❝ သင်္ကြန်အောင်သွယ် ❞
( ပီမိုးနင်း )
မောင်ဖေသည် ရန်ကုန်မြို့ ၊ ပုဇွန်တောင် အရပ်မှ ထွက်သော ဘတ်(စ်)ကား တစ်စင်းကို တက်လိုက်ရာ ဘတ်(စ်)ကားပေါ်သို့ ရောက်လျှင်ရောက်ချင်း တောက်ပသော သဏ္ဌာန်တစ်ခုကို ဝင်းခနဲ မြင်ရလေ၏ ။ မြင်မိသော မျက်လုံးနှစ်လုံးတို့သည်ကား ပျဉ်ထောင်ကို ပစ်၍ စိုက်သော မြားနှစ်စင်းပမာ သဏ္ဌာန်အပေါ်၌ စူးစိုက်ကာ ကပ်၍ တန်းလန်းကြီး နေကြလေ၏ ။ သို့ဖြစ်သောကြောင့် ထိုသဏ္ဌာန်မှ တစ်ပါး မည်သည့် အရာကိုမျှ မမြင်ဘဲ နေလေ၏ ။ ၎င်းသဏ္ဌာန်သည်ကား ဖြူစင်တောက်ပ နံနက်ခင်းနေရောင်တွင် မှန်ရောင်ထသော ရှန်သားအင်္ကျီ ဖြစ်လေသတည်း ။
ထိုရှန်သားအင်္ကျီကို ဖောက်၍ မြင်ရပြန်သော အရာသည်ကား ဇာဘော်လီ အပြောက်အကွက်များ ဖြစ်လေ၏ ။ ထိုဇာဘော်လီကို ဖောက်၍ မြင်ရသော အရာမှာ တိမ်ပန်းရွှေဝါး နုစွာအသား၏ တုန်တုန်ယင်ယင် လှုပ်ရှားခြင်း ဖြစ်လေ၏ ။ အကြောင်းမူကား ဘတ်(စ်) ကားသည် အမြန်သွား၍ နေလေသတည်း ။ ရူပါရုံသည်ကား မောင်ဖေကို သတိထားဟန် မရှိ ။ ရှေ့တည့်တည့် ပြတင်းပေါက်ကိုသာ ကြည့်၍ နေလေ၏ ။ ၎င်းကို အမှတ်တမဲ့ ကြည့်လျှင် အတွင်း၌ ရွှေဝါရည်ပွင့်သော ဥဿဖရားတုံးနှင့် တူလေ၏ ။ အလွန်တရာ အရည်လည်လျက် အရှေ့ဘက်မှ ဆင်းသော နေရောင်သည် ထိုသဏ္ဌာန်ကို ထုတ်ချင်းခပ် ဖောက်၍ သွားသည်ဟု မှတ်ထင်လောက်အောင် ကြည်လင်လေ၏ ။
၎င်း၏ ဆံထုံးမှာ မကျစ်မလျစ် ကပ်ပြောင်ချော တင်း၍ မနေ ။ ကပိုကရိုကြီးလည်း မဟုတ် ၊ နေရောင် ထွင်းသွားသော အရှိန်၌ လွင့်ကာလွင့်ကာ လှုပ်ရှား ကစားတိုင်း သက်တံရောင် တောက်သော ဆံနွယ်ကလေးများဖြင့် ဝေဆာလျက် အလှ၏ တန်ခိုးရောင်ခြည် ထွက်သလို တစ်ချက်တစ်ချက် ပြိုးခနဲပြက်ခနဲ နေလေ၏ ။ အသက်အရွယ်မှာ ၁၈ နှစ်ခန့် ရှိသော ထိုရူပါရုံ မိန်းမပျိုကလေးသည် ဘတ်(စ်)ကားပေါ်၌ မိမိ အပြင် တစ်ယောက်တည်းသာ ပါရှိသော မောင်ဖေကို တစ်ချက်မျှ ကြည့်ပြီး မောင်ဖေ၏ မျက်လုံးအရှိန်များကြောင့် ယားကျိကျိ ဖြစ်သလို မနေသာမထိုင်သာ လှုပ်ရှားပြီး မိမိ ရှေ့တည့်တည့်ရှိ ပြတင်းပေါက်ကိုသာ စိုက်ကာ ကြည့်၍ နေလေ၏ ။
ကားပေါ်၌ လူတစ်ယောက်မျှ မတက်ချေ ။ ထို နံနက်သည်ကား သင်္ကြန်အကြတ်နေ့ နံနက်ခင်း ဖြစ်လေ၏ ။
ကောင်းကင်သည် လွန်စွာ ကြည်လင်၏ ။ လောက ဓာတ်တစ်ခုလုံး သစ်လွင်၍ နေလေသည်ဟု မောင်ဖေ၏ စိတ်၌ မှတ်ထင်ရလေ၏ ။ အဝေးအနီးမှ ကြားရသော အိုးစည်သံ ၊ ဒိုးပတ်သံ ၊ တီးသံမှုတ်သံတို့သည် ကြည်လင်သော လေပြင်၌ ဝေလျှံနေကြလေ၏ ။ အားလပ်သော မောင်ဖေ၏ စိတ်သည် ကြောင့်ကြလွတ်ကင်း စိတ်အာရုံ လွန်စွာရှင်းသော ငှက်၏ တောင်ပံကို ရသလို ပေါ့ပါး ကြွမြောက်၍ နေလေသတည်း ။ ထိုမျှလောက် ကြည်လင်သော စိတ်နှင့် ထိုမျှလောက်သော ရူပါရုံသည် နေရောင် နှင့် အကျွမ်းဝင်သလို သင့်မြတ်ခြင်း ဖြစ်လေရာ ကြည်လင် သော စိတ်မှာ တောက်လျှံခြင်း ဖြစ်၍ လာလေ၏ ။
