❝ လမ်းသာကြီး ❞
━━━━━━━━━━━
စိုးဘားဒိုင်
━━━━━━━━━━━
သည် ရပ်ကွက် သို့ ကျွန်တော်တို့ ပြောင်းလာ ပြီး နောက် သိပ် မကြာမီ မှာပင် ကျွန်တော်တို့ ကို လာရောက် မိတ်ဖွဲ့ခဲ့သူ မှာ ဦးသာကြီး ဖြစ်လေသည် ။ အရပ် ထောင်ထောင်မောင်းမောင်း ၊ ဗလကောင်းကောင်း ဖြစ်ပြီး ဖွေးဖွေးဖြူသော ဆံပင်များ က သူ ၏ အသက် ကို ဖော်ပြနေသည် ။ ဦးသာကြီး ၏ အသက် သည် အနည်းဆုံးတော့ ၇ဝ ကျော် နေလောက်ပြီ ဖြစ်သည် ။ သို့သော်လည်း ဦးသာကြီး ကား သန်စွမ်းဖျတ်လတ် လှသလို သူ့ ကို ကြည့်လိုက် လျှင် တက်တက်ကြွကြွ လှုပ်လှုပ်ရှားရှား အနေအထား ကိုပဲ တွေ့ ရလေ့ရှိသည် ။
ဦးသာကြီးတို့ ၊ ကျွန်တော်တို့ အိမ်ရှေ့က လမ်းမှာ လမ်းကြားကလေး ဖြစ်သော်လည်း မန္တလေး က ခေါ်လေ့ရှိသည့် အတိုင်း ကျောက်လမ်း ( သို့ ) ကတ္တရာလမ်းကလေး ဖြစ်သည် ။ ဦးသာကြီးတို့ အိမ် နှင့် ကျွန်တော်တို့ အိမ် က ၇ အိမ် လောက် ကွာသည် ။ ကျွန်တော်တို့ အိမ် က လမ်းကလေး ၏ အရှေ့ဘက် တွင် ဖြစ်ပြီး ဦးသာကြီး တို့ အိမ် က အိမ်ကလေး ၏ အနောက်ဘက် တွင် ဖြစ်သည် ။
ကျွန်တော်တို့ ပြောင်းရွှေ့ လာပြီး နှစ်ရက် အကြာ တွင် ဖွင့်ထားသော တံခါးပေါက် ရှေ့တွင် ရပ် ကာ ဦးသာကြီး က ပြုံးပြ နေသည် ။
“ ဦးလေး ... အထဲ ဝင်ထိုင်လေ ဘာကိစ္စလဲ မသိဘူး ”
ဦးသာကြီး က အိမ်ထဲ ဝင်လာပြီး ဆက်တီ ပေါ် မထိုင်ဘဲ ရပ်နေသည် ။ ဆံပင်ဖြူဖြူ နှင့် အတူ သူ့ သွား ဖြူဖြူ ကို ပြုံးပြရင်း လေသံ တိုးတိုးဖြင့် သူ လာသည့် ကိစ္စ ကို တိုတိုတုတ်တုတ်ပဲ ပြောသည် ။
“ ရေမီတာ ၊ မီးမီတာ ဆောင်စရာ ရှိရင် ဦး ကို ပြောနော် ။ ဦး ဆောင် ပေးမယ် ။ ဒီနားက လူတွေ ဦး ကို ဆောင်ခိုင်း ကြတယ် ။ ဆောင်ခါ နီးရင် လည်း ဦး သတိ ပေးမယ်လေ ။ ဦး နာမည်က သာကြီး တဲ့ ။ ရှေ့ တစ်ဖြတ်ကလေး မှာ နေတာ ”
“ ဟုတ်ကဲ့ ဦးလေး ပြောပါ့မယ် ”
ဦးသာကြီး က သူ့ ကိစ္စ ကို တိုတိုတုတ်တုတ် ပြောပြီးသည့် နောက် နှုတ်ဆက် ပြန်သွား လေသည် ။ ကျွန်တော်တို့ အိမ်တွင် ရှိသည့် လူတွေ က သူ့ ကိစ္စ နှင့် သူ မအားမလပ်ကြတော့ တစ်ခါတစ်ရံ ရေမီတာ ၊ မီးမီတာကိစ္စတွေ က မေ့ပြီး ရက်တွေ လွန်လွန် သွားတတ်သည် ။ ဒဏ်ကြေးတွေ ကလည်း ခဏခဏ ဆောင်ဆောင် နေရတတ်လေရာ ယခုလို ဆောင်ပေးမည့် သူ ရှိတော့ အဆင်ပြေပါလိမ့်မည် ။
