❝ မတိုင်မီ ❞
( ဆူးငှက် )
ရွက်ကြွေ ...
မိုးစက် ...
မြေသက် နှင်းပန်းပွင့် ...
အဲဒီ သံသရာလည်မှု ကာလတွေ ရှည်ကြာခဲ့ ပြောင်းလဲခြင်း တရားကို ဆန့်ကျင်ပြီး မိမိ သွေးသားထဲမှာ အမြဲမပြတ် ပူးဝင်လွှမ်းမိုးလွန်းနေသော အရာကား မီးရထား ဥဩသံပင် ဖြစ်သည် ။ ဝေးကွာလှသော နေရာဆီမှ ပါးလျားသောအသံပေါင်းများစွာ အနက် ထိုအရာကိုကား ခွဲခြားသိစိတ် က ကျင့်သားရနေပြီ ။ ဒါကလည်း မိမိဝမ်းစာအတွက် ရုန်းမထွက်နိုင်ခဲ့သော အလုပ်တစ်ခုကြောင့်ဖြစ်၏ ။
အခုလို အနီးအနားဆီက မီးရထားဥဩသံတစ်သံ စူးရှစွာ ကြားလာရ သောအခါ ပုံစံကျအသိက ဖျတ်ခနဲ လှုပ်နှိုးတတ်သေးသည် ။ ထိုအခါ ...
••••• ••••• •••••
( တစ် )
သားလေးရေ ...
သူတော်စင်တွေတောင်မှ ဉာဏ်မခိုင်လို့ ဈာန်ယိုင်ကာ လျှောရတဲ့ မိန်ရာသီ ။ ဘယ်ဆီ ကြည့်ကြည့် လေပွေ ၊ လေရူးတွေဟာ ရွက်ကြွေလေးတွေကို အဖော် ခေါ်လာတဲ့ မိန်ရာသီ ။ ခြောက်သွေ့မှု ၊ တိတ်ဆိတ်မှုတွေ ကြီးစိုးပြီး လွမ်းဆွတ်ဖွယ် ၊ အမည်ဖော်ပြခြင်းငှာ စွမ်းဆောင်နိုင်ဖွယ် ဝေဒနာတွေကို ဝေငှနေတဲ့ မိန်ရာသီ ။
ဒီမိန်ရာသီမှာ သားလေးရဲ့ ပထမဦးဆုံးစာကို ဖေဖေ ဖတ်ရတယ် သား ။ မနှစ်က အခုလို မိန်ရာသီကို မြန်မာပြည်မြောက်ပိုင်းက တောဘူတာရုံလေး တစ်ရုံမှာ ဖြတ်သန်းခဲ့ရတယ် ။ ဘူတာလေးဟာ အနောက်ဘက်ဆီကို မျက်နှာမူထားတာမို့ မိန်ရာသီရဲ့ ချစ်စရာ ညနေဆည်းဆာရဲ့ တချို့တစ်ဝက်ကို မြင်နေရတယ် ။ ဆည်းဆာဟာ ပန်းနုရောင်အဆင်းကို ခြယ်သထားတယ် ။ တော်တော် လေးကြာတော့ ပန်းနုရောင်မှာ လိမ္မော်သွေး စီးမျောလာရော ။ သားလေးရေ ... လိမ္မော်ရောင်မှာ တဖြည်းဖြည်းနဲ့ အနီရောင်ရဲ့ စိုးမိုးလာမှုကို ဖေဖေတို့ မြင်နေရပြီကွယ့် ။ ဆည်းဆာချိန် ကောင်းကင်ဟာ ရဲရဲနီလို့ ။ လှလိုက်တာလေ ။ ဆည်းဆာရဲ့ အနီရောင်ဟာ ဖေဖေတို့ ဘူတာလေးရဲ့ မျက်နှာစာကို အရောင်ဟပ်တောက်ပနေစေတယ် ။ ဆည်းဆာရဲ့ အလှဗေဒကြားမှာ ခံစားယစ်မူးနေကြတဲ့ ဖေဖေတို့ တစ်တွေရဲ့ ရှေ့ ပေသုံးဆယ် အကွာလောက်မှာ ကုန်လှောင်ရုံလေး ရှိတယ် ။ ကုန်လှောင်ရုံလေးရဲ့ အနောက်ဘက်မှာ ဆန်စက်ဟောင်းဝင်းထဲက ညောင်ပင်ကြီး ။ ညောင်ပင်ကြီးရဲ့ အဖျားတွေကို မြင်နေရတယ် ။ ညောင်ကိုင်းတွေဟာ ဆည်းဆာရဲ့ လေရူးမှာ ယိမ်းထိုးနေတယ် ။
သူ့ကိုယ်ပေါ်က အဝတ်ဟောင်းတွေကို လေရူးက နေ့စဉ်နဲ့ အမျှ ခြွေချနေတာမို့ ခုဆို ညောင်ပင်ကြီးဟာ အဝတ်မပါ ဗလာကျင်းနေပြီကွယ့် ။ ယိမ်းထိုးနေတဲ့ ရိုးတံကျိုးကျဲညောင်ပင်ကိုင်းတွေမှာ တော်ကြာ လာနားလိုက် ၊ တော်ကြာ ထပျံပြေးလိုက်နဲ့ ဂနာမငြိမ် ဖြစ်နေကြတဲ့ ငှက်ကလေးတွေဟာ မျက်စိ နောက်စရာတော့ အကောင်းသားပေါ့ ။ ညောင်ပင်ပတ်ဝန်းကျင်မှာ ငှက်ကလေးတွေက လေဟုန် စီးနေ ကြတယ်လေ ။ လေဟုန်စီးနေတဲ့ ငှက်ကလေးတွေဟာ ကုန်လှောင်ရုံ အမိုးပေါ် နားလိုက် ၊ သံလမ်းနဲ့ ကုန်လှောင်ရုံလေးကြား ကွက်လပ်လေးထဲ ဆင်းလာလိုက်နဲ့ ရစ်သီရစ်သီ လုပ်နေကြတယ် ။ တစ်ခါတစ်ခါကျ သူတို့ ဟန်ပန်လေးတွေဟာ “ တို့လိုမှ နေနိုင်ကြလို့လား ” လို့ သ ရော်နေသယောင်မို့ မနာလိုဖြစ်မိသေး ။ နဂိုကမှ တိတ်ဆိတ်ငြိမ်သက်နေတဲ့တော ဘူတာရုံဝင်းလေးဟာ အခုလို ရာသီမှာဖြင့် ရထားဝင်ချိန် မရှိရင် ငှက်သံတွေက လွဲလို့ သုသာန်တစပြင်လို ခြောက်သွေ့ တိတ်ဆိတ်နေတယ်သား ။
••••• ••••• •••••
( နှစ် )
သားလေးရေ ...
