Wednesday, April 15, 2026

ဂျာဒူးဝါလား

 

❝ ဂျာဒူးဝါလား ❞
     ( ပီမိုးနင်း )

“ မေမေ - မေမေ ”  ဟုခေါ်ကာ ကျောင်းမှ ခပ်သုတ်သုတ်ပြန်လာသော မောင်မြင့်ထွန်းကလေးသည် အိမ်တွင်းသို့ ဝင်သွားလျက် မီးဖိုချောင်တွင် ထမင်းအိုး ငှဲ့နေသော မိခင်ကို တွေ့မှ “ ဪမေမေ ထမင်းအိုး ငှဲ့နေသလား ပေးပါလေ ၊ ကျွန်တော် ငှဲ့ပါမယ် ” ဟု ဆိုကာ ထမင်းအိုးကို လှမ်းယူရာ မောင်မြင့်ထွန်း၏ မိခင်ဒေါ်မြ က “ နေပါစေ သားရယ် ထမင်းရေ စစ်ပါပြီ ” ဆို၍ ထမင်းအိုးကို ဖိုခနောက်ပေါ်သို့ တင်၍ နှပ်လေ၏ ။

မြင့် ။  ။ “ အို .. မေမေ မျက်ရည်တွေနဲ့ပါလား ငိုနေတယ် ထင်ပါရဲ့ ”

မြ ။  ။ “ မဟုတ်ပါဘူး သားရယ် မီးခိုး ခိုးလွန်းလို့ မျက်ရည်ကျတာပါ ” ဟု အင်္ကျီစနှင့် ကပျာကယာ သုတ်ပစ်လေ၏ ။

မြင့် ။  ။ “ မငိုပါနဲ့ မေမေရယ် ဆင်းရဲတာ ဝမ်းနည်းနေလို့ ဘယ်ဆုံးနိုင်တော့မလဲ ၊ မေမေ့မှာ ကျန်းမာဖို့ ကုသိုလ်ရဖို့ပဲ အရေးကြီးပါတယ် ။ ကျန်းကျန်းမာမာနဲ့ အေးအေးချမ်းချမ်း နေရရင် စိတ်ချမ်းသာတာပေါ့ ၊ နိုင်ငံကျော် သူဌေးကြီးတွေ စိတ်ဆင်းရဲလွန်းလို့ ကိုယ့်ကိုယ် ကိုယ် သေနတ်နဲ့ ပစ်သေတဲ့ လူတွေ အများကြီး ခဏခဏ ကြားနေတယ် ”

မြ ။ ။ “ ငါ့သား ပြောတာတွေလည်း မေမေ သိပါတယ်ကွယ် ”

မြင့် ။  ။ “ ကျွန်တော်လည်း ငယ်သေးလို့ပါ ။ ပညာလည်း မလုံလောက်သေးလို့ အခုလို နေသေးတာပါ မေမေရဲ့ ကျွန်တော် တစ်ယောက်လုံး ရှိသေးတာပဲ ။ စိတ်ချမ်းသာအောင်သာ နေပါ မေမေရယ် ”

မြ ။  ။ “ ဟုတ်ပါတယ် သားရယ် ၊ ဒါပေမဲ့ ငါ့သားမှာ အဝတ်အစားမှ တခြားကလေးတွေလို ပြောင်ပြောင်လက်လက် မရှိ စာအုပ်မှ မလုံလောက်နဲ့ နေရတာကိုသာ ငါ့သား အတွက် မေမေ မြင်ရတာ မချိလှဘူး ”

မြင့် ။  ။ “ ဒါတွေ ဝမ်းနည်းစရာ မဟုတ်ပါဘူး မေမေရယ် စာအုပ်ဖိုးလည်း ရအောင် မေမေလည်း ဈေးရောင်းရ သက်သာအောင် ကျွန်တော် ကျောင်းနေရင်းပဲ အလုပ် တစ်ခု လုပ်မယ် ကြံထားပါတယ် ”

မြ ။  ။ “ ဘယ်လို အလုပ်လဲကွဲ့ ”

မြင့် ။  ။ “ ကျွန်တော် ကြံထားတာက အခု ကျွန်တော်တို့ ကျောင်းမှာ အမှိုက်လှည်း တခြား ကျောင်းအလုပ်နည်းနည်းပါးပါး လုပ်ရတဲ့ အလုပ်တစ်ခု ကျောင်းအုပ်ကြီး ဆီမှာ တောင်းမယ် ။ အခု ဂျာဒူးဝါးလားကု,လားက ကျောင်းက အမှိုက်တွေကို လာလာ လှည်းနေတယ် ။ အဲသည်တော့ ဒီအလုပ် ကျွန်တော် တောင်းရင် ကျောင်းအုပ်ကြီးက ကု,လားကိုလည်း ပိုက်ဆံပေးရတဲ့ အတူတူ ကျွန်တော့်ကို ပေးမှာပါပဲ ”