မောင်ဖေ၏ စိတ်၌ ထိုမျှလောက် လှသော ရူပါရုံကလေးကို သူတစ်ပါး မြင်မှာပင် စိုးသကဲ့သို့ ဖြစ်လေရာ စပယ်ယာနှင့် ဒရိုင်ဘာများ သိကြချေက ၎င်းကို ဘတ်(စ်)ကားပေါ်မှ နှင်၍ ချချင်ကြပေလိမ့်မည် ။ အကြောင်းမူကား ၎င်း၏ စိတ်ထဲ၌ ဘတ်(စ်)ကားပေါ်ကို မည်သူမျှ မတက် ပါစေနှင့်ဟု ဆုတောင်း၍ နေလေ၏ ။
သို့သွားရာ အတန်ကြာသောအခါ ယောက်ျား ၊ မိန်းမ တစ်စု တက်၍ လာကြလေ၏ ။ ထိုလူစုမှာ စုတ်နုတ် ညစ်ပေသော အလုပ်သမားများ ဖြစ်သဖြင့် မောင်ဖေ သည် ၎င်းတို့နှင့် လွတ်အောင် ရှောင်လိုက်ရာ ထိုလှပ သော မိန်းမပျိုလေး၏ ရှေ့တည့်တည့်သို့ ရောက်၍ သွားလေ၏ ။
ထိုအခါ၌ ၎င်း၏ မျက်လုံးများသည် မက်လုံးတွေ ဖြစ်၍ သွားကြလေ၏ ။ အကြောင်းမူကား ထိုမျက်လုံးများမှ အပေါ်ရှန်သားမှ ဒေသစာရီ လှည့်ကာ ဘတ်(စ်)ကား လှုပ်တိုင်း လှုပ်ရှားနေသော ညီညာဖြောင့်စင်း တင်းရင်းပြည့်ဝ အိအိကလေးတွေဟု မှတ်ထင်ရသော ပေါင်များပေါ်သို့ တင်၍ ထားသော လက်ချောင်းကလေးများ၏ လှပညက်ချော မက်မောလောက်ခြင်း အပေါ်၌ မက်လုံးစိုက်၍ နေကြလေတော့၏ ။ သို့ဖြစ်သောကြောင့် ဆူးလေဘုရားမှာ ဆင်းမည် အကြံနှင့် ဘတ်(စ်)ကားပေါ် သို့ တက်ခဲ့သော မောင်ဖေမှာ ဆူးလေမြတ်စွာကို မမြင် ၊ ကိုယ်တော်ပင် လုံးလုံး ပျောက်ကွယ်သလို ဖြစ်သောကြောင့် ခရီးလွန်၍ လာခဲ့သဖြင့် စပယ်ယာက လာ၍ သတိပေးသောအခါ ပိုက်ဆံတစ်ပြား ထပ်၍ ပေးရလေ ၏ ။ အကြောင်းမူကား ရူပါရုံစားပွဲထိုင်၍ နေရသော ဘောဇဉ်အရသာမှာ ဤအခါ အထူးခြားဆုံး ဖြစ်နေလေသတည်း ။
ဘတ်(စ်)ကားသည် ဆူးလေဘုရား အနောက်ဘက် အနား၌ အတော်ကြာကြာလေး ရပ်၍ နေလေ၏ ။ ကြည့်မြင်တိုင် ၊ ကြည့်မြင့်တိုင် ၊ လမ်းမတော် ၊ မော်တင် ဟု အထပ်ထပ် အော်သော စပယ်ယာ၏ အသံကိုမျှ မောင်ဖေ မကြားဘဲ နေလေ၏ ။
ထိုအခါ အိုးစည်သံ ၊ ဒိုးပတ်သံတွေ တိုး၍ ကျယ်လေ၏ ။ မောင်ဖေသည် လှပသော သူငယ်မလေးကို ကြည့်ရင်းကြည့်ရင်း ၎င်း၏ မျက်လုံးများ၌ အကြောက် ဝင်၍ လာလေ၏ ။ မျက်လုံးများသည် ကျယ်၍ လာလေ၏ ။ အခြား ဘတ်(စ်)ကားစီးသူ အလုပ်သမားများ နှင့် မိန်းမနှစ်ယောက်သည်လည်း ထိုမိန်းကလေးကို ကြည့်ကြလေ၏ ။ သို့သော်လည်း မောင်ဖေ၏ မျက်လုံး ပြောင်းပုံမှာ အတော် ထင်ရှားသဖြင့် မောင်ဖေကို စိုက်၍ ကြည့်ကြပြန်လေ၏ ။
သူငယ်မလေးသည် မောင်ဖေ မိမိကို ဂရုစိုက်ကာ ကြည့်၍ နေသည်ကို သိလေ၏ ။ ၎င်း၏ ထက်သန်သော ကြည့်ခြင်းသည် ခါးကို ကလိသလို ဖြစ်လေ၏ ။ သို့ဖြစ်၍ မကြာခဏ နေရာကို ပြင်၍ ထိုင်လေ၏ ။ မောင်ဖေကိုလည်း မကြာမကြာ လျင်မြန်သော မျက်လုံးဖြင့် ရိပ်ခနဲ ရိပ်ခနဲ ကြည့်မိ၏ ။ ကြည့်သည့် အခါတိုင်း မောင်ဖေ၏ မျက်လုံးများကလည်း ရိပ်ခနဲ ရိပ်ခနဲ ရှောင်လေ၏ ။ ရှောင်သည့် အခါတိုင်းလည်း သူငယ်မလေးက သိလေ၏ ။ သို့ဖြစ်သောကြောင့် ဒီလူဟာ ရုပ်ရည်ကလေး အချောသားနှင့် အကြည့်ရဲလိုက်တာ တကတဲမှပဲ ဟူသော အမူအရာမျိုးနှင့် တစ်ခါနှစ်ခါ စတိုင်ပါပါ မျက်နှာကို မော့ကာ မောင်ဖေအား မျက်နှာ တည့်တည့်မပေး ၊ ဒရိုင်ဘာ၏ နောက်စေ့ကို ခပ်စောင်းစောင်း ကြည့်လေ၏ ။ မောင်ဖေ၏ မျက်လုံး၌ ပြောင်းလဲစွာ ထက်သန်ပြူးပြဲ ကြောက်ရွံ့ပုံ ပေါ်၍ လာသော အခါ၌ ကောင်မကလေးက တစ်ခါ ကြည့်မိရာတွင် အမယ်လေး ဟင်း ဒီလူ ဘယ့်နှယ်ပါလိမ့်ဟု ထိတ်ခနဲ ဖြစ်သဖြင့် နေရာ ပြင်၍ ထိုင်ပြန်လေ၏ ။ ဘတ်(စ်)ကား လည်း စ၍ ထွက်ပြန်လေသတည်း ။
