Friday, November 1, 2024

ဟန်ကြီးသူ


 

❝ ဟန်ကြီးသူ ❞ 
( မာန် - တောင်လုံးပြန် )

ပြောရရင် ကျွန်တော့် ဆရာကတော် ဟာ အတော့် ကို ဟန်ကြီးတဲ့ မိန်းမမျိုးဗျ ။ ဘယ်လောက် တောင် ဟန်ကြီးသလဲ ဆိုရင် မိချောင်း ကို သရဖူဆောင်း ပေးထား သလိုပဲ ၊ ဒါပေမဲ့ ဆရာကတော် ဖြစ်နေပြန် တော့ ကျွန်တော် လည်း ဆရာ့ နည်းတူ သည်းခံရတာ ပဲလေ ။ သူ ဟန် ကြီးပုံကြီးနည်း က သူများ ကတော်တွေ ထက် အကဲ ပိုလွန်းတာတွေ ကိုတော့ ကျွန်တော် ခံပြင်း မိတယ် ။ မနေ့က ဆိုရင်ပဲ ...

ဒီလိုဗျ ...

မနက် လေးနာရီခွဲကြီး ခရမ်း ကနေ ရန်ကုန် ပြန်ဖို့ အမိန့်တော် ချမှတ်လေတော့ အလှူရှင်တွေ ကို တောင်းပန်ပြီး ဆရာ နဲ့ ကျွန်တော် အိပ်ချင်မူးတူး နဲ့ ခရမ်း ကားဂိတ် ကို ထွက် လာကြရပါရော ။ သူ့ အမိန့် တော် က ဘယ် အချိန်မှာ မှတ်တယ် ထင်သလဲ ။ ညကြီး သန်းခေါင်ယံ တိတိမှာ မှတ်တော် မူတာ ခင်ဗျ ။ အကြောင်းပြချက် ကတော့ အိမ် ကို စိတ်မချဘူး ။ ညာဘက် မျက်ခုံးတွေ အပြင်း လှုပ် သတဲ့ ။ ဒါနဲ့ပဲ ကျွန်တော့် မှာ မောရတော့တာပေါ့ ။ ကန်တော့ပါရဲ့ ၊ ပြောရင်း နဲ့ ခံပြင်းလွန်း လို့ တောက် ခေါက်ပါရစေဦး ။

တောက် ... အဲဒီနေ့ ကျမှ ရွာလိုက်တဲ့ မိုးဟာ သမုဒ္ဒရာကြီး ခေါင်းပေါ် ရောက်နေသလား မှတ်ရ တယ် ။ လူ နှစ်ယောက် အထုပ်အပိုး က သုံးထုပ် ၊ ခွေးခြင်း က တစ်ခြင်း ၊ ခွေးစားခွက် ၊ သောက်ခွက် ၊ ကိရိယာ တန်ဆာပလာ က တစ်ဆွဲ ၊ အဲဒါတွေ နဲ့ မိုးထဲ ရေထဲ မှာ ကျွန်တော် ဖြစ်နေပုံများ မြင်ကြည့်ပါဦး ။ မယ်မင်းကြီးမ ကတော့ မရမက ရှာ ငှား လိုက်တဲ့ ဆိုက်ကား ပေါ် မှာ အကြော့သား ။ ကျွန်တော့် ဆရာ လည်း ဆိုက်ကား လိုက် စီး ရင် သူ့ မယား ရေတင် မှာ ကြောက်လို့ ကျွန်တော် နဲ့ အတူ ခရောင်းလမ်း ကို ဖြတ်ကျော်ရပါတော့မယ် ။ ကုန်းကြောင်း ချီတက် ကြရတာပေါ့ ။ အလှူရှင် အိမ် နဲ့ ကားဂိတ် က သိပ်တော့ မဝေးပါဘူး ။ မဝေးပါဘူး ဆိုတာ တောရွာ အမြင် ပေါ့လေ ။ မြို့လှပိုင်း အောက် ချိုင့် ထဲ ကနေ မီးရထားလမ်းဟောင်း ကို တက် ၊ ပြီးတော့ ၆ ရပ်ကွက်လမ်း ကို ဆင်း ၊ ခလုတ်ကံသင်း ၊ ချိုင့် ၊ ရွှံ့ ဗွက် ၊ ကျင်း ၊ ရေအိုင်တွေ နဲ့ ထင်ရာစိုင်း နေတဲ့ ၆ ရပ်ကွက်လမ်းမ ဟာ ခရမ်း မှာတော့ ပျိုတိုင်း ရှောင်တဲ့ မိုးရှောင်လမ်း လို့ အလှူရှင်အိမ် မှာ ပြောသံ ကြားခဲ့ရပါ တယ် ။ ကျွန်တော့် မှာတော့ ဘယ် ရှောင်လို့ ဖြစ်မှာလဲ ။ စောစောက ပြောသလို အထုပ်အပိုး ဝန်စည်စလယ် မျိုးစုံရယ် ၊ ထီးတစ်ချောင်း ၊ ဖိနပ်တစ်ရန် ကိုင်လာတဲ့ ဆရာ ရယ် ၊ မနက် လေးနာရီ မိုးသက်မုန်တိုင်း အောက် မှာ မိနစ် နှစ်ဆယ် နီးပါး ချီတက်ခဲ့ရပါတော့တယ် ။ အဲဒီလို ဘာကြောင့် ချီတက်ရသလဲ သိလား .. ။

