Wednesday, April 8, 2026

နေပျော်တဲ့ ဘဝ


 ❝ နေပျော်တဲ့ ဘဝ ❞


ပခုက္ကူမြို့မှာ နေထိုင်တဲ့ ဦးလွင်အောင် ရဲ့ အသက်က ၈ဝ ကျော်ပါပြီ ။ ဒါပေမဲ့ ကျန်းမာ သန်စွမ်းတယ် ။


ကောင်းတူဆိုးဖက် ပေါင်းသင်းလာခဲ့တဲ့ သူ့ဇနီး ဒေါ်ညွန့်ရီက နှစ်နှစ် ကျော်ကပဲ ဆုံးပါးသွားတယ် ။ သူ့ ငယ်ဘဝမှာ လူမှန်း မသိတတ်ခင် ကတည်းက သူ့မိဘနှစ်ပါး ဆုံးပါးခဲ့တယ် ။ ဦးလွင်အောင်က ဘဝ အခက်အခဲတွေရဲ့ အထီးကျန်မှုတွေကို ရင်ဆိုင်တတ်နေပါပြီ ။


ဦးလွင်အောင်က ပခုက္ကူမြို့က အထင်ကရ ဘုရားတစ်ဆူ ဖြစ်တဲ့ သီဟိုရှင် ဘုရားကြီး ဂေါပကအဖွဲ့ နာယက လုပ်နေတယ် ။ သူ ကိုယ်တိုင်ကလည်း စာရေးဆရာ တစ်ယောက် ဖြစ်တာမို့ အချက်အလက် စုဆောင်း မှတ်တမ်းတင်တာ ဝါသနာ ပါတယ် ။ စေ့စပ်တယ် ။ ဘုရားကို လာရောက် ဖူးမြော်သူတွေကို ဦးလွင်အောင်က ကျကျနန ရှင်းပြတတ်တယ် ။


ဘဝကို ကျေနပ် ပျော်ရွှင်စွာ ဖြတ်သန်းနေတဲ့ ဦးလွင်အောင်ကို ပခုက္ကူမြို့က သူ့ နေအိမ်ကို ကျွန်တော် သွားရောက်တွေ့ဆုံပြီး သူ့ဘဝ အကြောင်းတွေ စကားစမြည် ပြောဖြစ်ပါတယ် ။


“ စစ်မဖြစ်ခင် pre war တုန်းက အမေ့အမေ ၊ အမေကြီးက မြို့တစ်မြို့မှာ တစ်ကျောင်းတည်း ရှိတဲ့ အချိန်တုန်းက ညောင်ဦးမြို့မှာ ကျောင်းအုပ်ဆရာမကြီး ၊ ကျွန်တော့်ကို မီးဖွားရင်း အမေက မီးတွင်းထဲမှာ ဆုံးတယ် ” 


“ ဒါဆိုရင် အမေ့ကို မမြင်လိုက်ရဘူးပေါ့ ” 


“ အမေ့ကို ဒီဓာတ်ပုံပဲ မြင်ဖူးတယ် ”


ဦးလွင်အောင်က မြန်မာဆန်ဆန် ကျက်သရေရှိတဲ့ အမျိုးသမီး တစ်ယောက်ရဲ့ ဓာတ်ပုံကို ကျွန်တော့်ကို ပြတယ် ။


“ အဖေ့ဘက်က ပန်းထိမ်မျိုး ၊ ကျွန်တော့်ကို အဖေ့ ဘက်က ခေါ်မွေးစားတယ် ၊ ကျွန်တော် ခုနစ်နှစ်သား လောက်မှာ အဖေ ကွယ်လွန်တယ် ”


“ အဖေ့ကိုလည်း မြင်ဖူးတယ် ဆိုရုံ မြင်ဖူးတာပေါ့ ၊ ကိုယ့်ကို ဘယ်သူက ဆက်ပြီး မွေးမြူလဲ ”


“ အဖေ့နှမ ဒေါ်လှရင် ၊ သူက အပျိုကြီး ၊ ဆိတ်တို့ နွားတို့ မွေးပြီး နို့တိုက် မွေးမြူခဲ့တာ ”


