༻ဂန္ထဝင်လမင်း၏ ချစ်ခြင်းဖွဲ့အလင်္ကာ༺
⊙ မောင်သင်းလှိုင် ( ပန်းတနော် )
လေသာပြတင်းမှတစ်ဆင့် ညဉ့်၏ ပုံရိပ်ကို တစိမ့်စိမ့်ကြည့်ကာ ကျွန်တော် ကြည်နူးနေကျ ၊ ခံစား နေကျ ဖြစ်သည် ။ တစ်ခါတစ်ရံ သားငယ်ကို ဘေးနား တွင်ခေါ်ကာ ကြယ်ကလေးများအကြောင်း ပြောပြနေ တတ်သည် ။ ဖိုးလနတ်သားပုံပြင်ကို ပြောပြနေတတ် သည် ။ ယခုတော့ မကြည်နူးနိုင် ၊ ရယ်ဝယ် မချမ်းမြေ့ နိုင်တော့ပါ ။ နေ့လယ်က အမေ၏ ခြွေဟသော စကား ကြောင့် ပင်ပန်းနွမ်းနယ်နေသည် ။ အမေ့စကားကြောင့် ကျွန်တော့်ရင်သည် တင်းကျပ်နေသည် ။ လှိုက်မောနေသည် ။
အမေသည် သူ၏ ဆုံးဖြတ်ချက်ကို လွယ်လွယ်နှင့် ပြောခဲ့သည် မဟုတ် ။
စိတ်ဓာတ်ခိုင်မာသလို ဆုံးဖြတ်ချက်က ပြတ်သား၏ ။ သူ၏ ဆုံးဖြတ်ချက် ၊ ယုံကြည်ချက်ကို မည်သို့ပင် ဖြား ယောင်းသွေးဆောင်စေကာမူ ပြောင်းလဲလိမ့်မည် မဟုတ် ။ အမေ့ အကြောင်းကို သူမ၏ ဝမ်းကြာတိုက်မှ မွေးဖွား သန့်စင်သော ကျွန်တော်က ပိုသိသည် ။
ကျွန်တော်၏ ရင်တွင်းမှ အစတည်ကာ နွေးထွေး သည့်သက်ပြင်းတို့ နှာဖျားမှ တစ်ဆင့် အေးစက်သည့် လေထဲသို့ တိုးဝင်ပျောက်ကွယ်သွားသည်မှာ မရေ မတွက်နိုင်တော့ ။ စဉ်းစားရလွန်း သဖြင့် ခေါင်းမှာလည်း တေဝေ နေလေပြီ ။
ကျွန်တော် စဉ်းစားနေခိုက် ကျွန်တော့်ဦးနှောက် ထဲသို့ အလင်းတန်း တစ်ချက် ဝင်လာသည် ။ ထိုအလင်း တန်းကား အစ်ကိုကြီး ကိုကျော်မောင်ဖြစ်၏ ။ ဟုတ်ပါသည် ။ ကျွန်တော်၏ အစ်ကိုအကြီးဆုံး ။ အစ်ကိုကြီးကို သတိရလိုက်မိမှ ကျွန်တော်၏စိတ်တို့သည် အနည်းငယ် ပေါ့ပါးသယောင် ထင်မိသည် ။ ထို့ကြောင့် တယ်လီဖုန်း ရှိရာ အောက်ထပ်သို့ ကျွန်တော် ဆင်းခဲ့သည် ။ တယ်လီဖုန်း ကို မကာ ဂဏန်းတုံးကလေးများကို နှိပ်ချလိုက်သည် ။ တစ်ဖက်မှ လူခေါ်ခေါင်းလောင်းသံကို ကြားနေ ရသည် ။ ခဏအကြာတွင် တယ်လီဖုန်းကိုင်သံ ကြား ရပြီး ...
ဟဲလို ... အမိန့်ရှိပါရှင် ဟူသော အစ်ကိုကြီး ၏ ဇနီး ခင်မေခိုင်၏ အသံကို ကြားလိုက်ရသည် ။
“ ဟဲလို … မမ ”
“ ကျွန်တော် ကျော်ခေါင်ပါ ”
“ ဪ …. မောင်ကျော်ခေါင် လား ၊ ညဉ့်နက်နေမှပဲ ဘာများ အရေးတကြီး ကိစ္စရှိလို့လဲ ”
“ အစ်ကိုကြီးရှိလား မမ …အစ်ကိုကြီးနဲ့ စကားပြော ချင်လို့ပါ ”
“ အေး .. ရှိတယ် ၊ ကိုင်ထားနော် ။ မမ ခေါ်လိုက်ဦး မယ် ။ ကိုကိုရေ မောင်ကျော်ခေါင် ဖုန်းဆက်တယ် ”
ခဏ အကြာတွင် အစ်ကိုကြီး၏ အသံကို ကြားရသည် ။
“ ဟဲလို .. ညီလတ်လားဟေ့ ၊ ဘာအရေးကြီးလို့လဲ ညကြီးမင်းကြီးကွာ ”
“ အင်း ... အရေးကြီးတယ် အစ်ကိုကြီး ၊ အမေ့ ကိစ္စပါ ”
“ အမေ ... အမေ ဘာဖြစ်လို့လဲကွ ။ နေမကောင်းဘူးလား ”
“ နေကောင်းပါတယ် အစ်ကိုကြီး ။ ပြဿနာ တစ်ခု ဖြစ်နေတယ် ။ အင်း .. ဖုန်းထဲက ပြောရတာ မကောင်းဘူး ။ မနက်ဖြန် တနင်္ဂနွေနေ့ ဆိုတော့ အစ်ကိုကြီး ဂျူတီအော့ ( Duty Off ) မဟုတ်လား ။ အဲ့ဒါ အိမ်ကို မနက်စောစော ရောက်အောင် လာခဲ့ပါလား ။ မိသားစုတွေပါ ခေါ်လာခဲ့ နော် ”
“ အေး…ကောင်းပြီ လာခဲ့မယ် ။ ဖုန်းချ လိုက်တော့ မယ်နော် ”
“ ဟုတ်ကဲ့ .. ဟုတ်ကဲ့ ”
အစ်ကိုကြီး ဆီမှ ဖုန်းချသံ ကြားရ၏ ။ သည်တော့မှ ကျွန်တော် ဖုန်းချ လိုက်သည် ။ ညဉ့်တစ်ဆယ့်နှစ်နာရီမို့ ပတ်ဝန်းကျင် က တိတ်ဆိတ်နေသည် ။ ကျွန်တော်သည် အပေါ်ထပ် လေသာဆောင်သို့ ပြန်တက်ခဲ့သည် ။ စောစောကထိုင်သော ကု,လားထိုင်တွင် ပြန်ထိုင် လိုက်၏ ။ ကျွန်တော်သည် သက်ပြင်းတစ်ခုကို လေးတွဲ စွာချလိုက်၏ ။ ပြီးမှ မျက်စိမှေးမှိတ်ကာ အတိတ်ဘဝ ဆီသို့ အတွေး ကို ပို့လိုက်သည် ။
× ×× × × × × × ×
