မင်းသမီးကလေး ကို မမြင်ရ ရင် မနေနိုင် တဲ့ အခြေမှာ ရောက်နေရပြီမို့ သမီးတော် ပြတင်းဖွင့်၍ သာယာသော ရှုခင်း ကို ရှုစားချိန် ဖြစ်တဲ့ ညနေခင်း အချိန်တိုင်းမှာ တစ်ပင်တိုင်မြနန်း အနီး လာရောက် ရှုစားတာပေါ့ ။


ဒါနဲ့ နေ့ရက်တွေ ကြာညောင်းတော့ တစ်ဦး နဲ့ တစ်ဦး မေတ္တာဓာတ် ကူးလူးကာ ချစ်ခင် သွားကြပါလေရောကွယ် ။


သမီးတော် လေး ဥပုသ်စောင့် သွားနေကျ မြစ်ကမ်းပါး တစ်နေရာရှိ စေတီလေး ဆီ သို့ တိတ်တဆိတ် သွားကြပြီး ချစ်သူနှစ်ဦး ဟာ ဆုထူးတွေပန် ၊ သစ္စာတွေ ပြုနေကြတာပေါ့ ၊ သူတို့ နှစ်ဦး ဟာ လည်း တစ်ဦး ကို တစ်ဦး သိပ်ပြီး မေတ္တာ ထားကြသတဲ့ကွယ် ။


ဒီလိုနဲ့ မေတ္တာတော် နှောင်ကြိုးတွေ တိုးရစ်ပတ်ပြီး ချစ်မိုးတွေ စွေလာတာ အချိန်တွေ ညောင်းလို့ ရက် ၊ လ ၊ နှစ်တွေ ပြောင်း ခဲ့ရောတဲ့ကွယ် ။


တစ်နေ့မှာ  သမီးတော် လေးနဲ့ ပန်းထိမ်သည် လုလင်ကလေး တို့ ဟာ ဆုပန်နေကျ ဖြစ်တဲ့ ကမ်းနဖူး မှ စေတီရင်ပြင် မှာ အတူတကွ ယှဉ်ထိုင်ပြီး သစ္စာပြု နေကြစဉ်မှာ ဆူဆူညံညံ အသံတွေ ကြားရသတဲ့ကွယ် ။ ဒီ အသံတွေ ကြားရလေတော့ နောက်ကို လှည့် ကြည့်လိုက်တယ် ဆိုရင်ပဲ ခမည်းတော်ဘုရင်ကြီး နဲ့ မှူးကြီးမတ်ကြီးများနှင့် တကွ ပါးကွက်အာဏာသား ( လူသ,တ်သမား ) တွေ ကို ကြောက်ဖွယ်ရာလိလိ မျက်နှာထားကြီးတွေ နဲ့ ကြည့်နေတာကို တွေ့ရပါလေ ရောတဲ့ကွယ် ။


“ ဟယ် ... သမီးမိုက် ၊ ချစ်ခင်စွာ အလိုလိုက်၍ ထားပါသော်လည်း အမိုက် စော်ကား လေပြီ ၊ ကြားရသူ နားရှက်စရာ ပန်းထိမ်သည် အညတရ ကို မှ ရည်ငံမိလေခြင်း သမီးတော် ရယ် ၊ ခမည်းတော် မျက်နှာ ကိုမှ မထောက်ထား ၊ အမျိုးဂုဏ် ကို မှ မစောင့်စား ဖောက်ပြားရက်လေ ၊ တို့ အမျိုးတွေ အရှက်ပွေ ရတော့မည် ”


ခမည်းတော်ရဲ့အသံကြီး ကို ကြားရတော့ မင်းသမီးလေး ဟာ မျက်ရည်တွေ တွေတွေ ကျပြီး ခေါင်းငုံ့ ခစားရင်း က ပန်းထိမ်သည်ကလေး ရဲ့လက် ကို ကြပ်ကြပ်ကြီး ဆုပ်ကိုင် ထားတာ ပေါ့ကွယ် ၊ ပြီးတော့လည်း မသိမလိမ္မာ ၍ မိုက်မှားမိသူများ ကို အပြစ် မှ ခွင့်လွှတ်ရန် အမျိုးမျိုး ခယ တောင်းပန်သော် ငြားလည်း ဘယ်လိုမှ တောင်းပန်လို့ မရရှာဘူးတဲ့ကွယ် ။


ဘုရင်ကြီး ဟာ လည်း ငါ တည်း ဟူသော မာနတရား ထောင်လွှားကပ်ငြိနေလေတော့ အနီးရှိ အာဏာသား တို့ကို ပန်းထိမ်သည်လေး အား ကွပ်မျက်ရန် အမိန့် ချလိုက်ပြန်ပါရော ကွယ် ။


“ ကျေးဇူးရှင်ရယ် လို့မှ မထောက် ၊ ကျွန်သဘောက် ဂုဏ်သိမ် သမီးတော် ဂုဏ်သရေ ကိုမှ နှိမ်ရက်ပလေ ၊ ခုမှတော့ ရွံ့မနေနှင့် မင်း အသက် သေဖို့သာ ပြင်ထားပေရော့ ” လို့ ဝင့်ကြွား မောက်မာ လှတဲ့ ဘုရင့် အသံကြီး က မိုးထိ ဟိန်းသွားသည့်တိုင် ပန်းထိမ်သည်ကလေး က မတုန် လှုပ်ဘူးတဲ့ကွယ် ။ ရတနာသုံးပါး အနန္တငါးပါး ကို သာ စိတ် ထဲမှ အောက်မေ့ရင်း ချစ်လှစွာသော မင်းသမီးကလေး ကိုသာ တစိမ့်စိမ့် နောက်ဆုံး ကြည့်ရခြင်း အကြည့်မျိုး နဲ့ ကြည့်နေမိသတဲ့ ကွယ် ။  သမီးတော်ကလေး ကလည်း လက်ကလေး နှစ်ဖက် ရင်မှာ ယှက်ထားပြီး မောင်တော် ပန်းထိမ်သည်ကလေး ကိုမျက်ရည်ကလေး တလည်လည် နဲ့ ပြန် ကြည့် နေပြန်သတဲ့ကွယ် ။


အဲဒီ အချိန်မှာပဲ ဘုရင့်အမိန့်တော် အတိုင်း အာဏာသားတို့ ဟာ ပန်းထိမ်သည်ကလေး ကို ယုတ်ရင်းကြမ်းတမ်းစွာ ဆွဲဆောင် ခေါ်ငင် ကြပါလေရောကွယ် ။ ဒီလို ပြုမူပုံတွေကို မြင်ရတော့  သမီးတော် လေး ရင်ဝ မှာ နာကျင်ပြီး ချစ်ခင်စုံမက် မေတ္တာယှက်၍ အသက်အပ်နှံ ကာ ချစ်ကြင်နာရတဲ့ ချစ်သူ့ အပေါ်မှာ ကြင်နာစိတ် ၊ သနားစိတ်တွေ ဟာ တဖွားဖွား ပေါ်လာပြီး ဖခမည်းတော် ခြေစုံ ကို ဖက်ပြီး လူးလှိမ့်ကာ သနားစဖွယ် ငိုရှာလေတာပေါ့ကွယ် ။ 


“ ခမည်းတော် ဘုရား ၊ သမီးတော် တစ်ပါးတည်း ချန် မထားပါနှင့် ၊ သမီးတော် ကို ပါ သ,တ်တော်မူပါဘုရား ” လို့ ငိုယို လျှောက်ထားပြီး အာဏာသားတို့ ထံ အတင်း ပြေးသွားပါလေ ရော ။


ဘုရင်ကြီး က လည်း ဒါလောက် အစွဲအလမ်း ကြီးပြီး မိုက်လှတဲ့ သမီးတော် ၊ နင့် ထိုက်နဲ့ နင့် ကံ ခံလေရော့ ဆိုပြီး သမီးတော် ပါ အတူတကွ ကွပ်မျက်ရန် အမိန့် ပေးလိုက်ပြန်သတဲ့ကွယ် ။ အာဏာသားတို့ ဟာလည်း ဘုရင့် သမီးတော်  နန်းသွေးပါ ကွပ်မျက်ရ မှာမို့ တောင်စွယ် ကို နေ ကွယ်အောင် စောင့်စား နေကြတုန်း ဘုရား မှာ အာရုံပြု၍ သစ္စာဆို သွားလိုကြောင်း  သမီးတော်  တို့ ချစ်သူနှစ်ဦး ၏ တောင်းပန်ချက် ကို ခွင့်ပြုလိုက်သတဲ့ကွယ် ။


မင်းသမီးကလေး နဲ့ ပန်းထိမ်သည် လုလင်ကလေး တို့ဟာ “ ဖြစ်လေရာ ဘဝမှာ အတူတူ ပေါင်းဖော်၍ ဘေးရန်ကင်းရပါစေသား ” လို့ ဆုပန် လိုက်ကြသတဲ့ကွယ် ။


သူတို့ နှစ်ဦး ဟာ သူများ လက်ချက် နဲ့ ဖြင့် အသက် မသေလို၍ နှစ်ဦးသား ကမ်းစပ်ဆီ သို့ တွဲ ပြေးလိုက်ကြပြီး မင်းသမီးလေး ရဲ့ ရွှေကြင်ခတ်ပဝါကလေး နဲ့ မင်းသမီး ညာလက်ဝါး ၊ ပန်းထိမ်သည်လုလင် ၏ ဘယ်လက်ဝါး တို့ ကို စုပေါင်းချည်နှောင် လိုက်ကာ ဘုရားစေတီလေး ဘက် သို့ အာရုံပြု ဆုတောင်းရင်း မြစ်ထဲ ကို လှိမ့်ဆင်း ခုန်ချ လိုက်ကြရောတဲ့ကွယ် ။


မြစ်ပြင် ထဲက လှိုင်းလုံးဖြူကြီး တစ်လုံး လိမ့်ဆင်း လာပြီး မင်းသမီးလေး နဲ့ ပန်းထိမ် သည်ကလေး တို့ ကို ဖုံးအုပ် ရစ်ပတ်ပြီး ခေါ်ဆောင် ဆွဲယူ သွားပြန်သတဲ့ကွယ် ။


ဘုရင်ကြီး ဟာ လည်း ဒီ အဖြစ်အပျက်တွေ ကို မြင်ပြီး စိတ်နှလုံး မသာမယာ တဲ့ နောင်တတရား ရစွာ နဲ့ ကြည့် နေတုန်းမှာ မြစ်ရေတွေ ဟာ ကမ်းလုံး ပြည့်လျှံ လာကြတာ ကမ်းနဖူး က စေတီလေး ထိရောတဲ့ကွယ် ။ မြစ်ရေ ဟာ လျှံလာပေမယ့် စေတီလေး နဲ့ ဘုရင်ကြီး ကို မြုပ် အောင် မလျှံဘဲနဲ့ ရုတ်တရက် ကျဆင်း သွားပြန်ရောတဲ့ကွယ် ။ မြစ်ရေ ကျဆင်းလို့ ဘုရင်ကြီး ဟာ ခြေတော်ရင်း ကြည့်လိုက်တော့  သမီးတော် တို့ ချစ်သူနှစ်ဦး ရဲ့ သက်မဲ့ ခန္ဓာကိုယ်လေးတွေ ကို အံ့ဩစွာ တွေ့ရသတဲ့ကွယ် ။


ကြည့်ရင်း ကြည့်ရင်း နဲ့ ချစ်သူနှစ်ဦး ရဲ့ ရုပ်အလောင်းများ ဟာ ထူးဆန်းတဲ့ သစ်ပင် တစ်ပင် ဖြစ်သွားတာ ကို တဖန် တွေ့ရှိရပြန်ပါရော ။ 


အဲဒီ အပင်ကလေး ကို ကြည့်လိုက်ပြန်တော့ ဖြူဝါဝါအပွင့်ကလေးတွေ နှစ်ပွင့်စီ တွဲလျက် အပွင့်တွေ နှင့် အရွက် နှစ်ရွက် ယှဉ်ပူးလျက်သား ဖြစ်နေတဲ့ ထူးဆန်းတဲ့ ပန်းပင်လေး ဖြစ် နေသတဲ့ကွယ် ။


အဲဒီ ပန်းပင်ကလေး ဟာ ကိုင်း တစ်ကိုင်း က ဘုရင်ကြီး အပေါ် မှာ မိုးပြီး ကျန်တစ်ကိုင်း က စေတီလေး ဘက်ကို ကိုင်းညွတ်နေတာ ကို တွေ့ရပြန်ပါရောတဲ့ကွယ် ။


အဲဒီ ပန်းပင်ကလေး ကို ယခုထက်တိုင် “ ပန်းမောင်နှံ ” ရယ်လို့ ခေါ်ဝေါ် နေကြပါတယ် ကွယ် ။ တချို့ အရပ်ဒေသ ကတော့ “ ပန်းမောင်နှံ ” လို့ ခေါ်ကြသတဲ့ ကလေးတို့ ရယ် ။ 


▢ မသက်နှံ - ပေါက်


📖 ရှုမဝ မဂ္ဂဇင်း

      ၁၉၆၂ ၊ နိုဝင်ဘာ


.

ဂန္ထဝင်လမင်း၏ ချစ်ခြင်းဖွဲ့အလင်္ကာ

 ༻ဂန္ထဝင်လမင်း၏ ချစ်ခြင်းဖွဲ့အလင်္ကာ༺

⊙ မောင်သင်းလှိုင် ( ပန်းတနော် )


လေသာပြတင်းမှတစ်ဆင့် ညဉ့်၏ ပုံရိပ်ကို တစိမ့်စိမ့်ကြည့်ကာ ကျွန်တော် ကြည်နူးနေကျ ၊ ခံစား နေကျ ဖြစ်သည် ။ တစ်ခါတစ်ရံ သားငယ်ကို ဘေးနား တွင်ခေါ်ကာ ကြယ်ကလေးများအကြောင်း ပြောပြနေ တတ်သည် ။ ဖိုးလနတ်သားပုံပြင်ကို ပြောပြနေတတ် သည် ။ ယခုတော့ မကြည်နူးနိုင် ၊ ရယ်ဝယ် မချမ်းမြေ့ နိုင်တော့ပါ ။ နေ့လယ်က အမေ၏ ခြွေဟသော စကား ကြောင့် ပင်ပန်းနွမ်းနယ်နေသည် ။ အမေ့စကားကြောင့် ကျွန်တော့်ရင်သည် တင်းကျပ်နေသည် ။ လှိုက်မောနေသည် ။


အမေသည် သူ၏ ဆုံးဖြတ်ချက်ကို လွယ်လွယ်နှင့် ပြောခဲ့သည် မဟုတ် ။


စိတ်ဓာတ်ခိုင်မာသလို ဆုံးဖြတ်ချက်က ပြတ်သား၏ ။ သူ၏ ဆုံးဖြတ်ချက် ၊ ယုံကြည်ချက်ကို မည်သို့ပင် ဖြား ယောင်းသွေးဆောင်စေကာမူ ပြောင်းလဲလိမ့်မည် မဟုတ် ။ အမေ့ အကြောင်းကို သူမ၏ ဝမ်းကြာတိုက်မှ မွေးဖွား သန့်စင်သော ကျွန်တော်က ပိုသိသည် ။


ကျွန်တော်၏ ရင်တွင်းမှ အစတည်ကာ နွေးထွေး သည့်သက်ပြင်းတို့ နှာဖျားမှ တစ်ဆင့် အေးစက်သည့် လေထဲသို့ တိုးဝင်ပျောက်ကွယ်သွားသည်မှာ မရေ မတွက်နိုင်တော့ ။ စဉ်းစားရလွန်း သဖြင့် ခေါင်းမှာလည်း တေဝေ နေလေပြီ ။


ကျွန်တော် စဉ်းစားနေခိုက် ကျွန်တော့်ဦးနှောက် ထဲသို့ အလင်းတန်း တစ်ချက် ဝင်လာသည် ။ ထိုအလင်း တန်းကား အစ်ကိုကြီး ကိုကျော်မောင်ဖြစ်၏ ။ ဟုတ်ပါသည် ။ ကျွန်တော်၏ အစ်ကိုအကြီးဆုံး ။ အစ်ကိုကြီးကို သတိရလိုက်မိမှ ကျွန်တော်၏စိတ်တို့သည် အနည်းငယ် ပေါ့ပါးသယောင် ထင်မိသည် ။ ထို့ကြောင့် တယ်လီဖုန်း ရှိရာ အောက်ထပ်သို့ ကျွန်တော် ဆင်းခဲ့သည် ။ တယ်လီဖုန်း ကို မကာ ဂဏန်းတုံးကလေးများကို နှိပ်ချလိုက်သည် ။ တစ်ဖက်မှ လူခေါ်ခေါင်းလောင်းသံကို ကြားနေ ရသည် ။ ခဏအကြာတွင် တယ်လီဖုန်းကိုင်သံ ကြား ရပြီး ... 


