❝ ဖိုးသစ်၏ အကြံ ❞
( ပီမိုးနင်း )
“ ဟေ့ ဖိုးသစ် ၊ မင်းဟာ ဘာမှ အသုံးကျတဲ့ အကောင် မဟုတ်ဘူး ။ လူပို ဆန်ကုန်မြေလေး ။ စာရေးယောင်ယောင် ၊ ခွေးယောင်ယောင် ၊ သတင်းစာကလေး ဖတ်ကာ မဂ္ဂဇင်းကလေး လှန်ကာ မင်း တစ်လကြာလို့ ပိုက်ဆံ ခြောက်ပြား ဝင်အောင် လုပ်နိုင်တာ မဟုတ်ဘူး ။ မင်း လာမရှုပ်နဲ့ တော်ရာသွား စားချိန်တန်တော့ ထမင်းအိုးကို ယောက်မနဲ့ ခေါက်ပြီး ခေါ်လိုက်မယ် ။ သည်အလုပ်ဟာ မင်းနဲ့ ဘာမှ မဆိုင်ဘူး ။ မင်းအရာ မဟုတ်ဘူး ။ မင်း နားလည်တာ မဟုတ်ဘူး ” ဟု ပြောကာ အစ်ကို ဖြစ်သူ ဖိုးနှစ်က ဖိုးသစ်ကို မောင်းနှင်လေ၏ ။
ဖိုးသစ်သည်ကား မကြားဟန် ဆောင်လျက် ဂရုမစိုက်ဘဲ ဖန်လက်ကောက်များကို ကိုင်၍ ကြည့်ရာမှ လက်ကောက် တစ်ကွင်းကို လက်နှင့် ဖျစ်လိုက်ရာ ကျိုး၍ သွားလေ၏ ။
နှစ် ။ ။ “ ဟေ့ မင်း သွားဆို မသွားဘူးလား ။ ဒါ မင်းအမေ့လင်ပစ္စည်း မဟုတ်ဘူး ။ မှား ပို့လိုက်တာတွေ အကုန် ပြန်ပို့ရမှာ ။ မှာလိုက်တာက လိပ်ခွန်ဘီး ။ ပို့လိုက်တာက ဖန်လက်ကောက် ။ သွားကွယ် လူများ စိတ်ညစ် နေရတဲ့ အထဲမှာ ” ဟုပြောကာ ဖိုးသစ်ကို တွန်းလိုက်လေ၏ ။
ဖိုးသစ်သည် မတ်တတ်မှ လဲပြီး ဖုတ်ဖက်ခါ ထလေ၏ ။
“ တစ်ကွင်းတလေ ကျိုးလို့ မင်းတို့ ကျွန်ဖြစ်သွားမှာလား ။ ဒီကု,လားကြီးက ဘာလို့ တလွဲကို ပို့ရသလဲ ။ ဒီ ဖန်လက်ကောက် အထိ မခံတွေကို ဘယ်သူက ဝယ်ဝတ်မှာလဲ ” ဟု ဖိုးသစ်က ပြောပြီး ၊ မဂ္ဂဇင်းစာအုပ်ဟောင်းကို လက်၌ လိပ်ကိုင်ရင်း ရှောင်ခွာ၍ သွားလေ၏ ။
ဖိုးသစ်မှာ အလုပ်လုပ်သူ မဟုတ်ပေ ။ အစ်ကိုဖိုးနှစ် မှာ အဒေါ်ဖြစ်သူ ဒေါ်သူစာ နှင့် တောက ကုန်များကို မြို့သို့ တင် ၊ မြို့က ကုန်များကို တောသို့ ချ အထက်ကုန် အောက်ကုန်များကို သွားလာကူးသန်းရောင်းဝယ် လုပ်ကိုင်လေ၏ ။