ကားပေါ်ရောက်တော့ အဖြေ ပေါ်တော့တာပဲဗျာ ။

ကားကြီး ကတော့ အဲယားကွန်း မဖွင့်တဲ့ မှန်လုံ ကားကြီး မို့ အတော့်ကို သက်သောင့်သက်သာ ရှိလှပါ တယ် ။ ပစ္စည်းထုပ်တွေ နေရာချ ။ ခွေးကို ရေသုတ် ပေး ၊ ဆရာကတော် ရင်ခွင် ထဲကို အပ် ၊ မ.ထ.သ ရုံးခန်း အကွယ်လေး မှာ ရေစိုအဝတ်တွေ လဲပြီး ကားပေါ်ပြန် တက်လာတော့ ကျွန်တော့် ရင်ထဲ အောင့်ခနဲ ဖြစ်သွား ရတယ် ။ ဆရာကတော် ဘာလုပ် နေတယ် ထင်လဲ ။ သူ ဝတ်လာတဲ့ မိုးကာအင်္ကျီလေး ကို ချွတ် ၊ အထဲ က အနီရောင် ပါးပါးအင်္ကျီလေး နဲ့ ဆရာ့ ကို မှီပြီး ခေါင်းမူးလို့ ရှူဆေး ရှူ နေတယ် ။ ကျွန်တော် သိ လိုက်ပြီ ။ လက်စသ,တ်တော့ ဒီ အင်္ကျီနီနီလေး ကို ဝတ်ချင်လို့ အပိုင်တော် ကြံတာကိုး ။ ကျွန်တော် တက်လာတာ မြင်တော့ မျက်လုံးလေး ထောင့် ကပ်ပြီး အင်္ကျီကော်လံ ကို ခါရင်း အိုက်စပ်စပ် နဲ့ နော် လို့ ညည်းရှာတယ် ။ ဒီ အင်္ကျီနီနီပါးပါးလေး ကို သူ ဝတ်ချင် နေတာ ကြာပြီ ။ မြို့ မှာ ကျတော့ ဆရာ့ ရဲ့ အရှိန်အဝါ ဂုဏ်သိက္ခာ အရ ဝတ်ဖို့ မသင့် လျော်ဘူး ။ ဆရာ က အသက် ကိုးနှစ်ကျော် ကြီးတာ က တစ်ကြောင်း ၊ ရုံးပြင်ကနား သွားတဲ့ အခါ လည်ကတုံး နဲ့ တိုက်ပုံနဲ့ သွားနေ လာနေ ရတာ တစ်ကြောင်း ၊ သာရေးနာရေး လူမှုရေး ကိစ္စတွေ မှာ လူကြီးခန်း က ဆင်နွှဲ နေရတာက တစ်ကြောင်း ဆိုတော့ ဒီ အင်္ကျီနီနီလေး ဟာ လက်ဆောင် ပေးလေသူ ရဲ့ စေတနာ ကို မသုံးဆောင်နိုင် ဘဲ ဖြစ်နေတာကိုး ။

