❝ စီးဖူးတာချင်း ပြိုင်ချင်တယ် ❞
( အဏ္ဏဝါစိုးမိုး )
ဆရာအီကြာကွေးခေါ် ဂုရုကွေး ၊ လောင်စီကွေး ၊ အီကွေလျားကြီးသည် အလွန် ကြွားသူဖြစ်သည် ။ သူသည် အလွန် အေးချမ်းသော မဟာသန္တိ သုခ ပုဂ္ဂိုလ်ကြီး ဖြစ်သည်ဟု ဆိုသည် ။ သူများတွေလို ဘယ်မှာ သိန်း ၅၀ ပါသွားလို့ ၊ ဘယ်မှာ သိန်း ၁ဝဝ ထားမိလို့ သောက ဖြစ်နေရတယ် ၊ ပူနေရတယ် ဆိုတာမျိုး မရှိလို့ အေးချမ်းသည်ဟု ဆိုပါသည် ။ လက်ထဲမှာ ပိုက်ဆံတစ်ပြားမှမရှိဘဲ သိန်းငါးဆယ် တန် ဘုရားတန်ဆောင်းကြီးတစ်ခုကို ဓနုဖြူမြို့မှာ လှူထားပြီးပြီဟုဆိုသည် ။
ပိုက်ဆံတစ်ပြားမှ မရှိသော်လည်း ကားမျိုးစုံ ကို သူစီးဖူးတယ်ဟု ကြွား ပြန်သည် ။ လိုင်းဘတ်စ်ကားမျိုးစုံတွေထဲက သစ်သားဘော်ဒီ တင်ထားသည့် အမေရိကန်လုပ် ချက်ဗလက် ခေါင်းတိုက စပြီး သံဘော်ဒီ တင်ထားသည့် ဒေါ့ဂျစ် ၊ ဂျပန်လုပ် စစ်လျော်ကြေးရ ဟီးနိုး ၊ ကိုရီးယားလုပ် ဒေဝူးနှင့် ဟွန်ဒိုင်းကားကြီး တွေကို စီးဖူးသည်ဟု ဆိုသည် ။ သုံးဘီးနှင့် လေးဘီးကားတွေ ခေတ်မှာလည်း ဗွက်ပေါက်အောင်စီးခဲ့ဖူးသည်ဟုဆိုသည် ။
သူဂုဏ်ယူဝင့်ကြွားစွာ ပြောလေ့ရှိတာကတော့ ဒီဘက်ခေတ်မှာ ပေါ်လာ သည့် ဆလွန်းကားမျိုးစုံကို သူစီးဖူးတယ်ဆိုတာပဲ ဖြစ်သည် ။ ကိုအဏ္ဏဝါရဲ့ ကိုရိုနာ ၊ သောကြာ အယ်ဒီတာ ဆရာဝေသာရဲ့ စူပါရု ၊ ဆရာဆွေမင်း ( ဓနုဖြူ ) ၊ တွတ်ပီရဲ့ တောင်းအေ့စ် ၊ စာအုပ်ဖြန့်ချိရေးဆရာ ကိုအတီး ရဲ့ ပတ်ပလစ်ကာ ၊ ဆရာမင်းသိင်္ခရဲ့ ပါဂျရို အထိတောင် စီးဖူးတယ် ဆိုပါသည် ။ ဖြစ်တော့ ဖြစ်နိုင် သည် ။ ကားပိုင်ရှင်တွေအားလုံးသည် ဂုရုကွေး၏ ဘော်ဒါတွေ ဖြစ်နေသည် ။ ဂုရုကွေးသည် လမ်းမှာ တွေ့သမျှ သူ့ဘော်ဒါတွေ၏ ကားတွေကို ရပ်ခိုင်းပြီး ကပ်စီးနေသူဖြစ်သည် ။ သူနေထိုင်သည့် တောင်ဥက္ကလာ ၊ မင်္ဂလာလမ်းထဲက လူတွေက သူ့ကို ဦးကပ်စီးလို့ ခေါ်ကြသည် ။
