❝ ပြန် မဆပ်တာ အကောင်းဆုံးပဲ ❞
ဤ ဇာတ်လမ်း ကား အလွန် ရိုးစင်းသော ဇာတ်လမ်း ဖြစ်ပါလေ၏ ။
အဖျား ဆွတ်ပြီး ကောက်ချက် အမြန် မချလိုက်ပါနဲ့ဦး ၊ စာ ကို ဆုံးအောင် ဖတ်ကြည့်စေချင်ပါတယ် ။
“ ဘယ်လို ဘယ်လို အစ က ပြန်ပြောစမ်းပါဦး ”
ဇူလိုင်လ ၁ဝ ရက် နေ့ က ကျွန်တော့် အစ်ကိုကြီး ဦးဘိုညို တို့ အိမ် ရောက်သောအခါ ဦးဘိုညို ၊ သူ့ မိန်းမ နှင့် ကျွန်တော် မောင်ချမ်းသာ ။
“ ဟုတ်တယ် ၊ ဟုတ်တယ် ၊ ကို ချမ်းသာရယ် ၊ ဘာမှ မျှော်လာဘ် မရှိဘူး ။ ပြန် ရနိုင်စရာ အကြောင်း ကို မရှိဘူး ”
“ ကိုရွှေမောင် က ငွေ တစ်သောင်း ချေးပါလို့ ပြောတယ် ၊ အဲဒါ ကျွန်မ စဉ်းစားတယ် ၊ တစ်သောင်း ထုတ် ချေးလိုက်ပါပြီ တဲ့ ၊ သူ့ ဟာ ဘယ်တော့ ပြန် ဆပ်မှန်း မသိ ၊ ဆပ်နိုင် လောက် တဲ့ စီးပွားရေး လဲ မရှိ ၊ အဲဒါနဲ့ ဦးဘိုညို ကို ... ”
“ ငါလဲ သဘောပေါက်တယ် ကွ ၊ ဟေ့ကောင် လောလောဆယ် ဥကြက်မတွေ ထည့်ထားလို့ ငွေ မလည်သေးဘူး ၊ အခု ငါ့ မှာ ရှိတဲ့ ငွေနှစ်ထောင် ယူသွား ၊ ပြန် မဆပ်နဲ့ တော့ကွာ လို့ ပြော ပြီး ငွေ နှစ်ထောင် ထုတ်ပေး လိုက်တယ် ”
“ အေးဟုတ် ငါ့ မိန်းမ ခင်မိငယ် က လဲ ငွေ တစ်ထောင် မင်းလိုပဲ ပြန် မဆပ်နဲ့ ဆိုပြီး ထုတ်ပေး လိုက်သေးတယ်ဟ ”
ကျွန်တော်တို့ ညီအစ်ကို စကားလက်ဆုံ ကျ ။ သဘောချင်း က တော့ အတူတူပါပဲ ။
“ ဒါဆိုတော့ကွာ ၊ တစ်ခါတည်း နဲ့ ဒီလို နည်းနည်းလေး အဆုံး ခံ လိုက်တော့ နောင်မှာ များများကြီး မဆုံးရတော့ဘူးပေါ့ကွာ ”
ဤသည် ကား မျှော်လမ်း မရှိသော ငွေလာချေးသူ ကို တစ်ခါ တည်း အပြတ် ဖြတ် ပစ်လိုက်သော နည်းဖြစ်လေ၏ ။
မောင်ချမ်းသာ ဘဝဇာတ်လမ်း အသက် ၆၃ နှစ် ရှည်ကြာပြီ ဖြစ်သော ခရီးအတွက် ... ။
လွန်ခဲ့သော အနှစ် နှစ်ဆယ် လောက် က လုပ်ဖော်ကိုင်ဖက် ဘဝ တူ ကြက်သမား ( ကြက်မွေးမြူရေး သမား ) တစ်ဦး က ငွေ ကျပ် ၅၀၀ အရေးတကြီး လာ ချေး သွားလေ၏ ။ ထိုစဉ်က ကြက်သား တစ်ပိသာ ၁၅ ကျပ် ၊ ကြက်အရှင် ၁၂ ကျပ်ဈေး ခေတ် ။
ထို ငွေ ကျပ် ၅၀၀ ၊ ယနေ့ အထိ မရတော့ပါ ။ လူချင်း တွေ့ပါ၏ ။ သူ ကလည်း မပေးပါ ။ ကျွန်တော် က လည်း မတောင်းပါ ။
ဘာကြောင့် မတောင်းပါ သနည်း ။ ကျွန်တော် က တောင်းမည် ။ သူ က အကြွေး ဆပ်မည် ဆိုပါ က ပထမ အကြွေး ကျပ် ၅၀၀ ကို အပ် ၍ နောက် တစ်ကြိမ် ကျပ် ၁၀၀၀ ထပ် ချေးလိမ့်မည် ။
တစ်ထောင် ကို ဆပ်ပြီးသော အခါ ကျပ် ၂ဝဝဝ ချေးလိမ့်ဦးမည် ။ ထိုသို့ ထပ် မချေး လို၍ မတောင်းခြင်း ဖြစ်ပါ၏ ။
