Tuesday, May 9, 2023

မွေးစားသမီး ( ၁ )


 

❝ မွေးစားသမီး ❞

အခန်း ( ၁ ) နိုင်ဝင်းထွန်း

ကေသီတာ သည် မုန့်ကြာစေ့ အရွယ် လုံး ထားသော ငါးဖယ်လုံးကလေး များ ကို ခပ်ပျစ်ပျစ် ဖျော် ထားသော ဂျူံမှုံရည် ထဲ သို့ ညင်သာစွာ ထည့်သည် ။ မီး မျှင်းမျှင်းကလေး သာ ပေး ထားသော ဂက်စ် မီးဖို ပေါ် တွင် ရှိသော ဒယ်အိုး မှာ ဆီဥကလေးတွေ ဥ နေပြီ ဖြစ်သည် ။ ဒယ်အိုး တွင် ကပ် နေသော ဆီဥကလေး သုံးလေးဥ အပေါ် သို့ တက်လာသည် ။

ကေသီတာ က ပြုံးပြီး ဂျူံမှုန့် နှင့် စိမ် ထားသော ငါးဖယ်လုံးကလေးများ ကို တစ်လုံးချင်း အသေအချာ ထည့်သည် ။ အားလုံး ပြုံ ထည့်လိုက် လျှင် ပူးကပ် သွားမှာ စိုး၍ ဖြစ်သည် ။ ဒယ်အိုး ထဲ မှာ စီစီရီရီ ရှိနေသော ငါးဖယ်လုံးကလေးများ ကို ကြည့်ရင်း ကေသီတာ ပျော်ရွှင် ကျေနပ် နေမိသည် ။

ကေသီတာ့ ကို ပထမ ဆုံး အကြိမ် မြင်လျှင် တအံတသြ နှင့် ချောသည် ဟု မည်သူကမျှ ပြောလိမ့်မည် မဟုတ်ပါ ။ ဒုတိယ အကြိမ် တွေ့လျှင် ကေသီတာ လှုပ်ရှားပုံ ၊ အလုပ် လုပ်ပုံ ၊ နေပုံ ထိုင်ပုံ တို့ ကို တွေ့ပြီး ယဉ်သားပဲ ဟု မှတ်ချက် ချလိမ့်မည် သာ ဖြစ်သည် ။

တတိယ အကြိမ် ကေသီတာ နှင့် အလုပ် တစ်ခု ကို အတူများ လုပ် ဖြစ်သည် ဆိုလျှင် ကေသီတာ ၏ သွက်လက် တိကျပုံ ၊ အလုပ် အပေါ်တွင် ဂရုတစိုက် ရှိပုံ ၊ စည်းစနစ် ကြီးပုံ တို့ ကို မည်သူမျှ သတိ မထားပဲ မနေနိုင်အောင် ရှိကာ ကေသီတာသည် အရည်အချင်း ပြည့်ဝသော မိန်းကလေး တစ်ယောက် ဆိုသည် ကို လူတိုင်း လက်ခံကြမှာ သေချာပါသည် ။

ယခုလည်း ကေသီတာ သည် ထမင်းစားပွဲ တစ်ခု အတွက် ကိုယ်တိုင် ချက်ပြုတ် နေခြင်း ဖြစ်ပါသည် ။ထို ထမင်းစားပွဲ သည် ကေသီတာ့ ဘဝ အတွက် အရေးကြီး ဆုံးသော ပွဲ တစ်ပွဲ လည်း ဖြစ်သည် ။

ထို ထမင်းစားပွဲ သည် ကေသီတာ နှင့် နိုင်ဝင်းထွန်း ဆိုသော လူ နှစ်ယောက် လက်ထပ်ရန် အတွက် ရည်စူး ကာ စေ့စပ်ရန် ရက် ရွေးကြမည့် ပွဲ ဖြစ်ပြီး စေ့စပ်ရက် ရွေးပြီး လျှင် နှစ်မိသားစု ထမင်း လက်ဆုံ စားကြမည် ဖြစ်သည် ။ ယနေ့ ထမင်းစားပွဲ ကို ကျောင်းသား တစ်ယောက် အမြင် နှင့် ကြည့်မည် ဆိုလျှင် ပထမ အစမ်း စာမေးပွဲ နှင့် တူပြီး ၊ တရားဝင် စေ့စပ်သော နေ့ မှာ ဒုတိယအစမ်း စာမေးပွဲ နှင့် တူသည် ။ လက်ထပ်သည့် နေ့ က တော့ နောက်ဆုံး အတန်းတင် စာမေးပွဲကြီး ပင် ဖြစ်သည် ။

ယခု ကေသီတာ သည် သူ့ ပထမ အစမ်း စာမေးပွဲ ကို ကောင်းမှန်စွာ ဖြေဆိုနိုင်ပြီ ဟု တစ်ထစ်ချ ယုံကြည် ပါသည် ။ ထို လူ နှင့် လက်ထပ် ရ ရေး အတွက် အစားအသောက် များ ကို ကောင်းမွန်အောင် ပြင်ဆင်နေခြင်း မျိုး မဟုတ်ပဲ ၊ သူ့ ဝါသနာ အရ ရော မေမေကြီး ၏ သွန်သင် ဆုံးမမှုကြောင့် ရော ကေသီတာ သည် စားစရာများ ကို အကောင်းဆုံး ဖြစ်အောင် ပြင်ဆင် နေမိခြင်း ပင် ဖြစ်သည် ။

“ စနေနေ့ ကို မမြနွယ် တို့ မိသားစုတွေ အိမ် ကို ထမင်းစား လာ ကြလိမ့်မယ် ၊မောင်နိုင်ဝင်းထွန်း လဲ ပါလာလိမ့်မယ် ၊ အဲဒီ ထမင်းစားပွဲ ဟာ စေ့စပ်မယ့် နေ့ ကို ရွေးတာ ဆိုရင် လည်း မမှားဘူး ၊ ဒီတော့ တို့ စားမယ့် ထမင်း နှင့် ဟင်း ကို သမီးကြီး ကေသီတာ က ပဲ ချက်ရမယ် ”

“ ဟင် .. ဘာဖြစ်လို့လည်း .. မေမေ ကလဲ ”

သမီးငယ် မူယာမောင် က တအံ့တသြ မေးသည် ။

“ ငါ့ သမီးဟာ အိမ်ထောင်မှု ဘယ်လောက် နိုင်နင်းတယ် ၊ မီးဖိုချောင် ကို ဘယ်လို အုပ်စိုးနိုင်တယ် ဆိုတာ သိအောင်ပေါ့ ”

“ ဒါဆို အောင် တို့ ကတော့ ဇိမ်ကလေး နဲ့ နှပ်ပြီး လျှာသွေး ထားဖို့ပဲ လိုတာပေါ့ ၊ မကေ လက်ရာ ဆို ပြီးပြီ ”

သမီးလတ် ဖြစ်သူ ခင်မေအောင် က လက်သီးလက်မောင်း တန်းရင်း ပြောသည် ။ ခင်မေအောင် သည် သူ တို့ တစ်အိမ်လုံး တွင် အကောင်း အကြိုက်ဆုံး သူ ဖြစ်သည် ။

“ ဒါမျိုးတော့ ဘယ်ရမလဲ သမီးတို့ ရဲ့ ... သမီး ရဲ့ ဘေးက ဝေယာဝစ္စတွေ ကို တော့ ဝိုင်း ကူ ရမှာပေါ့ ၊ ချက်ဖို့ တာဝန် ကို သာ သမီးကြီး ကို ပေးတာ ”

ဒေါ်ထက်မေအောင် စကား ဆုံးတော့ အောင် နှင့် မောင် သည် ပါးစပ်ကြီးတွေ ပြဲ သွားသည် ။

“ ရပါတယ် မေမေကြီး ၊ ဧည့်သည် က လေးယောက် ၊ သမီးတို့ က လေးယောက် ရှစ်ယောက် စာ က တော့ သမီး တစ်ယောက် ထဲ နဲ့ ရပါတယ် ၊ သမီး စီစဉ်ထားတဲ့ ဟင်းတွေ ကို သမီး နိုင် ပါတယ် မေမေကြီး ”

“ သမီး က ဘာဟင်းတွေ စီစဉ်ထားလို့လဲ ”

“ ကြက်သားအဆာသွပ် နှင့် လုပ်ထားတဲ့ အာလူး ကတ်တလိပ် မေမေ ၊ ပြီးတော့ ဝက်စတူး ၊ ဝက်နံရိုး ကို စပ်စပ်ကလေး ပေါင်း ထားတယ် ၊ ပြီးတော့ မလေးရှား ဟင်းချို ၊ ကြက်တစ်ခြမ်း ကို ရို့စ် လုပ် ထားတယ် ၊ ပြီးတော့ အခု ချက်နေတဲ့ ဂျုံကပ် ငါးဖယ် အုန်းနို့ဆမ်း မေမေကြီး ”

“ အံမယ်လေး ၊ မိရွှေကေသီမ ရဲ့ ၊ ဒီလောက် ဟင်းတွေ ကို ညည်း တစ်ယောက် ထဲ ဘယ်လိုလုပ် ချက်နိုင် မှာ တဲ့တုန်း  ”

“ ရပါတယ် ၊ မေမေကြီး ၊ ကြိုပြီး စီစဉ်စရာ ရှိတာတွေကို သမီး ည ကထဲ က စီစဉ်ထားမှာပါ ၊ မနက် လင်းတော့ တစ်ခုစီ ကောက် ချက်သွားရုံပါပဲ ၊ အပန်း မကြီးပါဘူး မေမေကြီး ရဲ့ ”

“ မလိုချင်ဘူး ၊ ဟို နှစ်ယောက် ဝင် ကို ကူညီရမယ် ”

“ ရပါတယ် မေမေကြီး ရယ် ၊ ညီမလေးတွေ လည်း တစ်အိမ်လုံး ရှင်းရ လင်းရ နဲ့ ပင်ပန်းရောပေါ့ နားကြပါစေ ”

ဒေါ်ထက်မေအောင် သက်ပြင်း ကို ချသည် ။ ဒီ ကေသီမ နှင့်တော့ မလွယ် ...

“ မေမေ ကလည်း .. မမကေ က သူ့ လက်ရာ စစ်စစ် ကို အစွမ်း ပြချင် နေတာ ၊ သမီး တို့ ဝင်ပါတော့ ရှုပ် သလို ဖြစ် နေမှာပေါ့ မဟုတ်ဘူးလား မောင် ရာ .. ”

ခင်မေအောင် က မူယာမောင် ကို ပြုံးဖြဲဖြဲ အမူအယာ နှင့် ပြောသည် ။ မူယာမောင် ကလည်း ခေါင်း ကို ခပ်သွက်သွက် အကြိမ် နှစ်ဆယ် လောက် ညိတ် ပစ်လိုက်၏ ။

“ သမီးတို့ အဲလို စကားမျိုး ပြောတာ မေမေ မကြိုက်ဘူး ၊ နောက် ဘယ်တော့ မှ မပြောနဲ့ ၊ ကဲ ... ကေသီ ၊ သမီး က ခင်လွင်ရီ ကို တော့ လက်တို လက်တောင်း ခိုင်းဖို့ အတွက် ခေါ်ထားရမယ် ၊ ဒါ နောက်ဆုံး စကားပဲ  ... ခင်လွင်ရီ ... ”

“ ဟုတ်ကဲ့ .. မေမေကြီး  ”

“ ကြားတယ်နော် ၊ အိမ်ရှေ့ က ကိစ္စတွေ ကို သမီး ခေါင်း ထဲ က ထုတ်ထား လိုက်တော့ ၊ သမီးက ကေသီ အနား မှာ ပဲ ရှိရမယ်.. ဒါပဲ ”

ထိုနေ့ည က မေမေကြီး ၏ မှတ်ချက် အတိုင်းပင် ...

ဒီနေ့ မနက် မှာ ခင်ရီလွင် နှင့် ကေသီတာ တို့ နှစ်ယောက် သာ မီးဖိုချောင် မှာ ရှိ နေသည် ။ ခင်ရီလွင် မှာ ဆယ်နှစ်နှစ် သမီး အရွယ် ကထဲ က ဒေါ်ထက်မေအောင် တို့ အိမ် တွင် အိမ်ဖော် အဖြစ် ခေါ်ထား သူ ဖြစ်သည် ။ ခင်ရီလွင် ၏ အဖေ နှင့် အမေ ကွဲသွားကြပြီး ခင်ရီလွင် က အဖွား ဖြစ်သူ နှင့် နေ ရသည် ။ သူမ ၁၀ နှစ် သမီး အရွယ် တွင် ဖခင် ဖြစ်သူ ကွယ်လွန် သွားပြီး ဒုတိယ ယောက်ျား မှာ လည်း အမြဲ မူးနေသူ ဖြစ် သဖြင့် မနေဝံ့ပဲ အဖွား နှင့် အတူပင် ပင်ပန်း ဆင်းရဲစွာ နေထိုင် စဉ် အခြေအနေ တွင် ဒေါ်ထက်မေအောင် နှင့် တွေ့ ၊ အိမ်ဖော် အဖြစ် အဖွား ဖြစ်သူ က ကြည်ဖြူစွာ ထည့် လိုက် သဖြင့် ဒေါ်ထက်မေအောင် ၏ အိမ် သို့ ရောက်ရှိ လာခြင်း ဖြစ်သည် ။

ခင်ရီလွင် သည် ဘဝ နာခဲ့သူ မိန်းကလေး ဖြစ်သည့် အလျောက် ငယ်ရွယ် သော် လည်း အသိတရား ရှိသည် ။ အလုပ်အကိုင် ကျိုးနွံသည် ။ ဒေါ်ထက်မေအောင် ဆုံးမသည့် အတိုင်း တသွေ မတိမ်း လိုက်နာသည် ။ သို့သော် ကံကြမ္မာ သည် ရိုးသား
ကြိုးစားသူ များ ကို တမင်တကာ ပင် ရွေး ရွေးပြီး အပြစ် ပေးလေ့ ရှိသလား မသိ ။ ဒေါ်ထက်မေအောင် ၏ အိမ်သို့ ခင်ရီလွင် ရောက်လာပြီး လေးလကျော် တွင် အဖွား ဖြစ်သူ ဆုံးသည် ။ထို့ကြောင့်ပင် ခင်လွင်ရီ ၏ ဘဝသည် ဒေါ်မေထက်အောင် ၏ ဘဝ နှင့် တစ်ဆက်တည်း ဖြစ်သွားပြီး ဒေါ်မေထက်အောင် ၏ သမီး တစ်ယောက် ဖြစ် လာလေသည် ။ ဒေါ်မေထက်အောင် သည် ခင်ရီလွင့် ကို သမီး တွေ ကျွေး သလို ကျွေးသည် ၊ သမီး တွေ ကို ဆူ သလို ဆူသည် ။ ပြီးတော့ သမီးတွေ ကို ဆင် သလို ဆင်သည် ။ သို့သော် ခင်ရီလွင် သည် သူ့ ကိုယ် သူ အိမ်ဖော် တစ်ယောက် လို သာ နေသည် ။

“ ငါးဖယ်လုံးကလေးတွေ တစ်ခု နဲ့ တစ်ခု ကပ် မသွားအောင် အသာလေး ဖယ် ဖယ် ပေးနော် ရီရီ ”

“ ဟုတ်ကဲ့ မမကြီး ”

ခင်ရီလွင် က ပြောရင်း မျက်နှာကလေး က စပ်ဖြဲဖြဲကလေး ဖြစ်နေ သဖြင့် ကေသီတာ စိတ်တို သွားသည် ။

“ ဘာဖြစ်လို့ စပ်ဖြဲဖြဲ ဖြစ်ရတာလဲ ရီရီ  ”

“ ဘာမှ မဟုတ်ပါဘူး ၊ မမကြီး ၊ မမကြီး ဂရုစိုက်တာ ကို သဘောကျ လို့ပါ  ”

“ နင့် စကား က ဘယ် အဓိပါယ် က လာတယ် ဆိုတာ ငါ သိတယ်နော် ၊ ရီရီ ၊ ငါ က အလုပ်တစ်ခု လုပ်ပြီ ဆိုရင် ကောင်း မှ ကြိုက်တယ် ၊ သူတို့ ကို မှ အထူးတလည် ဂရုစိုက် နေတာ မဟုတ်ဘူး ၊ ဘယ်သူ့ အတွက်ပဲ ဖြစ်ဖြစ် ငါ ဂရုစိုက်နေကျ မဟုတ်ဘူးလား  ”

“ အဲဒီလို ဆိုရင်လည်း စိတ်ဆိုး မနေပါနှင့် မမကြီး ရယ် ၊ ရီရီ့ အမှား ပဲ ထားလိုက်ပါ ၊ ဒီမှာ ပုစွန်ထုပ်ကြီးတွေ မီးအုံး ထား တာ ဘာလုပ်ဖို့လဲ  ”

“ ဟယ် .... ကံကောင်းလို့ပါလား .. ရီရီ ရယ် .. ငါ မေ့နေတာ ကြည့်စမ်း ၊ ပုစွန်ထုပ်သုတ် မလို့ ဟေ့ ၊ ငါ အခွံ နီရုံပဲ မီးအုံး ထား တာ ၊ အဲဒီ အခွံ ကို ခွာ ၊ ပြီးရင် ကြက်သွန်နီ ဥကြီး တစ်လုံး လောက် နွှာ ၊ ပူစီနံ ကို နုတ်နုတ်လေး စင်းထား ၊ ဒီ ငါးဖယ် နို့ဆမ်း ရော ၊ ပုစွန်သုတ် ရော က စားခါနီး မှ လုပ်ရတာ မို့ တော်ပါသေးရဲ့ .. ”

ကေသီတာ နှင့် ရီရီ ပြောနေသော စကားတွေ ကို ဒေါ်မေထက်အောင် ကြား ပါသည် ။ ထိုစကားတွေ က ဒေါ်မေထက်အောင် ၏ နှလုံးသား ကို ပိတိဖုံးစေသည် ။ ကေသီတာ တွင် ရှိသော အရည်ချင်း ကောင်းမှန်သမျှ သည် ဒေါ်မေထက်အောင် ၏ ဂုဏ်ပုဒ် များ သာ ဖြစ်သည် ။ အဘယ့်ကြောင့် ဆိုသော် .. ကေသီတာ သည် သူ့ သမီးရင်း မဟုတ်သော ကြောင့် ဖြစ်ပါသည် ။

“ မောင် .. နင် မကေ နဲ့ အဲ့ဒီ လူကြီး ကို သဘောတူလား ”

“ မတူတော့ရော ဘာ တတ်နိုင်မှာ မို့လို့လဲ ၊ မေမေ က စီစဉ်ပြီးနေပြီ ၊ မေမေ့ စကား ဆို မကေ က ရော ဘယ်တုန်းက ငြင်းဖူးလို့လဲ .. ကဲ ”

ခင်မေအောင် က ပန်းခြံ ထဲ က သစ်ရွက်နုလေး တစ်ခု ကို ခူးပြီး လက်သီးဆုပ်လေး ပေါ် တင်ကာ ညာလက်ဖဝါး ဖြင့် အားရပါးရ “ ဖြောင်း ” ကနဲ နေအောင် ရိုက်ပစ်လိုက်သည် ။ ပြီးတော့ နှုတ်ဖျားကလေး စူရင်း “ မမိုက်ဘူးကွာ ” ဟု ရွေရွတ်သည် ။

“ ဦးနိုင်ဝင်းထွန်း က တော့ သဘောထား ပြည့်ပုံ ရပါတယ် ၊ သူ့ မျက်နှာ မှာ မာန်မာန အရိပ်တို့ ၊ ကောက်ကျစ်ရက်စက် မယ့် စိတ်ထား တို့ ရှိပုံမရပါဘူး ”

“ ငါ က အဲဒီ လူကြီး ကို မကျေနပ်လို့ ပြောတာ မဟုတ်ပါဘူး ၊ အဲဒီ လူကြီး နဲ့ အိမ်ထောင် ကျသွားရင် မကေ က သူတို့ အိမ် ကို လိုက် သွားရမှာ .. အဲဒါကို ပြောတာ ...  ”

ခင်မေအောင် ၏ စကား ကြောင့် မူယာမောင် လည်း အသံ တိတ်သွားသည် ။ ကေသီတာ သည် သူတို့ ၏ အစ်မ ရင်း မဟုတ် ၊ သွေးသား လည်း မတော်စပ် သော်လည်း သူတို့ ကို အမြဲ သည်းခံသော ၊ သူတို့ အလိုကို အမြဲ ဖြည့်ဆီး ပေးသော ၊ သူတို့ နှစ်ယောက် အတွက် ဆိုလျှင် ဘယ်အရာ ကို ဖြစ်စေ ဘယ်တော့မှ နောက် မတွန့်သော ကေသီတာ ကို အစ်မ အရင်း လို သူတို့ ချစ်ကြသည် ။ခုတော့ ကေသီတာ သည် အိမ်ထောင် ပြု တော့မည် ။သျှောင် နောက် ဆံထုံး ပါ ဆိုသည့် စကားအတိုင်း သူ့ ခင်ပွန်း နောက် ကို လိုက်ရ တော့မည် ။“ ငါ့ စိတ် ထင်တော့ မကေ က အဲဒီ လူကြီး ကို မချစ်ဘူးလို့ ထင်တာပဲ  ”

“ အေး .. မောင် လည်း အဲလို ထင်တာပဲ မေမေကြီး ကြောင့်သာ မကေ ခေါင်းငြိမ့် တာ ဖြစ်ရမယ် ၊ မေမေ က လည်း ဘာဖြစ်လို့များ မကေ ကို ယောက်ျား ပေးစား ရတာလဲ မသိဘူး ၊ ”

မောင် က အရှုံး ပေး လိုက်ရသော စိတ်ညစ်သံလေး ဖြင့် ပြောသည် ။

“ မကေ ကို မေမေ ပြောတဲ့ နေ့ က ငါ အခန်း ထဲ ကနေ ကြားရတာ က မေမေ့ ကို မကေ က သူ အိမ်ထောင် မပြုဘဲ နေလို့ မရဘူးလား လို့ မေးတယ် မောင် ရ ၊ မေမေ က မကေ ကို ဒီ အရွယ် ထိ ရောက်အောင် ပြုစုပျိုးထောင် ပေးခဲ့ပြီ တဲ့ ၊ ပညာ လည်း စုံပြီ တဲ့ ၊ ဒီတော့ ကိုယ့် ဘဝ ကိုယ် ကိုယ်တိုင် လျှောက်ဖို့ လုံလောက်တဲ့ အရည်အချင်း လည်း ရှိ ပြီ ဆိုတော့ တစ်ကယ့် ဘဝသစ် ကို ကိုယ့် မိသားစု နဲ့ ကိုယ် တည်ဆောက် တော့ လို့ ပြောတော့ မကေ က ငိုပြီး မေမေ ကို ကန်တော့တာ မောင် ရဲ့  ”

“ အဲဒါကို မောင့် ကို ဘာဖြစ်လို့ စောစောစီးစီး က မပြောတာလဲ  ”

“ အောင်မာ .. ပြောတော့ရော ၊ မောင် က ဘာ တတ်နိုင်မှာ မို့လို့လဲ ”

“ မေမေ့ ကို ပူဆာမှာပေါ့ကွ  ”

“ ရလိမ့်မယ် .. အားကြီးကြီး .. ၊ ကဲ တို့တွေ မကျေမနပ် ဖြစ် နေလည်း ကိစ္စက သူတို့ ဘာသာ ပြီး သွားမှာပဲ ၊ ဧည့်ခန်း မှာ ပန်းထိုး ဖို့ နှင်းဆီ ကောင်းကောင်း သာ ရှာတော့ ... ”

ကေသီတာ သည် အချိုပွဲ ကို ပြင်ဆင်ပြီး နောက် အားလုံး အဆင်သင့် ဖြစ်ပြီ ဟု စိတ်ကို ဒုံးဒုံးချ နိုင်တော့မှ ပင် သူ့ အခန်း ထဲ သို့ ခဏ ဝင်ပြီး လှဲ သည် ။ မနက် ငါးနာရီ ကတည်း က ထ ပြီး ချက် ပြုတ် နေရသော သူမ သည် နုံး နေတာ မဟုတ်သည့် တိုင် လန်းဆန်းခြင်း တော့ သိပ်မရှိ ။

ပြီးတော့ .. ဒီနေ့ ထမင်းစားပွဲ အကြောင်း ကို လည်း သူ တစ်ယောက် တည်း အေးအေးဆေးဆေး စဉ်းစား ချင်ပါသေးသည် ။ “ အချစ် ” ဆိုသော စကားလုံး ကို သူ သေသေချာချာ နား မလည်ခဲ့ဘူး ဆိုတာ ကတော့ သေချာသည် ။ ကျောင်း တက် တုန်းက ရည်းစားတွေ သုံးလေးယောက် ထားခဲ့ဖူးသော သူ့ သူငယ်ချင်း နုနုဝင်း က တော့ “ အချစ် ” ဆိုတာ ခံစားမူပေါ့ ဟာ ၊ ကိုယ် က သူ့ အကြောင်း ကို အမြဲ စဉ်းစား နေချင်တာ ရယ် ၊ သူ နဲ့ တွေ့ရင် ပျော်ရွှင်တာ ရယ် ၊ သူ က ယုယတဲ့ အခါ ကျေနပ်တာရယ် ... အဲဒါ “ အချစ်ပေါ့ ” တဲ့ ..  ။

ဒီ စကား အတိုင်းသာ အမှန် ဆိုလျှင် သူ နှင့် ဦးဝင်းနိုင်ထွန်း တို့ တစ်ယောက် ယောက် တော့ ဒုက္ခ ရောက် တော့ မှာ သေချာသည် ။ နှစ်ယောက် စလုံး လည်း ဒုက္ခ ရောက် သွားနိုင်သည် ။ ဦးနိုင်ဝင်းထွန်း သည် သူ့ ထက် အသက် လေးနှစ် ကြီး သဖြင့် ရိုသေစွာ သူ ဆက်ဆံခဲ့သည် မှ တပါး အခြားသော စိတ် ခံစားမူ တစ်စုံတစ်ရာ မရှိ ။ ကိုယ့် ဘက် ကအနေအထိုင် မမှားအောင် ဂရုတစိုက် နေခဲ့တာ တောင် မှ လွန်ခဲ့သည့် လ တုန်းက ဦးဝင်းနိုင်ထွန်း နှင့် သူ့ သူငယ်ချင်း တစ်ယောက် အိမ် လာလည်သည့် နေ့ တွင် မေမေကြီး က အပြင် သွားခိုက် နှင့် ကြုံ ၍ သူမ ကိုယ်တိုင် ဧည့်ခံ ရသည် ။

လက်ဖက်သုပ် နှင့် ရေနွေးကြမ်း ဖြင့် ဧည့် ခံရင်း “ ကျောင်း ပြီး သွားရင် ဘာလုပ်မလဲ ” ဆိုသော ခေါင်းစဉ်ကလေး အောက် မှာ စကား ပြော ဖြစ် ကြသည် ။

“ ကျွန်မ က တော့ အစိုးရ အလုပ် လုပ် ဖို့ ထက် ကိုယ်ပိုင် အလုပ် ကို ပဲ လုပ်ချင်တယ် ၊ အစိုးရ အလုပ် က တိုးဖို့ မလွယ်တာရယ် ၊ ရ ရင်လဲ နယ် သွားရမှာ ဘာညာ နဲ့ ဆိုတော့ .. အိမ် မှာ မေမေကြီး ရဲ့ ကျန်း မာရေး အခြေနေ က ကျွန်မ ရှိ မှ ဖြစ်မှာ...  ”

“ မကေသီတာ ရဲ့ ဘယ်ဘက် ခြေသန်းလေး က တစ်ချောင်း အပို ပါ ပြီး ပူး နေတယ် နော် ”

“ ရှင် ... ”

ဦးနိုင်ဝင်းထွန်း နှင့် အတူ ပါလာသော သူငယ်ချင်း ၏ စကား ကြောင့် သူမ မျက်နှာ ပေါ် ကို မိုးကြိုး ပစ်ချ တာ ခံ လိုက် ရ သလို သူမ အကြီးအကျယ် တုန်လှုပ် ရှက်ရွံ သွားခဲ့သည် ။ ဘယ်လောက် ထိ ရှက်သွားလဲ ဆိုလျှင် သူမ မြင် နေရသော အရာဝတ္ထုတွေ အားလုံး အပြာရောင်တွေ ချည်း ဖြစ်သွားသည် အထိ ရှက်သွား ခဲ့သည် ။
ဦးနိုင်ဝင်းထွန်း ၏ သူငယ်ချင်း ပြောတာ မှန်ပါသည် ။သူမ ၏ ဘယ်ဘက် ခြေထောက် တွင် ခြေပူးကလေး ပါသည် ။ ခြေသန်းကလေး နှစ်ခု က ပူး နေခြင်း ဖြစ်သည် ။ ခြေချောင်း အနေ နှင့် ငါးချောင်း ရှိ သော်လည်း ခြေသည်း ကတော့ ခြောက်ခု ရှိသည် ။ ထို ခြေပူးကလေး ပါ နေခြင်း ကို သူမ ငယ်စဉ် ကထဲ က အရမ်း ရှက်ခဲ့သည် ။ အပျိုဖော် ဝင်တော့ ထို ခြေပူးကလေး ကို မည်သူမှ မတွေ့ မမြင် အောင် အသေချာ ဂရုစိုက် ခဲ့သည် ။

တစ်ချို့ မိတ်ဆွေ သူငယ်ချင်း တွေ ဆိုလျှင် သူမ နှင့် ခင်ပြီး ဝေး သွားကြ ၊ မတွေ့ကြ ရသည့် အထိ သူမ မှာ ဒီ ခြေပူးကလေး ရှိနေသည် ဆိုတာ သိ မသွားသူတွေ တော်တော် များ ပါသည် ။ ကေသီတာ ရှက် သွားကြောင်း ကို နိုင်ဝင်းထွန်း က ရိပ်မိ သွားသည် ။

“ ဟေ့ကောင် .. ဘာတွေ လျှောက် ပြော နေတာလဲ ၊ မင်း က ကွာ .. ခက်တော့တာပဲ .. မင်း ကွာ ... ”

နိုင်ဝင်းထွန်း မှာ ကေသီတာ ရှက် သွားတာ ကို လဲ အားနာ ၊ သူ့ သူငယ်ချင်း နှုတ် မဆင်ခြင်တာ ကို လည်း ဒေါသ ဖြစ် ဖြစ် နှင့် ဘယ်လို မျက်နှာ ထားပြီး ဘယ်လို စကား ပြောရမယ်မှန်း မသိအောင် ဖြစ် သွားသည် ။

“ ငါလဲ ခုမှ တွေ့တော့ အမှတ်တမဲ့ ပြောမိတာပါကွာ .. ”

“ မင်း ကွာ.. ခက်တာပဲ.. မင်း ကွာ .. ၊ မကေသီတာ စိတ် မဆိုးပါနှင့် ၊ ဒီကောင် က ဘာရယ် ညာရယ် မဟုတ်ဘူး ၊ သူ့ စိတ် ထဲ ရှိရာ ပြောတဲ့ ကောင်ပါ ”

သူမ က တော့ ငိုချင်တာပဲ သိသည် ။

သူ့ မှာ ဒီလို ခြေသန်းလေး ပူး နေတာကို လူ သိမှာ အင်မတန် ကြောက် လည်း ကြောက် ရှက် လည်း ရှက်တတ် သူမို့ တည့်တည့်ကြီး အပြော ခံ လိုက် ရသောအခါ ငိုချင်ခြင်း ကို သာ မှတ်မိတော့သည် ။