ရေမီတာ ၃ လ တစ်ကြိမ် ဆောင်ရ သဖြင့် တစ်ခါ ဆောင်ထားလိုက် လျှင် သုံးလ ကြာ မှ နောက် တစ်ကြိမ် ဆောင်ရပြီး စည်ပင် တွင် သွားဆောင်ရ သည် ။ မဟာအောင်မြေ အတွက် ၈၄ လမ်း ၊ ( ၃၈ x ၃၉ ) လမ်းကြား က မန်းမြို့ဈေး တွင် ဆောင်ရလေရာ ကျွန်တော်တို့ အိမ် နှင့် သိပ် မဝေး သလို ၈၄ လမ်းမကြီး ပေါ် ရှိသဖြင့် သွားရင်း လာရင်း ဆောင်လို့ရသည် ။ သို့သော်လည်း များသောအားဖြင့် ကတော့ ကိုယ့် ကိစ္စ နှင့် ကိုယ် ၊ ကိုယ့် အတွေး နှင့်ကိုယ် သွားလာ နေရတော့ မေ့မေ့ သွားတတ်သည် ။ ဦးသာကြီးတို့ လို သီးသန့် သတိပေးပြီး ဆောင်ရွက်ပေးသူ ရှိတော့ အဆင်ပြေပေမည် ။
မီး မီတာကျတော့လည်း မဟာအောင်မြေ အတွက် ၃၅ လမ်း ( ၈၅ × ၈၆ ) လမ်းကြားရုံးတွင် ဆောင်ရလေရာ ကျွန်တော်တို့ နှင့် ဝေးလှသည် မဟုတ်ပေ ။ သွားရင်းလာရင်းလည်း ဆောင်၍ ရ သည် ။ သွားရင်းလာရင်း ကပင် မေ့မေ့ နေတတ်၍ ရက် တွေ လွန် သွားရသည် ။ မီး မီတာခ ကို ဝန်ဆောင်ခ ယူကာ ကောက်ခံသည့် ကားတွေ က ကျွန်တော်တို့ လမ်းကြားလေး ထဲသို့ ဝင်လာခြင်း မရှိသော်လည်း လမ်းမပေါ် ကိုတော့ ရောက်လာလေ့ ရှိသည် ။ သို့သော် သူတို့ ရောက်လာချိန် ကိုယ် က သိဖို့လိုသည် ။ ကိုယ့် အလုပ် နှင့် ကိုယ် ဆိုတော့ သူတို့ ရောက်လာချိန်ကို သိပ် သတိရလေ့ မရှိပေ ။
သို့ဖြစ်လေရာ ဦးသာကြီး လို လူ တစ်ယောက် နှင့် ချိတ်ဆက် ထားလိုက်ခြင်း က ပို၍ အဆင်ပြေမည် ဖြစ်လေသည် ။ သူ့ ကို သတ်မှတ်ထားသည့် ဝန်ဆောင် ခ ပေးလိုက်ရုံသာ ဖြစ်သည် ။ သူ့ ဝန်ဆောင်ခ ကလည်း တစ်စောင် ကို တစ်ရာ ဆိုတော့ ကား နှင့် လှည့်ပြီး ကောက်ခံသည့် ဝန်ဆောင်ခ ထက် ငါးဆယ် ပဲ ပို သည် ။ ဦးသာကြီး က တော့ ဟို အိမ် က တစ်စောင် ၊ ဒီ အိမ် က တစ်စောင် နှင့် သူ့ နေ့တွက် ကိုက်သွားသည် ဟု ဆိုရပေမည် ။ သူ့ နေ့တွက် ကလည်း သည် ရပ်ကွက်ကလေး သို့ မီတာ ကျသင့်ငွေ ကောက်ခံသည့် နှိုးဆော် စာ လာပေးသည့် ရက် ကနေ ဆယ်ရက် အတွင်း မှာ သာ ရှိလေသည် ။
ဦးသာကြီး က မီတာခ တောင်းခံလွှာများ ကို လိုက်လံ စုယူပြီး ရုံးသို့ သွားကာ တန်းစီ၍ မီတာခ ဆောင်ရသည် ။ ပြီးလျှင် ဖြတ်ပိုင်းများ ကို တစ်အိမ်ဝင် တစ်အိမ်ထွက် လိုက်ဝေငှ ပေးရုံသာ ဖြစ်သည် ။ မီးမီတာ ဆောင်သည့် ရုံး တွင် ဦးသာကြီး တို့လို လူတွေ အများကြီး ရှိသည် ။ တစ်ခါတစ်ရံ မီတာခ ဆောင်စရာ စာရွက်တွေ က များလွန်းသဖြင့် လူ နာမည်တွေ ခေါ်ကာ ဖြတ်ပိုင်း ပြန်ပေးတော့ ကိုယ့်ဟာ မှန်း မသိတာတွေ ပင် ရှိလေသည် ။ ထိုအခါ မှတ်မိနိုင်အောင် တစ်ခါ တန်းစီ ၅ စောင်လောက် ငွေသွင်း ၊ နောက် တစ်ခေါက် တန်းစီ ၊ နောက် ၅ စောင်လောက် သွင်းနှင့် ထပ်ခါ ထပ်ခါ တန်းစီ နေကြရသူတွေ ကို လည်း တွေ့ရသည် ။
ဦးသာကြီး ကတော့ ရပ်ကွက်ထဲ က လူတွေ အားလုံးကို သိသူ ဖြစ်လေတော့ တစ်ခါတည်း ငွေ သွင်းပြီး တစ်ဘရိတ် တည်း ဖြတ်ပိုင်း ထုတ် ယူသည် ။ ပြီးတော့ ဦးသာကြီး မှာ သူ့ ဖောက်သည် နှင့် သူ ရှိပြီး သား ဖြစ်ရုံမက သူ့ ဖောက်သည်များ ကို လုယူ သွားမည့် သူ လည်း လမ်းကလေးတွင် သာ မက ရပ်ကွက် ထဲ မှာပင် မရှိပေ ။ ဦးသာကြီး က သူ့ ဖောက်သည်များ ၏ ယုံကြည်မှု ကို အပြည့်အဝ ရရှိထားပြီးသူ ဖြစ်လေသည် ။
သည် လမ်းထဲ ရောက်ပြီး တစ်လလောက် အတွင်းမှာ ပင် ဦးသာကြီး ၏ အလုပ်သည် မီတာ ဆောင်ပေးသည့် အလုပ် သာ မက တခြား အလုပ်များ လည်း ရှိသေးသည် ကို တွေ့လာရသည် ။ ဦးသာကြီး ကို ကြည့်လိုက်လျှင် လမ်းပေါ် မှာ အများဆုံး တွေ့ရ တတ်သည် ။ လမ်းပေါ် တွင် သူ လူးလားခပ် သွားလာ နေသည်ကို ကျွန်တော် တွေ့ရသည် ။ မနက် ၈ နာရီ အိမ် က ထွက်သွားလျှင် ညနေ ၆ နာရီ လောက် မှ အိမ်ပြန် ရောက်တတ်သော ကျွန်တော် ပင်လျှင် သူ့ ကို သူ့ အိမ်ထဲ မှာ ထက် အိမ်ပြင်မှာ ပိုတွေ့ နေရတတ်သည် ။ မနက်ပိုင်း ဆိုလျှင်လည်း မနက်ပိုင်း မို့ ၊ ည ဆိုလျှင်လည်း ည မို့ ဦးသာကြီး ကို လက်ထဲ တစ်ခုခု ကိုင်ကာ သွားလာနေသည် ကို တွေ့ နေရသည် ။ ဦးသာကြီး ကား သူ့ အိမ် က အိမ်မှုကိစ္စများ သာမက အခြား အိမ်က အိမ်မှုကိစ္စများ ကိုပါ ဆောင်ရွက်ပေးသူ ဖြစ်နေသည် ကို တွေ့ရလေသည် ။
သည် လမ်းထဲ မှာ ကလေးများ မှာ မနက် မျက်လုံးဖွင့် ကတည်းက ကျောင်းစာတွေနှင့် နပမ်းလုံးကြ လေရာ စားရေး သောက်ရေးကိစ္စ ကိုပင် အချိန်လု၍ လုပ်နေကြရသည် ။ အိပ်ရာ က ထသည်နှင့် သွားတိုက် ၊ မျက်နှာသစ် ကာ လွယ်အိတ် ၊ ကျောပိုးအိတ် ကို ယူပြီး ကျောင်းစာတွေ လုပ်ရသည် ။ မနက်စာ ကို နင် မတတ် အပြေးအလွှား သွတ်သွင်းကာ အဝတ်အစား လဲပြီး ကျူရှင်ပြေးရ ကျူရှင် ကနေ ကျောင်း ကို ပြေးရသည် ။
