❝ ခင်ဦးစား ငချစ်ညို ❞
( တက္ကသိုလ်နန္ဒမိတ် )
အစိတ်စိတ်အမြွှာမြွှာ ကွဲပြားလျက် ဖရိုဖရဲ ဖြစ်နေသော မြန်မာနိုင်ငံတော် ကို တတိယအကြိမ်မြောက် ပြန်လည် စုစည်း၍ တစ်အင် ၊ တစ်အား ၊ တစ်ဓား ဖြစ်အောင် ထူထောင်နိုင်ခဲ့သော ဦးအောင်ဇေယျ ၏ အကြောင်း ကို “ ငယ်မည် မှာ အောင်ဇေယျလို့ ၊ တောင်ဒီပကျွန်းဇမ္ဗူ ။ မင်္ဂလာသြဘာညွှန်းတယ် ၊ ထွန်းတဲ့တစ်ဆူ ” ဟူ၍ လည်းကောင်း ၊ “ ရန်ကြီးအောင် တဘောင်သ ၊ တန်ဆောင်လ ပုဏ္ဏမီ ၊ လက်ရုံးတော် ဖုန်းထိန်တောက် ၊ သုံးကြိမ်မြောက်ညီ ။ ရွှေဘိုဆီ ၊ မထီတဲ့လူစား ။ မောင်ချစ်ညို မင်းဟန်တုကို ၊ သွင်းရန်ပြုရှား ” ဟူ၍ လည်းကောင်း ၊ “ အလောင်းမင်းတရား အကြောင်းတော်ကား ၊ ပုဂံပြည်ကြီးရှင် သခင်ပြူစောထီး မှ သည် ၄၇ ယောက် သော မင်းတို့ နောက် ဖောင်စကြာရှင် နရပတိစည်သူ ၏ သမီး ကျောင်းတော်သည်နှင့် နရသိင်္ဃမင်း ၏ သားတော် အနန္တသူရိယ စုံဖက်ရာတွင် ဖွားမြင်သည့်သား သဒ္ဓိကာ ၊ သား ဘဲကြီးရတနာ ၊ သား ဘဲငယ်ရတနာ ၊ သား လံဘူးရန္တသူ ၊ သား ပေါက်မြိုင်မင်းပုလဲ ၊ သား မြေနဲစောသိင်္ဂါ ၊ သား မိုးညှင်းမင်းတရား သီဝပါနော်ရထာ ၊ သား မြောက်ဘက်နော်ရထာ ၊ သား သင်္ခယာ ၊ သား မင်းနေဝန်း ၊ သား မင်းရဲထွေး ၊ သား မင်းကြီးရွှေ ၊ သား ဘုရင်ကျော်သူခံ မင်းဘိုးခင် ၊ သား မင်းစစ်နိုင် ၊ သား သီရိမဟာဓမ္မရာဇာ ၊ သား အလောင်း မင်းတရား ” ဟူ၍ လည်းကောင်း ။
“ ကုန်းဘောင်ဆက် မြန်မာဘုရင် အလောင်းဘုရား သည် ဆင်စီး ၊ မြင်းစီး ၊ ဓားခုတ် ၊ လှံထိုး စသည့် ယောက်ျားကောင်းတို့ တတ်အပ်သော အတတ်များကို တတ်ကျွမ်း၏ ။ အချိန်အရွယ် အမှန်းအဆ လည်းကောင်း လှ၏ ။ ပဲခူး ၊ ဟံသာဝတီကို တိုက်စဉ်က ရန်ပုံခွင်း အမြောက်ကို မိမိတို့ ရံမြို့ထိပ်သို့ တင်၍ ဟံသာဝတီမြို့ ထိပ်က ပစ်လျက် ရှိသော အမြောက်ဝ သို့ အလောင်းဘုရား လက်ညှိုးတော် ညွှန်ရာ အမြောက်ချိန်၍ ပစ်စေရာ ပထမအကြိမ်ကျည်စေ့သည် တလိုင်းတို့ အမြောက်ဝ ကို တည့်တည့် ဝင်၍ ကွဲလေ၏ ။ ထပ်၍ ပစ်စေရာ ကျည်စေ့သည် တလိုင်းတို့ အမြောက်ဝ၌ ဆို့ပိတ်၍ နေလေ၏ ” ဟူ၍ လည်းကောင်း ၊ “ အလောင်းမင်းတရားကား သက္ကရာဇ် ၁ဝ၇၆ ၊ တော်သလင်းလတွင် ဖွားတော်မူ၏ ။ ငလျင် ပြင်းစွာ လှုပ်၍ ဘုရားပုထိုး ပြို၏ ။ မြေကြီး အစိတ်ကွဲ၍ ရေထွက်၏ ။ အရွယ်တော် သို့ ရောက်သည့် ကာလ လက်ရုံးတော် ရောင် တောက်သောကြောင့် မုဆိုးဘိုရွာ က မင်းလောင်း ပေါ်လတ်မည် ” ဟူ၍ လည်းကောင်း ချီးမြှင့် ရေးသားစပ်ဆိုခဲ့ကြ၏ ။
သို့သော် ဦးအောင်ဇေယျ ခေါ် အလောင်းမင်းတရား နှင့် စစ်ပြိုင် ဘက် ၊ စစ်ထိုးဘက် ဖြစ်သော ခင်ဦးစား လက်ျာပျံချီဘွဲ့ခံ ငချစ်ညို ၏ အကြောင်း ကိုကား အကျယ်တဝင့် မှတ်တမ်းတင်ခဲ့သည်ကို မတွေ့ရပေ ။
ငချစ်ညို သည် ဦးအောင်ဇေယျ ထက် သတ္တိ သာ သူ မဟုတ် ဟု ဆိုကောင်းဆိုနိုင်စေကာမူ ဦးအောင်ဇေယျ ထက် ကား သတ္တိညံ့သူ မဟုတ်ချေ ။ အင်းဝ ပျက်သည့်အချိန်တွင် ဦးအောင်ဇေယျ သည် မုဆိုးဘို တွင် ထန်းလုံးတပ် တည်၍ အခိုင်အမာ နေသကဲ့သို့ ငချစ်ညို သည် လည်း မုဆိုးဘို နှင့် အနီးအစပ် ဒေသတွင် တပ်ခိုင်တပ်လုံး ဖြင့် ရှိနှင့်ပြီး ဖြစ်သည် ။
ဦးအောင်ဇေယျ သည် သတ္တိကောင်း ဗျတ္တိကောင်း မြန်မာအမျိုးသား ဖြစ်သကဲ့သို့ ငချစ်ညို သည်လည်း သတ္တိပြောင် သော ၊ အနိုင်မခံ အရှုံး မပေးတတ်သော မြန်မာအမျိုးသား ပင် ဖြစ်သည် ။ သို့သော် ရွှေဂူ တစ်ဂူ တွင် ကေသရာဇာ ခြင်္သေ့မင်း နှစ်ကောင် စိုးစံ၍ မရ သကဲ့သို့ ဦးအောင်ဇေယျ နှင့် ငချစ်ညို တို့ သည်လည်း မြောက်ဘက် တစ်လွှား တွင် အတူတူ ဩဇာ ပျံ့နှံ့ချင်၍ မရချေ ။
ငချစ်ညို သည် လတ်တလောချင်း တွေ့ နေရသော ဦးအောင်ဇေယျ နှင့် အာဏာလုပွဲတွင် ဦးအောင်ဇေယျ အား အလဲထိုး နိုင်ရန် အတွက် ဟံသာဝတီအင်အားစု ၏ အကူအညီ ကို ယူခဲ့ဟန် တူသည် ။ ငချစ်ညို သည် ဟံသာဝတီအင်အားစု ၏ အကူအညီ ကို ယူခဲ့ကြောင်း နှင့် အလောင်းမင်းတရားကြီး အရေးတော်ပုံ ” တွင် အတိအလင်း ဆိုသည် ။ ၎င်းအရေးတော်ပုံကျမ်း တွင် ...