ဂုရုကွေးက အဲဒီလောက် ကြွားနေတော့ ကိုအဏ္ဏဝါကလည်း အားကျမခံ ကြွားချင်စိတ် ပေါက်လာသည် ။ ကိုအဏ္ဏဝါသည်လည်း သင်္ဘောသားမဖြစ်မီက ဂုရုကွေးနှင့် ဘဝတူ လူတန်းစားဖြစ်၍ ဂုရုကွေးကြီး စီးဖူးခဲ့သည့် သစ်သားဘော်ဒီ တင် ချက်ဗလက်ခေါင်းတိုကစပြီး ဘတ်စ်ကားမျိုးစုံကို စီးခဲ့ဖူးပါသည် ။ ကိုအဏ္ဏဝါ က သာကေတမြို့သားဖြစ်လို့ ဘတ်စ်ကားမျိုးစုံ အတွေ့အကြုံမှာတော့ ဂုရုကွေး ထက် မသာရင်သာရှိရမည် ။ အဆင့်မနိမ့်ဟု ပြောရဲသည် ။
မြန်မာပြည်က မော်တော်ကား သမိုင်းမှာ ပျောက်ကွယ်သွားပြီဖြစ်တဲ့ သုံးဘီးကားစီးဖူးသည့် ကိစ္စမှာလည်း ဂုရုကွေးထက် ကိုအဏ္ဏဝါ ကတောင် သာ နိုင်သည် ။ ပုဇွန်တောင်မှ သာကေတကို သုံးဘီးကားခ သုံးကျပ်သာ ပေးရသည့် ခေတ်ကစပြီး စီးခဲ့ဖူးသည် ။ ပုဇွန်တောင် ပန်းခြံထောင့် အရက်ဆိုင်မှာ ရေချိန်လွန် သွားလို့ ညကြီးပိုင်းမှာ ငှားမှ ငါးကျပ်သာ ပေးရသည် ။ သာကေတမြို့ကြီး တည်ခါစ ၊ ဖဆပလ ခေတ်မှာ အလီမူလာရပ်ကွက်ကြီးကလည်း သာကေတကို ပြောင်းလာသည် ။ သာကေတမြို့မှာ လာကကြသည့် အငြိမ့်တွေက လူရွှင်တော် တွေက ( မွန်တို့ဌာနီ ရာမည သာစွနေပြည် သာစွဲနေပြည် ၊ ဝေသီခေါင်လွင့် မြင့်မြင့် မားမား တင့်ကြွားဟန်တည် တင့်ကြွားဟန်ချီ ၊ ထန်းပင် ထန်းလက် ထန်းရွက် ညီညီ ၊ ကျိုက်မရောမြို့ဟာ သာယာလှပါသည် ) ဆိုတဲ့ သီချင်းကို ( မောင်တို့ဌာနီ သာကေတ သာလှပေသည် ၊ သာလှပေသည် ၊ ဝေလီဝေလင်း သုံးဘီးကားတွေ ဝင်သွားပြန်ပြီ ထွက်သွားပြန်ပြီ ၊ အုန်းပင် အုန်းလက် အုန်းရွက်ညီညီ ၊ ကိုကိုးကျွန်း ပမာ သာယာလှပါသည် ) လို့ ဖျက်ဆိုခဲ့ကြသည်အထိ သုံးဘီးကားတွေ ပေါခဲ့ ပါသည် ။ ဒါလောက်ဆိုလျှင် သာကေတမြို့ သား ကိုအဏ္ဏဝါနှင့် သုံးဘီးကား ဘယ်လောက်ထိ ရင်းနှီးဆက်ဆံခဲ့ဖူးတယ်ဆိုတာ သိနိုင်လောက်ပါသည် ။
ကိုအဏ္ဏဝါ သင်္ဘောသားဖြစ်လာတော့ ပထမဦးဆုံးတင်သွင်းခဲ့တာ ဟိုက်လပ်အာအင် ၄၅ ဖြစ်သည် ။ ကျေနပ်အောင်စီးပြီးမှ ပြန်ရောင်းလိုက်သည် ။ နောက်ထပ်သွင်းတဲ့ကားတွေက ဆန်နီပစ်ကပ် ၊ ဒိုင်နာ ၊ စူပါရု ၊ အက်စ်အီးဆလွန်း ၊ ပါပလစ်ကာ ၊ ကိုရိုနာကားတွေ တင်သွင်းခဲ့သည် ။ စီးဖူးတယ်ရှိအောင် စီးကြည့် ပြီးမှ ပြန်ရောင်းသည်ချည်းဖြစ်သည် ။ အဲဒီတော့ ဇိမ်ခံကား စီးဖူးတာချင်းမှာ လည်း ဂုရုကွေးထက် မသာတောင် အဆင့်မနိမ့်ဟု ပြောနိုင်မည် ထင်ပါသည် ။