ဧည့်ခန်း မှာ သုံးယောက် ထိုင် နေ ကြသော်လည်း ပြောရမည့် စကား က မရှိတော့ သလို ဖြစ် နေသည် ။ တစ်စက္ကန့်ချင်း တစ်စက္ကန့်ချင်း အသက်ရှု ကြပ် သထက် ကြပ် ၍ လာနေ၏ ။ တစ်ယောက် နှင့် တစ်ယောက် လည်း မျက်ဝန်းချင်း မဆုံအောင် ကြိုးစား နေရကာ ပင်ပန်းလွန်းသည် နှင့် နိုင်ဝင်းထွန်း က ပင် ပြန်ဖို့ ကိစ္စ ကို နှုတ်ဆက်ရသည် ။

“ မကေသီတာ .. ကျွန်တော်တို့ ပြန် လိုက်ပါဦးမယ် ၊ ကိစ္စ တစ်ခု လည်း သွားစရာ ရှိလို့ပါ ”

“ ဟုတ်ကဲ့ပါရှင့် ”

“ အန်တီထက် လာ ရင် သာ ကျွန်တော် လာ လည်သွားတယ် လို့ ပြောပေးပါ  ”

“ ဟုတ်ကဲ့ရှင့် ”

အဲဒီတုန်းက ရှက်ခဲ့ ရတာတွေ ကို အခု ပြန် တွေးတော့လည်း အခု ထိ ရှက်တုန်းပင် ဖြစ်သည် ။ သူမ နှင့် နိုင်ဝင်းထွန်း တို့ နောင် တွေ့ကြသော အခါ နှစ်ယောက် စလုံး ညှိထားကြ သကဲ့သို့ ထို ကိစ္စ ကို ပြန် မပြောဖြစ်တော့ချေ ။

သူမ နှင့် ကိုနိုင် တို့ တွေ့ကြရသည် မှာ လည်း အကြိမ် အနည်းအကျဉ်း သာ ရှိပါသည် ။ ထိုစဉ်က အခုလို စေ့စပ်မည် ၊ လက်ထပ်ရမည် ဆိုတာတွေ နှစ်ဦး စလုံး က မသိသေး သဖြင့် ရိုးရိုး တွေ့ ရိုးရိုး စကား ပြော ရုံသာ ရှိသည် ။ ဒီလို စကား ပြော ကြည့်တော့မှ နိုင်ဝင်းထွန်း ဆိုသော ကိုနိုင် သည် တော်တော် ရှက် တတ်ပြီး စကား တစ်ခွန်း ကို သူ့ ဘက် က
မကျိန်းသေ လျှင် ဘယ်တော့ မှ တာဝန် ရမ်း ယူ တတ်သူ မဟုတ်မှန်း သိရသည် ။သူမ က ပထမ အကြိမ် တွေ မှာ စကား ပြောသည့်အခါ “ ဦးနိုင်ဝင်းထွန်း ” ဟု ခေါ် သော်လည်း စကား ပြောကြရင်းနှင့် နိုင်ဝင်းထွန်း က သူ့ ကိုယ် သူ “ ကိုနိုင် ကလေ .. ” “ ကိုနိုင် က ” ဟူသော အသုံးအနှုန်း ကို သုံး သဖြင့် ကေသီတာ က လည်း “ ကိုနိုင် ” ဟု ခေါ်ဖြစ် သွားသည် ။

သူမ နှင့် ကိုနိုင် သည် အပြင် မှာ တွေ့တာ မရှိသလောက် ပင် ၊ ကိုနိုင် အိမ် လာ လည်လျှင် ဧည့်ခန်း မှာ ၊ ဒါမှမဟုတ် ပန်းခြံ ထဲ မှာ ၊ ခြံ ထဲ က မန်ကျီးပင်ကြီး အောက် မှာ စသဖြင့် သာ တွေ့ကြလေ့ ရှိသည် ။ ကိုနိုင့် ပုံစံ သည် ခေတ်ဆန် ပြီး အဝတ်စား ၊ အနေအထိုင် ၊ အပြောအဆို တို့ ဖြင့် ရင်ခုန်အောင် ဆွဲဆောင် နိုင်သည့် ယောက်ျားလေးမျိုး မဟုတ်ပါ ။

ကိုနိုင် သည် လှိုင်းတွန့် ပါသော ဆံပင် ကို ဘေးခွဲခွဲ ၊ သပ်သပ်ရပ်ရပ် ဖြီးထား တတ်ပြီး ၊ အင်္ကျီ ကို ကြယ်သီး အပြည့် တပ် ကာ အမြဲတမ်း ပုဆိုး ဝတ် ထားတတ်သူ ဖြစ်ပါသည် ။ ကိုနိုင် သည် အသားအရေ လှသူ ဖြစ်ပြီး စကား ပြော လျှင် လေသံ က အားနာသံ အလိုလို ပါနေ တတ်သည် ။ ကိုနိုင် ၏ ကိုယ် ပေါ် တွင် ဒီနေ့ ခေတ် ၏ ဒီဇိုင်း အပြင်အဆင် ကို လုံးဝ တွေ့ရလိမ့်မည် မဟုတ်ပါ ။

ကိုနိုင် နှင့် သူမ တစ်ကြိမ် တည်း သာ အပြင် သို့ အတူ သွားခဲ့ကြဖူးသည် ။ ထို တစ်ကြိမ် မှာ မေမေကြီး က ထိန်သား ဖြင့် ထု ထားသော ဘုရားဆင်းတုတော် ကို ရွှေတိဂုံ ဘုရား တွင် ဝယ်ယူရန် သူမ ကို လွှတ်ခြင်း ဖြစ်သည် ။သူမ သွားရန် ပြင်ဆင် နေစဉ် မျှော်လင့် မထားပါပဲ ကိုနိုင် က အိမ် သို့ အလည်အပတ် ရောက် လာသည် ။

“ အတော်ပဲ မောင်နိုင် ရေ .. မင်း အမေ အတွက် ဆီးချို ကျ ဆေးရွက် ပေးမလို့ ၊မိကေ ရေ မေမေကြီး ကြောင်အိမ် ပေါ် က ဆီးချိုရွက်ခြောက်ထုပ် ယူလာခဲ့ ဟေ့ ”

“ ပြီးခဲ့တဲ့ အပတ်ကတော့ မေမေ ဆီးချို နည်းနည်း ပြန် တက်တယ် အန်တီမေ ”

“ အေး .. အဲဒီ အရွက် ကို လက်ဖက်ခြောက် ခပ် သောက် သလို သာ သောက် ၊ ဒါ ကြက်လည်ဆံရွက် လို့ ခေါ်တယ် ။ တစ်ထုပ် ဆို နှစ်လ လောက် တော့ အနည်းဆုံး သောက် လို့ ရတယ် ၊ ငါ တော့ ဒီ ကြက်လည်ဆံ နဲ့ တော်တော်လေး အဆင် ပြေတယ် ၊ စမ်း သောက်ကြည့်ခိုင်းပါ ”

“ ဟုတ်ကဲ့ အန်တီမေ ”

ဒေါ်ထက်မေအောင် က သူမ ပေးသော ကြက်လည်ဆံ ဆေးထုပ် ကို ကိုနိုင့် အား ပေးသည် ။ ပြီးတော့ ..

“ မင်း သွားစရာ ရှိသေးလား မောင်နိုင်  ”

“ မရှိဘူး အန်တီမေ ၊ ဘာ ခိုင်းစရာ ရှိလို့လဲ ”

“ အေး.. အခုပဲ မင်း နှမ က ငါ့ အတွက် ထိန်သား နဲ့ ထုထားတဲ့ ဘုရား တစ်ဆူ ရွှေတိဂုံဘုရား မှာ သွား ဝယ်မလို့ ၊ မင်း အားမယ် ဆိုရင် အဖော် လိုက် ပေးစမ်းပါကွယ် ”

စကားဝိုင်း သည် အသံတိတ် ၍ သွားသည် ။ နိုင်ဝင်းထွန်း က ကေသီတာ့ ကို ကြည့်သည် ။ သူမ က လည်း ပြန် ကြည့်ပြီး နောက် မျက်လွှာ ကို ချထား လိုက်မိသည် ။

“ ကျွန်တော် အိမ် က ကား ပြန် ယူ လိုက်ရမလား အန်တီမေ ”

“ အို .. အဲဒီ လောက်လည်း မဟုတ်ပါဘူး ၊ လမ်းထိပ် က သာ ကား ငှားပြီး သွားလိုက်ပါ ၊ မောင်နိုင် အဖော် ပါ တော့ သာတောင် အဆင် ပြေသေး ၊ မိကေ .. မေမေကြီး အတွက် စနေထောင့် မှာ ရေသက်စေ့ ပါ ပူဇော်ခဲ့ ဟုတ်ပြီလား ”

“ ဟုတ်ကဲ့ပါ မေမေကြီး ”

◾ နီကိုရဲ

📖 မွေးစားသမီး

#ကိုအောင်နိုင်ဦး

.

ထွက်‌ပြေးတဲ့ အခါ


 ❝ ထွက်‌ပြေးတဲ့ အခါ ❞


  ထွက်‌ပြေးတဲ့အခါ .... 

  ပိတ်ဆို့    

  လမ်း‌တွေ ကျယ်‌ပြော 

  သဲဆူး‌တော‌တွေ ဖြတ်နင်းရင်း

  ဟင်းလင်းပွင့်ရင်က‌တောင်

‌  လေးလံရဲ့ ။


အိပ် မရတဲ့ မျက်လုံး‌တွေ ကို ဘယ်သူ စီးမိုး ထားတာလဲ ။ မျက်ခွံ ကို ပင် မပိတ်ရဲ‌ လောက်‌အောင် ခြောက်ချား လာသည် ။ “ ကိုယ့် မှာ အိပ်ချိန်‌လေး တစ်ချိန် ပဲ မင်း ဆီ က လွတ်လပ်ခွင့် ရတာပါ 

အချစ်ရယ် ” ဟု သူ့ ကို ရည်ရွယ်တိုင်တည မိတာ အကြိမ်‌ပေါင်း များစွာ .. ။ ဒါ‌တောင် မရ ၊ 

အိပ်‌ပျော်ခိုက်‌လေး မှာ‌ တောင် သူ က အိပ်မက် မှ တဆင့် ကျမ ထံ လာခဲ့သည် ။ အိပ်မက် ထဲ မှာ လည်း သူ ပဲ အနိုင် ရသည် ။ သူ့ မျက်လုံး‌တွေ‌ အောက် မှာ ကျမ  ကြေကွဲ နာကျင်စွာ အကြိမ်ကြိမ် ‌ကြေကွဲ ရ သတဲ့ ။ ဘယ်‌လောက်များ ရှုံးနိမ့်လိုက်ပါသလဲ ။ တကယ့် တကယ် ပြင်ပ မှာ‌ တော့ ကျမ က သူ့ ကွယ်ရာ မှာ သာ တိတ်တိတ် ငို‌ကြွေးရသူ ။ သူ့ ထံ မှ အချစ် ကို မျက်ရည် နှင့် ‌သွေး‌ဆောင် ယူရာ ကျ မှာ ကျမ ‌ ကြောက်သည် ။ကျမ‌ ကြောင့်‌ တော့ ဖြင့် သူ မပူ‌လောင်‌စေရ ။ 


ချို့ယွင်းချက် ကြီးကြီး တစ်ခု မက ရှိ‌သော မိန်းမ တစ်‌ယောက် အ‌နေဖြင့် ကျမ သည် အချစ် အတွက် ငို‌ကြွေး ခွင့် မရှိ ။ ပိုင်ဆိုင်လို စိတ် ဖြစ်‌ပေါ်ခွင့် မရှိ ။သူ နှင့် အတူ ချစ်ခွင့် မရှိ ။ ကျမ မှာ ဒဏ်ရာ‌တွေ ကို သာ သယ်ပိုး ရမည် ။ ပြီး‌တော့ ... သူ့ ကို စွန့်လွှတ် ရမည် ။ ဘယ်‌လောက်များ အရက်စက် ခံရသလဲ ကွယ် ။ ချစ်သူ ကို ချစ်ခွင့် မရှိတဲ့ ဘဝ ။ သူ့ အချစ် ကို လည်း ပြန်လည် ခံစားခွင့် မရှိတဲ့ ဘဝ ။ အဲဒီ ဘဝ ကို ထားခဲ့ပြီး ထွက်‌ပြေး လို့ ရမလား ဟင် .... ။ ဒါမှ မဟုတ် ၊ သူ့ ဆီ က  ... ပြီး‌တော့ အချစ်‌တွေ ဆီ က .. ပြီး‌တော့

အိပ်မက်‌တွေ ဆီ က .. ပြီး‌တော့ အအိပ်‌တွေ ဆီ က‌နေ ... ဟိုး အ‌ဝေးဆုံး အ‌ဝေးကြီး ကို ‌ရောက် ‌အောင် ‌ပြေးပါရ‌စေ ။ ဘယ်‌လောက်‌ ဝေး‌ဝေး ‌ပြေးနိုင်မလဲ ဟင် ... ။


‌ပြေးမယ်လို့ ဟန်ပြင် ကာ မှ အာရုံ ထဲ မှာ သူ့ မျက်လုံး‌တွေ က ကျမ ကို ဖမ်းချုပ်၏ ။ အဲသည် မျက်လုံး‌တွေ‌ ပေါ့ .. ၊ ကျမ ကို အကြိမ်ကြိမ် လဲကျ ‌သေဆုံး‌စေခဲ့တာ ။ လူငယ်‌လေး တစ်‌ယောက် ရဲ့ မျက်လုံး‌တွေ က မိန်းမ တစ်‌ယောက် ရဲ့နှလုံး ကို‌ ကြေမွ‌အောင် ချေမွှ နိုင်တာ ‌သေချာခဲ့ပြီ ။ ရင် မှာ နာကျင်‌မောပန်း ။‌ မေ့ဖို့ ကြိုးစား‌နေတာ ကို က ‌မေ့ မရတာ ။  ထွက်‌ပြေးသူ အတွက်‌ ရှေ့ မှာ .... 


  ‘ ပိတ်ဆို့လမ်း‌တွေ ကျယ်‌ပြော 

  သဲဆူး‌တော‌တွေ ဖြတ်နင်းရင်း

   ဟင်းလင်းပွင့်ရင်‌တောင်

    ‌လေးလံ ..’ ။ 


     •••••   •••••   •••••   •••••


    ‘ ထွက်‌ပြေးတဲ့အခါ 

    မျက်လုံးများစွာကြား 

    ပြားပြားဝပ်အကျဉ်းကျ 

    ပါးစပ်‌ပေါက်‌တွေက 

    ကာဆီး‌တောင်တန်း

    ကျရတဲ့မျက်ရည်‌တွေက 

    ပင်လယ် ...’ 


အင်မတန် ကံ ဆိုးတဲ့ မိန်းမ တစ်‌ယောက် ရဲ့ ‌သောကမီး အတွက် ပတ်ဝန်းကျင် ဟာ လောင်စာ သာ ဖြစ်တယ် ။ အဲဒီ ပတ်ဝန်းကျင် ဆိုတာ ကို ကားစင်တင်ပြီး မီးရှို့သ,တ်ရရင် သိပ် အရသာ ရှိမှာပဲ ။ အဲဒီ တခုလပ် မိန်းမ က ကိုယ် ဟာ အားအင် ချိနဲ့သူ ပါ လို့ တိုးလျှိုးရင် အဲဒီ ပတ်ဝန်းကျင် က အဲဒီ‌ တောင်းပန် စကား ကို အာသာပြင်းပြင်း နဲ့ မြည်းကြ မယ် ... ဘယ်‌လောက် ဆိုးရွားတဲ့ ပတ်ဝန်းကျင်လဲ ... ‌တွေ့လား ။ အဲဒီ ပတ်ဝန်းကျင် ထဲ မှာ ကျမ ရှိတယ် ။ မိန်းမ တစ်‌ယောက် ဟာ ‘ ပြစ်ဒဏ် ခံရ‌သော သတ္တဝါ ဖြစ်‌စေ ’ လို့ ဘယ် အစဉ်အလာ ယဉ်‌ကျေးမှု က ဖန်ဆင်းခဲ့ သလဲ ။  ကျမ ဆဲ‌ရေးစမ်းပါရ‌စေ ။ အိမ်‌ထောင်ကွဲ မိန်းမ ဟာ ကံ အဆိုးဆုံး သတ္တဝါ‌ ပေ ပဲ ။ ဘယ် မိန်းမ မှ မလိုချင်တဲ့ အဲဒီ ကံဆိုးမှု ကို ခံယူရပြီး ယောက်ျား မ‌ကောင်း လို့ ဒီလို ဖြစ်ရလည်း ‘ ဒီ မိန်းမ ကို က ညံ့တာကိုး ’ လို့ ပြစ်ဒဏ် ခံရတဲ့ သတ္တဝါ‌ လေ ။ ပတ်ဝန်းကျင် ရဲ့ မျက်လုံး‌တွေ ထဲ မှာ အဲဒီ တခုလပ် မိန်းမ ­ ဟာ သိပ် ထင်ရှား‌ နေ လိမ့်မယ် ၊ ကဲ့ရဲ့စရာ ဖြစ်‌နေလိမ့်မယ် .. ။ ရယ်ရင် လည်း ဟဟ မရယ်ရဘူး ဆိုပဲ ။ ဘယ်သူ ချမှတ်တဲ့‌ ဘောင်‌တွေလဲ ကွယ် ။ ရင် ထဲ မှာ ငိုရလွန်းတဲ့ အခါ ပြင်ပ မှာ ရယ်‌မောရင်း ‌ဖြေ‌ဖျောက် ချင် တဲ့ မိန်းမ အတွက်‌ တော့ အဲဒီ‌ ဘောင်‌တွေ ဟာ ကာဆီး ထား တဲ့ တောင်တန်း‌တွေ ပဲ ။ ထွက်‌ပြေး မရ ။ အဲဒီ ပတ်ဝန်းကျင် ထဲ မှာ ပဲ သူ‌ ရောက် လာတယ် ။


‌ကြေကွဲစရာ‌ ကောင်းလိုက်ပုံများ ..... သူ ဟာ ချစ်ခြင်း‌တွေ ကို ‌ပွေ့ပိုက် လို့ ကျမ ဆီ ‌ရောက် လာတယ် ။ ကံ ဆိုးလိုက်ပုံများ ... ကျမ ခမျာ သူ့‌ ခြေသံ ကို‌ တောင် ကြို မကြားခဲ့ရ လို့ မို့ ‌ရှောင်ရှား ချိန် မရ ။ အချစ် မှာ မျက်ရည် ပါတယ် ။‌ သောက ပါတယ် ။ဒါကို ကျမ သိတယ် ၊ ဒါ့ထက် ပို ဆိုးတာ က  ကျမ ‌တွေ့ရတဲ့ ဒီ အချစ် မှာ ‘ အရှုံး ’ ဆိုတဲ့ အ‌ဖြေ က ပါပြီး ဖြစ်‌ နေတာပဲ ။ 


တန်ဖိုး ဆိုတာ ကို တခါတရံ မှာ မရယူလိုက်ခြင်း နဲ့‌ ပေး‌ချေ ရတယ် ။ အဲဒါဟာ အဲဒီ တန်ဖိုး ရဲ့ မြင့်မြတ်ကြီးကျယ်မှု ကို သတ်မှတ်‌ပေးခြင်း ပဲ ဖြစ်တယ် ။ သူ ဟာ ... အခုမှ ဘဝ ဆိုတာ အ‌ပေါ် လှမ်း တက်ဖို့ ဟန်ပြင်‌နေတဲ့ သူ .. ။ ပြီး‌တော့ ကြိုးစား တက်ကြွခြင်း‌တွေ နဲ့ဘဝ ခရီး ကို ဖြတ်မယ့် သူ ။ ကျမ အမြင် မှာ ‌တော့ သူ က မင်းသား‌လေး တပါး လို ခမ်းနားပြည့်စုံ သူ လည်း ဖြစ်တယ် ။သူ့ ရဲ့ တန်ဖိုး အတွက်‌ ပေး‌ချေ စရာ ဆတူ တန်ဖိုး ကျမ မှာ ရှိ မ‌နေတဲ့ အခါ ၊ သူ့ ကို ရယူဖို့ မကြိုးစားခြင်း သာ  ထိုက်တန်‌သော ‌ပေး‌ချေမှု ဖြစ်လိမ့်မယ် ။ ကျမ ရ လိုက်တဲ့ အရှုံး ဟာ သူ့ အတွက်‌တော့ လှပတဲ့ အနာဂတ် ဖြစ်မယ် ။ အဲဒီအခါ သူ နဲ့ ကျမ ရဲ့အကြား မှာ မျက်ရည် ပင်လယ် ခြား‌ တော့တယ် ။ ဒီ မိန်းမ ဟာ အစဉ်အလာ အကျဉ်း‌ထောင် ထဲ မှာ တသက်စာ အကျဉ်းကျ ခံရသူ ။ မိန်းမ တစ်‌ယောက် အတွက် တခုလပ် ဆိုတဲ့‌ ဝေါဟာရ ဟာ ကြိုးမိန့်တစ်မျိုး ပါ ပဲ ။ 


     •••••   •••••   •••••   •••••


    ‘ ထွက်‌ပြေးတဲ့အခါ 

    နာကျင်ခြင်း‌မြွေ‌တွေက 

    ခန္ဓာကိုလိမ်ပတ်

    ညှစ်သတ်‌တော့

    ခပ်‌လျော့‌လျော့အသက်က 

    မျက်လုံးပြူး မျက်လုံးပြူးနဲ့

    ရုန်းထ 

    သူ့ဘဝကို

    ပိုရုပ်ကြွလာ‌စေပြန်တယ် ’ ။


ဘယ်ကို‌ ပြေးရမှာလဲ ... နောက်မှာ အရိပ် လို ထပ်ချပ် မကွာ လိုက်လာတာ ကိုယ့် ရဲ့ အတိတ် ပဲ ။ အတိတ် ဆိုတာ ခွာချ ထားခဲ့လို့မရတဲ့ အရိပ် ။ကျမ က အတိတ် နဲ့ ၊ ပစ္စုပ္ပန် နဲ့ ၊ ဖြစ်နိုင်ရင် အနာဂတ် နဲ့ ပါ  ဝေး‌အောင် ထွက်‌ပြေးချင် လိုက်တာ မဖြစ်နိုင်ဘူး ဆိုတဲ့ အ‌ခြေအ‌နေ ဆိုက ကျမ ကို တသက်လုံး ‌ကြေမွ‌အောင် ညှစ်သတ်မယ့်‌ မြွေဆိုး‌တွေ ပဲ ။ မုန်းတယ် ... ဘဝ ဆိုတာ ကို မုန်းတယ် ။ဟိုး မှာ လိမ့်လာတဲ့ လှိုင်းလုံး‌တွေ သာ ကမ်း ကို ပြန် မကပ်ဘူး ဆိုရင် အဲဒီ လှိုင်းလုံး‌တွေ နဲ့ ကျမ လိုက်ပါရ‌စေ ။ ‌ကြေကွဲစရာ 

‌ကောင်းလိုက်ပုံ များ ၊ ကျမ ကို တားဆီး‌ ခေါ်မယ့်သူ မရှိဘဲ တစ်‌ယောက် တည်း ခွဲထွက်ရမယ့် ဘဝ‌ လေ ... ၊ ဒီ‌တော့လည်း သည်းသည်းမည်းမည်း ဟားတိုက် ရယ် လို့ ကံကြမ္မာ ဆိုတာ ကို လည်း နာခဲ့ပြီ ။


တကယ်‌တော့ အဲဒီ အတိတ် ကို လည်း ကိုယ်တိုင် ပဲ နှစ်နှစ်ခြိုက်ခြိုက် ဖန်တီးခဲ့တာပဲ ။  မျှော်လင့်ချက်‌တွေ .. အားမာန်‌တွေ အများကြီး နဲ့ .. ချစ်ခဲ့တဲ့ သူ နဲ့ အတူ အိမ်က‌လေး တစ်လုံး ဆောက်ကြမယ်‌ ပေါ့ ။ ဘယ်သူက လိုချင်မှာလဲ ကွယ် ... ကိုယ် တပင်ပန်း‌ ဆောက်ခဲ့ ရတဲ့ အိမ်က‌လေး ပြိုကွဲ‌ ပျောက်ပျက် သွားမှာကို ။ ဘယ်‌လောက် ပြုပြင် ဖန်တီးခဲ့ သလဲ ။ ဘယ်‌လောက် ကျားကန်ခဲ့ သလဲ ။ မိန်းမ တစ်‌ယောက် အ‌နေ နဲ့ ဘဝ ပျက်တာ ကို ဘယ်သူက လက်ခံချင်ပါ့ မလဲ ။ ဒါ‌ပေမဲ့ ဘယ်လို မှ ကျားကန် မရ ။ မွမ်းမံ မရ ။ ဒါနဲ့ပဲ အားလုံး ကို လက်‌လျှော့ ။ ‌ခြေကုန်လက်ပန်း ကျ ။ အဲဒါ တခုလပ်မ တဲ့ ။ “ သူ့နှယ် ... ‌ယောက်ျား ကို နိုင်‌အောင် မှ မထိန်းဘဲ ။ တ‌နေ့ တ‌နေ့ က‌လေး ကို ပဲ အလုပ် တခု လုပ်‌နေတာ .. ‌ငွေ‌ နောက်ပဲ လိုက်‌ နေတာ ... အလုပ်‌ နောက်ပဲ လိုက်‌ နေတာ ... ဖြစ်တာ‌တောင် နည်း‌သေး ” သတဲ့ ။ ဘယ်‌လောက် ပျို့အန်ချင်စရာ ‌ကောင်းတဲ့ စကားသံ‌တွေ လဲ ... ၊ ကျမ ရဲ့‌ချွေးစက်‌တွေ ...  ဂုဏ်သိက္ခာ‌တွေ ၊ မိခင်‌မေတ္တာ‌တွေ ... လုပ်အား‌တွေ ... ‌စေတနာ‌တွေ အားလုံး ကို တခုလပ် ဆို တဲ့ စကားလုံး နဲ့ လဲ ပစ် လိုက်ရတာ ဘယ်သူ့‌ကြောင့် လဲ ... ၊ မုန်းတယ် .. အတိတ် ကို မုန်းတယ် ။ မီးရှို့ ပစ်လိုက်လို့ ပြာ ဖြစ်သွားမယ် ဆိုရင်‌တောင် အဲဒီ အတိတ်ပြာ‌တွေ ကို ‌ရေမှာ ‌မျောပြီး အစ ‌ဖျောက် ပစ် ချင်တာ ၊ အဲလို ‌တွေး ကာမှ အတိတ် ထဲ က ဇာတ်‌ကောင်‌တွေ က ရုပ်လုံး ကြွကြွ လာပြီး ကျမ ကို ‌ခြောက်လှန့် လာ ပြန်တယ် ။ ဟင့်အင်း  ... ကျမ အတွက် အတိတ် ၊ ပစ္စုပ္ပန် ၊ အနာဂတ် ဆိုတဲ့ ကာလ ‌တွေ ကို ‌မေ့ပါရ‌စေ ။ 


     •••••   •••••   •••••   •••••


   ‘ ထွက်‌ပြေးတဲ့အခါ 

    အရိပ်‌တွေဟာ 

    နဂိုထက်မြန်မြန်ပိုလိုက်

    ဒါနဲ့ပဲ

    မိုက်မဲတဲ့အသည်းက 

    ‌မေ့ထားသမျှကိုပိုပိုသတိရ

    အဲဒီအခါ 

    ‘ နင်ဟာ အနာတရနဲ့သာ 

    ထိုက်တန်တဲ့‌ကောင် ’ လို့

    ကိုယ့်ကိုယ်ကိုဆဲ‌ရေးရ .... ’ 


တခါတုန်းက ‌တောင့်တခဲ့ဖူး သမျှ လတ်ဆတ်သစ်လွင်တဲ့ ချစ်ခြင်း‌ တွေ ... ။  မျှော်လင့်ရင်း နဲ့ အတိတ် တစ်ခု ကို ဖြတ်ခဲ့ဖူး ။ ဒါ‌ပေမဲ့ အ‌ပေး သာ ရှိပြီး အယူ မရှိခဲ့ရတဲ့ ဘဝ ဟာ ကျမ ရဲ့ အား‌လျော့စရာ ‌ကောင်းတဲ့ အတိတ်‌ ပေါ့ ။ ခု ကျ‌တော့ အချစ် ဆိုတာ အသစ် ဖြစ်‌ပေါ်တယ် ဆိုတဲ့ ခပ်ညံ့ညံ့ ဆင်‌ခြေ တစ်ခု ကို ကိုးကား လို့ ရူးသွပ်ရ‌တော့မယ် ။ ဘယ်‌လောက် မိုက်မဲ လိုက်တဲ့ မိန်းမ .. ပါလိမ့် ကွယ် ။ အချစ်‌ ကြောင့် ပဲ ပြိုလဲခဲ့ ပြီးပြီ ၊ ပြီး‌တော့ အချစ်‌ကြောင့် ပဲ .. ရှင်သန်ထ‌မြောက် လို့ ။ အချစ် ထဲ မှာ နစ်မြုတ် ပင်ပန်း ဖူးပြီ ။ ခုလည်း ‌မေ့ထား ကာ မှ အချစ် ဆို တာ ကို ပြန် ပြန် သတိရ ရ ။ မလာခဲ့ပါနဲ့‌တော့ လို့ တားမြစ်လည်း ချည့်နဲ့‌ နေတဲ့ အသည်း က ရနိုင်သမျှ ကို‌ တောင့်တ တတ်‌ နေ ခဲ့ပြီ ။ ပစ္စုပ္ပန် ထဲ မှာ သူ့ မျက်လုံး‌တွေ ပဲ ကျမ သိ‌ တော့သည် ။


   “ ငါဟာ 

    ငါ‌ပျောက်ဆုံးခဲ့တဲ့ကဗျာ 

    မာရ်နတ်ခိုးယူသွားခဲ့

    ‘ အရွယ် ’ နဲ့အတူ ။

    ဘုရားသခင်သိမ်းယူသွားခဲ့

    ‘ နာကျည်းမှု ’ နဲ့အတူ ။

    ငလျင်တို့ထူ‌ပြောတဲ့

    ဘဝထဲ 

    ခဏ‌လေးပဲ အငြိမ် .. ” 


ဘဝ ထဲ မှာ .. နှလုံး ထဲ မှာ ... ဘာမှ မရှိ‌တော့ ၊ ဘာကို မှ မလို‌တော့ ၊ ဘာကို မှ ခံစားမရ‌တော့ ဘူး ... လို့ ထင်ထားခဲ့တဲ့ ကာလ မှာ ပဲ သူ က ကျမ ဆီ တိုးဝင် လာ တာ ။ ဘယ်သူ ရက်စက်တာလဲ ကွယ် ။ ‘ ကိုယ့် ဆီမှာ ဘာမှ မရှိ‌တော့ဘူး အချစ်က‌လေး ရဲ့’ လို့ မြည်တမ်း ညည်းညူရင်း ပဲ ၊ သူက‌လေး ရဲ့‌ ဖျော့‌တော့‌တော့ အပြုံး မှာ ကျမ ရဲ့ကုန်ခန်းသွားပြီ လို့ ယူဆ ထားခဲ့တဲ့ အားအင်‌တွေ ပြန် သစ် လာတယ် ။ မျက်လုံး‌တွေ ပြန်လည်‌ တောက်ပ ။ နှုတ်ခမ်း‌ခြောက်‌သွေ့‌တွေ ပြန်လည် စိုစွတ် ။ နှလုံး‌သွေး တို့ ပူ‌နွေး ... 