ဟဲလို ... အမိန့်ရှိပါရှင် ဟူသော အစ်ကိုကြီး ၏ ဇနီး ခင်မေခိုင်၏ အသံကို ကြားလိုက်ရသည် ။


“ ဟဲလို … မမ ”


“ ကျွန်တော် ကျော်ခေါင်ပါ ”


“ ဪ …. မောင်ကျော်ခေါင် လား ၊ ညဉ့်နက်နေမှပဲ ဘာများ အရေးတကြီး ကိစ္စရှိလို့လဲ ”


“ အစ်ကိုကြီးရှိလား မမ …အစ်ကိုကြီးနဲ့ စကားပြော ချင်လို့ပါ ”


“ အေး .. ရှိတယ် ၊ ကိုင်ထားနော် ။ မမ ခေါ်လိုက်ဦး မယ် ။ ကိုကိုရေ မောင်ကျော်ခေါင် ဖုန်းဆက်တယ် ”


ခဏ အကြာတွင် အစ်ကိုကြီး၏ အသံကို ကြားရသည် ။


“ ဟဲလို .. ညီလတ်လားဟေ့ ၊ ဘာအရေးကြီးလို့လဲ ညကြီးမင်းကြီးကွာ ”


“ အင်း ... အရေးကြီးတယ် အစ်ကိုကြီး ၊ အမေ့ ကိစ္စပါ ”


“ အမေ ... အမေ ဘာဖြစ်လို့လဲကွ ။ နေမကောင်းဘူးလား ”


“ နေကောင်းပါတယ် အစ်ကိုကြီး ။ ပြဿနာ တစ်ခု ဖြစ်နေတယ် ။ အင်း .. ဖုန်းထဲက ပြောရတာ မကောင်းဘူး ။ မနက်ဖြန် တနင်္ဂနွေနေ့ ဆိုတော့ အစ်ကိုကြီး ဂျူတီအော့ ( Duty Off ) မဟုတ်လား ။ အဲ့ဒါ အိမ်ကို မနက်စောစော ရောက်အောင် လာခဲ့ပါလား ။ မိသားစုတွေပါ ခေါ်လာခဲ့ နော် ”


“ အေး…ကောင်းပြီ လာခဲ့မယ် ။ ဖုန်းချ လိုက်တော့ မယ်နော် ”


“ ဟုတ်ကဲ့ .. ဟုတ်ကဲ့ ”


အစ်ကိုကြီး ဆီမှ ဖုန်းချသံ ကြားရ၏ ။ သည်တော့မှ ကျွန်တော် ဖုန်းချ လိုက်သည် ။ ညဉ့်တစ်ဆယ့်နှစ်နာရီမို့  ပတ်ဝန်းကျင် က တိတ်ဆိတ်နေသည် ။ ကျွန်တော်သည် အပေါ်ထပ် လေသာဆောင်သို့ ပြန်တက်ခဲ့သည် ။ စောစောကထိုင်သော ကု,လားထိုင်တွင် ပြန်ထိုင် လိုက်၏ ။ ကျွန်တော်သည် သက်ပြင်းတစ်ခုကို လေးတွဲ စွာချလိုက်၏ ။ ပြီးမှ မျက်စိမှေးမှိတ်ကာ အတိတ်ဘဝ ဆီသို့ အတွေး ကို ပို့လိုက်သည် ။


× ×× × × × × × ×


သည်ရပ်ကွက်ထဲတွင် ဦးသာအောင် ဒေါ်စောမြတို့ မိသားစုကို မသိသူမရှိ ။ စကားပြောတတ်ခါစကလေးမှ သည် အသက်အရွယ် အိုမင်း နေသည့် လူကြီးပိုင်း အထိ သိကြသည် ။ မသိ ခံနိုင်ရိုးလား အဖေသည် သည် ရပ်ကွက်ထဲက မူလတန်းကျောင်း ကျောင်းအုပ်ကြီး တစ်ယောက် ဖြစ်သောကြောင့်တည်း ။ အဖေ့ကျောင်းမှ ထွက်သွားသော ကျောင်းသား အပေါင်းကား မနည်း တော့ ။ အချို့က အရာရှိကြီး ၊ တချို့မူ သာမန် အမှုထမ်း လက်လုပ်လက်စားများ ၊ ချမ်းသာကြွယ်ဝသူများ စသဖြင့် လောကဓံကို ကြုံသလို ကျသလို ခုခံချေပရင်း လောက သံသရာတွင် လည်ပတ်နေကြသည် ။ ကျောင်းမှထွက် သွားသော ကျောင်းသားများ၏ ဘဝက အဖုံဖုံ ပြောင်းလဲ သွားသော်လည်း ဇာတ်သရုပ်ကို အစဖော် ပေးသော က အဖေကား ပြောင်းလဲမှုမရှိ ။ ‘ တွံတေးသိန်းတန် ’ ၏ ရွာကျောင်းက ခေါင်းလောင်း နှင့်မခြား ။


အဖေက အနေအေးသည် ။ ကျောင်းဆရာ ပီသစွာ သူ့ ကျောင်းအလုပ် ၊ သူ့ ကျောင်းသားများအလုပ်နှင့်သာ ပျော်မွေ့ သည် ။ တခြား ဘာကိုမှ စိတ်ဝင်စားမှု မရှိ ။ မနက် ကျောင်းတက်ချိန်မတိုင်မီ နံနက် ၈ နာရီလောက် ကျောင်းသို့ရောက်ပြီး ညနေ ၅ နာရီလောက်မှ အိမ်ပြန် တတ်သည် ။ အိမ်ပြန်ရောက်သည်နှင့် အမေချပေးသော အစားအစာများကို စားသောက်ကာ စာဖတ် နေတတ်သည် ။ ရပ်ရေးရွာရေးကိစ္စများ ပေါ်ပေါက်လာလျှင် ရပ်ကွက်ထဲသို့ သွားတတ်ပြီး မရှိပါက စောစောအိပ်ရာ ဝင်တတ်သည် ။


လူလတ်ပိုင်း ရောက်မှ အိမ်ထောင်ပြုခဲ့ကြသော အဖေနှင့်အမေတို့တွင် အစ်ကိုကြီး ကိုကျော်မောင် ၊ ကျွန်တော် ကျော်ခေါင် ၊ ညီလေး ကျော်နောင် တို့ကို မွေး ခဲ့သည် ။ ကျွန်တော်နှင့် အစ်ကိုကြီးက နှစ်နှစ် ခြားသော် လည်း ကျော်နောင်နှင့် ကျွန်တော်မှာမူ ခြောက်နှစ်လောက် ခြားသည် ။ ကျွန်တော်တို့ကို မွေးခဲ့သော်လည်း အဖေ သည် ကျောင်းဆရာ အလုပ်ကိုသာ လုပ်ခဲ့ပြီး မည်သည့် စီးပွားရေးကိုမျှ မလုပ်ခဲ့ ။ လုပ်စရာလည်းမလို ။ ဟိုခေတ် ဟိုအခါက အဖေ၏ မူလတန်းကျောင်းအုပ် လစာသည် ကျွန်တော်တို့ မိသားစု ငါးယောက် အတွက် မပိုသော် လည်း မလောက်မငတော့ မဖြစ်ခဲ့ ။


အဖေ၏ ဆန္ဒအရ အမေ လည်း ဘာအလုပ်မှ မလုပ်ရ ။ စင်စစ် အပျိုဘဝတုန်းက အိမ်မှုကိစ္စ အဝဝကို သာ လုပ်ကိုင်ခဲ့သော အမေသည် အဖေနှင့် အကြောင်း ပါပြန်တော့လည်း ဘာမှမလုပ်ရသဖြင့် စီးပွားရေး လုပ်ငန်း ဘာမှ မလုပ်တတ် ။


သည်လိုနေလာရင်း အဖေ အသက်ငါးဆယ်ပြည့် သောနှစ်တွင် ကျွန်တော်တို့ မိသားစု ကြမ္မာရိုင်းနှင့် ကြုံတော့သည် ။ အဖေ ရုတ်တရက် ကွယ်လွန်သွားသော ကြောင့်တည်း ။ အဖေ ကွယ်လွန်သွားတော့ ကျွန်တော်တို့ မိသားစုသည် သောင်ပြင်လွှတ်သည့်ငှက်လို ဖြစ်တော့ သည် ။


အဖေရက်လည်ပြီးသောနေ့မှာပင် ကျွန်တော်တို့ မိသားစု ဘဝသည် တစ်ဆစ်ချိုး ပြောင်းတော့သည် ။


အဖေ၏ တပည့် တစ်ယောက်က အကြံဉာဏ် ပေးသဖြင့် အမေသည် ဈေးတောင်း ခေါင်းပေါ်တင်ကာ ဟင်းရွက်သည် ဘဝကို ခံယူရတော့သည် ။ မနက်စောစော ဟင်းရွက်ဖောက်သည် ပေးသော ယာခင်းများ ဆီသို့ အစ်ကို ကြီးနှင့်အတူ ဖောက်သည် သွားယူရသည် ။ အမေတို့ ယာတောသို့ ဟင်းရွက် ဖောက်သည်ယူ ထွက်သွားချိန် တွင် ကျွန်တော်က ထမင်းအိုး တည်ရသည် ။ ဟင်းရွက် ဖောက်သည် ယူပြီးသောအခါ ဈေးတောင်း ခေါင်းပေါ် တင်၍ ဈေးဆီသို့ ပြေးရောင်းရသည် ။


ရောင်း၍ရသော ငွေကြေးကလေးဖြင့် မီးဖိုဆောင် အသုံးအဆောင်များ ဝယ်ရသည် ။ အိမ်ရောက်တော့မှ ဟင်းလျာအတွက် စီမံချက်ပြုတ်ရသည် ။ ဟင်းချက်ပြုတ် ပြီးသောအခါ ကျွန်တော် ကြိုတင်ချက်ထားသော ထမင်း ကို မိသားစုဝိုင်းဖွဲ့ စားသောက်ကြရသည် ။ စားသောက် ပြီးသောအခါ ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်သည် လွယ်အိတ် ကိုယ်စီလွယ်ကာ ကျောင်းသို့ အပြေးတက် ရသည် ။ ကျောင်း မနေတတ်သေးသော ကျော်နောင်နှင့် အမေက အိမ်တွင် ကျန်ခဲ့၏ ။ ကျောင်းသို့ ရောက်တိုင်း အဖေ့ကို လွမ်းသဖြင့် မျက်ရည်ကျရသည်မှာ မရေတွက် နိုင်တော့ ။


အဖေဆုံးပါးသွားသော်လည်း အမေသည် ကျွန် တော်တို့၏ ပညာ သင်ကြားရေးကို မထိခိုက်စေရ ။ ကျားကုတ်ကျားခဲ ဖြင့် ကျောင်းထားပေးသည် ။ အဖေ ဖြစ်စေချင်သော ပညာတတ်ကြီးများဖြစ်စေရန် ပညာရေး ကို အားပေးသည် ။ အမေသည် မနက်ဘက်တွင် ဟင်း ရွက်ရောင်းကာ နေ့လယ်ဘက်တွင် အင်္ကျီကြယ်တံတပ် သည် ။ ညနေဘက်ရောက်ပြန်တော့ ဟင်းရွက်ရောင်း ထွက်ရ ပြန်သည် ။ အမေတွင် နားချိန်ဟူ၍မရှိ ။ အိမ်မှု ကိစ္စမှန်သမျှကို နေ့လယ်ဘက် ကြယ်တပ်ရင်း လုပ် ကိုင်၏ ။ အဖေ သက်ရှိထင်ရှားရှိစဉ်က အလုပ်မလုပ် ခဲ့ရသော အမေသည် ယခုတော့ ပင်ပန်းလေစွ ။ ကျွန် တော်တို့ကိုမူ ကျောင်းစာ မှလွဲ၍ မည်မည်ရရ ဘာမှ မခိုင်း ။


“ မင်းတို့ကို ပညာအမွေ ကလွဲပြီး အမေ ဘာမှမပေး နိုင်ဘူး ”


ဆင်းရဲစွာ လုပ်ကိုင် စားသောက်သော အမေ့ နှုတ်မှ တဖွဖွ သတိပေး ပြောကြားခဲ့သော မရိုးနိုင်သည့်စကား ဖြစ်သည် ။ ကျွန်တော်က ခုနစ်တန်း ၊ အစ်ကိုကြီးက ကိုးတန်းနှစ်ကို သတိရမိသည် ။ 


တစ်နေ့ တစ်နေ့ဆိုသည်က ရုပ်ရှင်ရုံတွင် ကား ကောင်းပြသောနေ့ ဖြစ်သည် ။ ဇာတ်ကား နာမည်တော့ မေ့နေပြီ ။ မင်းသားက ညွန့်ဝင်း ဖြစ်သည် ။ သည်နေ့ခင်း ကား ကောင်းသည် ၊ သူ့ ငယ်ချင်းတွေနှင့် ကျောင်းပြေး၍ ရုပ်ရှင်ကြည့်မည် ၊ ကျွန်တော် လိုက်ချင်လိုက် ဟု ပြောသည် ။ ကျွန်တော် တွေဝေနေမိ၏ ။ နောက်ဆုံးတော့ အစ်ကိုနှင့်ကျွန်တော် ရုပ်ရှင်လိုက်ကြည့်ဖြစ်၏ ။ ရုပ်ရှင် ပြီးတော့ ကျောင်းလွှတ်ချိန် ရောက်ပြီဖြစ်သဖြင့် ကျွန်တော်တို့ ညီအစ်ကို နှစ်ယောက် လွယ်အိတ်ကိုယ်စီ လွယ်ကာ ခပ်တည်တည် နှင့် အိမ်ပြန်ခဲ့သည် ။ ပိပိရိရိ ပင် ဖြစ်သည် ။ အိမ်ရောက်တော့ ထမင်းအဆင်သင့်စား ကြသည် ။ ညနေခင်း ရောက်သောအခါ အမေသည် ရပ်ကွက်ထဲသို့ အကြွေးအတောင်း ထွက်သည် ။ ပြန်လာ တော့ မျက်နှာမကြည်မလင်နှင့် ပြန်လာသည် ။ ပြီးတော့ ကျွန်တော်တို့ ညီအစ်ကို နှစ်ယောက်ကို ကြည့်ကာ မျက်ရည် ကျတော့သည် ။ တအောင့်ကြာမှ အမေ့ နှုတ်မှ စကား ထွက်လာသည် ။ 


“ ကျော်မောင် နင်တို့ ညီအစ်ကို နေ့လယ်က ဘယ် သွားလဲ ”


အစ်ကိုကြီးက ကျွန်တော့် မျက်နှာ ကြည့်သည် ။ ကျွန်တော်က အစ်ကိုကြီး မျက်နှာ ပြန်ကြည့်သည် ။ နှုတ်ကဖြင့် မည်သို့မျှ မဆိုနိုင်ကြ ။


“ ငါ မေးနေတယ်လေ ၊ ကျော်မောင် နင်တို့ ညီ အစ်ကို နေ့လယ်က ဘယ်သွားလဲ ”


အမေ့ အသံက ကွဲအက်နေ၏ ။ ကျွန်တော်တို့ ညီ အစ်ကို မလှုပ်ရဲတော့ ။


“ နင်တို့ညီအစ်ကို ဘာလုပ်လုပ် ငါသိနေတယ် ကျော်မောင် ။ အရပ်ထဲက ငါ့ကို ပြန်ပြောတဲ့လူတွေ အများကြီး ၊ နင်တို့အဖေရဲ့ တပည့်တွေအများကြီး ။ ကောင်းကြတာပေါ့ ၊ သိပ်ကို ကောင်းကြတာပေါ့ ။ ကျောင်းစာ ကြိုးစားဖို့ တဖွဖွပြောနေတဲ့ အမေ့ ရဲ့မျက်နှာ ကိုမှ အားမနာ လုပ်ရက်ပါပေ့ဟယ် ။ နင်တို့ကို ခဏခဏ ပြောတယ် ။ ငါ့မှာ ပညာအမွေကလွဲပြီး ဘာမှပေးစရာ မရှိဘူး ။ စာကြိုးစားကြပါဆိုတာလေ အခုတော့ စာ ကြိုးစား ပြတာပေါ့လေ ဟုတ်လား ကျော်မောင် ”


ကျွန်တော်တို့ မျက်နှာ မဖော်ရဲသဖြင့် ကြမ်းပြင်ကို သာ ကြည့်နေသည် ။


“ နင်တို့ကို ငါ ကျောင်းထားတာ သက်သောင့် သက်သာ ထားတယ်လို့ နင်တို့ ထင်နေလား ။ နင်တို့ရဲ့ စာအုပ်ဖိုး ၊ ကျောင်းစရိတ် ၊ စားဝတ်နေရေးအတွက် ငါ ဘယ်လောက် ရုန်းကန်လှုပ်ရှားနေရတယ်ထင်လဲ ကျော်မောင် နင်သိရဲ့လား ။ တစ်ခါတစ်ခါ နင်တို့ ထမင်း စားတာကောင်းရင် ငါ့မှာ မစားရတဲ့ရက် ရှိတယ်ဆိုတာ နင်မသိဘူး မဟုတ်လား ။ အဖေ လုပ်တဲ့သူက သူ့သား တွေ ပညာတတ်ကြီး ဖြစ်အောင် မျှော်မှန်းထားတာ အခု တော့ ရှင့်သားတွေလုပ်ပုံ ထကြည့်ပါဦး ကိုဘအောင်ရဲ့ ”


အမေက ပြောငို ငိုတော့သည် ။ အမေ ငိုတော့ ကျွန်တော်တို့ ညီအစ်ကို လိုက် ငိုတော့သည် ။ မိသားစု ငိုပွဲပေတည်း ။


ထိုနေ့မှစပြီး ကျွန်တော်တို့ ညီအစ်ကို ကျောင်း မပြေးရဲတော့ ။ စာကို နဂိုကထက် ပို၍ ကြိုးစားတော့၏ ။ အစ်ကိုကြီး ကိုးတန်း အောင်သော နှစ်တွင်ပင် မိသားစု ကုသိုလ်ကံက ကောင်းလားမပြောတတ် ။ အမေ ထီနှစ် သောင်းဆု ပေါက်၏ ။


အမေသည် ကုန်စိမ်းသည် ဘဝကို စွန့်လွှတ်ကာ အိမ်တွင်ပင် ကုန်ခြောက်ဆိုင် တည်သည် ။ အမေ ၏ ကြိုးစားရုန်းမှုကြောင့် ဆိုင်သေးသေးမှသည် ဆိုင်ကြီးကြီး ဖြစ်လာသည် ။ စီးပွားရေးအခြေအနေက တိုးတက်မြင့်မား လာသည် ။ အစ်ကိုကြီးကို တက္ကသိုလ် ပို့နိုင်သည် ။ အစ်ကိုကြီး က စာတော်သည် ။ ဆေးတက္ကသိုလ် ကျောင်းသား ၊ ကျွန်တော် က စီးပွားရေးတက္ကသိုလ် ကျောင်းသား ။ ကျောင်းတွေ အသီးသီးပြီးသောအခါ အမေ သဘောတူသော မိန်းကလေးများနှင့် အိမ်ထောင် ကျကာ တင့်တောင်းတင့်တယ် နေထိုင်လာနိုင်သည် ။ ကျွန်တော် အိမ်ထောင် ကျသောနှစ်မှာပင် အမေ့ကို အနားယူ ခိုင်းပြီး လုပ်ငန်း အားလုံးကို ကျွန်တော် ဦးစီး ခဲ့သည် ။


ကျွန်တော်တို့ညီအစ်ကိုနှစ်ယောက် ပညာချွန်၍ စာကြိုးစားသော်လည်း ညီငယ် ကျော်နောင်ကား တစ်မျိုး ဖြစ်သည် ။ အငယ်ဆုံးသား ကျော်နောင်ကို အမေက အလိုလိုက်သည်ဟု ကျွန်တော်ထင်၏ ။


ကျော်နောင်က ပေတေတေ ကပ်တတ်တတ် ဖြစ်သည် ။ အလုပ်တစ်ခုကို လုပ်မိက မည်သည့်အခါမှ နောက်မဆုတ်တတ် ။ ဇွတ်တရွတ်နိုင်သည် ။ ဇွတ်တရွတ် နိုင်သော ကျော်နောင့်ကို အမေက စိတ်ရှည်သည်းခံကာ ချော့မော့နှစ်သိမ့်တတ်၏ ။ ချော့မော့မှ သည်ကောင်က ရသည် ။ နို့မို့မရ ။ သည်ကောင်က တစ်လက်ကိုင်မြင်း ။ အမေ ပြောမှ ရသည် ။ ကျွန်တော်တို့ ပြော၍မရ ။ ဆယ်တန်းကို နှစ်ခါကျပြီး ကျောင်းထွက်ရသည် ။ အပြင်က ဖြေခိုင်းလည်း မရတော့ ။ ပညာရေး တစ်ပိုင်း တစ်စဖြင့် ကျောင်းထွက်လိုက်ပြီး အလုပ်မရှိ တစ်ရာ့ကိုး တစ်ရာ့တစ်ဆယ် ဖြစ်လာသည် ။


မနက်မိုးလင်း အိပ်ရာထ ၊ လက်ဖက်ရည်ဆိုင်သွား ၊ ထမင်းစားချိန်မှပြန်လာ ၊ ထမင်းစား ၊ စားပြီးတော့ထပ် ထွက် ၊ ညနေထမင်းစာချိန်ပြန်လာ ၊ ညစာစားပြီး ပြန်ထွက် ၊ အိပ်ချိန်ရောက်တော့မှ ပြန်အိပ် စသဖြင့် ဂျာအေး သူ့အမေရိုက်ဇာတ်လမ်း ဖြစ်လာတော့သည် ။


