မှုန်နံ့သာ ပြယ်တစ်ပိုင်းနှင့်
( မင်းကျော် )
ဤနေရာ သည် ဝါနု အဖို့ လောကသစ် ၊ ထို့ထက် အတိအကျ ဆိုရလျှင် ဤနေရာသည် ဝါနု အဖို့ လောကစိမ်း ။ ခြေချရ မှာ က အစ ဝါနု မဝံ့ရဲ ။ မလွှဲသာ၍ သာ ဤ နေရာမှာ သွားလာ နေသည် ။ အမြင်အာရုံ ကိုမျှ ရဲရဲ မဝင့်ရဲ ။ အများကြားမှာ ရောက်နေရပြီ ဖြစ်လျက် အား က လည်း ငယ်ပါဘိ ။ အထီးတည်း ဖြစ်နေရသည် လို့ပဲ ထင်နေသည် ။
သည်တော့ ခွဲခွာ လာခဲ့ရသော အဖေ နှင့် အမေ့ ကို သတိရသည် ။ မောင်လေး ညီမလေး တွေ ကို လွမ်းသည် ။
တကယ်တော့ အဖေ က သာ “ ဘာဖြစ်ဖြစ် သမီး ကို တက္ကသိုလ်ကျောင်း သို့ မရောက် ရောက်အောင် ပို့မည် ” ဟု တဖွဖွ ပြောခဲ့သည် ။ ဝါနု စိတ် ကတော့ တက္ကသိုလ်သို့ ရောက်လိမ့်မည်လည်း မထင်ခဲ့ ။ တက္ကသိုလ် မှာ ပညာသင်ရ ကောင်းစေ ဟုလည်း မအောက်မေ့ခဲ့ရိုး ၊ မစွဲလမ်းခဲ့ရိုး အမှန် ။ သို့ပေမဲ့ အဖေ့ စိတ် အစွဲ ကိုတော့ ဝါနု ကောင်းကောင်း နားလည်သည် ။ အဖေ သည် တော မှာ မွေးသော တောသား ၊ ယာသမား ၊ ချောင်းသမား စင်စစ် ။ သို့ပေမဲ့ အဖေ့ ၌ ခေတ်ပညာ အစွဲကြီးသည် ။ ကြည့် ၊ ဝါနု ရွာကျောင်း မှာ လေးတန်းအောင်သည် ဆိုရုံနှင့် သားတွေ သမီးတွေ ပညာရေး အတွက် ဆိုကာ ရွာ ကို စွန့်သည် ။ ယာ ကို ပစ်သည် ။ မြို့ မှာ ဖြစ်သလို လုပ်ကိုင် ရှာဖွေမည် အကြံ နှင့် မြို့ သို့ ပြောင်းခဲ့သည် ။
“ ကြိုးစား သမီး ၊ မင်းတို့ ခေတ် က ခေတ်ကောင်းကွယ့် ။ အဖေ တို့ ခေတ် မှာက ပညာ ဆိုတာ သင်ချင်ဦး ။ အခုလို မသင်နိုင်ဘူး ။ သမီး တို့ ခေတ် မှာ က တက္ကသိုလ်ပညာ သင်ဖို့ ဆိုတာ သိပ်ခက်လှတာ မဟုတ်ဘူး ။ သမီး သာကြိုးစား ။ အဖေတို့ ခါးစည်းပြီး ခြိုးခြံမယ် ။ သမီး ဆယ်တန်း အောင်ရင် သမီး အမေက ဟောဒီမှာ နေပြီး ဈေးကလေး နာကလေး ရောင်းမယ် ။ အဖေ က ရွာ ပြန်ပြီး ယာလုပ်မယ် ။ ဒီကြားထဲ သမီး ကံကောင်းလို့ ပညာသင်ဆုကလေး ဘာကလေး ရမယ် ဆို ဘာဖြစ်လို့ သမီး တက္ကသိုလ် မရောက်ရ မှာလဲ ”
“ နေပါ့စေ အဖေ ။ အဖေ တို့ လည်း အသက် ကြီးလှပြီပဲဟာ ။ မောင်လေးတွေ ညီမလေးတွေ လည်း ရှိသေးတယ် မဟုတ်လား ။ ဝါနု ကောလိပ် မသွားပါဘူး အဖေ ။ ဆယ်တန်း အောင်ရင် ဝါနု အလုပ် တစ်ခုခု ဝင်လုပ်မယ် ။ ဒါမှ အဖေတို့ လည်း သက်သာမယ် ။ မောင်လေး ညီမလေး တွေ လည်း ပညာသင်ရတာ ပိုပြီး အဆင်ပြေမယ် မဟုတ်လား ” ဟူသော စကားမျိုး ကို ပင် တကယ့် အရိုးခံ ပြောခဲ့သည် ။
သို့သော် အဖေ သည် သဘောမတူ ။ ဆယ်တန်း အောင်သည် နှင့် တက္ကသိုလ် နေခွင့် အလျှောက် ခိုင်းသည် ။ ဓာတုဗေဒ အဓိက ဘာသာ သင်ယူခွင့် ရသည် ။
“ အေး ၊ ကောင်းတယ် ကောင်းတယ် ။ အဖေ အားလုံး စုံစမ်း ပြီးပြီ သမီး ။ ကျောင်း က ဆရာကြီး ကတော့ ဆရာဝန်သင်တန်း တက် ရရင် အကောင်းဆုံး ပဲတဲ့ ။ ဒါပေမဲ့ ခုဟာလည်း မဆိုးဘူးတဲ့ ။ ဘာလဲ ကွယ် ။ အင်း ၊ ဘီပီအိုင်မှာ အလုပ်ရနိုင်တယ် ။ ဒါဆိုလည်း ဆရာဝန် လို ပဲပေါ့ ။ တခြားလည်း အများကြီးပါပဲ ။ အဲဒါ သမီးဆရာကြီး ကို သွားတွေ့ပြီး မေးမြန်းစုံစမ်း ကြည့်ဦးပေါ့ ။ အဲ စတိုင်ပင် ဆိုလား အစိုးရ က ပေးတဲ့ ပညာသင်စရိတ် ၊ ပညာသင်ဆု ခေါ်တယ် ထင်ပါရဲ့ ။ အဲဒါ လျှောက်ဖို့လည်း ဆရာကြီး က ပြောတယ် ။ ဘာဖြစ်ဖြစ် သမီး တက္ကသိုလ် ရောက်ရတော့မယ် ”
အဖေ ဝမ်းသာနေသည် မှာ ဆိုဖွယ်ရာ မရှိ ။
အမေက တက္ကသိုလ် ပညာရေး နှင့် ပတ်သက်၍ ဘာမျှ နားလည်သည် မဟုတ် ။ ဝါနု တက္ကသိုလ် နေခွင့် ရ၍ ဝမ်းသာဖို့ ထက် “ တက္ကသိုလ်ကျောင်း ဆိုတာ ပိုက်ဆံ ရှိတဲ့ လူတွေ အနေများတာ ဆိုတော့ အမေ့ သမီးလေး ညှိုးငယ် နေမှာပဲ အမေ စိုးရိမ်တယ် ။ နောက်ပြီး တက္ကသိုလ်မှာ က ဒွတ်ဒက်ရွှတ်ရှက်တွေ လည်း အားကြီး သင်ရ ဆို မဟုတ်လား ။ အဲဒီမှာ အမေ့ သမီး ဒွတ်ဒက်ရွတ်ရှက် တွေ သင် ပြီး အင်္ဂလိပ်မကြီး ဖြစ်သွားမှာ လည်း အမေ စိုးရိမ်တာပဲ ” စိုးရိမ်ဖို့ပဲ အမေ သိသည် ။
