Friday, April 17, 2026

ကိုပီတိနှင့် မင်္ဂလာသစ်


 ❝ ကိုပီတိနှင့် မင်္ဂလာသစ် ❞ 

           ( ချစ်စရာ )


“ ခင်ဗျားရဲ့ လက္ခဏာမှာ အင်္ဂလိပ် အက္ခရာ အေပုံသဏ္ဌာန် လမ်းကြောင်း ပါတဲ့ အတွက် ဘယ်အလုပ် မဆို ကိုယ့်ဒူးကိုယ်ချွန် လုပ်ရင် အောင်မြင်မယ် ... တစောက်ကန်း ထင်ရာ စွတ်လုပ်တတ်တယ် ... တစ်ကိုယ်ရေ စိတ်ချမ်းသာမှု ရှာဖွေချင်တယ် ... တစ်ဦးတည်း လွတ်လွတ်လပ်လပ် နေချင်တယ် ... တစ်ကိုယ်ကောင်း ဆန်တယ် ” 


“ လက္ခဏာ ဟောတာမှ ဟုတ်ကဲ့လား ဆရာရယ် စွဲချက်တွေများ တင်နေတာလား ... ဘုရား ... ဘုရား ... ” 


လက်ဝါးပြင် ပေါ်မှာ ငယ်ကျိုးငယ်နာ လမ်းကြောင်းတွေ မရှိပါစေနဲ့ ... လက္ခဏာဆရာ မှန်ဘီလူးဝိုင်းကြီးနဲ့ ကပ်ကြည့်လိုက် ခွာကြည့်လိုက် လုပ်နေရင်းက 


“ စိတ်သဘောကလည်း နှစ်ခွစိတ်ဗျ ... ဒေါသဖြစ်ရင်း ကြင်နာ နေတတ်သလို မေတ္တာပွားရင်းလည်း အမုန်းစိတ် ဝင်နေတတ်ပြန်ရော ဒုက္ခပေးတဲ့ သူကို လက်စားချေဘို့ စီစဉ်ရင်း သင်ခန်းစာပေါ့လေ ဆိုပြီး ဖြေသိမ့်ခွင့်လွှတ်ချင် ခွင့်လွှတ် ”


“ ရှေ့ဘာဖြစ်မလည်း ဆိုတာလေး ဟောပါဦး ဆရာ ” 


အကျင့်တွေ ပေါ်ကုန်မှာ စိုးလို့ ကိုပီတိ စကားလမ်းကြောင်း လွှဲလိုက်တယ် ။ လက္ခဏာဆရာ တစ်ချက် ပြုံးလိုက်ပြီး ... 


“ အလကားလည်း မေးသေးတယ် ၊ အတိအကျလည်း သိချင်တယ် ဆိုတော့ ကျားလွန်ကြီး ဖြစ်မနေဘူးလား ... ရှေ့ကိစ္စ မှန်သမျှ ကျုပ် ဟောချက်တွေ အတိုင်း သုံးသပ်ကြည့်ပေါ့ဗျ ... ခင်ဗျားဟာ နှစ်ခွစိတ်ပိုင်ရှင် ဖြစ်တဲ့ အတွက် အကောင်း ဆိုရင် နှစ်မျိုး ကောင်းမယ် ၊ အဆိုး ဆိုရင်လည်း နှစ်မျိုး ဆိုးမှာဘဲ ။ တစ်ချိန်တည်းမှာ လုပ်ငန်း နှစ်မျိုး လုပ်နေရတတ်ပြီး အိမ်ထောင်ကျတောင် နှစ်ဆက် ဖြစ်ရမယ်ဗျာ ။ ကိုင်း တော်လောက်ပြီ ။ လက်ဖက်ရည် သွားသောက်ကြစို့ရဲ့ ... ” 


ပွဲဈေးတန်း ဗေဒင်ဟောခန်း ကနေ သူတို့ နှစ်ယောက် ထွက်လာရင်း လမ်းမှာ ကိုပီတိအဒေါ်နဲ့ တွေ့တော့ အဒေါ် ဖြစ်သူက ကိုပီတိကို 


