Wednesday, November 6, 2024

တစ်ခါက မာနရှင်


 

❝ တစ်ခါက မာနရှင် ❞
       ( ကြည်နိုင် )

“ ဘဝဇာတ်ဆရာ ဆိုသမျှ အလိုကျ
ငိုခဲ့ရ ကျွန်မဘ၀ပါရှင်  × × × × ×
သူတကာတွေ ပျော်ပျော်ရွှင်ရွှင်
မြော်မြင် အရေး ပေးခဲ့ပေါ့ရှင်  × × × × ”

ညဉ့်နက်လှပါပြီ ..

ကြယ်မစုံသော ညခင်း၏ လရောင် မှာ မှုန်ပျပျ သာ ။ နွေ ကုန်ကျွမ်း သွားပေမယ့် အအေးဓာတ်များ ကား ရောက်မလာကြသေးပေ ။

ခပ်လှမ်းလှမ်း ဗြောအငြိမ့်ထောင် ဆရာအိမ် မှ အငြိမ့်ခွင်တိုက်နေသံကြားရသည် ။ “ ဘဝဇာတ် ဆရာ ” သီချင်းကို သရုပ်ဖော် တိုက်နေကြဟန်တူ၏ ။ ပတ်မချက် ထုသံနှင့်အတူ လူရွှင်တော်ကြီး ၏ “ က ရမယ် ၊ က ကိုက ရမယ် ” ဆိုသည့် အသံသြကြီးလည်း သီချင်းသံ နှင့် အတူ လေထဲ ဝေ့ဝဲပါလာသည် ။ ဘာကြောင့်မှန်း မသိ ။ ဤအသံကြီးကား သူ့ ကို လှန့်နေသလိုရှိ၏ ။ ဘဝဇာတ်ဆရာ သည် လူကြမ်း ကြီးတဲ့လား ။

မင်းသမီးကလေး ၏ သီချင်းသံကား အငိုအရှိုက်တို့ဖြင့် ထံမွှန်းလျက် ။ သို့သော် အသံမှာ သေး ပြီး အရုတ်အသိမ်း မသပ်ရပ်လှ ။ အငိုအရှိုက် ကို ခပ်တင်းတင်းပြတ်ပြတ် မယူဘဲ အဆွေးအမြည့် နှော လျက် ဆွတ်ပျံ့ နေလျှင် ပိုကောင်းမည်ဟု သူ တွေးနေသည် ။

မင်းသမီးလေးကား ငယ်ပေလိမ့်ဦးမည် ။ အသံ မှာ သေးပြီး မပေါ်နိုင်ဘဲ
ဖြစ်နေသည် ။ တစ်ချက် တစ်ချက် ဟစ်လိုက်သည့် အခါမှသာ ပင်ကိုသံ ကို ဖမ်းမိနိုင်သည် ။ “ ဇ ”  ရှိသည့် အသံမျိုးပင် ။ ဤ အသံ မျိုးကို “ ဖော် ” ပေးတတ်ဖို့ လိုသည် ။မင်းသမီးလေး နှင့် ဘဝဇာတ်ဆရာ လူကြမ်းကြီး ၏ အပေးအယူ အဝင်အထွက် ခွင် လည်း ကွာဟ နေသည် ။

ကိုသက်မောင် အိပ်မရ ။ အသံ လာရာဆီ နားစွင့်ရင်း အိမ်ရှေ့လမ်းကလေးဝယ် ခေါက်တုံ့ လူးလာ လျှောက်နေမိသည် ။

သွားရ ကောင်းမလား ချီတုံချတုံ ဖြစ်နေမိသည် ။

“ တစ်ခါသေဖူး ပျဉ်ဖိုး ကို နားမလည်သေးဘူးလား ”

ကိုသက်မောင် ကိုယ့်ကိုယ်ကိုယ် ပြန်မေးနေမိသည် ။ ဆင်ခြင်သာ နေရသော်လည်း သူ့စိတ်ထဲ က မင်းသမီးကလေး ကို ဒီလို ဆို ၊ ဒီလို က ၊ အသံ ဒီလိုမြှင့် ၊ ဟန် ဒီလိုပင့် ၊ လက်ချိုးခြေကြွ ပြလိုက်ချင်စိတ် က ရုန်းကြွနေသည် ။

