❝ ကွန်ဟိန်းတံတား ပုံပြင် ❞
( ရောင်နီ )
“ ဝတ္ထု ရေးချင်တယ်ဗျာ ၊ ဘယ်လို ရေးရလဲ သင်ပေးပါဦးဗျ ”
“ ဝတ္ထု ဆိုတာ အင်မတန် နက်နဲပါတယ် ။ သရုပ်ဖော်ဝတ္ထု ၊ စိတ်ကူးယဉ်ဝတ္ထု ဆိုပြီး ခွဲခြားလို့လည်း ရသဗျ ။ အရေးကြီးတာက ဝတ္ထုဆိုတာ ဘာလဲဆိုတာ အရင်ဆုံး သိထားဖို့ လိုသဗျ ။ ဝတ္ထု ဆိုတာ အဟမ်း ... ”
ကျွန်တော်သည် ဝိတ္ထာရချဲ့ရင်း ချောင်းတစ်ချက် ဟန့်ကာ နားလိုက်သည် ။ စာလေးပေလေး ၊ ကဗျာလေး ဘာလေး မတောက်တခေါက် ကဘောက်ချိ ကဘောက်ချာ ရေးတတ်နေမှန်း သိ၍ သူတို့သည် ကျွန်တော့်အား အထင်တခွဲ အမြင်မျက်ပြဲ နှင့် စောင့်ငံ့ နားစွင့် နေကြကုန်၏ ။
“ ဝတ္ထုဆိုတာ စင်စစ်တော့ အရပ်သားစကား မဟုတ် ဘူးဗျ ။ ဆိုပါတော့လေ ဝေါဟာရ ၊ အရင်းအမြစ်က မွန်မြတ်တဲ့အုပ်စုက ဆင်းသက်လာတာဗျ ။ ဘုန်းကြီးစကားဆို ခင်ဗျားတို့ အံ့သြကောင်း အံ့သြသွားမယ် ။ ဘုန်းကြီး စကားက ဝတ္ထုအနက်ပြန်ရင် ‘ ငွေ ’ ပေါ့ဗျာ ။ ဝတ္ထုရေးနည်းကတော့ သဝေထိုး ငဝဆွဲ ငွေ ၊ ဆွေမျိုးခယမလွဲပေ ။ ဝေတလေလေ ၊ အဲလေ ငွေငွေငွေ ... ”
“ ဟာဗျာ ၊ အဟုတ်မှတ်လို့ နားထောင်နေတာ ။ ဟွန်း လူနောက်ပဲ ”
မိတ်ဆွေတစ်သိုက်မှာ ကျီးပြိုသလို တဝေါဝေါ ရယ်မောကြလေသည် ။ ဖွင့်ဟဝန်ခံရပါလျှင် တစ်သိုက်မြုံလုံး အရက်ကလေးထွေထွေနှင့် အသက်ကလေးရှည်ရှည် နေရတုန်း ပျော်နေကြခြင်း ဖြစ်သည် ။ ရှမ်းပြည်နယ် တစ်နေရာတွင် ကြုံတောင့်ကြုံခဲ ဗမာငါးယောက် ဆုံမိကြခြင်း ဖြစ်၍ ဝိသေသပြုရလျှင် အနှီငါးယောက်မှာ တအူတုံဆင်း မမွေးရုံတမယ် ရင်းနှီးသော အဖော် အပေါင်းများဖြစ်၍ သရက်ပင်ရိပ်ပါတီ တစ်ခဲနက် ကျင်းပနေခြင်းဖြစ်သည် ။
တိတိကျကျ ပြောရလျှင် ကျွန်တော်တို့ တစ်သိုက်သည် တောင်ကြီး ၊ ကျိုင်းတုံသွားလမ်း နမ့်ပန်ချောင်း ဘေးတွင် တည်ရှိသော ‘ ကွန်ဟိန်း ’ တွင် ဆုံမိကြခြင်း ဖြစ်သည် ။ ကွန်ဟိန်းသည် တောင်ကြီးမှ ၁၃၂ မိုင် ဝေးသည် ထင်၏ ။ ရှမ်းမြို့အသေးစားကလေးပါပေ ။ ဈေးဆိုင် ကန္နားလည်း သူ့အထွာနှင့် သူ အပြည့်အဝ ရှိ၏ ။ ကွန်ဟိန်းတံတားသည် တောင်ကြီး ၊ ကျိုင်းတုံကားလမ်းတွင် အရေးပါသော တံတားဖြစ်သည် ။ နမ့်ပန်ချောင်းကို ကျော်ဖြတ်ကာ ရေလယ်ကျွန်းကို ခွလျက် တံတား အတို နှစ်ဆက် တစ်ဖက်ကမ်းသို့ တစ်ဆက် လှလှပပ ထိုးထားပေသည် ။ ကျွန်တော်တို့အဖွဲ့ နေရာယူထားသည်မှာ တံတားထိပ် သရက်ပင် အောက်တွင် ဖြစ်သည် ။
ဘေးဘီ ကြည့်ပါလျှင် နမ့်ပန်ချောင်းကလည်း ရွှေရောင် တဖိတ်ဖိတ်နှင့် အပျိုကြီးလို ဣန္ဒြေရရ စီးနေသည် ။ နေကျချိန် ဖြစ်၍ ငါးမျှားသူ မရှား ၊ ဒိုင်ဗင်ထိုး ရေချိုးသူမှာလည်း ပေါ ။ လှေလှော်နေသူများလည်း အနတက္ကမနှင့် ပတ်ဝန်းကျင် တစ်ခုလုံး မြူးကြွနေပေသည် ။ သူတို့လည်း မြူး ၊ ရွှေလိမ္မော် ဆွတ်ခူးခဲ့သည်မှာ လေးပုလင်း တက်တက်ပြောင် ပျော်ပါဘိခြင်း ။
ကျွန်တော် နှင့် ဗိုလ်သက် မှာ ကျိုင်းခမ်း ကျိုင်းလွန်း ရှေ့တန်းစခန်းမှ တာဝန် ပြီးဆုံးသဖြင့် ပြန်ရန် တပ်ခေါက် လာရင်း ကွန်ဟိန်း ရောက်နေခြင်း ဖြစ်သည် ။ တောထဲမှ ထွက်လာကြသဖြင့် မုတ်ဆိတ်ဖားဖား ၊ ဆံပင်ပွပွနှင့် သူပုန်ဟန် ဖမ်းနေသည် ။ ပဲပုတ်နှင့် ညောင်ချဉ် ချည့် ကြိတ်လာရ၍ ဗိုက်လည်း တစ်မျိုးတစ်မည် စကားပြောနေ၏ ။ အာသွေ့လာသဖြင့် အနွေးရည်လေး အူတွင်း စီးဆင်းသွားမှ သက်သောင့်သက်သာရှိပေသည် ။ ကျန်သုံးဦးအနက် ဗိုလ်ကို မှာ ကွန်ဟိန်း တပ်စခန်း လူခံဖြစ်လျက် ဗိုလ်သင်တန်းဆင်းဖော်ဆင်းဖက် အပြေး တက်ဖော်တက်ဖက် ဖြစ်သည် ။ တစ်ယောက်မှာ ဘထွန်းလှ ဖြစ်လျက် ၊ ကျိုင်းတုံသို့ ကုန်ပြေးစားနေသူ သူငယ်ချင်းဖြစ်၏ ။ နောက်ဆုံး တစ်ယောက်မှာ လမ်းဝန်ထောက် တင်မောင်ထွန်း ဖြစ်ကာ ကျောင်းနေဖက် ဖြစ်သည် ။ ရှမ်းပြည်တွင် ဗမာငါးယောက် ဆုံမိခြင်း ။
အစတွင် ဖော်ပြခဲ့သည့် အတိုင်း တင်မောင်ထွန်း က ဝတ္ထုရေးနည်း မေးလာသဖြင့် ကျွန်တော်က နောက်လိုက်ခြင်း ဖြစ်သည် ။
“ မဟုတ်ပါဘူးကွ ၊ ကိုယ်က တကယ်သိချင်လို့ မေးတာပါ ”
