Wednesday, April 8, 2026

ချိုချိုချဉ်ချဉ်စပ်စပ်


 

❝ ချိုချိုချဉ်ချဉ်စပ်စပ် ❞ 
       ( ကြူကြူသင်း )

အေးရီကို ခိုးကြည့်ရင်း ကိုသံချောင်းမှာ သက်ပြင်းရှည်ကြီး ချလိုက်မိသည် ။ အေးရီ ကတော့ သူ့ အလုပ်ထဲတွင်သာ ဇောကပ်နေ၏ ။ ဇလုံကြီးထဲရှိ ဆီးသီး လေးစိတ်ကွဲများကို ဇွန်းဖြင့် ကော်လိုက် ၊ ပလတ်စတစ် အိတ်ထဲ ထည့်လိုက် ၊ ဆန်ကောထဲ ချလိုက် ၊ နောက် တစ်ဇွန်းကော် ၊ အိတ်ထဲထည့် ၊ ဆန်ကောထဲ ချ ။ ဆန်ကောထဲ ပြည့်လာလျှင် ဖယောင်းတိုင်မီးဖြင့် အိတ်များကို ပိတ်မည် ။ ညနေလည်း အလုပ်သိမ်းရော ငွေလေးငါးကျပ် အေးရီ အိတ်ထဲ ရောက်လာမည် ။

“ အေး .... ၊ အေးရီလည်း ပင်ပန်းရှာပါတယ် ”

မသိမသာ စူဖောင်းစ ပြုလာသည့် အေးရီ၏ ဗိုက်ပေါ်သို့ မျက်လုံးမ တော်တဆ ရောက်သွားသည် ။

“ ခဏနားပါဦး အေးရီ ။ အစ်ကို ဆက် လုပ်လိုက်ပါ့မယ် ”

အေးရီ ခေါင်းခါ၏ ။

“ ကလေး အိပ်တုန်း လုပ်နိုင်တာ ” ဟု အလုပ် လောဘတက်ကာ ပြော၏ ။ ကိုသံချောင်းလည်း နောက်တစ်ကြိမ် မပြောတော့ ။ အေးရီ ဇွဲကြီးတတ်တာ သူ သိသည် ။ သို့ပေမဲ့ နားထင်နားရင်းတွေကျကာ နှုတ်ခမ်းတွေ ဖြူဖပ်ဖပ် ဖြစ်နေသည့် မယားကို ကြည့်ရင်း “ ဆရာကတော် သောက်တဲ့ အားဆေး ဆိုတာမျိုး ဝယ်တိုက်နိုင်အောင် ကြိုးစားဦးမှ ” ဟု တေးထားလိုက်၏ ။

“ အစ်ကို ညောင်းပြီလား ။ လှဲရင် လှဲလေ ”

ငေးနေသည့် သူ့ကို အေးရီက ပြောသည် ။

“ မညောင်းပါဘူးကွာ ” ဟု ပြန်ဖြေရင်း ဆီးသီးကို ဆက် ထုပ်လိုက်ရ၏ ။ တကယ်တော့ ကိုသံချောင်း နားချင်သည် ။ ရုံးဖွင့်ရက် နေ့တိုင်း မနက်ခုနစ် နာရီမှ ညနေ ငါးနာရီကျော် အထိ ကားမောင်းနေရသူမို့ စနေ တနင်္ဂနွေ ပိတ်ရက်များတွင် သက်သောင့်သက်သာ နေချင်သည်က အမှန် ။ သို့သော် သူ့ရှေ့မှာပင် အေးရီက မျက်စိ မကောင်းသော သူ့အမေကို ပြုစုလိုက် ၊ သားကို ထိန်းလိုက် ၊ အိမ်မှုကိစ္စ လုပ်လိုက် ။ သည်ကြားထဲက အချိန်လု၍ အချဉ်ထုပ်များ ထုပ်လိုက်ဖြင့် မနားရရှာလေရာ ကိုသံချောင်းမှာ တစ်ကိုယ်ကောင်း မဆန်ရက်တော့ပေ ။ ထို့ကြောင့် အလုပ် အားရက်တွင် အေးရီကို သူ ကူသည် ။ ရေတိုင်မှ ရေခပ်ပေးသည် ။ အဝတ်ဖွပ်ပေးသည် ။ သားကို ထိန်းပေးသည် ။ ပြီးတော့ အချဉ်ထုပ်ပါ ကူထုပ်ပေးသည် ။ 

