❝ ပန်းမောင်နှံ ❞
( ပုံပြင် )
ဟိုး ရှေးရှေးတုန်း က တဲ့ကွယ် ၊ ဘုရင်ကြီး တစ်ပါး မှာ သိပ်လှပြီး သိပ် ချစ်စရာ ကောင်း တဲ့ သမီးတော် တစ်ပါး ရှိသတဲ့ကွယ် ။ ဘယ်လောက် လှတယ် ဆိုတာကတော့ နေမင်းရောင်ခြည် ဟာ ရွှေရောင် လို ဝင်းဝါပြီး တိမ်ရောင်တွေ အမျိုးစုံနဲ့ ကျက်သရေ ရှိနေတဲ့ ညနေခင်း အချိန်မှာ ဘုရင့် သမီးတော်လေး ဟာ လေသာပြတင်း ကို ဖွင့်ပြီး သာယာသော ညနေခင်း ၏ အလှ ကို ရှုစား နေရင်း အနီးအနား မှ ဖြတ်ပြီး သွားကြတဲ့ လူအပေါင်း ဟာ နောက်တစ်ခါ ပြန်ပြီးလှည့် မကြည့်ဘဲ မနေနိုင်ဘူးတဲ့ကွယ် ။ သိပ် ချောတာကိုးကွယ့် ။
အဲဒီလို လှပတဲ့ သမီးတော် ကလေး ကို လည်း ခမည်းတော်ဘုရား က လွန်စွာ ချစ်ခင် အလိုလိုက် သတဲ့ကွယ် ။
တစ်နေ့တော့ သမီးတော် ကလေး က လက်ရာနုနု နဲ့ လှပဆန်းကြယ်တဲ့ လည်ဆွဲ တော် ကို ဝတ်လိုတာ နဲ့ ဖခမည်းတော်ဘုရား ထံ မှာ ပူဆာပါလေရောကွယ် ။ ခမည်းတော်ဘုရား ကလည်း ချစ်လှစွာသော သမီးတော် ၏ အလိုဆန္ဒ ကို လိုက်လျောပြီး တိုင်းပြည် အတွင်းမှာ မောင်းခတ် ကြေညာ လိုက်တာပေါ့ ။
“ တိုင်းသူပြည်သား လူအများတို့လေး ... ပန်းထိမ် အတတ် မှာ တစ်ဖက်ကမ်းခတ် တတ်သောသူများ ရှိပါက လက်ရာနုနု နှင့် လှပဆန်းကြယ်သော လည်ဆွဲတန်ဆာ ကို ပြုလုပ်၍ ဘုရင်မင်းမြတ် ၏ ရှေ့တော်မှောက် တွင် တင်ဆက်ပြသကြရမည် ။ အကယ်၍ ဘုရင်မင်းမြတ် နှင့် သမီးတော် ကြိုက်နှစ်သက်ပါက ဆုတော်ငွေ ထောင်ထုပ် ကို ချီးမြှင့်မည် ဖြစ်ကြောင်း ”
အဲဒီလို ကြေညာမောင်း လှည့်လည် ခတ် လေတော့ တိုင်းပြည် အတွင်း မှာ ရှိသမျှ ပန်းထိမ်ဆရာကြီးတွေ ဟာ အထူးပဲ ကြိုးစားပြီး လည်ဆွဲလေးတွေ လှသတဲ့ လှ ၊ ဆန်းသတဲ့ ဆန်း လာအောင် ပြုလုပ်ကြတာပေါ့ကွယ် ။
ဒါနဲ့ ဘုရင့် ရှေ့တော်မှောက် ကို သွင်းရမည့် အချိန်ကို ရောက်လာပါလေရောကွယ် ။ ဒီတော့ ပန်းထိမ်ကျော်ကြီးတွေ ဟာ အထူး စီမံ ပြုလုပ်ထားတဲ့ လည်ဆွဲလေးတွေ ယူပြီး နန်းတော် ထဲ ကို လာကြတာပေါ့ ။ ကိုယ့် လက်ရာလေးတွေ ကိုယ် ကြည့်ပြီး “ အင်း ... ငါ့ ဟာလေး က တော့ အတော် လှအောင် ပြုလုပ်ခဲ့တာပဲ ၊ ဘုရင်ကြီး ကတော့ ငါ့ လည်ဆွဲလေး သဘောကျမှာပဲ ” ဆိုတဲ့ အတွေးလေးတွေ ပီတိလေးတွေ ကိုယ်စီ နဲ့ နန်းရင်ပြင်တော် မှာ ဘုရင်ကြီး ကြွချီ အလာ ကို စောင့်မျှော် နေကြတာပေါ့ကွယ် ။