ဖန်ခွက်ကို ကိုင်ရင်း တင်မောင်ထွန်း က စကားဆက် ပြန်သည် ။ သူ့စိတ်ထဲတွင် အတော် အထင်ကြီးနေလျက် ငတ်ချင်သော လက်ကလည်း တယားယား ဖြစ်နေဟန် ရှိ၏ ။
“ ဟ ငါလည်း စိတ်ကူးတည့်ရာ စွတ်ရေးတဲ့ အကောင် ၊ နည်းတွေလမ်းတွေ မသိဘူး ။ တစ်ခုတော့ ရှိတာပေါ့ကွာ ။ စာရေးတဲ့ အတတ်ပညာက ဖန်ဆင်းလို့ မရဘူးကွ ။ အမေ မွေးကတည်းက ရင်ထဲမှာ ထည့်ပေးလိုက်တဲ့ ပါရမီ ခံကလည်း လိုသေးတယ် ”
“ ဘာလဲ ထမင်းငတ်လေရော့လို့ကော အမေက မှာလိုက်သေးလား ... ”
“ ဟွန်း ... ၊ ငါက အကောင်းပြောတာ ။ မင်းက ဖောက်ပြန်ပြီ ။ ဒီလိုလေကွာ ... ၊ ဝတ္ထုရေးချင်ရင် ပါရမီခံ ရှိတဲ့အပြင် စာများများ ဖတ်ဖို့လည်း လိုသေးတယ် ။ အရာတစ်ခု ဖြစ်ရပ်တစ်ခု ကြည့်တဲ့ခါ စာပေသမား ထောင့်ကနေ ထူးထူးချွန်ချွန် ကြည့်တတ်ရမယ် ။ အကွက်ဆင် တတ်ရမယ် ”
“ ဟ ... မယ် , တွေကလည်း များလှချည့်လား ”
ဗိုလ်ကိုက တစ်ချက် ဝင်ထောင့်ပြန်၏ ။
“ ဒါတောင် တော်လှန်ရေးအစိုးရခေတ်မို့ နည်းနည်းလျော့ သွားတာမောင် ”
ဘထွန်းလှက သောလုံးထုတ်ကာ ထောက်ခံချက် ပေးလိုက်သည် ။ အားလုံး ရယ်မော အတောမသတ်နိုင်၍ စကားတော်တော်နှင့် မဆက်နိုင်ပေ ။
“ ဆက်ပါဦးကွ ... ”
“ ဘယ်ရောက်သွားပလဲ ၊ အဲ အကွက် ဆင်တတ်ရမယ် ။ ဝတ္ထုမှာ ( Theme ) ဆိုတဲ့ အနက်အဓိပ္ပာယ် ရှိရတယ် ။ တို့စကားနဲ့ ပြောရရင် ရည်မှန်းချက်ပေါ့ကွာ ။ တစ်ပုဒ်လုံး ဖတ်ပြီးရင် ဘာသင်ခန်းစာ ရသွားမလဲဆိုတာပေါ့ ။ စာရေးသူရဲ့ တင်ပြဖော်ပြချင်တဲ့ ‘ အနက်အဓိပ္ပာယ် ’ ပေါ်လွင်ရမယ် ။ နောက် ( Plot ) ခေါ်တဲ့ ပင်မဇာတ်အိမ် တည်ဆောက်တာလည်း တိကျရမယ် ။ ဝိုးတိုးဝါးတား ဖြစ်မနေရဘူး ။ ဝတ္ထုမှာ စ လယ် ဆုံး ဆိုတဲ့ အင်္ဂါရပ်သုံး ခုရှိရမယ် ။ အစ ဆိုတာ ဝတ္ထု စခင်းတာပေါ့ကွာ ။ အင်္ဂလိပ် လိုတော့ ( Premic ) ပေါ့ ။ အဲ အခင်းပြီးတော့ အလယ် ၊ ဒါမှမဟုတ် အခက်ပေါ့ ( Climax ) လည်း ခေါ်တယ် ။ ( Crisis ) လည်း ခေါ်တယ် ။ ဒါက အခင်းကပို့လိုက်တဲ့ အကြောင်းအရာကို မွှေလိုက်ပြီး ပြဿနာတစ်ခု ဖြစ်လာအောင် ဆိုပါစို့ ။ ခက်အောင် ဖန်တီးပေးလိုက်တာပဲ ။ အဲဒီအချိန်မှာ စာဖတ်သူဟာ အဖြေ ရှာမရဘဲ ဘာဖြစ်မလဲ ၊ ဘာဖြစ်မလဲ သိချင်စိတ် ထက်သန်လာအောင် ဆွဲဆောင်ထားနိုင်ရမယ် ။ နောက်ဆုံး ( Solution )အဖြေ ကြတော့ ( Theme ) နဲ့လည်း ဝင်အောင် ဇာတ်လမ်းတစ်ခုလုံးနဲ့လည်း ကိုက်ညီယုတ္တိရှိအောင် ‘ အရသာအဖြေ ’ ပေးနိုင်ရမယ် ”
“ နို့ ၊ မင်း ရေးနေတဲ့ အချို့ဝတ္ထုတွေကျတော့ အရသာ အဖြေသာဆိုတာ တစ်ခါမှ မပေါင်းပါလား ၊ အမြဲ တမ်း ခွဲနေတာပဲ ”
“ ဒါက ဒီလိုကွာ ၊ စာရေးသမားဆိုတာ စာဖတ်သူက ပေါင်းမယ်ထင်တာကို ခွဲရတယ် ။ ကွဲမယ် ထင်တာကို ပေါင်းရတယ် ။ ပေါင်းမယ် ထင်တာ ပေါရရင် စာဖတ်တဲ့ အရသာ ဘယ်ပြည့်ဝတော့မလဲ ။ ဥပမာ ခင်နှင်းယု ရဲ့ မွှေး မှာ တချို့ လူတွေက အတွတ် နဲ့ ပေါင်းဖို့ အဖြေပေး စေချင်တယ် ။ အတွတ် လို တစ်လျှောက်လုံး သနားစရာ အနစ်နာခံသူ အဖြစ် စာရေးသူက ခြယ်မှုန်းထားတာကိုး ။ ငယ်ချစ်လဲ ဖြစ်တယ် ဆိုပါစို့ ၊ အတွတ် နဲ့ မွှေး ကို တကယ်လို့ ပေါင်းပေးလိုက်ရင် တစ်လျှောက်လုံး သနားကရုဏာ ထားလာတဲ့ အတွတ် ဟာ ကြောင်တောင်နှိုက် လူမိုက် ဖြစ်သွားမှာပေါ့ ။ မပေါင်းတာ မှန်တဲ့ အဖြေပဲ ။ မွှေးရုပ်ရှင် ကြည့်တုန်းက ကိုယ့်အနားက ပညာတတ် သုံးလေးယောက်ဟာ ဘယ်လို ပြောတယ် ထင်သလဲ ။ အတွတ် ကို ရနိုးနိုးနဲ့ မက်လုံးပေး အနစ်နာခံတာတွေ ပြပြီး နောက်ဆုံးတော့ နွားဟာ နွားပါပဲ ။ ဇာတ်လမ်း မကောင်းဘူး ဘာညာ ပြောတယ် ။ တကယ်တော့ အဲဒီလူတွေဟာ နတ်စိမ်းကားပဲ ကြည့်ဖို့ ကောင်းတယ် ။ ဒါမှ သေကွဲကွဲလည်း ခေါင်းပေါ် စွယ်စုံချ သပြေခက် ထောင်ထောင် ၊ ရင်ပဝါ စည်းနဲ့ နတ်လောကမှာ ပေါင်းရတယ် မဟုတ်လား ဟဲ ... ဟဲ ”
“ လုပ်ပြန်ပြီ မင်းက ”
ဘလှထွန်းက ဖန်ခွက် ထိုးပေးရင်း မြည်တွန်လေသည် ။ ကျွန်တော့်အား အဖော်အပေါင်းများက စိတ်ဝင်စားလေသလားတော့ မသိ ၊ ငြိမ်တော့နေကြ၏ ။ ဗမာ စကား မပြောရ ၊ စာပေစကား မအန်ရတာလည်း ကြာပြီမို့ အာစိုနေလေသည် ။
“ နောက် ဘာကျန်သေးလဲ ပြောပါဦး ”