အမေ က တော့ တကယ့် သမားရိုးကျ ။ သူ့ ရှေ့မှာ ခေတ်ကြီး အဟုန် နှင့် ပြောင်းနေသည်ကိုပင် တယ်ပြီး အမှတ်ထားပုံ မပေါ် ။ ကြည့် လေ ။ ကျောင်းသွားရမည် ဆိုသော အခါ မြို့နယ် ကုန်သွယ်ရေး က ပစ္စည်း အသင့်အတင့် ထုတ်ပေးသည် ။ အင်္ကျီစကလေး အစ ၊ လုံချည်ကလေး အစ ၊ ခြင်ထောင်စ အစ ။ သည်ထဲ မှာ ကံအားလျော်စွာ နိုင်ငံခြား ဖြစ် မျက်နှာချေ တစ်ဘူး နှင့် နှုတ်ခမ်းဆိုးဆေး တစ်ဘူး လည်း ထုတ်ခွင့် ရသည် ။
“ ဒီဥစ္စာတော့ ထုတ် မနေပါနဲ့တော့ သမီး ရယ် ။ သူတို့ မျက်နှာချေ က ပွဲနေပွဲထိုင် လောက်ပဲ ကောင်းတာ မဟုတ်လား ။ ဒါတောင် တကယ်ကျ အကောင်းလှချည်း မဟုတ်ဘူး ။ ပိုက်ဆံ လည်း ကုန်သေး တယ် ။ အမေ လေ သမီး ကျောင်း လိုက်ရမယ် ဆို ကတည်းက သနပ်ခါးတုံးတွေ စု ထားတယ် ။ ကောင်း က ကောင်းနဲ့ ။ ရှင်မတောင် ချည်းပဲ အတုံး နှစ်ဆယ် လောက် ။ မင်းလှ ဘက် က ဆိုတာတော့ အများကြီးပဲ ” ဆိုကာ သနပ်ခါးတရား ဟောပါလေတော့သည် ။
ထိုစဉ်က အမေ ပြော နေတာ ကို နားထောင်ရင်း ဝါနု ကျိတ်ကျိတ်ကလေး ပြုံးခဲ့မိသေးသည် ။ အမေတို့ ရိုးတာပုံက သည်အထိ ဟူသော သဘောနှင့် ။
ခု အဖေ နှင့် အမေ့ ကို သတိရတိုင်း ထိုစဉ်က အမေ ပြောပုံ ၊ ပူပန်ပုံ ၊ စိုးရိမ်ပုံ ၊ နောက်ဆုံး သူ့ သနပ်ခါး ကို ဘယ်လို လိမ်း ၊ ဘယ်လို ခြယ်ကအစ အမှာပါးလိုက်သည်များ ကိုပါ ပြန်ပြောင်းသတိရ ရပြီ ဆိုတော့ ဝါနု ရင်ထဲမှာ မချိ ။ သည်က တစ်ဆက်တည်း ညီမကလေး နှစ်ယောက် နှင့် မောင်ကလေး နှစ်ယောက် ကိုပါ လွမ်းဆွတ်ရပြီ ဆိုသော အခါ အခန်းဖော် မမြင်ရလေအောင်ပင် ဝှက်၍ ငိုလိုက်ရသေးသည် ။
သည်တော့ သည် အားငယ်စိတ် ၊ တမ်းတစိတ် အမျှင်တန်းတန်း နှင့်သာ ပညာသင် ရလျှင်တော့ ဝါနု တက္ကသိုလ် မှ စောစော တပ်ပြန် ခေါက်ဖြစ် လိမ့်မည် လို့ပင် အထင် ရောက်ခဲ့သေး၏ ။
သို့ပေမယ့် တစ်လ နှစ်လ အနေ မှာပင် ဝါနု သည် တက္ကသိုလ် ၌ အထာ ကျလာသည် ။ ဒုတိယ နှစ်ဝက် ကျောင်း ပြန် အဖွင့် တက္ကသိုလ် နယ်မြေ မှာ ခြေချရပြီ ဆိုသောအခါ ယခင် ဆောင်းတုန်း က လို ခြေလှမ်း က မဝံ့မရဲ မနိုင်တော့ ။ လည်တံ က လည်း ညွတ်မနေတော့ ။ ဤလောက နှင့် ဝါနုသည် ကျွမ်းဝင်စပြုခဲ့လေပြီတကား ။ သည်တော့မှပင် ဝါနု သည် လည်ကို စွင့်၍ ခေါင်းကိုပင့်ကာ သူ့ လောက ကို သူ မျက်လုံး စုံဝင့် မိလေတော့သည် ။
ခမ်းနားသည် ။ ကြီးကျယ်သည် ။ ထွေပြားသည် ။ ဆန်းကျယ်သည် ဟူသမျှ သည်မှာ ချည်းပင် ။ စိတ်တက်ကြွဖွယ် ၊ အားကျဖွယ် ၊ မြတ်နိုးဖွယ် ၊ တပ်မက်ဖွယ် ဆိုလျှင်လည်း သည် လောကမှာ အလျှံအပယ် ။
ကြည့်စမ်းပါဦး ၊ စာသင်ခန်းမဆောင်ကြီးတွေ က အစ မောင် အလတ် ဖြစ်သူ ဒုတိယတန်းကျောင်းသားကလေး တက်ရောက်ပညာ သင်ယူ နေရသည့် စာသင်ခန်း နှင့် ဘာဆို ဘာမှ မဆိုင် ။ ဟိုမှာ က တဲစုတ် ။ အမိုး မလုံ ။ ဤလောက အခေါ် ရေချိုးခန်း ဟူသည့် အိမ်သာ က အစ ဘယ်လိုမျှ နှိုင်း၍ မရ ။ ဆက်စပ်၍ မရ ။ ကားတွေ ကားတွေ ဆိုသည် မှာ လည်း မနည်းပါကလား ။ ဝါနု တို့ မြို့မှာ ဆို ဤနေရာ ၌ မြင်နေကျ ကားမျိုး သုံးစင်းပြည့်အောင်ပင် မရှိ ။ အရောင် က လည်း စုံပါဘိ ။ ပုံသဏ္ဌာန် က လည်း အမျိုးမျိုး ။ ဟိုမှ သည်သို့ လာလိုက်ချေ ။ သည်မှ ဟိုသို့ ဖြတ် သွားချေနှင့် ။ ပျားပန်းခပ်သည် ဆိုသည်မှာ ဒါမျိုးပဲ ဖြစ်မည် ဟု ဝါနု တွေးမိသေးသည် ။
လူတွေ ကျတော့ကော ။ တကယ် အံ့စရာ ။ ဖြူဖြူ နီနီ ပြာပြာ ဝါဝါ စိမ်းစိမ်းရောင်စုံ ။ အထည်အဆင် အမျိုးမျိုး ၊ ဝတ်ပုံဆင်ပုံ ကလည်း အပြားပြား ။ ပထမတော့ ဝါနု တကယ်ပဲ အံ့ဩသည် ။ အမှန်ပဲ ။ ဝါနုတို့ မြို့ က ပြည်သူ့အထည်ဆိုင် မှာ သည်လို အထည်မျိုးတွေ ကို ဝါနု မမြင် ဖူးခဲ့ ။ သည်တော့ သည် အထည်မျိုးတွေ ကို ရန်ကုန်မြို့က ပြည်သူ့ဆိုင် တွေ မှာ သာ ရောင်းချသည် ဟု အထင် ရောက်ခဲ့သေးသည် ။ အခန်းဖော် အားပင် တိုးတိုးတိတ်တိတ် မေးမိသေး၏ ။
