Tuesday, November 5, 2024

ညနေစာ အလှည့်လေး


 

❝ ညနေစာ အလှည့်လေး ❞
         ( မောင်ကိုယု )

( ၁ )

ည လူစုံချိန် ကျလျှင် ရွှေဘိုဆောင် ရှိ လှဝေ ၏ အခန်း မှာ လူစည်လေ့ ရှိသည် ။

လှဝေ သည် အများစိတ်ဝင်စားသည့် ကိစ္စ ကို ဋီကာချဲ့ ၍ ပြောတတ်သည် ။

သူ နှင့် အေမီ တို့ ညနေတိုင်း ရတနာဆောင် ဧည့်ခန်း တွင်လည်းကောင်း ၊ အင်းလျားကန်ဘေး တွင် လည်းကောင်း ၊ ပြောခဲ့ဆိုခဲ့ကြပုံများ ကို ပြန်လည် ဖောက်သည်ချ သောအခါများတွင် ပိုမို၍ ပွဲကျတတ်ပေသည် ။

“ မိန်းကလေးများ ဟာ ခက်တယ်ကွ ၊ သူတို့ သဘော ကို သိမှ ၊ နို့မို့ရင် အကျပ်သား ၊ ရယ်စရာလည်း တော်တော်ကောင်းတဲ့ ကလေးမတွေ ”

ယနေ့ည အဖို့လည်း လှဝေ က ဤကဲ့သို့ဖြင့် မိန်းမသဘော ကို စတင် လက်ချာရိုက်လိုက်၏ ။

စားပွဲ ပေါ်တွင် ထိုင် သူ ထိုင် ၊ ကုတင် ပေါ်တွင် စုပြုံ၍ လှဲသူများ က လှဲဖြင့် လှဝေ ၏ မိန်းမတရား ကို ကျောင်းသား တစ်စု စိတ်ဝင်စား နေကြပေသည် ။

“ အေမီ က သူ့ ကို ဆေးကျောင်း က ကောင်တစ်ကောင် က တကောက် ကောက် လိုက်နေတဲ့အကြောင်း ကို ပြောတယ်ကွ ၊ အမှန်က ငါ့ ကို စမ်းတာပဲ ။ တကယ်လို့များ ငါ က ... အိုကွာ ဒါကတော့ ယောက်ျားလေး ဓမ္မတာ ပဲ ၊ ပိုးပါစေ ၊ ကိုယ် မချစ် ပြီးတာပဲ လို့ သာ သွား ပြောလိုက်ရင် သူကျေနပ်မှာ မဟုတ်ဘူး ၊ အဲဒီတော့ ငါ က ဘာ ပြောလိုက်ရတယ် မှတ်သလဲ ၊ ဒီကောင့်နာမည် ဘယ်သူလဲ ၊ ဘယ်မှာ နေသလဲ နဲ့ ပေါ့ကွာ ၊ စိတ်ဆိုးပြီး အခုပဲ ထထိုးတော့မယ့် အမူအရာ ပြရတယ် ၊ ဒီတော့မှ သူ က ... ”

“ ဘာလုပ်ဦးမလို့လဲ ၊ ဘာတွေညာတွေ သွား လုပ်မနေပါနဲဦး ၊ မီ က လက်မခံရင် ပြီးတာပဲ ။ အလကား ရန်ရှာမနေပါနဲ့ ။ ဒီကောင်များ အရေးလုပ်လို့ ဆိုပြီး စိတ်ပူနေလိုက်တာကွာ ၊ ဟားဟား ”

“ မင်း က ကော တကယ် သွားထိုးမလို့လား ”

ကျောင်းသား တစ်ယောက်က ကြားဖြတ်၍ မေးလိုက်၏ ။

“ ဝေးပါသေးရဲ့ … ကိုယ့်လူရာ ၊ အနာ ခံလို့ အချစ်အတွက် အသက်စွန့် ရအောင် ဒီ ခေတ်ဟာ ရိုမီယို ၊ ဂျူးလီးယက် ခေတ်မှ မဟုတ်တော့ဘဲ ၊ သူ လည်း ပိုးပိုင်ခွင့် ရှိတာပဲ ၊ သူ ကြိုက် သူ ယူပါစေပေါ့ ။ အမှန်က ကလေးမ ကြိုက်အောင် လိုက်ပြောရတာ ”

“ ဒါဖြင့် ခင်ဗျား နည်းနည်းမှ မနာလို မဖြစ်ဘူးလား ”

ကုတင် ပေါ် က ကျောင်းသား တစ်ယောက် ၏ အမေး ကို လှဝေ သည် ပြုံး၍ နားထောင်ပြီး...

“ ဟ .. ဘာဖြစ်လို့ မနာလို ဖြစ်ရမှာတုန်းကွ ၊ တကယ်လို့ သူ က ကိုယ့် ကို စွန့်သွားပြီ တဲ့ ။ ပို ကောင်းတာပေါ့ ။ ကိုယ် က ကိုယ့် ကို ကြောရရုံ ကြံတဲ့ မိန်းမတွေကို လိုက်ရှာနေတာ ။ ဒါမှ နောက် တစ်ယောက်ပြောင်းပြီး ချစ်ရမယ် နာမည်ပျက်လည်း သက်သာတယ်မဟုတ်လား ”

တစ်ခန်းလုံး သူ့ အဖြေကို သဘောကျ သွားကြလေသည် ။

“ ဒါပေမယ့် ကိုယ့်လူတို့ ရေ ၊ မနာလိုကြောင်း တော့ များများ ပြပေး ၊ ဒါမှ ဣတ္ထိယများ က ပီတိ ဖြစ်တာ ”

“ ပြီးတော့ ဒီနေ့ ညနေအကြောင်း ပြောပြရဦးမယ် ၊ မြို့တုန်းက ကိုယ် နဲ့ ရိသဲ့သဲ့ဖြစ်ခဲ့တဲ့ ကောင်မလေး တစ်ယောက် ရဲ့ ဓာတ်ပုံ ကို ယူသွားတယ် ၊ နည်းနည်း မခံချင်အောင် သွား စ တာပါပဲ ၊ အဲဒီ ဓာတ်ပုံ ကို သူ က ဆုတ်ပစ်ရမယ်တဲ့ ။ ကိုယ် ကလည်း ‘ မလုပ်ပါနဲ့ကွာ ၊ သူ အမြတ်တနိုး ပေးထားတဲ့ဥစ္စာ ၊ ကိုယ် နဲ့ လည်း ကင်း ကင်းရှင်းရှင်းပါ ’ လို့ပြောတာ မရဘူး ။ မျက်ရည်တွေဝဲ လို့ ခင်ဗျ ၊ ကိုယ် ကလည်း အကြံနဲ့ ဆိုတော့ ‘ ကဲ ... ဆုတ်ပစ်ရင် လက်ကလေး နမ်းခွင့် ပြုမလား ’ လို့ မေး လိုက်တယ် ၊ သူ က ‘ ဆုတ်ပစ်ရင် နမ်းခွင့်ပြုမယ် ’ တဲ့ ။ ကိုယ် ဒါနဲ့ ဆုတ်ပစ်လိုက် တယ် ”

“ ခင်ဗျား က လည်း ဗျာ ၊ လက် မှ နမ်းချင်ရသလား ၊ သူတို့ လက် က သန့် ချင် မှသန့်မှာဗျ ”

ကိုလှဝေ သည် ရယ်လိုက်သေး၏ ။

“ အဲဒါ ရဲဘော် မပါးနပ်တာကို ပြတာ ၊ လက် နမ်းလို့ ဘာမှ အရသာ မရှိမှန်း သိတာပေါ့ဗျ ၊ လက်က စပြီး ယဉ်သွင်းတာ ခေါ်တယ် ၊ ယဉ်ပါးအောင် လုပ်တာ ဗျ ။ နောက်တော့ ပါး ရောက်တာပေါ့ ”

အားလုံးက လှဝေ ၏ ယဉ်ပါးအောင် လုပ်နည်း ကို သဘောကျ သွားကြသည် ။

“ ပါး ကို နမ်း တော့ မငြင်းဘူးလားဗျ ”

တစ်ယောက် က ကောက်၍ မေးလိုက်သော အခါ လှဝေ သည် စစ်ကွက် ပိုင်သော စစ်ဗိုလ်ကြီး ၏ ဟန်ဖြင့် ...

“ ကိုယ် က လက်ကလေး က နုလိုက်တာ ဆိုပြီး ဆွဲကိုင်ထား ၊ ပြီးတော့ ည က သူ့ ကို အိပ်မက် မက်တဲ့ အကြောင်း ၊ သန်းခေါင် မှာ လန့် နိုးတဲ့အကြောင်း ၊ ဒါနဲ့ ဓာတ်ပုံ ကို ထုတ်ကြည့်ပြီး ချစ်လွန်းလို့ ဓာတ်ပုံ ကို နမ်းမိတဲ့အကြောင်း ပြောရင်း လက်ကို ဆုတ်ဆွဲပြီး ကိုယ် အယိမ်းမှာ ပါး ကို နမ်းလိုက်တာပေါ့ ”

တစ်ခန်းလုံး ဝါးကနဲ ပွဲကျသွား၏ ။

“ အပြင် ကို မထုတ်သေးဘူးလားဗျ ”

ကျောင်းသား တစ်ယောက်က လှမ်း မေးလိုက်သောအခါ ...

“ အခု ဆန်းဒေး မှာ ပစ်ချာသွားဖို့ ချိန်းထားတယ် ”

“ တယ် ဟုတ်ပါလားဗျ ၊ သူ က လိုက်မယ်တဲ့လား ”

“ ပထမတော့ ငြင်းသေးတာပေါ့ ၊ သူ မရဲဘူးတဲ့ ၊ နောက် ကိုယ် က နည်းနည်း စိတ်မကောင်းပုံကလေး ပြလိုက်တော့ ‘ စိတ်ဆိုးလား ၊ မောင်စိတ်ဆိုးတော့ မခံနိုင်ဘူး ၊ လိုက်မယ် ’ တဲ့ ”

“ ဟား ဟား ကိုလှဝေ တို့ကတော့ တကယ့် လူပဲဗျို့ ။ ပရိယာယ် တွေ က ကြွယ်ပါ့ဗျာ ”

“ ရည်စား စွဲအောင် လုပ်နည်း ဆိုပြီး ခင်ဗျား စာအုပ် ထုတ်ဖိုတောင် ကောင်းနေပြီ ”

တစ်ယောက် က အကြံပေးလိုက်သောအခါ ...

“ မလုပ်ပါနဲ့ဗျာ ၊ ကိုယ့်အတွက် ကိုယ့် အလှည့်တွေ သူတို့ သိသွားပြီး နောက် မစားသာဘဲ နေပါဦးမယ် ”

ဤသို့ဖြင့် ကိုလှဝေ ၏ အေမီ့ အပေါ် အလှည့်ကလေးများသည် ရွှေဘိုဆောင် ၌ ပွဲတောင်းသော ဇာတ်လမ်းကလေး ဖြစ်နေတတ်ပေသည် ။

( ၂ )

ထိုအချိန်ပင် ရတနာဆောင်အခန်း တစ်ခန်း ၌ အေမီ သည် တခြား ကျောင်းသူတစ်ဦး အား သူတို့ ဖောက်သည် ချ လျက်ရှိ၏ ။

“ ကိုယ့် မောင်တော် က ကိုယ့်လက် ကို နမ်းတယ် ဆရာ ”

နွဲ့ သည် အေမီ ကို ကြည့်၍ နှာခေါင်း ရှုံ့လိုက်၏ ။

“ သူတို့မို့ မရွံမရှာတယ် ၊ ညည်း လက် က သန့်လွန်းလို့  ”

အေမီ သည် နွဲ့ ၏ အမူအယာ ကို ကြည့်၍ တခစ်ခစ် ရယ်လိုက်၏ ။

“ ကိုယ့် လက် ကိုယ် တောင် ရွံတယ် ၊ ဒါပေမယ့် ကိုယ်တော်ချော က နမ်း ချင်လှချည်ရဲ့ ဆိုတာနဲ့ ကိုယ်လည်း အားနာပြီး ဘယ်လက် ကို ထိုးပေးလိုက်တယ် ၊ အဟိ ။ လက်ကလေးများ တယုတယ ကိုင်လို့ ဒါကြောင့် ယောက်ျားများ ရူးတယ်လို့ ပြောတာပေါ့နော် ”

“ ကဲ .. ဆိုစမ်းပါဦး ၊ လက်နမ်းရုံပဲလား ၊ ပါး ကော မနမ်းဘူးလား ”

နွဲ့ က အိပ်ရာ ပေါ်  တစောင်းလှဲရင်း မေးလိုက်လေ၏ ။

အေမီ သည် ပခုံး ကို တွန့်ပြလိုက်ရင်း ...

“ ရွှေကိုယ်တော် က ဘယ်နေမလဲ ၊ သူ ပါး နမ်းချင်နေမှန်း ကိုယ် လည်း သိသားပဲ ၊ ကိုယ် က လည်း နည်းနည်းတော့ အနမ်း ခံချင်နေတာပဲ ၊ ဖိုးချော က မသိမသာပေါ့လေ ။ အလစ် ဆွဲပြီး ကိုယ့် ကို နမ်းလိုက်တယ် ။ ကိုယ် ကလည်း သိရက် သား နဲ့ မသိသလို လုပ်ပြီး အလစ် မှာ အနမ်း ခံလိုက်ရတဲ့ ပုံမျိုး လုပ်လိုက်ရတာပေါ့ ”

နွဲ့ သည် အေမီ ပြောပုံကို သဘောကျ သွားကာ လှုပ်ရှား လာပြီး ...

“ ဘယ်လို နေလဲဟေ့ ”

“ ကိုယ် တော့ ဘယ်လိုမှ မနေပါဘူးကွာ ၊ နည်းနည်း ဖိန်းတိန်းတိန်း ဖြစ်ရုံလောက်ပါပဲ ၊ သူ့ မှာတော့ အမလေး ဧရာမ အရသာကြီး ထင်ပါရဲ့ကွယ် ၊ တော် တော် သဘောကျ သွားပုံပဲ ။ ဒီ လူ့ကို နည်းနည်း ရယ်ချင်တာ ရှိတယ် ၊ သိလား ”

“ ဆိုစမ်းပါဦး အစ်မ ရဲ့ ”

“ ကိုယ် ကကွာ ကျီစားတဲ့သဘော နဲ့ ဆေးကျောင်း က ငနဲ တစ်ကောင် က ကိုယ့် ကို တကောက်ကောက် လိုက်နေတဲ့ အကြောင်း ပြောလိုက်မိတာ တကထဲ ဆင်ကြီး မုန်ယိုတာ ကျနေတာပဲ ၊ ရှူးရှူးရှဲရှဲ နဲ့ ။ ကိုယ် က ဘာတွေညာတွေ သွား မလုပ်ပါနဲ့လို့ စိတ်ပူတဲ့ အမူအရာ နဲ့ တားလိုက်ရတယ် ”

“ နင့်ကောင် က အရူးပဲ ၊ ဒီလို ယောက်ျားမျိုးတွေ ပေါ့ ၊ မိန်းမ အတွက်နဲ့ လူသ,တ်တယ်ဆိုတာ ”

“ အို ... ရူးပုံကတော့ မပြောနဲ့တော့ ၊ သူ့ အဆက်ဟောင်းတစ်ယောက် ရဲ့ ဓာတ်ပုံ ကို ညနေ က လာ ပြတယ်သိလား ၊ အမှန်က ကိုယ် က သဝန်တိုရမယ် ပေါ့လေ ၊ သူလိုချင်တာက ဒါပါပဲ ၊ ဒါနဲ့ ကိုယ် ကလည်း သဝန်တို ပြလိုက်ရတာပေါ့ ။ ဓာတ်ပုံ ကို ဆုတ်ပစ်ရမယ် ဆိုပြီး မျက်ရည်ကလေး ဝဲ ပြလိုက်တော့ ငနဲသား က ကိုယ့် လက် ကို နမ်းရရင် ဆုတ်ပစ်မယ်တဲ့ ၊ ကိုယ် က ခေါင်းညိတ် လိုက်တော့ တစ်ခါ တည်း ဆုတ်ပစ်လိုက်တယ် ၊ နှမြောလိုက်တာဟယ် ၊ ကောင်မလေး က လှတယ် ဆရာရေ့ ”

နွဲ့ သည် အေမီ ကို မဲ့ပြလိုက်ပြီး ...

“ တတ်လည်း တတ်နိုင်တဲ့ ကောင်မ ”

အေမီ သည် နွဲ့ ကို လှမ်းဖက်လိုက်ရင်း ...

“ ဒီလိုမှလည်း ညနေခင်းကလေးတွေ ဟာ အပျင်းပြေစရာ ဖြစ်နေမှာ ပေါ့ ။ ကိုယ့် ကောင်က ကိုယ့် အတွက်တော့ ပျော်တော်ဆက်ကလေးပဲ ၊ နွဲ့ လည်း အမဲတစ်ကောင် လောက် ညနေစာ အတွက် ရှာပါလားဟင် ”

“ မရှာချင်ပါဘူးအေ ၊ ညည်းဘာသာ ညည်း ပါး အနမ်းခံပြီး ပျော်ပါ ”

“ အောင်မာ ဘာဖြစ်သလဲ ၊ ပဲ့သွားတာမှ မဟုတ်ဘဲ ၊ အခု တနင်္ဂနွေ ရုပ်ရှင်ကြည့်ရဦးမယ် ၊ ဘယ်လောက် ဟန်ကျလဲ ”

“ အေးပါ ၊ တော်ကြာတော့သာ ကျော မှာ ဖုတ်တွေ ပေပြီး အဆောင် ကို ပြန်နေရဦးမယ် ”

အေမီ သည် ခေါင်း ကို မော့် ၍ ခပ်သော့သော့ကလေး ရယ်လိုက်၏ ။

“ ပါးလောက်ပဲ သူ ရမှာပေါ့ကွ ၊ ကိုယ် က သူ့ ကို တကယ် နှစ်နှစ်ကာကာ ချစ်တာ မဟုတ်ဘဲ ၊ အပျင်းပြေကလေး သဘောထား နေတာ ၊ သူ့ ခမျာတော့ အဟုတ် ကြီး မှတ်ပြီး စွဲနေတာ ”

“ ညည်း က ဘာတွေ လှည့်ထားလဲမှ မသိဘဲ ”

အေမီ က တခစ်ခစ် ရယ်လိုက်ရင်း ...

“ နည်းနည်းတော့ ထွင်ရတာပေါ့အေ ၊ ညညကျရင် သူ့ ကို သတိရပြီး အိပ် မပျော်ဘူး ဆိုတဲ့ အကြောင်း ၊ သူ့ဓာတ်ပုံ ကို နံရံ ဘေးမှာ ထောင်ပြီး တဝကြီး ကြည့်လိုက်ရမှ အိပ်ပျော်တယ် ဆိုတဲ့ အကြောင်းပေါ့ကွာ ”

“ တတ်လည်း တတ်နိုင်တယ် ၊ ညည်း လား အိပ်မပျော်တာ ၊ ဆင်အော် လို့ တောင် မနိုးဘူး ၊ ဘယ်မှာလဲ သူ့ ဓာတ်ပုံ ၊ တစ်ခါမှ ထုတ် ကြည့်တာ ကိုယ် မတွေ့ ပါဘူး ”

“ နွဲ့ ကလည်း ကွာ ဒီလိုပဲပြောရတာပေါ့ ၊ သူ က လည်း အိပ်မက်တွေ မက် သတဲ့ ။ အမလေး ဘာတွေလဲ မသိဘူး ၊ ဘုရား ဘုရား ”

အေမီ မှာ ကျောချမ်းဟန် ပြလိုက်ရာ နွဲ့ က အေမီ့ ကျောကို ထုရင်း ရယ်နေရသည် ။

“ တစ်ခါတစ်ခါ ကိုယ့် ဝမ်းထဲမှာလည်း ရယ်ချင်တယ် သိလား ၊ မနည်း အောင့် နေရတယ် ၊ ကိုယ် က သာ သူ့ ကို မုန်းသွားရင် သူ့ အသည်း ကွဲမှာပဲတဲ့ ၊ ဟီဟိ ၊ ပြီးတော့ ပြောသေးတယ် ဆရာ ၊ သူ့ကို မကြိုက်တာ ရှိရင် ပြောပါတဲ့ ။ သူ ပြုပြင် ပါ့မယ်တဲ့ ၊ ကိုယ် က အားနာပါးနာ နဲ့ မကြိုက်တာ ပြောရအောင် ရှာကြည့်ပါတယ် ”

“ ဘာတွေ့လဲ ”

“ ကြိုက်တာမှ မရှိဘဲ ၊ မကြိုက်တာ ဘယ် ရှာတွေ့ပါ့မလဲ ၊ ဒါနဲ့ ကိုယ် က လုပ်ပြောလိုက်ရတယ် ၊ မြို့ထဲ သိပ်ထွက်တာ မကြိုက်ဘူးလို့ ။ သူ က သူ စာမေးပွဲ အောင်အောင် ကြိုးစားပါ့မယ် တဲ့ ၊ အဲဒါ ကိုယ့် အတွက်ပဲ တဲ့ ၊ ဟာ ဟ ၊ သူ သာ စာမေးပွဲအောင်ရင် ကိုယ် ကုသိုလ် ရဦးတော့မှာပဲ ”

နွဲ့ သည် အေမီ ၏ စကားဆုံးလျှင် ဆုံးချင်း တစ်ချက်မျှ သမ်းဝေ လိုက်ပြီး လျှင် ..

“ အိပ်မယ် အိပ်မယ်ကွယ် ၊ မနက် အတန်း တက်ရဦးမယ် ၊ ဒီ အချစ်ရူး တွေအကြောင်း နားထောင်ရတာနဲ့ မိုးတောင် ချုပ်သွားပြီ ”

အေမီ သည် သူ့ ကုတင် ဘက်သို့ ကူးသွားလေသည် ။

နွဲ့ က မီးပိတ်ကာနီး လှမ်း၍ ပြောလိုက်သေး၏ ။

“ မနက်ဖြန် ညနေ ညည်းမောင်တော် လာရင် ညကျ ခေါက်ဆွဲထုပ် ဝယ် ခဲ့ဖို့ မှာလိုက်စမ်းဟေ့ ကြားလား ၊ နှစ်ထုပ် နှစ်ထုပ် ၊ သွားကြားထိုးတံ လည်း ပါပစေ ”

အေမီ သည် “ အင်း ” ဟု တစ်လုံးသာ ပြော၍ ငြိမ်သက် သွားလေသည် ။

▢ မောင်ကိုယု

📖 ငွေတာရီ မဂ္ဂဇင်း
      အမှတ် ၁၆
      ၁၉၆၁ ခု ၊  အောက်တိုဘာလ

.

Monday, November 4, 2024

ဘီလူးကြီး ၏ နှလုံးသား


 ❝ ဘီလူးကြီး ၏ နှလုံးသား ❞

        ( ပုံပြင် )


တရံရောအခါ ဘုရင်ကြီး တစ်ပါး ၌ သားတော် ခုနစ်ပါး ထွန်းကား၏ ။ သားတော် အကြီး ခြောက်ပါး မှာ အရွယ် သို့ ရောက်လျှင် ရောက်ချင်း အလှဆုံးသော သတို့သမီး ခြောက်ပါး အား ရရှိရန် တိုင်းပြည် မှ ထွက်ခွာ သွားကြ၏ ။ အငယ်ဆုံး သားတော် တစ်ပါး သာလျှင် နေပြည်တော် တွင် ကျန်ရစ်လေ၏ ။


သားတော် အကြီး ခြောက်ပါး သည် အတိုင်းတိုင်း အပြည်ပြည် သို့ ရောက်ရှိကြ၍ မြောက်များစွာသော မင်းသမီးများ ကို တွေ့ကြသော်လည်း နှစ်သက်ခြင်း မဖြစ်ကြပေ ။ နောက်ဆုံးတွင် သမီးတော် ခြောက်ပါး ရှိသော ဘုရင်ကြီး တစ်ပါး ၏ တိုင်းပြည်သို့ ရောက်ရှိ သွားကြ၏ ။ မင်းသား ခြောက်ပါး မှာ ထိုမျှလောက် ချောမော လှပသည့် မင်းသမီးများ ကို မတွေ့ဘူးကြချေ ။ ထို မင်းသမီးများ အား အလွန် နှစ်သက်ကြသောကြောင့် ဘုရင်ကြီး ထံ ဝင်ရောက်၍ လက်ထပ်ရန် ခွင့်ပန်ကြ လေသည် ။ ဘုရင်ကြီး လည်း မင်းသားတို့ အား ဘုန်းတော်ကြီးလှသော ဘုရင် တစ်ပါး ၏ သားတော်များ ဖြစ်ကြောင်း သိရှိရ သောကြောင့် ၎င်း ၏ သမီးတော်များ နှင့် လက်ထပ် ထိမ်းမြားခြင်း ပြုလေ၏ ။


လက်ထပ်ထိမ်းမြား ပြီးနောက် မင်းသား ခြောက်ပါး နှင့် မင်းသမီး ခြောက်ပါး တို့ သည် ဘုရင်ကြီး ၏ တိုင်းပြည် မှ ထွက်ခွာခဲ့ကြလေ၏ ။ မင်းသား ခြောက်ပါး သည် ၎င်းတို့ ၏ ဇနီးသည် များ မည်မျှ ချောမောလှပသည် ကို ခမည်းတော် အား ပြသရန် သူတို့ ၏ တိုင်းပြည် သို့ ထွက်ခွာ ခဲ့ကြခြင်း ဖြစ်သည် ။ သို့ရာတွင် သူတို့ ပြန်လမ်း တွင် ကျောက်တောင်ကြီး တစ်တောင် ကို တွေ့ရ၏ ။ ထို ကျောက်တောင်ကြီး မှာ ဘီလူးကြီး တစ်ကောင် နေထိုင် လေသည် ။ ထို ကျောက်တောင်ကြီး ပေါ် သို့ မင်းသား မင်းသမီးများ ဖြတ်သန်း သွားကြသော အခါ ဘီလူးကြီး သည် အမျက် ပြင်းစွာ ထွက်လျက် ကျောက်တောင်ကြီး ၏ ဂူတွင်း မှ ထွက်လာ၏ ။


ဘီလူးကြီး သည် မင်းသားမင်းသမီး တို့ ကို တွေ့လျှင် ဒေါသ မချုပ်တည်း နိုင်ဘဲ “ သင် တို့ သည် ငါ ၏ ပိုင်နက်အား အခွင့် မတောင်းဘဲ ကျူးကျော် ဖြတ်သန်းသူများဖြစ်ကြ၍ သင်တို့ အား ချက်ချင်း ဒဏ်ခတ်အံ့ ” ဟု ကြုံးဝါး ပြီးလျှင် ဘွဲ့ဖြူလက်နက် ဖြင့် ပစ်ခတ်၏ ။ ထိုအခါ မင်းသား မင်းသမီး အားလုံး ကျောက်ရုပ်များ ဖြစ်ကုန်ကြလေသည် ။


၎င်းတို့ ၏ ခမည်းတော် ဘုရင်ကြီး မှာ သားတော်များ ၏ ကျောက်ရုပ် ဖြစ်ခြင်း အကြောင်း ကို လုံးဝ မသိရှာပေ ။ အငယ်ဆုံး သားတော်လေး အရွယ် သို့ ရောက်လာသည့် တိုင် အောင် တစ်နေ့ ရောက်နိုး တစ်နေ့ ရောက်နိုး နှင့် စောင့်စားလျက်ပင် ရှိ၏ ။ ထိုအခါ အငယ်ဆုံး သားတော်ငယ် သည် အချိန်တန် ၍ ပြန်ရောက် မလာကြသည့် ၎င်း ၏ နောင်တော်များ အား အရှာ ထွက်ရန် ဖခင် ဘုရင်ကြီး ထံ ပူဆာ၏ ။ သို့ရာတွင် ဘုရင်ကြီး က နောင်တော်ကြီးများ ကဲ့သို့ ပြန် မလာဘဲ နေမည် စိုးသောကြောင့် ခွင့် မပြုဘဲ နေလေသည် ။ နောက်ဆုံး မင်းသားကလေး က အလျှော့ မပေးဘဲ ဇွတ်အတင်း ပူဆာသော အခါ ဖခင်ဘုရင်ကြီး သည် နောင်တော်များ ကဲ့သို့ ပြန်မလာဘဲ မနေရန် အထပ်ထပ် မှာကြား၍ မင်းသားလေး ၏ အလိုအတိုင်း သဘောတူ လိုက်ရ လေ၏ ။ ခမည်းတော် ခွင့်ပြုချက် ရလျှင် ရချင်းပင် တွေ့ရာ မြင်း ကို စီး၍ နန်းတော် မှ အလျင်အမြန် ထွက်ခွာခဲ့ရာ မင်းသားလေး စီးသည့် မြင်းမှာ မြင်းကျိုးကြီး တစ်ကောင် ဖြစ်၍ နေလေသည် ။ သို့ရာတွင် မင်းသားလေးသည် ထို မြင်းကျိုးကြီး ကို ပင် စီးလျက် ဆက်လက် ထွက်ခွာလေ၏ ။


နန်းတော် နှင့် အတော် လှမ်း၍ တောအုပ်ကြီး တစ်အုပ် ၏ အဝင်ဝ သို့ ရောက်လျှင် အစာပြတ် ၍ လဲနေသော ဝံပုလွေကြီး တစ်ကောင် အား တွေ့လေသည် ။ ဝံပုလွေ သည် အားအင် ကြုံလှီသည့် အသံ ဖြင့် မင်းသား အား အစားအသောက် ပေးရန် တောင်းခံ၏ ။ ထိုအခါ မင်းသားကလေး က သနားသဖြင့် ဝံပုလွေ အား အစားအစာ ကျွေးမွေး၏ ။


