Monday, November 4, 2024

ဘီလူးကြီး ၏ နှလုံးသား


 ❝ ဘီလူးကြီး ၏ နှလုံးသား ❞

        ( ပုံပြင် )


တရံရောအခါ ဘုရင်ကြီး တစ်ပါး ၌ သားတော် ခုနစ်ပါး ထွန်းကား၏ ။ သားတော် အကြီး ခြောက်ပါး မှာ အရွယ် သို့ ရောက်လျှင် ရောက်ချင်း အလှဆုံးသော သတို့သမီး ခြောက်ပါး အား ရရှိရန် တိုင်းပြည် မှ ထွက်ခွာ သွားကြ၏ ။ အငယ်ဆုံး သားတော် တစ်ပါး သာလျှင် နေပြည်တော် တွင် ကျန်ရစ်လေ၏ ။


သားတော် အကြီး ခြောက်ပါး သည် အတိုင်းတိုင်း အပြည်ပြည် သို့ ရောက်ရှိကြ၍ မြောက်များစွာသော မင်းသမီးများ ကို တွေ့ကြသော်လည်း နှစ်သက်ခြင်း မဖြစ်ကြပေ ။ နောက်ဆုံးတွင် သမီးတော် ခြောက်ပါး ရှိသော ဘုရင်ကြီး တစ်ပါး ၏ တိုင်းပြည်သို့ ရောက်ရှိ သွားကြ၏ ။ မင်းသား ခြောက်ပါး မှာ ထိုမျှလောက် ချောမော လှပသည့် မင်းသမီးများ ကို မတွေ့ဘူးကြချေ ။ ထို မင်းသမီးများ အား အလွန် နှစ်သက်ကြသောကြောင့် ဘုရင်ကြီး ထံ ဝင်ရောက်၍ လက်ထပ်ရန် ခွင့်ပန်ကြ လေသည် ။ ဘုရင်ကြီး လည်း မင်းသားတို့ အား ဘုန်းတော်ကြီးလှသော ဘုရင် တစ်ပါး ၏ သားတော်များ ဖြစ်ကြောင်း သိရှိရ သောကြောင့် ၎င်း ၏ သမီးတော်များ နှင့် လက်ထပ် ထိမ်းမြားခြင်း ပြုလေ၏ ။


လက်ထပ်ထိမ်းမြား ပြီးနောက် မင်းသား ခြောက်ပါး နှင့် မင်းသမီး ခြောက်ပါး တို့ သည် ဘုရင်ကြီး ၏ တိုင်းပြည် မှ ထွက်ခွာခဲ့ကြလေ၏ ။ မင်းသား ခြောက်ပါး သည် ၎င်းတို့ ၏ ဇနီးသည် များ မည်မျှ ချောမောလှပသည် ကို ခမည်းတော် အား ပြသရန် သူတို့ ၏ တိုင်းပြည် သို့ ထွက်ခွာ ခဲ့ကြခြင်း ဖြစ်သည် ။ သို့ရာတွင် သူတို့ ပြန်လမ်း တွင် ကျောက်တောင်ကြီး တစ်တောင် ကို တွေ့ရ၏ ။ ထို ကျောက်တောင်ကြီး မှာ ဘီလူးကြီး တစ်ကောင် နေထိုင် လေသည် ။ ထို ကျောက်တောင်ကြီး ပေါ် သို့ မင်းသား မင်းသမီးများ ဖြတ်သန်း သွားကြသော အခါ ဘီလူးကြီး သည် အမျက် ပြင်းစွာ ထွက်လျက် ကျောက်တောင်ကြီး ၏ ဂူတွင်း မှ ထွက်လာ၏ ။


ဘီလူးကြီး သည် မင်းသားမင်းသမီး တို့ ကို တွေ့လျှင် ဒေါသ မချုပ်တည်း နိုင်ဘဲ “ သင် တို့ သည် ငါ ၏ ပိုင်နက်အား အခွင့် မတောင်းဘဲ ကျူးကျော် ဖြတ်သန်းသူများဖြစ်ကြ၍ သင်တို့ အား ချက်ချင်း ဒဏ်ခတ်အံ့ ” ဟု ကြုံးဝါး ပြီးလျှင် ဘွဲ့ဖြူလက်နက် ဖြင့် ပစ်ခတ်၏ ။ ထိုအခါ မင်းသား မင်းသမီး အားလုံး ကျောက်ရုပ်များ ဖြစ်ကုန်ကြလေသည် ။