“ အမယ်လေး ဝါနုရယ် ၊ အ အ နိုင်ရန်ကော ။ ဟုတ်တယ် ၊ ဟုတ်တယ် ။ ဝါနုပြောတဲ့အစမျိုးက ရန်ကုန်ပြည်သူ့ဆိုင်တွေ မှာ ရှိတယ် ဆိုတာ အမှန်ပဲ ။ ဒါပေမဲ့ အဲဒီ ပြည်သူ့ဆိုင် က ကျ ဝါနု သိနေတဲ့ ဆိုင်မျိုး မဟုတ်ဘူးကွ ။ တစ်နေ့မှ ကိုယ် လိုက်ပြမယ် ”
သို့ဖြင့် အခန်းဖော် က လိုက်ပြမှပင် ကြည့်မြင်တိုင် ညဈေး က မှောင်ခိုဆိုင်များ ကို ရောက်ခဲ့ရသည် ။
ဒါက ထားဦး ၊ သည်လို ခေါင်းမြီးခြုံ၍ တင်သွင်း လာသော အထည်အဆင် တို့ကို ချုပ်လုပ်ဝတ်ဆင်ပုံ အဖုံဖုံ ။ ပထမ တော့ ဝါနု သည် အမှန်ပင် မျက်စိမရဲ ။ ကိုယ်တိုင် ဗရာစီယာ ဝတ်ဖို့ ဆိုတာ ထား ။ သူတစ်ပါး ဝတ်တာ မြင်လျှင် ပင် ဝါနု သည် အလိုလို ရှက်သည် ။ ဗိုက်သား ခါးသား ဗလာ ဖြစ်နေသည် ကို မြင်ရလျှင် မျက်စိ က အလိုလို ရွံ့ကြောက်သည် ။
တစ်နေ့ကမူ အခန်းဖော်နှင့် အတူ ဗိုလ်ချုပ်ဈေး သို့ သွား၍ ဗရာစီယာ တစ်ထည် အပ်ခဲ့မိချေပြီ ။ သို့ပေမဲ့ နှစ်သာ ကုန်သွားသည် ဝါနု မဝတ်ဖြစ်ခဲ့ ။ စိတ် ထဲ က မလုံ ။
သည့်ထက် ဝါနု စိတ်လှုပ်ရှားစရာ ဖြစ်ရသည်ကား အဆင် အပြင် အထုံးအဖွဲ့နှင့် ဟန်ပန်မူရာ ။ ပျံနေသည် ဟူသော ခေတ်သုံး စကား ကို အများ ထံမှ ဝါနု ကြားရ၏ ။ နောက်တော့ ဝါနု လည်း သုံးတတ် လာသည် ။ အနက်သဘော ကိုကား ဝါနု နားမလည် ။ ယခုတော့ ဝါနု တွေး ကြည့်သည် ။ လတ်ဆတ်သော ၊ လှုပ်ခတ်နေသော ၊ နွယ်ရှင် နှယ် ရစ်မည်နှောင်မည် ထွေးပိုက်မည့်နှယ်သော ၊ ကလူကျီစယ်ဘိသို့ သော သွင်ပြင်ဟန်ပန်မူရာများ သည် တကယ်ပဲ ပျံတက်တော့မည့် ငှက်ငယ် လိုလို ။ သည်လို ဝတ်စားဆင်ယင်ကြပုံ ၊ ဟန်ပန်မူရာ လှုပ်ရှား ပုံတွေ ကို မြင်ရတော့ ပထမ တွင် ဝါနု စိတ် က သူ သည် စာသင်ဌာန တစ်ခုခု သို့ ရောက်လာနေခြင်း ဖြစ်သည် ဟူသော အချက် ကို သံသယ ဖြစ်မိ သေးသည် ။
ဝါနု ကိုယ်တိုင် အမှတ် မထင် ဖြစ်ချင် ဖြစ်မည် ။ ထို ပထမနှစ် စာမေးပွဲ ရက်များမှာ ဝါနု စိတ်မှာ အလိုမကျ ဖြစ်ရသည် ။ ပထမတော့ ဘာရယ်လို့ မသိ ။ နောက်မှပဲ မှန်ရှေ့ ရောက်တိုင်း မိမိ ကိုယ်ကို အလို မကျ နေမှန်း သိလာရသည် ။ ကြည့်စမ်းပါဦး ။ အသက် က ဖြင့် ဆယ့်ရှစ်နှစ် ပြည့်သည် ဆိုရုံခါမျှ ရှိသေးသည် ။ ပြီး တက္ကသိုလ်ကျောင်းသူ တဲ့ ။ ဝတ်ထားပုံက ဖိုးရိုးဖားရား ။ အင်္ကျီစ ကို က ခပ်ခေခေ ။ တက်ထရွန် ဆိုလို့ နှစ်ထည် ပဲ ရှိသည် ။ ဂျော်ဂျက်တို့ဇာနိုင်လွန်တို့များဆို ဝေးပါဘိ ခြင်း ။ ရှိသည့် တက်ထရွန် ကလည်း အဖြူသက်သက် ။ ချုပ်ထားပုံ ကို က ရင်ဖုံး ကလည်း အစပ် ၊ ခါး ကလည်း အစပ် ၊ ပွ ကလ ည်း ပွသေး ။ လုံချည် ကျတော့ကော သူများတွေ လို ခါးကလေး သေးကျင်ကျင် ၊ တင်ကလေး ပေါ်လွင်စေမည့် ချုပ်နည်း မဟုတ် ။ ဒါက အဝတ် ။ ပြင်ပုံဆင်ပုံ ကျတော့ ကော ။ ကျစ်ဆံမြီး ကျစ် ရင် ကျစ် ။ တစ်ပတ်လျှို ဆံထုံး ။ မျက်နှာ မှာ ကျ သနပ်ခါးဘဲကျား နှင့် တောမြို့ က အထက်တန်းကျောင်း မှာ တုန်း ကလည်း ဒီအတိုင်း ။ ဟန်ပန်မူရာ ကျတော့ ကော ။ တကယ့် ကုပ်ချောင်းချောင်း ။
သည်တော့မှပင် ဝါနု သည် သူ့ အဖြစ် ကို သူ အမှတ်မထင် သတိ ပြုမိသည် ။ တစ်ပါးသူတွေ အဖြစ် ကိုလည်း ပို၍ သတိထား ကြည့် လာသည် ။ ရောမကို ရောက်လျှင် ရောမ ကျင့် ကျင့်ရမည် ဆိုသော စကားပုံ ကိုလည်း သတိရလာသည် ။ မိမိ ကိုယ်တိုင် တက္ကသိုလ်ကျောင်းသူ ဖြစ်နေပါကလား ဟူသော အချက် ကို ပင် ယခုမှ ဆင်ခြင်မိသည် ။
ထိုနှစ် စာမေးပွဲ ဖြေ အပြီး အိမ်အပြန် မှာ ဝမ်းနည်း သလိုလို ဖြစ်မိသေး၏ ။ ဟုတ်ပါရဲ့ ။ ဘာပြောပြော စာမေးပွဲ အောင် မှာကတော့ သေချာသည် ။ အတန်း ထဲ မှာ သင်ယူရသော သင်ခန်းစာ အားလုံး ဝါနု ကျေညက် ပိုင်နိုင်ပြီး ဖြစ်သည် ။ သို့ပါလျက် ဝါနု သည် တက္ကသိုလ် တွင် စာသင်ခန်း ပြင်ပ က သင်ခန်းစာများ ကို မသင်ယူမိသည့် အတွက်ကား ဝါနု မသိမသာ ဝမ်းနည်းရသည် မှာ အမှန်ပင် ။
