Wednesday, November 6, 2024

အထိန်းတော်


 

❝ အထိန်းတော် ❞
    ( မနှင်းဖွေး )

မှတ်မိသမျှ ပြောရမည် ဆိုလျှင် မေအေး လူမှန်း သိ ကတည်း က ကလေး ထိန်းခဲ့ရသည် ။

ညီအစ်ကို မောင်နှမ ဆယ်ယောက် ရှိသည့် အနက် မေအေး က သမီး အကြီးဆုံး ဖြစ်သည့် အလျောက် အမေ က သူ့ အောက် နှစ်နှစ် တစ်ကြိမ် မှန်မှန်ဖွားသော မောင်လေး ညီမလေးများ ကို ထိန်းခဲ့ ကျောင်းခဲ့ရသည် ။

အမေ သည် ကလေး တစ်ယောက် ဖွားပြီး ကလေး တစ်ခါလည် ကျော် ကျော် ရောက်လျှင် အမေ့ ဗိုက်သည် ပုံ့ပုံ့ကလေး ပူလာကာ ထို ကလေး နှစ်ခါလည် အရ တွင် နောက် တစ်ယောက် ဖွားသည် ။ တစ်ဖန် နောက် တစ်ယောက် အခါလည် ကျော်ကျော် တွင် အမေ့ ဗိုက် ပုံ့ပုံ့လေး ပူလာ ပြန်သည် ။ ပြီး ထို ကလေး နှစ်ခါလည် အရောက် တွင် နောက် တစ်ယောက် ဖွား ပြန်သည် ။ ဤ နှုန်းထား အတိုင်း နှစ်နှစ် တစ်ကြိမ် အမေ မှန်မှန် ဖွားခဲ့သည် မှာ သားသမီး ဆယ်ယောက် ရ မှ အမေ  ရပ်တော့သည် ။

အမေ တို့ ခေတ် တုန်း ကတော့ သားသမီးများ သည့် အတွက် တစ်ရံတစ်ဆစ်မျှ မညည်းညူခဲ့ ။ သားသမီး တစ်ယောက် တိုးတိုင်း တိုးတိုင်း ပွဲရုံ က ပို၍ ပို၍ အဆင်ပြေသည် ။ စီးပွား ဖြစ်လာသည် ဟု ယုံကြည် သည့် အတိုင်း လာသမျှ သားသမီး ကို ဝမ်းပန်းတသာ ကြိုဆို လက်ခံခဲ့သည် ချည်းဖြစ်သည် ။

အမေ က မွေးအား ကောင်းကောင်း နှင့် မွေးသည် ဆိုတော့လည်း မေအေး မှာ က မောင်ငယ် ညီမငယ်များ ကို မနားတမ်း ထိန်းရတော့သည် ။

အိမ် က ပွဲရုံ ဆိုတော့ လူ စုံသည် ။ ဧည့်ပရိသတ် က လည်း မည်သည့်အခါမျှ မစဲပေ ။ အိမ်ဖော် ခေါ်ထားသည့် အပြင် အလကား လာ ကူညီသူ ဒု နဲ့ ဒေး ရှိပေမယ့် အမေ က သူ့ ကလေးကို လူစိမ်း နှင့် စိတ် မချတတ်ပေ ။ လူစိမ်း လည်း အကိုင် မခံလိုပေ ။ ကလေးများ ကို လည်း အကြောင်း ကိစ္စ မရှိ ဘဲ အိမ် ပေါ်မှ အောက်ထပ် ကို ဆင်းခိုင်း လေ့ မရှိ။

အဖေ တော ဆင်းသည့် ကိစ္စ ၊ ကြွေးမြီ တောင်းသည့် ကိစ္စ နှင့် အိမ် မကပ်နိုင်သည့် အချိန် တွင် အမေ က ပွဲရုံ ကို ကြီးကြပ်ရသည် ။ သည်တော့ အမေ  အလုပ် မပျက်ရအောင် မေအေး မှာ ကျောင်းစာ တစ်ဖက် နှင့် ကလေးထိန်း အလုပ် ကို လုပ်ရတော့သည် ။

စေ့စေ့တွေး တော့လည်း မေအေး ဘဝ တွင် မောင်ညီမလေးများ ၏ ပုခက် ကို လွှဲရင်း ၊ ထိန်းကျောင်းရင်း ၊ ထမင်းခွံ့ရင်း ၊ ကလေးတွေ နှင့် တရုန်းရုန်း နေရင်း လူလားမြောက် ခဲ့ ရသည် သာဖြစ်သည် ။

အပျိုရွယ်လေး ရောက် တော့ ရွယ်တူ မိန်းကလေးများ နှယ် အလှပြင် ချိန် လည်း ပြောပလောက်အောင် မရခဲ့ ။ ဝတ်ကောင်းစားလှ ဝတ်၍ မည်မည်ရရ လမ်း လည်း မထွက်ခဲ့ရ ။ ထွက် လည်း ကလေး တန်းလန်း နှင့် မို့ ဟုတ်ဟုတ် ဟတ်ဟတ် အပျို ပင် မလုပ်ခဲ့ရချေ ။