    “ ‌ဟောဒီမှာမင်းနှုတ်ခမ်းက 

    မျိုးယူပျိုး ၊လှူတဲ့ပန်း ... 

    သစ္စာ‌တွေ 

    ငါမြတ်နိုးတဲ့အကြည့်တစ်စုံ

    မဆုံချင်လိုက်နဲ့က‌လေး‌ရေ ... ” 


ဒါဟာ ရက်စက်တဲ့ စီရင်ချက် တစ်ခု ပဲ ။ ကိုယ့် မှာ မင်း နဲ့ ဆုံဆည်းခွင့် မရှိ ။ ချစ်ခွင့် မရှိ ။ တခုလပ် မိန်းမ တစ်‌ယောက် ဟာ ဘဝ ရဲ့ အရသာ‌တွေ ကို တ‌ပျော်တပါး ဆက်လက် စားသုံးခွင့် မရှိ ။ “ အားလုံး ပြန်ယူသွားပါ ...  ဟေး ... ကြင်နာသူ‌လေး‌ရေ ... အ‌ဝေးဆုံး ကမ္ဘာ့အပြင်ဘက် ကိုယ့်ရဲ့ဘဝ ... ” အဲလို သီချင်း‌ အော် ဆိုပြီး ‌ပေါ့ပါး လိုက် နိုင်ရင် ဘယ်‌လောက်‌ ကောင်းလိုက်မလဲ‌ နော် ။ မင်း လို သမျှ အင်အား .. အချစ်.. သာယာမှု .. ကြင်နာခြင်း‌ တွေ ကိုယ် အပြည့်အဝ  ပေးနိုင်ပါရဲ့ကွယ် ။ဒါ‌ပေမဲ့‌ ပေးခွင့် မရှိ ။


မင်းဖို့အိမ်က‌လေး‌ဆောက်ခဲ့

    ပြိုခဲ့ရှာ

    စိမ်းသစ်စွာ‌သော ‌ခေါင်မိုးများ 

    နံရံများ ကြမ်းခင်းများ 

    အ‌ရောင်မဲ့သစ်ပင်တို့ကြားမှာ ။ 


     •••••   •••••   •••••   •••••


    တကယ်တမ်းကျ 

    ‘ ထွက်‌ပြေး ’ ရတာကိုက 

    “ ထွက်‌ပြေးမရ ” တာ ... ။ 


‌သေမိန့်ကျပြီးသား လူ တစ်‌ယောက် ဟာ ... သူ့ ရဲ့‌ နောက်ဆုံး အချိန်‌တွေ ကို ဘယ်လို ‌ကျော်ဖြတ် မလဲ ။ ‌သေ‌နေ့ ကို‌ စောင့်ရင်း ထိတ်လန့်တုန်လှုပ်‌ ကြေကွဲ‌ နေ မလား ။ ဒါမှမဟုတ် နေ့ရက်‌တွေ ကို တ‌ပျော်တပါး စားသုံး မလား ။ ကျမ က‌ တော့ ကိုယ် ရနိုင်သ‌ရွေ့ ကို အဲဒီ ဘဝ ထဲ က‌နေ ယူ ယူ ပြီး‌ နောက်ဆုံး အချိန်‌တွေ ကို အားပါးတရ စားသုံးချင် ပါတယ် ။ ဒါဟာ ကျမ စွမ်းနိုင်သ‌လောက် ဘဝ ကို အနိုင် နဲ့ ပိုင်းခွင့် မဟုတ်လား .. ဟင် ။ ဒါဖြင့် ကျမ ဘာ လုပ်ရ မလဲ ။ သူ့ ကို အိပ်မက် ... စိတ်ကူးယဉ် .. ကြည်နူးသာယာ .. ။ ‌နေ့‌တွေ ဟာ အ‌ငွေ့‌တွေ နှင့် ပင် ချိုမြိန် ။ ပြီးရင်‌တော့ ရင်ကွဲခံ ဖို့ ရက်‌တွေ ၊ မ‌သေမချင်း လွမ်းဆွတ်ခြင်းများ နဲ့ ဖိသတ်ခံရ မတဲ့ ။ ပြစ်ဒဏ် က မကြီးလွန်းဘူးလား ကွယ် ။‌ကြောက်ရပြန်ပြီ ။ဒါနဲ့ ပဲ ... 


‌ဟော ... ဟိုမှာ ။ မျက်ခုံးထူထူ‌ အောက် က တောက်ပတဲ့ မျက်လုံး‌ တွေ .. ‌ပြေး လာ ‌နေကြပြီ ။ ကျမ ရင်ဆိုင် ကြိုဆိုရ မလား .. ထွက်‌ပြေးရ မလား ... ဟင် ၊ ‌ကျောခိုင်း လှည့်‌ပြေး ။ ဘုရား‌ရေ  ... ဟိုး‌ ရှေ့ မှာ မြား တစ်စင်း အရှိန်ဟုန် ပြင်းပြင်း နဲ့ ဝင်လာ ။ ရင်ထဲ ကို စူးစူးရဲရဲ ထိုး‌ဖောက် သွားခဲ့ပြီ ။ အခိုင်အမာ ။ အ‌သေခံ နှုတ် မှ ရ‌တော့ မလို စွဲမြဲ လို့ ။ နာကျင်ပြင်းပြတဲ့ ဝေဒနာ နဲ့ ငုံ့ ကြည့်လိုက်‌တော့ ... မြားတံ ရဲ့ အဆုံး မှာ ပြုံး‌ နေတဲ့ မျက်လုံး တစ်စုံ က ကျမ ကို ‌လှောင်‌ပြောင် လို့ ။


    “ တကယ်တမ်းကျ 

    ‘ ထွက်‌ပြေး ’ ရတာကိုက 

    ‘ ထွက်‌ပြေးမရ ’ တာ ... ” 


‌◾မေငြိမ်း


‌📖 ရွှေအမြု‌တေမဂ္ဂဇင်း 

      ‌ဖေ‌ဖေါ်ဝါရီ ၊ ၁၉၉၆ ။


#ကိုအောင်နိုင်ဦး


.

Monday, May 8, 2023

မီးစိမ်း ပြ လို့ ရထား ရပ်တယ်


 ❝ မီးစိမ်း ပြ လို့ ရထား ရပ်တယ် ❞


ချစ်တာတွေ × ×× တို့ နှစ်ကိုယ်တည်း သိတယ် × ×× သစ္စာတွေ မေ့မနေနဲ့ အချစ်ရယ် × ×× တစ်နေ့တော့ မောင် ပြန်လာမည် × ××


မင်းအောင် ရဲ့ ရန်ကုန်သူ လွမ်းမှာစိုး သီချင်း ကို ညည်းရင်း စက်ရုံ ထဲ က ထွက် လာ ခဲ့တယ် ။ ချစ် နဲ့ တွေ့ ရတော့မယ် ။ ချစ်ရယ် မတွေ့ရတာ လည်း ကြာပြီ ။ ကြာဆို ငါးလ လောက် ရှိပြီ ။ စာ မရေး ဖြစ်တာတော့ သုံးလ လောက် ပဲ ရှိဦးမှာပါ ။ ဒီနေ့ နေ့လယ် မှ မောင် တို့ ရထား ရောက်တာ ကိုး ။ ရန်ကုန် မြေ ကို ခြေ ချတာ နဲ့ ချစ် ဆီ ပြေးလာခဲ့ ချင်တာပေါ့ ။ ဒါပေမဲ့ ချစ်ရယ် .. မောင့် ရဲ့ စက်ခေါင်း နဲ့ ပတ်သက်တဲ့ အလုပ်တွေ စစ်ဆေး ၊ အပ်ရ နဲ့ ဆိုတော့ ခုမှပဲ နားတွဲ ကို ပြန်ခဲ့ ရတယ်လေ ။ စိတ် ထဲ က သာ ကြိုတင်ပြီး ချစ် ဆီ ကို သတင်း ပို့ နေမိတာ ပေါ့ ။


စက်ဆီ ပေ နေတဲ့ လက် ကို ကပျာကယာ ဆပ်ပြာ နဲ့ ဆေး လိုက်တယ် ။ သေတ္တာ ထဲ က အကြိုက်ဆုံး အင်္ကျီလုံချည် တစ်စုံ ကို ထုတ် လိုက်တယ် ။ ပြီး တော့ မှ စိတ်ကူး တစ်မျိုး ရတာ နဲ့ တန်း ပေါ် က ပုဆိုး ခပ်ဟောင်းဟောင်း တစ်ထည် ယူ လဲ လိုက်တယ် ။ အပေါ် က တက်ထရက် နက်ပြာ ယူနီဖောင်း ကို ချွတ်ပြီး အိတ်ကပ် မပါ တဲ့ စပို့ရှပ် အဟောင်းလေး ကို ကောက် ဝတ် လိုက်တယ် ။ စောင်းကောက် တံဆိပ် သားရေဖိနပ် ကို ခုံအောက် ပြန် ထားပြီး ပလတ်စတစ် ဂေါက်ဂက်ဖိနပ် ကို စီး လိုက်တယ် ။ ဘယ်သူ ကျန်ခဲ့မှန်း မသိတဲ့ ရှမ်းခမောက်လေး ကောက် ဆောင်းပြီး နာရီ နဲ့ လက်စွပ် ကို သေတ္တာ ထဲ ပြန် ထည့် ထား လိုက်တယ် ။ ဒီ ပုံ နဲ့ ချစ် ဆီ ကို သွားရင် ချစ်က ရယ် မလားပဲ ။ အံ့သြ နေ မှာ တော့ သေချာတယ် ။ ဒီလို ဆို အရင် က လို ချစ်သေးရဲ့ လား လို့ မေးရ ချွဲရ ဦးမယ် ။


အရေးကြီးတာ တစ်ခု ကျန် သေးတာပဲ ။ မှတ်ပုံတင် နဲ့ အလုပ်သမားကတ် ကြား ထဲ ကို ရာတန် သုံးရွက် ခေါက် ထည့် လိုက်တယ် ။ ကျပ်တန် သုံးရွက် ပါ ပလက်စတစ်အိတ် နဲ့ စုပြီး အင်္ကျီ ရင်ဘက် ကြားထဲ ထည့် လိုက်တယ် ။ တွဲ ပြတင်းပေါက်တွေ သေသေချာချာ ပိတ်ပြီး တံခါးမ ကို ပါ သော့ ခတ်လိုက်တယ် ။ နားနေတွဲ တစ်တွဲ မှာ စက်ဗိုလ် နှစ်ယောက် ၊ မီးထိုး နှစ်ယောက် လိုက် ရတာ ဆိုတော့ တစ်ခန်း မှာ ဆရာ တပည့် နှစ်ယောက် စီ နေ ကြတာ ပေါ့ ။ တပည့် က သူ့ အမျိုးတွေ ရှိတဲ့ ဥက္ကလာ ကို သွားနှင့် ပြီ ။ တွဲသော့ ကို တစ်ဖက် ခန်း က စက်ဗိုလ် ကို ပေးထားခဲ့ မှ ။ သူ က တော့ ဘယ်မှ လည်မယ့်သူ မဟုတ်ဘူး ။ တံခါးတွေ ပိတ်သံ ကြား ကတည်း က အပြင် ထွက် တော့မယ် ဆိုတာ သိ နေတာကိုး ။


“ စက်ဗိုလ်လေး အင်းစိန် ဘက်ရောက် အောင် သွားနော် ။ ရွှေတိဂုံ နောက် မှ ဖူးလို့ ရပါတယ် ။ မနက် စစ်ရထား ပြန်ရမှာ တဲ့ ။ အင်းစိန် သင်တန်းကျောင်းကြီး အလွမ်းပြေ သွားကြည့်ခဲ့ဦး နော ”


“ အစ်ကိုကြီး က သိသားနဲ့ နောက် နေ ပြန်ပြီ ။ အင်းစိန် က တော့ ရောက်အောင် ကို သွားရမှာ ခင်ဗျ ။ ကျွန်တော့် ကောင်လေး လာရင် သော့ ပေး လိုက်ပါ နော် ” 


ဒီတော့မှ ဝတ်စား ထားတဲ့ ပုံစံကို သူ မြင် သွား တာကိုး ။


“ ဟ ... ဒါက ဘယ်လိုပုံ လဲ ... ကိုယ့် ဇယ် ဆီ သွားမှာ များ အကောင်းစား ဝတ် သွားစမ်းပါ ။ ဘယ့်နှယ် အဟောင်းတွေ ဝတ်သွား ရတာတုံး ”


“ စိတ်ကူး ပေါက်လို့ပါ အစ်ကိုကြီး ရဲ့ သွားမယ် နော် ”


စက်ဗိုလ် တော့ ကြောင်စီစီ ကျန်ရစ် ခဲ့ တာပဲလေ ။


မလွှကုန်း တွဲစီဝင်း ထဲ က နေ ဘူတာ ထိ လျှောက်ရ မှာ ဆိုတော့ သူငယ်ချင်း တွေ တွေ့ ရင် အမေးအမြန်း ထူ နေ ဦးမှာ ။ ပုဇွန်တောင် ဘူတာ ဘက် ကို သွား စီး တာပဲ ကောင်းမယ် ။ ရှမ်းခမောက် ကို ခပ် ငိုက်ငိုက် ဆောင်း ပြီး လျှောက် သွား ခဲ့တယ် ။


ချစ် နဲ့ တွေ့ ရင် ပျော် နေ မလားပဲ ။ ဒီ ပုံစံ နဲ့ ဆို ရယ်မလား ၊ အထင် သေး မလားပဲ ။ အလုပ် မအား လို့ စာ မရေး ဖြစ်ရင် ခွင့်လွှတ်ကြ စတမ်း တဲ့ လေ ၊ အသက်တွေ လည်း မငယ်တော့ တာ မို့ စိတ် လည်း ခဏ ခဏ မကောက်နဲ့ တဲ့ ၊ ဟုတ်တယ် လေ ၊ အလုပ် ထဲ မှာ စက်ဗိုလ် ဆိုပြီး သိက္ခာ နဲ့ ပြောဆို ဆက်ဆံ နေ ရတာ ။ ချစ်သူ နဲ့ တွေ့ တဲ့ ခါတော့ ငယ်နေ  ၊ ချွဲနေ ၊ စိတ်ကောက်နေ ပြ တာပေါ့ ၊ ဒါကလည်း ချစ် ရဲ့ အကြင်နာ အလိုလိုက်မှု လေး တွေ ကို ခံစားချင် လို့ပါ ။


“ ဈေးသည် မို့ ယောက်ျားလေး တွေ နဲ့ စကား ပြော တိုင်း လည်း သဝန် မတို နဲ့ မောင် ရာ ” တဲ့ ။


ဒီတော့ တစ်ခါ “ မင်းခယောက်ျား ကမ်းနားသစ်ပင် ဘဝ ပါ ။ မောင် တို့ ရထား လိုက် အမှုထမ်း ဆိုတာ အန္တရာယ် အမျိုးမျိုး နဲ့ ကြုံရတတ် တာ မို့ တစ်နေ့ ဒီ ရာထူး ဒီ ဘဝ မရှိတော့ ရင် ကော ချစ်ပါ့ဦး မလား ” ဆိုတော့ သူ့ အချစ် ကို အထင် သေး ရက်တယ် လို့ မျက်ရည် တောင် လည် လာ သေးတယ် လေ ။


ဒါကြောင့်လည်း လူချင်း မတွေ့ ရတဲ့ ငါးလ လောက် ရယ် ၊ စာ မရေးဖြစ် ခဲ့တဲ့ နှစ်လ လောက် ကို သူ နားလည် ခွင့်လွှတ် နေ မှာပါ ။ အမြဲလို ပါး မှာ ပါးကွက် တင် ထားတတ်တဲ့ ချစ် ကို မြင် နေတယ် ။ မြို့ပတ်ရထား ကို တောင် နှေး လှတယ် ထင် မိ တယ်လေ ။


မလွှကုန်း ဘက် က မြို့ပတ်ရထား တစ်စင်း ဆိုက် လာပြီ ။ ဒီဘက် ပလက်ဖောင်း မှာ ဆို သေချာပေါက် အင်းစိန် သွားမယ့် ကောင်ပဲ ။ ဟိုဘက် က လာ တာ ဆို ရန်ကုန် က နေ သင်္ဃန်းကျွန်း ၊ တိုးကြောင်ကလေး ကို ပြန် လှည့် မှာ တွေ သင်တန်း တစ်နှစ်ခွဲ နေခဲ့တာ ဆိုတော့ မှတ်မိ သေးတာပေါ့ ။ စက်ခေါင်း ပေါ် မှာ စက်ဗိုလ် သူငယ်ချင်း နဲ့ တွေ့ တယ် ။ ကိုယ့် ပုံစံ နဲ့ အေးအေးဆေးဆေး လက်မှတ် ပဲ ဝယ် စီး ခဲ့တယ် ။


ရန်ကုန်ဘူတာကြီး ကို ဝင်ပြီး အင်းစိန် ဘက် ကို ဆက် မောင်းသွားတယ် ၊ ချစ် နဲ့ သွားခဲ့ လည်ခဲ့ တဲ့ သမ္မတရုံ ၊ ဗိုလ်ချုပ်ဈေး တစ်ပိုင်းတစ်စ ကို ရထား ပေါ် က လှမ်း ငေးရင်း လိုက်ခဲ့တယ် ။ ထုံးစံ အတိုင်း တွဲ ပေါ် မှာ တော့ ရှာမီး ချိုချဉ် ၊ ဒူးယား စီးကရက် ၊ ပရုတ်လျက်ဆား ၊ ငါးမျိုး တစ်ကျပ် မတ်တတ် ဈေးသည်လေး တွေ စုံ  ။ မျက်မမြင် ၊ ခြေကျိုး လက်ကျိုး ၊ ထမင်းဖိုး ၊ လမ်းစရိတ် မရှိလို့ ပါ ဆိုတဲ့ အလှူခံ တွေ လည်း အရင် က လို စည်ကားပါ ပေရဲ့ ။


သမိုင်းဘူတာ ရောက်တော့ မယ်ဒလင်သမား မျက်မမြင် တစ်ယောက် တက် လာတယ် ။ မင်းအောင်သီချင်း တွေ ပေါ်ကာစ ချစ် နဲ့ လျှောက်လည် ခဲ့တဲ့ နေ့ တွေ မှာ တွေ့နေကျ လူ ပါပဲ ။ ‘ ရန်ကုန်သူ လွမ်းမှာစိုး ’ သီချင်း ဆို ပြတော့ ချစ် က ပိုက်ဆံ ထည့် ရင်း “ အဲဒီလို လွမ်း ကျန်ရစ် မှာ စိုးတယ် မောင်ရယ် တဲ့ ” သိပ် ချစ်ဖို့ ကောင်းတဲ့ ချစ်သူ ပါလေ ။ အခုလည်း ဒီ လူ ဘာ သီချင်း ဆို မလဲ မသိဘူး ။ မယ်ဒလင် လက်ကွက် စမ်းပြီး ဆိုတော့မယ် ... ဘာတဲ့ ... ။


“ ဪ … မောင်တို့ အညာ မှာ × ×× တမာပင်တန်းတွေ နဲ့ × ×× ထန်းပင် ထန်းတော× × × လွမ်းမော စရာပဲ × ×× ရန်ကုန်သူ ရယ် × ××ရန်ကုန် သူရယ် × ×× ... ”


မင်းယျာ သီချင်း ပါ လား ။


အင်းစိန် တောင် ရောက် လာပြီ ။ ချစ် ရှိမယ့် လေဟာပြင်ဈေး ကို ပြေး လာခဲ့တယ် လေ ။ ဒါပေမဲ့ ရုတ်တရက် ချစ် ကို ဝင် မတွေ့သေးဘူး ။ သူတို့ ဆိုင် မျက်စောင်း ထိုး က ရေခဲခြစ် ဆိုင်နား မှာ ထိုင် ပြီး သံပရာရည် တစ်ခွက် မှာ သောက် ရင်း ချစ်တို့ ဆိုင်ကို ကြည့် လိုက် မိတယ် ။ ချစ် ရဲ့အမေ နဲ့ အစ်မ လည်း မတွေ့ဘူး ။ ပါးကွက်ဖွေးဖွေး နဲ့ ချစ်မျက်နှာလေး ကို မှန်ဗီရိုတွေ ကြား ထဲ က လှမ်း မြင် ရတယ်လေ ။ သိပ် လှတဲ့ ချစ်သူ ပါ လား ။


သူ့ ရှေ့ မှာ အမျိုးသား တစ်ယောက် နဲ့ စကား ပြော နေတယ် ။ ဈေးဝယ် ထင် ပါရဲ့ ။ လူရှင်း မှ အံ့သြသွား အောင် သွား တွေ့ ရမယ် ။ ချစ် က ကိုယ် နဲ့ အတူ ချုပ်ထားတဲ့ အင်္ကျီအစင်းလေး နဲ့ ။ ပစ္စည်းတွေ ကွယ် နေတော့ လုံချည် ဘာရောင် ဝတ်ထား သလဲ မမြင်ရပါဘူး ။ ဈေးဝယ် နေတဲ့ ကောင် က လည်း ကြာလိုက်တာ ၊ သံပရာရည် တစ်ခွက် ပဲ ကုန် တော့မယ် ခုထိ မသွားသေးဘူး ။ ဘာမှလည်း ဝယ်မယ့် ပုံ မပေါ်ပါဘူး ။ ပြုံးကာ ရယ်ကာ နဲ့ နှစ်ယောက်သား စကား ပြောနေ လိုက် ကြတာ ။ အမယ် ဒီကောင် က ချစ် ကို စိုက် ကြည့်ပြီး ရင်းရင်းနှီးနှီး ပုံစံ နဲ့ ကို စကား ပြော နေကြတာပါလား ၊ ဟင် ...


ချစ် က လည်း ကိုယ့် ကို ကြည့်တတ် တဲ့ ချစ် မျက်စောင်းလေးမျိုး ထိုးပြီး ကြည်ကြည်ဖြူဖြူ လက်ခံ စကား ပြော နေ ကြတယ် ။


သံပရာ နှင့် ရေခဲ အရသာ အေးတာ ချဉ်တာ မသိတော့ဘူး ။ ပိုက်ဆံ ရှင်း ပြီး ချစ် ဆိုင် ရှေ့ ကို လာ ခဲ့တယ် ။ အနား ရောက်တော့ အမျိုးသား က အပျံစား ကောင်ပါလား ဆိုတာ သိရ တော့တယ် ။ လက်ရှိ ကိုယ် ဝတ် လာ တဲ့ ပုံစံ နဲ့ က တော့ သိပ် ကို ကွာခြား နေပြီ ။ ဒီ ကောင့် ဘေး နား မှာ ချိတ် ထားတဲ့ ပို့စကတ်လေး တစ်ခု ကို ကိုင်ရင်း က ..


“ ဒါလေးတွေ ဘယ်လောက် ရောင်းသလဲ ခင်ဗျား ”


“ တစ်ခု တစ်ကျပ်ခွဲ ပါ ရှင် ဒီ့ပြင် ပုံစံတွေ လည်း ရှိပါတယ် ”


“ ဆယ်ခု ဆို ... လျှော့ပါ ဦးလား ”


ရှမ်းခမောက် ကို အပေါ် ပင့် ပြီး မျက်နှာ ပြ လိုက်တော့ မှ ...


“ ဟင် .. ဘယ်တုန်းက ရောက်တာလဲ ”


“ နေ့လယ် က မှ ရောက် တာပါ ။ ရောက် ရောက်ချင်း လာ ခဲ့တာပဲလေ ။ ဒေါ်ဒေါ် တို့ ကော မမြင်ပါ လား ”


ခုန အမျိုးသား က တို့ ကို တစ်ချက် ကြည့် ပြီး ချစ် ကို လှည့်ပြောတယ် ။


“ မနက်ဖြန် မင်္ဂလာဒုံ မှာ ရုပ်ရှင် ကောင်းတယ် … လာ ခေါ်မယ် နော် ”


ချစ် က မျက်နှာ ပျက်ပျက် နဲ့ ကိုယ့် ကို တစ်ချက် ကြည့်ပြီး


“ အို ... မလိုက်တော့ပါဘူး ကိုစောထူး ၊ ကိစ္စ ရှိသေးလို့ပါ ”


“ ဘာ အရေးကြီးတာ ရှိလို့လည်း ။ မရဘူး ... လာ ခေါ်မှာပဲနော် ... ဟိုနေ့ က ကြည့်တဲ့ ကား က ကောင်း မှ မကောင်း ဘဲ ။ သွားမယ် နော် ”


သူတို့ နှစ်ယောက် ကို အကဲခတ်ပြီး စောင့် ကြည့် နေမိတယ် ၊ မျက်စိ မျက်နှာ ပျက် နေတဲ့ ချစ်သူ ကို လည်း တအံ့တသြ ငေး နေ မိတယ် ။ ဟိုလူ ထွက် သွားတော့ မှ တို့ ကို ခပ်တည်တည် နဲ့


“ အကြောင်းထူး ရှိလို့ လာ တာလား ”


“ ဘယ်လို ... ချစ် ဘာ ပြော လိုက်တယ် ။ မောင့် ကို တော့ မှတ်မိပါတယ် နော် ၊ ချစ် ဆီ ကို အကြောင်း ထူး ရှိ မှ လာ ရမယ့်သူ လား ဟင် ”


ချစ် က တို့ ကို တစ်ချက် ကြည့် ပြီး ဘာ ပြော ရမလဲ စဉ်းစား နေတယ် ထင်ပါရဲ့ ။ ပြီးတော့ မှ ...


“ မလာတာ လည်း ကြာပြီ ၊ စာ လည်း မထည့်တာ ဘယ်နှ နှစ် ရှိ ပြီလဲ ၊ အိမ်ထောင် ကျ သွားပြီ လို့ လည်း ကြား နေတယ် ” 


သည် က သာ မောင်တွေ ၊ ချစ်တွေ နာမ်စားဟောင်း တွေသုံးပြီး ပြော နေ ပေမဲ့ ချစ် စကားတွေ ထဲ မှာ တော့ တစ်လုံး မှ မပါ အောင် ပြောတတ် နေပြီ လေ ။ မျက်နှာ ကို မကြည့် တော့ ဘဲ မှန် ပေါ် က သူ့ လက် ဖြူဖြူတုတ်တုတ်ကလေး ကို သာ စိုက် ကြည့် နေတယ် ။ ဒီတော့မှ သတိ ထား လိုက် မိတယ် ။ တို့ ပေး ထားတဲ့ မောင်နှံ ခုနစ်ဖော် ငွေလက်စွပ်ကလေး မရှိတော့ ပါ လား ။ ချစ် ရဲ့ နီလာလက်စွပ်ကလေး အပြင် တခြား ရွှေလက်စွပ်ကလေး တစ်ကွင်း အစား ရှိ နေတယ် ။ အခြေအနေ လေယူ လေသိမ်း တွေ ကြည့်ပြီး တို့ ရဲ့ လက်ရှိ ဝတ်စား လာတဲ့ ပုံစံ နဲ့ လိုက်ဖက်မယ့် ဇာတ်လမ်း တစ်ပုဒ် လုပ်ကြံ ပြော လိုက် ရ တော့တယ် ။


“ မောင် မရောက် လာ တာ က အလုပ် ထဲ မှာ ပြဿနာ ဖြစ် နေလို့ပါ ချစ် ရယ် ။ အခုလည်း အလုပ် မဆင်း ရ သေးပါဘူး ။ ခဏ ရာထူး ချ ခံ ထား ရတယ် လေ ။ အသိတွေ နဲ့ လိုက်ပြီး ထင်း တို့ ၊ မီးသွေး တို့ အရောင်း အဝယ် လုပ် နေရတာ ။ စာ ရေး ရင် လည်း ချစ်  စိတ် ဆင်းရဲ မှာ စိုးလို့ပါ ။ ချစ် က လွဲလို့ ဘယ်သူ မှ လည်း မချစ်ခဲ့ ၊ မယူခဲ့ ပါဘူးလေ ၊ တစ်ယောက် နဲ့ တစ်ယောက် အနေ ဝေးလို့ စာ မရေး ဖြစ်ကြ ရင် လည်း နားလည် ခွင့်လွှတ်ကြရမယ် လို့ ချစ် ပြောခဲ့တာလေ ။ ကဲပါ … ချစ် ရယ် ညနေ ဆိုင် သိမ်း ရင် အရင် က လို မောင် လိုက် ပို့မယ် ၊ မနက် ကျ ရင် ဘုရားတွေ သွားမယ် ။ မြို့ပတ် ပေါ် ကျ ရင် မောင့် လက်သည်း တွေ ညှပ် ပေး ဦး နော် ”


စိတ် တင်းပြီး ဆက် သာ ပြောနေ ရတယ် ။ ချစ် မျက်နှာ က မကြည်လင် လာ ပါ ဘူးလေ ။ ချစ် ရဲ့ အမူအရာ ပျက် နေပုံ က စိတ် မကောင်း စရာ ဖြစ်နေ ရပြီ ။


“ အခု မှ လာ ညာ မနေပါနဲ့ ။ မိန်းမ ရ နေတာ သိပါတယ် ။ လေးငါးလ စာ မလာ ၊ လူ မလာ ၊ ဒီကို မေ့ ထား လိုက်ပြီ ထင်လို့ ”


“ အချစ် သစ် ရွေးလိုက် ပြီး ပြီ ဆိုပါတော့ ၊ ဟုတ်လား ချစ် ”


စကား ပြန် မရတော့ ။ ဆိတ်ဆိတ် နေခြင်းသည် ဝန်ခံခြင်း ဖြစ် မှာပါ ။ ချစ် မျက်ရည် ဝေ့ နေပြီလေ ။ ဈေးဝယ် သူ မိန်းမကြီး နှစ်ယောက် လည်း ရောက် လာ နေပြီ ။


“ စိတ် အနှောင့်အယှက် မဖြစ်ပါနဲ့ ချစ် ရယ် ။ ရင် ထဲ က ထုတ်ပစ် ထားတာ မသိသေး လို့ လာ မိ တာပါနော် ။ လက် ရှိ မောင့် ဘဝ နဲ့ လည်း ချစ် ကို စိတ် ဆင်းရဲ စေ မှာပါ .…. ပြန်တော့မယ် နော် ”


ခေါင်း မညိတ် ၊ ခေါင်း မခါ မျက်နှာ စိမ်းစိမ်း နဲ့ ကျန်ရစ် ခဲ့တယ် ။ စိတ် သက်သာမှု ရ သွားပြီ ထင်ပါရဲ့ ။


ချစ်သူ ရှေ့ မှောက် က ဆုံးရှုံးပြီဆိုတဲ့ အသိ နဲ့ ထွက် ခဲ့တာ ။ ဘယ်က ဘယ်လို အင်းစိန် ဘူတာ ရောက် လာတယ် မသိတော့ပါဘူး ။ ခုံးတံတား ပေါ် မှာ ထိုင်ပြီး ငိုင် နေ မိတယ် ။ ချစ်ခဲ့ ဖူးတာ တွေ ဟုတ်မှ ဟုတ်ရဲ့လားလို့ သံသယ ဖြစ်မိတယ် ။


“ ချစ် ရယ် ရက်စက်လိုက်တာ ”