“ ပဲခူးမင်းညီ ဥပရာဇာ လည်း မင်းဧကရာဇ်နှင့် တကွ အင်းဝ မြို့ ကို ရလျှင် အရပ်ရပ်သားတို့ သစ္စာခံ သောက်၍ ရှိလေ ပြီးသည် ။ မုဆိုးဘို ရွာ သာ ထန်းလုံးတပ်ကို ယုံ၍ သစ္စာမခံ ကျန်ရှိလေသေးသည် ကို ငါတို့ သင့်ရာလူ စေ၍ သစ္စာတိုက်စေ ။ သစ္စာတိုက် မခံ သောင်းကျန်းခိုင်မာ နေသည့် ကာလ မှ အနိုင်သိမ်းယူရမည် ။ ငါးစို့တစ်ခွင် မြောက်ဘက် တစ်ပင်သာ တို့လည်း ငါတို့ လူချည်း ဖြစ်လေပြီးသည် ။ ခင်ဦးစား မင်းကြီး ကျော်စွာ သား လက်ယာပျံချီ တို့လည်း မုဆိုးဘို နှင့် အနီးအစပ် တပ်ခိုင် တပ်လုံး နှင့် ရှိလေပြီးသည် ။ အပန်းတကြီး လုပ်ကြံရမည် မဟုတ် ၊ လက်ခုပ်တီး ကာ သာ ယူရမည့် အရေးရှိသည် ဖြစ်၍ x x x x x ငါတို့ တပ်ပေါင်း ၃ဝ သားတို့မှာ စုန်သွားနှင့်တော့မည်ဆို၍ အဝဘုရင် ကို ဆောင်ယူ စုန်သွားလေ၏ ” ဟူ၍ လည်းကောင်း ... ။
ထို အလောင်းမင်းတရားကြီး အရေးတော်ပုံကျမ်း စာမျက်နှာ ၁၄ တွင် လည်း ...
“ တလပန်းအစား ရွှေခွန်ဝန် ကို အဝမြို့စောင့်ထား၏ ။ ခင်ဦးစား လက်ယာပျံချီ ဆိုသူနှင့် တိုင်ပင်ပေါင်းယှက် ၍ အရပ် ကို သိမ်းရုံးလေ ဟု မှာလိုက်၏ ” ဟူ၍ လည်းကောင်း ။
အထက်ပါ စာမျက်နှာ တွင်ပင် ဦးအောင်ဇေယျ က ငချစ်ညို အား သိမ်းသွင်းပါလျက် ငချစ်ညို က ဦးအောင်ဇေယျ ရှေ့မှောက် တွင် ဒူး မထောက်လို ဟု ပြန်ကြားပုံကို
“ အလောင်းမင်းတရား ကြားရောက်သည် ခင်ဦးစား လက်ယာပျံချီ ...
“ မြန်မာလူမျိုး ဖြစ်လျက် တလိုင်းကျွန် ခံမည်ကြံသည် မှာ မသင့် ။ မင်းမာသည် လက်ရုံးရည် လည်း ရှိပေသည် ။ သူရဲကောင်း လည်း မှန်ပေသည် ။ ငါကဲ့သို့ ဘုန်းပညာအာဏာစက် မစုံလင် ၊ ငါသို့ ဝင်စားလာသော် စစ်သူကြီး နှင့်အရာနှင့် သူကောင်း ပြုတော်မူမည် ။ ငါ့ သူရဲကောင်းတို့ နှင့် နောင် တွေ့ကြ၍ လက်ခြေ လွန်လေသော် သူကောင်း ဆိုသည်နှင့် မညီ ရှိ တော့မည် ဟု စေတော်မူလိုက်၏ ။ ငချစ်ညို လည်း ရှေးအထက် ကပင် ခိုက်စရန်စ ရှိကြဖူးသည် နှင့် ငါ ဝင်စားသော်လည်း အရှင် မထားပေရာဟု မဝင်ဝံ့ရှိ၍ မြန်မာချင်း ကို ရှိမခိုးလို ၊ တလိုင်း ကို သာ ရှိခိုးတော့မည် ဟု ဆိုလိုက်၏ ” ဟူ၍ လည်းကောင်း ဖော်ပြပါရှိလေသည် ။