မကြာခင် အချိန်မှာပဲ ဘုရင်ကြီး ကြွချီလာပြီး ပန်းထိမ်သည် တို့ အထူးတလည် ပြုလုပ်ထားတဲ့ လည်ဆွဲများ ကို ရှုစားပြီး မင်းချင်း တစ်ယောက် ကို ခေါ်ကာ လည်ဆွဲ တို့ ကို သမီးတော် လေး ထံ ပြသ ခိုင်းလိုက်သတဲ့ကွယ် ။
သမီးတော်လေး လည်း ယူဆောင်လာသော လည်ဆွဲတွေ ကို တစ်ခုစီ တစ်ခုစီ ရှုစား ပြီး လည်မှာ ဆွဲလို့ မှန်ပုံတော် ရှုသတဲ့ကွယ် ။ ( အဲ ... မှန်ပုံတော် ရှုတယ် ဆိုတာက မှန် ကြည့်တာ ကို ခေါ်တာပေါ့ကွယ် ။ ) သမီးတော် လေးက မှန်ပုံတော် ရှုနေပြီး ကြိုက်နှစ်သက်တဲ့ လည်ဆွဲ တစ်ခုမှ မတွေ့မိဘူးတဲ့ ။ ဒါနဲ့ စိတ်ပျက်ပြီး လည်ဆွဲ အားလုံးကို ခမည်းတော် ထံ ပြန်ပို့ကာ တစ်ခု မှ စိတ်ကြိုက် မတွေ့ကြောင်း အကြောင်း ကြားလိုက်သတဲ့ကွယ် ။
ခမည်းတော်ဘုရား ကလည်း သမီးတော် လေး အကြိုက်မတွေ့၍ စိတ်မကောင်း ဖြစ် မိပြီး မိမိတို့ ၏ လည်ဆွဲများ ကို အသီးသီး ယူ၍ ပြန်သွားကြရန် ပန်းထိမ်သည် တို့ကို အမိန့်ချလိုက် သတဲ့ကွယ် ။
အဲဒီ အချိန်မှာပဲ လုလင်ပျိုကလေး တစ်ဦး ဟာ မောပန်းတကြီး နန်းတော် ဆီ သို့ ပြေး လာပြီး နန်းရင်ပြင် မှာ ဝင်ခစားလာပါရောကွယ် ။ အဲဒီအကြောင်း ကို ဘုရင်မင်းမြတ် က မြင်တော် မူလို့ အကျိုးအကြောင်း မေးမြန်းတာပေါ့ကွယ် ။
“ မှန်လှပါဘုရား ၊ ကျွန်တော်မျိုး လည်ဆွဲတန်ဆာ ကို အထူးပြုလုပ် မွမ်းမံ နေရခြင်း ကြောင့် အချိန် နှောင့်နှေးနေရခြင်း ဖြစ်ပါသည်ဘုရား ” လို့ ပြန်လည် လျှောက်ထား လိုက်တာ ပေါ့ကွယ် ။ ဒီတော့ ဘုရင်မင်းမြတ် ဟာလည်း “ သမီးတော်လေး အတွက် လှပသော လည်ဆွဲ လေး ဖြစ်ပါစေ ” လို့ ဝမ်းထဲမှ ဆုတောင်းရင်း လုလင်ပျိုလေး ဆက်သတဲ့ လည်ဆွဲ ကို ရှုစားပြီး ယခင်က အတိုင်း သမီးတော်လေး ထံ ပြသ စေလွှတ် လိုက်ပြန်ပါရောကွယ် ။
သမီးတော်လေး ဟာ ဒီ လည်ဆွဲတန်ဆာကလေး ကို လည်း မြင်လိုက်ရော နှစ်သက်ခြင်း များစွာ ဖြစ်သွား၍ လည် မှာ ဆွဲကပ်ပြီး မှန်ပုံတော် ရှုလိုက်ပြန်တာပေါ့ ။ အဲဒီ လည်ဆွဲလေး ဆွဲပြီးရော ယခင် က ထက် အဆပေါင်း များစွာ ပိုပြီး လှလာ သယောင် ထင်ရသတဲ့ကွယ် ။
