Sunday, November 3, 2024

အိမ်ရှေ့မင်း ၏ စံပျော်ရာ

❝ အိမ်ရှေ့မင်း ၏ စံပျော်ရာ ❞
          ( နေနော် )

၁ ။

မှတ်မှတ်ရရ အိပ်မက်များ နှင့် စတင်ခဲ့ခြင်း ဖြစ်၏ ။

သူ ပထမဦးဆုံး အိပ်မက် စတင် မက်သော ည သည် မဟာဝိဇ္ဇာ ဘွဲ့ အတွက် ကျမ်း ပြုစုရန် စာအုပ်စာတန်းများ ရှာဖွေ စုဆောင်းရင်း မောမောပန်းပန်း နှင့် စောစီးစွာ အိပ်ရာ ဝင်ဖြစ်ခဲ့သော ည ဖြစ်သည် ။ ထို ည က သူ သည် မင်းညီမင်းသား တို့၏ တောက်ပသော အဝတ် အစားမျိုး ဖြင့် မြင်းဖြူကြီး ကို စီးလျက် တောကစား ထွက်နေခဲ့သည် ဟု အိပ်မက် မက်လေသည် ။

အိပ်မက် ထဲ၌ ပန်းနုရောင် ဗောင်းတော် ဖြူလွသော ပိုးသားပျော့ ဝတ်စုံ တို့ဖြင့် သူ ၏ ဟန်ပန် က ခန့်ညားထည်ဝါ လှ သလို ၊ နောက်လိုက် ခြွေရံတို့ ကလည်း များပြား လှ ပါသည် ။ သူ တောကစား ထွက်ရာ နေရာ က သူ ၏ ကိုယ်ပိုင် ဥယျာဉ်တော် ဖြစ်၏ ။ ထို့ထက် ထူးဆန်းသည် က သူ့ အား အိမ်ရှေ့ဥပရာဇာမင်းသားလေး ဟု ခေါ်ဝေါ်ကြခြင်း ဖြစ်သည် ။

ဘယ်လောက် ဆန်းကြယ် လိုက်တဲ့ အိပ်မက် လဲ ။

အိပ်ရာ မှ နိုးတော့ အိပ်မက် အကြောင်း ပြန် စဉ်းစားရင်း ၊ ကျေနပ် ပီတိ ဖြစ်စွာ ၊ အတန်ကြာအောင် သူ မိန်းမော နေမိသည် ။

အိမ်ရှေ့မင်းသား - တဲ့ ။

ထို ဝေါဟာရ က သူ့ ရင်ထဲ သို့ သပ် နှင့် ရိုက်သွင်း လိုက်သလို စွဲနစ် ဝင်ရောက် သွားလျက် ၊ နောက်နေ့ တစ်နေ့လုံး ထို အခေါ်အဝေါ်  ကို သာ မကြာခဏ ကြားယောင် နေမိသည် ။ ဤသို့ဖြင့် သူ ၏ ဘဝဟောင်း အား ပြန်လည် တွေ့ ရှိမည့် အဖြစ်အပျက် တို့ အစပျိုး လာခဲ့ခြင်း ဖြစ်သည် ။

••••• ••••• •••••

၂ ။

သို့သော် ထို ကိစ္စအား ချက်ချင်းတော့ သူ  မရိပ်မိခဲ့ပါ ။

ထို့အတူ အိပ်မက် ကို လည်း စိတ်ဝင်စားဖွယ် ကောင်းသော သာမန် အိပ်မက် တစ်ခု အဖြစ်သာ သူ ယူဆ ခဲ့သည် ။ ထို့ထက် ပို၍ ဆိုရပါမူ စိတ်စွဲလမ်းမှု ကြောင့် မက်သော အိပ်မက် ဟု ပင် သူ သတ်မှတ် ခဲ့ပါသေးသည် ။

အကြောင်း က တော့ မဟာဝိဇ္ဇာဘွဲ့ အတွက် သူ ပြုစုမည့် ကျမ်း ၏ အမည် အား ထီးသုံးနန်းသုံး မြန်မာစကား ဟု အမည်ပေး ထားခဲ့ခြင်း ကြောင့် ဖြစ်သည် ။ လိုအပ်သည့် စာအုပ်စာတန်းများ ရှာဖွေ စုဆောင်းခြင်း မှ အပ ထိုကျမ်း နှင့် ပတ်သက်၍ ဘာ တစ်ခု မှ မစတင် ရသေးသည့် တိုင် ကျမ်း ၏ ခေါင်းစဉ် ကပင် ထိုသို့သော အိပ်မက်မျိုး မြင်မက်ရန် လုံလောက်သည့် အကြောင်းအရာ ဖြစ်သည် ဟု သူ  ယုံကြည်ခဲ့သည် ။

ထို့ကြောင့်ပင် နောက်ထပ် ရက် အနည်းငယ် အကြာ၌ ထို အိပ်မက် အား သူ မေ့လျော့ သွားခဲ့ခြင်း ဖြစ်သည် ။ သို့သော် သူ ၏ မေ့လျော့နိုင်မှု က သိပ်တော့ ကြာကြာ မခံခဲ့ ။ ပထမဆုံး အိပ်မက် ကို မြင်မက်ပြီး တစ်လတိတိ အကြာ ၊ သူ ၏ ကျမ်း အတွက် ခေါင်းစဉ်ငယ်များ ခွဲပြီးသည့် ည မှာပင် ဝတ္ထုဆန်လှသော အိပ်မက် က သူ့ ထံသို့ ဒုတိယ အကြိမ်မြောက် ထပ်မံ ရောက်ရှိလာခဲ့သည် ။