သည်ရပ်ကွက်ထဲတွင် ဦးသာအောင် ဒေါ်စောမြတို့ မိသားစုကို မသိသူမရှိ ။ စကားပြောတတ်ခါစကလေးမှ သည် အသက်အရွယ် အိုမင်း နေသည့် လူကြီးပိုင်း အထိ သိကြသည် ။ မသိ ခံနိုင်ရိုးလား အဖေသည် သည် ရပ်ကွက်ထဲက မူလတန်းကျောင်း ကျောင်းအုပ်ကြီး တစ်ယောက် ဖြစ်သောကြောင့်တည်း ။ အဖေ့ကျောင်းမှ ထွက်သွားသော ကျောင်းသား အပေါင်းကား မနည်း တော့ ။ အချို့က အရာရှိကြီး ၊ တချို့မူ သာမန် အမှုထမ်း လက်လုပ်လက်စားများ ၊ ချမ်းသာကြွယ်ဝသူများ စသဖြင့် လောကဓံကို ကြုံသလို ကျသလို ခုခံချေပရင်း လောက သံသရာတွင် လည်ပတ်နေကြသည် ။ ကျောင်းမှထွက် သွားသော ကျောင်းသားများ၏ ဘဝက အဖုံဖုံ ပြောင်းလဲ သွားသော်လည်း ဇာတ်သရုပ်ကို အစဖော် ပေးသော က အဖေကား ပြောင်းလဲမှုမရှိ ။ ‘ တွံတေးသိန်းတန် ’ ၏ ရွာကျောင်းက ခေါင်းလောင်း နှင့်မခြား ။
အဖေက အနေအေးသည် ။ ကျောင်းဆရာ ပီသစွာ သူ့ ကျောင်းအလုပ် ၊ သူ့ ကျောင်းသားများအလုပ်နှင့်သာ ပျော်မွေ့ သည် ။ တခြား ဘာကိုမှ စိတ်ဝင်စားမှု မရှိ ။ မနက် ကျောင်းတက်ချိန်မတိုင်မီ နံနက် ၈ နာရီလောက် ကျောင်းသို့ရောက်ပြီး ညနေ ၅ နာရီလောက်မှ အိမ်ပြန် တတ်သည် ။ အိမ်ပြန်ရောက်သည်နှင့် အမေချပေးသော အစားအစာများကို စားသောက်ကာ စာဖတ် နေတတ်သည် ။ ရပ်ရေးရွာရေးကိစ္စများ ပေါ်ပေါက်လာလျှင် ရပ်ကွက်ထဲသို့ သွားတတ်ပြီး မရှိပါက စောစောအိပ်ရာ ဝင်တတ်သည် ။
လူလတ်ပိုင်း ရောက်မှ အိမ်ထောင်ပြုခဲ့ကြသော အဖေနှင့်အမေတို့တွင် အစ်ကိုကြီး ကိုကျော်မောင် ၊ ကျွန်တော် ကျော်ခေါင် ၊ ညီလေး ကျော်နောင် တို့ကို မွေး ခဲ့သည် ။ ကျွန်တော်နှင့် အစ်ကိုကြီးက နှစ်နှစ် ခြားသော် လည်း ကျော်နောင်နှင့် ကျွန်တော်မှာမူ ခြောက်နှစ်လောက် ခြားသည် ။ ကျွန်တော်တို့ကို မွေးခဲ့သော်လည်း အဖေ သည် ကျောင်းဆရာ အလုပ်ကိုသာ လုပ်ခဲ့ပြီး မည်သည့် စီးပွားရေးကိုမျှ မလုပ်ခဲ့ ။ လုပ်စရာလည်းမလို ။ ဟိုခေတ် ဟိုအခါက အဖေ၏ မူလတန်းကျောင်းအုပ် လစာသည် ကျွန်တော်တို့ မိသားစု ငါးယောက် အတွက် မပိုသော် လည်း မလောက်မငတော့ မဖြစ်ခဲ့ ။
အဖေ၏ ဆန္ဒအရ အမေ လည်း ဘာအလုပ်မှ မလုပ်ရ ။ စင်စစ် အပျိုဘဝတုန်းက အိမ်မှုကိစ္စ အဝဝကို သာ လုပ်ကိုင်ခဲ့သော အမေသည် အဖေနှင့် အကြောင်း ပါပြန်တော့လည်း ဘာမှမလုပ်ရသဖြင့် စီးပွားရေး လုပ်ငန်း ဘာမှ မလုပ်တတ် ။
သည်လိုနေလာရင်း အဖေ အသက်ငါးဆယ်ပြည့် သောနှစ်တွင် ကျွန်တော်တို့ မိသားစု ကြမ္မာရိုင်းနှင့် ကြုံတော့သည် ။ အဖေ ရုတ်တရက် ကွယ်လွန်သွားသော ကြောင့်တည်း ။ အဖေ ကွယ်လွန်သွားတော့ ကျွန်တော်တို့ မိသားစုသည် သောင်ပြင်လွှတ်သည့်ငှက်လို ဖြစ်တော့ သည် ။
အဖေရက်လည်ပြီးသောနေ့မှာပင် ကျွန်တော်တို့ မိသားစု ဘဝသည် တစ်ဆစ်ချိုး ပြောင်းတော့သည် ။
အဖေ၏ တပည့် တစ်ယောက်က အကြံဉာဏ် ပေးသဖြင့် အမေသည် ဈေးတောင်း ခေါင်းပေါ်တင်ကာ ဟင်းရွက်သည် ဘဝကို ခံယူရတော့သည် ။ မနက်စောစော ဟင်းရွက်ဖောက်သည် ပေးသော ယာခင်းများ ဆီသို့ အစ်ကို ကြီးနှင့်အတူ ဖောက်သည် သွားယူရသည် ။ အမေတို့ ယာတောသို့ ဟင်းရွက် ဖောက်သည်ယူ ထွက်သွားချိန် တွင် ကျွန်တော်က ထမင်းအိုး တည်ရသည် ။ ဟင်းရွက် ဖောက်သည် ယူပြီးသောအခါ ဈေးတောင်း ခေါင်းပေါ် တင်၍ ဈေးဆီသို့ ပြေးရောင်းရသည် ။
ရောင်း၍ရသော ငွေကြေးကလေးဖြင့် မီးဖိုဆောင် အသုံးအဆောင်များ ဝယ်ရသည် ။ အိမ်ရောက်တော့မှ ဟင်းလျာအတွက် စီမံချက်ပြုတ်ရသည် ။ ဟင်းချက်ပြုတ် ပြီးသောအခါ ကျွန်တော် ကြိုတင်ချက်ထားသော ထမင်း ကို မိသားစုဝိုင်းဖွဲ့ စားသောက်ကြရသည် ။ စားသောက် ပြီးသောအခါ ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်သည် လွယ်အိတ် ကိုယ်စီလွယ်ကာ ကျောင်းသို့ အပြေးတက် ရသည် ။ ကျောင်း မနေတတ်သေးသော ကျော်နောင်နှင့် အမေက အိမ်တွင် ကျန်ခဲ့၏ ။ ကျောင်းသို့ ရောက်တိုင်း အဖေ့ကို လွမ်းသဖြင့် မျက်ရည်ကျရသည်မှာ မရေတွက် နိုင်တော့ ။