မောင်ဖေသည် လွန်စွာ မနာလို၍ နေလေ၏ ။ ထိုမျှလောက် လှပသော မိန်းကလေး၏ တောက်ပသော ကိုယ်ခန္ဓာကို အလုပ်သမားများ၏ မျက်လုံးတွေ ထိုးဖောက်စူးရှစွာ ကြည့်သည်ကို မခံမရပ်နိုင်သလို ဖြစ်လေ၏ ။ မိန်းမပျိုကလေးသည် ၎င်းကို တစ်ဖန် ကြည့်လေရာ တစ်စုံတစ်ရာ ပြောချင်သလိုလို အမူအရာကြောင့် မောင်ဖေ၏ မျက်နှာ ပြောင်း၍ သွားလေ၏ ။ မိန်းကလေးက ဘယ့်နှယ်လူနဲ့ တွေ့နေရပါလိမ့်ဟု တွေးကာ ချာခနဲ လှည့်၍ ဈေးဘက်၌ စုဝေးကခုန်ကြ ရန်ဖြစ်သူတို့ကို လှမ်း၍ ကြည့်လေ၏ ။
ထိုအခါ မောင်ဖေက ၎င်းကို စိုက်ကာ မပြုံးတပြုံး စဉ်းစားပြုံး ပြုံးပြီး ဦးခေါင်းကို ညင်သာစွာ ညိတ်လျက် မလေးစားချင်တော့ပြီ ဖြစ်သော အမူအရာမျိုးနှင့် ဈေးဘက်၌ ရှိသော လူစုစုကို လှမ်း၍ ကြည့်နေလေ၏ ။ မိန်းကလေးကို ဆက်၍ ကြည့်ပြန်လေ၏ ။ ဘတ်(စ်) ကား ထွက်စ ပြုလေ၏ ။
မောင်ဖေသည် ဘာမပြော ညာမပြော မိမိ၏ သက္ကလတ်အင်္ကျီကို ချွတ်ပြီး လက်နှင့်ကိုင်ကာ ထိုင်ရာမှ ထပြီး မိန်းကလေး၏ ပေါင်ပေါ်ကို တင်၍ ပေးလိုက်လေ၏ ။
မိန်းမပျိုက ၎င်းကို စိတ်ဆိုးသော မျက်နှာနှင့် မော်၍ ကြည့်လေရာ မောင်ဖေ စိတ်ထဲ၌ တိုး၍ ချစ်စရာ ကောင်းသည်ဟု အောက်မေ့လေ၏ ။ မိန်းမပျိုသည် ပေါင်ပေါ်၌ ရှိသော မောင်ဖေ၏ အင်္ကျီကို မြွေဆိုး မြွေဟောက်ကို ကြည့်သလို ကြောက်ရွံ့မုန်းထား ရွံရှာသော မျက်နှာထားနှင့် ငုံ့ကိုင်ကြည့်ခိုက်မှာ အင်္ကျီမှ ရေမွှေးနံ့ကို ရလေ၏ ။ သက္ကလတ်အင်္ကျီမှာလည်း အလွန် အဖိုးတန်မည့် အင်္ကျီ ဖြစ်သည်ကို သိလေ၏ ။ သို့သော်လည်း ကင်းခြေများ ဖားပြုတ်တောက်တက်ကို လက်နှင့် မထိ ဝံ့သလို ဖြစ်သည့်အလား လက်ကလေးများနှင့် ကိုင်ဖယ်တော့မလို လုပ်ပြီးမှ မထိမကိုင်ဘဲ လက်ကလေး နှစ်ဖက် မြှောက်ကာ ၎င်းအင်္ကျီကို ကြည့်ရာမှ မောင်ဖေ၏ မျက်နှာကို မော့ကြည့်ပြီး မျက်မှောင်ကုတ်ကာ ရှင် ဘာလဲ ၊ ရှင့်လူကို ဘာမှတ်လို့လဲ ။ ရှင့်သားမယား မှတ်လို့လား ။ ရှင့်အင်္ကျီကို ကျွန်မ ခြေနင်းဖတ်ထဲ တွန်းချပစ်လိုက်မယ် ဟု သာယာချစ်ဖွယ်သော အသံကလေးနှင့် ပြောလေ၏ ။
မောင်ဖေသည်ကား ပြုံးလျက် ကြည့်ပြီး မေးငေါ့ကာ ပခုံးပေါ် တင်ထားလိုက်ပါဟု ပြောသော အမူအရာမျိုးကို ပြလေ၏ ။
အလို ခက်နေပါပြီ ။ ဘယ့်နှယ်လဲရှင့်ဟင် ဟု မျက်နှာ နီလျက် ဒေါသနှင့်ပြောပြီး အင်္ကျီကို ပေါင်ပေါ်မှ ပျာပျာသလဲ လက်နှင့် ဖယ်၍ ချလိုက်၏ ။ ထို့နောက် အလုပ်သမားများ ဘက်သို့ မိန်းမပျိုက လှည့်ကာ ဟုတ်တယ်ရှင့် ၊ ဘယ့်နှာလည်း မသိဘူး ။ သိလည်း မသိဘဲနှင့်ဟု ပြောလေ၏ ။