အစားအစာ စားသောက် ပြီးသော ဝံပုလွေ သည် အလွန့်အလွန် အားအင် သန်မာလျက် မင်းသားကလေး အား သူ့ ကျော ပေါ်သို့ တက်စေ ပြီးလျှင် မင်းသားကလေး ညွှန်ပြသည့် လိုရာ ခရီး သို့ တဟုန်တည်း ပြေးလွှား လေ၏ ။ ဝံပုလွေ သည် အပြေးသန်လှသည် ဖြစ်ရာ မင်းသား ကလေး တစ်သက် နှင့် တစ်ကိုယ် တွင် ထိုမျှလောက် လျင်မြန်သည့် အရာကို တစ်ခါဖူးမျှ မစီးဖူးခဲ့ ပေ ။ ဤသို့ ဝံပုလွေ ပြေးနေစဉ် အတွင်း မှာ ပင် မင်းသားလေး သည် နန်းတော် မှ ထွက်ခွာ လာရသည့် အကြောင်း ကို ဝံပုလွေ အား ပြောကြားလျက် “ သင် သည် ကျွန်ုပ် ၏ နောင်တော် ခြောက်ပါး အကြောင်း ကို တစ်စုံတစ်ရာ သိပါသလော ” ဟု မေးမြန်းစုံစမ်း လေသည် ။


ထိုအခါ ဝံပုလွေ သည် မင်းသားလေး ၏ နောင်တော်များ အကြောင်း ကို ကောင်းစွာ သိကြောင်း နှင့် ကျောက်ရုပ်များ ဖြစ်လျက် ရှိကြောင်း ကိုပါ ဖြေကြားလျက် ထိုနေရာ သို့ အပြင်း ပြေးလွှား လေ၏ ။ ကျောက်တောင်ကြီး သို့ ရောက်ကြ၍ နောင်တော်များ နှင့် ၎င်းတို့ ၏ ဇနီးသည် များ ၏ ကျောက်ရုပ်များ ကို မင်းသားကလေး တွေ့ရသော အခါ တုန်လှုပ်ချောက်ချားခြင်း ဖြစ်လေ၏ ။


“ အို ... အသင်မင်းသား ၊ မကြောက်လင့် ၊ ဤ အပေါက် မှ ဂူ အတွင်း သို့ ဝင်ရောက်ပါ ၊ ဂူ အတွင်း ၌ မင်းသမီးလေး တစ်ပါး ကို တွေ့ရှိပါလိမ့်မည် ၊ ထို မင်းသမီးကလေး သည် သင့် အား အကူအညီ ပေးနိုင်ပါလိမ့်မည် ထင်ပါသည် ” 


ဝံပုလွေ သည် ဤသို့ ပြောကြား ပြီးလျှင် မင်းသားကလေး အား ဂူပေါက်ဝ သို့ ညွှန်ပြ လေ၏ ။


မင်းသားလေး သည် ဝံပုလွေ ညွှန်ပြသည့် ဂူပေါက်ဝ မှ လိုဏ်ဂူ အတွင်း သို့ ဝင်ရောက် ခဲ့၏ ။ သို့ရာတွင် သူသည် အလွန် ကြောက်လန့်လျက် ရှိသည် ။ မင်းသားကလေး သာ မဟုတ် ၊ ညီလေး ညီမလေး တို့လည်း ဘီလူးကြီး ၏ လိုဏ်ခေါင်း အတွင်း သို့ ဝင်ရောက် ရသော် မင်းသားကလေး ကဲ့သို့ပင် ကြောက်လန့်ခြင်း ဖြစ်ကြမည် မဟုတ်ပါလား ။


အတွင်းသို့ ရောက်သော အခါ မင်းသားကလေး သည် ဘီလူးကြီး အား မတွေ့ရချေ ။ ထိုအချိန် တွင် ဘီလူးကြီး သည် အပြင် သို့ ထွက်၍ လည်ပတ်လျက် ရှိသည် ။ ဂူ အတွင်း ၌ အခန်းပေါင်း များစွာ ရှိသည့် အနက် အခန်း တစ်ခန်း တွင် တစ်ပါးတည်း သော မင်းသမီးကလေး အား တွေ့ရှိလေသည် ။ မင်းသားကလေး မှာ ထိုမျှလောက် ချောမောလှပသည့် မင်းသမီးကလေး ကို ဘယ်အခါ က မျှ မတွေ့ဖူးခဲ့ပေ ။


မင်းသမီးကလေး သည် မင်းသားကလေး အား မြင်သောအခါ “ အလို ... ဘုရားရေ ၊ ကယ်ပါ ၊ သင်သည် ဤအထဲ သို့ အဘယ်ကြောင့် ဝင်ရောက်လာသနည်း ။ သင် သည် မုချ သေရလိမ့်မည် ၊ ဤ ဂူ ကို ပိုင်ဆိုင်သည့် ဘီလူးကြီး ကား မည်သည့် သူ မျှ မသ,တ်ဖြတ်နိုင်ပါ ၊ သူ့ မှာ အသက် ထည့်ထားသည့် နှလုံးသား အား လုံခြုံသော နေရာ တစ်နေရာတွင် လျှို့ဝှက် ထားပါသည် ” 


ဤသို့ ပြောပြီးလျှင် ဘီလူးကြီး လာချိန် နီးပြီ ဖြစ်သောကြောင့် မင်းသားကလေး အား ၎င်း ၏ အိပ်ရာ သလွန် အောက် တွင် လုံခြုံစွာ ဝှက်ထား လိုက်လေ၏ ။


များမကြာမီ ဘီလူးကြီး လည်း ဝင်ရောက်လာ၏ ။ မင်းသမီးကလေး သည် ဘီလူးကြီး အား ညစာ ပြင်ဆင် ကျွေးမွေး၏ ။ အစာ ဝသော ဘီလူးကြီး သည် အလွန် စည်းစိမ်ကြီး လျက် စိတ်ကောင်း ဝင် နေလေပြီ ။


“ အရှင် ဘီလူးမင်း ၊ ကျွန်မ အား ခွင့်ပြုပါလျှင် သင့် အား ကျွန်ုပ် မေးလိုသော အရာ ရှိပါသည် ၊ ခွင့်ပြုပါမည်လား ရှင် ”


“ သင် မေးလိုသော အရာသည် မည်သည့် အရာနည်း ၊ မေးလို က မေးတော့ ၊ ကျွန်ုပ် ခွင့်ပြု၏ ”


ဟု ဘီလူးကြီး သည် မင်းသမီးကလေး အား ခွင့်ပြုလိုက်၏ ။


“ အခြား မဟုတ်ပါ ၊ အရှင် ၏ နှလုံးသား ကို အရှင် ဘယ် အရပ် မှာ သိမ်းဆည်းထားပါသနည်း ”


မင်းသမီးကလေး သည် အားတက်ရွှင်လန်းစွာ မေး၏ ။


“ အား ... ဤအရာ ကို သင် မေးရန် မဟုတ်သည် ကို သင် သိပါ၏လော ၊ သို့ရာတွင် သင် သိလိုလျှင် ကျွန်ုပ် ပြောအံ့ ၊ ကျွန်ုပ် ၏ နှလုံးသား ကို ကျွန်ုပ်သည် ဗီရိုကြီး အပေါ် တွင် ထားရှိပါသည် ” 


ဟု ဘီလူးကြီး သည် ရယ်မော ပြောကြား ပြီးနောက် အိပ်ရာ ထဲ သို့ ဝင်ရောက် သွားလေ၏ ။ 


နောက် တစ်နေ့ နံနက် တွင် ဘီလူးကြီး သည် ခါတိုင်း ကဲ့သို့ပင် အစောကြီး အိပ်ရာ မှ ထ၍ အပြင် သို့ ထွက်ခွာ သွားလေသည် ။ ဘီလူးကြီး ထွက်ခွာ သွားလျှင် သွားခြင်းပင် မင်းသားလေး နှင့် မင်းသမီးလေး တို့သည် ဗီရိုကြီး ၏ အပေါ် တွင် ဘီလူးကြီး ၏ နှလုံးသား ကို အတန်တန် ရှာဖွေကြ လေသည် ။ သို့ရာတွင် ဘီလူးကြီး ၏ နှလုံးသား ကို မတွေ့ကြပေ ။


“ ဘီလူးကြီး သည် သင့် အား အမှန် အတိုင်း မပြောကြားခဲ့ပေ ။ နောက်ထပ် မေးဦးလော့ ”


မင်းသားကလေး သည် မင်းသမီးကလေး အား ပြောကြားပြန်လေသည် ။


“ ကောင်းပါပြီ ” ဟု ဆိုလျက် မင်းသမီးလေး သည် အလှပဆုံး နှင့် အမွှေးကြိုင်ဆုံးသော ပန်းပွင့်များ ကို ဆွတ်ခူးလျက် ဗီရိုကြီး ၏ တစ်ဝိုက် တွင် ဖြန့်ခင်း၍ ထားလိုက်၏ ။


ဘီလူးကြီး ပြန် မရောက် လာမီ မင်းသားကလေး သည် ယခင် အတိုင်း ပြန်လည်၍ ပုန်းအောင်း နေလေ၏ ။ ဘီလူးကြီး ရောက်၍ ဖြန့်ခင်း ထားသည့် ပန်းများ ကို တွေ့လျှင် မည်သူ ထား သနည်း ဟု မေး၏ ။


“ အို ... အရှင် ဘီလူးမင်း ၊ ကျွန်ုပ် သည် အရှင့် အား အလွန် ကြင်နာလှပါသည် ၊ အရှင့် အား ကြင်နာလှ၍ အရှင် ၏ နှလုံးသား ရှိသော ဗီရို တစ်ဝိုက် တွင် ဤ ပန်းများ ကို ဖြန့်ခင်း၍ အရှင့် နှလုံးသား အား ရွှင်လန်းစေပါသည် ” 


ဟု မင်းသမီးကလေး သည် ချစ်ဖွယ်သော စကား ဖြင့် ဖြေ ဆို လေ၏ ။


“ အလို .. သင် ကား ဘာမျှ အဓိပ္ပာယ် မရှိသည့် မိန်းကလေး ပါလား ၊ အမှန်မှာ ဤ ဗီရိုကြီး ပေါ်တွင် ကျွန်ုပ် ၏ နှလုံးသား လည်း မရှိပါ ၊ ကျွန်ုပ် လည်း မထားခဲ့ပါ ၊ ဘယ်မှာ ဝှက်ထားသည် ကို လည်း ကျွန်ုပ် ပြောနိုင်လိမ့်မည် မဟုတ်ပါ ” 


ဘီလူးကြီး သည် ဤသို့ ပြောဆို၍ မင်းသမီးကလေး  အား သရော်ကျီစယ်လေ၏ ။ သို့တိုင် မင်းသမီးကလေး သည် အလျှော့ မပေးချေ ။ ဘီလူးကြီး အား ပွတ်သီးပွတ်သပ် ပြု၍ မရမက အတင်း မေးလေ၏ ။ နောက်ဆုံး တွင် ဘီလူးကြီး သည် မထီတရီ ပြုလျက် မင်းသမီးကလေး အား အောက်ပါအတိုင်း ပြောကြားလေ၏ ။


“ ဟို အလွန် ဝေးသော နေရာ တစ်နေရာ တွင် ရေကန်ကြီး တစ်ကန် ရှိ၏ ။ ထို ရေကန် ကြီး ၏ အလယ် တွင် ကျွန်းကြီး တစ်ကျွန်း ရှိ၏ ။ ထို ကျွန်းကြီး ၏ အပေါ် တွင် လှပသော ဗိမာန် တစ်ခု ရှိ၏ ။ ဗိမာန် အလယ် တွင် ရေတွင်း တစ်တွင်း ရှိ၍ ထို ရေတွင်း ထဲ ၌ ဝမ်းဘဲ တစ်ကောင် ရှိ၏ ။ ထို ဝမ်းဘဲ တွင် ဥ တစ်လုံး ရှိသည် ။ ထို ဥ ထဲ တွင် ကျွန်ုပ် သည် ကျွန်ုပ် ၏ နှလုံးသား ကို ထည့် ထားပါသည် ”


ဘီလူးကြီး လည်း ပြောကြား ပြီးလျှင် အိပ်ရာ ဝင်၏ ။


နောက် တစ်နေ့ နံနက် ဘီလူးကြီး ထွက်ခွာ သွားလျှင် သွားချင်း မင်သားကလေး သည် ဘီလူးကြီး ၏ နှလုံးသား ရှိသည့် နေရာ ကို မင်းသမီးကလေး ထံ မှ သိရှိရ သဖြင့် လိုဏ်ဂူ ၏ အပြင်ဘက် သို့ အလျင်အမြန် ထွက်ခဲ့၏ ။ အပေါက်ဝ တွင် ထိုင် စောင့်လျက် ရှိသည့် ဝံပုလွေ အား တွေ့ ရှိလျှင် ဂူအတွင်း ၌ ဖြစ်ပျက်သမျှ အကြောင်းစုံ ကို ဝံပုလွေ အား ပြောကြားပြီးလျှင် ဝံပုလွေ အား ဘီလူးကြီး နှလုံးသား ရှိရာ ကန်ကြီး သို့ ပို့ခိုင်း၏ ။


လယ်တော နှင့် သစ်တော အချို့ ကို ဖြတ်သန်း သွားကြပြီး နောက် ဝံပုလွေ နှင့် မင်းသားကလေး တို့ သည် ကန်ကြီး သို့ ရောက် ကြ၏ ။ ဝံပုလွေ သည် ရေကန်ကြီး ကို ဖြတ်ကူး၍ မင်းသား ကလေး အား ရေကန် အလယ် မှ ကျွန်းကြီး သို့ ပို့ပေး၏ ။ ကျွန်းကြီး အထက် ရှိ ဗိမာန် အလယ် တွင် ရေတွင်း တစ်တွင်း တွေ့၍ ထို ရေတွင်း ထဲ ၌ ဝမ်းဘဲ တစ်ကောင် သည် ပျော်ရွှင်မြူးထူး ၍ ဟိုမှ သည်မှ ကူးသန်းလျက် ရှိ၏ ။


ဝမ်းဘဲလေး ကို တွေ့လျှင် တွေ့ချင်း ပင် မင်းသားကလေး သည် ထို ဝမ်းဘဲ အား ချက်ချင်း ဖမ်း လိုက်၏ ။ ထိုသို့ ဖမ်းလိုက်စဉ် ပင် ဝမ်းဘဲ သည် ဥတစ်လုံး ကို ဥ လိုက်ရာ ကံအားလျော်စွာ ပင် ထို ဝမ်းဘဲဥ ရေ ထဲ သို့ ကျ မသွားမီ မင်းသားကလေး သည် ကပျာကယာ ဖမ်းယူ လိုက်နိုင်၏ ။ ထို ဝမ်းဘဲဥ သည် အခြား ဝမ်းဘဲဥများ ကဲ့သို့ အပေါ်ယံခွံ မှာ မာ၍ မနေဘဲဥ တစ်လုံးလုံး ပင် ပျော့စိ ပျော့စိ ဖြစ် နေလေသည် ။


ဝံပုလွေ သည် ထို ဥ အား ဖိညှစ်ရန် မင်းသားကလေး အား ပြောဆိုလေသည် ။ မင်းသားကလေး လည်း ဝံပုလွေ ဆိုသည့် အတိုင်း ပြု၏ ။ ထိုသို့ ညှစ်စဉ် ဘီလူးကြီး သည် နာကျင်လွန်းလှ ၍ အော်ဟစ် ရောက်လာ ပြီးလျှင် မင်းသားကလေး အား သူ့ အသက် ကို ချမ်းသာပေးရန် တောင်းပန်၏ ။ ထိုအခါ မင်းသားကလေး သည် ၎င်း နောင်တော် နှင့် မရီးတော် ၏ ကျောက်ရုပ်များ ကို လူ ဖြစ်အောင် ဘီလူးကြီး အား စေခိုင်း၏ ။ ဘီလူးကြီး လည်း မင်းသားလေး စေခိုင်းသည့် အတိုင်း ဆောင်ရွက်ရာ နောင်တော် နှင့် မရီးတော် တို့ အားလုံး မှာ ကျောက်ရုပ် မှ လူ ပြန်ဖြစ်လာကြ၏ ။


သို့ရာတွင် မင်းသားကလေး သည် ဘီလူးကြီး အား ချမ်းသာ မပေးပေ ။ လက်တွင်း ရှိ ဥ ကို ဖိညှစ်၍ ခွဲ လိုက်ရာ ဘီလူးကြီး လည်း နှလုံးကွဲ ၍ သေလေ၏ ။ ထို့နောက် မင်းသားကလေး သည် လိုဏ်ဂူ အတွင်း မှ ချစ်သူ မင်းသမီးကလေး အား ပြန်လည် ခေါ်ဆောင်၍ နောင်တော် ၊ မရီး တော်များ နှင့် အတူ တိုင်းပြည် သို့ ပြန်ခဲ့ကြ လေ၏ ။ တိုင်းပြည် သို့ ပြန် ရောက်ကြသော အခါ ဘုရင်ကြီး လည်း အားရ ရွှင်လန်းလျက် သမီးတော် ၊ သားတော်များ နှင့် အသက်ထက်ဆုံး ပျော်ရွှင်စွာ နေထိုင်ကြလေ၏ ။


☐ ကိုကြီးမြင့်သိန်း


📖 ရှုမဝ မဂ္ဂဇင်း

      ၁၉၆၂ ၊ အောက်တိုဘာ


.

မောင်ကြီးနန္ဒာ


 

❝ မောင်ကြီးနန္ဒာ ❞
( တက္ကသိုလ်နန္ဒမိတ် )

( ၁ )

အချိန်ကား သီပေါဘုရင် ကို အင်္ဂလိပ်တို့ ဖမ်းယူသွားပြီးနောက် ရခိုင်ပြည် ၊ သံတွဲနယ် ဘက်တွင် ဘုန်းကြီးဗိုလ် ၊ ဇော်ဂျီဗိုလ် ၊ ကျောက်စိမ်း ဗိုလ် ၊ မျက်ကန်းဗိုလ် တို့၏ ထကြွပုန်ကန်မှုများ တစ်ခုပြီး တစ်ခု ငြိမ်းအေးစ ပြုသော အခါ ဖြစ်လေသည် ။

မြင်းနှစ်ကောင် ကသော ဒေါက်ကပ်ကြီးတစ်စီးသည် တစ်ဖက် တစ်ချက်တွင် အဟောင်းပင်ကြီးများ ၊ ကညင်ပင်ကြီးများ စီတန်းပေါက် ရောက်လျက်ရှိသော မြေနီလမ်းကွယ်ကလေးပေါ်၌ တောင်ဘက်သို့ ဦးတည်ကာ တငြိမ့်ငြိမ့်လှိမ့်လျက်ရှိသည် ။

မြင်းခွာသံနှင့်အတူ ပေါ်ထွက်လာသော လှည်းဘီးကြိတ်သံတို့ သည် တောင်ဘက်အရပ်ဆီမှ မုတ်သုံလေဦးတွင် မြူးထူးလိုက်ပါလာ ကြသော လှိုင်းသံများကို ဖြိုခွင်းနေသည်ဟု ထင်ရ၏ ။ ဒေါက်ကပ် နောက်ဘက်တန်း ထိုင်ခုံပေါ်တွင်ကား အသက်ငါးဆယ်ခန့် လူကြီး တစ်ယောက်နှင့် အသက်သုံးဆယ်အတွင်းရှိ လူရွယ်တစ်ဦးသည် စကား တပြောပြောနှင့် ရထားယူဆောင်ရာသို့ လိုက်ပါလာကြ၏ ။

“ ကိုနန္ဒာ .. ဒီနေ့တော့ ကျုပ်တို့ ဓားကစားဖို့ အချိန်ရတော့မယ် မထင်ဘူး ။ ခုတောင် နေအတော်နည်းနေပြီ ”

အသက်ငါးဆယ်ခန့်လူကြီးက သူ့အိတ်ဆောင်နာရီကို ထုတ် ကြည့်ရင်း သူ့အနီးမှ လူရွယ်အား ပြောလိုက်သောကြောင့် ကိုနန္ဒာ ဟု အခေါ်ခံရသူ လူရွယ်က -

“ ဒီနေ့ ဓားမကစားရရင်လည်း ကိစ္စမရှိပါဘူး ဦးရဲ့ ။ ဦး တက်ပေး မယ်ဆိုတဲ့ ဗျူဟစက္ကိပျို့သာ ဒီနေ့ညတက်ရရင် ကျေနပ်ပါပြီ ” ဟု အေး ဆေးစွာ ပြန်ပြောလိုက်သဖြင့် ...

“ ဒါဖြင့် ကောင်းပြီလေ.. ၊ ညရှစ်နာရီလောက်သာ အိမ်ဘက် လာခဲ့ ၊ ခြံဝကနေပြီး ဦးသီဟ ... ဦးသီဟ လို့ ခေါ်လိုက်ရင် ကျုပ်လူတွေ က တံခါးဖွင့်ပေးပါလိမ့်မယ် ... ” ဟု အသက်ငါးဆယ်ခန့်လူကြီးက သဘောတူညီချက်ပေးလိုက်၏ ။

ဦးသီဟ ကား သျှောင်တစောင်းတွင် ခေါင်းပေါင်းကို အုပ်ပေါင်း ပေါင်းလျက် ကျယ်ပြန့်သော မဟာနဖူး ၊ ထူထဲသော မျက်ခုံး ၊ ကော့၍ ထောင်တက်နေသော နှုတ်ခမ်းမွေး ၊ ကြီးမားသော မေးရိုးတို့ကြောင့် ရင့်ကျက်သည့် ဣန္ဒြေကို ဆောင်နေ၏ ။ သည်အထဲတွင် အရပ်ကလည်း ထောင်ထောင်မောင်းမောင်း ၊ ကိုယ်ခန္ဓာကလည်း သန်သန်မာမာပင် ရှိနေ သောကြောင့် အသက်ငါးဆယ်အရွယ်သို့ ရောက်နေလင့်ကစား တစ်ဖက် သား၏ ကြောက်လောက်သည့် အသွင်သဏ္ဌာန် ပေါ်နေလေသည် ။

သူသည် အလုပ်အကိုင်အားဖြင့် ဆန်စပါးအရောင်းအဝယ် ၊ သစ် အရောင်းအဝယ်အလုပ်ကို လုပ်ကိုင်နေသော ကုန်သည်တစ်ဦးပင် ဖြစ် သော်လည်း သူ၏ ဥပဓိ ၊ သူ၏ ဣန္ဒြေ ၊ သူ၏ နေထိုင် ဆက်ဆံပုံတို့ကို ကြည့်၍ သံတွဲနယ်သူနယ်သားများက သူ့အား မြန်မာမှူးမျိုးမတ်နွယ်ထဲမှ ဆင်းသက်ပေါက်ဖွားလာသူ တစ်ဦးဟု ယူဆယုံကြည်နေကြလေသည် ။

ဤသို့ ယုံကြည်ရန်အတွက်လည်း တစ်ဖက်တစ်လမ်းမှ ဖြစ်နိုင် စရာ အကြောင်းအချက်များက ပေါ်ထွက်နေ၏ ။ ဤရခိုင်ပြည် သံတွဲမြို့ နယ်သို့ ဦးသီဟ  ရောက်လာသည့် အချိန်မှာ အထက်မြန်မာပြည် မန္တလေး နေပြည်တော်၌ သီပေါမင်း နန်းတက်စမင်းညီမင်းသား လေးဆယ်ကျော် အသ,တ်ခံရသည့်အချိန်နှင့် မရှေးမနှောင်းပင် ဖြစ်နေလေသည် ။

ကိုနန္ဒာ မှာမူ လွန်ခဲ့သော တစ်လခန့်ကမှ သံတွဲမြို့သို့ ရောက်ရှိလာသော အင်္ဂလိပ်သစ်ကုမ္ပဏီတစ်ခုမှ အဝယ်တော်ကလေးတစ်ဦး  ဖြစ်သည် ။

ဦးသီဟ မှာ မြို့ထဲတွင် အလုပ်ရုံဖွင့်ထားလျက် အမြဲတစေ နေထိုင် သောအခါ၌ကား မြို့နှင့်လေးမိုင်ခန့်ကွာသော ငပလီကမ်းခြေရှိ ငပလီ ရွာငယ်တွင် တိုက်အိမ်ကြီးတစ်လုံးနှင့် အေးအေးလူလူ နေထိုင်သော ကြောင့် သံတွဲနယ်ဘက်သို့ရောက်စ ကိုနန္ဒာ မှာလည်း အရောင်းအဝယ် အဆက်ဆံ မများသေးသည့်အလျောက် ဦးသီဟ ထံတွင် နည်းနာခံရင်း ဦးသီဟ  နေထိုင်သည့် ငပလီရွာတွင်ပင် လာရောက်တည်းခိုနေထိုင် လျက် ရှိလေသည် ။

ရထားသည် ရွာထဲသို့ ဝင်လာခဲ့ပြီးနောက် သပ်ရပ်သော အိမ် ကလေးတစ်အိမ်ရှေ့တွင် ရပ်လိုက်၏ ။ ထိုအိမ်ကား ကိုနန္ဒာ အတွက် အင်္ဂလိပ်သစ်ကုမ္ပဏီက နေရာချပေးထားသော အိမ်ကလေးပင် ဖြစ် လေသည် ။

“ ကဲ ဦးသီဟ ၊ ထမင်းစားပြီးမှပဲ ဗျူဟစက္ကိပျို့တက်ရအောင် လာခဲ့မယ် ”

ကိုနန္ဒာ သည် ရထားပေါ်မှဆင်းရင်း ဦးသီဟ အား ပြောလိုက်၏ ။ ဦးသီဟ သည် ခေါင်းတဆတ်ဆတ်ညိတ်ကာ ထိုနေရာမှ ထွက်ခွာသွား ပြီးနောက် မိုင်ဝက်ခန့်အကွာတွင်ရှိသော နှစ်ထပ်တိုက်ကြီးတစ်ခုရှေ့တွင် ရထားကို ရပ်တန့်လိုက်၏ ။

စိမ်းစိုသောအုန်းပင်များဖြင့် ဝန်းရံလျက်ရှိသော တိုက်ကြီးကား တိုက်ရိုးရိုးနှင့်မတူ ၊ ရှေးအခါက မြို့စားကြီးများ နေထိုင်ခဲ့သည့် ရဲတိုက် ကြီးနှင့်သာ တူနေလေသည် ။ အခန်းတိုင်းမှာပင် ဓာတ်မီးများဖြင့် ထိန် လင်းလျက်ရှိခြင်းအားဖြင့် ဦးသီဟ သည် အဘယ်မျှ ချမ်းသာသူတစ်ဦး ဖြစ်ကြောင်းကို ခန့်မှန်းနိုင်၏ ။

ရထား ရပ်တန့်လိုက်သည်နှင့်တစ်ပြိုင်နက် ခိုင်ခံ့ထူထဲသော ဝင်းခြံတံခါးကြီးပွင့်လာပြီး ခြံဝတွင်စောင့်နေသော လူနှစ်ယောက်သည် ဦးသီဟ အား ဦးခေါင်းညွှတ်၍ အရိုအသေပြုလိုက်ကြ၏ ။

ဦးသီဟ သည် ၂ ထပ်တိုက်ကြီး၏အလယ်တည့်တည့်တွင် ရှိသော လှေကားမှ မိမိအဆောင်ရှိရာအပေါ်ထပ်သို့ တက်ရောက်သွား လေသည် ။ တိုက်အိမ်ကြီး၏ လက်ဝဲဘက်တွင် အဆောင်နှစ်ဆောင်ကို ဆက်သွယ်ဆောက်လုပ်ထားပုံမှာ တစ်မျိုးဆန်းကြယ်သည်ဟု ထင်မှတ် ရ၏ ။ ဦးသီဟ ၏အဆောင်တွင်မူကား စာကြည့်ခန်း ၊ တရားအားထုတ် ခန်း ၊ ရှေးဟောင်းလက်နက်ကိရိယာများ ပြထားသည့်ပြခန်း စသည်ဖြင့် ခမ်းနားသပ်ရပ်လှပေသည် ။

ဤပြခန်းနှင့် စာကြည့်ခန်းတွင် ဦးသီဟ မြတ်နိုးသော စာအုပ်နှင့် လက်နက်များကို တွေ့မြင်နိုင်သော်လည်း တိုက်အိမ်ကြီး၏ လက်ဝဲဘက် အဆောင်နှစ်ဆောင်ထဲရှိ အခြားသော ဦးသီဟ မြတ်နိုးသည့် အရာနှစ်ခု ကိုမူ လူတိုင်းမြင်တွေ့နိုင်ရန် ခဲယဉ်းပေသည် ။

( ၂ )

ညရှစ်နာရီထိုးရန် ဆယ်မိနစ်ခန့်အလိုတွင် ကိုနန္ဒာ သည် အောက် ထပ်ရှိ ဦးသီဟ ၏စာသင်ခန်းသို့ ရောက်လာခဲ့လေသည် ။

ကျောင်းသားကလေးတစ်ယောက်သည် ဆရာကြီးရှေ့မှောက်သို့ ကြောက်ကြောက်နှင့် ရောက်လာရသကဲ့သို့ ကိုနန္ဒာ သည် ဦးသီဟ ကဲ့သို့ ပင် ကုန်သည်တစ်ဦး ဖြစ်လင့်ကစား ဦးသီဟ ၏အရှိန်အဝါကို ရွံ့ ကြောက်နေမိသည် ။ ထိုကြောင့်လည်း ကိုနန္ဒာ ၏အမူအရာမှာ ကျောင်း သားကလေးတစ်ယောက်၏ အမူအရာမျိုး ဖြစ်နေလေသည် ။ သူ၏ လက်တွင်ကား မြန်မာအမတ်ကြီး လက်ဝဲသုန္ဒရ စီရင်ရေးသားသော အလောင်းမင်းတရားကြီးနှင့်တကွ ရှေးမြန်မာမင်းအဆက်ဆက်တို့၏ စစ်ဆင်စစ်ခင်းနည်းအတတ်များကို ဖော်ပြထားသည့် ဗျူဟစက္ကိပျို့ စာအုပ်ကို ကိုင်ထား၏ ။

စာသင်ခန်းတွင် အသုံးအဆောင်များများမရှိ ၊ စားပွဲကြီးတစ်လုံး နှင့် ကု,လားထိုင်လေးငါးလုံးခန့်သာ ရှိလျက် နံရံတစ်ခုပေါ်တွင်ကား ရှေးမြန်မာအဝတ်အစားကို ဝတ်ဆင်လျက် ပူးတွဲရိုက်ကူးထားသော မိန်းမ ပျိုနှစ်ယောက်၏ ဓာတ်ပုံတစ်ခုသာ ရှိလေသည် ။

ကိုနန္ဒာ သည် ရှစ်နာရီထိုးရန် ငါးမိနစ်ခန့်လိုသေးရကား မိမိ၏ စိတ်ကို သက်သာစေလိုသော သဘောဖြင့် ဓာတ်ပုံထဲမှ မိန်းမပျိုနှစ်ဦး ကို အမှတ်မထင် စိုက်၍ ကြည့်နေမိသည် ။

မိန်းမပျိုနှစ်ဦးကား တစ်ယောက်နှင့် တစ်ယောက် ရွေးမရအောင် တူလှသည် ။ မျက်နှာသွယ်ပုံ ၊ နှာတံစင်းပုံ ၊ ပါးစပ်ကလေးများ ပြုံးနေပုံ မှစ၍ ကိုယ်နေကိုယ်ထား အရပ်အနိမ့်အမြင့်ချင်းလည်း တူလှပေသည် ။

ဦးသီဟ တွင် သမီးနှစ်ယောက်ရှိကြောင်းကိုကား ကြားဖူးသလိုလို ရှိခဲ့၏ ။ သို့သော် ဦးသီဟ ကိုယ်တိုင်ကမူကား သူ၏သမီးနှစ်ယောက် အကြောင်းကို တစ်ခါမှ ထုတ်ဖော်ပြောကြားခဲ့ခြင်းမပြု ။ ကိုနန္ဒာ မှာ လွန် ခဲ့သော ဆယ်ရက်လောက်ကမှ ဦးသီဟ ထံတွင် ဓားရေးကို သင်ကြားခဲ့ သူဖြစ်သည် ။ သို့သင်ကြားရာ၌လည်း ဦးသီဟ သည် သူ၏အိမ်နှင့် အတော်ဝေးကွာသော ဥယျာဉ်ထဲတွင် သင်ကြားပေးခဲ့ခြင်းသာ ဖြစ်သော ကြောင့် ဦးသီဟ အိမ်ပေါ်သို့လည်း တစ်ခေါက်မျှ ရောက်ဖူးခဲ့ခြင်းမရှိ ၊ ယနေ့မှပင် ဦးသီဟ က ရှေးမြန်မာတို့၏ စစ်ဆင်စစ်တက်နည်းကို ကျကျ နန သင်ပေးမည်ဟု ပြောသဖြင့် သူ့အိမ်သို့ လာခဲ့ခြင်းဖြစ်သည် ။

ကိုနန္ဒာ သည် များမကြာမီပင်လျှင် အိမ်ကြီးပေါ်မှ အောက်ထပ် သို့ ဆင်းလာသော ခြေသံများကို ကြားရ၏ ။

“ ဪ …. ကိုနန္ဒာ  ၊ ရောက်နှင့်နေမှကို ... ”

ဦးသီဟ က အခန်းတွင်းသို့ ဝင်လာရင်း ဧည့်သည်ကို နှုတ်ဆက် လိုက်၏ ။ သူ၏နောက်နားတွင်ကား ကိုနန္ဒာ ဓာတ်ပုံထဲတွင် မြင်ရသော မိန်းမပျိုနှစ်ယောက် ။

ကိုနန္ဒာ သည် ဦးသီဟ နောက်နားတွင် ကပ်၍လိုက်လာသော မိန်းမပျိုနှစ်ယောက် ကို လှမ်း၍ ကြည့်လိုက်ရာ မိုးသားကင်းစင်သော ကောင်းကင်ပြင်တွင် လမင်းနှစ်စင်း တစ်ပြိုင်နက် ထွန်းလင်းနေသကဲ့သို့ ထင်မှတ်လိုက်ရသည် ။ သူသည် မန္တလေးတွင်နေစဉ်က မင်းမျိုးမင်းနွယ် တို့၏ အဆက်အနွှယ်တို့ကို မြင်ဖူးလှပြီဖြစ်သော်လည်း သူ ယခုမြင်ရ သော မိန်းမပျိုနှစ်ဦးကဲ့သို့ မဟာဆန်သော ရုပ်မျိုးကို မတွေ့ခဲ့ ။

“ ဒါ …. ဦးသမီးနှစ်ယောက်ပဲ ၊ ဟောဒါက မြမျက်ချယ် ၊ ဟောဒါက လှသက်လှယ်  ”

ဦးသီဟ က သူ့သမီးနှစ်ယောက်ကို အင်္ဂလိပ်လူမျိုးဆန်ဆန် ကိုနန္ဒာ နှင့် မိတ်ဆက်ပေးနေပြန်သောကြောင့် ကိုနန္ဒာ မှာ အံ့သြ၍မဆုံး ဖြစ်နေလေသည် ။ အစက သမီးနှစ်ယောက်ရှိကြောင်းကို နားမှ လေစ မဟခဲ့သော ဦးသီဟ သည် ယခုအချိန်တွင် အနောက်တိုင်းသားပင် ဆန် နေပေပြီ ။

“ မျက်ချယ်နဲ့ သက်လှယ်ကို ရတုတွေ သင်ပေးပြီးလို့ ပျို့ကို သင်မလို့ ကြံနေတုန်း ကိုနန္ဒာ ကလည်း ဗျူဟစက္ကိပျို့တက်ချင်တယ်ဆိုတာ နဲ့ သူတို့ပါ တစ်ခါတည်း ရောပြီး ပြရမှာပဲ ... ”

ဦးသီဟ က သူ့သမီးနှစ်ယောက် ခေါ်လာခဲ့သည့် အကြောင်းကို ရှင်းပြပြီး ကုလားထိုင်တစ်လုံးတွင် ဝင်ထိုင်လိုက်၏ ။ ကိုနန္ဒာ နှင့် မျက်ချယ် ၊ သက်လှယ်တို့ ညီအစ်မနှစ်ယောက်ပါ ကု,လားထိုင်အလွတ် အသီးသီးတွင် နေရာယူလိုက်ကြသည် ။

“ ကဲ … စ, ကြစို့ ”

ဦးသီဟ က စာအုပ်ကို ဖွင့်လိုက်ပြီ ။

“ အောင်မြေဒီပါ ၊ ကျွန်းလက်ယာထက် ၊ မင်္ဂလာအခေါင် ၊ ရွှေ အရောင်တိ ၊ ရွှေတောင်လျှံပြေး ၊ မန္တလေးက ၊ ချီကြွေးနုမော် ၊ ဗျာဒိတ်တော် ဖြင့် ၊ ပြည်ကျော်ဌာန ၊ အမရကို ၊ တောက်ပဝင်းဝင်း ၊ အောင်မြေနင်း၍ .. ” ဟူသော ဗျူဟစက္ကိပျို့ ပထမပိုင်းမှ အစပိုဒ်ကို လျှောက်၍ဖတ်နေသော ကြောင့် ကိုနန္ဒာ လည်း မျက်စိအစုံကို စာအုပ်ပေါ်သို့ စိုက်၍ ချထား လိုက်ရလေသည် ။

( ၃ )

အထက်ရှုပ်၍ အောက်ခြေရှင်း နေသော အုန်းတောကြီး၏ အရိပ် အောက်ဝယ် ဦးသီဟ တစ်ယောက်သာ မပါပါက ကျန်ရှိသောသူ သုံးဦး သည် လူသတ္တဝါမှ ဟုတ်ပါလေစဟု ယိုးမှားထင်မှတ်ဖွယ်ရှိသည် ။

အပြာရောင်ပင်လယ်နှင့် ကောင်းကင်ကို နောက်ခံကားချပ်သဖွယ် ထား၍ စိမ်းညို့သော အုန်းတော ၊ ထိုအုန်းတောအလယ်မှ ရွှေဝါရောင် ညီအစ်မနှစ်ဖော် ၊ သူတို့နှစ်ယောက်အနီးတွင်ကား ခံ့ချောချောသော ကိုနန္ဒာ ၊ သူတို့သည် ပျော်ပွဲစား ထွက်လာခဲ့ကြခြင်း ဖြစ်လေသည် ။

“ ကဲ မြမျက်ချယ် ၊ ဟောဒီ စပျစ်သီးကလေး စားလိုက်စမ်းပါ ။ စားလေ လှသက်လှယ် ၊ ဒီတစ်ပတ် သင်္ဘောကြုံတာနဲ့ မောင်ကြီးတို့ ကုမ္ပဏီက ဒီမှာရှိတဲ့ အရာရှိကြီးတွေအတွက် လက်ဆောင်ပေးရင်း မောင်ကြီးဖို့ပါ ထည့်ပို့လိုက်တာ ”

ကိုနန္ဒာ က အထူးစေတနာကောင်းနေလေသည် ။ ဦးသီဟ ကား စပျစ်သီးကို မြုံ့ရင်း အုန်းတောကို ဖြတ်၍ ပင်လယ်ပြင်သို့ ငေးစိုက်နေ လေသည် ။

“ မြမျက်ချယ်  ၊ ခု မောင်ကြီးတို့ ‘ စစ်ပျို ’ ပေါ့နော် ”

ကိုနန္ဒာ က သူသင်ကြားထားသော ဗျူဟစက္ကိပျို့မှ စကားလုံး တစ်လုံးကို ကိုးကား ရည်ညွှန်း၍ ပြောလိုက်၏ ။ ‘ စစ်ပျို ’ ဆိုသည်မှာ စစ်သည်တော်များ နေ့ရက်ကြာညောင်း၍ အစားအစာ ဆွံ့ရှားနေသော အခါ တိုင်းတော်ပြည်တော်မှ စားရေရိက္ခာတို့ သယ်ယူ၍ ကျွေးမွေးခြင်း ပင် ဖြစ်သည် ။

မြမျက်ချယ် က မြလက်စွပ် ဝတ်ထားသော ဘယ်လက်ကလေး ဖြင့် သူ့ပါးစပ်ကလေးကို မလုံ့တလုံပိတ်ကာ တခစ်ခစ် ရယ်လိုက်ပြီး

“ စစ်ပျိုမဟုတ်ပါဘူး မောင်ကြီး နန္ဒာ …. ၊ စစ်ရွှင်ပါ ”

“ စစ်ရွှင် ” ဆိုသည်မှာ အခြားတိုင်းပြည်ကို အောင်မြင်သောအခါ စစ်သည်သူရဲတို့အား ထိုတိုင်းပြည်မှ ထိုက်သင့်သော ပစ္စည်းဥစ္စာတို့ကို ယူခွင့်ပေး၍ ဘုရင်မင်းမြတ်မူကား မိမိလိုရာ ဘဏ္ဍာပစ္စည်းကို မိမိ သဘောအလျောက် ရွေးချယ်ယူနိုင်ခြင်းဖြစ်သည် ။

“ စစ်ရွှင်ဟုတ်လား ၊ စစ်ရွှင်ရအောင် မောင်ကြီးတို့က ဘယ် တိုင်းပြည်မှ တိုက်လည်း မတိုက်ရသေး ၊ နိုင်လည်း မနိုင်သေးဘဲနဲ့ ”

“ တိုက်ရင်နိုင်မယ်လို့ သိနေရတဲ့ တိုင်းပြည်ကိုမှ ဝင်ပြီး မတိုက် သေးတာ စစ်ဘုရင်ညံ့လို့ပေါ့ ”

“ အင်း ... အင်း ... ဟုတ်ပါလိမ့်မယ် ၊ တိုက်ရင် နိုင်မယ်ဆိုရင်တော့ တိုက်မယ့်လူချည်းပဲပေါ့ဗျာ ၊ မဟုတ်ဘူးလား လှသက်လှယ် ”

“ ဟုတ်တယ် ” လှသက်လှယ် က ဝင်ပြောလိုက်၏ ။

“ ဒါပေမဲ့ မောင်ကြီးတို့လို စစ်တိုက်ဖို့ ကြောက်တဲ့ လူဆိုရင်တော့ ဘယ်လိုပဲ တိုက်တိုက် နိုင်မှာ မဟုတ်ဘူး ”

“ အေးဗျာ .. ကြောက်တယ် မကြောက်ဘူးဆိုတာတော့ စစ်မြေ ပြင်ရောက်မှပဲ သိရမှာပေါ့ ။ ကဲ ... လာလာ လှိုင်းစီးထွက်ကြရအောင် ”

ကိုနန္ဒာ က ပြောပြောဆိုဆို လှေရှိရာ ကမ်းစပ်သို့ ထွက်လာသော ကြောင့် မြမျက်ချယ် နှင့် လှသက်လှယ် တို့ ညီအစ်မပါ နောက်က လိုက် လာကြလေသည် ။

“ ကဲ .. လေလည်း အငြိမ်သားပဲ ၊ ဟိုဘက် ကျွန်းဆွယ်ကလေးထိ သွားရအောင် ”

ကိုနန္ဒာ က ပဲ့မှလှော်ရင်း တစ်မိုင်ခန့်ဝေးသော ကျွန်းဆွယ်ကလေး ကို ညွှန်ပြလိုက်၏ ။ မြမျက်ချယ် တို့ ညီအစ်မနှစ်ယောက်က အုန်းတောထဲ တွင် ထိုင်၍ ကျန်ရစ်ခဲ့သော ဦးသီဟ ဆီသို့လှမ်းကြည့်ပြီးနောက် ကိုနန္ဒာ  ၏ အကြံပေးချက်ကို ခေါင်းညိတ်လိုက်ကြ၏ ။

လှေကလေး သည် လှိုင်းခေါင်းဖြူကြီးများပေါ်တွင် တအိအိ ရွေ့ လျားရင်း ကျွန်းဆွယ်ကလေးနှင့် နီးလာလေသည် ။ ကျောက်တန်းများ ပေါ်တွင် ပေါက်နေသော ကျောက်ခက် ကျောက်ပန်းကလေးများမှာ နေရောင်တွင် တောက်ပနေ၏ ။ ကျွန်းဆွယ်ကလေး၏ အခြား အကွေ့ တွင် ပင်လယ်ခိုများ ရစ်ဝဲပျံသန်းနေကြ၏ ။

လှေဦးသည် ဖြူလွလွသဲသောင်ပြင်ပေါ်သို့ မှေးတင်လိုက်၏ ။ ကိုနန္ဒာ သည် လှေဦးပေါ်မှ ကျောက်တုံးကို ကမ်းစပ်ပေါ်သို့ ချထားလိုက် ပြီး မြမျက်ချယ် နှင့် လှသက်လှယ် တို့ ညီအစ်မဘက်သို့ လှမ်းတဲ့ကာ

“ မောင်ကြီးတော့ ဒီဘက်ကျွန်းစွယ်ကလေး ရောက်အလာ ဒဂုန် ကနေ သံလျင်ကူးပြီး မွေ့နွန်းနဲ့ တွေ့ ခဲ့တဲ့ နန္ဒာမင်းသားကို သွားသတိရ မိတယ် ... ” ဟု ပြောလိုက်သောကြောင့် လှသက်လှယ် က ...

“ အမယ် … မောင်ကြီး ကလည်း ၊ ကိုယ့်ဟာကိုယ် မင်းနန္ဒာကိုယ် တော်ကြီးများ ဝင်စားတယ် ထင်နေတယ်နဲ့ တူတယ် ။ ဒါဖြင့်လည်း သံလျင်ထိပ်ထားမွေ့နွန်းမင်းသမီးတစ်ပါးတော့ ရှာပေးရဦးမယ် ” ဟု ခနဲ့တဲ့တဲ့ ပြောလိုက်သဖြင့် မြမျက်ချယ် ကလည်း အားကျမခံ..

“ ဟုတ်တယ် ၊ မောင်ကြီး ဟာ ရှေးရှေးတုန်းက မင်းနန္ဒာကိုယ်တော်ကြီး ဝင်စားတာဖြစ်မှာပဲ ၊ မွေ့နွန်းထိပ်ထားကလေးတော့ ဒီကျွန်း ပေါ်ကပဲ မောင်ကြီး ကို မျှော်နေသလား မသိပါဘူး ။ တစ်ကျွန်းလုံးပတ်ပြီး ရှာကြည့်ရအောင် ” ဟု လေပြေထိုးလိုက်ပြန်သောအခါ ကိုနန္ဒာ မှာ မနေ သာတော့ဘဲ

“ ဟို ... ရှေးရှေးတုန်းက မွေ့နွန်းထိပ်ထား ဆိုတာ မြမျက်ချယ် တို့ ၊ လှသက်လှယ် တို့ ညီအစ်မ လောက် လှမယ် မထင်ပါဘူးဗျာ ။ မောင်ကြီး သာ မင်းနန္ဒာကိုယ်တော်ကြီးဆိုရင်တော့ ... ” ဟု စကားဆက်ရမည် ခက်သဖြင့် ရုတ်တရက်ဖြတ်ထားလိုက်သည်တွင် မြမျက်ချယ် ရော လှသက်လှယ် ပါ ပြိုင်တူလိုလိုပင် ...

“ မောင်ကြီးသာ မင်းနန္ဒာ ကိုယ်တော်ကြီး ဆိုရင် မွေ့နွန်းထိပ်ထား ကို ပစ်သွားနိုင်မှာ မဟုတ်ပါဘူး ” ဟု ရယ်ရယ်မောမော ပြောလိုက် သောကြောင့် ကိုနန္ဒာ လည်း ချေပစရာစကားစရှာ၍ မတွေ့သဖြင့် မြမျက်ချယ် တို့ ညီအစ်မ နှင့် ရောနှော ရယ်မောလိုက်ရလေသည် ။

ကျွန်းဆွယ်ကလေး တစ်ဝိုက်တွင် သုံးဦးသား ရယ်မောလိုက်သော အသံက ပဲ့တင်ရိုက်၍ မဆုံးမီ တဒိုင်းဒိုင်း ပစ်ခတ်လိုက်သော သေနတ်သံ များ ပေါ်ထွက်လာ၏ ။ ကိုနန္ဒာ သည် မြမျက်ချယ် တို့ညီအစ်မနှစ်ယောက် ကို တစ်ပြိုင်တည်းဆွဲ၍ မြေကြီးပေါ်သို့ တွန်းလှဲပြီးနောက် သူကိုယ်တိုင် ပါ ပြားပြားမှောက်ချလိုက်၏ ။

ကျည်ဆန်များသည် သူတို့ခေါင်းပေါ်မှ တဝီဝီမြည်၍ ဖြတ်ကျော် သွားကြလေသည် ။

ကိုနန္ဒာ သည် ခါးထဲမှ ခြောက်လုံးပြူးသေနတ်ကို ဆွဲထုတ်ပြီး နောက် ရှေ့သို့ တွား၍ တက်လိုက်၏ ။ တစ်ဖက်မှ ရန်သူသည် အရိပ်အကဲ ကို စောင့်ကြည့်နေသကဲ့သို့ ထင်ရ၏ ။ အပစ်အခတ် ရပ်နေပြန်သည် ။

“ သတ္တိရှိရင် ပစ်စမ်းဟေ့ ... ”

ကိုနန္ဒာ က အော်ဟစ်ရင်း ရှေ့သို့ တိုးလိုက်ပြန်သည် ။ တစ်ဖက် မှ ပစ်လွှတ်လိုက်သော ကျည်ဆန်တစ်ခုသည် ကိုနန္ဒာ အကာအကွယ် ယူလိုက်သော သစ်ပင်ခြေရင်းအနီးမှ ကျောက်တုံးကလေးကို ထိမှန် ပေါက်ကွဲသွားလေသည် ။ ကိုနန္ဒာ သည် သစ်ပင်ခြေရင်းကို အကာ အကွယ်ယူရင်း ရန်သူကျည်ဆန်လာရာဘက်သို့ နှစ်ချက်တိတိဆက်၍ ပစ်လိုက်ပြီးနောက် သစ်ပင်ခြေရင်းမှနေ၍ သူနှင့် ဓားလွယ်ခုတ်နှစ်လံ အကွာလောက်တွင် ရှိသော ကျောက်တုံးကြီး ဘေးသို့ ပြေးကပ်လိုက်၏ ။ ရန်သူ့ကျည်ဆန်များသည် သူ အကာအကွယ် ယူခဲ့သော သစ်ပင်ခြေရင်း ကို သွား၍ ထိမှန်ကြလေသည် ။

“ ဗျို့ကိုနန္ဒာ ၊ သတိမလစ်စေနဲ့ ၊ ကျုပ်တို့လာပြီ ”

ရေလယ်မှနေ၍ ဟစ်အော်ပြောလိုက်သော ဦးသီဟ အသံကို ကြားရ၏ ။ ကိုနန္ဒာ သည် ရန်သူဘက်သို့ နားစွင့်လိုက်ပြီး နောက်တစ်ချက် ထပ်၍ ပစ်လိုက်၏ ။ ရန်သူဘက်မှ ပစ်ခတ်သံများ စဲသွားလေသည် ။

ကျွန်းဆွယ်ကမ်းစပ်ပေါ်သို့ လှေတစ်စင်း ထိုးဆိုက်လိုက်ပြီး နောက် ဦးသီဟ နှင့်အတူ တပည့်လေးငါးခြောက်ယောက်ကို သေနတ် ကိုယ်စီနှင့် မြင်ရလေသည် ။

“ ဗျို့ ... ဦးသီဟ ၊ ကျွန်တော်တို့ ဒီမှာ ... ”

ကိုနန္ဒာ က အသံပြုလိုက်သောကြောင့် ဦးသီဟ နှင့် နောက်လိုက် တပည့်များသည် ကိုနန္ဒာ တို့ နေရာသို့ ရောက်လာကြ၏ ။

“ ဒီကောင်တွေ ဒီလောက်ဆို ထွက်ပြေးကြပါပြီ ”

ကိုနန္ဒာ က ဆီးကြို၍ပြောလိုက်လေသည် ။ ဦးသီဟ သည် အနည်း ငယ်မျှ တုန်လှုပ်ဟန်မပြဘဲ သူ့သမီးနှစ်ယောက်ကို အားပေးစကားပြော နေရာမှ ကိုနန္ဒာ ဘက်သို့ လှည့်၍..

“ သတ္တိရှိတဲ့ လူစားတွေ မဟုတ်နိုင်ပါဘူး ကိုနန္ဒာ  ” ဟု ကိုနန္ဒာ  စကားကို ထောက်ခံ၍ ပြောဆိုလိုက်၏ ။

“ ကိုင်း ... ကိုင်း ... ပြန်ကြရအောင် ... ”

လှေနှစ်စင်းသည် ရှေ့ဆင့်နောက်ဆင့် ကမ်းခြေသို့ လှော်ခတ် ခဲ့ကြလေသည် ။

( ၄ )

“ စစ်မှာ အစီအရင် ၇ ပါးရှိတယ် ”

စားပွဲထိပ်တွင် ထိုင်နေသော ဦးသီဟ က ကိုနန္ဒာ နှင့် မျက်ချယ် ၊ သက်လှယ် ညီအစ်မနှစ်ယောက်အား ရှေးမြန်မာတို့၏ စစ်အစီအစဉ်ကို စီကာပတ်ကုံး ရှင်းပြနေ၏ ။ ညမှာ တိတ်ဆိတ် ငြိမ်သက်လှသဖြင့် ဦးသီဟ ၏ အသံသည် ပို၍ကျယ်လောင်သည်ဟု ထင်ရသည် ။

ဦးသီဟ သည် လက်ချိုးရေတွက်ရင်း

“ စစ်အစီအစဉ် ၇ ပါး ဆိုတာဟာ စစ်အင်္ဂါ ၊ စစ်ချီ ၊ စစ်ကပ် ၊ စစ်ထိုး ၊ စစ်ခံ ၊ စစ်ဖျက် ၊ စစ်ပြန် အဲဒီ ၇ ပါးကနေပြီး တစ်ခုစီ တစ်ခုစီ ခွဲထုတ်လိုက်ရင် စစ်အင်္ဂါဆိုတာမှာ ၇ မျိုး ၊ စစ်ချီတာမှာ ၄ မျိုး ၊ စစ်ကပ်တာမှာ ၂ မျိုး ၊ စစ်ထိုးတာမှာ ၆ မျိုး ၊ စစ်ခံတာ ၆ မျိုး ၊ စစ်ဖျက်တာ ၆ မျိုး ၊ စစ်ပြန်တာ ၃ မျိုးဆိုပြီး ရှိပြန်တယ် ”

“ စစ်ထိုးတဲ့ ၆ မျိုးက ဘယ်လိုဟာမျိုးလဲဦး ”

“ ဂဠုန်တောင်လို ၊ ရေယဉ်လို ၊ နွားလားဥသဘလို ၊ လေးညို့လို ၊ မကန်းကွက်လို ၊ မြွေတွားသလို စစ်ထိုးခြင်းဆိုပြီး ၆ မျိုး ရှိတယ် ”

“ ကိုယ့်ရန်သူက ကိုယ့်ကို ဦးပြောတဲ့နည်း ၆ မျိုးနဲ့ စစ်ထိုးပြီဆို ပါတော့ ၊ ကိုယ်က ဘယ်လို စစ်ခံရမလဲ ”

“ စစ်ထိုးခြင်း ၆ မျိုးကို စစ်ခံခြင်း ၆ မျိုးနဲ့ ခံနိုင်တာပေါ့ ကိုနန္ဒာ ။ ရင်ပေါင်တန်းငှက်လို ၊ ကင်းလက်မလို ၊ လှည်းဦးကင်းလို ၊ ပျားလပို့ လို ၊ ကျီးခြေလို ၊ ခုံလောက်လို စစ်ခံခြင်း ခြောက်မျိုးရှိတယ် ”

“ တကယ်လို့ ရန်သူက ဦးပြောတဲ့ ခံစစ်ခြောက်မျိုးနဲ့ ခံနေပါပြီတဲ့ ၊ ကျွန်တော်တို့က အဲဒီခံစစ်ကို ဘယ်လို ဖျက်နိုင်မလဲ ”

“ ဒီလိုဖျက်ဖို့ကျတော့လည်း နည်းရှိတာပါပဲ ကိုနန္ဒာ  ၊ ရန်သူက လှည်းဦးကင်းစစ်နဲ့ ခံနေရင် ကိုယ်က ဂဠုန်တောင်စစ်နဲ့ဖျက် ၊ ရန်သူက ခုံလောက် သဏ္ဌာန်စစ်နဲ့ ခံနေရင်ကိုယ်က ဥသဘစစ်နဲ့ဖျက် ၊ ရန်သူက ရင်ပေါင်တန်းစစ်နဲ့ဖြစ်ဖြစ် ၊ ကင်းလက်မစစ်နဲ့ ဖြစ်ဖြစ် ခံနေရင် ကိုယ်က ရေယာဉ်စစ်နဲ့ ဖျက်ရတယ် ။ ရန်သူက ကျီးခြေစစ်နဲ့ ခံရင် မကန်းစစ်နဲ့ ဖျက် ။ ပျားလပို့ စစ်နဲ့ခံရင် မြွေတွားစစ် ၊ လေးညှို့စစ်နဲ့ ဖျက်နိုင်တာပေါ့ …. ”

“ ဒီပြင် စစ်တိုက်နည်းများ ရှိသေးလား ဦး ”

“ ဟာ ... ရှိတာပေါ့ ကိုနန္ဒာ ၊ ဟိုတစ်နေ့က တိုက်တဲ့ဟာမျိုးဆိုရင် ကာက ဗျူဟာခေါ်တဲ့ တိုက်နည်းပေါ့ ”

ကိုနန္ဒာ က ခေါင်းကို တစ်ချက်ကုတ်လိုက်ပြီး ...

“ ကာကဗျူဟာ ဆိုတာ ဘယ်လိုဟာ ခေါ်သလဲဦး ”

“ ကာကဗျူဟာ ဆိုတာ ကျီးရဲ တိုက်နည်းပေါ့ ။ ကျီးရဲဟာ လူပုံထဲ ကို ပျံဝဲပြီး ငါးတွေ ၊ အမဲသားတစ်တွေကို သုတ်ယူသလိုပဲ ကိုယ့်ဘက် က စစ်အင်အားနည်းပေမဲ့ သူ့ဘက်က စစ်သည်အများကြားထဲကို ရုတ်တရက်ဝင်ပြီးလိုက်လံ တိုက်ခိုက်တဲ့ နည်းမျိုးပေါ့ ။ ကိုနန္ဒာ ဟိုနေ့က တိုက်တာလည်း ဒီနည်းပဲ မဟုတ်လား ”

“ ကျွန်တော်တော့ ဘယ်နည်းမှန်း မသိပါဘူးဦး ။ မျက်ချယ်နဲ့ သက်လှယ်တို့ ညီအစ်မနှစ်ယောက် ပါနေတာနဲ့ပဲ အရဲစွန့်လိုက်ရတာ ပါ ၊ တကယ်တော့ ကျွန်တော် ကျီးရဲတိုက်နည်းလည်း မသိ ၊ ကျီးရဲလို လည်း သတ္တိ မရှိပါဘူး ”

ဦးသီဟ က တစ်ချက်ပြုံးလိုက်ပြီး ...

“ အင်း .. ကိုနန္ဒာ က သတ္တိမရှိပေလို့ပဲ ၊ သတ္တိများရှိရင် ” ဟု ဆိုကာ စကားကို အဆုံးမသတ်ဘဲ ကိုနန္ဒာ ကို အဓိပ္ပာယ် တစ်စုံတစ်ရာ သက်ရောက်သော အကြည့်မျိုးဖြင့် တစ်ချက်မျှ စူးစိုက်၍ ကြည့်လိုက် သောကြောင့် ကိုနန္ဒာ ကလည်း ...

“ ဒီလောက်နဲ့တော့ သတ္တိရှိတယ်လို့ ခေါ်နိုင်မယ် မထင်ပါဘူး ဦးရယ် ၊ ဒါမျိုးလောက်တော့ သူသူငါငါ လုပ်နိုင်လောက်တဲ့ အလုပ်မျိုး ပါ ။ ဦးတို့ လုပ်ခဲ့တဲ့ အလုပ်မျိုးသာ သတ္တိရှိတယ်လို့ မှတ်တမ်းတင် လောက်တာပါ ” ဟု ပြောလိုက်ရာ ဦးသီဟ သည် ထိုင်ရာမှ ဖြုန်းခနဲ ရပ်လိုက်ပြီး ...

“ ကိုနန္ဒာ  ဘာပြောတယ် ၊ ဦးတို့ လုပ်ခဲ့တဲ့ အလုပ် ဘာအလုပ်ကို ဆိုလိုတာလဲ ” ဟု အလျင်စလို မေးလိုက်လေသည် ။ ကိုနန္ဒာ က လေအေးအေးနှင့်ပင် ...