အမေ ကလေး မွေး ရပ်ပြီး ကလေးငယ် လက်လွတ်ရတော့ မေအေး  ၏ အသက် က ၂ဝ ရှိ နေပေပြီ ။

•••••   •••••   •••••

ကလေးထိန်း ရသည့် ဒုက္ခ ငြိမ်း၍ အပျို လုပ်မည် ကြံရုံရှိသေး ။ မေအေး မိဘများ က သူ့ ကို အိမ်ထောင်ပြုဖို့ နားချ လေသည် ။ အိမ်ထောင်ပြုရမည့် သူ က သူတို့ မြို့ ကို မကြာခင် က ပြောင်းရွှေ့လာ သော မြို့ပိုင် ကိုအံ့မောင် နှင့် ဖြစ်လေသည် ။

စတင် ကမ်းလှမ်းသူ က ယောက်ျားလေး ဘက် မှ ဆွေမျိုးများ ဖြစ်သည် ။ အပြောကောင်း အစပ်ကောင်း သူတွေ ဖြစ်သည် ။

မေအေး ကို အလှူ တစ်ခု မှာ မြင်ဖူး ကတည်း က သမီး လို တူမ လို ချစ် နေကြောင်း ၊ အလွန်တရာ မိန်းကလေး ပီသ၍ အိမ်ထောင်မှု နိုင်နင်းသည် ဟု ကြားသိရသဖြင့် သဘောက လှကြောင်း ၊ တစ်ဖက်ကလည်း ကိုအံ့မောင် လို အနယ်နယ် အရပ်ရပ် ပြောင်းရွှေ့ အမှုထမ်း နေသော လူငယ် အရာရှိ အဖို့ မတော်တရော် နှင့် တွေ့သွားမှာ စိုးရိမ်ကြောင်း ၊ မေအေး နှင့် သာ အိမ်ထောင်ချထား ပေးလျှင် လူကြီးများ အသေဖြောင့် နိုင်ကြောင်း ၊ ကိုအံ့မောင် အကျင့်စာရိတ္တ နှင့် ပတ်သက်၍ တော့ လုံးဝ တာဝန် ယူကြောင်း စသည် ဖြင့် အပြော ကောင်းကောင်း နှင့် စပ်ဟပ်ကြသည် ။

အမေ နှင့် အဖေ ကတော့ စီးပွား ရှာ တတ်သော်လည်း ခေတ်ပညာ ၊ အတန်းပညာ ကိုတော့ ဟုတ်ဟုတ်ငြားငြား မတတ်ကြ ။ ဆွေမျိုးသားချင်း ထဲ က လည်း ခေတ်ပညာတတ် မရှိ သလို ရာထူးရာခံ နှင့် လူ လည်း မရှိပေ ။

ထို့ကြောင့် မြို့ပိုင် တစ်ယောက် က အလေးတယူ ကမ်းလှမ်းသည် ကို ဝမ်းသာအားရ ဖြစ်ကြသည် ။ သမီး ကို မြို့ပိုင်ကတော် ဖြစ်စေချင် သလို သူတို့ ကလည်း မြို့ပိုင် ယောက္ခမ ဖြစ်လိုလှသည် ။

မေအေး က အပျိုဘဝ နှင့် ပင် လွတ်လွတ်လပ်လပ် နေပါရစေဦးဟု တောင်းပန်သည် ကိုပင် မရဘဲ ‘ အရွယ် ရှိတုန်း ၊ ကမ်းလှမ်းသူ ရှိတုန်း ယူ ’ တဲ့ ။ ‘ သီးချိန်တန် သီးရမတဲ့ ၊ ပွင့်ချိန်တန် ပွင့်ရမတဲ့ ’ ၊ ‘ သမီးကညာ အခါမလင့်စေရ ’ စသည် ဖြင့် တိုးတိုး တစ်သွယ် ၊ ကျယ်ကျယ် တစ်မျိုး ဝိုင်းနားချတော့ နောက်ဆုံး မေအေး မှာ စိတ်ရှုပ်ရှုပ် နှင့် ပင် ခေါင်းညိတ် လိုက်လျော လိုက်ရ လေတော့သည် ။

ရာထူးဂုဏ်သိမ် ကြောင့် မျက်နှာ ပွင့်သော ကိုအံ့မောင် နှင့် ငွေကြေး အတော်အသင့် ချောင်လည်သော ပွဲရုံပိုင်ရှင် ၏ သမီး မေအေး တို့ ၏ မင်္ဂလာပွဲ သည် သူတို့ မြို့ကလေး မှာ တော့ အစည်ကားဆုံး နှင့် ပြောစမှတ် အရှိဆုံး မင်္ဂလာဆောင် တစ်ခု ဖြစ်လေသည် ။