မြ ။  ။ “ အမယ်လေး အောက်တန်းကျလွန်းလှပါတယ် သားရယ် ”

မြင့် ။  ။ “ ဘာဖြစ်သလဲ မေမေရယ် ၊ သူများပစ္စည်း ခိုးတဲ့ အလုပ်မှ မဟုတ်ဘဲ ။ တရားသဖြင့် လုပ်တဲ့ အလုပ်ကို ရှက်စရာ မဟုတ်ပါဘူး ”

မြ ။  ။ “ ငါ့သား သဘောပဲကွယ် ။ ပိုက်ဆံလည်း ကျပ်တည်းလွန်းလို့ ”  ဟု ဆိုကာ ဒေါ်မြ မှာ ဝမ်းနည်းလှစွာ သား မသိအောင် မျက်ရည်ကျရှာလေ၏ ။

မောင်မြင့်ထွန်းမှာ အသက် ၁၃ နှစ်ခန့် ရှိ၍ ၆ တန်းမျှသာ ပညာရှိသေး၏ ။ ကျောင်းမှာ အသနားခံစာ သွင်း၍ ကျောင်းလခ မပေးရဘဲ အခလွတ် ပညာသင် အဖြစ်နှင့် နေရသူ ဖြစ်လေသည် ။

နောက်တစ်နေ့တွင် မောင်မြင့်ထွန်းသည် ကျောင်းအုပ်ကြီးထံ သွား၍ ကျောင်း၌ တံမြက်လှည်းရန်နှင့် တခြား ကျောင်းက ခိုင်းသော အလုပ် နည်းနည်းပါးပါး လုပ်ရသော အလုပ်တစ်ခု တောင်းလေ၏ ။

ကျောင်းအုပ်ကြီးကလည်း သနား၍ပင် လွယ်ကူစွာ တစ်လ ၅ ကျပ်နှင့် အလုပ် ပေးလိုက်လေ၏ ။

ထိုနေ့မှစ၍ မောင်မြင့်ထွန်းသည် နံနက် တစ်ခါ ၊ ညနေ တစ်ခါ နေ့လယ်ကျောင်းဆင်း တစ်ခါ အမှိုက် လှည်းရလေသည် ။

ကျောင်းသားများက ဤသို့ မောင်မြင့်ထွန်းသည် အမှိုက်လှည်းခြင်း စသော အောက်တန်းကျသော အလုပ်ကို လုပ်သဖြင့် ပြောင်လှောင်ကဲ့ရဲ့ကြလေသည် ။ မြင့်ထွန်း နှင့် အတန်းထဲ အတူတူ နေရသော စက်သူဌေးသမီး ခင်ဆွေ တစ်ယောက်ကမူ မပြောင်ရက်နိုင်ရှာပဲ များစွာပင် သနားရှာလေသည် ။

မောင်မြင့်ထွန်းအား ဂျာဒူးဝါလား ဟု ခေါ်လျှင် မောင်မြင့်ထွန်း ကမူ စိတ်မဆိုးသော်လည်း ကြားက ခင်ဆွေ ကမူ မခံနိုင် ဒေါပွရှာလေသည် ။ ကျောင်းသားများက ဂျာဒူးဝါလား ဟု အမြဲပင် ခေါ်ပါများ၍ ကြာတော့ ရိုးနေသဖြင့် ခင်ဆွေ ကပင် မခံချင်သော စိတ်များကို ဖြေ ဖျောက်ထားရလေ၏ ။ တစ်ခါတလေ မောင်မြင့်ထွန်း စိတ်ဆိုးမလားဟု ခင်ဆွေက ကိုဂျာဒူး ဟု ပြုံးလျက်ခေါ် လျှင်

မြင့်ထွန်း ။  ။ “ ခေါ်နိုင်ပါတယ် ခင်ဆွေရယ် ။ ကိုမြင့်ထွန်း မှာလဲ အပြစ် မရှိပါဘူး ။ ခင်ဆွေလည်း မဟုတ်တာ ပြောတာမှ မဟုတ်ဘဲ ။ အပြစ် မရှိပါဘူး ” ဟု ပြန်ပြောလေ့ ရှိလေသည် ။