ဒီအတိုင်းသာဆိုလျှင် ကိုအဏ္ဏဝါနှင့် ဂုရုကွေးတို့ စက်တပ်ယာဉ်အမျိုးမျိုး စီးဖူးတာချင်းမှာ သူမသာ ကိုယ်မသာ ၊ လက်ရည်တူဖြစ်ပြီး သရေကျနေသည် ။ ကိုအဏ္ဏဝါကသာသည်လို့ ယူဆနိုင်စရာရှိသည့် စက်တပ်ယာဉ်တစ်မျိုးကိုသာ စီးဖူးတာ သတိရလာသည် ။ ကိုအဏ္ဏဝါတို့ဒေသက ရေကျော်ရွာ စာပေဟောပြောပွဲ ကို သွားကြစဉ်က စီးခဲ့ဖူးတာဖြစ်သည် ။
ရခိုင်ပြည်နယ် ဂွမြို့နယ်ထဲက ရေကျော်ရွာမှာ ပြုလုပ်ခဲ့သည့် စာပေ ဟောပြောပွဲကို ဆရာမနုနုရည် ( အင်းဝ ) ၊ ဆရာကောင်းသန့် ၊ ဆရာမှော်ဝန်းကြည် မြတ် ၊ ဆရာမောင်သီလ ၊ ဆရာမောင်နန္ဒတို့နှင့်အတူ ကိုအဏ္ဏဝါလိုက်ပါသွားခဲ့ ခြင်း ဖြစ်သည် ။ ရေကျော်ရွာသည် မော်တော်ကားလမ်းမှ သုံးမိုင်မျှဝေးသည့် တောင်ခြေကမ်းစပ်မှာရှိသည် ။ ကု,လားပြင် အထက်ရွာနှင့် အောက်ရွာ ကိုဖြတ်ပြီး ရွာတွေအထွက်မှာ တောင်လှဘုရားကွင်းကို ဖြတ်ရသေးသည် ။ ရေကျော်ရွာ စာပေဟောပြောပွဲ ကျင်းပရေးကော်မတီက ကြိုဆိုသူများသည် ထော်လာဂျီဖြင့် ကု,လားပြင် အထက်ရွာ ကားဂိတ်မှာ လာကြိုနေကြသည် ။ စာရေးဆရာတွေနှင့် အထုပ်အပိုးတွေကို ထော်လာဂျီဖြင့် တင်ခေါ်သွားခဲ့၍ ထော်လာဂျီစီးဖူးသည် ။
ဂုရုကွေးသည် ထော်လာဂျီ စီးဖူးသလား ၊ မစီးဖူးသလား မသိပါ ။ မစီးဖူး ပါက ဂုရုကွေးထက် ကိုအဏ္ဏဝါက နှာတစ်ဖျားသာသွားပြီဖြစ်သည် ။ ဒါပေမဲ့ မသေချာသော ကိစ္စဖြစ်သည် ။ ဂုရုကွေးသည် မြန်မာပြည်အနှံ့အပြားက စာပေ ဟောပြောပွဲပေါင်း များစွာကို လိုက်ဟောနေသူ ဖြစ်၍ ထော်လာဂျီစီးဖူးသူ ဖြစ် နိုင်သည် ။ စီးဖူးတာကို ကြွားသည့်အထဲမှာ ထော်လာဂျီစီးဖူးတာကို ထည့်ကြွား လို့ မသင့်လျော်သည့်အတွက် အသံတိတ်နေတာ ဖြစ်နိုင်သည် ။ အဲဒီတော့ လိုရမည်ရ သူ့ထက်သာအောင် ဘာကိုများ စီးဖူးတာ ရှိသေးလဲ စဉ်းစားရတော့ သည် ။