ဖိုးသစ်မှာကား အဘယ် အလုပ်ကိုမျှ ဂရုမစိုက် ၊ အပြောအဆို ခံရလျှင်လည်း မလေးစား ၊ အဘယ်အခါမှ ဒေါသ မထွက် ပြောမနာဆိုမနာ စပ်ဖြည်းဖြည်းနှင့် တစ်ပတ်နွမ်း ထားဝယ်လုံခြည် တစ်ထည်နှင့် စွယ်ကျယ် အင်္ကျီ လက်တိုဖြူဖြူကလေးကို ဝတ်လျက် ၊ နံနက်စာ ညစာကို ဝဝစားရလျှင် ကျေနပ်သူ ဖြစ်လေသည် ။
သို့ဖြစ်လေရာ ၊ ဖိုးနှစ် နှင့် အဒေါ်ဖြစ်သူ၏ စိတ်၌ သာလွန် မခံချည့်ဖွယ်ရာ ဖြစ်သာ အချက်သည်ကား အခြား မဟုတ် ၊ အမြဲအားဖြင့် နံနက်စာ ညစာမှာ ဖိုးသစ် စား၍ မကောင်းသောအခါ ဟူ၍ မရှိ ။ စားသည့်အခါ ဆောင့်ကြောင့်ထိုင်လျက် နဖူးချွေး နှုတ်ခမ်းချွေးတွေ စီးယိုလျက် မြိန်ရှက်စွာ စားနိုင်ခြင်း ဖြစ်လေ၏ ။
သို့စားနိုင်သည်မှာ အခြားကြောင့် မဟုတ် နံနက်စာနှင့် ညစာမှ တပါး လက်ဖက်ရည်အကြမ်း အပြင် အဘယ် အစာ အဘယ် သရေစားမျိုးကိုမျှ မစား ။ စားနိုင်ဖို့ရန် ပိုက်ဆံငွေကြေးလည်း မရှိ ၊ သို့ဖြစ်လေရာ အမြဲအားဖြင့် ဆာလောင်သောကြောင့် နံနက်စာနှင့် ညစာမှာ လွန်စွာ စားနိုင်သော အရည်အချင်း ပြည့်စုံသူ ဖြစ်လေ၏ ။
သို့စားနိုင်ခြင်းကြောင့် ကျန်းမာလျက် ရောဂါဥပဒ် ဟူ၍ မကပ်မညှိုး ၊ ဖိုးသစ်မှာ ဦးခေါင်းမျှ ခဲသည်ဟု မကြားရ ။ သို့ဖြစ်လေရာ “ အသုံးမကျတဲ့ အကောင်များတော့ သေဖို့ မဆိုထားနဲ့ နာတောင်မှ မနာဘူး ” ဟု အဒေါ် ဖြစ်သူနှင့် အစ်ကို ဖြစ်သူက အခါခါ ပြောကြလေ၏ ။
ဖိုးသစ်မှာကား ဂရုမစိုက် ၊ လူရည်သွေးသန့်သန့် သနားကမား ချောချောမောမော တွေ့ရာမှာ အူတကြုပ်ကြုပ် ဆာသော်လည်း အရယ်အမော မပျက် တသောသော ရယ်စရာ ဘလရွှတ်တများကို ပြောဆိုကာ နေလေ့ရှိသောကြောင့် ၊ လက်ဖက်ရည်အကြမ်းကို မည်သည့်အိမ်က မဆို ၎င်းအား သဒ္ဓါကြည်ဖြူစွာ တိုက်၏ ။ တစ်ခါတစ်ရံ ပရာတာကို မင်းဒင်တို့ အိမ်၌ တနင်္ဂနွေနေ့ ကြုံသဖြင့် ၊ ကိုမင်းဒင်နှင့် တွေ့ရသောကြောင့် သံပရာရည်ဆမ်း ငါးပိ ဖုတ်လေးများကို အကူအညီ ရတတ်လေ၏ ။