တစ်နေ့တွင် မောင်မြင့်ထွန်း ဖျားနေသဖြင့် ကျောင်းမတက်နိုင် ခွင့်ယူထားလေ၏ ။ ခင်ဆွေသည် ကျောင်းတက်သည်တိုင်အောင် မြင့်ထွန်း မလာမှ ဖျားနေကြောင်း သိရ၍ ဝမ်းနည်းရှာလေသတည်း ။

နေ့လည် ကျောင်းဆင်းချိန်တွင် ခါတိုင်းနေ့ ကဲ့သို့ မြင့်ထွန်း တံမြက်စည်း လှည်း မထားသောကြောင့် ဖုန်အမှိုက် ထူနေသဖြင့် မြင့်ထွန်းကို ငြိုငြင်ကြမည် စိုး၍ သနားကာ မြင့်ထွန်း လှည်းနေကြ တံမြက်စည်းကို ခင်ဆွေက ယူ၍ လှည်းလေ၏ ။

ကျောင်းသားများက “ ဒီနေ့ ဂျာဒူးဝါးလား အသစ်ဟေ့ ဘယ် ဂါဗာနာက ခန့်လိုက်ပါလိမ့် ” ဟု မကြားတကြား ပြောကြရာ ခင်ဆွေ က “ ငါ့ဘာသာ ငါ လှည်းတာ ဘာဖြစ်သလဲ ။ တံမြက်စည်း လှည်းတာ အကျိုး ငါးပါး ရတယ် ”

“ အသက်ရှည် အဆင်းလှ ၊ သေက နတ်ပြည် ချစ်ကြည်လူများသူနှင့် ကိုယ်ပင်စိတ်ကြည်လင် သင်တို့ တံမြက်လှည်း တဲ့ နားလည်ရဲ့လား ချီးမှန်း ငှက်ပျောမှန်း မသိဘဲနဲ့ သူတစ်ပါးကို ကဲ့ရဲ့ချင်တဲ့ သတ္တိက ဘာ အကျင့်လဲ တယ်အစွမ်းကောင်းတဲ့ ဟာတွေပေါ့လေ ” ဟု စကားတတ်သော စက်သူဌေး သမီး ခင်ဆွေက သွက်သွက်လက်လက် ပြန်၍ နှက်လိုက်မှ ကျောင်းသားတွေက ခင်ဆွေ ကိုတော့ လန့်ပြီးသား ဖြစ်ကြရာ ဟုတ်ပါတယ် ရွှေကျောင်းအစ်မရဲ့ တိုးတိုးပြောကာ ရှောသွားကြလေ၏ ။

ညနေ ကျောင်းလွှတ် အိမ်ရောက်လျှင် ခင်ဆွေသည် သေတ္တာထဲမှ ၁၀ တန်စက္ကူတစ်ချပ်ကို ယူ၍ မြင့်ထွန်းတို့ တဲကလေး ဘက်သို့ လျှောက်လာလေ၏ ။ တဲကလေး ရှေ့တွင် ဒေါ်မြနှင့် တွေ့ရာ ခင်ဆွေက “ ကြီးကြီး ကိုမြင့်ထွန်း တစ်ယောက် ဘယ့်နှယ် နေသေးသလဲ အဖျားတက်သေးလား ” ဟု မေးကာ အိမ်ထဲ ဝင်လာရာ ...

ဒေါ်မြ ။  ။ “ အင်း အခု သက်သာသွားပါပြီ ။ မနက်က အဖျားတက်တယ် ”

ခင်ဆွေသည် တဲအရှေ့ခန်းကလေး၌ စောင်နှင့် ကွေးနေသော မြင့်ထွန်းကို မြင်ရာ များစွာ ဝမ်းနည်းလာလျက် မျက်ရည်ဝဲလာကာ မြင့်ထွန်း အနီးသို့ သွား၍

ဆွေ ။  ။ “ ကိုမြင့်ထွန်း ဘယ့်နှယ် နေသလဲ ။ ခင်ဆွေ လာတယ်လေ ” 

မြင့်ထွန်းသည် အသံကြား၍ မျက်လုံးနှင့် ကြည့်ကာ

“ ဪ ခင်ဆွေလား ။ သက်သာပါပြီ ။ မနက်က အဖျားတက်လို့ အဖျားပျောက်ဆေး သောက်ထားတယ် ”

ဆွေ ။  ။ “ ချွေးထွက် သွားရင် ပျောက်မှာ ပေါ့နော် ” 

မြင့် ။  ။ “ အမှိုက်တွေ ဖုန်တွေ တော်တော် ထူမှာနော် ”