ကလေးတွေ မနက်စာ အတွက် အမေ က ပြင် ဆင်ပေးရသည် ။ တစ်ခါတစ်ရံ ကလေးများ စားချင် သည့် မုန့် က လမ်းထဲ ကနေ လမ်းမကြီး ပေါ် ထွက် ဝယ်ရလျှင် အချိန် ယူရသည် ။ ထို ယူရသောအချိန်ကို ဦးသာကြီး က ဝင်ရောက် လုပ်ကိုင်ပေးခြင်းဖြင့် အဆင် ပြေလေသည် ။ သည်ဝန်ဆောင်မှုမျိုး မှာတော့ ဦးသာကြီး က သတ်မှတ်ထားသော ဝန်ဆောင်ခ မရှိပေ ။ ပေးခြင်း မပေးခြင်း အပေါ် မှာ လည်း ထည့်တွက်လေ့ မရှိပေ ။
••••• ••••• •••••
တစ်နေကုန် အိမ် တွင် ရှိနေသည့် ရက် တစ်ရက် တွင် ဦးသာကြီး အကြောင်းကို ကျွန်တော် ပို၍ သိလာရလေသည် ။ ဦးသာကြီး အကြောင်း ဆိုတာ ထက် ဦးသာကြီး ၏ လမ်းပေါ် က ခြေလှမ်းများ အကြောင်း ကို ပိုသိလာရသည် ဟု ဆိုပါမှ ပိုမှန်ကန်ပါ လိမ့်မည် ။ သည် လမ်းကလေး ပေါ် လမ်းလျှောက်သူ ကို သာ ငွေကောက်ခံရလျှင် ဦးသာကြီး သည် အများဆုံး ပေးဆောင်ရမည့် သူ ဖြစ်လေသည် ။ ဦးသာကြီး ၏ ခြေဖဝါးရာတွေ ထို လမ်းကလေး ပေါ်တွင် ထပ် လိုက်လျှင် နံရံတစ်ခု ဖြစ်သွားလောက်သည် ။ ဦးသာကြီး သည် ထို လမ်းကလေးပေါ်တွင် လူးလာခေါက်တုံ့ သွားလာလျက် ရှိပြီး သူ့ လက်ထဲ တွင်လည်း ကိုင် ဆောင်စရာတွေ က မျက်လှည့်ဆရာ ၏ လက်ထဲ သို့ တစ်ခု ပြီး တစ်ခု ရောက်ရောက် လာသည့် တိုလီမိုစတွေ လို တစ်ခါ သွား တစ်မျိုး ဖြစ်လေသည် ။ အရပ်အမောင်း ကောင်းသူ ပီပီ သူ့ ခြေလှမ်း တွေ ကလည်း လွှားခနဲ လွှားခနဲ နှင့် ခရီးပေါက်လျက် ရှိသည် ။ သူ့ ကို ကြည့် လိုက်လျှင် ၇ဝ ကျော် အဘိုး ကြီး နှင့် မတူဘဲ ၅ဝ ကျော် အရွယ်လောက် ထင်ရ သည် ။ သွက်လက် ဖျတ်လတ်နေပုံက ၄ဝ ကျော် လောက် ထင်ရသည် ။ တစ်ခါတစ်ရံ လက်နှင့် ကိုင်၍ မရသဖြင့် ပခုံးပေါ် ရောက်ရသည့် ပစ္စည်းများ ကို လည်း တွေ့ရသည် ။
ကျွန်တော် သည် လမ်းများ လှသော ၊ အလှမ်း များ လှသော ဦးသာကြီး ကို အိမ်ပေါ်ထပ် ကနေ လှမ်း ကြည့် နေမိသည် ။ ကျွန်တော်တို့ တစ်အိမ်သားလုံး အလှူ တစ်ခု ကို သွားနေ သဖြင့် ကျွန်တော် က အိမ်စောင့် ဖြစ်နေလေရာ စာအုပ်တွေ ပုံပြီး အပေါ်ထပ် မှာ ထိုင် ဖတ် နေရင်း ဦးသာကြီး ကို ဂရုပြုမိ သွားခြင်း ဖြစ်သည် ။ ဦးသာကြီး သည် လမ်းကလေး ပေါ်က အိမ် တွေ ထဲ ဝင်လိုက် ၊ ထွက်လိုက်နှင့် အလုပ်ရှုပ် နေသည် ။ သူ့ အိမ်ထဲ ဝင်လိုက် ပြန်ရင်လည်း သူ့ မှာ အပြင်ထွက် လုပ်စရာတွေ က များလှသည် ။ တစ်ခါတလေကျ တော့ ကလေး တစ်ယောက် ကို ချီ၍ ထိန်းကျောင်း နေသည် ကို တွေ့ရသည် ။ ကလေးထိန်း နေရင်း ကနေ လမ်း ထွက်စရာ ကြုံလျှင် ထို ကလေး ကို ချီ၍ ထွက် သွားပြန်သည် ။