အခုတော့ မိန်ရာသီရဲ့ ပြင်ပရှုခင်းတွေကို မြင်ကွင်းကျယ် မခံစားရတာ ကြာပြီကွယ့် ။
မနက်ခင်း လမ်းလျှောက်ထွက်ရင် ရေကန်နားက သရက်ပင်ကြီးအောက် ၊ သရက်ရွက်ကြွေတွေ ၊ သရက်ရွက်ခြောက်တွေ ၊ သရက်ကင်းလေးတွေနဲ့ သရက်ပွင့်လေးတွေကို မြင်ရတော့ နွေပန်းချီကားရဲ့ စုတ်ချက် တချို့ကိုသာ ခံစားနေရသလိုပေါ့ ။ အခုလို နွေလက်ရာ ပန်းချီကားကို အပြည့်အဝ မခံစားရတဲ့ အခါ ဟိုအရင်က ဖြတ်သန်းခဲ့ရတဲ့ နွေရှုခင်းလေးတွေကို ပြန်ပြောင်းသတိရ တသသ ဖြစ်ရတာပေါ့ ။
တစ်ခုသော နွေဆည်းဆာမှာ နဘားရထားဟာ စစ်ကိုင်းတံတားကို ဖြတ်ကျော်နေဆဲ ၊ နေလုံးနီနီဟာ မင်းဝံတောင်ရဲ့ တစ်ဖက်ကို ပုန်းခိုတော့မယ် ။ မန္တလေး ရောက်ရင် မှောင်ရော့မယ် ။ စစ်ကိုင်းတံတားကို ဖြတ်ပြီး ခဏနေရင် အမရပူရ ဆိပ်ကမ်းဘူတာကို ရောက်လာတယ် ။ ဖေဖေတို့ စီး လာတဲ့ နဘားလော်ကယ်ရထားကို အမရပူရ ဆိပ်ကမ်း ဘူတာလေးက ပန်းရနံ့တွေနဲ့ ဆီးကြိုလိုက် တယ်သား ။ တစ်ဘူတာလုံးဟာ ကံ့ကော် ၊ စံပယ်ပန်း ရနံ့တွေနဲ့ ကြိုင်လှိုင်နေတော့တယ် ။ ပန်းသည်လေးတွေဟာ ယောက်ယက်ခတ်နေကြတယ် ။ အလုအယက် ရောင်းနေကြရရှာတာကိုး ။ ဟို မင်းဝံတောင်ရိုးပေါ်က နေလုံးနီနီဟာ ပုညရှင်စေတီကို ကတိုက်ကရိုက် ဦးချပြီး တောင်ရိုးရဲ့ အနောက်ဘက်ကို လျှောဆင်းသွားပြီ ။ ဒါပေမဲ့ ဧရာ၀တီရဲ့ လှိုင်းကြက်ခွပ်လေးတွေပေါ်မှာတော့ ပတ္တမြားလုံးလေးတွေ ဟိုတစ်စ ဒီတစ်စ ကြဲထားခဲ့ဟန် တူတယ် ။ ဘူတာရုံလေးရဲ့ မရန်းပင်ကြီး တွေ ကြားမှာတော့ အမှောင်ရိပ်လေးတွေ ပုန်းခိုနေကြပြီ ။ နွေရာသီရဲ့ လေပြည်လေးဟာ ဟောဟို ဧရာဝတီ ကနေ ဘူတာလေးဆီ ခပ်ဖွဖွလေး နင်းပြီး လမ်းလျှောက်လာနေတယ် ။ သူ့အဖော် ပန်းရနံ့လေးတွေက မွှေးလိုက်တာကွယ် ။ ကံ့ကော်ပန်း ရနံ့ လေးထင်ရဲ့ ။
ဖေဖေဖြင့် လေပြည်ထဲက ပန်းရနံ့လေးကို ရှူရှိုက်ရတာ အားမရတာ ကံ့ကော်ပန်းတစ်ကုံးကို ဈေးသည်လေးဆီက ဝယ်လိုက်တယ် သား ။ အဲဒီ ပန်းရနံ့လေးဟာ အိမ်ရောက်တဲ့ထိ သင်းပျံ့နေတော့တယ် ။ ဒီနွေရှုခင်းလေး ၊ နွေရနံ့လေးကို ပြန်စဉ်းစားတိုင်း လွမ်းဆဲ ။ ပန်းရနံ့လေးတွေက ပြန်လည် ထုံသင်းလာဆဲပါ သားလေးရယ် ။