“ အို ... ထိပ်ထားလေးဘုရား ၊ ဒီ လည်ဆွဲတော် ဆွဲမှ ယခင် က ထက် ပိုမို လှပလာပါ သည်ဘုရား ” ဆိုတဲ့ အသံတွေ ဟာ အထိန်းတော် အပျိုတော်တွေ ထံ မှ ထွက်လာရသတဲ့ကွယ် ။ ပိုပြီး ကို လှလာတာကိုးကွယ့် ။
သမီးတော်လေး ဟာ လည်း လည်ဆွဲလေး ဆွဲပြီး မှန်ပုံတော် ရှုရင်း တစိမ့်စိမ့် ပီတိ တွေ ဖြစ်နေတာပဲတဲ့ကွယ် ။ ဒါနဲ့ ဒီ လည်ဆွဲ ကို သမီးတော် နှစ်သက်လွန်း၍ ပန်းထိမ်သည် အား သမီးတော် ထံ ခစားလွှတ်ပါရန် ဖခမည်းတော် ထံ လျှောက်ထား ခိုင်းလိုက်သတဲ့ကွယ် ။
ဘုရင်ကြီး ဟာ လည်း သမီးတော် ကြိုက်နှစ်သက်ကြောင်းကြားရတော့ များစွာ ဝမ်း ပန်းတသာ ဖြစ်ပြီး ချစ်လှစွာသော သမီးတော် လေး ရဲ့ ဆန္ဒ ကို ဖြည့်ရလို့ ကျေနပ်နေတာပေါ့ ။ ဒါနဲ့ ပန်းထိမ်သည်လုလင် ကို လည်း ဆုတော်လာဘ်တော် တွေ များစွာ ပေးသည့် ပြင် ဘုရင့်ပန်းထိမ်တော် အဖြစ် အမှုထမ်းဆောင်စေရန် အမိန့်ကိုပါ ချမှတ်ပေးပြီး သမီးတော်ကလေး ထံ ခစားဖို့ စေလွှတ် လိုက်တာပေါ့ကွယ် ။
ပန်းထိမ်သည် လုလင်ကလေး ဟာ မင်းသမီးကလေး စံရာ တစ်ပင်တိုင်မြနန်း ကို သွားရောက်ခစားရတာပေါ့ ။
မင်းသမီးလေး ရှေ့တော်မှောက် ရောက်တဲ့ အခါ ပန်းထိမ်သည် လုလင်ကလေး ဟာ မျက်တောင် မခတ်ဘဲ မင်းသမီးကလေး ကို ငေးပြီး ကြည့်နေမိ သတဲ့ကွယ် ။ မင်းသမီးလေး ဟာ နဂိုကမှ ချောလှနေတဲ့ အထဲ လည်ဆွဲ ဆွဲလို့ ပိုလှနေတော့ ပန်းထိမ်သည်ကလေး ဟာ မမြင်ဖူး တဲ့ ထူးကဲလှတဲ့ အလှ ကို တအံ့တသြ ငေးမော ကြည့် နေတာပေါ့ကွာ ။
မင်းသမီးကလေး ကလည်း မိမိ ကို ငေးမော ကြည့်နေတဲ့ ပန်းထိမ်သည် လုလင် ကလေး ကို ပြန်ပြီး ကြည့်နေမိပြန်သတဲ့ကွယ် ။ အကြောင်းကတော့ လည်ဆွဲလေး က သာ နှစ်သက်စရာကောင်းရုံတင် မကဘဲ ပြုလုပ်သူ ပန်းထိမ်သည်ကလေး ဟာ လည်း မင်းသမီးလေး ရဲ့ အသဲနှလုံး ကို အေးမြစေလို့ပဲတဲ့ကွယ် ။
မည်မျှကြာကြာ ငေးကြည့် နေကြသည် မသိနိုင်ဘဲ ရှိစဉ်မှာ မင်းသမီးလေး ဟာ သတိ ဝင်လာပြီး မျက်လွှာ ချပစ်လိုက်မှ ပန်းထိမ်သည်လုလင်လေး ဟာလည်း သတိ လည်လာကာ ခေါင်းငုံ့၍ ခစား ပစ်လိုက်ရ သတဲ့ကွယ် ။ ဘုရင့် သမီးတော် ကလေး ဟာ ကောင်းမွန်ကြောင်း ၊ တော်ကြောင်း ၊ ချီးကျူးစကား မိန့်ပြီး လက်ဝတ်တော် မြလက်စွပ်ကလေး ကို ဆု အဖြစ် ချီးမြှင့် လိုက်သတဲ့ကွယ် ။