“ မေ့ ၊ ရာပါ ရာပါ ”

ဝါးထရံ တစ်ချပ်သာ ခြားသော အိမ်ရှေ့ခန်းဆီမှ သားကိုဦး၏ နွဲ့ဆိုးသံက အေးရီကို ဆွဲလှုပ်လိုက်၏ ။

“ ဟဲ့ ၊ အေးရီတို့ ၊ ကလေး နိုးနေပြီ ”

မြေးကို တကျွတ်ကျွတ် အသံပေးကာ ချော့နေရာမှ ယောက္ခမကြီး လှမ်းအော်၏ ။ ကိုဦးက အတော်ဆိုးသည် ။ မအေကို ခေါ်လျှင် မအေ သွားမှ ။ ဖအေ သွားလျှင် ပွက်ပွက်ညံအောင် ငိုပေလိမ့်မည် ။

“ လာပြီအမေ ၊ လာပြီ ”

ကသုတ်ကရက်နှင့် ဇွန်းထဲမှ ဆီးသီးကို အိတ်ထဲ ထည့်လိုက်ရာ အဖိ တ်ဖိတ် အစဉ်စဉ် ၊ စိတ်တိုတိုနှင့် ပစ်ချထားခဲ့၏ ။

“ ကတည်းနော် ၊ အလုပ်မှ ဖြောင့်ဖြောင့် မလုပ်ရဘူး အိပ်တာမှ အီးတစ်ပေါက် ။ သိပ်အကျင့် ပုပ်တာပဲ ”

“ ကွာ ၊ အေးရီကလည်း သားကို ဒီလို မပြောပါနဲ့ ”

သားကို ပိုက်ရင်း အနားမှာ ဆောင့်ထိုင်လိုက်သည့် မယားကို ကိုသံချောင်းက နှစ်သိမ့်၏ ။

“ ချိုချို့မယ် ”

စကားတတ်စ ကိုဦးက ဖအေ့အားကိုးဖြင့် ကျီတိုက်၏ ။ လက်ကလ ည်း ချိုချိုကို စမ်းသည် ။

“ ဘာနို့စို့မယ်လဲ ။ ဒါ နို့စို့တဲ့ အရွယ်လား ။ မတိုက်ဘူး ၊ ထမင်းကျတော့ ကောင်းကောင်း မစားဘူး ၊ ဒါကြောင့် ပိန်တာ ”

အေးရီ သားကို ကျိတ်မာန်လိုက်၏ ။ ကိုဦးက ဝါးခနဲ အော်ငို၏ ။

“ တိုက်လိုက်ပါ အေးရီရယ် ၊ ငါ့မြေးက ခုမှ တစ်နှစ်ကျော်လေး ရှိသေးတဲ့ ဟာကို ။ သံချောင်း တုန်းကများ လေးနှစ်သားကျမှ နို့ပြတ်တာ ”

အမြင်အာရုံ ဝေသီမှုန်မှိုင်း သလောက် အကြားအာရုံ ထက်မြက်လှသည့် အဘွားကြီးက နောက်ဖေးသို့ လှမ်းအော်ပြော၏ ။

အေးရီ ပို၍ စိတ်တိုသွား၏ ။ အင်း ၊ ဒီအတိုင်းဆိုရင် ငါးရာတောင်မှ ထုပ်ပြီးပါ့မလား ။ ဒီကလေးကလည်း မနက် ကတည်းက ကျီတိုက်နေ တာ ၊ ဘာဖြစ်မှန်း မသိဘူး ။ ငြူငြူစူစူနှင့်ပင် နို့တိုက်လိုက်၏ ။

“ ကဲ ၊ ရော့ဟဲ့ ။ စို့တော်မူ ”

“ ကွာ ၊ အေးရီကလည်း "

“ ဟောတော့ ။ သား အာခေါင်တွေ ပူလိုက်တာ ။ အစ်ကို ၊ သား ဖျားပြီနဲ့ တူတယ် ”

“ ဟာ ၊ ဟုတ်ပါ့ ။ ဒါကြောင့် ဆိုးနေတာ နေမှာ ”

