Tuesday, April 28, 2026

ငါ့လင်

❝ ငါ့လင် ❞
( ပီမိုးနင်း )

မသန်းသည် လင့်အပေါ်၌ ပြုအပ်သော မယားဝတ် ဟူသမျှ အကုန်ကျေပွန်သူ ဖြစ်လေသဖြင့် သိသူအပေါင်းတို့က ချီးမွမ်းကြလေ၏ ။

လင်ဖြစ်သူ စာရေးကြီးကိုဝေမှာ အလုပ်မှ အိမ်သို့ အဘယ်ခါမျှ တိုက်ရိုက် မပြန် ၊ အလုပ်မှ ငါးနာရီဆင်း ၊ အရက်ဆိုင်မှာ နှစ်နာရီ ၊ သုံးနာရီလောက် ထိုင်ကာ အခြား အဖော်များနှင့် ခွက်လှည့်ကြဲကာ အိတ်ထဲ၌ ငွေစ ဟူ၍ တစ်ပြား မကျန် ဖြူကာ ပြာကျကာမှ အိမ်သို့ ပြန်လာလေ့ရှိလေ၏ ။

မသန်းသည်ကား ငြိုငြင်ခြင်း မရှိ ။ “ ငါ့ယောက်ျား ပညာတတ် ၊ မတော်တာကို အရမ်း မလုပ်ပါဘူး ၊ သူ အသိသားပဲ ၊ ဒုက္ခ ဖြစ်အောင် မလုပ်ပါဘူး ” ဟု အောက်မေ့ကာ လောကွတ်ပျူငှာ နှင့် ခြေဆုပ်လက်နယ် ပြုကာ “ ကိုဝေ ပြီးတော့မှ ထမင်းစားပါလား ” ဟု မမေးရုံ တမည် ရှိရှာလေ၏ ။

အသိမိတ်ဆွေများက “ ညည်းယောက်ျားကို ပြောဦး ၊ လွန်နေပြီ ၊ လခ တစ်ရာ့အစိတ် ဆိုတာ ညည်း လက်ကို ဘယ်နှစ်ပြား ရောက်သလဲ ၊ သူ့မှာတော့ ပျော်လို့ပါးလို့ ၊ ညည်းမှာတော့ တမျှော်မျှော်နှင့် ” ဟူသော စကားမျိုးဖြင့် သတိပေးကြသည့်အခါ မသန်းက “ ကျုပ်ယောက်ျားအကြောင်း ကျုပ်သိပါတယ် ၊ မပြောလာကြပါနဲ့ ၊ ကျုပ်ယောက်ျား ပညာတတ် လူလိမ္မာပါ ၊ လူရမ်းကား မဟုတ်ပါဘူး ၊ လူဆိုတာ အပေါင်း အသင်း ရှိမှ ကြီးပွားတာရှင့် ၊ အပေါင်းအသင်းနှင့်ဆိုတော့ သောက်ရ ၊ စားရတာမျိုးပဲ ၊ အခု ကာလ လူနုံ ၊ လူအ တွေသာ မသောက်တာ ၊ လူတိုင်း ကိုဝေတို့လို သောက်နိုင်တာ မဟုတ်ဘူးရှင့် ၊ ဗျစ်တစ်လုံး ဆိုရင် အမြည်းနှင့် ဘာနှင့် တစ်ကျပ်ကျော်ကျော်လောက် ကုန်သွားတာ ၊ ဂုဏ်အသရေ ရှိလူများမှ ဘိလပ်အရက်ဆိုင်မှာ ဝင်ထိုင်နိုင်တာ ၊ ကျုပ် ယောက်ျားက ရှင်တို့တွေလို အကြမ်းပိုင်းသမား မဟုတ်ဘူးတော့ ၊ ဝီစကီပိုင်းသမား ” ဟု ပြန်၍ ပြောလေ့ရှိ၏ ။

မသန်းမှာ အပျိုဖြစ်စဉ်က အငြိမ့်သည်မများ ဆိုသော အရက်သမား လင်မျှော်တာကို ကြားရဖူးသဖြင့် အရက်မူးတတ်သော လင်တစ်ယောက်ကို ရပြီး ထိုတေးမျိုးကို ဆိုကာ တမျှော်မျှော် နေရလျှင် အငြိမ့်သည်မ မှာ အတွေးအထင် မိမိ မှာမှ တကယ် ဖြစ်မှာပဲ ဟု အခါခါ တွေးခဲ့လေ၏ ။

တွေးခဲ့ရသည်နှင့်အညီ အမူးသမား စာရေးကြီး ကိုဝေ နှင့် တွေ့သောအခါ “ သင်း ငါ့ဥစ္စာဘုံ ” ဟု ကုတ်၍ အရဆွဲ လိုက်ရာ တစ်ခါတည်းကို သူနှင့် ရကတည်းက မင်္ဂလာဆောင် ပြီးသော ပထမစ၍ အရက်ပုလင်းကို လောင်းထဲ့၍ ပေးခဲ့စေ၏ ။