အဒေါ်နှင့် အစ်ကို၏ ထမင်းမှ တစ်ပါး မည်သည့် အိမ်မှာမျှ တစ်လုပ်တစ်ဆုပ် ဝင်၍ တုတ်လေ့ မရှိသောကြောင့် အဒေါ်နှင့် အစ်ကို ဖြစ်သူများမှ တပါး ဖိုးသစ်ကို တစ်ရပ်လုံး ချစ်ခင်ကြလေ၏ ။ မည်သူ ထံမှာမျှ ငွေကြေး တစ်ပြားတစ်ချပ် ချေးလေ့ မရှိပေ ။
ထိုနေ့၌ကား အဘယ် အခါကမျှ စိတ်မညစ်ဖူးသော ဖိုးသစ်မှာ အတော်အတန် စိတ်ညစ်သလိုလို ဖြစ်ရလေ၏ ။ အကြောင်းကား အဒေါ်နှင့် အစ်ကို၏ အလုပ်များမှာ အပေါက်အလမ်း ကောင်းစွာ မတည့်ရုံမက လိပ်ခွန်ဘီးမှ စ၍ အခြား ပစ္စည်းများကို ရန်ကုန်မြို့မှ မှာယူရာ မှားယွင်း၍ ဖန်လက်ကောက် တစ်ရာကျော်ဖိုးခန့် ရောက်၍ နေသောကြောင့်တည်း ။
ထိုအခါ ၎င်းအရပ်၌ ဖန်လက်ကောက်ကို မမြင်ဖူးကြပေ ။ မည်သူကမှလည်း ဝယ်၍ ဝတ်မည် မဟုတ် ၊ မြန်မာလူမျိုး အထူးသဖြင့် မြို့ငယ် ရပ်ငယ်များမှာ အဆန်းအသစ်ကို လွယ်ကူစွာ သုံးလေ့မရှိ ၊ မြင်သမျှ လူတိုင်း မိန်းမတိုင်းက “ ဟင် , ဘာတွေပါလိမ့် မစပ်မဟပ် ဖန်ကို လက်ကောက် လုပ်တယ်လို့ ဝတ်ရင် ရူးတယ် ဆိုကြမှာပေါ့ ” ဟူသော စကားမျိုးကိုလည်း ကောင်း “ အဝတ် တစ်ခါလျှော် တစ်ချက်ဆောင့်ရင် ကျိုးပဲ့ ကုန်မှာပေါ့ ” ဟူ၍ လည်းကောင်း “ ညဉ့်အိပ်ရင် ဖိမိပြီး ကျိုးကုန်မှာပေါ့ ” ဟူ၍ လည်းကောင်း ပြောကြလေ၏ ။
ဖိုးသစ်မှာ ထမင်းအိုး ပျောက်တော့မလို ဖြစ်၍ နေလေ၏ ။ အဒေါ်နှင့် အစ်ကိုမှာ စိတ်ညစ်သဖြင့် ဒေါင်ချာလည်၍ နေကြလေ၏ ။ “ ထိုပစ္စည်းများကို ပြန်ပို့ရင် ယူပါ့မလား ။ ကျိုးတာပဲ့တာတွေ အတွက် အဘယ်လောက် လျော်မလဲ ။ ပြန်ပို့ရရင် စရိတ်အများကြီး ကုန်ချေရဲ့ ” စသည်ဖြင့် ပြောဆို တိုင်ပင် ညည်းညူ၍ နေကြလေ၏ ။ အလိုက်သိစွာ မိမိကိုယ်တိုင် ထမင်း ချက်ချင်သော်လည်း ဆန်အိုး၌ ဆန်ကို မတွေ့ရ ။ ဆန်ဝယ်ဖိုး ပြောရမည့် အရေးမှာပင် ၎င်းတို့၏ မျက်နှာများမှာ မြင်းမိုရ်တောင်ကို ကျော်ရဖို့ အရေး မက ကြောက်မက်ဖွယ် ကောင်း၍ နေလေ၏ ။