မယ်မင်းကြီးမ က ဒီလို အကွက် ဆိုက်အောင် လုပ်ရရင် သိပ်ပိရပါတယ် ။

“ အိုက်လိုက်တာနော် ”

အဲသလို ထပ်ပြောပြီး အင်္ကျီကော်လံ ကို ထပ် ခါ ပြန်ရော ။ ကားကြီး က မှန်တွေ အကုန် ချထားတာ ဆို တော့ အိုက်စပ်စပ် ဖြစ်နေပါတယ် ။ ဒါပေမဲ့ အင်္ကျီနီနီ ပါးပါးလေးကို ခဏခဏ ခါပြ နေလောက်အောင် တော့ မအိုက်လှဘူး ။

ဆရာကတော် ရဲ့ ရုပ်ရည် ဟာ မသိတဲ့ လူတွေ အဖို့ တကယ့်ကို ဆွေကြီးမျိုးကြီး လို့ ထင်ချင်စရာ အထက်တန်းစား ရုပ်ရည်မျိုးပါ ။ နှာတံ က ပေါ်ပေါ် မျက်နှာ သွယ်သွယ် ၊ မျက်ခုံးတန်း က ထင်း နေတော့ ဖြူဖြူလတ်လတ် ကိုယ်ဟန်သွယ်သွယ်လေး နဲ့ အတော့်ကို ကြည့် ကောင်းပါတယ် ။ အသက် ကလည်း နှစ်ဆယ့်လေး ကိုး ။ ငယ်ဂုဏ် ရှိတာပေါ့ ။ ခက်တာက သူ့ ဘဝ အမှန်ဟာ ဆွေကြီးမျိုးကြီး မဟုတ်ခဲ့တဲ့အချက် ပဲ ။ ကျွန်တော့် ဆရာ တာဝန် ကျတဲ့ ရိုးမတော တွင်း တစ်နေရာ က မထင်မရှား တဲစုလေး ထဲမှာ အဖျား တက်ပြီး သတိ လစ်မတတ် ဖြစ်နေတဲ့ ဘဝ ကနေ အခုလို ကောက်ကာငင်ကာ ဆရာကတော် ဖြစ်လာရတာပါ ။ ဘယ် နေတတ်မလဲ ခင်ဗျာ ။ အရာရှိကတော် ဆိုတာမျိုး ဟာ အင်မတန် အံဝင်ခွင်ကျ ဖို့ ခက်တာမို့လား ။ မျိုးရိုး အစဉ်အဆက် အရဖြစ်စေ ၊ အသိုင်းအဝိုင်း နီးစပ်လို့ ဖြစ်စေ ၊ ပညာဂုဏ် ကြွယ်ဝလို့ ဖြစ်စေ အရာရှိ ကတော် ဖြစ်လာကြသူတွေ အဖို့ သိပ် မခက်လှပါဘူး ။

ဒါပေမဲ့ ဆရာ က တော့ သူ့ မိန်းမ ကို တော်တော် ချစ်ရှာပါတယ် ။ ချစ်လွန်း လို့ မိခိုင် ဆိုတဲ့ နာမည် အစား “ မိမိခိုင်ကျော် ” လို့ ကင်ပွန်းတပ်ခဲ့တယ် ။ ကျွန် တော် တို့ ဆရာ့ ကို ဆရာကျော် လို့ ခေါ် ကြတာလေ ။ ဒီလို နာမည်တွေ ဘာတွေ ပြောင်းတာ သိပ် မပြောလိုပါ ဘူး ။ ဆရာ က အလိုလိုက်လွန်း ချစ်လွန်း တော့ မယ်မင်းကြီးမ က သူ့ စိတ် ထဲ ထင်တာမြင်တာတွေ ရမ်းသန်း လုပ်နေတာ ကို ကျွန်တော် မကြိုက်တာပါ ။ ခရမ်း က ပြန်လာတဲ့ ဇာတ်လမ်း ကို ဆက်ပြောပါဦးမယ် ။