“ ဟဲ့ကောင် ... မနက်က အိမ်မှာ ရိုးရာတင်တော့ တလိုင်း အဖေကြီး ကြွလာပြီး အင်္ဂါသား မကြာခင် သိန်းဂဏန်း လက်ရောက် စွန့်ပေးမှာမို့ ငါးရံ့နဖားထိုးနဲ့ အရက်ရယ် ၊ ကြက်ရယ် တင်ရမတဲ့ ။ သုံးရက် ၊ သုံးလအတွင်း နင့်ကံ အထွတ်အထိပ် ရောက်လိမ့်မယ်တဲ့ တင်စရာ ရှိတာ တင်လိုက်ဦး ” ဆိုပြီး ထွက်အသွားမှာ လက္ခဏာဆရာက ကိုပီတိ ပုခုံးကို ပုတ်ရင်း ဟောစာတန်းတောင် ဗေဒင်နဲ့ နတ်နဲ့ နှစ်မျိုး ဟောလိုက်ရပြီလေ ။ 


လူပျိုဘဝ ကိုပီတိရဲ့ ရင်ထဲမှာ အဲဒီအချိန်က စပြီး ဒွန်တွဲလာတတ်တဲ့ သူ့ကံကြမ္မာ အကြောင်းကို စောင့်ကြည့်တတ်တဲ့ အစွဲအလန်း မျိုးစေ့ကျခဲ့ရတာ အမှန်ပါ ။ 


•••••  •••••  •••••


“ မင်း အိမ်ထောင်ပြုဖို့ ကောင်းပြီကွ ၊ ဒီထက် အသက်ကြီးမှ ဆိုရင် သိပ်မနိပ်တော့ဘူး ” 


ကိုပီတိရဲ့ အဖေက လေးလေးပင်ပင် ပြောပြီး သူ့သား မျက်နှာကို ကြည့်နေတယ် ။ ပြီးမှ ပြုံးပြုံးနဲ့ ... 


“ ရည်းစားအသစ်ကလေး များကော ထပ်မတွေ့သေးဘူးလား ” 


ကိုပီတိမှာ ချစ်သူ မမြဲတာ တစ်နှစ် တစ်ယောက် ချစ် ... တွဲ ... လွမ်း ... ထပ်ချစ် ဇာတ်လမ်းတွေ ရှိတတ်တာ သိပြီးသားမို့ မေးလိုက်တာပါ ။ ကိုပီတိက စပ်ဖြီးဖြီး လုပ်ရင်း ...


“ တွေ့ထားပါပြီ ... ဟို ... ခပ်ချောချော ယိမ်းသမလေးလေ ”


“ ဟင် ... မင့်ဥစ္စာကလည်း တစ်နှစ် လာလည်း ယိမ်းသမ ၊ တစ်ခါ မေးလည်း ယိမ်းသမ ... တစ်ခါတစ်လေ မင်းသမီးများ  ရည်းစား ထားပါဦး ... မင်းဟာက မုဆိုးဖျင်းတော့ နှံမဖုတ်စား ဆိုတာလို ဖြစ်နေပြီ ” 


“ အဲဒါ ဘာအဓိပ္ပါယ်တုန်း အဖေရ ” 


“ မုဆိုးများ ညံ့လာပြီ ဆိုရင် သမင် ၊ ဒရယ်တွေ မလိုက်နိုင်တော့ဘူး လေကွာ ၊ ဒီတော့ တောစပ်ချုံပုတ်ထဲက နှံကောင်အမတွေ မီးဖုတ်စားပြီး ပြန်လာတော့တာပေါ့ ၊ မင်းလည်း လွယ်ရာ ဖမ်းကြိုက်တဲ့ကောင် ဆိုတော့ ” 