ဖိုးသစ်သည် တိတ်တိတ်ပုန်း ခိုးဝှက်ယူလေ့ မရှိ ။ ဤရိုးသားသောဂုဏ် ရန်သူ မရှိသောဂုဏ် သဘောကောင်းသော ဂုဏ်များကြောင့် ၎င်းအား အစ်ကိုနှင့် အဒေါ် ဖြစ်သူက အမိုက်အရူးပမာ သဘောထားကာ သည်းခံ၍ ထားကြခြင်း ဖြစ်လေ၏ ။
ထိုနေ့၌ကား အခါတိုင်းထက် ပို၍ ဆာ၏ ။ ထမင်းစားချိန်၌ စားရလမ်း မမြင်သည့်အခါ ပိုမို၍ ဆာတတ်သော ဝမ်းဗိုက်တို့၏ သဘာဝအတိုင်း အခါတိုင်းထက် ပို၍ ဆာလေ၏ ။ ထိုအခါ နံနက် မွန်းတည့်အချိန်ခန့် ဖြစ်လေ၏ ။
အဒေါ် ဖြစ်သူနှင့် အစ်ကို ဖြစ်သူမှာ အဘယ်ကို သွားသည် မသိရ ။ ၎င်းအား ကြိမ်းမောင်းဆူပူပြီးနောက် မကြာမီမှာပင် တစ်ယောက်က အရှေ့ဘက် တစ်ယောက်က အနောက်ဘက်ကို လျှောက်၍ သွားကြလေ၏ ။ ဖိုးသစ် သည် လက်ကောက်များကို တစ်ယောက်တည်း ကိုင်တွယ် ကြည့်ရှု၍ နေလေ၏ ။ အရောင် အမျိုးမျိုးတို့ကို စပ်ဟပ်၍ ကြည့်လေ၏ ။
သို့စပ်ဟပ်၍ ကြည့်ရာ ရွာထဲ၌ အလှအယဉ်မှာ ထင်ပေါ် ကျော်ကြားသော မဝင်းကြည် ၊ မအုံးကြည် ၊ မသန်းကြည်တို့ ညီအစ်မ သုံးယောက်၏ မျက်နှာကို ကွင်းခနဲ ကွက်ခနဲ ထင်မြင်မိလေ၏ ။
“ သူတို့ လက်ကလေးတွေမှာ တပ်ကြည့်လိုက်ရရင် ဟောသည် အရောင် သုံးမျိုးစပ်ဟာ အင်မတန် ကြည့်ကောင်းမှာပဲ ” ဟု တွေးပြီး တစ်စုံတစ်ရာကို အတွေးရလျက် ပြုံးလေ၏ ။
“ သင်းတို့တော့ ငါ့ကို အသုံးမကျတဲ့ အကောင်လို့ မှတ်ထင် နေကြတာပဲ ။ အခု သူတို့ သည်လက်ကောက်တွေ အတွက် ဝန်လေးနေတာကို ငါ ဝန်ပေါ့အောင် လုပ်လိုက်ရရင် ငါ့အကြောင်း သိမှာပဲ ။ လောကမှာ ဘယ် အလုပ်မဆို ဉာဏ်ဟာ အချုပ်ပဲ ။ သည်ဉာဏ်ဟာ လူ၏ စိတ်ကို သိတဲ့ဉာဏ် ၊ သည်ဉာဏ် မရှိရင် ဘာကိုမှ လုပ်ဖို့ ဖြစ်မှာ မဟုတ်ဘူး ။ လူဟာ မျောက်လိုပဲ ။ ဆန်အိုးထဲမှာလည်း ဆန် မရှိဘူး ။ မှန်းစမ်း