မောင်ဖေသည်ကား မျက်နှာမပျက် ပြုံးလျက်ပင် အင်္ကျီကို ကောက်ကာ ဖုန်များကို လက်နှင့် ပုတ်၍ ခါပြီး အင်္ကျီကို မိမိ၏ ပေါင်ပေါ်၌ တင်ကာ ရှေ့သို့ ကိုင်းလျက် ဒူးပေါ်ရှိ အင်္ကျီကို ဖိကာ တံတောင်ဆစ် တင်၍ မေးထောက်လျက် နေလေ၏ ။ သစ်လွင်လှပသော ပန်းဆီ ရှပ်အင်္ကျီ မှာ မောင်ဖေ၏ ယဉ်ကျေးခန့်ညားခြင်းကို သာလွန် ထင်ပေါ်စေလေ၏ ။ မိန်းမပျိုကလေးသည် ၎င်းကို မကြည့်ဘဲ မနေနိုင် ။ ကြည့်သည့်အခါ မျက်လုံးချင်း ဆိုင်မိသဖြင့် မျက်နှာကို နံဘေးသို့ လှည့်လိုက်ရလေ၏ ။ အလုပ်သမားများသည်လည်း တစ်ယောက်ကို တစ်ယောက် နှစ်ယောက်စလုံးကို အကဲခတ်လျက် ကြည့်နေလေ၏ ။
ဒိုးပတ်သံ ၊ အိုးစည်သံတို့သည် နီး၍ လာလေ၏ ။ ကိုယ်နှင့် မျက်နှာမှာ ဆေးရောင်အမျိုးမျိုး ခြယ်လျက် ကွေး၍ နေအောင် ကသူတို့ကို ကုန်ဈေးတန်းဘက်နား၌ တွေ့ရလေရာ အားလုံးစိုက်၍ ကြည့်ကြ၏ ။ ဘတ်(စ်) ကားသည် ရှေ့သို့ လွန်၍ သွားလေ၏ ။ ကသူတွေ ကိုသာ ဆက်လက်၍ ကြည့်ကာ ဘတ်(စ်)ကားပေါ်၌ ပါ၍ သွားကြလေသတည်း ။
ရွှီးရွှီးရွှတ်ရွှတ် ဗြန်း ၊ ဗွမ်း မည်းမိုက်မှောင်ဝေမှောင် ကျ၍ သွားလေ၏ ။ ဘတ်(စ်)ကားလည်း သုံးချောင်းထောက်သွားရာမှ ကဆုန်စိုင်းလေ၏ ။ မျက်လုံးများကို ပွတ်ကြ၍ အလင်းရကြသောအခါ သိမ်ကြီးဈေး အလွန်တွင် တစ်ယောက်ကို တစ်ယောက် ကြည့်မိကြပြန်၏ ။ မောင်ဖေသည် အစကလို ရှေ့ရှေ့ကို မကြည့်ဝံ့တော့ ချေ ။ အကြောင်းမူကား သူငယ်မကလေးမှာ ဖုံးလို့ မလုံ ၊ ဖိလို့ မလုံ ရှန်သားအင်္ကျီတည်း ဟူသော အမှေးအကာ ကွယ်ပျောက်ပြီး ဇာဘော်လီနှင့် အတွင်းသား အနှစ် ဝင်းဝင်းကလေးများသာ ကျန်ရှိတော့လေရာ မောင်ဖေ ကြည့်လည်း မကြည့်ဝံ့ ။ မကြည့်ဘဲလည်း မနေနိုင် ။ တစ်ချက် ကြည့်လိုက် ၊ ချာခနဲ ဖြစ်သွားလိုက် ၊ တစ်ချက် ကြည့်လိုက် ဦးခေါင်းလည်၍ သွားလိုက်နှင့် မငြိမ်မသက် ဖြစ်၍ နေလေသည် ။ နှလုံးအိမ် အင်ဂျင်စက်မှာ ဂေါ်ရင်ဂျီ ကု,လားဆိုင်းတီး၍ နေလေသတည်း ။ ဘတ်(စ်)ကားကလည်း ရပ်၍ နေလေ၏ ။ ကားပေါ်က အလုပ်သမားတွေ ကောင်မကလေးကို ကြည့်ကြသည်ကို လည်းကောင်း ၊ ဘတ်(စ်)ကား အနီး ကပ်ကာ အပြင်မှ ကြည့်ကြသည်ကို လည်းကောင်း မောင်ဖေ မြင်ရလေရာ မျက်နှာနီလျက် ဒေါသထွက်လေ၏ ။ ထိုကဲ့သို့ မဖြစ်မီကပင် ထို မိန်းကလေးအား လူသူ မြင်မှာ စိုးခဲ့လေရာ ဤကဲ့သို့ ဖြစ်သော အခါ၌ကား မိမိ၏ မျက်လုံးများမှ တစ်ပါး အခြားသော မျက်လုံး ဖြစ်တာကို မခံမရပ်နိုင် ၊ အသည်းဆိုင် အကြိုအကြားမှာ ကျွဲနှင့်ကျား ဝင်၍ စစ်ကစားသလို ဖြစ်၍ နေရှာလေတော့သတည်း ။
စပယ်ယာကလေးက မောင်ဖေအား မျက်စပစ်၍ ပြပြန်၏ ။ မျက်စပစ်သည်ကို မိန်းကလေးလည်း မြင်လိုက်၏ ။ အလုပ်သမားတွေ မိမိကို ကြည့်ကြသည်ကိုလည်း မိန်းကလေး သိလေ၏ ။ သို့ဖြစ်၍ ရှက်ကိုး ရှက်ကန်း လက်ပိုက်ကာ တွန့်လိမ်လှုပ်ရှားလျက် နေရှာလေ၏ ။ သို့တွန့်လိမ်လှုပ်ရှားလေလေ နဂိုအလှ ငါးရံ့ ကိုယ်ကလေး၏ ခိုင်ခံ့သောအလှ ထင်ရှားလေလေ ဖြစ်ရာ မောင်ဖေမှာ သာ၍ မခံမရပ်နိုင်ဖြစ်ပြီး မျက်စပစ်၍ ပြသော စပယ်ယာကလေးကို မင်းက ဘာလဲညာလဲ စသည်ဖြင့် ခြေနှင့် ကန်တော့မလို ခက်ထန်စွာ မာန်ဖီလျက် ဟိန်းဟောက်လိုက်လေရာ အလုပ်သမားတွေပါ ဖိန့်ဖိန့်တုန်လျက် မျက်နှာပိုးသတ်၍ နေကြလေ၏ ။ ကောင်မလေးသည်ကား အားငယ်သော မျက်နှာ သနားစရာ အမူအရာ ဂိုက်စတိုင်ကို ကြည့်လျက်နေလေ၏ ။ သို့နေခိုက်တွင် သူငယ်မမှာ မူလရှိရင်းစွဲ စိတ်မာန်တွေ ပပျောက်ကာ ၎င်း၏ ရင်ခွင်သို့ ဝင်၍ ပုန်းခိုချင်သော ကလေးလေးလို ဖြစ်၍ သွားလေ၏ ။ သူ ဟိန်းလိုက်တဲ့ အသံက ကေသရာဇာခြင်္သေ့အသံကြီးပါကလားဟု အောက်မေ့ကာ ချီးမွမ်းစ ပြုလေ၏ ။ ရှေ့ပထမ၌ မောင်ဖေက ကြည့်၏ ။ ယခုမှာကား မောင်ဖေမှာ စိတ်ဆိုးသော အမူအရာနှင့် မျက်နှာလွှဲကာ မိမိ၏ ဒူးပေါ်၌ ရှိသော သက္ကလပ် အင်္ကျီကို ကိုင်ကာ ဆုပ်ကာ နေလေ၏ ။ ကားသည် အမြန် သွားလေ၏ ။ မိန်းကလေးမှာ ချမ်းစ ပြုလေ၏ ။ ရေပက်သမားတွေ ထပ်၍ သဲကြလေ၏ ။ မိန်းမပျိုလေးမှာ လက်ပိုက်၍ မလုံ ၊ ရင်အုံမှာ တုန်တုန်ယင်ယင် နေသည်ကိုမှ ပြည့်ဝသော လက်မောင်းကလေးနှင့် ကွယ်၍ မရနိုင်အောင် ဖြစ်၍ နေသည်ကို မောင်ဖေ၏ လျင်မြန်သော မျက်လုံးသည် သေသေချာချာ မကြည့်ဘဲ သိလေ၏ ။ မိန်းမပျိုလေးသည်ကား မောင်ဖေ၏ ဒူးပေါ်၌ ရှိသော သက္ကလတ်အင်္ကျီကိုသာ ကြည့်ကာ မေးရိုက်၍ လာလေ၏ ။ ဘတ်(စ်)ကားက အတော် မြန်သဖြင့် လေဟပ်ချမ်းစ ပြုလေသတည်း ။
လမ်းမတော်ဘက်သို့ ရောက်သောအခါ လူစုများကို တွေ့ရပြန်၏ ။ မောင်ဖေသည် စိတ်ဆိုးသော အမူအရာနှင့် မိန်းမပျိုလေးကို တစ်ဖန် ကြည့်ပြီး -
“ ကောင်းတယ် ၊ ဘယ့်နှယ် နေသလဲ နောက်က ပြတင်းပေါက်ကို ပိတ်ပါလား ” ဟု ဒေါသနှင့် ပြောလေ၏ ။
“ ကျွန်မ အစကတည်းက ပိတ်လို့မရဘူး ” ဟု မိန်းမကလေးက အားငယ်စွာ ငိုသံပါတော့မလို ပြော၏ ။ ထိုအခါ မောင်ဖေသည် မိမိ၏ အပါး၌ ရှိသော အလုပ်သမားကို ခင်ဗျား ဟိုဘက်တိုးဟု ပြောပြီး မိမိလည်း ထ၍ မိန်းမပျိုကလေး၏ ပခုံးကို ကိုင်ကာ ခေါ်ပြီး မိမိ၏ နေရာနံဘေး၌ ထိုင်စေ၏ ။ ထို့နောက် သက္ကလတ်အင်္ကျီကို မိန်းမပျိုကလေး၏ အပေါ်၌ လွှမ်း၍ ပေးလေရာ မိန်းမကလေးသည် ငြိမ်၍နေလေ၏ ။
“ မင်း ဘယ်ကလဲ ”
“ ကျွန်မ ကြို့ပင်ကောက်က ”
“ ဘယ်ကို သွားမလို့လဲ ”
“ ကျွန်မ အစ်မတစ်ယောက် ဆီကို လာတယ် ”
“ မင်း အစ်မ ဘယ်မှာလဲ ”
“ ရေကျော်မှာ ရှိတယ် ကြားလို့ လာတာပဲ ။ အခုတော့ ကြည့်မြင်တိုင် ပြောင်းသွားတယ် ပြောလို့ ”
“ ဘာပြုလို့ တစ်ယောက်တည်း လာသလဲ ”
“ ကျွန်မ မိထွေးနဲ့ မနေချင်လို့ ”
“ အခု ရန်ကုန်မှာ ဘာလုပ်သလဲ ”
“ ကျွန်မ အလုပ်လုပ်မှာပဲ ။ ဒီနှစ်ပဲ ကျွန်မ ကြို့ပင်ကောက်ကျောင်းမှာ ခုနစ်တန်း အောင်တယ် ”
“ နို့ အလုပ်ရပါ့မလား ”
“ မသိဘူး ၊ ကျွန်မ အစ်မယောက်ျားက ရေဝန်ဘက် မှာ လုပ်တယ် ။ အခု မမာလို့ အခွင့် ယူနေတယ် ကြားတာပဲ ”
“ အဲဒါမှ အခက် ။ ကြည့်မြင်တိုင် ဘယ်အရပ်မှာတဲ့လဲ ”
“ ကျွန်မ မေးသွားရမှာပဲ ”