အဖေရယ် ဒီ ယိမ်းသမလေးတောင် သူ့ရည်းစားနဲ့ ကတောက်ကဆတ် ဖြစ်ပြီး ကျုပ်ကို အရွဲ့တိုက် ချစ်ပြလို့ ချစ်သူ ဖြစ်ရတာပါဗျာ ... လွယ်ရာ မဟုတ်ပါဘူး ၊ အရင် ကောင်မလေးတွေနဲ့ လမ်းခွဲ ခဲ့ရတာလည်း သူတို့ အပြစ် မဟုတ်ပါဘူး ။ ကျုပ်အပြစ်ပါ ။ သူတို့က တွေ့ဘို့ ချိန်းတိုင်း ကျုပ်မယ် အမူး လွန်နေရတာနဲ့ ... ဖဲဝိုင်း  ရောက်နေရတာနဲ့ အလွဲလွဲ အချော်ချော်တွေ ဖြစ်ပြီး စိတ်မရှည်လို့ လမ်းခွဲ ကုန်ကြတာပါဗျာ ။ 


အိပ်မက်ဟောင်းတွေ ကိုပီတိရဲ့ ရင်ထဲမှာ ဇိုးဇိုးဇပ်ဇပ် ခေါင်းထောင်ထကုန်တယ် ။ ပဉ္စမြောက် အိပ်မက်ပွင့်လေးရဲ့ တိုးညင်းတုန်ခါ စကားသံလေး ပဲ့တင်ပြန်လာတယ် ။ 


“ ခင်ဗျားကို အရက် မသောက်ဖို့ စာနဲ့ ငါးကြိမ် ၊ နှုတ်နဲ့ ခုနစ်ကြိမ် စုစုပေါင်း ဆယ်နှစ်ကြိမ် တားပေမယ့် မရဘူး ။ ခင်ဗျားဟာ အချစ်ထက် အရက်ကို ပိုပြီး ယစ်မူးတာမို့ လမ်းခွဲကြပါစို့ ... ” 


ဆဋ္ဌမအိပ်မက်ရဲ့ အမိန့်တော်ပြန်တမ်းကတော့ ပြတ်သား ရှင်းလင်းတယ် ။ 


“ ကစားသမားကို ရည်းစား လုပ်ရရင် အချုပ်တန်းမှာ ချိန်းတွေ့ရုံပဲ ရှိတော့မယ် ။ ပုဒ်မတွေ ၊ ဥပဒေတွေကို အချစ်ကဗျာ ဖွဲ့ပြီး အာမခံတွေ လျှောက်လွှဲချက်တွေနဲ့ ဒူးနဲ့ မျက်ရည် သုတ်နေရမှာမို့ အချိန်ရှိတုန်း သံယောဇဉ်တွေကို ရုပ်သိမ်းလိုက်ပါပြီ ”


“ စဉ်းစားပါဦးဟာ တကယ်တော့ ဘဝ ဆိုတာက လောင်းကစားပွဲ တစ်ခုပါ ။ လူ့အဖြစ် ရပြီ ဆိုတော့ ရှင်သန်ခြင်းနဲ့ သေဆုံးခြင်း လောင်းကြေး ထပ်ကြရတာ မဟုတ်လား နာမည်ဆိုးပေမယ့် လောင်းကစား ဆိုတာ ယုံကြည်မှုကို အားပြိုင်တဲ့ ပြယုဂ်ပါ ။ ငါ အတိအကျ သက်သေပြနိုင်ပါတယ် ။ နင် မယုံရင် လောင်းမလား ”


“ တော်ပြီ ... ” 


အိပ်မက်ကလေးတွေ ဝေးလွင့်မှုန်ရီ ... ပုန်းခိုသွားကြပြီ ၊ ကိုပီတိအဖေ့ ရုပ်ပုံ တစ်စတစ်စ ရှင်းပြတ် ပီပြင်လာတယ် ။ 


“ လူလွတ်ဘဝ ဆိုတာ ပျော်စရာကောင်းတာ မှန်ပေမယ့် အထိမ်းအကွတ် မရှိတော့ ဘရမ်းပတာ နိုင်တယ် ... ပေါ့တန်တယ် ... အလေအလွင့် အယိုအဖိတ် များတယ် ။ ပြီးတော့ သဘင်လုပ်ငန်း ဆိုတာ ဘဝအာမခံချက် မရှိတဲ့ လုပ်ငန်း ။ ဆိုင်းသံ ကြားမှ စား ၊ ဆိုင်းသံရပ်ရင် ငတ် ဆိုတဲ့ ဘဝ ၊ ငွေ ပျောက်တာ ပြန်ရှာလို့ ရပေမယ့် စင် ပျောက်ပြီဆိုရင် တစ်ဘဝလုံး မှောက်ကရော ။ အရွယ် ရှိတုန်းမှာ ရှာဖွေစုဆောင်း ... အိမ်ထောင်ကောင်း ထူထောင် ... တခြား ပြင်ပ စီးပွားရေးတစ်ခု ထူထောင် ” 