ဤတွင် စဉ်းစားရန်မှာ ငချစ်ညို သည် အလောင်းမင်းတရားကြီး အရေးတော်ပုံကျမ်း က ဆိုသကဲ့သို့ အကယ်ပင် ဟံသာဝတီအင်အားစု နှင့် စိတ်လိုလက်ရ ပေါင်းလေသလော ၊ သို့တည်းမဟုတ် ဦးအောင်ဇေယျ ၏ ရန်ကို ကြောက်၍ ယာယီပေါင်း ပေါင်းခြင်းလော ဟူသော အချက်ပင် ဖြစ်သည် ။
ငချစ်ညို သည် သူရဲကောင်း ဖြစ်ကြောင်း ၊ သူရသတ္တိအရာ တွင် ဦးအောင်ဇေယျ နှင့် သွေးတူရည်တူ ဖြစ်ကြောင်း တို့ကို ဦးအောင်ဇေယျ ကိုယ်တိုင်ပင် ဝန်ခံ ထားရကြောင်း အထက်ဖော်ပြပါ အကြောင်းအရာ အားဖြင့် သိသာနိုင်သည် ။ ဦးအောင်ဇေယျ က ငချစ်ညို အား သိမ်းသွင်း ခဲ့သည် ဆိုသည်မှာလည်း ဧကန်အမှန် ပင် ဖြစ်သည် ။ သို့သော် ထပ်လောင်း၍ စဉ်းစားသင့်သည့် အချက်မှာ ဦးအောင်ဇေယျ က ငချစ်ညို အား သိမ်းသွင်းသည့် အချိန်မှာ ဦးအောင်ဇေယျ ကိုယ်တိုင်ပင် လုံခြုံမှု အခိုင်အမာ မရှိသေးသော အချိန်ပင် ဖြစ်သည် ။ ဦးအောင်ဇေယျ နှင့် ဦးအောင်ဇေယျ ၏ တပ်သားများ က ငချစ်ညို နှင့် ငချစ်ညို ၏ တပ်သားများ အန္တရာယ် ကို စိုးရိမ်နေရသည့် အချိန်ပင် ဖြစ်သည် ။ ဤကဲ့သို့သော အချိန် တွင် ဦးအောင်ဇေယျ သိမ်းသွင်းရာ သို့ မဝင်လာသော ငချစ်ညို ကို အပြစ် ဆိုရန် မရှိ ။ ငချစ်ညို ၏ စွမ်းရည်သတ္တိ ကို လည်း ကြည့်ပါဦး ။
“ ငချစ်ညို စကား ကို ကြားတော်မူလျှင် အမျက်တော် ရှိ၍ ယခုပင် ခင်ဦးရွာ ကို မီးတိုက်ချေ ။ မီးကို မြင်လျှင် ငါ ( ဦးအောင်ဇေယျ ) ချီတော်မူ လာမည် ဟု မြင်း ငါးဆယ် ၊ သေနတ် တစ်ရာ ၊ လူသုံးရာ နှင့် သေနတ်ဝန် ၊ မင်းကျော်ပျံချီကို ဗိုလ်မှူး ခန့်၍ ချီသွားရသည် ။ ညဉ့် ၃ ချက်တီးချိန် ရောက်၍ တပ်ကို တက်လျှင် တပ်စီး တို့ သိ၍ ထိုးခုတ်သည် နှင့် မတက်နိုင် သောကြောင့် တပ်ပြင် တွင် ရှိသော ကျောင်း ကို မီးတိုက်၍ ဆုတ်ခဲ့ရချေ၏ ။ အလောင်းမင်းတရား လည်း ခင်ဦး က မီး ကို မြင်လျှင် ခင်ဦး ကို အလိုတော် ပြည့်ပြီ မှတ်တော်မူ၍ လူကြီးမဆို လူအိုစု နှင့် နှဲခရာ ဗြောစည် တီးလျက် ချီတက်မူရာ စည်သာဝ မြောက် တွင် ငချစ်ညို ထွက်၍ လိုက်လာသော ကြောင့် ပရမ်းပတာ ပြေးလာသော ရဲမက်တော် တို့နှင့် တွေ့၍ အကြောင်းမျိုး ကို လျှောက်လျှင် အမျက်တော် ထွက်၍ နင်တို့ သူရဲကောင်း ပြုသမျှ တစ်စုလုံး အသွမ်းချည်း ပြည်စိုး ကျွန်းတော ရောက်ကာ လူစု ဖြစ်သည် ။ လူအိုစု နှင့် သာ ငါ တိုက်တော်မူသည် ။ နင်တို့ တစ်စုမှာ ထမင်းအိုး ထမ်း၍ နောက်က လိုက်ကြရမည် မိန့်တော်မူ၍ ချီသည် နှင့် ငချစ်ညို လည်း တပ်သို့ မပြန်ဘဲ မြင်း သေနတ်ဝန် အများဝန်းရံလျက် ချီလာသည် နှင့် ဆိုင်မိကြ၍ ပစ်ခတ် ထိုးခုတ်ကြလျှင် စစ်သည်တော်များ လည်း အခြား တစ်ပါး ကွဲပြားကြသည် ကို မစည်းရုံးခင် ၍ ဆုတ်တော် မူရချေ၏ ။ စည်ဗြောတို့ ကို လည်း သူ ရလေ၏ ။ ”
အထက်ပါ ဦးအောင်ဇေယျ နှင့် ငချစ်ညို တို့ ရင်ဆိုင် တိုက်ပွဲ တွင် ဦးအောင်ဇေယျ အင်အားစု ဘက်မှ အရေးမလှပုံ ကို ဖော်ပြပြီး နောက် ဒုတိယအကြိမ် ရင်ဆိုင် တိုက်ပွဲ အကြောင်း ကို လည်း အလောင်းမင်းတရားကြီး အရေးတော်ပုံကျမ်း တွင် အောက်ပါ အတိုင်း ဖော်ပြထားပြန်သည် ။
“ ခင်ဦးစား ငချစ်ညို လည်း တပ်ရင်းသို့ ချဉ်း၍ သော်လည်း မလုပ်မကြံ ။ အနီးအပါးသို့ လာ၍ ချက်တစ်ဖြုတ် ကျွဲနွား ကို သိမ်းယူလာ သောကြောင့် သေနတ်ဝန် နှင့် မြင်း နှစ်ဆယ် ၊ သူရိန်ဒေဝ နှင့် သေနတ်လက်ကောင်း ခုနစ်ဆယ့်ငါး ၊ ခင်ဦး ပါး သို့ ကျွဲနွားလိုက်ချေ လွှတ်လိုက်၍ သွားကြလေသော် သေနတ်သမားတို့ ကို ခင်ဦး အရှေ့ နှစ်တိုင်ခန့် ကွာ ကျွန်းကျောင်းအရပ်၌ ထားခဲ့၍ မြင်းနှစ်ဆယ်သား တို့ တပ်ပါးသို့ ချဉ်း၍ ကျွဲ နွားတို့ ကို လိုက်ခဲ့သည်နှင့် ငချစ်ညို မြင်း နှစ်ဆယ် သေနတ်လုလင် ခြေလျင်သုံးရာ လောက် နှင့် လိုက်ထပ်လာ၏ ။ ငချစ်ညို အစ်ကို ငချစ်ဝ မြင်းသုံးစီး နှင့် ရှေ့လွန်၍ လိုက်လာသည်ကို သေနတ်နှင့် ပစ်၍ ကျလျှင် ခေါင်းကိုဖြတ်၍ ယူကြ၏ ။ ယင်းသို့စဉ်တွင် ငချစ်ညို မီလာ၍ သေနတ်လုလင် ခြေလျင်သမားတို့ ပွဲကြည့်၍သာ နေပါစေ ။ ငါ နှင့် မြင်းစီးချင်း ကစားကြမည် ။ ယောက်ျားကောင်း ထွက်ခဲ့စေ ။ ငချစ်ညို ဆိုလျှင် မင်းကျော်ဗညား ထွက်သည် ကို ငမြတ်ထွန်း နှင့် ငါ နှင့် တိုက်ဖက် မတန် ၊ ငါ့ လှံသာ သွေးစွန်း တော့မည် ဆိုသဖြင့် မုဆိုးခြုံဗိုလ် မင်းလှရွှေတောင် ထွက်ပြန်သည် ကို လည်း ငထွန်းငယ် ၊ ငါ့ လူစွမ်း ကို