လင်မယား နှစ်ယောက် သားကို ဖင်စမ်းလိုက် ၊ ခေါင်းစမ်းလိုက်ဖြင့် စိတ်ပူသွားကြ၏ ။ အင်း ဖျားပြန်ပြီ ၊ ဆေးခန်း သွားပြရင် တစ်ဆယ် ကတော့ အသာကလေးပဲ ။

ဇောနှစ်မျိုး ကပ်ကာ အေးရီ ရင်ထဲ ပူလာ၏ ။ ဒုက္ခပါပဲနော် ။ ကလေး တစ်ယောက်နဲ့တောင် ဒီလောက် စိတ်ရှုပ်နေရင် နှစ်ယောက် ဆိုရင်တော့ လုံးဝ မလွယ် ။

နောက် ခြောက်လကို မျှော်တွေး၍ အေးရီ ရင်မောလာသည် ။

••••• ••••• •••••

“ ကိုသံချောင်းက လူရိုးလူကောင်းကြီးပါအေ ၊ အခု အသက်သုံးဆယ် ကျော်အထိ ရည်းစားသနာ မထားဖူးတာသာကြည့် ။ ကားမောင်းတာကလည်း တစ်လကို နှစ်ရာ့ငါးဆယ် ရတာ ၊ နည်းတာ မဟုတ်ဘူး အေးရီရဲ့ ၊ ပြီးတော့ မအေတစ်ခု ၊ သားတစ်ခု ”

အောင်သွယ်တော်ကြီး ဒေါ်ပန်းလှ ပြောသမျှကို မျက်လုံးကလေး ပု တ်ခတ်ပုတ်ခတ်ဖြင့် အေးရီ နားထောင်ခဲ့မိ၏ ။ လခ နှစ်ရာ့ငါးဆယ် ဆိုသည်က အားရှိစရာ ကောင်းလှသည်က တစ် ကြောင်း ၊ “ အေးရီရယ် ၊ နင့်ကို ငါ မေတ္တာရှိနေတာ ကြာလှပါပြီ ” ဟု ကတုန်ကယင် ပြောခဲ့သည်ကို ယုံကြည်ခဲ့မိ၍ တစ်ကြောင်း ၊ အေးရီ တစ်ယောက် ကိုသံချောင်း၏ မယား ဖြစ်ခဲ့လေသည် ။

ကိုသံချောင်း၏ မယား အဖြစ်နှင့် သူတို့ သားအမိ နှစ်ယောက်တည်း နေသော အိမ်ခန်းကလေး ပေါ်သို့ အေးရီ ရောက်ခဲ့၏ ။ တကယ်လည်း အေးရီကို ကိုသံချောင်းက ချစ်ရှာပါသည် ။ လဆန်းသည်နှင့် “ ရော့ ၊ အေးရီ ” ဟု သူ့လခကို တစ်ပြား မကျန် အပ်သည် ။ တစ်သက်တွင် နှစ်ရာ့ငါးဆယ် ဆိုသော ငွေကို တစ်ခါမျှ တစ်လုံးတစ်ခဲတည်း မကိုင်ခဲ့ဖူးသည့် အေးရီ မှာ လက်တွေများတောင် တုန်လို့ ။

သို့သော် ထိုလခ နှစ်ရာ့ငါးဆယ် ထဲမှ အိမ်ခန်းငှားခ လေးဆယ် ၊ မီ တာကြေး ငါးကျပ် ၊ ကိုသံချောင်း၏ နေ့စဉ် အလုပ်သွား အလုပ်ပြန် ခရီး စရိတ်အတွက် အစိတ် စသည့်ဖြင့် မကုန်မဖြစ် ကုန်ရမည့် ငွေများကို နုတ်လိုက်တော့ လက်ထဲတွင် ငွေနှစ်ရာပင် မပြည့်တော့ ။ အေးရီမှာ လက်တွေ သာမက ရင်တွေပါ တုန်လာတော့သည် ။ လူသုံးယောက် စရိတ်ကို သည်ငွေနှင့် ထိန်းနိုင်ပါ့မလားဟု ပူပင်စ ပြုလာသည် ။