“ ကဲ ယူပါ့မယ် အဖေရာ ... အဖေ့ စိတ်တိုင်းကျ ကျုပ်အိမ်ထောင် ပြုပါမယ် ” 


ပြွတ်သိပ်ကြပ်ခဲနေတဲ့ အဖေ့ ဒဿနတွေ ကြားက ခေါင်းညိတ်ရုန်းကန် ထွက်လိုက်ရင်း 


“ အိမ်ထောင် မပြုဘဲ ဆယ်တန်း အထိ ကျောင်းထား ၊ သဘင်ပညာသင်နဲ့ နှစ်ပေါင်း နှစ်ဆယ်ကျော် စောင့်ရှောက်လာပြီး အခုမှ ဘာစိတ်ကူးရလို့ အတင်း အိမ်ထောင်ပြုစေချင် ရတာလည်းဗျာ ” 


ဆိုတော့ သူ့အဖေ သက်ပြင်းမောကြီး ချလိုက်ပြီး 


“ တဂျီဂျီနဲ့ အရက်ဖိုး တောင်းတဲ့ဒါဏ် ၊ အိပ်ကောင်းခြင်း မအိပ်ရ ၊ ညဉ့်နက်သန်းခေါင် ဖဲရိုက်ဖို့ ပိုက်ဆံ ထုတ်ပေးရတဲ့ ဒါဏ်တွေ ငါမခံနိုင်လို့ ဝဋ်ရှိတဲ့ မိန်းကလေး တစ်ယောက်ကို လွှဲပေးတဲ့ သဘောပေါ့လကွာ ” 


•••••  •••••  ••••• 


ဒီလိုနဲ့ ဆရာဖြစ်သူ မြို့တော်ဦးသိန်းအောင် ဇာတ်ကနေ ထွက် ၊ အငြိမ့်လောကကို ရောက် နာမည်လေး နည်းနည်း အရာရောက်လာချိန်မှာ ကိုပီတိရဲ့ ဖခင်ကြီး သာသနာ့ဘောင် ဝင်သွားရှာပါတယ် ။ 


“ တစ်လျှောက်လုံး သူများ အလုပ်တွေချည့် လုပ်ပေးခဲ့ရတာ ... ကျန်တဲ့ အချိန်လေး ကိုယ့်အတွက် လုပ်ရဦးမယ်ကွာ ။ ဒီအချိန်က စပြီး အနှောင်အဖွဲ့တွေကို ငါ ဖြတ်လိုက်ပြီ ... မင်းတို့ အကြောင်းကြီးငယ်မှ မရှိဘဲ ငါ့ဆီကို လုံးဝ မလာကြနဲ့တော့ ” 


ဆို့ဆို့ကြီး ပြောပြီး ကျောခိုင်း ထွက်သွားတဲ့ ဖခင် ဦးပဉ္စင်းကြီးရဲ့ ကျောပြင်ကို ငေးကြည့်ရင်း ကိုပီတိ မျက်ရည် ပိုးပိုးပေါက်ပေါက် ကျခဲ့ရတယ် ။ အဖေက တိဟိတ်ကွ ၊ ချစ်လုံးလုံး မုန်းလျားလျား အင်္ဂါသားလည်း ဖြစ်ပြန် ဆိုတော့ သီးခံရင် တက်နင်းသွား ၊ စော်ကားတယ် ထင်ရင်လည်း လေပြင်းပြင်းတောင် အမှုတ် မခံဘူး ။ ဟင် ... ဆိုလို့ကတော့ လှည့်ကြည့်မယ် မထင်နဲ့တော့ ၊ အဖေ့ စကားစုတွေ နားထဲမှာ ဂယက်ထ နေတယ် ။ သံသာရ ဝဋ်ဒုက္ခတော ၊ မောစနတ္ထာရ ၊ သံသရာ ဝဋ်ဆင်းရဲ အပေါင်းမှ လွတ်မြောက်ရာ အရပ် သမုဒယဝေဒနာ အပေါင်း ကင်းဝေးရာ အရပ် သံယောဇဉ် ညွတ်ကွင်းကို နင်းခြေချိုးဖျက်ပြီး ... အေးငြိမ်းရာ တစ်ဘက်ကို တကယ်ပဲ ကူးပြောင်း သွားခဲ့ပြီလား အဖေ ။ 


