Tuesday, November 5, 2024

ကျန်းကျန်းမာမာ စာရေးဆရာ


 ❝ ကျန်းကျန်းမာမာ စာရေးဆရာ ❞


ဆရာမောင်မောင်လှိုင် ( အပ်စိုက်ကု ) ပြုစုတဲ့ ကျန်းကျန်းမာမာ အသက် ၁၀၀ စာအုပ် အမှတ် တစ် နဲ့ နှစ် ကို ထုတ်ဝေခဲ့ ရာ မှာ စာဖတ်သူ တွေ ရဲ့ စိတ် ဝင်စားမှု အများကြီး ရခဲ့တယ် ။


စာရေးဆရာဦးမောင်မောင်လှိုင် ရဲ့ ဘဝ က လည်း စိတ်ဝင်စားစရာ ကောင်းတယ် ။ တစ်ချိန် တစ်ခါ က ရန်ကုန်မြို့ မှာ အလွန် ရောင်း လို့ ကောင်း တဲ့ ဝက်အူချောင်းသည် ဘဝ ၊ အပ်စိုက်ကုဆရာ ဘဝ ၊ မကာအို မှာ ကျောင်းဆရာ ဘဝ ၊ စာရေးဆရာ ဘဝ တွေ ကို ကျင်လည်သူ ဖြစ်ပါတယ် ။ ငွေဝင် များတဲ့ လုပ်ငန်းပေမယ့် ဝါသနာ မပါ ရင် စွန့်ပယ် ပစ်ခဲ့တယ် ။


အတွေးအမြင် စာအုပ်တိုက် မှာ ဆရာမောင်မောင်လှိုင် ( အပ်စိုက်ကု ) ကို တွေ့ဆုံပြီး သူ့ ဘဝထိုထို ကို ကျွန်တော် မေးပါတယ် ။


•••••   •••••   •••••


ဘာ လုပ်လုပ် စေတနာ တော့ ထည့်ရမယ် ။


ကျွန်တော် ဝက်အူချောင်း လုပ် ရောင်းမယ် ဆိုတော့ ဒါ မလုပ်ခင် ဈေးကွက် ထဲ မှာ ဘယ်လို ဝက်အူချောင်းတွေ ရှိသလဲ ၊ လူတွေ က ဘယ် ဝက်အူချောင်း မျိုး ကြိုက်သလဲ ဆိုတာ အရင်ဆုံး လေ့လာတယ် ။ မုံရွာဝက်အူချောင်း က ကောင်းတယ် ၊ လူတွေ ကြိုက်တယ် ။ သူ့ ထက် သာ အောင် ကျွန်တော် ဘယ်လို လုပ်မလဲ ။ ကိုယ် က ကြံဆရတယ် ။ လိုင်း ထပ် သွားရင် ကိုယ် က သူ့ နောက် ပဲ ၊ မတူတဲ့ အရသာ ပို ကောင်းတဲ့ အရသာ ဖြစ်အောင် လုပ်နိုင်ရမယ် ။


မြန်မာလူမျိုးတွေ က အချို ကြိုက်တယ် ။ အဲဒီ အချိန် ကပေါ့ ။ အစားအစာ စားရာ မှာ အသား ပို ကြိုက်တယ် ။ ဒါကြောင့် ကျွန်တော့် ဝက်အူချောင်း က အသား ပို များတယ် ။ အဆီ လျှော့တယ် ။ မြန်မာတွေ က ငပိ လည်း ကြိုက်တယ် ။ ဒါကြောင့် ကျွန်တော့် ဝက်အူချောင်း က ငန်ရမယ် ၊ ချိုရမယ် ။ ဆား အစစ် ထည့်တယ် ၊ သကြား အစစ် ထည့်တယ် ။ မြန်မာတွေ ကြိုက်တဲ့ အရသာမျိုး လုပ်တယ် ။


စားစရာ လုပ်ရင် ပစ္စည်း စစ် ရမယ် ၊ ကောင်း ရမယ် ။ စေတနာ ပါပြီး အလုပ် လုပ်ရင် အောင်မြင်တာပဲ ဗျာ ။ ကျွန်တော့် ဝက်အူချောင်း ဘယ်လောက် အထိ လုပ်ရသလဲ ဆိုရင် တစ်နေ့ တစ်နေ့ ကို အရိုး မပါ ၊ ဝက်သား ပေါင်သား ချည်း တစ်နေ့ ၄၅ ပိဿာ လုပ် ရတယ် ။ ဝက် တစ်ကောင် ကျော်တယ် ။ သီတင်းကျွတ် လို ၊ သင်္ကြန် လို ၊ တရုတ်နှစ်သစ်ကူး လို အချိန် တွေ မှာ ဆိုရင် တစ်ပတ် လောက် ကြိုပြီး အချိန် ၆ဝ လောက် လုပ် ရတယ် ။ အမှိုက်ပုံ သွား ပစ်တာက မှ ကြာလိမ့်ဦးမယ် လုပ်သမျှ ကို တန်းစီ ပြီး ဝယ်နေ ကြတာပဲ ။