ကားကြီး က လေးနာရီခွဲ မှာ စ ထွက်ပါတယ် ။

သူတို့ နှစ်ယောက် က အလယ်တံခါး ကို တက်တက်ချင်း ကပ်လျက် ထိုင်ခုံမှာ ထိုင်ပါတယ် ။ ကျွန်တော် နဲ့ ခွေးစုတ်က သူတို့ နောက်ခုံမှာ ထိုင်ပါတယ် ။ ခွေးစုတ်လို့ ကျွန်တော် ခေါ်ရတာ အကြောင်း ရှိလို့ပါ ။ ရိုးမတော ထဲ က ကောက် လာခဲ့တာကိုး ။ မြန်မာခွေးဗျ ။ အဲဒါကို ခြင်းတောင်း နဲ့ အင်္ကျီလက်ပြတ် နဲ့ ဘာနဲ့ ကျကျနန လုပ်ပြီး သွားလေရာ ခေါ်ရတယ် ။ သူ့ ကျွေး ပြီးမှ ကျွန်တော် စားရတယ် ။ လူကို ခွေးဖြစ်တယ် ဆို တာမျိုးပေါ့ ။ အဲဒီလို မိုးထဲ ရေထဲ ရောက်ပြီ ဆိုရင် ကျွန်တော့် ဆရာ ဟာ သိပ်ကို ဆရာ ပီသပါတယ် ။ ကား မထွက်ခင် ကတည်း က ဟောက်သံ ပေးပြီး မှိန်း နေတော့ တာပဲဗျို့ ။ ဒါကတော့ သူ့ အဋ္ဌာရသ ပဲ ။

ဆရာကတော် အဖို့ စကား ပြောဖို့ ကျွန်တော် နဲ့ ခွေးပဲရှိတော့တယ် ။ ဒါပေမဲ့ သူ က ကျွန်တော့် ကို စကား မပြောဘူး ။ ကျွန်တော် တို့ ထိုင်နေတာ အပေါက်ဝ က တက်တက်ချင်း ထိုင်ခုံတွေ ဆိုတော့ တက်လာသမျှ ခရီးသည်တွေ ဟာ ကျွန်တော်တို့ ကို ကြည့်ကြ မြင်ကြ ပါတယ် ။ ကြည့်မိ မြင်မိပြီးရင် အထူးအဆန်း လို ထပ် ကြည့်ကြ ပြန်ပါတယ် ။ မနက် စောစောစီးစီး မိုးနဲ့ လေနဲ့ ကြားမှာ ဒီ လူတွေ ၊ ခွေးတွေ ဘယ် သွားကြမလဲပေါ့ လေ ။ ပြီးတော့ လူစီးတဲ့ ထိုင်ခုံမှာ ခွေးအတွက် နေရာ ပေးထားတာ ဆိုတော့ သိပ် မကြည်ချင်ကြတော့ဘူး ။ တက်လာသူတွေ က ဈေးသည်တွေ ချည်းပဲ ။ တောင်း တွေ ပလုံးတွေ ဆွဲခြင်းတွေ ၊ လုံချည် နဲ့ ပတ်ထားတဲ့ ကန်စွန်းရွက်တွေ ၊ ဘဲဥ တာတွေ တောင်းတွေနဲ့ ဝရုန်း သုန်းကားပဲဗျို့ ။ ကားစပယ်ယာ ကတော့ သူ့ ဖောက်သည်တွေကို ပိုက်ဆံ တောင်း နေပါတယ် ။ လူထိုင်ခုံ မှာ ခွေးထိုင် နေပေမယ့် ဘာမှ မပြောပါဘူး ။ ကားခ လာ တောင်းတော့ ကျွန်တော် က ခွေးအောက် မှာ ပုဆိုးစုတ် တစ်ထည် ခင်းပြ ပေးထား ပြီးသားပါ ။ ကားခ ကောက် တော့ ထိုင်ခုံလေးခုံစာ တစ်ထောင့်ခြောက်ရာ ကျပြီး ကျွန်တော် အားကြိုးမာန်တက် သယ်ပိုးခဲ့တဲ့ ဝန်စည် စလယ်ခ က ရှစ်ရာ ကျပါတယ် ။ ကျွန်တော် သယ်ပိုး လာတဲ့ အချိန်မှာ စပယ်ယာ ရော ကားဂိတ် က လူတွေပါ အံ့သြ နေကြတယ်ဗျ ။ ကျွန်တော် လည်း တောသား အစွမ်း ပြခဲ့ရသေးတာကိုး ။