ချစ်သူ နဲ့ တွေ့ရင် အရင် က လို စမယ် ၊ နောက်မယ် ၊ လျှောက်လည်ကြမယ် လို့ မျှော်လင့် ထားခဲ့ ပေမဲ့ လက်ရှိ အခြေအနေ လေသံ ဟန်ပန် တွေ ကြောင့် ဇာတ်လမ်း တစ်ပုဒ် ခင်း ပြ လိုက်တယ် ။ ချစ်အတွက် ဒီဘက် ကို ခွာစရာ အချက် တစ်ခု ပို ရသွားတယ် ထင်ပါရဲ့ ။ တကယ်သာ မေတ္တာစစ် နဲ့ သစ္စာ ရှိရှိ ချစ်တဲ့ သူ ဆို ဘာမှ ပြောင်းလဲ သွားစရာ မရှိပါဘူး ။


“ ချစ် ရယ် ရက်စက်လိုက်တာ ”


မျက်ရည် က ဝေ့ လာ ပြန်တယ် ။ ရှမ်းခမောက်လေး ပါ လို့ သာပေါ့ ။ ဖော့ကံရွာမ ဘက် က မြို့ပတ် တစ်စင်း ဝင် လာပြီလေ ။ ခုံးတံတား ပေါ် က နေ သင်တန်းဆောင် နဲ့ စက်ရုံ ဘက်ကို တစ်ချက် ငေး ကြည့်ရင်း ဆင်း လာ ခဲ့တယ် ။ မြို့ပတ် စက်ခေါင်းမောင်း သူငယ်ချင်း တစ်ယောက် က မြင် သွားတယ် ။


“ ဟေ့ကောင်ကြီး ။ မင်းတို့ စစ်ရထား လာတာ ဆို ၊ ငါ ထင်သားပဲ ၊ အင်းစိန် ကို သွားပြီ ဆိုတာ ။ တွေ့ ခဲ့လား မင်း ချစ်ချစ် ။ ဟင် … ရည်းစား နဲ့ လာ တွေ့ တဲ့ ကောင်ကလည်း ဘယ်လို ပုံ လဲ ကွ ။ Rest Van ပေါ် က အဝတ်အစားတွေ အခိုး ခံခဲ့ရ လို့ လား ”


“ မဟုတ်ပါဘူး သူငယ်ချင်း ရာ ။ ဒီ အဝတ်အစားတွေ ကျေးဇူး ကြောင့် လည်း ငါ့ ရည်းစား ရဲ့ စိတ်ထား အမှန် ကို သိခဲ့ရတာ ကွ ”


“ အေးကွာ ၊ မင်း ကို စာ လှမ်း မရေးရက် လို့ နေ နေတာ ။ အမျိုးသား တစ်ယောက် နဲ့ တွဲ သွား တာတော့ မြင် မိသား ။ မင်းတို့ ချင်း သိပ် ချစ်ခဲ့ကြတော့ ဒီလို ဖြစ်မယ် မထင်ဘူးလေ ကွာ ၊ ဟော ... မီး ပေးထားပြီ သူငယ်ချင်း ၊ လာ ... စက်ခေါင်း ပေါ်  က လိုက်ခဲ့ ”


“ ငါ့ ပုံစံ နဲ့ မလိုက်တော့ ပါ ဘူးကွာ ။ နောက်တွဲ က ပဲ စီးခဲ့ပါ့မယ် ”


လက်မှတ် တစ်စောင် ဝယ်ပြီး နီးရာ တွဲ ပေါ် တက်လာ ခဲ့တယ် ။ တွဲထောင့် က ခုံ မှာ ပေါ့ ၊ စုံတွဲ တစ်တွဲ ပူးကပ် ပြီး စကား တွတ်ထိုး နေကြတယ် ။ ချစ်သူတွေ ထင် ပါရဲ့ ၊ သူတို့ ပျော်ကြပါစေလေ ။ ဒီဘက် လွတ်လွတ် မှာ ပဲ ထိုင် တာ ကောင်းပါတယ် ။ အသည်း မပါ တဲ့ ရင် ဗလာ နဲ့ ချည့် နဲ့ မောဟိုက် စွာ ထိုင်ချ လိုက် မိတယ် ။


“ ချစ်ရယ် ရက်စက်လိုက်တာ ”


“ ကဲ လာပြီနော် လာပြီ ၊ အရသာ ရှိတဲ့ ရေခဲမုန့်  ၊ နို့ ပါတယ် ၊ မြေပဲ ပါတယ် ၊ စတော်ဘယ်ရီ ပါ တယ် ၊ စား ကြည့် လို့ မှ အရသာ မရှိရင် ပိုက်ဆံ တစ်ပြား မှ မပေးနဲ့ ခင်ဗျ ။ လူငယ်တွေ က တော့ သိပ် ကောင်းတဲ့ ရေခဲမုန့် လို့ ပြောကြ ပါတယ် ။ ဒီ လမ်း မှာ ဒီ ပုံး နဲ့ ရောင်း တာ ဒီ လူ တစ်ယောက် တည်း ရှိတယ် နော် ၊ ပြားငါးဆယ် ပါ ၊ စားကြဦးမလား ”


ဟုတ်ပါတယ် ၊ ချစ် နဲ့ လာရင် အမြဲ စားနေကျ ၊ ချစ် ကြိုက် တတ်တဲ့ ရေခဲမုန့်သည် ။ ဒီ အသည် မှ မတွေ့ ရင် ဒီပြင် မှာ မဝယ်စားဘူး ၊ အပြောင်းအလဲ မလုပ်တတ် တဲ့ သူ့ အကျင့် ကို တောင် ဥပမာ ပေး လိုက် ခဲ့သေးတယ် ။ ခုတော့ ချစ် ရယ် ရက်စက်လိုက်တာ ။


ဟံသာဝတီ ရောက် တော့ မျက်မမြင် အဘိုးကြီး နဲ့ ၁၀ နှစ် အရွယ် ကောင်မလေး သားအဖ ထင်ပါရဲ့ တက် လာကြတယ် ။ မယ်ဒလင် နဲ့ ဘာများ ဆိုကြ တီးကြ မှာ ပါလိမ့် ။


“ သီတာ ခုနစ်တန်  × ×× ရေစီးနှင့် မုန်တိုင်း ကို ဆန်၍ ဖြတ်ကာ × ×× လက်ပစ် ကူးရသလို × ××


ညွန့်ညွန့်စိန် ရဲ့ မင်္ဂလာသတင်း သီချင်းလေး ပါ လား ။ တစ်နေ့ ဒီလို သတင်း မျိုး ကြား ရတော့မယ် ၊ တခြား တစ်ချစ် ရှိတာ သိ ရရုံလေး တောင် မှ ဒီလောက် ခံစား ရတာ ။ သူ တစ်ပါး ပိုင်ဆိုင် သွားပြီ ဆို ရင်တော့ ရင် ကွဲ မယ် ထင်ပါရဲ့ ။


“ အပြစ်ယူ မထားပါဘူး တကယ် × ×× ချစ်သူ မရှားပါဘူးကွယ် × × × ချစ်ရက် ရှည်စွာ × ×× ချစ်နေ ကြပြီ ဆိုတဲ့ ... ”


ဟုတ်တယ် ၊ ချစ်သူ မရှားပါဘူး ချစ် ရဲ့ ။ ဒါပေမဲ့ အပြစ် တစ်ခု ဖြစ်လောက် အောင် မောင် သစ္စာ မဖောက်ခဲ့ ပါ ဘဲ ရက်စက် သွား တာ ရုတ်တရက် မို့ ခံစား နေ ရ တာပါ ။ အံ ကို တင်းတင်း ကြိတ် ထားပေမဲ့ မျက်ရည် ကျ လာ ပြန် ရော ။ ခမောက်ဟောင်းလေး ရှိ နေ လို့ သာပေါ့ ။


နားနေတွဲ ( Rest Van ) ကို ပြန် ရောက် တော့ မိုးချုပ်ပြီ ၊ မီးတိုင်တွေ က မီး လင်း နေပြီ ။ တပည့် မီးထိုး လည်း ပြန် မရောက် သေးဘူး ။ တစ်ဖက်ခန်း က သော့ တောင်း ပြီး တွဲ ဖွင့် လိုက်တယ် ။ တစ်ဖက်ခန်း က စက်ဗိုလ် က


“ အပါ ခေါ်ခဲ့ပါ ဆို ၊ ဘယ့်နှယ် တစ်ယောက် တည်း ပြန် လာရတာလဲ စက်ဗိုလ် ရ ”


“ ခေါ်ဖို့ နေနေသာသာ ကျွန်တော့် အသည်း တောင် ထားရစ်ခဲ့ရတယ် ဗျို့ ” 


သူ က အသံပြာကြီး နဲ့ ထ ဆိုတယ်လေ ။


“ အညာပြန် အသည်း မပါပေမဲ့ × ×× ငိုမယ် မထင်နဲ့  × ×× ရန်ကုန်မြို့သူ မိ အညာကြီး ရေ × ×× အေ့ဟေ အေ့ဟေ ...”


အင်းပေါ့လေ ။ ကိုယ့် ဝမ်းနာ ကိုယ် သာ သိ သတဲ့ ။ ဒီက ခံစား ရတာ သူတို့ ဘယ် သိပါ့မလဲ ၊ တွဲပြတင်းပေါက် တွေ ဖွင့် လိုက်တော့ လရောင် က ဝင် လာတယ် ။ ဖယောင်းတိုင် မထွန်း ဘဲ ဒီအတိုင်း အိပ်ရာ ပေါ် ပစ်လှဲ လိုက်တယ် ။ လှဲ နေ လို့ လည်း မရ ၊ ထိုင် နေ လို့ လည်း မရ ၊ ထမင်း လည်း အမှတ်မရဘူး ။ ရင် မှာ ဆို့နင့် နေတယ် ။ လသာ ည မှာ တွေ့ခဲ့ရ တာတွေ ၊ ချစ်ခဲ့ရ တာတွေ တွေးရင်း ညနေ က ဖြစ် ခဲ့တဲ့အဖြစ်တွေ နဲ့ ယှဉ် ကြည့် မိတယ် ။ မျက်ရည်က ကျ လာ ပြန်ရော ။ ကြိတ်မနိုင် ခဲမရ ဘယ်လိုမှ မခံစား နိုင် တဲ့အဆုံး ခေါင်းအုံး ပေါ် မျက်နှာ အပ်ပြီး ကလေး တစ်ယောက် လို ပဲ ရှိုက်ငို ပစ်လိုက်တယ် ။


“ ချစ်ရယ် .. ရက်စက်လိုက်တာ ”


ငို လိုက်တော့ မှ ရင် မှာ ပေါ့သွားတယ် ။ ဘယ်သူမှ မသိအောင် ကြိတ် ငို လိုက်တော့ ရင် မှာ ဆို့ နေတာ နည်းနည်း သက်သာတယ် ။


“ မန္တလေးအဖွဲ့ ၊ မနက် ငါးနာရီ စစ်ရထား ပြန်တက်မယ် ဗျို့ ” 


မလွှကုန်းစက်ရုံ က အခေါ် လုလင် ( call boy ) လာ ပြောတယ် ။ နာရီ ကြည့် လိုက်တော့ ည ၁၁ နာရီ ရှိ သေးတယ် ။ စဉ်းစား လိုက် ၊ မျက်ရည်ကျ လိုက် နဲ့ မနက် လေးနာရီ ထိုးတော့တာပဲလေ ။ ဘဝ ဆိုတာ ရုန်းကန်ရ စမြဲ မဟုတ်လား ၊ အချိန်တန် တော့ လည်း မျက်ရည် သုတ်ပြီး ခရီး စ ဖို့ ပြင်ဆင် လုပ်ကိုင် ရ တာပေါ့ ။


လုပ်ဆောင် သွားရမယ့် စက်ခေါင်း ကို စစ်ဆေး လက်ခံပြီး စက်ရုံ က မောင်း ထွက် ခဲ့တယ် ။ မလွှကုန်း ဝင်းအတွင်း မှာ တပ်မတော်သားတွေ အပြည့် ရှိနေတဲ့ တွဲဆိုင်း ကို စက်ခေါင်း နဲ့ သွား ချိတ် လိုက်တယ် ။ အချက်ပြ မီးတိုင် ရှိ ရာ ကို ဆွဲလာပြီး အချက်ပြ မီး ပေး တာ ကို စောင့် နေ ရတယ် ။


စက်ခေါင်း ဥဩ ဆွဲ လိုက်ပြီး အဆင်သင့် ဖြစ်တဲ့ အကြောင်း အချက် ပေး လိုက်တယ် ။ မိုင်နှုန်းပြဒိုင်ခွက် ထဲ က နာရီစက္ကန့်တံလေး တချက်ချက် မြည် နေတယ် ။ ချစ်သူ နဲ့ ဝေးရာ ကို သွားဖို့ သတိပေး နေတာ ထင်ပါ ရဲ့ ။ ည က ကောင်းကောင်း မအိပ် လို့ မျက်လုံးတွေ ဖန်စပ် နေတယ် ။ ကိုယ့် ရှေ့ က အချက်ပြ မီးတိုင် က မီးနီကလေး ကို ကြည့် နေ မိတယ် ။


မီး နီ ရာ က ဝါ ရင် ရထား ထွက် ရမယ် လေ ။ ဒါပေမဲ့ သတိပေး အဆင့် သာ ရှိတာမို့ သတ်မှတ် မိုင်နှုန်း ထက် လျှော့ ပြီး သတိ နဲ့ မောင်း ရ မှာ ။ မီး အစိမ်း ပြ မှ စိတ်ချ လက်ချ မောင်းခွင့် ရှိတာ ။ ဒါက အလုပ်ဥပဒေ ။ ချစ် ကတော့ မီးဝါ မပြ ဘဲ တစ်ခါ တည်း စိမ်း လွှတ် လိုက်ပြီလေ ။ ချစ် ဇာတ်လမ်းလေး တစ်ခန်း ရပ် ပြီပေါ့ ။


“ ချစ် ရယ် ရက်စက်လိုက်တာ ”


မီးခြစ်စက်ရုံ အရှေ့ဘက် က စောစောစီးစီး သီချင်းသံ ကြား လိုက်ရတယ် ။ မာမာအေး ရဲ့ ပိတောက်လမ်း ပေါ့ ။


“ အချစ်ရေ × ×× အချစ်ရေ × ×× ကိုယ်က ခေါ် သော်လည်း × × × မင်းကတော့ မကြားပါဘူးလေ × ×× ”


မျက်ရည် ဝေ့ချင်သေး ပေမဲ့ လွမ်း ရတော့မယ့် အချိန် မဟုတ်တော့ပါလား ။ တိုင်းပြည် အတွက် အသက်စွန့် ချစ်သူ ခွဲထားပြီး လာခဲ့ရတဲ့ ရဲဘော်တွေ တောင်မှ တက်ကြွရွှင်လန်း နေသေးတာ ။ ငါ့ ရဲ့ မဖြစ်စလောက် နှလုံးသား ကိစ္စလေး အတွက် သောကဝေဒနာ ကို ဒီ စက်ခေါင်း ပေါ် အထိ ယူ လာ ခံစား နေမယ် ဆိုရင် ဒုက္ခ တွေ့ တော့မယ် ။ ငါ့ ကြောင့် ပြည်သူပိုင်ပစ္စည်းတွေ နဲ့ အဖိုးတန်အသက်တွေ အန္တရာယ် မဖြစ်စေရဘူး ။


မလွှကုန်း အမှိုက်ပုံ အထက် နား က တစ်ဝက်တစ်ပြက် မှုန်ဝါးဝါး ဖူး ရတဲ့ ရွှေတိဂုံစေတီ ကို စက်ခေါင်း ပေါ် က နေ လက်အုပ် ချီ ကန်တော့ လိုက်တယ် ။


“ ဘဝ ဆက်တိုင်း အချစ် ကြောင့် ဝေဒနာ မခံစား ရသော ကိုယ် ဖြစ်ရပါလို၏ ဘုရား ”


သွား ရမယ့် ခရီးလမ်း အန္တရာယ် ကင်း‌ စေရာ ဂါထာတွေ လည်း တစ်ပုဒ် ပြီး တစ်ပုဒ် ရွတ်ဆို လိုက်မိတယ် ။


“ မီး ပေး ထားပြီ ဆရာ ”


ဥဩ အရှည် ဆွဲပြီး နောက်ဆုံးတွဲ က ရထားထိန်း ( Guard ) ကို အချက်ပေး လိုက် ပါ တယ် ။ နှင်းဖွဲ့ဖွဲ့ ကြား က မီးရောင်စိမ်းစိမ်းလေး လှုပ်ယမ်း ပြ တာ မြင် ရတော့ ရှေ့ က သံလမ်း အဆက်အစပ် ၊ လမ်းခွဲတွေ မှန် မမှန် မျက်စိ ကို ဖွင့် နား ကို စွင့်ပြီး သတိ နဲ့ မောင်းလာ ခဲ့တယ် ။ “ ချစ်ရယ် ရက်စက်လိုက်တာ ” လို့ တော့ မရေရွတ် အားတော့ပါဘူးလေ ၊ သစ္စာ မရှိတဲ့ ချစ်သူ ကို ရုတ်တရက် မမုန်း မမေ့ နိုင် သေးပေမဲ့ တာဝန် ချိန် မှာတော့ သောက ကို ခဏ မေ့ထား ရ တော့တယ် ။


ငမိုးရိပ်တံတား ရဲ့တစ်ဖက် မှာ အချစ် ဝေဒနာတွေ ထားခဲ့ပါပြီ ။ မကြင်နာ လို့ စိမ်း လွှတ် လိုက်မှ တော့ နေရစ်ပေါ့လေ ။ သီချင်းလေး တစ်ပုဒ် တော့ တီးတိုး ညည်း လိုက် မိ သေးတယ် ။


“ ဖြည်းဖြည်းလေး ပြေးတဲ့ ရထား x x x နှုတ်ဆက်ကာ ထွက်သွား xxx ချစ်တဲ့သူ စီးသွား × ×× သံဆန်ခါ အလယ် မှာ တို့ နှစ်ယောက် တစ်ယောက် တစ်ဖက်ခြား ”


မီးစိမ်း ပြလို့ ဘဝ ရထား ပြေးခဲ့ပါပြီ ။ ဒါပေမဲ့ မီးစိမ်း ပြလို့ အချစ် ရထား အမှန်တကယ် ရပ်ခဲ့ရ ပါပြီ အချစ် ရယ် ။


◾မြင့်ခေါင်ကြည် ( ဒီဇယ် )


📖 သပြေ မဂ္ဂဇင်း

      ဒီဇင်ဘာ ၊ ၁၉၈၄


#ကိုအောင်နိုင်ဦး


.

Sunday, May 7, 2023

သိန်းဘောမယ်


 

❝ သိန်းဘောမယ် ❞

ပင်ကို လှသူ များ ဟာ ဘာပဲ ဝတ်ဝတ် ၊ ဘယ်လိုပဲ နေနေ ကြည့် လိုက်တိုင်း လှ လှ နေတာပဲ လို့ ကျွန်တော် က ပြောတဲ့ အခါ ကျွန်တော် ၏ မိတ်ဆွေများ က ရယ်မော ကြ ပါသည် ။ သူတို့ ရယ်မော ကြသည် ကို လည်း ကျွန်တော် အပြစ် မတင် လိုပါ ။ အကြောင်းမူ ကား ကျွန်တော် က အလွန် လှတဲ့ ကောင်မလေး ဟု အပြော ခံရ သူ မှာ “ သိန်းဘောမယ် ” ခေါ်  ကချင်မလေး ဖြစ် ၍ နေသော ကြောင့် ဖြစ်ပါသည် ။ အခြား သူ တို့ အဖို့ မှာ မည်သို့ ထင်မြင်မည် ဟု အတပ် မပြောနိုင် သော်လည်း “ ကောင်မလေး လှ လိုက်တာ ” ဟု ကား မြင်တွေ့ သူ တိုင်း ၏ ပါးစပ် မှ နားဆတ်ဆတ် ကြား ရသော အသံ ဖြစ်ပါသည် ။ ကျွန်တော့် အဖို့ မှာ ကား လက် လေးလုံးခန့် အနက် နှင့် အနီစင်း ကန့်လန့် ရက်လုပ် ထားသော ဂျပ်ထည်အဝတ် လုံချည်ကလေး နှင့် အလွန် လိုက်လျောသည် ဟု ထင်မိ ပါသည် ။ အဝတ်အစား မှာ ဒူး မှ မလုံ့တလုံ ဖုံးလွှမ်း ထား လေရာ တစ်မျိုး ကြည့်၍ ကောင်းလှ ပါသည် ။ မြန်မာမိန်းမ ကိုယ်ကျပ် အင်္ကျီ ကဲ့သို့ အနက်ရောင် အင်္ကျီ ပါးကလေး မှာ လည်း သူ ၏ ဝါဝင်းသော အသား နှင့် များစွာ ပနာ ရ ပါသည် ။ အင်္ကျီ က ခပ်ပါးပါး ၊ အသား က စိုစိုပြည်ပြည် အသက် အရွယ် အနေ ကလည်း ၁၅ - ၁၆ နှစ် ဆိုတော့ ကျွန်တော် ၏ စိတ် ကို အထူး ယိုဖိတ် စွဲလမ်း စေလျက် ၊ ဤကာလ အသက်အပိုင်း ကို အခြား သူများ ကျွန်တော် ကဲ့သို့ မမြင်ပါစေ နှင့် ဟု ပင် မနာလို စိတ်များ ပေါ်ပေါက် မိပါသည် ။ သိန်းဘောမယ် အပျိုတို့ ၏ ထုံးစံအတိုင်း ခေါင်း တွင် အဝတ် မစည်း ၊ မဖီး မလိမ်းဘဲ ချ ထားသော ဆံတိုကလေး မှာ အင်္ဂလိပ်မကလေးများ ၏ ( ဘော့ဒ်ဟဲယား ) ခေါ် ဆံတို ခပ်ထူထူ ထင်ရှား ပြတ်သားသော မျက်လုံး ၊ မျက်ခုံး နှင့် အထူး လိုက်လျော ပါသည် ။ ထိုကြောင့်  ဤ ပင်ကို လှ သိန်းဘောမယ်ကလေး အား လွန်စွာ စွဲလမ်း ခဲ့ပါသည် ။ အမျိုး မတူ လျှင် မယူဘူး ဆိုသော စကား မှာ ကျွန်တော့် အတွက် ဟုတ်မည် မထင်ပါ ။

ကျွန်တော် သည် မြစ်ကြီးနား မြို့နယ် တစ်ဖက်ကမ်း ဝိုင်းမော်ရွာ တွင် ယစ်မျိုး အင်စပက် အဖြစ် နှင့် နေခိုက် ဖြစ် ပါသည် ။ ကျွန်တော် ၏ ထံ တွင် ဝံသာနုစိတ် သန် ပြီးလျှင် အလုပ် မရ နိုင်သော ကျောင်း နေဖက် သူငယ်ချင်း တစ်ဦး အမြဲ လာရောက် နေထိုင် ပါသည် ။ စကား စပ်မိ ၍ ရေးရပါ ဦးမည် ။ ကျွန်တော် တို့ မှာ မြစ်ကြီးနား နယ်ခြား တွင် နေ ရ၍ အောက် အရပ် က လုပ်ကိုင်ပုံတို့ ကို သတင်းစာ များ တွင် ဖတ်ရှု ကာ အလွမ်း ဖြေရပါသည် ။ နယ်ခြား ဖြစ်၍ ဝံသာနု လုပ်ငန်း ကို အရပ်သားများ ပင် မတွင်ကျယ် ဝံ့ ဖြစ်လေရာ ကျွန်တော်တို့ ကဲ့သို့ အစိုးရအမှုထမ်းများ ကား မည်ကဲ့သို့ မျိုးချစ်စိတ် ရှိစေကာ မူ ကြိတ်၍ သာ နေရ ပါသည် ။ ဤမျှလောက် မိမိတို့ ကိုယ် ကို စောင့်ထိန်း နေရသည့် အထဲ ၊ မောင်မင်းကြီးသား သူငယ်ချင်း က နယ်ခြား တောတောင် ထဲ ငွေစက္ကူတွေ ထုပ်ပြီး အောက် အရပ် က ဝံသာနုတွေ ထောက်ပံ့ ချင်တယ် ။ တရုတ်ပြည် က လှည့်ပြီး လက်နက်တွေ သွင်း ချင်တယ် နဲ့ လုပ် နေလို့ မောင်မင်းကြီး သား အကြံ မအောင် ခင် မင်း တို့ ငါ တို့ ထောင်ကျ ကုန်လိမ့်မည် လို့ မနည်း ကန့်ကွက် ထား ရပါသည် ။

ကျွန်တော်တို့ သည် အဆိုပါ သူငယ်ချင်း လှအောင် နှင့် အတူ ပျော်ပါးစွာ နေခိုက် ကျွန်တော် ၏ ပြာတာ နှင့် စာရေး သည် ဘိန်းချ သော ကချင် တစ်ယောက် ကို ဖမ်းဆီး လာ ကြ ပါသည် ။ ကချင်ကြီး မှာ ဘိန်းတိုလာ ၅၀၀၀ ကျော် ဖြစ် သဖြင့် ကျွန်တော် လည်း ဆိုင်ရာ မြစ်ကြီးနားရုံး သို့ တင် လိုက်ရာ ကချင်ကြီး မှာ ထောင် တစ်နှစ် ကျ သွား ပါသည် ။ ဤသို့ ဘိန်းချသူ များ ကို ဖမ်းဆီး ထောင်ချ သော အလေ့ မှာ ကျွန်တော်တို့ ၏ ဝတ္တရား ပင် ဖြစ် သဖြင့် အထူးအဆန်း မဟုတ်တော့ပါ ။ သို့ရာတွင် ကချင်ကြီး ၏ သမီးပျိုကလေး ( ဤ၀တ္ထု အစ က ဖော်ပြသူ ) ကိုယ်တိုင် သူတို့ မှာ ဒီ အဖေ တစ်ယောက် ရှိတော့ ၍ ငတ်သေရတော့မည် နှင့် ငိုယို ပြော ဆိုသော အခါ ထောင်ကျ သူ အတွက် ဘာမျှ မတတ်နိုင် သဖြင့် ကျွန်တော့် အိတ် ထဲ က ငွေ ၂၅ိ လောက် ပေးကမ်း လိုက်မိ ပါသည် ။

ကချင်ကြီး နှင့် ကချင်မကလေး မှာ ( ဆတုံဆက ) ဟု နာမည် ကြီး သော ကချင်ရွာများ မှ ( ဆတုံး ) ရွာသူကလေး ဖြစ်ပါသည် ။ ကျွန်တော် သည် ကချင်မကလေး အား မြင်လျှင် မြင်ခြင်း အလွန်အကျူး စွဲလမ်း သောကြောင့် ငွေကြေး ပေးကမ်းပြီး မှ တစ်ဖန် နင်တို့ ကို စစ်မေး ရ ဦးမယ် ( စိန်နကူး ) ဗိုလ်တဲ သို့ လာရမည် ဟု ရက်ချိန်း ကို ပြောလိုက် မိ ပါသည် ။ မဟုတ်မခံ သူငယ်ချင်း လှအောင် က

“ ဟေ့ .. ဘထူး .. မင်း က ဆင်းရဲသားတွေ ကို မညှဉ်းချင်ပါနဲ့ ကွာ ” 

“ အို .. ငါ ညှဉ်းတာ မဟုတ်ပါဘူး ၊ သူတို့ ကို မေးရဦးမယ် ကွဲ့ ”

“ ငါ့ ကို ဖြီးမနေ စမ်းပါနဲ့ ကွာ ၊ မင်း ကောင်မလေး နဲ့ နောက် တစ်ခါ တွေ့ချင်သေး လို့ ဉာဏ် ဆင် တာ မဟုတ်လား ”

ထိုအခါ၌ ကျွန်တော့် မှာ မငြင်းကွယ် နိုင် သဖြင့်  “ ဟဲ ဟဲ ” ဟူသော ပြုံးရယ်ခြင်း ဖြင့် ကျွန်တော် ၏ လော်မာမှု ကို ဖြေဖျောက် ဝန်ခံ လိုက်ရပါသည် ။ 

“ စိန်နကူး ကို သွားချင် သွားတာပေါ့ ။ ဒါပေမဲ့ ငါ ဝရှောင် ကို သွားချင် သေးတယ် ။ လော့အာဝင်း တို့ ရောက်ဖူးတဲ့ နေရာလေးတွေ ကို မြင်ချင်တယ် ”

ပြော သဖြင့် သူ့ အလို ကို အလျင် လိုက်လျော ရပါ ကြောင်း ။

တစ်နေ့ ကား ကျွန်တော် နှင့် အတူ သူငယ်ချင်း လှအောင် ၊ ကျွန်တော့် ထမင်းချက် မာ့နောင် ခေါ် ကချင်ကလေး နှင့် အတူ ကား တစ်စီး နှင့် ဝရှောင် ဘက် သို့ နေ့ခင်း တစ်နာရီ ခန့် တွင် ထွက်ခဲ့ကြ ပါသည် ။

ကားလမ်း ပေါက်သည် မှာ မကြာသေး၍ သွားလာရာ ၌ တစ်မျိုး ဖြစ်နေပါသည် ။ ဝိုင်းမော်က ခရီး စ ထွက်လျှင် ထွက်ချင်း လမ်း အတော်ကလေး ကြမ်း သော ကြောင့် ကားကလေး မှာ ယိမ်းထိုး ခုန်လွှား၍ သွားရ ရှာလေသည် ။ ခရီး ၈ မိုင် နှင့် ၆ ဖာလုံ သို့ ရောက်သော အခါ ( နမ့်ဝါ ) ခေါ် ရှမ်းရွာကလေး တစ်ရွာ သို့ ရောက်ကြပါသည် ။ ဘောင်းဘီ ခပ်ကျပ်ကျပ် ဝတ်ဆင် ထားသည့် ရှမ်းတရုတ်များ နှင့် ၊ မြောက်မြားစွာသော ဝက် တို့သည် ကျွန်တော် တို့ အား ထူးဆန်းသည့် အနေ ဖြင့် ဝိုင်းအုံ ကြည့်ရှု ကြပါသည် ။

ကျွန်တော်တို့ သည် ထို ရွာ မှ ကျော်လွန် ပြီး နောက် ၉ မိုင် နှင့် ၄ ဖာလုံ ခန့် ၌ လွဲစော် ( ခေါ်  ) ရွာကလေး သို့ ရောက်ရှိ ကြ ပါသည် ။ ထို ရွာ နံဘေး မှ ဖြတ်သန်း ၍ လာကြရာ ၊ ၁၀ မိုင် ကျော်ကျော် လောက် တွင် အဆိုပါ လွဲစော်ရွာ ၌ တစ်ဆက် တည်း ဖြစ်သော ဝရှောင်ရွာ တွင်း သို့ ရောက်ကြ ပါသည် ။ သူငယ်ချင်း က

“ ဟေ့ ဘထူး လွဲစော် တုန်း ကတော့ ရှမ်းတရုတ် တွေ ချည်း တွေ့ရတယ် ။ ဒီ ဝရှောင် ကျတော့ ကု,လားတွေ ၊ တရုတ်တွေ ထက် ပိုပြီး များလာပါလား ကွဲ့ ၊ မြန်မာ တော့ မရှိ သလောက်ဘဲ ၊ ကု,လားမရေခံ မြင်းမိုရ်တောင် ထင်ပါရဲ့ကွယ် ”

“ အစစ်ပေါ့ကွယ် ”

ဟု ပြန်ပြောစဉ် ၊ ကား သည် ဆက်လက် ထွက်ခွာခဲ့ရာ ဝိုင်းမော် မှ ၁၀ မိုင် ၆ ဖာလုံ ခန့် အကွာ ကုန်းမြင့် ပေါ်  တွင် ဆောက်လုပ် ထားသော ဗိုလ်တဲ သို့ ရောက်ရှိကြ ပါသည် ။ ဗိုလ်တဲ ၏ အရှေ့ဘက် တွင် ကား တသွင်သွင် စီးဆင်း နေသော ချောင်း ပေါ်  ၌ ကြိုးတံတားများ ကို တွေ့မြင်ရ ပါသည် ။ ဗိုလ်တဲ ၏ အရှေ့ဘက် မြေပြင်ကလေး တွင် ကျောက်စားပွဲ တစ်လုံး နှင့် ကျောက်ကုလားထိုင် လေးလုံး ထုလုပ် ထားသည် ကို မြင်ရရာ..