အဖေဆုံးပါးသွားသော်လည်း အမေသည် ကျွန် တော်တို့၏ ပညာ သင်ကြားရေးကို မထိခိုက်စေရ ။ ကျားကုတ်ကျားခဲ ဖြင့် ကျောင်းထားပေးသည် ။ အဖေ ဖြစ်စေချင်သော ပညာတတ်ကြီးများဖြစ်စေရန် ပညာရေး ကို အားပေးသည် ။ အမေသည် မနက်ဘက်တွင် ဟင်း ရွက်ရောင်းကာ နေ့လယ်ဘက်တွင် အင်္ကျီကြယ်တံတပ် သည် ။ ညနေဘက်ရောက်ပြန်တော့ ဟင်းရွက်ရောင်း ထွက်ရ ပြန်သည် ။ အမေတွင် နားချိန်ဟူ၍မရှိ ။ အိမ်မှု ကိစ္စမှန်သမျှကို နေ့လယ်ဘက် ကြယ်တပ်ရင်း လုပ် ကိုင်၏ ။ အဖေ သက်ရှိထင်ရှားရှိစဉ်က အလုပ်မလုပ် ခဲ့ရသော အမေသည် ယခုတော့ ပင်ပန်းလေစွ ။ ကျွန် တော်တို့ကိုမူ ကျောင်းစာ မှလွဲ၍ မည်မည်ရရ ဘာမှ မခိုင်း ။
“ မင်းတို့ကို ပညာအမွေ ကလွဲပြီး အမေ ဘာမှမပေး နိုင်ဘူး ”
ဆင်းရဲစွာ လုပ်ကိုင် စားသောက်သော အမေ့ နှုတ်မှ တဖွဖွ သတိပေး ပြောကြားခဲ့သော မရိုးနိုင်သည့်စကား ဖြစ်သည် ။ ကျွန်တော်က ခုနစ်တန်း ၊ အစ်ကိုကြီးက ကိုးတန်းနှစ်ကို သတိရမိသည် ။
တစ်နေ့ တစ်နေ့ဆိုသည်က ရုပ်ရှင်ရုံတွင် ကား ကောင်းပြသောနေ့ ဖြစ်သည် ။ ဇာတ်ကား နာမည်တော့ မေ့နေပြီ ။ မင်းသားက ညွန့်ဝင်း ဖြစ်သည် ။ သည်နေ့ခင်း ကား ကောင်းသည် ၊ သူ့ ငယ်ချင်းတွေနှင့် ကျောင်းပြေး၍ ရုပ်ရှင်ကြည့်မည် ၊ ကျွန်တော် လိုက်ချင်လိုက် ဟု ပြောသည် ။ ကျွန်တော် တွေဝေနေမိ၏ ။ နောက်ဆုံးတော့ အစ်ကိုနှင့်ကျွန်တော် ရုပ်ရှင်လိုက်ကြည့်ဖြစ်၏ ။ ရုပ်ရှင် ပြီးတော့ ကျောင်းလွှတ်ချိန် ရောက်ပြီဖြစ်သဖြင့် ကျွန်တော်တို့ ညီအစ်ကို နှစ်ယောက် လွယ်အိတ်ကိုယ်စီ လွယ်ကာ ခပ်တည်တည် နှင့် အိမ်ပြန်ခဲ့သည် ။ ပိပိရိရိ ပင် ဖြစ်သည် ။ အိမ်ရောက်တော့ ထမင်းအဆင်သင့်စား ကြသည် ။ ညနေခင်း ရောက်သောအခါ အမေသည် ရပ်ကွက်ထဲသို့ အကြွေးအတောင်း ထွက်သည် ။ ပြန်လာ တော့ မျက်နှာမကြည်မလင်နှင့် ပြန်လာသည် ။ ပြီးတော့ ကျွန်တော်တို့ ညီအစ်ကို နှစ်ယောက်ကို ကြည့်ကာ မျက်ရည် ကျတော့သည် ။ တအောင့်ကြာမှ အမေ့ နှုတ်မှ စကား ထွက်လာသည် ။
“ ကျော်မောင် နင်တို့ ညီအစ်ကို နေ့လယ်က ဘယ် သွားလဲ ”
အစ်ကိုကြီးက ကျွန်တော့် မျက်နှာ ကြည့်သည် ။ ကျွန်တော်က အစ်ကိုကြီး မျက်နှာ ပြန်ကြည့်သည် ။ နှုတ်ကဖြင့် မည်သို့မျှ မဆိုနိုင်ကြ ။
“ ငါ မေးနေတယ်လေ ၊ ကျော်မောင် နင်တို့ ညီ အစ်ကို နေ့လယ်က ဘယ်သွားလဲ ”
အမေ့ အသံက ကွဲအက်နေ၏ ။ ကျွန်တော်တို့ ညီ အစ်ကို မလှုပ်ရဲတော့ ။
“ နင်တို့ညီအစ်ကို ဘာလုပ်လုပ် ငါသိနေတယ် ကျော်မောင် ။ အရပ်ထဲက ငါ့ကို ပြန်ပြောတဲ့လူတွေ အများကြီး ၊ နင်တို့အဖေရဲ့ တပည့်တွေအများကြီး ။ ကောင်းကြတာပေါ့ ၊ သိပ်ကို ကောင်းကြတာပေါ့ ။ ကျောင်းစာ ကြိုးစားဖို့ တဖွဖွပြောနေတဲ့ အမေ့ ရဲ့မျက်နှာ ကိုမှ အားမနာ လုပ်ရက်ပါပေ့ဟယ် ။ နင်တို့ကို ခဏခဏ ပြောတယ် ။ ငါ့မှာ ပညာအမွေကလွဲပြီး ဘာမှပေးစရာ မရှိဘူး ။ စာကြိုးစားကြပါဆိုတာလေ အခုတော့ စာ ကြိုးစား ပြတာပေါ့လေ ဟုတ်လား ကျော်မောင် ”
ကျွန်တော်တို့ မျက်နှာ မဖော်ရဲသဖြင့် ကြမ်းပြင်ကို သာ ကြည့်နေသည် ။