ဆွေ ။  ။ “ နေ့လယ် ကျောင်းဆင်းတော့ ခင်ဆွေ လှည်းထားပါတယ် ”

စက်သူဌေးသမီးက မိမိအတွက် ဤသို့ အောက်တန်းကျလှသော အလုပ်ကို ဝင်လုပ်သဖြင့် အံ့သြကာ

မြင့် ။  ။ “ ဟင် ... ခင်ဆွေ ဘာဖြစ်လို့ လုပ်ရလဲ ကိုမြင့်ထွန်း နက်ဖြန် လှည်းနိုင်မှာပါပဲ ။ ခင်ဆွေကို ကျောင်းသားတွေက ... ”

ဆွေ ။  ။ “ အို ... သူတို့က ပြောင်ချင်ကြတာပေါ့ ။ ခင်ဆွေက ကိုမြင့်ထွန်း လိုတော့ ဘာခေါင်းငုံ့ နေမလဲ ခံတွယ်လိုက်တာပေါ့ ”

မြင့်ထွန်းမှာ ခင်ဆွေ ပြောသော စကားကို နားထောင်ပြီး “ ကိုမြင့်ထွန်းလည်း နက်ဖြန် ကျောင်းတက် နိုင်မှာပဲ ၊ ကဲ မိုးချုပ်နေမယ် ။ ခင်ဆွေ ပြန်တော့ ”

“ ဟုတ်ကဲ့ ပြန်ဦးမယ် ” ဆိုတာ ထွက်လာ၍ အိမ်ရှေ့ ရောက်လျှင် ခင်ဆွေက “ ကြီးကြီး ခဏ ” ဟု ခပ်တိုးတိုး ခေါ်ကာ “ ရော့ ကိုမြင့်ထွန်း ဆေးဖိုး သူ စားချင်တာလည်း ဝယ်ကျွေးပါ ပြီးတော့ ကျွန်မ ပေးတဲ့အကြောင်း သူ မသိစေနဲ့ သိရင် ပြန်ပေးနေဦးမယ် ” ဟုဆိုကာ တစ်ဆယ်တန်စက္ကူကို ဒေါ်မြအား ပေးခဲ့ပြီး ခင်မြန်မြန် ပြန်လေ၏ ။

ခင်ဆွေနှင့် မြင့်ထွန်းတို့ အိမ်မှာ မဝေးလှချေ ။ တစ်လမ်း ဟိုဘက်ထိပ်နှင့် ဒီဘက်ထိပ်ပင် ဖြစ်လေသည် ။ တစ်ကျောင်းလုံးတွင် မြင့်ထွန်းမှာ အဆင်းရဲဆုံး ဖြစ်သည့် အတိုင်းပင် ပညာကိုလည်း ကြိုးစားဆုံး ဖြစ်လေရာ စာမေးပွဲတိုင်းပင် ပထမ ဆွဲလေသည် ။

ခင်ဆွေ ကလည်း အတန်းကျနေက မောင်မြင့်ထွန်း နှင့် ကွဲနေမည် စိုး၍လား မသိ မြင့်ထွန်း ကြိုးစား သလောက်ပင် ကြိုးစားရှာလေ၏ ။ စာမေးပွဲတိုင်းပင် မြင့်ထွန်း က ပထမ ၊ ခင်ဆွေ က ဒုတိယ ၊ တစ်ခါတလေ နှစ်ယောက်စလုံး ပထမ ဖြစ်နေ၏ ။ တစ်နှစ် တစ်တန်း ၆ လ တစ်တန်း တက်၍ လာရာ ဆယ်တန်းသို့ ရောက်လေ၏ ။ ဆယ်တန်းတွင် အရေးကြီးကြောင်း သိသည့် အတိုင်းပင် အထူးကြိုးစားကြလေ၏ ။

ဆယ်တန်း တတိယ စာမေးပွဲကြီး ပြီး၍ ကျောင်းပိတ်လိုက်၏ ။ ကျောင်းပိတ်ပြီး နောက်တစ်နေ့ ညနေခင်းတွင် မောင်မြင့်ထွန်းသည် ခင်ဆွေတို့ အိမ်ဘေး ကန်အနီး လမ်းမှ အညောင်းပြေ လျှောက်လာရာ ခင်ဆွေက ပန်းခြံအတွင်း ကန်ပေါင်ပေါ်မှ “ ကိုမြင့်ထွန်း ဘယ်သွားမလို့လဲ ဝင်ပါဦး ခဏ ” ဟု ဝမ်းသာစွာ နှုတ်ဆက်ခေါ်ငင်လေရာ