ပူပင်သည့် အတိုင်း ပထမလမှာပင် အေးရီ စိတ်ညစ်ရသည် ။ လကုန်ဖို့ ဆယ်ရက်ခန့် လိုသေးသည့်အချိန်တွင် လက်ထဲ ငွေပြတ် သွားသည် ။ ငါ အသုံးမတတ်လို့ ဖြစ်မှာပဲဟု တွေးကာ ကိုသံချောင်း ကို ဖွင့်မပြောရဲ ။ အပျိုဘဝက ပါလာသည့် တက်ထရွန် လုံချည်ကလေးကို အဟောင်းဈေးနှင့် တိတ်တိတ် ရောင်းကာ ဖြည့်စားလိုက်ရ၏ ။

ဒုတိယလ ကျတော့ စိစိစစ်စစ် ၊ ကုတ်ကုတ်ကျစ်ကျစ် စီမံသည့်ကြား ထဲမှ လကုန်ရန် တစ်ပတ် အလိုတွင် ငွေပြတ် သွားပြန်၏ ။ သည် တစ်ချီတွင်မှာတော့ အေးရီ တစ်ယောက် မြုံမနေနိုင်တော့ပြီ ။

“ ကျွန်မ အလုပ် လုပ်ချင်တယ် အစ်ကို ”

“ အလုပ် လုပ်ချင်တယ် ဟုတ်လား ”

“ ဟုတ်တယ် အစ်ကိုတို့ ရုံးမှာ သန့်ရှင်းရေး အလုပ်သမား ဖြစ်ဖြစ်ပေါ့ ”

လေးတန်း နှစ်ခါကျ အပြီးတွင် ကျောင်းဆက် မနေနိုင်တော့သည့် အေးရီ အတွက် သည်မျှလောက်ပင် မျှော်မှန်းနိုင်ပေသည် ။

“ တစ်လကို တစ်ရာ့ငါးဆယ်လောက် ရရင် ငါးဆယ် လောက်တော့ အသာကလေး စုသွားနိုင်တာပေါ့ အစ်ကိုရာ ။ လောလောဆယ် အိမ်စရိတ်လည်း မပူရဘူးပေါ့ ”

စိတ်ကူးထဲက ဗိမာန်ကြီး ကတော့ ရွှေရောင် တောက်နေသည် ။

“ မလုပ်လို့တော့ မဖြစ်ဘူး အစ်ကိုရဲ့ ။ အစ်ကို့ဆရာကို မေးကြည့်ပေးနော် ”

“ အေးလေ ၊ မေးကြည့်တာပေါ့ ”

ဆရာ့ အရိပ်အကဲကို ကြည့်ရင်း ၊ အခွင့်အလမ်းကို စောင့်ရင်း အေးရီမှာ ကိုယ်ဝန် ရှိလာသည် ။

“ မင်း အလုပ်လုပ်လို့ မဖြစ်တော့ပါဘူးဟာ ၊ ငါ ကြံပါဦးမယ် ”

စိတ်ကူးထဲက ရွှေဗိမာန်ကြီး ပြိုကျသွား၏ ။ ကြံပါဦးမည်ဟုသာ နှစ် သိမ့်ရသည် ၊ ဘာကြံရမှန်းလဲ မသိ ။ မရိုးမသားတာတွေလည်း သူက မလုပ်ချင် ။ အလုပ် အပေါ်မှာရော ၊ အလုပ်ရှင် ပေါ်မှာပါ သူက သစ္စာရှိချင်သူ ဖြစ်သည် ။ သူ့ဆရာကလည်း သူ့အပေါ်မှာ ကောင်းတော့ ကိုသံချောင်း ပို၍ ထောက်ထားရသည် ။ အချို့သော ကားမောင်းသူတွေ ကားမောင်းရင်းနှင့်ပင် နေ့တွက်စီနေကြသည်ကို သူ မသိ မဟုတ် ၊ သိသည် ။ မမြင် မဟုတ် ၊ မြင်သည် ။ သို့သော် ထိုနေ့တွက်များကို လျစ်လျူရှုကာ လူရိုးလူကောင်း ဟူသော ဘွဲ့ကို ထိန်းထားခဲ့သည်မှာ ကြာပြီပဲ ။

ပြီး “ စည်းစိမ်ဥစ္စာ ဆုံးရှုံးလျှင် အနည်းငယ်သာ ဆုံးရှုံးသည် ။ အကျင့် သိက္ခာ ဆုံးရှုံးလျှင် အားလုံး ဆုံးရှုံးသည် ” ဟူသော အဆိုအမိန့်ကို သူက အစဉ် ဦးထိပ်ထားသူလည်း ဖြစ်ပေသည် ။