သစ္စာစကား ကို ဆိုရပါလျှင် သူတို့ လက်ထပ်ပြီး နောက် တစ်နေ့ ကူး မှ ကိုအံ့မောင် ၏ မျက်နှာ ကို မေအေး စေ့စေ့ ကြည့်ဖူးခြင်း ဖြစ်လေသည် ။

လက်မထပ်ခင် စပ်ကြား အိမ် ကို ရောက်လာဖူး သော်လည်း ရှက်ရွံ့စိတ်ဖြင့် သူ့ မျက်နှာ ကို မော့ မကြည့်ခဲ့။

မျက်နှာ ကို မော့မကြည့်ရဲ ရုံ မက ချစ်မှန်း မချစ်မှန်း ပင် ရေရေရာရာ မသိဘဲ လက်ထပ်ခဲ့ရာ တစ်လ လောက် ပေါင်းသင်းပြီး မှ ကိုယ့် မောင် ကို သူ ချစ်နေရော့သလား ဟု စဉ်းစားစ ပြုမိသည် ။

အခုမှ သေချင်စော် နံသည် ။ ဝေဒနာ ကြောင့် အမြဲ တကျည်ကျည် ငို နေသော ကလေး ကို ကြည့်၍ လည်း ရင်နာ ရသည် ။

ကလေး နှစ်ခါလည် တွင် ကိုအံ့မောင် ရန်ကုန် ပြောင်းခွင့် ရသည် ။ ရန်ကုန် ရောက်မှ ကလေးဆေးရုံကြီး တင်၍ ကျကျနန ကု ဖြစ်သည် ။ သမားတော်ကြီးများ ၊ ပါရဂူကြီးများ ၏ ကျေးဇူး ကြောင့် ကလေး ပြန်လည် ကျန်းမာလာသည် ။ တောင့်တင်းလာသည် ။ ကျောင်း ထားသည့် အရွယ် တွင် လုံးဝ နေကောင်း သွားလေသည် ။

ထို ကလေး ကျောင်း ထားသည့် လ မှာ တင် စတုတ္ထကလေး က မေအေး ၏ သွေးသား တွင် ရစ်တွယ် လာပြန်သည် ။

သည် တစ်ခါ မေအေး  စိတ်ပျက်လက်ပျက် ဖြစ်ရသည် ။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် လိုပင် မလိုချင်တော့။ ကြိုပင် မကြိုချင်တော့။

နောက်ဆုံး ကလေး အဖြစ် ယူလိုက်ပြီး သည့် နောက် ဆရာဝန် နှင့် တိုင်ပင်၍ ကိုအံ့မောင် ကို သားသမီး မရစေအောင် ခွဲစိတ် လိုက်ရတော့သည် ။

•••••   •••••   •••••

သားသမီး ဆိုသည် က လည်း ငယ်စဉ် က တစ်မျိုး ထိန်းရသလို ကြီးတော့ လည်း တစ်မျိုး ထိန်းရသည် ပင် ။

ငယ်စဉ် က တော့ မိမိ မျက်စိ အောက်တွင် ထိန်းရပြီး ကြီး တော့ မျက်စိ ကွယ်ရာတွင် မမြင်မစမ်း မှန်းဆ၍ ထိန်းရသည် ။

အပေါင်းအသင်း မမှားဖို့ ၊ ကျောင်းမှန်မှန် တက်ဖို့ ၊ ကျူရှင် မလစ်ဖို့ ၊ ပညာဆုံးခန်း မတိုင်မီ ထွေလာကေလာတွေ စိတ်မကူးဖို့ တဖွဖွ သတိ ပေးနေရသည် ။

သည်လို နှင့် သားသမီးတွေ အပြိုင်းအရိုင်း အထက်တန်းကျောင်း ရောက်ကြ ၊ တက္ကသိုလ် ရောက်ကြ နှင့် သမီး တတိယနှစ် ရောက်မှ မိမိ မေ့လျော့ နေသော အသက် ကို ဆန်းစစ် ကြည့်တော့ အသက် ၄ဝ တင်းတင်း ပြည့် နေကြောင်း ကို သိရလေသည် ။

•••••   •••••   •••••

အနောက်နိုင်ငံ မှာ တော့ အသက် ၄၀ မှ ဘဝ စ သည် ဟု ဆိုကြသည် ။
မိန်းမ ဆိုလျှင်လည်း ကျက်သရေ ရှိရှိ နှင့် အလှပန်း အပွင့်ဆုံး အချိန်တဲ့ ။

သို့သော် ဒေါ်မေအေး  တစ်ယောက် မှာ တော့ လင်ကိစ္စ ၊ သားကိစ္စ ၊ အိမ်မှုကိစ္စတွေ ထဲမှာ ဘဝ ကို မြှုပ်နှံထားမိရကား ခန္ဓာကိုယ် သည် တစ်နေ့ တခြား ဝ လာကာ ပုံပျက်ပန်းပျက် ဖြစ်လာ သဖြင့် ဘယ်သူ ပြိုင်လို့ ဝပါ တော့နိုင် အဖြစ် ကို ရောက်နေလေပြီ ။