ငစဉ့်ကိုင် မှာနေကြ စဉ်ပင် နင်အသိဖြစ်သည် ။ ငါ နင့် ကို ဖက် မတန် ဆိုပြန်၍ ယင်မတန်ဗိုလ် ၊ ယင်ပါဗိုလ်တို့ မြင်း ၂ဝ သားအသီးသီး ထွက်ကြသည်ကိုလည်း မဖက် မပြိုင်လို ၊ သေနတ်ဝန် ဆိုသူသာ ထွက်လာစေ ဆို၍ သေနတ်ဝ န်ထွက် ရာတွင်မှ သည်ခါ ယောက်ျားကောင်း ချင်း တွေ့ ရတော့မည် ။ ကိုယ်တို့ မှာ ပွဲကြည့်၍ သာနေ ၊ သေနတ်ဝန် နှင့် ငါနှင့် တန်စေ ကြုံးဝါး သံပ၍ မြင်း ကို အကုန်လွှတ်၍ ခြေတစ်ဖက် ထောင်လျက် ရပ်၍ စီးသည် ။ မြင်းနံပါး ၌ ကပ်လျက် စီးသည် ။ လှံကို လက်ဝဲ လက်ယာ ဘယ်ညာ လျည်း၍ စီးသည် ။ သေနတ်ဝန် မူကား လှံမဖြင့်ချိန်ဆကာ နေ၏ ။ ငချစ်ညို လည်း စီးနည်း အထွေထွေ ကို ပြပြီးလျှင် လှံရှင် နှင့် လွှတ် လိုက်သည် ။ သေနတ်ဝန် လှံရိုးကို ခတ်မိချေ၏ ။ သေနတ်လုလင်တို့ ထ၍ သေနတ်စည်ကြ သည်ကို မြင်လျှင် ငချစ်ညို ပြန်သွားလေ၏ ။
ဤကဲ့သို့ စွမ်းရည်သတ္တိနှင့် ပြည့်စုံသော ငချစ်ညို အကြောင်း ကို အရေးတော်ပုံကျမ်းပြုဆရာ က “ လက်ျာပျံချီ ငချစ်ညို ကား ဆင်စီးမြင်းစီး ပြွမ်းတီး၏ ။ ဓားရေးလွှားရေး ကျွမ်းကျင်၏ ။ လေးပစ်လှံထိုး မျိုးစုံ၏ ။ အပြီးအစီးအကွယ်အကာ လုံခြုံ၏ ။ တစ်ယောက်ချင်း ကို မဆိုထားဘိ တောင်ပုံရာပုံ ကို သော်လည်း မြင်းစီးချင်း နှင့်သာ ဝင်၍ ဖျက်နိုင်၏ ။ ရဲစွမ်း သတ္တိ ရှိ၏ ။ စစ်ရိပ်စစ်ခြည် နားလည်၏ ” ဟု ဖော်ပြခဲ့၏ ။
ဤကဲ့သို့ သူရသတ္တိ နှင့် ပြည့်စုံသူပင် ဖြစ်လင့်ကစား နိုင်ငံရေး လမ်းစဉ်လွဲမှားလာသော အခါ ၊ စည်းရုံးရေး မမှန်ကန်သော အခါ အရှုံး နှင့် ရင်ဆိုင်လာရလေသည် ။ အောက်ပါ ကောက်နုတ်ချက် ကို ကြည့်ပါဦး ။
“ ငချစ်ညို လည်း × × × သူ မရောက်ခင် အကူ ရှာနှင့်ရသော် သင့်မည် အကြံရှိ၍ အဝမြို့စောင့် ရွှေခွန်ဝန် မှာ တလိုင်း သုံးထောင် တောင်း ၍ တပ်အရှေ့ က ၂ တပ် ၊ ခင်ဦး နှင့် သော် ၃ တပ် ၊ ရန်သူ အဝင် ခက်အောင် ခုံလောက် ၃ လုံးဆိုင် တပ်တည်ရ၏ ။