ပြီးတော့ ဖေဖေ မေ့မရသေးတဲ့ နွေကားချပ်လေး တစ်ခုလေ သားရဲ့ ။
တပေါင်းလပြည့် မတိုင်ခင် အဖိတ်နေ့ ညပေါ့သား ။ အဲဒီနေ့ ရောက်တိုင်း ဖေဖေတို့ စစ်ကိုင်းတောင်ပေါ်မှာ ရှိကြတယ် ။ အလုပ်တာဝန်နဲ့ နယ်မှာ ရောက်နေပေမဲ့ အဲဒီရက် ရောက်ရင် အတတ်နိုင်ဆုံး ဖေဖေ ပြန်ခဲ့တာ သား အသိ ။ ဈေးချို ဆင်တံတားမှာ ဖေဖေ့သူငယ်ချင်းတစ်ယောက် ရှိတယ် ။ သူက တောင်ရိုးပေါ်က “ မဟာသမယ ” ချောင်မှာ အလှူအတန်း လုပ်နေကျ မဟုတ်လား ။ ဒီနေ့ကျမှ ဖေဖေတို့ သူငယ်ချင်းတွေ ဆုံဖြစ်ကြတာ မဟုတ်လား ။
စစ်ကိုင်းတောင်ရိုးရဲ့ တပေါင်းလပြည့်ဟာ ငြိမ်သက်နေတယ် ။ ဆည်းလည်းသံ ၊ ရွက် ခြောက်လေးတွေရဲ့ ရှပ်တိုက်ပြေးလွှားသံက လွဲလို့ ဘာသံမှ မကြားရဘူးကွယ့် ။ တောင်ရိုး တစ်ခုလုံးလည်း လရောင်တွေ လွှမ်းခြုံထားလို့ အေးမြနေတယ် ။ တစ်ခါတစ်ခါ ဟောဟို မှောင်မည်းမည်းမြစ်ထဲ မီးရောင်ကို လက်ခနဲ လက်ခနဲ မြင်လိုက်ရတယ် ။ မန္တလေးဘက်ဆီ လှမ်းမျှော်ကြည့်လိုက်တော့ စိန်တုံးကလေးတွေ ကြဲချထားသလို တလက်လက် တောက်စားလို့ ။ အမရပူရ ၊ မြစ်ငယ် ၊ တံခွန်တိုင် ဘက်ဆီ မျှော်ကြည့်ပြန်ရင်လည်း မည်းမှောင်နေတဲ့ သစ်ပင်အုပ်တွေ ကြားက တစ်ချက်တစ်ချက် ဖြာထွက်လာတဲ့ မီးရောင်လေးတွေဟာ စိတ်ဝင်စားစရာပေါ့ကွယ် ။
“ ဟောဒီနားက ကြည့်ရင် ဗားကရာကွေ့ကို ဖြတ်သွားတဲ့ ကားမီးရောင်ကို မြင်ရတယ် ”
လို့ ဘေးက အဖော်က ပြောတယ် ။ ဒါနဲ့ ဖေဖေတို့ တော်တော်ကြာတဲ့ အထိ ကားမီးရောင်တွေရဲ့ ပုစ္ဆာတွေကို အဖြေရှာ ကြည့်ခဲ့ကြပြီး တရုတ်စကားပင် အောက်မှာတင် မှေးခနဲ အိပ်ပျော်သွားကြတာချည်းပဲ သားရေ ။ အခုရော ဖေဖေ့ သူငယ်ချင်းတွေက တပေါင်းလပြည့်နား နီးတော့ စစ်ကိုင်းတောင် သွားဖို့ လာခေါ်ကြသေးသလား ။ ဖေဖေ မလိုက်နိုင်သေးပါဘူးလို့ သားသားက ပြောလိုက်သလား ။ ပြောမနေပါနဲ့ သားရယ် ။ နောက်နှစ်တွေဆို ဖေဖေ လိုက်နိုင်မှာပေါ့ ၊ မဟုတ်ဘူးလားသား ။
••••• ••••• •••••
( သုံး )
သားသားရေ ...