“ ဪ …. တခြား ဟုတ်ပါရိုးလား ဦးရယ် ၊ သေနတ်တွေ တဒိန်းဒိန်း ပစ်နေတဲ့ကြားက ကျွန်တော်တို့ ရောက်နေတဲ့ ကျွန်းဆွယ်ကို ကူးလာဝံ့တာဟာ နည်းတဲ့ သတ္တိလား ” ဟု အဖြေပေးလိုက်သည့်တိုင် ဦးသီဟ ၏မျက်နှာပေါ်တွင် ကိုနန္ဒာ ၏အဖြေကို မကျေမချမ်းဖြစ်နေသည့် အရိပ်လက္ခဏာများ ပေါ်နေလေသည် ။

ထိုအခိုက်တွင် စာသင်ခန်းတံခါးသည် ရုတ်တရက်ပွင့်သွားပြီး နောက် အသက်ငါးဆယ်ကျော်ခန့် ပိန်ပိန်ရှည်ရှည် လူတစ်ယောက် သည် အတွင်းသို့ ဝင်လာလေသည် ။

ဦးသီဟ သည် ဝင်လာသူကို မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် ကျားကို မြင်လိုက်ရသော သမင် ၊ ခြင်္သေ့ကို မြင်လိုက်ရသော မြေခွေး ကဲ့သို့ တစ်ကိုယ်လုံး တဆတ်ဆတ်တုန်နေသော်လည်း တတ်နိုင်သမျှ ဟန်ဆောင်ကာ -

“ ဟေ့ ဖိုးကျော် ၊ ငါကတော့ မင်း သေပြီ သတင်းကြားလို့ ” ဟူသော စကားကို အထစ်ထစ်အငေါ့ငေါ့နှင့် ပြောလိုက်၏ ။ ဝင်လာသူ သည် မြမျက်ချယ် နှင့် လှသက်လှယ် ညီအစ်မနှစ်ယောက်အား မျက်ရည် ပြည့်လျှမ်းသော မျက်စိအစုံဖြင့် ကြည့်လိုက်ပြီး တစ်စုံတစ်ခုကို ဆုံးဖြတ်ချက် ချပြီးသူကဲ့သို့ ခါးတွင် ပတ်ထားသော သံပြားရှည်ရှည်ကို ဖြုတ်လိုက် ၏ ။ သူ့လက်ထဲသို့ ရောက်သောအခါတွင်ကား ထိုသံပြားသည် ထက် သော ဓားတစ်ချောင်းဖြစ်ကြောင်းကို ကိုနန္ဒာ က သိရှိလိုက်လေသည် ။

“ ဟေ့ ... ငကျွဲ ”

ဝင်လာသူက ဦးသီဟ အား မိုးချုန်းသံကြီးဖြင့် ခေါ်လိုက်၏ ။

“ နင်ကများ … မင်းထိုက် စိုးတန် နာမည်ခံပြီး ပုန်းနေရင် လွတ်မယ် ထင်နေတာ အံ့သကွာ ။ ဖိုးကျော် အကြောင်း ငယ်ပေါင်းကြီးဖော် အချင်းချင်း အစင်းသား သိဖို့ ကောင်းတယ် ။ ဟေ့ ... နင်နဲ့ ငါ နဲ့ ဓားပြတိုက်လို့ ရတဲ့ရွှေတွေ ဘယ်မှာ ထားသလဲ ပြောစမ်း ”

ဝင်လာသူ က လက်ထဲမှ ဓားကို တယမ်းယမ်းလှုပ်ရင်း မေးလိုက် ၏ ။ ဦးသီဟ သည် ကြမ်းပြင်ပေါ်ထိုင်ချပြီး ...

“ ဖိုးကျော် ရယ် …. ဒီတစ်ခါတော့ ငါ့ အသက်ကို ချမ်းသာပေးပါ ၊ မင်းရော ငါရော အသက်ကြီးလှပါပြီ ၊ မင်း ရွှေတွေလည်း ငါကောင်းကောင်း သိမ်းထားပါတယ် ” ဟု ပြောလိုက်သောကြောင့် ဝင်လာသူ က အသံသြကြီးဖြင့် မခန့်လေးစား ရယ်လိုက်ကာ ..

“ အေးအေး … အသက်ကြီးတော့လည်း တစ်ခါတည်း သေလိုက် တာပေါ့ကွာ ဟုတ်လား ၊ ငါရထိုက်တဲ့ ရွှေတွေကိုပါ သုံးဖြုန်းပြီး မင်းက ဇိမ်ကျနေခဲ့တာ ခုတော့ သေရမှာ ကြောက်သလား ။ အေးဟေ့ ... ဒီ ရွှေတွေအတွက် ငါ ဒီလောက် အဆင်းရဲ အပင်ပန်းခံပြီး နင့်ကို လိုက် ရှာမှာ မဟုတ်ဘူး ၊ ဟောဒီ သမီး နှစ်ယောက်အတွက်ကြောင့် ၊ ခွေး ခွေး ... ငါ့ ရွှေတွေလည်း ယူသွားသေးရဲ့ … ငါ့ သမီးနှစ်ယောက် ကိုလည်း သမီးအရင်းလို ကျွေးမယ် မွေးမယ် ကတိခံပြီး သေ ... သေ .. နင်သေ ... ” ဟု ပြောရင်း လက်ထဲမှ ဓားဖြင့် ပြေးပေါက်ရှာနေသော ဦးသီဟ ဆီသို့ တစ်ဟုန်ထိုးခုန်၍ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက်လက်ခနဲ မီးပွင့်သွား သည်ကို မြင်လိုက်ရပြီး ဝင်လာသူရော ဦးသီဟ ပါ ကြမ်းပြင်ပေါ်သို့ လဲကျသွားလေသည် ။

ဖြစ်ပျက်ပုံမှာ လျင်မြန်လွန်းလှသဖြင့် မြမျက်ချယ် တို့ညီအစ်မ နှစ်ယောက် နှင့် ကိုနန္ဒာ မှာ ပထမတွင် ငိုင်၍ ကြည့်နေကြပြီး အတန် ကြာမှ ဝင်လာသူအား ဝိုင်း၍ ထူမမိကြသည် ။ ဦးသီဟ ၏ ကိုယ်ခန္ဓာကြီး ကား ခေါင်းတခြား ကိုယ်တခြားဖြစ်ကာ မြင်မကောင်းအောင် သွေး များ စီးကျနေလေသည် ။

“ အင်း … ငကျွဲ … ငကျွဲ ၊ သေသည်အထိ ငါ့ အပေါ်မှာ သစ္စာ ဖောက်တဲ့အကောင် ”

ဝင်လာသူသည် သူ့ ရင်ဘတ်မှ သွေးတပွက်ပွက် ထွက်နေသော ဓားဒဏ်ရာ ကို လက်နှင့်ဖိရင်း မြမျက်ချယ် နှင့် လှသက်လှယ်  ညီအစ်မ နှစ်ယောက်အား..

“ သမီး .. သမီး .. ဒီသမီးနှစ်ယောက်ကြောင့် အဖေလက်စားချေရအောင် လာခဲ့တယ် ၊ အဖေ ဟာ မက္ခရာမင်းသားကြီး ရဲ့ အိမ်တော်ပါ အမှုထမ်းတစ်ဦး ဖြစ်တဲ့ ဗိုလ်ကျော်ခေါင် ပါပဲ ။ သီပေါမင်း နန်းတက်စ မှာ အဖေတို့ရဲ့ အရှင်သခင်မက္ခရာမင်းသားကြီး ဟာ မသမာသူများ လက်ချက်နဲ့ အခြားမင်းညီမင်းသား လေးဆယ်နဲ့အတူ နတ်ရွာစံကံတော် ကုန်ခဲ့ရတယ် ။ ဒါကို အဖေတို့ အိမ်တော်ပါ အမှုထမ်းတွေက စိတ်နာ ကြည်းပြီး အရှင်သခင် အတွက် တန်ပြန်ကလဲ့စားချေဖို့ ဟောဟိုက ငကျွဲ ရယ် ၊ အဖေရယ် ခေါင်းဆောင်ပြီး အောက်ရပ်ဒေသကို ဆင်း ၊ လက်နက် လူစု ၊ ရန်ပုံငွေများ ရှာ စသည်ဖြင့် လုပ်ခဲ့ကြတယ် ။ ဒီလိုလုပ်ရင်းနဲ့ ကိုယ်စုရုံးတဲ့လူ ကိုယ်မနိုင်တော့ဘဲ ဓားပြတိုက်တဲ့အခါ တိုက် ၊ လုတဲ့ အခါ လု ဆိုတဲ့ အခြေအနေရောက်လာပြီး တစ်ရက်မှာတော့ အဖေဟာ အင်္ဂလိပ်စစ်တပ်ရဲ့ အဖမ်းခံလိုက်ရတယ် ... ”

ဗိုလ်ကျော်ခေါင် သည် ခဏနားလိုက်ပြီး ...

“ ဒီအချိန်မှာ သမီးနှစ်ယောက် က သုံးခါလည်လောက်ပဲ ရှိသေး ၊ အမေဖြစ်သူလည်း မီးတွင်းထဲမှာ ဆုံးဆိုတော့ ... ငကျွဲ ကိုပဲ ဒီသမီးနှစ် ယောက်ကို အပ် .. ၊ အဖေစုဆောင်းထားတဲ့ ရွှေတွေပေး .. ၊ အဲဒါတွင်မက အဖေတို့ အရေးတော်ပုံအတွက် သပ်သပ် မြှုပ်ပြီး ဝှက်ထားတဲ့ ရွှေငွေ ပစ္စည်းမှန်သမျှကိုပါ ငကျွဲ လက် ဝကွက်အပ်ခဲ့တယ် ။ အဖေလည်း ထောင်ထဲမှာ ဆယ့်ငါးနှစ်လောက်နေပြီး အပြင်လည်း ရောက်လာရော ... ငကျွဲ သစ္စာဖောက်ပုံ ယုတ်မာပုံတွေ သိရပြီး လွန်ခဲ့တဲ့ ဆယ်ရက်လောက် ကမှ ဒီနယ် ရောက်လာတယ် ... ”

မြမျက်ချယ် နှင့် လှသက်လှယ် တို့ ညီအစ်မနှစ်ယောက်မှာ ယခုမှ သိရသော ဖခင် အတွက် မျက်ရည်စက်လက်နှင့် ရှိနေရသည် ။

“ လွန်ခဲ့တဲ့ ငါးရက်လောက်က ကျွန်တော်တို့ ကျွန်းဆွယ်ကလေးပေါ် မှာ လျှောက်တုန်းက သေနတ်နဲ့ ပစ်တာ ဦးတို့ လူတွေပဲ မဟုတ်လား ”

ကိုနန္ဒာ က မေးလိုက်သောကြောင့် မြမျက်ချယ် တို့ ညီအစ်မမှာ အံ့သြ သွားကြလေသည် ။

“ ဟုတ်တယ် ... ဦးတပည့်နှစ်ယောက်ကလည်း အဲဒီကျွန်းဆွယ် ပေါ်မှာ မြှုပ်ထားတဲ့ လက်နက်တွေ သွားယူတုန်း မောင်ရင်တို့ကို မြင်တော့ ရန်မူမယ့်လူ ထင်ပြီး ပစ်ခဲ့တယ်လို့ ပြောတယ် ။ ကံကောင်းလို့ပေါ့ ကွယ် ၊ နို့မဟုတ်ဆိုရင် ဦး သမီးနှစ်ယောက်ပါ ကြမ္မာဆိုးနဲ့ တွေ့ သွားမယ် ။ ကဲ .. ကဲ .. ဦးလည်း သစ္စာဖောက် လူယုတ်မာကို ကလဲ့စား ချေလိုက်ရလို့ သေပျော်ပါပြီ ”

ဗိုလ်ကျော်ခေါင် သည် ရင်ဝမှဒဏ်ရာကို လက်နှင့်ဖိရင်း အသက် ပျောက်သွားလေသည် ။ မြမျက်ချယ် နှင့် လှသက်လှယ် မှာ ယခုပင် မိမိ တို့၏ မွေးသဖခင် ကို တွေ့ လိုက်ရလျက် ယခုပင် မိမိတို့ မျက်စိအောက်၌ အသက်ပျောက်သွားသည်ကို မြင်လိုက်ရ သောကြောင့် ဖန်လာသော ကံကြမ္မာ၏ ဆိုးရွားပုံကို ဖြေဆည်၍မကုန်နိုင်အောင် ဖြစ်ရရှာလေသည် ။

( ၅ )

မီးသင်္ဘောကလေးတစ်စင်းသည် ရန်ကုန်မြို့ဆီသို့ ဦးတည် ခုတ် မောင်းနေ၏ ။ သင်္ဘောဦးပိုင်းတွင် မြမျက်ချယ် ၊ လှသက်လှယ် နှင့် ကိုနန္ဒာ တို့သည် ပင်လယ်ရေပြင်ကို ငေးစိုက်ရင်း လိုက်ပါလာကြသည် ။

မြမျက်ချယ် သည် လက်ကိုင်အိတ်ထဲမှ အသွား ၆ လက်မခန့်ရှိ ဓားမြှောင်တစ်ချောင်းကို ဆွဲထုတ်လိုက်၏ ။ ဓားရိုးမှာ ဆင်စွယ်ဖြင့် ပြုလုပ်ထားလျက် ‘ သီဟ ’ ဟူသော ရွှေစာလုံးကို ဓားရိုးတွင် မြှုပ်နှံထား လေသည် ။

“ ဟောဒီ ဓားကို ပင်လယ်ထဲမှာ ပစ်ချလိုက်ရင် မကောင်းဘူး လား မောင်ကြီးနန္ဒာ ”

မြမျက်ချယ် က ညှိုးလျသောမျက်နှာဖြင့် မေးလိုက်၏ ။

“ ကောင်းတယ် ၊ ဖေဖေ့ အသက်နုတ်ယူလိုက်တဲ့ ဓားကို ပင်လယ် ထဲ အစတုံးမြှုပ်လိုက်တာ ကောင်းတယ် ”

လှသက်လှယ် က ကိုနန္ဒာ မပြောမီ ထောက်ခံချက်ပေးလိုက်၏ ။ ကိုနန္ဒာ ကမူ သဘောမတူသလို ခေါင်းယမ်းပြီး ...

“ ဒီဓားကို ပင်လယ်ထဲချပစ်လိုက်လို့ မဖြစ်သေးဘူး မျက်ချယ်နဲ့ သက်လှယ် ၊ ရုံးတော်မှာ ဒီဓားဟာ ဦးသီဟ ရဲ့ ဓားဖြစ်ကြောင်း တင်ပြ ရဦးမယ် ၊ မောင်ကြီး ... ဦးသီဟ ကို ဖမ်းဖို့ လိုက်နေတာ တော်တော်ကြာပြီ ။ ခုမှ ဦးသီဟ ကိုလည်း မိ ... နောက်ပြီး ... ဦးသီဟ က လူမသိရ အောင် ဝှက်ထားတဲ့ ပုလဲကုံးနှစ်သွယ်ကိုလည်း ရှာတွေ့ တော့တာပဲ ... ” ဟု ပြောလိုက်သောကြောင့် မြမျက်ချယ် ရော လှသက်လှယ် ကပါ ...

“ မောင်ကြီးက အင်္ဂလိပ်ကုမ္ပဏီက အဝယ်တော်ဆိုပြီး ဘာလို့ ဦးသီဟ ကို ဖမ်းဖို့ လိုက်နေရတာလဲ ” ဟု မေးလိုက်သဖြင့်

“ ဦးသီဟ ဟာ ဓားပြဂိုဏ်းခေါင်းဆောင်တစ်ယောက်ပဲ မဟုတ်လား ။ ဒါပေမဲ့ ကုန်သည် ယောင်ဆောင်နေတော့ မောင်ကြီးလည်း ကုန်သည်လုပ်ပြီး သူ့နောက်လိုက်ရတာပေါ့ ။ ပုလိပ်အရာရှိတစ်ယောက် လို လိုက်ရှာရင် သူသိသွားမှာပေါ့ မဟုတ်ဘူးလား ၊ နို့ပြီး ဒီလူကြီးက အကင်းလည်း အတော်ပါး ၊ လက်လည်း အတော်မြန်တယ် ။ မျက်ချယ်တို့ ဖေဖေက ဓားနဲ့ အတင်းဝင်ပိုင်းတော့ ခါးကြားထဲက ဓားမြှောင်ထုတ်ပြီး ထိုးဖြစ်အောင် ထိုးလိုက်သေးတယ် ” ဟု ပြောလိုက်သောကြောင့် မျက်ချယ်ရော သက်လှယ်ပါ သက်ပြင်းကလေးချရင်း အတိတ်မှ အဖြစ် အပျက်များကို မေ့ပျောက်ရန် ကြိုးစားနေကြရရှာလေသည် ။

⎕ တက္ကသိုလ်နန္ဒမိတ်

📖 မြဝတီ မဂ္ဂဇင်း
      သြဂုတ် ၊ ၁၉၅၇

.

Sunday, November 3, 2024

အိမ်ရှေ့မင်း ၏ စံပျော်ရာ

❝ အိမ်ရှေ့မင်း ၏ စံပျော်ရာ ❞
          ( နေနော် )

၁ ။

မှတ်မှတ်ရရ အိပ်မက်များ နှင့် စတင်ခဲ့ခြင်း ဖြစ်၏ ။

သူ ပထမဦးဆုံး အိပ်မက် စတင် မက်သော ည သည် မဟာဝိဇ္ဇာ ဘွဲ့ အတွက် ကျမ်း ပြုစုရန် စာအုပ်စာတန်းများ ရှာဖွေ စုဆောင်းရင်း မောမောပန်းပန်း နှင့် စောစီးစွာ အိပ်ရာ ဝင်ဖြစ်ခဲ့သော ည ဖြစ်သည် ။ ထို ည က သူ သည် မင်းညီမင်းသား တို့၏ တောက်ပသော အဝတ် အစားမျိုး ဖြင့် မြင်းဖြူကြီး ကို စီးလျက် တောကစား ထွက်နေခဲ့သည် ဟု အိပ်မက် မက်လေသည် ။

အိပ်မက် ထဲ၌ ပန်းနုရောင် ဗောင်းတော် ဖြူလွသော ပိုးသားပျော့ ဝတ်စုံ တို့ဖြင့် သူ ၏ ဟန်ပန် က ခန့်ညားထည်ဝါ လှ သလို ၊ နောက်လိုက် ခြွေရံတို့ ကလည်း များပြား လှ ပါသည် ။ သူ တောကစား ထွက်ရာ နေရာ က သူ ၏ ကိုယ်ပိုင် ဥယျာဉ်တော် ဖြစ်၏ ။ ထို့ထက် ထူးဆန်းသည် က သူ့ အား အိမ်ရှေ့ဥပရာဇာမင်းသားလေး ဟု ခေါ်ဝေါ်ကြခြင်း ဖြစ်သည် ။

ဘယ်လောက် ဆန်းကြယ် လိုက်တဲ့ အိပ်မက် လဲ ။

အိပ်ရာ မှ နိုးတော့ အိပ်မက် အကြောင်း ပြန် စဉ်းစားရင်း ၊ ကျေနပ် ပီတိ ဖြစ်စွာ ၊ အတန်ကြာအောင် သူ မိန်းမော နေမိသည် ။

အိမ်ရှေ့မင်းသား - တဲ့ ။

ထို ဝေါဟာရ က သူ့ ရင်ထဲ သို့ သပ် နှင့် ရိုက်သွင်း လိုက်သလို စွဲနစ် ဝင်ရောက် သွားလျက် ၊ နောက်နေ့ တစ်နေ့လုံး ထို အခေါ်အဝေါ်  ကို သာ မကြာခဏ ကြားယောင် နေမိသည် ။ ဤသို့ဖြင့် သူ ၏ ဘဝဟောင်း အား ပြန်လည် တွေ့ ရှိမည့် အဖြစ်အပျက် တို့ အစပျိုး လာခဲ့ခြင်း ဖြစ်သည် ။

••••• ••••• •••••

၂ ။

သို့သော် ထို ကိစ္စအား ချက်ချင်းတော့ သူ  မရိပ်မိခဲ့ပါ ။

ထို့အတူ အိပ်မက် ကို လည်း စိတ်ဝင်စားဖွယ် ကောင်းသော သာမန် အိပ်မက် တစ်ခု အဖြစ်သာ သူ ယူဆ ခဲ့သည် ။ ထို့ထက် ပို၍ ဆိုရပါမူ စိတ်စွဲလမ်းမှု ကြောင့် မက်သော အိပ်မက် ဟု ပင် သူ သတ်မှတ် ခဲ့ပါသေးသည် ။

အကြောင်း က တော့ မဟာဝိဇ္ဇာဘွဲ့ အတွက် သူ ပြုစုမည့် ကျမ်း ၏ အမည် အား ထီးသုံးနန်းသုံး မြန်မာစကား ဟု အမည်ပေး ထားခဲ့ခြင်း ကြောင့် ဖြစ်သည် ။ လိုအပ်သည့် စာအုပ်စာတန်းများ ရှာဖွေ စုဆောင်းခြင်း မှ အပ ထိုကျမ်း နှင့် ပတ်သက်၍ ဘာ တစ်ခု မှ မစတင် ရသေးသည့် တိုင် ကျမ်း ၏ ခေါင်းစဉ် ကပင် ထိုသို့သော အိပ်မက်မျိုး မြင်မက်ရန် လုံလောက်သည့် အကြောင်းအရာ ဖြစ်သည် ဟု သူ  ယုံကြည်ခဲ့သည် ။

ထို့ကြောင့်ပင် နောက်ထပ် ရက် အနည်းငယ် အကြာ၌ ထို အိပ်မက် အား သူ မေ့လျော့ သွားခဲ့ခြင်း ဖြစ်သည် ။ သို့သော် သူ ၏ မေ့လျော့နိုင်မှု က သိပ်တော့ ကြာကြာ မခံခဲ့ ။ ပထမဆုံး အိပ်မက် ကို မြင်မက်ပြီး တစ်လတိတိ အကြာ ၊ သူ ၏ ကျမ်း အတွက် ခေါင်းစဉ်ငယ်များ ခွဲပြီးသည့် ည မှာပင် ဝတ္ထုဆန်လှသော အိပ်မက် က သူ့ ထံသို့ ဒုတိယ အကြိမ်မြောက် ထပ်မံ ရောက်ရှိလာခဲ့သည် ။

သည်တစ်ခါတော့ တောကစား ထွက်ခြင်းမျိုး မဟုတ်တော့ဘဲ ၊ သူ ၏ ဖခမည်းတော် ဟု ယူဆရသော ဘုရင်မင်းမြတ် တိုင်းခန်း လှည့်လည်ရာ နောက်သို့ လိုက်ပါရသည် ဟု မြင်မက်လေသည် ။ ကကြိုး တန်ဆာ တို့ဖြင့် တင့်တယ်လှသော ဆင်ယဉ် ထက် ၌ ခမည်းတော် က လိုက်ပါပြီး ၊ သူ က တော့ ပန်းနုရောင် ဗောင်းတော် ပိုးပျော့အဝတ် တန်ဆာတို့ ဖြင့် ငွေရိုးတပ် ကျောက်စီဓား ကို လွယ်လျက် မြင်းဖြူကြီး စီးကာ ခမည်းတော် နောက် မှ လိုက်ပါရသည် ။

ထို အိပ်မက် သည် လည်း ပထမအကြိမ် မက် စဉ် က လိုပင် တိုတောင်း လျင်မြန်စွာ ပြီးဆုံး သွားခဲ့သည့် တိုင် ၊ အိပ်မက် ကြောင့် အံ့သြ ကျေနပ်ရသည့် ခံစားမှုတို့ ကတော့ တော်တော်နှင့် မပြီးဆုံးနိုင်ခဲ့ပါ ။

ဘာဖြစ်လို့များ ခုလို အိပ်မက်မျိုး ကို ထပ်ပြီး မက်ရတာပါလိမ့် ၊ ဇဝေဇဝါ ဖြစ်မှုနှင့် အတူ အိပ်မက် အပေါ် စိတ်ဝင်စားမှုတို့ က ပထမ အကြိမ် မက်စဉ် က ထက်ပင် ပိုမို ရုန်းကြွ၍ လာလေသည် ။

သူ ၏ စိတ်ဝင်းစားမှု တို့ အား ပြင်းထန်သည် ထက် ပြင်းထန် လာစေသော အချက် ကတော့ ၊ နောက်ပိုင်း ရက်များ၌ နှစ်ရက်ခြား တစ်ခါ သုံးရက်ခြား တစ်ခါ ဆိုသလို ၊ ထိုသို့သော အိပ်မက်မျိုး ကို မြင်မက်ခြင်း ဖြစ်သည် ။ မကြာခဏ အိပ်မက် တွင်းမှ အဖြစ်အပျက် တို့ က တစ်ခါ နှင့် တစ်ခါ မတူဘဲ မျိုးစုံပြောင်းလဲ နေသည့် တိုင် ၊ အိပ်မက် ထဲ ၌ သူ သည် အိမ်ရှေ့ ဥပရာဇာ ဖြစ်သည် ဆိုသော အချက် က တော့ အနည်းငယ် မှ မပြောင်းလဲခဲ့ပါ ။

ကြာတော့ အိပ်မက် ၏ လွမ်းမိုးမှု အား တောင့်မခံ နိုင်တော့ဘဲ အိပ်မက် ထဲ က လိုပင် သူ ဟာ ရှေး ဘဝက အိမ်ရှေ့မင်းသား တစ်ပါး ဖြစ်ခဲ့ လေသလား ဟု ဇဝေဇဝါ ဖြစ်လာရ လေသည် ။ ထို အတောအတွင်း တိုက်ဆိုင်စွာပင် သူ ၏ ဇဝေဇဝါ ဖြစ်မှုအား ထင်မြင်ယူဆမှု တစ်ခု အဖြစ်သို့ ရောက်ရှိစေမည့် အဖြစ်အပျက် နှင့် ရင်ဆိုင်ကြုံတွေ့ ခဲ့ရသည် ။

ထို ကိစ္စ အား သူ လက်ထပ်ရန် ရည်ရွယ် ထားသည့် ချစ်သူ ကောင်မလေး က စတင်ခဲ့ခြင်း ဖြစ်သည် ။ ပုံမှန်အားဖြင့် သူ က ဗေဒင်လက္ခဏာ ဝါသနာ ပါသူ မဟုတ်သလို ၊ အကြားအမြင် ဆိုသည် ကို လည်း ယုံကြည်သူ မဟုတ်ပါ ။ သို့သော် ချစ်သူ မိန်းကလေး က အကြားအမြင် ဆရာ တစ်ယောက် ဆီ သွားချင်သည် ဟု ဆိုလာသော အခါမှာတော့ သူမ နှင့် အတူ အဖော် လိုက် ပေးရန် မှာ သူ ၏ တာဝန် ဖြစ်လာတော့သည် ။

ဤသို့ဖြင့် အလွန် နာမည်ကြီးသည် ဟု ဆိုသော အကြားအမြင် ဆရာ ထံ သို့ သူ ရောက်ရှိခဲ့ခြင်း ဖြစ်သည် ။ အုန်းပွဲ ၊ ငှက်ပျောပွဲများ များစွာ ထိုးထားသည့် နတ်စင် ရှေ့မှ ဝတ်ဖြူစင်ကြယ် နှင့် ထို ပုဂ္ဂိုလ် ရှေ့သို့ ရောက်ချိန် အထိ သူ့ ၌မေးမြန်းရန် စိတ်ကူး ရော မေးခွန်း ပါ အနည်းငယ်မျှ မရှိခဲ့ ။ သူ ၏ ချစ်သူ မိန်းကလေး မေးမြန်းသော အကြောင်းအရာများ ကို သာ စိတ်မပါစွာ နားထောင် နေမိသည် ။

မိန်းကလေး က အချိန် နာရီဝက်ခန့် နှင့် ပိုက်ဆံ တစ်ရာ ကို အကုန်ခံပြီး ချိန် မှာတော့ ဘာ စိတ်ကူး ပေါက်သည် မသိ ၊ သူ့ ဘက်သို့ လှည့်ကာ -

“ မောင် ကော မေးပါလား ”

ဟု တိုက်တွန်းလာလေသည် ။

သူ ခေါင်းယမ်းမည် ပြုပြီးမှ အကြားအမြင် ဆရာအား အားနာ စိတ် ဖြင့် ခေါင်းညိတ် ပြလိုက်ရသည် ။

“ ဆို - ဘာမေးချင်သလဲ ”

သူ ၏ လက်ချောင်း ထိပ်ဖျား ကို အကြားအမြင်ဆရာ က ၎င်း ၏ လက် နှင့် ထိကိုင် ထားရင်း ပြောသည် ။ ဘာမေးချင်သလဲတဲ့ ။ အင်း - ဘာ မေးရမှာပါလိမ့် ၊ စီးပွားရေး ၊ လူမှုရေး ၊ ဒါမှမဟုတ် ပညာရေး အထူးသဖြင့် သူ ကျမ်းပြု နေသော ထီးသုံးနန်းသုံး မြန်မာစကား ကိစ္စ ။ ဒါမှမဟုတ် - ။

ရုတ်တရက် သူ့ ခေါင်းထဲ ၌ တစ်စုံတစ်ရာ ကို ဖြတ်ခနဲ သတိ ရလိုက်မိပြီး မေးခွန်း တစ်ခုကို ကောက်ခါငင်ခါ မေးချလိုက်သည် ။

“ ကျွန်တော် ဟာ အရင် ဘဝ တုန်းက ဘာဖြစ်ခဲ့ဖူးသလဲ ”

သူ ၏ မေးခွန်း အား အချိန် အတော်ကြီး ကြာမှ အကြားအမြင် ဆရာ က တစ်လုံးချင်း ပြန်လည် အဖြေ ပေးသည် ။

“ ခင်ဗျား ဟာ ဟိုး ရှေးဘဝ တုန်း က မင်းမျိုးမင်းနွယ် ဖြစ်ခဲ့ လိမ့်မယ် ၊ ဘုရင် သော် လည်းကောင်း ၊ ဒါမှမဟုတ် အိမ်ရှေ့မင်း သော် လည်းကောင်း ဖြစ်ရမယ် ”

ထို အဖြေ က သူ ၏ အိပ်မက်များ၌ သာမက  သူ ၏ စိတ်ကူး များ၌ပါ ၊ သူ့ အား အိမ်ရှေ့မင်းသား အဖြစ် သို့ ရောက်ရှိ စေခဲ့သော အဖြေ ဖြစ်လေသည် ။

သည့် နောက်ပိုင်းတော့ ထူးခြားဆန်းကြယ်သည့် တိုက်ဆိုင်မှု များအား ဆက်တိုက် ဆိုသလို ကြုံတွေ့ လာရတော့သည် ။