သည်တစ်ခါတော့ တောကစား ထွက်ခြင်းမျိုး မဟုတ်တော့ဘဲ ၊ သူ ၏ ဖခမည်းတော် ဟု ယူဆရသော ဘုရင်မင်းမြတ် တိုင်းခန်း လှည့်လည်ရာ နောက်သို့ လိုက်ပါရသည် ဟု မြင်မက်လေသည် ။ ကကြိုး တန်ဆာ တို့ဖြင့် တင့်တယ်လှသော ဆင်ယဉ် ထက် ၌ ခမည်းတော် က လိုက်ပါပြီး ၊ သူ က တော့ ပန်းနုရောင် ဗောင်းတော် ပိုးပျော့အဝတ် တန်ဆာတို့ ဖြင့် ငွေရိုးတပ် ကျောက်စီဓား ကို လွယ်လျက် မြင်းဖြူကြီး စီးကာ ခမည်းတော် နောက် မှ လိုက်ပါရသည် ။

ထို အိပ်မက် သည် လည်း ပထမအကြိမ် မက် စဉ် က လိုပင် တိုတောင်း လျင်မြန်စွာ ပြီးဆုံး သွားခဲ့သည့် တိုင် ၊ အိပ်မက် ကြောင့် အံ့သြ ကျေနပ်ရသည့် ခံစားမှုတို့ ကတော့ တော်တော်နှင့် မပြီးဆုံးနိုင်ခဲ့ပါ ။

ဘာဖြစ်လို့များ ခုလို အိပ်မက်မျိုး ကို ထပ်ပြီး မက်ရတာပါလိမ့် ၊ ဇဝေဇဝါ ဖြစ်မှုနှင့် အတူ အိပ်မက် အပေါ် စိတ်ဝင်စားမှုတို့ က ပထမ အကြိမ် မက်စဉ် က ထက်ပင် ပိုမို ရုန်းကြွ၍ လာလေသည် ။

သူ ၏ စိတ်ဝင်းစားမှု တို့ အား ပြင်းထန်သည် ထက် ပြင်းထန် လာစေသော အချက် ကတော့ ၊ နောက်ပိုင်း ရက်များ၌ နှစ်ရက်ခြား တစ်ခါ သုံးရက်ခြား တစ်ခါ ဆိုသလို ၊ ထိုသို့သော အိပ်မက်မျိုး ကို မြင်မက်ခြင်း ဖြစ်သည် ။ မကြာခဏ အိပ်မက် တွင်းမှ အဖြစ်အပျက် တို့ က တစ်ခါ နှင့် တစ်ခါ မတူဘဲ မျိုးစုံပြောင်းလဲ နေသည့် တိုင် ၊ အိပ်မက် ထဲ ၌ သူ သည် အိမ်ရှေ့ ဥပရာဇာ ဖြစ်သည် ဆိုသော အချက် က တော့ အနည်းငယ် မှ မပြောင်းလဲခဲ့ပါ ။

ကြာတော့ အိပ်မက် ၏ လွမ်းမိုးမှု အား တောင့်မခံ နိုင်တော့ဘဲ အိပ်မက် ထဲ က လိုပင် သူ ဟာ ရှေး ဘဝက အိမ်ရှေ့မင်းသား တစ်ပါး ဖြစ်ခဲ့ လေသလား ဟု ဇဝေဇဝါ ဖြစ်လာရ လေသည် ။ ထို အတောအတွင်း တိုက်ဆိုင်စွာပင် သူ ၏ ဇဝေဇဝါ ဖြစ်မှုအား ထင်မြင်ယူဆမှု တစ်ခု အဖြစ်သို့ ရောက်ရှိစေမည့် အဖြစ်အပျက် နှင့် ရင်ဆိုင်ကြုံတွေ့ ခဲ့ရသည် ။

ထို ကိစ္စ အား သူ လက်ထပ်ရန် ရည်ရွယ် ထားသည့် ချစ်သူ ကောင်မလေး က စတင်ခဲ့ခြင်း ဖြစ်သည် ။ ပုံမှန်အားဖြင့် သူ က ဗေဒင်လက္ခဏာ ဝါသနာ ပါသူ မဟုတ်သလို ၊ အကြားအမြင် ဆိုသည် ကို လည်း ယုံကြည်သူ မဟုတ်ပါ ။ သို့သော် ချစ်သူ မိန်းကလေး က အကြားအမြင် ဆရာ တစ်ယောက် ဆီ သွားချင်သည် ဟု ဆိုလာသော အခါမှာတော့ သူမ နှင့် အတူ အဖော် လိုက် ပေးရန် မှာ သူ ၏ တာဝန် ဖြစ်လာတော့သည် ။