ဒေါင်းဥ ကို အုပ်မိ သဖြင့် စာသူငယ် ရင်ကွဲဖူးလေပြီ ။

ကိုသက်မောင် အမှတ်မရှိ ။ ရင်အနာ ကို ဘာနဲ့ ကုရသလဲ ။ ဥယျာဉ်မှူး စိတ်သည် သူ့ အား ရင်နာ စေခဲ့၏  ။ ထို စိတ်တို့ ယခုတစ်ဖန် ပေါ်လာပြန်ပြီ ။

လရောင် သည် ပို၍ မှိုင်းအုံလာလေသလား ။ သည်လို ညမျိုးကိုမှ
မှတ်မိနေပါသေးသည် ။

•••••   •••••   •••••

“ မာန်ဂုဏ်တွေသည် ယခုလို လူ့ဘဝယ်
လှတိုစိတ်တွေကိုဖယ် မာနရှင်တွေရယ်
သတိရစေဖို့ကွယ် ”

ဆရာကြီး က ယုံကြည်စိတ်ချလွှဲအပ်ထားသဖြင့် ဆရာကိုသက်မောင် မနားနိုင်ဘဲ ကြိုးပမ်းနေ မိသည် ။ အမျိုးသားနေ့ တွင် မြို့လယ်ရုပ်ရှင်ရုံကြီး၌ ကျောင်းပေါင်းစုံ ပဒေသာကပွဲ ပါသည် ။ ကိုသက်မောင်တို့ ကျောင်း မှ အငြိမ့်တစ်ခန်း နှင့် အော်ပရာတစ်ခန်း တာဝန် ယူထားသည် ။ ရှစ်တန်းကျောင်းသူ ရွှေမ နှင့် ဆယ်တန်းကျောင်းသူ ငွေမ တို့ ကို အငြိမ်းခန်းခွင် တိုက်ပေးပြီး အငြိမ့်ခန်း နှင့် ဆက်လျက် “ မာနရှင် ”  အော်ပရာ ကို တင်ဆက်ရန် ။

ကျောင်းသူမိန်းကလေးများ ပညာ မပြိုင်ဘဲ အဝတ်အစား ဂုဏ်တုဂုဏ်ပြိုင်ဖြစ်နေသည်ကို ပညာပေးရန် ဇာတ်တော် တစ်ခု ကို မှီးပြီး တင်ပြခြင်းဖြစ်၏ ။

မာနရှင်မင်းသမီး မှာ အလွန် ချော၍ မာနဂုဏ် မောက်နေသည် ။ သူ့ အလှကို
မက်မောသူများ ဝိုင်းပိုင်းလည်နေသည် ။ နောက်ဆုံး ဖူးစာရှင် မင်းသား တစ်ပါး ရောက်လာသည် ။ ပထမနေ့ ရွှေလင်ပန်းနှင့် တင်တောင်းသည် ။ မင်းသမီးကား မာနတင်းနေသည် ။ ဒုတိယနေ့ တွင် သည့်ထက် မက ရတနာ ပစ္စည်းများ နှင့် တင်တောင်းလိမ့်မည် ဟု မာနရှင် က ယူဆ၏  ။ သို့ သော် သူထင်သလို မဟုတ်ဘဲ မင်းသား က ငွေလင်ပန်း သာ ယူလာသည် ။ မာနရှင် က စိတ်ဆိုးသည် ။ တတိယနေ့ တွင် ကြေးလင်ပန်း သာ ယူလာတော့သည် ။ အကျိုးအကြောင်း မင်းသမီးက မေးသောအခါ .. ၊

“ အချိန်ကုန်သမျှမှာ ကွယ် ဆုတ်ယုတ်လေတယ်
မမြဲတဲ့တရားနဲ့ကွယ် နှိုင်းယှဉ်ဖွယ်
မာန်ဂုဏ်တွေရယ် ချိုးနှိမ်ဖို့ကွယ်
ဖြစ်လေရာ ယခုလို လူ့ဘဝဝယ်
လှတဲ့စိတ်တွေကိုပယ် မာနရှင်တွေရယ်
သတိရစေဖို့ကွယ် ××× ”

မင်းသား ၏ အခြံအရံမင်းသားလေးများ ယိမ်းက သီချင်း ဆိုပြီး သရုပ်ဖော် ကြမည် ။

ဆရာ ကိုသက်မောင် မှာ ရွှေမ တို့ အတန်းပိုင် ဆရာ ဖြစ်၏ ။ တယောအိုတစ်လက် ရင်ခွင်ပိုက် ထားသည့် အနုပညာသမား တစ်ဦး လည်း ဖြစ်၏ ။ အမေ ဒေါ်စောမြအေးကြည် ၏ တပည့်တစ်ဦး ဖြစ်ခဲ့ ဖူးသည် ဟု သူ့ အကြောင်း သာမန်မျှ သာ သိရသည် ။