ထို လမ်းကလေး ပေါ်က အိမ် များစွာသည် ဦးသာကြီး နှင့် မပတ်သက်သည့် အိမ် တစ်အိမ်မျှ မရှိ တာကို ကျွန်တော် သတိပြုမိ သွားသည် ။ ခပ်ရိုင်းရိုင်း စကား သုံးရလျှင် ဦးသာကြီး သည် ထို လမ်းကလေး ထဲ က အိမ်ပေါင်းစုံ ၏ ခိုင်းဖတ် ဖြစ်နေသည် ဟု ဆိုရပေမည် ။
ကျွန်တော် သည် ဦးသာကြီး ကို စိတ်ဝင်စားခြင်း နှင့် အတူ ဦးသာကြီး အိမ် ကိုပါ စိတ်ဝင်စား လာ သည် ။ ဦးသာကြီး တို့ ၏ အိမ် သည် နှစ်ထပ်တိုက်ကလေး ဖြစ်ပြီး ခြံဝင်းကလည်း အသင့်အတင့် ကျယ်ဝန်း လေသည် ။ ရှေ့မျက်နှာစာ လမ်း တော်တော်ကလေး ကျယ်လေရာ တစ်ခါတစ်ရံ ထို ကွက်လပ် ပေါ် တွင် ဦးသာကြီး နှင့် ၇ နှစ်ခန့် ရှိမည့် ကလေး တစ်ယောက် ပြေးလွှားရင်း ဘောလုံးကန် နေသည်ကို တွေ့ရသည် ။
ဦးသာကြီးတို့ အိမ် သည် ချမ်းသာသည့် အိမ် စာရင်းတွင် မသွင်းလိုလျှင် တောင်မှ နွမ်းပါးသူ စာရင်း သို့ သွင်း၍ မရပေ ။ ဇိမ်ခံပစ္စည်း စုံလင်သလို ကိုယ်ပိုင် ကား တစ်စီး ၊ ဆိုင်ကယ် နှစ်စီး ရှိသည် ။ မတလ ဆိုင် ကယ်တွေ မှိုလို ပေါက်နေသည့် မန္တလေး တွင် ဂျပန် ဆိုင်ကယ် နှစ်စီး ပိုင်ဆိုင်သော အိမ် ဖြစ်သည် ။ ရွှေတွဲလွဲ ၊ ငွေတွဲလွဲ နှင့် သုံးနိုင် ဖြုန်းနိုင် သော အိမ် ဖြစ်သည် ။
ယင်းကဲ့သို့သော မရှိမရှား အိမ်မျိုး ကို ပိုင်ဆိုင် သည့် ဦးသာကြီး သည် တစ်လမ်းလုံး ၏ ခိုင်းဖတ် ဖြစ် နေသည်က စိတ်ဝင်စားစရာ ဖြစ်နေသည် ။ ထို အိမ် တွင် ဦးသာကြီး ၏ နေရာက ဘယ်နေရာလဲ ။ အိမ်ထောင်ဦးစီးလား ၊ မှီခိုသူလား ၊ သူ့ အနေအထား ၊ သူ့ အိမ်တွင် ရှိသည့် လူတွေ ကို ကြည့်လျှင် သူ သည် အိမ်ထောင်ဦးစီး ဖြစ်နိုင်ခြေမျိုး ဖြစ်လေသည် ။
သူတို့ အိမ် တွင် ဦးသာကြီး နှင့် မတိမ်းမယိမ်း ရှိသော မိန်းမကြီး တစ်ယောက် ရှိသည် ။ အသက် သုံးဆယ် ကျော် ရှိမည့် လင်မယား စုံတွဲ တစ်တွဲ ၊ ၃ဝ ခန့်ရှိ မည့် လင်မယား စုံတွဲ တစ်တွဲ ရှိသည် ။ ကလေး က ၄ - ၅ ယောက် လောက် ရှိမည် ။ သို့သော်လည်း ထို အိမ်ထဲ တွင် ညပိုင်း ကျတော့မှ လူစုံတက်စုံ ကို တွေ့ ရတတ်သည် ။ အပြင် ထွက် နေသည့် လူတွေ က ပိုများသည် ။ မိန်းမကြီး တစ်ယောက် ၁၃ - ၄ နှစ်အရွယ် ကလေးမလေး တစ်ယောက် နှင့် ဦးသာကြီး တို့ ကတော့ အိမ် တွင် ပုံမှန် ရှိလေသည် ။
