Monday, November 4, 2024

မောင်ကြီးနန္ဒာ


 

❝ မောင်ကြီးနန္ဒာ ❞
( တက္ကသိုလ်နန္ဒမိတ် )

( ၁ )

အချိန်ကား သီပေါဘုရင် ကို အင်္ဂလိပ်တို့ ဖမ်းယူသွားပြီးနောက် ရခိုင်ပြည် ၊ သံတွဲနယ် ဘက်တွင် ဘုန်းကြီးဗိုလ် ၊ ဇော်ဂျီဗိုလ် ၊ ကျောက်စိမ်း ဗိုလ် ၊ မျက်ကန်းဗိုလ် တို့၏ ထကြွပုန်ကန်မှုများ တစ်ခုပြီး တစ်ခု ငြိမ်းအေးစ ပြုသော အခါ ဖြစ်လေသည် ။

မြင်းနှစ်ကောင် ကသော ဒေါက်ကပ်ကြီးတစ်စီးသည် တစ်ဖက် တစ်ချက်တွင် အဟောင်းပင်ကြီးများ ၊ ကညင်ပင်ကြီးများ စီတန်းပေါက် ရောက်လျက်ရှိသော မြေနီလမ်းကွယ်ကလေးပေါ်၌ တောင်ဘက်သို့ ဦးတည်ကာ တငြိမ့်ငြိမ့်လှိမ့်လျက်ရှိသည် ။

မြင်းခွာသံနှင့်အတူ ပေါ်ထွက်လာသော လှည်းဘီးကြိတ်သံတို့ သည် တောင်ဘက်အရပ်ဆီမှ မုတ်သုံလေဦးတွင် မြူးထူးလိုက်ပါလာ ကြသော လှိုင်းသံများကို ဖြိုခွင်းနေသည်ဟု ထင်ရ၏ ။ ဒေါက်ကပ် နောက်ဘက်တန်း ထိုင်ခုံပေါ်တွင်ကား အသက်ငါးဆယ်ခန့် လူကြီး တစ်ယောက်နှင့် အသက်သုံးဆယ်အတွင်းရှိ လူရွယ်တစ်ဦးသည် စကား တပြောပြောနှင့် ရထားယူဆောင်ရာသို့ လိုက်ပါလာကြ၏ ။

“ ကိုနန္ဒာ .. ဒီနေ့တော့ ကျုပ်တို့ ဓားကစားဖို့ အချိန်ရတော့မယ် မထင်ဘူး ။ ခုတောင် နေအတော်နည်းနေပြီ ”

အသက်ငါးဆယ်ခန့်လူကြီးက သူ့အိတ်ဆောင်နာရီကို ထုတ် ကြည့်ရင်း သူ့အနီးမှ လူရွယ်အား ပြောလိုက်သောကြောင့် ကိုနန္ဒာ ဟု အခေါ်ခံရသူ လူရွယ်က -

“ ဒီနေ့ ဓားမကစားရရင်လည်း ကိစ္စမရှိပါဘူး ဦးရဲ့ ။ ဦး တက်ပေး မယ်ဆိုတဲ့ ဗျူဟစက္ကိပျို့သာ ဒီနေ့ညတက်ရရင် ကျေနပ်ပါပြီ ” ဟု အေး ဆေးစွာ ပြန်ပြောလိုက်သဖြင့် ...

“ ဒါဖြင့် ကောင်းပြီလေ.. ၊ ညရှစ်နာရီလောက်သာ အိမ်ဘက် လာခဲ့ ၊ ခြံဝကနေပြီး ဦးသီဟ ... ဦးသီဟ လို့ ခေါ်လိုက်ရင် ကျုပ်လူတွေ က တံခါးဖွင့်ပေးပါလိမ့်မယ် ... ” ဟု အသက်ငါးဆယ်ခန့်လူကြီးက သဘောတူညီချက်ပေးလိုက်၏ ။

ဦးသီဟ ကား သျှောင်တစောင်းတွင် ခေါင်းပေါင်းကို အုပ်ပေါင်း ပေါင်းလျက် ကျယ်ပြန့်သော မဟာနဖူး ၊ ထူထဲသော မျက်ခုံး ၊ ကော့၍ ထောင်တက်နေသော နှုတ်ခမ်းမွေး ၊ ကြီးမားသော မေးရိုးတို့ကြောင့် ရင့်ကျက်သည့် ဣန္ဒြေကို ဆောင်နေ၏ ။ သည်အထဲတွင် အရပ်ကလည်း ထောင်ထောင်မောင်းမောင်း ၊ ကိုယ်ခန္ဓာကလည်း သန်သန်မာမာပင် ရှိနေ သောကြောင့် အသက်ငါးဆယ်အရွယ်သို့ ရောက်နေလင့်ကစား တစ်ဖက် သား၏ ကြောက်လောက်သည့် အသွင်သဏ္ဌာန် ပေါ်နေလေသည် ။

သူသည် အလုပ်အကိုင်အားဖြင့် ဆန်စပါးအရောင်းအဝယ် ၊ သစ် အရောင်းအဝယ်အလုပ်ကို လုပ်ကိုင်နေသော ကုန်သည်တစ်ဦးပင် ဖြစ် သော်လည်း သူ၏ ဥပဓိ ၊ သူ၏ ဣန္ဒြေ ၊ သူ၏ နေထိုင် ဆက်ဆံပုံတို့ကို ကြည့်၍ သံတွဲနယ်သူနယ်သားများက သူ့အား မြန်မာမှူးမျိုးမတ်နွယ်ထဲမှ ဆင်းသက်ပေါက်ဖွားလာသူ တစ်ဦးဟု ယူဆယုံကြည်နေကြလေသည် ။

ဤသို့ ယုံကြည်ရန်အတွက်လည်း တစ်ဖက်တစ်လမ်းမှ ဖြစ်နိုင် စရာ အကြောင်းအချက်များက ပေါ်ထွက်နေ၏ ။ ဤရခိုင်ပြည် သံတွဲမြို့ နယ်သို့ ဦးသီဟ  ရောက်လာသည့် အချိန်မှာ အထက်မြန်မာပြည် မန္တလေး နေပြည်တော်၌ သီပေါမင်း နန်းတက်စမင်းညီမင်းသား လေးဆယ်ကျော် အသ,တ်ခံရသည့်အချိန်နှင့် မရှေးမနှောင်းပင် ဖြစ်နေလေသည် ။

ကိုနန္ဒာ မှာမူ လွန်ခဲ့သော တစ်လခန့်ကမှ သံတွဲမြို့သို့ ရောက်ရှိလာသော အင်္ဂလိပ်သစ်ကုမ္ပဏီတစ်ခုမှ အဝယ်တော်ကလေးတစ်ဦး  ဖြစ်သည် ။

ဦးသီဟ မှာ မြို့ထဲတွင် အလုပ်ရုံဖွင့်ထားလျက် အမြဲတစေ နေထိုင် သောအခါ၌ကား မြို့နှင့်လေးမိုင်ခန့်ကွာသော ငပလီကမ်းခြေရှိ ငပလီ ရွာငယ်တွင် တိုက်အိမ်ကြီးတစ်လုံးနှင့် အေးအေးလူလူ နေထိုင်သော ကြောင့် သံတွဲနယ်ဘက်သို့ရောက်စ ကိုနန္ဒာ မှာလည်း အရောင်းအဝယ် အဆက်ဆံ မများသေးသည့်အလျောက် ဦးသီဟ ထံတွင် နည်းနာခံရင်း ဦးသီဟ  နေထိုင်သည့် ငပလီရွာတွင်ပင် လာရောက်တည်းခိုနေထိုင် လျက် ရှိလေသည် ။

