Tuesday, April 28, 2026

မွန်းတည့်ချိန်တွင် ရွာသည့် မိုးခါးရေနှင့်အတူ ကြွေလွင့်သွားသော

❝ မွန်းတည့်ချိန်တွင် ရွာသည့် မိုးခါးရေနှင့်အတူ ကြွေလွင့်သွားသော ❞ 
     ( လမင်းမောင်မောင် )


ဟိုး ... တောင်ဘက်မှာ ညို့မှိုင်းတက်လာနေတဲ့ မိုးသားတိမ်တိုက်တွေကို တစ်ချက် မော့ကြည့်လိုက်ပြီးမှ စက်ဘီးပေါ်က အဆင်း တုန်ယင်မောဟိုက်နေတဲ့ ရင်ကို တည်ငြိမ်အောင် ကြိုးစားရင်းက သက်ပြင်းရှည်ကြီးကို ချလိုက်ရပေမဲ့ အမောက နှစ်ဆလောက် ပိုတိုးလာတယ်လို့ ညိုမ ထင်မိတယ် ။ ရှက်ရွံ့ခြင်း ၊ သိမ်ငယ်ခြင်း ၊ ယူကျုံးမရ နှမြောတသခြင်းတွေနဲ့ လေးလံနေအောင် ဖိသိပ်ခံထားရတဲ့ ဒီ ရင်တွေ နောင်လည်း ဘယ်တော့မှ အမောပြေမှာ မဟုတ်တာကို ကြိုသိထားလို့လည်း ပိုလို့ မောရခြင်းပါ ။ ခြံတံခါးဝကနေ အတွင်းဘက်ကို လှမ်းကြည့်လိုက်တော့ မပူမနွေး နေရောင်အောက် ၊ ပန်းပေါင်းစုံ ဥယျာဉ်ကြီးရဲ့ ဟိုဘက်မှာ နန်းတော်ကြီးတမျှ ကြီးမား ခမ်းနားလိုက်တဲ့ တိုက်အိမ်ကြီး ။ ညိုမ အတွက်ကတော့ သားရဲတွင်းကြီး ဒါမှမဟုတ် ယဇ်ပလ္လင် နန်းတော်ကြီးပဲ ဖြစ်မှာပါ ။ ဒီခြံကြီးထဲကို ဝင်ဖို့ ညိုမရဲ့ခြေလှမ်းတွေ လေးလံနေကြသလို အတွင်းစိတ်ကလည်း နောက်ကြောင်းကို ပြန်ပြေးနေမိတာပါ ။ ငိုခဲ့ရလွန်းလို့ မျက်ရည်တွေလည်း ထွက်မရနိုင်တော့ဘူး ထင်ပါရဲ့ ။

ဒီအိမ်ကြီးကို လာခဲ့ရတာ ပေးဆပ်မှု တစ်ခု အတွက် ၊ အို မဟုတ်ဘူး မဟုတ်ဘူး ရယူမှုလည်း ပါတယ်လို့ ညိုမ ဇွတ်အတင်း တွေးမိလိုက်တယ် ။ ဟုတ်တယ် ညိုမ အတွက် နောက်ကြောင်းပြန်လှည့်ပြေးချင်စိတ်ကို အလို မလိုက်ရဲလောက်အောင်ကိုပဲ ဒီ ကြီးမားခမ်းနားလှတဲ့ ဝင်ပေါက်ကြီးဟာ ထွက်ပေါက် တစ်ခုလည်း ဖြစ်လို့ နေပြန်တယ် ။ ဒီထွက်ပေါက်က လွဲလို့ ညိုမ မှာရော ညိုမ ဖေဖေနဲ့ မောင်လေး ၊ ညီမလေးတို့ မှာပါ အခြား ထွက်ပေါက်ဆိုတာ လုံးဝ ရှာမတွေ့တော့တဲ့ အဆုံးမှာမှ ညိုမ ဒီကို လာဖို့ ဆုံးဖြတ်ခဲ့ရတာပါ ။ ခုလောက်ဆို အဲဒီ လူကြီး ညိုမ ရောက်နေတာကို သိနေလောက်ရောပေါ့ ။ တိမ်စိုင်တိမ်လိပ်ကြီးတွေက တရွေ့ရွေ့နဲ့ ညိုမထက်ကောင်းကင် မှာ စုဝေးဖို့ ကြိုးစားနေကြတာများလားပဲ ။ မိုးသက်လေ အေးအေးက ဝေ့ဝဲတိုက်ခတ်လာပေမဲ့ ညိုမ ရင်ထဲက ဘဝနဲ့ ရင်းရတဲ့ အပူကိုတော့ဖြင့် မအေးစေနိုင်ကြပါဘူး ။ လူခေါ်ဘဲလ်ကို နှိပ်ဖို့ရာ တုန်ယင်နေတဲ့ ညိုမရဲ့လက်ချောင်းလှလှလေးတွေ လှမ်းလိုက်တော့ လူက ယိုင်ချင်သလိုလို ဖြစ်သွားတာကြောင့် ကပျာကယာ စက်ဘီး ဒေါက်ကို ပြန်ထောက်လိုက်ရသေးတယ် ။ ဒီလောက်တောင် စုတ်ပြတ်နေတဲ့ စက်ဘီးကလေးမှာ ဒီဒေါက်ကလေး ခိုင်ခိုင်မာမာ ရှိနေတာကိုပဲ ကျေးဇူးတင်ရသေးတော့ ။ ဘဲလ်ရှိရာ ဒုတိယအကြိမ် ကြိုးစားလက်လှမ်းလိုက်ချိန်မှာတော့ ရင် တစ်ခုလုံး တစ်စစီ ပြိုကွဲကုန်ကြသလို ခလုတ်ကလေးကို နှိပ်လုလု လက်ညှိုးကလေးဟာ လေထဲမှာ တန်းလန်း တုန်တုန်ယင်ယင်နဲ့ ။