သည်တော့ အမေက တစ်မျိုး စီစဉ်ပြန်သည် ။ ကျော်နောင် ခြေငြိမ်အောင် အိမ်ထောင်ချ ပေးချင်ကြောင်း ကျွန်တော့်ကို ပြောသည် ။ ကျွန်တော်က “ အမေ အမေ့ သားကို မိန်းမ ပေးစားတာတော့ ဟုတ်ပါတယ် ၊ တော်ကြာ မိန်းမရပြီး ခြေမငြိမ်တော့မှ ပိုခက်မယ် ” ဟု ပြောတော့ ‘ ခြေငြိမ်သွားမှာပါ ’ ဟု ပြောပြီး အမေ သဘောတူသည့် မိန်းကလေးနှင့် အိမ်ထောင်ချပေးလိုက် သည် ။ တစ်အိုးတစ်အိမ် ခွဲပေးလျှင် အိမ်ထောင်သည်စိတ် ဝင်လာပြီး အလုပ် လုပ်မည်ဟု တွက်၍ အိမ်ခွဲပေးလိုက် သည် ။ သင့်တင့်လျောက်ပတ်သော ငွေကြေးပေးလိုက် သည် ။ ကျော်နောင်က အစတော့ ဟုတ်သည် ။ နောက် တော့ ခွေးမြီးကောက် ဇာတ်လမ်း ပြန်စသည် ။ တစ်စနှင့် တစ်စ အရက် ၊ လောင်းကစား ပါလာသည် ။ အရက် သောက်သည်ကို အမေသိ၍ ချော့ပြောတော့ ရှေ့တွင် ခေါင်းညိတ်၏ ။ ပြီးတော့ နောက်ကွယ်တွင် လုပ်ချင်ရာ လုပ်သည် ။ လောင်းကစားလုပ်သည်ကို အမေ မသိ ။ ကျွန်တော် က သိ၍ပြောတော့ ‘ ငါ့သားလေး ဒီလိုတော့ လုပ်မှာ မဟုတ်ပါဘူး ’ ဟု ပြန်ပြောသဖြင့် ကျွန်တော် နှုတ်ပိတ်ခဲ့ရသည် ။


ယခုလည်း ဒီကောင်ကြောင့် ပြဿနာတွေ မပေါ် သင့်ဘဲ ပေါ်ပေပြီ ။ မိသားစု စိတ်ညစ်စရာ ကြုံလာပေပြီ ။ 


ကျွန်တော် သက်ပြင်းချပြီး ခေါင်းခါမိ၏ ။ ဟိုး အဝေး မီးကင်းမှ သံချောင်းခေါက်သံ တစ်ချက် ကြားရပြီ ။ ထို့ကြောင့် လေသာဆောင်မှ ထကာ အိပ်ခန်းထဲသို့ ကျွန်တော်ဝင်ခဲ့သည် ။ တော်တော်နှင့် အိပ်ပျော်မည် မဟုတ် ။ အတော်ကြိုးစား၍ အိပ်ရပေဦးမည် ။


အစ်ကိုကြီးတို့ ကျွန်တော့် အိမ်ရောက်တော့ မနက် ၈ နာရီ ထိုးပေပြီ ။ အမေက မနက်အစောကြီး ကတည်းက ဥပုသ်ကျောင်း သို့ သွားပြီဖြစ်၏ ။ အစ်ကိုကြီးနှင့် အတူ သူ့ဇနီး ခင်မေခိုင် ၊ သား မောင်နိုင်သော်တို့ ပါလာ၏ ။


“ ကဲ…ဘာကိစ္စလဲ ညီလတ် ၊ အမေ ဘာဖြစ်လို့လဲ ။ အခု ဘယ်သွားလဲ ”


“ ပြောတာပေါ့ အစ်ကိုကြီးရာ ၊ အမေ ဥပုသ်စောင့် သွားတယ် ။ မပြောခင် အစ်ကိုကြီးကို ပြစရာရှိတယ် လာ ...  ”


ကျွန်တော်သည် အစ်ကိုကြီးကို လက်ဆွဲကာ အမေ့ အိပ်ခန်းဆီသို့ ခေါ်ခဲ့သည် ။ အိပ်ခန်းထဲ တွင် လက်ဆွဲ အိတ်တစ်လုံးကို ခုတင်ပေါ် တင်ထား၏ ။


“ အဲဒါ အမေလက်ဆွဲအိတ် ၊ အထဲမှာ သူ့အဝတ် အစားတွေ ”


“ အမေ ဘယ်သွားမလို့လဲ ”


“ အဲဒီကိစ္စအတွက် အစ်ကိုကြီးကို ပြောပြမို့လို့ ကျွန်တော် လှမ်းခေါ်တာပဲ ။ လာ ... ဧည့်ခန်းထဲ ပြန်သွားမယ် ၊ အဲဒီမှာ ပြောမယ် ”


ကျွန်တော်သည် အစ်ကိုကြီးကို လက်ဆွဲကာ ဧည့်ခန်းထဲသို့ ပြန်ခေါ်ခဲ့သည် ။ အစ်ကိုကြီးသည် ယောင်နန ဖြင့် ပြန်ပါလာကာ ကျွန်တော်၏ အမျိုးသမီးနှင့် အစ်ကို ကြီး၏ အမျိုးသမီးကိုပါ ခေါ်လိုက်၏ ။ အစ်ကိုကြီး၏ သားနှင့် ကျွန်တော်သားမှာမူ ခြံထဲ၌ ဆင်း ကစားနေ သည် ။


ဧည့်ခန်း၌ လူစုံသောအခါ ကျွန်တော်က စကား စသည် ။


“ အဖြစ်အပျက်ကို အစအဆုံး ကျွန်တော် ပြောပြ မယ် ၊ ဒီလို အစ်ကိုကြီးရ ။ ပြဿနာက ကျော်နောင်က စတာပဲ ။ ကျော်နောင်က အရက်သောက်တယ် ။ အဲ့ဒီ အရက်သောက်တာကို အမေလည်းသိတယ် ။ အမေ သိတော့ သူ သားကိုခေါ်ပြီး အရက်မသောက်ဖို့ ၊ စီးပွား ရေးလုပ်ငန်းကို ကောင်းကောင်းလုပ်ဖို့ ၊ အစ်ကိုကြီး တွေကို နမူနာယူဖို့ ပြောပြောပြီး ပြန်လွှတ်တာ ။ ကျွန်တော်တောင် မရေတွက်နိုင်ဘူး ။ ဒီကောင်က အမေ့ ရှေ့ရောက်ရင် ကြောင်သူတော်ပဲ ။ ပြောသမျှ အကုန်နား ထောင်တယ် ။ ခေါင်းညိတ်တာလည်း ပုတ်သင်က အရှုံး ပေးရလောက်တယ် ။ ပြီးသွားရင် ခွေးမြီးကောက် ဇာတ် လမ်းပဲ ။


“ အရက်သောက်တာ အမေသိပေမယ့် ဒီကောင် လောင်းကစားလုပ်တာ အမေမသိဘူး ။ မသိဘူးဆိုတာ ထက် မယုံဘူးလို့ ပြောရမှာ ။ ကျွန်တော်ပြောပြပေမယ့် သူက မယုံဘူး ။ ဒီတော့ ကျွန်တော်လည်း ဘာမှမပြော တတ်ဘူး ။ အလုပ်လုပ်လိုက် ၊ အရှုံးပေါ်တာလို့ လာပြော လိုက် ၊ ပြန်သွားလိုက် ၊ အလုပ်အကြောင်း အယောင်ပြ လိုက် ၊ ရှုံးတယ်လို့ပြောလိုက် ၊ အမေက ငွေထပ်ပေး လိုက်နဲ့ နှစ်ကြိမ် သုံးကြိမ် ဖြစ်လာတယ် ။ ဒီတော့ တစ်နေ့မှာ ကျွန်တော်က အမေ အမေ သား သိပ် မဟုတ်ဘူး ။ အလုပ်လုပ်တာ ရှုံးချည်းပဲနေတယ် ဆိုတာ မဟုတ်သေးဘူး ။ သူ့လုပ်ငန်းကို နည်းနည်း စစ်ကြည့်ရင် ကောင်းမလားပဲလို့ ကျွန်တော်ကပြောတယ် ။ ဒီတော့ အမေက သူတကယ်ရှုံးလို့ ရှုံးတယ်လို့ ပြောတာ ဖြစ်မှာ ပါလို့ ပြန်ပြောတယ် ။ အမေ့ရဲ့ ပုံပန်းသဏ္ဌာန် အေးတိ အေးစက်ပဲ ။ ဒါကို ကျွန်တော်က သိပ်သဘော မကျဘူး ။ ဟာ .. အမေကလည်း တစ်ခါဆို မဟုတ်သေး ၊ အခု နှစ်ခါ သုံးခါတောင် ရှိပြီ ။ ကြာရင် အမေရှာထားတဲ့ ပစ္စည်းတွေကုန်မယ်လို့ ကျွန်တော်က ထပ်ပြောတယ် ။ အဲဒီတော့မှ အမေက စိတ်ဆိုးမာန်ဆိုးပုံစံနဲ့ ဒီမှာ ကျော်ခေါင် ငါ့သားဖြုန်းတီးလို့ ငါ့ပစ္စည်းကုန်တာ ဘာဖြစ် သေးလဲ ၊ နင်နဲ့ ဘာမှမဆိုင်ဘူးလို့ ပြန်ပြောတော့ ကျွန်တော် ငြိမ်နေလိုက်ရတယ် ။


“ ဒီအကြောင်းတွေကို အစ်ကိုကြီးကို ကျွန်တော် မပြောခဲ့ဘူး ၊ တစ်ရပ်တစ်ရွာမှာ စိတ်ဆင်းရဲမှာစိုးလို့ ကျွန်တော် တစ်ယောက် တည်း ကြိတ်မှိတ်ခံခဲ့တယ် ”


“ အဲ ... ပြဿနာက တစ်နေ့ကစတာပဲ ။ တစ်နေ့က ဖဲဝိုင်းတစ်ဝိုင်းမှာ ကျော်နောင် ဓားထိုးခံရတယ် ။ ဒဏ်ရာက မပြင်းပါဘူး ၊ လက်မောင်းကို ရှပ်ထိတာပါ ။ ဖြစ်ပုံက သူတို့ဖဲကစားတယ် ၊ ထုံးစံအတိုင်း သူပဲ ရှုံးတယ်တဲ့ ။ ရှုံးတော့ ရှုံးမဲမဲပြီး ထပ်ရိုက်တယ် ၊ ထပ်ရှုံးတယ်တဲ့ ။ အဲဒီအချိန်မှာ ဘေးလူ တစ်ယောက်က သူ့ကို မခံချင် အောင် ပြောတယ်တဲ့ ။ ဒီတော့ သူက လက်သီးနဲ့ လှမ်း ထိုးတယ်တဲ့ ။ အဲဒီလူက သူ့ကို ဓားနဲ့ပြန်ထိုးတယ် ။ သူ့ကို ရှပ်ထိတယ် ။


“ အဲဒီအဖြစ်အပျက်ကို အိမ်လာပြီး အကြောင်းကြား တယ် ။ အမေလည်းရှိတယ် ။ ဒီတော့ ကျွန်တော်က စိတ် မထိန်းနိုင်ဘဲ လာအကြောင်းကြားတဲ့ လူကို ဟေ့ ... ဒီမှာ ကိုမြသန်း ဒီကောင့် အကြောင်း ကျုပ် လာမပြောနဲ့ဗျာ ၊ သူ့ဘာသာသူဘာဖြစ်ဖြစ် သေသွားအေးတာပေါ့လို့ ပြော လိုက်တော့ အမေက ထိုင်နေရာက ငေါက်ခနဲ ထပြီး ကိုမြသန်း နဲ့ လိုက်သွားတယ် ။ ကျွန်တော်က စိတ်ဆိုးနေ တော့ လိုက်မသွားဘူး ။ ဒါပေမဲ့ ခင်လေးကိုတော့ အမေ့ နောက်လိုက်သွားဖို့ မေးငေါ့လိုက်တယ် ။ ခင်လေးလည်း သူ့ယောက္ခမနောက် လိုက်သွားတယ် ။


ပြန်လာတော့ ဘာမှမပြောကြဘူး ။ ကျွန်တော် လည်း အကြောင်းအကျိုး ပြန်မမေးဘူး ။ အဲ .. နောက် တစ်နေ့ နေ့လယ် မနေ့ကပေါ့ ။ ကျွန်တော့်ကို အမေက သူ့အိပ်ခန်း ထဲခေါ်ပြီး ကျော်ခေါင် မနက်ဖြန် ဥပုသ်စောင့် ပြီးရင် သန်ဘက်ခါ ကျော်နောင်တို့ အိမ်ကို ငါပြောင်း နေတော့မယ်လို့ ပြောတော့တာပဲ ။ ကျွန်တော့်ကို စိတ်ဆိုး လို့လားလို့ မေးတယ် ။ ဒီတော့ အမေက စိတ်မဆိုးပါဘူး သားရယ် ။ အမေ ပြောင်းနေမှ ဖြစ်မှာမို့ပါလို့ပြောပြီး ကျွန်တော့်ကို သူ့ အိပ်ခန်းထဲက ထွက်သွားဖို့ ပြောတော့ တာပဲ အစ်ကိုကြီးရ ”


“ အေးကွာ … အမေက ဘာစိတ်ကူးပေါက်သလဲ မသိဘူး ၊ မင်းကိုကော စိတ်ဆိုးတဲ့ အမူအရာတွေ ပြသေး လား ” 


“ မပြဘူး အစ်ကိုကြီးရ ၊ ခါတိုင်းလိုပါပဲ ”


“ ဒါဆိုလည်း ခိုင်တို့ဆီကို ခေါ်ထားရင် မကောင်း ဘူးလား ကိုကို ”


“ လွယ်တော့ မလွယ်ဘူးထင်တယ်ခိုင် ၊ အမေက သိပ်ခေါင်းမာတာ ။ ဆုံးဖြတ်ချက် တစ်ခု ချပြီးရင် ပြင်လေ့ မရှိတာ အမေ့အကျင့်ပဲ ။ အေးလေ ... မနက်ဖြန်မှ ကြည့် ပြောကြတာပေါ့ ညီလတ်ရာ ”


ကျွန်တော်တို့ ညီအစ်ကို မိသားစု နှုတ်ဆိတ် သွား၏ ။ ဧည့်ခန်းထဲတွင် ကျောက်ရုပ်များနှယ်တည်း ။


× ×× × × × × × ×


ဧည့်ခန်းထဲတွင် မိသားစု စုံ၏ ။ ထုံးစံအတိုင်း ကျော်နောင် တော့ မပါ ။


“ ကဲ .. သားကြီးက အမေ့ ကို ဘာပြောချင်သလဲ ပြောလေ ”


“ ဒီလိုပါ အမေ ၊ မနေ့က ညီလတ်ပြောပြလို့ အကြောင်းစုံ သိပြီးပါပြီ ။ ကျော်နောင်ဆီမှာ အမေ သွားနေမယ် ဆိုတာ ”


“ အေး ... ဟုတ်တယ် ”


“ အမေရာ … ညီလေး ဆီတော့ သွားမနေပါနဲ့ ၊ သားတို့နဲ့ လိုက်နေချင်နေပါ ”


“ ဟုတ်ပါတယ် အမေ ၊ သမီးတို့နဲ့ လိုက်နေပါ ” 


ခင်မေခိုင်က ဝင်ပြောသည် ။


“ မဖြစ်ပါဘူး…သားတို့ ၊ သမီးတို့ရယ် ”


“ အမေက သားကို စိတ်ဆိုးလို့လား ၊ သားလည်း ရုတ်တရက် ဆိုတော့ စိတ်လိုက်မာန်ပါ ပြောလိုက်မိ တာပါ ” 


ကျွန်တော်က ချည့်နဲ့သော လေသံဖြင့် ပြောလိုက် သည် ။


“ ဒီမှာသား အမေဆိုတာ သားတို့ ၊ သမီးတို့အပေါ် မှာ စိတ်ဆိုးရိုးထုံးစံ မရှိခဲ့ဘူး သိလား ။ ပဒကုသလ ဇာတ်မှာ အဿမုခိ ဘီလူးမဟာ သူ့ကို ရင်ကွဲနာကျသေ အောင် ပစ်ခွာသွားတဲ့ သားကို အသက်မွေးမှု ပညာ မပါဘဲ လူ့ လောကထဲသွားရင် ဆင်းရဲဒုက္ခ တွေ့ မှာစိုးလို့ မိခင် မေတ္တာနဲ့ စိန္တာမဏိဂါထာ ကို သင်ပေးခဲ့တယ်မဟုတ်လား ။ အဲဒါ အမေတွေရဲ့ စိတ်ထားပါသား ”


“ သားတို့နဲ့ပဲ ဆက်နေပါ အမေရာ ။ အမေ စိတ် ချမ်းသာအောင် သားတို့ထားပါ့မယ် ။ ကျော်နောင့်ဆီ အမေ သွားနေရင် အမေ ဒုက္ခရောက်မှာပေါ့  ” 


“ ဒီ ဒုက္ခ တွေလောက်တော့ အမေ မမှုပါဘူး သားရယ် ၊ ကဲ ... အမေ ဘာကြောင့် ကျော်နောင်နဲ့ သွား နေတော့မယ်လို့ ဆုံးဖြတ်ရတဲ့ အကြောင်း သားတို့ကို ပြောပြမယ် နားထောင် ။


“ သားကြီးနဲ့ သားလတ်တို့ ပညာသင်ကြားရတဲ့ ဘဝတုန်းက အမေဟာ ပညာကို တွန်းတွန်းထိုးထိုး နဲ့ သင်ခိုင်းခဲ့တယ် ။ ဂရုတစိုက် စောင့်ကြပ်နိုင်ခဲ့တယ် ။ အမေတို့ စီးပွားရေး ကောင်းလာတော့ သားကြီးနဲ့ သားလတ် တို့က ဆင်ခြင်တုံတရား ရှိပြီး ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းတတ်နေပြီ ။ ဒါပေမဲ့ သားငယ် ကျော်နောင် ကတော့ သူ့ကိုယ်သူ မထိန်းသိမ်းတတ်သေးဘူး ။ ဒီတော့ စီးပွားရေးကို တစိုက်မတ်မတ် ဆောင်ရွက် နေရတဲ့ အမေ သားငယ်ကျော်နောင်ရဲ့ ပညာရေးကို မကြပ်မတ် နိုင်ဘူး ။ လျစ်လျူရှု လာတာတွေ များတယ် ။ ဒီတော့ သားငယ် စိတ်လေလာပြီး ပညာရေးကို စိတ်မဝင်စား တော့ဘူး ။ ဒါကြောင့် ပညာရေးဆုံးရှုံးခဲ့ရတယ် ။ ဒါဟာ အမေ့ရဲ့ ပထမဆုံး အားနည်းချက် အမှား ၊ ဒီအမှားက ဘာကို ဖြစ်စေသလဲဆိုတော့ သားငယ်ကို လမ်းမှားဆီကို တွန်းပို့သလို ဖြစ်နေတယ် ။ 


“ တစ်ခါ ကျော်နောင် ဒီလို ဖရိုဖရဲ ဖြစ်နေတာဟာ လွတ်လပ်လို့လို့ အမေထင်ပြီး သူ့ကို အိမ်ထောင်ရက် သားချပေးလိုက်တယ် ။ အဓိကက ခြေငြိမ်သွားပြီး စီးပွားရေးကို စိတ်ဝင်စားအောင် လုပ်တာပဲ ။ ငွေကို လက်ထဲ ထည့်ပေးလိုက်တော့ ပိုဆိုးတာပဲ ။ အဲဒါက ဒုတိယ အားနည်းချက် အမှား ...  ”


“ တစ်ခါတုန်းက သားလတ်ကို အမေပြောခဲ့တာ မှတ်မိသေးလား ၊ သားလတ်က “ အမေရှာထားတဲ့ ပစ္စည်းတွေကုန်မယ် ” လို့ပြောတော့ အမေက စိတ်ဆိုး မာန်ဆိုးနဲ့ ဒီမှာကျော်ခေါင် ငါ့သား ဖြုန်းတီးလို့ ငါ့ပစ္စည်း ကုန်တာ ဘာဖြစ်သေးလဲ ၊ နင်နဲ့ ဘာမှမဆိုင်ဘူးလို့ ပြောခဲ့တာလေ ။ အဲဒီအချိန်ကတည်းက သားငယ် ကျော်နောင့် အခြေအနေကို အမေ ရင်လေးနေမိတာ ။ သားလတ် ဘာမှ ပြန်မပြောရဲအောင် အမေက ပိတ်ပြော လိုက်တာ ။ အဲဒီ ကတည်းက ကျော်နောင် နဲ့ အတူ သွား နေရင် ကောင်းမယ်လို့ အမေတွေးတယ် ။ အခုမှပဲ ဆုံးဖြတ်ချက်ချတာ ”