အမိမဲ့သား ရေနည်းငါးလေးမို့ ငါ နောက်အိမ်ထောင် ပြုလိုက်ရင် မိထွေး ညိုညင်ခံရရှာတော့မယ် ဆိုတဲ့ စိတ်နဲ့ မအေ့ အတွက်ပါ တာဝန် နှစ်ခု ပေါင်းပြီး အတောင့်ကြီး အသီးမာအောင် ငါ ပြုစုခဲ့ရတာ ။ တာဝန်ကျေ လောက်ပါပြီကွာ ။ လိမ်လိမ်မာမာ လုပ်ကိုင် စားရင် လူရွှင်တော် ဘဝဟာ စားလမ်း ရှည်ပါတယ် ။ 


ရင်ထဲမှာ ခုန်ကြွ နိုးထနေတဲ့ အဖေ့ စကားစု မျက်ရည်ကြားက ဝိုးတဝါး အမြင်မှာ တရွေ့ရွေ့ ကျောခိုင်း လျှောက်လှမ်း နေတဲ့ ပဉ္စင်းအိုကြီး တစ်ပါးရဲ့ အဝါရောင်ပုံရိပ် ၊ ကိုပီတိ သူ့လက်တွင်းက စာအိတ်ပြာကလေးကို ဖောက်ဖတ်လိုက်တော့ အဋ္ဌမအိပ်မက်ရဲ့ နိဂုံးချုပ်မြှားချက် လက်ရေးဝိုင်းဝိုင်းတွေ ... 


“ အချစ်ဆိုတာ လက်တွေ့ ဘဝရဲ့ အဓိကအခန်းမှာ မပါဝင်ဘူးလေ ... ရင်ခုန်သံကို သုတေသနပြုတဲ့ အရွယ်မှာပဲ ထားရစ်ခဲ့ရတဲ့ ပစ္စည်း မဟုတ်လား ... နိုင်ငံခြားပြန် အင်ဂျင်နီယာနဲ့ ဖေဖေတို့ စီစဉ်ထားတာမို့ ... ” 


တို့များရဲ့ စိတ်ကူး တံလျှပ်ကလေးကို 


အော် ... ကမ်းမယောင်နဲ့ လက်ကာပြသွား ပြန်ပါပကော ...


•••••  •••••  •••••  


ဒွန့်လို့ ပြောပြော ဒွိလို့ သတ်မတ်သတ်မတ် ဒွေးလို့ ခေါ်ခေါ် လူမင်းလို့ ခေါ်ခေါ် ကိုပီတိ ဘဝက အဲလို အစုံလိုက် အစုံလိုက် ဖြစ်ရပ်တွေ အများကြီး ။ အော်ပရာလေး ပြဇာတ်လေး မတောက်တခေါက် ရေးနိုင်လို့ ဝင်ငွေ တစ်မျိုးရ ၊ လူရွှင်တော် ကလို့ တစ်မျိုးရ နှစ်မျိုး ရပြီးတာနဲ့ အရက်သောက်ပြီး ဂျင်ရှုံးလို့ နှစ်သွယ် ကုန်ရပြန်ကရော ... နာမည်ကလည်း အတော်ကြီးနေပြီ ... မူးနေတာကို အတော် ရယ်ရတယ် ဆိုတာမျိုးပေါ့ ... ဘယ်လောက် ရှုံးရှုံး လုပ်ငန်းထဲမှာ ပြက်လုံး မမှားဘူး ဆိုတာမျိုးပေါ့ ... တွဲလျှက်ပဲလေ ။ အဲဒီ နှစ်မှာ ကိုပီတိတို့ အငြိမ့်ထဲကို ပွဲကြည်ကြီး ပညာသင် လာ အပ်ပါလေရော ... ။ သူ့မိတ်ဆွေ လူရွှင်တော် ကိုအာယု ကတော့ ... 