ဖေဖေ့ ဘူတာရုံလေးဟာ ပုံမှန်ရထား ဝင်ချိန်နည်းလို့ အလုပ်မရှုပ်ဘဲ အားချိန်များ နေတယ် ။ အထူးသဖြင့် အခုလို တိတ်ဆိတ်နေတဲ့ နေ့လယ်ပိုင်းဆို အိပ်ချင်စရာ ဖြစ်နေတယ်လေ ။ ဖေဖေကတော့ မအိပ်ဖြစ်ဘူး သား ။ မအိပ်ဖြစ်လို့ ဖေဖေ ဘာလုပ်နေတယ်လို့ ထင်သလဲ ။ ဒီအချိန်မှာဆို ဖေဖေလေ သား ရေးလိုက်တဲ့ စာလေးကို ထုတ်ပြီး ဖတ်နေပြီပေါ့ ။
သားဆီက စာလေးဟာ ဖတ်ရလွန်းတော့ အလွတ် ရပြီ ။ မကြာမကြာ ဖြန့်လိုက် သိမ်းလိုက်မို့ ခေါက်ရိုးလေးတွေ ကျိုးနေပြီ ။ စိတ်ချသား ၊ မစုတ်စေရဘူး ။ ဖေဖေ အသက်ထက် မြတ်နိုးပါတယ် သားရဲ့ ။ အခုလည်း သားစာလေး ဖတ်ပြီး သတိတရ ရှိလွန်းလို့ပါကွယ် ။ သား စာလေး ဖတ်လိုက် ၊ အစာကြေအောင် လမ်းလျှောက်လိုက် ၊ စဉ်းစားစရာရှိရင် စဉ်းစားလိုက်နဲ့ အလုပ် မရှိတဲ့ ချောက်ချားစရာ နေ့လယ်ခင်းကို နေ့တိုင်းလိုပဲ ကျော်ဖြတ်နေရတာပေါ့ ။
ညပိုင်းမှာ ဖေဖေ ဘာလုပ်သလဲ သိလား ။ သီချင်း ဆိုတယ်ကွယ့် ။
ဘာလဲ ၊ သားက အံ့သြသွားလို့လား ။ မန္တလေးတုန်းက လေတောင် မချွန်တဲ့ ဖေဖေက သီချင်းဆိုတယ် ဆိုလို့လား ။ မအံ့သြနဲ့ သား ။ ဖေဖေ သီချင်း ဆိုတယ် ။ မဆိုဘဲ မနေနိုင်လို့ ဆိုတယ် ။ သီချင်း ဆိုလိုက်ရင် အားသစ်တွေ တိုးလာတယ် ။ နားလည်မှုတွေ ပိုလာတယ် ။ လွမ်းစိတ်တွေ ပြေလာတယ် ။ လွမ်းစိတ်တွေ ပြေတော့ လွမ်းစိတ်ရဲ့ နောက်ကွယ်က ပျော့ညံ့မှု ၊ တွေဝေမှုတွေပါ ပျောက်သွားရော ။
ဖေဖေ အများဆုံး ဆိုတဲ့ သီချင်းတွေဟာ နန်းတော်ရှေ့ဆရာတင် နဲ့ မြို့မငြိမ်း သီချင်းတွေပဲ ။ အောင်ပင်လယ် ၊ ကမ္ဘောဇ ၊ လက်ရည်တစ်ပြင်တည်း ၊ စစ်ကိုင်းတောင် ၊ ဖူးစာ စတဲ့ သီချင်းတွေပဲ ။ ဒါကြောင့် မိတ်ဆွေတွေက ဖေဖေ့နာမည် ရှေ့မှာ “ မြို့မ ” ဆိုတဲ့ ဘွဲ့ထူးကို ထိုက်တန်စွာ ချီးမြှင့်ကြတာပေါ့ ။ ပြီး တော့ ပြောရဦးမယ် သားရဲ့ ။ တခြား မိတ်ဆွေတွေ သီချင်းဆိုရင် ဖေဖေက ပါးစပ်ဆိုင်းနဲ့ ဒိုးချက်လိုက်တာပေါ့ ။ ဖေဖေ့ ဒိုးချက်တွေဟာ သူတို့ သီချင်းလေးတွေကို ကြွသွား ၊ လှသွားစေတယ် ။ ဖေဖေလည်း ဘယ်ခေပါ့မလဲကွယ် ။ စိန်ဗေဒါပတ်စမ်းမှာ နားယဉ်ပြီး မြို့မဒိုးချက်တွေ ကြား ကြီးပြင်း လာတာကိုး ။ ဒီလိုနဲ့ သီချင်းဆိုကြ ၊ နောက်ပြောင်ကြရင်းနဲ့ပဲ ရက်လေးတွေ ခြွေချ နေရတော့တာပေါ့ ။
••••• ••••• •••••
( လေး )
သားသားရေ ...