••••• ••••• •••••  

လှံထမ်းလာတာ မြင်ရပေမဲ့ ကံထမ်းလာတာ မမြင်ရဘူး ဆိုတဲ့ စကား ရှိပေမဲ့လည်း ညိုမတို့ အတွက်တော့ အဲဒီ မမြင်ရဘူးဆိုတဲ့ ကံ ဆိုတာကြီးက တစ်ခါဖူးမျှ မျက်နှာသာပေးတာ မခံခဲ့ရဖူးပါ ။ ညိုမ အသက် ၁ဝ နှစ်လောက်မှာ နှစ်ဖက်စလုံးက အဘိုးအဘွားတွေ ရှေ့ဆင့်နောက်ဆင့် ကွယ်လွန် ၊ အဖေနဲ့ အမေတို့က မိုးခေါင်ရေရှားဒေသမှာ ဘယ်လိုမှ အဆင်မပြေတော့ တစ်ရွာမပြောင်း သူကောင်းမဖြစ် ဆိုတဲ့ စကားပုံကို မျက်စိစုံမှိတ် ယုံခဲ့ကြတဲ့အတိုင်း ရှိသမျှ ဆယ့်နှစ်ရာသီ ပပ်ကြားအက်မြေကွက်လေးတွေ ၊ ပိန်ခြောက်ကပ် နွားလေးတွေကို ရောင်းချပြီး ဒီဒေသကို ပြောင်းရွှေ့ခဲ့ကြတာပါပဲ ။ ရှိစုမဲ့စု ဆင်းရဲသားဆွေမျိုးတွေကတော့ ကံချပေးတဲ့ ရွာမှာပဲ နေခဲ့ကြတော့တာ အဆက်အသွယ်လည်း ပြတ်ကရောပဲ ။ ဒီတောင်ပေါ်ဒေသကလေးကို အဖေ့မိတ်ဆွေ ပန်းရန်ဆရာကြီး တစ်ယောက်ရဲ့ အကူအညီနဲ့ ဈေးပေါပေါ မြေကွက်ကလေးဝယ် ၊ လေးပင်နှစ်ခန်းထရံကာ အိမ်ဆောက် ၊ အဖေက ညနေတိုင်း ဟင်းသီးဟင်းရွက်တွေ ၊ ပန်းတွေ ၊ ယာခင်းတွေထဲ ဈေးချိုချိုနဲ့ လိုက်ကောက် ၊ အမေက ဈေးထဲ တစ်နေကုန် ထိုင်ရောင်း ၊ ညိုမတို့ မောင်နှမသုံးယောက် အူစိုခဲ့ ၊ အပူအပင်ကင်းကင်း ပညာသင်နိုင်ခဲ့ကြပါတယ် ။ ညိုမ ရှစ်တန်း စတက်တဲ့ နှစ်မှာပဲ တစ်ရွာပြောင်းလို့ သူကောင်း မဖြစ်ဘဲ သေချင်တဲ့ကျား တောပြောင်း ဆိုတဲ့ စကားပုံ အိမ်ရှေ့ကို ရောက်လာတော့တယ် ။ အသက်လေးဆယ့်ငါးနှစ်အရွယ် ညိုမရဲ့မိခင် ဒေါ်စိန်အေး တစ်ယောက် ရေချိုးမှား ဦးနှောက်သွေးကြော ပြတ်လို့ ရုတ်တရက် ကောက်ကာငင်ကာ ကွယ်လွန်ခဲ့သော ညိုမ ငိုခဲ့ဖူးတဲ့ မျက်ရည်တွေထဲမယ် မိုးသည်းသည်း အမေ့အသုဘ မြေချတဲ့နေ့က မိုးရေတွေနဲ့ အပြိုင် စီးကျခဲ့တဲ့ မျက်ရည်တွေက အခါးသက်ဆုံးပါပဲလေ ။ အဖေက ညိုမကို ကျောင်းဆက်ထားပေးခဲ့ပါတယ် ။ ညနေကျောင်းက အပြန် ညိုမက ယာခင်းတွေထဲ ဟင်းသီးဟင်းရွက် အစုံနဲ့ ပန်းတွေ လိုက်ဝယ် ၊ အဖေက ဈေးထဲမှာ တစ်နေကုန် ရောင်းပြီး လောကဓံကို ရင်ဆိုင်အန်တုခဲ့ကြတယ် ။ ညိုမ ထက် လေးနှစ် ငယ်တဲ့ မောင်လေးက ခြောက်တန်း ၊ ခြောက်နှစ်ငယ်တဲ့ ညီမကလေးက စတုတ္ထတန်း တက်နေကြပြီ ။ မနက် အစောကြီး အဖေ ဈေးသွားရင် ထမင်းချိုင့် ထည့်ပေးနိုင်အောင် ညိုမ မနက်အစောကြီး ထမင်းဟင်း ထချက်ရတယ် ။ မောင်လေးနဲ့ ညီမလေးတို့အတွက်လည်း ကျောင်းကိစ္စ စီမံလုပ်ကိုင်ပေးရတယ် ။ ဆယ်တန်းကျောင်းသူ ဘဝမှာပဲ ရှိနေသေးတဲ့ ညိုမ အစ်မကြီး အမိအရာ ရောက်နေခဲ့ပြီ ။ စာတော်တဲ့ စာရင်းထဲမယ် ညိုမ မပါပေမဲ့ သူများတွေလို ကျူရှင် မယူဘဲ တစ်နှစ်တစ်တန်းတော့ မှန်မှန်အောင်ခဲ့တာချည်းပဲ ။ ဆယ်တန်းကို အောင်အောင်ဖြေပြီး အနည်းဆုံး အဝေးသင်တက္ကသိုလ်က ဘွဲ့တစ်ခုခု ရအောင် ယူချင်တာက ညိုမရဲ့ မကြီးမားလှတဲ့ ရည်ရွယ်ချက်ရိုးရိုး ကလေးရယ်ပါ ။ ဒါပေမဲ့ ကံကြမ္မာဆိုတာကြီးက ညိုမတို့ ဘက်မှာ ဘယ်တုန်းကမှ ရပ်တည်ဖေးမခဲ့တာ မရှိခဲ့တဲ့ အတိုင်း ဒီနှစ်နှစ်အတွင်းမှာ အသက်ငါးဆယ် ဝင်စ အဖေ ဦးစိုးအောင် တစ်ယောက် မကြာခဏ နေမကောင်း ဖြစ်လာတတ်တယ် ။ စနေ ၊ တနင်္ဂနွေ ကျောင်းပိတ်ရင် သူများတွေ အချိန်ပို တက်ကြပေမဲ့ ညိုမက အဖေ့ကို အိမ်မှာ နားခိုင်းပြီးတော့ ဈေးထဲမှာ ဈေးရောင်းရသူပါ ။ ဒါပေမဲ့ ညိုမ ပျော်တယ် ။ ကျေနပ်တယ် ။ မိသားစုကို ကူညီရတာ ကုသိုလ် တစ်ခုလို့ ညိုမက ခံယူထားသူပါ ။ ဒါ့အပြင် ဈေးထဲက ဗဟုသုတတွေကိုလည်း ညိုမက ဘာသာရပ် တစ်ခုလိုပဲ သဘောထားတာ ဆိုတော့ ပင်ပန်းတယ် မထင်ဘူးပေါ့ ။