တူတော်မောင် တစ်ယောက် က ငွေ ကျပ် တစ်ထောင် ချေးသွား ။ ယနေ့ ၁၅ နှစ်ကြာသည် အထိ မဆပ်ပါ ။ လမ်း မှာ တွေ့တော့ ပြုံးဖြဲဖြဲ ဗျာ့ ။
မဆပ် နေလေ နောက် တစ်ခါ ထပ် မချေးရတော့ဘူးပေါ့ ။
ကျောင်းနေဖက် သူငယ်ချင်း တစ်ယောက် ဘုန်းကြီးပျံ မှာ ဆုံမိ တော့ သူများတွေ အလှူငွေ ထည့် ကြတော့ သူ က လည်း လှူ ချင်တယ် ။
“ ဟေ့ကောင် ငချမ်း ငါ့ နာမည် နဲ့ ထည့်လိုက်ကွာ ၊ ငွေတစ်ထောင် ”
မောင်ချမ်းသာ စက်ရုံရပ် ကျပ် ၁ဝဝဝ ၊ မောင်မြင့်မောင် စမ်းချောင်းရပ် ကျပ် ၁၀၀၀ စာရင်း မှာ ရေး ၊ ကျွန်တော် က ငွေ ကျပ် ၂ဝဝဝ ထုတ်လို့ ပေး ။
၁၉၉၃ ခုနှစ် တပို့တွဲလ က ချေး ခဲ့တာ သည် နေ့ အထိ ပြန်မပေး တော့ပါ ။
သူ က တော့ မရှိဆင်းရဲ လို့ မဟုတ်ဘူး ဗျာ့ ၊ ချမ်းချမ်းသာသာ စားနိုင်သောက်နိုင်ကြီးပါဗျာ ။ တမင် ကို ကပ်နေတာ ခင်ဗျာ့ ၊ သိသာတယ် ။
တောရွာ က မိတ်ဆွေလေး တစ်ယောက် က တော့ သူ့ သား မြွေပွေးကိုက်လို့ ဆေးရုံ တက် ကုရ တော့ အိမ် ပေါ် အပြေးအလွှား တက်လာ ။
ငွေ ၅ဝဝဝ ပေးပါ ။ နှမ်း ပေါ် လျှင် ပြန်ဆပ်ပါမယ် ပေါ့ ။
သေရေး ရှင်ရေး ဆို တော့ သည် က လည်း ငွေ ကျပ် ၅ဝဝဝ အလွယ်ပဲ ထုတ် ပေးလိုက် ။
မှတ်မှတ်ရရ ၁၉၈၄ ခုနှစ် က ဗျာ့ ၊ ဒိုင်ယာရီ ပြန် လှန်တိုင်းတွေ့မိပါ့ ။
နှမ်းတွေ အလီလီ ပေါ်ခဲ့ပေါ့ ။ အကြိမ် ၂ဝ ကျော်ခဲ့ပေါ့ ။
လူ လည်း မလာ ၊ ငွေ လည်း မရောက် ။
တကယ်ဆို ဗျာ ၊ အကျိုးအကြောင်းကလေး တော့ လာပြောဦး ပေါ့နော် ၊ ကျွန်တော့် ဘက် က အတွေး ။
ဟုတ်ဖူးဗျို့ ၊ ပြန် စောင်း တောင် လှည့် မကြည့် ။
အမယ် ယောက်ဖလေး တစ်ယောက် ( နှမ အငယ်ဆုံးလေး ရဲ့ ယောက်ျား ) ကတော့ ... ။
တစ်နေ့ ( ပဲကြီးတွေ ပေါ်ချိန် တပေါင်းလ ) ပဲကြီး သုံးတင်း ဆိုက်ကား နဲ့ တင်လာ ။
“ ဟေ့ ဖိုးချစ် ဘာတွေလဲ ဟ ”
“ ပဲကြီးတွေ အစ်ကို ”
“ ငါ ပဲကြီး မလှော်တော့ဘူးလေ ”
“ မဟုတ်ဘူး အစ်ကို ပဲကြီး ပေါ်တော့ ပေးမယ် ဆိုပြီး အစ်ကို့ဆီ က ငွေ သုံးထောင် ယူသွားတာ ၊ လွန်ခဲ့တဲ့ ဆယ်နှစ် လောက် က ”
“ ဟာ ငါ မမှတ်မိ ”
( အမှန် တကယ်ပင် မမှတ်မိတော့ပါ ။ )
“ မမှတ်မိ မှတ်မိ ယူလိုက်ပါ ”
“ ဟေ့ အေးကွာ မင်း ဘာသာ ရောင်း သုံးလိုက်ပေတော့ ၊ ငါ မှ မမှတ်မိတာကြီး ကို ”
ဤသို့သော ဇာတ်လမ်းပေါင်း များစွာ နှင့် နှစ်ပေါင်း ၆၀ ကျော် ကို ကျော်ဖြတ်ခဲ့ရပါလေ၏ ။
( သည် စာ ကို ဖတ်မိပြီး လာ မဆပ်ကြပါနဲ့ ခင်ဗျာ ။ )
⎕ မောင်ချမ်းသာ
📖 ကုမုဒြာ ဂျာနယ်
၂၉ ဇူလိုင်လ ၂၀၀၅
.
No comments:
Post a Comment