သို့ဖြင့် ဆုံးဖြတ်ခဲ့သည် မဟုတ်ပါဘဲလျက်နှင့် ဒုတိယနှစ် ကျောင်း ပြန်အရောက် မှာ ဝါနု သည် ကျောင်းခန်းပြင်ပ သင်ခန်းစာများ ကို တစ်စတစ်စ သင်ယူစ ပြုခဲ့လေတော့သည် ။ ဒုတိယနှစ် ၌ ဝါနု သည် ဤလောက နှင့် ကျွမ်းဝင်ရုံ မျှ မကတော့ပေ ။ ဤလောက ထဲ သို့ ပင် ဝင်ဆံ့လာခဲ့လေသည် ။
သည်တော့မှ လည်း ပထမ သစ်ပင်ရိပ်ခုံတန်းများ ကို သတိပြု မိသည် ။ ပြီးတော့ စာသင်ခန်း ထောင့်ကျကျ နေရာများ ။
သည်တော့မှလည်း ကျောင်း ရောက်စက သူ့ အဖြစ်အပျက် တစ်ခုကို သတိရကာ ပြုံးခဲ့ရသေးသည် ။
ဝါနု စာ သင်ရသော အဆောင် သည် သိပ္ပံမဟာဌာန ဘက် တွင် ရှိသည် ။ တက္ကသိုလ်နယ်မြေ ၏ အလှအပများ တွင် အရိပ်ကောင်း သစ်ပင်များ အောက်က ခုံတန်းကလေးများ ကိုပါ ဝါနု ထည့်သွင်းထားခဲ့ သည် ။ ကျောင်း ရောက်စ ကတည်း က ထို ထိုင်ခုံကလေးများ မှာ ဝါနု ထိုင်ကြည့်ချင်ခဲ့သည် ။ သူတို့ စာသင်ဆောင် အနီး အနား မှာ လည်း ဤလို ထိုင်ခုံကလေးများ ရှိသည် ။ သို့ပေမဲ့ သည်နယ်မြေ ၌ ခြေချဖို့ပင် မဝံ့ရဲသည့် အခြေအနေတွင် ဝါနု သည် ထိုင်ချင်လှသော ထိုင်ခုံကလေး တွေ မှာ မထိုင်ရဲခဲ့ ။ သို့ဖြင့် ဗဟိုစာကြည့်တိုက်ဘက် ရောက်ဖန်များ လာသောအခါ စာကြည့်တိုက် ဘေးက ကံ့ကော်ပင်အုပ်အုပ် ကို ဝါနု သဘောကျ လာသည် ။ အထူးသဖြင့် ထို ကံ့ကော်ပင်အုပ်အုပ် က ထိုင်ခုံ တန်းကလေးတွေ မှာ ခဏ ဖြစ်မတော့ ထိုင်ကြည့်ချင်သည် ။ ထိုင်ခုံတန်း ကလေးများ တွင် ထိုင်ချင်စိတ် သည် ပို၍ပင် ပြင်းထန်လာသည် ။ ထို့ကြောင့် ပါလာသူ ကို အဖော် ညှိသည် ။ သည်တော့ အတူ ပါလာသူ အဓိပ္ပာယ် တစ်ခုခု ပါသော အပြုံး နှင့်
“ အိုကွယ် ၊ ဘာလို့ ထိုင်ချင်ရတာလဲ ” ဆိုသော အပြုံး ကို ရော စကား ကို ပါ ဝါနု နားမလည်ခဲ့ ။
“ ဘာဖြစ်လို့လဲ မရင်မေ ။ ဒါ ကျောင်းသား ကျောင်းသူတွေ ထိုင်ဖို့ လုပ်ထားတာ မဟုတ်လားဟင် ”
ယောင်အအ မေးလိုက်မိ သေးသည် ။
“ ဒါဖြင့် ခဏ ဝင် ထိုင်တာပေါ့ ”
“ ဘာလုပ်ဖို့လဲကွယ် ”
“ ဝါနု ထိုင်ကြည့်ချင်လို့ပါ ”
“ ဘယ် ကောင်းမလဲကွယ် ဟိုမှာ ”
ဆိုတော့မှပင် ဝါနု သည် ထိုင်ခုံ ပေါ် က မောင် နှင့် မယ် ကို သတိ ထားမိသည် ။ မယ် က ခေါင်း ကို မောင့် ပခုံးမှာ မှေးတင်ထားသည် ။ ဝါနု ရဲရဲ မကြည့်ရဲ ။ သူ့ အဖော် မရင်မေ ကို တစ်ခုခု မေးမည် လို့ လည်း စိတ်ကူး ပေါက်သေးသည် ။ ထို စကား နှုတ်ထွက် မရဲ ။
“ နောက်မှ ဝါနု လည်း သူတို့ လို ထိုင်တာပေါ့ ”
မရင်မေ က ရယ်ရွှန်းပရွှန်း စကား ဆိုသည် ။ ဝါနု ရှက်လိုက်သည်မှာ မျက်နှာ ထား စရာပင် မရှိ ။
အဆောင် ရောက်တော့ မရင်မေ က ထို အဖြစ်ကို ပြက်လုံး လုပ် သည် ။ သည်တော့ ဝါနု ပို၍ ရှက်သည် ။ အပြုံး ကို က ရှက်ပြုံး ။
ဟုတ်ပါရဲ့ ။ ဝါနု ယခု ဒုတိယနှစ် ကျမှပင် သတိထား မိတော့ သည် ။ သစ်ပင်ရိပ် ထိုင်ခုံတန်းများ က မောင် နှင့် မယ် ။ စာသင်ခန်း အားလပ်ချိန် ထောင့်ထဲ က စုံတွဲ ။ စင်္ကြံထောင့် က နှစ်ပါးကြည် ။ အင်းလျားစောင်း က အနမ်းပွင့်များ ။ အထူးသဖြင့် ထို ဒုတိယနှစ် ပထမပိုင်း စာမေးပွဲ ကာလ ကျမှ ပင် ဝါနု ပို၍ သတိထားမိသည် ။ အဆောင် မှာ စာကြည့် မရသဖြင့် စာသင်ခန်းတွေ ဘက်ကို စာကြည့်ဖို့ လာခဲ့သည် ။ တိတ်ဆိတ်သော နေရာတိုင်း မှာ သူတို့ ရှိနှင့်ကြလေသည် ။
ကြည့်စမ်း ။ စာအုပ် ကို ရှေ့မှာ ချကာ မျက်နှာချင်းဆိုင် လျက် ပြုံးရယ်ကျီစယ်နေဟန်များ ။ ဘေးချင်းကပ် ထိုင်လျက် တချို့များ ခါး ကို ဖက်ကာ ပခုံး ကို ဖက်ကာ နှင့် တီးတိုး ပြောနေကြသည်များ ။ အို ဟိုဘက် ထောင့် မှောင်အကွယ် ၌ စာအုပ်တွေ ဘေးမှာ ထားကာ မျက်နှာချင်း အပ်ထားလိုက်ကြသည် မှာ စာအုပ် နှင့် ချစ်သူ့မျက်နှာ အလွဲလွဲ အမှားမှား ဖြစ်နေသည်လား ဆိုစရာပင် ။
သည်တော့ ဝါနု ရင်ဖို လာသည် ။ မကြည့်ဘူး ရှောင်၏ ။ မနေနိုင် ။ ကြည့်မိသည် ။ မြင်မိသည် ။ ရင်ထဲ က မောသည် ။ ဆာသည် လိုလို ဟာသည် လိုလို ။
ကြာတော့လည်း အမြင် မှာ ရိုးသည် ။ ဤ အဖြစ်မျိုး သည် ဤ လောက ၌ အဆန်းတော့ မဟုတ် ဟု နားလည်လာသည် ။
ကြည့်စမ်း ၊ ခုတော့ ကျောင်း ရောက်စက ထိုင်ချင်လှချည့်ရဲ့ ဖြစ်ခဲ့သော ကံ့ကော်ပင်ရိပ် မှာ ပင် ဝါနု လည်း ထိုင်ခဲ့မိပေပြီ ။ ထိုအဖြစ် သည် တတိယနှစ် မှာ စခဲ့သည် ။
တကယ့်တကယ် ပြောရ လျှင်တော့ ဒုတိယနှစ် နောက်ဆုံး စာမေးပွဲ မတိုင်မီကပင် စသည် ဆိုမှ ပို၍မှန်ပေမည် ။ သိပ္ပံ လက်တွေ့ခန်း မှာ သူ နှင့် စ၍ နီးနီးကပ်ကပ် ဆုံတွေ့ရခြင်း ဖြစ်သည် ။ သည် ကတည်း က ဝါနု ရင် က တယ်ပြီးမလုံချင် ။ ထို့ကြောင့် တစ်နေ့ စာသင်ခန်း က အပြန် သူ ထက်ကြပ်မကွာလိုက်လာပြီး
“ ဝါနု ကို ကိုယ် ချစ်တယ် ”
ဆိုလာသောအခါ ဝါနု တစ်ကိုယ် လုံး ကတုန်ကယင် ဖြစ်လာသည် ။ ခန္ဓာကိုယ် က သာ ကတုန်ကယင် ဖြစ်သည် ။ စိတ်အာရုံ က ဘာမျှ မရှိ ။ ဘာမျှ မသိ ။ ထူထူထိုင်းထိုင်းကြီး ဖြစ်နေ သလိုပင် ။ ဘာစကား မျှ မပြောတော့ ။
“ ဘာလဲ ဝါနု ။ ဝါနု ကိုယ့် ကို စိတ်ဆိုး သွားသလား ဟင် ”
ဝါနု ခြေလှမ်း မြန်လာသည် ။ သူ့ ခြေလှမ်း လည်း သွက်လာ သည် ။ သူ ဝါနု ကို မီအောင် အလိုက်နိုင်သားပဲ ။ ဝါနု ကိုယ်တိုင် က သူ မမီအောင် မပြေးနိုင်တော့သည် လား မဆိုနိုင် ။ ဒုတိယနှစ် ကျောင်းပိတ် ၍ ပြန်ရတော့မည် ဆိုသောအခါ သူ့ တဖွဖွ ပြောစကားကို
“ ဝါနု စဉ်းစားပါရစေဦးရှင် ”
ဟု စကား ပြန် ဖြစ်ခဲ့လေသည် ။ ထို့ကြောင့် သူ နှင့် ပတ်သက်သော အဖြစ်သည် သည် ကတည်း က စသည် ဟု ဆိုရခြင်းပင် ။
စဉ်းစားမည်သာ ဆိုခဲ့သည် ။ တကယ်တမ်းကျ ဘာကို စဉ်းစားရမည်ပင် မသိ ။ သို့ပေမဲ့ သည် တစ်မိုးနှောင်း ကျခါမှ ကျောင်း ပိတ်ရက် က ပို၍ပင် ရှည်လျား လေရော့သလား အောက်မေ့သည် ။ ထို့ကြောင့် ခါတိုင်းနှစ် ကလို ကျောင်းသို့ နောက်ကျ မပြန် ။ ကျောင်းဖွင့်ချိန် နှင့် အကိုက်ပြန်သည် ။ ပြီး သူ့ကို တွေ့ ရမည် မျှော်လင့်သည် ။ တကယ်တမ်း ကိုယ် က ရှာပါလျက် သူ့ကို မြင်ရပြီ ဆိုခါမှ မျက်နှာ လွှဲသည် ။
“ ဝါနု နေကောင်းတယ်နော် ”
ဆိုသော စကား ကို ကြားရတော့ ရင် ထဲ မှာ ကြည်နူးသည် ။
“ မတွေ့ရတာ ကြာလို့လား မသိဘူး ။ ဝါနု ပို လှလာ သလိုပဲ ”
ဆိုသော စကားသည် ချိုသာသည် ။ သို့ပေမဲ့ မျက်နှာ ကို တော့ ယောင်ယောင်ယမ်းယမ်း ဝှက်လိုက်မိသေး၏ ။
သို့ဖြင့် သူ က ပင်
“ ကိုယ်တို့ စကား ပြောရအောင် ”
ဆိုသောအခါ ဝါနု နှုတ်တုံ့ မပြန် ။ မလှုပ်စိတ်တူ ဆိုတာ ဒါမျိုးပဲ ထင်ရဲ့လိုတော့ မသိစိတ် က အမှတ်လိုက်သား ။
ကြည့်လေ ၊ သူ နှင့် အတူ ကံ့ကော်ပင်ရိပ် က ခုံတန်း မှာ ပထမ အကြိမ် ဝင်ထိုင်မိသည် ။ မလုံလဲ သည် လို့ လည်း ခံစား ရသည် ။ ကြည်နူးသည် လို့လည်း ခံစားရသည် ။ ဘာရယ် မကွဲပြား ။ ထူးခြားသည် တော့ အမှန်ပင် ။
ထိုည က အဆောင် မှာ မရင်မေ တို့ လူသိုက် လှောင်ပြောင်သည်ကို ခံလိုက်ရသေး၏ ။ သို့ပေမဲ့ ဟန်ရှက်ကလေး ပဲ ရှက်ရသည် ။ သူ့ ကို ပင်
“ ဝါနု မမုန်းတတ်ပါဘူး ”
ဟူသော စကားစ၍ ပြန်ခဲ့ပြီပဲ ။
“ ဒါဖြင့် ဝါနု ကိုယ့် ကို ချစ်တယ်ပေါ့ ” ဆိုလာတော့
“ အို ၊ ဒါတော့ ဘယ်သိပါ့မလဲ ” ဟူသော စကား ကို ရှက် တစ်ဝက် ပြုံးတစ်ဝက် ဆိုခဲ့သေး၏ ။
ကြည့်စမ်း ။ အဖေတို့ အမေတို့ ညီမလေး မောင်လေးတို့ ကို မလွမ်းဆွတ်ဖြစ်သည်မှာပင် ကြာခဲ့ပါပကော ။ ဒါကိုပင် ဝါနု သတိမရ ချင်တော့ ။
သည်လိုနှင့် ညနေ တိုင်လျှင် အဆောင် သို့ မောင် ရောက်လာမည် ကိုသာ ဝါနု မျှော်ရသည် ။ မောင် လာလျှင် မောင် နှင့်အ တူ လမ်းလျှောက် ထွက်သည် ။ ပြောစရာ စကားတွေ မကုန်နိုင် ။