ဤသို့ဖြင့် အလွန် နာမည်ကြီးသည် ဟု ဆိုသော အကြားအမြင် ဆရာ ထံ သို့ သူ ရောက်ရှိခဲ့ခြင်း ဖြစ်သည် ။ အုန်းပွဲ ၊ ငှက်ပျောပွဲများ များစွာ ထိုးထားသည့် နတ်စင် ရှေ့မှ ဝတ်ဖြူစင်ကြယ် နှင့် ထို ပုဂ္ဂိုလ် ရှေ့သို့ ရောက်ချိန် အထိ သူ့ ၌မေးမြန်းရန် စိတ်ကူး ရော မေးခွန်း ပါ အနည်းငယ်မျှ မရှိခဲ့ ။ သူ ၏ ချစ်သူ မိန်းကလေး မေးမြန်းသော အကြောင်းအရာများ ကို သာ စိတ်မပါစွာ နားထောင် နေမိသည် ။

မိန်းကလေး က အချိန် နာရီဝက်ခန့် နှင့် ပိုက်ဆံ တစ်ရာ ကို အကုန်ခံပြီး ချိန် မှာတော့ ဘာ စိတ်ကူး ပေါက်သည် မသိ ၊ သူ့ ဘက်သို့ လှည့်ကာ -

“ မောင် ကော မေးပါလား ”

ဟု တိုက်တွန်းလာလေသည် ။

သူ ခေါင်းယမ်းမည် ပြုပြီးမှ အကြားအမြင် ဆရာအား အားနာ စိတ် ဖြင့် ခေါင်းညိတ် ပြလိုက်ရသည် ။

“ ဆို - ဘာမေးချင်သလဲ ”

သူ ၏ လက်ချောင်း ထိပ်ဖျား ကို အကြားအမြင်ဆရာ က ၎င်း ၏ လက် နှင့် ထိကိုင် ထားရင်း ပြောသည် ။ ဘာမေးချင်သလဲတဲ့ ။ အင်း - ဘာ မေးရမှာပါလိမ့် ၊ စီးပွားရေး ၊ လူမှုရေး ၊ ဒါမှမဟုတ် ပညာရေး အထူးသဖြင့် သူ ကျမ်းပြု နေသော ထီးသုံးနန်းသုံး မြန်မာစကား ကိစ္စ ။ ဒါမှမဟုတ် - ။

ရုတ်တရက် သူ့ ခေါင်းထဲ ၌ တစ်စုံတစ်ရာ ကို ဖြတ်ခနဲ သတိ ရလိုက်မိပြီး မေးခွန်း တစ်ခုကို ကောက်ခါငင်ခါ မေးချလိုက်သည် ။

“ ကျွန်တော် ဟာ အရင် ဘဝ တုန်းက ဘာဖြစ်ခဲ့ဖူးသလဲ ”

သူ ၏ မေးခွန်း အား အချိန် အတော်ကြီး ကြာမှ အကြားအမြင် ဆရာ က တစ်လုံးချင်း ပြန်လည် အဖြေ ပေးသည် ။

“ ခင်ဗျား ဟာ ဟိုး ရှေးဘဝ တုန်း က မင်းမျိုးမင်းနွယ် ဖြစ်ခဲ့ လိမ့်မယ် ၊ ဘုရင် သော် လည်းကောင်း ၊ ဒါမှမဟုတ် အိမ်ရှေ့မင်း သော် လည်းကောင်း ဖြစ်ရမယ် ”

ထို အဖြေ က သူ ၏ အိပ်မက်များ၌ သာမက  သူ ၏ စိတ်ကူး များ၌ပါ ၊ သူ့ အား အိမ်ရှေ့မင်းသား အဖြစ် သို့ ရောက်ရှိ စေခဲ့သော အဖြေ ဖြစ်လေသည် ။

သည့် နောက်ပိုင်းတော့ ထူးခြားဆန်းကြယ်သည့် တိုက်ဆိုင်မှု များအား ဆက်တိုက် ဆိုသလို ကြုံတွေ့ လာရတော့သည် ။

ဥပမာ - သူ ပြုစုနေသော ကျမ်း နှင့် ပတ်သက်သည့် အချို့သော ထီးသုံးနန်းသုံး ဝေါဟာရ တို့အား ကျမ်းကိုးစာအုပ်များ ကောက်ကိုင် စရာ မလိုဘဲ အဓိပ္ပါယ် နှင့်သုံးနှုန်းပုံ တို့ ကို သူ့ အလိုလို နားလည် နေခြင်းမျိုး ။

အမျိုးသားပြတိုက် သို့ ရောက်စဉ် ကြက်သီးများ ဖျန်းခနဲ ထလျက် ထို ပြတိုက် အတွင်းရှိ ပစ္စည်းများ အားလုံးကို သူ တရင်းတနှီး သိမြင်ခဲ့ ဖူးသည့် ပမာ ခံစားရခြင်းမျိုး တို့ ဖြစ်သည် ။