သည်အထုပ်ဟာ ၊ အဲသည် အထုပ်ထဲက အရံကလေးတွေမှ မိသန်းကြည် ဆိုတာနဲ့ သိပ်တော်မှာပဲ ။ လူဟာ မျောက်ပဲ ။ ဝမ်းထဲကလည်း တကြုတ်ကြုတ် ၊ ဟင် မတတ်နိုင်ပါဘူး ။ ထမင်းလည်း ချက်ရအောင် သင်းတို့လည်း ဝန်ပေါ့ရအောင် ” ဟု ပြောကာ သီးခြား ထုတ်၍ ထားသော အထူးလှပသော လက်ကောက် ၁၂ ရံကို အိတ်ထဲသို့ ထည့်ပြီး အိမ်ပေါ်မှ ဆင်း၍ သွားလေ၏ ။
“ ဟေ့ သန်းကြည် လာစမ်း ၊ လာစမ်း ဝင်းကြည် ကော မိအုံးကြည် ကော ခေါ်ခေါ် နင်တို့ကို ငါ အဆန်းပြမယ် ”
“ ဘာလဲ ကိုဖိုးသစ်ရဲ့ ဘာအဆန်းများလဲ ၊ မှန်းစမ်း ဟင်း ၊ အော် အလို လှကလှနဲ့ ကျွန်မက ရွှေမှတ်လို့ ။ အလို ဖန်တွေပါလား ၊ ဒါဘာလုပ်ရမလဲ ”
“ တစ်ခါမှ နင်တို့ မမြင်ဖူးသေးဘူးလား ”
“ မမြင်ဖူးပေါင်ရှင် ”
“ ဟဲ့ ဒါဖန်လက်ကောက် ၊ ရန်ကုန်မှာတော့ ဂုဏ်အသရေရှိ မိန်းမတွေမှ ဝတ်တာ ၊ သည်အရပ်ကို မရောက်သေးလို့ မသိကြလို့ ၊ ဝတ်ကြည့်စမ်း ။ ဘယ်လောက် လှသလဲ ၊ ငါ ဒါတွေ မြင်မြင်ချင်း နင်တို့ မျက်နှာတွေကို တွေးမိတယ် ၊ ဝတ်စမ်း ”
“ ဟင်မဝတ်ချင်ပါဖူး ၊ ရှက်စရာကြီး အရူးလို ဖြစ်နေမှာ ”
“ ဟဲ့ ဘာရှက်ရမှာလဲ ။ ရန်ကုန်မှာ အမျိုးသမီး အချောအလှ အဖိုးတန်တွေမှ ဝတ်တာ ၊ စွပ်ကြည့်စမ်းပါဦးဟဲ့ ။ သိပ်တော်မှာဟဲ့ ”
ညီအစ်မ သုံးယောက်အား ဖိုးသစ်သည် ဖန်လက်ကောက်များကို သွပ်၍ ပေးပြီး “ ကိုင်း ဖြီးလိမ်း ဝတ်စားပြီး လမ်းလျှောက်လိုက်စမ်း ။ ဟိုအိမ် ဒီအိမ် သွားတာပေါ့ ။ ငါ့ ပိုက်ဆံ တစ်မတ်လောက် ပေးစမ်း တော်တော်ကြာ ပြန်ပေးမယ် ”
သန်းကြည်သည် မိမိ၏ လက်များကို လည်းကောင်း ညီမများ၏ လက်များကို လည်းကောင်း အရိပ် ကြည့်ရင်း အင်္ကျီ အတွင်းအိတ်ထဲမှ ပိုက်ဆံတစ်မတ်ကို ထုတ်၍ ပေးလေ၏ ။