ပြည့်စုံသော မိသားစုတွင် ရှိနေသော ဦးသာကြီး တစ်ယောက် တစ်လမ်းလုံး ၏ ခိုင်းဖတ် လိုဖြစ်နေ ခြင်းမှာ ကြည့် မကောင်းလှပေ ။ အိမ်သူအိမ်သားများ ၏ ဦးသာကြီး ပေါ်ထားသည့် စိတ်သဘောထားများ ၏ စိတ်ဓာတ် ကို ကျွန်တော် ဘဝင်မကျ ဖြစ်နေမိ သည် ။ ကျွန်တော် က သာ ဘဝင်မကျ သော်လည်း ဦးသာကြီး ကို ကြည့်ရသည် မှာ စိတ်ညစ် ၊ စိတ်ပျက် နေသည့် လက္ခဏာ ကို မတွေ့ရပေ ။ သူ၏ မျက်နှာ သည် အမြဲ ပြုံးလျက်ရှိသည် ။ မြင်မြင်သမျှ လူတွေ ကို မျက်နှာချို သွေးနေရ သလို ရှိလေသည် ။
ကျွန်တော့် အိမ် အပေါ်ထပ် ကနေ လှမ်း ကြည့် လိုက်လျှင် သူတို့ အိမ် ကို ကောင်းကောင်း မြင်နေရ သည် ။ မိန်းမကြီး က ကွပ်ပျစ် တစ်ခု ပေါ်တွင် ခြေဆင်း ထိုင်နေပြီး ဦးသာကြီး က မိန်းမကြီး ၏ ကျော ကို နှိပ် ပေး နေသည် ကို တွေ့ ရသည် ။ ခဏကြာတော့ မျက်စောင်းထိုး အိမ် က လှမ်းခေါ်သံ ကြား လိုက်ရပြီး ဦးသာကြီး မှာ နှိပ်နေရင်း တန်းလန်း က နေ ထ သွားကာ ထို မျက်စောင်းထိုး အိမ် က ခိုင်းလိုက်သည့် ကိစ္စကို သွားလုပ်ပေးနေသည် ကို တွေ့ရသည် ။ မိန်းမကြီး ကတော့ ခြေဆင်း ထိုင် နေသည့် အနေအထား ကို မပြင်ဘဲ ခေါင်း ကို သာ ဟိုဘက်ဒီဘက် လှည့်ကာ အညောင်း ဖြေ နေလေသည် ။
ခဏကြာတော့ ဦးသာကြီး ပြန် ရောက်လာပြီး မိန်းမကြီး အား ဆက် နှိပ်ပေး နေသည် ။ မျက်စောင်းထိုး အိမ် က လှမ်း ခေါ်တာ ၊ သွား လုပ်ပေးတာတွေ ကို ဘာ တစ်ခွန်း မှ ပြောဖော် မရသော ၊ ပြောနေပုံ မပေါက်သော မြင်ကွင်း ကို ကြည့်ရင်း ဦးသာကြီး ပေါ်ထားသော ထို အိမ် ၏ သဘောထား ကို ကျွန်တော် နားမလည်နိုင် အောင် ဖြစ်လာသည် ။
ဦးသာကြီး သည် ထို အိမ် ၏ မိသားစု ဖြစ်ချင် မှ ဖြစ်ပါလိမ့်မည် ။ ထို အိမ် ၏ မိသားစုဝင် မဟုတ် လျှင် အခိုင်းအစေလား ဆိုတော့လည်း ကိုယ့် အခိုင်း အစေလား ကို တစ်လမ်းလုံး က ခိုင်းနေကြတာ ကို ထို အိမ် က ခွင့်ပြုမည် မဟုတ်ချေ ။ ဆွေမျိုးသားချင်း ထဲ က ဖြစ်ပြန်လျှင် လည်း ကိုယ့် ဆွေမျိုးသားချ င်းကို တစ်လမ်းလုံးက ခိုင်းနေတာ ကို သိက္ခာကျ ခံပြီး လွှတ်ထား မည် မဟုတ်ပေ ။
ကျွန်တော် ၏ ဦးသာကြီး အပေါ် စိတ်ဝင်စား မှုသည် မြင့်တက်လာသည် ။ စူးစမ်းလိုစိတ် ပေါ်လာ သည် ။ ဦးသာကြီး ကို အိမ် ထဲ ခေါ်သွင်းမည့် ၊ ခေါ်သွင်း နိုင်မည့် အစီအစဉ် ကို စဉ်းစားသည် ။ ဦးသာကြီး ကို ကျွန်တော် ခိုင်းစရာ တစ်ခုမျှ ပို မခိုင်းခဲ့ဖူးပေ ။