“ အလောင်းမင်းတရား လည်း ခင်ဦး သို့ အကြိမ်ကြိမ် ချီ၍ လုပ်ကြံသည် ။ ငချစ်ညို ထွက်လျှင် ငါတို့က မရပ်မခံနိုင် ပျက်ရ ချေသည် ။ သည် တစ်ခါသော် မြင်းသည် လည်း မြင်းနှင့် တပ်ရင်းသို့ ကပ် ၊ ပုဆိန်သမား ဓားသမား လည်း တပ်တိုက် ကို ဖြတ် ၊ တူးရွင်းသမား တို့ လည်း တူးရွင်း နှင့် တပ်တိုင်ကို တူး ၊ လှေကားသမား လည်း လှေကား ထောင်၍ တက် ၊ နောက်သို့ ပြန်လှည့်၍ ကြည့်သော် ငါ့ညီ ငါ့သား ပင် ဖြစ်သော်လည်း ကွပ် ။ အခါတစ်ပါး ကို မနှုန်းနှင့် ၊ အမှု ကုန်စင်အောင်ထမ်း ။ ငချစ်ညို ၊ ညီ ငချစ်မြ ၊ အဖငလုံ တို့ကို အရှင်ယူခဲ့ ။ တလိုင်း ၂ တပ် ရှိသည် ဆိုသည် ။ တလိုင်း တပ် မှာ ယာယီ ခင်ဦး သာ နဂို ဖြစ်သည် ။ ခင်ဦး ပျက်လျှင် တလိုင်းတပ် ပျက်လိမ့်တကား ဟု မိန့်တော်မူ၍ နတ်တော်လဆန်း ၈ ရက်နေ့ ချီစေ၍ မိုးသောက်တံခါး ဖွင့်တွင် အနောက်တောင်ထောင့်က တစ်ပြိုင်နက် တပ်ရင်း သို့ ကပ်၍ တပ်တိုင် တို့ ကို တူး သူ တူး ၊ တပ်တိုင် တို့ ကို ဖြတ် သူ ဖြတ် ၊ လှေကား ထောင်၍ တက် သူ တက် ၊ သူ က ထိုးခုတ်သည် ကို ပမာ မမှတ် ။ ငချစ်ညို လည်း ညဉ့်မိုက်ရီတရော် ဖြစ်၍ ပြင်သို့ မထွက်ဝံ့ ၊ တပ်တွင်းကသာ ကွပ်ညှပ်ဆော်ဖန်၍ နေ၏ ။ နောင်တော် ( ဦးအောင်ဇေယျ ၏ အစ်ကို ) စည်သာမင်းကြီး မူကား မြင်း နှစ်ဆယ်သားတို့ နှင့် တပ်အနောက် သို့ ပတ်၍ မြောက်တံခါး က ဝင်၏ ။ တပ်စီးတပ်နင်း တို့ လည်း အနောက်တောင်ထောင့် က သူ တက်သည် ကို ဆီးဆို့ ၍တိုက် မည်ဟု လူ ၃ဝ ခန့် သာ ထားခဲ့၍ အနောက်တောင် ထောင့် သို့ ချည်းပြေး လေ၏ ။ စည်သာ မင်းကြီးလည်း တံခါးစောင့်လူတို့ကို ခြောက်လှန့်၍ တပ်တွင်းသို့ ဝင်မိလျှင် အိမ်ရာတဲကနား တို့ ကို မြင်း ၂ဝ သား မီးတိုက်သည် နှင့် တပ်ပေါက်၍ ရဲမက်တော် တို့ ဝင်မိလျှင် ငချစ်ညို လည်း ဆွေသားတစ်စု နှင့် သာ ထွက်ပြေးလေ၏ ။ ဝေလီဝေလင်း နှင်း လည်း မှုန်သည်နှင့် မမိလိုက်ချေ ။ ခင်ဦး ပျက်လျှင် တလိုင်းတို့ တပ်လည်း ပျက်နှင့် လေ၍ သေနတ် ၂ဝဝ ၊ မြင်း ၅၀ ၊ ဆန်ရေစပါး ကျွဲနွားလူသူ တို့ကို သိမ်းယူ၍ ပြန်ခဲ့ရ၏ ။ ငချစ်ညို တို့ သားအဖ တစ်စု လည်း ခင်ဦး က ထွက်ပြေး၍ ကျွန်းတောကြီး တပ် သို့ ဝင်လေ၏ ။