မိမိတို့ ကျောင်း ဂုဏ်တင့် စေရန် ဆရာကြီး ၏ တိုက်တွန်းချက် ကို တက်ကြွထက်သန်စွာ ကိုသက်မောင် အလုပ် လုပ်ပါမည် ။

ဤမှာ ပြဿနာ စသည် ။ ရွှေမ နှင့် ငွေမ ညီအစ်မ ပြဿနာ ၊

“ ကျွန်မ က ညီအစ်မ ဖြစ်နေလို့သာ နို့မို့ ပြိုင်ကတယ် ။ အခုလည်း ဆရာ က သာ ခွင့်ပေးစမ်းပါ ။ ခွင် ထဲ မှာ ယှဉ်ပေးပါ ။ ရွှေမတို့ ဝေနေအောင် ကပြမယ် ။ ဆရာ က မမ ကို သိပ် အရေးပေးတာပဲ ။ ဒါပဲနော် ဆရာ ဆီးသီးကောက်တော့ မရဘူး ။ မာနရှင် လည်း ငွေမ ထက် သာအောင် သရုပ်ဆောင်ပြမယ် ”

ကိုသက်မောင် ခေါင်းယမ်းမိသည် ။

ရွှေမ က စိတ်ဆတ်သည် ။ သူ့ အကမှာ မြူးကြွသည် ။ လှအောင် ဝေဖြာယူတတ်သည် ။ ပတ်မချက် နှင့် သူ့ ခြေကျမှာ တစ်ထပ်တည်း ။ စခွံ့ချက် ကိုလည်း မလွတ်စေရ ။ ငွေမ ကတော့ လူကြီးဟန် ဣန္ဒြေ ကို ထိန်းသည် ။ ခြေကြွ လက်ချိုး နွဲ့ ၏ ။ အမြူး အကြွ ထက် နရီအအေး ကို ပို သန်သည် ။

ကိုသက်မောင် သက်ပြင်းလေးလေး ရှိုက်ဖြစ်၏ ။ အရွယ် ကို ငဲ့ပြီး စီစဉ်လျှင်
စိတ်ကောက်သည် က အရေးမကြီး ။ ငွေမ နှင့် အထင် လွဲ ပေလိမ့်မည် ။

ဆရာများ အစည်းအဝေး တွင် ခေါင်းချင်း ဆိုင်ကြရသည် ။ အငြိမ့်ခွင် တွင် မထောင်းတာလှ သော်လည်း အော်ပရာခွင်တွင် သဘာဝကျဖို့ မာနရှင်ဇာတ်ကောင် မှာ အရွယ် ခန့်ထည်မှု ၊ ဣန္ဒြေရမှု လိုကြောင်း တင်ပြကြ၏  ။ ဆရာကြီး က လည်း ဖျောင်းဖျသည် ။ ကိုသက်မောင် ခပ်လေးလေး ခေါင်း ညိက်မိသည် ။

ငွေလရောင်တို့ မှိုင်းမှုန်နေသော ည ။

ကျောင်းဝင်း ထဲ ဝယ် ဆရာ ဆရာမ များ နှင့် ကျောင်းသား ၊ ကျောင်းသူတို့ ချက်ပြုတ်ကြော်လှော် နေကြသည် ။ တစ်ဖက်ခန်း ထဲဝယ် တီးဝိုင်းတိုက်နေ၏  ။

ငွေမ ကို ဆရာကိုသက်မောင် အမူအရာ ပြပေး နေရသည် ။ မှန်စီရွှေချညောင်စောင်းဆီ လှမ်း ပုံ ၊ ဟန်ယူပုံ ။ မာနရှင် မျက်နှာထား ၊ က ကွက် သရုပ်ဖော်ဝင်ပုံ ။

ကကွက် သရုပ်ဖော် တွင် ငွေမ မှာ သတိထားလွန်း အားကြီး၍ ခပ်တောင့်တောင့် ဖြစ်နေသည် ။ ခွင် မကျနိုင် ။ စိတ် ကို လွတ်လွတ်လပ်လပ်ထားဖို့ ၊ နည်းနည်းငဲ့ ကာ လက်ဟန်ထား မကျသဖြင့် ကိုသက်မောင် ဖြုန်းခနဲ လက်ဟန် ကိုင်ပြီး ပြင်ပေးလိုက်သည် ။ လှမ်းပုံပြရာတွင် ယှဉ်တွဲ ပြီး လှမ်းလိုက်ရသည် ။