“ ဒီမှာ သားတို့ လူနာနှစ်ယောက် ရှိတယ်ဆိုပါ တော့ ။ တစ်ယောက်သော လူနာကို ဆရာဝန်က ကုသလို့ ပျောက်သွားတယ် ။ လူနာ တစ်ယောက်ကတော့ ရောဂါကြီးလို့ ကုတုန်းသတုန်း ဆိုပါစို့ ။ အဲဒီလူနာ နှစ်ယောက် အနက် ဆရာဝန်က ဘယ်သူ့ကို ပိုဂရုစိုက်မလဲ ။ ကြပ် မတ်မလဲ စဉ်းစားကြည့်စမ်း ။ ဆရာဝန်ဖြစ်တဲ့ သားကြီးက ပိုသိမှာပေါ့ ။ ဒီလိုပါပဲ သားကြီးနဲ့ သားလတ်မှာ ကြီးမားတဲ့ ဂုဏ်သိက္ခာတွေ ၊ ရင့်ကျက်တဲ့အတွေ့ အကြုံ တွေ ၊ မှန်ကန်တဲ့ တွေးခေါ်မြော်မြင်တဲ့ တရားတွေရှိတယ် ။ အဲဒီသားတွေက မိမိရဲ့ သိက္ခာ ၊ အတွေ့အကြုံ ၊ တွေးခေါ် မြော်မြင်မှုတရားတွေကို စတေးခံပြီး မသင့်လျော်တဲ့ အလုပ်ကို လုပ်မလား ။ ဒီတော့ အမေက စိတ်ချတယ် ။ ဟိုအငယ်ကောင် ကျော်နောင် ဘာတရားမှ မရှိဘူး ၊ မသိဘူး ။ အဲဒီကောင်ကို အမေစိတ်မချဘူး ။ သူ့ကို ဂရုစိုက်ရလိမ့်မယ် သားတို့ ” 


အမေ့ အသံက လေးလေး မှန်မှန် ထွက်ပေါ်နေသည် ။ ကျွန်တော်တို့ ငြိမ်၍ နား ထောင်နေ၏ ။


“ ကျွန်တော်တို့က ဂရုမစိုက်ရဘူး မပြောပါဘူး ၊ ဂရုစိုက်ပါ ။ ဒါဆို ဒီလို လုပ်ပါလား ၊ ညီလေးကို ကျွန်တော်တို့နဲ့ ခေါ်ထား .. ”


“ အဲဒါက ပိုတောင် မဖြစ်သေးတယ် သားလတ်ရဲ့ ။ ‘ အသေဝနာစ ဗာလာနံ ’ လူမိုက်နဲ့ မပေါင်းသင်းရတဲ့ မင်းတို့နဲ့အတူနေရင် မင်းတို့ပါ အကျိုးယုတ်တော့ မပေါ့ ။ အရက်သမား ၊ လောင်းကစားသမား ဘယ်လာစိတ်ချရ မလဲ ။ အမေကကော့ တောင်းစုတ် ပလုံးစုတ်ကိုသာ ပစ်ရိုးထုံးစံရှိတယ် ။ သားဆိုး သမီးဆိုး ကိုတော့ ဘယ် တော့မှ ပစ်နိုင်ပါ့လဲ ။ အနီးကပ် သွန်သင်ဆုံးမ ရမှာပေါ့ ကွယ် ”


“ အမေ့သားက ဘယ်တော့ လိမ္မာမလဲ ၊ အမေဒုက္ခ ရောက်တာ အဖတ်တင်မယ် ”


“ သားကြီး ပြောတာ မှန်ပါတယ် ။ လူမိုက်ကို လိမ္မာဖို့ သိမ်းသွင်းရတယ် ဆိုတာ ကျောက်ခဲ ရေညှစ်သလို အလဟဿ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ် ။ ဒါပေမဲ့ သား ကြီးရယ် အမေ ငယ်ငယ်က လူကြီးသူမတွေ ပြောလို့ မှတ်သားဖူးတဲ့ ပုံပြင်လေးတစ်ပုဒ် ပြောပြမယ် ။ ဟို ရှေးရှေးတုန်းက ဂင်္ဂါမြစ်ရဲ့ ဘေး သစ်ပင်ကြီးတစ်ပင် မှာ ရှဉ့်တွေနေထိုင်ကြသတဲ့ ။ အဲဒီရှဉ့်အုပ်မှာ ရှဉ့်သားအမိ နှစ်ကောင် ရှိတယ် ။ တစ်နေ့တော့ ရှဉ့်သားငယ်ကလေး ဟာ သစ်ပင်ကြီးရဲ့မြစ်ဘက်ကို ထွက်နေသတဲ့ ။ သစ်ကိုင်းပေါ်မှာ ကစားရင်း ဂင်္ဂါမြစ်ထဲကို မတော်တဆ လွင့်စဉ် ကျသွားပါလေရော ။ ဒီတော့ ရှဉ့်အမေကြီးဟာ သူ့သားလေးကို ကယ်ဖို့ ကြိုးစားသတဲ့ ။ ဒါပေမဲ့ ဘယ်ရှဉ့်ကမှ ရေထဲကို ဆင်းမဆယ်ရဲဘူး ။ ရှဉ့်သားကလေးဟာ ရေစီးနဲ့မျောပါသွားတာ တဖြည်းဖြည်း အဝေးကို ရောက် သွားသတဲ့ ”


“ ကြံရာမရတဲ့ နောက်ဆုံးမှာ ရှဉ့်အမေကြီးဟာ ကပျာကယာ ဂင်္ဂါမြစ်စပ် ကိုဆင်း သူ့အမြီးကို ရေထဲ နှစ်လိုက် ၊ ကုန်းပေါ်မှာ ချလိုက် ၊ တစ်ခါ ရေထဲနှစ်လိုက် ၊ ကုန်းပေါ်ခါချလိုက်နဲ့ အကြိမ်ကြိမ် ပြုလုပ်သတဲ့ ။ အဲဒါကိုမြင်တဲ့ တခြားရှဉ့်တွေက ဟဲ့ ... ရှဉ့်မ မိုက်မဲလှ ချည့်လား ၊ နင့်သားလည်း ရေထဲ မျောပါသွားပြီ ။ နင် ဒီလို အမြီးကို ရေမှာနှစ်ပြီး ကုန်းပေါ်မှာ ရေခါချရုံနဲ့ ဂင်္ဂါမြစ်ကြီးထဲက ရေကုန်ခန်းသွားမှာလား ။ နင့်သား ကော အသက် ပြန်ရှင်လာပါ့မလား ။ မိုက်မဲလှချည့်လား လို့ အပြစ်တင်ကြသတဲ့ ။ ဒီတော့ ရှဉ့်မက သူ့ကို ဝိုင်းဝန်းအပြစ်တင်တဲ့ ရှဉ့်တွေကို ဒီမှာ ငါ့အမြီးနဲ့ ရေထဲမှာ နှစ်ပြီး ကုန်းပေါ် မှာ ခါချရုံနဲ့ ဂင်္ဂါမြစ်ကြီး ထဲက ရေတွေ မကုန်မှန်းလည်း ငါသိတယ် ။ ငါ့သားငယ် အသက်ပြန် ရှင်မှာ မဟုတ်ဘူး ဆိုတာလည်း ငါသိတယ် ။ ဒီလိုလုပ် လိုက်တာ အချည်းအနှီးပဲ ဆိုတာလည်း ငါသိတယ် ။ ဒါပေမဲ့ ငါဟာ အမေ ငါ့ရဲ့ပေါ့ဆမှုကြောင့် ငါ့သား အသက်ဆုံးရှုံး ရတယ် ။ ငါ့မှာ တာဝန်ရှိတယ် ။ ငါဟာ အမေတို့ရဲ့တာဝန်ကို ထမ်းဆောင်နေတာလို့ ပြန်ပြော လိုက်တယ်တဲ့ ။ အခုလည်း ကျော်နောင် ဟာ အမေရဲ့ တာဝန် လစ်ဟင်းမှု ၊ ဆုံးဖြတ်ချက် မှားယွင်းမှုကြောင့် မဖြစ်သင့်တာ ဖြစ်ပြီ ။ သူ လိမ္မာမယ် ဆက်ပြီး မိုက်မယ် ဆိုတာ အမေ မသိဘူး ။ ဒါပေမဲ့ အမေတို့ရဲ့ တာဝန် ဝတ္တရားအရ သူ့ကိုတော့ အနီးကပ် သွန်သင်ရမယ် ၊ ဆုံးမရမယ် ။ ဒါကြောင့် အမေ့ ကို ကျော်နောင့် ဆီပို့ပေး ကြပါ ”


အမေ့ နှုတ်မှ ပြတ်သားသော စကားကို ဆိုချေပြီ ။ ကျွန်တော် လည်း ဆက်ပြော၍ ရမည် မဟုတ်တော့ ။ ထို့ကြောင့် ညီလေး ကျော်နောင် ဆီသို့ အမေ့ကို ပို့ရန် ကျွန်တော်တို့ စီစဉ်ရပါတော့သည် ။


( ကွယ်လွန်သွားသော မေမေသို့ အမှတ်တရ )


⊙မောင်သင်းလှိုင် ( ပန်းတနော် )


ရွှေအောင်လံ မဂ္ဂဇင်း 

၁၉၉၉ ၊ ဇွန်လ


Wednesday, November 6, 2024

တစ်ခါက မာနရှင်


 

❝ တစ်ခါက မာနရှင် ❞
       ( ကြည်နိုင် )

“ ဘဝဇာတ်ဆရာ ဆိုသမျှ အလိုကျ
ငိုခဲ့ရ ကျွန်မဘ၀ပါရှင်  × × × × ×
သူတကာတွေ ပျော်ပျော်ရွှင်ရွှင်
မြော်မြင် အရေး ပေးခဲ့ပေါ့ရှင်  × × × × ”

ညဉ့်နက်လှပါပြီ ..

ကြယ်မစုံသော ညခင်း၏ လရောင် မှာ မှုန်ပျပျ သာ ။ နွေ ကုန်ကျွမ်း သွားပေမယ့် အအေးဓာတ်များ ကား ရောက်မလာကြသေးပေ ။

ခပ်လှမ်းလှမ်း ဗြောအငြိမ့်ထောင် ဆရာအိမ် မှ အငြိမ့်ခွင်တိုက်နေသံကြားရသည် ။ “ ဘဝဇာတ် ဆရာ ” သီချင်းကို သရုပ်ဖော် တိုက်နေကြဟန်တူ၏ ။ ပတ်မချက် ထုသံနှင့်အတူ လူရွှင်တော်ကြီး ၏ “ က ရမယ် ၊ က ကိုက ရမယ် ” ဆိုသည့် အသံသြကြီးလည်း သီချင်းသံ နှင့် အတူ လေထဲ ဝေ့ဝဲပါလာသည် ။ ဘာကြောင့်မှန်း မသိ ။ ဤအသံကြီးကား သူ့ ကို လှန့်နေသလိုရှိ၏ ။ ဘဝဇာတ်ဆရာ သည် လူကြမ်း ကြီးတဲ့လား ။

မင်းသမီးကလေး ၏ သီချင်းသံကား အငိုအရှိုက်တို့ဖြင့် ထံမွှန်းလျက် ။ သို့သော် အသံမှာ သေး ပြီး အရုတ်အသိမ်း မသပ်ရပ်လှ ။ အငိုအရှိုက် ကို ခပ်တင်းတင်းပြတ်ပြတ် မယူဘဲ အဆွေးအမြည့် နှော လျက် ဆွတ်ပျံ့ နေလျှင် ပိုကောင်းမည်ဟု သူ တွေးနေသည် ။

မင်းသမီးလေးကား ငယ်ပေလိမ့်ဦးမည် ။ အသံ မှာ သေးပြီး မပေါ်နိုင်ဘဲ
ဖြစ်နေသည် ။ တစ်ချက် တစ်ချက် ဟစ်လိုက်သည့် အခါမှသာ ပင်ကိုသံ ကို ဖမ်းမိနိုင်သည် ။ “ ဇ ”  ရှိသည့် အသံမျိုးပင် ။ ဤ အသံ မျိုးကို “ ဖော် ” ပေးတတ်ဖို့ လိုသည် ။မင်းသမီးလေး နှင့် ဘဝဇာတ်ဆရာ လူကြမ်းကြီး ၏ အပေးအယူ အဝင်အထွက် ခွင် လည်း ကွာဟ နေသည် ။

ကိုသက်မောင် အိပ်မရ ။ အသံ လာရာဆီ နားစွင့်ရင်း အိမ်ရှေ့လမ်းကလေးဝယ် ခေါက်တုံ့ လူးလာ လျှောက်နေမိသည် ။

သွားရ ကောင်းမလား ချီတုံချတုံ ဖြစ်နေမိသည် ။

“ တစ်ခါသေဖူး ပျဉ်ဖိုး ကို နားမလည်သေးဘူးလား ”

ကိုသက်မောင် ကိုယ့်ကိုယ်ကိုယ် ပြန်မေးနေမိသည် ။ ဆင်ခြင်သာ နေရသော်လည်း သူ့စိတ်ထဲ က မင်းသမီးကလေး ကို ဒီလို ဆို ၊ ဒီလို က ၊ အသံ ဒီလိုမြှင့် ၊ ဟန် ဒီလိုပင့် ၊ လက်ချိုးခြေကြွ ပြလိုက်ချင်စိတ် က ရုန်းကြွနေသည် ။

ဒေါင်းဥ ကို အုပ်မိ သဖြင့် စာသူငယ် ရင်ကွဲဖူးလေပြီ ။

ကိုသက်မောင် အမှတ်မရှိ ။ ရင်အနာ ကို ဘာနဲ့ ကုရသလဲ ။ ဥယျာဉ်မှူး စိတ်သည် သူ့ အား ရင်နာ စေခဲ့၏  ။ ထို စိတ်တို့ ယခုတစ်ဖန် ပေါ်လာပြန်ပြီ ။

လရောင် သည် ပို၍ မှိုင်းအုံလာလေသလား ။ သည်လို ညမျိုးကိုမှ
မှတ်မိနေပါသေးသည် ။

•••••   •••••   •••••

“ မာန်ဂုဏ်တွေသည် ယခုလို လူ့ဘဝယ်
လှတိုစိတ်တွေကိုဖယ် မာနရှင်တွေရယ်
သတိရစေဖို့ကွယ် ”

ဆရာကြီး က ယုံကြည်စိတ်ချလွှဲအပ်ထားသဖြင့် ဆရာကိုသက်မောင် မနားနိုင်ဘဲ ကြိုးပမ်းနေ မိသည် ။ အမျိုးသားနေ့ တွင် မြို့လယ်ရုပ်ရှင်ရုံကြီး၌ ကျောင်းပေါင်းစုံ ပဒေသာကပွဲ ပါသည် ။ ကိုသက်မောင်တို့ ကျောင်း မှ အငြိမ့်တစ်ခန်း နှင့် အော်ပရာတစ်ခန်း တာဝန် ယူထားသည် ။ ရှစ်တန်းကျောင်းသူ ရွှေမ နှင့် ဆယ်တန်းကျောင်းသူ ငွေမ တို့ ကို အငြိမ်းခန်းခွင် တိုက်ပေးပြီး အငြိမ့်ခန်း နှင့် ဆက်လျက် “ မာနရှင် ”  အော်ပရာ ကို တင်ဆက်ရန် ။

ကျောင်းသူမိန်းကလေးများ ပညာ မပြိုင်ဘဲ အဝတ်အစား ဂုဏ်တုဂုဏ်ပြိုင်ဖြစ်နေသည်ကို ပညာပေးရန် ဇာတ်တော် တစ်ခု ကို မှီးပြီး တင်ပြခြင်းဖြစ်၏ ။

မာနရှင်မင်းသမီး မှာ အလွန် ချော၍ မာနဂုဏ် မောက်နေသည် ။ သူ့ အလှကို
မက်မောသူများ ဝိုင်းပိုင်းလည်နေသည် ။ နောက်ဆုံး ဖူးစာရှင် မင်းသား တစ်ပါး ရောက်လာသည် ။ ပထမနေ့ ရွှေလင်ပန်းနှင့် တင်တောင်းသည် ။ မင်းသမီးကား မာနတင်းနေသည် ။ ဒုတိယနေ့ တွင် သည့်ထက် မက ရတနာ ပစ္စည်းများ နှင့် တင်တောင်းလိမ့်မည် ဟု မာနရှင် က ယူဆ၏  ။ သို့ သော် သူထင်သလို မဟုတ်ဘဲ မင်းသား က ငွေလင်ပန်း သာ ယူလာသည် ။ မာနရှင် က စိတ်ဆိုးသည် ။ တတိယနေ့ တွင် ကြေးလင်ပန်း သာ ယူလာတော့သည် ။ အကျိုးအကြောင်း မင်းသမီးက မေးသောအခါ .. ၊

“ အချိန်ကုန်သမျှမှာ ကွယ် ဆုတ်ယုတ်လေတယ်
မမြဲတဲ့တရားနဲ့ကွယ် နှိုင်းယှဉ်ဖွယ်
မာန်ဂုဏ်တွေရယ် ချိုးနှိမ်ဖို့ကွယ်
ဖြစ်လေရာ ယခုလို လူ့ဘဝဝယ်
လှတဲ့စိတ်တွေကိုပယ် မာနရှင်တွေရယ်
သတိရစေဖို့ကွယ် ××× ”

မင်းသား ၏ အခြံအရံမင်းသားလေးများ ယိမ်းက သီချင်း ဆိုပြီး သရုပ်ဖော် ကြမည် ။

ဆရာ ကိုသက်မောင် မှာ ရွှေမ တို့ အတန်းပိုင် ဆရာ ဖြစ်၏ ။ တယောအိုတစ်လက် ရင်ခွင်ပိုက် ထားသည့် အနုပညာသမား တစ်ဦး လည်း ဖြစ်၏ ။ အမေ ဒေါ်စောမြအေးကြည် ၏ တပည့်တစ်ဦး ဖြစ်ခဲ့ ဖူးသည် ဟု သူ့ အကြောင်း သာမန်မျှ သာ သိရသည် ။

မိမိတို့ ကျောင်း ဂုဏ်တင့် စေရန် ဆရာကြီး ၏ တိုက်တွန်းချက် ကို တက်ကြွထက်သန်စွာ ကိုသက်မောင် အလုပ် လုပ်ပါမည် ။

ဤမှာ ပြဿနာ စသည် ။ ရွှေမ နှင့် ငွေမ ညီအစ်မ ပြဿနာ ၊

“ ကျွန်မ က ညီအစ်မ ဖြစ်နေလို့သာ နို့မို့ ပြိုင်ကတယ် ။ အခုလည်း ဆရာ က သာ ခွင့်ပေးစမ်းပါ ။ ခွင် ထဲ မှာ ယှဉ်ပေးပါ ။ ရွှေမတို့ ဝေနေအောင် ကပြမယ် ။ ဆရာ က မမ ကို သိပ် အရေးပေးတာပဲ ။ ဒါပဲနော် ဆရာ ဆီးသီးကောက်တော့ မရဘူး ။ မာနရှင် လည်း ငွေမ ထက် သာအောင် သရုပ်ဆောင်ပြမယ် ”