မိဘမဲ့ တစ်ယောက်ရဲ့ ခံစားမှုကို ကျွန်တော် မေးပါတယ် ။


“ ကျွန်တော် လူမှန်း သိတတ်ခါစမှာ ကျွန်တော်တို့ တိုက်နဲ့ မျက်နှာချင်းဆိုင် တိုက်က ကျွန်တော်နဲ့ အသက်အရွယ်တူ သူငယ်ချင်း မောင်မောင် ဆိုတာက မနိုင်နိုင်ရာ ကိုင်တဲ့ သဘောနဲ့ ငါ့မှာ အဖေ ရှိတယ် ၊ အမေ အမေ ရှိတယ် ၊ မင့်ရှိလား မေးတယ် ၊ ကျွန်တော် ငိုပြီး အိမ်ပြန်လာတာပေါ့ ”


ကလေးတစ်ယောက်ရဲ့ ခံစားမှုကို ကျွန်တော် စာနာနားလည်နိုင်ပါတယ် ။ 


“ ကျွန်တော့်အဘ ၊ အဖေ့အဖေ ဦးကျော်လှက ဘာကြောင့် ငိုတာလဲ မေးတယ် ၊ ကျွန်တော်က ပြန်ပြောပြတော့ ငါ့ကို အဖေခေါ် ၊ မင့်အမေကြီး ဒေါ်ရွှေပု ကို အမေခေါ်လို့ ပြောတယ် ” 


“ မိဘမေတ္တာ ငတ်တာ ရှိသလား ”


“ ငတ်တာပေါ့ ၊ အမိမဲ့ အဖမဲ့ နေခဲ့ရတာ ၊ ဒါပေမဲ့ ကျွန်တော့် ဦးလေး ဦးဘိုးရီနဲ့ တစ်အိမ်တည်း နေရတာ ၊ သူက စည်းကမ်း သိပ်ကောင်းတယ် ၊ စာကျက်ချိန် စာကျက် ၊ ဆော့နေရင် တွေ့တဲ့နေရာ စီးလာတဲ့ ဖိနပ်နဲ့ ချွတ်ရိုက်တာ ၊ သူ့ ကျေးဇူးကြောင့် ကျွန်တော် ဒီအခြေအနေ ရောက်လာတာ ၊ ဦးဘိုးရီက ကျွန်တော့် ကျေးဇူးရှင်ပါ ”


“ ငယ်စဉ်က ပညာ သင်ယူခဲ့ရတာလည်း ပြောပါဦး ”


“ ဒုတိယကမ္ဘာစစ် မဖြစ်ခင်မှာ ကျောင်းစနေတယ် ၊ စစ်ဖြစ်တော့ ကျောင်းပိတ် သွားတယ် ၊ စာမတတ်လိုက်ဘူး ”


ဦးလွင်အောင်က ရယ်မောတယ် ။


“ ညောင်ဦး ငှက်ပစ်တောင် ဘုန်းကြီးက ကျွန်တော့် အဘရဲ့ အစ်ကို တော်တယ် ၊ လက်ထောက် ဦးပဉ္ဇင်းတွေကလည်း အမျိုး ၊ သူတို့ဆီ ရောက်မှ စာသင်ရတယ် ”


ဦးလွင်အောင်က ပျဉ်ချပ်မှာ အိုးမဲခဲမှုန့်ကို ထမင်းရည်နဲ့ ဖျော်သုတ်ပြီး သင်ပုန်းလုပ် ၊ ကန့်ကူဆံနဲ့ ရေးခဲ့ရပုံကို ပြောပြပါတယ် ။ 


“ စစ်ပြီးတော့ ကျောင်းဆက် တက်ရလား ”


“ တက်ပါတယ် ၊ ၁၉၅၄ ခုနှစ်မှာ ရန်ကုန် ကံဘဲ့ ဆရာအတတ်သင် တက်တယ် ၊ ကျောင်းဆင်းလာတော့ ကျွန်တော်က ညောင်ဦးမှာ အလုပ်ရမယ် ထင်တာ ၊ မရဘူး ၊ ပခုက္ကူက အမှတ် ( ၂ ) အထက်တန်းကျောင်း မှာ အလုပ် စဝင်တယ် ” 


“ ဘယ်ရာထူးနဲ့လဲ ”


“ ကျွန်တော်က ပန်းချီကို Specialize ( အထူးပြု ) ယူခဲ့တော့ Drawing Master ခေါ်တာပေါ့ ၊ ပုံဆွဲဆရာ ဖြစ်တယ် ၊ တစ်ရက် ခြောက်လ ၁၉၅၅ မှာ အလုပ်ဝင်တယ် ”


“ ညောင်ဦးဘက် ပြန်ပြီး အပြောင်းအရွှေ့ မကြိုးစားဘူးလား ” 