မြွေပူရာ ကင်းမှောင့် ဘူးလေးရာ ဖရုံဆင့် ဆိုသလို ညိုမ ဘဝထဲကို ကံကြမ္မာဂြိုဟ်ဆိုး တစ်ခုက မခေါ်ဘဲ ရောက်လာပြန်တယ် ။ ညိုမ ကိုးတန်းစတက်တဲ့နှစ် ၊ မိုးတွင်းကြီးပေါ့ ။

“ ညိုမ နင့်အဖေ ကားတိုက်ခံရလို့ ဆေးရုံရောက်နေတယ် ” တဲ့ ။

စာသင်ခန်းဝကနေ လိုရင်း တဲ့တိုး အော်ပြောလာတဲ့ အိမ်နီးချင်း ပန်းရန်ဆရာရဲ့ မိန်းမ ၊ အမေသန်းခင် စကားလုံးတွေက စာသင်နေတဲ့ ညိုမကို ခဏမှင်တက် သွားစေခဲ့ပြီးမှ ထိတ်လန့်တုန်လှုပ်မှုတွေနဲ့ ဘယ်သူ့ကိုမှ ဘာမှ မပြောနိုင်ဘဲ စာသင်ခန်းထဲက ပြေးထွက် ၊ ဆေးရုံ ရှိရာကို စက်ဘီးနဲ့ အပြေးနင်းခဲ့ရတဲ့နေ့ကလည်း အစိုး မရတဲ့ တောင်ပေါ်မိုးက သဲကြီးမဲကြီးနဲ့ ရွာချလို့ ။ 

