❝ ညနေစာ အလှည့်လေး ❞
( မောင်ကိုယု )
( ၁ )
ည လူစုံချိန် ကျလျှင် ရွှေဘိုဆောင် ရှိ လှဝေ ၏ အခန်း မှာ လူစည်လေ့ ရှိသည် ။
လှဝေ သည် အများစိတ်ဝင်စားသည့် ကိစ္စ ကို ဋီကာချဲ့ ၍ ပြောတတ်သည် ။
သူ နှင့် အေမီ တို့ ညနေတိုင်း ရတနာဆောင် ဧည့်ခန်း တွင်လည်းကောင်း ၊ အင်းလျားကန်ဘေး တွင် လည်းကောင်း ၊ ပြောခဲ့ဆိုခဲ့ကြပုံများ ကို ပြန်လည် ဖောက်သည်ချ သောအခါများတွင် ပိုမို၍ ပွဲကျတတ်ပေသည် ။
“ မိန်းကလေးများ ဟာ ခက်တယ်ကွ ၊ သူတို့ သဘော ကို သိမှ ၊ နို့မို့ရင် အကျပ်သား ၊ ရယ်စရာလည်း တော်တော်ကောင်းတဲ့ ကလေးမတွေ ”
ယနေ့ည အဖို့လည်း လှဝေ က ဤကဲ့သို့ဖြင့် မိန်းမသဘော ကို စတင် လက်ချာရိုက်လိုက်၏ ။
စားပွဲ ပေါ်တွင် ထိုင် သူ ထိုင် ၊ ကုတင် ပေါ်တွင် စုပြုံ၍ လှဲသူများ က လှဲဖြင့် လှဝေ ၏ မိန်းမတရား ကို ကျောင်းသား တစ်စု စိတ်ဝင်စား နေကြပေသည် ။
“ အေမီ က သူ့ ကို ဆေးကျောင်း က ကောင်တစ်ကောင် က တကောက် ကောက် လိုက်နေတဲ့အကြောင်း ကို ပြောတယ်ကွ ၊ အမှန်က ငါ့ ကို စမ်းတာပဲ ။ တကယ်လို့များ ငါ က ... အိုကွာ ဒါကတော့ ယောက်ျားလေး ဓမ္မတာ ပဲ ၊ ပိုးပါစေ ၊ ကိုယ် မချစ် ပြီးတာပဲ လို့ သာ သွား ပြောလိုက်ရင် သူကျေနပ်မှာ မဟုတ်ဘူး ၊ အဲဒီတော့ ငါ က ဘာ ပြောလိုက်ရတယ် မှတ်သလဲ ၊ ဒီကောင့်နာမည် ဘယ်သူလဲ ၊ ဘယ်မှာ နေသလဲ နဲ့ ပေါ့ကွာ ၊ စိတ်ဆိုးပြီး အခုပဲ ထထိုးတော့မယ့် အမူအရာ ပြရတယ် ၊ ဒီတော့မှ သူ က ... ”
“ ဘာလုပ်ဦးမလို့လဲ ၊ ဘာတွေညာတွေ သွား လုပ်မနေပါနဲဦး ၊ မီ က လက်မခံရင် ပြီးတာပဲ ။ အလကား ရန်ရှာမနေပါနဲ့ ။ ဒီကောင်များ အရေးလုပ်လို့ ဆိုပြီး စိတ်ပူနေလိုက်တာကွာ ၊ ဟားဟား ”
“ မင်း က ကော တကယ် သွားထိုးမလို့လား ”
ကျောင်းသား တစ်ယောက်က ကြားဖြတ်၍ မေးလိုက်၏ ။
“ ဝေးပါသေးရဲ့ … ကိုယ့်လူရာ ၊ အနာ ခံလို့ အချစ်အတွက် အသက်စွန့် ရအောင် ဒီ ခေတ်ဟာ ရိုမီယို ၊ ဂျူးလီးယက် ခေတ်မှ မဟုတ်တော့ဘဲ ၊ သူ လည်း ပိုးပိုင်ခွင့် ရှိတာပဲ ၊ သူ ကြိုက် သူ ယူပါစေပေါ့ ။ အမှန်က ကလေးမ ကြိုက်အောင် လိုက်ပြောရတာ ”
“ ဒါဖြင့် ခင်ဗျား နည်းနည်းမှ မနာလို မဖြစ်ဘူးလား ”
ကုတင် ပေါ် က ကျောင်းသား တစ်ယောက် ၏ အမေး ကို လှဝေ သည် ပြုံး၍ နားထောင်ပြီး...