သူရဲကောင်းကြီး ငချစ်ညို ၏ ခင်ဦး တပ်ပျက်ခြင်း သည် သူရဲကောင်းကြီး ငချစ်ညို ၏ ပျက်စီးခြင်းသို့ ရှေ့ရှုခဲ့လေသည် ။ ငချစ်ညို ကျွန်းတောကြီးတပ် သို့ ဝင်၍ လာခဲ့ခြင်းမှာ ဟံသာဝတီပါမင်း ၏ အမှုထမ်း တစ်ဦး ဖြစ်သော ရာဇာဓိရာဇ် ဆိုသူ သည် ဆင် ၅ဝ ၊ မြင်း တစ်ထောင် ၊ လူတစ်သောင်းခန့် နှင့် မြေတူးမြို့ အနောက်ဘက် ရှိ အင်တိုင် ရွာ တွင် တပ်အခိုင်အမာ တည်၍ နေသဖြင့် ၎င်းထံမှ အကူအညီ ရနိုင်သည့် အတွက် ဖြစ်၏ ။ သို့သော် ငချစ်ညို ကျွန်းတောကြီး တွင် တပ်တည်၍ နေသည် ဟု ကြားလျှင် ရာဇာဓိရာဇ် သည် ဦးအောင်ဇေယျ လာရောက်တိုက် ခိုက်မည်ကို ကြောက် သဖြင့် အင်တိုင်တပ် မှသည် ချင်းတွင်းမြစ် အနောက် ဘက် မင်းခင်းမြို့ သို့ ပြောင်းရွှေ့ သွားလေသည် ။ ဦးအောင်ဇေယျ လည်း ကျွန်းတောကြီး ရှိ ငချစ်ညို တပ် ကို လက်နက်ကိုင် ၂ ထောင် စေလွှတ်၍ တိုက်စေပြန်ရာ ကျွန်းတောကြီးတပ် လည်း ပျက်ရပြန်လေသည် ။ သို့ ဖြစ်၍ ငချစ်ညို သည် မိဘဆွေမျိုးများ နှင့် တကွ ရာဇာဓိရာဇ် ရှိရာ မင်းခင်းတပ် သို့ ပြေးလာခဲ့ရလေ၏ ။ ငချစ်ညို မင်းခင်း သို့ ရောက်၍ မကြာမီပင် ရာဇာဓိရာဇ် သည် ဦးအောင်ဇေယျ ထံ သစ္စာခံ၍ ဝင်ရောက် သွားသော ကြောင့် ငချစ်ညို သည် စလင်ကသူ ရွာ သို့ ပြောင်းရွှေ့ ခဲ့ရပြန်သည် ။ ထိုရွာ တွင် နေစဉ် ပင် ဦးအောင်ဇေယျ အား တိုက်ခိုက်ရန် အင်အားကြီးစွာ ချီတက်လာသော ဟံသာဝတီပဲခူးမင်း ၏ ညီတော် မဟာဥပရာဇာကြီးမှူး သည့် တပ်ကြီး သည် ဆင်တဲဝ အရပ်သို့ ရောက်လာပြီး နောက် စလင်ကသူ ရွာ ကို ညှပ်၍တိုက်ကြရာ စလင်ကသူ တပ်ပျက်ရ လေသည် ။ ဤတွင် ငချစ်ညို တို့ သားအဖ သည် မဟာဥပရာဇာ ထံသို့ ဝင်ရလေသည် ။ သို့ သော် အယုံအကြည် မရှိသဖြင့် ငချစ်ညို တို့ သားအဖ ကို သုတ်သင်လိုက် လေသည် ။
ဤသို့ဖြင့် ရဲစွမ်းသတ္တိနှင့် ပြည့်စုံသော သူရဲကောင်းကြီး ဧကန် စင်စစ် ဖြစ်ပါလျက် တိုင်းပြည်ရေး ထက် ပုဂ္ဂိုလ်ရေး မုန်းတီးမှု ကို ဦးစား ပေးမှု ၊ အပြင်အပ အကူအညီ ကို အားကိုးမှု တို့ ကြောင့် သူရဲကောင်းပီပီ တိုက်ပွဲတွင် သေရမည့် ငချစ်ညို သည် သူတစ်ပါး လက်သို့ မိမိ ကိုယ်ကို ယုံကြည်စွာ အပ်နှင်းရင်း အယုံအကြည် မခံရဘဲ ကြက်ကလေးငှက်ကလေးများ အသ,တ်ခံရ သကဲ့သို့ ခံခဲ့ရပေသည်တကား ။ ။
◾တက္ကသိုလ်နန္ဒမိတ်
📖 မြဝတီ မဂ္ဂဇင်း
ဖေဖော်ဝါရီ ၊ ၁၉၅၉
.
No comments:
Post a Comment