ဘတ်(စ်)ကားသည် မဂိုလမ်း ( ယခု ရွှေဘုံသာလမ်း ) နားသို့ ရောက်သွားလေ၏ ။ မောင်ဖေ၏ မျက်နှာမှာ ကြောင့်ကြသောစိတ် ဝင်၍ လာပြန်လေ၏ ။ ကျွန်မ မေးသွားရမှာပဲ ။ အဲဒါ ဒုက္ခပဲဟု ပြောပြီး စပယ်ယာ အား ပိုက်ဆံထပ်၍ ပေးရပြန်လေ၏ ။ ထို့နောက် ဆိတ်ငြိမ်စွာ လိုက်ပါ၍ သွားကြလေရာ ကြည့်မြင်တိုင် သို့ ရောက်ကြလေ၏ ။
မီးရထားရုံအနီး ကားပေါ်မှ ဆင်းကြလေ၏ ။
“ ရှင်က ဘယ်ကို သွားမလို့လဲ ”
“ ငါ့အင်္ကျီ အဆုံးမခံနိုင်လို့ လိုက်လာတာပဲ ။ အလုံ မှာ ဆင်းဖို့ ” ဟု ပလီ၍ ပြောလေ၏ ။
ဒီလိုဖြင့် ကျွန်မဟု ပြောကာ အင်္ကျီကို ကျောမှ ဖြုတ်ခွာမည် ပြုရာ ရင်ဘတ်သည် ဝင်းခနဲ ဖြစ်၍ သွားလေ၏ ။ လမ်းကြမ်းပိုးတွေ ရပ်ကာ ၎င်းတို့ နှစ်ယောက်ကို ဂရုစိုက်သော မျက်လုံးများနှင့် ကြည့်ကြလေ၏ ။
“ နေပါစေကွယ် ၊ ကိုင်း .. အိမ်အထိပဲ လိုက်ပို့ပါ့မယ် ။ အစကတည်းက မင်း ငါ့ကို တလွဲ မထင်ရင် ခုလို ဖြစ်မှာ မဟုတ်ဘူး ။ တခြား အဝတ်လဲဖို့ မပါဘူးလား ”
“ ကျွန်မ ဘာမှ မယူခဲ့ရပါဘူး ။ တိတ်တိတ် ပြေးလာရလို့ ” ဟု ညှိုးငယ်စွာ ပြောလေ၏ ။
ထိုနေ့ လိုက်၍ ရှာကြရာ ဘယ်မှာမှ မေး၍ မရကြချေ ။ နေလည်း အတော် စောင်း၍ သွားလေ၏ ။
မကြာမီ ကားကြီးတစ်စီး ထိုးဆိုက်၍ လာလေ၏ ။ ထိုကားပေါ်မှ အသားဖြူဖြူ ၊ နှုတ်ခမ်းမွေးကားကား ၊ အသံ ပြာလဲ့လဲ့နှင့် ဒေါသကြီးစွာ စကားပြောသော ပုဆိုးရှည်နှင့် ယောက်ျားကြီး တစ်ယောက် ။ ၎င်းအပြင် အခြား ယောက်ျား ခပ်ရွယ်ရွယ် တစ်ယောက် ဆင်း၍ လာကြသည်ကို မြင်ကြရလေ၏ ။
မိန်းမပျိုကလေးသည် ၎င်းတို့ကို မြင်လျှင် မြင်ချင်း အမယ်လေးဟု အော်ကာ ပြေးလေ၏ ။ ထိုအခိုက် သင်္ကြန်မိုး ရွာ၍ လာလေ၏ ။ မောင်ဖေသည် ဘာမသိ ညာမသိ မိန်းမပျိုကလေး၏ နောက်ကို ပြေး၍ လိုက် လေ၏ ။ ယောက်ျားနှင့် ၎င်း၏ အဖော်သည်လည်း ပြေး၍ လိုက်ကြလေ၏ ။ ဟဲ့ဟဲ့ တင်တင် မပြေးနဲ့ ၊ နင့်ကို ဘယ့်နှယ်မှ မလုပ်ဘူး ။ ဟေ့ ... ဟိုမောင်ရင် ဟု ယောက်ျား ကြီးက အော်လေ၏ ။ အော်သော်လည်း တင်တင်သည် ပြန်၍ မကြည့် ။ အတွင် ပြေးလေ၏ ။ မိုးသည် သည်း၍ လာလေ၏ ။ ယောက်ျားကြီးမှာ ပုဆိုးပြုတ်လျက် ခါးနောက်မှာ တန်းလန်းကြီး လူကိုလိုက်သော မြွေပမာ လိုက်ပါလေ၏ ။ ယောက်ျားကြီးမှာ ဘောင်းဘီတို အခံ ရှိသောကြောင့် ပုဆိုးပြုတ်သည်ကိုမှ မသိချေ ။ ၎င်း၏ အဖော်သည် ပုဆိုးကို ကောက်ယူ၍ ပေးလေရာ ယောက်ျားကြီး ပြန်၍ ဝတ်လေ၏ ။ ထိုအခိုက်တွင် ခြံတစ်ခု၌ ရှိသော လူမရှိသော တိုက်ခံအိမ်ကြီး တစ်ခုသို့ ရောက်သွားကြလေ၏ ။
ထိုတိုက်မှာ တံခါးတွေ အကုန် ပိတ်၍ ထားလေ၏ ။ ၎င်းတိုက်ကို လှည့်ပတ်၍ ပြေးရာ နောက်ဖေး အပေါက် တစ်ခုမှာ ကြေးအိုးတိုက်၍ နေသော ဒရမ်ဝမ် ကု,လားတစ်ယောက်ကို တွေ့သဖြင့် မောင်ဖေသည် ကု,လားအား ငွေတစ်ကျပ် ပေးပြီး တိုက်ထဲသို့ ပြေးဝင်ကာ တံခါးကို အတွင်းမှ မင်းတုပ် ချလိုက်ပြီး နှစ်ယောက်သား အခန်းငယ်ကလေး တစ်ခုမှာ ရှိသော ကု,လားကြီး ခုတင်ပေါ်၌ တစ်ယောက်၏ ခါးကို တစ်ယောက် ဖက်ကာ မောဟိုက် နားစွင့်၍ နေကြ၏ ။