မြင့် ။  ။ “ အညောင်းပြေ လျှောက်တာပဲ ခင်ဆွေရဲ့ ” ဟု ဆိုကာ ခင်ဆွေ အနီးသို့ သွားလေ၏ ။

ဆွေ ။  ။ “ စာမေးပွဲမှာ ကိုမြင့်ထွန်း တော်တော် ဖြေနိုင်လား ”

မြင့် ။  ။ “ ကြိုးစားပြီး ဖြေတာပဲ ဖြေနိုင်ပါရဲ့” 

ဆွေ ။  ။ “ ခင်ဆွေလည်း တော်တော် ဖြေနိုင်တယ် ။ အောင်မယ်လို့ ထင်တာပဲ ”

မြင့် ။  ။ “ အို ဘယ်တုန်းကမှ မကျဘူးဘဲနဲ့ အောင်မှာပေါ့ ။ ဒါနဲ့ ခင်ဆွေ ဆယ်တန်း အောင်ပြီး ကောလိပ် သွားဦးမလား ”

ဆွေ ။  ။ “ ကိုမြင့်ထွန်းရော သွားဦး မလို့လား ”

မြင့် ။  ။ “ အိပ်မက်တောင် မမက်ဝံ့ပါဘူး ခင်ဆွေ ရယ် ။ ဒီဆယ်တန်းနဲ့ပဲ စီးပွား ရှာရတော့မှာပဲ ။ မေမေကလည်း အသက်ကြီးပြီ ခင်ဆွေ ဖို့တော့ သွားမယ်ဆို သွားနိုင်မှာပေါ့နော် ။ သွားဦး မလို့လား ”

ဆွေ ။  ။ “ မသွားပါဘူး ကိုမြင့်ထွန်းရယ် ။ ဖေဖေကတော့ ခင်ဆွေ သွားချင်ရင်တော့ ပို့မှာပါပဲ ” 

မြင့် ။  ။ “ တကယ်လို့ ခင်ဆွေ ကောလိပ် သွားရင်တော့ ကိုမြင့်ထွန်းတော့ သိပ်လွမ်းနေမှာပဲနော် ”

ဆွေ ။  ။ “ တော်ပါ ဘိုးသဲက ဒါနဲ့ နေပါဦး ။ ကိုမြင့်ထွန်း ဘာအလုပ် လုပ်မလို့လဲ ခင်ဆွေ တစ်ခု ပြောမယ်လေ ၊ တခြားမှာ အလုပ်မရှာနဲ့ ခင်ဆွေတို့ စက်ထဲမှာ စာရေးတစ်ယောက် လိုနေတယ် ။ အဲဒီနေရာ အလုပ်လျှောက် ခင်ဆွေ ဖေဖေ့ကို ကူညီ ပြောပါမယ် ။ ဖေဖေက ရိုးဖြောင့်တဲ့ လူကိုသာ လိုချင်တယ် ကိုမြင့်ထွန်းကိုတော့ ဘာမှ ငြင်းစရာ မရှိပါဘူး ”

မြင့် ။  ။ “ ဒီလို ပြောတာ ဝမ်းသာပါတယ် ခင်ဆွေ ရယ် ။ ဒါပေမဲ့ သူတစ်ပါး လခစား ဆိုတာ ကျွန်အလုပ် ” 

ဆွေ ။  ။ “ အို ဒါကတော့ ဒီအလုပ်နဲ့ တစ်သက်လုံး နေဖို့မှ မဟုတ်ဘဲ ခဏပေါ့ ။ ဒီလခကို စုပြီး နောက် ကိုယ်ပိုင် အလုပ်ကို ကြံစည် လုပ်ကိုင်တာပေါ့ ၊ ပြီးတော့ စက်ထဲက အလုပ် အကြောင်းလည်း နားလည်တာပေါ့ ။ နားလည်ထားတော့ ကောင်းတယ် မဟုတ်လား ” 

မြင့် ။  ။ “ ကောင်းတော့ ကောင်းပါရဲ့ ။ ကိုမြင့်ထွန်းက စက်ပိုင်ရှင်မှ မဟုတ်ဘဲ ”

ဆွေ ။  ။ “ လူပဲ ဘယ်သူ သိနိုင်မလဲ ။ အခု မဟုတ်ပေမဲ့ နောက်ကို ဟုတ်ချင် ဟုတ်မှာပေါ့ ”

မြင့် ။  ။ “ အို စက်ပိုင် ဖြစ်ပေမဲ့ ဒီစက်ကြီးကိုလည်း မလိုချင်ပါဘူး ”