“ ဟ .. ဘာဖြစ်လို့ မနာလို ဖြစ်ရမှာတုန်းကွ ၊ တကယ်လို့ သူ က ကိုယ့် ကို စွန့်သွားပြီ တဲ့ ။ ပို ကောင်းတာပေါ့ ။ ကိုယ် က ကိုယ့် ကို ကြောရရုံ ကြံတဲ့ မိန်းမတွေကို လိုက်ရှာနေတာ ။ ဒါမှ နောက် တစ်ယောက်ပြောင်းပြီး ချစ်ရမယ် နာမည်ပျက်လည်း သက်သာတယ်မဟုတ်လား ”
တစ်ခန်းလုံး သူ့ အဖြေကို သဘောကျ သွားကြလေသည် ။
“ ဒါပေမယ့် ကိုယ့်လူတို့ ရေ ၊ မနာလိုကြောင်း တော့ များများ ပြပေး ၊ ဒါမှ ဣတ္ထိယများ က ပီတိ ဖြစ်တာ ”
“ ပြီးတော့ ဒီနေ့ ညနေအကြောင်း ပြောပြရဦးမယ် ၊ မြို့တုန်းက ကိုယ် နဲ့ ရိသဲ့သဲ့ဖြစ်ခဲ့တဲ့ ကောင်မလေး တစ်ယောက် ရဲ့ ဓာတ်ပုံ ကို ယူသွားတယ် ၊ နည်းနည်း မခံချင်အောင် သွား စ တာပါပဲ ၊ အဲဒီ ဓာတ်ပုံ ကို သူ က ဆုတ်ပစ်ရမယ်တဲ့ ။ ကိုယ် ကလည်း ‘ မလုပ်ပါနဲ့ကွာ ၊ သူ အမြတ်တနိုး ပေးထားတဲ့ဥစ္စာ ၊ ကိုယ် နဲ့ လည်း ကင်း ကင်းရှင်းရှင်းပါ ’ လို့ပြောတာ မရဘူး ။ မျက်ရည်တွေဝဲ လို့ ခင်ဗျ ၊ ကိုယ် ကလည်း အကြံနဲ့ ဆိုတော့ ‘ ကဲ ... ဆုတ်ပစ်ရင် လက်ကလေး နမ်းခွင့် ပြုမလား ’ လို့ မေး လိုက်တယ် ၊ သူ က ‘ ဆုတ်ပစ်ရင် နမ်းခွင့်ပြုမယ် ’ တဲ့ ။ ကိုယ် ဒါနဲ့ ဆုတ်ပစ်လိုက် တယ် ”
“ ခင်ဗျား က လည်း ဗျာ ၊ လက် မှ နမ်းချင်ရသလား ၊ သူတို့ လက် က သန့် ချင် မှသန့်မှာဗျ ”
ကိုလှဝေ သည် ရယ်လိုက်သေး၏ ။
“ အဲဒါ ရဲဘော် မပါးနပ်တာကို ပြတာ ၊ လက် နမ်းလို့ ဘာမှ အရသာ မရှိမှန်း သိတာပေါ့ဗျ ၊ လက်က စပြီး ယဉ်သွင်းတာ ခေါ်တယ် ၊ ယဉ်ပါးအောင် လုပ်တာ ဗျ ။ နောက်တော့ ပါး ရောက်တာပေါ့ ”
အားလုံးက လှဝေ ၏ ယဉ်ပါးအောင် လုပ်နည်း ကို သဘောကျ သွားကြသည် ။
“ ပါး ကို နမ်း တော့ မငြင်းဘူးလားဗျ ”
တစ်ယောက် က ကောက်၍ မေးလိုက်သော အခါ လှဝေ သည် စစ်ကွက် ပိုင်သော စစ်ဗိုလ်ကြီး ၏ ဟန်ဖြင့် ...
“ ကိုယ် က လက်ကလေး က နုလိုက်တာ ဆိုပြီး ဆွဲကိုင်ထား ၊ ပြီးတော့ ည က သူ့ ကို အိပ်မက် မက်တဲ့ အကြောင်း ၊ သန်းခေါင် မှာ လန့် နိုးတဲ့အကြောင်း ၊ ဒါနဲ့ ဓာတ်ပုံ ကို ထုတ်ကြည့်ပြီး ချစ်လွန်းလို့ ဓာတ်ပုံ ကို နမ်းမိတဲ့အကြောင်း ပြောရင်း လက်ကို ဆုတ်ဆွဲပြီး ကိုယ် အယိမ်းမှာ ပါး ကို နမ်းလိုက်တာပေါ့ ”
တစ်ခန်းလုံး ဝါးကနဲ ပွဲကျသွား၏ ။
“ အပြင် ကို မထုတ်သေးဘူးလားဗျ ”
ကျောင်းသား တစ်ယောက်က လှမ်း မေးလိုက်သောအခါ ...
“ အခု ဆန်းဒေး မှာ ပစ်ချာသွားဖို့ ချိန်းထားတယ် ”
“ တယ် ဟုတ်ပါလားဗျ ၊ သူ က လိုက်မယ်တဲ့လား ”
“ ပထမတော့ ငြင်းသေးတာပေါ့ ၊ သူ မရဲဘူးတဲ့ ၊ နောက် ကိုယ် က နည်းနည်း စိတ်မကောင်းပုံကလေး ပြလိုက်တော့ ‘ စိတ်ဆိုးလား ၊ မောင်စိတ်ဆိုးတော့ မခံနိုင်ဘူး ၊ လိုက်မယ် ’ တဲ့ ”
“ ဟား ဟား ကိုလှဝေ တို့ကတော့ တကယ့် လူပဲဗျို့ ။ ပရိယာယ် တွေ က ကြွယ်ပါ့ဗျာ ”
“ ရည်စား စွဲအောင် လုပ်နည်း ဆိုပြီး ခင်ဗျား စာအုပ် ထုတ်ဖိုတောင် ကောင်းနေပြီ ”
တစ်ယောက် က အကြံပေးလိုက်သောအခါ ...