ဖိုးသစ် အိမ်ကို ပြန်၍ လာရာ ၊ လမ်းတွင် ဆန်နှင့် ငါးရံ့ခြောက် တစ်ပြားဖိုး ဝယ်သွားပြီး အိမ်မှာ ထမင်းချက်၍ နေခိုက် ၊ ဖိုးနှစ် ရောက်၍ လာလေ၏ ။ ဖိုးနှစ်သည် ဖန်လက်ကောက်များ လက်ရာပျက်လျက် တစ်ထုပ်ပျက်၍ နေသည်ကို တွေ့သဖြင့် ဆူပူလေ၏ ။
“ မင်းပဲ ဒီလက်ကောက်တွေ ပြန်ပို့ရမှာ မှန်မှန်ပြော ၊ မင်း ယူတယ် မဟုတ်လား ”
“ ယူတယ် ဆန်ဝယ်စရာ မရှိလို့ ငါ သွားပြီး ရောင်းတယ် ”
“ ဘယ်လောက်နဲ့ ရောင်းသလဲ ။ သည်လောက်တောင် ငတ်သလား ။ ပြန်ပို့ရမယ့် ဟာတွေကို သွား ရောင်းရသလား ဆန် မရှိရင် စောစောက ပြောပါလား ”
“ ပြောရမှာ မင်းတို့ မျက်နှာတွေက ကျွဲခြေရာကွက်ထဲ ခွေးချေးလောင်းထားသလို ၊ ဒါနဲ့ ငါ သွားပြီး ရောင်းတာ မဟုတ်ဘူး ၊ ပေးလိုက်တယ် ။ ပြီးတော့မှ ပိုက်ဆံ တစ်မတ် ( အိုင် - အို - ယူ ) လုပ်လာခဲ့တယ် ။ ဟေ့ ဖိုးနှစ်ရဲ့ ၊ မင်းတို့က ငါ့ကို အသုံးမကျဘူး ထင်တယ် ။ နက်ဖြန်ခါကျရင် သိရမယ် လူဟာ မျောက် သိရဲ့လား ”
“ အောင်မယ် ။ နက်ဖြန်ခါကျရင် ဘာများ လုပ်ပြ မလို့လဲ ။ ဘုရားပွင့်ပြမလို့လား ။ လူပုံကဖြင့် ခြောက်ပြား မတန်ဘူး ”
“ အေးကွယ် ... ဘာပွင့်ပြပြပေါ့ ။ ပြမယ်ဆို ပြီးရောပေါ့ ”
“ မပြီးဘူး ၊ သည် ဖန်လက်ကောက်တွေကို အခု ညရထားနဲ့ ရန်ကုန် ပြန်ပို့ရမယ် လျော့နေရင် .. အဲဒါပဲ ”
“ ဟေ့ မင်းတို့ ဖန်လက်ကောက် ပြန်မပို့ရဘူး ။ မှန်းစမ်း အခု ဘာနေ့လဲ ။ တနင်္လာ ၁၂ နာရီခွဲ ။ သူရဇ္ဇအချိန် ၊ သူရဇံ သောကြာ ။ ဗုဒ္ဓ - စန္ဒရော သောရီဂုရု ၊ ဘောမ ၊ သူရဇ္ဇ တနင်္ဂနွေ ၊ ဂဠုန် ၊ ဒူဟုန်ပျံသန်း ကုန်မခန်းတဲ့ ကြည့်နေ ငါအင်္ဂဝိဇ္ဇာနဲ့ ဓာတ်ရိုက်ထားတယ်ကြည့် ”
မကြာမီ အဒေါ် ရောက်၍ လာရာ ဖိုးနှစ်က ဆီး၍ တိုင်သဖြင့် ဖိုးသစ်မှာ ထပ်မံ အဆူခံရပြန်လေ၏ ။