“ ရေလောင်း ၊ ရေပက် ခံလာတယ် ... သူငယ်ချင်းရင်းတဲ့ လုံမေရယ် ... ဖျန်းပက်စေချင် ၊ စိတ်က စင်ကြယ် ၊ မပက်ဘူးဆိုရင် စိတ်ဆိုးမှာပင် ... ဟန်ကြီးလို့ ဆိုမယ် ... ”
ဆိုတဲ့ ဆရာငြိမ်း သီချင်းကို သီဆိုရင်း မန္တလေးသင်္ကြန်ကို လွမ်းရတယ်လေ ။
မန်းတောင်ရိပ်ခို သီချင်းကို ဆိုပြပါ ဆိုပြပါလို့ တောင်းဆိုကြတဲ့ အတွက် သင်္ကြန်အကြိုနေ့ ညမှာ ဖေဖေ ဆိုပြရသေးတယ် ။ ဖေဖေ့ အသံက အနီးအနား အတွက်တော့ အဆင်ပြေပါတယ် ။ ဒါပေမဲ့ တိုးညှင်းနေမှာတော့ သေချာတယ် ။ အသံ မရဘူး သားရယ် ၊ မအော်နိုင်ဘူး ။ ဒါပေမဲ့လေ “ နှစ်ကူးတော့မယ် ခင်ခင်ရယ် ၊ လိုက်ခဲ့ပါလား ၊ အပျင်းတော်ပြေမယ် ” ဆိုတဲ့ အပိုဒ်လည်း ရောက်ရော ဖေဖေ့မျက်စိထဲမှာ ကျုံးတွေ ၊ မြို့ရိုးတွေ ပေါ်လာတယ် ။ ရေပက်မဏ္ဍပ်တွေ ရှေ့မှာ သင်္ကြန်ရေတွေ ဖြာခနဲ ထွက်လာတာ မြင်နေရပြီ ။ အကျနေ့နဲ့ အကြတ်နေ့ မနက်ခင်းမျိုး ( ၈၄ ) လမ်းနဲ့ ( ၂၈ ) လမ်း ထောင့်မှာ ပိတောက်ပန်းတွေ ပုံရောင်းနေတာကို သင်္ကြန်ပျော်ကားတွေက အလုအယက် ဝယ်နေကြတာကို အောက်မေ့နေပြီ ။
ဒီလို သင်္ကြန်အချိန်မျိုးမှာရော ဖေဖေ့သူငယ်ချင်းတွေ လာကြသေးသလား ။ အမှတ် ( ၁၁ ) ဘတ်စ်ကားကြီး တစ်စင်း ငှားပြီး သခင်မတောင် ၊ ရန်ကင်းတောင် ၊ မန္တလေးတောင် ဆိုတဲ့ တောင် ( ၃ ) တောင် အစီအစဉ်ကို မိတ်ဆွေများ ၊ ဆွေမျိုးသားချင်းများကို တစ်ပြုံကြီး တင်ပြီး ဒီနှစ်သင်္ကြန်မှာရော ထွက်ဖြစ်သလား ။ ညပိုင်းမှာ နဂါးမယ်ရေသဘင် ကြည့်ပြီး မုတ်ဆိတ် လက်ဖက်ရည်ဆိုင် ထိုင်ဖြစ်ကြသေးသလား ။ ဘာပဲပြောပြော အရင်ကလို ဖေဖေတို့ သူငယ်ချင်းတစ်စု လက်ဖက်ရည်ဆိုင်မှာ တစ်စုတစ်ဝေးကြီး မရှိတော့တာ ၊ ဘောလုံးပွဲမှာလည်း အုတ်အုတ်ကျက်ကျက် မရှိတော့တာ ဖေဖေ ကြားမိပါတယ် သားရဲ့ ။ အရင်က “ ငယ်မူ ” လေးတွေဟာ လွမ်းစရာလေးတွေပေါ့ သားရယ် ။ ပြောင်းလဲမှုတွေ ရှိမှာပဲ ။ အသက်အရွယ်တွေ ရလာကြ ၊ စီးပွားရေးထမ်းပိုးတွေက ပိုလို့ ပိုလို့ လေးပင်လာကြတော့ ရုန်းရကန်ရနဲ့ အရင်က အလေ့အကျင့်တွေကို တစ်သမတ်တည်း ဆက်လုပ်မနေနိုင်ကြတော့ဘူးပေါ့ ။ ဒါပေမဲ့ “ ရင်းနှီးချစ်ခင်ကြတဲ့ ” ဟာသဉာဏ်လေးတွေ ကွန့်မြူးကြတဲ့ “ ငယ်မူ ” လေးတွေကိုတော့ မပျောက်စေချင်ဘူးကွယ် ။
“ ငယ်မူကို မဖျောက်နိုင်ဘူး ၊ ပျော်လောက်ဖွယ် ... မယ်ရင်ရယ် ... လွမ်းပါဘိတယ် ၊ ပျို့ဇာတိနွယ် ” ဆိုတဲ့ ဆရာတင် သီချင်းထဲကလိုပေါ့ ။
ဘာပဲပြောပြော ... သူငယ်ချင်းတွေ မိတ်ဆွေတွေ အားလုံးကိုလည်း သတိရတယ် ။ သူတို့ တစ်တွေ နေထိုင် ကောင်းမွန်ရေး ၊ အလုပ်အကိုင် အဆင်ပြေရေး အတွက် ဆုတောင်းလိုက်ပါတယ် ။ ဖေဖေ့ဆီ စာရေးကြရင်လည်း ဖတ်ရတဲ့ စာအုပ် ၊ ကြည့်ရတဲ့ ရုပ်ရှင်ကားတွေ ၊ ဗွီဒီယိုတွေအကြောင်း စီကာပတ်ကုံး ရေးကြပါဦးလို့ ပြောလိုက်ပါကွယ် ။ အခုချိန်မှာ တော့ ဖေဖေလည်း စာတော်တော်များများ ဖတ်ရပါတယ် ။ မဟေသီ ၊ ပေဖူးလွှာ ၊ အတွေးအမြင် ၊ ရှုမဝ နဲ့ အခြား ပေါ်ပြူလာ မဂ္ဂဇင်း အချို့ ၊ ဂျူးရဲ့ ဝတ္ထုဟောင်းတစ်အုပ်နဲ့ ချစ်ဦးညို ရဲ့ ရာဇဝင် ၀တ္ထုတို ပေါင်းချုပ်အပြင် ရှုမဝ ထဲက ဆရာမြသန်းတင့်ရဲ့ တောင်သမန်လေညင်း ၊ အတွေးအမြင် ထဲက ဆောင်းပါးနဲ့ သမိုင်း အကြောင်းတွေ ။ ဖေဖေက အားနေတော့ စာအုပ်တိုင်းကို စာမျက်နှာတိုင်းဖတ် ၊ ကြော်ငြာလည်း ဖတ် ၊ အကုန်ဖတ်တယ် ။