အဘယ်မျှပင် ညဉ့်နက်အောင် စောင့်ရစေကာမူ ပူဆူ ခြင်းမရှိပေ ။ သို့မပူမဆူခြင်းကြောင့် အချို့သော မိန်းမများလို အထောင်းအထု အရိုက်အနှက် မခံရသည်ကား မှန်၏ ။ သို့သော်လည်း မိန်းမကောင်းအား ကြီးလျှင် ယောက်ျားအများ ငြီးငွေ့ တတ်သည့် ထုံးစံအတိုင်း မောင်ဝေ မှာ အိမ်ကို ပျင်းစရာ နေရာကြီး မှတ်ထင်ကာ “ ဘာလုပ်မလဲ ၊ ပြီးမှ ရေချိုးမလား ၊ ဘာညာကလေး စားပါဦးလား ”  စသည့် စကားများကို ပြောလာသည့် အခါ၌ပင် “ မင်းအေးအေး နေစမ်းပါကွယ် ၊ ငါ အလိုရှိရင် ခေါ် လိုက်မယ် ” ဟူ၍ ပြောရလေ၏ ။

မသန်းမှာ မောင်ဝေ၏ စိတ်၌ ၊ သဘော ကောင်းအားကြီး သဖြင့် အပေါစား ဖြစ်၍ လာလေ၏ ။ “ အပေါစား ဖြစ်သောအခါ ပေါင်းသင်းရခြင်းမှာပင် အရသာ မရှိတော့သည့် အနေသို့ ရောက်သဖြင့် ဤ ဒုန်နာတေးမ နှင့် နေရတာ အနှစ်သာရ မရှိ ၊ ခပ်ထက်ထက် ၊ ခပ်ဆတ်ဆတ် မိန်းမ တစ်ယောက်လောက်များ ပေါင်းလိုက်ရရင် သိပ်အရသာ ရှိမှာပဲ ” ဟူ၍ပင် တွေးမိလေ၏ ။

မောင်ဝေမှာ တစ်နေ့ထက် တစ်နေ့ အိမ်သို့ အပြန် ညဉ့်နက်၍ လာလေ၏ ။ မသန်းမှာကား လင်ဖြစ်သူ မလာမချင်း အိမ်၌ လုပ်စရာ ၊ ကိုင်စရာ ရှိသမျှကို မငြိုမငြင် လုပ်ကို၏ ။ “ ချုပ်စရာ ဖာစရာ ရှိသမျှကို ဖာခြင်း ၊ ချုပ်ခြင်း ၊ လျှော်ဖွပ်စရာ ရှိသမျှကို လျှော်ဖွပ်ကာ ပင်းမင်းခဝါကိုမျှ မပေးဘဲ ကိုယ်တိုင် ကော်တင်၍ မီးပူတိုက်ခြင်းများကို တိုက်ချွတ်ခြင်း ” စသည့် အလုပ်များကို လုပ်၍သာ နေလေ၏ ။

လင်ဖြစ်သူကိုကား “ တစ်ခွန်းတစ်ပါဒမျှ အပြစ် မပြော ၊ မယားဝတ် ငါးပါး မက အပါး တစ်ရာ ကျေပွန်သော “ အမရာ ၊ ကိန္နရီ ၊ မဒ္ဒီ ၊ သမ္ဘူ တော်လေးဆူ ” အဖြစ်မျိုးကို တစ်ယောက်တည်း အကုန် အရယူလျက် နေလေ၏ ။

တစ်ခါတစ်ရံ လင်ဖြစ်သူနှင့် အိမ်သို့ မူးရစ်လိုက်ပါ လာသော အဖော်ကမူကား “ ခင်ဗျားမိန်းမ အင်မတန် တော်ပါ ပေတယ်ဗျာ ၊ ချီးမွမ်းလောက်ပါပေတယ် ၊ ကျုပ်တို့ အိမ်က မိန်းမများတော့ အခု အိမ်ရောက်သွားရင် ဆူဖို့ ၊ ပူဖို့ ဆောင့်ကြောင့်ကြီး ထိုင်စောင့်နေတာ ၊ သူရဲမကြီးလို မြင်ရပါလိမ့်မယ်ဗျား ” ဟု ပြောလေ့ရှိ၏ ။

ထိုစကားကို ကြားလေ မသန်းမှာ မိန်းမမြတ် အဖြစ်သို့ မြင့်သည့်ထက် မြင့်စွာ ရောက်လေလေ ဖြစ်လေ၏ ။

ညတစ်ည၌ မောင်ဝေ ပြန်မလာ ။ သူငယ်ကလေး တစ်ယောက် ရောက်၍ လာပြီး စာတစ်စောင်ကို ပေးလေ၏ ။ ထိုစာမှာ ...

“ မသန်း ငါလည်း ဘာဖြစ်တယ် မသိဘူး ၊ မင်းကတော့ အင်မတန် ကောင်းတာပဲ ၊ မင်းမှာ ဘာအပြစ်မှ မရှိဘူး ၊ ငါ အိမ်ကို ပြန်ရမှာ သိပ်ပျင်းတာပဲ ၊ သည့်အတွက် မမျှော်လင့်နှင့်တော့ ၊ ငါ ပျော်ရာမှာ နေဖို့သာ အခွင့်ပေးပါ ၊ ငါ့သူငယ်ချင်း တစ်ယောက်တော့ သူ့မိန်းမ ဆူအားကြီးလို့ အိမ်ကို မပြန်ဘူး ၊ သူ လာရင် ငါ့လို သဘောထားပြီးသာ လက်ခံလိုက်ပါတော့ကွယ် ”
                   ဝေ

မသန်း မှာ ထိုစာကို ဖတ်ရလျှင် တော်လေးဆူ ဘဝမှ ကြိုးပြတ်၍ ကျလေတော့ သတည်း ။

▢  ပီမိုးနင်း
📖 လမ်းညွှန်ဂျာနယ်
      အတွဲ ၂ ၊ အမှတ် ၆၅
      ဒီဇင်ဘာ ၊ ၁၉၃၄

No comments:

Post a Comment