“ မလုပ်ပါနဲ့ဗျာ ၊ ကိုယ့်အတွက် ကိုယ့် အလှည့်တွေ သူတို့ သိသွားပြီး နောက် မစားသာဘဲ နေပါဦးမယ် ”
ဤသို့ဖြင့် ကိုလှဝေ ၏ အေမီ့ အပေါ် အလှည့်ကလေးများသည် ရွှေဘိုဆောင် ၌ ပွဲတောင်းသော ဇာတ်လမ်းကလေး ဖြစ်နေတတ်ပေသည် ။
( ၂ )
ထိုအချိန်ပင် ရတနာဆောင်အခန်း တစ်ခန်း ၌ အေမီ သည် တခြား ကျောင်းသူတစ်ဦး အား သူတို့ ဖောက်သည် ချ လျက်ရှိ၏ ။
“ ကိုယ့် မောင်တော် က ကိုယ့်လက် ကို နမ်းတယ် ဆရာ ”
နွဲ့ သည် အေမီ ကို ကြည့်၍ နှာခေါင်း ရှုံ့လိုက်၏ ။
“ သူတို့မို့ မရွံမရှာတယ် ၊ ညည်း လက် က သန့်လွန်းလို့ ”
အေမီ သည် နွဲ့ ၏ အမူအယာ ကို ကြည့်၍ တခစ်ခစ် ရယ်လိုက်၏ ။
“ ကိုယ့် လက် ကိုယ် တောင် ရွံတယ် ၊ ဒါပေမယ့် ကိုယ်တော်ချော က နမ်း ချင်လှချည်ရဲ့ ဆိုတာနဲ့ ကိုယ်လည်း အားနာပြီး ဘယ်လက် ကို ထိုးပေးလိုက်တယ် ၊ အဟိ ။ လက်ကလေးများ တယုတယ ကိုင်လို့ ဒါကြောင့် ယောက်ျားများ ရူးတယ်လို့ ပြောတာပေါ့နော် ”
“ ကဲ .. ဆိုစမ်းပါဦး ၊ လက်နမ်းရုံပဲလား ၊ ပါး ကော မနမ်းဘူးလား ”
နွဲ့ က အိပ်ရာ ပေါ် တစောင်းလှဲရင်း မေးလိုက်လေ၏ ။
အေမီ သည် ပခုံး ကို တွန့်ပြလိုက်ရင်း ...
“ ရွှေကိုယ်တော် က ဘယ်နေမလဲ ၊ သူ ပါး နမ်းချင်နေမှန်း ကိုယ် လည်း သိသားပဲ ၊ ကိုယ် က လည်း နည်းနည်းတော့ အနမ်း ခံချင်နေတာပဲ ၊ ဖိုးချော က မသိမသာပေါ့လေ ။ အလစ် ဆွဲပြီး ကိုယ့် ကို နမ်းလိုက်တယ် ။ ကိုယ် ကလည်း သိရက် သား နဲ့ မသိသလို လုပ်ပြီး အလစ် မှာ အနမ်း ခံလိုက်ရတဲ့ ပုံမျိုး လုပ်လိုက်ရတာပေါ့ ”
နွဲ့ သည် အေမီ ပြောပုံကို သဘောကျ သွားကာ လှုပ်ရှား လာပြီး ...
“ ဘယ်လို နေလဲဟေ့ ”
“ ကိုယ် တော့ ဘယ်လိုမှ မနေပါဘူးကွာ ၊ နည်းနည်း ဖိန်းတိန်းတိန်း ဖြစ်ရုံလောက်ပါပဲ ၊ သူ့ မှာတော့ အမလေး ဧရာမ အရသာကြီး ထင်ပါရဲ့ကွယ် ၊ တော် တော် သဘောကျ သွားပုံပဲ ။ ဒီ လူ့ကို နည်းနည်း ရယ်ချင်တာ ရှိတယ် ၊ သိလား ”
“ ဆိုစမ်းပါဦး အစ်မ ရဲ့ ”
“ ကိုယ် ကကွာ ကျီစားတဲ့သဘော နဲ့ ဆေးကျောင်း က ငနဲ တစ်ကောင် က ကိုယ့် ကို တကောက်ကောက် လိုက်နေတဲ့ အကြောင်း ပြောလိုက်မိတာ တကထဲ ဆင်ကြီး မုန်ယိုတာ ကျနေတာပဲ ၊ ရှူးရှူးရှဲရှဲ နဲ့ ။ ကိုယ် က ဘာတွေညာတွေ သွား မလုပ်ပါနဲ့လို့ စိတ်ပူတဲ့ အမူအရာ နဲ့ တားလိုက်ရတယ် ”
“ နင့်ကောင် က အရူးပဲ ၊ ဒီလို ယောက်ျားမျိုးတွေ ပေါ့ ၊ မိန်းမ အတွက်နဲ့ လူသ,တ်တယ်ဆိုတာ ”
“ အို ... ရူးပုံကတော့ မပြောနဲ့တော့ ၊ သူ့ အဆက်ဟောင်းတစ်ယောက် ရဲ့ ဓာတ်ပုံ ကို ညနေ က လာ ပြတယ်သိလား ၊ အမှန်က ကိုယ် က သဝန်တိုရမယ် ပေါ့လေ ၊ သူလိုချင်တာက ဒါပါပဲ ၊ ဒါနဲ့ ကိုယ် ကလည်း သဝန်တို ပြလိုက်ရတာပေါ့ ။ ဓာတ်ပုံ ကို ဆုတ်ပစ်ရမယ် ဆိုပြီး မျက်ရည်ကလေး ဝဲ ပြလိုက်တော့ ငနဲသား က ကိုယ့် လက် ကို နမ်းရရင် ဆုတ်ပစ်မယ်တဲ့ ၊ ကိုယ် က ခေါင်းညိတ် လိုက်တော့ တစ်ခါ တည်း ဆုတ်ပစ်လိုက်တယ် ၊ နှမြောလိုက်တာဟယ် ၊ ကောင်မလေး က လှတယ် ဆရာရေ့ ”
နွဲ့ သည် အေမီ ကို မဲ့ပြလိုက်ပြီး ...