ကျွန်တော် လျှောက်တွေး နေစဉ်မှာပင် ဦးသာကြီး တို့ နှိပ်နေရာ သို့ ၁၃ - ၄ နှစ် အရွယ် ကောင်မလေး ထွက်လာပြီး တစ်ခုခု ပြောနေသည် ။ နှစ်ယောက် စလုံး ထ သွားသည် ။ ခဏကြာတော့ နှစ်ယောက် စလုံး ပန်းကန်ပြား တစ်ချပ်စီ တွင် ထမင်းဟင်းတွေ ပုံထည့် လာကာ ထွက်လာသည် ။ ကွပ်ပျစ် ပေါ် မှာ ပင် သူတို့ ထမင်းစား ကြသည် ။ ခဏကြာတော့ စောစောက ကောင်မလေး က ပါ ပူးပေါင်း ပါဝင်လာသည် ။ ကိုယ့် ပန်းကန် နှင့် ကိုယ် ဖြစ်သော်လည်း သူတို့ ထမင်းစား နေကြသည် မှာ မိသားစုပုံစံ လို ဖြစ်နေသည် ။ သီးခြား ဆန် သော်လည်း ကြည်နူးစရာ ဖြစ်သည် ။ ကိုယ့် ထမင်း ကိုယ် စားနေကြ သော်လည်း တစ်ကွပ်ပျစ်တည်း တွင် ဖြစ်လေသည် ။ ထမင်းစား နေရာကနေ လှမ်းကြည့် လိုက်သော ဦးသာကြီး က ကျွန်တော့် ကို မြင်သွား သည် ။ ကျွန်တော် က မထင်မှတ်ဘဲ လက် လှမ်းပြကာ ခေါ် လိုက်မိသည် ။ ထမင်းပန်းကန် ကို ချထားပြီး ရောက်ချ လာသည် ။
“ ဘာလုပ် ပေးရမလဲကွ ”
“ လေးလေး ထမင်းစား လိုက်ပါဦး ပြီးမှ လာပါ ”
“ ရပါတယ် ၊ ပြီး မှ စားတာပေါ့ ”
“ ကျွန်တော် က ဖြည်းဖြည်း ရပါတယ် ။ စားပြီး မှပဲ လာပါ ”
ဦးသာကြီး က အေး အေး ဟု ဆိုကာ အိမ်ပြန် သွားသည် ။ ထမင်းစား ပြီးတော့ ရောက်ချ လာသည် ။
သူ ရောက်ချလာ သော်လည်း ကျွန်တော့် မှာ သူ့ ကို ခိုင်းစရာ တစ်ခုမျှ ရှိမနေတော့ ဘာ ပြောရမှန်း မသိဘဲ ဖြစ်နေသည် ။
“ လေးလေး ဝင်ထိုင်ဦးလေ ”
“ ကိစ္စ မရှိပါဘူးကွဲ့ ။ လေးလေး ဘာလုပ် ပေးရမယ် ”
“ ထိုင်ပါဦး ... လေးလေးရဲ့ ကျွန်တော် စဉ်းစား လိုက်ပါဦးမယ် ”
ဦးသာကြီး က ကြောင်တောင်တောင် နှင့် ဝင် ထိုင်လိုက်ရသည် ။ ကျွန်တော် က သူ့ အကြောင်း ကို မေးကြည့်ရ ကောင်းမလား ဟု တွေးသည် ။ မေးရမှာ လည်း အားနာသည် ။ ဦးသာကြီး က ကျွန်တော် ဘာ ခိုင်းမလို့လဲ ဆိုတာကို မျှော်နေပုံရသည် ။
“ ဒီနား တစ်ဝိုက်မှာ အိမ်ငှားမယ့်သူ ရှိလား လေးလေး ”
အဆက်အစပ် မရှိသော စကား ကျွန်တော့် နှုတ် က ထွက်သွား သော်လည်း ထို စကား မှာ ကျွန်တော် နှင့် လည်း အဆက်အစပ် မရှိပေ ။
“ ဒီ အိမ် ငှား နေရတာ အဆင် မပြေလို့လား ”
“ မိတ်ဆွေ တစ်ယောက်က စုံစမ်းခိုင်းလို့ပါ ။ ကျွန်တော် နဲ့ လည်း နီးနီးပေါ့ ”