ဥပမာ - သူ ပြုစုနေသော ကျမ်း နှင့် ပတ်သက်သည့် အချို့သော ထီးသုံးနန်းသုံး ဝေါဟာရ တို့အား ကျမ်းကိုးစာအုပ်များ ကောက်ကိုင် စရာ မလိုဘဲ အဓိပ္ပါယ် နှင့်သုံးနှုန်းပုံ တို့ ကို သူ့ အလိုလို နားလည် နေခြင်းမျိုး ။

အမျိုးသားပြတိုက် သို့ ရောက်စဉ် ကြက်သီးများ ဖျန်းခနဲ ထလျက် ထို ပြတိုက် အတွင်းရှိ ပစ္စည်းများ အားလုံးကို သူ တရင်းတနှီး သိမြင်ခဲ့ ဖူးသည့် ပမာ ခံစားရခြင်းမျိုး တို့ ဖြစ်သည် ။

သေချာပါတယ် ၊ သူ ဟာ တကယ့်ကို မင်းမျိုးမင်းနွယ် ဖြစ်ခဲ့ဖူးတဲ့ လူပါပဲ ။ ထို ယုံကြည်မှုတို့ ခိုင်မာသည် ထက် ခိုင်မာ လာသည် နှင့် အမျှ သူ့ ၌ စဉ်းစားစရာ မေးခွန်းတို့ ပေါ်ပေါက်လာ ရသည် ။ သူ ဟာ မင်းမျိုးမင်းနွယ် ဖြစ်ခဲ့ဖူးတယ် ဆိုတာ ၊ ဘယ် မင်း လက်ထက် ကလဲ ၊ ဘယ် ရှင်ဘုရင် ရဲ့ သားလဲ ၊ သူ့ ရဲ့ အိမ်ရှေ့ ဥပရာဇာဘွဲ့ က ဘာလဲ ။

ထို မေးခွန်း တို့ ကို သိချင်စိတ် က တားဆီး၍ မရနိုင်လောက်အောင် ရုန်းကြွလာသော အခါ မှာ တော့ သူ ၏ ကျမ်းပြုခြင်း ကိစ္စ ကိုပင် ဆက် မလုပ်ဖြစ်တော့ဘဲ ၊ တစ်ဝက် တစ်ပျက် နှင့် ရပ်ဆိုင်း သွားတော့သည် ။ လောလောဆယ် သူ့ အတွက် အရေးကြီးသော ကိစ္စ မှာ မဟာဝိဇ္ဇာဘွဲ့ မဟုတ် သလို ၊ ထို ဘွဲ့ အတွက် တင်ရမည့် ကျမ်း လဲ မဟုတ်တော့ ။ သူ ၏ ဘဝဟောင်း သာ ဖြစ်သည် ။

ထို ဘဝဟောင်း အတွက် သဲလွန်စ ရလို ရငြား အကြားအမြင် ဆရာ ထံ ဒုတိယအကြိမ်မြောက် ထပ်သွား သော်လည်း အကြားအမြင် ဆရာ က သူ သိချင်သော ကိစ္စတို့ ကို ရေရေရာရာ အဖြေ မပေးနိုင်ခဲ့ ။

ထို ရက်ပိုင်း အတွင်း သူ ၏ ချစ်သူ မိန်းကလေး က သူ့ ရင် ထဲမှ စိတ် စွဲလမ်းနေမှု တို့နှင့် ပတ်သက်၍ အနည်းငယ် ရိပ်မိစ ပြုလာသည် ။ တစ်ရက် သူ နှင့်အတူ မြို့ထဲ သို့ သွားစဉ် ၊ မုန့်ဟင်းခါး စားရအောင် ဟု ဆိုသည် ။ သူ ကြည့် လိုက်တော့ မုန့်ဟင်းခါးဆိုင် က လမ်းဘေး ၌ အထမ်း နှင့်ရောင်းသည့် ခပ်ညံ့ညံ့ ဆိုင်မျိုးဖြစ်၏ ။ သူ စိတ်ပျက်ရွံရှာ သွားလျက် ခေါင်း ကို ခါယမ်း လိုက်သည် ။

“ မစားဘူး ”

ခပ်ထန်ထန် ဖြစ်နေသော သူ့  အသံကြောင့် မိန်းကလေး က နားမလည် သလို သူ့ အား မော့ကြည့်၏ ။

“ ဘာဖြစ်လို့လဲ ”

“ ရာဇဣန္ဒြေ မဲ့တယ် ”

“ ရာဇဣန္ဒြေ ဟုတ်လား ၊ ဘာလဲဟင် - မောင် က ရှင်ဘုရင် လား ”

“ မဟုတ်ဘူး ၊ အိမ်ရှေ့မင်းသား ”

တကယ့်ကို တလေးတနက် ပြန် ပြောနေမိခြင်းဖြစ်၏ ။

နောက်မှ သတိရပြီး စကားလမ်းကြောင်း လွဲ လိုက် သော်လည်း မိန်းကလေး ကတော့ ထိုနေ့ တစ်နေ့လုံး သူ့ အား ထူးဆန်းသော နားမလည် နိုင်သော အကြည့်တို့ ဖြင့်သာ တစ်ချိန်လုံး စိုက်ကြည့် နေခဲ့ လေသည် ။

ဘဝဟောင်း အား စွဲလမ်းမှုကြောင့် ပစ္စုပ္ပန် ကို မေ့လျော့သွားသည့် အဖြစ်မျိုး မကြာခဏ ဖြစ်ပျက်လာသော အခါမှာတော့ မိန်းကလေး က သူ ၏ အစွဲ ကို ချွတ်ရန် ကြိုးစားတော့သည် ။ သို့သော် သူ   ကတော့ နည်းနည်းလေး မှ လက်မခံခဲ့ပါ ။

“ ဒီမယ် ကိုယ် ပြောတာကို သေသေချာချာ နားထောင်စမ်း ၊ ကိုယ် ဟာ တစ်ချိန်တုန်းက အိမ်ရှေ့မင်း ဖြစ်ခဲ့ဖူးတယ် ဆိုတာ အမှန်ပဲ ၊ အဲဒါကို ဘာနဲ့ သက်သေ ပြမလဲလို့ မေးရင် တော့ ကိုယ် မဖြေတတ်ဘူး ၊ ဒါပေမယ့် ကိုယ် သိနေတယ် ၊ အဲလို သိအောင် ကိုယ့် ကို အိပ်မက်တွေ က ပြောပြကြတယ် ”

“ မောင် ခုတလော ကျမ်းပြုတဲ့ ကိစ္စ အတွက် သိပ် ပင်ပန်းနေတယ် မဟုတ်လား ၊ ပြီးတော့ အတွေးတွေ ကလည်း များတော့ .. ”

“ ဟင့်အင်း အဲဒီ ကျမ်း ကို ကိုယ် ရပ်ထားတာ ကြာပြီ ။ ဒါဟာ ကျမ်းပြုတဲ့ ကိစ္စ နဲ့ ဘာမှ မဆိုင်ဘူး ၊ ကိုယ် ပြောတာ ကို ယုံပါ ”

သို့သော် မိန်းကလေး က ယုံကြည်ပုံ မရ ။ အတွေးတွေ များလွန်းပြီး စိတ် စွဲလမ်းမှု လွန်ကဲခြင်း ကြောင့် ဟု ယူဆလျက် ၊ ဆရာဝန် တစ်ယောက် ယောက် နှင့် ဆွေးနွေးရန် အကြံပြု၏ ။ ဆရာဝန် တစ်ယောက် ယောက် ဟု ဆိုသော်လည်း ၊ မိန်းကလေး ရည်ညွှန်းသော ဆရာဝန် မှာ ဘယ်လို ဆရာဝန်မျိုး ဖြစ်နိုင်သည် ကို သူ တွေးလိုက်မိ သဖြင့် ထောင်းခနဲ ဒေါသ ထွက်သွားရသည် ။

“ ကိုယ် ဘယ် ဆရာဝန် နဲ့ မှ ဆွေးနွေးစရာ မလိုဘူး ၊ ဆွေးနွေးဖို့ လိုတယ် ဆိုရင်လည်း ၊ ကိုယ် နဲ့ ဆွေးနွေးရမယ့် လူ ဟာ ဆရာဝန် မဟုတ်ဘူး ၊ ကိုယ် ရဲ့ ဘဝဟောင်း ကို ပြန် ပြောပြနိုင်မယ့် လူမျိုး ဖြစ်ရမယ် ”

သူ ယတိပြတ် ပြော လိုက်သော အခါမှာ တော့ မိန်းကလေး ဘာမှ မတုံ့ပြန်တော့ဘဲ သက်ပြင်း ကို သာ ဖွဖွ ချ လိုက်လေသည် ။

••••• ••••• •••••

၄ ။

သူ ၏ စိတ်စွဲမှု တို့ က တငွေ့ငွေ့ လောင်မြိုက် နေသည့် ဖွဲမီး ပမာ အချိန်ကြာလေ ၊ အရှိန် ပြင်းလေ ဖြစ်လာတော့၏ ။

သူ ၏ အိပ်မက်များ ကလည်း နှစ်ရက်ခြား သုံးရက်ခြား တစ်ခါ မက်သည့် အဆင့်မှ ညစဉ် ဆိုသလို ဆက်တိုက် မက် လာရုံမျှ မက ဘတ်စ်ကား စီးရင်း မှေးခနဲ အိပ်ငိုက် သွားသည့် အချိန်မျိုး၌ ပင် ထို အိပ်မက်တို့ က သူ့ ထံ သို့ မပျက်မကွက် ရောက်ရှိ လာတတ်မြဲ ဖြစ်သည် ။ အိပ်မက် မက်ချိန် ၌ စိတ်ကြည်နူးရ သော်လည်း ၊ အိပ်မက် မှ လန့်နိုးသည် နှင့် သူ  စိတ်ပျက်ရမြဲ ဖြစ်သည် ။

သူ့ အတွက် အဆိုးဆုံး စိတ်ပျက်ရမှု ကတော့ လူတွေ နှင့် ဆက်ဆံ စကားပြောရခြင်း ဖြစ်သည် ။ သူ လို မင်းမျိုးမင်းနွယ် တစ်ယောက် က သူ ကဲ့သို့ မဟာဆီ မဟာသွေး မဟုတ်သည့် သာမန် လူများ နှင့် တန်းတူရည်တူ ဆက်ဆံ စကား ပြောနေရခြင်း မှာ ဘယ်လိုမှ မလျော်ကန်လှပါ ။

ထို့ကြောင့် နောက်ပိုင်း၌ လူတွေ နှင့် စကား မပြော ဖြစ်အောင် တတ်နိုင်သမျှ သူ ရှောင်တော့၏ ။ သူ ၏ အခန်းကျဉ်းလေး ထဲ မှ အပြင် မထွက်ဘဲ ခိုအောင်း နေလိုက်ခြင်းဖြင့် လူတွေ နှင့် ကင်းဝေးအောင် ကြိုးစားနိုင်ခဲ့သော်လည်း တစ်ပတ်တစ်ခါ စနေနေ့တိုင်း သူ့ ထံသို့ ရောက်လာတတ်သည့် ချစ်သူ မိန်းကလေး ကိုတော့ သူ ရှောင်ဖို့ မလွယ်လှပါ ။ သို့သော် နောက်ပိုင်းမှာ တော့ ထို မိန်းကလေး ကို ပါ ရှောင်နိုင်သည့် နည်းလမ်း အသစ် တစ်ခု ကို သူ ရှာဖွေ တွေ့ ရှိခဲ့သည် ။

ထို နည်းလမ်း ကတော့ မိန်းကလေး ရောက်ရှိ လာတတ်သည့် စနေနေ့တိုင်း ရွှေတိဂုံဘုရား သို့မဟုတ် ဗိုလ်တစ်ထောင်ဘုရား ၌ တစ်နေကုန် သွား နေလိုက်ခြင်း ပင် ဖြစ်သည် ။ ယင်းသို့ အပတ်စဉ် ဘုရား သွားဖြစ်ခဲ့ခြင်းကြောင့် သူ့ ရင်ထဲ မှ တငွေ့ ငွေ့ လောင်မြိုက် နေသည့် စိတ်စွဲမှု ဖွဲမီး ကို ဝုန်းခနဲ တောက်လောင်စေမည့် အဖြစ်အပျက် နှင့် ကြုံတွေ့ခဲ့ရခြင်း လည်း ဖြစ်သည် ။

ထိုနေ့ က မိုးဖွဲဖွဲလေး ရွာနေခဲ့ပြီး ၊ သူ့ ၌ ထီး ပါမလာခဲ့ပါ ။ ထို့ကြောင့် ဘုရားပေါ် ရောက်တော့ လူ ရှင်းရာ တန်ဆောင်း တစ်ခု ၌ သူ မိုးခို နေခဲ့သည် ။ ယင်းအချိန် မှာပင် ထူးဆန်းသော အဖြစ်အပျက် က စတင်ခဲ့ခြင်း ဖြစ်သည် ။ သူ  မိုးခိုနေရာ တန်ဆောင်း ဆီသို့ နယ် မှ သူ့ အမေ ၏ အသက်အရွယ် လောက် ရှိသော ယောဂီဝတ် အမျိုးသမီးကြီး တစ်ဦး မိုးခိုရန် ရောက်ရှိလာခဲ့သည် ။ ထူးဆန်းသည် မှာ တန်ဆောင်း ပေါ် ရောက်သည် နှင့် ထို ယောဂီဝတ် အမျိုးသမီးကြီး က သူ့ အား မျက်တောင် မခတ် စိုက်ကြည့်နေခဲ့ခြင်း ဖြစ်သည် ။ သူ အနည်းငယ် စိတ်ကျဉ်းကြပ် လာ သဖြင့် မျက်နှာ လွှဲရန် ကြိုးစား လိုက်သည် ။ သို့သော် ထိုအချိန် မှာ ပင် အမျိုးသမီးကြီး က သူ့ ထံ သို့ ဦးတည် လျှောက်လှမ်း၍ လာသည် ။

သူ့ နား ရောက်တော့ အမျိုးသမီးကြီး က ထူးဆန်းသော နာမ်စား တစ်ခု ကို သုံး၍ သူ့ အား ခေါ်ဝေါ်လိုက်၏ ။ အမျိုးသမီးကြီး အသုံးပြု လိုက်သည့် နာမ်စား က သားတော် ဟူ၍ဖြစ်သည် ။ သူ အံ့သြစွာ မော့ ကြည့်လိုက်တော့ ၊ သူ့ အား ပြုံးကြည့် နေသော အမျိုးသမီးကြီး က “ မင်း မယ်မယ်ဘုရား ကို မမှတ်မိဖူးလား ” ဟု မေးလေသည် ။

သားတော် - ပြီးတော့ မယ်မယ်ဘုရား သူ ကြက်သီးများ ဖျန်းခနဲ ထလျက် ၊ ယောင်ရမ်းစွာ ထိုင်ရာ မှ ထရပ်ရင်း ခေါင်း ခါယမ်း ပြလိုက် မိသည် ။

“ မင်း ဟာ ဟိုး ရှေးဘဝ တုန်းက မယ်မယ်ဘုရား နဲ့ သားအမိ တော်စပ်ခဲ့ဖူးတယ် ၊ မင်း ကို မယ်မယ် လိုက်ရှာ နေခဲ့တာ ခုဆို နှစ်ပေါင်း တစ်ထောင် နီးပါး ရှိပြီ သားတော်ရဲ့ ”

အမျိုးသမီးကြီး ၏ အသံ က အံ့ဩဖွယ် ကောင်း လောက်အောင် နူးညံ့ညင်သာ လှ သလို ၊ အမျိုးသမီးကြီး ၏ စကား ကလည်း စိတ်ဝင်စားဖွယ် ကောင်းလှပါသည် ။

သေချာတယ် ၊ ဒါဟာ သူ့ အတိတ်ဘဝ ရဲ့ သဲလွန်စ တစ်ခု မဟုတ်ဘူး လို့ ဘယ်သူ ငြင်းနိုင်မလဲ ။

“ ကျွန်တော် ဟာ တစ်ချိန်တုန်း က အိမ်ရှေ့မင်းသား ဖြစ်ခဲ့ဖူးတယ် ”

စကားသံ တို့ က သူ့ နှုတ်ဖျား မှ အလိုအလျောက် ထွက်ကျသွား၏ ။

“ သားတော် - မှတ်မိသားပဲ ”

“ ဟင့်အင်း ”

သူ ငြင်းလိုက်သည် ။

“ ကျွန်တော် မမှတ်မိဘူး ၊ ဆိုလိုတာ က ကျွန်တော် ဟာ ဘယ်သူ ရဲ့ သား လဲ ၊ ကျွန်တော့် ရဲ့ နာမည် က ဘာလဲ မမှတ်မိဘူး ”

“ မင်း ဟာ မယ်မယ်ဘုရား ရဲ့ သား ပေါ့ ၊ အလောင်းစည်သူမင်း နဲ့ ရတနာပုံ လို့ခေါ်တဲ့ မယ်မယ်ဘုရား ရဲ့ သား ၊ မင်း ရဲ့ ဘွဲ့ က မင်းရှင်စော ”

“ မင်းရှင်စော ”

“ ဟုတ်တယ် ”

မြတ်စွာဘုရား ၊ လက်စသ,တ်တော့ သူ ဟာ အလောင်းစည်သူမင်း ရဲ့ သားတော် အိမ်ရှေ့ ဥပရာဇာမင်းသား မင်းရှင်စော ဖြစ်နေပါ ပေါ့လား ။

“ မင်း မှာ မင်းစောစံ ဆိုတဲ့ ညီ တစ်ယောက် ရှိသေးတယ် ၊ သူ က အခု တောင်ကြီးမြို့ မှာ လူ အဖြစ် ပြန်ဝင်စားတယ် ၊ မင်း နဲ့ တွေ့ပြီး မယ်မယ် သူ့ ဆီ ကို သွားရဦးမယ် ”

“ ဟို - ကျွန်တော့် အဖေ ”

“ ခမည်းတော် ”

အမျိုးသမီးကြီး က သူ့ စကား ကို ပြင်ပေး၏ ။

“ ဟုတ်ကဲ့ - ကျွန်တော် ရဲ့ ခမည်းတော် က ကော အခုဘယ်မှာလဲ ”

“ သူ ကတော့ ရသေ့ အဖြစ် နဲ့ ကေလာသတောင် မှာ မွေ့ပျော် နေ တယ် ၊ ဒါပေမယ့် သိပ် မကြာခင် သူ မယ်မယ်တို့ ဆီ ရောက်လာမှာပါ ”

“ ဒီကိုလား ”

“ မဟုတ်ဘူး ၊ သားတော် ကိုယ်တိုင် တည်ခဲ့တဲ့ မန္တ လေးမြို့ က ရွှေကျီးမြင် ဆိုတဲ့ ဘုရား ကို ရောက်လာမှာ ။ ဒီနေ့ က စပြီး ၊ ခြောက်လတိတိ ပြည့်တဲ့ နေ့ မှာ မယ်မယ် တို့ မိသားစု တစ်စု အဲဒီ ဘုရား မှာ ပြန်ဆုံကြမယ် ။ နောက် ပွင့်မယ့် ( အရိမေတ္တယျ ) မြတ်စွာဘုရား ကို ဖူးနိုင်ဖို့ မယ်မယ်တို့ သမထဘာဝနာ ကို ပွားများကြရမယ် ၊ သာသနာပြု လုပ်ငန်းတွေ လုပ်ကြရမယ် ။ သမ္မာသင်္ကပ္ပ ဖြစ်အောင် ကြိုးစား ကြရမယ် ”

နောက် ခြောက်လ ဟူသော အချိန်ကာလ က သူ့ အတွက် စိတ်ပျက်ဖွယ် ရှည်လျား လှပါသည် ။

“ အခု ဆုံ လို့ မရနိုင်ဘူးလား ”

“ မယ်မယ် တောင်ကြီးမြို့ ကို သွားပြီး မင်း ရဲ့ ညီတော် နဲ့ တွေ့ ရဦးမယ် ”

“ ကျွန်တော် လိုက်လို့ မရဘူးလား ”

သူ စိတ်အား ထက်သန်စွာ မေးလိုက်၏ ။ သို့သော် သူ ၏ မယ်တော် ဟူသော အမျိုးသမီး က ခေါင်း ကို ညင်သာစွာ ခါယမ်း ငြင်းဆန် လိုက်သည် ။

“ သားတော် မှာ အခု လောလောဆယ် အဓိသီလသိက္ခာ မပြည့်စုံ သေးဘူး ၊ အဲဒီတော့ အဓိသီလ ဖြစ်အောင် ဒီ ခြောက်လ အတွင်း မှာ ဒုစရိုက်ဆယ်ပါး ကို ရှောင်ကျဉ်ပါ ။ နောက်ပြီး ဘဝဟောင်း ကို လည်း သားတော် ပြည့်ပြည့်စုံစုံ မမှတ်မိသေးဘူး ၊ ဒါကြောင့် ခုချိန်က စပြီး ဘဝဟောင်း ကို မြင်အောင် ရှုရမယ် ။ နေ့စဉ် ညဆက် ရှုရမယ် ၊ ဘဝဟောင်း ကို သေသေချာချာ မှတ်မိပြီ ဆိုမှ မယ်မယ်တို့ ပြန် ဆုံလို့ ရမယ် ။ ခြောက်လ ဆိုတာ နှစ်ပေါင်း တစ်ထောင် လောက် နဲ့ ယှဉ် လိုက်ရင် ဘာမှ မကြာပါဘူး သားတော် ”

ခြောက်လ တဲ့ ၊ သူ့ ရဲ့ ဘဝဟောင်း ကို ပြန် ရောက်ဖို့ ခြောက်လ တိတိ သူ ကြိုးစားရမှာပါလား ၊ သူ တွေးတော နေစဉ်မှာပင် ခပ်ဖွဲဖွဲ ရွာသွန်း နေသော မိုး က တိခနဲ ရပ်ဆိုင်းသွား၏ ။

“ ကဲ - မယ်မယ် သွားဦးမယ် ၊ ဘဝဟောင်း ကို ပြန် မြင်အောင် ဒီ ခြောက်လ အတွင်းမှာ သားတော် ကြိုးစားပါ ။ ဖြစ်နိုင်ရင် ဘဝဟောင်း နဲ့ နီးစပ်နိုင် သမျှ နီးစပ်အောင် သားတော် ကျင့်ကြံ နေထိုင်ပါ ”

ထို့နောက် သူ တစ်စုံတစ်ရာ မတားဆီးနိုင်ခင် မှာ ပင် ဘဝဟောင်း မှ သူ ၏ မယ်တော် က သူ ရှေ့မှ ညင်သာစွာ ထွက်ခွာသွား  လေတော့သည် ။

••••• ••••• •••••

၅ ။

သူ ၏ မိခင်ဟောင်း နှင့် ပြန်လည်တွေ့ ဆုံခဲ့ခြင်း က သူ့ အတွက် အံ့သြ ဝမ်းသာဖွယ် တိုက်ဆိုင်မှု ဖြစ်သလို ၊ ဤ ဝတ္ထု အတွက် ဇာတ်ရှိန် မြင့်မားမှု လည်း ဖြစ်သည် ။ ထို ဇာတ်ရှိန် ကြောင့် နောက် ခြောက်လ အကြာ ၌ သူ တို့ မိသားစု လေးယောက် ပြန်လည် တွေ့ဆုံ ကြပါ့မလား ဟု စိတ်တထင့်ထင့် နှင့် ပူပန်ဖွယ် ရှိသော်လည်း ကျွန်တော်တို့ စိုးရိမ် သလို မဟုတ်ဘဲ အမှန်တကယ် ကို ပြန်လည် ဆုံခဲ့ကြပါသည် ။ သို့သော် မိသားစု လေးယောက် စလုံး ပြန် တွေ့ ခြင်း မဟုတ်ပါ ။ သူ နှင့် သူ ၏ မယ်တော် နှစ်ဦး တည်း သာ ပြန်လည် တွေ့ဆုံ ကြခြင်းဖြစ်သည် ။

( အနည်းငယ် အံ့သြဖွယ် ကောင်းသည် မှာ ထိုသို့ တွေ့ဆုံခဲ့ကြောင်း ကို နောင်အခါ သူ  ပြန်လည် မမှတ်မိတော့ခြင်း ဖြစ်သည် ။ သူ နှင့် သူ ၏ မယ်တော် တွေ့ ဆုံခဲ့ပုံ မှာ အောက်ပါ အတိုင်းဖြစ်၏ ။ )

သူ ၏ မိခင်ဟောင်း နှင့် တွေ့ ဆုံခဲ့ပြီး ခြောက်လ တိတိ ကြာသော နေ့ ၌ သူ ၏ သူ ငယ်ချင်း နှစ်ယောက် နှင့် သူ ၏ ချစ်သူ မိန်းကလေး က သူ့ အား အငှားကား တစ်စီးဖြင့် တစ်နေရာ သို့ ခေါ်ဆောင် သွားခဲ့၏ ။ ( ထို နေရာ သည် စိတ်ရောဂါကု ဆေးရုံ တစ်ခု ဖြစ်ကြောင်း သူ  မမှတ်မိတော့ပါ ။ )

ဆေးရုံ သို့ အရောက် တစ်လ တစ်ခါ လျှပ်စစ်နှိပ်ကုထုံး နှင့် ဆေးကုသမှု ခံယူ နေရသော အညိုရောင် ဝတ်စုံ ဝတ်ဆင် ထားသည့် အမျိုးသမီးကြီး တစ်ဦး နှင့် ဆုံစည်းခဲ့၏ ။ ( ထို အမျိုးသမီးကြီး သည် မိဖုရား သေလို့ ဝင်စားတာ ဟု စိတ်စွဲ နေသည့် ယဉ်ယဉ်လေး နှင့် ရူးနေသူ ဖြစ်ကြောင်း ။ သူ ၏ ဘဝဟောင်း မှ မယ်တော် ဟု ပြောခဲ့ဖူးသည့် အမျိုးသမီးကြီး ဖြစ်ကြောင်း သူ  မမှတ်မိတော့ပါ ။ )

ထိုအချိန် က သူ မှတ်မိနေတာ ဟူ၍ တစ်ခုတည်း သာရှိ၏ ။ ယင်းမှာ တစ်ချိန်တုန်းက သူ သည် အိမ်ရှေ့ ဥပရာဇာမင်းသား တစ်ပါး ဖြစ်ခဲ့ဖူးသည် ဟူသော အချက်ပင် ဖြစ်သည် ။

▢ နေနော်

📖 နှောင်ကြိုး တစ်မျှင်

.