“ လော့အာဝင်း မြစ်ကြီးနား နယ်စပ် လာ တုန်း က ဒီနေရာ မှာ စတည်း ချ ငါးမျှား သွားတာပေါ့ သူငယ်ချင်း ရဲ့ ”

“ အလောင်းမင်းတရားကြီး ရဲ့ ဒုတိယ သားတော် ဆင်ဖြူရှင် လက်ထက် က ဒီ နေရာတွေ ဟာ မြန်မာတပ်မတော်များ ခြေရာ တရစပ် ရောက်ခဲ့တဲ့ နေရာ ဖြစ်မှာပေါ့ကွဲ့ ”

ဤသို့ပင် သူငယ်ချင်း က တစ်မျိုး ၊ ကျွန်တော် က တစ်ဖုံ ထင်ရာတွေ ကို ပြောဆို ကြ ပြီး လျှင် ကျွန်တော်တို့ သည် ဝိုင်းမော် သို့ ပြန်ခဲ့ ရာ ည ၇ နာရီ မထိုး မီ ရောက်ရှိကြ ပါသည် ။ ဤအကြောင်း မှာ ကျွန်တော် ရေး လိုသော ကိစ္စ နှင့် မပတ်သက် သော်လည်း နောင် တစ်နေ့ ကျွန်တော် သွား လိုသော စိန်နကူး ကို သူငယ်ချင်း လှအောင် လိုက်ခဲ့ခြင်း မှာ သူ့ အလို ကို လိုက် သောကြောင့် ဖြစ်ကြောင်း ဆက်စပ် ဖော်ပြ ရ ခြင်း ဖြစ်ပါသည် ။

နောက် ၃ ရက် ခန့် ကြာသော အခါ ကျွန်တော်တို့ သည် စိန်နကူး ဗိုလ်တဲ သွားရန် ပြင်ဆင်ကြ ပါသည် ။ နေ့ ၁ နာရီ ခန့် တွင် ကားဒရိုင်ဘာ ၊ ကျွန်တော် ၊ လှအောင် ၊ မာ့နောင် တို့ နှင့် အတူ ဝိုင်းမော် က ထွက် ကြရာ တစ်နေ့ က ရောက် ခဲ့သော ဝရှောင် သို့ ရောက်ကြ ပါသည် ။ ဝရှောင် မှ တစ်ဖန် ခရီး ထွက်ကြရာ ဝိုင်းမော် မှ ၁၂ မိုင် ၇ ဖာလုံ ခန့် အကွာ တွင် ဆဒုံး သို့ သွားသော လမ်း ကို စာ ဖြင့် ပြထား ပါသည် ။ ၁၃ မိုင် ခန့် ကျော်လွန်သော အခါ နေမင်း သည် ကျွန်တော်တို့ ကားကလေး ၏ ဝဲယာ ဟို တစ်လှည့် သည် တစ်လှည့်စီ ရောက်ရှိ နေခြင်း ဖြင့် လမ်း မည်မျှ ကောက်ကွေ့ နေသည် ကို သိသာ နိုင်ပါသည် ။

ထို လမ်းများ မှာ တောင် နံဘေး ကမ်းပါးယံ တစ်လျှောက် တွင် လှည့်ပတ် ၍ ဖောက်လုပ် ထားခြင်း ဖြစ်သဖြင့် မာ့နောင် မှာ ဒရိုင်ဘာ အနား ကပ်လျက် ဟွန်း ကို တဗော်ဗော် မြည်အောင် အမြဲ နှိပ်၍ ပေးနေ ရ ပါသည် ။

ကမ်းပါးယံစောင်း မှ ဗီဇပင် ( ခေါ် ) ဇာမဏီပင်များ မှာ ကား အတွင်း သို့ တဖျပ်ဖျပ် နှင့် ရိုက်ခတ် လျက် ရှိ သော ကြောင့် ဘေးဘက် သို့ လက် နှင့် တားကာ အထူး ဂရုစိုက်၍ လိုက်ကြရပါသည် ။ ၁၈ မိုင် ခန့် တွင် နမောရန် ခေါ် ရှမ်းတရုတ်ရွာ တစ်ရွာ သို့ တွေ့ရှိ၍ ကျော်လွန် ပြီး နောက် မိုင် ၂၀ ခန့် တွင် ဗိုလ်တဲ တစ်တဲ ကို တွေ့ရှိ သော်လည်း ရွာ တစ်ရွာ မျှ မရှိပါ ။ အဆိုပါ ဗိုလ်တဲ ကို မိုင် ၂၀ ဗိုလ်တဲ ဟု ခေါ်ကြပါသည် ။ ထို ဗိုလ်တဲ မှ ဆက်လက် မောင်းနှင် ခဲ့ ကြရာ လမ်း မှာ အမြဲပင် ကွေ့ကောက်စွာ တောင်နံဘေး မှ ပတ်လျက် မြောက်ယွန်းယွန်း ဆီ သို့ တတ်အား သမျှ ရုန်း ပြေး လျက် ရှိပါသည် ။

“ လှအောင် ရေ .. ယခု တို့ ရောက် တဲ့ တောင် ဟာ ဝိုင်းမော် နဲ့ ဝရှောင် က နေပြီး ကြည့်ရင် တောင်ချွန်းချွန်း နှစ်လုံး ရဲ့ အရှေ့ဘက် အင်မိုင်ခ မြစ် တောင်ဘက် သွားရမယ့် ခရီး ကွယ့် ”

“ တောတောင် များ ဟာ လူ့စိတ်ဓာတ် ကို ပြုပြင်တတ်တယ် ထင်ပါရဲ့ ကွာ ”

“ ကိုယ်ခံစိတ်ဓာတ် လိုက်လို့ ထင်ပါရဲ့ကွယ် ”

ကျွန်တော်တို့ ကားကလေး မှာ လမ်းဖြောင့်ဖြောင့် မိုင်ဝက် ပြည့် အောင် သွား ရသည် မရှိဘဲ ကွေ့ကောက်စွာ ဖြင့် ဝိုင်းမော် မှ ၂၅ မိုင် ကွာ သော တြိဂံပုံ တောင်များ ၏ ခြေရင်းသို့ တိုင်အောင် မောင်းနှင် လာရာ မန်ဝိုင်းရွာ သို့ ရောက်ရှိ ကြ ပါသည် ။ မန်ဝိုင်းရွာ ၌ ဈေးရောင်း သည့် မြန်မာအိမ်အနည်းငယ် နှင့် တရုတ် ၊ ကု,လားများ အိမ်တွေ ကို တွေ့ရ ပါသည် ။ ကချင်များ လည်း ရှိ၏ ။ နေ မှာ အတော်စောင်း နေပြီ ဖြစ်၍ မန်ဝိုင်းရွာ တွင်း သို့ မဝင်ကြ တော့ဘဲ တောင်များ ၏ တောင်ဘက် တောင်ကုန်း ကလေးများ ကို တစ်တောင် ကျော် နင်း ၊ တစ်တောင် ဆင်း လျက် လာ ကြရာ ၂၇ မိုင် နှင့် ၂၈ မိုင် ကြား တွင် ကား အတော် ဖြောင့်ဖြောင့်သွား ရပါ၏ ။ ၂၉ မိုင်တိုင် ကို မြင်ပြီးသော အခါ ကွေ့ကောက်စွာ နှင့် ပင် တောင် ၁၅ လုံး ခန့် ကို ကျော်လွန် ပြီး လျှင် စိန်နကူးရွာ ရှိသော တောင်ပေါ်  သို့ တက်ကြ ရ ပါသည် ။

စိန်နကူးရွာ ၌ ကား ကချင်အိမ် ၄ - ၅ အိမ် မျှ ရှိ၍ ၊ ဝိုင်းမော် နှင့် ၃၁ မိုင် ၆ ဖာလုံ ဝေး ပါသည် ။ စိန်နကူးရွာ မှ လှမ်းမျှော် ကြည့်ရှု လိုက်သော အခါ အလွန် သာယာသော စိန်နကူးဗိုလ်တဲ သို့ မြင်ရကြပါသည် ။

ထိုမှ တစ်ဖန် ခရီး ၃၂ မိုင် ခန့် တွင် စိန်နကူး ဗိုလ်တဲ သို့ တက် ရန် လမ်းအစ သို့ ရောက်ပြီဖြစ်၍ တောင်နံဘေး မှ ကျဉ်းမြောင်းစွာ ဖောက်လုပ် ထားသော လမ်း ကို ကြည့်ရှု ရန် ကား ကို ခေတ္တ ရပ် ထား ခဲ့ပြီးလျှင် သွားရောက် ကြရပါသည် ။ လမ်းပန်း အတွက် စိုးရိမ်ဖွယ် မတွေ့သော အခါ ကား ကို တဖြည်းဖြည်း တက်ရောက် စေပါသည် ။ ကျွန်တော်တို့ မှာ ကား ကား ပေါ် တွင် မလိုက်ရဲကြ ။ ခြေလျင် တက်ကြပါသည် ။ ထို လမ်း အထက် ၌ လမ်း တစ်လမ်း ရှိရာ ၊ ဘုရင်ခံချုပ် လော့အာဝင်း လာစဉ် က အသစ် ဖောက်လုပ် ထားသော လမ်း ဖြစ်ပါသည် ။ တောင်ကမ်းပါးယံ ကို လက်ဝဲ လက်ယာ ကွေ့ ချိုး ၍ တစ်မိုင် ကျော်ကျော် လောက် တက် မိသော အခါ စိန်နကူးဗိုလ်တဲ ရှိရာ တောင်စွယ် တစ်ခု ၏ ထိပ်သို့ ရောက်ရှိကြ ပါသည် ။ ဆက်လက် တက်ကြသော အခါ လက်ယာဘက် ၌ ထော့ဂေါ သို့ ( To Htaw Gaw) ဟု အင်္ဂလိပ်စာ နှင့် တောင် အောက် ဆင်းသော လမ်း တစ်လမ်း ကို ညွှန်ကြား ထားသည် ကို တွေ့ရ ပါသည် ။

ဗိုလ်တဲ သို့ ရောက်ကြ သော အခါ သူငယ်ချင်း လှအောင် က “ ရှေး က မြန်မာဘုရင်တွေ ဒီ အရပ် ထိအောင် စိုးပိုင် ခဲ့တာပဲ နော် ” ဟု ဝမ်းနည်းသံ နှင့် ပြောပါသည် ။ ကျွန်တော် သည် သူ့ အား စကား ပြန် မပြောဘဲ ၊ တောင်မြောက် ဝဲယာ ၊ ဘယ်ညာ လှည့်ပတ်၍ ကြည့်ရှု ရန် ခေါ် ခဲ့ ရပါသည် ။ ရှုမျှော်ခင်းများ မှာ အလွန် သာယာ၍ တြိဂံ ပုံ တောင်ကြီးများ မှာ လည်း စိန်နကူး ဗိုလ်တဲ ၏ အနောက်ဘက် တွင် ကျန်ရစ် သည် ကို မြင်ရ ပါသည် ။ ထို တောင် နှင့် ဗိုလ်တဲ ၏ အကြား တွင် ကျယ်ဝန်းနက်ရှိုင်း လှသော ချောက်ကြီးဖြစ်၍ မြောက်ဘက် သို့ ကြည့်ရှု သော အခါ မရေမတွက် နိုင်အောင် ပေါများလှသော တောင် အထပ်ထပ် နှင့် ကမ္ဗလာစိမ်းပြာများ ကို ခင်းထား သကဲ့သို့ ညီညာသော သစ်ပင် တောအုပ်များ ကို မြင်ကြရပါသည် ။ ဗိုလ်တဲ ၏ မြောက်ဘက် ၈ မိုင် ခန့် အကွာ တွင် မေလိခံ တောင်ဝ ( မေလိခ ) မြစ် နှင့် မပေါင်းဆုံသေးသော အင်မိုင်ခ ( မေခ ) မြစ် ကို သစ်ပင်တွေ အကြား မှ ထင်ရှားစွာ မြင်ရပါသည် ။ ထိုနေရာ သို့ လော့အာဝင်း ခက်ခက်ခဲခဲ ငါး သွား မျှား ခဲ့ ဖူးပါသည် ။ အရှေ့ဘက် တစ်ခွင် ၌ ကား ကချင်လူမျိုး တို့ ၏ လက်ချက် ဖြင့် အမာရွတ် သဖွယ် တောင်ယာ ခုတ်ထားသော ဘူးသီး ကြွက်ကိုက် ပမာ တောင်ကမ်းပါးယံများ ကို တွေ့ရ ပါသည် ။

ထိုနေ့ ည ၌ ကျွန်တော်တို့ သည် ဗိုလ်တဲ တွင် အိပ်ကြရာ ၊ ကျွန်တော့် မှာ သိန်းဘောမယ်ကလေး ၏ မျက်နှာ ကို သာ ကွက်ခနဲ မြင် ၍ နေပြီး တော်တော် နှင့် အိပ် ၍ မပျော်ပါ ။ သူကလေး ကို ပိုင်အောင် ဘယ်လို ကြံပုံ ရမည် ကို လည်း အမျိုးမျိုး စဉ်းစား၍ နေမိပါသည် ။ အစိုးရ အလုပ် ဝတ္တရား နှင့် ဆိုလျှင် အလွန် အရေးကြီး မှ လာမည် ဖြစ်သော် လည်း ချစ်သူကလေး အတွက် မူ လွယ်လင့်တကူ နှင့် လာ မိသော ကျွန်တော် ၏ စိတ်ဓာတ် ကိုလည်း အံ့ဩ ၍ နေ မိ ပါသည် ။ နောက် တစ်နေ့ တွင် ချိန်းထားသည့် အတိုင်း နံနက် မိုး မြန်မြန်လင်း ရန် လည်း အထူး တောင့်တ နေ မိ ပါသည် ။

နောက် တစ်နေ့ နံနက် သို့ ရောက်သော အခါ သာယာသော ရှုမျှော်ခင်းများ ကို ကြည့်ပြီး နောက် သီချင်း တစ်ပုဒ် ကို သီဆို မိရာ ၊ သူငယ်ချင်း လှအောင် က လှောင်ပြုံး ပြုံး၍ နေပါသည် ။ ကျွန်တော် တို့ သည် နံနက် ၁၀ နာရီ ခန့် တွင် ထမင်းများ စားသောက် ပြီး နောက် စောင့်ဆိုင်း နေရာ သိန်းဘောမယ် တို့ မရောက်ရှိ သေးပါ ။ ၎င်းတို့ လာကြမည် ဧကန် ဟု ယုံစားမိ ပါသည် ။ မွန်းလွဲ သည့်တိုင်အောင် မပေါ်လာ သော အခါ စိတ်နှလုံး အထူး လေးလံ၍ သွား ပါသည် ။ သို့နှင့်ပင် ကျွန်တော် တို့ သည် ညနေ အချိန် သို့ တိုင်ခဲ့ရာ  အရိပ်အယောင် မျှ မပေါ်လာ ကြ သဖြင့် ခပ်အေးအေး ရှိသည် နှင့် ပါလာသော ဝီစကီများ ကို သောက်ကြ ပါသည် ။ အကျန် ကို မာ့နောင် နှင့် ဒရိုင်ဘာ အား ပေး လိုက်ရာ သူတို့ လည်း စောစောစီးစီး မူး ပြီး လျှင် အိပ်ကြ ပါသည် ။ ကျွန်တော် ကား များစွာ မမူးလှ သဖြင့် ကလေးမ ဘာကြောင့် မလာတာ ပါလိမ့် ဟု စဉ်းစား ရင်း ခပ်မှိန်းမှိန်း နေခိုက် ၉ နာရီ ခန့် တွင် မော်တော်ကား တွင် အိပ် နေသော ဒရိုင်ဘာ က အရေးတကြီး ဗိုလ်တဲ ပေါ် သို့ တက် လာ ကာ “ ဆရာ ဆရာ ” ဟု နှိုး ပါသည် ။

“ ဟေ့ .. ဘာလဲဟေ့ ”

“ လူသံ တွေ ဆရာ ၊ တယ် မသင်္ကာဘူး ”

“ ဟင် .. ဟုတ်လား ၊ ဒါဖြင့် မင်း ဗိုလ်တဲ အခန်း ထဲ မြန်မြန်ဝင် ။ ဟေ့ .. မာ့နောင် ၊ လှအောင် ထ ကြဦး ။ အို .. ကချင်က ဘာ ယောင် နေ တာလဲ ၊ ဟေ့ .. လှအောင် သမ်း မနေနဲ့ .. ထကွ .. မြန်မြန် ”

ဟု ပြောပြီးနောက် ကျွန်တော် တို့ တွင် ပါသော ခြောက်လုံးပြူး တစ်လက် ၊ နှစ်လုံးပြူး တစ်လက် ကို ယမ်းတောင့်များ ထည့်လျက် နားစွင့် နေ ကြပါသည် ။ သို့ရာတွင် လူသံ ကား ဆက်လက် ၍ မကြားရ ၊ တိတ်ဆိတ် ၍ နေပါသည် ။ ကျွန်တော် လည်း လေသံတိုးတိုး ဖြင့် ဒရိုင်ဘာ အား

“ ဟေ့ကောင် .. မင်း စိတ် ထင် တာ နဲ့ ပြော တာလား ”

“အဟုတ် ဆရာ .. ကျွန်တော့် နားဆတ်ဆတ် ကြား ရပါတယ် ”

လပြည့်ကျော် ၁၀ ရက် ည ဖြစ်သဖြင့် ကောင်းကင် တစ်ခုလုံး မည်းမှောင် ၍ နေရာ ၊ ကြယ်တာယာများ ၏ အရောင် သာ လျှင် တတ်အားသမျှ ထွန်းလင်း လျက် ရှိပါသည် ။ ကျွန်တော် လည်း ဒရိုင်ဘာ ၏ စကား အရ ဗိုလ်တဲ ထရံပေါက် မှ ချောင်းမြောင်း ကြည့်ရှုရာ မထင်မရှား သော မည်းမည်းအရာများ တွား လျက် ဗိုလ်တဲ ဆီ သို့ ကပ်ရောက် လာသည် ဟု ထင်မိပါသည် ။ ကျွန်တော် တို့ တွင် လက်နှိပ်ဓာတ်မီး တစ်ဖက် ၊ ခြောက်လုံးပြူး တစ်ဖက် ကိုင် ကာ အသင့် စောင့် ၍ နေ ပါသည် ။

ထိုအခိုက် တံခါးမ မှာ ပြင်းထန်စွာ ရိုက်နှက်သံ ကို ကြားရ သဖြင့် ကျွန်တော်တို့ လည်း စားပွဲခုံများ ကို လှဲ ၍ ထောင် ကာ တံခါး ဆီ သို့ ကြည့် ၍ နေကြပါသည် ။ မာ့နောင် အားလည်း “ ဘယ်သူလဲ .. အပေါ် မတက်ခဲ့ကြ နဲ့ ၊ သေနတ် နှင့် ပစ်သတ်မည် ” ဟု ကချင်ဘာသာ ဖြင့် အော် စေ သည် ။ သို့ရာတွင် မရရှိဘဲ တံခါး လုံးဝ ပွင့်ထွက် သွားရာ ကျွန်တော် နှင့် လှအောင် တို့ မှာ ဝင်ရောက် လာသော ကချင် သုံးဦး အား သေနတ် နှင့် ပစ်ခတ် တိုက်ခိုက် ရ ပါသည် ။ ကချင် သုံးယောက် ကျဆုံး လျှင် ဗိုလ်တဲ ပေါ် မှ ဆင်းပြေး ကြ ပြန်ပါသည် ။ ၎င်းတို့ အထဲ မှ “ မဆုတ်နဲ့ .. ဒို့ က လူ အများကြီး ” ဟု အော်ဟစ်သံ ကို လည်း ကြား ရ ပါသည် ။ ကျွန်တော် တို့ မှာ ရှေ့တံခါးပေါက် ဆီ ကို သာ မဲလျက် စောင့်စား နေရာ သူငယ်ချင်း လှအောင် သေနတ် လက် မှ လွတ်ကျ ကာ ကော့လန် သွား တော့ မှ လက်နှိပ်ဓာတ်မီး နှင့် ထိုးကြည့် သော အခါ ကျော တွင် မြား တစ်စင်း စိုက် ၍ နေသည် ကို တွေ့ရပါသည် ။ ထိုအခါ မှကျွန်တော်တို့ ကျောဘက် မှ ပြတင်းပေါက် ဆီ သို့ သေနတ် နှင့် လှမ်း ပစ်ပြီးနောက် သူငယ်ချင်း ကို ပွေ့ယူ ပါသည် ။ ထိုသို့ ယူဆဲ မှာ ပင် ကချင်များ အားတက် လာ ကြ သဖြင့် မာ့နောင် အား နှစ်လုံးပြူး ကို ကိုင်စေ လျက် ဝဲယာ လှည့်ပတ် ပစ်ခတ် ခုခံနေကြ ရပါသည် ။

ကချင်များ ကား လူ ၂ဝ ကျော် လောက် ရှိမည် ဟု ခန့်မှန်း မိ ရာ ၊ ၎င်းတို့ တွင် မြား နှင့် ဓားများ ၊ လှံများ ကို စွဲကိုင် လျက် ရှိကြပါသည် ။ ဗိုလ်တဲ မှာ များစွာ ခိုင်မာလှသည် မဟုတ်သော ကြောင့် သူငယ်ချင်း လှအောင် အား ပွေ့ယူ ကာ စမ်းသပ် ခိုက် “ သူငယ်ချင်း ဘထူး .. ငါ မနေရတော့ဘူး ” ဟု စကား တစ်ခွန်း သာ ပြော ဆိုပြီး အသက် ပျောက် သွားရာ အလွန် ချစ်လှသော သူငယ်ချင်း ဖြစ်သဖြင့် ကျွန်တော့် မှာ မျက်ရည်များ ပင် ကျမိ ပါသည် ။ မိနစ်ခန့် တွေဝေသည် အတွင်း မာ့နောင် နှင့် ဒရိုင်ဘာ တို့ လည်း ကချင်များ လက်နက် ဖြင့် ကျဆုံး ပါသည် ။ ကျွန်တော် သည် သူငယ်ချင်း အလောင်း ကို ပွေ့ချ၍ ခေါင်းမော့ လိုက်သည် နှင့် တစ်ပြိုင်နက် စူးရှသော အရာတစ်ခု သည် ကျွန်တော် ၏ ခါး ကို ထိလျက် နေသဖြင့် ကြည့်ရှု ရာ .. ကချင်များ မှာ ကျွန်တော့်အား လှံ နှင့် ထောက်လျက် ဝိုင်းဝန်း ထားကြောင်း သိရပါသည် ။ ကျွန်တော် လည်း ခြောက်လုံးပြူး ကို ဘောင်းဘီအိတ် တွင် ကပျာကယာ ထည့်သွင်း ရာ ကချင် တစ်ယောက် က အတင်း လုယူ လိုက် သဖြင့် အလျှော့ ပေးကာ ၎င်းတို့ ယူဆောင်ရာ သို့ ပါ သွားပါသည် ။

ကျွန်တော် ၏ ဓာတ်မီး မှာ ၎င်းတို့ ခရီးသွား အတွက် လွယ်ကူ သကဲ့သို့ ဖြစ်၍ နေရာ ၎င်းတို့ဘာသာ ဗိုလ်တဲ အောက် ရှိ ကား ကို ထိုး ကြည့် သော အခါ ကားကလေး မှာ ဓားရာ တို့ ဖြင့် အသက်မြော့မြော့ ဖြစ်၍ နေသည် ကို မြင်ရ ပါ သည် ။ ကျွန်တော် လည်း အများ နှင့် တစ်ယောက် ဖြစ် သဖြင့် ဘာမှ မခုခံ နိုင်ဘဲ တစ်နာရီ ခန့် ဗိုလ်တဲ မှ ဆင်း လျက် ၎င်းတို့ ဆွဲ ခေါ်ရာ သို့ လိုက်ပါသွားရာ တစ်ခု သော ကချင်ရွာ သို့ ရောက်ရှိ ကြပါသည် ။ ကျွန်တော့် အား သစ်ပင် တစ်ပင် ၏ အောက် တွင် ကြိုး နှင့် တုပ်နှောင် ထား ကာ ကချင် လေးဦး လက်နက် ကိုယ်စီ နှင့် စောင့်၍ နေ ကြပါသည် ။ ဘေးတွင် လည်း မီးပုံကြီးများ ဖို ၍ ထားသော ကြောင့် ဝါး နှစ်ရိုက် ၊ သုံးရိုက် ခန့် ကို ကောင်းစွာ မြင်ရ ပါသည် ။

ထို့နောက် ကချင်ကြီး တစ်ယောက် သည် နောက်ပါ ကချင်များ နှင့် ထား၍ သိန်းဘောမယ် ၏ ဖခင် ကချင်ကြီး အား ချက်ချင်း လွှတ် ပေးရန် တောင်းဆို ကြပါသည် ။ အကယ်၍ လွှတ် မပေးပါက ကျွန်တော့် အား သတ်ပစ်မည် အကြောင်း ပြောဆို ကြ ပါသည် ။ ထိုအခါကျ မှ ကချင်များ ဘာကြောင့် ဖမ်းဆီးသည် ကို သိရပါတော့သည် ။ ကချင်များ သည် ကျွန်တော့် အား ထောင်ချ နိုင်သူ တစ်ဦး ဟု ထင်မှတ် နေခြင်းမှာ တစ်နည်း အား ဖြင့် ကျွန်တော် လွတ်ရန်အတွက် အတော် ဟန်ကျ နေရကား ကချင်ဘာသာ ဖြင့် ..

“ မင်းတို့ လွှတ်ဆို လွှတ် ပေးမယ် ။ ငါ ဒီမှာ ရှိရင် ဘယ်နှယ့် လုပ်ပြီး လွှတ်နိုင် မှာလဲ ၊ ငါ့ ကို မြစ်ကြီးနား ပို့ မှ လွှတ်နိုင်မှာ ပေါ့ ”

ဟု ပြောဆို ရာ ၊ ကချင်ကြီး သည် ခေါင်းခါ လျက် ..

“ နင် ... ဒီက စာ ရေးပေး ၊ ငါတို့ သွား ပို့မယ် ။ နင့် စာ မြင် လို့ ဟို က လွတ်ပေါ် ရင် နင့် ကို ငါတို့ လွှတ် ပေးမယ် ။ ဒီလို ဟိုက မလွှတ်ရင် နင့် ကို သ,တ်ပစ်မယ် ”

ဟုပြောဆိုရာ ထိုအခါကျ အခက်ကြုံ ၍ နေပါတော့သည် ။

အကယ်၍ ကျွန်တော် စာ ရေး ပေးစေ ကာမူ တရားဥပဒေ အရ မည်သူ က လွှတ်ပါ မည်နည်း ။ ထောင်ချ သူ ကား တရားသူကြီး ဖြစ်၍ ကျွန်တော့် မှာ ယစ်မျိုး ပုလိပ် တစ်မျိုး လို ဖမ်းဆီး ရ သူ မျှ ဖြစ်ပေ၏ ။ သို့ရာတွင် အချိန် ရလျှင် သက်သာခွင့် ကြုံ နိုင်သည်ဟု သဘောထား ကာ .. အင်္ဂလိပ်ဘာသာဖြင့် ကျွန်တော် အတိ ဒုက္ခ ရောက် နေပါသည် ။ တပ်မတော် ဖြင့် စိန်နကူးဗိုလ်တဲ အရှေ့ ဘက် ၅ မိုင် အကွာ ကချင်ရွာ သို့ လာရောက် ကူညီပါ ဟု ရေးသား ပြီး လျှင်....

“ ဟောဒီ စာ ကို အရေးပိုင် ပေး ၊ နင်တို့ သိသလား ”

ဟု အရေးပိုင် ၏ ရုံး ကို ညွှန်ကြား လိုက်ပါသည် ။ အရေးပိုင် ကား ကျွန်တော့် စာ ကို ရလျှင် ကူညီမည် ကား မလွဲချေ ။ သို့ရာတွင် ကချင်များ မှာ ၎င်းတို့ လူ မလွတ် လျှင် ကျွန်တော့် အသက် ကို သတ်ပစ်မည် ဖြစ်ရကား လွတ်မြောက်ရေး အတွက် ကိုယ့် ကိုယ် ကို အားကိုး ရမည့် အကြောင်း ယုံကြည် စိတ်ချ မိ ပါသည် ။

အချိန် မှာ ၁၀ နာရီခွဲ သာသာ ခန့် ရှိ လေရာ ၊ ကချင် အကြီးအကဲများ ၎င်းတို့ တဲ အိမ် တွင် သွားရောက် အိပ် နေကြလျက် ကျွန်တော့် အနား ၌ ကချင် လေးဦး သာ မီးဖို ဘေးတွင် စကား တပြောပြော နှင့် စောင့် ၍ နေကြ ပါသည် ။ ထိုအခိုက် သိန်းဘောမယ် သည် ရုတ်တရက် ပေါ်ပေါက် လာရာ ကျွန်တော့် မှာ ဝမ်းသာအားရ နှင့် ...