“ ဒါပါပဲ ၊ အဲဒါတွေ သိပြီးရင် ‘ ခံစားချက် ’ ရှိဖို့ လိုသေးတယ် ။ စိတ်ကူးယဉ်ထက် ခံစားချက် တကယ်ရှိတဲ့ အခါ ဖိရေးတာက ပိုအသက်ဝင်တယ် ။ စာရေးစာသား အဖွဲ့အနွဲ့ကတော့ ရှမ်းကြိုက်နွားချော ကိုယ့်သဘောကိုယ့် မူနဲ့ သတ်ပုံသတ်ညွှန်း မှန်မှန်ရေးဖို့ လိုတာပဲ ”
“ ဗမာသတ်ပုံ သတ်ညွန်းကလည်း ခက်တယ်ကွာ ”
တင်မောင်ထွန်းက ခိုညည်းသလို ညည်း၏ ။
“ အလေ့အကျင့် လုပ်ပြီး ကြိုးစားရင် ရပါတယ် ။ ကောင်းတာကတော့ သတ်ပုံစိတ်အာရုံစိုက်စဉ်းစားရင် စာရေးတဲ့ စိတ်ကူးပျက်တယ် ။ ထင်တာသာ တွန်းရေးချ ၊ ပြီးမှ ပြန်စစ်ပြီး သတ်ပုံစာအုပ်နဲ့ ပြင်တာ အကောင်းဆုံးပဲ ။ နောက်ပြီး ဝတ္ထုထဲပါတဲ့ ဇာတ်ကောင် အားလုံးရဲ့ ပြောစကား အားလုံးကို စာရေးဆရာတစ်ယောက်ထဲက ပြောပေးရတယ် မဟုတ်လား ။ ဥပမာ ကောလိပ်ကျောင်းသူလဲ ပါမယ် ၊ ဆိုက္ကားသမားလည်း ပါမယ် ။ အဲဒါမှာ အရေးကြီးတာက ပြောဟန် တစ်လေတည်း မထွက်ဖို့ ရယ် ၊ ဇာတ်ကောင်ရဲ့ အဆင့် အရည်အချင်း အလိုက် ခွဲခြားရေးပေးဖို့ရယ် လိုတယ် ။ ဒါ ... ကိုယ့် ရေးနည်းမူ ပဲကွ ”
ကျွန်တော်က စကားစသတ်လိုက်သည် ။ ဟန်ရ ပန်ရ ဆရာလုပ်လိုက်ရ၍ သိသိသာသာ ကျေနပ်သွားမိသည် ။ အမှန်မှာ ကျွန်တော်သည် စာရေးဆရာ မဟုတ်ပါ ။ စာရေးသမားသာ ဖြစ်ပါသည် ။ စာရေးဆရာ ဖြစ်အောင် ကြိုးစားနေဆဲ ဖြစ်၍ တတ်သရွေ့ မှတ်သရွေ့ ကျိတ်မှိတ် ပြောနေရခြင်းဖြစ်သည် ။ နေကလည်း ရောင်ခြည်အားလုံး မရုပ်သိမ်းသေးပေ ။ ဝိုင်းလည်း မသိမ်းနိုင်သေး ။
ထိုအခိုက်အတန့်အတွင်း ရှမ်းလုံမေတစ်သိုက်သည် ရေပုံးကိုယ်စီနှင့် တံတားပေါ်မှ ဖြတ်သန်းလျှောက် လာကြသည် ။ ထုံးစံအတိုင်း နီနီနှင့်ဖြူဖြူ အိအိ အရည် အသွေးဆောင်ထားသည် ။ ဗိုလ်ကို က စကားဆက်ပြန်သည် ။
“ ကဲ ... စစ်ဗိုလ်နဲ့ ရှမ်းမ စာရေးဆရာကြီး ဇာတ်လမ်း တစ်ပုဒ် ဖန်တီးဦးဗျာ ။ ခင်ဗျား ဝတ္ထုထဲက ဇာတ်လိုက်မမျိုးကလေးတွေ လာနေပြီကော ... ”
“ ကျွန်တော်က ကိုယ်တွေ့မှ ရေးချင်တာ ။ တစ်ဆင့်ကြား ဇာတ်လမ်း မလိုချင်ဘူး ”