“ ၁၉၅၈ ခုနှစ်မှာ ပခုက္ကူက ဦးဘမှင် နှမ အငယ်ဆုံး ဒေါ်ညွန့်ရင်နဲ့ အိမ်ထောင်ကျတယ် ၊ ပြောင်းတော့ ပြောင်းတယ် ၊ ပခုက္ကူမှာပဲ ၊ ၁၉၅၉ ခုနှစ်မှာ ပခုက္ကူ နာရီစင်နားက ကျောင်း ၊ ပြီးတော့ ၁၉၆၂ ခုနှစ်မှာ မြင်သာ ဆန်တန်းက မြန်မာ တစ်နိုင်ငံလုံး ပထမရတဲ့ ကျောင်းကို ရွှေ့ရတယ် ။ ၁၉၆၃ - ၁၉၆၄ မှာ ရေစကြို အထက်တန်းကျောင်းကို ရောက်သွားတယ် ”


“ ရာထူးတိုးသလား ”


ဦးလွင်အောင်က ရယ်ပြီး မတိုးပါဘူးလို့ ဖြေတယ် ။


“ ၁၉၆၇ ခုမှာ ဗဟိုနိုင်ငံရေးသိပ္ပံ အလုပ်သမားရေးရာ သင်တန်း သွားတက်ပြီး ပခုက္ကူက အလယ်တန်းကျောင်း တစ်ကျောင်းကို ပြန်ပြောင်းရတယ် ၊ ၁၉၇၂ ခုနှစ်မှာ နာမကျန်းပင်စင် ယူလိုက်ရပါတယ် ” 


“ ပင်စင် မယူခင် ကတည်းက စီးပွားရေး ထူထောင်ထားသလား ” 


ဦးလွင်အောင် ရယ်မောတယ် ။


“ သိတဲ့အတိုင်းပဲ ၊ အစိုးရဝန်ထမ်းလစာ ဆိုတာ မလုံလောက်ဘူး ၊ ကျွန်တော့်အစ်ကို ( ယောက်ဖ ) ဦးဘမှင် ၊ ဦးဘလွင် တို့က စီးပွားရေးထဲ ဆွဲသွင်းကြတယ် ၊ ဦးလွင်အောင်နဲ့သားများ အိမ်သုံးဆေး ရောင်းဝယ်ရေးဆိုင် ၊ စားသောက်ကုန် ဆိုင်တစ်ဆိုင် ၊ စက်ဘီးနဲ့ ယာဉ်အပိုပစ္စည်းဆိုင် ဆိုင်သုံးဆိုင် ဖွင့်တယ် ၊ ကျွန်တော့် အိမ်ရှင်မ ကလည်း စီးပွားရေး ဝါသနာပါတယ် ၊ ရက်ကန်း ထောင်တယ် ၊ နောက်ကျ ဆိုင်လုပ်ငန်းကို အိမ်ရှင်မရယ် ၊ သားသမီးတွေရယ် ဝိုင်းလုပ်ကြတာ ”


“ ကားလုပ်ငန်းလည်း တွဲလုပ်သေးတယ် မဟုတ်လား ”


“ သားအလတ်ကောင် မောင်မောင်က ကားဝါသနာ ပါတယ် ၊ ပခုက္ကူ - မန္တလေး ကြယ်တံခွန်လိုင်း ထူထောင်တယ် ၊ နောက် ရန်နိုင်မင်း ကားလိုင်း ထပ် ထောင်တယ် ၊ နှစ်သင်းလုံးမှာ ကျွန်တော်က ဥက္ကဋ္ဌ လုပ်တယ် ”


“ ကားလုပ်ငန်း အကြောင်း ပြောပြပါဦး ”


ဦးလွင်အောင်က ရယ်ပြန်တယ် ။


“ ကားလုပ်ငန်းက ကုသိုလ်တော့ရ ၊ ဝမ်းတော့ မဝပါဘူး ” 


“ အဆင်ပြေလို့ တစ်လိုင်းက နောက်တစ်လိုင်း ထပ်ထောင်တာ မဟုတ်ဘူးလား ”


“ ကြယ်တံခွန်ကို ရုန်းနိုင်အား ကောင်းလို့ ကျွဲကြီးလို့ ခေါ်ကြတယ် ၊ ကုန်တင်နိုင်တယ် ၊ ကြယ်တံခွန်က မြတ်သမျှ ရန်နိုင်မင်း ရှုံးတာနဲ့ ကုန်တာပဲ ” 