ကိုသက်မောင် ခေါင်းယမ်းမိသည် ။

ရွှေမ က စိတ်ဆတ်သည် ။ သူ့ အကမှာ မြူးကြွသည် ။ လှအောင် ဝေဖြာယူတတ်သည် ။ ပတ်မချက် နှင့် သူ့ ခြေကျမှာ တစ်ထပ်တည်း ။ စခွံ့ချက် ကိုလည်း မလွတ်စေရ ။ ငွေမ ကတော့ လူကြီးဟန် ဣန္ဒြေ ကို ထိန်းသည် ။ ခြေကြွ လက်ချိုး နွဲ့ ၏ ။ အမြူး အကြွ ထက် နရီအအေး ကို ပို သန်သည် ။

ကိုသက်မောင် သက်ပြင်းလေးလေး ရှိုက်ဖြစ်၏ ။ အရွယ် ကို ငဲ့ပြီး စီစဉ်လျှင်
စိတ်ကောက်သည် က အရေးမကြီး ။ ငွေမ နှင့် အထင် လွဲ ပေလိမ့်မည် ။

ဆရာများ အစည်းအဝေး တွင် ခေါင်းချင်း ဆိုင်ကြရသည် ။ အငြိမ့်ခွင် တွင် မထောင်းတာလှ သော်လည်း အော်ပရာခွင်တွင် သဘာဝကျဖို့ မာနရှင်ဇာတ်ကောင် မှာ အရွယ် ခန့်ထည်မှု ၊ ဣန္ဒြေရမှု လိုကြောင်း တင်ပြကြ၏  ။ ဆရာကြီး က လည်း ဖျောင်းဖျသည် ။ ကိုသက်မောင် ခပ်လေးလေး ခေါင်း ညိက်မိသည် ။

ငွေလရောင်တို့ မှိုင်းမှုန်နေသော ည ။

ကျောင်းဝင်း ထဲ ဝယ် ဆရာ ဆရာမ များ နှင့် ကျောင်းသား ၊ ကျောင်းသူတို့ ချက်ပြုတ်ကြော်လှော် နေကြသည် ။ တစ်ဖက်ခန်း ထဲဝယ် တီးဝိုင်းတိုက်နေ၏  ။

ငွေမ ကို ဆရာကိုသက်မောင် အမူအရာ ပြပေး နေရသည် ။ မှန်စီရွှေချညောင်စောင်းဆီ လှမ်း ပုံ ၊ ဟန်ယူပုံ ။ မာနရှင် မျက်နှာထား ၊ က ကွက် သရုပ်ဖော်ဝင်ပုံ ။

ကကွက် သရုပ်ဖော် တွင် ငွေမ မှာ သတိထားလွန်း အားကြီး၍ ခပ်တောင့်တောင့် ဖြစ်နေသည် ။ ခွင် မကျနိုင် ။ စိတ် ကို လွတ်လွတ်လပ်လပ်ထားဖို့ ၊ နည်းနည်းငဲ့ ကာ လက်ဟန်ထား မကျသဖြင့် ကိုသက်မောင် ဖြုန်းခနဲ လက်ဟန် ကိုင်ပြီး ပြင်ပေးလိုက်သည် ။ လှမ်းပုံပြရာတွင် ယှဉ်တွဲ ပြီး လှမ်းလိုက်ရသည် ။

ရွှေမ ထောင့်တစ်ထောင့် က ထိုင်ကြည့်နေရာမှ ရုတ်ခနဲ ထသွားသည် ။ ယခုမှ သတိရသည် ။ သူ နှင့် ငွေမ အရွယ်မှာ မတိမ်းမယိမ်းပါလား ။ သရုပ်ဖော် ခွင်တွင် စိတ်ဝင်နစ်မိသဖြင့် ပတ်ဝန်းကျ င်ကို မေ့လျော့သွားသည် ။ အလိုက်မသိသည့် ဆရာမ အပျိုကြီး ဒေါ်ခင်တင့် က လက်ခုပ်တီး သြဘာပေး နေသည် ။ ရွှေမ က တော့ စိတ်ကောက် သွားပြီ ။

တစ်ခန်းရပ် သောအခါ အပေါ့အပါးလေး သွားမည့်ဟန်ဖြင့် မသိမသာ
ထွက်ခဲ့ကာ ကျောင်းဝင်း တွင် ရွှေမ ကို လှည့်ရှာရသည် ။

ကျောင်းအခန်းတွင်း တွင်သာ ဆရာ ၊ ဆရာမ တို့ အသံ ၊ တီးဝိုင်းသံ တို့ ဖြင့် ညံနေသော်လည်း အခန်းအပြင် ကျောင်းဝင်းကြီး အတွင်းသား ငြိမ်တိတ်နေသည် ။

မှုန်မွှားမွှား လရောင် အောက် သရက်ပင်ကြီး ခြေရင်း မှ မည်းမည်းသဏ္ဌာန် ။
အဝေးကို ငေးမျှော် နေဟန်တူ၏ ။ ဆရာကိုသက်မောင် သက်ပြင်း တစ်ချက် ချကာ အသာပင် လျောက်သွား ရပ်လိုက်သည် ။ မှုန်မှိုင်းမှိုင်း လရောင်ဝယ် စိမ်းမှောင်နေသော မျက်ခုံးထူကြီး နှင့် ထောင့်ကျကျ မေးရိုးတို့ မှာ ထင်းနေ သည် ။

“ ဆရာ့ ကို စိတ်ဆိုးသွားသလား ကလေး ၊ တို့ ကျောင်းကြီး ဂုဏ်မြင့်မှာ မင်းမလိုလားဘူးလား ။ တကယ်တော့ မာနရှင် ဟာ မင်း ဖြစ်ထိုက်ပါတယ် ။ ဒါပေမဲ့ ရွှေမ ရယ် .. မာနရှင် ဟာ မာန သာ မက ဣန္ဒြေ ရဖို့ ၊ တည်ငြိမ်ဖို့ ၊ လေးနက်ဖို့ လိုသေးတယ်မဟုတ်လား ။ အနုပညာစိတ် ဆိုတာ ပြည့်ဝရမယ် ။ ကလေး စိတ်ကို ဖျောက်မှပေါ့ကွယ် ”

ဆရာကိုသက်မောင် ပြောနေစဉ် ဆရာ့ မျက်နှာကို ရွှေမ စိုက်ကြည့်နေသည် ။
မျက်နှာထား က မူ အလျော့ပေးလိုဟန် မရှိ ။ အသက်ရှူသံ ပြင်းနေသည် ။

“ ဟုတ်ပါတယ် ။ ရွှေမတို့ က မတည်ငြိမ်ပါဘူး ။ ဆရာ့ ငွေမ လို ဣန္ဒြေရှင်ကြီး
မဟုတ်ပါဘူးတဲ့ ။ ရင် ထဲ ရှိတာ ဘွင်းဘွင်း ပြောလိုက်မယ် ဆရာ ”

ဖြုန်းခနဲ ရွှေမ ထ ရပ်လိုက်သည် ။ ကိုသက်မောင် ရှေ့ ရင်ဆိုင်လိုက်သည် ။
မာနမေးရိုးကလေး များ တင်းနေ၏ ။

“တော်တော် ရွှေမ ၊ မာနရှင် အော်ပရာ တင်တာ မာန ကို နှိမ်ဖို့ကွ ၊ မာန ကို
ဇောင်းပေးဖို့ မဟုတ်ဘူး မိရွှေမ ရဲ့ ၊ နားလည်လား ”

ရွှေမကား အဝေးသို့ ပြေးထွက်သွားသည် ။

ကျောင်းခန်းတွင်း မှ ယိမ်းတိုက်သံကား အပြင်သို့ လွင့်လာတော့၏  ။

“ မာန်ဂုဏ်တွေထည် ယခုလို လူ့ဘဝရယ်
လှတဲ့စိတ်တွေကိုပယ် မာနရှင်တွေရယ်
သတိရစေဖို့ ကွယ် .. ”

•••••   •••••   •••••

အတိတ် ၏ တိမ်ရိပ်တို့ကား တရိပ်ရိပ် ဖြတ်သန်းသွားခဲ့ကြပြီ ။

သုခုမနယ်တွင် အလှီး အခုတ် ၊ အရှုပ်အထွေးတို့ဖြင့် ထွေးလုံးရစ်ပတ်လျက်
ပညာရှင်တို့ ငွေရှင့် မျက်နှာ ကြည့်နေရသည် ။

ကိုသက်မောင် မှာ မာနရှင် အော်ပရာ တင်ရင်း မာနရှင် နှင့် ဆုံခဲ့ရ၏  ။ တက်ကြွမှု ၊ ထက်မြက်မှု ကို နှစ်သက်သော်လည်း မပြည့်ဝမှု ကို အားမပေးချင် ။

အငြိမ့်ခွင်တွင် ငွေမ ကို ခေါင်းဆောင် နေရာပေးခဲ့၏  ။ သို့သော် မာနရှင် အော်ပရာ တင်ဆက် သောအခါ ငွေမ မထွက်ခင် ရွှေမ အရင် ထွက်ခဲ့သည် ။ အံကျ တိုက်ထားသည် ခွင် မဟုတ် ။

ဆရာကိုသက်မောင် အံ့သြ ရင်မ နေရသည် ။ ပရိသတ်ရှေ့မှောက် ရောက်နေပြီ ။ တားဆီးချိန် မရလိုက် ။ ရင်မ ရင်း သာ ကြည့်နေရတော့သည် ။

မာနရှင်မင်းသမီး ကို ခစားသည့် အပျိုတော်ဟန် ။ သို့ သော် ခွင် အတွင်းဝယ် ငွေမ ကို ပို့ပေးရမည့်အစား ခွင် ကိုယ့် ဆီ ရောက်ရန် ဖမ်းချုပ်သည် ။ ပရိသတ်အာရုံ ကိုယ့် ဆီ ရောက်ပြီ ဆိုမှ “ သခင်မ လာချိန်နီးပါပေါ့ ” ဆိုပြီး အမျှော်ဆိုက်သည် ။ ငွေမ မျက်နှာ မကောင်း ။ သည်နေရာမျိုး၌ အရည်အချင်း တူလျင် ကြည့်မောင်းမည် ။ သို့သော် ရွှေမကား မိမိဘာသာ မဝေဆာတတ် ၊ သင်ရိုးအတိုင်း ဆက်သည် ။ ဆရာသည် နည်းနိသျှ ကို သာ သင် ၍ ရ၏  ။ အနုပညာ အသက်ဝင်မှု ဝိညာဉ် ကို ကိုယ့်ဘာသာ ဖြာယူရသည် ။ မည်သို့ ဖြစ်စေ ဆရာ ရွှေမ ကို မကျေနပ် ။ ဆရာ့ ခွင် ကို ရွှေမ ဖျက်ခဲ့ပြီ ။ ခွင်ကျ တိုက်ထားခြင်း မဟုတ်သဖြင့် ကွာဟခဲ့ရ၏  ။

အပေးအယူ အနုပညာ ၏ အင်အား ကို နားမလည်ဘဲ အတ္တကို ရှေ့တန်းတင် သဖြင့် ခွင် မှာ လပ်ဟာ သွားရသည် ။ မာနရှင်အော်ပရာ ထင်သလောက် မအောင်မြင် ခဲ့ ။

ထိုညက အော်ပရာ ပြီးသည့်တိုင် ရွှေမ ကို ဆရာ စကားမပြော ။ ငွေမ ငိုသည် ကိုသာ နှစ်သိမ့် ခဲ့သည် ။

ဆရာကိုသက်မောင် နားလည်အောင် လည်း မရှင်းချင်တော့ပါ ။ သူ့ ကို အပြစ် တင်လိုက တင်ကြ ပါစေတော့ ။ ပညာရဲရင့် မှ ပွဲလယ်တင့်မည် ကို ရွှေမ  မသိ ။ ရဲ သာ ရဲ သည်  ။ ပညာမြင့်အောင် နှိမ့်ချလေ့လာမှု မရှိ ။ သတ္တိ ကိုသာသိ၍ ဗျတ္တိ ကို မသိသော ရွှေမ အား ဆရာ ကျောခိုင်းခဲ့ရသည် ။

•••••   •••••   •••••

“ ညဉ့်ဦးယံကတည်းက xxx ခဲလေသမျှ သံရေကျ
xxx က ခဲ့ ရ ရောင်နီပေါ်ဆံ xxx ပင် xxx ”

ဆရာကိုသက်မောင် မှားခဲ့လေပြီလား ။ ဆရာ့ ခွင် ကို ကျော် သဖြင့် ဆရာ့ စကား ကို နားမထောင် သဖြင့် ဆရာ့ ခံစားမှု တစ်ခုတည်း ဘက် က ကြည့်၍ ဆရာ ဆုံးဖြတ်မှားခဲ့ပြီလား ။ ပန်းကောင်း တစ်ပွင့် ၊ ကျောက်ကောင်း တစ်စေ့
အလေ့ကျ အဖြစ် ခံရတော့မလား ။ ရွှေမ ကို စိတ်နာ သော်လည်း ဥယျာဉ်မှူး စိတ်တို့ မဆိတ်သုဉ်းခဲ့ ။

ထို ဥယျာဉ်မှူး စိတ်ကြောင့်ပင် တယောအို တစ်လက် သာ အဖော်ပြုခဲ့သော ဆရာကိုသက်မောင် ဗြောငြိမ့်ထောင်ဆရာ ခယ တောင်းပန်သည် ကို လက်ခံကာ သူ့ သမီးလေး ဆိုဖို့ သီချင်း တစ်ပုဒ် ရေး ပေးပါမည် ဟု ကတိပေးလိုက်၏  ။ မာနကြီးသော ဆရာ ကိုယ်တိုင် သူ့ မာန ကို ပြောင်းခဲ့သည် ။ လက်တွေ့ တွင်တော့ မရေးဖြစ်သေး ။

ငွေလရောင်တို့ မှိုင်းမှုန်နေသာ ယခုလို ညမျိုးမှာ မှ ဘဝဇာတ်ဆရာ သီချင်း ကို ဆိုနေသည့် ပန်းရိုင်းလေး တစ်ပွင့် ၏  အသံကို ကြားနေရ၏  ။ တောက်မည့် မီးခဲကလေး ဟု ကိုသက်မောင် သိသည် ။ သို့ သော် ရိုးတာ နေသည့် ဘဇာတ်ဆရာခွင်ဟောင်းကြီး အား ပြောင်းပစ်ရလိမ့်မည် ။ ဘဝဇာတ်ဆရာ ထံ ဒူးထောက်နေရသည့် သရုပ်ဖော်ချက် ကို ဆရာကိုသက်မောင် မကြိုက် ။ ပရိသတ် အတွက် လည်း မဲပြာပုဆိုး ဖြစ်လောက်ပြီ ။ ဘဝဇာတ်ဆရာ ဆိုသည့် လူကြမ်းသရုပ်ဆောင်ချက်ဟောင်းကြီး ကို လည်း တွန်းလှဲ ပစ်ရပေလိမ့်မည် ။

အနုပညာမှု ခန်းခြောက်နေသော ခွင်ဟောင်းကြီး ကို ပြောင်းလျက်
တောက်ပသစ်လွင်သော အနုပညာများ ဖွံ့ဖြိုး လာရန် ကြိုးပမ်းမှု ကို တက်ကြွထက်သန်သော ပရိသတ်အပေါင်းသည် ကောင်းချီးသြဘာ ပေးလိမ့်မည် ဟု ယုံကြည်နေသည် ။

ဆရာကိုသက်မောင် အငြိမ့်ခွင် တိုက်ရာ ဆီ သို့ သွားရန် ခြေလှမ်း ပြင်လိုက်လေတော့သည် ။  ။

⎕ ကြည်နိုင်

📖 ရှပ်ရှင်မျက်မှန် မဂ္ဂဇင်း
      ၁၉၈၇ ခု ၊ မတ်လ

.

ပြန် မဆပ်တာ အကောင်းဆုံးပဲ



 

❝ ပြန် မဆပ်တာ အကောင်းဆုံးပဲ ❞

ဤ ဇာတ်လမ်း ကား အလွန် ရိုးစင်းသော ဇာတ်လမ်း ဖြစ်ပါလေ၏ ။

အဖျား ဆွတ်ပြီး ကောက်ချက် အမြန် မချလိုက်ပါနဲ့ဦး ၊ စာ ကို ဆုံးအောင် ဖတ်ကြည့်စေချင်ပါတယ် ။

“ ဘယ်လို ဘယ်လို အစ က ပြန်ပြောစမ်းပါဦး ”

ဇူလိုင်လ ၁ဝ ရက် နေ့ က ကျွန်တော့် အစ်ကိုကြီး ဦးဘိုညို တို့ အိမ် ရောက်သောအခါ ဦးဘိုညို ၊ သူ့ မိန်းမ နှင့် ကျွန်တော် မောင်ချမ်းသာ ။

“ ဟုတ်တယ် ၊ ဟုတ်တယ် ၊ ကို ချမ်းသာရယ် ၊ ဘာမှ မျှော်လာဘ် မရှိဘူး ။ ပြန် ရနိုင်စရာ အကြောင်း ကို မရှိဘူး ”

“ ကိုရွှေမောင် က ငွေ တစ်သောင်း ချေးပါလို့ ပြောတယ် ၊ အဲဒါ ကျွန်မ စဉ်းစားတယ် ၊ တစ်သောင်း ထုတ် ချေးလိုက်ပါပြီ တဲ့ ၊ သူ့ ဟာ ဘယ်တော့ ပြန် ဆပ်မှန်း မသိ ၊ ဆပ်နိုင် လောက် တဲ့ စီးပွားရေး လဲ မရှိ ၊ အဲဒါနဲ့ ဦးဘိုညို ကို ... ”

“ ငါလဲ သဘောပေါက်တယ် ကွ ၊ ဟေ့ကောင် လောလောဆယ် ဥကြက်မတွေ ထည့်ထားလို့ ငွေ မလည်သေးဘူး ၊ အခု ငါ့ မှာ ရှိတဲ့ ငွေနှစ်ထောင် ယူသွား ၊ ပြန် မဆပ်နဲ့ တော့ကွာ လို့ ပြော ပြီး ငွေ နှစ်ထောင် ထုတ်ပေး လိုက်တယ် ”

“ အေးဟုတ် ငါ့ မိန်းမ ခင်မိငယ် က လဲ ငွေ တစ်ထောင် မင်းလိုပဲ ပြန် မဆပ်နဲ့ ဆိုပြီး ထုတ်ပေး လိုက်သေးတယ်ဟ ”

ကျွန်တော်တို့ ညီအစ်ကို စကားလက်ဆုံ ကျ ။ သဘောချင်း က တော့ အတူတူပါပဲ ။

“ ဒါဆိုတော့ကွာ ၊ တစ်ခါတည်း နဲ့ ဒီလို နည်းနည်းလေး အဆုံး ခံ လိုက်တော့ နောင်မှာ များများကြီး မဆုံးရတော့ဘူးပေါ့ကွာ ”

ဤသည် ကား မျှော်လမ်း မရှိသော ငွေလာချေးသူ ကို တစ်ခါ တည်း အပြတ် ဖြတ် ပစ်လိုက်သော နည်းဖြစ်လေ၏ ။

မောင်ချမ်းသာ ဘဝဇာတ်လမ်း အသက် ၆၃ နှစ် ရှည်ကြာပြီ ဖြစ်သော ခရီးအတွက် ... ။

လွန်ခဲ့သော အနှစ် နှစ်ဆယ် လောက် က လုပ်ဖော်ကိုင်ဖက် ဘဝ တူ ကြက်သမား ( ကြက်မွေးမြူရေး သမား ) တစ်ဦး က ငွေ ကျပ် ၅၀၀ အရေးတကြီး လာ ချေး သွားလေ၏ ။ ထိုစဉ်က ကြက်သား တစ်ပိသာ ၁၅ ကျပ် ၊ ကြက်အရှင် ၁၂ ကျပ်ဈေး ခေတ် ။