“ တတ်လည်း တတ်နိုင်တဲ့ ကောင်မ ”
အေမီ သည် နွဲ့ ကို လှမ်းဖက်လိုက်ရင်း ...
“ ဒီလိုမှလည်း ညနေခင်းကလေးတွေ ဟာ အပျင်းပြေစရာ ဖြစ်နေမှာ ပေါ့ ။ ကိုယ့် ကောင်က ကိုယ့် အတွက်တော့ ပျော်တော်ဆက်ကလေးပဲ ၊ နွဲ့ လည်း အမဲတစ်ကောင် လောက် ညနေစာ အတွက် ရှာပါလားဟင် ”
“ မရှာချင်ပါဘူးအေ ၊ ညည်းဘာသာ ညည်း ပါး အနမ်းခံပြီး ပျော်ပါ ”
“ အောင်မာ ဘာဖြစ်သလဲ ၊ ပဲ့သွားတာမှ မဟုတ်ဘဲ ၊ အခု တနင်္ဂနွေ ရုပ်ရှင်ကြည့်ရဦးမယ် ၊ ဘယ်လောက် ဟန်ကျလဲ ”
“ အေးပါ ၊ တော်ကြာတော့သာ ကျော မှာ ဖုတ်တွေ ပေပြီး အဆောင် ကို ပြန်နေရဦးမယ် ”
အေမီ သည် ခေါင်း ကို မော့် ၍ ခပ်သော့သော့ကလေး ရယ်လိုက်၏ ။
“ ပါးလောက်ပဲ သူ ရမှာပေါ့ကွ ၊ ကိုယ် က သူ့ ကို တကယ် နှစ်နှစ်ကာကာ ချစ်တာ မဟုတ်ဘဲ ၊ အပျင်းပြေကလေး သဘောထား နေတာ ၊ သူ့ ခမျာတော့ အဟုတ် ကြီး မှတ်ပြီး စွဲနေတာ ”
“ ညည်း က ဘာတွေ လှည့်ထားလဲမှ မသိဘဲ ”
အေမီ က တခစ်ခစ် ရယ်လိုက်ရင်း ...