ကံကောင်းတယ်လို့ ဆိုရမှာက အဖေ အသက် မသေဘဲ ခြေသလုံးရိုးပဲ ကျိုးသွားခဲ့တယ် ။ မနက်အစောကြီး ဆိုတော့ တိုက်သွားတဲ့ ကားကိုလည်း မမှတ်မိခဲ့ပါဘူး ။ ကားဆရာကလည်း တိုက်ပြီး မောင်းပြေးသွားခဲ့တာကိုး ။ “ ကံပေါ့ သမီးရယ် ” ဆိုတဲ့ စကားကို အဖေ ဆိုနိုင်ခဲ့ပေမဲ့ ဆေးရုံမှာ ရက်တွေ ကြာခဲ့တော့ ညိုမတို့ ရှိစုမဲ့စုကလေး ကုန်တဲ့ အပြင် ကာလပေါက်ဈေး နည်းနည်းတန်လာတဲ့ မြေကွက်ကလေးကို ပန်းရန်ဆရာကြီးရဲ့သူဌေး ၊ အဲဒီကို ကျန်ကျောင်း ဆိုတဲ့ လူကြီးဆီမှာ အပေါင်ထားခဲ့ရတယ်လေ ။ မွေးမြူရေးခြံတွေ ၊ ဆောက်လုပ်ရေးလုပ်ငန်းတွေနဲ့ ချမ်းသာလှတဲ့ အဲဒီလူကြီးရဲ့ နာမည်ရင်းကိုလည်း ညိုမ မမှတ်မိပါဘူး ။ ကျန်ကျောင်း နဲ့ တူလို့ ကျန်ကျောင်း လို့ ခေါ်ကြတာတဲ့ ။ အသက်လေး ဆယ်ဝင်ကာစ လူပျိုကြီးပါ ။ ညိုမ ကတော့ ကျန်ကျောင်းကား မကြည့်ဖူးသလို အခုခေတ် ကိုရီးယားကား ဆိုတာလည်း မကြည့်ဖြစ်ပါဘူး ။ အိမ်မှာ တီဗွီနဲ့ တူတာဆိုလို့ မီးခြစ်ဘူးခွံတောင် မရှိ ။ ညိုမက သူများအိမ် သွားကြည့်ဖို့လည်း လုံးဝစိတ်မကူး ၊ မရှိတဲ့ အချိန်တွေထဲက စာကျက်ဖို့ အဓမ္မလုယူနေရတာနဲ့ ညိုမ မှာ မအားလပ်နိုင်ခဲ့ပါဘူး ။ မိခင် မရှိတော့ပေမဲ့ ရိုးသားလွန်းလှတဲ့ အဖေ့ ဆုံးမမှု အောက်မှာ ညိုမက ဗိုင်းကောင်းကျောက်ဖိ တကယ့်ကို ပိပိပြားပြား မြန်မာမကလေး စစ်စစ် ၊ ရွာကတည်းကထား ခဲ့တဲ့ ဆံတောက်ပုံကလေးကိုတောင် ခုထိ ထားနေတုန်း ။ သူများတွေလို ကောက်လိုက်ဖြောင်လိုက်လည်း မလုပ်ချင် ၊ ဆံပင်ကို ညှပ်လည်း မညှပ်တတ် ၊ ညိုမ ဆံပင်အုံကြီးက လှလွန်းလို့ လူတကာက ငေးကြည့်ရတာ ။ မိန်းမ တို့ဘုန်း ဆံထုံး ဆိုတာ အမေက မကြာခဏ ဆုံးမခဲ့ဖူးတာ မှတ်မိနေဆဲ ။

ကျောင်းစာနဲ့ အိမ်ရဲ့ စားဝတ်နေရေးက လွဲရင် ဘာမှ မသိတဲ့ အရိုင်းသက်သက် ညိုမဟာ ညိုပြာညက် အသားအရေ ၊ မျက်ခုံးမျက်လုံး နှာတံစတာတွေက ပေါ်လွင်ထင်ရှား လှပရုံမက ပုရိသတွေငေးရမယ့် ကိုယ်ခန္ဓာ အချိုးအစားကလည်း ပင်ပန်းလှတဲ့ ဘဝကနေ ရယူနိုင်ခဲ့ တယ် ထင်ပါရဲ့  ။ ညိုမကို ‘ ကုလားဆင်ချောချောတာ ’ လို့ ကျောင်းက ဆရာမတွေက ခဏခဏ ချီးမွမ်းတာခံရတယ် ။ ကျောင်းသူအချင်းချင်းလည်း ငေးကြရ ၊ အချို့က တမင် မနာလိုဖြစ်ကြရတဲ့ ဒီ ညိုမရဲ့ အလှတွေကြောင့် အိမ်ပေါင်ခြံပေါင် စာချုပ်ပြည့်ခဲ့တာကိုတောင် ကိုကျန်ကျောင်း ဆိုတဲ့ လူကြီးက အိမ်က အဖယ်မခိုင်းသေးဘဲ မနှစ်က တစ်နှစ် တိုးပေးခဲ့ရုံမကဘူး ၊ အဖေ့အိတ်ထောင် ထဲမယ် ခြင်္သေ့တွေ လိုအပ်ချိန်တိုင်း ရောက်ရောက်လာတတ်တယ် ။ ခြေတစ်ဖက် သိပ်မကောင်းတော့တဲ့ အဖေ ဒီလတွေ အတွင်း ပိုလို့ ချူချာလာတယ် ။ ဈေးလည်း ခဏခဏ ပျက်လာခဲ့ပြီလေ ။ ရောဂါရှာဖွေတော့လည်း အမည် တိတိကျကျ မသိရ ။ ချောင်းတွေ ဆိုးပြီး တဖြည်းဖြည်း ပိန်ချုံးလာခဲ့တယ် ။