“ နင်တို့ကို ငါ ကျောင်းထားတာ သက်သောင့် သက်သာ ထားတယ်လို့ နင်တို့ ထင်နေလား ။ နင်တို့ရဲ့ စာအုပ်ဖိုး ၊ ကျောင်းစရိတ် ၊ စားဝတ်နေရေးအတွက် ငါ ဘယ်လောက် ရုန်းကန်လှုပ်ရှားနေရတယ်ထင်လဲ ကျော်မောင် နင်သိရဲ့လား ။ တစ်ခါတစ်ခါ နင်တို့ ထမင်း စားတာကောင်းရင် ငါ့မှာ မစားရတဲ့ရက် ရှိတယ်ဆိုတာ နင်မသိဘူး မဟုတ်လား ။ အဖေ လုပ်တဲ့သူက သူ့သား တွေ ပညာတတ်ကြီး ဖြစ်အောင် မျှော်မှန်းထားတာ အခု တော့ ရှင့်သားတွေလုပ်ပုံ ထကြည့်ပါဦး ကိုဘအောင်ရဲ့ ”
အမေက ပြောငို ငိုတော့သည် ။ အမေ ငိုတော့ ကျွန်တော်တို့ ညီအစ်ကို လိုက် ငိုတော့သည် ။ မိသားစု ငိုပွဲပေတည်း ။
ထိုနေ့မှစပြီး ကျွန်တော်တို့ ညီအစ်ကို ကျောင်း မပြေးရဲတော့ ။ စာကို နဂိုကထက် ပို၍ ကြိုးစားတော့၏ ။ အစ်ကိုကြီး ကိုးတန်း အောင်သော နှစ်တွင်ပင် မိသားစု ကုသိုလ်ကံက ကောင်းလားမပြောတတ် ။ အမေ ထီနှစ် သောင်းဆု ပေါက်၏ ။
အမေသည် ကုန်စိမ်းသည် ဘဝကို စွန့်လွှတ်ကာ အိမ်တွင်ပင် ကုန်ခြောက်ဆိုင် တည်သည် ။ အမေ ၏ ကြိုးစားရုန်းမှုကြောင့် ဆိုင်သေးသေးမှသည် ဆိုင်ကြီးကြီး ဖြစ်လာသည် ။ စီးပွားရေးအခြေအနေက တိုးတက်မြင့်မား လာသည် ။ အစ်ကိုကြီးကို တက္ကသိုလ် ပို့နိုင်သည် ။ အစ်ကိုကြီး က စာတော်သည် ။ ဆေးတက္ကသိုလ် ကျောင်းသား ၊ ကျွန်တော် က စီးပွားရေးတက္ကသိုလ် ကျောင်းသား ။ ကျောင်းတွေ အသီးသီးပြီးသောအခါ အမေ သဘောတူသော မိန်းကလေးများနှင့် အိမ်ထောင် ကျကာ တင့်တောင်းတင့်တယ် နေထိုင်လာနိုင်သည် ။ ကျွန်တော် အိမ်ထောင် ကျသောနှစ်မှာပင် အမေ့ကို အနားယူ ခိုင်းပြီး လုပ်ငန်း အားလုံးကို ကျွန်တော် ဦးစီး ခဲ့သည် ။
ကျွန်တော်တို့ညီအစ်ကိုနှစ်ယောက် ပညာချွန်၍ စာကြိုးစားသော်လည်း ညီငယ် ကျော်နောင်ကား တစ်မျိုး ဖြစ်သည် ။ အငယ်ဆုံးသား ကျော်နောင်ကို အမေက အလိုလိုက်သည်ဟု ကျွန်တော်ထင်၏ ။
ကျော်နောင်က ပေတေတေ ကပ်တတ်တတ် ဖြစ်သည် ။ အလုပ်တစ်ခုကို လုပ်မိက မည်သည့်အခါမှ နောက်မဆုတ်တတ် ။ ဇွတ်တရွတ်နိုင်သည် ။ ဇွတ်တရွတ် နိုင်သော ကျော်နောင့်ကို အမေက စိတ်ရှည်သည်းခံကာ ချော့မော့နှစ်သိမ့်တတ်၏ ။ ချော့မော့မှ သည်ကောင်က ရသည် ။ နို့မို့မရ ။ သည်ကောင်က တစ်လက်ကိုင်မြင်း ။ အမေ ပြောမှ ရသည် ။ ကျွန်တော်တို့ ပြော၍မရ ။ ဆယ်တန်းကို နှစ်ခါကျပြီး ကျောင်းထွက်ရသည် ။ အပြင်က ဖြေခိုင်းလည်း မရတော့ ။ ပညာရေး တစ်ပိုင်း တစ်စဖြင့် ကျောင်းထွက်လိုက်ပြီး အလုပ်မရှိ တစ်ရာ့ကိုး တစ်ရာ့တစ်ဆယ် ဖြစ်လာသည် ။
မနက်မိုးလင်း အိပ်ရာထ ၊ လက်ဖက်ရည်ဆိုင်သွား ၊ ထမင်းစားချိန်မှပြန်လာ ၊ ထမင်းစား ၊ စားပြီးတော့ထပ် ထွက် ၊ ညနေထမင်းစာချိန်ပြန်လာ ၊ ညစာစားပြီး ပြန်ထွက် ၊ အိပ်ချိန်ရောက်တော့မှ ပြန်အိပ် စသဖြင့် ဂျာအေး သူ့အမေရိုက်ဇာတ်လမ်း ဖြစ်လာတော့သည် ။
သည်တော့ အမေက တစ်မျိုး စီစဉ်ပြန်သည် ။ ကျော်နောင် ခြေငြိမ်အောင် အိမ်ထောင်ချ ပေးချင်ကြောင်း ကျွန်တော့်ကို ပြောသည် ။ ကျွန်တော်က “ အမေ အမေ့ သားကို မိန်းမ ပေးစားတာတော့ ဟုတ်ပါတယ် ၊ တော်ကြာ မိန်းမရပြီး ခြေမငြိမ်တော့မှ ပိုခက်မယ် ” ဟု ပြောတော့ ‘ ခြေငြိမ်သွားမှာပါ ’ ဟု ပြောပြီး အမေ သဘောတူသည့် မိန်းကလေးနှင့် အိမ်ထောင်ချပေးလိုက် သည် ။ တစ်အိုးတစ်အိမ် ခွဲပေးလျှင် အိမ်ထောင်သည်စိတ် ဝင်လာပြီး အလုပ် လုပ်မည်ဟု တွက်၍ အိမ်ခွဲပေးလိုက် သည် ။ သင့်တင့်လျောက်ပတ်သော ငွေကြေးပေးလိုက် သည် ။ ကျော်နောင်က အစတော့ ဟုတ်သည် ။ နောက် တော့ ခွေးမြီးကောက် ဇာတ်လမ်း ပြန်စသည် ။ တစ်စနှင့် တစ်စ အရက် ၊ လောင်းကစား ပါလာသည် ။ အရက် သောက်သည်ကို အမေသိ၍ ချော့ပြောတော့ ရှေ့တွင် ခေါင်းညိတ်၏ ။ ပြီးတော့ နောက်ကွယ်တွင် လုပ်ချင်ရာ လုပ်သည် ။ လောင်းကစားလုပ်သည်ကို အမေ မသိ ။ ကျွန်တော် က သိ၍ပြောတော့ ‘ ငါ့သားလေး ဒီလိုတော့ လုပ်မှာ မဟုတ်ပါဘူး ’ ဟု ပြန်ပြောသဖြင့် ကျွန်တော် နှုတ်ပိတ်ခဲ့ရသည် ။