ဒေါ်မေအေး က ပုံပျက်ပန်းပျက် ဝ နေပြီး အလှပျက် နေချိန်တွင် ဒေါ်မေအေး ထက် ကြီးသော ဦးအံ့မောင် ကတော့ အရွယ် မကျဘဲ နုပျိုဆဲ ပင် ။ တစ်နည်းအားဖြင့် နုပျိုအောင် ကြိုးစား နေဆဲပင်။

ဆံအဖြူ ကို ဆိုးဆေးဖြင့် မရမက မည်းစေပြီး အရောင်နုနု အကွက် စိပ်စိပ် ပုဆိုးများ ကို တမင် ရှာ ဝတ်၍ မိမိ ဘာသာ ငယ်ရုပ် ဆင်လေသည် ။

“ အသက်ကြီး လို့ ဆံပင် ဖြူတာပဲ ရှင် ၊ ဖြူပါစေတော့ ။ ဘာပြုလို့ သဘာဝ ကို ထားဆီး ချင်ရတာလဲ ၊ နောက်ပြီး ရှင် လိမ်းလိမ်း နေတဲ့ ဆံပင်နက်တဲ့ ဆေး က နံတယ်ရှင့် ” ဟု ပြောလျှင် ...

“ နံတယ်လား ၊ ဒါဆို မဖြစ်ဘူး ၊ အနံ့ ပျောက်အောင် ရေမွှေး ဆွတ်မှ ” ဟု ဆိုပြီး အသက်ကြီး မှ ရေမွှေးနံ့ တသင်းသင်း ဖြစ်နေပြန်သည် ။

“ ရှင့် ပုဆိုး က အဆင် မနုဘူးလား ” ဟု မျက်စောင်း ထိုး၍ ပြောလျှင်လည်း ...

“ ဟ ... မင်း သားတွေက အရောင်ရင့်ရင့် အကွက်ကြီးကြီးတွေ ဝတ် နေမှ တော့ ငါ အဖေ ဒါတွေ မဝတ် ဘာဝတ်ရမလဲ ” ဟု ဆင်ခြေပေးကာ ပုဆိုး နှင့်တိုက်ပုံ ဖက်ရှင် ဖြစ်အောင် အရောင်ဆင်တူ ရွေး ဝတ်လိုက်သေးသည် ။

ရာထူးဌာန က ကြီးမြင့်လာ တော့လည်း အလုပ်ဇယား ရှုပ် ပြ၍ ကောင်းလာသည် ။ ဂေါက်ကွင်း တို့ ၊ ဂုဏ်ပြုပွဲ တို့ ၊ ညစာစားပွဲ တို့ ကလည်း ခါ တိုင်းထက် စိပ်လာသည် ။

အိမ် မှာ နေသည့် အချိန်ထက် အပြင် ထွက်သည့် အချိန် က ပိုများလာသည် ။ အိမ် ကပ်ချိန် က ခပ်ရှားရှား ။

သည်တော့ ဒေါ်မေအေး မှာ ယခင်က အမှတ်တမဲ့ နေခဲ့ သလောက် ယခုတော့ ကိုအံ့မောင် နှင့် ပတ်သက်သော သတင်း ကို နားစွင့် ရသည် ။ သူ့ တပည့်တပန်းတွေ ထံ ချော့မော့၍ မေးမြန်း စုံစမ်းရသည် ။ နှစ်ယောက် အတူ တက်ရမည့် ပွဲလမ်း မှန်သမျှ ကြိုးစား၍ လိုက်ရသည် ။ ခါတိုင်း ထက် သူ့ကို ပြုစုပြရပြီး အိမ်မြဲ ဖို့ သိမ်းသွင်းရ ပြန်သည် ။

တစ်သက်လုံး မိမိ ခန္ဓာကိုယ် အချိုးအဆ စ်ကို ဂရုမစိုက်ဘဲ ပစ်ထား ရာမှ အစား လျှော့၍ လေ့ကျင့်ခန်း ယူကာ ပြန် ထိန်းရပြန်သည် ။ ကိုအံ့မောင်ရှေ့တွင် ခါတိုင်းလို ဖြစ်ကတတ်ဆန်း မနေဝံ့တော့ဘဲ အမြဲ သနပ်ခါး ဖုန်ဖုန်သ ပြီး သပ်သပ်ရပ်ရပ်ကလေး နေဖြစ်အောင် သတိထားရ ပြန်သည် ။

သိပ် ယုံကြည်လှသည် မဟုတ်သော်လည်း ဓာတ်ဆင် ဓာတ်ရိုက် ကောင်းသည် ဆိုသော ဆရာများ ထံ ချဉ်းကပ်၍ ဆင်စရာ ရှိတာတွေ ဆင်ရသည် ။ ရိုက်စရာ ရှိ ရိုက်ရသည် ။ ငွေ အကုန်အကျ ခံကာ ယတြာ ချေဖို့ လိုလျှင်လည်း ချေရသည် ။ ဆေးဖယောင်းတိုင် ပင် မလွတ်စေရ ။