အဲဒီနေ့ က စပြီး ပန်းထိမ်သည်ကလေး ဟာ မင်းသမီးကလေး ကို မမြင်ရ ရင် မနေနိုင် တဲ့ အခြေမှာ ရောက်နေရပြီမို့ သမီးတော် ပြတင်းဖွင့်၍ သာယာသော ရှုခင်း ကို ရှုစားချိန် ဖြစ်တဲ့ ညနေခင်း အချိန်တိုင်းမှာ တစ်ပင်တိုင်မြနန်း အနီး လာရောက် ရှုစားတာပေါ့ ။
ဒါနဲ့ နေ့ရက်တွေ ကြာညောင်းတော့ တစ်ဦး နဲ့ တစ်ဦး မေတ္တာဓာတ် ကူးလူးကာ ချစ်ခင် သွားကြပါလေရောကွယ် ။
သမီးတော် လေး ဥပုသ်စောင့် သွားနေကျ မြစ်ကမ်းပါး တစ်နေရာရှိ စေတီလေး ဆီ သို့ တိတ်တဆိတ် သွားကြပြီး ချစ်သူနှစ်ဦး ဟာ ဆုထူးတွေပန် ၊ သစ္စာတွေ ပြုနေကြတာပေါ့ ၊ သူတို့ နှစ်ဦး ဟာ လည်း တစ်ဦး ကို တစ်ဦး သိပ်ပြီး မေတ္တာ ထားကြသတဲ့ကွယ် ။
ဒီလိုနဲ့ မေတ္တာတော် နှောင်ကြိုးတွေ တိုးရစ်ပတ်ပြီး ချစ်မိုးတွေ စွေလာတာ အချိန်တွေ ညောင်းလို့ ရက် ၊ လ ၊ နှစ်တွေ ပြောင်း ခဲ့ရောတဲ့ကွယ် ။
တစ်နေ့မှာ သမီးတော် လေးနဲ့ ပန်းထိမ်သည် လုလင်ကလေး တို့ ဟာ ဆုပန်နေကျ ဖြစ်တဲ့ ကမ်းနဖူး မှ စေတီရင်ပြင် မှာ အတူတကွ ယှဉ်ထိုင်ပြီး သစ္စာပြု နေကြစဉ်မှာ ဆူဆူညံညံ အသံတွေ ကြားရသတဲ့ကွယ် ။ ဒီ အသံတွေ ကြားရလေတော့ နောက်ကို လှည့် ကြည့်လိုက်တယ် ဆိုရင်ပဲ ခမည်းတော်ဘုရင်ကြီး နဲ့ မှူးကြီးမတ်ကြီးများနှင့် တကွ ပါးကွက်အာဏာသား ( လူသ,တ်သမား ) တွေ ကို ကြောက်ဖွယ်ရာလိလိ မျက်နှာထားကြီးတွေ နဲ့ ကြည့်နေတာကို တွေ့ရပါလေ ရောတဲ့ကွယ် ။
“ ဟယ် ... သမီးမိုက် ၊ ချစ်ခင်စွာ အလိုလိုက်၍ ထားပါသော်လည်း အမိုက် စော်ကား လေပြီ ၊ ကြားရသူ နားရှက်စရာ ပန်းထိမ်သည် အညတရ ကို မှ ရည်ငံမိလေခြင်း သမီးတော် ရယ် ၊ ခမည်းတော် မျက်နှာ ကိုမှ မထောက်ထား ၊ အမျိုးဂုဏ် ကို မှ မစောင့်စား ဖောက်ပြားရက်လေ ၊ တို့ အမျိုးတွေ အရှက်ပွေ ရတော့မည် ”
ခမည်းတော်ရဲ့အသံကြီး ကို ကြားရတော့ မင်းသမီးလေး ဟာ မျက်ရည်တွေ တွေတွေ ကျပြီး ခေါင်းငုံ့ ခစားရင်း က ပန်းထိမ်သည်ကလေး ရဲ့လက် ကို ကြပ်ကြပ်ကြီး ဆုပ်ကိုင် ထားတာ ပေါ့ကွယ် ၊ ပြီးတော့လည်း မသိမလိမ္မာ ၍ မိုက်မှားမိသူများ ကို အပြစ် မှ ခွင့်လွှတ်ရန် အမျိုးမျိုး ခယ တောင်းပန်သော် ငြားလည်း ဘယ်လိုမှ တောင်းပန်လို့ မရရှာဘူးတဲ့ကွယ် ။