ဆရာ့ ဆီ က ဟောက်သံ ထွက်လာပြီး သိပ် မကြာခင် မှာ ပဲ ဆရာကတော် က သူ့ခွေးကို စကား စ ပြောပါတယ် ။

“ နက်လုံးနော် .. နင်နော် ... ဒါ ကိုယ့် အိမ် များ မှတ် နေသလား ။ တစ်စက်ကလေး မှ ငြိမ်ငြိမ် မနေဘူး ဟွန်း ။ ငါ့ ကို စိတ်ရှုပ်အောင် မလုပ်နဲ့နော် ။ ပြောမရရင် ခေါက်မှာ ”

အဲဒီ စကား ကို ကြားတော့ ဆရာ ရဲ့ ဟောက်သံ ဟာ ပိုပြီး ပြင်းလာပါတယ် ။ ပထမတော့ သံမှန် နဲ့ ခူး ခရို့ ဟောက်နေရာ မှ အွန်းခနဲ တစ်ချက် တွန့်ပြီး သံစုံ ဟောက် ပါလေရော ။ အဓိပ္ပာယ် ကတော့ မင်းတို့ ကိစ္စ မင်းတို့ ရှင်းကြပေါ့ဗျ ။ ဘေးနား တစ်ဝိုက်က လူတွေက တော့ အံ့ဩ သထက် အံ့သြ ကုန်ကြပါရော ။ ခွေးက တော့ ဘယ် ငြိမ်ပါ့မလဲ ။ ထိုင်ခုံတွေ က ငြိမ့်နေတာကိုး ။ ကားကြီး က တအိအိ နဲ့ ရုန်းလေလေ ခွေးဖင် မငြိမ်လေ ဘဲ ။ ထိုင်ခုံ ထိုင်ဖူးတဲ့ ခွေးမှ မဟုတ်ဘဲကိုး ။ ရိုးမခွေး ဆိုတာ ထိုင်ခုံငြိမ့်တာတွေ ဘာတွေ စီးနိုင်ပါ့မလား ။ လူထိုင်ခုံ မှာ တက် ထိုင်ချင်တဲ့ ခွေးဆိုတော့ ဒီလိုပဲ ခံပေါ့ ။ ကားကြီး က ရုန်းလေလေ ခွေးက အီလေ လုပ်ပါရော ။ ဆရာကတော် က  ခေါက်လိုက် ၊ ဆရာ က ဟောက် လိုက် ၊ ခွေးက အီလိုက် နဲ့ သိပ်ကို ပွဲကျလှပါတော့ တယ် ။

“ နင့် ကို အဲဒါကြောင့် မခေါ်ချင်တာ ။ ကိုယ့် ကား နဲ့ ကိုယ် မှ လိုက်ချင်တဲ့ကောင် ဟွန်း ”

သူ က အဲဒီလို ပြောပြီး ကျွန်တော့် ကို ဆတ်ခနဲ လှမ်း ကြည့်ပါတယ် ။ တိတ်တိတ် နေ ဘာမှ ဝင်မစွက်ဖက် နဲ့ ဆိုတဲ့ အကြည့်ဗျ ။ မချော က ကြွားတော့မှာ ကိုး ။

“ ကော်ဖီ လည်း ကုန်အောင် မသောက်ဘူး ။ နင် တော့လေ အိမ် ကျမှ ဟွန်း... ”

လုပ်ပြီ ၊ လုပ်လာပြီ ။

ကားတွေ ၊ ကော်ဖီတွေ ပါ လာပြီ ။ ဟုတ်တာ လည်း မဟုတ်ဘဲနဲ့ ။

ဆရာ့ အနေနဲ့ ကိုယ်ပိုင်ကား မဆိုထားနဲ့ ဌာနဆိုင်ရာ ကား စီးရဖို့ တောင် နောက်ထပ် နှစ်ဆင့် လောက် လို သေးတယ် ။ ကော်ဖီ ဆိုတာတော့ ရုံးပြင်ကနား ကိစ္စမျိုး မှာ သောက်ရပါတယ် ။ အိမ် မှာ တော့ ပဲပြုတ် နဲ့ ထမင်းကြမ်း က လက်တွေ့ ပဲလေ ။