ကြံရာမရသည့် အဆုံး ရုံးအပြန် ညဦးပိုင်းတွင် အငှားကား မောင်းသည် ။ သို့သော် သူ့ဆရာက တာဝန်ကြီးသူမို့ ရုံးအပြန် အချိန်မမှန် ။ နောက်ပြီး နယ်သို့ ခရီးထွက်ရသည့်အခါ သူပါ လိုက်ရသည် ။ ထိုအခါ ကားမောင်း ပျက်ကွက်လေရာ ကားပိုင်ရှင်က မကျေနပ် ။ သို့နှင့် နှစ်လ ၊ သုံးလ အကြာတွင် ထိုအလုပ်ကို စွန့်လွှတ်လိုက်ရပြန်သည် ။

“ မလုပ်တာဘဲ ကောင်းပါတယ် အစ်ကိုရယ် ။ နို့မဟုတ်ရင် နေ့ကား မောင်း ညကားမောင်းနဲ့ အစ်ကို အညောင်းမိပြီး ရောဂါရပါ့မယ် ”

နှစ်သိမ့်စကား ပြောပြီး မကြာမီ အေးရီ သူ့ဘာသာသူ အလုပ် ရှာခဲ့သည် ။

“ အိုးမကွာ ၊ အိမ်မကွာ ယူလုပ်လို့လည်း ရတယ် အစ်ကိုရေ ။ ပင်ပင်ပန်းပန်းလည်း မဟုတ်ဘူး ။ ပြီးတော့ ကိုယ် လုပ်နိုင်ရင် လုပ်နိုင်သလောက် အကျိုးရှိတာ ”

သည်လိုနှင့် “ ချိုမွှေး ” အချဉ်ထုပ်လုပ်ငန်းပိုင်ရှင် မမစော၏ အလုပ် သမကလေး ဖြစ်ခဲ့သည် ။ မဆိုးပါ ၊ တစ်နေ့ကို သုံးလေးကျပ် ရသည် ။ ကိုသံချောင်းမှာ မယားအလိမ္မာကလေး အတွက် အလွန် ကျေနပ်နေခဲ့မိသည် ။ ရုံးအားရက်များတွင် သူပါ ဝင်ကူထုပ်ပေးခဲ့၏ ။

ကိုဦး မမွေးခင်အထိ အဆင်ပြေခဲ့၏ ။ ကိုဦးကို မွေးပြီး တစ်လခန့် နားခဲ့၏ ။ နောက်ပိုင်းကျတော့ ကလေး၏ ဝေယျာဝစ္စများ နှင့် အေးရီ သိပ်မအား ။ တစ်နေ့လျှင် လေးငါးရာ ပြီးအောင်ပင် မနည်း ကြိုးစားထုပ်ရသည် ။ သည်ကြားထဲ ကိုဦးက ချူချာသေးသည် ။ မကြာခဏ ကျောပူခေါင်းပူ ထတတ်လေရာ အေးရီ မှာ အလုပ်ပျက်ရပြန်သည် ။ အချဉ်ထုပ်ကလည်း တစ်ရာ ပြီးမှ ပြားခုနစ်ဆယ် ရသည်မို့ များများ ထုပ်နိုင်အောင် ကြိုးစားရသည် ။

ကလေးကြောင့် အလုပ် မတွင်တော့ ကလေးကို အေးရီ ငြူစူတတ် လာသည် ။ ဒါကို ကိုသံချောင်းက မကြိုက် ။ “ ကွာ ၊ အေးရီ ကလည်းကွာ ၊ အေးရီကလည်း ” နှင့် ဟန့်တားသည် ။

“ ဟေ့ အေးရီ ၊ သားကြီးကော ”

ကိုသံချောင်း အသံကို ကြားမှ သူတောင် ရုံးက ပြန်ရောက်လာပါပကောဟု အေးရီ သတိထားလိုက်မိ၏ ။

“ အိမ်ရှေ့အိမ်က လာခေါ်သွားတယ် အစ်ကို ”