ဒါပေမယ့် ဝက်အူချောင်း လုပ် ရောင်းတဲ့ လုပ်ငန်း က ပိုက်ဆံ တော့ ရပါရဲ့ ။ ကျွန်တော့် ရှိ နေတဲ့ အရည်အချင်းတွေ ကို ဖြုန်းတီး ပစ်တယ်လို့ ခံစားရတယ် ။ ကျွန်တော် ဝါသနာ ပါလို့ လုပ် နေတာ မဟုတ်ဘူး ။ အဲဒီ အချိန် မှာ ကျွန်တော် ဘာ ဝါသနာ ပါလဲ ဆိုတော့ အပ်စိုက်ပညာ ကို ဝါသနာ ပါ လို့ သင် နေပြီ ။


ကျွန်တော့် အဖေ က တရုတ်တိုင်းရင်းဆေး ဆရာကြီး ။ အင်မတန် ရှေး ကျ တဲ့ ဆေးကျမ်း တွေ ရှိတယ် ။ ကျွန်တော် ဆယ်နှစ်သား လောက် က ကျွန်တော့် အဖေ သွေးတိုး ဖြစ်တာ ကို တရုတ်ဆရာကြီး အပ်စိုက် ကုတာ မြင်ဖူးတယ် ။ ဆေး မပါဘူး ။ ဘာမှ လည်း မပါဘူး ၊ အပ်စိုက်ပြီး ပဲ ကုတယ် ။ အပ်စိုက်ကုထုံး ကို ကျွန်တော် လုပ်မယ် လို့ ငယ်ငယ် ကတည်း က ပိုင်းဖြတ် ထားတယ် ။


အပ်စိုက် ကု ကို ဝါသနာ ပါတော့ deviate လုပ်ချင် နေပြီ ။ အင်္ဂလိပ် လို ပြောရ ရင် တော့ I want to deviate my life in acupduncture ( အပ်စိုက်ကုထုံး လုပ်တာ ကို ကျွန်တော့် ဘဝ လမ်းကြောင်း ပြောင်းချင် နေပြီ ) အရင်းအနှီး ရအောင် ဝက်အူချောင်း နှစ်နှစ် လောက် လုပ်မယ် ။ ခဏ ယာယီ လို့ လုပ်တာ သုံးနှစ် ကျော်ကျော် ကြာ သွားတယ် ။ အဲဒီ အချိန် မှာ Acupduncture ( တရုတ်အပ်စိုက်ကုထုံး ) ကို စိုက်လိုက်မတ်တပ် သင်တယ် ။ Acupduncture ကို သင်ရင်း ဇစ်မြစ် ကို သွားချင် တော့ တရုတ်စာ လေ့လာ မှ ရမယ် ။ ကျွန်တော် က တရုတ်စာ မကောင်းဘူး  ဗျာ ဆိုတော့ တရုတ်စာ ကို ဆေးစာတွေ ဖတ်နိုင် လောက်အောင် အဘိဓာန် အမျိုးစုံ ဝယ်ပြီး လေ့လာတယ် ။ အပ်စိုက်လုပ်ငန်း ကို ပြောင်း လုပ်တယ် ။ မြန်မာပြည် မှာ လည်း အပ်စိုက်ကုထုံး က သိပ် ခေတ်စား နေတဲ့ ကာလပေါ့ ။ ၁၉၇ဝ ကျော် က နေ ၁၉၈ဝ ပြည့်နှစ် လောက် အထိ ။ မြန်မာပြည် အနှံ့ ကျွန်တော် သွားပြီး အပ်စိုက် လိုက် ကုတယ် ။ တရုတ်တိုင်းရင်းဆေးဆရာ အသင်းဝင်တယ် ။


ဒီနောက် စာအုပ် တစ်အုပ် ဘာသာ ပြန်တယ် ။ အပ်စိုက်ကုဗေဒကျမ်း ဆိုတဲ့ စာအုပ် ပေါ့ ။ စာအုပ် ထုတ်တယ် ။ ကိုယ်ပိုင် ဆေးခန်း ဖွင့်လိုက်တယ် ။ ကျွန်တော့် ဆေးခန်း ရဲ့ Motto ( ဆောင်ပုဒ် ) က ခုတင် ပေါ် တက်သွားချိန် နဲ့ ခုတင် ပေါ် က ဆင်းသွားချိန် မတူစေရဘူး ၊ တစ်ဝက် သက်သာ စေရမယ် ပေါ့ ။ အဲဒီတုန်း က မြန်မာ့လက်ရွေးစင် ဘောလုံးသမား တွေ ၊ အလေးမချိန်ပီယံ တွေ ၊ အားကစားသမား တွေ လည်း လာကြတယ် ။


