❝ ပျောက်လုနေရာ ❞
( ဆူးငှက် )
တကယ်တော့ ထိုနေရာသည် အမရပူရ ကောင်းစားစဉ် အခါက သာသနာ့အောင်မြေကြီး ဖြစ်ခဲ့၏ ။ တောင်ဘက် တံခွန်တိုင်ရပ်တွင် အမရပူရခေတ်က ပရိယတ္တိ ၊ ပဋိပတ္တိသာသနာ ရောင်ဝါ နေသို့ ထွန်းခဲ့သော ပြည်တိုက် ၊ ပုဂံတိုက် ၊ မဟာဘုံကျော်တိုက် အစရှိသဖြင့် သာသနာ့မြေ ဧကတစ်ရာကျော်ဝယ် ဘုရား ၊ စေတီ ၊ ပုထိုး ၊ ဘုန်းကြီးကျောင်းတိုက်ကြီးများဖြင့် ကြေးစည်သံ ၊ ဆည်းလည်းသံများ နှင့်အတူ တရားစည်ကြီး ဟည်းဟည်းကျော်ညံ့ခဲ့သော နေရာဖြစ်ခဲ့ပါသည် ။
မြို့ဟောင်းဘူတာမှ မီးရထားလမ်း အတိုင်း တောင်ဘက်သို့ အနည်း ငယ် သွား၍ အရှေ့ဘက်သို့ ရှုမျှော် ကြည့်လိုက်လျှင် အုတ်တံတိုင်း ၊ မုခ်ပျက် အချို့သာ ကျန်တော့သော ကျောင်းတိုက်ဟောင်းကြီး နှစ်တိုက်ကို တောင်မြောက် ယှဉ်လျက် တွေ့ရပေမည် ။ ထိုကျောင်းတိုက်ကြီး နှစ်တိုက်ကား အရပ်အခေါ် အားဖြင့် “ တောင်မှန်ကျောင်း ” ၊ “ မြောက်မှန်ကျောင်း ” ဖြစ်ငြား ၊ အမည်က “ မဟာ အဘယာရာမတိုက် ” နှင့် “ မဟာ ဝိဇိတာရာမ ” တိုက်တို့ ဖြစ်ကြောင်း သိသူ နည်းလှ၏ ။
မဟာအဘယာရာမတိုက်တွင် “ မဟာတုလွှတ်ဘုံကျော်ကျောင်းကြီး ” ရှိခဲ့ဖူးပြီး မဟာဝိဇိတာရာမတိုက်တွင် “ မဟာအောင်မြေဗိမာန် ” ကျောင်းရှိခဲ့ဖူးပါသည် ။ မဟာအဘယာရာမ တိုက်မှာ မင်းတုန်းမင်းကြီး၏ ခမည်းတော် ဖြစ်သော ရွှေဘိုမင်း၏ မိဖုရားကြီး ကောင်းမှု ဖြစ်သည် ။ “ မဟာဝိဇိတာရာမတိုက် ” သည်ကား နောင်အခါ မင်းတုန်းမင်းကြီး၏ စကြာဒေဝီ မိဖုရားကြီး ဖြစ်လာသည့် ရွှေဘိုမင်းသမီးတော်က ဆောက်လုပ်လှူဒါန်းသော ကျောင်းတိုက်ကြီး ဖြစ်၏ ။ ဤကျောင်းတိုက်ကြီး နှစ်တိုက်ကို သမီးတော်နှင့် မယ်တော်တို့ သည် မရှေးမနှောင်းပင် ရေစက်ချကြသည် ။ ထို့နောက် သာသနာပိုင် ဆရာတော်ဦးဉေအား တင်လှူကြ၏ ။ နှစ်ကျောင်းကိုလည်း “ သမီးတော်ကျောင်း ” ၊ “ မယ်တော်ကျောင်း ” ဟု ခေါ်ဝေါ်ခဲ့ကြသည် ။
“ မဟာအဘယာရာမတိုက် ” တွင် မဟာတုလွှတ်ဘုံကျော်ကျောင်းကြီး အပြင် မယ်တော်ကျောင်းလည်း ရှိ၏ ။ မဟာဝိဇိတရာမတိုက်တွင် မဟာအောင်မြေ ဗိမာန်ကျောင်းကြီး အပြင် သမီးတော်ကျောင်း ၊ ယွန်းစုကျောင်း ၊ နွေကျောင်း စသည့်အပြင် အမည် မမှတ်မိတော့သည့် ကျောင်းရာများ ငါးနေရာ ရှိခဲ့ပါသည် ။ ထိုကျောင်းတိုက်ကြီး နှစ်တိုက်စလုံးမှ ကျောင်းနှစ်ကျောင်းစလုံးပင် မိဖုရားကောင်းမှု ၊ သမီးတော်ကောင်းမှုများ ဖြစ်သည့် အားလျော်စွာ မြန်မာ့ဗိသုကာ အညွန့်အဖူးများချည်းဖြစ်သည် ။ ထူးခြားချက် အနေဖြင့် မြောက်မှန်ကျောင်းက အစီအစဉ် ကောင်းပြီး တောင်မှန်ကျောင်းက ပန်းပုလက်ရာ ကောင်းသည် ဟု ဆိုကြ၏ ။ ကျောင်းတော်တွင်း ပြာသာဒ်ကွက်များတွင် တောင်မှန်ကျောင်းက ဇာတ်ကြီးဆယ်ဘွဲ့ကို ပန်းချီရေးထားသည် ။ မြောက်စနုမှာ ပြာသာဒ်ပါပြီး တောင်ကျောင်းမှာ စနုမပါ ။ တောင်ကျောင်းတိုက်ထွတ်တွင် နဂါးလေးကောင်နှင့် အလယ်၌ လက်အုပ်ချီ နေသော နတ်ရုပ်များ ထည့်ထား၏ ။ မြောက်ကျောင်းတွင် စေတီပုံ တိုင်ထွတ်များ ဖြစ်သည် ။ တောင်ကျောင်းတွင် တိုင်ထောက် အဖြစ် နယားရုပ်များ တပ်ဆင်ထားပြီး မြောက်ကျောင်းမှာ လူအရပ်မျှ ရှိသော နတ်ရုပ် ၊ လူရုပ် ၊ ဂဠုန်ရုပ် ၊ ဘီလူးရုပ် ၊ ကိန္နရာဖိုမရုပ် ၊ ဇော်ဂျီရုပ် ၊ လူပျံရုပ် ၊ ခြင်္သေ့ခေါင်းနှင့် လူကိုယ်ရုပ် ၊ ကျွဲခေါင်းနှင့် လူကိုယ်ရုပ်များ ရှိခဲ့သည် ။
မင်းတုန်းမင်းတရားကြီး အမရပူရ၌ စံနေစဉ် ခရစ် ၁၈၅၅ ခုနှစ်တွင် အင်္ဂလိပ်သံ ဖယ်ရာ၏ အဖွဲ့ဝင်တစ်ဦး ဖြစ်သူ ဟင်နရီယူးလ်က “ ဤမျှ ၊ အိမ်တွင်း အသုံးအဆောင် ချို့တဲ့သော လူမျိုး တစ်မျိုးက ဤမျှ ခမ်းနားကြီးကျယ်သော လက်ရာကို ဘယ်သို့ စွမ်းဆောင်နိုင်သည် ဟု အံ့သြစိတ် အလျဉ်းမပါဘဲ ဤကျောင်းတော်ကြီးများကို ကြည့်၍ မဖြစ်နိုင်ပေ ” ဟု “ အဝ နေပြည်တော်သွား သံအဖွဲ့ ( Mission to The Count of Ava ) ” စာအုပ်တွင် ရေးသားခဲ့သည် ။
ယခုအခါမှာတော့ မြန်မာ့အနုပညာ ဂုဏ်ဆောင်ဖြစ်သည့် ကျောင်းတော်ကြီး နှစ်ဆောင်ကား အုတ်ဟောင်း ၊ အုတ်ပုံ ၊ အုတ်ခုံဟောင်းမှ လွဲ၍ ဘာမျှ မရှိတော့ပြီ ။ သမီးတော်ကျောင်းက ဒုတိယကမ္ဘာစစ်ကြီး အတွင်းက မီးသင့်လောင်ခဲ့ခြင်းဖြစ်သည် ။ တောင်မှန်ကျောင်းတိုက်ကြီးကမူ စစ်ကြီး၌ ကံကောင်းထောက်မစွာ ဗုံးဒဏ်က လွတ်ကာ အကောင်းပကတိ ကျန်ရစ်ခဲ့ပါသေး၏ ။ သို့သော် စစ်ကြီးအပြီး မကြာလှသော ကာလမှာပင် လူမသမာ အချို့က လုံခြုံရေး စိတ်မချ ၊ ပစ္စည်းများ ပြတိုက်ပို့ရမည် အကြောင်းပြကာ တစ်စစီ ဖျက်ဆီး ယူငင်သွားကြသည် ဆို၏ ။ ထိုထိုနေရာများ၌ ဤသို့ ဤနှယ် သာသနိက အဆောက်အဦကြီးများ ရှိခဲ့ဖူးသည် ဆိုတာကိုလည်း မမေ့မလျော့ မှတ်သားကြရပေဦးမည် ။
▢ ဆူးငှက်
📖 ရွက်ကျင် ၊ မိုးစက် ၊ ပင်ထက် နှင်းပန်းပွင့်
No comments:
Post a Comment