“ ကောင်းလှပါပြီ ၊ ဘယ်နေ့ အချုပ်ခံရမလဲ စောင့်ကြည့်ရဦးမယ် ”
“ ဟာ နိမိတ်မရှိ ”
ရှမ်းပြည်ဝယ် ဒါပဲ ပျော်စရာ ၊ အချင်းချင်း တွေ့ရသခိုက် ယစ်ရွှေရည် တရှိန်ရှိန်နှင့် ထေ့ရကလိရသည်မှာ အမြိုက်အရသာ အဟောဝတပေပဲ ။
ရှမ်းလုံမေ အုပ်စုသည် ကျွန်တော်တို့ ဝိုင်းနား ရောက်သောအခါ သေနင်္ဂဗျူဟာနည်းမှ ကင်းမလက်မည်းသဏ္ဌာန်ဝိုင်းကြ၏ ။ မျက်လုံးမျက်ဆန်ပြူးကာ ကြောင်အန်းအန်း ဖြစ်နေကြခိုက် ရေပုံးများနှင့် ရေတဝုန်းဝုန်း လောင်းကာ လက်ခုပ်တီး ရယ်မောမဆုံး ဖြစ်နေကြသည် ။
“ ဟေ့ ... ဖိုးကို သူငယ်ချင်းတို့ ကွန်ဟိန်းက ဘယ်လိုလဲကွ ၊ ကြည့်လုပ်ကြပါဦး ”
ကျွန်တော်က ရေစိုသော ဆံပင်စကို သပ်တင်ရင်း ဆိုလိုက်သည် ။ အရက်သောက်ခိုက် ရေရွှဲရခြင်းမှာ အင်မတန် ဇိမ်ပျက်လှသည် ။
“ ဒီနေ့ သင်္ကြန်အကျနေ့ လေဗျာ ၊ ရေပက်တာပေါ့ ၊ ဘာတတ်နိုင်မှာလဲ
“ ဟုတ်ကဲ့လား ”
“ ခက်ပါဘိဗျာ ... ”
ကြည့်ပါဦးလေ ၊ တောထဲ လေးငါးလ ကျင်လည်ကျက်စားလိုက်သည်မှာ လူရိုင်း ဖြစ်လာခဲ့၏ ။ မနေ့ကမှ တော်လှန်ရေးအစိုးရ တက်သည်မှာ တစ်လကျော်ပြီ ဖြစ်ကြောင်း သိခွင့်ရ၏ ။ ယနေ့လည်း ဗမာပြည် နေစဉ်က အထွတ်အမြတ် ထားခဲ့သော နှစ်သစ်ကူး အတာသင်္ကြန်ကို မေ့နေပြန်၏ ။ ပိတောက်ပင် မရှိသဖြင့် ရွှေရည်လည်း မလူးနိုင် ဖြစ်ရပုံများ
ရှမ်းမတစ်အုပ် ထွက်သွားလေသောအခါ ၊ မူလဘူတ ရွှေလိမ္မော်လုပ်ငန်းကို ဆက်ကိုင်ကြပြန်သည် ။ ဇွဲကတော့ တစ်ပြားသား မလျှော့ ။ ရေစိုအဝတ်များ လှမ်းကာ ပြန်ဝိုင်းကြခြင်း ဖြစ်၏ ။ ကျွန်တော်သည် မြစ်ကူးတံတားကို ငိုင်ငိုင်ငေးငေး လှမ်းကြည့်နေမိသည် ။
“ ဒီတံတားမှာ ရာဇဝင် ရှိတယ်ဗျ ။ ဇာတ်လမ်းတစ်ခု ပြောပြမယ် ”
“ ဟုတ်မှလည်း လုပ်ပါ ”
ဗိုလ်ကို စကားပြန်စတော့လည်း နှုတ်အငြိမ်မနေ ၊ သူက တွက်လိုက်သေးသည် ။
“ ကဲ ... ခင်ဗျား အရင်ပြော ၊ ခင်ဗျား ပြီးရင် ကျွန်တော်လည်း ဒီတံတားနဲ့ပတ်သက်တဲ့ ဇာတ်လမ်းတစ်ခု ပြောပြမယ် ။ စာရေးဖို့ ဇာတ်လမ်းလည်း ရတာပေါ့ ။ မဟုတ်ဘူးလား ”