သတိရပြီ ။ သာကေတမြို့တည်စက ကိုအဏ္ဏဝါတို့ အပေါင်းအသင်းတွေ ထဲက ဆိုက်ကားတင်သောင်းရဲ့ မိန်းမ သေသည် ။ ကိုအဏ္ဏဝါတို့ လူစုက ဘော်ဒါ စိတ်ဖြင့် နာရေးဝိုင်းကူကြသည် ။ ကိုယ့်လူရဲ့ကိစ္စမှာ မျက်နှာမငယ်ရအောင် ၇၅ ကျပ်တန်ခေါင်းတစ်လုံးနှင့် ၁၅၀ ကျပ်တန် နိဗ္ဗာန်ယာဉ်ဖြင့် အသုဘ ချနိုင်အောင် ကူညီခဲ့ကြခြင်းဖြစ်သည် ။ ခေါင်းက ဆပ်ပြာသေတ္တာ အဆင့်သာရှိသည် ။ နိဗ္ဗာန်ယာဉ်ကလည်း ရေမဆေးဘဲထားသည့် စည်ပင်က အမှိုက်သယ် ကားထက် ပိုပြီး အကြည့်ရဆိုးသည် ။ ဒုတိယကမ္ဘာစစ်အတွင်းက အမှိုက်ပုံမှာ ပစ်ထားခဲ့သော ချက်ဗလက်ခေါင်းရှည်ကားကို သင်္ဘောဆေးအဖြူ ၊ သုတ်ပြီး လိမ့်သွားရုံလေး လက်ပူတိုက်ထားသော ကားစုတ်ကြီးဖြစ်သည် ။ ဆေးပြန်မသုတ်နိုင်တော့လို့ သံချေးတွေတက်နေသည် ။ ဘေးကာသံပြားတွေ ဂဟေပြုတ်ပြီး ကွာနေသည် ။ တံခါးနှစ်ချပ်က ပိတ်မရလို့ ဘေးကိုတွဲကျနေသည် ။ တင်သောင်းရဲ့ မယား အလောင်းကိုယူဖို့လာတာဟာ သားပေါက်ကြက်မကြီး အီးပါရင်း လမ်းလျှောက် သလို အိပဲ့အိပဲ့ ဖြစ်လာသည် ။
အသုဘမြေမြှုပ်ပြီးလို့ သုသာန်ကပြန်အထွက်မှာ ဗွက်နစ်နေသည့် နိဗ္ဗာန် ယာဉ်ကို ဝိုင်းတွန်းကြသည် ။ ဗွက်နစ်ပြီးတော့ စက်ပျက်ပြန်သည် ။ တွန်းနှိုးကြသည် ။ စက်ကမနိုး ၊ အသုဘလိုက်ပို့သူတွေ အားလုံးလောက်နီးပါး ပြန်သွားကြ သော်လည်း တင်သောင်းနှင့် ကိုအဏ္ဏဝါတို့ ဘော်ဒါတစ်စုသာ နိဗ္ဗာန်ယာဉ် တွန်းရန် ကျန်နေခဲ့ကြသည် ။ စက်နိုးတယ်ဆိုရင်ပဲ ယာဉ်မောင်းဆရာက ကိုအဏ္ဏဝါ တို့လူစုကို ကားပေါ်တက်လိုက်ခဲ့ကြပါလားလို့ လောကွတ် လုပ်သည့်အနေဖြင့် ပြောသည် ။ လမ်းလျှောက်ရမှာ ပျင်းသည့် ကိုအဏ္ဏဝါတို့ကလည်း နိဗ္ဗာန်ယာဉ် ပေါ်တက်ပြီး စီးလိုက်ခဲ့ကြသည် ။
ကဲ ... ဂုရုကြီး ၊ ခင်ဗျား စီးဖူးခဲ့တဲ့ ယာဉ်တွေထဲမှာ နိဗ္ဗာန်ယာဉ်ပါသလား ၊ ပြန်စဉ်းစားပြီး ပြိုင်ပွဲရဲ့ အနိုင်အရှုံးကို ဆုံးဖြတ်ပေတော့ ။ အနိုင်မခံ အရှုံးမပေး ချင်ဘူးဆိုရင်တော့ စီးဖူးတယ်ရှိအောင် ကြိုးစားပေါ့ဗျာ ။
⎕ အဏ္ဏဝါစိုးမိုး
📖 ရွှေမြင်သာဂျာနယ်
အတွဲ ( ၄ ) ၊ အမှတ် ( ၈ )
၁၁ ရက် ၊ နိုဝင်ဘာလ ၊ ၂၀၀၃ ခုနှစ် ။
.
No comments:
Post a Comment