“ ယိမ်းပညာသင်တဲ့ကွာ ဂျပန်နပမ်းသမားများလား အောက်မေ့ရတယ် ။ နည်းတဲ့ ကိုယ်လုံးကြီး မဟုတ်ဘူး ။ မျက်နှာပေါက် ကတော့ တကယ့် စံရှားတင် ဘဲမောင် ထီးချိုင့် ကတဲ့ ။ မိဘတွေက တောင်သူ လူချမ်းသာတွေတဲ့ ” 


နောက်ဆုံး အချက်အလက်တွေဟာ ကိုပီတိ ရင်ကို ဒိန်းခနဲ ဝင်မှန်တယ် ။ မယားတောသူတဲ့ ၊ တောင်သူလူချမ်းသာတွေတဲ့ ။ မှာထား အလားသင့်လိုက်လေ ။ ငါလို ဝင်ငွေ လေသေနတ်ကျည်ဆံ ၊ ထွက်ငွေ အမြောက်ဆန်သမားတွေအတွက် ချည်တိုင်ကောင်း တွေ့ပြီ ။ အာမခံချက် မရှိတဲ့ သဘင်ပညာကို မြတ်နိုးစွာ လုပ်ကိုင်ရင်း အိုစာမင်းစာ ယာခင်းပိုင်ရှင် အဖြစ် ဇရာနဲ့ နေဝင်ချိန်ကို ဧရာဝတီ အညာအရပ်မှာ ခန့်ခန့်ညားညား တစ်ခန်းရပ်လို့ ရပြီ ။ အဲဒီအချိန်က စပြီး မပွဲကြည်လေး ကို ပွဲတင်မက အပြင်မှာပါ ကြည်အောင် စွမ်းဆောင်ပါတော့တယ် ။ အင်္ဂါသား ကိုးဂဏန်း အကျိုးပေးသတဲ့ ၊ မင်းဟာ ငါ့ရဲ့ နဝမ အိပ်မက်ပွင့်ကလေးပါကွယ် ... 


တဖွဲ့တည်း သုံးနှစ်တိတိ အတူတူ ကပြီးချိန်မှာတော့ ... မပွဲကြည် ကိုပီတိ ရင်ခွင်ထဲ ရောက်သွားပါတော့တယ် ။ 


“ ကျုပ်က တောသူတော့ ကြိုက်ရင် ယူရမှာ ”


“ အင်းပါဟာ ငါလည်း မင်္ဂလာဆောင်ဘို့ စဉ်းစား ” 


“ မနေ့ကတင် လူကြုံနဲ့ အဖေတို့ အမေတို့ကို မှာလိုက်ပြီတော့ ”


“ ဟိုက် ” 


•••••  •••••  •••••  


“ မင်း ရှေ့နှစ် အတွက် စပေါ်ကြိုတင်ငွေရယ် ၊ ငါတို့ ငွေရယ် ပေါင်းပြီး လုပ်ရတာဘဲ ။ အဝေးက သတို့သမီး ဆိုတော့ ဆွေမျိုး အရင်းအချာတွေက လွဲရင် ကျန်တဲ့ မိတ်ဆွေတွေ အားကိုးနဲ့ ဆောင်ရမယ့် မင်္ဂလာပွဲပေါ့ကွယ် ” 


အမေကြီးက မင်္ဂလာဆောင် ဖိတ်စာတွေ ရေတွက်ရင်း ပြောနေပေမယ့် ကိုပီတိ ရင်တွေ ခုန်နေတယ် ။ မြတ်မှ မြတ်ပါ့မလား ... ဖိတ်တဲ့သူတွေ ကရော လာမှ လာကြပါ့မလား ။ ငါရော သူတို့ ကိစ္စတွေတုန်းက လိုက်ခဲ့ဘူးသလား ။ မိုးမရွာပါစေနဲ့ ၊ ငါ့ အပေါင်းအသင်းတွေ စီးပွါးရေး အဆင်ပြေကြပါစေ ၊ တောင်စဉ်ရေမရတွေ တွေးရာကနေ ... 