“ ဟေ့ .. နတ်ပါး ...ငါ့ ကို .. မကယ်ဘူးလား ကွယ်  ”

ဟု တောင်းပန် မိ ရာ - 

“ နင် .. ငါ့ အဖေ ကို ထောင်ချ ၊ နင့် ကို မုန်းတယ် ၊ နင့် ကို သ,တ်ပစ်မယ်  ”

ဟု ပြောပြီး နောက် ၊ ကချင်များ ဘက်သို့ လှည့် ကာ -

“ ဒီ လူ ကို ဘာလို့ မသ,တ်သလဲကွဲ့ ၊ ငါ က ဝမ်းသာတယ် ”

ဟု ရယ်မော ပြောဆို ပြီးလျှင် ၎င်း တွင် ပါလာသော ဝါးကျည်တောက် မှ ခေါင်ရည်များ ကို တိုက်၍ နေ ပါသည် ။

သိန်းဘောမယ် အား ကျွန်တော် စွဲလမ်း ချစ်ခင်စိတ် သည် လုံးဝ ပျောက်ကွယ်လု မတတ် ဖြစ်၍ သွားသည် ။ အလွန် ရက်စက်တဲ့ ဟာကလေး ၊ ဒင်း ကို သနား မိတာ မှားလေခြင်း ဟု

“ ဟေ့ကွယ် .. ငါ .. နင့် ကို သနား လို့ ငွေ ၂၀ ပေးတာ မေ့နေ ပလား ၊ နင့် အဖေ ကို ငါ .. ထောင်ချ တာ မဟုတ်ဘူး ဟဲ့ ၊ အစိုးရ ကချတာ ၊ ငါ့ မှာ သူတို့ က ဖမ်းခိုင်း လို့ ဖမ်းရတာ ဟဲ့ ”

ဟု ပြောသော် လည်း ကချင်မကလေး မှာ လုံးဝ ဂရု မစိုက်တော့ပါ ။

ထိုအခါ၌ ကျွန်တော်သည် အခြား အားကိုးဖွယ် မမြင် သဖြင့် ခွန်အား ရှိသမျှ ညှစ်၍ ရုန်းကန် နေရာ ခိုင်မာသော သံကြိုးများ သည် ကျွန်တော့် အား ပြောင်လှောင် သကဲ့သို့ တဖျစ်ဖျစ် မြည်သော အသံ ဖြင့် လျော့ချည် တင်းချည် ပြု၍ နေကြသည် ။

ကချင်များ လည်း ခေါင်ရည် မူး ၍ ခေါင်းငိုက်စိုက် ကျကြ ပြီ ဖြစ်ရာ သိန်းဘောမယ် သည် ကျွန်တော့် အနား သို့ ပြေးကပ် လာသော အခါ အထူး အံ့အား သင့် ၍ နေ ပါသည် ။ သူ ၏ ခါးမှ ဓားမြှောင်ကလေး ကို ထုတ်ပြီး လျှင် ကြိုးများ ဖြတ် လျက် ကျွန်တော့် လက် ကို ဆွဲ၍ မှောင် ထဲ သို့ ပြေးရှာ သော အခါ ကျွန်တော့် မှာ မြေကြီး ခြေချ ရမှန်း မသိတော့ပါ ။ ခရီး တစ်မိုင် ခန့် ရောက်သော အခါ သူ့ ကို ပါ မြစ်ကြီးနား ခေါ် ပါ ။ ဒီမှာ နေရစ် ရင် သ,တ်ပစ်ကြတော့ မှာဟု ပြောဆို လေရာ ကျွန်တော် သည် ငြင်းနိုင် ပါ မည် လော ။

ကျွန်တော်တို့ သည် ညတွင်း ချင်း  တအား ပြေးလွှား လျက်ရှိရာ သန်းခေါင် ကျော်ပြီ ဖြစ်၍ ၁၀ ရက် လကလေး သည် တတ်အား သမျှ အရောင် ပေးလျက် ရှိပါသည် ။ တောတိရစ္ဆာန် ဘေး ထက် ကချင်များ ဘေး ကို သေပြေး ရှင်ပြေး လု ၍ ပြေးကြ ရရာ ဝေလီဝေလင်း တွင် ဝရှောင် သို့ ရောက်ရှိ ပါသည် ။

ထိုနေရာ ကျ မှ သက်သာခွင့် ရပြီ ဖြစ်သဖြင့် ခြေထောက် နာ နေ သည်ကို နှိပ်နယ် အနား ဖြေရင်း တရုတ်မုန့်ဆိုင် တွင် မုန့်များ စားသောက် နေ ကြရာ အမော ပြေ လျှင် ခရီး ဆက်၍ ထွက်ခဲ့ ကြ ပါသည် ။

ဘေးရန် အတွက် လည်း ကျွန်တော် မစိုးရိမ် တော့ သဖြင့် သစ်ပင် အရိပ် ကောင်းကောင်း တွင် သိန်းဘောမယ်ကလေး အား ပွေ့ဖက် နမ်းရှုပ်ပြီး  “ နင် .. ငါ့ မယား လုပ်ရလိမ့်မယ် ၊ ငါ .. နင့် ကို တစ်သက်လုံး မယား အဖြစ် နဲ့ ကျွေး ထားမယ် ၊ စိန်တွေ ၊ ရွှေတွေ ဆင် ထားမယ် ” ဟု ပြောရာ တစ်သက်လုံး မယား အဖြစ် နဲ့ ကျွေး ထားမယ် ဆိုသော စကား မှာ သူ အနှစ်ခြိုက်ဆုံး ဖြစ်၍ စိန်တွေ ၊ ရွှေတွေ ဆင်ထားမယ် ဆိုသော စကား မှာ သူ့ အဖို့ ဘာမျှ မထူးခြား ၊ နားလည်ဟန် လည်း မရှိပါ ။ ကျွန်တော့် မှာ ဒုက္ခ တွေ့သမျှ ချစ်သူကလေး နှင့် ချမ်းသာစွာ တွေ့ရ ပြန် သဖြင့် သူ့ ကို ဗမာ လို မနှင်းရွှေ ဟု နာမည် ပေးပြီး ပျော်ပျော်ပါးပါး နေ မည် ။ ဗမာစကား နှင့် ဗမာစာ ကို တတ် အောင် သင်ကြား ပေးမည် ။ ဗမာ လို များ ဝတ်ထား လိုက် ရ ရင် ဘယ်သူ မီ နိုင်မှာလဲ စသည် ဖြင့် အမျိုးမျိုး စိတ်ကူး ရင်း ခရီး တွင် လေသည် ။

နေ့ ၁ဝ နာရီ ခန့် ၌ ဝိုင်းမော် သို့ ရောက်ရှိ ရာ လူ ၂ဝ ပါ သော တပ်မတော် ချီတက် သွားကြောင်း သိရ သော်လည်း ကျွန်တော် တို့ မှာ ဖြတ်လမ်း က ပြေးလာ ရ ၍ မတွေ့ လိုက်ပါ ။ သိန်းဘောမယ်ကလေး ကား ဝိုင်းမော် ဘက် တွင် နေ က ဘေးရန် များမည် ဟု ပြော သဖြင့် သူ့ အလို လိုက်လျော ကာ မိုးကောင်း သို့ ပြောင်းရွှေ့ ရန် ကြိုးစား ပါသည် ။ ယခုအခါ ၌ မနှင်းရွှေကလေး မှာ ဗမာရည် လည် ၍ ရိုးသားသော အပြုအမူ ကို ပြောင်းလဲ မရခြင်း မှ အပ အခြား နေရာ၌ အစ ခပ်သိမ်း မြန်မာမကလေး ကဲ့သို့ ကျွန်တော် ပြော သမျှ မြေဝယ် မကျ နားထောင် ကာ ပေါင်းသင်း ဆက်ဆံလျက် ရှိပါသည် ။

ဤအကြောင်း များ ကို မိတ်ဆွေကြီး ထံ စာ ရေးမည် ကြံ ရာ မိတ်ဆွေကြီး က ဟိုပြောင်း ဒီရွှေ့ များ သော ကြောင့် ယခု မှ စာ ရေးလိုက်ရ ပါကြောင်း ။

◾မဟာဆွေ

📖 ကြီးပွားရေးမဂ္ဂဇင်း 
       ၁၉၃၆ ၊ ဧပြီလ ။

#ကိုအောင်နိုင်ဦး

.

Saturday, May 6, 2023

သူအို ကိုယ်နာ


 ❝ သူအို ကိုယ်နာ ❞


မုခ မဂ္ဂဇင်း အယ်ဒီတာချုပ် ထံ မှ မုခမဂ္ဂဇင်း နှစ်ပါတ်လည် အထူးထုတ် တစ်အုပ် လက်ဆောင် ရသည် ။ အယ်ဒီတာချုပ် ၏ ( အယ်ဒီတာ့ စကား ) ကို ဖတ် ကြည့်သည် ။ တစ်ခါက အလှပိုင်ရှင် ဖက်ရှင် မိခင်ကြီး လို့ တင်စားခြင်း ခံခဲ့ရသည့် အယ်ဒီတာချုပ် မမ သည် သံဝေဂ စာတွေ ကို ရေးထားတာ တွေ့ ရသည် ။ 


“ ကျွန်မ ၏ ယခင် နုပျိုခြင်း ကို အချိန် က ဝါးမျိုခဲ့ ပါပြီ ” 


အချိန် ဆိုတာ အသက် ကြီး လာခြင်း ကို ဆိုလိုတာ ဖြစ်သည် ။ မှန်ပါသည် ။ အချိန် သည် အယ်ဒီတာ မမ ကို သာ မက လူတိုင်း ကို ဝါးမျို နေသည် ။ နုငယ်ရုပ်ဆင်း ပျိုမျစ်ခြင်း ကား အိုမင်း နောက်ဆုံး ရှိ ချေ၏ လို့ ဆိုရိုး ရှိသည် ။ သတ္တဝါ ရယ် လို့ ဖြစ် လာလျှင် ဇာတိ ၊ ဇရာ ၊ ဗျာဓိ ၊ မရဏ ဆိုတဲ့ မွေး ၊ အို ၊ နာ ၊ သေ ၊ ဖန်တရာတေ ဝဲဂယက် သံသရာ မှာ နိဗ္ဗာန် မရမီ စပ်ကြား ဘဝ များစွာ ကျင်လည် နေကြဦး မှာ ဖြစ်သည် ။


မုခ အယ်ဒီတာချုပ် က အယ်ဒီတာ့ စကား တစ်နေရာ မှာ ဘုရားအလောင်း သိဒ္ဓတ္ထ မင်းသား သည် နိမိတ်ကြီး လေးပါး ဖြစ်သော သူအို ၊ သူနာ ၊ သူသေ ၊ ရဟန်း တို့ကို မြင်ပြီးတော ထွက် ၍ တရား ကျင့် ပြီး မှ မြတ်ဗုဒ္ဓ အဖြစ် ကို ရောက်ရှိခဲ့သည် ဟု အဘိဏှသုတ် ကို ကိုးကားပြီး တင်ပြ ထားသည် ။


လေး သင်္ချေ နှင့် ကမ္ဘာ တစ်သိန်း ၊ တစ်ဆယ့်ခြောက် သင်္ချေ နှင့် ကမ္ဘာ တစ်သိန်း ပါရမီတော်တွေ ဖြည့်ဆည်း လာခဲ့သည့် ဘုရား အလောင်းတော် က တော့ နိမိတ်ကြီး လေးပါး ကို မြင်ကာ မျှ ဖြင့် တရား သံဝေဂ ရပြီး တော ထွက် ခဲ့သည် ။ ပါရမီ နုနယ်နည်းပါး သည့် ကျွန်တော် က တော့ သူ အို နေတာ ကို မြင် ရတော့ ကိုယ် နာ နေတာ ကို တောင် မေ့ သွားပြီး သူ့ အနား က ထွက်ပြေး ခဲ့ ပါသည် ။ သူ့ ကို စတင် မြင်ဖူးသည့် လွန်ခဲ့သည့် နှစ်ပေါင်း ( ၄၀ ) လောက် က ရုပ်ဆင်း ရူပါ နဲ့ အခု မြင်တွေ့ ရသည့် ပုံပန်းသဏ္ဍာန် တို့ က ကြောက်စရာ ကောင်း လောက် အောင် ကွာခြား နေပါရော့ လား ဟု တွေး မိသည် ။ နှစ်ပေါင်း လေးဆယ် ဆိုသည့် အချိန် က သူ့ အလှတွေ ကို ဝါးမျို လေ ပြီ ဟု သိလိုက် ပါသည် ။ သူ ဆိုတာ မုခ အယ်ဒီတာချုပ် မမ ကို ဆိုလို တာ မဟုတ်ပါ ။ ကျွန်တော် ငယ်ငယ် က တစ်ဘက်သတ် စွဲလမ်း ခဲ့သည့် ရုပ်ရှင်မင်းသမီး မမကြီး တစ်ယောက် ကို ဆိုလိုတာ ဖြစ်ပါသည် ။


ကျွန်တော် သည် အကြောတွေ ဆိုင်း လာပြီး အောက်ပိုင်း သေချင် သလို ဖြစ် လာသည် ။ ကျွမ်းကျင်သည့် သမားတော် နှင့် ပြသည် ။ သမားတော် က ကျေနပ်အောင် စမ်းသပ်ပြီး သော အခါ ကိုယ်လက်လှုပ်ရှားမှု နည်း လို့ အညောင်းခံ လွန်း လို့ ဖြစ်တာ ဟု ဆိုသည် ။


တစ်နေ့ ကို အနည်းဆုံး တစ်နာရီ ကိုယ်လက်လှုပ်ရှား လုပ်ရန် သို့မဟုတ် လမ်း လျှောက်ရန် ညွှန်ကြားပါသည် ။ ကျွန်တော် သည် လမ်းလျှောက်ရန် အလွန် ပျင်းသည် ။ လမ်းလျောက်ခြင်း ၊ ကိုယ်လက်လှုပ်ရှားခြင်း ပြုလုပ်ရမည့် အချိန် အလွန် နှမြောသည် ။ အဲဒီ အချိန်တွေ ကို စာဖတ်ခြင်း ၊ စာရေးခြင်း ၊ တခြား လုပ်စရာ ရှိသည့် အလုပ်တွေ ကို လုပ်ခြင်းဖြင့် ကုန်လွန်စေ ချင် သည် ။ အသက် ကြီးလာသည့် အခါ လမ်း လျှောက် ဖို့ လိုတယ် ဆိုတာ ကို သိပါလျက် နဲ့ မလျောက် ဘဲ နေခဲ့ခြင်း ဖြစ်သည် ။


ကျွန်တော် သာ လမ်း မလျှောက် သော် လည်း ကျွန်တော့် အပေါင်းအသင်း တွေ လမ်းလျောက် ကြသည် ။ သုဝဏ္ဏကစားကွင်း ကို သွားကြပြီး ကိုယ်လက် လှုပ်ရှား နည်း မျိုးစုံ လုပ် နေကြသည် ။ သူတို့ ဆီ က သတင်းစကား တစ်ခု ကို ကြားရသည် ။ အသက် ခြောက်ဆယ် ကျော် နေပြီ ဖြစ်သည့် နိုင်ငံကျော် ရုပ်ရှင် မင်းသမီးကြီး တစ်ယောက် သည် သုဝဏ္ဏကစားကွင်း မှာ လာပြီး နေ့စဉ် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ လုပ်နေသည် ဆိုသည့် သတင်း ဖြစ်သည် ။


ဒီ သတင်းစကား ကို ကြားတော့ ကျွန်တော် စိတ် လှုပ်ရှား သွား သည် ။ ရုပ်ရှင် မင်းသမီးကြီး ကို ကြည့် ချင်သည် ။ လွန်ခဲ့သည့် နှစ် ပေါင်း လေးဆယ် လောက် က သူ့ ကို မြင်လျှင် ကျွန်တော် ရင်ခုန် ခဲ့တာ ကို ပြန်လည် အမှတ် ရ လာသည် ။ အခု မြင်လျင် ရင်ခုန်ပါဦး မလား ဆိုတာ သိချင် လို့ သူ့ ကို ကြည့် ချင်သည် ။ သူ့ ကို စတင် မြင်ဖူးသည့် အချိန် က သူ့ အသက် လည်း နှစ်ဆယ် ကျော် ကိုယ့် အသက် က လဲ နှစ်ဆယ် ကျော် ဖြစ်လို့ သူ့ အလှ သူ့ မုခ ကို ကိုယ် က ကြည့် မဝ ရှု မဝ ဖြစ်ခဲ့တာ ကို သတိ ရ လာသည် ။


သူ သည် ရုပ်ရှင် မင်းသမီး မဖြစ်မှီ က အဆိုတော် ဘဝ မှာ သူ့ ကို စတင် မြင်ဖူးခြင်း ဖြစ်သည် ။ ပျိုမျစ်နုငယ် လှသွေးကြွယ် ၍ အချိုးအဆစ် ပြေပြစ် သော ကိုယ် ခန္ဓာ နှင့် ပြုံးလိုက် ရယ်လိုက် လျင် ရင်ခုံ စေခဲ့ပါသည် ။ သီတင်းကျွတ် ၊ တန်ဆောင်တိုင် မီးထွန်းပွဲတော် တွေ မှာ ကျင်းပသည့် ဘားမားစတိတ် ၊ ဂိုးဖလိပ် ၊ ရွှေကျီးနိုင်လွန် ၊ ဟံသာအေးနိုင်လွန်ကုမ္ပဏီတွေ ရဲ့ အဆိုအက စင်မြင့်တွေ ပေါ် မှာ သူ့ အလှ ကို စတင် မြင်ဖူးခြင်း ဖြစ်သည် ။


အဆိုတော် ဘဝ အစ မို့ အခုလို မရင့်ကျက် သေး သည့် ဘဝ မှာ တက်ကြွသည့် သူ့ အသံလေး လွင်လွင်စူးရှ နှင့် သူ့ အလှတို့ ပေါင်းစပ် လိုက်သော အခါ စင် အောက် က နားထောင် ရင်း ငေးမော ကြည့်ရှု နေသည့် ကျွန်တော် အသက် ရှု ဖို့ ပင် မေ့ နေ ခဲ့ပါသည် ။ လှလိုက်တဲ့ မိန်းကလေးရယ် ဘယ် ဘဝ ကဆုတောင်းတွေ ကောင်းခဲ့ လို့ အခုလောက် တောင် လှနေတာလဲ ကွယ် ဟု တီးတိုး ရေရွတ် နေ မိသည် ။


“ ဒီ မိန်းကလေးမျိုး နဲ့ ဘဝ ကြင်ဖေါ် အဖြစ် လက်တွဲခွင့် သာ ရခဲ့မည် ဆိုလျှင် ဘဝ မှာ ကံအကောင်းဆုံး လူသား ဖြစ်နိုင်သည် ။ အရာရာတိုင်း ကို စွန့်လွှတ်ပြီး သူ့ အလှ ရဲ့ ကျေးကျွန် အဖြစ် ဖြင့် အသက် ကို ပင် ပေးအပ်၍ သူ လိုရာ မှာသုံး စေတော့ ငါ ကျေနပ်တော့ မည် ဟု စိတ်ကူး မိသည် ။


သာမန် ရေဒီယို အဆိုတော် ဘဝ မှ လျမ်းလျမ်းတောက် အောင်မြင် ကျော်ကြား သည့် ရုပ်ရှင်မင်းသမီး ဖြစ်လာ သော အခါမှာ လည်း သူ ပါဝင် သရုပ်ဆောင် သည့် ရုပ်ရှင် ဇာတ်ကား တွေ ကို မလွတ်တမ်း ကြည့် ခဲ့သည် ။ သူ့ ရဲ့ အနုပညာ ကို ကြည့် တာ မဟုတ် ၊ သူ့ ရဲ့ အလှ ကို ကြည့် မဝနိုင် လို့ သူ ပါဝင်ထားသည့် ဇာတ်ကား တိုင်း ကို ကြည့် ခဲ့သည် ။


အောင်မြင်ကျော်ကြား နေတဲ့ သူ့  အလှ နဲ့ ဆုတ်ယုတ် ကျဆင်း နေတဲ့ ကိုယ့် ဘဝ တို့ က မိုး နဲ့ မြေ လို အလှမ်း ကွာ ဝေးခဲ့ပြီ ဆိုတာ ကို နားလည် လိုက်သည် ။ သူ့ ဘဝ ကြင်ဖေါ် အဖြစ် ရွေးချယ်ခြင်း ခံ လိုက်ရသည့် ယောက်ျား သည် ကံကောင်းလေစွ မုဒိတာ ပွား မိ ပါသည် ။


သူ့ ကို တကြော့ပြန် မြင်ချင် တွေ့ချင်သည် ။ သူ့ ရဲ့ အလှ ကြည့်ပြီး ငယ် ဝေဒနာ ကို ပြန်လည် ခံစား ကြည့် ချင်သည် ။ နေ့စဉ် သူ လာတဲ့ သုဝဏ္ဏအားကစားကွင်း ကို သွားပြီး ကျန်းမာရေး လေ့ကျင့်ခန်း လုပ်မည် ။ လမ်းလျောက်မည် ဟု ဆုံးဖြတ် လိုက်သည် ။ မိမိ ခံစား နေရတဲ့ ရောဂါဝေဒနာ သက်သာပျောက်ကင်းအောင် ဆရာဝန် ညွှန်ကြားသည့် အတိုင်း လမ်း လျောက်ရန် အတွက် ချည်း မဟုတ် ၊ မိမိ တစ်ဘက်သတ် စွဲလမ်း ခဲ့ရသည့် ရုပ်ရှင်မင်းသမီးကြီး ကို ကြည့်ချင် လို့ ဖြစ်သည် ။  


နံနက်စောစော နှင်းမှုန်တွေ ကြား မှာ သုဝဏ္ဏအားကစာ ကွင်း ကို ပါတ်ပြေး နေသူ ၊ ပါတ်လျောက် နေသူတွေ ကြား မှာ သူ့ ကို ရှာ သည် ။ နှင်းမှုန်တွေ ကွဲ သွား လို့ လင်းအား ကောင်း လာသော အခါ ပရိတ်သတ် တစ်ချို့ ဝိုင်းအုံ နေတဲ့ တစ်နေရာ မှာ သူ့ ကို တွေ့ပါသည် ။ အဆီကျ အသားစစ် အောင်ခါးသေး ရင်ချီ အောင် လေ့ကျင့်ခန်း လုပ် နေသောရုပ်ရှင်မင်းသမီး ၀၀တုတ်တုတ်ကြီး ကို တွေ့ ပါသည် ။ သူ့ ရုပ် ကို ကြည့်ပြီး ကျွန်တော် တုန်လှုပ် သွား ပါသည် ။  


သူ့ တစ်ကိုယ်လုံး မှာ အဆီတွေ များ ပြီး အသားတွေ က လည်း တအား ပို နေသည် ။ မျက်နှာကြီး ပြဲ ပြီး မျက်လုံးတွေ ပိတ်လု နီးပါး ဖြစ် နေသည် ။ ဂုတ်ပိုးကြီး တက် နေသည် ။ ပခုံးသားတွေ မောက် နေသည် ။ ပါးတွေ စုဖောင်း နေသည် ။ လက်မောင်းကြီး တွေ နှင့် ခြေသလုံးကြီး တွေ ရွယ်တူ ဖြစ် နေသည် ။ ခါး ၊ တင် ၊ ရင် တို့ သည် တိုင်ကီ လို တဖြောင့် တည်း ဖြစ် နေသည် ။ ကိုယ် အလေးချိန် ပေါင်နှစ်ရာ လောက်တောင် ရှိမည် ဟု ထင် ရသည် ။ မူလ အလှအပ တွေ ထဲ က လက်ကျန် ဆိုလို့ သူ့ ကို ဝိုင်းအုံ ကြည့်နေသူတွေ ကို ပြုံးပြ လိုက်တိုင်း ပေါ်လာ တတ်သည့် ပါးချိုင့်လေး နှစ်ခု သာ ကျန် တော့သည် ။


“ သဗ္ဗေ သင်္ခါရ အနိစ္စ ၊ ယဒါပညာယ ပသတိ လို့ ဘုရား ဟော ရှိတယ် ။ ဘယ်အရာ မှ မမြဲဘူး ဆိုတာ ကို ဉာဏ်မျက်စိ နဲ့ ရှုကြည့် မှ ပဲ မြင်နိုင်တယ် လို့ ဆိုတာပဲ ”


ကျွန်တော့် စိတ် ထဲ က ပြော နေမိသည် ။ အော် အခုတော့ လည်း က သူ့ အလှ ဟာ ငါ့ ကို ရင်ခုန် ယစ်မူးအောင် မဆွဲဆောင်နိုင်တော့ပါလား ဟု တွေးမိပြီး သုဝဏ္ဏကွင်း မှ ပြေးထွက် ခဲ့ ပါတော့သည် ။


◾အဏ္ဏဝါစိုးမိုး


📖 FACES မဂ္ဂဇင်း 

      အမှတ် -၂၃ 

      ၂၀၀၄ - ဖေဖေါ်ဝါရီ


#ကိုအောင်နိုင်ဦး


.

Friday, May 5, 2023

ဝိဘစ္ဆ ရာသီ


 ❝ ဝိဘစ္ဆ ရာသီ ❞


“ ကတိ တည်ပြီး သစ္စာ ရှိပါ ”


စကားသံ က နားစည် ထဲ မှာ အခါမလပ် လာ ရိုက် နေသည် ။ သည် စကား က ဘိုးစဉ် ဘောင်ဆက် အမွေ ပေး ခဲ့သည့် စကားပေပဲ ။ ရိုးတွင်းချဉ်ဆီ ထဲ ထိ စွဲထင် ခဲ့သည့် စကား ။ စိတ် အတောင် ပေါက် ၍ လေလွင့်မည် ဆိုလျှင် တိုးညင်း သက်သာ ကြား ရသည့် အသံ ။ စိတ်နောက် ကိုယ်ပါ ရွက်လွှင့်မည် ပြင်တိုင်း နားဝ မှာ ကြား ရသည့် သတိပေး သံ ။ ခု ကြားရသည် က သံစဉ် တစ်မျိုး ဖြစ် နေသည် ။ 


ခါတိုင်း ကြား ရသည် က ကိုယ့် ကို သတိ ပေး သံ ၊အမိန့် ပေး သံ ။ ခုတော့ သည်လို မဟုတ် ။ အားရကျေနပ် နေသံ ၊ ရင်ခေါင်း ထဲ မှ လှိုက်လှဲ ကြွေးကြော်သံ ။ ရင်ထဲ က လာ သည့် လှိုင်းတွေ က ရွှင်ချို ဖိုလှိုက် နေသည် ။ “ ကတိ တည်ပြီး သစ္စာ ရှိသည် ” ဟု ကြွေးကြော် နေသည့် အသံ တွေ ။ 


“ ညီလေး ၊ အိပ်လို့ မပျော်ဘူးလား ”


ကိုတင်စိုး က ခပ်တိုးတိုး မေးသည် ။ အင်း ဟု သာ ခပ်တိုတို ပြန် ဖြေပြီး တစ်ဖက် စောင်း ပြီး ငြိမ် နေ လိုက်သည် ။ ခဏ နေ တော့ ကိုတင်စိုး ဟောက်သံ က ထွက် လာသည် ။ နား ထဲ မှာ အသံတွေ ပြန် ကြား လာ ရပြန်သည် ။  တစ်ဆက် တည်း အိတ် ထဲ ကို စမ်း လိုက် မိသည် ။ ရှုံ့ အိတ် ထဲ ထည့် ထားသည့် ပုလင်းတွေ က ခိုးလို့ ခုလု ဖြစ် နေသည် ။  ပုလင်းတွေ ထဲ မှာ ကတိ တွေ ရှိသည် ။ သစ္စာ တွေ ရှိ သည် ။ ဂုဏ်သိက္ခာ တွေ ရှိ နေသည် ။ သည် ပုလင်းတွေ ပျောက်သွားလို့ က မဖြစ် ။ မနက်ဖြန် သည်လည်း ပုလင်းတွေ ထဲ မှာ သာ ရှိ နေသည် မဟုတ်လား ။ 


အပြန်ခရီး အတွက် မနက် အစောဆုံး နိုး နေသူ မှာ သူ ။ 


“ သိပ် ပြန်ချင် နေပြီလား ကွ ။ အလုပ် လုပ် နေတော့လည်း ဘာမှ သတိ မရ သလိုဘဲ ။ ခုတော့လည်း အိမ် ကို ချက်ချင်း ပြန် ပြေးတော့မယ့် ပုံ ပဲ ”


“ ပြန်ချင်တာပေါ့ ဗျာ ၊ ခု ချက်ချင်း တောင် ရောက်ချင် နေတာ ”


“ မင်း တော့ မရိုးတော့ဘူး ထင်တယ် ။ ဖိတ်စာ တန်း ရိုက်တော့ မှာ လား ကွ ”


“ မဟုတ်ပါဘူး အစ်ကို တို့ ရာ ။ ကျွန်တော့် အကြောင်း နဲ့ ကျွန်တော် ပါ ”


အလာ တုန်း က တော့ မျှော်လင့်ချက် အိပ်မက်တွေ နှင့် မို့ တောင် တွေ ကို မြင့် သည် မထင်ခဲ့ ။ တော တွေ ကို လည်း နက် သည် မထင်ခဲ့ ။ အပြန် ခရီး မှာ လည်း ဝမ်းသာ စိတ် ကြောင့် ပတ်ဝန်းကျင် ကို ဂရု မထားနိုင် ပြန် ။ ကိုယ် ပေါ်က ဝန်ထုပ်တွေ ကို လည်း လေးသည် မထင် ရ ။ သူတို့ အားလုံး အိပ်မက်တွေ အကောင်အထည် ဖော် နိုင်တော့ မှာ ပဲ လေ ။ 


သူတို့ အားလုံး ဒီ အလုပ် ကို အများကြီး လုပ်ဖူးခဲ့ ပါပြီ ။ သစ်မွှေး လည်း ရှာ ခဲ့ ဖူးသည် ။ ရှမ်းရိုးမ တစ်ကြော သူတို့ အလျား လိုက် သစ်မွှေးမုဆိုး လိုက်ခဲ့ ဖူးကြပြီ ။  သလင်းကျောက် ဆိုတော့ လည်း တောင်ခြေ တစ်ကြော အမော ခြေရာ ထပ်ခဲ့ ကြ ပြီးပြီ ။ လူတိုင်း မှာ အိပ်မက်တွေ ရှိကြတာ မို့ အိပ်မက်တွေ ကို အရာ ထင် ဖို့ စွန့်စား နေကြရ တာပါပဲ ။ သူတို့တွေ လျှောက်သော လမ်း က တော့ တူကြသည် ။ ဖြတ်လမ်း ကို မှ ရွေး လျှောက် နေကြသူများ ဖြစ်သည် ။ ဖြတ်လမ်း ဆိုတော့ လည်း ခက်ခဲ ကြမ်းတမ်းသည် က ဓမ္မတာ ။ 


သူတို့ ယခု လျှောက် လာသည့် လမ်း က ဖြတ်လမ်း ပေမယ့် သူတို့ အခါများစွာ လျှောက်ဖူးခဲ့သော လမ်း ဖြစ်သည် ။ ရွှေ ၊ ရွှေ ။ ရွှေ ရှာသည့် လမ်း ။ လျှောက်ဖူးသော လမ်း ဆိုသော် လည်း ခု လမ်း က လမ်းသစ် ။ ဘယ်သူ မှ မသွားဖူး သော လမ်း ။ စွန့်ပြီး အသစ် ဖောက် ခဲ့သည့် လမ်း ။ တောင် လေးငါးလုံး ကို ကျော် ပြီး မှ ရောက် ရသည့် နေရာ ။ ကံအားလျော်စွာ သူတို့ အရွေး မှန် ခဲ့သည် ။ မမျှော်လင့် လောက် အောင် အကျိုး ခံစားခဲ့ ရသည် ။ 


သူတို့ ထဲ မှာ သူ က ကံ အထူးဆုံး ။ ယာယီတဲ ထိုး ဖို့ မြေတူးရင်း အတုံးအခဲတွေ ရ ခဲ့သည် ။ အိတ်နက် တွေ ကို ဝယ်နိုင်လောက်အောင် မများ ပေမယ့် ကတိ တည် ဖို့ ၊သစ္စာ ရှိဖို့ တော့ လုံလောက် ပါသည် ။ သူ နှစ်ပေါင်း များစွာ စောင့်နေခဲ့သည့် ပမာဏ ပေ ပဲ ။ 


“ ဘာလို့ ဒီလောက် အလောတကြီး ပြန် ချင် ရတာလဲကွာ ။ နားနားနေနေ ဆင်းကြတာပေါ့ ”


“ သိပ် ကို အမြန်ဆုံး ရောက်ချင်လို့ ပါ ဗျာ ။ အရင့်အရင် အခေါက်တွေ တုန်း က အိမ် သာ ပြန် ရတာ ။ မပြန်ချင့် ပြန်ချင် ပြန်ရတာ ချည်းပဲ ။  ဒီ တစ်ခေါက် သာ လိုလိုလားလား ပြန်ချင်တာ ”