၁၉၈၈ ခု ကျ တော့ ကျွန်တော့် ဆေးခန်း ဝင်ငွေ က စားလောက် ရုံ ပဲ ရှိတယ် ။ ဒါနဲ့ နိုင်ငံခြား သွားဖို့ ပတ်စပို့ လျှောက်ပြီး ဟောင်ကောင် ကို သွားတယ် ။ ပုဇွန် မွေးမြူရေး ကုမ္ပဏီ မှာ branch manager ခန့်တယ် ။ ခရီး သိပ် သွားရတယ် ။ တစ်နေရာ မှာ သုံးရက် နေရတယ် မရှိဘူး ။ ဟောင်ကောင် မှာ အလုပ် သွား လုပ်ရတာ လည်း သိပ် ဝေးတယ် ။ ကား စီးရတာ တစ်နေ့ သုံးနာရီ လောက် ကြာတယ် ။


မကာအို က ကျောင်းဆရာ လာ လုပ်ဖို့ စပ်တယ် ။ ဒါနဲ့ ပုဇွန် ကုမ္ပဏီ က အလုပ် ကို ထွက် လိုက်တယ် ။ မကာအို မှာ မြန်မာ များတယ် ။ မုန့်ဟင်းခါးဆိုင် က အစ ရှိတယ် ။ ဗမာ အစားအစာ ရတယ် ။ ကျွန်တော် သဘောကျတယ် ။ ပျော် သွားပြီး ဆယ်နှစ် လုံးလုံး တရုတ်တွေ ကို အင်္ဂလိပ်စာ သင်ပေးတဲ့ ဆရာ လုပ်တယ် ။ စာ သင်တဲ့ ဆရာ လုပ်တဲ့ ကာလ တစ်ခု ပေါ့ ။ ၁၉၉၈ ခု အထိ ပဲ ။


မကာအို မှာ လောင်းကစားဝိုင်းတွေ နာမည် ကြီးတယ် ။ လောင်းကစားဝိုင်းကြီး ကိုးဝိုင်း မှာ တစ်ဝိုင်း ပဲ တစ်ပတ် တစ်ကြိမ် နားတယ် ။ ကျန်တဲ့ ရှစ်ဝိုင်း က အချိန်ပြည့် ။ တစ်စက္ကန့် တောင် မရပ်ဘူး ။ တစ်နှစ်ပတ် လုံး ပဲ ။ လောင်းကစား ရုံ အဝင်ဝ မှာ တော့ တရုတ် လို ၊ အင်္ဂလိပ် လို ၊ ပေါ်တူဂီ လို စာ ရေးထားတယ် ။ ကိုယ့် ရဲ့ ပိုလျှံတဲ့ ငွေ နဲ့ အပျော် သဘောမျိုး ကစားပါ ။ အနိုင် လိုချင်တဲ့ စိတ်ဓာတ် နဲ့ မကစားပါနဲ့ တဲ့ ။ ကျွန်တော် က လောင်းကစား ဝါသနာ မပါဘူး ၊ အချိန် ရ ရင် စာ ဖတ်တာပဲ ။


မကာအို မှာ နေရတာ မိသားစု နဲ့ ခွဲ နေရတယ် ။ ဟိုက ရာသီဥတု က ပူတယ် ။ ရှိသမျှ စက်ရုံ တွေ ၊ ကား တွေ က အဲယားကွန်း တွေ တပ် ထားပြီး အပူတွေ အကုန် မှုတ်ထုတ် နေတာ ။ အေးတဲ့ အချိန် ရောက် ပြန်တော့ လည်း နှစ်ဒီဂရီ စင်တီဂရိတ် လောက် အထိ အေးတယ် ။ မကာအို မှာ မနေချင်တော့ တာ နဲ့ မြန်မာပြည် ပြန် လာတယ် ။


မြန်မာပြည် ပြန် ရောက် တော့ ဘာ လုပ်ရမလဲ စဉ်းစားတယ် ။ ကျွန်တော် တို့ ဆီ မှာ ကျန်းမာရေး အသိ ပေးတာ အားနည်း နေ သေးတယ် ။ အဲဒီ ဟာကွက်ကလေး ကို ကျွန်တော် ဖြည့်မယ် ဆိုပြီး စာ ရေးဖို့ ဆုံးဖြတ် လိုက်တယ် ။


ကျန်းကျန်းမာမာ အသက် ၁၀၀ စာအုပ် နှစ်အုပ် ကျွန်တော် ထုတ်တယ် ။ အဲဒီ ထဲ မှာ စေတနာတွေ အပြည့် ပါတယ် ။ စာ ရေးရာ မှာ စာဖတ်သူတွေ နားလည် အောင် လွယ်ကူ ရှင်းလင်း အောင် ရေးတယ် ။


၁၉၅၉ ခုနှစ် ကတည်း က ရှုမဝ မဂ္ဂဇင်း မှာ ကျွန်တော် စာ ရေးခဲ့ဖူးတယ် ။ ကျွန်တော့် ဘဝ မှာ အပျော်မွေ့ဆုံး က စာ ရေးတာပဲ ။ ဘယ်တော့မှ သူ က ကိုယ့် ကို သစ္စာ မဖောက်ဘူး ။ ရေးချင် တဲ့ အချိန် ရေး ။ မရေးချင် တဲ့ အချိန် ချထားရုံပဲ ။


◾ကျော်ရင်မြင့်


📖 ဘဝဇာတ်ခုံ


.

No comments:

Post a Comment