၎င်းတို့ ၏ ခမည်းတော် ဘုရင်ကြီး မှာ သားတော်များ ၏ ကျောက်ရုပ် ဖြစ်ခြင်း အကြောင်း ကို လုံးဝ မသိရှာပေ ။ အငယ်ဆုံး သားတော်လေး အရွယ် သို့ ရောက်လာသည့် တိုင် အောင် တစ်နေ့ ရောက်နိုး တစ်နေ့ ရောက်နိုး နှင့် စောင့်စားလျက်ပင် ရှိ၏ ။ ထိုအခါ အငယ်ဆုံး သားတော်ငယ် သည် အချိန်တန် ၍ ပြန်ရောက် မလာကြသည့် ၎င်း ၏ နောင်တော်များ အား အရှာ ထွက်ရန် ဖခင် ဘုရင်ကြီး ထံ ပူဆာ၏ ။ သို့ရာတွင် ဘုရင်ကြီး က နောင်တော်ကြီးများ ကဲ့သို့ ပြန် မလာဘဲ နေမည် စိုးသောကြောင့် ခွင့် မပြုဘဲ နေလေသည် ။ နောက်ဆုံး မင်းသားကလေး က အလျှော့ မပေးဘဲ ဇွတ်အတင်း ပူဆာသော အခါ ဖခင်ဘုရင်ကြီး သည် နောင်တော်များ ကဲ့သို့ ပြန်မလာဘဲ မနေရန် အထပ်ထပ် မှာကြား၍ မင်းသားလေး ၏ အလိုအတိုင်း သဘောတူ လိုက်ရ လေ၏ ။ ခမည်းတော် ခွင့်ပြုချက် ရလျှင် ရချင်းပင် တွေ့ရာ မြင်း ကို စီး၍ နန်းတော် မှ အလျင်အမြန် ထွက်ခွာခဲ့ရာ မင်းသားလေး စီးသည့် မြင်းမှာ မြင်းကျိုးကြီး တစ်ကောင် ဖြစ်၍ နေလေသည် ။ သို့ရာတွင် မင်းသားလေးသည် ထို မြင်းကျိုးကြီး ကို ပင် စီးလျက် ဆက်လက် ထွက်ခွာလေ၏ ။


နန်းတော် နှင့် အတော် လှမ်း၍ တောအုပ်ကြီး တစ်အုပ် ၏ အဝင်ဝ သို့ ရောက်လျှင် အစာပြတ် ၍ လဲနေသော ဝံပုလွေကြီး တစ်ကောင် အား တွေ့လေသည် ။ ဝံပုလွေ သည် အားအင် ကြုံလှီသည့် အသံ ဖြင့် မင်းသား အား အစားအသောက် ပေးရန် တောင်းခံ၏ ။ ထိုအခါ မင်းသားကလေး က သနားသဖြင့် ဝံပုလွေ အား အစားအစာ ကျွေးမွေး၏ ။


အစားအစာ စားသောက် ပြီးသော ဝံပုလွေ သည် အလွန့်အလွန် အားအင် သန်မာလျက် မင်းသားကလေး အား သူ့ ကျော ပေါ်သို့ တက်စေ ပြီးလျှင် မင်းသားကလေး ညွှန်ပြသည့် လိုရာ ခရီး သို့ တဟုန်တည်း ပြေးလွှား လေ၏ ။ ဝံပုလွေ သည် အပြေးသန်လှသည် ဖြစ်ရာ မင်းသား ကလေး တစ်သက် နှင့် တစ်ကိုယ် တွင် ထိုမျှလောက် လျင်မြန်သည့် အရာကို တစ်ခါဖူးမျှ မစီးဖူးခဲ့ ပေ ။ ဤသို့ ဝံပုလွေ ပြေးနေစဉ် အတွင်း မှာ ပင် မင်းသားလေး သည် နန်းတော် မှ ထွက်ခွာ လာရသည့် အကြောင်း ကို ဝံပုလွေ အား ပြောကြားလျက် “ သင် သည် ကျွန်ုပ် ၏ နောင်တော် ခြောက်ပါး အကြောင်း ကို တစ်စုံတစ်ရာ သိပါသလော ” ဟု မေးမြန်းစုံစမ်း လေသည် ။