ယခုလည်း ဒီကောင်ကြောင့် ပြဿနာတွေ မပေါ် သင့်ဘဲ ပေါ်ပေပြီ ။ မိသားစု စိတ်ညစ်စရာ ကြုံလာပေပြီ ။
ကျွန်တော် သက်ပြင်းချပြီး ခေါင်းခါမိ၏ ။ ဟိုး အဝေး မီးကင်းမှ သံချောင်းခေါက်သံ တစ်ချက် ကြားရပြီ ။ ထို့ကြောင့် လေသာဆောင်မှ ထကာ အိပ်ခန်းထဲသို့ ကျွန်တော်ဝင်ခဲ့သည် ။ တော်တော်နှင့် အိပ်ပျော်မည် မဟုတ် ။ အတော်ကြိုးစား၍ အိပ်ရပေဦးမည် ။
အစ်ကိုကြီးတို့ ကျွန်တော့် အိမ်ရောက်တော့ မနက် ၈ နာရီ ထိုးပေပြီ ။ အမေက မနက်အစောကြီး ကတည်းက ဥပုသ်ကျောင်း သို့ သွားပြီဖြစ်၏ ။ အစ်ကိုကြီးနှင့် အတူ သူ့ဇနီး ခင်မေခိုင် ၊ သား မောင်နိုင်သော်တို့ ပါလာ၏ ။
“ ကဲ…ဘာကိစ္စလဲ ညီလတ် ၊ အမေ ဘာဖြစ်လို့လဲ ။ အခု ဘယ်သွားလဲ ”
“ ပြောတာပေါ့ အစ်ကိုကြီးရာ ၊ အမေ ဥပုသ်စောင့် သွားတယ် ။ မပြောခင် အစ်ကိုကြီးကို ပြစရာရှိတယ် လာ ... ”
ကျွန်တော်သည် အစ်ကိုကြီးကို လက်ဆွဲကာ အမေ့ အိပ်ခန်းဆီသို့ ခေါ်ခဲ့သည် ။ အိပ်ခန်းထဲ တွင် လက်ဆွဲ အိတ်တစ်လုံးကို ခုတင်ပေါ် တင်ထား၏ ။
“ အဲဒါ အမေလက်ဆွဲအိတ် ၊ အထဲမှာ သူ့အဝတ် အစားတွေ ”
“ အမေ ဘယ်သွားမလို့လဲ ”
“ အဲဒီကိစ္စအတွက် အစ်ကိုကြီးကို ပြောပြမို့လို့ ကျွန်တော် လှမ်းခေါ်တာပဲ ။ လာ ... ဧည့်ခန်းထဲ ပြန်သွားမယ် ၊ အဲဒီမှာ ပြောမယ် ”
ကျွန်တော်သည် အစ်ကိုကြီးကို လက်ဆွဲကာ ဧည့်ခန်းထဲသို့ ပြန်ခေါ်ခဲ့သည် ။ အစ်ကိုကြီးသည် ယောင်နန ဖြင့် ပြန်ပါလာကာ ကျွန်တော်၏ အမျိုးသမီးနှင့် အစ်ကို ကြီး၏ အမျိုးသမီးကိုပါ ခေါ်လိုက်၏ ။ အစ်ကိုကြီး၏ သားနှင့် ကျွန်တော်သားမှာမူ ခြံထဲ၌ ဆင်း ကစားနေ သည် ။
ဧည့်ခန်း၌ လူစုံသောအခါ ကျွန်တော်က စကား စသည် ။
“ အဖြစ်အပျက်ကို အစအဆုံး ကျွန်တော် ပြောပြ မယ် ၊ ဒီလို အစ်ကိုကြီးရ ။ ပြဿနာက ကျော်နောင်က စတာပဲ ။ ကျော်နောင်က အရက်သောက်တယ် ။ အဲ့ဒီ အရက်သောက်တာကို အမေလည်းသိတယ် ။ အမေ သိတော့ သူ သားကိုခေါ်ပြီး အရက်မသောက်ဖို့ ၊ စီးပွား ရေးလုပ်ငန်းကို ကောင်းကောင်းလုပ်ဖို့ ၊ အစ်ကိုကြီး တွေကို နမူနာယူဖို့ ပြောပြောပြီး ပြန်လွှတ်တာ ။ ကျွန်တော်တောင် မရေတွက်နိုင်ဘူး ။ ဒီကောင်က အမေ့ ရှေ့ရောက်ရင် ကြောင်သူတော်ပဲ ။ ပြောသမျှ အကုန်နား ထောင်တယ် ။ ခေါင်းညိတ်တာလည်း ပုတ်သင်က အရှုံး ပေးရလောက်တယ် ။ ပြီးသွားရင် ခွေးမြီးကောက် ဇာတ် လမ်းပဲ ။
“ အရက်သောက်တာ အမေသိပေမယ့် ဒီကောင် လောင်းကစားလုပ်တာ အမေမသိဘူး ။ မသိဘူးဆိုတာ ထက် မယုံဘူးလို့ ပြောရမှာ ။ ကျွန်တော်ပြောပြပေမယ့် သူက မယုံဘူး ။ ဒီတော့ ကျွန်တော်လည်း ဘာမှမပြော တတ်ဘူး ။ အလုပ်လုပ်လိုက် ၊ အရှုံးပေါ်တာလို့ လာပြော လိုက် ၊ ပြန်သွားလိုက် ၊ အလုပ်အကြောင်း အယောင်ပြ လိုက် ၊ ရှုံးတယ်လို့ပြောလိုက် ၊ အမေက ငွေထပ်ပေး လိုက်နဲ့ နှစ်ကြိမ် သုံးကြိမ် ဖြစ်လာတယ် ။ ဒီတော့ တစ်နေ့မှာ ကျွန်တော်က အမေ အမေ သား သိပ် မဟုတ်ဘူး ။ အလုပ်လုပ်တာ ရှုံးချည်းပဲနေတယ် ဆိုတာ မဟုတ်သေးဘူး ။ သူ့လုပ်ငန်းကို နည်းနည်း စစ်ကြည့်ရင် ကောင်းမလားပဲလို့ ကျွန်တော်ကပြောတယ် ။ ဒီတော့ အမေက သူတကယ်ရှုံးလို့ ရှုံးတယ်လို့ ပြောတာ ဖြစ်မှာ ပါလို့ ပြန်ပြောတယ် ။ အမေ့ရဲ့ ပုံပန်းသဏ္ဌာန် အေးတိ အေးစက်ပဲ ။ ဒါကို ကျွန်တော်က သိပ်သဘော မကျဘူး ။ ဟာ .. အမေကလည်း တစ်ခါဆို မဟုတ်သေး ၊ အခု နှစ်ခါ သုံးခါတောင် ရှိပြီ ။ ကြာရင် အမေရှာထားတဲ့ ပစ္စည်းတွေကုန်မယ်လို့ ကျွန်တော်က ထပ်ပြောတယ် ။ အဲဒီတော့မှ အမေက စိတ်ဆိုးမာန်ဆိုးပုံစံနဲ့ ဒီမှာ ကျော်ခေါင် ငါ့သားဖြုန်းတီးလို့ ငါ့ပစ္စည်းကုန်တာ ဘာဖြစ် သေးလဲ ၊ နင်နဲ့ ဘာမှမဆိုင်ဘူးလို့ ပြန်ပြောတော့ ကျွန်တော် ငြိမ်နေလိုက်ရတယ် ။