ရွှေမ ထောင့်တစ်ထောင့် က ထိုင်ကြည့်နေရာမှ ရုတ်ခနဲ ထသွားသည် ။ ယခုမှ သတိရသည် ။ သူ နှင့် ငွေမ အရွယ်မှာ မတိမ်းမယိမ်းပါလား ။ သရုပ်ဖော် ခွင်တွင် စိတ်ဝင်နစ်မိသဖြင့် ပတ်ဝန်းကျ င်ကို မေ့လျော့သွားသည် ။ အလိုက်မသိသည့် ဆရာမ အပျိုကြီး ဒေါ်ခင်တင့် က လက်ခုပ်တီး သြဘာပေး နေသည် ။ ရွှေမ က တော့ စိတ်ကောက် သွားပြီ ။

တစ်ခန်းရပ် သောအခါ အပေါ့အပါးလေး သွားမည့်ဟန်ဖြင့် မသိမသာ
ထွက်ခဲ့ကာ ကျောင်းဝင်း တွင် ရွှေမ ကို လှည့်ရှာရသည် ။

ကျောင်းအခန်းတွင်း တွင်သာ ဆရာ ၊ ဆရာမ တို့ အသံ ၊ တီးဝိုင်းသံ တို့ ဖြင့် ညံနေသော်လည်း အခန်းအပြင် ကျောင်းဝင်းကြီး အတွင်းသား ငြိမ်တိတ်နေသည် ။

မှုန်မွှားမွှား လရောင် အောက် သရက်ပင်ကြီး ခြေရင်း မှ မည်းမည်းသဏ္ဌာန် ။
အဝေးကို ငေးမျှော် နေဟန်တူ၏ ။ ဆရာကိုသက်မောင် သက်ပြင်း တစ်ချက် ချကာ အသာပင် လျောက်သွား ရပ်လိုက်သည် ။ မှုန်မှိုင်းမှိုင်း လရောင်ဝယ် စိမ်းမှောင်နေသော မျက်ခုံးထူကြီး နှင့် ထောင့်ကျကျ မေးရိုးတို့ မှာ ထင်းနေ သည် ။

“ ဆရာ့ ကို စိတ်ဆိုးသွားသလား ကလေး ၊ တို့ ကျောင်းကြီး ဂုဏ်မြင့်မှာ မင်းမလိုလားဘူးလား ။ တကယ်တော့ မာနရှင် ဟာ မင်း ဖြစ်ထိုက်ပါတယ် ။ ဒါပေမဲ့ ရွှေမ ရယ် .. မာနရှင် ဟာ မာန သာ မက ဣန္ဒြေ ရဖို့ ၊ တည်ငြိမ်ဖို့ ၊ လေးနက်ဖို့ လိုသေးတယ်မဟုတ်လား ။ အနုပညာစိတ် ဆိုတာ ပြည့်ဝရမယ် ။ ကလေး စိတ်ကို ဖျောက်မှပေါ့ကွယ် ”

ဆရာကိုသက်မောင် ပြောနေစဉ် ဆရာ့ မျက်နှာကို ရွှေမ စိုက်ကြည့်နေသည် ။
မျက်နှာထား က မူ အလျော့ပေးလိုဟန် မရှိ ။ အသက်ရှူသံ ပြင်းနေသည် ။

“ ဟုတ်ပါတယ် ။ ရွှေမတို့ က မတည်ငြိမ်ပါဘူး ။ ဆရာ့ ငွေမ လို ဣန္ဒြေရှင်ကြီး
မဟုတ်ပါဘူးတဲ့ ။ ရင် ထဲ ရှိတာ ဘွင်းဘွင်း ပြောလိုက်မယ် ဆရာ ”

ဖြုန်းခနဲ ရွှေမ ထ ရပ်လိုက်သည် ။ ကိုသက်မောင် ရှေ့ ရင်ဆိုင်လိုက်သည် ။
မာနမေးရိုးကလေး များ တင်းနေ၏ ။

“တော်တော် ရွှေမ ၊ မာနရှင် အော်ပရာ တင်တာ မာန ကို နှိမ်ဖို့ကွ ၊ မာန ကို
ဇောင်းပေးဖို့ မဟုတ်ဘူး မိရွှေမ ရဲ့ ၊ နားလည်လား ”