“ ကော်ဇောတွေ လည်း အကုန်လုံး ညစ်ပတ် ကုန်ပြီ ။ နင့် ထိုက်နဲ့ နင့်ကံပဲ ”

ဟုတ်တာပေါ့ ။ ဘုရားစင် ရှေ့က နှစ်ပေပတ်လည် ကော်ဇောလေး ဟာ သုံးနှစ် အတွင်း မှာ ထောင်းထောင်းကြေခဲ့ပြီ ။

“ ကိုကို ... ထ ... ထ .. ခဏ ထပါဦးဆို ”

ကြည့် ။ သူ့ ခွေးနဲ့ပြောလို့ ဝတော့ ဆရာ့ ကို မရ မက နှိုးပါတော့တယ် ။ ဆရာ ခမျာလည်း အင်းအင်းအဲအဲ နဲ့ ထပါတယ် ။ သူ က လူသွားလမ်းဘက် က စီးနေ ရာ က နေ နေရာချင်း လဲကြတာပါ ။ ဆရာ က ထိုင်ခုံ နေရာ လဲရင်း ကျွန်တော့် ကို ...

“ ဘယ်လိုလဲကွ မောင်ဇော် ” လို့ တစ်ခွန်း မေး ပါတယ် ။ ပြီးတော့ သူ့ ဟာ သူ ပြန် မှိန်းဖို့ လုပ်နေတုန်း ..

“ နေဦးလေ ။ ကိုကိုနော် ... အိပ်ဖို့ချည်း လုပ် မနေနဲ့ဦး ။ ရော့ ... နဖာချေးကလော်ဦး ... စောစောစီးစီး မညစ်ပတ်နဲ့ ”

အဲဒါ ပြောတာပေါ့ ။ ဟန်ကြီးတယ် ဆိုတာ ။

ဒီလောက် မိုးထဲလေထဲ ကား နဲ့ လူ နဲ့ ဝရုန်းသုန်းကား ဖြစ်နေတဲ့ ကား ထဲ မှာ နဖာကလော် ခိုင်းရတယ် လို့ဗျာ ။

“ ရော့ ... မောင်ဇော် လည်း သန့်ရှင်းလိုက်ဦး ”

အင်း .... ကျွန်တော် လည်း မလွတ်ဘူး ။ သူ ကမ်း ပေးတဲ့ ကော်ချောင်း နဖာကလော်တံ ဂွမ်းစလေး ကို လှမ်း ယူလိုက်ရပါတယ် ။ စိတ် ထဲ က ဆန့်ကျင်ရဲ ပေမဲ့ ဆရာ ကိုယ်တိုင် လိုက်နာ နေမှတော့ ကျွန်တော် လည်း လိုက်နာရတာပေါ့ ။ သူ့ ကို ဘယ်လို စာပေကျမ်းဂန်တွေ က များ ကားပေါ် မှာ နဖာကလော် ခိုင်း လိုက်ပါလိမ့် ဗျာ ။ ဘေးနား က လူတွေက တော့ ပြုံးစိစိတွေ ဖြစ်နေ ကြပြီ ။ ကျွန်တော့် မှာ အလွန် သတိထားပြီး နဖာကလော် နေရပါတယ် ။ အရေးထဲ မှ ခွေးစုတ်က မုန့်ပေးတယ် မှတ်ပြီး နဖာကလော်တံ ကို လိုက် နမ်းနေသေးတယ် ။

အဲဒီ နားသန့်ရှင်းရေး လုပ်ငန်းကြီး ပြီးစီးခါနီး မှာ ကော်ဖီဘူး ရော လို့ ဆရာကတော် ရဲ့ မေးသံ ထွက် လာပါတယ် ။ ကျွန်တော် အတော့်ကို စိတ်ပျက်မိပါ တယ် ။ ပစ္စည်းထုပ်တွေ ခြင်းတွေ က သူ့ ဟာ နဲ့ သူ နေရာ ကျအောင် လုပ်ထားပြီးပြီ လို့ ပြန် ဖြေပေး လိုက်ပါတယ် ။

“ ခြင်း ထဲ မှာလေ ။ ဟိုး အောက်ဆုံး ရောက်နေတယ် ”