ရထားသည် ရွာထဲသို့ ဝင်လာခဲ့ပြီးနောက် သပ်ရပ်သော အိမ် ကလေးတစ်အိမ်ရှေ့တွင် ရပ်လိုက်၏ ။ ထိုအိမ်ကား ကိုနန္ဒာ အတွက် အင်္ဂလိပ်သစ်ကုမ္ပဏီက နေရာချပေးထားသော အိမ်ကလေးပင် ဖြစ် လေသည် ။

“ ကဲ ဦးသီဟ ၊ ထမင်းစားပြီးမှပဲ ဗျူဟစက္ကိပျို့တက်ရအောင် လာခဲ့မယ် ”

ကိုနန္ဒာ သည် ရထားပေါ်မှဆင်းရင်း ဦးသီဟ အား ပြောလိုက်၏ ။ ဦးသီဟ သည် ခေါင်းတဆတ်ဆတ်ညိတ်ကာ ထိုနေရာမှ ထွက်ခွာသွား ပြီးနောက် မိုင်ဝက်ခန့်အကွာတွင်ရှိသော နှစ်ထပ်တိုက်ကြီးတစ်ခုရှေ့တွင် ရထားကို ရပ်တန့်လိုက်၏ ။

စိမ်းစိုသောအုန်းပင်များဖြင့် ဝန်းရံလျက်ရှိသော တိုက်ကြီးကား တိုက်ရိုးရိုးနှင့်မတူ ၊ ရှေးအခါက မြို့စားကြီးများ နေထိုင်ခဲ့သည့် ရဲတိုက် ကြီးနှင့်သာ တူနေလေသည် ။ အခန်းတိုင်းမှာပင် ဓာတ်မီးများဖြင့် ထိန် လင်းလျက်ရှိခြင်းအားဖြင့် ဦးသီဟ သည် အဘယ်မျှ ချမ်းသာသူတစ်ဦး ဖြစ်ကြောင်းကို ခန့်မှန်းနိုင်၏ ။

ရထား ရပ်တန့်လိုက်သည်နှင့်တစ်ပြိုင်နက် ခိုင်ခံ့ထူထဲသော ဝင်းခြံတံခါးကြီးပွင့်လာပြီး ခြံဝတွင်စောင့်နေသော လူနှစ်ယောက်သည် ဦးသီဟ အား ဦးခေါင်းညွှတ်၍ အရိုအသေပြုလိုက်ကြ၏ ။

ဦးသီဟ သည် ၂ ထပ်တိုက်ကြီး၏အလယ်တည့်တည့်တွင် ရှိသော လှေကားမှ မိမိအဆောင်ရှိရာအပေါ်ထပ်သို့ တက်ရောက်သွား လေသည် ။ တိုက်အိမ်ကြီး၏ လက်ဝဲဘက်တွင် အဆောင်နှစ်ဆောင်ကို ဆက်သွယ်ဆောက်လုပ်ထားပုံမှာ တစ်မျိုးဆန်းကြယ်သည်ဟု ထင်မှတ် ရ၏ ။ ဦးသီဟ ၏အဆောင်တွင်မူကား စာကြည့်ခန်း ၊ တရားအားထုတ် ခန်း ၊ ရှေးဟောင်းလက်နက်ကိရိယာများ ပြထားသည့်ပြခန်း စသည်ဖြင့် ခမ်းနားသပ်ရပ်လှပေသည် ။

ဤပြခန်းနှင့် စာကြည့်ခန်းတွင် ဦးသီဟ မြတ်နိုးသော စာအုပ်နှင့် လက်နက်များကို တွေ့မြင်နိုင်သော်လည်း တိုက်အိမ်ကြီး၏ လက်ဝဲဘက် အဆောင်နှစ်ဆောင်ထဲရှိ အခြားသော ဦးသီဟ မြတ်နိုးသည့် အရာနှစ်ခု ကိုမူ လူတိုင်းမြင်တွေ့နိုင်ရန် ခဲယဉ်းပေသည် ။

( ၂ )

ညရှစ်နာရီထိုးရန် ဆယ်မိနစ်ခန့်အလိုတွင် ကိုနန္ဒာ သည် အောက် ထပ်ရှိ ဦးသီဟ ၏စာသင်ခန်းသို့ ရောက်လာခဲ့လေသည် ။

ကျောင်းသားကလေးတစ်ယောက်သည် ဆရာကြီးရှေ့မှောက်သို့ ကြောက်ကြောက်နှင့် ရောက်လာရသကဲ့သို့ ကိုနန္ဒာ သည် ဦးသီဟ ကဲ့သို့ ပင် ကုန်သည်တစ်ဦး ဖြစ်လင့်ကစား ဦးသီဟ ၏အရှိန်အဝါကို ရွံ့ ကြောက်နေမိသည် ။ ထိုကြောင့်လည်း ကိုနန္ဒာ ၏အမူအရာမှာ ကျောင်း သားကလေးတစ်ယောက်၏ အမူအရာမျိုး ဖြစ်နေလေသည် ။ သူ၏ လက်တွင်ကား မြန်မာအမတ်ကြီး လက်ဝဲသုန္ဒရ စီရင်ရေးသားသော အလောင်းမင်းတရားကြီးနှင့်တကွ ရှေးမြန်မာမင်းအဆက်ဆက်တို့၏ စစ်ဆင်စစ်ခင်းနည်းအတတ်များကို ဖော်ပြထားသည့် ဗျူဟစက္ကိပျို့ စာအုပ်ကို ကိုင်ထား၏ ။

စာသင်ခန်းတွင် အသုံးအဆောင်များများမရှိ ၊ စားပွဲကြီးတစ်လုံး နှင့် ကု,လားထိုင်လေးငါးလုံးခန့်သာ ရှိလျက် နံရံတစ်ခုပေါ်တွင်ကား ရှေးမြန်မာအဝတ်အစားကို ဝတ်ဆင်လျက် ပူးတွဲရိုက်ကူးထားသော မိန်းမ ပျိုနှစ်ယောက်၏ ဓာတ်ပုံတစ်ခုသာ ရှိလေသည် ။

ကိုနန္ဒာ သည် ရှစ်နာရီထိုးရန် ငါးမိနစ်ခန့်လိုသေးရကား မိမိ၏ စိတ်ကို သက်သာစေလိုသော သဘောဖြင့် ဓာတ်ပုံထဲမှ မိန်းမပျိုနှစ်ဦး ကို အမှတ်မထင် စိုက်၍ ကြည့်နေမိသည် ။

မိန်းမပျိုနှစ်ဦးကား တစ်ယောက်နှင့် တစ်ယောက် ရွေးမရအောင် တူလှသည် ။ မျက်နှာသွယ်ပုံ ၊ နှာတံစင်းပုံ ၊ ပါးစပ်ကလေးများ ပြုံးနေပုံ မှစ၍ ကိုယ်နေကိုယ်ထား အရပ်အနိမ့်အမြင့်ချင်းလည်း တူလှပေသည် ။

ဦးသီဟ တွင် သမီးနှစ်ယောက်ရှိကြောင်းကိုကား ကြားဖူးသလိုလို ရှိခဲ့၏ ။ သို့သော် ဦးသီဟ ကိုယ်တိုင်ကမူကား သူ၏သမီးနှစ်ယောက် အကြောင်းကို တစ်ခါမှ ထုတ်ဖော်ပြောကြားခဲ့ခြင်းမပြု ။ ကိုနန္ဒာ မှာ လွန် ခဲ့သော ဆယ်ရက်လောက်ကမှ ဦးသီဟ ထံတွင် ဓားရေးကို သင်ကြားခဲ့ သူဖြစ်သည် ။ သို့သင်ကြားရာ၌လည်း ဦးသီဟ သည် သူ၏အိမ်နှင့် အတော်ဝေးကွာသော ဥယျာဉ်ထဲတွင် သင်ကြားပေးခဲ့ခြင်းသာ ဖြစ်သော ကြောင့် ဦးသီဟ အိမ်ပေါ်သို့လည်း တစ်ခေါက်မျှ ရောက်ဖူးခဲ့ခြင်းမရှိ ၊ ယနေ့မှပင် ဦးသီဟ က ရှေးမြန်မာတို့၏ စစ်ဆင်စစ်တက်နည်းကို ကျကျ နန သင်ပေးမည်ဟု ပြောသဖြင့် သူ့အိမ်သို့ လာခဲ့ခြင်းဖြစ်သည် ။