ထိုအခါ ဝံပုလွေ သည် မင်းသားလေး ၏ နောင်တော်များ အကြောင်း ကို ကောင်းစွာ သိကြောင်း နှင့် ကျောက်ရုပ်များ ဖြစ်လျက် ရှိကြောင်း ကိုပါ ဖြေကြားလျက် ထိုနေရာ သို့ အပြင်း ပြေးလွှား လေ၏ ။ ကျောက်တောင်ကြီး သို့ ရောက်ကြ၍ နောင်တော်များ နှင့် ၎င်းတို့ ၏ ဇနီးသည် များ ၏ ကျောက်ရုပ်များ ကို မင်းသားကလေး တွေ့ရသော အခါ တုန်လှုပ်ချောက်ချားခြင်း ဖြစ်လေ၏ ။


“ အို ... အသင်မင်းသား ၊ မကြောက်လင့် ၊ ဤ အပေါက် မှ ဂူ အတွင်း သို့ ဝင်ရောက်ပါ ၊ ဂူ အတွင်း ၌ မင်းသမီးလေး တစ်ပါး ကို တွေ့ရှိပါလိမ့်မည် ၊ ထို မင်းသမီးကလေး သည် သင့် အား အကူအညီ ပေးနိုင်ပါလိမ့်မည် ထင်ပါသည် ” 


ဝံပုလွေ သည် ဤသို့ ပြောကြား ပြီးလျှင် မင်းသားကလေး အား ဂူပေါက်ဝ သို့ ညွှန်ပြ လေ၏ ။


မင်းသားလေး သည် ဝံပုလွေ ညွှန်ပြသည့် ဂူပေါက်ဝ မှ လိုဏ်ဂူ အတွင်း သို့ ဝင်ရောက် ခဲ့၏ ။ သို့ရာတွင် သူသည် အလွန် ကြောက်လန့်လျက် ရှိသည် ။ မင်းသားကလေး သာ မဟုတ် ၊ ညီလေး ညီမလေး တို့လည်း ဘီလူးကြီး ၏ လိုဏ်ခေါင်း အတွင်း သို့ ဝင်ရောက် ရသော် မင်းသားကလေး ကဲ့သို့ပင် ကြောက်လန့်ခြင်း ဖြစ်ကြမည် မဟုတ်ပါလား ။


အတွင်းသို့ ရောက်သော အခါ မင်းသားကလေး သည် ဘီလူးကြီး အား မတွေ့ရချေ ။ ထိုအချိန် တွင် ဘီလူးကြီး သည် အပြင် သို့ ထွက်၍ လည်ပတ်လျက် ရှိသည် ။ ဂူ အတွင်း ၌ အခန်းပေါင်း များစွာ ရှိသည့် အနက် အခန်း တစ်ခန်း တွင် တစ်ပါးတည်း သော မင်းသမီးကလေး အား တွေ့ရှိလေသည် ။ မင်းသားကလေး မှာ ထိုမျှလောက် ချောမောလှပသည့် မင်းသမီးကလေး ကို ဘယ်အခါ က မျှ မတွေ့ဖူးခဲ့ပေ ။


မင်းသမီးကလေး သည် မင်းသားကလေး အား မြင်သောအခါ “ အလို ... ဘုရားရေ ၊ ကယ်ပါ ၊ သင်သည် ဤအထဲ သို့ အဘယ်ကြောင့် ဝင်ရောက်လာသနည်း ။ သင် သည် မုချ သေရလိမ့်မည် ၊ ဤ ဂူ ကို ပိုင်ဆိုင်သည့် ဘီလူးကြီး ကား မည်သည့် သူ မျှ မသ,တ်ဖြတ်နိုင်ပါ ၊ သူ့ မှာ အသက် ထည့်ထားသည့် နှလုံးသား အား လုံခြုံသော နေရာ တစ်နေရာတွင် လျှို့ဝှက် ထားပါသည် ” 