“ ဒီအကြောင်းတွေကို အစ်ကိုကြီးကို ကျွန်တော် မပြောခဲ့ဘူး ၊ တစ်ရပ်တစ်ရွာမှာ စိတ်ဆင်းရဲမှာစိုးလို့ ကျွန်တော် တစ်ယောက် တည်း ကြိတ်မှိတ်ခံခဲ့တယ် ”
“ အဲ ... ပြဿနာက တစ်နေ့ကစတာပဲ ။ တစ်နေ့က ဖဲဝိုင်းတစ်ဝိုင်းမှာ ကျော်နောင် ဓားထိုးခံရတယ် ။ ဒဏ်ရာက မပြင်းပါဘူး ၊ လက်မောင်းကို ရှပ်ထိတာပါ ။ ဖြစ်ပုံက သူတို့ဖဲကစားတယ် ၊ ထုံးစံအတိုင်း သူပဲ ရှုံးတယ်တဲ့ ။ ရှုံးတော့ ရှုံးမဲမဲပြီး ထပ်ရိုက်တယ် ၊ ထပ်ရှုံးတယ်တဲ့ ။ အဲဒီအချိန်မှာ ဘေးလူ တစ်ယောက်က သူ့ကို မခံချင် အောင် ပြောတယ်တဲ့ ။ ဒီတော့ သူက လက်သီးနဲ့ လှမ်း ထိုးတယ်တဲ့ ။ အဲဒီလူက သူ့ကို ဓားနဲ့ပြန်ထိုးတယ် ။ သူ့ကို ရှပ်ထိတယ် ။
“ အဲဒီအဖြစ်အပျက်ကို အိမ်လာပြီး အကြောင်းကြား တယ် ။ အမေလည်းရှိတယ် ။ ဒီတော့ ကျွန်တော်က စိတ် မထိန်းနိုင်ဘဲ လာအကြောင်းကြားတဲ့ လူကို ဟေ့ ... ဒီမှာ ကိုမြသန်း ဒီကောင့် အကြောင်း ကျုပ် လာမပြောနဲ့ဗျာ ၊ သူ့ဘာသာသူဘာဖြစ်ဖြစ် သေသွားအေးတာပေါ့လို့ ပြော လိုက်တော့ အမေက ထိုင်နေရာက ငေါက်ခနဲ ထပြီး ကိုမြသန်း နဲ့ လိုက်သွားတယ် ။ ကျွန်တော်က စိတ်ဆိုးနေ တော့ လိုက်မသွားဘူး ။ ဒါပေမဲ့ ခင်လေးကိုတော့ အမေ့ နောက်လိုက်သွားဖို့ မေးငေါ့လိုက်တယ် ။ ခင်လေးလည်း သူ့ယောက္ခမနောက် လိုက်သွားတယ် ။
ပြန်လာတော့ ဘာမှမပြောကြဘူး ။ ကျွန်တော် လည်း အကြောင်းအကျိုး ပြန်မမေးဘူး ။ အဲ .. နောက် တစ်နေ့ နေ့လယ် မနေ့ကပေါ့ ။ ကျွန်တော့်ကို အမေက သူ့အိပ်ခန်း ထဲခေါ်ပြီး ကျော်ခေါင် မနက်ဖြန် ဥပုသ်စောင့် ပြီးရင် သန်ဘက်ခါ ကျော်နောင်တို့ အိမ်ကို ငါပြောင်း နေတော့မယ်လို့ ပြောတော့တာပဲ ။ ကျွန်တော့်ကို စိတ်ဆိုး လို့လားလို့ မေးတယ် ။ ဒီတော့ အမေက စိတ်မဆိုးပါဘူး သားရယ် ။ အမေ ပြောင်းနေမှ ဖြစ်မှာမို့ပါလို့ပြောပြီး ကျွန်တော့်ကို သူ့ အိပ်ခန်းထဲက ထွက်သွားဖို့ ပြောတော့ တာပဲ အစ်ကိုကြီးရ ”
“ အေးကွာ … အမေက ဘာစိတ်ကူးပေါက်သလဲ မသိဘူး ၊ မင်းကိုကော စိတ်ဆိုးတဲ့ အမူအရာတွေ ပြသေး လား ”
“ မပြဘူး အစ်ကိုကြီးရ ၊ ခါတိုင်းလိုပါပဲ ”
“ ဒါဆိုလည်း ခိုင်တို့ဆီကို ခေါ်ထားရင် မကောင်း ဘူးလား ကိုကို ”
“ လွယ်တော့ မလွယ်ဘူးထင်တယ်ခိုင် ၊ အမေက သိပ်ခေါင်းမာတာ ။ ဆုံးဖြတ်ချက် တစ်ခု ချပြီးရင် ပြင်လေ့ မရှိတာ အမေ့အကျင့်ပဲ ။ အေးလေ ... မနက်ဖြန်မှ ကြည့် ပြောကြတာပေါ့ ညီလတ်ရာ ”
ကျွန်တော်တို့ ညီအစ်ကို မိသားစု နှုတ်ဆိတ် သွား၏ ။ ဧည့်ခန်းထဲတွင် ကျောက်ရုပ်များနှယ်တည်း ။
× ×× × × × × × ×
ဧည့်ခန်းထဲတွင် မိသားစု စုံ၏ ။ ထုံးစံအတိုင်း ကျော်နောင် တော့ မပါ ။
“ ကဲ .. သားကြီးက အမေ့ ကို ဘာပြောချင်သလဲ ပြောလေ ”
“ ဒီလိုပါ အမေ ၊ မနေ့က ညီလတ်ပြောပြလို့ အကြောင်းစုံ သိပြီးပါပြီ ။ ကျော်နောင်ဆီမှာ အမေ သွားနေမယ် ဆိုတာ ”
“ အေး ... ဟုတ်တယ် ”
“ အမေရာ … ညီလေး ဆီတော့ သွားမနေပါနဲ့ ၊ သားတို့နဲ့ လိုက်နေချင်နေပါ ”
“ ဟုတ်ပါတယ် အမေ ၊ သမီးတို့နဲ့ လိုက်နေပါ ”
ခင်မေခိုင်က ဝင်ပြောသည် ။
“ မဖြစ်ပါဘူး…သားတို့ ၊ သမီးတို့ရယ် ”
“ အမေက သားကို စိတ်ဆိုးလို့လား ၊ သားလည်း ရုတ်တရက် ဆိုတော့ စိတ်လိုက်မာန်ပါ ပြောလိုက်မိ တာပါ ”
ကျွန်တော်က ချည့်နဲ့သော လေသံဖြင့် ပြောလိုက် သည် ။