ဪ ... တကယ့် တကယ် တော့ လူကြီး ထိန်းရသည့် အလုပ် က ကလေး ထိန်းရသည့် အလုပ်ထက် များစွာ ခက်ကြောင်း ကို ဒေါ်မေအေး  ကိုယ်တွေ့ ကြုံ မှ သိလာရလေသည် ။

•••••   •••••   •••••

သားတွေ သမီးတွေ အပြိုင်းအရိုင်း နှင့် ဘွဲ့ ကိုယ်စီ ၊ အလုပ်အကိုင် ကိုယ်စီ နှင့် ဖြစ်ကုန်လေပြီ ။

တစ်ယောက်မျှ တော့ ဟေ့ဟော့ရမ်းရမ်း ဆိုးဆိုးဝါးဝါး မဖြစ်ပေ ။ အားလုံး လိမ္မာရေးခြား ရှိကြတော့ ဒေါ်မေအေး စိတ်ချမ်းသာရသည် ။

သမီး အကြီးဆုံး ကို သူ့ ချစ်သူ ဆရာဝန်လေး နှင့် အိမ်ထောင်ချ ပေးပြီး ကတည်း က သမီး အတွက် စိတ်အေးသွားရပြီ ။

သမီး က သူ့ ခင်ပွန်းနှင့် အတူ ပုသိမ်မြို့သို့ လိုက်ပါသွားသော နေ့ က စိတ်မကောင်းလှသော်လည်း သမီး ကို မတော်တရော်တွေ နှင့် တွေ့မှာ စိုး သည့် ဒုက္ခ မှ ကင်းလွတ်သွားပြီ ဖြစ်သဖြင့် ကျေနပ် ဝမ်းမြောက် ကာ ဟင်းချခဲ့ရသည် ။

ကျန်သည့် သား သုံးယောက် က လည်း မဆိုး ။

သား အကြီးဆုံး က အင်ဂျင်နီယာ ၊ ကျောင်းနေဘက် အင်ဂျင်နီယာမလေး တစ်ဦး နှင့် မေတ္တာမျှ နေသည် ။ မိန်းကလေး က မျိုးကြီး ဆွေမျိုး ၊ ရှေ့နှစ် လက်ထပ်ကြမည် ။ သား ၏ ယောက္ခမလောင်းများ က နိုင်ငံခြား တွင် အလုပ် ရဖို့ စီစဉ်ထားသည် ။ ငါးနှစ်ခန့် ငွေ သွား ရှာရ ကြမည်တဲ့ ။

ဒုတိယသား ကျတော့ ငယ်ငယ် က ချူချာ သလောက် ယခု ဒေါင်ဒေါင်မြည် ။ စစ်တက္ကသိုလ် မှ ဆင်းပြီး လေတပ် တွင် ပြန်တမ်းဝင် အရာရှိ ဖြစ်နေပေပြီ။ လောလောဆယ် တော့ မိတ္ထီလာ တွင် တာဝန်ကျ နေသည် ။ သူ့ အတွက် လည်း စိတ်ချရပြီ ။ သူ လည်း သူ နှစ်သက်ရာ ယူပါစေ ။

အငယ်ဆုံး သားက လူကောင် ညှပ် သလောက် စာ တော်သည် ။ သင်္ချာ ဘာသာ ဖြင့် မဟာသိပ္ပံဘွဲ့ ရပြီးပြီ ။ သူ က ကျူရှင်ဆရာ ။ သူ့ အလုပ် က ပင်ပန်းသလောက် နာမည်လေး ရလာတော့ ဝင်ငွေ က အကောင်းသား ။

ရသမျှ ပိုက်ဆံ အမေ့ လက် အကုန်အပ်သည် ။ အပြင် မှာ သာ ဆရာ ဖြစ် နေသော်လည်း အိမ် မှာ တော့ တကယ့် ကလေး ။ အငယ် လည်း အငယ် ဆုံး မဟုတ်လား ။ မိန်းမ မယူဘဲ အမေ့ ကို တစ်သက်လုံး လုပ်ကျွေးမည် ဟု ချွဲသည် ။ ဟုတ် မဟုတ်တော့ မသိ ။ သူ့ စကား ကို သူ ဘယ်နေ့ ရုပ်သိမ်းမည်လည်း မပြောတတ် ။ အမေ ဆိုတော့လည်း သား က သည်လို ချွဲလျှင် ကြားရသည့် အခိုက်တော့ ပီတိ ဖြစ်ရသည် ပေါ့ ။

ကလေးတွေ နောင်ရေး စိတ်အေးရ သလို အဘိုးကြီး ခြေငြိမ် သွားသည့် အတွက်လည်း ပို၍ ဝမ်းသာရ ပြန်သည် ။