မကြာမီ ကျောက်စရစ်ခဲပေါ်၌ နင်း၍ လာသော ခြေသံများကို မိုးသံနှင့် ရော၍ ကြားရလေ၏ ။ ထိုအခိုက်တွင် မိန်းမပျိုကလေးမှာ အအေးမိသဖြင့် မီးယပ်ချမ်း ထလျက် မေးခိုက်ခိုက် တုန်လေ၏ ။
အမယ်လေး အမယ်လေး ချမ်းလှချည်ရဲ့ဟု ပြောပြီး မောင်ဖေ အပါး အတင်းတိုး၍ ကပ်၏ ။ မောင်ဖေက နားနားကပ်ကာ တိုးတိုးပြော ၊ တိုးတိုးပြော ရောက်လာကြပြီဟု ပြောရင်း နူးညံ့ပျောင်းအိသော ကိုယ်ကလေး အေးအေးကို တင်းစွာ ပွေ့ယူလျက် ရင်ငွေ့ဖြင့် နွေးအောင် ပြုလုပ်လေ၏ ။ ဟီး ဟီး ဟီး ဟီး ခိုက် ခိုက် ခိုက်ခိုက် မြည်ကာ မိန်းမပျိုလေးမှာ မသက်မသာ ဖြစ်ပြီး လည်တိုင် ရှင်းရှင်းကလေးမှာ ပျော့ခွေကာ မောင်ဖေ၏ ရင်ဘတ်ပေါ်တွင် မျက်နှာကို မှီတင်၍ ထားလေ၏ ။ အကယ်၍များ မိုးမသည်းချေက ညည်းသံကို အပြင်မှ ကြားရဖို့ ရှိလေ၏ ။ အဘိုးကြီးက ကု,လားအား ချွတ်ကရီး ချွတ်ကရား နိမ်းအာယားဟေး ဟု မေးလေ၏ ။
ကွန်းချွတ်ကရီးဆပ် နိမ်းအာအား ၊ ဟမ် နိမ်းမာလိုဆပ် ဟု ကု,လားက ပြန်ပြောလေ၏ ။
တွန်နိမ်းဒေခါးကျားဟေ ၊ ထွန်မူသာဝါဒလိုလ တားဟေး ဒီမိုးကလည်းဗျာဟု ပြောပြီး ကု,လားလို ကြိမ်းလေ၏ ။
ကု,လားသည်ကား ကြေးအိုးနှင့် အဘိုးကြီး၏ မျက်နှာကို ပေါက်ချင်သလို ကြည့်လေရာ အဘိုးကြီးက တစ်ဖန် ပျော့ပျောင်းသော အသံနှင့် ဟမ်ပိုက်ဆံဒေးကား ဘာဘူ တဆိတ် ဘိုလိုးဘာတူ ဘာလူးဟမ်း ပိုက်ဆံ ဒေးကား ဘာဘူ ဆလန်ဘာဘူ ချွတ်ကရီး ဟားမာရာ ဟေ့ .. သမီး ဘယ့်နှယ် ခေါ်သလဲ ပြောလိုက်စမ်းပါလကွယ်ဟု ကု,လားကို ပြောရာမှ မိမိ၏ အဖော်ကို လှမ်း၍ ပြောလေ၏ ။
မောင်ဖေသည် ထိုစကားကို ကြားသဖြင့် ကြိတ်ကာ ရယ်ရလေ၏ ။ အသံ မထွက်အောင် မနည်း ကြိုးစားရလေ၏ ။ မိန်းမပျိုလေးကိုလည်း နွေးအောင် ပွေ့ရလေ၏ ။
ကု,လားသည်ကား စကား ပြန်မပြောဘဲ ထ၍ သွား လေ၏ ။ အဘိုးကြီး၏ အဖော်က ဟိုဘက် ကူးပြေးကြတယ် ထင်ပါတယ်ဟု ပြောပြီး စည်းရိုးကို ဖြတ်ကျော် သွားကြလေ၏ ။
အတန်ကြာသောအခါ မိုးစဲလေ၏ ။ မောင်ဖေ သည် လွှား၍ ထားသော ကု,လားဒိုတီ နှစ်ထည်ကို ယူကာ ရော့ ... အဝတ်စိုတွေနဲ့ နေရင် မင်း နွေးမှာ မဟုတ်ဘူး ။ မင်း ဒုက္ခဖြစ်လိမ့်မယ်ဟု ပြောကာ ပေးလေ၏ ။ တင်တင် သည် ခိုက်ခိုက်တုန်လျက် ဒိုတီကို ပွေ့ကာ မောင်ဖေ၏ မျက်နှာကို မော့၍ ကြည့်လေ၏ ။
မောင်ဖေ ရိပ်မိသဖြင့် နောက်သို့ ချာခနဲလှည့်၍ အတန်ကြာသောအခါ -
“ ပြီးပလား ”
“ နေပါဦးရှင် ဟီး ... ဟီး ... ဟီး ... ဟီး ”
နောက် အတန်ကြာ၍ ထိုကဲ့သို့ နေပြီး -
“ ပြီးပလား တင်တင် ”
ဟုတ်ကဲ့ဟု ပြောလေ၏ ။ မောင်ဖေ လှည့်၍ ကြည့်လိုက်သောအခါ တင်တင်မှာ ဒိုတီတစ်ထည်ကို ဝတ် ၊ တစ်ထည်ကို ခြုံလျက် ဆံကျစ်ရသေ့မလေး ဖြစ်ကာ အထူးပိုမို၍ ချစ်စရာကောင်း၍ နေသောကြောင့်လား မသိရ ။ အချမ်းမပျောက် တုန်လျက် ရှိသေးသောကြောင့်လား မသိရ ။ မောင်ဖေသည် အပါး၌ ထိုင်ကာ ပွေ့ယူလိုက်လေ၏ ။