ကျွန်တော့် ဖြေသံကို ကြားတော့ ဆရာကတော် တစ်ယောက် ဘဝင် မကျရှာဘူး ။ ကျွန်တော့် ကို ဘာမှ မပြောပေမယ့် ဆရာ့ ကို ဆူပါလေရော ။

“ အဲ့ ကိုကို သိပ်ခက်တာပဲ ။ မိ ပြောတာကို အမြဲ မေ့တယ် ... ဟွန်း ”

အဲဒီလို ပြောပြီး ကိုယ်လုံးလေး ကို ခပ်စွေစွေ လှည့်သွားတယ် ဆိုရင်ပဲ ဆရာ့ သက်ပြင်း ကို ကြားရပါ တော့တယ် ။ ဆရာ ဖင်တကြွကြွ ဖြစ်လာပါတော့ တယ် ။ ဒါပေမဲ့ တကယ် ထရသူ က ကျွန်တော် ပါ ။ အထုပ်တွေ ၊ ခြင်းတောင်းတွေ ၊ ဘဲဥတာတွေ ၊ ကန်စွန်းရွက်စည်းတွေ ကြားထဲ ကနေ ဓာတ်ဘူး ကို မရမက ဆွဲ ထုတ် ။ အလှူအိမ် က ဖျော်ပေး လိုက်တဲ့ စူပါကော်ဖီမစ် ကို ငှဲ့ပြီး ဆရာကတော် ကို ဆက်ရတယ် ။ မရွှေချော က သူ မြင်ဖူးတွေ့ဖူး ထားတဲ့ အတိုင်း ကော်ဖီခွက်လေး ကို မထိတထိ ခပ်ဖွဖွကိုင် လေအေးအေးလေး နဲ့ ဆင်မ ယဉ်သာ မှုတ်ရင်း ဟန်ကြီး နေလေတော့ ဆရာ့ ခမျာ လည်း သူ့ မယားအလှ အပေါ် ကော်ဖီခွက် မှောက်မကျ ရလေအောင် ကားကြီး ယိမ်းတဲ့ အတိုင်း ကိုယ်ဟန် ယိမ်းရင်း နံဘေး က ထိန်းပေးရှာပါတော့တယ် ။

ဆယ့်ငါးမိနစ် လောက် ကြိုးစား ရုန်းပြီးချိန် မှာ ကော်ဖီသောက်ခြင်း ပြီးဆုံးပါတော့တယ် ။ ခက်တယ် ...

ဆရာကတော် ကြောင့် ခက်တယ်ဗျာ ။ အကြောင်း မသိရင်တော့ တစ်မျိုး ပေါ့လေ ။ ကော်ဖီ ကိစ္စ ပြီးသွား ပြန်တော့ ဆရာ မအိပ်ခင် မရွှေချော က တစ်စခန်း ထပြန်ပရော ။

“ ဟော ... ဖုန်းဆက်ဖို့ သတိမရဘူး ။ ကြည့်စမ်း ... ကိုကို ဆက်လိုက်ပါနော် ။ အိမ် ကို စိတ်မချဘူး ”

“ ဒီ ... ဒီနေရာက ဟန်းဖုန်း မမိလောက်ဘူး မိ ရဲ့ ။ ရှေ့နားကျမှ ခေါ်ပါလား ”

“ ကိုကို နဲ့ အဲဒါကြောင့် ခက်တာ ။ ပေး ... မောင်ဇော် ဟန်းဖုန်း ထုတ်စမ်း ။ အိမ် ကို ခေါ်ရမယ် ”