“ ဦးပဉ္စင်းကြီးကိုရော လျှောက်ကြသေးလား ” 


“ မင့်ဘကြီး သွားလျှောက်တော့ လူ့ကိစ္စတွေ စိတ်မဝင်စားတော့ဘူးတဲ့ ” 


“ အခါတော် ပေးတာက နတ်ရေးငယ်ရွှေစာ ... ”


၈၄ လမ်းနဲ့ ၂၆ ဘီလမ်းထောင့်က ခန်းမပေါ်မှာ သံကုန် အော်ဆိုနေချိန် အောက်ထပ်က ကိုပီတိ ခမြာ နို့ဆီပုံးတွေ သကြားအိတ်တွေကို အပေါ်ထမ်းတင် နေရတုန်း အားလုံး ရောက်ပြီ ဆိုမှ နံဘေးက သတို့သားဝတ်စုံ ယူဝတ် ၊ ခေါင်းပေါင်းစွတ် ၊ မပွဲကြည်ကို လက်တွဲပြီး အရှေ့ပေါက် လှေကားက တက်လိုက်တယ် ။ ဧည့်သည်တွေ စုံနေပြီ ... သူငယ်ချင်းတွေ ဆရာသမားတွေ အလယ်မှာ ဦးလေး နဲ့  ဒေါ်ဒေါ်  ( လူထုဦးလှ နဲ့ လူထုဒေါ်အမာ ) ပြီး ဦးပေါစံ ၊ ဒေါ်ဒေါ် အားလုံးကို လက်အုပ်ချီ နှုတ်ဆက်ရင်း စားပွဲထိပ်မှာ ပြုံးပြုံးကြီး ထိုင်နေတဲ့ ဘဒွေးမင်းသား ( မြို့တော်သိန်းအောင် ) ကို ကန်တော့လိုက်တော့ ဘဒွေးက ထုံးစံအတိုင်း နေကာမျက်မှန် အနက်ကို  ပင့်ရင်း ... 


“ ခလေးမလေးကို စိတ်ဆင်းရဲအောင် မလုပ်ပါနဲ့ကွာ ၊ သူ့ခမြာ နည်းတဲ့ ဝဋ်မဟုတ်ပါဘူး ” 


လို့ ပြောနေခိုက်မှာ ပရိသတ်တွေက ဝိုင်းပြီး ဦးသိန်းအောင် သီချင်း တစ်ပုဒ် ဆိုပေးပါလို့ တောင်းဆိုကြတာနဲ့ တီးဝိုင်း စင်မြင့်ပေါ်ကို တက် မိုက်ကရိုဖုန်းကို ယူရင်း လေအားကြီးနဲ့ ... 

 

“ အခုလို အားပေးတာ ကျေးဇူးတင်ပါတယ် ။ မောင်ပီတိ ဆိုတာ ကျွန်တော့်သား ဆိုရင် မလွဲပါဘူး ၊ လူဆိုး ၊ လူပေ ၊ လူရွှင်တော်လေးကို မွေးထားရတာမို့ ဒီခလေး ဒီလိုမှ အခြေ ကျပါ့မလားလို့ စိုးရိမ်ခဲ့ရတာ ခုတော့ စိတ်အေးရပါပြီ ။ နောက်ထပ် ဒီနေရာက မိတ်ဆွများကို ကြေညာချင်တာက ကျွန်တော် ကိုသိန်းအောင် ဒီနှစ် မန္တလေးမှာ ဗလာ ကပါတော့မယ် ” 


‘ ဟယ် ’ ဆိုတဲ့ အာမေဋိတ်သံတွေ စုတ်သပ်သံတွေ ပေါ်လာတယ် ။ ကိုပီတိ ရင်ထဲမှာ နင့်ခနဲ ဖြစ်သွားတယ် ။ တစ်နိုင်ငံလုံး ချစ်ကြတဲ့ နိုင်ငံရဲ့ တစ်နံတစ်လျားမှာ အောင်ပွဲတွေ အများကြီး ခံခဲ့တဲ့ ပုဂ္ဂိုလ် အခုတော့ ...