“ ဒီမှာသား အမေဆိုတာ သားတို့ ၊ သမီးတို့အပေါ် မှာ စိတ်ဆိုးရိုးထုံးစံ မရှိခဲ့ဘူး သိလား ။ ပဒကုသလ ဇာတ်မှာ အဿမုခိ ဘီလူးမဟာ သူ့ကို ရင်ကွဲနာကျသေ အောင် ပစ်ခွာသွားတဲ့ သားကို အသက်မွေးမှု ပညာ မပါဘဲ လူ့ လောကထဲသွားရင် ဆင်းရဲဒုက္ခ တွေ့ မှာစိုးလို့ မိခင် မေတ္တာနဲ့ စိန္တာမဏိဂါထာ ကို သင်ပေးခဲ့တယ်မဟုတ်လား ။ အဲဒါ အမေတွေရဲ့ စိတ်ထားပါသား ”
“ သားတို့နဲ့ပဲ ဆက်နေပါ အမေရာ ။ အမေ စိတ် ချမ်းသာအောင် သားတို့ထားပါ့မယ် ။ ကျော်နောင့်ဆီ အမေ သွားနေရင် အမေ ဒုက္ခရောက်မှာပေါ့ ”
“ ဒီ ဒုက္ခ တွေလောက်တော့ အမေ မမှုပါဘူး သားရယ် ၊ ကဲ ... အမေ ဘာကြောင့် ကျော်နောင်နဲ့ သွား နေတော့မယ်လို့ ဆုံးဖြတ်ရတဲ့ အကြောင်း သားတို့ကို ပြောပြမယ် နားထောင် ။
“ သားကြီးနဲ့ သားလတ်တို့ ပညာသင်ကြားရတဲ့ ဘဝတုန်းက အမေဟာ ပညာကို တွန်းတွန်းထိုးထိုး နဲ့ သင်ခိုင်းခဲ့တယ် ။ ဂရုတစိုက် စောင့်ကြပ်နိုင်ခဲ့တယ် ။ အမေတို့ စီးပွားရေး ကောင်းလာတော့ သားကြီးနဲ့ သားလတ် တို့က ဆင်ခြင်တုံတရား ရှိပြီး ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းတတ်နေပြီ ။ ဒါပေမဲ့ သားငယ် ကျော်နောင် ကတော့ သူ့ကိုယ်သူ မထိန်းသိမ်းတတ်သေးဘူး ။ ဒီတော့ စီးပွားရေးကို တစိုက်မတ်မတ် ဆောင်ရွက် နေရတဲ့ အမေ သားငယ်ကျော်နောင်ရဲ့ ပညာရေးကို မကြပ်မတ် နိုင်ဘူး ။ လျစ်လျူရှု လာတာတွေ များတယ် ။ ဒီတော့ သားငယ် စိတ်လေလာပြီး ပညာရေးကို စိတ်မဝင်စား တော့ဘူး ။ ဒါကြောင့် ပညာရေးဆုံးရှုံးခဲ့ရတယ် ။ ဒါဟာ အမေ့ရဲ့ ပထမဆုံး အားနည်းချက် အမှား ၊ ဒီအမှားက ဘာကို ဖြစ်စေသလဲဆိုတော့ သားငယ်ကို လမ်းမှားဆီကို တွန်းပို့သလို ဖြစ်နေတယ် ။
“ တစ်ခါ ကျော်နောင် ဒီလို ဖရိုဖရဲ ဖြစ်နေတာဟာ လွတ်လပ်လို့လို့ အမေထင်ပြီး သူ့ကို အိမ်ထောင်ရက် သားချပေးလိုက်တယ် ။ အဓိကက ခြေငြိမ်သွားပြီး စီးပွားရေးကို စိတ်ဝင်စားအောင် လုပ်တာပဲ ။ ငွေကို လက်ထဲ ထည့်ပေးလိုက်တော့ ပိုဆိုးတာပဲ ။ အဲဒါက ဒုတိယ အားနည်းချက် အမှား ... ”
“ တစ်ခါတုန်းက သားလတ်ကို အမေပြောခဲ့တာ မှတ်မိသေးလား ၊ သားလတ်က “ အမေရှာထားတဲ့ ပစ္စည်းတွေကုန်မယ် ” လို့ပြောတော့ အမေက စိတ်ဆိုး မာန်ဆိုးနဲ့ ဒီမှာကျော်ခေါင် ငါ့သား ဖြုန်းတီးလို့ ငါ့ပစ္စည်း ကုန်တာ ဘာဖြစ်သေးလဲ ၊ နင်နဲ့ ဘာမှမဆိုင်ဘူးလို့ ပြောခဲ့တာလေ ။ အဲဒီအချိန်ကတည်းက သားငယ် ကျော်နောင့် အခြေအနေကို အမေ ရင်လေးနေမိတာ ။ သားလတ် ဘာမှ ပြန်မပြောရဲအောင် အမေက ပိတ်ပြော လိုက်တာ ။ အဲဒီ ကတည်းက ကျော်နောင် နဲ့ အတူ သွား နေရင် ကောင်းမယ်လို့ အမေတွေးတယ် ။ အခုမှပဲ ဆုံးဖြတ်ချက်ချတာ ”
“ ဒီမှာ သားတို့ လူနာနှစ်ယောက် ရှိတယ်ဆိုပါ တော့ ။ တစ်ယောက်သော လူနာကို ဆရာဝန်က ကုသလို့ ပျောက်သွားတယ် ။ လူနာ တစ်ယောက်ကတော့ ရောဂါကြီးလို့ ကုတုန်းသတုန်း ဆိုပါစို့ ။ အဲဒီလူနာ နှစ်ယောက် အနက် ဆရာဝန်က ဘယ်သူ့ကို ပိုဂရုစိုက်မလဲ ။ ကြပ် မတ်မလဲ စဉ်းစားကြည့်စမ်း ။ ဆရာဝန်ဖြစ်တဲ့ သားကြီးက ပိုသိမှာပေါ့ ။ ဒီလိုပါပဲ သားကြီးနဲ့ သားလတ်မှာ ကြီးမားတဲ့ ဂုဏ်သိက္ခာတွေ ၊ ရင့်ကျက်တဲ့အတွေ့ အကြုံ တွေ ၊ မှန်ကန်တဲ့ တွေးခေါ်မြော်မြင်တဲ့ တရားတွေရှိတယ် ။ အဲဒီသားတွေက မိမိရဲ့ သိက္ခာ ၊ အတွေ့အကြုံ ၊ တွေးခေါ် မြော်မြင်မှုတရားတွေကို စတေးခံပြီး မသင့်လျော်တဲ့ အလုပ်ကို လုပ်မလား ။ ဒီတော့ အမေက စိတ်ချတယ် ။ ဟိုအငယ်ကောင် ကျော်နောင် ဘာတရားမှ မရှိဘူး ၊ မသိဘူး ။ အဲဒီကောင်ကို အမေစိတ်မချဘူး ။ သူ့ကို ဂရုစိုက်ရလိမ့်မယ် သားတို့ ”
အမေ့ အသံက လေးလေး မှန်မှန် ထွက်ပေါ်နေသည် ။ ကျွန်တော်တို့ ငြိမ်၍ နား ထောင်နေ၏ ။