သေချာပါတယ် ၊ သူ ဟာ တကယ့်ကို မင်းမျိုးမင်းနွယ် ဖြစ်ခဲ့ဖူးတဲ့ လူပါပဲ ။ ထို ယုံကြည်မှုတို့ ခိုင်မာသည် ထက် ခိုင်မာ လာသည် နှင့် အမျှ သူ့ ၌ စဉ်းစားစရာ မေးခွန်းတို့ ပေါ်ပေါက်လာ ရသည် ။ သူ ဟာ မင်းမျိုးမင်းနွယ် ဖြစ်ခဲ့ဖူးတယ် ဆိုတာ ၊ ဘယ် မင်း လက်ထက် ကလဲ ၊ ဘယ် ရှင်ဘုရင် ရဲ့ သားလဲ ၊ သူ့ ရဲ့ အိမ်ရှေ့ ဥပရာဇာဘွဲ့ က ဘာလဲ ။

ထို မေးခွန်း တို့ ကို သိချင်စိတ် က တားဆီး၍ မရနိုင်လောက်အောင် ရုန်းကြွလာသော အခါ မှာ တော့ သူ ၏ ကျမ်းပြုခြင်း ကိစ္စ ကိုပင် ဆက် မလုပ်ဖြစ်တော့ဘဲ ၊ တစ်ဝက် တစ်ပျက် နှင့် ရပ်ဆိုင်း သွားတော့သည် ။ လောလောဆယ် သူ့ အတွက် အရေးကြီးသော ကိစ္စ မှာ မဟာဝိဇ္ဇာဘွဲ့ မဟုတ် သလို ၊ ထို ဘွဲ့ အတွက် တင်ရမည့် ကျမ်း လဲ မဟုတ်တော့ ။ သူ ၏ ဘဝဟောင်း သာ ဖြစ်သည် ။

ထို ဘဝဟောင်း အတွက် သဲလွန်စ ရလို ရငြား အကြားအမြင် ဆရာ ထံ ဒုတိယအကြိမ်မြောက် ထပ်သွား သော်လည်း အကြားအမြင် ဆရာ က သူ သိချင်သော ကိစ္စတို့ ကို ရေရေရာရာ အဖြေ မပေးနိုင်ခဲ့ ။

ထို ရက်ပိုင်း အတွင်း သူ ၏ ချစ်သူ မိန်းကလေး က သူ့ ရင် ထဲမှ စိတ် စွဲလမ်းနေမှု တို့နှင့် ပတ်သက်၍ အနည်းငယ် ရိပ်မိစ ပြုလာသည် ။ တစ်ရက် သူ နှင့်အတူ မြို့ထဲ သို့ သွားစဉ် ၊ မုန့်ဟင်းခါး စားရအောင် ဟု ဆိုသည် ။ သူ ကြည့် လိုက်တော့ မုန့်ဟင်းခါးဆိုင် က လမ်းဘေး ၌ အထမ်း နှင့်ရောင်းသည့် ခပ်ညံ့ညံ့ ဆိုင်မျိုးဖြစ်၏ ။ သူ စိတ်ပျက်ရွံရှာ သွားလျက် ခေါင်း ကို ခါယမ်း လိုက်သည် ။

“ မစားဘူး ”

ခပ်ထန်ထန် ဖြစ်နေသော သူ့  အသံကြောင့် မိန်းကလေး က နားမလည် သလို သူ့ အား မော့ကြည့်၏ ။

“ ဘာဖြစ်လို့လဲ ”

“ ရာဇဣန္ဒြေ မဲ့တယ် ”

“ ရာဇဣန္ဒြေ ဟုတ်လား ၊ ဘာလဲဟင် - မောင် က ရှင်ဘုရင် လား ”

“ မဟုတ်ဘူး ၊ အိမ်ရှေ့မင်းသား ”

တကယ့်ကို တလေးတနက် ပြန် ပြောနေမိခြင်းဖြစ်၏ ။

နောက်မှ သတိရပြီး စကားလမ်းကြောင်း လွဲ လိုက် သော်လည်း မိန်းကလေး ကတော့ ထိုနေ့ တစ်နေ့လုံး သူ့ အား ထူးဆန်းသော နားမလည် နိုင်သော အကြည့်တို့ ဖြင့်သာ တစ်ချိန်လုံး စိုက်ကြည့် နေခဲ့ လေသည် ။

ဘဝဟောင်း အား စွဲလမ်းမှုကြောင့် ပစ္စုပ္ပန် ကို မေ့လျော့သွားသည့် အဖြစ်မျိုး မကြာခဏ ဖြစ်ပျက်လာသော အခါမှာတော့ မိန်းကလေး က သူ ၏ အစွဲ ကို ချွတ်ရန် ကြိုးစားတော့သည် ။ သို့သော် သူ   ကတော့ နည်းနည်းလေး မှ လက်မခံခဲ့ပါ ။

“ ဒီမယ် ကိုယ် ပြောတာကို သေသေချာချာ နားထောင်စမ်း ၊ ကိုယ် ဟာ တစ်ချိန်တုန်းက အိမ်ရှေ့မင်း ဖြစ်ခဲ့ဖူးတယ် ဆိုတာ အမှန်ပဲ ၊ အဲဒါကို ဘာနဲ့ သက်သေ ပြမလဲလို့ မေးရင် တော့ ကိုယ် မဖြေတတ်ဘူး ၊ ဒါပေမယ့် ကိုယ် သိနေတယ် ၊ အဲလို သိအောင် ကိုယ့် ကို အိပ်မက်တွေ က ပြောပြကြတယ် ”