“ အရွယ်လည်း ရ ကျန်းမာရေးကလည်း စကား ပြောလာပြန်တော့ ”


ကျွန်တော် သိနေတယ် ဘဒွေး ။ ဘဒွေး ဘာကို ဖုံးကွယ်ပြီး ပြောနေတယ် ဆိုတာ ကျွန်တော် သိနေတယ် ။ ကြေကွဲနာကျင် အတွေးတွေက ကိုပီတိရဲ့ မျက်ရည်စီးကြောင်းကို ဖွင့်စပြုကုန်ကြပြီ ... 


“ ကိုယ့်ရတနာပုံ မင်းနေပြည်မှာပဲ အိုးမကွာ အိမ်မကွာ ... ” 


ဘဒွေး ရင်ခေါင်းသံကြီးနဲ့ ပြောနေရင်း နေကာမျက်မှန် အောက်က မျက်ရည်ပေါက်ကလေးတွေ စီးကျလာတယ် ။ နိမ့်ပါးသွားတဲ့ အခြေအနေရဲ့ ဒါဏ်ကို ဘယ်သူ ခံနိုင်မှာလည်း ။ ဟန်ဆောင် ပြုံးတယ် ။ လက်ကိုင်ပုဝါထုတ် မျက်ရည်ကို သုတ်လိုက်ပြီး ... 


“ ကျွန်တော့်သားရဲ့ မင်္ဂလာပွဲမှာ နိမိတ်ယူရင်း ပြည်တော်ဝင် ဆိုတဲ့ သီချင်းနဲ့ ဖျော်ဖြေပါရစေခင်ဗျ ၊  ချစ်ခင်ကြတဲ့ အားလုံး မိတ်ဆွေ နေ့တိုင်းပဲ သတိရကာနေ ၊ ကျန်းမာကြရဲ့လားလို့ ... ” 


သီချင်း မဟုတ်ဘူး ဘဒွေး ၊ အဲဒါငိုချင်း ၊ ငိုချင်း ဖျာကုန် ၊ ရုံပွင့် လက်ခုပ်သံ ၊ အောင်ပွဲ ၊ အဲဒါတွေကို စွန့်လွှတ်လိုက်ရလို့ အရှိန်အဝါ ဂုဏ်သိက္ခာ သရဖူဆောင်း ဘဝ ၊ ဒါတွေ စွန့်ခွာလိုက်ရလို့ နာကျင်စွာ ညီးညူနေတဲ့ ညည်းချင်း ။


“ ခါတော် ရောက်ချိန် နီးလို့လာပြီ ၊ ဒေါ်ဒေါ်မမ ညီမတို့ရေ ... ” 


အရာ ကျမှ အခါ တ နေရှာတဲ့ သူ့ဆရာ ငိုရင်း ဆိုနေရှာတဲ့ သူ့ဘဒွေးကို ကိုပီတိ မကြည့်ရက် မကြားရက်တော့ဘူး ။ 


“ အောင်စည်ယွန်းသံ ကြားရင်ဖြင့် ပြည်တော် ဝင်မယ်လေ ” 


ကိုပီတိ လည်ချောင်းထဲမှာ ကြပ်ကြပ်နင့်နင့်ကြီး ဖြစ်လာတယ် ။ သတို့သား တစ်ယောက် အနေနဲ့ မျက်ရည်ကို ခိုးပြီး ကျချင်တယ် ။ ခပ်သုတ်သုတ် ခန်းမအပြင် ဝရန်တာကို ထွက် ဝရန်တာကို မှီပြီး နာရီစင်ကို ကြည့်ရင်း အောက်ကို ငုံ့လိုက်တော့ နာရီစင် အောက်မှာ သားမင်္ဂလာပွဲ လူစည်ရဲ့လားလို့ ကတုံးလေး ပွတ်ပြီး ယောင်ပေ ယောင်ပေနဲ့ လှည့်ကြည့် လှည့်ကြည့် လုပ်နေရှာတဲ့ သူ့အဖေ ဦးပဉ္စင်းကြီး ။


▢ ချစ်စရာ

No comments:

Post a Comment