 

Saturday, November 2, 2024

ပြည့်အောင် စောင့်မနေနဲ့ လိုတာ ဖြည့်ပြီး လုပ်လိုက်ပါ



 

❝ ပြည့်အောင် စောင့်မနေနဲ့ လိုတာ ဖြည့်ပြီး လုပ်လိုက်ပါ ❞

“ အစ်ကိုကြီး ဘယ်လိုလဲ ဝယ် ဖြစ်မှာလား ”

“ မဟပ်မိဘဲ ဖြစ်နေလို့ ငါ လဲ ဘယ်လို ကြံရမှန်း မသိ ဖြစ်နေတယ်ကွာ ”

၂၀၀၅ ခုနှစ် ဒီဇင်ဘာလ၂၆ ရက်နေ့ ခင်ဗျာ့ ။ ကျွန်တော့် မိတ်ဆွေကြီး ဦးတင်မောင် နဲ့ ကျွန်တော် ဈေး နားလေး က လက်ဖက်ရည်ဆိုင် မှာ ။

သူ့ ရဲ့ လက်ရှိ နေအိမ် က လမ်းကျဉ်းကလေး ထဲ မှာ ။ အဲဒါ သူ က လမ်းမတန်း ပေါ် တက်ချင်တယ် ။ သူ လိုချင်တဲ့ အနေအထား ကို တွေ့ နေပြီ ၊ ရန်ကုန် မန္တလေး သွား ကားလမ်းမကြီး ပေါ် မှာ ၊ ကျွန်တော်တို့ အောင်လံမြို့ကလေး ရဲ့ အလယ်ခေါင် ။ သူ့ အကြိုက် အရှေ့ဘက် မျက်နှာပြု ခင်ဗျာ့ ။

အရမ်း ကြိုက်နေတယ် ။ ဈေး က လည်း တန် နေတယ် ။ ဒါပေမဲ့ သူ့ လက် ထဲ ရှိ ငွေ နဲ့ ဟပ် ကြည့်တော့ မမီတမီ ဖြစ်နေတယ်ဗျာ ။

ပေး ရမယ့် တန်ဖိုး က သိန်း ၂၀၀ ပြူပြူလေးပါ ။ သူ့ မှာ ရှိတာ က ၁၅၀ ၀န်းကျင် ဆိုတော့ ။

“ အဲဒါကွာ ငါ ” 

သူ မချင့်မရဲကြီး ဖြစ်နေတယ် ။

“ ခက်တယ်ဗျာ ၊ အရောင်းအဝယ် ဆိုတာ အရောင်း ရှိတုန်း ၊ ရောင်း နေတုန်း ဝယ်ရတာ ဗျာ့ ၊ ကိုယ် က ဘယ်လောက်ပဲ ကြိုက် နေပေမဲ့ တစ်ဖက် လူ က မရောင်းချင်ဘူး ဆိုရင် ဘာတတ်နိုင်မလဲ ဗျာ ၊ မရောင်းချင်တာ ၊ မရောင်း သေးတာကြီး ကို ရောင်းပါ ၊ ရောင်းပါ သွား ပြောကြည့်ပါလား ၊ တီး မလွှတ်လိုက်ရင် ကံကောင်းပဲ ”

“ အဲဒါ ဘယ်လို လုပ်ရမလဲဟ ချမ်းသာလေး ရ လုပ်စမ်းပါဦး ”  

သူ ခေါင်းကို တဖျဉ်းဖျဉ်း ကုတ် နေတယ် ။ ယားလို့ မဟုတ်ဘူး ၊ အကြံများ ထွက် မလားလို့ ။

“ တစ်နှစ် လောက် ထပ် ရှာ လိုက်ရင်တော့ကွာ ”  

“ ဟာ အစ်ကိုကြီး သူ က အခု ရောင်းပါမယ် လို့ ပြောနေတာ ၊ ရှေ့ နှစ် ကျမှ လို့ ပြောတာ မဟုတ်ဘူး ၊ အခု ရောင်း နေတာ ၊ အစ်ကိုကြီး နဲ့ မတည့်လဲ တစ်ယောက်ယောက် နဲ့ တည့်မှာပဲ ”  

“ ဒီလိုဆို ” 

“ လွယ်ပါတယ် အစ်ကိုကြီး ရာ လိုတဲ့ ငွေ အတိုး နဲ့ ဆွဲပြီး ဖြည့်ထည့်လိုက်ပေါ့ ”

“ ဟ အတိုး ပေးရမှာ ပေါ့ကွာ ” 

“ ဒါဆိုရင်တော့ အစ်ကိုကြီး သဘောပဲ ”

•••••   •••••   •••••

“ ဟယ်လို အယ် ဘယ်သူလဲ ပြော”

“ ကျွန်မ မချို လေ ”

“ ဟဲ့ မချိုတွေ က အများကြီး ” 

“ ပဲခူး က ဦးလေး တူမ မချို ပါ ” 

“ အေး ပြော ”

“ ဟို အောင်လံ က ကျွန်မတို့ အိမ် ရောင်းဖို့ ပြောထားတာ ” 

“ အင်း ”

“ ကျွန်မ က ခုနစ်ဆယ် ခေါ်ထားတယ် ၊ အဲဒါ ဝယ်မယ့် လူ က ၅၀ ပဲ ပေးနေတယ် ၊ အဲဒါ ဦးလေး ကျွန်မ ဘယ်လို လုပ်ရမလဲဟင် ၊ ငါးဆယ် ဆိုတော့ ကွာလွန်း နေလားလို့ ”

“ အေး အေး ငါ ဘေး ကို စုံစမ်း ကြည့်လိုက်ဦးမယ် ၊ ပေါက်ဈေး အနေအထား ”

ဒါက ပြီးခဲ့တဲ့ နိုဝင်ဘာလ ထဲ က ပဲခူး မှာ နေတဲ့ တူမ နဲ့ ပြောဖြစ် ကြတဲ့ စကားတွေ ခင်ဗျာ ။ မချို မှာ က အောင်လံ မှာ အိမ် တစ်လုံး ရှိတယ် ။ ပဲခူး မှာ တိုက်တစ်လုံး ပေါချောင်ကောင်း ရ လို့ ဝယ်လိုက်တော့ အောင်လံ အိမ် က ပိုနေတယ် ။ ဒါကြောင့် ပြန် ရောင်းပစ်မှာ ဗျာ ။

ဒါနဲ့ ကျွန်တော် စုံစမ်းကြည့် ။ အမှန်ပဲ ခင်ဗျာ့ အလားတူ အိမ်တွေ ဟာ လေးဆယ်ငါးဆယ် လောက် ပဲ ပေါက်တယ် ။ ဒါဆို မချို လိုချင် တဲ့ ဈေး မပေါက်ပါ ခင်ဗျာ ။

သို့နှင့် ဖုန်း ပြန်ဆက် ။

“ ဟေး သမီး မချို လား မောင်ချမ်းသာ ပါ ”

“ ဟုတ်ကဲ့ ဦးလေး ”

“ ငါ လေ့လာစုံစမ်း ကြည့်ပြီးပြီ ဟ ၊ အဲဒီ ပတ်ဝန်းကျင် မှာ အဲဒီ လောက်ပဲ ပေါက်တယ်ဟ ၊ မကြာခင် က တည့်သွားတဲ့ အိမ် ဟာ ၄၈ ပဲ ရတယ်ဟ ”

“ ဦးလေးရယ် ငါးဆယ် ဆိုတော့ နည်းနေမလားလို့ ”

“ ဟုတ်တော့ ဟုတ်ပါတယ် ၊ ဒါပေမဲ့ မဟုတ်ဘူး ၊ အခု ညည်းတို့ အိမ် ကို ဝယ်သူ က ငါးဆယ် ပေးနေတယ် နော် ငါ့ သဘော သာ ဆိုရင် တော့ ရောင်းပစ်လိုက်မှာပဲ သိလား ။ ဘာကြောင့်လဲဆို ”

“ ပြောပါဦး ဦးလေး ”

“ ဝယ်သူ မျက်စိကျ နေတုန်း ၊ သူ ဝယ်ချင်စိတ် ရှိနေတုန်း ရောင်း ပစ်လိုက်ရတော့ လွယ်တာပေါ့ဟ ၊ ဝယ်သူ က စိတ်တစ်မျိုး ပြောင်းသွားပြီး မဝယ်ချင်တော့ပါဘူး ၊ စိတ် မဝင်စားတော့ပါဘူး ဆိုမှ ညည်း က ရောင်းချင်ပါတယ် ၊ ရောင်းချင်ပါတယ် ၊ ငါးဆယ် နဲ့ ယူပါတော့ လို့ ပြောလဲ လှည့်ကြည့်မှာ မဟုတ်တော့ဘူး ၊ ဝယ်လို့ ဝယ်တောင် မှ ၄ဝ ၊ ၄၅ လောက် ပဲ ပေးတော့မှာ သူ က အပေါ်စီး ရသွားပြီလေ ”

“ ဦးလေးရယ် သမီးတော့ ခေါင်းခြောက် နေပြီ ”

“ လွယ်လွယ်လေးပါ ငါ့ တူမ ရယ် ၊ ညည်း က ခုနစ်ဆယ် လိုချင်တယ် မဟုတ်လား ၊ ခုနစ်ဆယ် ရ

တဲ့ နည်း ငါ ပြောမယ် ၊ အခု ငါးဆယ် နဲ့ ရောင်းလိုက်ရော ၊ ငါးဆယ် ညည်း လက်ထဲ ရောက်လာပြီး အဲဒါ ငါးဆယ် ကို လေးကျပ်တိုး နဲ့ ချေးထား လိုက် ၊ တစ်လ ကို အတိုး နှစ်သိန် ၊ မရပေဘူးလား ။ တစ်နှစ် တောင် မစောင့်ရဘူး ။ ညည်း ငွေငါးဆယ် ဟာ ခုနစ်ဆယ် ဖြစ်သွားမှာ ၊ ညည်း လိုချင်နေတဲ့ ခုနစ်ဆယ် နောက် တစ်နှစ် အကြာမှာ ရပါမယ်လို့ ဘယ်သူ က အာမခံသလဲ ” 

“ လေးကျပ်တိုး နဲ့ ယူတဲ့ လူတွေ ရှိတယ်လား ”

“ ခက် လိုက်ပါဘိ မိချို ရယ် ၊ အေး အခု ငါ ပြောနေတာ က ညည်း အိမ် ကို ရောင်းလိုက်ပါ လို့ ပြောတာ မဟုတ်ဘူး ။ နည်းလမ်း ကို သာ ချပြတာ ”

“ ဟုတ် ဦးလေး ကျေးဇူးပဲ ”

သို့ဖြင့် မိချို သူ့ အိမ် ကို ရောင်းပစ်လိုက်လေ၏ ။

“ ဖြည့်ယူမယ် ဦးလေး ”

“ အေးဟယ် ကောင်းပါလေ့ ”

ကျွန်တော် မောင်ချမ်းသာ ကား ထိုနည်း ကို အမြဲ အသုံးပြုလေ့ ရှိပါ၏ ။

⎕ မောင်ချမ်းသာ

📖 ကုမုဒြာ ဂျာနယ်
     ၂၀ ဇန်နဝါရိလ ၂၀၀၆

.

လမ်းသာကြီး


 

❝ လမ်းသာကြီး ❞
━━━━━━━━━━━
     စိုးဘားဒိုင်
━━━━━━━━━━━
သည် ရပ်ကွက် သို့ ကျွန်တော်တို့ ပြောင်းလာ ပြီး နောက် သိပ် မကြာမီ မှာပင် ကျွန်တော်တို့ ကို လာရောက် မိတ်ဖွဲ့ခဲ့သူ မှာ ဦးသာကြီး ဖြစ်လေသည် ။ အရပ် ထောင်ထောင်မောင်းမောင်း ၊ ဗလကောင်းကောင်း ဖြစ်ပြီး ဖွေးဖွေးဖြူသော ဆံပင်များ က သူ ၏ အသက် ကို ဖော်ပြနေသည် ။ ဦးသာကြီး ၏ အသက် သည် အနည်းဆုံးတော့ ၇ဝ ကျော် နေလောက်ပြီ ဖြစ်သည် ။ သို့သော်လည်း ဦးသာကြီး ကား သန်စွမ်းဖျတ်လတ် လှသလို သူ့ ကို ကြည့်လိုက် လျှင် တက်တက်ကြွကြွ လှုပ်လှုပ်ရှားရှား အနေအထား ကိုပဲ တွေ့ ရလေ့ရှိသည် ။

ဦးသာကြီးတို့ ၊ ကျွန်တော်တို့ အိမ်ရှေ့က လမ်းမှာ လမ်းကြားကလေး ဖြစ်သော်လည်း မန္တလေး က ခေါ်လေ့ရှိသည့် အတိုင်း ကျောက်လမ်း ( သို့ ) ကတ္တရာလမ်းကလေး ဖြစ်သည် ။ ဦးသာကြီးတို့ အိမ် နှင့် ကျွန်တော်တို့ အိမ် က ၇ အိမ် လောက် ကွာသည် ။ ကျွန်တော်တို့ အိမ် က လမ်းကလေး ၏ အရှေ့ဘက် တွင် ဖြစ်ပြီး ဦးသာကြီး တို့ အိမ် က အိမ်ကလေး ၏ အနောက်ဘက် တွင် ဖြစ်သည် ။

ကျွန်တော်တို့ ပြောင်းရွှေ့ လာပြီး နှစ်ရက် အကြာ တွင် ဖွင့်ထားသော တံခါးပေါက် ရှေ့တွင် ရပ် ကာ ဦးသာကြီး က ပြုံးပြ နေသည် ။

“ ဦးလေး ... အထဲ ဝင်ထိုင်လေ ဘာကိစ္စလဲ မသိဘူး ”

ဦးသာကြီး က အိမ်ထဲ ဝင်လာပြီး ဆက်တီ ပေါ် မထိုင်ဘဲ ရပ်နေသည် ။ ဆံပင်ဖြူဖြူ နှင့် အတူ သူ့ သွား ဖြူဖြူ ကို ပြုံးပြရင်း လေသံ တိုးတိုးဖြင့် သူ လာသည့် ကိစ္စ ကို တိုတိုတုတ်တုတ်ပဲ ပြောသည် ။

“ ရေမီတာ ၊ မီးမီတာ ဆောင်စရာ ရှိရင် ဦး ကို ပြောနော် ။ ဦး ဆောင် ပေးမယ် ။ ဒီနားက လူတွေ ဦး ကို ဆောင်ခိုင်း ကြတယ် ။ ဆောင်ခါ နီးရင် လည်း ဦး သတိ ပေးမယ်လေ ။ ဦး နာမည်က သာကြီး တဲ့ ။ ရှေ့ တစ်ဖြတ်ကလေး မှာ နေတာ ”

“ ဟုတ်ကဲ့ ဦးလေး ပြောပါ့မယ် ”

ဦးသာကြီး က သူ့ ကိစ္စ ကို တိုတိုတုတ်တုတ် ပြောပြီးသည့် နောက် နှုတ်ဆက် ပြန်သွား လေသည် ။ ကျွန်တော်တို့ အိမ်တွင် ရှိသည့် လူတွေ က သူ့ ကိစ္စ နှင့် သူ မအားမလပ်ကြတော့ တစ်ခါတစ်ရံ ရေမီတာ ၊ မီးမီတာကိစ္စတွေ က မေ့ပြီး ရက်တွေ လွန်လွန် သွားတတ်သည် ။ ဒဏ်ကြေးတွေ ကလည်း ခဏခဏ ဆောင်ဆောင် နေရတတ်လေရာ ယခုလို ဆောင်ပေးမည့် သူ ရှိတော့ အဆင်ပြေပါလိမ့်မည် ။

ရေမီတာ ၃ လ တစ်ကြိမ် ဆောင်ရ သဖြင့် တစ်ခါ ဆောင်ထားလိုက် လျှင် သုံးလ ကြာ မှ နောက် တစ်ကြိမ် ဆောင်ရပြီး စည်ပင် တွင် သွားဆောင်ရ သည် ။ မဟာအောင်မြေ အတွက် ၈၄ လမ်း ၊ ( ၃၈ x ၃၉ ) လမ်းကြား က မန်းမြို့ဈေး တွင် ဆောင်ရလေရာ ကျွန်တော်တို့ အိမ် နှင့် သိပ် မဝေး သလို ၈၄ လမ်းမကြီး ပေါ် ရှိသဖြင့် သွားရင်း လာရင်း ဆောင်လို့ရသည် ။ သို့သော်လည်း များသောအားဖြင့် ကတော့ ကိုယ့် ကိစ္စ နှင့် ကိုယ် ၊ ကိုယ့် အတွေး နှင့်ကိုယ် သွားလာ နေရတော့ မေ့မေ့ သွားတတ်သည် ။ ဦးသာကြီးတို့ လို သီးသန့် သတိပေးပြီး ဆောင်ရွက်ပေးသူ ရှိတော့ အဆင်ပြေပေမည် ။

မီး မီတာကျတော့လည်း မဟာအောင်မြေ အတွက် ၃၅ လမ်း ( ၈၅ × ၈၆ ) လမ်းကြားရုံးတွင် ဆောင်ရလေရာ ကျွန်တော်တို့ နှင့် ဝေးလှသည် မဟုတ်ပေ ။ သွားရင်းလာရင်းလည်း ဆောင်၍ ရ သည် ။ သွားရင်းလာရင်း ကပင် မေ့မေ့ နေတတ်၍ ရက် တွေ လွန် သွားရသည် ။ မီး မီတာခ ကို ဝန်ဆောင်ခ ယူကာ ကောက်ခံသည့် ကားတွေ က ကျွန်တော်တို့ လမ်းကြားလေး ထဲသို့ ဝင်လာခြင်း မရှိသော်လည်း လမ်းမပေါ် ကိုတော့ ရောက်လာလေ့ ရှိသည် ။ သို့သော် သူတို့ ရောက်လာချိန် ကိုယ် က သိဖို့လိုသည် ။ ကိုယ့် အလုပ် နှင့် ကိုယ် ဆိုတော့ သူတို့ ရောက်လာချိန်ကို သိပ် သတိရလေ့ မရှိပေ ။

သို့ဖြစ်လေရာ ဦးသာကြီး လို လူ တစ်ယောက် နှင့် ချိတ်ဆက် ထားလိုက်ခြင်း က ပို၍ အဆင်ပြေမည် ဖြစ်လေသည် ။ သူ့ ကို သတ်မှတ်ထားသည့် ဝန်ဆောင် ခ ပေးလိုက်ရုံသာ ဖြစ်သည် ။ သူ့ ဝန်ဆောင်ခ ကလည်း တစ်စောင် ကို တစ်ရာ ဆိုတော့ ကား နှင့် လှည့်ပြီး ကောက်ခံသည့် ဝန်ဆောင်ခ ထက် ငါးဆယ် ပဲ ပို သည် ။ ဦးသာကြီး က တော့ ဟို အိမ် က တစ်စောင် ၊ ဒီ အိမ် က တစ်စောင် နှင့် သူ့ နေ့တွက် ကိုက်သွားသည် ဟု ဆိုရပေမည် ။ သူ့ နေ့တွက် ကလည်း သည် ရပ်ကွက်ကလေး သို့ မီတာ ကျသင့်ငွေ ကောက်ခံသည့် နှိုးဆော် စာ လာပေးသည့် ရက် ကနေ ဆယ်ရက် အတွင်း မှာ သာ ရှိလေသည် ။

ဦးသာကြီး က မီတာခ တောင်းခံလွှာများ ကို လိုက်လံ စုယူပြီး ရုံးသို့ သွားကာ တန်းစီ၍ မီတာခ ဆောင်ရသည် ။ ပြီးလျှင် ဖြတ်ပိုင်းများ ကို တစ်အိမ်ဝင် တစ်အိမ်ထွက် လိုက်ဝေငှ ပေးရုံသာ ဖြစ်သည် ။ မီးမီတာ ဆောင်သည့် ရုံး တွင် ဦးသာကြီး တို့လို လူတွေ အများကြီး ရှိသည် ။ တစ်ခါတစ်ရံ မီတာခ ဆောင်စရာ စာရွက်တွေ က များလွန်းသဖြင့် လူ နာမည်တွေ ခေါ်ကာ ဖြတ်ပိုင်း ပြန်ပေးတော့ ကိုယ့်ဟာ မှန်း မသိတာတွေ ပင် ရှိလေသည် ။ ထိုအခါ မှတ်မိနိုင်အောင် တစ်ခါ တန်းစီ ၅ စောင်လောက် ငွေသွင်း ၊ နောက် တစ်ခေါက် တန်းစီ ၊ နောက် ၅ စောင်လောက် သွင်းနှင့် ထပ်ခါ ထပ်ခါ တန်းစီ နေကြရသူတွေ ကို လည်း တွေ့ရသည် ။

ဦးသာကြီး ကတော့ ရပ်ကွက်ထဲ က လူတွေ အားလုံးကို သိသူ ဖြစ်လေတော့ တစ်ခါတည်း ငွေ သွင်းပြီး တစ်ဘရိတ် တည်း ဖြတ်ပိုင်း ထုတ် ယူသည် ။ ပြီးတော့ ဦးသာကြီး မှာ သူ့ ဖောက်သည် နှင့် သူ ရှိပြီး သား ဖြစ်ရုံမက သူ့ ဖောက်သည်များ ကို လုယူ သွားမည့် သူ လည်း လမ်းကလေးတွင် သာ မက ရပ်ကွက် ထဲ မှာပင် မရှိပေ ။ ဦးသာကြီး က သူ့ ဖောက်သည်များ ၏ ယုံကြည်မှု ကို အပြည့်အဝ ရရှိထားပြီးသူ ဖြစ်လေသည် ။

သည် လမ်းထဲ ရောက်ပြီး တစ်လလောက် အတွင်းမှာ ပင် ဦးသာကြီး ၏ အလုပ်သည် မီတာ ဆောင်ပေးသည့် အလုပ် သာ မက တခြား အလုပ်များ လည်း ရှိသေးသည် ကို တွေ့လာရသည် ။ ဦးသာကြီး ကို ကြည့်လိုက်လျှင် လမ်းပေါ် မှာ အများဆုံး တွေ့ရ တတ်သည် ။ လမ်းပေါ် တွင် သူ လူးလားခပ် သွားလာ နေသည်ကို ကျွန်တော် တွေ့ရသည် ။ မနက် ၈ နာရီ အိမ် က ထွက်သွားလျှင် ညနေ ၆ နာရီ လောက် မှ အိမ်ပြန် ရောက်တတ်သော ကျွန်တော် ပင်လျှင် သူ့ ကို သူ့ အိမ်ထဲ မှာ ထက် အိမ်ပြင်မှာ ပိုတွေ့ နေရတတ်သည် ။ မနက်ပိုင်း ဆိုလျှင်လည်း မနက်ပိုင်း မို့ ၊ ည ဆိုလျှင်လည်း ည မို့ ဦးသာကြီး ကို လက်ထဲ တစ်ခုခု ကိုင်ကာ သွားလာနေသည် ကို တွေ့ နေရသည် ။ ဦးသာကြီး ကား သူ့ အိမ် က အိမ်မှုကိစ္စများ သာမက အခြား အိမ်က အိမ်မှုကိစ္စများ ကိုပါ ဆောင်ရွက်ပေးသူ ဖြစ်နေသည် ကို တွေ့ရလေသည် ။

သည် လမ်းထဲ မှာ ကလေးများ မှာ မနက် မျက်လုံးဖွင့် ကတည်းက ကျောင်းစာတွေနှင့် နပမ်းလုံးကြ လေရာ စားရေး သောက်ရေးကိစ္စ ကိုပင် အချိန်လု၍ လုပ်နေကြရသည် ။ အိပ်ရာ က ထသည်နှင့် သွားတိုက် ၊ မျက်နှာသစ် ကာ လွယ်အိတ် ၊ ကျောပိုးအိတ် ကို ယူပြီး ကျောင်းစာတွေ လုပ်ရသည် ။ မနက်စာ ကို နင် မတတ် အပြေးအလွှား သွတ်သွင်းကာ အဝတ်အစား လဲပြီး ကျူရှင်ပြေးရ ကျူရှင် ကနေ ကျောင်း ကို ပြေးရသည် ။

ကလေးတွေ မနက်စာ အတွက် အမေ က ပြင် ဆင်ပေးရသည် ။ တစ်ခါတစ်ရံ ကလေးများ စားချင် သည့် မုန့် က လမ်းထဲ ကနေ လမ်းမကြီး ပေါ် ထွက် ဝယ်ရလျှင် အချိန် ယူရသည် ။ ထို ယူရသောအချိန်ကို ဦးသာကြီး က ဝင်ရောက် လုပ်ကိုင်ပေးခြင်းဖြင့် အဆင် ပြေလေသည် ။ သည်ဝန်ဆောင်မှုမျိုး မှာတော့ ဦးသာကြီး က သတ်မှတ်ထားသော ဝန်ဆောင်ခ မရှိပေ ။ ပေးခြင်း မပေးခြင်း အပေါ် မှာ လည်း ထည့်တွက်လေ့ မရှိပေ ။

•••••   •••••   •••••

တစ်နေကုန် အိမ် တွင် ရှိနေသည့် ရက် တစ်ရက် တွင် ဦးသာကြီး အကြောင်းကို ကျွန်တော် ပို၍ သိလာရလေသည် ။ ဦးသာကြီး အကြောင်း ဆိုတာ ထက် ဦးသာကြီး ၏ လမ်းပေါ် က ခြေလှမ်းများ အကြောင်း ကို ပိုသိလာရသည် ဟု ဆိုပါမှ ပိုမှန်ကန်ပါ လိမ့်မည် ။ သည် လမ်းကလေး ပေါ် လမ်းလျှောက်သူ ကို သာ ငွေကောက်ခံရလျှင် ဦးသာကြီး သည် အများဆုံး ပေးဆောင်ရမည့် သူ ဖြစ်လေသည် ။ ဦးသာကြီး ၏ ခြေဖဝါးရာတွေ ထို လမ်းကလေး ပေါ်တွင် ထပ် လိုက်လျှင် နံရံတစ်ခု ဖြစ်သွားလောက်သည် ။ ဦးသာကြီး သည် ထို လမ်းကလေးပေါ်တွင် လူးလာခေါက်တုံ့ သွားလာလျက် ရှိပြီး သူ့ လက်ထဲ တွင်လည်း ကိုင် ဆောင်စရာတွေ က မျက်လှည့်ဆရာ ၏ လက်ထဲ သို့ တစ်ခု ပြီး တစ်ခု ရောက်ရောက် လာသည့် တိုလီမိုစတွေ လို တစ်ခါ သွား တစ်မျိုး ဖြစ်လေသည် ။ အရပ်အမောင်း ကောင်းသူ ပီပီ သူ့ ခြေလှမ်း တွေ ကလည်း လွှားခနဲ လွှားခနဲ နှင့် ခရီးပေါက်လျက် ရှိသည် ။ သူ့ ကို ကြည့် လိုက်လျှင် ၇ဝ ကျော် အဘိုး ကြီး နှင့် မတူဘဲ ၅ဝ ကျော် အရွယ်လောက် ထင်ရ သည် ။ သွက်လက် ဖျတ်လတ်နေပုံက ၄ဝ ကျော် လောက် ထင်ရသည် ။ တစ်ခါတစ်ရံ လက်နှင့် ကိုင်၍ မရသဖြင့် ပခုံးပေါ် ရောက်ရသည့် ပစ္စည်းများ ကို လည်း တွေ့ရသည် ။

ကျွန်တော် သည် လမ်းများ လှသော ၊ အလှမ်း များ လှသော ဦးသာကြီး ကို အိမ်ပေါ်ထပ် ကနေ လှမ်း ကြည့် နေမိသည် ။ ကျွန်တော်တို့ တစ်အိမ်သားလုံး အလှူ တစ်ခု ကို သွားနေ သဖြင့် ကျွန်တော် က အိမ်စောင့် ဖြစ်နေလေရာ စာအုပ်တွေ ပုံပြီး အပေါ်ထပ် မှာ ထိုင် ဖတ် နေရင်း ဦးသာကြီး ကို ဂရုပြုမိ သွားခြင်း ဖြစ်သည် ။ ဦးသာကြီး သည် လမ်းကလေး ပေါ်က အိမ် တွေ ထဲ ဝင်လိုက် ၊ ထွက်လိုက်နှင့် အလုပ်ရှုပ် နေသည် ။ သူ့ အိမ်ထဲ ဝင်လိုက် ပြန်ရင်လည်း သူ့ မှာ အပြင်ထွက် လုပ်စရာတွေ က များလှသည် ။ တစ်ခါတလေကျ တော့ ကလေး တစ်ယောက် ကို ချီ၍ ထိန်းကျောင်း နေသည် ကို တွေ့ရသည် ။ ကလေးထိန်း နေရင်း ကနေ လမ်း ထွက်စရာ ကြုံလျှင် ထို ကလေး ကို ချီ၍ ထွက် သွားပြန်သည် ။

ထို လမ်းကလေး ပေါ်က အိမ် များစွာသည် ဦးသာကြီး နှင့် မပတ်သက်သည့် အိမ် တစ်အိမ်မျှ မရှိ တာကို ကျွန်တော် သတိပြုမိ သွားသည် ။ ခပ်ရိုင်းရိုင်း စကား သုံးရလျှင် ဦးသာကြီး သည် ထို လမ်းကလေး ထဲ က အိမ်ပေါင်းစုံ ၏ ခိုင်းဖတ် ဖြစ်နေသည် ဟု ဆိုရပေမည် ။

ကျွန်တော် သည် ဦးသာကြီး ကို စိတ်ဝင်စားခြင်း နှင့် အတူ ဦးသာကြီး အိမ် ကိုပါ စိတ်ဝင်စား လာ သည် ။ ဦးသာကြီး တို့ ၏ အိမ် သည် နှစ်ထပ်တိုက်ကလေး ဖြစ်ပြီး ခြံဝင်းကလည်း အသင့်အတင့် ကျယ်ဝန်း လေသည် ။ ရှေ့မျက်နှာစာ လမ်း တော်တော်ကလေး ကျယ်လေရာ တစ်ခါတစ်ရံ ထို ကွက်လပ် ပေါ် တွင် ဦးသာကြီး နှင့် ၇ နှစ်ခန့် ရှိမည့် ကလေး တစ်ယောက် ပြေးလွှားရင်း ဘောလုံးကန် နေသည်ကို တွေ့ရသည် ။

ဦးသာကြီးတို့ အိမ် သည် ချမ်းသာသည့် အိမ် စာရင်းတွင် မသွင်းလိုလျှင် တောင်မှ နွမ်းပါးသူ စာရင်း သို့ သွင်း၍ မရပေ ။ ဇိမ်ခံပစ္စည်း စုံလင်သလို ကိုယ်ပိုင် ကား တစ်စီး ၊ ဆိုင်ကယ် နှစ်စီး ရှိသည် ။ မတလ ဆိုင် ကယ်တွေ မှိုလို ပေါက်နေသည့် မန္တလေး တွင် ဂျပန် ဆိုင်ကယ် နှစ်စီး ပိုင်ဆိုင်သော အိမ် ဖြစ်သည် ။ ရွှေတွဲလွဲ ၊ ငွေတွဲလွဲ နှင့် သုံးနိုင် ဖြုန်းနိုင် သော အိမ် ဖြစ်သည် ။

ယင်းကဲ့သို့သော မရှိမရှား အိမ်မျိုး ကို ပိုင်ဆိုင် သည့် ဦးသာကြီး သည် တစ်လမ်းလုံး ၏ ခိုင်းဖတ် ဖြစ် နေသည်က စိတ်ဝင်စားစရာ ဖြစ်နေသည် ။ ထို အိမ် တွင် ဦးသာကြီး ၏ နေရာက ဘယ်နေရာလဲ ။ အိမ်ထောင်ဦးစီးလား ၊ မှီခိုသူလား ၊ သူ့ အနေအထား ၊ သူ့ အိမ်တွင် ရှိသည့် လူတွေ ကို ကြည့်လျှင် သူ သည် အိမ်ထောင်ဦးစီး ဖြစ်နိုင်ခြေမျိုး ဖြစ်လေသည် ။

သူတို့ အိမ် တွင် ဦးသာကြီး နှင့် မတိမ်းမယိမ်း ရှိသော မိန်းမကြီး တစ်ယောက် ရှိသည် ။ အသက် သုံးဆယ် ကျော် ရှိမည့် လင်မယား စုံတွဲ တစ်တွဲ ၊ ၃ဝ ခန့်ရှိ မည့် လင်မယား စုံတွဲ တစ်တွဲ ရှိသည် ။ ကလေး က ၄ - ၅ ယောက် လောက် ရှိမည် ။ သို့သော်လည်း ထို အိမ်ထဲ တွင် ညပိုင်း ကျတော့မှ လူစုံတက်စုံ ကို တွေ့ ရတတ်သည် ။ အပြင် ထွက် နေသည့် လူတွေ က ပိုများသည် ။ မိန်းမကြီး တစ်ယောက် ၁၃ - ၄ နှစ်အရွယ် ကလေးမလေး တစ်ယောက် နှင့် ဦးသာကြီး တို့ ကတော့ အိမ် တွင် ပုံမှန် ရှိလေသည် ။

ပြည့်စုံသော မိသားစုတွင် ရှိနေသော ဦးသာကြီး တစ်ယောက် တစ်လမ်းလုံး ၏ ခိုင်းဖတ် လိုဖြစ်နေ ခြင်းမှာ ကြည့် မကောင်းလှပေ ။ အိမ်သူအိမ်သားများ ၏ ဦးသာကြီး ပေါ်ထားသည့် စိတ်သဘောထားများ ၏ စိတ်ဓာတ် ကို ကျွန်တော် ဘဝင်မကျ ဖြစ်နေမိ သည် ။ ကျွန်တော် က သာ ဘဝင်မကျ သော်လည်း ဦးသာကြီး ကို ကြည့်ရသည် မှာ စိတ်ညစ် ၊ စိတ်ပျက် နေသည့် လက္ခဏာ ကို မတွေ့ရပေ ။ သူ၏ မျက်နှာ သည် အမြဲ ပြုံးလျက်ရှိသည် ။ မြင်မြင်သမျှ လူတွေ ကို မျက်နှာချို သွေးနေရ သလို ရှိလေသည် ။