“ ကားလုပ်ငန်း စိတ်ချမ်းသာစရာလည်း ပြောပါဦး ”


“ မြစ်ကို ဇက်နဲ့ ကူးရတဲ့ အချိန်တုန်းက ပခုက္ကူနဲ့ မအူကြား သူခိုးဓားပြနဲ့ တောရိုင်းတိရစ္ဆာန် အလွန်ဆိုးတဲ့ နေရာမှာ ကားက ပျက်ရော ၊ ကားပေါ်မှာ ယောနယ်က ဘုန်းကြီးသုံးပါး ပါတယ် ၊ ညကျ ကားရှေ့ မီးဖို ၊ အမျိုးသမီးတွေက ကားပေါ်အိပ် ၊ ဘုန်းကြီးတွေက ပရိတ်ရွတ်တယ် ၊ တစ်ခေါ်လောက် ဝေးတဲ့ ထန်း လျက်ဖိုက နောက်မနက်ကျ ဆွမ်းလာကပ်တယ် ”


“ ဘဝရဲ့ အပြောင်းအလဲ အချိုးအကွေ့ ဘယ်အချိန်မှာ ဖြစ်လဲ ”


“ ပင်စင်ယူတာ ၁၉၇၂ ၊ ဆိုင်တွေ ဖွင့်ပြီး ဈေးပေါ် ရောက်ကတည်းက ကျွန်တော့်ဘဝ တဖြည်းဖြည်း ပြောင်းလဲ သွားတာပဲ ” 


“ အဲဒါ ဘာကြောင့်လဲ ”


“ အခြေခံ Foundation ကောင်းလို့ပဲ ၊ ကျွန်တော့် အစ်ကိုတွေ ၊ ကျွန်တော်က ယောက်ဖ လို့တောင် မခေါ်ဘူး ၊ အစ်ကိုတွေ ၊ သူတို့ကို မှီပြီး စီးပွားရေးက တက်လာတာ ၊ သာမန် ကျောင်းဆရာလူထွက်ကနေ သူတို့ရဲ့ စီမံကွပ်ကဲမှု ၊ အကြံဉာဏ် ကူညီပံ့ပိုးမှုကြောင့် တစ်ရှိန်ထိုး တက်သွားတာ ”


“ ဘဝက အမျိုးမျိုး စုံလာခဲ့တယ် ၊ ကျေနပ်တဲ့ ဘဝက ... ” 


“ စာရေးဆရာ ဘဝပဲ ”


ဦးလွင်အောင်က စာပေလုပ်သားအဖွဲ့ဝင် ကတ်တွေကို ပြပါတယ် ။ လွင်အောင် ၊ ပညာရေး ဆိုတဲ့ အမည်နဲ့ အသိအမှတ်ပြု ကတ်တွေကို စာပေအဖွဲ့ ဥက္ကဋ္ဌတွေ ဖြစ်တဲ့ ကိုဆောင်း ၊ လယ်တွင်းသားစောချစ် တို့ လက်မှတ် ထိုးထားတယ် ။  


“ စာပေဟာ ကျွန်တော့် အတွက် အသက်လို့ပဲ ပြောရတော့မှာပေါ့ ” 


သူ့ဇနီး ဆုံးသွားတာ နှစ်နှစ်ရှိပြီ ဖြစ်တယ် ။ အထီးကျန်သလား မေးပါတယ် ။


“ ကျွန်းသားပေါ်မှာ သံရိုက်ထားတာ ပြန်နုတ်ရင် လွယ်တယ် ၊ ပိတောက်သားထဲ ရိုက်ထားတဲ့ သံကျ အစွဲနာနေတယ် ၊ တော်တော်နဲ့ နုတ်ပစ်လို့ မရဘူး ၊ လွယ်လွယ် ပြောရင် လွမ်းတယ်ပေါ့ ၊ အစားထိုးတာမှ အပ ဖြေဖျောက်ဖို့ မဖြစ်နိုင်ဘူး ၊ နောက်အိမ်ထောင် ပြောတာ မဟုတ်ဘူးနော် ၊ တရားနာတာတို့ ၊ စာဖတ်တာတို့နဲ့ ကုစားနေတယ် ”


 ⎕ ကျော်ရင်မြင့်

📖ဘဝဇာတ်ခုံ စုစည်းမှု - ၈

No comments:

Post a Comment