အလျင်လို အပြင် သိပ် မထွက်တော့ဘဲ အိမ်မြဲ လာသည် ။ သွေးတိုး ရောဂါ လက္ခဏာတွေ ပြပြလာတာကြောင့် တစ်ကြောင်း ၊ သူ နှင့် သက် တူရွယ်တူတွေ သွေးတိုးကြောင့် နှလုံးကြောင့် ဖြုတ်ခနဲ ဖြုတ်ခနဲ ကြွေ သွားသည် ကို မျက်ဝါးထင်ထင် မြင်ရတာတွေကြောင့် တစ်ကြောင်း ၊ အရက် ကို လည်း သူ့ သဘော နှင့် သူ ဖြတ်လိုက်သည် ။ ပြီးခဲ့သည့် နှစ် သင်္ကြန်တွင်း သူတို့ ဌာန က ဒုလ္လဘရဟန်းခံပွဲ တွင် ပါဝင်၍ ပဉ္စင်းခံ လိုက်သေး သည် ။ ကုသိုလ်ရေး ၊ ဘာသာရေး ဘက် စိတ်ဝင်စား လာသဖြင့် အတော် လိမ္မာ လာပြီ ဟု ဆိုရပေမည် ။

မလိမ္မာ လို့ လည်း မဖြစ်တော့ဘူးလေ ။ အသက် က ၆ဝ နား ကပ်နေပြီ မဟုတ်လား ။

•••••   •••••   •••••

“ ကဲ ... အဘိုးကြီးရေ ၊ ရှင် လည်း ကျွန်မ မရှိတုန်း အစားအသောက် အနေအထိုင် ဆင်ခြင်ပါ ၊ ကလေးတွေ နားမလည် ပါးမလည် ချက်ကျွေး တိုင်း မျက်စိမှိတ် စားမနေနဲ့ ၊ လုံးတုံးမ ကို လည်း မှာ ထားတယ် ၊ ကျွန်မ မရှိတုန်း အိမ် မှာ အုန်းထမင်း တို့  ၊ အုန်းနို့ခေါက်ဆွဲ တို့ ချက် မစားဖို့ ၊ ဝက်သား လည်း လုံးဝ မချက်ဖို့ ၊ အိမ် မှာ မစားရလို့ အပြင်မှာ စား လည်း မနေနဲ့ ဦး ”

ဒေါ်မေအေး သည် လက်ဆွဲ သားရေအိတ် ကို ဖုန်ခါရင်း ပြောလိုက်သည် ။

“ အေးပါကွာ ၊ သွားစရာ ရှိတာ စိတ်ဖြောင့်ဖြောင့် သွားစမ်းပါ ၊ ငါ ကလေး မဟုတ်ပါဘူး ၊ သိပါတယ် ”

ဦးအံ့မောင် က ပိုက်စွပ် ထားသော ဆေးပြင်းလိပ်တို ကို ပြာခွက် ပေါ် အသာအယာ တင် လိုက်ကာ ဒေါ်မေအေး  လက်ထဲ မှ သားရေအိတ် ကို ဆွဲယူ၍ ဖုန် ဆက် ခါပေးသည် ။

“ ကလေး ဟုတ်လည်း ထိန်းရတာပဲ ၊ ကလေး မဟုတ်လည်း ထိန်းခဲ့ရတာပဲ မဟုတ်လားတော့ ... ”

ဒေါ်မေအေး က မျက်လုံးစွေ ကြည့်ရင်း ပြောတော့ ဦးအံ့မောင် မျက်နှာ က ရယ်ဟဟ ဖြစ်သွားသည် ။ ပြီးတော့ ...

“ စ လာပြန်ပြီ ” ဟု ပြုံးစိစိ နှင့် ဆိုသည် ။

“ ဟုတ်တယ်လေ ၊ ကျုပ် မှာ တစ်သက်လုံး အဲဒီ လူထိန်းတဲ့ အလုပ်ချည်းပဲ လုပ်လာရလို့  ၊ ကုသိုလ်ရေး လည်း မေ့မေ့လျော့လျော့ ဘာသာရေး လည်း ပေါ့တီးပေါ့တော့ ဖြစ်နေတာပေါ့ ။ တကယ့် တကယ် ခုနေ ကျုပ် သာ တုံးခနဲ သေသွားကြည့်စမ်း နောင်ဘဝ အတွက် ဘာမှ တောင် ပါမှာ မဟုတ်ဘူး ၊ ခုတော့ မောပြီ ၊ ဘယ်သူမှ မထိန်းချုပ်တော့ဘူး ”

“ ခုတော့ မင်း ဘယ်သူ့ ကို မှ ထိန်းစရာ မလိုတော့ပါဘူး ၊ အဲဒီ ဝိပဿနာ အလုပ်သာ စိတ်ချလက်ချ လုပ်ပါတော့ ၊ အပိုတွေ လည်း ပြောမနေနဲ့ တော့ ”