ထိုနေ့ ညနေမှာ စန်းကြည်တို့ ညီအစ်မ သုံးယောက်သည် အခြား အပျိုဘော်ကလေးများနှင့် အိမ်ကို ရောက်၍ လာပြီး “ ကိုဖိုးသစ် ကိုဖိုးသစ် ဟောဒီမှာ လက်ကောက် လိုချင်လို့တဲ့ ဒေါ်ညိမ်းတို့ သားအမိလည်း တော်ကြာရင် လာလိမ့်မယ် ။ ကျွန်မတို့ ဝတ်တာ မြင်တာနဲ့ ၊ ဟိုက ခေါ်ကြည့် သည်က ခေါ်ကြည့်နဲ့ ။ ကိုဖိုးသစ် တော့ ကော်ပြီ ၊ ရှိသေးရဲ့လား ”
“ ရှိတာပေါ့ ညီမလေးရယ် ၊ လာလာ ” ဟု ပြောပြီး ကိုယ်တိုင် လက်ကောက်များကို ပြလေ၏ ။ အဒေါ်နှင့် အစ်ကိုမှာ တစ်ယောက်ကို တစ်ယောက် လက်တို့ကာ ကြည့်၍ နေကြလေ၏ ။
“ မချွတ်ဘဲ ဝတ်လိုက်ကြစမ်းပါ ။ လိုချင်သူ ရှိရင် ခေါ်ခဲ့ ၊ သရေစာဖိုး ပေးမယ် ” ဟု ပြောလေ၏ ။
၎င်းတို့ တစ်သုတ် ဝယ်၍ သွားကြပြီး ၊ နောက်တစ်သုတ် မိန်းကလေး ငါးယောက် ရောက်၍ လာလေရာ ဖိုးသစ်က “ ဖိုးနှစ် ၊ လူဟာ မျောက်ကွဲ့ သိရဲ့လား ။ ဟန်ဟန်ပန်ပန် ဝတ်ဆင်သူ တစ်ယောက် နှစ်ယောက်ကို မြင်ရရင် အတု လိုက်တာပဲ ။ ကုန်ပစ္စည်း ဆိုတာ လာဝယ်မှာကို စောင့်နေရတာ မဟုတ်ဘူး ။ မဝယ်ဘဲ မနေနိုင်အောင် ဓာတ်ရိုက်ပေးရတာမျိုး ။ လူဆိုတာ တစ်ယောက် လုပ်တာ မြင်ရင် လိုက်ပြီး လုပ်တာမျိုး ။ အဝတ်အစား အလှအပ ဆင်ရင် တန်ဆာများမှာ လှတဲ့ မိန်းမကလေး ၊ ဂုဏ်သရေရှိတဲ့ မိန်းမကလေး နှစ်ယောက်သုံးယောက်ကို အလကား အဆင် ခိုင်းကြည့် ၊ မကြာမီ အများလိုက်ပါလာတာပဲ ။ အဲသည်အချက် မသေမချင်း စွဲစွဲမြဲမြဲမှတ် ” ဟု ပြောလေ၏ ။
လက်ကောက် တစ်ရာကျော်ဖိုးမှာ သုံးရက် အတွင်း ကုန်၍ သွားရာ နောက်ထပ် သုံးလေးရာဖိုးကို ၊ သံကြိုး ရိုက်၍ မှာကြားရလေ၏ ။ ထိုနည်းဖြင့် တစ်နွေ ရောင်းကြရာ ဖန်လက်ကောက်ပေါ်စ ဖြစ်သဖြင့် ၊ ငွေလေးထောင်ကျော်ဖိုး ရောင်းလိုက်ကြရသောကြောင့် တူအရီး နှစ်ယောက်သည် ဖိုးသစ်ကို အိမ်ခေါင်းရင်း၌ ပက်လက်ကုလားထိုင်နှင့် အမြဲ စာဖတ်ခိုင်းပြီး အခက်အခဲ ဟူသမျှမှ အကြံတောင်းကြလျက် ကိုးကွယ်၍ ထားကြရလေ သတည်း ။
▢ ပီမိုးနင်း
📖 ဆယ်သန်း မဂ္ဂဇင်း
မေ ၊ ၁၉၃၅
No comments:
Post a Comment