❝ ပြည့်အောင် စောင့်မနေနဲ့ လိုတာ ဖြည့်ပြီး လုပ်လိုက်ပါ ❞
“ အစ်ကိုကြီး ဘယ်လိုလဲ ဝယ် ဖြစ်မှာလား ”
“ မဟပ်မိဘဲ ဖြစ်နေလို့ ငါ လဲ ဘယ်လို ကြံရမှန်း မသိ ဖြစ်နေတယ်ကွာ ”
၂၀၀၅ ခုနှစ် ဒီဇင်ဘာလ၂၆ ရက်နေ့ ခင်ဗျာ့ ။ ကျွန်တော့် မိတ်ဆွေကြီး ဦးတင်မောင် နဲ့ ကျွန်တော် ဈေး နားလေး က လက်ဖက်ရည်ဆိုင် မှာ ။
သူ့ ရဲ့ လက်ရှိ နေအိမ် က လမ်းကျဉ်းကလေး ထဲ မှာ ။ အဲဒါ သူ က လမ်းမတန်း ပေါ် တက်ချင်တယ် ။ သူ လိုချင်တဲ့ အနေအထား ကို တွေ့ နေပြီ ၊ ရန်ကုန် မန္တလေး သွား ကားလမ်းမကြီး ပေါ် မှာ ၊ ကျွန်တော်တို့ အောင်လံမြို့ကလေး ရဲ့ အလယ်ခေါင် ။ သူ့ အကြိုက် အရှေ့ဘက် မျက်နှာပြု ခင်ဗျာ့ ။
အရမ်း ကြိုက်နေတယ် ။ ဈေး က လည်း တန် နေတယ် ။ ဒါပေမဲ့ သူ့ လက် ထဲ ရှိ ငွေ နဲ့ ဟပ် ကြည့်တော့ မမီတမီ ဖြစ်နေတယ်ဗျာ ။
ပေး ရမယ့် တန်ဖိုး က သိန်း ၂၀၀ ပြူပြူလေးပါ ။ သူ့ မှာ ရှိတာ က ၁၅၀ ၀န်းကျင် ဆိုတော့ ။
“ အဲဒါကွာ ငါ ”
သူ မချင့်မရဲကြီး ဖြစ်နေတယ် ။
“ ခက်တယ်ဗျာ ၊ အရောင်းအဝယ် ဆိုတာ အရောင်း ရှိတုန်း ၊ ရောင်း နေတုန်း ဝယ်ရတာ ဗျာ့ ၊ ကိုယ် က ဘယ်လောက်ပဲ ကြိုက် နေပေမဲ့ တစ်ဖက် လူ က မရောင်းချင်ဘူး ဆိုရင် ဘာတတ်နိုင်မလဲ ဗျာ ၊ မရောင်းချင်တာ ၊ မရောင်း သေးတာကြီး ကို ရောင်းပါ ၊ ရောင်းပါ သွား ပြောကြည့်ပါလား ၊ တီး မလွှတ်လိုက်ရင် ကံကောင်းပဲ ”
“ အဲဒါ ဘယ်လို လုပ်ရမလဲဟ ချမ်းသာလေး ရ လုပ်စမ်းပါဦး ”
သူ ခေါင်းကို တဖျဉ်းဖျဉ်း ကုတ် နေတယ် ။ ယားလို့ မဟုတ်ဘူး ၊ အကြံများ ထွက် မလားလို့ ။
“ တစ်နှစ် လောက် ထပ် ရှာ လိုက်ရင်တော့ကွာ ”
“ ဟာ အစ်ကိုကြီး သူ က အခု ရောင်းပါမယ် လို့ ပြောနေတာ ၊ ရှေ့ နှစ် ကျမှ လို့ ပြောတာ မဟုတ်ဘူး ၊ အခု ရောင်း နေတာ ၊ အစ်ကိုကြီး နဲ့ မတည့်လဲ တစ်ယောက်ယောက် နဲ့ တည့်မှာပဲ ”
“ ဒီလိုဆို ”
“ လွယ်ပါတယ် အစ်ကိုကြီး ရာ လိုတဲ့ ငွေ အတိုး နဲ့ ဆွဲပြီး ဖြည့်ထည့်လိုက်ပေါ့ ”
“ ဟ အတိုး ပေးရမှာ ပေါ့ကွာ ”
“ ဒါဆိုရင်တော့ အစ်ကိုကြီး သဘောပဲ ”
••••• ••••• •••••
“ ဟယ်လို အယ် ဘယ်သူလဲ ပြော”
“ ကျွန်မ မချို လေ ”
“ ဟဲ့ မချိုတွေ က အများကြီး ”
“ ပဲခူး က ဦးလေး တူမ မချို ပါ ”
“ အေး ပြော ”
“ ဟို အောင်လံ က ကျွန်မတို့ အိမ် ရောင်းဖို့ ပြောထားတာ ”
“ အင်း ”
“ ကျွန်မ က ခုနစ်ဆယ် ခေါ်ထားတယ် ၊ အဲဒါ ဝယ်မယ့် လူ က ၅၀ ပဲ ပေးနေတယ် ၊ အဲဒါ ဦးလေး ကျွန်မ ဘယ်လို လုပ်ရမလဲဟင် ၊ ငါးဆယ် ဆိုတော့ ကွာလွန်း နေလားလို့ ”
“ အေး အေး ငါ ဘေး ကို စုံစမ်း ကြည့်လိုက်ဦးမယ် ၊ ပေါက်ဈေး အနေအထား ”