ထိုအခိုက် ဒေါသနှင့် သောင်းကျန်းရေရွတ်ကာ ပြန်၍ လာကြသော အဘိုးကြီးနှင့် ၎င်းအဖော်၏ အသံများကို ကြားရလေ၏ ။ ၎င်းတို့သည် တိုက်အနီး၌ မရပ်တော့ဘဲ ခြံထဲမှ ထွက်ကြပြီးနောက် အတန်ကလေး ကြာသောအခါ ကားစက်နှိုးပြီး ထွက်သွားသော အသံကို ကြားရသဖြင့် စိတ်ချရသော်လည်း အတန်ကြာစွာ အသံ မပြုဝံ့ဘဲ ငြိမ်၍သာ နေကြလေ၏ ။ တင်တင် မှာလည်း အချမ်းပျောက်၍ သွားလေတော့သတည်း ။
မင်း အဖေလားကွယ့် ၊ တစ်ယောက်က ဘယ်သူလဲဟု မောင်ဖေက မေးလေရာ တင်တင်က ယောက်ျားကြီးမှာ မိမိ၏ ဖခင် အငြိမ်းစားသူကြီး ဖြစ်ကြောင်း ၊ တစ်ယောက်မှာ မိမိ အစ်မကြီးရဲ့ ယောက်ျား မြေတိုင်း အင်စပက်တော် ဖြစ်ကြောင်း မိမိ၏အစ်မ သေသဖြင့် ဖခင်နှင့် မိထွေးက မိမိအား ထိုလူနှင့် ပေးစားဖို့ စီမံကြသဖြင့် မိမိမှာ ပြေး၍ လာကြောင်း ပြော၍ ပြလေရာ မောင်ဖေက -
ဒီလိုဖြင့် ပြန်လည်း မပြန်နဲ့တော့ ။ မင်း အစ်မကို လည်း ရှာဖို့ မလိုတော့ဘူး ။ မင်း အစ်မက အရင်းလားဟု မေးလေ၏ ။
ဝမ်းကွဲ ဖြစ်ကြောင်း တင်တင်က ပြောလေ၏ ။
ကိုင်း ... ဒီလိုဖြင့် မင်း ဒီလို ရိုးသားဖြောင့်မတ်တဲ့ မျက်နှာကို ယုံရဲ့မဟုတ်လား ဟု ပြောကာ မျက်နှာချင်း ထိလုခမန်း ကပ်၍ မေးလေ၏ ။ တင်တင်သည် အားငယ်သော မျက်နှာထားနှင့် မောင်ဖေ၏ မျက်နှာကို မှေးမှေးကလေး စူးစိုက်ကာ ကြည့်၍နေ၏ ။ ထိုအခိုက်တွင် မောင်ဖေသည် ခုတင် ပေါ်မှ သမံတလင်း ပေါ်သို့ ဒူးထောက်လျက် ကျပြီး တင်းပြည့်အိကြွသော တင်ပါးကလေးများကို လက်နှစ်ဖက်စလုံးနှင့် ရစ်ပတ်ကာ လက်မောင်းများ၏ စက်ဝိုင်း၌ အမိယူလျက် တင်တင်၏ ပေါင်ပေါ်သို့ ဦးခေါင်းကို ငဲ့တင်ပြီး တင် အထက်တန်း ရှေ့နေ ကတော်လေး ဖြစ်ရမှာကို နိမ့်ကျတယ်လို့ သဘော မထားရင် ဘယ်ကိုမှ ပြေးဖို့ စိတ်မကူးပါနဲ့တော့ ဟု ပြောလေ၏ ။
တင်တင်သည် ပင့်သက်ရှူကာ မျက်နှာ နီမြန်းလျက် ရှက်ကိုးရှက်ကန်း ဖြစ်၍ နေပြီးမှ မောင်ဖေ၏ မျက်နှာကို စူးစိုက်စွာ ကြည့်ပြီး ကျွန်မဖြင့် မကြံတတ်အောင် ရှိတော့တာပဲ ။ ကျားသနားမှ နွားချမ်းသာရမယ့် အဖြစ်မျိုးကို ရောက်နေတော့တာပါပဲ ဟု ပြောလေ၏ ။ မောင်ဖေသည် ခုတင်ပေါ်သို့ ပြန်၍ ထိုင်ကာ ကျား မဟုတ်ပါဘူး ။ နာမည်ကျော် ဘီအေ ဘီအယ်လ် ရှေ့နေ တစ်ယောက်ပါ ။ တင်တင် ချမ်းသာပါစေမယ် ။ ကျားလို စားရုံ သဘောထားတာ မဟုတ်ပါဘူး ။ တင်တင် မောလှပြီ ။ တုံးလုံးပက်လက်ကလေး တစ်ရေးတစ်မော မှေးချင်တယ် ထင်ပါရဲ့ ဟု ပြောရင်း ကလေးလို ယုယကာ အိပ်ရာ၌ သိပ်သလို သိမ်မွေ့စွာ ပွေ့ယူ၍ ကြိုးခုတင် ပေါ်တွင် တင်တင်ကို လှဲပြီး သိပ်လိုက်လေသတည်း ။
အတန်ကြာသောအခါ တံခါးမှ ထုသံ ကြားသဖြင့် မောင်ဖေ သွား၍ ဖွင့်ပြီး ကု,လားအား ငါးကျပ်တန် စက္ကူ တစ်ချပ်ကို ပေးလေ၏ ။ ထို့နောက် ငါးကျပ်တန် တစ်ချပ် နှင့် စားစရာ သောက်စရာများ အဝယ်ခိုင်းလေ၏ ။ အတန်ကြာသောအခါ မုန့်သေတ္တာ ၊ အမဲသား ၊ ငါးသေတ္တာများကို စားကြရင်း ဒရဝမ်ကု,လားနဲ့ ပြောဆိုကာ ထိုအိမ်ကို ငှား၍ နှစ်ယောက်တည်း အတည်ကျ နေကြလေရာ ရာသက်ပန် မြဲပေတည်း ။
▢ ပီမိုးနင်း
📖 ဗန္ဓုလဂျာနယ်
အတွဲ ၃ ၊ အမှတ် ၂
ဧပြီ ၁၀ ၊ ၁၉၃၂
No comments:
Post a Comment