ကိုနန္ဒာ သည် များမကြာမီပင်လျှင် အိမ်ကြီးပေါ်မှ အောက်ထပ် သို့ ဆင်းလာသော ခြေသံများကို ကြားရ၏ ။

“ ဪ …. ကိုနန္ဒာ  ၊ ရောက်နှင့်နေမှကို ... ”

ဦးသီဟ က အခန်းတွင်းသို့ ဝင်လာရင်း ဧည့်သည်ကို နှုတ်ဆက် လိုက်၏ ။ သူ၏နောက်နားတွင်ကား ကိုနန္ဒာ ဓာတ်ပုံထဲတွင် မြင်ရသော မိန်းမပျိုနှစ်ယောက် ။

ကိုနန္ဒာ သည် ဦးသီဟ နောက်နားတွင် ကပ်၍လိုက်လာသော မိန်းမပျိုနှစ်ယောက် ကို လှမ်း၍ ကြည့်လိုက်ရာ မိုးသားကင်းစင်သော ကောင်းကင်ပြင်တွင် လမင်းနှစ်စင်း တစ်ပြိုင်နက် ထွန်းလင်းနေသကဲ့သို့ ထင်မှတ်လိုက်ရသည် ။ သူသည် မန္တလေးတွင်နေစဉ်က မင်းမျိုးမင်းနွယ် တို့၏ အဆက်အနွှယ်တို့ကို မြင်ဖူးလှပြီဖြစ်သော်လည်း သူ ယခုမြင်ရ သော မိန်းမပျိုနှစ်ဦးကဲ့သို့ မဟာဆန်သော ရုပ်မျိုးကို မတွေ့ခဲ့ ။

“ ဒါ …. ဦးသမီးနှစ်ယောက်ပဲ ၊ ဟောဒါက မြမျက်ချယ် ၊ ဟောဒါက လှသက်လှယ်  ”

ဦးသီဟ က သူ့သမီးနှစ်ယောက်ကို အင်္ဂလိပ်လူမျိုးဆန်ဆန် ကိုနန္ဒာ နှင့် မိတ်ဆက်ပေးနေပြန်သောကြောင့် ကိုနန္ဒာ မှာ အံ့သြ၍မဆုံး ဖြစ်နေလေသည် ။ အစက သမီးနှစ်ယောက်ရှိကြောင်းကို နားမှ လေစ မဟခဲ့သော ဦးသီဟ သည် ယခုအချိန်တွင် အနောက်တိုင်းသားပင် ဆန် နေပေပြီ ။

“ မျက်ချယ်နဲ့ သက်လှယ်ကို ရတုတွေ သင်ပေးပြီးလို့ ပျို့ကို သင်မလို့ ကြံနေတုန်း ကိုနန္ဒာ ကလည်း ဗျူဟစက္ကိပျို့တက်ချင်တယ်ဆိုတာ နဲ့ သူတို့ပါ တစ်ခါတည်း ရောပြီး ပြရမှာပဲ ... ”

ဦးသီဟ က သူ့သမီးနှစ်ယောက် ခေါ်လာခဲ့သည့် အကြောင်းကို ရှင်းပြပြီး ကုလားထိုင်တစ်လုံးတွင် ဝင်ထိုင်လိုက်၏ ။ ကိုနန္ဒာ နှင့် မျက်ချယ် ၊ သက်လှယ်တို့ ညီအစ်မနှစ်ယောက်ပါ ကု,လားထိုင်အလွတ် အသီးသီးတွင် နေရာယူလိုက်ကြသည် ။

“ ကဲ … စ, ကြစို့ ”

ဦးသီဟ က စာအုပ်ကို ဖွင့်လိုက်ပြီ ။

“ အောင်မြေဒီပါ ၊ ကျွန်းလက်ယာထက် ၊ မင်္ဂလာအခေါင် ၊ ရွှေ အရောင်တိ ၊ ရွှေတောင်လျှံပြေး ၊ မန္တလေးက ၊ ချီကြွေးနုမော် ၊ ဗျာဒိတ်တော် ဖြင့် ၊ ပြည်ကျော်ဌာန ၊ အမရကို ၊ တောက်ပဝင်းဝင်း ၊ အောင်မြေနင်း၍ .. ” ဟူသော ဗျူဟစက္ကိပျို့ ပထမပိုင်းမှ အစပိုဒ်ကို လျှောက်၍ဖတ်နေသော ကြောင့် ကိုနန္ဒာ လည်း မျက်စိအစုံကို စာအုပ်ပေါ်သို့ စိုက်၍ ချထား လိုက်ရလေသည် ။

( ၃ )

အထက်ရှုပ်၍ အောက်ခြေရှင်း နေသော အုန်းတောကြီး၏ အရိပ် အောက်ဝယ် ဦးသီဟ တစ်ယောက်သာ မပါပါက ကျန်ရှိသောသူ သုံးဦး သည် လူသတ္တဝါမှ ဟုတ်ပါလေစဟု ယိုးမှားထင်မှတ်ဖွယ်ရှိသည် ။

အပြာရောင်ပင်လယ်နှင့် ကောင်းကင်ကို နောက်ခံကားချပ်သဖွယ် ထား၍ စိမ်းညို့သော အုန်းတော ၊ ထိုအုန်းတောအလယ်မှ ရွှေဝါရောင် ညီအစ်မနှစ်ဖော် ၊ သူတို့နှစ်ယောက်အနီးတွင်ကား ခံ့ချောချောသော ကိုနန္ဒာ ၊ သူတို့သည် ပျော်ပွဲစား ထွက်လာခဲ့ကြခြင်း ဖြစ်လေသည် ။

“ ကဲ မြမျက်ချယ် ၊ ဟောဒီ စပျစ်သီးကလေး စားလိုက်စမ်းပါ ။ စားလေ လှသက်လှယ် ၊ ဒီတစ်ပတ် သင်္ဘောကြုံတာနဲ့ မောင်ကြီးတို့ ကုမ္ပဏီက ဒီမှာရှိတဲ့ အရာရှိကြီးတွေအတွက် လက်ဆောင်ပေးရင်း မောင်ကြီးဖို့ပါ ထည့်ပို့လိုက်တာ ”

ကိုနန္ဒာ က အထူးစေတနာကောင်းနေလေသည် ။ ဦးသီဟ ကား စပျစ်သီးကို မြုံ့ရင်း အုန်းတောကို ဖြတ်၍ ပင်လယ်ပြင်သို့ ငေးစိုက်နေ လေသည် ။

“ မြမျက်ချယ်  ၊ ခု မောင်ကြီးတို့ ‘ စစ်ပျို ’ ပေါ့နော် ”

ကိုနန္ဒာ က သူသင်ကြားထားသော ဗျူဟစက္ကိပျို့မှ စကားလုံး တစ်လုံးကို ကိုးကား ရည်ညွှန်း၍ ပြောလိုက်၏ ။ ‘ စစ်ပျို ’ ဆိုသည်မှာ စစ်သည်တော်များ နေ့ရက်ကြာညောင်း၍ အစားအစာ ဆွံ့ရှားနေသော အခါ တိုင်းတော်ပြည်တော်မှ စားရေရိက္ခာတို့ သယ်ယူ၍ ကျွေးမွေးခြင်း ပင် ဖြစ်သည် ။