တင်မောင်ထွန်းက ဗိုလ်ကို စကား ထောက်ခံရင်း ကျွန်တော့်အား မေးငေါ့ကာ မဲဆွယ်လိုက်သည် ။ ကျွန်တော်က သဘောတူခြင်း အထိမ်းအမှတ်အဖြစ် ခေါင်းညိတ်လိုက်သည် ။ ဗိုလ်ကိုက ဇာတ်လမ်းကို စတင်၍ ပြောလေသည် ။
••••• ••••• •••••
( ၂ )
ဒီဇာတ်လမ်းက အသက် ၆ဝ ကျော်လောက် ရှိတဲ့ စာရေးထွန်း ပြောပြတာ ၊ သူက ဒီမြို့မှာ ရှေ့မီနောက်မီ ရှမ်းအဘိုးကြီး တစ်ဦးဖြစ်တယ် ။ ဂျပန်တွေ တော်လှန်တဲ့ အချိန်က ဖြစ်ခဲ့တယ်လို့လည်း သူ့ အဆိုရှိတယ် ။ တိုင်းပြည် တစ်ခုလုံး ဖက်ဆစ်သံဖနောင့် အောက်က လွတ်အောင် ရုန်းထွက်နေတဲ့ အချိန် ဖြစ်နေလေတော့ အခြေအနေက ရုတ်ရုတ်သဲသဲ ဖြစ်နေတာကလား ၊ ကွန်ဟိန်းမှာ ဗမာမျိုးချစ် တပ်မတော်က တပ်ခွဲတစ်ခွဲ တပ်စွဲ ထားပြီး မျိုးချစ်ရှမ်းလူငယ်တွေကိုလည်း စုဆောင်းလက်နက် တပ်ဆင်ပေးထားသတဲ့ ။ တပ်ကို ဗိုလ်မှူးစောလင်း ဆိုတဲ့ သူက အုပ်ချုပ်ပြီး သူ့လက်အောက်မှာ ဗိုလ်ကလေးတွေ အများကြီး ရှိတယ် ။
ဗိုလ်လေးတွေအနက် ၊ ဗိုလ်လေး ဝဏ္ဏ ဆိုတဲ့သူဟာ ဖျတ်ဖျတ်လတ်လတ်နဲ့ အတော် ကြိုးစား အလုပ်လုပ်တဲ့သူလည်း ဖြစ် ၊ နောက် ဗိုလ်လေးဝဏ္ဏ ဟာ အရက်လည်း မသောက်တတ် ၊ ဆေးလိပ်လည်း မဖွာတတ် ၊ လောင်းကစားလည်း ကင်း ၊ ရုပ်ရည်ကလည်း သနားကမား ဆိုတော့ လူချစ်လူခင် တော်တော်ပေါတယ် ဆိုပဲ ။ တစ်နေ့တော့ ဗိုလ်လေးဝဏ္ဏ ဟာ ကာလိတော ဘက်မှာ အမဲပစ် ထွက်ရင်း အင်မတန် ချိုအေးတဲ့ တောဘွဲ့ တေးသံကို ကြားလိုက်သတဲ့ ။ သူဟာ တေးသံရှင် ရှိရာကို စပါးကြီးညှို့သလို ဖွေရှာ ရောက်သွားတော့ လားလား တောင်ယာ လုပ်တဲ့ တဲတစ်လုံးမှာ ခြေတွဲလွဲချ လှုပ်ပြီး ရှမ်းတေး ဆိုနေတဲ့ ရှမ်းလှပျိုဖြူ တစ်ယောက်ကို မမျှော်လင့်ဘဲ တွေ့ပါရော ၊ နာမည်ကလည်း ချစ်စရာ “ နန်းအေး ” တဲ့ ။
ဗိုလ်လေးဝဏ္ဏ ဟာ လက်ခုပ်ခံပြီး ရေတောင်း သောက်ရင်း နန်းအေး ကို မော့ကြည့်လိုက်တဲ့ အခါ အင်မတန် လှပရွှန်းစားတဲ့ နန်းအေး ရဲ့ မျက်လုံးရိပ်ထဲမှာ ကရုဏာရည်တွေ လည်နေတာ အကဲခတ်မိသတဲ့ ။