တတိယနှစ် ကျောင်းအပိတ် အိမ် အပြန် ကျတော့ ဝါနု အလွမ်း ကို ပိုက်၍ လာခဲ့သည် ။ ဝါနု လွမ်းလှည့်ပြောင်းချေပြီ ။ ဟိုစဉ် မိသားစု နှင့် ခွဲရစဉ် ကတော့ ဝါနု အဖေအမေ နှင့် ညီမ မောင်ငယ် တို့ ကို လွမ်းခဲ့ ရ၏ ။ ယခုမူ ဝါနု မောင့် ကို လွမ်းရချေပြီ ။
စတုတ္ထနှစ် သည် ဝါနု အဖို့ တက္ကသိုလ် သင်ခန်းစာများ တွင် နောက်ဆုံးနှစ် ဖြစ်သည် ။ သည်တော့ ဝါနု အဖို့ ရှေ့ခရီး ကို စဉ်းစား ရမည် ။
“ သမီး ရန်ကုန် မှာ အလုပ် အဆင်ပြေရင်လည်း ပြေပေါ့ကွယ် ။ အဖေတို့ သဘော ကတော့ သမီး ကို အဖေတို့ ရှိတဲ့ နေရာမှာပဲ အလုပ် ရ စေချင်တယ် ။ အဖေတို့ ရန်ကုန် လိုက် နေဖို့ ဆိုတာကျ သိပ်မလွယ်ဘူး မဟုတ်လား ။ အဲဒီတော့ ဒီ မြို့မှာပဲ အလုပ် ရနိုင် ၊ မရနိုင် စုံစမ်းကြည့်ပေါ့ ။ အဖေ စုံစမ်းကြည့် တာကတော့ သမီးတို့ လိုလူမျိုးတွေ မြေကျေးရှင်း လို ဌာနမျိုးမှာ ဝင် လုပ်ရင်လည်း ရတယ်လို့ ပြောတယ် ။ နောက်ဆုံး ကုန်သွယ်ရေး တို့ ဘာ တို့ မှာပေါ့ကွယ် ။ ဒါမှ မဟုတ်လည်း ကျောင်းဆရာမ ပေါ့ ။ အေး ဒါက အဖေတို့ သဘော ပြောတာသမီး ။ သမီး ပညာ က ရန်ကုန် မှာ အဆင်ပြေမယ် ။ သမီး အဖို့ တက်လမ်း ရှိတယ် ဆိုရင် တော့လည်း ဘယ် တတ်နိုင်မလဲ ။ အေးလေ ဘာပဲဖြစ်ဖြစ် အဖေတို့ က သာ ကိုယ့်မိ ကိုယ့်ဖ နဲ့ ဥမကွဲ သိုက်မပျက် ရှိစေချင်တာကိုး ။ သို့ပေမဲ့ ပျော်ရာမှာ မနေရ တော်ရာမှာ နေရ ဆိုတာ ကလည်း ရှိသေး မဟုတ်လား ။ သမီး အလုပ် ရဖို့ ကသာ အဓိကပါလေ ”
ဆိုသော စကား ကို အဖေ ပြောခဲ့သေးသည် ။
သို့ပေမဲ့ ထို ကိစ္စကို ဝါနု ရှေ့တန်းထား၍ စဉ်းစားခဲ့မိ၏ ။ စဉ်းစားစရာ မလိုဟု မှတ်ယူထားသည်လား ကား မဆိုနိုင်ခဲ့ ။ အရေးမကြီး ဟု ထင်တာမျိုး လည်း ဖြစ်နိုင်သည် ။
မှန်သည် ၊ တကယ်တမ်း ကျ ဝါနု သည် ဘာကို စဉ်းစားရမည် ပဲ ဖြစ်ဖြစ် မောင် နှင့် ဆက်စပ်၍သာ စဉ်းစားရမည် ဟု အလိုလို သိနားလည် ထားသလို ဖြစ်ရပေပြီ ။ သည်တော့ ပထမဆုံး က မောင့် ပြဿနာ ။ ပြီး အဖေ့ စကား ကို မစဉ်းစားဘူး ဟု သာ ဆိုရသည် ။ ရန်ကုန် မှာ အလုပ် ရရေး ကိုတော့ ဝါနု စဉ်းစားရသည် ။ ဒါကလည်း မောင့် စကား ကို အကြောင်းပြု၍ ။
“ ဘာပြောပြော မောင် တော့ ဝါနု ရန်ကုန် မှာ ပဲ နေစေ့ချင် တယ် ။ မောင် နဲ့မဝေးအောင်လို့ပေါ့ ။ မောင် တို့ ကျောင်း က ထွက်ပြီးပြီး ချင်း လက်ထပ်ဖို့ ဆိုတာကျတော့ မလွယ်သေးဘူး မဟုတ်လား ။ နောက် ပြီး ခုနေအခါ အလုပ် တစ်ခု ဆိုတာ ဘာပြောပြော မလွယ်ဘူး မဟုတ် လား ။ မောင့် လို လူမျိုးကျ ကိုယ် စိတ်တိုင်းကျ ရဖို့ ပိုခက်တယ် ။ ဒီတော့ မောင် ဒီလို စိတ်ကူးတယ် ။ မောင် ကျောင်း က ပြီးရင် အိမ် ကို ခဏပြန်မယ် ။ ပြီးရင် ရန်ကုန် ပြန်လာမယ် ။ အလုပ် အဆင်ပြေ ရင်လည်း ဝင်လုပ်တာ ပေါ့ ။ မပြေလည်း ကိစ္စ မရှိပါဘူး ။ မောင် နိုင်ငံခြား သွားမှာပဲဟာ ။ မောင် ပညာတော်သင် လျှောက်မယ်လေ ။ အဲဒီတုန်း ဝါနု က အလုပ် တစ်ခု ဝင်လုပ် ။ မောင် ပြန်လာတော့ ဝါနု နဲ့ လက်ထပ်မယ် ။ မကောင်းဘူးလား ”
မဆိုးလှပါ ။ မောင့် အစီအစဉ် ကို ဝါနု ကန့်ကွက်စရာ မမြင် ။ မှန်သည် ။ မောင် နိုင်ငံခြား ပညာတော်သင် သွားမည့် အကြံ ကို ဝါနု သိပြီး ဖြစ်သည် ။ ဝါနု လည်း သဘော တူသည် ။ သည်တော့ မောင် နိုင်ငံခြား မသွားမီ နောက်ဆုံး အချိန်အထိ ဝါနု မောင် နှင့် အတူ နေချင် သည် ။ တကယ်တော့ လည်း ဖြစ်နိုင်လျှင် ဝါနု သည် မောင် နှင့် အမြဲ တမ်း အတူ နေချင်သည် ။ အထူးသဖြင့် ဤ တက္ကသိုလ် ဝန်းကျင်မှာ ။
အမှန်ပင် ဝါနု ကိုယ်တိုင် က လည်း ဤလောက နှင့် မခွာချင် ကံ့ကော်ပင်ရိပ်များ သည် လည်းကောင်း ၊ အင်းလျားရေပြင် သည် လည်းကောင်း စင်စစ်အားဖြင့် အလုံးစုံသော ဤလောက ၏ ရှိရှိ သမျှသည် ချစ်မြတ်နိုးဖွယ် ၊ ကြည်နူးဖွယ် ၊ တက်ကြွဖွယ် ၊ အားကျဖွယ် ချည်း ပင် မဟုတ်လား ဟူသော အမေး ကို ဝါနု အတွေး၌ မကြာမကြာ မေးမိသည် ။ ထို့ကြောင့် လည်း နှစ်အကုန် စာမေးပွဲ နီးသော အခါ ရန်ကုန် မှာ ပင် အလုပ် အဆင်ပြေမည် ဖြစ်ကြောင်း အဖေ့ ထံ သို့ စာ ရေးခဲ့လေသည် ။