“ နည်းနည်းတော့ ထွင်ရတာပေါ့အေ ၊ ညညကျရင် သူ့ ကို သတိရပြီး အိပ် မပျော်ဘူး ဆိုတဲ့ အကြောင်း ၊ သူ့ဓာတ်ပုံ ကို နံရံ ဘေးမှာ ထောင်ပြီး တဝကြီး ကြည့်လိုက်ရမှ အိပ်ပျော်တယ် ဆိုတဲ့ အကြောင်းပေါ့ကွာ ”
“ တတ်လည်း တတ်နိုင်တယ် ၊ ညည်း လား အိပ်မပျော်တာ ၊ ဆင်အော် လို့ တောင် မနိုးဘူး ၊ ဘယ်မှာလဲ သူ့ ဓာတ်ပုံ ၊ တစ်ခါမှ ထုတ် ကြည့်တာ ကိုယ် မတွေ့ ပါဘူး ”
“ နွဲ့ ကလည်း ကွာ ဒီလိုပဲပြောရတာပေါ့ ၊ သူ က လည်း အိပ်မက်တွေ မက် သတဲ့ ။ အမလေး ဘာတွေလဲ မသိဘူး ၊ ဘုရား ဘုရား ”
အေမီ မှာ ကျောချမ်းဟန် ပြလိုက်ရာ နွဲ့ က အေမီ့ ကျောကို ထုရင်း ရယ်နေရသည် ။
“ တစ်ခါတစ်ခါ ကိုယ့် ဝမ်းထဲမှာလည်း ရယ်ချင်တယ် သိလား ၊ မနည်း အောင့် နေရတယ် ၊ ကိုယ် က သာ သူ့ ကို မုန်းသွားရင် သူ့ အသည်း ကွဲမှာပဲတဲ့ ၊ ဟီဟိ ၊ ပြီးတော့ ပြောသေးတယ် ဆရာ ၊ သူ့ကို မကြိုက်တာ ရှိရင် ပြောပါတဲ့ ။ သူ ပြုပြင် ပါ့မယ်တဲ့ ၊ ကိုယ် က အားနာပါးနာ နဲ့ မကြိုက်တာ ပြောရအောင် ရှာကြည့်ပါတယ် ”
“ ဘာတွေ့လဲ ”
“ ကြိုက်တာမှ မရှိဘဲ ၊ မကြိုက်တာ ဘယ် ရှာတွေ့ပါ့မလဲ ၊ ဒါနဲ့ ကိုယ် က လုပ်ပြောလိုက်ရတယ် ၊ မြို့ထဲ သိပ်ထွက်တာ မကြိုက်ဘူးလို့ ။ သူ က သူ စာမေးပွဲ အောင်အောင် ကြိုးစားပါ့မယ် တဲ့ ၊ အဲဒါ ကိုယ့် အတွက်ပဲ တဲ့ ၊ ဟာ ဟ ၊ သူ သာ စာမေးပွဲအောင်ရင် ကိုယ် ကုသိုလ် ရဦးတော့မှာပဲ ”
နွဲ့ သည် အေမီ ၏ စကားဆုံးလျှင် ဆုံးချင်း တစ်ချက်မျှ သမ်းဝေ လိုက်ပြီး လျှင် ..
“ အိပ်မယ် အိပ်မယ်ကွယ် ၊ မနက် အတန်း တက်ရဦးမယ် ၊ ဒီ အချစ်ရူး တွေအကြောင်း နားထောင်ရတာနဲ့ မိုးတောင် ချုပ်သွားပြီ ”
အေမီ သည် သူ့ ကုတင် ဘက်သို့ ကူးသွားလေသည် ။
နွဲ့ က မီးပိတ်ကာနီး လှမ်း၍ ပြောလိုက်သေး၏ ။
“ မနက်ဖြန် ညနေ ညည်းမောင်တော် လာရင် ညကျ ခေါက်ဆွဲထုပ် ဝယ် ခဲ့ဖို့ မှာလိုက်စမ်းဟေ့ ကြားလား ၊ နှစ်ထုပ် နှစ်ထုပ် ၊ သွားကြားထိုးတံ လည်း ပါပစေ ”
အေမီ သည် “ အင်း ” ဟု တစ်လုံးသာ ပြော၍ ငြိမ်သက် သွားလေသည် ။
▢ မောင်ကိုယု
📖 ငွေတာရီ မဂ္ဂဇင်း
အမှတ် ၁၆
၁၉၆၁ ခု ၊ အောက်တိုဘာလ
.
No comments:
Post a Comment