ထို ငွေ ကျပ် ၅၀၀ ၊ ယနေ့ အထိ မရတော့ပါ ။ လူချင်း တွေ့ပါ၏ ။ သူ ကလည်း မပေးပါ ။ ကျွန်တော် က လည်း မတောင်းပါ ။

ဘာကြောင့် မတောင်းပါ သနည်း ။ ကျွန်တော် က တောင်းမည် ။ သူ က အကြွေး ဆပ်မည် ဆိုပါ က ပထမ အကြွေး ကျပ် ၅၀၀ ကို အပ် ၍ နောက် တစ်ကြိမ် ကျပ် ၁၀၀၀ ထပ် ချေးလိမ့်မည် ။

တစ်ထောင် ကို ဆပ်ပြီးသော အခါ ကျပ် ၂ဝဝဝ ချေးလိမ့်ဦးမည် ။ ထိုသို့ ထပ် မချေး လို၍ မတောင်းခြင်း ဖြစ်ပါ၏ ။

တူတော်မောင် တစ်ယောက် က ငွေ ကျပ် တစ်ထောင် ချေးသွား ။ ယနေ့ ၁၅ နှစ်ကြာသည် အထိ မဆပ်ပါ ။ လမ်း မှာ တွေ့တော့ ပြုံးဖြဲဖြဲ ဗျာ့ ။

မဆပ် နေလေ နောက် တစ်ခါ ထပ် မချေးရတော့ဘူးပေါ့ ။

ကျောင်းနေဖက် သူငယ်ချင်း တစ်ယောက် ဘုန်းကြီးပျံ မှာ ဆုံမိ တော့ သူများတွေ အလှူငွေ ထည့် ကြတော့ သူ က လည်း လှူ ချင်တယ် ။

“ ဟေ့ကောင် ငချမ်း ငါ့ နာမည် နဲ့ ထည့်လိုက်ကွာ ၊ ငွေတစ်ထောင် ”

မောင်ချမ်းသာ စက်ရုံရပ် ကျပ် ၁ဝဝဝ ၊ မောင်မြင့်မောင် စမ်းချောင်းရပ် ကျပ် ၁၀၀၀ စာရင်း မှာ ရေး ၊ ကျွန်တော် က ငွေ ကျပ် ၂ဝဝဝ ထုတ်လို့ ပေး ။

၁၉၉၃ ခုနှစ် တပို့တွဲလ က ချေး ခဲ့တာ သည် နေ့ အထိ ပြန်မပေး တော့ပါ ။

သူ က တော့ မရှိဆင်းရဲ လို့ မဟုတ်ဘူး ဗျာ့ ၊ ချမ်းချမ်းသာသာ စားနိုင်သောက်နိုင်ကြီးပါဗျာ ။ တမင် ကို ကပ်နေတာ ခင်ဗျာ့ ၊ သိသာတယ် ။

တောရွာ က မိတ်ဆွေလေး တစ်ယောက် က တော့ သူ့ သား မြွေပွေးကိုက်လို့ ဆေးရုံ တက် ကုရ တော့ အိမ် ပေါ် အပြေးအလွှား တက်လာ ။

ငွေ ၅ဝဝဝ ပေးပါ ။ နှမ်း ပေါ် လျှင် ပြန်ဆပ်ပါမယ် ပေါ့ ။

သေရေး ရှင်ရေး ဆို တော့ သည် က လည်း ငွေ ကျပ် ၅ဝဝဝ အလွယ်ပဲ ထုတ် ပေးလိုက် ။

မှတ်မှတ်ရရ ၁၉၈၄ ခုနှစ် က ဗျာ့ ၊ ဒိုင်ယာရီ ပြန် လှန်တိုင်းတွေ့မိပါ့ ။

နှမ်းတွေ အလီလီ ပေါ်ခဲ့ပေါ့ ။ အကြိမ် ၂ဝ ကျော်ခဲ့ပေါ့ ။

လူ လည်း မလာ ၊ ငွေ လည်း မရောက် ။

တကယ်ဆို ဗျာ ၊ အကျိုးအကြောင်းကလေး တော့ လာပြောဦး ပေါ့နော် ၊ ကျွန်တော့် ဘက် က အတွေး ။

ဟုတ်ဖူးဗျို့ ၊ ပြန် စောင်း တောင် လှည့် မကြည့် ။

အမယ် ယောက်ဖလေး တစ်ယောက် ( နှမ အငယ်ဆုံးလေး ရဲ့ ယောက်ျား ) ကတော့ ... ။

တစ်နေ့ ( ပဲကြီးတွေ ပေါ်ချိန် တပေါင်းလ ) ပဲကြီး သုံးတင်း ဆိုက်ကား နဲ့ တင်လာ ။

“ ဟေ့ ဖိုးချစ် ဘာတွေလဲ ဟ ”  

“ ပဲကြီးတွေ အစ်ကို ”

“ ငါ ပဲကြီး မလှော်တော့ဘူးလေ ” 

“ မဟုတ်ဘူး အစ်ကို ပဲကြီး ပေါ်တော့ ပေးမယ် ဆိုပြီး အစ်ကို့ဆီ က ငွေ သုံးထောင် ယူသွားတာ ၊ လွန်ခဲ့တဲ့ ဆယ်နှစ် လောက် က ” 

“ ဟာ ငါ မမှတ်မိ ”

( အမှန် တကယ်ပင် မမှတ်မိတော့ပါ ။ )

“ မမှတ်မိ မှတ်မိ ယူလိုက်ပါ ”

“ ဟေ့ အေးကွာ မင်း ဘာသာ ရောင်း သုံးလိုက်ပေတော့ ၊ ငါ မှ မမှတ်မိတာကြီး ကို ”

ဤသို့သော ဇာတ်လမ်းပေါင်း များစွာ နှင့် နှစ်ပေါင်း ၆၀ ကျော် ကို ကျော်ဖြတ်ခဲ့ရပါလေ၏ ။

( သည် စာ ကို ဖတ်မိပြီး လာ မဆပ်ကြပါနဲ့ ခင်ဗျာ ။ )

⎕ မောင်ချမ်းသာ

📖 ကုမုဒြာ ဂျာနယ်
      ၂၉ ဇူလိုင်လ ၂၀၀၅

.

အထိန်းတော်


 

❝ အထိန်းတော် ❞
    ( မနှင်းဖွေး )

မှတ်မိသမျှ ပြောရမည် ဆိုလျှင် မေအေး လူမှန်း သိ ကတည်း က ကလေး ထိန်းခဲ့ရသည် ။

ညီအစ်ကို မောင်နှမ ဆယ်ယောက် ရှိသည့် အနက် မေအေး က သမီး အကြီးဆုံး ဖြစ်သည့် အလျောက် အမေ က သူ့ အောက် နှစ်နှစ် တစ်ကြိမ် မှန်မှန်ဖွားသော မောင်လေး ညီမလေးများ ကို ထိန်းခဲ့ ကျောင်းခဲ့ရသည် ။

အမေ သည် ကလေး တစ်ယောက် ဖွားပြီး ကလေး တစ်ခါလည် ကျော် ကျော် ရောက်လျှင် အမေ့ ဗိုက်သည် ပုံ့ပုံ့ကလေး ပူလာကာ ထို ကလေး နှစ်ခါလည် အရ တွင် နောက် တစ်ယောက် ဖွားသည် ။ တစ်ဖန် နောက် တစ်ယောက် အခါလည် ကျော်ကျော် တွင် အမေ့ ဗိုက် ပုံ့ပုံ့လေး ပူလာ ပြန်သည် ။ ပြီး ထို ကလေး နှစ်ခါလည် အရောက် တွင် နောက် တစ်ယောက် ဖွား ပြန်သည် ။ ဤ နှုန်းထား အတိုင်း နှစ်နှစ် တစ်ကြိမ် အမေ မှန်မှန် ဖွားခဲ့သည် မှာ သားသမီး ဆယ်ယောက် ရ မှ အမေ  ရပ်တော့သည် ။

အမေ တို့ ခေတ် တုန်း ကတော့ သားသမီးများ သည့် အတွက် တစ်ရံတစ်ဆစ်မျှ မညည်းညူခဲ့ ။ သားသမီး တစ်ယောက် တိုးတိုင်း တိုးတိုင်း ပွဲရုံ က ပို၍ ပို၍ အဆင်ပြေသည် ။ စီးပွား ဖြစ်လာသည် ဟု ယုံကြည် သည့် အတိုင်း လာသမျှ သားသမီး ကို ဝမ်းပန်းတသာ ကြိုဆို လက်ခံခဲ့သည် ချည်းဖြစ်သည် ။

အမေ က မွေးအား ကောင်းကောင်း နှင့် မွေးသည် ဆိုတော့လည်း မေအေး မှာ က မောင်ငယ် ညီမငယ်များ ကို မနားတမ်း ထိန်းရတော့သည် ။

အိမ် က ပွဲရုံ ဆိုတော့ လူ စုံသည် ။ ဧည့်ပရိသတ် က လည်း မည်သည့်အခါမျှ မစဲပေ ။ အိမ်ဖော် ခေါ်ထားသည့် အပြင် အလကား လာ ကူညီသူ ဒု နဲ့ ဒေး ရှိပေမယ့် အမေ က သူ့ ကလေးကို လူစိမ်း နှင့် စိတ် မချတတ်ပေ ။ လူစိမ်း လည်း အကိုင် မခံလိုပေ ။ ကလေးများ ကို လည်း အကြောင်း ကိစ္စ မရှိ ဘဲ အိမ် ပေါ်မှ အောက်ထပ် ကို ဆင်းခိုင်း လေ့ မရှိ။

အဖေ တော ဆင်းသည့် ကိစ္စ ၊ ကြွေးမြီ တောင်းသည့် ကိစ္စ နှင့် အိမ် မကပ်နိုင်သည့် အချိန် တွင် အမေ က ပွဲရုံ ကို ကြီးကြပ်ရသည် ။ သည်တော့ အမေ  အလုပ် မပျက်ရအောင် မေအေး မှာ ကျောင်းစာ တစ်ဖက် နှင့် ကလေးထိန်း အလုပ် ကို လုပ်ရတော့သည် ။

စေ့စေ့တွေး တော့လည်း မေအေး ဘဝ တွင် မောင်ညီမလေးများ ၏ ပုခက် ကို လွှဲရင်း ၊ ထိန်းကျောင်းရင်း ၊ ထမင်းခွံ့ရင်း ၊ ကလေးတွေ နှင့် တရုန်းရုန်း နေရင်း လူလားမြောက် ခဲ့ ရသည် သာဖြစ်သည် ။

အပျိုရွယ်လေး ရောက် တော့ ရွယ်တူ မိန်းကလေးများ နှယ် အလှပြင် ချိန် လည်း ပြောပလောက်အောင် မရခဲ့ ။ ဝတ်ကောင်းစားလှ ဝတ်၍ မည်မည်ရရ လမ်း လည်း မထွက်ခဲ့ရ ။ ထွက် လည်း ကလေး တန်းလန်း နှင့် မို့ ဟုတ်ဟုတ် ဟတ်ဟတ် အပျို ပင် မလုပ်ခဲ့ရချေ ။

အမေ ကလေး မွေး ရပ်ပြီး ကလေးငယ် လက်လွတ်ရတော့ မေအေး  ၏ အသက် က ၂ဝ ရှိ နေပေပြီ ။

•••••   •••••   •••••

ကလေးထိန်း ရသည့် ဒုက္ခ ငြိမ်း၍ အပျို လုပ်မည် ကြံရုံရှိသေး ။ မေအေး မိဘများ က သူ့ ကို အိမ်ထောင်ပြုဖို့ နားချ လေသည် ။ အိမ်ထောင်ပြုရမည့် သူ က သူတို့ မြို့ ကို မကြာခင် က ပြောင်းရွှေ့လာ သော မြို့ပိုင် ကိုအံ့မောင် နှင့် ဖြစ်လေသည် ။

စတင် ကမ်းလှမ်းသူ က ယောက်ျားလေး ဘက် မှ ဆွေမျိုးများ ဖြစ်သည် ။ အပြောကောင်း အစပ်ကောင်း သူတွေ ဖြစ်သည် ။

မေအေး ကို အလှူ တစ်ခု မှာ မြင်ဖူး ကတည်း က သမီး လို တူမ လို ချစ် နေကြောင်း ၊ အလွန်တရာ မိန်းကလေး ပီသ၍ အိမ်ထောင်မှု နိုင်နင်းသည် ဟု ကြားသိရသဖြင့် သဘောက လှကြောင်း ၊ တစ်ဖက်ကလည်း ကိုအံ့မောင် လို အနယ်နယ် အရပ်ရပ် ပြောင်းရွှေ့ အမှုထမ်း နေသော လူငယ် အရာရှိ အဖို့ မတော်တရော် နှင့် တွေ့သွားမှာ စိုးရိမ်ကြောင်း ၊ မေအေး နှင့် သာ အိမ်ထောင်ချထား ပေးလျှင် လူကြီးများ အသေဖြောင့် နိုင်ကြောင်း ၊ ကိုအံ့မောင် အကျင့်စာရိတ္တ နှင့် ပတ်သက်၍ တော့ လုံးဝ တာဝန် ယူကြောင်း စသည် ဖြင့် အပြော ကောင်းကောင်း နှင့် စပ်ဟပ်ကြသည် ။

အမေ နှင့် အဖေ ကတော့ စီးပွား ရှာ တတ်သော်လည်း ခေတ်ပညာ ၊ အတန်းပညာ ကိုတော့ ဟုတ်ဟုတ်ငြားငြား မတတ်ကြ ။ ဆွေမျိုးသားချင်း ထဲ က လည်း ခေတ်ပညာတတ် မရှိ သလို ရာထူးရာခံ နှင့် လူ လည်း မရှိပေ ။

ထို့ကြောင့် မြို့ပိုင် တစ်ယောက် က အလေးတယူ ကမ်းလှမ်းသည် ကို ဝမ်းသာအားရ ဖြစ်ကြသည် ။ သမီး ကို မြို့ပိုင်ကတော် ဖြစ်စေချင် သလို သူတို့ ကလည်း မြို့ပိုင် ယောက္ခမ ဖြစ်လိုလှသည် ။

မေအေး က အပျိုဘဝ နှင့် ပင် လွတ်လွတ်လပ်လပ် နေပါရစေဦးဟု တောင်းပန်သည် ကိုပင် မရဘဲ ‘ အရွယ် ရှိတုန်း ၊ ကမ်းလှမ်းသူ ရှိတုန်း ယူ ’ တဲ့ ။ ‘ သီးချိန်တန် သီးရမတဲ့ ၊ ပွင့်ချိန်တန် ပွင့်ရမတဲ့ ’ ၊ ‘ သမီးကညာ အခါမလင့်စေရ ’ စသည် ဖြင့် တိုးတိုး တစ်သွယ် ၊ ကျယ်ကျယ် တစ်မျိုး ဝိုင်းနားချတော့ နောက်ဆုံး မေအေး မှာ စိတ်ရှုပ်ရှုပ် နှင့် ပင် ခေါင်းညိတ် လိုက်လျော လိုက်ရ လေတော့သည် ။

ရာထူးဂုဏ်သိမ် ကြောင့် မျက်နှာ ပွင့်သော ကိုအံ့မောင် နှင့် ငွေကြေး အတော်အသင့် ချောင်လည်သော ပွဲရုံပိုင်ရှင် ၏ သမီး မေအေး တို့ ၏ မင်္ဂလာပွဲ သည် သူတို့ မြို့ကလေး မှာ တော့ အစည်ကားဆုံး နှင့် ပြောစမှတ် အရှိဆုံး မင်္ဂလာဆောင် တစ်ခု ဖြစ်လေသည် ။

သစ္စာစကား ကို ဆိုရပါလျှင် သူတို့ လက်ထပ်ပြီး နောက် တစ်နေ့ ကူး မှ ကိုအံ့မောင် ၏ မျက်နှာ ကို မေအေး စေ့စေ့ ကြည့်ဖူးခြင်း ဖြစ်လေသည် ။

လက်မထပ်ခင် စပ်ကြား အိမ် ကို ရောက်လာဖူး သော်လည်း ရှက်ရွံ့စိတ်ဖြင့် သူ့ မျက်နှာ ကို မော့ မကြည့်ခဲ့။

မျက်နှာ ကို မော့မကြည့်ရဲ ရုံ မက ချစ်မှန်း မချစ်မှန်း ပင် ရေရေရာရာ မသိဘဲ လက်ထပ်ခဲ့ရာ တစ်လ လောက် ပေါင်းသင်းပြီး မှ ကိုယ့် မောင် ကို သူ ချစ်နေရော့သလား ဟု စဉ်းစားစ ပြုမိသည် ။

အခုမှ သေချင်စော် နံသည် ။ ဝေဒနာ ကြောင့် အမြဲ တကျည်ကျည် ငို နေသော ကလေး ကို ကြည့်၍ လည်း ရင်နာ ရသည် ။

ကလေး နှစ်ခါလည် တွင် ကိုအံ့မောင် ရန်ကုန် ပြောင်းခွင့် ရသည် ။ ရန်ကုန် ရောက်မှ ကလေးဆေးရုံကြီး တင်၍ ကျကျနန ကု ဖြစ်သည် ။ သမားတော်ကြီးများ ၊ ပါရဂူကြီးများ ၏ ကျေးဇူး ကြောင့် ကလေး ပြန်လည် ကျန်းမာလာသည် ။ တောင့်တင်းလာသည် ။ ကျောင်း ထားသည့် အရွယ် တွင် လုံးဝ နေကောင်း သွားလေသည် ။

ထို ကလေး ကျောင်း ထားသည့် လ မှာ တင် စတုတ္ထကလေး က မေအေး ၏ သွေးသား တွင် ရစ်တွယ် လာပြန်သည် ။

သည် တစ်ခါ မေအေး  စိတ်ပျက်လက်ပျက် ဖြစ်ရသည် ။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် လိုပင် မလိုချင်တော့။ ကြိုပင် မကြိုချင်တော့။

နောက်ဆုံး ကလေး အဖြစ် ယူလိုက်ပြီး သည့် နောက် ဆရာဝန် နှင့် တိုင်ပင်၍ ကိုအံ့မောင် ကို သားသမီး မရစေအောင် ခွဲစိတ် လိုက်ရတော့သည် ။

•••••   •••••   •••••

သားသမီး ဆိုသည် က လည်း ငယ်စဉ် က တစ်မျိုး ထိန်းရသလို ကြီးတော့ လည်း တစ်မျိုး ထိန်းရသည် ပင် ။

ငယ်စဉ် က တော့ မိမိ မျက်စိ အောက်တွင် ထိန်းရပြီး ကြီး တော့ မျက်စိ ကွယ်ရာတွင် မမြင်မစမ်း မှန်းဆ၍ ထိန်းရသည် ။

အပေါင်းအသင်း မမှားဖို့ ၊ ကျောင်းမှန်မှန် တက်ဖို့ ၊ ကျူရှင် မလစ်ဖို့ ၊ ပညာဆုံးခန်း မတိုင်မီ ထွေလာကေလာတွေ စိတ်မကူးဖို့ တဖွဖွ သတိ ပေးနေရသည် ။

သည်လို နှင့် သားသမီးတွေ အပြိုင်းအရိုင်း အထက်တန်းကျောင်း ရောက်ကြ ၊ တက္ကသိုလ် ရောက်ကြ နှင့် သမီး တတိယနှစ် ရောက်မှ မိမိ မေ့လျော့ နေသော အသက် ကို ဆန်းစစ် ကြည့်တော့ အသက် ၄ဝ တင်းတင်း ပြည့် နေကြောင်း ကို သိရလေသည် ။

•••••   •••••   •••••

အနောက်နိုင်ငံ မှာ တော့ အသက် ၄၀ မှ ဘဝ စ သည် ဟု ဆိုကြသည် ။
မိန်းမ ဆိုလျှင်လည်း ကျက်သရေ ရှိရှိ နှင့် အလှပန်း အပွင့်ဆုံး အချိန်တဲ့ ။

သို့သော် ဒေါ်မေအေး  တစ်ယောက် မှာ တော့ လင်ကိစ္စ ၊ သားကိစ္စ ၊ အိမ်မှုကိစ္စတွေ ထဲမှာ ဘဝ ကို မြှုပ်နှံထားမိရကား ခန္ဓာကိုယ် သည် တစ်နေ့ တခြား ဝ လာကာ ပုံပျက်ပန်းပျက် ဖြစ်လာ သဖြင့် ဘယ်သူ ပြိုင်လို့ ဝပါ တော့နိုင် အဖြစ် ကို ရောက်နေလေပြီ ။

ဒေါ်မေအေး က ပုံပျက်ပန်းပျက် ဝ နေပြီး အလှပျက် နေချိန်တွင် ဒေါ်မေအေး ထက် ကြီးသော ဦးအံ့မောင် ကတော့ အရွယ် မကျဘဲ နုပျိုဆဲ ပင် ။ တစ်နည်းအားဖြင့် နုပျိုအောင် ကြိုးစား နေဆဲပင်။

ဆံအဖြူ ကို ဆိုးဆေးဖြင့် မရမက မည်းစေပြီး အရောင်နုနု အကွက် စိပ်စိပ် ပုဆိုးများ ကို တမင် ရှာ ဝတ်၍ မိမိ ဘာသာ ငယ်ရုပ် ဆင်လေသည် ။

“ အသက်ကြီး လို့ ဆံပင် ဖြူတာပဲ ရှင် ၊ ဖြူပါစေတော့ ။ ဘာပြုလို့ သဘာဝ ကို ထားဆီး ချင်ရတာလဲ ၊ နောက်ပြီး ရှင် လိမ်းလိမ်း နေတဲ့ ဆံပင်နက်တဲ့ ဆေး က နံတယ်ရှင့် ” ဟု ပြောလျှင် ...