ဦးသာကြီး က ခဏကလေး စဉ်းစားပြီး နောက်လ ထိ စောင့်နိုင်မလား ဟု မေးသည် ။ ကျွန်တော် ကလည်း ခပ်တည်တည်ပင် ရလောက်ပါတယ် ဟု ဖြေသည် ။
“ ကျွန်တော့် အိမ် က မိသားစုတွေ က အိမ် ဆောက်တာ ပြီးသွားပြီ ။ နောက်လ ဆိုရင် ငှားလို့ရတယ် ။ တစ်ခုပဲ ရှိတယ် ။ ကျွန်တော်တို့ နဲ့ တူတူ နေမှ ရမှာ ”
ဦးသာကြီး စကားကြောင့် ကျွန်တော် အံ့ဩ သွားသည် ။ ယခု ဦးသာကြီး နေသော အိမ်မှာ သူ ၏ ကိုယ်ပိုင်အိမ် ဖြစ် နေလေသည် ။ ကျွန်တော် ကတော့ ဦးသာကြီးကို ယခုမှ ပို၍ နားမလည် နိုင်အောင် ဖြစ် လာလေသည် ။ အိမ်ပိုင်ယာပိုင် ရှိသော ဦးသာကြီး ကို တစ်လမ်းလုံး က ခေါ်ယူ ခိုင်းနေကြရာ သူတို့ အားလုံး က လည်း ဦးသာကြီး အကြောင်း သိပြီး ဖြစ်နေကြမည် ။
“ လေးလေး က ဘာလို့ သူများ ခိုင်းတာတွေ လိုက် လုပ်ပေးနေရတာလဲဗျ ”
ကျွန်တော် က ဗြောင်ကျကျ ပင် သူ့ကို မေးလိုက်သည် ။
“ လေးလေး က အငြိမ် မနေတတ်လို့ပါကွာ ”
သူ က ပြုံးပြုံးပင် ဖြေ လေသည် ။ ထိုအချိန်မှာ ပင် မျက်နှာချင်းဆိုင် အိမ် က ဦးသာကြီး ကို လှမ်းခေါ် လိုက်ရာ သူ ထ ထွက် သွားလေသည် ။ မျက်နှာချင်း ဆိုင်အိမ် က သူ့ ကို ခိုင်းနေတာ ကို ကျွန်တော် လှမ်း ကြည့် နေမိသည် ။ သူတို့ မျက်နှာ အမူအရာ ကို မြင်လိုက်ရတော့မှ တစ်လမ်းလုံး ၏ ခိုင်းဖတ် ဟူသော ကျွန်တော့် အမြင် အတွက် ကျွန်တော် ရှက်မိသည် ။ ဦးသာကြီး ကား အခိုင်းအစေ မဟုတ်သလို သူ့ ကို ခိုင်းနေသူ တွေ က လည်း ခိုင်းနေသည့် မျက်နှာပေး အမူအရာ မရှိ တာကို သတိပြုမိ သွားသည် ။
ဦးသာကြီး ကို နားလည်နိုင်ဖို့ ဦးသာကြီး ကို သာမက တစ်လမ်းလုံး က လူတွေ ၏ သဘောထား ကို ပါ လေ့လာကြည့်ဖို့ လိုကြောင်း ကို ယခုမှ ကျွန်တော် သတိပြုမိ သွားသည် ။ ဦးသာကြီး ကို သနားခြင်း ၊ အထင်သေးခြင်း ၊ နှိမ့်ချခြင်း တို့ မပြုလုပ်မီ ကျွန်တော် အချိန်မီ သွားတာကပင် ကံကောင်းသည် ဟု ဆိုရပေမည် ။ မဟုတ်လျှင် ဆုံးရှုံးမှုတွေ က ကျွန်တော့် ဆီသို့ တံခါး မရှိ ၊ ပြတင်း မရှိ တိုးလျှိုပေါက် ဝင်ရောက် လာမည် ဖြစ်လေသည် ။ ကျွန်တော်တို့ မမြင်သာသော အားတွေ နေရာတကာ တွင် ရှိနေနိုင်သည် ကို ဦးသာကြီး က ကျွန်တော့် ကို ပြသွားလေသည် ။
▢ စိုးဘားဒိုင်
📖 ကလျာ မဂ္ဂဇင်း
ဧပြီလ ၊ ၂၀၁၀
.
No comments:
Post a Comment