ညိုမ ဆယ်တန်းဖြေတာ အဆင်ပြေအောင် ကိုကျန်ကျောင်းက မြေကွက်ကို မသိမ်းတာလို့ အဖေက ပြောပြတယ် ။ မောင်နှမသုံးယောက်ရဲ့ စားဝတ်နေရေး ၊ ပညာရေးစရိတ်တွေအတွက် ညိုမ မသိအောင် အဖေဟာ ကိုကျန်ကျောင်း ဆီက လိုတဲ့ငွေ မကြာခဏ ယူခဲ့ရတယ် ဆိုတာ နောက်မှ ညိုမ သိခဲ့ရတယ် ။ ညိုမကို တွေ့တိုင်း လည်း မျက်ရစ်မပါတဲ့ မျက်လုံးမှေးမှေးတွေနဲ့ ကိုကျန်ကျောင်းကြီးဟာ စူးစိုက်ကြည့်နေတတ်တာ ။ ကြာတော့ ညိုမ လည်း သိလာခဲ့ရပါတယ် ။ ဒီတောင်ပေါ်မြို့မှာ ကိုကျန်ကျောင်းတို့လို နောက်ဆုံးပေါ် ပါဂျဲရိုးကား အသစ်ကြီးတွေ စီးနိုင်တဲ့ သူဌေးတွေ အများကြီး ရှိတယ် ။ သူတို့နဲ့ ကင်းတဲ့ ညိုမတို့လို ဆင်းရဲသားတွေ ဆိုတာလည်း အရှားသားကလား ။ သူတို့ကျ ဘဝပေးကုသိုလ် ကောင်းလိုက်ကြတာ ။

“ အဲဒီ ကျန်ကျောင်းက ဆယ့်ခြောက်နှစ်ပန်း ဝယ်တဲ့ နေရာမှာ နာမည်ကြီး ။ အဲဒီထက် တစ်နှစ် နှစ်နှစ် ပိုငယ်တဲ့ ပန်းဆိုရင်လည်း ဝယ်တာပဲတဲ့တော် ၊ ပန်းက ငယ်လေ လှလေ သူက ဈေးကောင်းပေးလေပဲတဲ့ ” 

အမေသန်းခင် ဆီက ထူးဆန်းလှတဲ့ စကားတွေ ကြားခဲ့ရစဉ်က ညိုမ နားရှက်လိုက်တာ လွန်ရော ။ အဲဒီ လူကြီးဆီကို ပန်းရောင်းချင်သူတွေ တန်းစီနေကြတယ် လို့လည်း ကြားရတယ် ။ ဘယ်လို ရောင်းလို့ ဘယ်လို ဝယ်သလဲ ဆိုတာ ညိုမ ဉာဏ်မမီသလို တွေးတောင် မတွေးရဲခဲပါ ။ သူတို့ ပြောတဲ့ ပန်း ဆိုတဲ့ ဈေးကွက်ရဲ့ ကာလပေါက်ဈေး ဆိုတာကိုလည်း ညိုမ မတွက်ဆတတ်ခဲ့ပါဘူး ။ ယာခင်းထဲက ပန်းကလေးတွေကိုတော့ ညိုမက ဘယ်လို ဝယ် ၊ ဘယ်လို ရောင်းရမလဲ ဆိုတာ တီးမိခေါက်မိတော့ ရှိပါရဲ့ ။ ငါးရာဖိုး ပန်းစည်းကို နှစ်ရာတန် အစည်း ဆယ်စည်းလောက် ရအောင် ညိုမ စည်းတတ်တယ် ။ ပန်းက လတ်ဆတ်လေ ဈေးခေါ်လို့ ကောင်းလေပဲ ၊ အရင်းကျေ ပြီးရင် ကျန်တဲ့ ပန်းတွေကို သုံးစည်း ငါးရာနဲ့ ရောင်းလို့ ရသေးတယ် ။ သုံးလေးရက် ရေစိမ်ထားရင်လည်း ပန်းက လန်းဆန်းနေတတ်တယ် ။ ဒါပေမဲ့လို့ အရောင်လွင့်စ ပြုလာရင် ခပ်နွမ်းနွမ်း ဖြစ်လာရင်တော့ ရောင်းလို့ မကောင်းတော့ဘူး ။ ဒီသဘောလောက်သာ သိတတ်တဲ့ ညိုမ တစ်ရက်သား ကျောင်းက အပြန်မှာတော့ အဖေနဲ့ အဲဒီလူကြီး အချီအချ ပြောနေကြတာကို ညိုမ နားနဲ့ ဆတ်ဆတ် ကြားခဲ့ရပြီးပါပြီ ။ သူတို့ ပြောကြတဲ့ ဈေးကွက်ဝင်ပန်း ဆိုတာ သက်မဲ့ပန်းမှ ဟုတ်ပါပဲကလား ။ အသက်ရှိတဲ့ ဖူးငုံသစ် အဖို ဆိုလို့ ယင်ဖိုမသန်းသေးတဲ့ ပန်း ၊ သူတို့ ဝေါဟာရအရကတော့ ... ‘ ဈေးကွက် ’ တဲ့ ။ အို ညိုမမှာ ရှက်လိုက်ရတာ ။ အဲဒီနေ့က အဖေ ညစာ လုံးဝမစားဘဲ ငေးငိုင်နေခဲ့တာ ညိုမ သတိပြုမိ ခဲ့တယ် ။ ညဉ့်နက်တဲ့အထိ အိပ်မပျော်တဲ့ ညိုမ ၊ အဖေ့ အခန်းထဲက ကျိတ်ပြီး ငိုရှိုက်နေသံကိုလည်း ကြားခဲ့ရတယ် ။ အဖေ့ကို သနားသလို ဘာကိုမှန်းမသိ ညိုမ ကြောက်ရွံ့နေခဲ့မိတယ် ။ ကိုကျန်ကျောင်း ပြောခဲ့တဲ့ ညိုမတို့ရဲ့ ဘဝ အနေအထား အမှန်ကို ထောက်ပြခဲ့တဲ့ စကားလုံးတွေထဲမယ် အရောင်းအဝယ် ဈေးခေါ်သံတွေဟာ ညိုမရဲ့ နားထဲက တစ်ဆင့် ဖြူစင်နုနယ်လှတဲ့ နှလုံးသားထဲမယ် ဗုံးတွေ ဆက်တိုက်ပေါက်ကွဲနေကြသလိုပါပဲ ။