“ ကျွန်တော်တို့က ဂရုမစိုက်ရဘူး မပြောပါဘူး ၊ ဂရုစိုက်ပါ ။ ဒါဆို ဒီလို လုပ်ပါလား ၊ ညီလေးကို ကျွန်တော်တို့နဲ့ ခေါ်ထား .. ”
“ အဲဒါက ပိုတောင် မဖြစ်သေးတယ် သားလတ်ရဲ့ ။ ‘ အသေဝနာစ ဗာလာနံ ’ လူမိုက်နဲ့ မပေါင်းသင်းရတဲ့ မင်းတို့နဲ့အတူနေရင် မင်းတို့ပါ အကျိုးယုတ်တော့ မပေါ့ ။ အရက်သမား ၊ လောင်းကစားသမား ဘယ်လာစိတ်ချရ မလဲ ။ အမေကကော့ တောင်းစုတ် ပလုံးစုတ်ကိုသာ ပစ်ရိုးထုံးစံရှိတယ် ။ သားဆိုး သမီးဆိုး ကိုတော့ ဘယ် တော့မှ ပစ်နိုင်ပါ့လဲ ။ အနီးကပ် သွန်သင်ဆုံးမ ရမှာပေါ့ ကွယ် ”
“ အမေ့သားက ဘယ်တော့ လိမ္မာမလဲ ၊ အမေဒုက္ခ ရောက်တာ အဖတ်တင်မယ် ”
“ သားကြီး ပြောတာ မှန်ပါတယ် ။ လူမိုက်ကို လိမ္မာဖို့ သိမ်းသွင်းရတယ် ဆိုတာ ကျောက်ခဲ ရေညှစ်သလို အလဟဿ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ် ။ ဒါပေမဲ့ သား ကြီးရယ် အမေ ငယ်ငယ်က လူကြီးသူမတွေ ပြောလို့ မှတ်သားဖူးတဲ့ ပုံပြင်လေးတစ်ပုဒ် ပြောပြမယ် ။ ဟို ရှေးရှေးတုန်းက ဂင်္ဂါမြစ်ရဲ့ ဘေး သစ်ပင်ကြီးတစ်ပင် မှာ ရှဉ့်တွေနေထိုင်ကြသတဲ့ ။ အဲဒီရှဉ့်အုပ်မှာ ရှဉ့်သားအမိ နှစ်ကောင် ရှိတယ် ။ တစ်နေ့တော့ ရှဉ့်သားငယ်ကလေး ဟာ သစ်ပင်ကြီးရဲ့မြစ်ဘက်ကို ထွက်နေသတဲ့ ။ သစ်ကိုင်းပေါ်မှာ ကစားရင်း ဂင်္ဂါမြစ်ထဲကို မတော်တဆ လွင့်စဉ် ကျသွားပါလေရော ။ ဒီတော့ ရှဉ့်အမေကြီးဟာ သူ့သားလေးကို ကယ်ဖို့ ကြိုးစားသတဲ့ ။ ဒါပေမဲ့ ဘယ်ရှဉ့်ကမှ ရေထဲကို ဆင်းမဆယ်ရဲဘူး ။ ရှဉ့်သားကလေးဟာ ရေစီးနဲ့မျောပါသွားတာ တဖြည်းဖြည်း အဝေးကို ရောက် သွားသတဲ့ ”
“ ကြံရာမရတဲ့ နောက်ဆုံးမှာ ရှဉ့်အမေကြီးဟာ ကပျာကယာ ဂင်္ဂါမြစ်စပ် ကိုဆင်း သူ့အမြီးကို ရေထဲ နှစ်လိုက် ၊ ကုန်းပေါ်မှာ ချလိုက် ၊ တစ်ခါ ရေထဲနှစ်လိုက် ၊ ကုန်းပေါ်ခါချလိုက်နဲ့ အကြိမ်ကြိမ် ပြုလုပ်သတဲ့ ။ အဲဒါကိုမြင်တဲ့ တခြားရှဉ့်တွေက ဟဲ့ ... ရှဉ့်မ မိုက်မဲလှ ချည့်လား ၊ နင့်သားလည်း ရေထဲ မျောပါသွားပြီ ။ နင် ဒီလို အမြီးကို ရေမှာနှစ်ပြီး ကုန်းပေါ်မှာ ရေခါချရုံနဲ့ ဂင်္ဂါမြစ်ကြီးထဲက ရေကုန်ခန်းသွားမှာလား ။ နင့်သား ကော အသက် ပြန်ရှင်လာပါ့မလား ။ မိုက်မဲလှချည့်လား လို့ အပြစ်တင်ကြသတဲ့ ။ ဒီတော့ ရှဉ့်မက သူ့ကို ဝိုင်းဝန်းအပြစ်တင်တဲ့ ရှဉ့်တွေကို ဒီမှာ ငါ့အမြီးနဲ့ ရေထဲမှာ နှစ်ပြီး ကုန်းပေါ် မှာ ခါချရုံနဲ့ ဂင်္ဂါမြစ်ကြီး ထဲက ရေတွေ မကုန်မှန်းလည်း ငါသိတယ် ။ ငါ့သားငယ် အသက်ပြန် ရှင်မှာ မဟုတ်ဘူး ဆိုတာလည်း ငါသိတယ် ။ ဒီလိုလုပ် လိုက်တာ အချည်းအနှီးပဲ ဆိုတာလည်း ငါသိတယ် ။ ဒါပေမဲ့ ငါဟာ အမေ ငါ့ရဲ့ပေါ့ဆမှုကြောင့် ငါ့သား အသက်ဆုံးရှုံး ရတယ် ။ ငါ့မှာ တာဝန်ရှိတယ် ။ ငါဟာ အမေတို့ရဲ့တာဝန်ကို ထမ်းဆောင်နေတာလို့ ပြန်ပြော လိုက်တယ်တဲ့ ။ အခုလည်း ကျော်နောင် ဟာ အမေရဲ့ တာဝန် လစ်ဟင်းမှု ၊ ဆုံးဖြတ်ချက် မှားယွင်းမှုကြောင့် မဖြစ်သင့်တာ ဖြစ်ပြီ ။ သူ လိမ္မာမယ် ဆက်ပြီး မိုက်မယ် ဆိုတာ အမေ မသိဘူး ။ ဒါပေမဲ့ အမေတို့ရဲ့ တာဝန် ဝတ္တရားအရ သူ့ကိုတော့ အနီးကပ် သွန်သင်ရမယ် ၊ ဆုံးမရမယ် ။ ဒါကြောင့် အမေ့ ကို ကျော်နောင့် ဆီပို့ပေး ကြပါ ”
အမေ့ နှုတ်မှ ပြတ်သားသော စကားကို ဆိုချေပြီ ။ ကျွန်တော် လည်း ဆက်ပြော၍ ရမည် မဟုတ်တော့ ။ ထို့ကြောင့် ညီလေး ကျော်နောင် ဆီသို့ အမေ့ကို ပို့ရန် ကျွန်တော်တို့ စီစဉ်ရပါတော့သည် ။
( ကွယ်လွန်သွားသော မေမေသို့ အမှတ်တရ )
⊙မောင်သင်းလှိုင် ( ပန်းတနော် )
ရွှေအောင်လံ မဂ္ဂဇင်း
၁၉၉၉ ၊ ဇွန်လ
No comments:
Post a Comment