မြမျက်ချယ် က မြလက်စွပ် ဝတ်ထားသော ဘယ်လက်ကလေး ဖြင့် သူ့ပါးစပ်ကလေးကို မလုံ့တလုံပိတ်ကာ တခစ်ခစ် ရယ်လိုက်ပြီး

“ စစ်ပျိုမဟုတ်ပါဘူး မောင်ကြီး နန္ဒာ …. ၊ စစ်ရွှင်ပါ ”

“ စစ်ရွှင် ” ဆိုသည်မှာ အခြားတိုင်းပြည်ကို အောင်မြင်သောအခါ စစ်သည်သူရဲတို့အား ထိုတိုင်းပြည်မှ ထိုက်သင့်သော ပစ္စည်းဥစ္စာတို့ကို ယူခွင့်ပေး၍ ဘုရင်မင်းမြတ်မူကား မိမိလိုရာ ဘဏ္ဍာပစ္စည်းကို မိမိ သဘောအလျောက် ရွေးချယ်ယူနိုင်ခြင်းဖြစ်သည် ။

“ စစ်ရွှင်ဟုတ်လား ၊ စစ်ရွှင်ရအောင် မောင်ကြီးတို့က ဘယ် တိုင်းပြည်မှ တိုက်လည်း မတိုက်ရသေး ၊ နိုင်လည်း မနိုင်သေးဘဲနဲ့ ”

“ တိုက်ရင်နိုင်မယ်လို့ သိနေရတဲ့ တိုင်းပြည်ကိုမှ ဝင်ပြီး မတိုက် သေးတာ စစ်ဘုရင်ညံ့လို့ပေါ့ ”

“ အင်း ... အင်း ... ဟုတ်ပါလိမ့်မယ် ၊ တိုက်ရင် နိုင်မယ်ဆိုရင်တော့ တိုက်မယ့်လူချည်းပဲပေါ့ဗျာ ၊ မဟုတ်ဘူးလား လှသက်လှယ် ”

“ ဟုတ်တယ် ” လှသက်လှယ် က ဝင်ပြောလိုက်၏ ။

“ ဒါပေမဲ့ မောင်ကြီးတို့လို စစ်တိုက်ဖို့ ကြောက်တဲ့ လူဆိုရင်တော့ ဘယ်လိုပဲ တိုက်တိုက် နိုင်မှာ မဟုတ်ဘူး ”

“ အေးဗျာ .. ကြောက်တယ် မကြောက်ဘူးဆိုတာတော့ စစ်မြေ ပြင်ရောက်မှပဲ သိရမှာပေါ့ ။ ကဲ ... လာလာ လှိုင်းစီးထွက်ကြရအောင် ”

ကိုနန္ဒာ က ပြောပြောဆိုဆို လှေရှိရာ ကမ်းစပ်သို့ ထွက်လာသော ကြောင့် မြမျက်ချယ် နှင့် လှသက်လှယ် တို့ ညီအစ်မပါ နောက်က လိုက် လာကြလေသည် ။

“ ကဲ .. လေလည်း အငြိမ်သားပဲ ၊ ဟိုဘက် ကျွန်းဆွယ်ကလေးထိ သွားရအောင် ”

ကိုနန္ဒာ က ပဲ့မှလှော်ရင်း တစ်မိုင်ခန့်ဝေးသော ကျွန်းဆွယ်ကလေး ကို ညွှန်ပြလိုက်၏ ။ မြမျက်ချယ် တို့ ညီအစ်မနှစ်ယောက်က အုန်းတောထဲ တွင် ထိုင်၍ ကျန်ရစ်ခဲ့သော ဦးသီဟ ဆီသို့လှမ်းကြည့်ပြီးနောက် ကိုနန္ဒာ  ၏ အကြံပေးချက်ကို ခေါင်းညိတ်လိုက်ကြ၏ ။

လှေကလေး သည် လှိုင်းခေါင်းဖြူကြီးများပေါ်တွင် တအိအိ ရွေ့ လျားရင်း ကျွန်းဆွယ်ကလေးနှင့် နီးလာလေသည် ။ ကျောက်တန်းများ ပေါ်တွင် ပေါက်နေသော ကျောက်ခက် ကျောက်ပန်းကလေးများမှာ နေရောင်တွင် တောက်ပနေ၏ ။ ကျွန်းဆွယ်ကလေး၏ အခြား အကွေ့ တွင် ပင်လယ်ခိုများ ရစ်ဝဲပျံသန်းနေကြ၏ ။

လှေဦးသည် ဖြူလွလွသဲသောင်ပြင်ပေါ်သို့ မှေးတင်လိုက်၏ ။ ကိုနန္ဒာ သည် လှေဦးပေါ်မှ ကျောက်တုံးကို ကမ်းစပ်ပေါ်သို့ ချထားလိုက် ပြီး မြမျက်ချယ် နှင့် လှသက်လှယ် တို့ ညီအစ်မဘက်သို့ လှမ်းတဲ့ကာ

“ မောင်ကြီးတော့ ဒီဘက်ကျွန်းစွယ်ကလေး ရောက်အလာ ဒဂုန် ကနေ သံလျင်ကူးပြီး မွေ့နွန်းနဲ့ တွေ့ ခဲ့တဲ့ နန္ဒာမင်းသားကို သွားသတိရ မိတယ် ... ” ဟု ပြောလိုက်သောကြောင့် လှသက်လှယ် က ...

“ အမယ် … မောင်ကြီး ကလည်း ၊ ကိုယ့်ဟာကိုယ် မင်းနန္ဒာကိုယ် တော်ကြီးများ ဝင်စားတယ် ထင်နေတယ်နဲ့ တူတယ် ။ ဒါဖြင့်လည်း သံလျင်ထိပ်ထားမွေ့နွန်းမင်းသမီးတစ်ပါးတော့ ရှာပေးရဦးမယ် ” ဟု ခနဲ့တဲ့တဲ့ ပြောလိုက်သဖြင့် မြမျက်ချယ် ကလည်း အားကျမခံ..

“ ဟုတ်တယ် ၊ မောင်ကြီး ဟာ ရှေးရှေးတုန်းက မင်းနန္ဒာကိုယ်တော်ကြီး ဝင်စားတာဖြစ်မှာပဲ ၊ မွေ့နွန်းထိပ်ထားကလေးတော့ ဒီကျွန်း ပေါ်ကပဲ မောင်ကြီး ကို မျှော်နေသလား မသိပါဘူး ။ တစ်ကျွန်းလုံးပတ်ပြီး ရှာကြည့်ရအောင် ” ဟု လေပြေထိုးလိုက်ပြန်သောအခါ ကိုနန္ဒာ မှာ မနေ သာတော့ဘဲ

“ ဟို ... ရှေးရှေးတုန်းက မွေ့နွန်းထိပ်ထား ဆိုတာ မြမျက်ချယ် တို့ ၊ လှသက်လှယ် တို့ ညီအစ်မ လောက် လှမယ် မထင်ပါဘူးဗျာ ။ မောင်ကြီး သာ မင်းနန္ဒာကိုယ်တော်ကြီးဆိုရင်တော့ ... ” ဟု စကားဆက်ရမည် ခက်သဖြင့် ရုတ်တရက်ဖြတ်ထားလိုက်သည်တွင် မြမျက်ချယ် ရော လှသက်လှယ် ပါ ပြိုင်တူလိုလိုပင် ...