ဤသို့ ပြောပြီးလျှင် ဘီလူးကြီး လာချိန် နီးပြီ ဖြစ်သောကြောင့် မင်းသားကလေး အား ၎င်း ၏ အိပ်ရာ သလွန် အောက် တွင် လုံခြုံစွာ ဝှက်ထား လိုက်လေ၏ ။


များမကြာမီ ဘီလူးကြီး လည်း ဝင်ရောက်လာ၏ ။ မင်းသမီးကလေး သည် ဘီလူးကြီး အား ညစာ ပြင်ဆင် ကျွေးမွေး၏ ။ အစာ ဝသော ဘီလူးကြီး သည် အလွန် စည်းစိမ်ကြီး လျက် စိတ်ကောင်း ဝင် နေလေပြီ ။


“ အရှင် ဘီလူးမင်း ၊ ကျွန်မ အား ခွင့်ပြုပါလျှင် သင့် အား ကျွန်ုပ် မေးလိုသော အရာ ရှိပါသည် ၊ ခွင့်ပြုပါမည်လား ရှင် ”


“ သင် မေးလိုသော အရာသည် မည်သည့် အရာနည်း ၊ မေးလို က မေးတော့ ၊ ကျွန်ုပ် ခွင့်ပြု၏ ”


ဟု ဘီလူးကြီး သည် မင်းသမီးကလေး အား ခွင့်ပြုလိုက်၏ ။


“ အခြား မဟုတ်ပါ ၊ အရှင် ၏ နှလုံးသား ကို အရှင် ဘယ် အရပ် မှာ သိမ်းဆည်းထားပါသနည်း ”


မင်းသမီးကလေး သည် အားတက်ရွှင်လန်းစွာ မေး၏ ။


“ အား ... ဤအရာ ကို သင် မေးရန် မဟုတ်သည် ကို သင် သိပါ၏လော ၊ သို့ရာတွင် သင် သိလိုလျှင် ကျွန်ုပ် ပြောအံ့ ၊ ကျွန်ုပ် ၏ နှလုံးသား ကို ကျွန်ုပ်သည် ဗီရိုကြီး အပေါ် တွင် ထားရှိပါသည် ” 


ဟု ဘီလူးကြီး သည် ရယ်မော ပြောကြား ပြီးနောက် အိပ်ရာ ထဲ သို့ ဝင်ရောက် သွားလေ၏ ။ 


နောက် တစ်နေ့ နံနက် တွင် ဘီလူးကြီး သည် ခါတိုင်း ကဲ့သို့ပင် အစောကြီး အိပ်ရာ မှ ထ၍ အပြင် သို့ ထွက်ခွာ သွားလေသည် ။ ဘီလူးကြီး ထွက်ခွာ သွားလျှင် သွားခြင်းပင် မင်းသားလေး နှင့် မင်းသမီးလေး တို့သည် ဗီရိုကြီး ၏ အပေါ် တွင် ဘီလူးကြီး ၏ နှလုံးသား ကို အတန်တန် ရှာဖွေကြ လေသည် ။ သို့ရာတွင် ဘီလူးကြီး ၏ နှလုံးသား ကို မတွေ့ကြပေ ။


“ ဘီလူးကြီး သည် သင့် အား အမှန် အတိုင်း မပြောကြားခဲ့ပေ ။ နောက်ထပ် မေးဦးလော့ ”


မင်းသားကလေး သည် မင်းသမီးကလေး အား ပြောကြားပြန်လေသည် ။


“ ကောင်းပါပြီ ” ဟု ဆိုလျက် မင်းသမီးလေး သည် အလှပဆုံး နှင့် အမွှေးကြိုင်ဆုံးသော ပန်းပွင့်များ ကို ဆွတ်ခူးလျက် ဗီရိုကြီး ၏ တစ်ဝိုက် တွင် ဖြန့်ခင်း၍ ထားလိုက်၏ ။


ဘီလူးကြီး ပြန် မရောက် လာမီ မင်းသားကလေး သည် ယခင် အတိုင်း ပြန်လည်၍ ပုန်းအောင်း နေလေ၏ ။ ဘီလူးကြီး ရောက်၍ ဖြန့်ခင်း ထားသည့် ပန်းများ ကို တွေ့လျှင် မည်သူ ထား သနည်း ဟု မေး၏ ။