“ မောင် ခုတလော ကျမ်းပြုတဲ့ ကိစ္စ အတွက် သိပ် ပင်ပန်းနေတယ် မဟုတ်လား ၊ ပြီးတော့ အတွေးတွေ ကလည်း များတော့ .. ”

“ ဟင့်အင်း အဲဒီ ကျမ်း ကို ကိုယ် ရပ်ထားတာ ကြာပြီ ။ ဒါဟာ ကျမ်းပြုတဲ့ ကိစ္စ နဲ့ ဘာမှ မဆိုင်ဘူး ၊ ကိုယ် ပြောတာ ကို ယုံပါ ”

သို့သော် မိန်းကလေး က ယုံကြည်ပုံ မရ ။ အတွေးတွေ များလွန်းပြီး စိတ် စွဲလမ်းမှု လွန်ကဲခြင်း ကြောင့် ဟု ယူဆလျက် ၊ ဆရာဝန် တစ်ယောက် ယောက် နှင့် ဆွေးနွေးရန် အကြံပြု၏ ။ ဆရာဝန် တစ်ယောက် ယောက် ဟု ဆိုသော်လည်း ၊ မိန်းကလေး ရည်ညွှန်းသော ဆရာဝန် မှာ ဘယ်လို ဆရာဝန်မျိုး ဖြစ်နိုင်သည် ကို သူ တွေးလိုက်မိ သဖြင့် ထောင်းခနဲ ဒေါသ ထွက်သွားရသည် ။

“ ကိုယ် ဘယ် ဆရာဝန် နဲ့ မှ ဆွေးနွေးစရာ မလိုဘူး ၊ ဆွေးနွေးဖို့ လိုတယ် ဆိုရင်လည်း ၊ ကိုယ် နဲ့ ဆွေးနွေးရမယ့် လူ ဟာ ဆရာဝန် မဟုတ်ဘူး ၊ ကိုယ် ရဲ့ ဘဝဟောင်း ကို ပြန် ပြောပြနိုင်မယ့် လူမျိုး ဖြစ်ရမယ် ”

သူ ယတိပြတ် ပြော လိုက်သော အခါမှာ တော့ မိန်းကလေး ဘာမှ မတုံ့ပြန်တော့ဘဲ သက်ပြင်း ကို သာ ဖွဖွ ချ လိုက်လေသည် ။

••••• ••••• •••••

၄ ။

သူ ၏ စိတ်စွဲမှု တို့ က တငွေ့ငွေ့ လောင်မြိုက် နေသည့် ဖွဲမီး ပမာ အချိန်ကြာလေ ၊ အရှိန် ပြင်းလေ ဖြစ်လာတော့၏ ။

သူ ၏ အိပ်မက်များ ကလည်း နှစ်ရက်ခြား သုံးရက်ခြား တစ်ခါ မက်သည့် အဆင့်မှ ညစဉ် ဆိုသလို ဆက်တိုက် မက် လာရုံမျှ မက ဘတ်စ်ကား စီးရင်း မှေးခနဲ အိပ်ငိုက် သွားသည့် အချိန်မျိုး၌ ပင် ထို အိပ်မက်တို့ က သူ့ ထံ သို့ မပျက်မကွက် ရောက်ရှိ လာတတ်မြဲ ဖြစ်သည် ။ အိပ်မက် မက်ချိန် ၌ စိတ်ကြည်နူးရ သော်လည်း ၊ အိပ်မက် မှ လန့်နိုးသည် နှင့် သူ  စိတ်ပျက်ရမြဲ ဖြစ်သည် ။

သူ့ အတွက် အဆိုးဆုံး စိတ်ပျက်ရမှု ကတော့ လူတွေ နှင့် ဆက်ဆံ စကားပြောရခြင်း ဖြစ်သည် ။ သူ လို မင်းမျိုးမင်းနွယ် တစ်ယောက် က သူ ကဲ့သို့ မဟာဆီ မဟာသွေး မဟုတ်သည့် သာမန် လူများ နှင့် တန်းတူရည်တူ ဆက်ဆံ စကား ပြောနေရခြင်း မှာ ဘယ်လိုမှ မလျော်ကန်လှပါ ။

ထို့ကြောင့် နောက်ပိုင်း၌ လူတွေ နှင့် စကား မပြော ဖြစ်အောင် တတ်နိုင်သမျှ သူ ရှောင်တော့၏ ။ သူ ၏ အခန်းကျဉ်းလေး ထဲ မှ အပြင် မထွက်ဘဲ ခိုအောင်း နေလိုက်ခြင်းဖြင့် လူတွေ နှင့် ကင်းဝေးအောင် ကြိုးစားနိုင်ခဲ့သော်လည်း တစ်ပတ်တစ်ခါ စနေနေ့တိုင်း သူ့ ထံသို့ ရောက်လာတတ်သည့် ချစ်သူ မိန်းကလေး ကိုတော့ သူ ရှောင်ဖို့ မလွယ်လှပါ ။ သို့သော် နောက်ပိုင်းမှာ တော့ ထို မိန်းကလေး ကို ပါ ရှောင်နိုင်သည့် နည်းလမ်း အသစ် တစ်ခု ကို သူ ရှာဖွေ တွေ့ ရှိခဲ့သည် ။