“ မောင်ကြီးသာ မင်းနန္ဒာ ကိုယ်တော်ကြီး ဆိုရင် မွေ့နွန်းထိပ်ထား ကို ပစ်သွားနိုင်မှာ မဟုတ်ပါဘူး ” ဟု ရယ်ရယ်မောမော ပြောလိုက် သောကြောင့် ကိုနန္ဒာ လည်း ချေပစရာစကားစရှာ၍ မတွေ့သဖြင့် မြမျက်ချယ် တို့ ညီအစ်မ နှင့် ရောနှော ရယ်မောလိုက်ရလေသည် ။

ကျွန်းဆွယ်ကလေး တစ်ဝိုက်တွင် သုံးဦးသား ရယ်မောလိုက်သော အသံက ပဲ့တင်ရိုက်၍ မဆုံးမီ တဒိုင်းဒိုင်း ပစ်ခတ်လိုက်သော သေနတ်သံ များ ပေါ်ထွက်လာ၏ ။ ကိုနန္ဒာ သည် မြမျက်ချယ် တို့ညီအစ်မနှစ်ယောက် ကို တစ်ပြိုင်တည်းဆွဲ၍ မြေကြီးပေါ်သို့ တွန်းလှဲပြီးနောက် သူကိုယ်တိုင် ပါ ပြားပြားမှောက်ချလိုက်၏ ။

ကျည်ဆန်များသည် သူတို့ခေါင်းပေါ်မှ တဝီဝီမြည်၍ ဖြတ်ကျော် သွားကြလေသည် ။

ကိုနန္ဒာ သည် ခါးထဲမှ ခြောက်လုံးပြူးသေနတ်ကို ဆွဲထုတ်ပြီး နောက် ရှေ့သို့ တွား၍ တက်လိုက်၏ ။ တစ်ဖက်မှ ရန်သူသည် အရိပ်အကဲ ကို စောင့်ကြည့်နေသကဲ့သို့ ထင်ရ၏ ။ အပစ်အခတ် ရပ်နေပြန်သည် ။

“ သတ္တိရှိရင် ပစ်စမ်းဟေ့ ... ”

ကိုနန္ဒာ က အော်ဟစ်ရင်း ရှေ့သို့ တိုးလိုက်ပြန်သည် ။ တစ်ဖက် မှ ပစ်လွှတ်လိုက်သော ကျည်ဆန်တစ်ခုသည် ကိုနန္ဒာ အကာအကွယ် ယူလိုက်သော သစ်ပင်ခြေရင်းအနီးမှ ကျောက်တုံးကလေးကို ထိမှန် ပေါက်ကွဲသွားလေသည် ။ ကိုနန္ဒာ သည် သစ်ပင်ခြေရင်းကို အကာ အကွယ်ယူရင်း ရန်သူကျည်ဆန်လာရာဘက်သို့ နှစ်ချက်တိတိဆက်၍ ပစ်လိုက်ပြီးနောက် သစ်ပင်ခြေရင်းမှနေ၍ သူနှင့် ဓားလွယ်ခုတ်နှစ်လံ အကွာလောက်တွင် ရှိသော ကျောက်တုံးကြီး ဘေးသို့ ပြေးကပ်လိုက်၏ ။ ရန်သူ့ကျည်ဆန်များသည် သူ အကာအကွယ် ယူခဲ့သော သစ်ပင်ခြေရင်း ကို သွား၍ ထိမှန်ကြလေသည် ။

“ ဗျို့ကိုနန္ဒာ ၊ သတိမလစ်စေနဲ့ ၊ ကျုပ်တို့လာပြီ ”

ရေလယ်မှနေ၍ ဟစ်အော်ပြောလိုက်သော ဦးသီဟ အသံကို ကြားရ၏ ။ ကိုနန္ဒာ သည် ရန်သူဘက်သို့ နားစွင့်လိုက်ပြီး နောက်တစ်ချက် ထပ်၍ ပစ်လိုက်၏ ။ ရန်သူဘက်မှ ပစ်ခတ်သံများ စဲသွားလေသည် ။

ကျွန်းဆွယ်ကမ်းစပ်ပေါ်သို့ လှေတစ်စင်း ထိုးဆိုက်လိုက်ပြီး နောက် ဦးသီဟ နှင့်အတူ တပည့်လေးငါးခြောက်ယောက်ကို သေနတ် ကိုယ်စီနှင့် မြင်ရလေသည် ။

“ ဗျို့ ... ဦးသီဟ ၊ ကျွန်တော်တို့ ဒီမှာ ... ”

ကိုနန္ဒာ က အသံပြုလိုက်သောကြောင့် ဦးသီဟ နှင့် နောက်လိုက် တပည့်များသည် ကိုနန္ဒာ တို့ နေရာသို့ ရောက်လာကြ၏ ။

“ ဒီကောင်တွေ ဒီလောက်ဆို ထွက်ပြေးကြပါပြီ ”

ကိုနန္ဒာ က ဆီးကြို၍ပြောလိုက်လေသည် ။ ဦးသီဟ သည် အနည်း ငယ်မျှ တုန်လှုပ်ဟန်မပြဘဲ သူ့သမီးနှစ်ယောက်ကို အားပေးစကားပြော နေရာမှ ကိုနန္ဒာ ဘက်သို့ လှည့်၍..

“ သတ္တိရှိတဲ့ လူစားတွေ မဟုတ်နိုင်ပါဘူး ကိုနန္ဒာ  ” ဟု ကိုနန္ဒာ  စကားကို ထောက်ခံ၍ ပြောဆိုလိုက်၏ ။

“ ကိုင်း ... ကိုင်း ... ပြန်ကြရအောင် ... ”

လှေနှစ်စင်းသည် ရှေ့ဆင့်နောက်ဆင့် ကမ်းခြေသို့ လှော်ခတ် ခဲ့ကြလေသည် ။

( ၄ )

“ စစ်မှာ အစီအရင် ၇ ပါးရှိတယ် ”

စားပွဲထိပ်တွင် ထိုင်နေသော ဦးသီဟ က ကိုနန္ဒာ နှင့် မျက်ချယ် ၊ သက်လှယ် ညီအစ်မနှစ်ယောက်အား ရှေးမြန်မာတို့၏ စစ်အစီအစဉ်ကို စီကာပတ်ကုံး ရှင်းပြနေ၏ ။ ညမှာ တိတ်ဆိတ် ငြိမ်သက်လှသဖြင့် ဦးသီဟ ၏ အသံသည် ပို၍ကျယ်လောင်သည်ဟု ထင်ရသည် ။

ဦးသီဟ သည် လက်ချိုးရေတွက်ရင်း

“ စစ်အစီအစဉ် ၇ ပါး ဆိုတာဟာ စစ်အင်္ဂါ ၊ စစ်ချီ ၊ စစ်ကပ် ၊ စစ်ထိုး ၊ စစ်ခံ ၊ စစ်ဖျက် ၊ စစ်ပြန် အဲဒီ ၇ ပါးကနေပြီး တစ်ခုစီ တစ်ခုစီ ခွဲထုတ်လိုက်ရင် စစ်အင်္ဂါဆိုတာမှာ ၇ မျိုး ၊ စစ်ချီတာမှာ ၄ မျိုး ၊ စစ်ကပ်တာမှာ ၂ မျိုး ၊ စစ်ထိုးတာမှာ ၆ မျိုး ၊ စစ်ခံတာ ၆ မျိုး ၊ စစ်ဖျက်တာ ၆ မျိုး ၊ စစ်ပြန်တာ ၃ မျိုးဆိုပြီး ရှိပြန်တယ် ”

“ စစ်ထိုးတဲ့ ၆ မျိုးက ဘယ်လိုဟာမျိုးလဲဦး ”

“ ဂဠုန်တောင်လို ၊ ရေယဉ်လို ၊ နွားလားဥသဘလို ၊ လေးညို့လို ၊ မကန်းကွက်လို ၊ မြွေတွားသလို စစ်ထိုးခြင်းဆိုပြီး ၆ မျိုး ရှိတယ် ”