“ အို ... အရှင် ဘီလူးမင်း ၊ ကျွန်ုပ် သည် အရှင့် အား အလွန် ကြင်နာလှပါသည် ၊ အရှင့် အား ကြင်နာလှ၍ အရှင် ၏ နှလုံးသား ရှိသော ဗီရို တစ်ဝိုက် တွင် ဤ ပန်းများ ကို ဖြန့်ခင်း၍ အရှင့် နှလုံးသား အား ရွှင်လန်းစေပါသည် ” 


ဟု မင်းသမီးကလေး သည် ချစ်ဖွယ်သော စကား ဖြင့် ဖြေ ဆို လေ၏ ။


“ အလို .. သင် ကား ဘာမျှ အဓိပ္ပာယ် မရှိသည့် မိန်းကလေး ပါလား ၊ အမှန်မှာ ဤ ဗီရိုကြီး ပေါ်တွင် ကျွန်ုပ် ၏ နှလုံးသား လည်း မရှိပါ ၊ ကျွန်ုပ် လည်း မထားခဲ့ပါ ၊ ဘယ်မှာ ဝှက်ထားသည် ကို လည်း ကျွန်ုပ် ပြောနိုင်လိမ့်မည် မဟုတ်ပါ ” 


ဘီလူးကြီး သည် ဤသို့ ပြောဆို၍ မင်းသမီးကလေး  အား သရော်ကျီစယ်လေ၏ ။ သို့တိုင် မင်းသမီးကလေး သည် အလျှော့ မပေးချေ ။ ဘီလူးကြီး အား ပွတ်သီးပွတ်သပ် ပြု၍ မရမက အတင်း မေးလေ၏ ။ နောက်ဆုံး တွင် ဘီလူးကြီး သည် မထီတရီ ပြုလျက် မင်းသမီးကလေး အား အောက်ပါအတိုင်း ပြောကြားလေ၏ ။


“ ဟို အလွန် ဝေးသော နေရာ တစ်နေရာ တွင် ရေကန်ကြီး တစ်ကန် ရှိ၏ ။ ထို ရေကန် ကြီး ၏ အလယ် တွင် ကျွန်းကြီး တစ်ကျွန်း ရှိ၏ ။ ထို ကျွန်းကြီး ၏ အပေါ် တွင် လှပသော ဗိမာန် တစ်ခု ရှိ၏ ။ ဗိမာန် အလယ် တွင် ရေတွင်း တစ်တွင်း ရှိ၍ ထို ရေတွင်း ထဲ ၌ ဝမ်းဘဲ တစ်ကောင် ရှိ၏ ။ ထို ဝမ်းဘဲ တွင် ဥ တစ်လုံး ရှိသည် ။ ထို ဥ ထဲ တွင် ကျွန်ုပ် သည် ကျွန်ုပ် ၏ နှလုံးသား ကို ထည့် ထားပါသည် ”


ဘီလူးကြီး လည်း ပြောကြား ပြီးလျှင် အိပ်ရာ ဝင်၏ ။


နောက် တစ်နေ့ နံနက် ဘီလူးကြီး ထွက်ခွာ သွားလျှင် သွားချင်း မင်သားကလေး သည် ဘီလူးကြီး ၏ နှလုံးသား ရှိသည့် နေရာ ကို မင်းသမီးကလေး ထံ မှ သိရှိရ သဖြင့် လိုဏ်ဂူ ၏ အပြင်ဘက် သို့ အလျင်အမြန် ထွက်ခဲ့၏ ။ အပေါက်ဝ တွင် ထိုင် စောင့်လျက် ရှိသည့် ဝံပုလွေ အား တွေ့ ရှိလျှင် ဂူအတွင်း ၌ ဖြစ်ပျက်သမျှ အကြောင်းစုံ ကို ဝံပုလွေ အား ပြောကြားပြီးလျှင် ဝံပုလွေ အား ဘီလူးကြီး နှလုံးသား ရှိရာ ကန်ကြီး သို့ ပို့ခိုင်း၏ ။