“ နံတယ်လား ၊ ဒါဆို မဖြစ်ဘူး ၊ အနံ့ ပျောက်အောင် ရေမွှေး ဆွတ်မှ ” ဟု ဆိုပြီး အသက်ကြီး မှ ရေမွှေးနံ့ တသင်းသင်း ဖြစ်နေပြန်သည် ။

“ ရှင့် ပုဆိုး က အဆင် မနုဘူးလား ” ဟု မျက်စောင်း ထိုး၍ ပြောလျှင်လည်း ...

“ ဟ ... မင်း သားတွေက အရောင်ရင့်ရင့် အကွက်ကြီးကြီးတွေ ဝတ် နေမှ တော့ ငါ အဖေ ဒါတွေ မဝတ် ဘာဝတ်ရမလဲ ” ဟု ဆင်ခြေပေးကာ ပုဆိုး နှင့်တိုက်ပုံ ဖက်ရှင် ဖြစ်အောင် အရောင်ဆင်တူ ရွေး ဝတ်လိုက်သေးသည် ။

ရာထူးဌာန က ကြီးမြင့်လာ တော့လည်း အလုပ်ဇယား ရှုပ် ပြ၍ ကောင်းလာသည် ။ ဂေါက်ကွင်း တို့ ၊ ဂုဏ်ပြုပွဲ တို့ ၊ ညစာစားပွဲ တို့ ကလည်း ခါ တိုင်းထက် စိပ်လာသည် ။

အိမ် မှာ နေသည့် အချိန်ထက် အပြင် ထွက်သည့် အချိန် က ပိုများလာသည် ။ အိမ် ကပ်ချိန် က ခပ်ရှားရှား ။

သည်တော့ ဒေါ်မေအေး မှာ ယခင်က အမှတ်တမဲ့ နေခဲ့ သလောက် ယခုတော့ ကိုအံ့မောင် နှင့် ပတ်သက်သော သတင်း ကို နားစွင့် ရသည် ။ သူ့ တပည့်တပန်းတွေ ထံ ချော့မော့၍ မေးမြန်း စုံစမ်းရသည် ။ နှစ်ယောက် အတူ တက်ရမည့် ပွဲလမ်း မှန်သမျှ ကြိုးစား၍ လိုက်ရသည် ။ ခါတိုင်း ထက် သူ့ကို ပြုစုပြရပြီး အိမ်မြဲ ဖို့ သိမ်းသွင်းရ ပြန်သည် ။

တစ်သက်လုံး မိမိ ခန္ဓာကိုယ် အချိုးအဆ စ်ကို ဂရုမစိုက်ဘဲ ပစ်ထား ရာမှ အစား လျှော့၍ လေ့ကျင့်ခန်း ယူကာ ပြန် ထိန်းရပြန်သည် ။ ကိုအံ့မောင်ရှေ့တွင် ခါတိုင်းလို ဖြစ်ကတတ်ဆန်း မနေဝံ့တော့ဘဲ အမြဲ သနပ်ခါး ဖုန်ဖုန်သ ပြီး သပ်သပ်ရပ်ရပ်ကလေး နေဖြစ်အောင် သတိထားရ ပြန်သည် ။

သိပ် ယုံကြည်လှသည် မဟုတ်သော်လည်း ဓာတ်ဆင် ဓာတ်ရိုက် ကောင်းသည် ဆိုသော ဆရာများ ထံ ချဉ်းကပ်၍ ဆင်စရာ ရှိတာတွေ ဆင်ရသည် ။ ရိုက်စရာ ရှိ ရိုက်ရသည် ။ ငွေ အကုန်အကျ ခံကာ ယတြာ ချေဖို့ လိုလျှင်လည်း ချေရသည် ။ ဆေးဖယောင်းတိုင် ပင် မလွတ်စေရ ။

ဪ ... တကယ့် တကယ် တော့ လူကြီး ထိန်းရသည့် အလုပ် က ကလေး ထိန်းရသည့် အလုပ်ထက် များစွာ ခက်ကြောင်း ကို ဒေါ်မေအေး  ကိုယ်တွေ့ ကြုံ မှ သိလာရလေသည် ။

•••••   •••••   •••••

သားတွေ သမီးတွေ အပြိုင်းအရိုင်း နှင့် ဘွဲ့ ကိုယ်စီ ၊ အလုပ်အကိုင် ကိုယ်စီ နှင့် ဖြစ်ကုန်လေပြီ ။

တစ်ယောက်မျှ တော့ ဟေ့ဟော့ရမ်းရမ်း ဆိုးဆိုးဝါးဝါး မဖြစ်ပေ ။ အားလုံး လိမ္မာရေးခြား ရှိကြတော့ ဒေါ်မေအေး စိတ်ချမ်းသာရသည် ။

သမီး အကြီးဆုံး ကို သူ့ ချစ်သူ ဆရာဝန်လေး နှင့် အိမ်ထောင်ချ ပေးပြီး ကတည်း က သမီး အတွက် စိတ်အေးသွားရပြီ ။

သမီး က သူ့ ခင်ပွန်းနှင့် အတူ ပုသိမ်မြို့သို့ လိုက်ပါသွားသော နေ့ က စိတ်မကောင်းလှသော်လည်း သမီး ကို မတော်တရော်တွေ နှင့် တွေ့မှာ စိုး သည့် ဒုက္ခ မှ ကင်းလွတ်သွားပြီ ဖြစ်သဖြင့် ကျေနပ် ဝမ်းမြောက် ကာ ဟင်းချခဲ့ရသည် ။

ကျန်သည့် သား သုံးယောက် က လည်း မဆိုး ။

သား အကြီးဆုံး က အင်ဂျင်နီယာ ၊ ကျောင်းနေဘက် အင်ဂျင်နီယာမလေး တစ်ဦး နှင့် မေတ္တာမျှ နေသည် ။ မိန်းကလေး က မျိုးကြီး ဆွေမျိုး ၊ ရှေ့နှစ် လက်ထပ်ကြမည် ။ သား ၏ ယောက္ခမလောင်းများ က နိုင်ငံခြား တွင် အလုပ် ရဖို့ စီစဉ်ထားသည် ။ ငါးနှစ်ခန့် ငွေ သွား ရှာရ ကြမည်တဲ့ ။

ဒုတိယသား ကျတော့ ငယ်ငယ် က ချူချာ သလောက် ယခု ဒေါင်ဒေါင်မြည် ။ စစ်တက္ကသိုလ် မှ ဆင်းပြီး လေတပ် တွင် ပြန်တမ်းဝင် အရာရှိ ဖြစ်နေပေပြီ။ လောလောဆယ် တော့ မိတ္ထီလာ တွင် တာဝန်ကျ နေသည် ။ သူ့ အတွက် လည်း စိတ်ချရပြီ ။ သူ လည်း သူ နှစ်သက်ရာ ယူပါစေ ။

အငယ်ဆုံး သားက လူကောင် ညှပ် သလောက် စာ တော်သည် ။ သင်္ချာ ဘာသာ ဖြင့် မဟာသိပ္ပံဘွဲ့ ရပြီးပြီ ။ သူ က ကျူရှင်ဆရာ ။ သူ့ အလုပ် က ပင်ပန်းသလောက် နာမည်လေး ရလာတော့ ဝင်ငွေ က အကောင်းသား ။

ရသမျှ ပိုက်ဆံ အမေ့ လက် အကုန်အပ်သည် ။ အပြင် မှာ သာ ဆရာ ဖြစ် နေသော်လည်း အိမ် မှာ တော့ တကယ့် ကလေး ။ အငယ် လည်း အငယ် ဆုံး မဟုတ်လား ။ မိန်းမ မယူဘဲ အမေ့ ကို တစ်သက်လုံး လုပ်ကျွေးမည် ဟု ချွဲသည် ။ ဟုတ် မဟုတ်တော့ မသိ ။ သူ့ စကား ကို သူ ဘယ်နေ့ ရုပ်သိမ်းမည်လည်း မပြောတတ် ။ အမေ ဆိုတော့လည်း သား က သည်လို ချွဲလျှင် ကြားရသည့် အခိုက်တော့ ပီတိ ဖြစ်ရသည် ပေါ့ ။

ကလေးတွေ နောင်ရေး စိတ်အေးရ သလို အဘိုးကြီး ခြေငြိမ် သွားသည့် အတွက်လည်း ပို၍ ဝမ်းသာရ ပြန်သည် ။

အလျင်လို အပြင် သိပ် မထွက်တော့ဘဲ အိမ်မြဲ လာသည် ။ သွေးတိုး ရောဂါ လက္ခဏာတွေ ပြပြလာတာကြောင့် တစ်ကြောင်း ၊ သူ နှင့် သက် တူရွယ်တူတွေ သွေးတိုးကြောင့် နှလုံးကြောင့် ဖြုတ်ခနဲ ဖြုတ်ခနဲ ကြွေ သွားသည် ကို မျက်ဝါးထင်ထင် မြင်ရတာတွေကြောင့် တစ်ကြောင်း ၊ အရက် ကို လည်း သူ့ သဘော နှင့် သူ ဖြတ်လိုက်သည် ။ ပြီးခဲ့သည့် နှစ် သင်္ကြန်တွင်း သူတို့ ဌာန က ဒုလ္လဘရဟန်းခံပွဲ တွင် ပါဝင်၍ ပဉ္စင်းခံ လိုက်သေး သည် ။ ကုသိုလ်ရေး ၊ ဘာသာရေး ဘက် စိတ်ဝင်စား လာသဖြင့် အတော် လိမ္မာ လာပြီ ဟု ဆိုရပေမည် ။

မလိမ္မာ လို့ လည်း မဖြစ်တော့ဘူးလေ ။ အသက် က ၆ဝ နား ကပ်နေပြီ မဟုတ်လား ။

•••••   •••••   •••••

“ ကဲ ... အဘိုးကြီးရေ ၊ ရှင် လည်း ကျွန်မ မရှိတုန်း အစားအသောက် အနေအထိုင် ဆင်ခြင်ပါ ၊ ကလေးတွေ နားမလည် ပါးမလည် ချက်ကျွေး တိုင်း မျက်စိမှိတ် စားမနေနဲ့ ၊ လုံးတုံးမ ကို လည်း မှာ ထားတယ် ၊ ကျွန်မ မရှိတုန်း အိမ် မှာ အုန်းထမင်း တို့  ၊ အုန်းနို့ခေါက်ဆွဲ တို့ ချက် မစားဖို့ ၊ ဝက်သား လည်း လုံးဝ မချက်ဖို့ ၊ အိမ် မှာ မစားရလို့ အပြင်မှာ စား လည်း မနေနဲ့ ဦး ”

ဒေါ်မေအေး သည် လက်ဆွဲ သားရေအိတ် ကို ဖုန်ခါရင်း ပြောလိုက်သည် ။

“ အေးပါကွာ ၊ သွားစရာ ရှိတာ စိတ်ဖြောင့်ဖြောင့် သွားစမ်းပါ ၊ ငါ ကလေး မဟုတ်ပါဘူး ၊ သိပါတယ် ”

ဦးအံ့မောင် က ပိုက်စွပ် ထားသော ဆေးပြင်းလိပ်တို ကို ပြာခွက် ပေါ် အသာအယာ တင် လိုက်ကာ ဒေါ်မေအေး  လက်ထဲ မှ သားရေအိတ် ကို ဆွဲယူ၍ ဖုန် ဆက် ခါပေးသည် ။

“ ကလေး ဟုတ်လည်း ထိန်းရတာပဲ ၊ ကလေး မဟုတ်လည်း ထိန်းခဲ့ရတာပဲ မဟုတ်လားတော့ ... ”

ဒေါ်မေအေး က မျက်လုံးစွေ ကြည့်ရင်း ပြောတော့ ဦးအံ့မောင် မျက်နှာ က ရယ်ဟဟ ဖြစ်သွားသည် ။ ပြီးတော့ ...

“ စ လာပြန်ပြီ ” ဟု ပြုံးစိစိ နှင့် ဆိုသည် ။

“ ဟုတ်တယ်လေ ၊ ကျုပ် မှာ တစ်သက်လုံး အဲဒီ လူထိန်းတဲ့ အလုပ်ချည်းပဲ လုပ်လာရလို့  ၊ ကုသိုလ်ရေး လည်း မေ့မေ့လျော့လျော့ ဘာသာရေး လည်း ပေါ့တီးပေါ့တော့ ဖြစ်နေတာပေါ့ ။ တကယ့် တကယ် ခုနေ ကျုပ် သာ တုံးခနဲ သေသွားကြည့်စမ်း နောင်ဘဝ အတွက် ဘာမှ တောင် ပါမှာ မဟုတ်ဘူး ၊ ခုတော့ မောပြီ ၊ ဘယ်သူမှ မထိန်းချုပ်တော့ဘူး ”

“ ခုတော့ မင်း ဘယ်သူ့ ကို မှ ထိန်းစရာ မလိုတော့ပါဘူး ၊ အဲဒီ ဝိပဿနာ အလုပ်သာ စိတ်ချလက်ချ လုပ်ပါတော့ ၊ အပိုတွေ လည်း ပြောမနေနဲ့ တော့ ”

“ ကျုပ် က လုပ်ပြီ ဆိုရင်လည်း ဉာဏ်စဉ် နာရတဲ့ အထိ လုပ်မှာ နော် ၊ အဲဒီတော့ နောက်ကြောင်း တော့ တစ်ဆိတ် အေးပါရစေ ”

“ ဟုတ်ပါပြီ ၊ အေးရပါတော့မယ် ၊ ခင်ဗျား အဝတ် ထည့်တဲ့ ကိစ္စ သာ ပြီးအောင် လုပ်စမ်းပါ ၊ ရော့ ”

လက်ဆွဲအိတ် ကို ဗီရို ဘေးရှိ ကု,လားထိုင် တွင် တင်ပေးလိုက်သည် ။ ဒေါ်မေအေး က ဗီရိုတံခါး ကို ဖွင့်လိုက်သည် ။

အထပ် ကို လက်ညှိုး နှင့် ဖွ ကြည့်ရင်း ယောဂီထဘီ နှစ်ထည် ကို ဆွဲထု တ်လိုက်သည် ။ ပြီးတော့ အသွား တွင် ဝတ် သွားဖို့ အညိုရောင် များများ ပါသည့် ထိုင်းကော်တန် လုံချည် ကို ဆွဲ ထုတ် လိုက်သည် ။

အင်္ကျီ ထားသည့် ဘက်ခြမ်း မှာ လည်း အဖြူလက်ရှည် ဖော့ရှန် နှစ်ထည် နှင့် အသားရောင် တစ်ထည် ကို ဆွဲယူသည် ။

တော်ပြီ ။ အဝတ်အစား သုံးစုံ ။ တစ်လ တစ်လခွဲ အတွင်း အလဲအလှယ် ဝတ်ရလျှင် တော်ပြီပေါ့ ။

ယောဂီထဘီ ကို လက်ဆွဲအိတ် အောက်ဆုံး တွင် ဦးစွာ ထည့် လိုက်သည် ။ ပြီး သူ့ အပေါ် မှ အင်္ကျီ ထည့် လိုက်သည် ။

ယောဂီတဘက် ကို အင်္ကျီ ပေါ်တွင် ခေါက် ၍ ထပ်တင်သည် ။ လိုရမည်ရ အနွေးထည်ကလေး တစ်ထည် ယူသွားရလျှင် ကောင်းမည် ဟု စဉ်းစားပြီး ရှားရောင်ဆွယ်တာ ကို ဆွဲထုတ်၍ အပေါ်ဆုံး တွင် မျက်နှာသုတ်ပဝါ နှင့် အတူ ထည့်လိုက်သည် ။

နောက် ဘာ ယူဖို့ လိုသေး သနည်း ။

လက်ကိုင်ပဝါလေး နှစ်ထည် လောက် ထည့်ဦးမှ ပဲ ။ ဪ ... တော် ပါသေးရဲ့ ၊ သတိ မေ့တော့ မလို့ ။ သောက်လက်စ တောရှောက်ခါးလုံး ဆေးပုလင်း ။ ဒါလည်း ယူသွားရမည် ။ ဒါကိုတော့ ပလတ်စတစ်ခြင်း ထဲ ပဲ အထည့် ခိုင်းရမည် ။ အစားအသောက် ၊ ဖျော်ရည်ပုလင်း ၊ မုန့်ပဲ နှင့် လှူဖွယ်ပစ္စည်းများ ကို ထည့်ခိုင်းထားသော လုံးတုံးမ ကို သတိရတုန်း ပြော ထားမှ ။

“ လုံးတုံးမ ရေ ၊ ခဏဟေ့ ”

“ လာပါပြီ ကြီးကြီး ”

လုံးတုံးမ ၏ အသံ သာ ရောက်လာသော်လည်း လူ က တော်တော် နှင့် ပေါ် မလာ ။

“ ဟဲ့ လုံးတုံးမ ”

ထပ် ခေါ်တော့ လုံးတုံးမ က သူ့ ဝသီ အတိုင်း တဒုန်းဒုန်း ပြေး၍ အိမ်ခန်း ထဲ ဝင်လာသည် ။

“ စာပို့သမား လာလို့ အိမ်ရှေ့ မှာ စာသွား ယူနေတာ ကြီး ရဲ့ ၊ အင့် ကြေးနန်းစာ တဲ့ ”

“ ဟင် ... ”

လုံးတုံးမ က ကြေးနန်းစာ ကို သူ့ လက်ထဲ ထည့်ပေးသည် ။

ကြေးနန်းစာ ဆိုတော့ စိတ် ထဲ ထိတ်ခနဲ ဖြစ်သွားသည် ။ ပြီး ကိုယ်တိုင် မဖတ်ရဲ သဖြင့် ဦးအံ့မောင် ကို လှမ်း ပေးရင်း ...