“ ကိုယ့်ရန်သူက ကိုယ့်ကို ဦးပြောတဲ့နည်း ၆ မျိုးနဲ့ စစ်ထိုးပြီဆို ပါတော့ ၊ ကိုယ်က ဘယ်လို စစ်ခံရမလဲ ”

“ စစ်ထိုးခြင်း ၆ မျိုးကို စစ်ခံခြင်း ၆ မျိုးနဲ့ ခံနိုင်တာပေါ့ ကိုနန္ဒာ ။ ရင်ပေါင်တန်းငှက်လို ၊ ကင်းလက်မလို ၊ လှည်းဦးကင်းလို ၊ ပျားလပို့ လို ၊ ကျီးခြေလို ၊ ခုံလောက်လို စစ်ခံခြင်း ခြောက်မျိုးရှိတယ် ”

“ တကယ်လို့ ရန်သူက ဦးပြောတဲ့ ခံစစ်ခြောက်မျိုးနဲ့ ခံနေပါပြီတဲ့ ၊ ကျွန်တော်တို့က အဲဒီခံစစ်ကို ဘယ်လို ဖျက်နိုင်မလဲ ”

“ ဒီလိုဖျက်ဖို့ကျတော့လည်း နည်းရှိတာပါပဲ ကိုနန္ဒာ  ၊ ရန်သူက လှည်းဦးကင်းစစ်နဲ့ ခံနေရင် ကိုယ်က ဂဠုန်တောင်စစ်နဲ့ဖျက် ၊ ရန်သူက ခုံလောက် သဏ္ဌာန်စစ်နဲ့ ခံနေရင်ကိုယ်က ဥသဘစစ်နဲ့ဖျက် ၊ ရန်သူက ရင်ပေါင်တန်းစစ်နဲ့ဖြစ်ဖြစ် ၊ ကင်းလက်မစစ်နဲ့ ဖြစ်ဖြစ် ခံနေရင် ကိုယ်က ရေယာဉ်စစ်နဲ့ ဖျက်ရတယ် ။ ရန်သူက ကျီးခြေစစ်နဲ့ ခံရင် မကန်းစစ်နဲ့ ဖျက် ။ ပျားလပို့ စစ်နဲ့ခံရင် မြွေတွားစစ် ၊ လေးညှို့စစ်နဲ့ ဖျက်နိုင်တာပေါ့ …. ”

“ ဒီပြင် စစ်တိုက်နည်းများ ရှိသေးလား ဦး ”

“ ဟာ ... ရှိတာပေါ့ ကိုနန္ဒာ ၊ ဟိုတစ်နေ့က တိုက်တဲ့ဟာမျိုးဆိုရင် ကာက ဗျူဟာခေါ်တဲ့ တိုက်နည်းပေါ့ ”

ကိုနန္ဒာ က ခေါင်းကို တစ်ချက်ကုတ်လိုက်ပြီး ...

“ ကာကဗျူဟာ ဆိုတာ ဘယ်လိုဟာ ခေါ်သလဲဦး ”

“ ကာကဗျူဟာ ဆိုတာ ကျီးရဲ တိုက်နည်းပေါ့ ။ ကျီးရဲဟာ လူပုံထဲ ကို ပျံဝဲပြီး ငါးတွေ ၊ အမဲသားတစ်တွေကို သုတ်ယူသလိုပဲ ကိုယ့်ဘက် က စစ်အင်အားနည်းပေမဲ့ သူ့ဘက်က စစ်သည်အများကြားထဲကို ရုတ်တရက်ဝင်ပြီးလိုက်လံ တိုက်ခိုက်တဲ့ နည်းမျိုးပေါ့ ။ ကိုနန္ဒာ ဟိုနေ့က တိုက်တာလည်း ဒီနည်းပဲ မဟုတ်လား ”

“ ကျွန်တော်တော့ ဘယ်နည်းမှန်း မသိပါဘူးဦး ။ မျက်ချယ်နဲ့ သက်လှယ်တို့ ညီအစ်မနှစ်ယောက် ပါနေတာနဲ့ပဲ အရဲစွန့်လိုက်ရတာ ပါ ၊ တကယ်တော့ ကျွန်တော် ကျီးရဲတိုက်နည်းလည်း မသိ ၊ ကျီးရဲလို လည်း သတ္တိ မရှိပါဘူး ”

ဦးသီဟ က တစ်ချက်ပြုံးလိုက်ပြီး ...

“ အင်း .. ကိုနန္ဒာ က သတ္တိမရှိပေလို့ပဲ ၊ သတ္တိများရှိရင် ” ဟု ဆိုကာ စကားကို အဆုံးမသတ်ဘဲ ကိုနန္ဒာ ကို အဓိပ္ပာယ် တစ်စုံတစ်ရာ သက်ရောက်သော အကြည့်မျိုးဖြင့် တစ်ချက်မျှ စူးစိုက်၍ ကြည့်လိုက် သောကြောင့် ကိုနန္ဒာ ကလည်း ...

“ ဒီလောက်နဲ့တော့ သတ္တိရှိတယ်လို့ ခေါ်နိုင်မယ် မထင်ပါဘူး ဦးရယ် ၊ ဒါမျိုးလောက်တော့ သူသူငါငါ လုပ်နိုင်လောက်တဲ့ အလုပ်မျိုး ပါ ။ ဦးတို့ လုပ်ခဲ့တဲ့ အလုပ်မျိုးသာ သတ္တိရှိတယ်လို့ မှတ်တမ်းတင် လောက်တာပါ ” ဟု ပြောလိုက်ရာ ဦးသီဟ သည် ထိုင်ရာမှ ဖြုန်းခနဲ ရပ်လိုက်ပြီး ...

“ ကိုနန္ဒာ  ဘာပြောတယ် ၊ ဦးတို့ လုပ်ခဲ့တဲ့ အလုပ် ဘာအလုပ်ကို ဆိုလိုတာလဲ ” ဟု အလျင်စလို မေးလိုက်လေသည် ။ ကိုနန္ဒာ က လေအေးအေးနှင့်ပင် ...

“ ဪ …. တခြား ဟုတ်ပါရိုးလား ဦးရယ် ၊ သေနတ်တွေ တဒိန်းဒိန်း ပစ်နေတဲ့ကြားက ကျွန်တော်တို့ ရောက်နေတဲ့ ကျွန်းဆွယ်ကို ကူးလာဝံ့တာဟာ နည်းတဲ့ သတ္တိလား ” ဟု အဖြေပေးလိုက်သည့်တိုင် ဦးသီဟ ၏မျက်နှာပေါ်တွင် ကိုနန္ဒာ ၏အဖြေကို မကျေမချမ်းဖြစ်နေသည့် အရိပ်လက္ခဏာများ ပေါ်နေလေသည် ။

ထိုအခိုက်တွင် စာသင်ခန်းတံခါးသည် ရုတ်တရက်ပွင့်သွားပြီး နောက် အသက်ငါးဆယ်ကျော်ခန့် ပိန်ပိန်ရှည်ရှည် လူတစ်ယောက် သည် အတွင်းသို့ ဝင်လာလေသည် ။

ဦးသီဟ သည် ဝင်လာသူကို မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် ကျားကို မြင်လိုက်ရသော သမင် ၊ ခြင်္သေ့ကို မြင်လိုက်ရသော မြေခွေး ကဲ့သို့ တစ်ကိုယ်လုံး တဆတ်ဆတ်တုန်နေသော်လည်း တတ်နိုင်သမျှ ဟန်ဆောင်ကာ -