ကျွန်တော့် အိမ် အပေါ်ထပ် ကနေ လှမ်း ကြည့် လိုက်လျှင် သူတို့ အိမ် ကို ကောင်းကောင်း မြင်နေရ သည် ။ မိန်းမကြီး က ကွပ်ပျစ် တစ်ခု ပေါ်တွင် ခြေဆင်း ထိုင်နေပြီး ဦးသာကြီး က မိန်းမကြီး ၏ ကျော ကို နှိပ် ပေး နေသည် ကို တွေ့ ရသည် ။ ခဏကြာတော့ မျက်စောင်းထိုး အိမ် က လှမ်းခေါ်သံ ကြား လိုက်ရပြီး ဦးသာကြီး မှာ နှိပ်နေရင်း တန်းလန်း က နေ ထ သွားကာ ထို မျက်စောင်းထိုး အိမ် က ခိုင်းလိုက်သည့် ကိစ္စကို သွားလုပ်ပေးနေသည် ကို တွေ့ရသည် ။ မိန်းမကြီး ကတော့ ခြေဆင်း ထိုင် နေသည့် အနေအထား ကို မပြင်ဘဲ ခေါင်း ကို သာ ဟိုဘက်ဒီဘက် လှည့်ကာ အညောင်း ဖြေ နေလေသည် ။

ခဏကြာတော့ ဦးသာကြီး ပြန် ရောက်လာပြီး မိန်းမကြီး အား ဆက် နှိပ်ပေး နေသည် ။ မျက်စောင်းထိုး အိမ် က လှမ်း ခေါ်တာ ၊ သွား လုပ်ပေးတာတွေ ကို ဘာ တစ်ခွန်း မှ ပြောဖော် မရသော ၊ ပြောနေပုံ မပေါက်သော မြင်ကွင်း ကို ကြည့်ရင်း ဦးသာကြီး ပေါ်ထားသော ထို အိမ် ၏ သဘောထား ကို ကျွန်တော် နားမလည်နိုင် အောင် ဖြစ်လာသည် ။

ဦးသာကြီး သည် ထို အိမ် ၏ မိသားစု ဖြစ်ချင် မှ ဖြစ်ပါလိမ့်မည် ။ ထို အိမ် ၏ မိသားစုဝင် မဟုတ် လျှင် အခိုင်းအစေလား ဆိုတော့လည်း ကိုယ့် အခိုင်း အစေလား ကို တစ်လမ်းလုံး က ခိုင်းနေကြတာ ကို ထို အိမ် က ခွင့်ပြုမည် မဟုတ်ချေ ။ ဆွေမျိုးသားချင်း ထဲ က ဖြစ်ပြန်လျှင် လည်း ကိုယ့် ဆွေမျိုးသားချ င်းကို တစ်လမ်းလုံးက ခိုင်းနေတာ ကို သိက္ခာကျ ခံပြီး လွှတ်ထား မည် မဟုတ်ပေ ။

ကျွန်တော် ၏ ဦးသာကြီး အပေါ် စိတ်ဝင်စား မှုသည် မြင့်တက်လာသည် ။ စူးစမ်းလိုစိတ် ပေါ်လာ သည် ။ ဦးသာကြီး ကို အိမ် ထဲ ခေါ်သွင်းမည့် ၊ ခေါ်သွင်း နိုင်မည့် အစီအစဉ် ကို စဉ်းစားသည် ။ ဦးသာကြီး ကို ကျွန်တော် ခိုင်းစရာ တစ်ခုမျှ ပို မခိုင်းခဲ့ဖူးပေ ။

ကျွန်တော် လျှောက်တွေး နေစဉ်မှာပင် ဦးသာကြီး တို့ နှိပ်နေရာ သို့ ၁၃ - ၄ နှစ် အရွယ် ကောင်မလေး ထွက်လာပြီး တစ်ခုခု ပြောနေသည် ။ နှစ်ယောက် စလုံး ထ သွားသည် ။ ခဏကြာတော့ နှစ်ယောက် စလုံး ပန်းကန်ပြား တစ်ချပ်စီ တွင် ထမင်းဟင်းတွေ ပုံထည့် လာကာ ထွက်လာသည် ။ ကွပ်ပျစ် ပေါ် မှာ ပင် သူတို့ ထမင်းစား ကြသည် ။ ခဏကြာတော့ စောစောက ကောင်မလေး က ပါ ပူးပေါင်း ပါဝင်လာသည် ။ ကိုယ့် ပန်းကန် နှင့် ကိုယ် ဖြစ်သော်လည်း သူတို့ ထမင်းစား နေကြသည် မှာ မိသားစုပုံစံ လို ဖြစ်နေသည် ။ သီးခြား ဆန် သော်လည်း ကြည်နူးစရာ ဖြစ်သည် ။ ကိုယ့် ထမင်း ကိုယ် စားနေကြ သော်လည်း တစ်ကွပ်ပျစ်တည်း တွင် ဖြစ်လေသည် ။ ထမင်းစား နေရာကနေ လှမ်းကြည့် လိုက်သော ဦးသာကြီး က ကျွန်တော့် ကို မြင်သွား သည် ။ ကျွန်တော် က မထင်မှတ်ဘဲ လက် လှမ်းပြကာ ခေါ် လိုက်မိသည် ။ ထမင်းပန်းကန် ကို ချထားပြီး ရောက်ချ လာသည် ။

“ ဘာလုပ် ပေးရမလဲကွ ”

“ လေးလေး ထမင်းစား လိုက်ပါဦး ပြီးမှ လာပါ ”

“ ရပါတယ် ၊ ပြီး မှ စားတာပေါ့ ”

“ ကျွန်တော် က ဖြည်းဖြည်း ရပါတယ် ။ စားပြီး မှပဲ လာပါ ”

ဦးသာကြီး က အေး အေး ဟု ဆိုကာ အိမ်ပြန် သွားသည် ။ ထမင်းစား ပြီးတော့ ရောက်ချ လာသည် ။

သူ ရောက်ချလာ သော်လည်း ကျွန်တော့် မှာ သူ့ ကို ခိုင်းစရာ တစ်ခုမျှ ရှိမနေတော့ ဘာ ပြောရမှန်း မသိဘဲ ဖြစ်နေသည် ။

“ လေးလေး ဝင်ထိုင်ဦးလေ ”

“ ကိစ္စ မရှိပါဘူးကွဲ့ ။ လေးလေး ဘာလုပ် ပေးရမယ် ”

“ ထိုင်ပါဦး ... လေးလေးရဲ့ ကျွန်တော် စဉ်းစား လိုက်ပါဦးမယ် ”

ဦးသာကြီး က ကြောင်တောင်တောင် နှင့် ဝင် ထိုင်လိုက်ရသည် ။ ကျွန်တော် က သူ့ အကြောင်း ကို မေးကြည့်ရ ကောင်းမလား ဟု တွေးသည် ။ မေးရမှာ လည်း အားနာသည် ။ ဦးသာကြီး က ကျွန်တော် ဘာ ခိုင်းမလို့လဲ ဆိုတာကို မျှော်နေပုံရသည် ။

“ ဒီနား တစ်ဝိုက်မှာ အိမ်ငှားမယ့်သူ ရှိလား လေးလေး ”

အဆက်အစပ် မရှိသော စကား ကျွန်တော့် နှုတ် က ထွက်သွား သော်လည်း ထို စကား မှာ ကျွန်တော် နှင့် လည်း အဆက်အစပ် မရှိပေ ။

“ ဒီ အိမ် ငှား နေရတာ အဆင် မပြေလို့လား ”

“ မိတ်ဆွေ တစ်ယောက်က စုံစမ်းခိုင်းလို့ပါ ။ ကျွန်တော် နဲ့ လည်း နီးနီးပေါ့ ”

ဦးသာကြီး က ခဏကလေး စဉ်းစားပြီး နောက်လ ထိ စောင့်နိုင်မလား ဟု မေးသည် ။ ကျွန်တော် ကလည်း ခပ်တည်တည်ပင် ရလောက်ပါတယ် ဟု ဖြေသည် ။

“ ကျွန်တော့် အိမ် က မိသားစုတွေ က အိမ် ဆောက်တာ ပြီးသွားပြီ ။ နောက်လ ဆိုရင် ငှားလို့ရတယ် ။ တစ်ခုပဲ ရှိတယ် ။ ကျွန်တော်တို့ နဲ့ တူတူ နေမှ ရမှာ ”

ဦးသာကြီး စကားကြောင့် ကျွန်တော် အံ့ဩ သွားသည် ။ ယခု ဦးသာကြီး နေသော အိမ်မှာ သူ ၏ ကိုယ်ပိုင်အိမ် ဖြစ် နေလေသည် ။ ကျွန်တော် ကတော့ ဦးသာကြီးကို ယခုမှ ပို၍ နားမလည် နိုင်အောင် ဖြစ် လာလေသည် ။ အိမ်ပိုင်ယာပိုင် ရှိသော ဦးသာကြီး ကို တစ်လမ်းလုံး က ခေါ်ယူ ခိုင်းနေကြရာ သူတို့ အားလုံး က လည်း ဦးသာကြီး အကြောင်း သိပြီး ဖြစ်နေကြမည် ။

“ လေးလေး က ဘာလို့ သူများ ခိုင်းတာတွေ လိုက် လုပ်ပေးနေရတာလဲဗျ ”

ကျွန်တော် က ဗြောင်ကျကျ ပင် သူ့ကို မေးလိုက်သည် ။

“ လေးလေး က အငြိမ် မနေတတ်လို့ပါကွာ ”

သူ က ပြုံးပြုံးပင် ဖြေ လေသည် ။ ထိုအချိန်မှာ ပင် မျက်နှာချင်းဆိုင် အိမ် က ဦးသာကြီး ကို လှမ်းခေါ် လိုက်ရာ သူ ထ ထွက် သွားလေသည် ။ မျက်နှာချင်း ဆိုင်အိမ် က သူ့ ကို ခိုင်းနေတာ ကို ကျွန်တော် လှမ်း ကြည့် နေမိသည် ။ သူတို့ မျက်နှာ အမူအရာ ကို မြင်လိုက်ရတော့မှ တစ်လမ်းလုံး ၏ ခိုင်းဖတ် ဟူသော ကျွန်တော့် အမြင် အတွက် ကျွန်တော် ရှက်မိသည် ။ ဦးသာကြီး ကား အခိုင်းအစေ မဟုတ်သလို သူ့ ကို ခိုင်းနေသူ တွေ က လည်း ခိုင်းနေသည့် မျက်နှာပေး အမူအရာ မရှိ တာကို သတိပြုမိ သွားသည် ။

ဦးသာကြီး ကို နားလည်နိုင်ဖို့ ဦးသာကြီး ကို သာမက တစ်လမ်းလုံး က လူတွေ ၏ သဘောထား ကို ပါ လေ့လာကြည့်ဖို့ လိုကြောင်း ကို ယခုမှ ကျွန်တော် သတိပြုမိ သွားသည် ။ ဦးသာကြီး ကို သနားခြင်း ၊ အထင်သေးခြင်း ၊ နှိမ့်ချခြင်း တို့ မပြုလုပ်မီ ကျွန်တော် အချိန်မီ သွားတာကပင် ကံကောင်းသည် ဟု ဆိုရပေမည် ။ မဟုတ်လျှင် ဆုံးရှုံးမှုတွေ က ကျွန်တော့် ဆီသို့ တံခါး မရှိ ၊ ပြတင်း မရှိ တိုးလျှိုပေါက် ဝင်ရောက် လာမည် ဖြစ်လေသည် ။ ကျွန်တော်တို့ မမြင်သာသော အားတွေ နေရာတကာ တွင် ရှိနေနိုင်သည် ကို ဦးသာကြီး က ကျွန်တော့် ကို ပြသွားလေသည် ။

▢ စိုးဘားဒိုင်

📖 ကလျာ မဂ္ဂဇင်း
      ဧပြီလ ၊ ၂၀၁၀

.

Friday, November 1, 2024

စီးဖူးတာချင်း ပြိုင်ချင်တယ်

 

❝ စီးဖူးတာချင်း ပြိုင်ချင်တယ် ❞
       ( အဏ္ဏဝါစိုးမိုး )

ဆရာအီကြာကွေးခေါ် ဂုရုကွေး ၊ လောင်စီကွေး ၊ အီကွေလျားကြီးသည် အလွန် ကြွားသူဖြစ်သည် ။ သူသည် အလွန် အေးချမ်းသော မဟာသန္တိ သုခ ပုဂ္ဂိုလ်ကြီး ဖြစ်သည်ဟု ဆိုသည် ။ သူများတွေလို ဘယ်မှာ သိန်း ၅၀ ပါသွားလို့ ၊ ဘယ်မှာ သိန်း ၁ဝဝ ထားမိလို့ သောက ဖြစ်နေရတယ် ၊ ပူနေရတယ် ဆိုတာမျိုး မရှိလို့ အေးချမ်းသည်ဟု ဆိုပါသည် ။ လက်ထဲမှာ ပိုက်ဆံတစ်ပြားမှမရှိဘဲ သိန်းငါးဆယ် တန် ဘုရားတန်ဆောင်းကြီးတစ်ခုကို ဓနုဖြူမြို့မှာ လှူထားပြီးပြီဟုဆိုသည် ။

ပိုက်ဆံတစ်ပြားမှ မရှိသော်လည်း ကားမျိုးစုံ ကို သူစီးဖူးတယ်ဟု ကြွား ပြန်သည် ။ လိုင်းဘတ်စ်ကားမျိုးစုံတွေထဲက သစ်သားဘော်ဒီ တင်ထားသည့် အမေရိကန်လုပ် ချက်ဗလက် ခေါင်းတိုက စပြီး သံဘော်ဒီ တင်ထားသည့် ဒေါ့ဂျစ် ၊ ဂျပန်လုပ် စစ်လျော်ကြေးရ ဟီးနိုး ၊ ကိုရီးယားလုပ် ဒေဝူးနှင့် ဟွန်ဒိုင်းကားကြီး တွေကို စီးဖူးသည်ဟု ဆိုသည် ။ သုံးဘီးနှင့် လေးဘီးကားတွေ ခေတ်မှာလည်း ဗွက်ပေါက်အောင်စီးခဲ့ဖူးသည်ဟုဆိုသည် ။

သူဂုဏ်ယူဝင့်ကြွားစွာ ပြောလေ့ရှိတာကတော့ ဒီဘက်ခေတ်မှာ ပေါ်လာ သည့် ဆလွန်းကားမျိုးစုံကို သူစီးဖူးတယ်ဆိုတာပဲ ဖြစ်သည် ။ ကိုအဏ္ဏဝါရဲ့ ကိုရိုနာ ၊ သောကြာ အယ်ဒီတာ ဆရာဝေသာရဲ့ စူပါရု ၊ ဆရာဆွေမင်း ( ဓနုဖြူ ) ၊ တွတ်ပီရဲ့ တောင်းအေ့စ် ၊ စာအုပ်ဖြန့်ချိရေးဆရာ ကိုအတီး ရဲ့ ပတ်ပလစ်ကာ ၊ ဆရာမင်းသိင်္ခရဲ့ ပါဂျရို အထိတောင် စီးဖူးတယ် ဆိုပါသည် ။ ဖြစ်တော့ ဖြစ်နိုင် သည် ။ ကားပိုင်ရှင်တွေအားလုံးသည် ဂုရုကွေး၏ ဘော်ဒါတွေ ဖြစ်နေသည် ။ ဂုရုကွေးသည် လမ်းမှာ တွေ့သမျှ သူ့ဘော်ဒါတွေ၏ ကားတွေကို ရပ်ခိုင်းပြီး ကပ်စီးနေသူဖြစ်သည် ။ သူနေထိုင်သည့် တောင်ဥက္ကလာ ၊ မင်္ဂလာလမ်းထဲက လူတွေက သူ့ကို ဦးကပ်စီးလို့ ခေါ်ကြသည် ။

ဂုရုကွေးက အဲဒီလောက် ကြွားနေတော့ ကိုအဏ္ဏဝါကလည်း အားကျမခံ ကြွားချင်စိတ် ပေါက်လာသည် ။ ကိုအဏ္ဏဝါသည်လည်း သင်္ဘောသားမဖြစ်မီက ဂုရုကွေးနှင့် ဘဝတူ လူတန်းစားဖြစ်၍ ဂုရုကွေးကြီး စီးဖူးခဲ့သည့် သစ်သားဘော်ဒီ တင် ချက်ဗလက်ခေါင်းတိုကစပြီး ဘတ်စ်ကားမျိုးစုံကို စီးခဲ့ဖူးပါသည် ။ ကိုအဏ္ဏဝါ က သာကေတမြို့သားဖြစ်လို့ ဘတ်စ်ကားမျိုးစုံ အတွေ့အကြုံမှာတော့ ဂုရုကွေး ထက် မသာရင်သာရှိရမည် ။ အဆင့်မနိမ့်ဟု ပြောရဲသည် ။

မြန်မာပြည်က မော်တော်ကား သမိုင်းမှာ ပျောက်ကွယ်သွားပြီဖြစ်တဲ့ သုံးဘီးကားစီးဖူးသည့် ကိစ္စမှာလည်း ဂုရုကွေးထက် ကိုအဏ္ဏဝါ ကတောင် သာ နိုင်သည် ။ ပုဇွန်တောင်မှ သာကေတကို သုံးဘီးကားခ သုံးကျပ်သာ ပေးရသည့် ခေတ်ကစပြီး စီးခဲ့ဖူးသည် ။ ပုဇွန်တောင် ပန်းခြံထောင့် အရက်ဆိုင်မှာ ရေချိန်လွန် သွားလို့ ညကြီးပိုင်းမှာ ငှားမှ ငါးကျပ်သာ ပေးရသည် ။ သာကေတမြို့ကြီး တည်ခါစ ၊ ဖဆပလ ခေတ်မှာ အလီမူလာရပ်ကွက်ကြီးကလည်း သာကေတကို ပြောင်းလာသည် ။ သာကေတမြို့မှာ လာကကြသည့် အငြိမ့်တွေက လူရွှင်တော် တွေက ( မွန်တို့ဌာနီ ရာမည သာစွနေပြည် သာစွဲနေပြည် ၊ ဝေသီခေါင်လွင့် မြင့်မြင့် မားမား တင့်ကြွားဟန်တည် တင့်ကြွားဟန်ချီ ၊ ထန်းပင် ထန်းလက် ထန်းရွက် ညီညီ ၊ ကျိုက်မရောမြို့ဟာ သာယာလှပါသည် ) ဆိုတဲ့ သီချင်းကို ( မောင်တို့ဌာနီ သာကေတ သာလှပေသည် ၊ သာလှပေသည် ၊ ဝေလီဝေလင်း သုံးဘီးကားတွေ ဝင်သွားပြန်ပြီ ထွက်သွားပြန်ပြီ ၊ အုန်းပင် အုန်းလက် အုန်းရွက်ညီညီ ၊ ကိုကိုးကျွန်း ပမာ သာယာလှပါသည် ) လို့ ဖျက်ဆိုခဲ့ကြသည်အထိ သုံးဘီးကားတွေ ပေါခဲ့ ပါသည် ။ ဒါလောက်ဆိုလျှင် သာကေတမြို့ သား ကိုအဏ္ဏဝါနှင့် သုံးဘီးကား ဘယ်လောက်ထိ ရင်းနှီးဆက်ဆံခဲ့ဖူးတယ်ဆိုတာ သိနိုင်လောက်ပါသည် ။

ကိုအဏ္ဏဝါ သင်္ဘောသားဖြစ်လာတော့ ပထမဦးဆုံးတင်သွင်းခဲ့တာ ဟိုက်လပ်အာအင် ၄၅ ဖြစ်သည် ။ ကျေနပ်အောင်စီးပြီးမှ ပြန်ရောင်းလိုက်သည် ။ နောက်ထပ်သွင်းတဲ့ကားတွေက ဆန်နီပစ်ကပ် ၊ ဒိုင်နာ ၊ စူပါရု ၊ အက်စ်အီးဆလွန်း ၊ ပါပလစ်ကာ ၊ ကိုရိုနာကားတွေ တင်သွင်းခဲ့သည် ။ စီးဖူးတယ်ရှိအောင် စီးကြည့် ပြီးမှ ပြန်ရောင်းသည်ချည်းဖြစ်သည် ။ အဲဒီတော့ ဇိမ်ခံကား စီးဖူးတာချင်းမှာ လည်း ဂုရုကွေးထက် မသာတောင် အဆင့်မနိမ့်ဟု ပြောနိုင်မည် ထင်ပါသည် ။

ဒီအတိုင်းသာဆိုလျှင် ကိုအဏ္ဏဝါနှင့် ဂုရုကွေးတို့ စက်တပ်ယာဉ်အမျိုးမျိုး စီးဖူးတာချင်းမှာ သူမသာ ကိုယ်မသာ ၊ လက်ရည်တူဖြစ်ပြီး သရေကျနေသည် ။ ကိုအဏ္ဏဝါကသာသည်လို့ ယူဆနိုင်စရာရှိသည့် စက်တပ်ယာဉ်တစ်မျိုးကိုသာ စီးဖူးတာ သတိရလာသည် ။ ကိုအဏ္ဏဝါတို့ဒေသက ရေကျော်ရွာ စာပေဟောပြောပွဲ ကို သွားကြစဉ်က စီးခဲ့ဖူးတာဖြစ်သည် ။

ရခိုင်ပြည်နယ် ဂွမြို့နယ်ထဲက ရေကျော်ရွာမှာ ပြုလုပ်ခဲ့သည့် စာပေ ဟောပြောပွဲကို ဆရာမနုနုရည် ( အင်းဝ ) ၊ ဆရာကောင်းသန့် ၊ ဆရာမှော်ဝန်းကြည် မြတ် ၊ ဆရာမောင်သီလ ၊ ဆရာမောင်နန္ဒတို့နှင့်အတူ ကိုအဏ္ဏဝါလိုက်ပါသွားခဲ့ ခြင်း ဖြစ်သည် ။ ရေကျော်ရွာသည် မော်တော်ကားလမ်းမှ သုံးမိုင်မျှဝေးသည့် တောင်ခြေကမ်းစပ်မှာရှိသည် ။ ကု,လားပြင် အထက်ရွာနှင့် အောက်ရွာ ကိုဖြတ်ပြီး ရွာတွေအထွက်မှာ တောင်လှဘုရားကွင်းကို ဖြတ်ရသေးသည် ။ ရေကျော်ရွာ စာပေဟောပြောပွဲ ကျင်းပရေးကော်မတီက ကြိုဆိုသူများသည် ထော်လာဂျီဖြင့် ကု,လားပြင် အထက်ရွာ ကားဂိတ်မှာ လာကြိုနေကြသည် ။ စာရေးဆရာတွေနှင့် အထုပ်အပိုးတွေကို ထော်လာဂျီဖြင့် တင်ခေါ်သွားခဲ့၍ ထော်လာဂျီစီးဖူးသည် ။

ဂုရုကွေးသည် ထော်လာဂျီ စီးဖူးသလား ၊ မစီးဖူးသလား မသိပါ ။ မစီးဖူး ပါက ဂုရုကွေးထက် ကိုအဏ္ဏဝါက နှာတစ်ဖျားသာသွားပြီဖြစ်သည် ။ ဒါပေမဲ့ မသေချာသော ကိစ္စဖြစ်သည် ။ ဂုရုကွေးသည် မြန်မာပြည်အနှံ့အပြားက စာပေ ဟောပြောပွဲပေါင်း များစွာကို လိုက်ဟောနေသူ ဖြစ်၍ ထော်လာဂျီစီးဖူးသူ ဖြစ် နိုင်သည် ။ စီးဖူးတာကို ကြွားသည့်အထဲမှာ ထော်လာဂျီစီးဖူးတာကို ထည့်ကြွား လို့ မသင့်လျော်သည့်အတွက် အသံတိတ်နေတာ ဖြစ်နိုင်သည် ။ အဲဒီတော့ လိုရမည်ရ သူ့ထက်သာအောင် ဘာကိုများ စီးဖူးတာ ရှိသေးလဲ စဉ်းစားရတော့ သည် ။

သတိရပြီ ။ သာကေတမြို့တည်စက ကိုအဏ္ဏဝါတို့ အပေါင်းအသင်းတွေ ထဲက ဆိုက်ကားတင်သောင်းရဲ့ မိန်းမ သေသည် ။ ကိုအဏ္ဏဝါတို့ လူစုက ဘော်ဒါ စိတ်ဖြင့် နာရေးဝိုင်းကူကြသည် ။ ကိုယ့်လူရဲ့ကိစ္စမှာ မျက်နှာမငယ်ရအောင် ၇၅ ကျပ်တန်ခေါင်းတစ်လုံးနှင့် ၁၅၀ ကျပ်တန် နိဗ္ဗာန်ယာဉ်ဖြင့် အသုဘ ချနိုင်အောင် ကူညီခဲ့ကြခြင်းဖြစ်သည် ။ ခေါင်းက ဆပ်ပြာသေတ္တာ အဆင့်သာရှိသည် ။ နိဗ္ဗာန်ယာဉ်ကလည်း ရေမဆေးဘဲထားသည့် စည်ပင်က အမှိုက်သယ် ကားထက် ပိုပြီး အကြည့်ရဆိုးသည် ။ ဒုတိယကမ္ဘာစစ်အတွင်းက အမှိုက်ပုံမှာ ပစ်ထားခဲ့သော ချက်ဗလက်ခေါင်းရှည်ကားကို သင်္ဘောဆေးအဖြူ ၊ သုတ်ပြီး လိမ့်သွားရုံလေး လက်ပူတိုက်ထားသော ကားစုတ်ကြီးဖြစ်သည် ။ ဆေးပြန်မသုတ်နိုင်တော့လို့ သံချေးတွေတက်နေသည် ။ ဘေးကာသံပြားတွေ ဂဟေပြုတ်ပြီး ကွာနေသည် ။ တံခါးနှစ်ချပ်က ပိတ်မရလို့ ဘေးကိုတွဲကျနေသည် ။ တင်သောင်းရဲ့ မယား အလောင်းကိုယူဖို့လာတာဟာ သားပေါက်ကြက်မကြီး အီးပါရင်း လမ်းလျှောက် သလို အိပဲ့အိပဲ့ ဖြစ်လာသည် ။

အသုဘမြေမြှုပ်ပြီးလို့ သုသာန်ကပြန်အထွက်မှာ ဗွက်နစ်နေသည့် နိဗ္ဗာန် ယာဉ်ကို ဝိုင်းတွန်းကြသည် ။ ဗွက်နစ်ပြီးတော့ စက်ပျက်ပြန်သည် ။ တွန်းနှိုးကြသည် ။ စက်ကမနိုး ၊ အသုဘလိုက်ပို့သူတွေ အားလုံးလောက်နီးပါး ပြန်သွားကြ သော်လည်း တင်သောင်းနှင့် ကိုအဏ္ဏဝါတို့ ဘော်ဒါတစ်စုသာ နိဗ္ဗာန်ယာဉ် တွန်းရန် ကျန်နေခဲ့ကြသည် ။ စက်နိုးတယ်ဆိုရင်ပဲ ယာဉ်မောင်းဆရာက ကိုအဏ္ဏဝါ တို့လူစုကို ကားပေါ်တက်လိုက်ခဲ့ကြပါလားလို့ လောကွတ် လုပ်သည့်အနေဖြင့် ပြောသည် ။ လမ်းလျှောက်ရမှာ ပျင်းသည့် ကိုအဏ္ဏဝါတို့ကလည်း နိဗ္ဗာန်ယာဉ် ပေါ်တက်ပြီး စီးလိုက်ခဲ့ကြသည် ။

ကဲ ... ဂုရုကြီး ၊ ခင်ဗျား စီးဖူးခဲ့တဲ့ ယာဉ်တွေထဲမှာ နိဗ္ဗာန်ယာဉ်ပါသလား ၊ ပြန်စဉ်းစားပြီး ပြိုင်ပွဲရဲ့ အနိုင်အရှုံးကို ဆုံးဖြတ်ပေတော့ ။ အနိုင်မခံ အရှုံးမပေး ချင်ဘူးဆိုရင်တော့ စီးဖူးတယ်ရှိအောင် ကြိုးစားပေါ့ဗျာ ။

⎕ အဏ္ဏဝါစိုးမိုး

📖 ရွှေမြင်သာဂျာနယ်
      အတွဲ ( ၄ ) ၊ အမှတ် ( ၈ )
      ၁၁ ရက် ၊ နိုဝင်ဘာလ ၊ ၂၀၀၃ ခုနှစ် ။

.

ဟန်ကြီးသူ


 

❝ ဟန်ကြီးသူ ❞ 
( မာန် - တောင်လုံးပြန် )

ပြောရရင် ကျွန်တော့် ဆရာကတော် ဟာ အတော့် ကို ဟန်ကြီးတဲ့ မိန်းမမျိုးဗျ ။ ဘယ်လောက် တောင် ဟန်ကြီးသလဲ ဆိုရင် မိချောင်း ကို သရဖူဆောင်း ပေးထား သလိုပဲ ၊ ဒါပေမဲ့ ဆရာကတော် ဖြစ်နေပြန် တော့ ကျွန်တော် လည်း ဆရာ့ နည်းတူ သည်းခံရတာ ပဲလေ ။ သူ ဟန် ကြီးပုံကြီးနည်း က သူများ ကတော်တွေ ထက် အကဲ ပိုလွန်းတာတွေ ကိုတော့ ကျွန်တော် ခံပြင်း မိတယ် ။ မနေ့က ဆိုရင်ပဲ ...

ဒီလိုဗျ ...