ထို နည်းလမ်း ကတော့ မိန်းကလေး ရောက်ရှိ လာတတ်သည့် စနေနေ့တိုင်း ရွှေတိဂုံဘုရား သို့မဟုတ် ဗိုလ်တစ်ထောင်ဘုရား ၌ တစ်နေကုန် သွား နေလိုက်ခြင်း ပင် ဖြစ်သည် ။ ယင်းသို့ အပတ်စဉ် ဘုရား သွားဖြစ်ခဲ့ခြင်းကြောင့် သူ့ ရင်ထဲ မှ တငွေ့ ငွေ့ လောင်မြိုက် နေသည့် စိတ်စွဲမှု ဖွဲမီး ကို ဝုန်းခနဲ တောက်လောင်စေမည့် အဖြစ်အပျက် နှင့် ကြုံတွေ့ခဲ့ရခြင်း လည်း ဖြစ်သည် ။

ထိုနေ့ က မိုးဖွဲဖွဲလေး ရွာနေခဲ့ပြီး ၊ သူ့ ၌ ထီး ပါမလာခဲ့ပါ ။ ထို့ကြောင့် ဘုရားပေါ် ရောက်တော့ လူ ရှင်းရာ တန်ဆောင်း တစ်ခု ၌ သူ မိုးခို နေခဲ့သည် ။ ယင်းအချိန် မှာပင် ထူးဆန်းသော အဖြစ်အပျက် က စတင်ခဲ့ခြင်း ဖြစ်သည် ။ သူ  မိုးခိုနေရာ တန်ဆောင်း ဆီသို့ နယ် မှ သူ့ အမေ ၏ အသက်အရွယ် လောက် ရှိသော ယောဂီဝတ် အမျိုးသမီးကြီး တစ်ဦး မိုးခိုရန် ရောက်ရှိလာခဲ့သည် ။ ထူးဆန်းသည် မှာ တန်ဆောင်း ပေါ် ရောက်သည် နှင့် ထို ယောဂီဝတ် အမျိုးသမီးကြီး က သူ့ အား မျက်တောင် မခတ် စိုက်ကြည့်နေခဲ့ခြင်း ဖြစ်သည် ။ သူ အနည်းငယ် စိတ်ကျဉ်းကြပ် လာ သဖြင့် မျက်နှာ လွှဲရန် ကြိုးစား လိုက်သည် ။ သို့သော် ထိုအချိန် မှာ ပင် အမျိုးသမီးကြီး က သူ့ ထံ သို့ ဦးတည် လျှောက်လှမ်း၍ လာသည် ။

သူ့ နား ရောက်တော့ အမျိုးသမီးကြီး က ထူးဆန်းသော နာမ်စား တစ်ခု ကို သုံး၍ သူ့ အား ခေါ်ဝေါ်လိုက်၏ ။ အမျိုးသမီးကြီး အသုံးပြု လိုက်သည့် နာမ်စား က သားတော် ဟူ၍ဖြစ်သည် ။ သူ အံ့သြစွာ မော့ ကြည့်လိုက်တော့ ၊ သူ့ အား ပြုံးကြည့် နေသော အမျိုးသမီးကြီး က “ မင်း မယ်မယ်ဘုရား ကို မမှတ်မိဖူးလား ” ဟု မေးလေသည် ။

သားတော် - ပြီးတော့ မယ်မယ်ဘုရား သူ ကြက်သီးများ ဖျန်းခနဲ ထလျက် ၊ ယောင်ရမ်းစွာ ထိုင်ရာ မှ ထရပ်ရင်း ခေါင်း ခါယမ်း ပြလိုက် မိသည် ။

“ မင်း ဟာ ဟိုး ရှေးဘဝ တုန်းက မယ်မယ်ဘုရား နဲ့ သားအမိ တော်စပ်ခဲ့ဖူးတယ် ၊ မင်း ကို မယ်မယ် လိုက်ရှာ နေခဲ့တာ ခုဆို နှစ်ပေါင်း တစ်ထောင် နီးပါး ရှိပြီ သားတော်ရဲ့ ”

အမျိုးသမီးကြီး ၏ အသံ က အံ့ဩဖွယ် ကောင်း လောက်အောင် နူးညံ့ညင်သာ လှ သလို ၊ အမျိုးသမီးကြီး ၏ စကား ကလည်း စိတ်ဝင်စားဖွယ် ကောင်းလှပါသည် ။

သေချာတယ် ၊ ဒါဟာ သူ့ အတိတ်ဘဝ ရဲ့ သဲလွန်စ တစ်ခု မဟုတ်ဘူး လို့ ဘယ်သူ ငြင်းနိုင်မလဲ ။

“ ကျွန်တော် ဟာ တစ်ချိန်တုန်း က အိမ်ရှေ့မင်းသား ဖြစ်ခဲ့ဖူးတယ် ”

စကားသံ တို့ က သူ့ နှုတ်ဖျား မှ အလိုအလျောက် ထွက်ကျသွား၏ ။

“ သားတော် - မှတ်မိသားပဲ ”

“ ဟင့်အင်း ”