ရွှေမကား အဝေးသို့ ပြေးထွက်သွားသည် ။

ကျောင်းခန်းတွင်း မှ ယိမ်းတိုက်သံကား အပြင်သို့ လွင့်လာတော့၏  ။

“ မာန်ဂုဏ်တွေထည် ယခုလို လူ့ဘဝရယ်
လှတဲ့စိတ်တွေကိုပယ် မာနရှင်တွေရယ်
သတိရစေဖို့ ကွယ် .. ”

•••••   •••••   •••••

အတိတ် ၏ တိမ်ရိပ်တို့ကား တရိပ်ရိပ် ဖြတ်သန်းသွားခဲ့ကြပြီ ။

သုခုမနယ်တွင် အလှီး အခုတ် ၊ အရှုပ်အထွေးတို့ဖြင့် ထွေးလုံးရစ်ပတ်လျက်
ပညာရှင်တို့ ငွေရှင့် မျက်နှာ ကြည့်နေရသည် ။

ကိုသက်မောင် မှာ မာနရှင် အော်ပရာ တင်ရင်း မာနရှင် နှင့် ဆုံခဲ့ရ၏  ။ တက်ကြွမှု ၊ ထက်မြက်မှု ကို နှစ်သက်သော်လည်း မပြည့်ဝမှု ကို အားမပေးချင် ။

အငြိမ့်ခွင်တွင် ငွေမ ကို ခေါင်းဆောင် နေရာပေးခဲ့၏  ။ သို့သော် မာနရှင် အော်ပရာ တင်ဆက် သောအခါ ငွေမ မထွက်ခင် ရွှေမ အရင် ထွက်ခဲ့သည် ။ အံကျ တိုက်ထားသည် ခွင် မဟုတ် ။

ဆရာကိုသက်မောင် အံ့သြ ရင်မ နေရသည် ။ ပရိသတ်ရှေ့မှောက် ရောက်နေပြီ ။ တားဆီးချိန် မရလိုက် ။ ရင်မ ရင်း သာ ကြည့်နေရတော့သည် ။

မာနရှင်မင်းသမီး ကို ခစားသည့် အပျိုတော်ဟန် ။ သို့ သော် ခွင် အတွင်းဝယ် ငွေမ ကို ပို့ပေးရမည့်အစား ခွင် ကိုယ့် ဆီ ရောက်ရန် ဖမ်းချုပ်သည် ။ ပရိသတ်အာရုံ ကိုယ့် ဆီ ရောက်ပြီ ဆိုမှ “ သခင်မ လာချိန်နီးပါပေါ့ ” ဆိုပြီး အမျှော်ဆိုက်သည် ။ ငွေမ မျက်နှာ မကောင်း ။ သည်နေရာမျိုး၌ အရည်အချင်း တူလျင် ကြည့်မောင်းမည် ။ သို့သော် ရွှေမကား မိမိဘာသာ မဝေဆာတတ် ၊ သင်ရိုးအတိုင်း ဆက်သည် ။ ဆရာသည် နည်းနိသျှ ကို သာ သင် ၍ ရ၏  ။ အနုပညာ အသက်ဝင်မှု ဝိညာဉ် ကို ကိုယ့်ဘာသာ ဖြာယူရသည် ။ မည်သို့ ဖြစ်စေ ဆရာ ရွှေမ ကို မကျေနပ် ။ ဆရာ့ ခွင် ကို ရွှေမ ဖျက်ခဲ့ပြီ ။ ခွင်ကျ တိုက်ထားခြင်း မဟုတ်သဖြင့် ကွာဟခဲ့ရ၏  ။

အပေးအယူ အနုပညာ ၏ အင်အား ကို နားမလည်ဘဲ အတ္တကို ရှေ့တန်းတင် သဖြင့် ခွင် မှာ လပ်ဟာ သွားရသည် ။ မာနရှင်အော်ပရာ ထင်သလောက် မအောင်မြင် ခဲ့ ။

ထိုညက အော်ပရာ ပြီးသည့်တိုင် ရွှေမ ကို ဆရာ စကားမပြော ။ ငွေမ ငိုသည် ကိုသာ နှစ်သိမ့် ခဲ့သည် ။