“ ဟေ့ ဖိုးကျော် ၊ ငါကတော့ မင်း သေပြီ သတင်းကြားလို့ ” ဟူသော စကားကို အထစ်ထစ်အငေါ့ငေါ့နှင့် ပြောလိုက်၏ ။ ဝင်လာသူ သည် မြမျက်ချယ် နှင့် လှသက်လှယ် ညီအစ်မနှစ်ယောက်အား မျက်ရည် ပြည့်လျှမ်းသော မျက်စိအစုံဖြင့် ကြည့်လိုက်ပြီး တစ်စုံတစ်ခုကို ဆုံးဖြတ်ချက် ချပြီးသူကဲ့သို့ ခါးတွင် ပတ်ထားသော သံပြားရှည်ရှည်ကို ဖြုတ်လိုက် ၏ ။ သူ့လက်ထဲသို့ ရောက်သောအခါတွင်ကား ထိုသံပြားသည် ထက် သော ဓားတစ်ချောင်းဖြစ်ကြောင်းကို ကိုနန္ဒာ က သိရှိလိုက်လေသည် ။

“ ဟေ့ ... ငကျွဲ ”

ဝင်လာသူက ဦးသီဟ အား မိုးချုန်းသံကြီးဖြင့် ခေါ်လိုက်၏ ။

“ နင်ကများ … မင်းထိုက် စိုးတန် နာမည်ခံပြီး ပုန်းနေရင် လွတ်မယ် ထင်နေတာ အံ့သကွာ ။ ဖိုးကျော် အကြောင်း ငယ်ပေါင်းကြီးဖော် အချင်းချင်း အစင်းသား သိဖို့ ကောင်းတယ် ။ ဟေ့ ... နင်နဲ့ ငါ နဲ့ ဓားပြတိုက်လို့ ရတဲ့ရွှေတွေ ဘယ်မှာ ထားသလဲ ပြောစမ်း ”

ဝင်လာသူ က လက်ထဲမှ ဓားကို တယမ်းယမ်းလှုပ်ရင်း မေးလိုက် ၏ ။ ဦးသီဟ သည် ကြမ်းပြင်ပေါ်ထိုင်ချပြီး ...

“ ဖိုးကျော် ရယ် …. ဒီတစ်ခါတော့ ငါ့ အသက်ကို ချမ်းသာပေးပါ ၊ မင်းရော ငါရော အသက်ကြီးလှပါပြီ ၊ မင်း ရွှေတွေလည်း ငါကောင်းကောင်း သိမ်းထားပါတယ် ” ဟု ပြောလိုက်သောကြောင့် ဝင်လာသူ က အသံသြကြီးဖြင့် မခန့်လေးစား ရယ်လိုက်ကာ ..

“ အေးအေး … အသက်ကြီးတော့လည်း တစ်ခါတည်း သေလိုက် တာပေါ့ကွာ ဟုတ်လား ၊ ငါရထိုက်တဲ့ ရွှေတွေကိုပါ သုံးဖြုန်းပြီး မင်းက ဇိမ်ကျနေခဲ့တာ ခုတော့ သေရမှာ ကြောက်သလား ။ အေးဟေ့ ... ဒီ ရွှေတွေအတွက် ငါ ဒီလောက် အဆင်းရဲ အပင်ပန်းခံပြီး နင့်ကို လိုက် ရှာမှာ မဟုတ်ဘူး ၊ ဟောဒီ သမီး နှစ်ယောက်အတွက်ကြောင့် ၊ ခွေး ခွေး ... ငါ့ ရွှေတွေလည်း ယူသွားသေးရဲ့ … ငါ့ သမီးနှစ်ယောက် ကိုလည်း သမီးအရင်းလို ကျွေးမယ် မွေးမယ် ကတိခံပြီး သေ ... သေ .. နင်သေ ... ” ဟု ပြောရင်း လက်ထဲမှ ဓားဖြင့် ပြေးပေါက်ရှာနေသော ဦးသီဟ ဆီသို့ တစ်ဟုန်ထိုးခုန်၍ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက်လက်ခနဲ မီးပွင့်သွား သည်ကို မြင်လိုက်ရပြီး ဝင်လာသူရော ဦးသီဟ ပါ ကြမ်းပြင်ပေါ်သို့ လဲကျသွားလေသည် ။

ဖြစ်ပျက်ပုံမှာ လျင်မြန်လွန်းလှသဖြင့် မြမျက်ချယ် တို့ညီအစ်မ နှစ်ယောက် နှင့် ကိုနန္ဒာ မှာ ပထမတွင် ငိုင်၍ ကြည့်နေကြပြီး အတန် ကြာမှ ဝင်လာသူအား ဝိုင်း၍ ထူမမိကြသည် ။ ဦးသီဟ ၏ ကိုယ်ခန္ဓာကြီး ကား ခေါင်းတခြား ကိုယ်တခြားဖြစ်ကာ မြင်မကောင်းအောင် သွေး များ စီးကျနေလေသည် ။

“ အင်း … ငကျွဲ … ငကျွဲ ၊ သေသည်အထိ ငါ့ အပေါ်မှာ သစ္စာ ဖောက်တဲ့အကောင် ”

ဝင်လာသူသည် သူ့ ရင်ဘတ်မှ သွေးတပွက်ပွက် ထွက်နေသော ဓားဒဏ်ရာ ကို လက်နှင့်ဖိရင်း မြမျက်ချယ် နှင့် လှသက်လှယ်  ညီအစ်မ နှစ်ယောက်အား..

“ သမီး .. သမီး .. ဒီသမီးနှစ်ယောက်ကြောင့် အဖေလက်စားချေရအောင် လာခဲ့တယ် ၊ အဖေ ဟာ မက္ခရာမင်းသားကြီး ရဲ့ အိမ်တော်ပါ အမှုထမ်းတစ်ဦး ဖြစ်တဲ့ ဗိုလ်ကျော်ခေါင် ပါပဲ ။ သီပေါမင်း နန်းတက်စ မှာ အဖေတို့ရဲ့ အရှင်သခင်မက္ခရာမင်းသားကြီး ဟာ မသမာသူများ လက်ချက်နဲ့ အခြားမင်းညီမင်းသား လေးဆယ်နဲ့အတူ နတ်ရွာစံကံတော် ကုန်ခဲ့ရတယ် ။ ဒါကို အဖေတို့ အိမ်တော်ပါ အမှုထမ်းတွေက စိတ်နာ ကြည်းပြီး အရှင်သခင် အတွက် တန်ပြန်ကလဲ့စားချေဖို့ ဟောဟိုက ငကျွဲ ရယ် ၊ အဖေရယ် ခေါင်းဆောင်ပြီး အောက်ရပ်ဒေသကို ဆင်း ၊ လက်နက် လူစု ၊ ရန်ပုံငွေများ ရှာ စသည်ဖြင့် လုပ်ခဲ့ကြတယ် ။ ဒီလိုလုပ်ရင်းနဲ့ ကိုယ်စုရုံးတဲ့လူ ကိုယ်မနိုင်တော့ဘဲ ဓားပြတိုက်တဲ့အခါ တိုက် ၊ လုတဲ့ အခါ လု ဆိုတဲ့ အခြေအနေရောက်လာပြီး တစ်ရက်မှာတော့ အဖေဟာ အင်္ဂလိပ်စစ်တပ်ရဲ့ အဖမ်းခံလိုက်ရတယ် ... ”

ဗိုလ်ကျော်ခေါင် သည် ခဏနားလိုက်ပြီး ...