ဆီးသီးအိတ်များကို ရေတွက်ရင်း ဖြေလိုက်၏ ။ သည် လူကြီးက ရုံး ဆင်းလာလျှင် သူ့သားကို တွေ့လိုက်ရမှ ။

“ မင်းကွာ ၊ မှောင်တောင် နေပြီ ။ ထူထူထဲထဲကော ဝတ်ပေးလိုက်ရဲ့လား ။ အအေးပတ်ပြီး ဖျားနေပါဦးမယ် ”

“ ဝတ်ပေးလိုက်ပါတယ် အစ်ကိုရဲ့ ။ လာခေါ်တုန်းက မမှောင်သေးလို့ ထည့်လိုက်တာပါ ”

လေသံပျော့နှင့် ပြေပြေပြစ်ပြစ် ဖြေလိုက်ရ၏ ။

“ ငါ သွားခေါ်လိုက်မယ် ။ ရော့ ၊ ဒီမှာ ဆရာကတော်က ပေးလိုက်တာ ။ ဗဟုသုတ ဖြစ်အောင် ဖတ်တဲ့ ၊ မှာလိုက်တယ် ”

ပါလာသည့် စာအုပ်ကို ပစ်ပေးလိုက်၏ ။

ရောင်စုံအဖုံးနှင့် စာအုပ်ကလေးက လှသည် ။

••••• ••••• •••••

အထုပ်များကို ဖယောင်းတိုင်မီးဖြင့် ပိတ်နေရာက အေးရီ ခေါ်လိုက်၏ ။

“ အစ်ကို ”

“ ဟေ ၊ ပြော ”

“ မမ ပေးလိုက်တဲ့ စာအုပ်ကလေးလေ ကျွန်မ ဖတ်ပြီးပြီ ”

“ အေး ၊ ကောင်းတာပေါ့ ”

“ အဲဒီ စာအုပ်ထဲမှာ ပါတယ် ။ ကလေး တစ်ယောက်နဲ့ တစ်ယောက် သုံးနှစ်လောက် ခြားမှ ကောင်းတယ်တဲ့ ။ ကျွန်မတို့ ကျတော့ နှစ်နှစ် တောင် ခြားမှာ မဟုတ်ဘူး သိလား ”

ကိုသံချောင်း မှန်းတွက် ကြည့်လိုက်မိ၏ ။ အင်း ၊ ဟုတ်သား ။

“ နောက်တစ်ကောင်သာ မွေးလာရင် ကျွန်မတော့ အချဉ်ထုပ် ထုပ်နိုင်တော့မယ် မထင်ဘူး ”

“ အဲဒီတော့ ငါ ထုပ်မှာ ပေါ့ကွာ ။ ညဘက်လည်း ထုပ်မယ် ။ ရုံးပိတ်ရက်တွေမှာလည်း ထုပ်မယ် ”

“ အမလေး ၊ ပြောတော့ လွယ်လိုက်တာ ။ အစ်ကို့သား မျောက်လောင်းလေးက ဆော့လည်း ဆော့ ၊ ကျီလည်း ကျပါဘိသနဲ့ ”

“ ကွာ ၊ အေးရီကလည်း ။ ကလေးပဲကွာ ”

အေးရီ မျက်စောင်း ထိုးပစ်လိုက်မိ၏ ။ သူ ပြောလျှင်ဖြင့် သည်လိုပါပဲ  ။ ယခုတော့ ထို “ ကွာ ၊ အေးရီကလည်း ” ထဲတွင် အေးရီ တစ်ယောက် နစ်မျောပါသွားပြီး နောက် တစ်ယောက်ပင် ရခဲ့ပြီ ။

“ အမလေး ၊ မျက်စောင်းကြီး ကလည်း ထိုးပါ့ကွာ ”

“ ထိုးမှာပေါ့ ၊ သူ့ကြောင့် ”

“ ဘာတုံး ၊ ငါ့ကြောင့် ဆိုတာ ”

“ သွားပါ ၊ သိလျက်သားနဲ့ ”

ကိုသံချောင်း တဟဲဟဲ ရယ်သည် ။

“ ဒီမှာ ရယ်မနေနဲ့ သိလား ။ ကလေးကိုတဲ့  ၊ အာဟာရ ပြည့်အောင် ကျွေးရမယ်တဲ့ ။ အာဟာရဓာတ် ချို့တဲ့ရင် ကလေးဟာ မကြာခဏ ဖျားနာတတ်တယ်တဲ့ ”