“ ခင်ဗျားတို့ ရွာပြန်ရင်လည်း ခိုကိုးစရာ မရှိတော့ဘဲ ကျုပ်အကြွေးတွေကလည်း ရှိသမျှ အကုန် ပေးရင်တောင် မကျေတော့ဘူးလေဗျာ ။ ကျုပ် တောင်းဆိုတာ လိုက်လျောရင် အကြွေးတွေ အကုန် လျော်ပေးမယ် ။ ဒီနေရာဟာ ခင်ဗျား အပိုင် ပြန်ဖြစ်စေရမယ် ။ ဒါ လက်ရှိ ပေါက်ဈေးထက် ကိုးဆဆယ်ဆ ပိုနေတယ် ဆိုတာ ခင်ဗျားလည်း သိပါတယ် ။ ကျုပ်တို့က အာဏာကုန် ဈေးပေးရင် ခုနစ်ပုလင်း ၊ ရှစ်ပုလင်း ၊ အလွန်ဆုံး တစ်ပုံးထက် မပိုဘူး ။ ခင်ဗျားသမီး ညိုမက အရမ်း ...”  

မျက်ရည်တွေ ကြားက ညိုမရဲ့နားတွေကို လက်နှစ်ဖက်နဲ့ ပိတ်ထားရင်း အိပ်မပျော်တဲ့ညကို ဖြတ်သန်းခဲ့ရတယ် ။ နောက်ပိုင်းလည်း ညိုမ အတွက်ရော အဖေ့ အတွက်ပါ အလွန်တရာ ရှည်လျားတဲ့ ညတွေပဲ ဖြစ်ခဲ့ရပြီလေ ။

အပျိုစင်တစ်ယောက်ရဲ့ဘဝဆိုတာ သက်မဲ့ပန်းကလေး တစ်ပွင့်ရဲ့ ဘဝလောက်တောင် တန်ဖိုးမရှိ မလုံခြုံတော့ဘူး ဆိုတာဟာ ဘဝတစ်ခုပဲ ဖြစ်သလား ညိုမ မဝေခွဲတတ်တော့ဘူး ။ လောကကြီး ဘယ်လောက် ပွင့်လင်းလွတ်လပ်ပြီး ဘယ်လောက်ထိ ဇောက်ထိုးမိုးမျှော် ဖြစ်နေပြီလဲ ၊ ညိုမ စဉ်းစားမိရင်း ကိုယ့်ဘဝကို စိတ်နာလာမိ တယ် ။ ခိုကိုးအားထားရာ ဆိုတာလည်း စိတ်ကူးနဲ့တောင်မှ မျှော်မှန်းလို့ မရနိုင်တော့ဘူးလား ။ ညိုမ ဘဝကို ဘယ်လို ဘယ်သူ ကယ်ပါ့မလဲ ။

“ တောင်မင်းမြောက်မင်း မကယ်နိုင်တဲ့ ကာလကြီးပါ သမီးရယ် ။ ဟိုက လူတွေလည်း ကျပ်တည်းလိုက်ကြတာ ။ ရွာပြန်ပြီး သူများမြေကွက်ထဲ တဲထိုးနေရလည်း ခဏပဲ အဆင်ပြေမှာ ။ ရာသီဥတုကလည်း မကောင်းတော့ လုပ်ကိုင်စားလို့လည်း မလွယ်ဘူး ။ ကလေးတွေ ကျောင်းကိစ္စလည်း ပိုခက်သွားမယ် သမီး ” 