ဒါက ပြီးခဲ့တဲ့ နိုဝင်ဘာလ ထဲ က ပဲခူး မှာ နေတဲ့ တူမ နဲ့ ပြောဖြစ် ကြတဲ့ စကားတွေ ခင်ဗျာ ။ မချို မှာ က အောင်လံ မှာ အိမ် တစ်လုံး ရှိတယ် ။ ပဲခူး မှာ တိုက်တစ်လုံး ပေါချောင်ကောင်း ရ လို့ ဝယ်လိုက်တော့ အောင်လံ အိမ် က ပိုနေတယ် ။ ဒါကြောင့် ပြန် ရောင်းပစ်မှာ ဗျာ ။
ဒါနဲ့ ကျွန်တော် စုံစမ်းကြည့် ။ အမှန်ပဲ ခင်ဗျာ့ အလားတူ အိမ်တွေ ဟာ လေးဆယ်ငါးဆယ် လောက် ပဲ ပေါက်တယ် ။ ဒါဆို မချို လိုချင် တဲ့ ဈေး မပေါက်ပါ ခင်ဗျာ ။
သို့နှင့် ဖုန်း ပြန်ဆက် ။
“ ဟေး သမီး မချို လား မောင်ချမ်းသာ ပါ ”
“ ဟုတ်ကဲ့ ဦးလေး ”
“ ငါ လေ့လာစုံစမ်း ကြည့်ပြီးပြီ ဟ ၊ အဲဒီ ပတ်ဝန်းကျင် မှာ အဲဒီ လောက်ပဲ ပေါက်တယ်ဟ ၊ မကြာခင် က တည့်သွားတဲ့ အိမ် ဟာ ၄၈ ပဲ ရတယ်ဟ ”
“ ဦးလေးရယ် ငါးဆယ် ဆိုတော့ နည်းနေမလားလို့ ”
“ ဟုတ်တော့ ဟုတ်ပါတယ် ၊ ဒါပေမဲ့ မဟုတ်ဘူး ၊ အခု ညည်းတို့ အိမ် ကို ဝယ်သူ က ငါးဆယ် ပေးနေတယ် နော် ငါ့ သဘော သာ ဆိုရင် တော့ ရောင်းပစ်လိုက်မှာပဲ သိလား ။ ဘာကြောင့်လဲဆို ”
“ ပြောပါဦး ဦးလေး ”
“ ဝယ်သူ မျက်စိကျ နေတုန်း ၊ သူ ဝယ်ချင်စိတ် ရှိနေတုန်း ရောင်း ပစ်လိုက်ရတော့ လွယ်တာပေါ့ဟ ၊ ဝယ်သူ က စိတ်တစ်မျိုး ပြောင်းသွားပြီး မဝယ်ချင်တော့ပါဘူး ၊ စိတ် မဝင်စားတော့ပါဘူး ဆိုမှ ညည်း က ရောင်းချင်ပါတယ် ၊ ရောင်းချင်ပါတယ် ၊ ငါးဆယ် နဲ့ ယူပါတော့ လို့ ပြောလဲ လှည့်ကြည့်မှာ မဟုတ်တော့ဘူး ၊ ဝယ်လို့ ဝယ်တောင် မှ ၄ဝ ၊ ၄၅ လောက် ပဲ ပေးတော့မှာ သူ က အပေါ်စီး ရသွားပြီလေ ”
“ ဦးလေးရယ် သမီးတော့ ခေါင်းခြောက် နေပြီ ”
“ လွယ်လွယ်လေးပါ ငါ့ တူမ ရယ် ၊ ညည်း က ခုနစ်ဆယ် လိုချင်တယ် မဟုတ်လား ၊ ခုနစ်ဆယ် ရ
တဲ့ နည်း ငါ ပြောမယ် ၊ အခု ငါးဆယ် နဲ့ ရောင်းလိုက်ရော ၊ ငါးဆယ် ညည်း လက်ထဲ ရောက်လာပြီး အဲဒါ ငါးဆယ် ကို လေးကျပ်တိုး နဲ့ ချေးထား လိုက် ၊ တစ်လ ကို အတိုး နှစ်သိန် ၊ မရပေဘူးလား ။ တစ်နှစ် တောင် မစောင့်ရဘူး ။ ညည်း ငွေငါးဆယ် ဟာ ခုနစ်ဆယ် ဖြစ်သွားမှာ ၊ ညည်း လိုချင်နေတဲ့ ခုနစ်ဆယ် နောက် တစ်နှစ် အကြာမှာ ရပါမယ်လို့ ဘယ်သူ က အာမခံသလဲ ”
“ လေးကျပ်တိုး နဲ့ ယူတဲ့ လူတွေ ရှိတယ်လား ”
“ ခက် လိုက်ပါဘိ မိချို ရယ် ၊ အေး အခု ငါ ပြောနေတာ က ညည်း အိမ် ကို ရောင်းလိုက်ပါ လို့ ပြောတာ မဟုတ်ဘူး ။ နည်းလမ်း ကို သာ ချပြတာ ”
“ ဟုတ် ဦးလေး ကျေးဇူးပဲ ”
သို့ဖြင့် မိချို သူ့ အိမ် ကို ရောင်းပစ်လိုက်လေ၏ ။
“ ဖြည့်ယူမယ် ဦးလေး ”
“ အေးဟယ် ကောင်းပါလေ့ ”
ကျွန်တော် မောင်ချမ်းသာ ကား ထိုနည်း ကို အမြဲ အသုံးပြုလေ့ ရှိပါ၏ ။
⎕ မောင်ချမ်းသာ
📖 ကုမုဒြာ ဂျာနယ်
၂၀ ဇန်နဝါရိလ ၂၀၀၆
.
No comments:
Post a Comment