အားလုံးက နားလည်စွာ ပဲ မပြောကြတော့ ။ သူတို့ တွေ လည်း ခြေလှမ်းတွေ က မသိမသာ သွက် နေကြတာ ပါပဲလေ ။ တောင်တက် တောင်ဆင်း လုပ် နေပေမယ့် သူ့ စိတ် က အိမ်ကို ပြန် ရောက် နေသည် ။ အိမ် ဆို သည် ထက် သူတို့ လယ်ကွင်း ထဲ ကို ပြန် ရောက် နေသည် ။ ငှက်ပျောပင်အုပ်  ကြား ထဲ က သူတို့ တဲ ။ တဲဘေး က အုန်းညီနောင် ။ တဲရှေ့ မနီးမဝေး က စမ်းပေါက်ကလေး ။ အရှေ့ အနောက် တစ်ခေါ် လောက် ဆီ ဝေး တဲ့ လယ်ကွက်တွေ ။  လယ်ကန်သင်းတွေ ပေါ် က ဆီးပင်အုပ်အုပ်တွေ ။ သရက်ပင် မြင့်မြင့်ကြီးတွေ ။ 


“ အကြွေး နဲ့ အပ်ထား ရ တဲ့ မြေ ကွ ။ တို့ မိသားစု ကို အခြေမပျက် ဆက် လုပ်ခိုင်း ထားတာ ။ တို့ နာမည် နဲ့ စာရင်း ပေါက် ပေမယ့် တကယ်တော့ တို့ ဟာ သူရင်းငှားတွေ ပါပဲ ကွာ ”


အဖေ ရှင်း ပြတော့ ရုတ်တရက် နားမလည် ။ အဘိုး ဆုံး သွားစဉ် က အဖြစ်အပျက် ကို အဖေ က ပြောပြသည် ။ အဘိုး ဆုံး သည် က လည်း ရုတ်တရက် ကြီး ။ အဘိုး အလောင်း မြေ ကျပြီး ဘယ်တုန်းက အဘိုး ယူခဲ့ မှန်း မသိသည့် အကြွေး စာရင်း က ရောက် လာသည် ။ အကြွေးတွေ အတွက် ကတိ က ဒီ လယ်ကွင်း ။ အဘိုး က ကတိ တည်သူ ၊သစ္စာ ရှိသူ ၊ အဘိုး ၏ သား အဖေ က လည်း အဖေ တူ သား ။ 


“ အဖေ ကတိ ထားခဲ့တယ် ဆိုလည်း လယ်တွေ ယူ လိုက်ပါလို့ ပေးခဲ့တယ် ”


“ ဘယ်တုန်းက ဘာအတွက် ဘယ်လောက် ယူခဲ့မှန်း မသိတဲ့ အကြွေး ကို ဘာမှန်း မသိဘဲ လယ်တွေ အသိမ်း ခံလိုက် ရ တာပေါ့နော် အဖေ ”


အဖေ က ခပ်ဝေးဝေး ကို ငေးရင်း စကား ကို ခပ်လေးလေး ပြောသည် ။ 


“ ကတိ ကွ ၊ ကတိ က အရေး ကြီးတယ် ။ ကတိ တည် ရမယ် ။ အဖေ တို့ တစ်သက်လုံး စောင့်ထိန်း လာတာ ကွ ။ သေ သွား တဲ့ ကတိ ကို ငါ တည်အောင် လုပ်ပေး ရမယ် ။ အဖေ့တာဝန် ကို သစ္စာ ရှိရှိ ယူ ရဲ ရမယ် ”


အဖေ က အကြွေးရှင် ကို ကျေးဇူး စကား လည်း ပြောသည် ။ လယ်တွေ ကို ဆက် လုပ်ခွင့် ပေး ထားသည့် ကျေးဇူး ဖြင့် အကြွေးရှင်တွေ ကို အပြစ် မမြင်တော့ ။ ဦးပိုင်စာရင်း မှာ အဖေ့ နာမည် မပျက်သေး တာ ကို ဘဲ အကျေနပ်ကြီး ကျေနပ် နေသည် ။  ကျေနပ်မည့် သာ ကျေနပ် နေသည် ။ သည် မြေ ပေါ် မှာ အဖေ စိုက် ချင်တာ စိုက်ခွင့် ရ တာ မဟုတ် ။ 


မြေရှင် စိုက် ခိုင်းသော စပါး သီးနှံ တို့ ကို သာ စိုက် ရသည် ။ အထွက် မကောင်းမှန်း သိလျက် ကောက်ကြီးစပါး ကို စိုက် ပေးရသည် ။ စိုက် ၍ ရ လာသည့် စပါး ကို လည်း ကိုယ် စားရ တာ မဟုတ် ။ ပြောင်းလေး စိုက်ဦး ၊ ပဲလေး စိုက်ဦး နှင့် ဝင်ငွေ ကောင်းမည့် အသီးအနှံ ကို များများ စိုက်ခွင့် မရ ။ စိုက် သမျှ ရ တော့လည်း ပြန် စွန့်ကြဲတာ လေး ပဲ စား ရသည် ။ ငရုတ် ဈေးကောင်း မိ ပြီး အထွက် ကောင်းလျှင် ဤ မြေ ကို ပြန် ရွေးနိုင် စရာ ရှိသော် လည်း ငရုတ် ကို ဖြစ်ဖြစ်မြောက်မြောက် မစိုက် ခဲ့ ရ ။ 


မပိုင် သည့် မြေကြီး မှာ ၊ လွတ်လွတ်လပ်လပ် လုပ်ခွင့် မရသည့် လယ်မြေ ထဲ မှာ အဖေ လည်း ပျော်ပုံ မရ ။ စိတ်ချမ်းသာပုံ မရ ။ နှစ်ကာလ တောင် အတော် ကြာ ခဲ့ပြီပဲ လေ ။ သည် မြေ ပေါ် မှာ တစ်ခု တည်း သော မျှော်လင့်ချက်ကလေး နှင့် သာ အဖေ ဖက်တွယ် နေ ပုံ ရသည် ။ 


“ မြေပိုင်ရှင် အစစ် က ခင်ဗျားတို့ ပါ ။ ခင်ဗျားတို့ ပြန် ရွေးနိုင်တဲ့ နေ့ ခင်ဗျားတို့ လယ် ခင်ဗျားတို့ ပြန် ယူပါ ။ ဒါကို ကတိ လို့ မှတ် ထားပါ ။ ဒီလိုပဲ မရွေး နိုင်ခင် စပ်ကြား မှာ သစ္စာ လည်း ရှိပါ ”


အားလုံး အဖြစ်မှန် ကို သိခဲ့ပြီး နောက် သည် လယ်တွေ ထဲ နေထိုင် ရသည် ကို စိတ် မသန့်တော့ ပါ ။ သည် မြေ ကို မချစ် ၍ တော့ မဟုတ် ။ မက်မက်စက်စက် မြတ်နိုးတာ က အမှန် ။ အဖေ က ဆို ထုတ် မပြောသော်လည်း မျက်နှာ က အရှင်းသား ပေါ် နေသည် ။ လယ် ပြန်ရွေး နိုင်ရေး စိတ္တဇ တောင် ဖြစ်နေပုံ ရသည် ။ အဖေ့ မျက်နှာ က ကွယ်လွန်သူ အဘိုး ကို မြေတွေ ပြန် ရွေး ပေးဖို့ ကတိ ပေး ထားပုံ ရသည် ။ အဘိုး က မတောင်းဘဲ အဖေ့ ဟာအဖေ ပေး ထားသည့် ကတိ ဖြစ်မည် ။ 


သည်လိုပါပဲ ။ အဖေ မတောင်းဘဲ အဖေ့ ကို လည်း ကတိ ပေးထားသည် ။  အဖေ တောင် မှ ထို ကတိ ကို သိချင် မှ သိမည် ။ ဒီ မြေတွေ ကို ရွေး ဖြစ် အောင် ရွေး ပေး ရမည် ။ ရွေးနိုင်အောင် ကြိုးစားမည် ။ ကတိပါ အဖေ ။ သည် မြေ ဟာ သားတို့ ဆွေစဉ် မျိုးဆက် မှ လွဲ၍ ဘယ်သူမျှ မပိုင်ရ ။ ဒါ သစ္စာတရား ပါ အဖေ ။ 


“ ဘာတွေ စိတ်ကူး ယဉ်ပြီး လျှောက် နေတာလဲ ကွ ။ စကား မပြော ဘာ မပြော နဲ့ ။ တောင်ခြေ တော့ ရောက်ပြီ ။ နေလည်း ပူ ပါ့ကွာ ”


ဟုတ်ပါရဲ့ ။ အတွေး ကောင်းကောင်း နှင့် အမှုမဲ့ အမှတ်မဲ့ ဆင်း လာ လို့ သာ ။ သူ တစ်ကိုယ်လုံး ချွေးတွေ နစ်နေပြီ ။ နားကြရ ဦးမည် ။ အိပ်ရေး မဝတာ နှင့် ၊ အလုပ် ပင်ပန်းတာ နှင့် ၊ ခရီးပန်းတာ နှင့် သူတို့တွေ နုံးချိ  နေကြပြီး သူ တစ်ယောက် ပဲ အိမ် ရောက်ချင်ဇော နှင့် မောရမှန်း မသိခဲ့တာ ထင်ပါရဲ့ ။ 


ခရီး ဆက် ထွက်တော့ နေ က သိသိသာသာ ပူ နေပြီ ။ ပူ သည်မှ ချစ်ချစ်တောက် ။ လေ ကလည်း မတိုက် ။ တစ်ခါတလေ မှ မျက်စိ လည် လာသော လေကြော တစ်ခု တလေ သာ ရှိသည် ။ ပူ လိုက်သည့် ဖြစ်ခြင်း ။ အသားတွေ ကို မီးစ ကပ် ထား သလို ပူသည် ။ 


သူ ကတော့ အတွေး တွေ ဆက်ဝေ နေသည် ။ ပုလင်းတွေ နှင့် ရှုံ့ အိတ် ထဲ က အခဲလေး တွေ ချ ပြလိုက်စဉ် ပြောင်းလဲ သွားမည့် အဖေ့ မျက်နှာ ကို မြင်ယောင်သည် ။ ပြီးတော့ သူစိမ်းတွေ လို နေခဲ့ ရသည့် ငှက်ပျောပင် တွေ ၊ အုန်းပင် တွေ ၊ သရက်ပင် တွေ ကို အပင်စေ့ ဖက် ပြီး အဝ နမ်းပစ်မည် ။ လယ်ကွက် တွေ ထဲ လူးလှိမ့် ပစ် လိုက်မည် ။ ပြီးတော့မှ “ ငါတို့ လယ် ငါတို့ မြေ ” ဟု အကျယ်ကြီး မနားတမ်း အော် ပစ်မည် ။ 


လမ်း လျှောက်ရင်း ကျောင်း နေစဉ် က နေ့တိုင်း ဆို ရသော သီချင်း တစ်ပိုင်းတစ်စ က ဝင် လာသည် ။ 


“ ဒါ တို့ပြည် ၊ ဒါ တို့မြေ ၊ တို့ ပိုင်တဲ့ မြေ ”


သည်အပိုဒ် ကို ပဲ ထပ်တလဲလဲ ဆို လိုက် မိသည် ။ တကယ်ကို အာတွေ့တွေ့ နှင့် ဆို နေ မိခြင်း ။ ဘယ်လောက် လေးနက်သည့် စာသားတွေ ပါ လဲ ။ ဒီ စာသားတွေ ရဲ့ အတိမ်အနက် ကို တစ်ခါ မျှ ခုလောက် မတွေးမိခဲ့ ၊ ခုလို ထိထိရှရှ မခံစားဖူးခဲ့ ။ ထပ်ကာ ထပ်ကာ ဆက်၍ ဆို မိ ပြန်သည် ။ 


“ နေ ပူ ရတဲ့ ထဲ က မင်း က သီချင်း တောင် ဆိုလို့ ”


“ အပူဒဏ် မေ့အောင်လို့ ပေါ့ဗျာ ။ အစ်ကို တို့ ရေ ရှိသေးလားဗျာ ”


“ မရှိတော့ဘူးကွ ။ ခုနတင် သောက်လိုက် လို့ ကုန်သွားပြီ ။ မင်း ရေဘူး ရှိသေးတာပဲ ဆိုပြီး သောက်လိုက်ကြတာ ”


“ ဒါမှ ခက်တာပဲ ။ ကျွန်တော်လည်း ရေ ဖြည့်ဖို့ မေ့ လာတာ ”


“ တဲ တစ်လုံး လုံး တွေ့ မှ ဝင်သောက်ကြတာ ပေါ့ ကွာ ။  ကဲ ဆက်လိုက်ကြဦးစို့ ”


ရေ မရှိတော့မှ ရေ က ပို ငတ် လာသည် ။ ရှေ့ ခရီး မျှော် ကြည့် လိုက်တော့ တကယ့် ကွင်းခေါင်ခေါင်ကြီး ။ နား စရာ သစ်ပင် အရိပ် ပင် မမြင်ရ ။ သစ်ရိပ် ရမည့် ကွင်းအဆုံး ကို လှမ်းကြည့် တော့ နှစ်မိုင် လောက် ဝေး သေးသည် ။ ကွင်း ထဲ မှာ တော့ နေ အရှိန် နှင့် တံလျှပ်တွေ ထ နေသည် ။ ရေပြင် လို ပါပဲ ။ ရေပြင် ဖြစ် လျှင် ဘယ်လောက် ကောင်း လိုက် မလဲ ။ တံလျှပ်ပြင် အဆုံး အဝေး က တောရိပ် အဝင် မှာ တဲလေး တစ်လုံး တွေ့ လိုက်ရသည် ။ ရေ .... ရေ ၊ ရေ တော့ သောက် ရ မှာပဲ ။ 


သူတို့ သွားရမည့် လမ်း က ထိုတဲ ဆီ မရောက် ။ တဲ ဆီ သပ်သပ် သွား ရမည် ။ ရေပြဿနာ ကြောင့် သူ တို့ တဲ ဆီ ဦးတည် သွား ကြသည် ။  ရောက်ချင် ဇော နှင့် ခရောင်းတော တွေ ထဲ က ဖြတ် ကြသည် ။ တံလျှပ်တွေ ကြောင့် မျက်လုံးတွေ ပြာ လာသည် ။ နဖူး က ချွေးစက်တွေ မျက်လုံး ထဲ စီး ဝင် လာသည် ။ ပခုံး ပေါ် က အထမ်းတွေ က လည်း ပို လေး လာ သလို ခံစား ရသည် ။ မြေ က အပူ ၊ မိုး က အပူ ။ အပူ အိုးကြီး ထဲ လမ်းလျှောက် နေ ကြသည် ။ 


ဘဝ တစ်လျှောက် သည် အချိန်လောက် ပင်ပန်းတာ မကြုံဖူးခဲ့ ။ ခြေလှမ်း တိုင်း ဟာ လေးလံလွန်း လှသည် ။ ရေ - ရေ ၊ ရေကြည် တစ်ပေါက် သောက် ရမှ အား ပြည့် လာမှာ ။ တဲ ကို မရောက်သေး ဘူးလား ။ ရောက်ချင် လွန်း မှ ခရီး က ဝေး လိုက်တာ ။ အာခေါင်တွေ လည်း ခြောက်ကပ် နေပြီ ။ နှုတ်ခမ်းတွေ က လည်း ကွဲအက်လုလု ။ တံတွေး ဆွတ်စရာ ပင် မရှိချင်တော့ ။ 


တဲ ကို ရောက် လျှင် သောက် ရမည့် ရေ တစ်ခွက် ။ ဘာ နှင့် လဲရ လဲရ လဲ လိုက်မည် ။ မောဟိုက် လာပေမယ့် တဲ နှင့် နီးလေ ခြေလှမ်းတွေ က သွက် လာ လေလေ ။ ရေ က တော့ ပို ငတ်လာသည် ။ 


နောက်ဆုံးတော့ တဲ ဆီ ရောက် လာသည် ။ တဲ နား ရောက် မှ ပို မော သွားသည် ။ တဲ တံခါး ကို ပိတ် ထားသည် ။ လူရိပ် လူခြေ မမြင်ရ ။ လူ မရှိကြတော့ဘူးလား ။ 


“ တဲရှင်တို့ ။ လူ မရှိကြဘူးလားဗျာ ။  သောက်ရေလေး တစ်ခွက် လောက် တိုက်ကြပါ ”


တဲ တွင်း က ဘာသံ မှ မကြားရ ။ ကိုတင်စိုး က ထပ် ပြော ပြန်သည် ။ 


“ ရေ တအား ငတ်လာလို့ ပါ ဗျာ ။ ရေ သောက်ချင်လို့ပါ ”


သည်တစ်ခါ တော့ တဲ တွင်း မှ လှုပ်ရှားသံ ကြား ရသည် ။ သူတို့ အားလုံး မျက်နှာ ဝင်း လာကြသည် ။ ရေအိုးဖုံး ဖွင့်ပြီး ရေခပ်သံ လည်း ကြား လိုက်ရသည် ။ သူတို့ အားလုံး မျှော်လင့် နေသည့် ရေ ။ ရေ ရေ ရေ ။ သူတို့ အခု သောက် ရ တော့မည် ။  မျှော်လင့်တကြီး တဲ တံခါး ကို ကြည့် နေ မိကြသည် ။ တံခါးမ က မပွင့်ဘဲ ကဲလားလေး သာ လှုပ် လာသည် ။ ကဲလား ခပ်ဟဟလေး မှ ရေခွက် နှင့် လက် တစ်ဖက် ထွက် လာ သည် ။ 


“ ညီလေး မင်း အရင်ဆုံး သောက်ကွာ ”


ရေခွက်ဆီ အငမ်းမရ တိုးသွား လိုက်သည် ။ ခွက် ထဲ မှာ ဘောင်ဘင် ခတ် နေသည့် ရေတွေ က ရွှေထက် တောက်ပ နေသလိုပါပဲ ။ ရေခွက် ကို လှမ်း ယူ လိုက်တော့ တစ်ကိုယ်လုံး သွေးတွေ ရပ် သွားသည် ။ ရေခွက် ကမ်း ထားသည့် တစ်ဖက်တည်း သော လက်ကြီး ။ လက်ချောင်းတွေ က အတိုတွေ ၊ သွေးစ ၊ ပြည်စ တွေ က လည်း ပေရေ လို့ ။ ညှပ် ထားသည့် ရေခွက်ကိုင်း မှာ လည်း သွေးစ တွေ ။ ယင်ကောင် သုံးလေးကောင် က လက် ပေါ် မှာ ဝဲ နေ သေးသည် ။ 


ယူ မိ ပြီး သား ရေခွက် ကို ဘယ်လို လုပ်ရမည် မသိ ။ ဘေး က လူတွေ လှည့် ကြည့် တော့လည်း သူတို့ အားလုံး ကြက်သေ သေနေ ကြသည် ။ တစ်ယောက် မျှ မလှုပ် ။  ဘယ်သူ က မျှ ဘာမှ မပြော ။ အာသာငမ်းငမ်း တောင့်တခဲ့ သည့် ရေ ။ ရေ ရေ ရေ ။ ရေ ရပြီလေ ။ ဘာ လုပ်ကြမှာလဲ ။  ရေ သောက်ချင်လှချည့် ဆို ။  သောက်လိုက်ကြပါတော့လား ။ 


တစ်ယောက် စီ ဆီ ရေခွက် ကမ်း ပေးတော့ အားလုံး ခေါင်းယမ်း ကြသည် ။ သူ ကော သောက်လိုက် ရ မလား ။ ဟင့်အင်း ။ ရေတွေ ကို ခပ်လှမ်းလှမ်း ဆီ ပက် ပစ် လိုက်သည် ။ ပြန် မရုပ် သေးသည့် လက်ကြီး ထဲ ရေခွက် ပြန် ပေး လိုက်သည် ။ ထူးထူးခြားခြား ခံတွင်း ထဲ မှာ လည်း အရည်တွေ ပျို့ လာသည် ။ သူတို့ အားလုံး နှုတ် မဆက် ဘဲ ထွက်လာ ခဲ့ကြသည် ။ 


မောမော နှင့် စကား ပင် မပြောမိကြ ။ လမ်းခွဲကြတော့ မှ ပဲ နှုတ်ဆက် စကား ဆို ရသည် ။ 


သူ မြေ အစပ် တောင် ရောက် ပြီပဲ ။ စမ်းရေပေါက် က လည်း ဘာမှ မဝေးတော့ ။ မြေ အစပ် ရောက်တော့ အားတွေ က ပြည့်လာသည် ။ တို့ လယ် ၊ တို့ မြေ ၊ တို့ ပိုင်တဲ့ မြေ လေ ။ မျက်လုံးတွေ က ပို ကြည် လာသည် ။ တဲဘေး က ငှက်ပျောအုပ် စိမ်းစိမ်းလေး က အမောဖြေ ပေးနေ သလိုလို ။ စမ်းပေါက် ထဲ ဆင်း ပြီး ရေ ကို တဝ သောက် လိုက်သည် ။ ပြီးတော့ ခြေ ဆေး သည် ။ လက်တွေ ဆေး သည် ။ မျက်နှာ သစ် သည် ။ အိတ်ရှုံ့လေး ကို စမ်းရင်း ခွန်အားတွေ ပို တက် လာသည် ။ 


ဪ .... ငါတို့ ပိုင်တဲ့ ငါတို့ မြေ ၊ ငါတို့ လယ် ၊ ငါတို့ အပင်တွေပါလား ။  အမောတွေ မရှိတော့ ။ အားသစ် ခွန်သစ်များ ပြည့်၍ လန်းဆတ် နေသည် ။ 


တဲဆီ ခပ်သွက်သွက် ဝင် ခဲ့သည် ။ ရမ်ဘို က အမြီး နှန့် ပြီး လာ ကြိုသည် ။ အဖေ နှင့် ညီ ၊ ညီမ တွေ မမြင်ရ ။ တဲ ထဲ မှာ အဖေ တစ်ယောက် တည်း ထိုင်ပြီး ကြိုး ကျစ် နေသည် ။ ကြိုးထဲ အာရုံ ရောက် နေ၍ တဲ ထဲ ဝင် လာသည် ကို ပင် အဖေ မမြင် ။ ဒယ်ပိုင်း တွေ ၊ ပေါက်ပြား တွေ ၊ထမင်းအိုး တွေ ချ လိုက် မှ အဖေ မြင် သည် ။ 


“ ဒီ တစ်ခေါက် အဆင်ပြေတယ် အဖေ ”


အဖေ့ ရှေ့ မှာ အိတ်ရှုံ့လေး ကို ဖွင့် လိုက်သည် ။ ပုလင်းလေးတွေ ထုတ် ပြသည် ။ စက္ကူ နှင့် ထုတ် ထားသော အတုံးလေးတွေ ကို ချ ပြသည် ။ စကား နည်းသည့် အဖေ့ မျက်နှာ မှာ အရောင် တွေ လက် လာသည် ။ ပုလင်းတွေ ကို ကိုင်ကြည့် သည် ။ အတုံးလေးတွေ ကို မြှောက် ကြည့်သည် ။ 


“ ဒီလောက် ဆို ရင် ကျွန်တော်တို့ လယ်တွေ ကို ပြန် ရွေးနိုင် မှာပါ ။ ဟုတ်တယ် မဟုတ်လား အဖေ ”


အလောတကြီး ပြော လိုက် မိသည် ။ အဖေ က တွေ သွား၏ ။ မျက်နှာ လည်း အရောင် ပြောင်း သွားသည် ။ မျက်လုံးထဲ မှာ လည်း အရောင်လက်လက် မရှိတော့ ။ မှိုင်းညို့ရိပ် သာ တစ်စ တစ်စ ဝင်လာသည် ။ ဘယ်လို ဖြစ် တာလဲ ။ ဘယ်လို ဖြစ်တာလဲ အဖေ ။ ခု ပေါက်ဈေး နှင့် ဆိုလျှင် လယ်ဖိုး မ က ရမှာပါ ။ အဖေ ဘယ်လို ဖြစ် နေတာလဲ ။ ဝမ်းသာ ရ မှာ လေ ။ ဝမ်းသာရမှာ ။ လယ်တွေ ပြန် ရတော့ မှာ ကို ဝမ်းသာ ရ မှာ ။ 


“ နောက်ကျ သွားပြီ ကွာ ။ နောက်ကျ သွားပြီ ။ သူတို့ လယ်တွေ ကို ပြန် ရောင်း ပစ် လိုက်ပြီ ”


“ ဟာ ဘယ်တုန်းကလဲ ။ ဘယ်သူ့ ကို ရောင်း လိုက်တာလဲ ။ ကျွန်တော်တို့ ကို ယူ ထားတဲ့ အကြွေး ပဲ ပြန် ဆပ်ပါဆို ။ လယ် မသိမ်းဘူး ဆို ။ အဖေ မပြောဘူးလား ဗျာ ”


အလောတကြီး ပြန် ပြော ပေမယ့် အဖေ က ခပ်လေးလေး ပြန် ဖြေသည် ။ 


“ မနေ့ က မှာ လို့ အဖေ မြို့ ကို သွားတယ် ။ သူတို့ လည်း သိပ် ကျပ်တည်း နေတာ နဲ့ မောင်နှမချင်း ကို ရောင်း လိုက်တယ် တဲ့ ။ ငါ တို့ ရိုးသားတာ ၊ ကတိတည်တာ ၊ သစ္စာရှိတာ ကို သိလို့ ဝယ်တဲ့ သူ ကလည်း ဝယ် လိုက်တာ ။ ဝယ်တယ် ဆိုပေမယ့် တို့ ပဲ လယ်တွေ ဆက် လုပ်ပါ တဲ့ ။  အရင်လို ပဲ ပေါ့ကွာ ။ အရင်အတိုင်း ပဲ ပေးစရာ ရှိတာ ပေးရမှာ ပေါ့ ”


“ မဟုတ်ဘူးဗျာ ။ မဟုတ်သေးဘူး ။ လယ်တွေ ကို ကျွန်တော်တို့ ပဲ ပြန် ဝယ် မယ် အဖေ ။ ဒီလမ်း ဒီမြေ ဒီရေ တွေ အားလုံး ကျွန်တော်တို့ ပိုင် ပဲ ဖြစ်ရမယ် ။ ပြန် ဝယ်မယ် အဖေ ”


“ ဘယ်လိုလုပ် ပြန် ဝယ် နိုင်မှာလဲကွာ ။ သူတို့ ရောင်း လိုက်တဲ့ဈေး က တို့ ပေး ရမယ့် အကြွေးထက် ဆယ်ဆ ရှိတယ် ။ ခု လယ်တွေ ပေါက် တဲ့ ဈေး ကို လည်း မင်း သိသားပဲကွာ ။ ပေါက်ဈေး ရ မှ သူတို့ ပြန်ရောင်း မှာပေါ့ ။ မင်း ရှာလာတာ နဲ့ လယ် တစ်ပွဲလုံး ဘယ်လို ရ မှာလဲကွာ ။ ခုအတိုင်းပဲ ပြန် လုပ်ရမှာပဲ ။ မဆိုးပါဘူး ”


“ ဘာ ထူးလို့လဲ အဖေ ရယ် ။ အရင် က လည်း သူတို့ ပိုင် တာပဲ ။ ခုလည်း သူတို့ ပိုင်တာပဲ ။ မောင် နဲ့ နှမ နာမည် ပဲ ပြောင်းသွား ကြတာပါ ။ ကျွန်တော်တို့ ကျတော့ ကတိတည် လို့ ၊ သစ္စာရှိ လို့ တဲ့ ။ သူတို့ ကျ တော့ ဘယ်မှာ လဲ ကတိ ။ အကြွေး ပဲ ဆပ်ပါ ။ ပြန်ပေးမယ် ဆိုပြီး ကတိ မတည်ဘူး ။ သစ္စာ မရှိဘူး ။ ကျွန်တော်တို့ ကို ခိုင်းစား နေဦးမှာ ။ ဘာမှ မထူးပါဘူး ။ အတူတူ ပါပဲ အဖေ ”


အဖေ က ဘာမျှ မပြော ။ ငိုင်ငိုင်ကြီး သာ ထိုင် နေသည် ။ ဒေါသ နှင့် တစ်ဆက် တည်း ပြောလိုက်၍ လား မသိ ။ အာခေါင်တွေ ခြောက် လာ သည် ။ ချွေးတွေ က လည်း ထွက်လာသည် ။ ခွန်အားတွေ လည်း ရုတ်ချည်း ပျောက်ကွယ် ကုန်သည် ။ ရင် ထဲ မှာလည်း ကတုန်ကယင် ဖြစ်လာသည် ။ အာသာ တစ်ခု ကို စူးစူးရဲရဲ မွတ်သိပ် လာ မိသည် ။ ရေ ရေ ရေ ။ ရေ ငတ် လာသည် ။ 


စကား ဆက် မပြောဘဲ စိတ်ပျက် လက်ပျက် နှင့် ရေအိုးစင် ဆီ ထ သွားသည် ။ ရေခွက် နှင့် ရေ အပြည့် ခပ်လိုက်သည် ။ ရေ သောက်မည် အပြု မှာ လက် က မရွေ့ဘဲ တွန့် သွားသည် ။ 


ရေခွက် ကို ကိုင် ထားသော လက် က ကိုယ့် လက် မဟုတ် ။ အခြားသော လက် တစ်ဖက် ။ လက်ချောင်းတွေ က အတိုတွေ ၊ သွေးစ ၊ ပြည်စတွေ က လည်း ပေရေ လို့ ။ 


◾ကိုခေး


📖 သရဖူ မဂ္ဂဇင်း

      ဇွန် ၊ ၁၉၉၆ 


#ကိုအောင်နိုင်ဦး


.

Thursday, May 4, 2023

ကိုထွေး နှင့် မခင်မေ


 

❝ ကိုထွေး နှင့် မခင်မေ ❞

ယနေ့ အဖို့ မခင်မေ သည် အိပ်ရာထ ကတည်း က စိတ် ခပ်တိုတိုပင် ။ အကြောင်း မူကား အအိပ်စုံမက် သူ မယား ကို ည က လင်သည် ကိုထွေး တမင် နှိုးသောကြောင့်ပင် ။

“ ဟဲ့ မခင်မေ မခင်မေ ၊ ထစမ်းပါဦး ” 

ဟု သူ ဆိုသည် ။ ပြီးတော့ တင်ပါး ကို ပုတ်သည် ။ ပခုံး ကို လှုပ်သည် ။

“ အအိပ်ပုတ် လိုက်တာနော် ” 

ဟုလည်း ညည်း သေးသည် ။

သည်တော့မှ ရှက်တက်တက် အောင့်သက်သက် နှင့်

“ ဘာလဲတော့ ” 

ဟု မျက်စိ ကို ပွတ်လျှင်

“ ထစမ်း ထစမ်း ၊ ကလေး ချေး တွေ ပါနေတယ် ။ အိပ်ရာ ထဲ လူးကုန်ပြီ ” 

ဟု အကြောင်းစုံ သိရလေသည် ။

မနေသာတော့သဖြင့် ထကာ သိမ်းရ ဆည်းရ ရုံ မက တစ်ရေးနိုး အူမြူးချင်သော သားငယ်ကလေး ကိုအေး က ...