ဘုရင်ကြီး ဟာ လည်း ငါ တည်း ဟူသော မာနတရား ထောင်လွှားကပ်ငြိနေလေတော့ အနီးရှိ အာဏာသား တို့ကို ပန်းထိမ်သည်လေး အား ကွပ်မျက်ရန် အမိန့် ချလိုက်ပြန်ပါရော ကွယ် ။
“ ကျေးဇူးရှင်ရယ် လို့မှ မထောက် ၊ ကျွန်သဘောက် ဂုဏ်သိမ် သမီးတော် ဂုဏ်သရေ ကိုမှ နှိမ်ရက်ပလေ ၊ ခုမှတော့ ရွံ့မနေနှင့် မင်း အသက် သေဖို့သာ ပြင်ထားပေရော့ ” လို့ ဝင့်ကြွား မောက်မာ လှတဲ့ ဘုရင့် အသံကြီး က မိုးထိ ဟိန်းသွားသည့်တိုင် ပန်းထိမ်သည်ကလေး က မတုန် လှုပ်ဘူးတဲ့ကွယ် ။ ရတနာသုံးပါး အနန္တငါးပါး ကို သာ စိတ် ထဲမှ အောက်မေ့ရင်း ချစ်လှစွာသော မင်းသမီးကလေး ကိုသာ တစိမ့်စိမ့် နောက်ဆုံး ကြည့်ရခြင်း အကြည့်မျိုး နဲ့ ကြည့်နေမိသတဲ့ ကွယ် ။ သမီးတော်ကလေး ကလည်း လက်ကလေး နှစ်ဖက် ရင်မှာ ယှက်ထားပြီး မောင်တော် ပန်းထိမ်သည်ကလေး ကိုမျက်ရည်ကလေး တလည်လည် နဲ့ ပြန် ကြည့် နေပြန်သတဲ့ကွယ် ။
အဲဒီ အချိန်မှာပဲ ဘုရင့်အမိန့်တော် အတိုင်း အာဏာသားတို့ ဟာ ပန်းထိမ်သည်ကလေး ကို ယုတ်ရင်းကြမ်းတမ်းစွာ ဆွဲဆောင် ခေါ်ငင် ကြပါလေရောကွယ် ။ ဒီလို ပြုမူပုံတွေကို မြင်ရတော့ သမီးတော် လေး ရင်ဝ မှာ နာကျင်ပြီး ချစ်ခင်စုံမက် မေတ္တာယှက်၍ အသက်အပ်နှံ ကာ ချစ်ကြင်နာရတဲ့ ချစ်သူ့ အပေါ်မှာ ကြင်နာစိတ် ၊ သနားစိတ်တွေ ဟာ တဖွားဖွား ပေါ်လာပြီး ဖခမည်းတော် ခြေစုံ ကို ဖက်ပြီး လူးလှိမ့်ကာ သနားစဖွယ် ငိုရှာလေတာပေါ့ကွယ် ။
“ ခမည်းတော် ဘုရား ၊ သမီးတော် တစ်ပါးတည်း ချန် မထားပါနှင့် ၊ သမီးတော် ကို ပါ သ,တ်တော်မူပါဘုရား ” လို့ ငိုယို လျှောက်ထားပြီး အာဏာသားတို့ ထံ အတင်း ပြေးသွားပါလေ ရော ။
ဘုရင်ကြီး က လည်း ဒါလောက် အစွဲအလမ်း ကြီးပြီး မိုက်လှတဲ့ သမီးတော် ၊ နင့် ထိုက်နဲ့ နင့် ကံ ခံလေရော့ ဆိုပြီး သမီးတော် ပါ အတူတကွ ကွပ်မျက်ရန် အမိန့် ပေးလိုက်ပြန်သတဲ့ကွယ် ။ အာဏာသားတို့ ဟာလည်း ဘုရင့် သမီးတော် နန်းသွေးပါ ကွပ်မျက်ရ မှာမို့ တောင်စွယ် ကို နေ ကွယ်အောင် စောင့်စား နေကြတုန်း ဘုရား မှာ အာရုံပြု၍ သစ္စာဆို သွားလိုကြောင်း သမီးတော် တို့ ချစ်သူနှစ်ဦး ၏ တောင်းပန်ချက် ကို ခွင့်ပြုလိုက်သတဲ့ကွယ် ။