“ ရော့ ကိုအံ့မောင် ကြေးနန်းစာ တဲ့ ၊ ဖတ်ကြည့်ပါဦး ”

ဦးအံ့မောင် က အနီးအနား တွင် ဟိုရှာ သည်ရှာ လုပ်နေစဉ် ဒေါ်မေအေး က စားပွဲ ပေါ်မှ မျက်မှန် ကို ကောက် ပေးလိုက်သည် ။

သည်တော့မှ ဦးအံ့မောင် သည် လည်း မျက်မှန် တပ် ကာ စာ ကို အလောသုံးဆယ် ဖွင့်ဖ တ်သည် ။ ဒေါ်မေအေး ကတော့ ရင်တုန်စွာ စောင့် နေသည် ။

စာဖတ် ပြီးသည် နှင့် စောစောက မသိမသာ ကြုတ်ထားသော ဦးအံ့မောင် ၏ မျက်ကြောများ ပြေ သွားသည် ။ ပြီး တစ်ယောက် တည်း ပြုံးတုန်းတုန်းကြီး လုပ်နေ သဖြင့် ...

“ ဘာတဲ့တုန်း ကိုအံ့မောင်ရဲ့ ” ဟု စိတ်မရှည်စွာ ထပ် မေးရသည် ။

“ အဟမ်း ”

အရေးတည်း ချောင်းဟန့် နေသေးသည် ။

“ ကေသီ ၊ သားလေး မွေးဖွား တဲ့ ”

“ ဟယ် ... ”

ဒေါ်မေအေး ရင်ထဲ လှိုက်ခနဲ ဖြစ်သွားသည် ။ အို ... သမီးကြီး ကေသီ ဖွားပြီကိုး ၊ သူ့ ကိုယ်ဝန် နုစဉ်ကတော့ စာရေး အကြောင်းကြားသား အဲ ဟုတ်သည် ပေါ့ ။ ယခုဆို ကိုးလ လောက် ရှိပြီပေါ့ ။

“ မိခင် နှင့် ကလေး ကျန်းမာတဲ့ ”

တော်သေးရဲ့ ၊ သားဦး မှာ ချောချောမောမော ရှောရှောရှူရှူ ဖြစ်သွားတာ ။

“ ကေသီ အားငယ်တဲ့ ”

“ အင်း ... ”

“ အမေ လာပါတဲ့ ”

“ အင်း ... ”

“ သက်အောင် တဲ့ ”

“ အမယ်လေး ၊ ခုမှ အားငယ်သလေး ဘာလေး နဲ့ ၊ မအေ တစ်ယောက် လုံး ရှိနေတာ မသကာ ဖွားခါနီး ပြီ ဆို ကတည်း က ခေါ်ပါတော့လား ၊ စောစောကတော့ သတိ မရကြဘူး ၊ သူ့ လင် ဆရာဝန် ဆိုတော့ အားကိုး ထင်ပေါ့ ၊ ခုမှ ပဲ မအေ ကို တ,ဖော်ရတယ် ၊ သမက် က လည်း ခုမှ ပဲ အကြောင်း ကြားဖော်ရတယ် ၊ သူ့ ဘာသာ ဆရာဝန် ဖြစ်ဖြစ် ဘာဖြစ်ဖြစ် မီးနေသည် ဘယ်လို နေ ၊ ဘယ်လို ထိုင် ၊ ဘာတွေ လုပ်ရတယ် ဆိုတာ သိမလား ၊ တော်ကြာ နနွင်း လိမ်းတာတို့  ၊ ချွေး အောင်းတာ တို့ မလုပ်ဘဲ နေရ င် အခက် ၊ မိကေသီ ကလည်း နားလည်မှာ မဟုတ်ဘူး ၊ ကလေး ပေါက်စန တောင် ကိုင်တတ်ပါ့ မလား ၊ ဖြစ်ချေပါဘူး ၊ သည် ကလေးတွေ သည် အတိုင်း ပစ်ထားလို့ တော့ ၊ ကိုအံ့မောင် ပုသိမ် ကို လေယာဉ် ဘယ်နေ့ ရှိလဲ စုံစမ်းပေးပါဦး ၊ ကျုပ် တော့ သွား ကြည့်ဦးမှ ပါ ”

မြေးဦးလေး ရပြီ ဟူသော အသိကြောင့် ပီတိ ဖြစ်ရတာရော ၊ သမီး နှင့် သမက် က စောစော အကြောင်း မကြားသဖြင့် မကျေနပ်တာ ရော ၊ သူ့ ရင် ထဲ တွင် ရောထွေး ဘောင်ဘင်ခတ် လျက် တတွတ်တွတ် ပြောလိုက်မိသည် ။

ပြီးတော့ သူ့ လက်များ က လည်း လက်ဆွဲအိတ် ထဲမှ ယောဂီထဘီ ၊ ယောဂီတဘက်များ ကို ဆွဲထုတ်ပြီး ပါတိတ်ထဘီ လေးငါးထည် ကို အစား ပြန်ထည့် နေလေသည် ။

⎕ မနှင်းဖွေး

📖 ဘိုကလေးမြို့နယ် မဂ္ဂဇင်း
     ၁၉၈၅ ၊ မတ်လ

.

Tuesday, November 5, 2024

ကျန်းကျန်းမာမာ စာရေးဆရာ


 ❝ ကျန်းကျန်းမာမာ စာရေးဆရာ ❞


ဆရာမောင်မောင်လှိုင် ( အပ်စိုက်ကု ) ပြုစုတဲ့ ကျန်းကျန်းမာမာ အသက် ၁၀၀ စာအုပ် အမှတ် တစ် နဲ့ နှစ် ကို ထုတ်ဝေခဲ့ ရာ မှာ စာဖတ်သူ တွေ ရဲ့ စိတ် ဝင်စားမှု အများကြီး ရခဲ့တယ် ။


စာရေးဆရာဦးမောင်မောင်လှိုင် ရဲ့ ဘဝ က လည်း စိတ်ဝင်စားစရာ ကောင်းတယ် ။ တစ်ချိန် တစ်ခါ က ရန်ကုန်မြို့ မှာ အလွန် ရောင်း လို့ ကောင်း တဲ့ ဝက်အူချောင်းသည် ဘဝ ၊ အပ်စိုက်ကုဆရာ ဘဝ ၊ မကာအို မှာ ကျောင်းဆရာ ဘဝ ၊ စာရေးဆရာ ဘဝ တွေ ကို ကျင်လည်သူ ဖြစ်ပါတယ် ။ ငွေဝင် များတဲ့ လုပ်ငန်းပေမယ့် ဝါသနာ မပါ ရင် စွန့်ပယ် ပစ်ခဲ့တယ် ။


အတွေးအမြင် စာအုပ်တိုက် မှာ ဆရာမောင်မောင်လှိုင် ( အပ်စိုက်ကု ) ကို တွေ့ဆုံပြီး သူ့ ဘဝထိုထို ကို ကျွန်တော် မေးပါတယ် ။


•••••   •••••   •••••


ဘာ လုပ်လုပ် စေတနာ တော့ ထည့်ရမယ် ။


ကျွန်တော် ဝက်အူချောင်း လုပ် ရောင်းမယ် ဆိုတော့ ဒါ မလုပ်ခင် ဈေးကွက် ထဲ မှာ ဘယ်လို ဝက်အူချောင်းတွေ ရှိသလဲ ၊ လူတွေ က ဘယ် ဝက်အူချောင်း မျိုး ကြိုက်သလဲ ဆိုတာ အရင်ဆုံး လေ့လာတယ် ။ မုံရွာဝက်အူချောင်း က ကောင်းတယ် ၊ လူတွေ ကြိုက်တယ် ။ သူ့ ထက် သာ အောင် ကျွန်တော် ဘယ်လို လုပ်မလဲ ။ ကိုယ် က ကြံဆရတယ် ။ လိုင်း ထပ် သွားရင် ကိုယ် က သူ့ နောက် ပဲ ၊ မတူတဲ့ အရသာ ပို ကောင်းတဲ့ အရသာ ဖြစ်အောင် လုပ်နိုင်ရမယ် ။


မြန်မာလူမျိုးတွေ က အချို ကြိုက်တယ် ။ အဲဒီ အချိန် ကပေါ့ ။ အစားအစာ စားရာ မှာ အသား ပို ကြိုက်တယ် ။ ဒါကြောင့် ကျွန်တော့် ဝက်အူချောင်း က အသား ပို များတယ် ။ အဆီ လျှော့တယ် ။ မြန်မာတွေ က ငပိ လည်း ကြိုက်တယ် ။ ဒါကြောင့် ကျွန်တော့် ဝက်အူချောင်း က ငန်ရမယ် ၊ ချိုရမယ် ။ ဆား အစစ် ထည့်တယ် ၊ သကြား အစစ် ထည့်တယ် ။ မြန်မာတွေ ကြိုက်တဲ့ အရသာမျိုး လုပ်တယ် ။


စားစရာ လုပ်ရင် ပစ္စည်း စစ် ရမယ် ၊ ကောင်း ရမယ် ။ စေတနာ ပါပြီး အလုပ် လုပ်ရင် အောင်မြင်တာပဲ ဗျာ ။ ကျွန်တော့် ဝက်အူချောင်း ဘယ်လောက် အထိ လုပ်ရသလဲ ဆိုရင် တစ်နေ့ တစ်နေ့ ကို အရိုး မပါ ၊ ဝက်သား ပေါင်သား ချည်း တစ်နေ့ ၄၅ ပိဿာ လုပ် ရတယ် ။ ဝက် တစ်ကောင် ကျော်တယ် ။ သီတင်းကျွတ် လို ၊ သင်္ကြန် လို ၊ တရုတ်နှစ်သစ်ကူး လို အချိန် တွေ မှာ ဆိုရင် တစ်ပတ် လောက် ကြိုပြီး အချိန် ၆ဝ လောက် လုပ် ရတယ် ။ အမှိုက်ပုံ သွား ပစ်တာက မှ ကြာလိမ့်ဦးမယ် လုပ်သမျှ ကို တန်းစီ ပြီး ဝယ်နေ ကြတာပဲ ။


ဒါပေမယ့် ဝက်အူချောင်း လုပ် ရောင်းတဲ့ လုပ်ငန်း က ပိုက်ဆံ တော့ ရပါရဲ့ ။ ကျွန်တော့် ရှိ နေတဲ့ အရည်အချင်းတွေ ကို ဖြုန်းတီး ပစ်တယ်လို့ ခံစားရတယ် ။ ကျွန်တော် ဝါသနာ ပါလို့ လုပ် နေတာ မဟုတ်ဘူး ။ အဲဒီ အချိန် မှာ ကျွန်တော် ဘာ ဝါသနာ ပါလဲ ဆိုတော့ အပ်စိုက်ပညာ ကို ဝါသနာ ပါ လို့ သင် နေပြီ ။


ကျွန်တော့် အဖေ က တရုတ်တိုင်းရင်းဆေး ဆရာကြီး ။ အင်မတန် ရှေး ကျ တဲ့ ဆေးကျမ်း တွေ ရှိတယ် ။ ကျွန်တော် ဆယ်နှစ်သား လောက် က ကျွန်တော့် အဖေ သွေးတိုး ဖြစ်တာ ကို တရုတ်ဆရာကြီး အပ်စိုက် ကုတာ မြင်ဖူးတယ် ။ ဆေး မပါဘူး ။ ဘာမှ လည်း မပါဘူး ၊ အပ်စိုက်ပြီး ပဲ ကုတယ် ။ အပ်စိုက်ကုထုံး ကို ကျွန်တော် လုပ်မယ် လို့ ငယ်ငယ် ကတည်း က ပိုင်းဖြတ် ထားတယ် ။


အပ်စိုက် ကု ကို ဝါသနာ ပါတော့ deviate လုပ်ချင် နေပြီ ။ အင်္ဂလိပ် လို ပြောရ ရင် တော့ I want to deviate my life in acupduncture ( အပ်စိုက်ကုထုံး လုပ်တာ ကို ကျွန်တော့် ဘဝ လမ်းကြောင်း ပြောင်းချင် နေပြီ ) အရင်းအနှီး ရအောင် ဝက်အူချောင်း နှစ်နှစ် လောက် လုပ်မယ် ။ ခဏ ယာယီ လို့ လုပ်တာ သုံးနှစ် ကျော်ကျော် ကြာ သွားတယ် ။ အဲဒီ အချိန် မှာ Acupduncture ( တရုတ်အပ်စိုက်ကုထုံး ) ကို စိုက်လိုက်မတ်တပ် သင်တယ် ။ Acupduncture ကို သင်ရင်း ဇစ်မြစ် ကို သွားချင် တော့ တရုတ်စာ လေ့လာ မှ ရမယ် ။ ကျွန်တော် က တရုတ်စာ မကောင်းဘူး  ဗျာ ဆိုတော့ တရုတ်စာ ကို ဆေးစာတွေ ဖတ်နိုင် လောက်အောင် အဘိဓာန် အမျိုးစုံ ဝယ်ပြီး လေ့လာတယ် ။ အပ်စိုက်လုပ်ငန်း ကို ပြောင်း လုပ်တယ် ။ မြန်မာပြည် မှာ လည်း အပ်စိုက်ကုထုံး က သိပ် ခေတ်စား နေတဲ့ ကာလပေါ့ ။ ၁၉၇ဝ ကျော် က နေ ၁၉၈ဝ ပြည့်နှစ် လောက် အထိ ။ မြန်မာပြည် အနှံ့ ကျွန်တော် သွားပြီး အပ်စိုက် လိုက် ကုတယ် ။ တရုတ်တိုင်းရင်းဆေးဆရာ အသင်းဝင်တယ် ။


ဒီနောက် စာအုပ် တစ်အုပ် ဘာသာ ပြန်တယ် ။ အပ်စိုက်ကုဗေဒကျမ်း ဆိုတဲ့ စာအုပ် ပေါ့ ။ စာအုပ် ထုတ်တယ် ။ ကိုယ်ပိုင် ဆေးခန်း ဖွင့်လိုက်တယ် ။ ကျွန်တော့် ဆေးခန်း ရဲ့ Motto ( ဆောင်ပုဒ် ) က ခုတင် ပေါ် တက်သွားချိန် နဲ့ ခုတင် ပေါ် က ဆင်းသွားချိန် မတူစေရဘူး ၊ တစ်ဝက် သက်သာ စေရမယ် ပေါ့ ။ အဲဒီတုန်း က မြန်မာ့လက်ရွေးစင် ဘောလုံးသမား တွေ ၊ အလေးမချိန်ပီယံ တွေ ၊ အားကစားသမား တွေ လည်း လာကြတယ် ။


၁၉၈၈ ခု ကျ တော့ ကျွန်တော့် ဆေးခန်း ဝင်ငွေ က စားလောက် ရုံ ပဲ ရှိတယ် ။ ဒါနဲ့ နိုင်ငံခြား သွားဖို့ ပတ်စပို့ လျှောက်ပြီး ဟောင်ကောင် ကို သွားတယ် ။ ပုဇွန် မွေးမြူရေး ကုမ္ပဏီ မှာ branch manager ခန့်တယ် ။ ခရီး သိပ် သွားရတယ် ။ တစ်နေရာ မှာ သုံးရက် နေရတယ် မရှိဘူး ။ ဟောင်ကောင် မှာ အလုပ် သွား လုပ်ရတာ လည်း သိပ် ဝေးတယ် ။ ကား စီးရတာ တစ်နေ့ သုံးနာရီ လောက် ကြာတယ် ။


မကာအို က ကျောင်းဆရာ လာ လုပ်ဖို့ စပ်တယ် ။ ဒါနဲ့ ပုဇွန် ကုမ္ပဏီ က အလုပ် ကို ထွက် လိုက်တယ် ။ မကာအို မှာ မြန်မာ များတယ် ။ မုန့်ဟင်းခါးဆိုင် က အစ ရှိတယ် ။ ဗမာ အစားအစာ ရတယ် ။ ကျွန်တော် သဘောကျတယ် ။ ပျော် သွားပြီး ဆယ်နှစ် လုံးလုံး တရုတ်တွေ ကို အင်္ဂလိပ်စာ သင်ပေးတဲ့ ဆရာ လုပ်တယ် ။ စာ သင်တဲ့ ဆရာ လုပ်တဲ့ ကာလ တစ်ခု ပေါ့ ။ ၁၉၉၈ ခု အထိ ပဲ ။


မကာအို မှာ လောင်းကစားဝိုင်းတွေ နာမည် ကြီးတယ် ။ လောင်းကစားဝိုင်းကြီး ကိုးဝိုင်း မှာ တစ်ဝိုင်း ပဲ တစ်ပတ် တစ်ကြိမ် နားတယ် ။ ကျန်တဲ့ ရှစ်ဝိုင်း က အချိန်ပြည့် ။ တစ်စက္ကန့် တောင် မရပ်ဘူး ။ တစ်နှစ်ပတ် လုံး ပဲ ။ လောင်းကစား ရုံ အဝင်ဝ မှာ တော့ တရုတ် လို ၊ အင်္ဂလိပ် လို ၊ ပေါ်တူဂီ လို စာ ရေးထားတယ် ။ ကိုယ့် ရဲ့ ပိုလျှံတဲ့ ငွေ နဲ့ အပျော် သဘောမျိုး ကစားပါ ။ အနိုင် လိုချင်တဲ့ စိတ်ဓာတ် နဲ့ မကစားပါနဲ့ တဲ့ ။ ကျွန်တော် က လောင်းကစား ဝါသနာ မပါဘူး ၊ အချိန် ရ ရင် စာ ဖတ်တာပဲ ။


မကာအို မှာ နေရတာ မိသားစု နဲ့ ခွဲ နေရတယ် ။ ဟိုက ရာသီဥတု က ပူတယ် ။ ရှိသမျှ စက်ရုံ တွေ ၊ ကား တွေ က အဲယားကွန်း တွေ တပ် ထားပြီး အပူတွေ အကုန် မှုတ်ထုတ် နေတာ ။ အေးတဲ့ အချိန် ရောက် ပြန်တော့ လည်း နှစ်ဒီဂရီ စင်တီဂရိတ် လောက် အထိ အေးတယ် ။ မကာအို မှာ မနေချင်တော့ တာ နဲ့ မြန်မာပြည် ပြန် လာတယ် ။


မြန်မာပြည် ပြန် ရောက် တော့ ဘာ လုပ်ရမလဲ စဉ်းစားတယ် ။ ကျွန်တော် တို့ ဆီ မှာ ကျန်းမာရေး အသိ ပေးတာ အားနည်း နေ သေးတယ် ။ အဲဒီ ဟာကွက်ကလေး ကို ကျွန်တော် ဖြည့်မယ် ဆိုပြီး စာ ရေးဖို့ ဆုံးဖြတ် လိုက်တယ် ။


ကျန်းကျန်းမာမာ အသက် ၁၀၀ စာအုပ် နှစ်အုပ် ကျွန်တော် ထုတ်တယ် ။ အဲဒီ ထဲ မှာ စေတနာတွေ အပြည့် ပါတယ် ။ စာ ရေးရာ မှာ စာဖတ်သူတွေ နားလည် အောင် လွယ်ကူ ရှင်းလင်း အောင် ရေးတယ် ။


၁၉၅၉ ခုနှစ် ကတည်း က ရှုမဝ မဂ္ဂဇင်း မှာ ကျွန်တော် စာ ရေးခဲ့ဖူးတယ် ။ ကျွန်တော့် ဘဝ မှာ အပျော်မွေ့ဆုံး က စာ ရေးတာပဲ ။ ဘယ်တော့မှ သူ က ကိုယ့် ကို သစ္စာ မဖောက်ဘူး ။ ရေးချင် တဲ့ အချိန် ရေး ။ မရေးချင် တဲ့ အချိန် ချထားရုံပဲ ။


◾ကျော်ရင်မြင့်


📖 ဘဝဇာတ်ခုံ


.