“ အားတား အားတား ”

နှင့် စကား များ နေ ပြန်ရာ တော်တော် နှင့် ပြန် မအိပ်ရတော့ ချေ ။ သားကလေး သည် အင်မတန် ဆော့ ရ ကား ခုတင် ပေါ် က ခဏခဏ လိမ့်ကျတတ် သည် ။ ဟိုနေ့က ပင် လိမ့်ကျပြီး ကြမ်း နှင့် နှုတ်ခမ်း ဆောင့် မိတာ နှစ်ရက် တိတိ အီသည် ။ ငိုသည် ကိုယ်ပူ သေးသည် ။ နှုတ်သီးလေး ထော် လို့ နေသည် ။ ကလေး သည် ခုတင် အနှံ့အပြား လေးဖက်တွား သွားသည် ကို အိပ်ချင်မူးတူး နှင့် ဆွဲရင်း လွဲရင်း

“ ဖအေ တော့ ကလေးချေး မကျုံးရဘူးလို့ ဘယ်ဘုရားက ဟောသလဲ ၊ သူများ အိပ် နေတာကို နှိုးတယ် ၊ သူ နိုးနေပြီ ဟာပဲ ၊ ကြည့် လုပ်လိုက်ပါလား ” 

ဟု တော်လှန် တွေးတော လျက် နေသည် ။ နောက်ဆုံး ရုန်းကန် နေ သေးသော ကိုအေးကလေး ကို အတင်း ဖက် ကာ ရင်ခွင် ထဲ ထည့် နို့ တိုက်မှ ကလေး လည်း အိပ် ၊ လူကြီး လည်း အိပ် ရသည် ။ သို့သော်

သည် မနက် လင်သည် ကိုထွေး သည် ဝိုင်ယာလက် အော်ပရေတာ ပီပီ နေ့လှည့် ညလှည့် အလုပ် ဆင်းရသည်မို့ မောနင်းဂျူတီ ခေါ် မနက် ၆ နာရီ အသွား နှင့် ကြုံပြန် လေရာ ကော်ဖီ ဖျော်ဖို့ ၊ ပဲပြုတ် နှင့် ထမင်းကြမ်းကြော် ဖို့ ထ ရ ပြန်လေ၏ ။ ထို့ကြောင့် အိပ်ရာ ထ ကတည်းက စိတ် ခပ်တိုကိုပင်  ။

“ တကတည်း ကိုယ့် ကော်ဖီ ကိုယ် ဖျော် သောက်ရောပေါ့ ” လို့ ပြောလိုက်ချင် သေး ၏ ။ သို့သော် ကိုထွေး က လည်း မယား က ဖျော် မပေးလျှင် ဘာသာ ဖျော် သောက်ရှာ တတ်သူ ပင် ။ ယခုတလော သူ့ လက်မ အနာ ပေါက်ကာ ရင်း ချင်သည် မို့ မခင်မေ စိတ်လို လက်လို စောစော ထ၍ လုပ်ခဲ့သည် ။ ကိုထွေး လက်မများ ဖြတ် ရ မလား ၊ အနာ ဝင်ပြီးများ သေသွား မလား ဟု တော့ မခင်မေ ပူ တတ်၏ ။အဲဒီလို ဆိုလျှင်တော့ လင်သည် ကိုထွေး သည် သူ့ ဘဝ မှာ အရေးကြီးသော လူ တစ်ယောက် ဖြစ်သည် ဆိုတာ ချက်ချင်း သတိရ လာ တတ်၏ ။ သူ သေသွား ငါ့ ကလေး လေးယောက် နဲ့ ဘယ့်နှယ် စားပါ့မယ် ။

မခင်မေ သည် ကလေး မနိုးအောင် အသာလေး ထ ကာ မီးဖိုချောင် သို့ ဝင်သည် ။ ည က ကျန်သော ထမင်းကြမ်း အတော်များ သား မို့ ကလေးတို့ ကို ဝဝ ကျွေး နိုင်မည် ။ ကြက်သွန် တစ်ဥ စ ၍ လှီး သည် ။ မီး မွှေးကာ ဆီအိုး တည်သည် ။ မီးဖို ဟောင်း ပြီ မို့ ရေနံဆီခိုး ထ သည် ကို ငြူစူမိ ပြန်သည် ။ ကိုထွေး လက်မ နာ ကတည်း က မီးဖို လည်း ပြင် မပေးနိုင်ပြီ ။ မှိုင်း တလူလူ ၊ ဟင်းအိုး ရေနံဆီ နံ့ လှိုင်လှိုင် နှင့် ပဲ သည်းခံ နေရသည် ။ ဒီ ရေနံဆီမီးဖို ကုန်လျှင် တော့ ထင်း နဲ့သာ ချက်ချင် လေပြီ ။ ထင်း နှင့် ဆိုပြန်တော့ မိုးတွင်း ကျ ထင်းစိုစို နှင့် တွေ့လျှင် ငိုချင် မတတ် ချက်ရ ခက်တတ်သည် ။ မီးသွေး နှင့် ချက်ဖို့ လည်း ပိုက်ဆံ မတတ်နိုင် ။

ကိုထွေး နှင့် ရ ကတည်း က ပိုက်ဆံ မတတ်နိုင် ဆိုတာ ကို ဘယ်နှခါ စိတ်ကူးခဲ့ရသည် မသိတော့ချေ ။မခင်မေ သည် ကိုထွေး နှင့် တွေ့ဆုံ ချစ်ကြိုက် ကာ လိုက်ပြေးခဲ့ စဉ်က အိမ်ထောင်ရေး ကိစ္စ ဆိုတာ ဘာမျှ မရိပ်မိ ၊ ပိုက်ဆံ ကျပ်တည်းတယ် ဆိုတာလည်း မသိ ။ သူ့ မိဘ က ပိုက်ဆံ အတော် ချမ်းသာသော ကုန်သည်များ ပင် ။ လင် နောက် လိုက်တော့ ပထမ အမွေပြတ် ကြေငြာ ကာ ပစ် ထား၏ ။ ဒုတိယ ပြန် ခေါ်ပေမည့် တစ်ပြား မှ မကျ ချေ ။ တတိယ အမေ သေ ကာ အဖေ သည် မယားငယ် ယူ သွားပြီး လိုက် သေပြန်၏ ။ မိဘ အမွေ ဆို၍ မိထွေး က သနား သဖြင့် ပေးသော ငွေ ၃ဝဝဝ ကျပ် မှာ အိမ်ထောင်သက် ၉ နှစ်ကျော် စု ထားသော အကြွေး ဆပ် လို့ ကျေပြီး သမီးဦး စိန်စိန် ဖို့ ရွှေဘယက် တစ်ကုံး ရ ရုံ သာ ဖြစ်လေ၏ ။ ထို ရွှေ ဘယက် ကို ဝယ်ပြီး ၃ လ အကြာ မှာ ပြန် ပေါင် ရ သည် မှာ ခုထက်ထိ မရွေး ရသေး ။ အပေါင် လက်မှတ် လဲလျက် သာ နေ ရသည် ။

ကုန်သည် သားသမီးမို့ ပညာ နှင့် လုပ်စားမည် စိတ်ကူးခဲ့ခြင်း မရှိရာ မခင်မေ သည် ၇ တန်း အောင် ၍ ၈ တန်း မှာ တစ်ခါ ကျ ပြီး သည်နှင့် ကျောင်း က ထွက်ခဲ့သူ ဖြစ်လေ၏ ။ စာအုပ် ဆို ၍ လှည့် တောင် မကြည့်ခဲ့သည် မို့ သူ သင်ဖူး သမျှ စာ လည်း မေ့လေပြီ ။ လေးတန်း ရောက် နေသော သမီးဦး စိန်စိန် ကို တောင် စာ မပြ ပေးနိုင်တော့ချေ ။ အတွက်ကလေး နည်းနည်းပါးပါး တွက်တတ်သေး၏ ။ ဒါပဲ ... ။

တစ်ခါတစ်ခါ တော့ လည်း ပိုက်ဆံ ကျပ်လွန်း သည် မို့ လက်နှိပ်စက် သင် ကာ အလုပ် ထွက် လုပ်ရမည်လား စိတ်ကူး မိ သေးသည် ။ သို့သော် ကလေး သာ မွေး ဖြစ်သည် ။ ကြည့်လေ ... ကိုအေးလေး ကို မထင်မှတ်ဘဲ ရှိလာရာ လေးလကျော် ဗိုက်ထဲ ကလေး လှုပ် နေတာ တောင်

“ ကလေးမဟုတ်ပါဘူး ကိုထွေးရယ် ” ဟု မျက်စိ မှိတ် ငြင်းတုန်း ။ အခကြေးငွေ မသတ်မှတ်သော မိတ်ဆွေ ဆရာဝန် က ရယ်မော မှ အလျှော့ ပေး ရသည် ။

“ ဟဲ့ မခင်မေ ရဲ့ ၊ တစ်လ တစ်လ တစ်လ ကို ငါ့ လောက် မှ မရတဲ့ လူတွေ လည်း ကလေး လေးယောက် ငါးယောက် နဲ့ နေကြတာပဲ ၊ ကိုရွှေချစ် တို့ များ စုတောင် စုမိသေး ၊ အိမ် တောင် ဆောက်နိုင်သေး တယ် ” 

ဟု ကိုထွေး ပြောတတ်၏ ။

“ စုမိ မှာ ပေါ့ တော့ ၊ ဟင်း မှ ချက် မစားဘဲ ကိုး ၊ ကလေးတွေ ကို ကျတော့ကော ကျုပ် ကလေးတွေ လို ကွန်ဗင့်ကျောင်း ထား သလား ၊ သားသမီးတွေ ကိုမကျွေးရက် ၊ ကျောင်း မထား ရက် ဘဲ ပိုက်ဆံ စု နေရင်တော့ စိန်လက်ကောက် တောင် ဝတ်နိုင်ဦးမယ် ” 

ဟု ပြန်ပက်ကာ ငယ်ငယ်က ဝတ်ခဲ့ဖူးသော စိန် တစ်ဆင်စာ မိထွေး ဝတ် နေသည် ကို သတိ ရ ကာ ငရဲပွား တတ်ပလေ ၏ ။

ဒါနှင့်မှ ကိုထွေး က ထပ်ပြီး ပြောမည် ဆိုလျှင် မခင်မေ သည်

“ ရှင် ကျုပ် ကို ဘာ ဆင် နိုင်သလဲ ၊ ရှင် နဲ့ ရ ကတည်းက ဘယ်လို နေခဲ့ရတယ်ဆို သိသားနဲ့ ” 

စသဖြင့် ရန် ထောင် သည် ။

“ ရှင့် လခ ၃၅ဝ ကျပ် က ကလေး ကျောင်းလခ ၊ စာအုပ်ဖိုး ၊ အိမ်လခ နုတ်လိုက်ရင် ဘယ်လောက် ကျန်လို့တုံး ၊ ကျုပ် အင်္ကျီစ လုံချည်စ မဝယ်ဖူးတာ ဘယ်လောက် ကြာပြီလဲ ”

ဟု ငိုသံ ပါ လာမည် ။

“ သူ နဲ့ ရ ကတည်း က မီးဖို ထဲ မှာ ကုန်း နေ အောင် လုပ်ခဲ့ရတယ် မဟုတ်လား ၊ တစ်သက်လုံး အိမ်မှုကိစ္စ လုပ်ခဲ့ရတာ မဟုတ်ဘူး ၊ ကုန်ဈေးတန်းတိုက် မှာ ဝတ်စားပြီး အလှပြ ထိုင် လာခဲ့တဲ့ မိန်းမ တော့ ၊ ခုတော့ ချက်ရ ပြုတ်ရ လျှော်ရ ဖွပ်ရ ကြမ်းတိုက်ရ တံမြက်စည်း လှည်းရ လို့ ကျောအောင့် ရောဂါ လည်း စွဲပြီ ၊ မလုပ်ချင်ဘဲ နဲ့ ဒီ အလုပ်တွေ လုပ် နေ ရတာ ၊ ဝါသနာ မပါဘူး ” 

စသဖြင့် ဒေါသမာနတွေ ထမည် ။

ကိုထွေး က လေအေး ဖြင့်

“ ကဲ မင်း ဝါသနာ ပါတာ ဘာ ရှိလဲ လုပ်လေ ထမင်း ချက်ဖို့ ကောင်မလေး တစ်ယောက် ငါ မရ ရအောင် ရှာ ပေးမယ် ၊ အစိတ် ပေးရ ပေးရ ၊ သုံးဆယ် ပေးရ ပေးရ ငှားမယ်ကွာ ”

မခင်မ ဝါသနာ ပါ တာ မှာ မှန်သည့် အတိုင်း ပြော ရလျှင် ကိုအေးလေး နှင့် မြှူကစား ၊ ပြီးတော့ ကလေး နို့တိုက်ရင်း သားအမိ နှစ်ယောက် ဖက် အိပ်မည် ။

“ အမယ် ကျုပ် လည်း ကလေး ဂါဝန် ချုပ်တော့ ကောင်းကောင်း တတ်ပါ သေးတယ် ၊ အညံ့ မထင်ပါနဲ့ ။ စိန်စိန် တို့ ညီအစ်မ သုံးယောက် ဝတ်လေသမျှ ကျုပ် ချုပ်တာချည်းပဲ မဟုတ်လား ၊ ချုပ်ခ တစ်ပြား ကုန်ဖူး သလား ”

“ ပုံ မကျလို့ မဝတ်ချင်ဘူး ဆိုတာတွေ ... ထိုးထားတာ က တစ်ပုံကြီး ”

ဟု ပြော ကာ ကိုထွေး က ရယ်သည် ။

“ ဒါက ဟိုအရင်တုန်းက ပါ တော် ၊ ခု ကျကျနန ချုပ်တတ်မှ ပဲ ၊ ကျုပ် က ရိုး တိုက် သွားပြီး ဆံညှပ်ကလေး အပ်ချည်လုံးကလေး ဝယ်ရင်း ကလေးဂါဝန်ပုံ တွေ မှတ်မှတ် လာတာ ၊ အိမ် ကျ ပြန် ချုပ်ရတာပဲ မဟုတ်လား ”

ကိုထွေး က သက်ပြင်းကလေး ခိုး ချ တတ်သေး၏ ။

“ မခင်မေ ရာ ၊ မင်း က ဆန် မရှိ အစား ကြီး ၊ ရိုးတိုက် ဝတ်ချင်တာ နဲ့ ၊ တိကျူမား သွားချင်တာ နဲ့ ကို ၊ မင်း သူဌေးသမီး ဖြစ်ခဲ့တာ ကို မေ့ ပြီး လခကလေးစား မယား ဆိုတဲ့ ဘဝ ကို ကျေကျေနပ်နပ် နဲ့ မနေတတ် သမျှ ငါ့ ကို မင်း ရန်ထောင် နေမှာပဲ ၊ ငါ လည်း သားမသား ကို ဆင်ချင်တာ ပေါ့ ၊ တိုက် နဲ့ ခြံ နဲ့ ကား နဲ့ စိန်တွေ အပြည့် ဆင်ချင်တာပေါ့ ၊ ဒါပေမဲ့ကွာ ဆင်းရဲတယ် ချမ်းသာတယ် ဆိုတာ လည်း စိတ်ပါပဲ ၊ မင်း ကို လခ ရသမျှ အကုန် အပ်ပြီး စာရင်း တစ်ခါ မှ မစစ် တဲ့ ငါ့လို လင် မျိုးပဲ ရှာပါဦး ”

မခင်မေ သည် ဟုတ်သားပဲ ဟု သတိ ရ ကာ ဆိတ်ငြိမ်ပြီး လင် ကို ဖွယ်ဖွယ်ရာရာ ချက်ပြုတ်ကာ နှစ်ရက် လောက် ကြည်ကြည်လင်လင် နေ တတ်သည်  ။ သို့သော် ကျောင်းနေဖက် သူငယ်ချင်းများ ကား စီး လာ တာ ကို ရင် မဆိုင်ဝံ့ချေ ။ ပညာတော်သင် သွားသည့် ဓာတ်ပုံ ကြော်ငြာ ကို ငေးမော တတ် သည် ။ ကိုထွေး မိတ်ဆွေများ ၏ မယား အပေါင်း ကို မူ တယ်ပြီး တူ သည် တန်သည် မထင်မိ ပြန်သည် မို့ ရင်းရင်းနှီးနှီး မပေါင်းချေ ။ ပြီးတော့ စိန်အလုံးကြီး ဝတ်လာသူ က ရွှေ ဝတ်ကာ ကြွားသူများ ကို ရယ်ချင်သည်မှာ အမှန် ။ ငါးပြား ဆယ်ပြား အတွက် မပြော နှင့် ။ ၅ ကျပ် ၁၀ အတွက် စကား မပြောချင် သည် လည်း ဝသီ စွဲ နေ လေပြီ ။

တစ်ခါတစ်ရံ တော့ လည်း

“ အမေ တို့ အဖေ တို့ ဟာ ငါ့ ကို လူ့ ဘဝ နေတတ်ရုံ သင် ပေးလိုက်တာပဲ ” 

ဟု တွေး ကာ စိတ်နာ တတ် လေသည် ။

ပိုက်ဆံ ကျပ်သည် မို့ မာန လည်း ချ ၊ ဝါသနာ လည်း ပါသည် တစ်ကြောင်း ဖြင့် မခင်မေ သည် တစ်ခါတော့ ဂါဝန်အငှား ချုပ်သည် ။ မျက်စောင်းထိုး တိုက်မှ ဆန်ကုန်သည် တရုတ်ကပြားများ ၏ သမီးကလေးများ မှာ စိန်စိန်တို့ သူငယ်ချင်းများ  လည်း ဖြစ် ရကား မျက်နှာ အောက်ချ အလုပ် အပ် လိုက် ရှာရသည် မဟုတ်ချေ ။ သူတို့ က ပြော တတ်၏ ။

“ မခင်မေ က သိပ် ချုပ် တတ်တာပဲ ၊ စိန်စိန် တို့ ဂါဝန်လေးတွေ က တယ် လှတာပဲ ” 

သည်လိုနှင့် ပါးစပ် မရဲတရဲ နှင့် မခင်မေ က ပင် စကား စပြီး အင်္ကျီ ၈ ထည် ချုပ် လိုက်၏ ။ ကိုယ့် သမီးတွေ ဖို့ ချုပ်ရတာ မဟုတ်လျှင် စက် ချုပ် ရသည် မှာ အတော် ပင်ပန်းလှ ပါ ကလား ဟု ထင် လိုက်၏ ။ စက်ကြီး တယ် လေးပါလား ၊ ဆီ မှ ရှိရဲ့လား ဟု  ခဏခဏ ဆီဘူး ရှာရ သေး၏ ။ ကတ်ကြေး လည်း တုံးလှသည် ထင်၏ ။ နောက်ဆုံး အင်္ကျီ ရှစ်ထည် ပြီး လျှင်

“ တစ်ထည် နှစ်ကျပ်ခွဲ ပေး လျှင် ငွေ ကိုတော့ သုံးရချည် ရဲ့ ၊ ဘာပဲပြောပြော စိန်စိန့် ဖို့ ရှူးဖိနပ်သစ်ကလေး ဝယ်ပေး နိုင်မှာပဲ ”

ဟု တွေးခဲ့ သမျှ ငွေ တစ်ဆယ် သာ ပေးသည် ကို ကြုံ ရသည် ။ ထပ် တောင်းဖို့ ရာ လည်း ရှက်ရှက် ၊ ယူ တောင် မယူချင်တော့ ၊ ဆယ်တန်ပြားကလေး ကို သာ ပစ်လည်း မပစ်ရက်သည် နှင့် လက်ခံ ခဲ့ရလေသည် ။

ကိုထွေး က ...

“ အလကား ကွာ မခင်မေ က ပြော မရဘူး ၊ ကိုယ့် ကလေး ကိုယ် ထိန်း ၊ ထမင်း ဟင်း အေးအေးချက်စား နေ ... ပြီး ရော ” 

ဟု သာ ပြောလေ၏ ။

“ ဟုတ်တယ် ၊ သူ ကတော့ ရုံးသွား ၊ သူငယ်ချင်းမိတ်ဆွေ တွေ နဲ့ တသောသော လုပ် ၊ ဘီယာကလေး သောက် ချင် သောက် ကျေနပ်တာပေါ့ ၊ သူ က ကြော့ကြော့ ကြော့ကြော့ နဲ့ ထွက် သွားတုန်း ကျန်ခဲ့တဲ့ မိခင် က အိမ် မှာ ဘယ်လောက် ဖား နေတယ် ဆိုတာ သိမှ မသိပဲ ” 

ဟု ငြူစူ တတ် ပြန်၏ ။

ကိုထွေး ရှာ ပေးသော အိမ်ဖော် ကောင်မလေး ကိုလည်း တောခဏ ပြန်သွားတုန်း “ ပြန်မလာနဲ့ တော့ ” ဟု ကျိတ် ၍ မှာ လိုက်ရ၏ ။ လခ အစိတ် ကို လည်း သူ မတတ် နိုင်ချေ ။ တစ်လ ဆန် တစ်တင်း ပို ဝယ်ရသည်ကိုလည်း သူတို့ မတတ်နိုင်ချေ ။ ခိုင်း ရတာ သက်သာသည် နှင့် အမျှ ဆပ်ပြာ က အစ ၊ ပန်းကန်ခွက်ယောက် က အစ ဖျက်ဆီးဖြုန်းတီး သည် ကို မခံနိုင်ပါချေ ။

ကိုထွေး သည် အချိန်တန် လျှင် ရတတ်သမျှ နှင့် စားကာ ၊ ဝတ်ကာ အလုပ်ဆင်း သွားပြီး အလုပ် က ပြန်လာလျှင် ကလေးကူ ထိန်းကာ အေးအေးလူလူ နေတတ်သည် ကို တစ်ခါတစ်ခါ လည်း ချီးမွမ်းနှစ်လို မိသည် ။ “ သူ့ ကြည့်ရတာ ငါ နဲ့ နေရတာ ပျော်နေတာပဲ နော် ” ဟု ဝမ်းသာ တတ်သည် ။

သို့သော် မောမောပန်းပန်း နှင့် အိပ်လို့ ကောင်းတုန်း ယခုလို အနှိုး ခံရသည့် ည များ ကြုံ လျှင်တော့ အိပ်ရာ ထ ကစပြီး စိတ် တို မဆုံး ဖြစ်တာ အမှန်ပင် တည်း ။

ထို့ကြောင့် ပဲပြုတ် ထမင်းကြော် ပွဲ ပြင်ရင်း ၊ ကော်ဖီဖျော်ရင်း က မျက်နှာမှုန် ကာ နှုတ်သီး စူ လျက် ရှိသည် ။ ကိုအေး နိုးသံ ငိုသံ ကြားသည် ကို မသွားဘဲ နေ လိုက်သည် ။

“ ဟဲ့ မိစိန်စိန် ကလေး ငို နေတာ ချော့ပါ တော့ လား ၊ နင်တို့ ကျောင်း ပိတ်တုန်း ခိုင်း ရတာ မဟုတ်လား ”

ဟု အော် လိုက် သေး၏ ။ ပြီးတော့ သူ့ ဓလေ့ အတိုင်း လင် ကို စိတ် ကောက် လျှင် နာမည် ပင် မခေါ်ချင်ရကား

“ ဒီမှာ ဒီမှာ ” 

ဟု လှမ်း ခေါ် လေ၏ ။

“ ထမင်းကြော် နဲ့ ကော်ဖီ ပြင် ပြီးပြီ ၊ စိတ် ရှိ တုန်း လုပ်ပေးတာ လာ စား ” 

အဝတ်အစား လဲနေသော ကိုထွေး ကို လှမ်း ရန်ထောင် လေ၏ ။

“ စားမယ် စားမယ် ” 

ဟု ကိုထွေး သည် လှမ်း ပြောရင်း သူ့ အနာ ကို ဆေး ထည့် နေသည် ။

မခင်မေ သည် ပတ်တီး မရှိသဖြင့် အင်္ကျီညှပ်စ ဖြင့် အနာ စည်း နေသော ကိုထွေး ကို ကြည့် နေရာ က မဆီမဆိုင် ကိုထွေးတို့ ရုံး က လက်နှိပ်စက် စာရေးမ ဝဝတုတ်တုတ် ကို သတိရ မိ၏ ။ ထို စာရေးမ ကို သူ တစ်ခါ နှစ်ခါ သာ မြင်ဖူး သော်လည်း ခပ်ထထ လို့ ထင် ၏ ။ ကိုထွေး ကို ရောချင်သည် လို့ ထင်ဖူး၏ ။ ကိုထွေး ကို စကား တောက် ကာ အခြေအနေပ င် စုံစမ်း ဖူး၏ ။ သူ့ မ လဲ လင် နှင့် ၊ ကလေး ငါးယောက် နှင့် ၊ ကိုထွေး ကို လူအေး လူကောင်း မို့ ငမ်းချင်သေး သလား မသိ ဟု တွေးဖူး၏ ။ တစ်ခါတစ်ရံ အဓိပ္ပာယ် မရှိ ရင်တွင်း မှာ ပူပင်နတ် ဝင်ကပ် ကာ တစ်နေ့ သူ့ အလုပ်ခွင် မှာ သွား ချောင်း ဖမ်းရမလား ဟု ပင် မီးမြှိုက် သလို အတွေးများ တွေးတောဖူး သေး၏ ။

မခင်မေ သည် ဒေါသတွေ အလိုလို ထ လာလေ၏ ။ ကိုထွေး ဘာကြောင့် အလုပ်ခွင် မှာ သည်လောက် ပျော်သလဲ ဒါဟာ အဖြေပဲ လား ဟု တွေး၏ ။ အူယားဖားယား အလုပ် အချိန်မီ ပြေးတာ ရုံး အလုပ် တစ်ခုတည်း က ဆွဲငင်တာ မှ ဟုတ်ရဲ့လား ဟု တွေး၏ ။

ကိုထွေး သည် ထမင်းကြော်ပွဲ မှာ ထိုင်ကာ စားရင်း

“ မင်း ကော စားလေ ” 

ဟု ပြောသည် ကို ခေါင်းခါ လိုက် ကာ အပြစ် ရှာ ချင်သော စိတ် ဖြင့် စောင့်ကြည့် နေမိ လေ၏ ။

ကလေးတွေ ဆူ လွန်းသည် ။ အစာ ကို လည်း လုယက် စား ကြသည် ။ ကိုအေး က လည်း ချီထားသည် ကို ကောင်းကောင်း မနေ ၊ လက် ပေါ် က ဇောက်ထိုး လှန်ထိုး ဆင်း နေ သည် ။ ပြီးတော့ ကိုထွေး သည် ဝအောင် စားဟန် မတူဘဲ ကော်ဖီ ကို ကမန်းကတန်း ကျိုက်ချ လေသည် ။

“ ဘာများ အရင်လို နေတာလဲ ၊ လုပ်ကိုင် ပေးတော့လည်း ကောင်းကောင်း မစား ဘူး ” 

ဟု မခင်မေ က ဆူပူ ပြန် ရာ

“ နောက်ကျတော့မယ်ကွ ”

“ ရှင် က အလှပြင်တာ ကို ဘယ် ကောင်မ ကြည့် ချင်အောင် ပြင် နေတာလဲ ၊ ရုံး လည်း အိမ် ထက် ပျော်သေး ၊ ကြည့်ပါလား ၊ ဘာဖြစ်လို့ မျို မကျ အောင် ဖြစ်နေတာလဲ ၊ ရှင် ဘယ်လို ခြေလှမ်း နေတယ်ဆိုတာ ကျုပ် မသိဘူးအောက်မေ့လား ” 

ဟု မခင်မေ သည် ဒေါသ ကြီး သည် ထက် ကြီးလာ လေရာ

“ ဟဲ့ မင်း ရူး နေသလား ၊ ရုံး သွားရတာ ဘာဖြစ်လို့ ပျော် ရ မှာလဲ ၊ ဟေ့ ရုံး ကို ဆယ်ရက် သွားရင် ကိုး ရက် မှာ နဖားကြိုး ဆီ ၊ ထမ်းပိုး ဆီ ပြန်ရတယ် လို့ ထင်တယ် မှတ်ထား ၊ ပိုက်ဆံ ရ လို့ အလုပ် လုပ် ရတာ ၊ သိပ် ပျော်တယ် မှတ်သလား ၊ တစ်ခါတလေ တော့ ပျင်းတယ် ကွ ၊ အလုပ် မလုပ်ဘဲ အိမ် မှာ ထိုင် နေချင်တယ် ကွ ၊ အိပ်ရာ ထဲ ထိုးအိပ် နေချင်တယ် ကွ ။ ဘိန်းရှူ တတ်ရင် ရှူ နေ ချင်သေးတယ် ”

ကိုထွေး ၏ အသံမကျယ်စဖူး ကျယ် လာသည်ကို မခင်မေ သည် အံ့အား သင့်ကာ နားထောင် နေ မိ၏ ။ ကိုထွေး စိတ်ဆိုးမာန်ဆိုး နှင့်ဆင်း သွားသည် ကိုလည်း ကြည့်နေ လိုက် မိ ၏ ။ ပြီးတော့ လင်သည် ကို စိတ်ကောက် ဒေါသထွက် နေတာတွေလည်း ပျောက် သွားပြီး တဖြည်းဖြည်း ပြုံးလာ မိလေ၏ ။ သူ လင် ရ ကတည်း က ရှာဖွေ နေသော အဖြေ ကို လည်း ခု မှ တွေ့ သလို ထင်၏ ။ နားမလည် သလို ကြည့် နေသော စိန်စိန် တို့ ညီအစ်မ သုံးယောက် ကို “ စားကြ စားကြ သမီးတို့ ” ဟု လေပျော့ကလေး နှင့် ပြော၏ ။ ညနေ ကျ ရင် ကိုထွေး ကြိုက် တတ်သော ငါးပိချက် ချက်ဖို့ ဈေး ပြေးဦးမှ ဟု သတိ ရ၏ ။ ထိုခဏ ၌ ကိုအေး သည် ခါး ပေါ် မှာ ချေးပါ ချပြီး အူမြူး ရယ်ရွှင် နေပြန် လေရာ ကလေး ကို ချိုင်း နှစ်ဖက် မှ မ ကာ ရေဘုံဘိုင် သို့ ပြေးရင်း ၊ လမ်း တစ်ဝက် မှာ ကလေးပါး နှစ်ဖက် ကို တရှုပ်ရှုပ် နမ်းရင်း ၊ ဝါဆိုလပြည့် မှာ ဥပုသ် မစောင့်ဖြစ် သော်လည်း သည်လင် သည်သားတွေ နှင့် ဘုရားတော့ တက်ဦးမ တွေးရင်း ပါးစပ် မှ

“ ဪ အမေ့သားလေး အီအီးတွေ ပါပြန်ပြီ လား ၊ အီး ပါ လည်း ချစ်ရတာပဲ ၊ သေး ပေါက် လည်း ချစ်ရတာပဲ ၊ ကလေး တစ်ယောက် မွေး ရင် ချေးတစ်ကြက်ဥ ဝမ်းထဲ ရောက်တယ် ဆိုတော့ ခု သားသမီး လေးယောက် မို့ လေးကြက်ဥစာ ပဲ ဟဲ့ ” 

ဟု ပေါက်ကရ ပြော ရင်း လူ့ ဘဝ မှာ နေရတာ ပျော်ရွှင်တာ အမှန်ပင်တည်း ။

◾ကြည်အေး

📖 မြဝတီ မဂ္ဂဇင်း
      သြဂုတ် ၊ ၁၉၆၃

#ကိုအောင်နိုင်ဦး

.