ဆွေ ။  ။ “ ဒီမှာ လာကြည့် ” ဟု ဆိုကာ ကန်ပေါင်ပေါ်မှ ရေထဲသို့ ထိုးပြလေရာ ခင်ဆွေမှာ သိချင်ဇောနှင့် ဘယ်မှာ ဘာလဲဟု ဆိုကာ ရေထဲကို ငုံ့ကြည့်ရာ မိမိ၏ အရိပ်ကို တွေ့မှ မြင့်ထွန်း၏ စကား အဓိပ္ပာယ်ကို ရိပ်မိ၍ ရုတ်တရက် ရှက်သွေး မွှန်ကာ “ ကိုမြင့်ထွန်းနော် ဟင်း တော်တော် လာပါလား ဖေဖေ့ကို သွားတိုင်မယ် ” ဟု ဆိုကာ လှည့်သွားရာ

မြင့်ထွန်းက နောက်မှ အင်္ကျီစကို အသာ ဆွဲထား၍ “ စိတ်ဆိုးသလား ခင်ဆွေရဲ့ ကိုမြင့်ထွန်း မှာတော့ ခင်ဆွေ ကိုလေ အို မပြောပေမဲ့ ခင်ဆွေ သိမှာပါပဲ ၊ ခင်ဆွေ ကိုမြင့်ထွန်းကို မုန်းပြီလား ။ အစကတော့ ကိုမြင့်ထွန်းကို သနားတယ် ကျောင်းသားတွေက ပြောင်တာတောင် မခံနိုင်ဘူးဆို ။ အခုတော့ မုန်းလို့ ခင်ဆွေ ဖေဖေကို တိုင်မှာလား ။ တကယ်လား ခင်ဆွေရဲ့ ” ဟုမောင်မြင့်ထွန်း ကရားက ရေလွှတ်သလို မရပ်ဘဲ ပြောလေရာ

ခင်ဆွေ က “ အမယ်လေး တကတဲ ဘယ်သူက မုန်းတယ်ပြောသလဲ ။ လွှတ်ပါ အင်္ကျီစကို ” 

မြင့်ထွန်းသည် အင်္ကျီကို လွှတ်ကာ “ ဒါဖြင့် မမုန်းရင် ချစ်တယ်ပေါ့နော် ။ တကယ် ချစ်တာလား ခင်ဆွေရဲ့” ဟု ပြောကာ ခင်ဆွေ လက်ကို အသာ ဆွဲထားလေရာ ခင်ဆွေ မှာ ရှက်သွေးမွှန်ကာ နှုတ်ခမ်းကို ကိုင်လျက် ခေါင်းငုံ့ နေလေ၏ ။

မြင့် ။  ။ “ ဘယ့်နှယ်လည်း ခင်ဆွေရဲ့ ချစ်တယ် မဟုတ်လားနော် ဖြေစမ်းပါဦး ” ဟု ထပ်ကာထပ်ကာ မေးလေရာ

ခင်ဆွေ ။  ။ “ အို ခင်ဆွေလည်း ကိုမြင့်ထွန်း လိုပေါ့ မပြောပေမဲ့ သိသားနဲ့ မေးစရာ မလိုပါဘူး ” 

မြင့် ။  ။ “ သိပေမဲ့ ခင်ဆွေ အခုနေအခါ မမီတဲ့ပန်းလို ”

ဆွေ ။  ။ “ အလကား ။ ဒါတွေ အပိုပါ ။ ကိုမြင့်ထွန်း ခင်ဆွေ ပြောသလို စက်ထဲက အလုပ်သာ တောင်းပါ ။ မကွဲနိုင်ပါဘူး ။ ကိုမြင့်ထွန်း အကြောင်းကို ဖေဖေ သိဖို့ပဲ လိုပါတယ် ။ ဖေဖေ ကလည်း ဘာတွေညာတွေ မဟုတ်ပါ ဘူး ။ ရိုးဖြောင့်တည်ကြည်တဲ့ လူကိုသာ ခင်ဆွေ သဘောကျရင် ကန့်ကွက်မယ် မဟုတ်ပါဘူး ။ ခင်ဆွေ သဘောလည်း ကိုမြင့်ထွန်း သိတဲ့ အတိုင်းပါပဲ ”

မြင့် ။  ။ “ အေးလေ ။ ဟုတ်ပါတယ် ။ တကယ်လို့ ခင်ဆွေ ဖေဖေက မမီတဲ့ပန်း ထင်ရင် အတန်းချင်း တူအောင် ကြိုးစားဖို့ဟာ ကိုမြင့်ထွန်း တာဝန်ပဲ ကိစ္စမရှိဘူး ။ ခင်ဆွေ ကိုသာ စိတ်ချပါရစေနော် ”