သူ ငြင်းလိုက်သည် ။

“ ကျွန်တော် မမှတ်မိဘူး ၊ ဆိုလိုတာ က ကျွန်တော် ဟာ ဘယ်သူ ရဲ့ သား လဲ ၊ ကျွန်တော့် ရဲ့ နာမည် က ဘာလဲ မမှတ်မိဘူး ”

“ မင်း ဟာ မယ်မယ်ဘုရား ရဲ့ သား ပေါ့ ၊ အလောင်းစည်သူမင်း နဲ့ ရတနာပုံ လို့ခေါ်တဲ့ မယ်မယ်ဘုရား ရဲ့ သား ၊ မင်း ရဲ့ ဘွဲ့ က မင်းရှင်စော ”

“ မင်းရှင်စော ”

“ ဟုတ်တယ် ”

မြတ်စွာဘုရား ၊ လက်စသ,တ်တော့ သူ ဟာ အလောင်းစည်သူမင်း ရဲ့ သားတော် အိမ်ရှေ့ ဥပရာဇာမင်းသား မင်းရှင်စော ဖြစ်နေပါ ပေါ့လား ။

“ မင်း မှာ မင်းစောစံ ဆိုတဲ့ ညီ တစ်ယောက် ရှိသေးတယ် ၊ သူ က အခု တောင်ကြီးမြို့ မှာ လူ အဖြစ် ပြန်ဝင်စားတယ် ၊ မင်း နဲ့ တွေ့ပြီး မယ်မယ် သူ့ ဆီ ကို သွားရဦးမယ် ”

“ ဟို - ကျွန်တော့် အဖေ ”

“ ခမည်းတော် ”

အမျိုးသမီးကြီး က သူ့ စကား ကို ပြင်ပေး၏ ။

“ ဟုတ်ကဲ့ - ကျွန်တော် ရဲ့ ခမည်းတော် က ကော အခုဘယ်မှာလဲ ”

“ သူ ကတော့ ရသေ့ အဖြစ် နဲ့ ကေလာသတောင် မှာ မွေ့ပျော် နေ တယ် ၊ ဒါပေမယ့် သိပ် မကြာခင် သူ မယ်မယ်တို့ ဆီ ရောက်လာမှာပါ ”

“ ဒီကိုလား ”

“ မဟုတ်ဘူး ၊ သားတော် ကိုယ်တိုင် တည်ခဲ့တဲ့ မန္တ လေးမြို့ က ရွှေကျီးမြင် ဆိုတဲ့ ဘုရား ကို ရောက်လာမှာ ။ ဒီနေ့ က စပြီး ၊ ခြောက်လတိတိ ပြည့်တဲ့ နေ့ မှာ မယ်မယ် တို့ မိသားစု တစ်စု အဲဒီ ဘုရား မှာ ပြန်ဆုံကြမယ် ။ နောက် ပွင့်မယ့် ( အရိမေတ္တယျ ) မြတ်စွာဘုရား ကို ဖူးနိုင်ဖို့ မယ်မယ်တို့ သမထဘာဝနာ ကို ပွားများကြရမယ် ၊ သာသနာပြု လုပ်ငန်းတွေ လုပ်ကြရမယ် ။ သမ္မာသင်္ကပ္ပ ဖြစ်အောင် ကြိုးစား ကြရမယ် ”

နောက် ခြောက်လ ဟူသော အချိန်ကာလ က သူ့ အတွက် စိတ်ပျက်ဖွယ် ရှည်လျား လှပါသည် ။

“ အခု ဆုံ လို့ မရနိုင်ဘူးလား ”

“ မယ်မယ် တောင်ကြီးမြို့ ကို သွားပြီး မင်း ရဲ့ ညီတော် နဲ့ တွေ့ ရဦးမယ် ”

“ ကျွန်တော် လိုက်လို့ မရဘူးလား ”

သူ စိတ်အား ထက်သန်စွာ မေးလိုက်၏ ။ သို့သော် သူ ၏ မယ်တော် ဟူသော အမျိုးသမီး က ခေါင်း ကို ညင်သာစွာ ခါယမ်း ငြင်းဆန် လိုက်သည် ။

“ သားတော် မှာ အခု လောလောဆယ် အဓိသီလသိက္ခာ မပြည့်စုံ သေးဘူး ၊ အဲဒီတော့ အဓိသီလ ဖြစ်အောင် ဒီ ခြောက်လ အတွင်း မှာ ဒုစရိုက်ဆယ်ပါး ကို ရှောင်ကျဉ်ပါ ။ နောက်ပြီး ဘဝဟောင်း ကို လည်း သားတော် ပြည့်ပြည့်စုံစုံ မမှတ်မိသေးဘူး ၊ ဒါကြောင့် ခုချိန်က စပြီး ဘဝဟောင်း ကို မြင်အောင် ရှုရမယ် ။ နေ့စဉ် ညဆက် ရှုရမယ် ၊ ဘဝဟောင်း ကို သေသေချာချာ မှတ်မိပြီ ဆိုမှ မယ်မယ်တို့ ပြန် ဆုံလို့ ရမယ် ။ ခြောက်လ ဆိုတာ နှစ်ပေါင်း တစ်ထောင် လောက် နဲ့ ယှဉ် လိုက်ရင် ဘာမှ မကြာပါဘူး သားတော် ”