“ ကျုပ် က လုပ်ပြီ ဆိုရင်လည်း ဉာဏ်စဉ် နာရတဲ့ အထိ လုပ်မှာ နော် ၊ အဲဒီတော့ နောက်ကြောင်း တော့ တစ်ဆိတ် အေးပါရစေ ”

“ ဟုတ်ပါပြီ ၊ အေးရပါတော့မယ် ၊ ခင်ဗျား အဝတ် ထည့်တဲ့ ကိစ္စ သာ ပြီးအောင် လုပ်စမ်းပါ ၊ ရော့ ”

လက်ဆွဲအိတ် ကို ဗီရို ဘေးရှိ ကု,လားထိုင် တွင် တင်ပေးလိုက်သည် ။ ဒေါ်မေအေး က ဗီရိုတံခါး ကို ဖွင့်လိုက်သည် ။

အထပ် ကို လက်ညှိုး နှင့် ဖွ ကြည့်ရင်း ယောဂီထဘီ နှစ်ထည် ကို ဆွဲထု တ်လိုက်သည် ။ ပြီးတော့ အသွား တွင် ဝတ် သွားဖို့ အညိုရောင် များများ ပါသည့် ထိုင်းကော်တန် လုံချည် ကို ဆွဲ ထုတ် လိုက်သည် ။

အင်္ကျီ ထားသည့် ဘက်ခြမ်း မှာ လည်း အဖြူလက်ရှည် ဖော့ရှန် နှစ်ထည် နှင့် အသားရောင် တစ်ထည် ကို ဆွဲယူသည် ။

တော်ပြီ ။ အဝတ်အစား သုံးစုံ ။ တစ်လ တစ်လခွဲ အတွင်း အလဲအလှယ် ဝတ်ရလျှင် တော်ပြီပေါ့ ။

ယောဂီထဘီ ကို လက်ဆွဲအိတ် အောက်ဆုံး တွင် ဦးစွာ ထည့် လိုက်သည် ။ ပြီး သူ့ အပေါ် မှ အင်္ကျီ ထည့် လိုက်သည် ။

ယောဂီတဘက် ကို အင်္ကျီ ပေါ်တွင် ခေါက် ၍ ထပ်တင်သည် ။ လိုရမည်ရ အနွေးထည်ကလေး တစ်ထည် ယူသွားရလျှင် ကောင်းမည် ဟု စဉ်းစားပြီး ရှားရောင်ဆွယ်တာ ကို ဆွဲထုတ်၍ အပေါ်ဆုံး တွင် မျက်နှာသုတ်ပဝါ နှင့် အတူ ထည့်လိုက်သည် ။

နောက် ဘာ ယူဖို့ လိုသေး သနည်း ။

လက်ကိုင်ပဝါလေး နှစ်ထည် လောက် ထည့်ဦးမှ ပဲ ။ ဪ ... တော် ပါသေးရဲ့ ၊ သတိ မေ့တော့ မလို့ ။ သောက်လက်စ တောရှောက်ခါးလုံး ဆေးပုလင်း ။ ဒါလည်း ယူသွားရမည် ။ ဒါကိုတော့ ပလတ်စတစ်ခြင်း ထဲ ပဲ အထည့် ခိုင်းရမည် ။ အစားအသောက် ၊ ဖျော်ရည်ပုလင်း ၊ မုန့်ပဲ နှင့် လှူဖွယ်ပစ္စည်းများ ကို ထည့်ခိုင်းထားသော လုံးတုံးမ ကို သတိရတုန်း ပြော ထားမှ ။

“ လုံးတုံးမ ရေ ၊ ခဏဟေ့ ”

“ လာပါပြီ ကြီးကြီး ”

လုံးတုံးမ ၏ အသံ သာ ရောက်လာသော်လည်း လူ က တော်တော် နှင့် ပေါ် မလာ ။

“ ဟဲ့ လုံးတုံးမ ”

ထပ် ခေါ်တော့ လုံးတုံးမ က သူ့ ဝသီ အတိုင်း တဒုန်းဒုန်း ပြေး၍ အိမ်ခန်း ထဲ ဝင်လာသည် ။

“ စာပို့သမား လာလို့ အိမ်ရှေ့ မှာ စာသွား ယူနေတာ ကြီး ရဲ့ ၊ အင့် ကြေးနန်းစာ တဲ့ ”

“ ဟင် ... ”

လုံးတုံးမ က ကြေးနန်းစာ ကို သူ့ လက်ထဲ ထည့်ပေးသည် ။

ကြေးနန်းစာ ဆိုတော့ စိတ် ထဲ ထိတ်ခနဲ ဖြစ်သွားသည် ။ ပြီး ကိုယ်တိုင် မဖတ်ရဲ သဖြင့် ဦးအံ့မောင် ကို လှမ်း ပေးရင်း ...