ဤသို့ ချစ်သူနှစ်ဦးတို့ ပြောဆို ပြီး၍ တစ်ဦးနှင့် တစ်ဦး နှုတ်ဆက်ကာ မောင်မြင့်ထွန်း ပြန်လေ၏ ။ ခင်ဆွေမှာ မိခင် မရှိ ဖြစ်လေရာ ဖခင် စက်သူဌေး ဦးဘက အလွန် အလိုလိုက်၍ မိမိသမီး အိမ်ထောင်  ပြုလျှင် ယောက်ျားက နိုင်မည် ။ နှိပ်စက်မည် ။ အလိုမလိုက်မည်ကို စိုးရိမ်ရှာလေသည် ။ မိမိတို့နှင့် ဂုဏ်ရည်တူ ပိုက်ဆံရှိသူများမှာ ဖဲ ၊ အရက် ၊ မြင်း စသော အပျော်ကြူးမှု ကင်းသူ ရှားလှသဖြင့် ဂုဏ်ရည်တူ ပိုက်ဆံရှိသူကို မမျှော်လင့်လှချေ ။ ဆင်းရဲသော်လည်း ရိုးဖြောင့် တည်ကြည်သူ ဖြစ်က သမီး သဘောကျလျှင် ပေးစားမည်ဟု ဆုံးဖြတ်ထားလေ၏ ။

မြင့်ထွန်း သည် စက်ထဲမှ စာရေး အလုပ်ကို လျှောက်ရာ ခင်ဆွေ ကလည်း မြင့်ထွန်း၏ အကြောင်းကို ပြောပြကာ ကူညီထောက်ခံသဖြင့် လခ ၆ဝ နှင့် ဦးဘ က အလုပ် ပေးလေ၏ ။

အလုပ် ရပြီးသည်က စ၍ မြင့်ထွန်းသည် စက်ထဲမှ အလုပ်များကို မိမိ တာဝန် ဟုတ်သည် ဖြစ်စေ မဟုတ်သည် ဖြစ်စေ အလုပ်လည်း နားလည်အောင် သူဌေး ဝတ္တရားလည်း ကျေပြွန်အောင် ကြိုးစား၍ လုပ်ကိုင်လေသည် ။

ခင်ဆွေဖခင် ဦးဘသည် မောင်မြင့်ထွန်း၏ လုပ်ပုံကိုင်ပုံ စိတ်သဘောကို ဂရုစိုက်၍ ကြည့်ရာ မိမိ၏ သမီးနှင့် အတော် သဘောတူ နေလေသည် ။

ခင်ဆွေ၏ စိတ်သဘော လိမ္မာမြင့်မြတ်ကြောင်း ကို သိပြီး ဖြစ်သဖြင့် ခင်ဆွေ သဘောရှိ အလိုလိုက်ကာ ခင်ဆွေ စက်ထဲကို သွားလည်နေနိုင်ခွင့်ပြုလေသည် ။ မြင့်ထွန်း အလုပ်ရ၍ မကြာမီ စာမေးပွဲ ဂေဇက် ထွက်လာရာ မောင်မြင့်ထွန်း နှင့် ခင်ဆွေပါ စာမေးပွဲ အောင်ကြောင်း သိရ၍ ခင်ဆွေသည် အလွန်ဝမ်းမြောက်လှကာ ဂေဇက်ကို ကိုင်လျက် မြင့်ထွန်း အလုပ်စားပွဲ ဆီသို့ သွားလေ၏ ။

ခင်ဆွေသည် မြင့်ထွန်း စာရင်းတွက်နေသည်ကို မြင်၍ အသာနောက်မှ သွား၍ လက်ကို တွန်းလိုက်ရာ မြင့်ထွန်း လှည့်ကြည့်လျက်

“ အို ခင်ဆွေကလည်း အရမ်းကို ဒီမှာ ကြည့်စမ်း မင်ခြစ်ရာတွေ ဖြစ်ကုန်ပြီ ”

“ ဆွေ မင်ခြစ်ရာကို မကြည့်နိုင်သေးဘူး ။ ဒီမှာ ကြည့်စမ်းဂေဇက် ထွက်လာပြီ ” ဟု ဆိုကာ ဂေဇက်ကို စားပွဲပေါ်သို့ တင်၍ ဝမ်းသာအားရ ကြည့်ကြလေ၏ ။ သေချာစွာ ကြည့်ပြီး၍ မောင်မြင့်ထွန်းက ခင်ဆွေ လက်ကို အသာဆွဲယူကာ ပြုံးလျက် “ ဒါဖြင့် ခင်ဆွေ ကောလိပ် သွားဦးမလား ။ ”