ကြည့်စမ်း ။ သည် တစ်ခါ ကိုယ့်မိ ကိုယ့်ဘ ထံ သို့ ပြန်ရမည်ဆို သောအခါ စိတ် မှာ နောက်ဆံ က လည်း တင်းသေးသည် ။ မကျေမနပ် ကလည်း ဖြစ်သေးသည် ။ အမှန်ပင် အိမ် ကျမှ မကျေနပ် စရာ ချည်းပင် ။ ပတ်ဝန်းကျင် အနေအထား က အစ အိမ် မှာ နေရထိုင်ရပုံ ဆိုတာ ထားဦး ။ အဖေ သည် စည်းစနစ်သမား ။ တက္ကသိုလ်ကျောင်းသူ ဟူ၍ မျက်နှာသာ မပေး ။ အိမ်ပြန် ရောက်သည် နှင့် မီးဖို ဝင် ခိုင်းသည် ။ အဝတ်မျိုးစုံ အလျှော် ခိုင်းသည် ။ သည်ထဲ ရွာ ကို ခေါ်ပြီး ယာထဲ ဖြစ်ဖြစ်တော့ ထမင်း ပို့ ခိုင်းလိုက်သေးသည် ။ သည်ကိစ္စမျိုး နှင့် ပတ်သက်၍ ဝါနု ယမန်နှစ် က စပြီး နှုတ်ခမ်း စူခဲ့ရသေးသည် ။ သည်ကိစ္စ မှာ အမေ က ကျ အလိုက် သိသည် ။
“ ကျုပ် သမီး ကောလိပ်ကျောင်းသူ ကို နေရာတကာ မခိုင်းချင် စမ်းပါနဲ့တော် ” ဟူသော စကားဖြင့် သမီး ဘက်က ကာကွယ်သည် ။ သည်တော့ အဖေ နှင့်အမေ စကား များရသည် ။
မည်သို့ဖြစ်စေ ၊ သည် အရွယ် လည်း ရောက်လာခါ သည်မျှ ပညာလည်း သင်ပြီးခါမှ ဘာမျှ အရာမရောက်သည့် အောက်ခြေသိမ်း အလုပ်မျိုး က အစ လုပ်နေရသည်မျိုး ကို ကား ဝါနု မကျေနပ် ။
ထို့ကြောင့်ပင် အိမ်ပြန် ရောက်၍မျှ တစ်လ မကြာ
“ ကျောင်းမှာ သရုပ်ပြဆရာ ပြန် လျှောက်ဖို့ စီစဉ် ထားခဲ့တယ် ။ အဲဒါ ခုရက် မှာ ခေါ်မယ်အဖေ ။ အဲဒီတော့ သမီး အလုပ်ကိစ္စ အတွက် ရန်ကုန် ပြန်ဦးမှ ” ဆိုသည် ကို အဖေ အလွယ် နှင့် သဘော မတူ ။ နောက်ဆုံး မတတ်သာ၍သာ လွှတ်ရသည် ။ အမေ က သူ ကိုယ်တိုင် လိုက်ပို့မြဲ ဖြစ်၍ လိုက်ပို့သည် ။ ရန်ကုန် ရှိ အမေ့ မိတ်ဆွေ တစ်ယောက်နှင့် ပတ်သက်သော အသိ တစ်ယောက် အိမ် မှာ တည်းခိုသည် ။ ဝါနု အလုပ် လျှောက်သည် ။ မောင် နှင့် လည်း တွေ့သည် ။
“ အမေ ပြန်ချင် ပြန်လေ ။ ဝါနု အင်တာဗျူး ထိုင်ရဦးမယ် ။ အင်တာဗျူး က ရှေ့လထဲ ကျမှ တဲ့ ။ အင်တာဗျူး ပြီး မှ ဝါနု ပြန်ခဲ့မယ် ” ဆိုကာ မောင် နှင့် အတူ နေရအောင် ၊ အဖေ့ အရိပ် က လွတ်အောင် ကြံလိုက် ဖန်လိုက် သေး၏ ။
သို့ပေမဲ့ အလုပ်ကိစ္စ ပြီးလျှင် ပင် အဖေ့ ထံ သို့ ပြန်ရလေသည် ။ မည်သို့ဖြစ်စေ ၊ မကြာမီ အလုပ်ခန့်စာ ရလျှင် မောင် နှင့် ပြန် တွေ့ ရမည် ဟု မျှော်လင့်သည် ။ သို့သော် ဝါနု အလုပ်ခန့်စာ မရ ၊ ရန်ကုန် သို့ လည်း မပြန်ရ ။ မောင့် ဆီ မှ စာ ကို ကား တစ်လ တစ်ခါ ဖတ်ရမြဲ ။
နွေဦးပေါက် မှာ အလုပ် ပေါ်ပြန်သည် ။ သည်တစ်ခါ တော့ နယ် က ပင် နေ၍ လျှောက်ရသည် ။ အင်တာဗျူး ခေါ်မှပင် ရန်ကုန် သို့ လာရသည် ။ သို့သော် ဤ တစ်ကြိမ် ၌ မောင့် ကို မတွေ့ ရတော့ပေ ။ အမှန်ဆို မောင် အလုပ် မရသေးသည် ကို ဝါနု သိသည် ။ သည် အလုပ် မှာ လည်း မောင် သည် ဝါနု နှင့်အတူ အင်တာဗျူး ထိုင်မည် ကို အတပ်သိ၏ ။ ထို့ကြောင့် မောင် နှင့် တွေ့ ရမည်ဟု အားခဲ ထားပြီး ဖြစ်သည် ။ သို့ပါ လျက် မောင့် ကို မတွေ့ ရ ။ ဝါနု စိတ် မှာ က မခံချိ ။ အင်တာဗျူး ဝင်ခဲ့ရ ပေမဲ့ စိတ် မဖြောင့် ။ ပြီး အင်တာဗျူး မှာ ကလည်း ကိုယ့် ထက် အရည် အချင်း သာ သူ က များသည် ။ လျှောက်ထားသူ ခြောက်ဆယ်ကျော် အတွက် အလုပ် က နှစ်နေရာ ။ ထို့ကြောင့် စိတ်လျှော့ ၍ ပြန်ခဲ့ရသည် ။
ယခု တစ်ခေါက် အိမ် ကို ရောက်ပြီ ဆိုသောအခါ မောင့် စာ ကို အသင့် တွေ့ရ သဖြင့် အနည်းငယ်တော့ အမောပြေ သလို ဖြစ်ရသေး၏ ။ ထို့ကြောင့် အဝတ် ကို မျှ မလဲဖြစ်သေး ။ မောင့် စာကို အဦးအလျင် ဖတ် ရသည် ။ ဖတ်ရင်း ဖတ်ရင်း ရင်ထဲ က ပူလာသည် ။ ပါးပြင် မှာ ပူနွေး လာ သည် ။ မောင့် စာလုံးတွေ က မှုန်ဝါး လာသည် ။ မောင် လက်ထပ်ရတော့မည် ဆိုသော အကြောင်း ၊ ဝါနု မယုံချင် ။
သည်တုန်း မှာ အဖေ့ ခေါ်သံ ကို ကြားရသည် ။ မျက်ရည်စ ကို ကပျာကယာ သိမ်းရသည် ။ အဖေ့ ရှေ့ သို့ လာရသည် ။