ကဲ ... သားလေးရယ် အားလုံးကိုသာ ပြောပြလိုက်ပါ ။ မန္တလေးကို ချစ်တဲ့ ၊ မန္တလေး ရာသီတိုင်းကို ချစ်တဲ့ ဖေဖေ့ အဖို့ အခုလို မန္တလေးနဲ့ နီးရက်နဲ့ ဝေးကွာနေချိန်မှာ သင်္ကြန် ဆိုလည်း သင်္ကြန်မို့ ၊ သီတင်းကျွတ်ဆိုလည်း သီတင်းကျွတ်မို့ ၊ ဆောင်းဦးရာသီ ဆိုလည်း ဆောင်းဦးရာသီမို့ ၊ ဆယ့်နှစ်ရာသီ နီးပါး စိတ်ဝင်စားစရာတွေနဲ့ ပြည့်နေတဲ့ မန္တလေးကို လွမ်းတယ် ။
အခုလို ရာသီမှာ ဆိုရင် မန္တလေးရဲ့ ရာသီဥတုဟာ ဆွတ်ပျံ့ဖွယ် ၊ ကြည်နူးဖွယ် ၊ စိတ်လှုပ်ရှားဖွယ် ကောင်းရော့မယ် ။ လေပြည် ၊ ရာသီကူး ပန်းရနံ့နဲ့ ကျေးငှက်တို့ရဲ့ တေးဆိုသံဟာလည်း ပွတ်ကာသီကာနဲ့ ရစ်ဝဲ နေရော့မယ် ။
ဒီလို နှစ်လိုဖွယ် မန္တလေးဟာ တစ်ယောက်သောသူ ပြန်လာမယ့် ရက်ကို မျှော်နေရော့မယ် ။ မျှော်နေရော့မယ် ။
••••• ••••• •••••
( ငါး )
“ ......... ”
“ ..........”
အနီးအနားဆီက မီးရထားဥသြသံ တစ်သံ စူးရှစွာ ကြားလိုက်ရသောအခါ လွင့်မျောနေသော အတွေးအိပ်မက်ကို ပုံစံကျ အသိက ဖျတ်ခနဲ လှန့်နှိုးလိုက်သည် ။ ထိုအခါ မိမိ နံဘေးမှာ အစိမ်း အနီ အလံ မရှိ ၊ ဘူတာရုံသုံး မီးအိမ် တစ်လုံးလည်း မရှိ ။ အခန်းထောင့်မှာ တတီတီ မြည်နေမည့် ကြေးနန်းစက်လည်း မရှိ ။ ထို့အတူ လက်ထောက်ရုံပိုင်လေး၏ တဒုန်းဒုန်း ရိုက်နှိပ်သော ရထားလက်မှတ်ရိုက် တံဆိပ်တုံးလည်း မရှိ ။
သေချာသည်မှာ စောစောကတည်းက ဖြန့်ကြည့်မိသော နွမ်းကြေ ကြေစာရွက်ကလေး တစ်ရွက်ကမူ မိမိ လက်ထဲတွင် ကိုင်လျက် ရှိနေခြင်းပင် ဖြစ်သည် ။ စာရွက်လေးပေါ်က သားလေး၏ ဝိုင်းဝိုင်းရွဲ့ရွဲ့ ၊ စောင်းစောင်းစွေစွေ ၊ သေးသေးကြီးကြီး မညီမညာ ကလေးလက်ရေး “ ဝ ” လုံးကလေးများ၏ နောက်ကွယ်မှ အထီးကျန်ဆန်ခြင်း၏ အဓိပ္ပာယ်ကို မိမိကိုယ်တိုင် ရှာဖွေမိနေသည်မှာ ကာလအတန် ကြာနေပေပြီ ။
▢ ဆူးငှက်
📖 မြားနတ်မောင်
၁၉၉၁ ခု ၊ စက်တင်ဘာ

No comments:
Post a Comment