ဆွေ ။  ။ “ ကြည့်ပါလား ပြောပြန်ပြီ မသွားဘူးရှင့် ဟောဒီ ကိုဂျာဒူးနဲ့ ကွဲနေမှာ စိုးလို့ ”

မြင့် ။  ။ “ အခု ဂျာဒူးဝါလားမှ မဟုတ်တော့ဘဲ ၊ ကိုမြင့်ထွန်း မခံနိုင်ဘူး ။ ခင်ဆွေလည်း အပြစ်ရှိတယ် ၊ မမှန်စကား ပြောတာ ”

ဆွေ ။  ။ “ ဒါဖြင့် ဘယ်လို ခေါ်ရမလဲ ၊ စက်သူဌေး သမက်လောင်းကြီးလို့ ခေါ်ကော ကျေနပ်ရဲ့လား ” 

မြင့် ။  ။ “ အို အခု မကျေနပ်နိုင်သေးဘူး ။ ခင်ဆွေ ဖေဖေ ဘယ်လိုမှန်း မသိသေးဘဲနဲ့ ”

ဆွေ  ။  ။ “ ကိစ္စမရှိဘူး ခင်ဆွေ တစ်နေ့က ဖေဖေကို ပြောပြီးပြီ ”

မြင့် ။  ။ “ ဘယ့်နဲ့ သွားပြောသလဲ ”

ဆွေ ။  ။ “ ခင်ဆွေက တိုက်ရိုက်တော့ ဘယ်ပြောဦးမလဲ ၊ ဒီလိုပဲ စပ်မိလို့ ပြောနေကြတော့ ခင်ဆွေက ကိုမြင့်ထွန်း ပညာသင်ခဲ့ရပုံ ကျောင်းမှာ နေတုန်းက ဘယ်လို ရိုးဖြောင့်တည်ကြည်တဲ့ အကြောင်းတွေပေါ့လေ ၊ ပြောပြတော့ ဖေဖေက ”

မြင့် ။  ။ “ အင်း ဘယ့်နှယ်များ ပြောသလဲ ”

ဆွေ ။  ။ “ အေး ... ဒီလို လူမျိုး ရှားသားပဲတဲ့ ။ အခုကာလမှာ ပိုက်ဆံ ရှိတဲ့လူ ဆိုရင် အရက်ကလေး ၊ မြင်းကလေးနဲ့ ဟော့ဟော့ရမ်းရမ်း ကြောက်စရာကောင်းတယ်တဲ့ ”

မြင့် ။  ။ “ ဒါပဲလား ”

ဆွေ ။  ။ “ အခုတော့ ဒါပဲ ပြောသေးတာပေါ့ ကိုမြင့်ထွန်းရဲ့” 

နောက် ၆ လခန့် ကြာသောအခါ မောင်မြင့်ထွန်းနှင့် ခင်ဆွေတို့ လက်ထပ်မင်္ဂလာပွဲ ဆင်ယင်ကျင်းပလေ၏ ။

မောင်မြင့်ထွန်းသည် ဆန်စက် အလုပ်ကိုလည်း ပြင်ဆင်ပြုပြင် လုပ်ကိုင်သည့်ပြင် စပါးကူးသန်းရောင်းဝယ်ရေး အလုပ်ကိုလည်း ချဲ့ထွင်လုပ်ကိုင်လေရာ ၎င်း၏ အကြံဉာဏ်ကြောင့် ကြီးပွားချမ်းသာ တိုးတက်လာလေ၏ ။

ခင်ဆွေ၏ဖခင် ဦးဘကြီးမှာကား သမက် အကြောင်းကို အမွှန်းတင်ကာ ဝမ်းသာအားရ ဧည့်သည် လာတိုင်းပင် ပြောလေ၏ ။

မောင်မြင့်ထွန်းအား ဂျာဒူးဝါလား ဟူသော ဘွဲ့ထူး မှာ အလိုလို ပျောက်ပြီးလျက် သူဌေးမင်း ဟူသော ဘွဲ့ထူး ကိုသာ လူတိုင်းကပင် မျက်နှာချို သွေး၍ ခေါ်ငင်ကြလေသတည်း ။

▢  ပီမိုးနင်း
📖 ဒီးဒုတ် သတင်းစာ
      မေ ၊ ၁၉၃၈

No comments:

Post a Comment