“ ဒီအချိန်မှာ သမီးနှစ်ယောက် က သုံးခါလည်လောက်ပဲ ရှိသေး ၊ အမေဖြစ်သူလည်း မီးတွင်းထဲမှာ ဆုံးဆိုတော့ ... ငကျွဲ ကိုပဲ ဒီသမီးနှစ် ယောက်ကို အပ် .. ၊ အဖေစုဆောင်းထားတဲ့ ရွှေတွေပေး .. ၊ အဲဒါတွင်မက အဖေတို့ အရေးတော်ပုံအတွက် သပ်သပ် မြှုပ်ပြီး ဝှက်ထားတဲ့ ရွှေငွေ ပစ္စည်းမှန်သမျှကိုပါ ငကျွဲ လက် ဝကွက်အပ်ခဲ့တယ် ။ အဖေလည်း ထောင်ထဲမှာ ဆယ့်ငါးနှစ်လောက်နေပြီး အပြင်လည်း ရောက်လာရော ... ငကျွဲ သစ္စာဖောက်ပုံ ယုတ်မာပုံတွေ သိရပြီး လွန်ခဲ့တဲ့ ဆယ်ရက်လောက် ကမှ ဒီနယ် ရောက်လာတယ် ... ”

မြမျက်ချယ် နှင့် လှသက်လှယ် တို့ ညီအစ်မနှစ်ယောက်မှာ ယခုမှ သိရသော ဖခင် အတွက် မျက်ရည်စက်လက်နှင့် ရှိနေရသည် ။

“ လွန်ခဲ့တဲ့ ငါးရက်လောက်က ကျွန်တော်တို့ ကျွန်းဆွယ်ကလေးပေါ် မှာ လျှောက်တုန်းက သေနတ်နဲ့ ပစ်တာ ဦးတို့ လူတွေပဲ မဟုတ်လား ”

ကိုနန္ဒာ က မေးလိုက်သောကြောင့် မြမျက်ချယ် တို့ ညီအစ်မမှာ အံ့သြ သွားကြလေသည် ။

“ ဟုတ်တယ် ... ဦးတပည့်နှစ်ယောက်ကလည်း အဲဒီကျွန်းဆွယ် ပေါ်မှာ မြှုပ်ထားတဲ့ လက်နက်တွေ သွားယူတုန်း မောင်ရင်တို့ကို မြင်တော့ ရန်မူမယ့်လူ ထင်ပြီး ပစ်ခဲ့တယ်လို့ ပြောတယ် ။ ကံကောင်းလို့ပေါ့ ကွယ် ၊ နို့မဟုတ်ဆိုရင် ဦး သမီးနှစ်ယောက်ပါ ကြမ္မာဆိုးနဲ့ တွေ့ သွားမယ် ။ ကဲ .. ကဲ .. ဦးလည်း သစ္စာဖောက် လူယုတ်မာကို ကလဲ့စား ချေလိုက်ရလို့ သေပျော်ပါပြီ ”

ဗိုလ်ကျော်ခေါင် သည် ရင်ဝမှဒဏ်ရာကို လက်နှင့်ဖိရင်း အသက် ပျောက်သွားလေသည် ။ မြမျက်ချယ် နှင့် လှသက်လှယ် မှာ ယခုပင် မိမိ တို့၏ မွေးသဖခင် ကို တွေ့ လိုက်ရလျက် ယခုပင် မိမိတို့ မျက်စိအောက်၌ အသက်ပျောက်သွားသည်ကို မြင်လိုက်ရ သောကြောင့် ဖန်လာသော ကံကြမ္မာ၏ ဆိုးရွားပုံကို ဖြေဆည်၍မကုန်နိုင်အောင် ဖြစ်ရရှာလေသည် ။

( ၅ )

မီးသင်္ဘောကလေးတစ်စင်းသည် ရန်ကုန်မြို့ဆီသို့ ဦးတည် ခုတ် မောင်းနေ၏ ။ သင်္ဘောဦးပိုင်းတွင် မြမျက်ချယ် ၊ လှသက်လှယ် နှင့် ကိုနန္ဒာ တို့သည် ပင်လယ်ရေပြင်ကို ငေးစိုက်ရင်း လိုက်ပါလာကြသည် ။

မြမျက်ချယ် သည် လက်ကိုင်အိတ်ထဲမှ အသွား ၆ လက်မခန့်ရှိ ဓားမြှောင်တစ်ချောင်းကို ဆွဲထုတ်လိုက်၏ ။ ဓားရိုးမှာ ဆင်စွယ်ဖြင့် ပြုလုပ်ထားလျက် ‘ သီဟ ’ ဟူသော ရွှေစာလုံးကို ဓားရိုးတွင် မြှုပ်နှံထား လေသည် ။

“ ဟောဒီ ဓားကို ပင်လယ်ထဲမှာ ပစ်ချလိုက်ရင် မကောင်းဘူး လား မောင်ကြီးနန္ဒာ ”

မြမျက်ချယ် က ညှိုးလျသောမျက်နှာဖြင့် မေးလိုက်၏ ။

“ ကောင်းတယ် ၊ ဖေဖေ့ အသက်နုတ်ယူလိုက်တဲ့ ဓားကို ပင်လယ် ထဲ အစတုံးမြှုပ်လိုက်တာ ကောင်းတယ် ”

လှသက်လှယ် က ကိုနန္ဒာ မပြောမီ ထောက်ခံချက်ပေးလိုက်၏ ။ ကိုနန္ဒာ ကမူ သဘောမတူသလို ခေါင်းယမ်းပြီး ...

“ ဒီဓားကို ပင်လယ်ထဲချပစ်လိုက်လို့ မဖြစ်သေးဘူး မျက်ချယ်နဲ့ သက်လှယ် ၊ ရုံးတော်မှာ ဒီဓားဟာ ဦးသီဟ ရဲ့ ဓားဖြစ်ကြောင်း တင်ပြ ရဦးမယ် ၊ မောင်ကြီး ... ဦးသီဟ ကို ဖမ်းဖို့ လိုက်နေတာ တော်တော်ကြာပြီ ။ ခုမှ ဦးသီဟ ကိုလည်း မိ ... နောက်ပြီး ... ဦးသီဟ က လူမသိရ အောင် ဝှက်ထားတဲ့ ပုလဲကုံးနှစ်သွယ်ကိုလည်း ရှာတွေ့ တော့တာပဲ ... ” ဟု ပြောလိုက်သောကြောင့် မြမျက်ချယ် ရော လှသက်လှယ် ကပါ ...

“ မောင်ကြီးက အင်္ဂလိပ်ကုမ္ပဏီက အဝယ်တော်ဆိုပြီး ဘာလို့ ဦးသီဟ ကို ဖမ်းဖို့ လိုက်နေရတာလဲ ” ဟု မေးလိုက်သဖြင့်

“ ဦးသီဟ ဟာ ဓားပြဂိုဏ်းခေါင်းဆောင်တစ်ယောက်ပဲ မဟုတ်လား ။ ဒါပေမဲ့ ကုန်သည် ယောင်ဆောင်နေတော့ မောင်ကြီးလည်း ကုန်သည်လုပ်ပြီး သူ့နောက်လိုက်ရတာပေါ့ ။ ပုလိပ်အရာရှိတစ်ယောက် လို လိုက်ရှာရင် သူသိသွားမှာပေါ့ မဟုတ်ဘူးလား ၊ နို့ပြီး ဒီလူကြီးက အကင်းလည်း အတော်ပါး ၊ လက်လည်း အတော်မြန်တယ် ။ မျက်ချယ်တို့ ဖေဖေက ဓားနဲ့ အတင်းဝင်ပိုင်းတော့ ခါးကြားထဲက ဓားမြှောင်ထုတ်ပြီး ထိုးဖြစ်အောင် ထိုးလိုက်သေးတယ် ” ဟု ပြောလိုက်သောကြောင့် မျက်ချယ်ရော သက်လှယ်ပါ သက်ပြင်းကလေးချရင်း အတိတ်မှ အဖြစ် အပျက်များကို မေ့ပျောက်ရန် ကြိုးစားနေကြရရှာလေသည် ။

⎕ တက္ကသိုလ်နန္ဒမိတ်

📖 မြဝတီ မဂ္ဂဇင်း
      သြဂုတ် ၊ ၁၉၅၇

.

No comments:

Post a Comment