“ ရော့ ကိုအံ့မောင် ကြေးနန်းစာ တဲ့ ၊ ဖတ်ကြည့်ပါဦး ”

ဦးအံ့မောင် က အနီးအနား တွင် ဟိုရှာ သည်ရှာ လုပ်နေစဉ် ဒေါ်မေအေး က စားပွဲ ပေါ်မှ မျက်မှန် ကို ကောက် ပေးလိုက်သည် ။

သည်တော့မှ ဦးအံ့မောင် သည် လည်း မျက်မှန် တပ် ကာ စာ ကို အလောသုံးဆယ် ဖွင့်ဖ တ်သည် ။ ဒေါ်မေအေး ကတော့ ရင်တုန်စွာ စောင့် နေသည် ။

စာဖတ် ပြီးသည် နှင့် စောစောက မသိမသာ ကြုတ်ထားသော ဦးအံ့မောင် ၏ မျက်ကြောများ ပြေ သွားသည် ။ ပြီး တစ်ယောက် တည်း ပြုံးတုန်းတုန်းကြီး လုပ်နေ သဖြင့် ...

“ ဘာတဲ့တုန်း ကိုအံ့မောင်ရဲ့ ” ဟု စိတ်မရှည်စွာ ထပ် မေးရသည် ။

“ အဟမ်း ”

အရေးတည်း ချောင်းဟန့် နေသေးသည် ။

“ ကေသီ ၊ သားလေး မွေးဖွား တဲ့ ”

“ ဟယ် ... ”

ဒေါ်မေအေး ရင်ထဲ လှိုက်ခနဲ ဖြစ်သွားသည် ။ အို ... သမီးကြီး ကေသီ ဖွားပြီကိုး ၊ သူ့ ကိုယ်ဝန် နုစဉ်ကတော့ စာရေး အကြောင်းကြားသား အဲ ဟုတ်သည် ပေါ့ ။ ယခုဆို ကိုးလ လောက် ရှိပြီပေါ့ ။

“ မိခင် နှင့် ကလေး ကျန်းမာတဲ့ ”

တော်သေးရဲ့ ၊ သားဦး မှာ ချောချောမောမော ရှောရှောရှူရှူ ဖြစ်သွားတာ ။

“ ကေသီ အားငယ်တဲ့ ”

“ အင်း ... ”

“ အမေ လာပါတဲ့ ”

“ အင်း ... ”

“ သက်အောင် တဲ့ ”

“ အမယ်လေး ၊ ခုမှ အားငယ်သလေး ဘာလေး နဲ့ ၊ မအေ တစ်ယောက် လုံး ရှိနေတာ မသကာ ဖွားခါနီး ပြီ ဆို ကတည်း က ခေါ်ပါတော့လား ၊ စောစောကတော့ သတိ မရကြဘူး ၊ သူ့ လင် ဆရာဝန် ဆိုတော့ အားကိုး ထင်ပေါ့ ၊ ခုမှ ပဲ မအေ ကို တ,ဖော်ရတယ် ၊ သမက် က လည်း ခုမှ ပဲ အကြောင်း ကြားဖော်ရတယ် ၊ သူ့ ဘာသာ ဆရာဝန် ဖြစ်ဖြစ် ဘာဖြစ်ဖြစ် မီးနေသည် ဘယ်လို နေ ၊ ဘယ်လို ထိုင် ၊ ဘာတွေ လုပ်ရတယ် ဆိုတာ သိမလား ၊ တော်ကြာ နနွင်း လိမ်းတာတို့  ၊ ချွေး အောင်းတာ တို့ မလုပ်ဘဲ နေရ င် အခက် ၊ မိကေသီ ကလည်း နားလည်မှာ မဟုတ်ဘူး ၊ ကလေး ပေါက်စန တောင် ကိုင်တတ်ပါ့ မလား ၊ ဖြစ်ချေပါဘူး ၊ သည် ကလေးတွေ သည် အတိုင်း ပစ်ထားလို့ တော့ ၊ ကိုအံ့မောင် ပုသိမ် ကို လေယာဉ် ဘယ်နေ့ ရှိလဲ စုံစမ်းပေးပါဦး ၊ ကျုပ် တော့ သွား ကြည့်ဦးမှ ပါ ”

မြေးဦးလေး ရပြီ ဟူသော အသိကြောင့် ပီတိ ဖြစ်ရတာရော ၊ သမီး နှင့် သမက် က စောစော အကြောင်း မကြားသဖြင့် မကျေနပ်တာ ရော ၊ သူ့ ရင် ထဲ တွင် ရောထွေး ဘောင်ဘင်ခတ် လျက် တတွတ်တွတ် ပြောလိုက်မိသည် ။

ပြီးတော့ သူ့ လက်များ က လည်း လက်ဆွဲအိတ် ထဲမှ ယောဂီထဘီ ၊ ယောဂီတဘက်များ ကို ဆွဲထုတ်ပြီး ပါတိတ်ထဘီ လေးငါးထည် ကို အစား ပြန်ထည့် နေလေသည် ။

⎕ မနှင်းဖွေး

📖 ဘိုကလေးမြို့နယ် မဂ္ဂဇင်း
     ၁၉၈၅ ၊ မတ်လ

.

No comments:

Post a Comment