မတတ်နိုင်ဘူးလေ ။ ပလပ်စတစ်အိတ်တွေ နဲ့ အထပ်ထပ် ထုပ်ထားတဲ့ ကာလ ပေါက်ဈေး သိန်း အစိတ် ကျော် နေတဲ့ ဟန်းဖုန်း ကို ရင်ဘတ် ထဲ က နေ ထုတ်ပေး လိုက်ရပါ တော့တယ် ။ ဆရာ က ဟန်းဖုန်း ရှိပေမယ့် ကျွန်တော့် ကိုပဲ ပေးကိုင်တာ များပါတယ် ။ တော်ရုံတန်ရုံ ကိစ္စ ဆိုရင် ကျွန်တော် သာ ကြည့်ပြော လိုက်ဖို့ မှာထား ပြီးသားပါ ။ မရွှေချော က အခါပေါင်း များစွာ လေ့ကျင့်ထားတဲ့ ဟန်ပန် နဲ့ ဖုန်းနံပါတ် နှိပ်ပြီး ခေါ် ပါတော့တယ် ။ သူ ခေါ်တဲ့ ဖုန်းနံပါတ် ဟာ ကျွန်တော်တို့ လိုင်းခန်း နဲ့ အတော်လေး ဝေးတဲ့ အိမ် က ဖုန်း နံပါတ် ဖြစ်မှာပါ ။ ဒီအချိန်မှာ ဘယ် ခေါ်ပေးပါ့မလဲ ။ မိုးနဲ့ လေနဲ့ ။ စောစောစီးစီးကြီး ဖြစ်နေတာကိုး ။ အဲဒီ လျှပ်တစ်ပြက် အချိန်လေး အတွင်း မှာ ပဲ ဆရာ့ ထံ က ပုံမှန် ကြားနေကျ ဟောက်သံကြီး စတင် ထွက်ပေါ် လာပါ တော့တယ် ။ မရွှေချော က တော့ ...

“ ဟဲလို .. ဟဲလို .. ဟွန်း ... လိုင်းတွေ က လည်း ခက်လိုက်တာ ။ ဒီထက် မြင့်တဲ့ အင်တာနက်ဖုန်း ဝယ်ဦး မှ ဖြစ်မယ် ။ နောက်ဆိုရင် ... ”

•••••   •••••   •••••

ရုတ်တရက် ရှေ့တည့်တည့် မှာ ပက်ပင်းတိုး မိတဲ့ ဦးလေးကြီး ကြောင့် ကျွန်တော် လန့်ပြီး အော်တော့ မလို့ ။ ဦးလေးကြီး က ကျွန်တော် လန့်သွားတာ ကို ခါး ထောက်ပြီး တဟားဟား နဲ့ ရယ်ပါတောတယ် ။

“ ဘယ့်နှယ်တုန်းကွ မောင်ဇော် ... ဟေ ... မင်း ကောင်းစား နေတယ်ဆို ။ ရွာ ကို တောင် မလာ တော့ပါလားကွ ”

“ အလုပ် မအားလို့ပါ ဗျာ ”

“ ဟေ့ ... ဒါထက် မင်း ကောင်မ မိခိုင် ရော ။ မင်းတို့ မယူဖြစ်ကြဘူးလား ”

“ ပေါက်ပေါက်ရှာရှာ ဗျာ ။ ဆရာကတော် ဖြစ်နေပြီဗျ ။ ဖယ်ဗျာ ... သွားမယ် ”

ကျွန်တော့် စိတ်ထဲ ဘာဖြစ် သွားလဲ မသိဘူး ။ ဦးလေးကြီး ရှေ့က မထွက်ခင် ခါးကြား ထဲ က ဆရာ့ ဟန်းဖုန်း ကို ထုတ်ပြီး ဟိုလိုလို ဒီလိုလို နဲ့ ဟယ်လို လို့ အသံ ပေးရင်း ထွက်လာခဲ့ မိတော့တယ် ။ ဦးလေးကြီး က နောက် ကနေ အော်ကျယ်ဟစ်ကျယ် လှမ်း မေးနေ တာတွေ ကျွန်တော် မကြားမိတော့ဘူး ။ ဘာလိုလို နဲ့ ကျွန်တော် ရယ် ၊ မိခိုင် ရယ် ၊ နက်လုံး ရယ် ရွာ က ထွက်ခဲ့ တာ ကြာလှပြီကော ။ ဒါပေမဲ့ ရွာ က လူတွေ နဲ့ ကျွန်တော် မတွေ့ချင်ဘူး ။ ဘာကြောင့်မှန်းလဲ မသိဘူး ။

⎕ မာန် ( တောင်လုံးပြန် )

📖 မဟေသီ မဂ္ဂဇင်း
      အောက်တိုဘာလ ၊ ၂၀၁၀

.

No comments:

Post a Comment