ခြောက်လ တဲ့ ၊ သူ့ ရဲ့ ဘဝဟောင်း ကို ပြန် ရောက်ဖို့ ခြောက်လ တိတိ သူ ကြိုးစားရမှာပါလား ၊ သူ တွေးတော နေစဉ်မှာပင် ခပ်ဖွဲဖွဲ ရွာသွန်း နေသော မိုး က တိခနဲ ရပ်ဆိုင်းသွား၏ ။

“ ကဲ - မယ်မယ် သွားဦးမယ် ၊ ဘဝဟောင်း ကို ပြန် မြင်အောင် ဒီ ခြောက်လ အတွင်းမှာ သားတော် ကြိုးစားပါ ။ ဖြစ်နိုင်ရင် ဘဝဟောင်း နဲ့ နီးစပ်နိုင် သမျှ နီးစပ်အောင် သားတော် ကျင့်ကြံ နေထိုင်ပါ ”

ထို့နောက် သူ တစ်စုံတစ်ရာ မတားဆီးနိုင်ခင် မှာ ပင် ဘဝဟောင်း မှ သူ ၏ မယ်တော် က သူ ရှေ့မှ ညင်သာစွာ ထွက်ခွာသွား  လေတော့သည် ။

••••• ••••• •••••

၅ ။

သူ ၏ မိခင်ဟောင်း နှင့် ပြန်လည်တွေ့ ဆုံခဲ့ခြင်း က သူ့ အတွက် အံ့သြ ဝမ်းသာဖွယ် တိုက်ဆိုင်မှု ဖြစ်သလို ၊ ဤ ဝတ္ထု အတွက် ဇာတ်ရှိန် မြင့်မားမှု လည်း ဖြစ်သည် ။ ထို ဇာတ်ရှိန် ကြောင့် နောက် ခြောက်လ အကြာ ၌ သူ တို့ မိသားစု လေးယောက် ပြန်လည် တွေ့ဆုံ ကြပါ့မလား ဟု စိတ်တထင့်ထင့် နှင့် ပူပန်ဖွယ် ရှိသော်လည်း ကျွန်တော်တို့ စိုးရိမ် သလို မဟုတ်ဘဲ အမှန်တကယ် ကို ပြန်လည် ဆုံခဲ့ကြပါသည် ။ သို့သော် မိသားစု လေးယောက် စလုံး ပြန် တွေ့ ခြင်း မဟုတ်ပါ ။ သူ နှင့် သူ ၏ မယ်တော် နှစ်ဦး တည်း သာ ပြန်လည် တွေ့ဆုံ ကြခြင်းဖြစ်သည် ။

( အနည်းငယ် အံ့သြဖွယ် ကောင်းသည် မှာ ထိုသို့ တွေ့ဆုံခဲ့ကြောင်း ကို နောင်အခါ သူ  ပြန်လည် မမှတ်မိတော့ခြင်း ဖြစ်သည် ။ သူ နှင့် သူ ၏ မယ်တော် တွေ့ ဆုံခဲ့ပုံ မှာ အောက်ပါ အတိုင်းဖြစ်၏ ။ )

သူ ၏ မိခင်ဟောင်း နှင့် တွေ့ ဆုံခဲ့ပြီး ခြောက်လ တိတိ ကြာသော နေ့ ၌ သူ ၏ သူ ငယ်ချင်း နှစ်ယောက် နှင့် သူ ၏ ချစ်သူ မိန်းကလေး က သူ့ အား အငှားကား တစ်စီးဖြင့် တစ်နေရာ သို့ ခေါ်ဆောင် သွားခဲ့၏ ။ ( ထို နေရာ သည် စိတ်ရောဂါကု ဆေးရုံ တစ်ခု ဖြစ်ကြောင်း သူ  မမှတ်မိတော့ပါ ။ )

ဆေးရုံ သို့ အရောက် တစ်လ တစ်ခါ လျှပ်စစ်နှိပ်ကုထုံး နှင့် ဆေးကုသမှု ခံယူ နေရသော အညိုရောင် ဝတ်စုံ ဝတ်ဆင် ထားသည့် အမျိုးသမီးကြီး တစ်ဦး နှင့် ဆုံစည်းခဲ့၏ ။ ( ထို အမျိုးသမီးကြီး သည် မိဖုရား သေလို့ ဝင်စားတာ ဟု စိတ်စွဲ နေသည့် ယဉ်ယဉ်လေး နှင့် ရူးနေသူ ဖြစ်ကြောင်း ။ သူ ၏ ဘဝဟောင်း မှ မယ်တော် ဟု ပြောခဲ့ဖူးသည့် အမျိုးသမီးကြီး ဖြစ်ကြောင်း သူ  မမှတ်မိတော့ပါ ။ )

ထိုအချိန် က သူ မှတ်မိနေတာ ဟူ၍ တစ်ခုတည်း သာရှိ၏ ။ ယင်းမှာ တစ်ချိန်တုန်းက သူ သည် အိမ်ရှေ့ ဥပရာဇာမင်းသား တစ်ပါး ဖြစ်ခဲ့ဖူးသည် ဟူသော အချက်ပင် ဖြစ်သည် ။

▢ နေနော်

📖 နှောင်ကြိုး တစ်မျှင်

.

 

No comments:

Post a Comment