ကျန်းမာရေးမ ကောင်းတဲ့ ကြားက ရွာကို တစ်ညအိပ် သွားပြီး ပြန်လာတဲ့ အဖေ ၊ ညိုမ အတွက် မျှော်လင့်ချက် ဘာမှ ယူဆောင်မလာနိုင်ခဲ့ပါဘူး ။ မျက်ရည်တွေ ဝဲနေတဲ့ ကြားက ညိုမကို ကြည့်တဲ့ အကြည့်ထဲမှာ အားကိုးတကြီး အရိပ်တွေ ရောယှက်နေလေသလား ။ အခြေအနေ အမှန်ကို ညိုမ သိထားပြီးသား ဆိုတာ အဖေကလည်း ရိပ်မိပုံပါပဲ ။ ရှေ့ဆက်ရမယ့် ခိုကိုးရာမဲ့ အိမ်ရာမဲ့ အနာဂတ်ဆိုးကြီးဟာ ညိုမကို ခြောက်လှန့်နေသလို လာမယ့် ဘေး ပြေးတွေ့ဖို့ရာကလည်း ညိုမ အတွက်တော့ ငရဲခန်းထဲ ခုန်ဆင်းရမယ့် အဖြစ် ။ အမေ မွေးထားတဲ့ လက်ခြေတွေ ပခုံးတွေနဲ့ ဘယ်ဝန်ထုပ်ကို မဆို လုပ်ကိုင် ထမ်းရွက်ပြီးတော့ ဖြေရှင်းရမယ် ဆိုရင်ဖြင့် ညိုမ အသက်ထွက်ချင် ထွက်သွားစမ်းပါစေ ဖြေရှင်းလိုက်ချင်လှပါဘိတော့ ။ ဒီအနေအထား အတိုင်း အချိန်လည်း ဆွဲမရတော့တာလည်း ညိုမက နားလည်ပြီးသားပါလေ ။ 

“ တို့မိန်းမသားတွေရဲ့ ဣန္ဒြေဆိုတာ ရွှေနဲ့ စက်ပြီးတောင် လဲလို့ မရဘူးလို့ စာစကား ရှိခဲ့ကြတယ် ။ သမီးတို့ ငယ်သေးတယ် ၊ ကိုယ့်ဘဝကိုယ် တန်ဖိုးထားကြ ၊ စာလည်း ကြိုးစားကြ ။ ရည်မှန်းချက်ကြီးမားမှ တော်ကာ ကျမယ်ကွယ် ” 

မြန်မာစာဆရာမရဲ့ စကားကို ညိုမ လေးစား လက်ခံ အားကျခဲ့သူပါ ။

“ အချိန်ဆွဲမယ် မကြံနဲ့ ညီမလေး ။ မင်း လိမ္မာလျှို့ဝှက်တတ်ရင် ဘယ်သူမှ သိစရာ မလိုဘဲ ပြဿနာတွေ ပြေလည်သွားမှာပါ ။ အဲဒီနေ့ နေ့ပိုင်း ကျောင်းမတက်ဘဲ လာခဲ့ပါ ။ ညနေကျောင်းဆင်းချိန် ပြန်ခွင့်ပြုမယ် ။ မင်း လိုက်လျောရမှာက အဲဒီရက် အဲဒီအချိန်ကလေးပဲ ။ စာချုပ်စာတန်းတွေ အကုန်လုံး သန့်ရှင်းပြီးသား ဖြစ်စေရမယ် ။ မင်း မလာရင်တော့ နောက်ရက်က စပြီး ငါ့ဘက်က လုပ်စရာ ရှိတာကို တကယ် လုပ်ရလိမ့်မယ် ။ တစ်ရက် ထပ်မစောင့်နိုင်ဘူး ” 

ညိုမ ကျောင်းအသွား လူပြတ်တဲ့ လမ်းမှာ ကားရပ် စောင့်ပြီး ပြောလာတဲ့ ကိုကျန်ကျောင်းရဲ့ စကားလုံးတွေ ။ ဘဝတစ်ခု ဒါမှမဟုတ် မိသားစုတစ်ခု အတွက် အသက်ရှည်ရပ်တည်ရေး ၊ လူတန်းဝင်နေထိုင်နိုင်ရေး ပြဿနာ တစ်ခုမှာ ဘယ်အရာက ပိုပြီး ထိရောက်အောင် ဖြေရှင်းပေးနိုင်ပါသလဲ ။ ဒီဖြေရှင်းပေးနိုင်တဲ့ အရာကို ရဖို့ရာ အတွက် တစ်စုံတစ်ရာ ပေးဆပ်မှုမှာ အရောင်အသွေးတွေ ရောယှက်နေတတ်ပါသလား ။ ကျားတစ်ကောင်ရဲ့ မျက်လုံးတွေလို စူးရဲပြင်းပြလွန်းတဲ့ ကိုကျန်ကျောင်းရဲ့ မျက်လုံး အကြည့်တွေ ၊ ကမ်းလှမ်းမှုတွေမှာတော့ မာယာတွေ ၊ ပရိယာယ်တွေ မပါဝင် ၊ အပေးနဲ့အယူ သက်သက် ။ ဒါကို သန့်ရှင်းတယ် ၊ ပွင့်လင်းတယ်လို့ အချို့က ဂုဏ်ပုဒ်တပ်ကြလေရဲ့ ။ အဲဒီ ကျားရဲ့ ရှေ့မှာ အရည်ပျော်ဆင်း ခစားရမယ့် နေ့ရက်ဆိုတာကြီးကို ညိုမ ကမ္ဘာ့ကမ္ဘာ အဝေးဆုံးကို ပို့ထားနိုင်စွမ်းချင်လှတယ် ။

••••• ••••• •••••

အဖေကတော့ မနက်အစောကြီး ကတည်းက ညနေက ညိုမ လိုက်ဝယ်ထားတဲ့ ဟင်းသီးဟင်းရွက်တွေကို တောင်းထဲထည့် စက်ဘီးနဲ့ တင်ပြီး ထွက်သွားခဲ့တယ် ။ ဟိုးခပ်ဝေးဝေးကို ရောက်သွားတဲ့အထိ အဖေ့ ချောင်းဆိုးသံကို ညိုမ ကြားနေခဲ့ရသေးတယ် ။