“ သမီး အလုပ် က အဆင် ပြေမှာလား သမီး ။ သမီး ရန်ကုန် ခဏခဏ သွား နေတာလည်း စင်စစ်မတော့ အဖေ မကြိုက်ဘူး ။ သမီး ကို အဖေ ပြောချင်နေတာ ကြာပြီ သမီး ။ ဒါပေမဲ့ သမီး စိတ်မကောင်းမှာ စိုးလို့ မပြောခဲ့ဘူး ။ ဒီ လေးငါးနှစ်အ တွင်း သမီး အဝတ်အစား အမူအရာ က အစ အချိုး ပြောင်းလဲ ပုံကို အဖေ အားမရဘူး ။ သမီး ကို အဖေ တက္ကသိုလ်ကျောင်း ပို့တဲ့ ရည်ရွယ်ချက် ဟာ အထ မမြောက်ဘူးလား လို့ အဖေ ထင်လာတယ် ”
ဝါနု ခေါင်း ကို ငုံ့ထားသည် ။ အဖေ့ စကား ကို မကြား တစ်ချက် ကြား တစ်ချက် ။ အဖေ့ မှာ ကျတော့လည်း ပြောစရာ စကားတွေ ရင် နှင့် အပြည့် ရှိဟန်တူသည် ။ အတော် နှင့် မဆုံးနိုင် ။ အဖေ့ စကားကြောင့် လား ။ မောင့် စာကြောင့်လား ။ မကွဲပြားသော အကြောင်းကြောင့် ဝါနု မျက်ရည် ကျရပြန်သည် ။
“ တော်ပါတော့ ကိုအုံးဟန် ရယ် ၊ ရှင့်စ ကားကလည်း ဘာမှန်း မသိဘူး ”
အမေ က ဝင် ပြော သေးသည် ။
“ မတော်နိုင်ဘူး လှရင် ၊ မတော်နိုင်ဘူး ။ ဒင်းတို့ တက္ကသိုလ်ကျောင်းက သင်ပေးတဲ့ ပညာ ဟာ ဒင်းတို့ တိုင်းပြည် အတွက် အလုပ် လုပ်ဖို့ သင်ပေးတာ မဟုတ်လား ။ ခု ကြည့်စမ်း ၊ မင့် သမီး ကို မင်း ကြည့် စမ်း ။ အေး ၊ မင်းကတော့ မင်းသမီး လှလာတာ ကိုပဲ ကျေနပ်နေ ။ မင့် သမီး လှလာပုံ လှလာနည်း ကို ရော မင်း သတိထား မိရဲ့လား ။ ကြည့်စမ်း ၊ ဝတ်ပုံ ၊ စားပုံ ၊ နေပုံ ၊ ထိုင်ပုံ က အစ တူသေးသလား ။ ပြောစမ်း လှရင် ၊ ဒင်း ပညာတွေ ဘယ်လောက် တတ်လာတယ် ဆိုတာသာ မသိ ရင် ရှိရမယ် ။ ဒင်း အပျိုကောင်းကောင်း လုပ်တတ်လာ တာ တော့ အမှန်ပဲ မဟုတ်လား ။ မင့် သမီး တခြား မကြည့်နဲ့ ။ သနပ်ခါး တောင် သွေး မလိမ်းချင်တော့ဘူး မဟုတ်လား ။ လိမ်းခြယ် ထားလိုက် ပြန်ရင်ကော ၊ ဝတ်ဆင် ထားလိုက် ပြန်ရင်ကော ဘာနဲ့ တူသလဲ ။ သူ့ ကိုယ် သူ ရုပ်ရှင် မင်းသမီး လုပ်ဖို့ စိတ်ကူး နေသလားမှ မဆိုနိုင်တာ ”
“ အို တော် ”
“ မတော်နိုင်ဘူး လှရင် ။ နောက်ကို မင့် သမီး ရန်ကုန် မှာ အလုပ် မလျှောက်ရဘူး ။ တော မှာ ပဲ ရရာ အလုပ် လုပ်ရမယ် ။ ငါ အားလုံး စီစဉ် ပြီးပြီ ။ လာမယ့်နှစ် လူငယ့်ရေးရာ ညကျောင်း မှာ ကျောင်း ဆရာမ ဝင်လုပ် ။ နေ့ခင်း အိမ် အလုပ်လုပ် ။ အိမ် က ကလေးတွေ ကို စာ ပြပေး အေး ၊ ဘဝင် မြင့်မယ်တော့ မကြံနဲ့ ။ ငါ နဲ့ အတွေ့ ပဲ ”
“ ဘယ့်နဲ့တော် ဘီအက်စီတွေ ဘာတွေ အောင်လာမှ များ အိမ် အလုပ် လုပ်ရမယ်လို့ ”
“ လုပ်ရမယ် လုပ်ရမယ် ”
အဖေ သည် အော်ဟစ် ပြောဆိုရင်း နေရာ မှ ထလေသည် ။ အမေ့ နှုတ် က ဖျစ်တီးဖျစ်တောက် စကားသည် မူ အတောမသ,တ် ။
“ သမီး မျက်ရည်တွေ သုတ်လိုက်စမ်းပါဦး ၊ အလကား ပေါင်ဒါတွေ ပျက်ကုန်မယ် ”
အတောမသ,တ်နိုင် စကား ကြားမှ အမေ ဖြတ် ပြောလိုက်သော စကား ဖြစ်သည် ။
သည်တော့ ဝါနု သည် ပါးပြင် က မျက်ရည်စ ကို သိမ်းလိုက်မိသည် ။
သည် ပါးပြင် သည် ပူနွေးလှဘိသည် ။ ဝါနု ရင်ထဲမှာ လှပ်ခနဲ ဖြစ်ရ ပြန်သည် ။ ဪ ... သည်နေရာ မှာ မောင့် အနမ်းပန်း ရှိသည် မဟုတ်လား ။ မျက်ရည်စ ကို သိမ်းမိလျှင် မောင့် အနမ်း ပြယ်မည်လား အထင် ရောက် လိုက်သေးသည် ။ ထို့ကြောင့် လက် ကို ပါးပြင် မှ ပြန်၍ မရုပ်မိ ။
“ ဟုတ်ပါရဲ့ကွယ် ။ သမီး က လည်း ညည်း အဖေ ပြောမယ် ဆို ပြောစရာပဲ ။ ကိုယ့် အိမ် ကို ပြန်တာတောင် မိတ်ကပ်တွေ ဘာတွေ နဲ့ ”
အမေ့ စကား ကို ခပ်ဝါးဝါး ကြားလိုက်ရတော့ ဝါနု တုန်လှုပ်ရ ပြန်သည် ။
လက်ဝါး ကို ပါးပြင် မှာ ခပ်နာနာ ဖိပြီး ယောင်ယောင်ယမ်းယမ်း ပွတ်သပ်လိုက်မိပြန်သည် ။
မျက်ရည်စ လည်း ခြောက်စေ ၊ မှုန်နံ့သာ လည်း ပျောက်စေ ၊ မောင့် အနမ်း လည်း ပြယ်စေ သဘောပေလား မဆိုနိုင် ။
◾မင်းကျော်
📖 ရှုမဝရုပ်စုံ မဂ္ဂဇင်း
၁၉၆၉ ၊ မေ
No comments:
Post a Comment