မင်းသမီးကလေး နဲ့ ပန်းထိမ်သည် လုလင်ကလေး တို့ဟာ “ ဖြစ်လေရာ ဘဝမှာ အတူတူ ပေါင်းဖော်၍ ဘေးရန်ကင်းရပါစေသား ” လို့ ဆုပန် လိုက်ကြသတဲ့ကွယ် ။
သူတို့ နှစ်ဦး ဟာ သူများ လက်ချက် နဲ့ ဖြင့် အသက် မသေလို၍ နှစ်ဦးသား ကမ်းစပ်ဆီ သို့ တွဲ ပြေးလိုက်ကြပြီး မင်းသမီးလေး ရဲ့ ရွှေကြင်ခတ်ပဝါကလေး နဲ့ မင်းသမီး ညာလက်ဝါး ၊ ပန်းထိမ်သည်လုလင် ၏ ဘယ်လက်ဝါး တို့ ကို စုပေါင်းချည်နှောင် လိုက်ကာ ဘုရားစေတီလေး ဘက် သို့ အာရုံပြု ဆုတောင်းရင်း မြစ်ထဲ ကို လှိမ့်ဆင်း ခုန်ချ လိုက်ကြရောတဲ့ကွယ် ။
မြစ်ပြင် ထဲက လှိုင်းလုံးဖြူကြီး တစ်လုံး လိမ့်ဆင်း လာပြီး မင်းသမီးလေး နဲ့ ပန်းထိမ် သည်ကလေး တို့ ကို ဖုံးအုပ် ရစ်ပတ်ပြီး ခေါ်ဆောင် ဆွဲယူ သွားပြန်သတဲ့ကွယ် ။
ဘုရင်ကြီး ဟာ လည်း ဒီ အဖြစ်အပျက်တွေ ကို မြင်ပြီး စိတ်နှလုံး မသာမယာ တဲ့ နောင်တတရား ရစွာ နဲ့ ကြည့် နေတုန်းမှာ မြစ်ရေတွေ ဟာ ကမ်းလုံး ပြည့်လျှံ လာကြတာ ကမ်းနဖူး က စေတီလေး ထိရောတဲ့ကွယ် ။ မြစ်ရေ ဟာ လျှံလာပေမယ့် စေတီလေး နဲ့ ဘုရင်ကြီး ကို မြုပ် အောင် မလျှံဘဲနဲ့ ရုတ်တရက် ကျဆင်း သွားပြန်ရောတဲ့ကွယ် ။ မြစ်ရေ ကျဆင်းလို့ ဘုရင်ကြီး ဟာ ခြေတော်ရင်း ကြည့်လိုက်တော့ သမီးတော် တို့ ချစ်သူနှစ်ဦး ရဲ့ သက်မဲ့ ခန္ဓာကိုယ်လေးတွေ ကို အံ့ဩစွာ တွေ့ရသတဲ့ကွယ် ။
ကြည့်ရင်း ကြည့်ရင်း နဲ့ ချစ်သူနှစ်ဦး ရဲ့ ရုပ်အလောင်းများ ဟာ ထူးဆန်းတဲ့ သစ်ပင် တစ်ပင် ဖြစ်သွားတာ ကို တဖန် တွေ့ရှိရပြန်ပါရော ။
အဲဒီ အပင်ကလေး ကို ကြည့်လိုက်ပြန်တော့ ဖြူဝါဝါအပွင့်ကလေးတွေ နှစ်ပွင့်စီ တွဲလျက် အပွင့်တွေ နှင့် အရွက် နှစ်ရွက် ယှဉ်ပူးလျက်သား ဖြစ်နေတဲ့ ထူးဆန်းတဲ့ ပန်းပင်လေး ဖြစ် နေသတဲ့ကွယ် ။
အဲဒီ ပန်းပင်ကလေး ဟာ ကိုင်း တစ်ကိုင်း က ဘုရင်ကြီး အပေါ် မှာ မိုးပြီး ကျန်တစ်ကိုင်း က စေတီလေး ဘက်ကို ကိုင်းညွတ်နေတာ ကို တွေ့ရပြန်ပါရောတဲ့ကွယ် ။
အဲဒီ ပန်းပင်ကလေး ကို ယခုထက်တိုင် “ ပန်းမောင်နှံ ” ရယ်လို့ ခေါ်ဝေါ် နေကြပါတယ် ကွယ် ။ တချို့ အရပ်ဒေသ ကတော့ “ ပန်းမောင်နှံ ” လို့ ခေါ်ကြသတဲ့ ကလေးတို့ ရယ် ။
▢ မသက်နှံ - ပေါက်
📖 ရှုမဝ မဂ္ဂဇင်း
၁၉၆၂ ၊ နိုဝင်ဘာ
.
No comments:
Post a Comment