ဆရာကိုသက်မောင် နားလည်အောင် လည်း မရှင်းချင်တော့ပါ ။ သူ့ ကို အပြစ် တင်လိုက တင်ကြ ပါစေတော့ ။ ပညာရဲရင့် မှ ပွဲလယ်တင့်မည် ကို ရွှေမ  မသိ ။ ရဲ သာ ရဲ သည်  ။ ပညာမြင့်အောင် နှိမ့်ချလေ့လာမှု မရှိ ။ သတ္တိ ကိုသာသိ၍ ဗျတ္တိ ကို မသိသော ရွှေမ အား ဆရာ ကျောခိုင်းခဲ့ရသည် ။

•••••   •••••   •••••

“ ညဉ့်ဦးယံကတည်းက xxx ခဲလေသမျှ သံရေကျ
xxx က ခဲ့ ရ ရောင်နီပေါ်ဆံ xxx ပင် xxx ”

ဆရာကိုသက်မောင် မှားခဲ့လေပြီလား ။ ဆရာ့ ခွင် ကို ကျော် သဖြင့် ဆရာ့ စကား ကို နားမထောင် သဖြင့် ဆရာ့ ခံစားမှု တစ်ခုတည်း ဘက် က ကြည့်၍ ဆရာ ဆုံးဖြတ်မှားခဲ့ပြီလား ။ ပန်းကောင်း တစ်ပွင့် ၊ ကျောက်ကောင်း တစ်စေ့
အလေ့ကျ အဖြစ် ခံရတော့မလား ။ ရွှေမ ကို စိတ်နာ သော်လည်း ဥယျာဉ်မှူး စိတ်တို့ မဆိတ်သုဉ်းခဲ့ ။

ထို ဥယျာဉ်မှူး စိတ်ကြောင့်ပင် တယောအို တစ်လက် သာ အဖော်ပြုခဲ့သော ဆရာကိုသက်မောင် ဗြောငြိမ့်ထောင်ဆရာ ခယ တောင်းပန်သည် ကို လက်ခံကာ သူ့ သမီးလေး ဆိုဖို့ သီချင်း တစ်ပုဒ် ရေး ပေးပါမည် ဟု ကတိပေးလိုက်၏  ။ မာနကြီးသော ဆရာ ကိုယ်တိုင် သူ့ မာန ကို ပြောင်းခဲ့သည် ။ လက်တွေ့ တွင်တော့ မရေးဖြစ်သေး ။

ငွေလရောင်တို့ မှိုင်းမှုန်နေသာ ယခုလို ညမျိုးမှာ မှ ဘဝဇာတ်ဆရာ သီချင်း ကို ဆိုနေသည့် ပန်းရိုင်းလေး တစ်ပွင့် ၏  အသံကို ကြားနေရ၏  ။ တောက်မည့် မီးခဲကလေး ဟု ကိုသက်မောင် သိသည် ။ သို့ သော် ရိုးတာ နေသည့် ဘဇာတ်ဆရာခွင်ဟောင်းကြီး အား ပြောင်းပစ်ရလိမ့်မည် ။ ဘဝဇာတ်ဆရာ ထံ ဒူးထောက်နေရသည့် သရုပ်ဖော်ချက် ကို ဆရာကိုသက်မောင် မကြိုက် ။ ပရိသတ် အတွက် လည်း မဲပြာပုဆိုး ဖြစ်လောက်ပြီ ။ ဘဝဇာတ်ဆရာ ဆိုသည့် လူကြမ်းသရုပ်ဆောင်ချက်ဟောင်းကြီး ကို လည်း တွန်းလှဲ ပစ်ရပေလိမ့်မည် ။

အနုပညာမှု ခန်းခြောက်နေသော ခွင်ဟောင်းကြီး ကို ပြောင်းလျက်
တောက်ပသစ်လွင်သော အနုပညာများ ဖွံ့ဖြိုး လာရန် ကြိုးပမ်းမှု ကို တက်ကြွထက်သန်သော ပရိသတ်အပေါင်းသည် ကောင်းချီးသြဘာ ပေးလိမ့်မည် ဟု ယုံကြည်နေသည် ။

ဆရာကိုသက်မောင် အငြိမ့်ခွင် တိုက်ရာ ဆီ သို့ သွားရန် ခြေလှမ်း ပြင်လိုက်လေတော့သည် ။  ။

⎕ ကြည်နိုင်

📖 ရှပ်ရှင်မျက်မှန် မဂ္ဂဇင်း
      ၁၉၈၇ ခု ၊ မတ်လ

.

No comments:

Post a Comment