“ ဪ .. ဟုတ်လား ။ အေး ”

“ သား ခဏခဏ ဖျားနေတာ အာဟာရ ချို့တဲ့လို့လား မသိဘူးနော် ”

ကိုသံချောင်း တွေသွားသည် ။ အကြာကြီး ငြိမ်နေသည် ။ အေးရီ ကတော့ လက်ကလည်း တလှုပ်လှုပ် ၊ ပါးစပ်ကလည်း တတွတ်တွတ် ။

“ တစ်နှစ်သားအရွယ် ကလေးကိုတဲ့ ၊ ဆန်က နို့ဆီဘူး တစ်ဝက်တဲ့ ၊ အသားက နှစ်ကျပ်ခွဲသားတဲ့ ။ ဒါမှမဟုတ် ငါးက ငါးကျပ်သားတဲ့ ။ ဒါမှမဟုတ် ပဲက သုံးကျပ်သားတဲ့ ။ ဒါမှ မဟုတ် ကြက်ဥ တစ်လုံးတဲ့ ”

အလွတ် ကျက်ထားသလားဟု ထင်ရလောက်အောင်ပင် ရွတ်ပြနေ၏ ။

“ ဘာလဲ ။ ကျွေးရမှာလား ”

အချဉ်ထုပ်များကို ရေတွက်လျက် ရှိရာက ဖြတ်မေးလိုက်၏ ။ ကိုသံချောင်း ကို အေးရီ က ငဲ့ကြည့်ပြီး -

“ ဟုတ်တယ် ၊ ကျွေးရမှာတဲ့ ။ အဲဒါတင် မကဘူး ၊ ဆီက ငါးမတ်သား ၊ အသီးအရွက် သုံးကျပ်သား ၊ နွားနို့ အဝက်သားနဲ့ ထန်းလျက် နှစ်ကျပ်သားလည်း ပါသေးတယ် ”

“ အဲဒါတွေကကော အဲဒီ စာအုပ်ထဲ ပါတာလား ”

“ ဟုတ်တယ်လေ ၊ အစ်ကို့ ဆရာကတော် ပေးလိုက်တဲ့ စာအုပ်ထဲမှာ ပါတာ ။ ကျွန်မ တစ်အုပ်လုံး ဖတ်ပြီးပြီ ”

အေးရီက ခပ်ကြွားကြွားကလေး ဖြေ၏ ။

“ ကျွန်မ တွက်ကြည့်တယ် သိလား ”

“ ဘာကိုလဲ ”

“ ခုန တစ်နှစ်သားကို ကျွေးရမယ့် အစာတွေနဲ့ တန်ဖိုးလေ ။ ဆန်က ပြားသုံးဆယ် ၊ အသားက သုံးမတ် ၊ ဆီက ပြားငါးဆယ် ၊ အသီးအရွက်က တစ်မတ် ၊ နွားနို့က တစ်ကျပ် ၊ ထန်းလျက်က ပြားနှစ်ဆယ် ။ အားလုံး ပေါင်းလိုက်တော့ သုံးကျပ် ကျတယ် အစ်ကိုရ ”

ကိုသံချောင်း ရင်ထဲ တစ်ဆို့ကြီး ဖြစ်လာ၏ ။

အေးရီ ဘာကို ဦးတည် ပြောနေကြောင်း သူ ရိပ်မိလာသည် ။ သား၏ မျက်နှာကို သူ မြင်လာသည် ။

“ ဒီမှာ အေးရီ ၊ မမက ဗဟုသုတ ဖြစ်အောင် ဖတ်ဖို့ ပေးလိုက်တာ ။ ဖတ်ပြီး ပြီးရော့ပေါ့ကွာ ။ စိတ်အရှုပ် ခံပြီး ဟိုတွက် သည်တွက် လုပ်မနေပါ ။ အဲဒါ တို့ အလုပ် မဟုတ်ဘူး ၊ နားလည်လား ”

▢  ကြူကြူသင်း
📖 ပေဖူးလွှာ မဂ္ဂဇင်း
      ၁၉၈၇ ခုနှစ် ၊ ဇူလိုင်လ

No comments:

Post a Comment