“ မောင်လေးနဲ့ ညီမလေး ညနေ ပြန်လာလို့ ဗိုက်ဆာရင် ဒီမှာ ပြင်ထားတဲ့ဟာ စားနှင့်ကြနော် ။ မမ ပြန်မရောက်ခင် အဖေ ပြန်ရောက်လာခဲ့ရင် ဒီနေ့ အချိန်ပိုရှိတယ်လို့ ပြောထားပေးနော် ” 

အငယ်နှစ်ယောက်က အိမ်နဲ့ သိပ်မဝေးတဲ့ အလယ်တန်းကျောင်းမှာ တက်ကြတယ် ။ လိမ္မာပြီး စာတော်တဲ့ မောင် ၊ ညီမလေးတို့ရဲ့ ဘဝ အနာဂတ်ကို လှပစေချင်သလို ဘဝကို ပညာတတ် တစ်ယောက် အဖြစ် ရပ်တည်ချင်တာဟာ ညိုမရဲ့ ငယ်အိပ်မက်ပါ ။ လောကဓံတွေ ကြားက ဖြတ်သန်းရယူခဲ့တဲ့ ပညာရေးကို ညိုမ ခရီး ဆက်ချင်တယ် ။ အဖေ့ အတွက် မောင်လေး ၊ ညီမလေး အတွက် ၊ ပြီးတော့ ညီမ ကိုယ်တိုင် အတွက်လည်း ပါပါတယ် ။ သတ္တိတွေ ၊ ခွန်အားတွေ မွေးရမယ်လေ ။ ညိုမမှာ ရွေးစရာလမ်း ဆိုတာ ရှိမှ မရှိတော့ဘဲဟာ ။ မရွေးဘဲ လျှောက်ရမယ့်ခဏတာလမ်းကို တွေးပြီး မောင်လေး ၊ ညီမလေးရဲ့ ကျောပြင်ကို ငေးကြည့်ကျန်ရစ်ရင်း ညိုမ ငိုရပြန်ပါပြီလေ ။

••••• ••••• •••••

ရုပ်ပြီးသား လက်ကို ဘဲလ်ရှိရာ နောက်တစ်ခါ လှမ်းလိုက်တော့ နှိပ်လုလု လက်ညှိုးကလေးက လေထဲမှာ တဆတ်ဆတ် တုန်နေရှာလေရဲ့ ။ အဲဒီအချိန်မှာ စောစောက တိမ်စိုင်တိမ်လိပ်ကြီးတွေဟာ အရည်ပျော်ကျလာကြပြီး ညိုမရဲ့ မျက်ရည်တွေနဲ့ ရောထွေးကုန်လေရဲ့ ။ သတ္တိတွေ အစား ကြောက်ရွံ့စိတ် ၊ ရှက်စိတ်တွေက ပိုလို့ ကြီးစိုးလာကြတယ် ။ ညိုမ တစ်ကိုယ်လုံးလည်း တုန်ယင်နေကြပါပြီ ။ မွန်းတည့်နေရောင် ဘယ်ပျောက်သွားလေပြီလဲ ။ ဒီလိုအချိန် ၊ ဒီဒေသ ၊ ဒီရာသီမှာတော့ မွန်းတည့် နေရောင် ကွယ်ပျောက်တတ်တာဟာ ထုံးစံ ဖြစ်နေပါပြီ ။ မိုးရေနဲ့ မျက်ရည်တွေ ကြား ဝိုးတဝါး ရပ်နေမိဆဲမှာ လမ်းထဲကို မောင်းဝင်လာတဲ့ ကားကြီး တစ်စီးရဲ့ အသံကြား လိုက်ရချိန်မှာ ညိုမရဲ့စိတ်တွေကို အတွေးဆိုး တစ်ခုက ရုတ်ခြည်းဝင်ရောက်လာခဲ့ပေမဲ့ ညိုမ စိတ်ကို ထိန်းလိုက်တယ် ။ ဟုတ်တယ် ၊ ညိုမ လုပ်စရာ တာဝန်တစ်ခု ။ အို ဝဋ်ကြွေး တစ်ခုကို ပေးဆပ်လိုက်ပြီး ရယူမှုကို လက်ခံရဦးမယ် ၊ မိသားစု အတွက် ၊ ညိုမ အတွက်ကတော့ တွေးနေဆဲမှာ ခြံတံခါးကြီးဟာ တဖြည်းဖြည်း ပွင့်ဟလာတာကို ညိုမ တွေ့လိုက်ရတယ် ။ ဒါပေမဲ့ သေချာတယ် ညိုမရဲ့ ညာဘက် လက်ညိုးကလေးကတော့ ဘဲလ်ကို မနှိပ်မိသေးဘဲ မိုးထဲရေထဲမှာ တဆတ်ဆတ် တုန်ရင်း ရပ်တန့်နေဆဲ ။

 ▢  လမင်းမောင်မောင် 
📖 ရွှေအမြုတေ ရုပ်စုံ မဂ္ဂဇင်း 
     ဇွန်လ ၊ ၂၀၁၃

No comments:

Post a Comment