မနက် လေးနာရီခွဲကြီး ခရမ်း ကနေ ရန်ကုန် ပြန်ဖို့ အမိန့်တော် ချမှတ်လေတော့ အလှူရှင်တွေ ကို တောင်းပန်ပြီး ဆရာ နဲ့ ကျွန်တော် အိပ်ချင်မူးတူး နဲ့ ခရမ်း ကားဂိတ် ကို ထွက် လာကြရပါရော ။ သူ့ အမိန့် တော် က ဘယ် အချိန်မှာ မှတ်တယ် ထင်သလဲ ။ ညကြီး သန်းခေါင်ယံ တိတိမှာ မှတ်တော် မူတာ ခင်ဗျ ။ အကြောင်းပြချက် ကတော့ အိမ် ကို စိတ်မချဘူး ။ ညာဘက် မျက်ခုံးတွေ အပြင်း လှုပ် သတဲ့ ။ ဒါနဲ့ပဲ ကျွန်တော့် မှာ မောရတော့တာပေါ့ ။ ကန်တော့ပါရဲ့ ၊ ပြောရင်း နဲ့ ခံပြင်းလွန်း လို့ တောက် ခေါက်ပါရစေဦး ။

တောက် ... အဲဒီနေ့ ကျမှ ရွာလိုက်တဲ့ မိုးဟာ သမုဒ္ဒရာကြီး ခေါင်းပေါ် ရောက်နေသလား မှတ်ရ တယ် ။ လူ နှစ်ယောက် အထုပ်အပိုး က သုံးထုပ် ၊ ခွေးခြင်း က တစ်ခြင်း ၊ ခွေးစားခွက် ၊ သောက်ခွက် ၊ ကိရိယာ တန်ဆာပလာ က တစ်ဆွဲ ၊ အဲဒါတွေ နဲ့ မိုးထဲ ရေထဲ မှာ ကျွန်တော် ဖြစ်နေပုံများ မြင်ကြည့်ပါဦး ။ မယ်မင်းကြီးမ ကတော့ မရမက ရှာ ငှား လိုက်တဲ့ ဆိုက်ကား ပေါ် မှာ အကြော့သား ။ ကျွန်တော့် ဆရာ လည်း ဆိုက်ကား လိုက် စီး ရင် သူ့ မယား ရေတင် မှာ ကြောက်လို့ ကျွန်တော် နဲ့ အတူ ခရောင်းလမ်း ကို ဖြတ်ကျော်ရပါတော့မယ် ။ ကုန်းကြောင်း ချီတက် ကြရတာပေါ့ ။ အလှူရှင် အိမ် နဲ့ ကားဂိတ် က သိပ်တော့ မဝေးပါဘူး ။ မဝေးပါဘူး ဆိုတာ တောရွာ အမြင် ပေါ့လေ ။ မြို့လှပိုင်း အောက် ချိုင့် ထဲ ကနေ မီးရထားလမ်းဟောင်း ကို တက် ၊ ပြီးတော့ ၆ ရပ်ကွက်လမ်း ကို ဆင်း ၊ ခလုတ်ကံသင်း ၊ ချိုင့် ၊ ရွှံ့ ဗွက် ၊ ကျင်း ၊ ရေအိုင်တွေ နဲ့ ထင်ရာစိုင်း နေတဲ့ ၆ ရပ်ကွက်လမ်းမ ဟာ ခရမ်း မှာတော့ ပျိုတိုင်း ရှောင်တဲ့ မိုးရှောင်လမ်း လို့ အလှူရှင်အိမ် မှာ ပြောသံ ကြားခဲ့ရပါ တယ် ။ ကျွန်တော့် မှာတော့ ဘယ် ရှောင်လို့ ဖြစ်မှာလဲ ။ စောစောက ပြောသလို အထုပ်အပိုး ဝန်စည်စလယ် မျိုးစုံရယ် ၊ ထီးတစ်ချောင်း ၊ ဖိနပ်တစ်ရန် ကိုင်လာတဲ့ ဆရာ ရယ် ၊ မနက် လေးနာရီ မိုးသက်မုန်တိုင်း အောက် မှာ မိနစ် နှစ်ဆယ် နီးပါး ချီတက်ခဲ့ရပါတော့တယ် ။ အဲဒီလို ဘာကြောင့် ချီတက်ရသလဲ သိလား .. ။

ကားပေါ်ရောက်တော့ အဖြေ ပေါ်တော့တာပဲဗျာ ။

ကားကြီး ကတော့ အဲယားကွန်း မဖွင့်တဲ့ မှန်လုံ ကားကြီး မို့ အတော့်ကို သက်သောင့်သက်သာ ရှိလှပါ တယ် ။ ပစ္စည်းထုပ်တွေ နေရာချ ။ ခွေးကို ရေသုတ် ပေး ၊ ဆရာကတော် ရင်ခွင် ထဲကို အပ် ၊ မ.ထ.သ ရုံးခန်း အကွယ်လေး မှာ ရေစိုအဝတ်တွေ လဲပြီး ကားပေါ်ပြန် တက်လာတော့ ကျွန်တော့် ရင်ထဲ အောင့်ခနဲ ဖြစ်သွား ရတယ် ။ ဆရာကတော် ဘာလုပ် နေတယ် ထင်လဲ ။ သူ ဝတ်လာတဲ့ မိုးကာအင်္ကျီလေး ကို ချွတ် ၊ အထဲ က အနီရောင် ပါးပါးအင်္ကျီလေး နဲ့ ဆရာ့ ကို မှီပြီး ခေါင်းမူးလို့ ရှူဆေး ရှူ နေတယ် ။ ကျွန်တော် သိ လိုက်ပြီ ။ လက်စသ,တ်တော့ ဒီ အင်္ကျီနီနီလေး ကို ဝတ်ချင်လို့ အပိုင်တော် ကြံတာကိုး ။ ကျွန်တော် တက်လာတာ မြင်တော့ မျက်လုံးလေး ထောင့် ကပ်ပြီး အင်္ကျီကော်လံ ကို ခါရင်း အိုက်စပ်စပ် နဲ့ နော် လို့ ညည်းရှာတယ် ။ ဒီ အင်္ကျီနီနီပါးပါးလေး ကို သူ ဝတ်ချင် နေတာ ကြာပြီ ။ မြို့ မှာ ကျတော့ ဆရာ့ ရဲ့ အရှိန်အဝါ ဂုဏ်သိက္ခာ အရ ဝတ်ဖို့ မသင့် လျော်ဘူး ။ ဆရာ က အသက် ကိုးနှစ်ကျော် ကြီးတာ က တစ်ကြောင်း ၊ ရုံးပြင်ကနား သွားတဲ့ အခါ လည်ကတုံး နဲ့ တိုက်ပုံနဲ့ သွားနေ လာနေ ရတာ တစ်ကြောင်း ၊ သာရေးနာရေး လူမှုရေး ကိစ္စတွေ မှာ လူကြီးခန်း က ဆင်နွှဲ နေရတာက တစ်ကြောင်း ဆိုတော့ ဒီ အင်္ကျီနီနီလေး ဟာ လက်ဆောင် ပေးလေသူ ရဲ့ စေတနာ ကို မသုံးဆောင်နိုင် ဘဲ ဖြစ်နေတာကိုး ။

မယ်မင်းကြီးမ က ဒီလို အကွက် ဆိုက်အောင် လုပ်ရရင် သိပ်ပိရပါတယ် ။

“ အိုက်လိုက်တာနော် ”

အဲသလို ထပ်ပြောပြီး အင်္ကျီကော်လံ ကို ထပ် ခါ ပြန်ရော ။ ကားကြီး က မှန်တွေ အကုန် ချထားတာ ဆို တော့ အိုက်စပ်စပ် ဖြစ်နေပါတယ် ။ ဒါပေမဲ့ အင်္ကျီနီနီ ပါးပါးလေးကို ခဏခဏ ခါပြ နေလောက်အောင် တော့ မအိုက်လှဘူး ။

ဆရာကတော် ရဲ့ ရုပ်ရည် ဟာ မသိတဲ့ လူတွေ အဖို့ တကယ့်ကို ဆွေကြီးမျိုးကြီး လို့ ထင်ချင်စရာ အထက်တန်းစား ရုပ်ရည်မျိုးပါ ။ နှာတံ က ပေါ်ပေါ် မျက်နှာ သွယ်သွယ် ၊ မျက်ခုံးတန်း က ထင်း နေတော့ ဖြူဖြူလတ်လတ် ကိုယ်ဟန်သွယ်သွယ်လေး နဲ့ အတော့်ကို ကြည့် ကောင်းပါတယ် ။ အသက် ကလည်း နှစ်ဆယ့်လေး ကိုး ။ ငယ်ဂုဏ် ရှိတာပေါ့ ။ ခက်တာက သူ့ ဘဝ အမှန်ဟာ ဆွေကြီးမျိုးကြီး မဟုတ်ခဲ့တဲ့အချက် ပဲ ။ ကျွန်တော့် ဆရာ တာဝန် ကျတဲ့ ရိုးမတော တွင်း တစ်နေရာ က မထင်မရှား တဲစုလေး ထဲမှာ အဖျား တက်ပြီး သတိ လစ်မတတ် ဖြစ်နေတဲ့ ဘဝ ကနေ အခုလို ကောက်ကာငင်ကာ ဆရာကတော် ဖြစ်လာရတာပါ ။ ဘယ် နေတတ်မလဲ ခင်ဗျာ ။ အရာရှိကတော် ဆိုတာမျိုး ဟာ အင်မတန် အံဝင်ခွင်ကျ ဖို့ ခက်တာမို့လား ။ မျိုးရိုး အစဉ်အဆက် အရဖြစ်စေ ၊ အသိုင်းအဝိုင်း နီးစပ်လို့ ဖြစ်စေ ၊ ပညာဂုဏ် ကြွယ်ဝလို့ ဖြစ်စေ အရာရှိ ကတော် ဖြစ်လာကြသူတွေ အဖို့ သိပ် မခက်လှပါဘူး ။

ဒါပေမဲ့ ဆရာ က တော့ သူ့ မိန်းမ ကို တော်တော် ချစ်ရှာပါတယ် ။ ချစ်လွန်း လို့ မိခိုင် ဆိုတဲ့ နာမည် အစား “ မိမိခိုင်ကျော် ” လို့ ကင်ပွန်းတပ်ခဲ့တယ် ။ ကျွန် တော် တို့ ဆရာ့ ကို ဆရာကျော် လို့ ခေါ် ကြတာလေ ။ ဒီလို နာမည်တွေ ဘာတွေ ပြောင်းတာ သိပ် မပြောလိုပါ ဘူး ။ ဆရာ က အလိုလိုက်လွန်း ချစ်လွန်း တော့ မယ်မင်းကြီးမ က သူ့ စိတ် ထဲ ထင်တာမြင်တာတွေ ရမ်းသန်း လုပ်နေတာ ကို ကျွန်တော် မကြိုက်တာပါ ။ ခရမ်း က ပြန်လာတဲ့ ဇာတ်လမ်း ကို ဆက်ပြောပါဦးမယ် ။

ကားကြီး က လေးနာရီခွဲ မှာ စ ထွက်ပါတယ် ။

သူတို့ နှစ်ယောက် က အလယ်တံခါး ကို တက်တက်ချင်း ကပ်လျက် ထိုင်ခုံမှာ ထိုင်ပါတယ် ။ ကျွန်တော် နဲ့ ခွေးစုတ်က သူတို့ နောက်ခုံမှာ ထိုင်ပါတယ် ။ ခွေးစုတ်လို့ ကျွန်တော် ခေါ်ရတာ အကြောင်း ရှိလို့ပါ ။ ရိုးမတော ထဲ က ကောက် လာခဲ့တာကိုး ။ မြန်မာခွေးဗျ ။ အဲဒါကို ခြင်းတောင်း နဲ့ အင်္ကျီလက်ပြတ် နဲ့ ဘာနဲ့ ကျကျနန လုပ်ပြီး သွားလေရာ ခေါ်ရတယ် ။ သူ့ ကျွေး ပြီးမှ ကျွန်တော် စားရတယ် ။ လူကို ခွေးဖြစ်တယ် ဆို တာမျိုးပေါ့ ။ အဲဒီလို မိုးထဲ ရေထဲ ရောက်ပြီ ဆိုရင် ကျွန်တော့် ဆရာ ဟာ သိပ်ကို ဆရာ ပီသပါတယ် ။ ကား မထွက်ခင် ကတည်း က ဟောက်သံ ပေးပြီး မှိန်း နေတော့ တာပဲဗျို့ ။ ဒါကတော့ သူ့ အဋ္ဌာရသ ပဲ ။

ဆရာကတော် အဖို့ စကား ပြောဖို့ ကျွန်တော် နဲ့ ခွေးပဲရှိတော့တယ် ။ ဒါပေမဲ့ သူ က ကျွန်တော့် ကို စကား မပြောဘူး ။ ကျွန်တော် တို့ ထိုင်နေတာ အပေါက်ဝ က တက်တက်ချင်း ထိုင်ခုံတွေ ဆိုတော့ တက်လာသမျှ ခရီးသည်တွေ ဟာ ကျွန်တော်တို့ ကို ကြည့်ကြ မြင်ကြ ပါတယ် ။ ကြည့်မိ မြင်မိပြီးရင် အထူးအဆန်း လို ထပ် ကြည့်ကြ ပြန်ပါတယ် ။ မနက် စောစောစီးစီး မိုးနဲ့ လေနဲ့ ကြားမှာ ဒီ လူတွေ ၊ ခွေးတွေ ဘယ် သွားကြမလဲပေါ့ လေ ။ ပြီးတော့ လူစီးတဲ့ ထိုင်ခုံမှာ ခွေးအတွက် နေရာ ပေးထားတာ ဆိုတော့ သိပ် မကြည်ချင်ကြတော့ဘူး ။ တက်လာသူတွေ က ဈေးသည်တွေ ချည်းပဲ ။ တောင်း တွေ ပလုံးတွေ ဆွဲခြင်းတွေ ၊ လုံချည် နဲ့ ပတ်ထားတဲ့ ကန်စွန်းရွက်တွေ ၊ ဘဲဥ တာတွေ တောင်းတွေနဲ့ ဝရုန်း သုန်းကားပဲဗျို့ ။ ကားစပယ်ယာ ကတော့ သူ့ ဖောက်သည်တွေကို ပိုက်ဆံ တောင်း နေပါတယ် ။ လူထိုင်ခုံ မှာ ခွေးထိုင် နေပေမယ့် ဘာမှ မပြောပါဘူး ။ ကားခ လာ တောင်းတော့ ကျွန်တော် က ခွေးအောက် မှာ ပုဆိုးစုတ် တစ်ထည် ခင်းပြ ပေးထား ပြီးသားပါ ။ ကားခ ကောက် တော့ ထိုင်ခုံလေးခုံစာ တစ်ထောင့်ခြောက်ရာ ကျပြီး ကျွန်တော် အားကြိုးမာန်တက် သယ်ပိုးခဲ့တဲ့ ဝန်စည် စလယ်ခ က ရှစ်ရာ ကျပါတယ် ။ ကျွန်တော် သယ်ပိုး လာတဲ့ အချိန်မှာ စပယ်ယာ ရော ကားဂိတ် က လူတွေပါ အံ့သြ နေကြတယ်ဗျ ။ ကျွန်တော် လည်း တောသား အစွမ်း ပြခဲ့ရသေးတာကိုး ။

ဆရာ့ ဆီ က ဟောက်သံ ထွက်လာပြီး သိပ် မကြာခင် မှာ ပဲ ဆရာကတော် က သူ့ခွေးကို စကား စ ပြောပါတယ် ။

“ နက်လုံးနော် .. နင်နော် ... ဒါ ကိုယ့် အိမ် များ မှတ် နေသလား ။ တစ်စက်ကလေး မှ ငြိမ်ငြိမ် မနေဘူး ဟွန်း ။ ငါ့ ကို စိတ်ရှုပ်အောင် မလုပ်နဲ့နော် ။ ပြောမရရင် ခေါက်မှာ ”

အဲဒီ စကား ကို ကြားတော့ ဆရာ ရဲ့ ဟောက်သံ ဟာ ပိုပြီး ပြင်းလာပါတယ် ။ ပထမတော့ သံမှန် နဲ့ ခူး ခရို့ ဟောက်နေရာ မှ အွန်းခနဲ တစ်ချက် တွန့်ပြီး သံစုံ ဟောက် ပါလေရော ။ အဓိပ္ပာယ် ကတော့ မင်းတို့ ကိစ္စ မင်းတို့ ရှင်းကြပေါ့ဗျ ။ ဘေးနား တစ်ဝိုက်က လူတွေက တော့ အံ့ဩ သထက် အံ့သြ ကုန်ကြပါရော ။ ခွေးက တော့ ဘယ် ငြိမ်ပါ့မလဲ ။ ထိုင်ခုံတွေ က ငြိမ့်နေတာကိုး ။ ကားကြီး က တအိအိ နဲ့ ရုန်းလေလေ ခွေးဖင် မငြိမ်လေ ဘဲ ။ ထိုင်ခုံ ထိုင်ဖူးတဲ့ ခွေးမှ မဟုတ်ဘဲကိုး ။ ရိုးမခွေး ဆိုတာ ထိုင်ခုံငြိမ့်တာတွေ ဘာတွေ စီးနိုင်ပါ့မလား ။ လူထိုင်ခုံ မှာ တက် ထိုင်ချင်တဲ့ ခွေးဆိုတော့ ဒီလိုပဲ ခံပေါ့ ။ ကားကြီး က ရုန်းလေလေ ခွေးက အီလေ လုပ်ပါရော ။ ဆရာကတော် က  ခေါက်လိုက် ၊ ဆရာ က ဟောက် လိုက် ၊ ခွေးက အီလိုက် နဲ့ သိပ်ကို ပွဲကျလှပါတော့ တယ် ။

“ နင့် ကို အဲဒါကြောင့် မခေါ်ချင်တာ ။ ကိုယ့် ကား နဲ့ ကိုယ် မှ လိုက်ချင်တဲ့ကောင် ဟွန်း ”

သူ က အဲဒီလို ပြောပြီး ကျွန်တော့် ကို ဆတ်ခနဲ လှမ်း ကြည့်ပါတယ် ။ တိတ်တိတ် နေ ဘာမှ ဝင်မစွက်ဖက် နဲ့ ဆိုတဲ့ အကြည့်ဗျ ။ မချော က ကြွားတော့မှာ ကိုး ။

“ ကော်ဖီ လည်း ကုန်အောင် မသောက်ဘူး ။ နင် တော့လေ အိမ် ကျမှ ဟွန်း... ”

လုပ်ပြီ ၊ လုပ်လာပြီ ။

ကားတွေ ၊ ကော်ဖီတွေ ပါ လာပြီ ။ ဟုတ်တာ လည်း မဟုတ်ဘဲနဲ့ ။

ဆရာ့ အနေနဲ့ ကိုယ်ပိုင်ကား မဆိုထားနဲ့ ဌာနဆိုင်ရာ ကား စီးရဖို့ တောင် နောက်ထပ် နှစ်ဆင့် လောက် လို သေးတယ် ။ ကော်ဖီ ဆိုတာတော့ ရုံးပြင်ကနား ကိစ္စမျိုး မှာ သောက်ရပါတယ် ။ အိမ် မှာ တော့ ပဲပြုတ် နဲ့ ထမင်းကြမ်း က လက်တွေ့ ပဲလေ ။

“ ကော်ဇောတွေ လည်း အကုန်လုံး ညစ်ပတ် ကုန်ပြီ ။ နင့် ထိုက်နဲ့ နင့်ကံပဲ ”

ဟုတ်တာပေါ့ ။ ဘုရားစင် ရှေ့က နှစ်ပေပတ်လည် ကော်ဇောလေး ဟာ သုံးနှစ် အတွင်း မှာ ထောင်းထောင်းကြေခဲ့ပြီ ။

“ ကိုကို ... ထ ... ထ .. ခဏ ထပါဦးဆို ”

ကြည့် ။ သူ့ ခွေးနဲ့ပြောလို့ ဝတော့ ဆရာ့ ကို မရ မက နှိုးပါတော့တယ် ။ ဆရာ ခမျာလည်း အင်းအင်းအဲအဲ နဲ့ ထပါတယ် ။ သူ က လူသွားလမ်းဘက် က စီးနေ ရာ က နေ နေရာချင်း လဲကြတာပါ ။ ဆရာ က ထိုင်ခုံ နေရာ လဲရင်း ကျွန်တော့် ကို ...

“ ဘယ်လိုလဲကွ မောင်ဇော် ” လို့ တစ်ခွန်း မေး ပါတယ် ။ ပြီးတော့ သူ့ ဟာ သူ ပြန် မှိန်းဖို့ လုပ်နေတုန်း ..

“ နေဦးလေ ။ ကိုကိုနော် ... အိပ်ဖို့ချည်း လုပ် မနေနဲ့ဦး ။ ရော့ ... နဖာချေးကလော်ဦး ... စောစောစီးစီး မညစ်ပတ်နဲ့ ”

အဲဒါ ပြောတာပေါ့ ။ ဟန်ကြီးတယ် ဆိုတာ ။

ဒီလောက် မိုးထဲလေထဲ ကား နဲ့ လူ နဲ့ ဝရုန်းသုန်းကား ဖြစ်နေတဲ့ ကား ထဲ မှာ နဖာကလော် ခိုင်းရတယ် လို့ဗျာ ။

“ ရော့ ... မောင်ဇော် လည်း သန့်ရှင်းလိုက်ဦး ”

အင်း .... ကျွန်တော် လည်း မလွတ်ဘူး ။ သူ ကမ်း ပေးတဲ့ ကော်ချောင်း နဖာကလော်တံ ဂွမ်းစလေး ကို လှမ်း ယူလိုက်ရပါတယ် ။ စိတ် ထဲ က ဆန့်ကျင်ရဲ ပေမဲ့ ဆရာ ကိုယ်တိုင် လိုက်နာ နေမှတော့ ကျွန်တော် လည်း လိုက်နာရတာပေါ့ ။ သူ့ ကို ဘယ်လို စာပေကျမ်းဂန်တွေ က များ ကားပေါ် မှာ နဖာကလော် ခိုင်း လိုက်ပါလိမ့် ဗျာ ။ ဘေးနား က လူတွေက တော့ ပြုံးစိစိတွေ ဖြစ်နေ ကြပြီ ။ ကျွန်တော့် မှာ အလွန် သတိထားပြီး နဖာကလော် နေရပါတယ် ။ အရေးထဲ မှ ခွေးစုတ်က မုန့်ပေးတယ် မှတ်ပြီး နဖာကလော်တံ ကို လိုက် နမ်းနေသေးတယ် ။

အဲဒီ နားသန့်ရှင်းရေး လုပ်ငန်းကြီး ပြီးစီးခါနီး မှာ ကော်ဖီဘူး ရော လို့ ဆရာကတော် ရဲ့ မေးသံ ထွက် လာပါတယ် ။ ကျွန်တော် အတော့်ကို စိတ်ပျက်မိပါ တယ် ။ ပစ္စည်းထုပ်တွေ ခြင်းတွေ က သူ့ ဟာ နဲ့ သူ နေရာ ကျအောင် လုပ်ထားပြီးပြီ လို့ ပြန် ဖြေပေး လိုက်ပါတယ် ။

“ ခြင်း ထဲ မှာလေ ။ ဟိုး အောက်ဆုံး ရောက်နေတယ် ”

ကျွန်တော့် ဖြေသံကို ကြားတော့ ဆရာကတော် တစ်ယောက် ဘဝင် မကျရှာဘူး ။ ကျွန်တော့် ကို ဘာမှ မပြောပေမယ့် ဆရာ့ ကို ဆူပါလေရော ။

“ အဲ့ ကိုကို သိပ်ခက်တာပဲ ။ မိ ပြောတာကို အမြဲ မေ့တယ် ... ဟွန်း ”

အဲဒီလို ပြောပြီး ကိုယ်လုံးလေး ကို ခပ်စွေစွေ လှည့်သွားတယ် ဆိုရင်ပဲ ဆရာ့ သက်ပြင်း ကို ကြားရပါ တော့တယ် ။ ဆရာ ဖင်တကြွကြွ ဖြစ်လာပါတော့ တယ် ။ ဒါပေမဲ့ တကယ် ထရသူ က ကျွန်တော် ပါ ။ အထုပ်တွေ ၊ ခြင်းတောင်းတွေ ၊ ဘဲဥတာတွေ ၊ ကန်စွန်းရွက်စည်းတွေ ကြားထဲ ကနေ ဓာတ်ဘူး ကို မရမက ဆွဲ ထုတ် ။ အလှူအိမ် က ဖျော်ပေး လိုက်တဲ့ စူပါကော်ဖီမစ် ကို ငှဲ့ပြီး ဆရာကတော် ကို ဆက်ရတယ် ။ မရွှေချော က သူ မြင်ဖူးတွေ့ဖူး ထားတဲ့ အတိုင်း ကော်ဖီခွက်လေး ကို မထိတထိ ခပ်ဖွဖွကိုင် လေအေးအေးလေး နဲ့ ဆင်မ ယဉ်သာ မှုတ်ရင်း ဟန်ကြီး နေလေတော့ ဆရာ့ ခမျာ လည်း သူ့ မယားအလှ အပေါ် ကော်ဖီခွက် မှောက်မကျ ရလေအောင် ကားကြီး ယိမ်းတဲ့ အတိုင်း ကိုယ်ဟန် ယိမ်းရင်း နံဘေး က ထိန်းပေးရှာပါတော့တယ် ။

ဆယ့်ငါးမိနစ် လောက် ကြိုးစား ရုန်းပြီးချိန် မှာ ကော်ဖီသောက်ခြင်း ပြီးဆုံးပါတော့တယ် ။ ခက်တယ် ...

ဆရာကတော် ကြောင့် ခက်တယ်ဗျာ ။ အကြောင်း မသိရင်တော့ တစ်မျိုး ပေါ့လေ ။ ကော်ဖီ ကိစ္စ ပြီးသွား ပြန်တော့ ဆရာ မအိပ်ခင် မရွှေချော က တစ်စခန်း ထပြန်ပရော ။

“ ဟော ... ဖုန်းဆက်ဖို့ သတိမရဘူး ။ ကြည့်စမ်း ... ကိုကို ဆက်လိုက်ပါနော် ။ အိမ် ကို စိတ်မချဘူး ”

“ ဒီ ... ဒီနေရာက ဟန်းဖုန်း မမိလောက်ဘူး မိ ရဲ့ ။ ရှေ့နားကျမှ ခေါ်ပါလား ”

“ ကိုကို နဲ့ အဲဒါကြောင့် ခက်တာ ။ ပေး ... မောင်ဇော် ဟန်းဖုန်း ထုတ်စမ်း ။ အိမ် ကို ခေါ်ရမယ် ”

မတတ်နိုင်ဘူးလေ ။ ပလပ်စတစ်အိတ်တွေ နဲ့ အထပ်ထပ် ထုပ်ထားတဲ့ ကာလ ပေါက်ဈေး သိန်း အစိတ် ကျော် နေတဲ့ ဟန်းဖုန်း ကို ရင်ဘတ် ထဲ က နေ ထုတ်ပေး လိုက်ရပါ တော့တယ် ။ ဆရာ က ဟန်းဖုန်း ရှိပေမယ့် ကျွန်တော့် ကိုပဲ ပေးကိုင်တာ များပါတယ် ။ တော်ရုံတန်ရုံ ကိစ္စ ဆိုရင် ကျွန်တော် သာ ကြည့်ပြော လိုက်ဖို့ မှာထား ပြီးသားပါ ။ မရွှေချော က အခါပေါင်း များစွာ လေ့ကျင့်ထားတဲ့ ဟန်ပန် နဲ့ ဖုန်းနံပါတ် နှိပ်ပြီး ခေါ် ပါတော့တယ် ။ သူ ခေါ်တဲ့ ဖုန်းနံပါတ် ဟာ ကျွန်တော်တို့ လိုင်းခန်း နဲ့ အတော်လေး ဝေးတဲ့ အိမ် က ဖုန်း နံပါတ် ဖြစ်မှာပါ ။ ဒီအချိန်မှာ ဘယ် ခေါ်ပေးပါ့မလဲ ။ မိုးနဲ့ လေနဲ့ ။ စောစောစီးစီးကြီး ဖြစ်နေတာကိုး ။ အဲဒီ လျှပ်တစ်ပြက် အချိန်လေး အတွင်း မှာ ပဲ ဆရာ့ ထံ က ပုံမှန် ကြားနေကျ ဟောက်သံကြီး စတင် ထွက်ပေါ် လာပါ တော့တယ် ။ မရွှေချော က တော့ ...

“ ဟဲလို .. ဟဲလို .. ဟွန်း ... လိုင်းတွေ က လည်း ခက်လိုက်တာ ။ ဒီထက် မြင့်တဲ့ အင်တာနက်ဖုန်း ဝယ်ဦး မှ ဖြစ်မယ် ။ နောက်ဆိုရင် ... ”

•••••   •••••   •••••

ရုတ်တရက် ရှေ့တည့်တည့် မှာ ပက်ပင်းတိုး မိတဲ့ ဦးလေးကြီး ကြောင့် ကျွန်တော် လန့်ပြီး အော်တော့ မလို့ ။ ဦးလေးကြီး က ကျွန်တော် လန့်သွားတာ ကို ခါး ထောက်ပြီး တဟားဟား နဲ့ ရယ်ပါတောတယ် ။

“ ဘယ့်နှယ်တုန်းကွ မောင်ဇော် ... ဟေ ... မင်း ကောင်းစား နေတယ်ဆို ။ ရွာ ကို တောင် မလာ တော့ပါလားကွ ”

“ အလုပ် မအားလို့ပါ ဗျာ ”

“ ဟေ့ ... ဒါထက် မင်း ကောင်မ မိခိုင် ရော ။ မင်းတို့ မယူဖြစ်ကြဘူးလား ”

“ ပေါက်ပေါက်ရှာရှာ ဗျာ ။ ဆရာကတော် ဖြစ်နေပြီဗျ ။ ဖယ်ဗျာ ... သွားမယ် ”

ကျွန်တော့် စိတ်ထဲ ဘာဖြစ် သွားလဲ မသိဘူး ။ ဦးလေးကြီး ရှေ့က မထွက်ခင် ခါးကြား ထဲ က ဆရာ့ ဟန်းဖုန်း ကို ထုတ်ပြီး ဟိုလိုလို ဒီလိုလို နဲ့ ဟယ်လို လို့ အသံ ပေးရင်း ထွက်လာခဲ့ မိတော့တယ် ။ ဦးလေးကြီး က နောက် ကနေ အော်ကျယ်ဟစ်ကျယ် လှမ်း မေးနေ တာတွေ ကျွန်တော် မကြားမိတော့ဘူး ။ ဘာလိုလို နဲ့ ကျွန်တော် ရယ် ၊ မိခိုင် ရယ် ၊ နက်လုံး ရယ် ရွာ က ထွက်ခဲ့ တာ ကြာလှပြီကော ။ ဒါပေမဲ့ ရွာ က လူတွေ နဲ့ ကျွန်တော် မတွေ့ချင်ဘူး ။ ဘာကြောင့်မှန်းလဲ မသိဘူး ။

⎕ မာန် ( တောင်လုံးပြန် )

📖 မဟေသီ မဂ္ဂဇင်း
      အောက်တိုဘာလ ၊ ၂၀၁၀

.