လယ်တော နှင့် သစ်တော အချို့ ကို ဖြတ်သန်း သွားကြပြီး နောက် ဝံပုလွေ နှင့် မင်းသားကလေး တို့ သည် ကန်ကြီး သို့ ရောက် ကြ၏ ။ ဝံပုလွေ သည် ရေကန်ကြီး ကို ဖြတ်ကူး၍ မင်းသား ကလေး အား ရေကန် အလယ် မှ ကျွန်းကြီး သို့ ပို့ပေး၏ ။ ကျွန်းကြီး အထက် ရှိ ဗိမာန် အလယ် တွင် ရေတွင်း တစ်တွင်း တွေ့၍ ထို ရေတွင်း ထဲ ၌ ဝမ်းဘဲ တစ်ကောင် သည် ပျော်ရွှင်မြူးထူး ၍ ဟိုမှ သည်မှ ကူးသန်းလျက် ရှိ၏ ။


ဝမ်းဘဲလေး ကို တွေ့လျှင် တွေ့ချင်း ပင် မင်းသားကလေး သည် ထို ဝမ်းဘဲ အား ချက်ချင်း ဖမ်း လိုက်၏ ။ ထိုသို့ ဖမ်းလိုက်စဉ် ပင် ဝမ်းဘဲ သည် ဥတစ်လုံး ကို ဥ လိုက်ရာ ကံအားလျော်စွာ ပင် ထို ဝမ်းဘဲဥ ရေ ထဲ သို့ ကျ မသွားမီ မင်းသားကလေး သည် ကပျာကယာ ဖမ်းယူ လိုက်နိုင်၏ ။ ထို ဝမ်းဘဲဥ သည် အခြား ဝမ်းဘဲဥများ ကဲ့သို့ အပေါ်ယံခွံ မှာ မာ၍ မနေဘဲဥ တစ်လုံးလုံး ပင် ပျော့စိ ပျော့စိ ဖြစ် နေလေသည် ။


ဝံပုလွေ သည် ထို ဥ အား ဖိညှစ်ရန် မင်းသားကလေး အား ပြောဆိုလေသည် ။ မင်းသားကလေး လည်း ဝံပုလွေ ဆိုသည့် အတိုင်း ပြု၏ ။ ထိုသို့ ညှစ်စဉ် ဘီလူးကြီး သည် နာကျင်လွန်းလှ ၍ အော်ဟစ် ရောက်လာ ပြီးလျှင် မင်းသားကလေး အား သူ့ အသက် ကို ချမ်းသာပေးရန် တောင်းပန်၏ ။ ထိုအခါ မင်းသားကလေး သည် ၎င်း နောင်တော် နှင့် မရီးတော် ၏ ကျောက်ရုပ်များ ကို လူ ဖြစ်အောင် ဘီလူးကြီး အား စေခိုင်း၏ ။ ဘီလူးကြီး လည်း မင်းသားလေး စေခိုင်းသည့် အတိုင်း ဆောင်ရွက်ရာ နောင်တော် နှင့် မရီးတော် တို့ အားလုံး မှာ ကျောက်ရုပ် မှ လူ ပြန်ဖြစ်လာကြ၏ ။


သို့ရာတွင် မင်းသားကလေး သည် ဘီလူးကြီး အား ချမ်းသာ မပေးပေ ။ လက်တွင်း ရှိ ဥ ကို ဖိညှစ်၍ ခွဲ လိုက်ရာ ဘီလူးကြီး လည်း နှလုံးကွဲ ၍ သေလေ၏ ။ ထို့နောက် မင်းသားကလေး သည် လိုဏ်ဂူ အတွင်း မှ ချစ်သူ မင်းသမီးကလေး အား ပြန်လည် ခေါ်ဆောင်၍ နောင်တော် ၊ မရီး တော်များ နှင့် အတူ တိုင်းပြည် သို့ ပြန်ခဲ့ကြ လေ၏ ။ တိုင်းပြည် သို့ ပြန် ရောက်ကြသော အခါ ဘုရင်ကြီး လည်း အားရ ရွှင်လန်းလျက် သမီးတော် ၊ သားတော်များ နှင့် အသက်ထက်ဆုံး ပျော်ရွှင်စွာ နေထိုင်ကြလေ၏ ။


☐ ကိုကြီးမြင့်သိန်း


📖 ရှုမဝ မဂ္ဂဇင်း

      ၁၉၆၂ ၊ အောက်တိုဘာ


.

No comments:

Post a Comment