နောက်နေ့များမှာ ဗိုလ်လေးဝဏ္ဏ ဟာ တောပစ်တောပစ် ဆိုပြီး နန်းအေး ဆီမှာပဲ သူ့ဘဝကို မြှုပ်နှံအချိန်ညောင်း နေခဲ့တယ် ။ တပ်ကလည်း သံမဏိစည်းမျဉ်းနဲ့ အုပ်ချုပ် ထားလေတော့ အိမ်ထောင်ပြုခွင့်လည်း မရရှာဘူး ။ သူတို့ နှစ်ဦးဟာ စစ်ကြီး ပြီးတဲ့အခါ လက်ထပ်ဖို့ အဆင့် လောက်နဲ့ဘဲ ရောင့်ရဲတင်းတိမ်နေရရှာသတဲ့ ။ ခေတ်ကလည်း အိုးအိမ်ထူထောင်ဖို့ နေနေသာသာ ဖြစ်တည်ပြီးသော အိုးအိမ်တွေတောင် မတည်ငြိမ်တဲ့ ကာလဆိုးကြီး ပေကိုး ။
တစ်နေ့မှာ မြင်းတွေ ၊ အမြောက်တွေ ပါဝင်တဲ့ ဂျပန် တပ်ကြီး တစ်ခု ကွန်ဟိန်းဘက်ကို ချီတက်လာကြောင်း သတင်းရကြသတဲ့ ။ ဂျပန်တပ်ရဲ့ ရည်ရွယ်ချက်က ကွန်ဟိန်းကို ဖြတ်ပြီး လွယ်လင်း ၊ တောင်ကြီးနယ်ထဲဝင် ၊ နောက်ပြီး ရန်ကုန် မန္တလေး ဆက်သွယ်ရေးလမ်းကြောင်း ကို ပိတ်ဆို့ဖို့ ဆိုပဲ ။ ဗိုလ်မှူးစောလင်း ဟာ အခြေအနေကို အပြန်ပြန် အလှန်လှန် သုံးသပ်ပြီး နောက်ဆုံး ဆုံးဖြတ်ချက် အနေနဲ့ ကွန်ဟိန်းတံတားကို ဖျက်ဆီးပစ်မယ် ။ မြစ် ကို သဘာဝ အတားအဆီးလို အသုံးပြုပြီး ခုခံတိုက်ခိုက်မယ်လို့ ဆုံးဖြတ်လိုက်တယ်တဲ့ ။
တံတားဖျက်ဖို့ တာဝန်ကို ဗိုလ်လေးဝဏ္ဏ ကိုပဲ တာဝန်ပေးလိုက်တယ် ။ ဗိုလ်လေးဝဏ္ဏ ဟာ တပ်စိတ်တစ်စိပ် နဲ့ တံတားရှိရာ ထွက်သွားပြီး တံတားတိုင်တွေမှာ ယမ်းဘီလူးတွေ ကပ်ချည် ၊ စနက်တံကြိုးတွေ ဆွဲပြီး ၊ အဆင်သင့် ဖောက်ခဲ့ဖို့ ပြင်ဆင်ထားတယ် ။ တံတားဖျက်မယ် ဆိုတာ သိတဲ့အတွက် တစ်ဖက် ကမ်းက ရွာတွေမှာ ရှိတဲ့ လူတွေကလည်း ဂျပန်ဘက်မှာ မနေလိုတာနဲ့ ရသမျှ အချိန်လုပြီး တပ်မတော်ရှိရာကို ကူးလိုက်ကြတာ ပုရွက်ဆိတ်တန်းကြီး လိုပဲတဲ့ ။ အထုပ်အပိုး အိုးခွက် သားသမီး တိုးလိုးတွဲလောင်းနဲ့ အသက်ဘေးကြောင့် ငရဲပွက်သလို ကူးနေကြတယ် ။ ဂျပန်တပ်ဦး ကလည်း တံတားနဲ့ ၅ မိုင်အကွာကို ရောက်လာကြောင်း သတင်းကလည်း ရထား ၊ လူထုကလည်း ကူးလို့ မဆုံး ဖြစ်နေသတဲ့ ။
ဗိုလ်ကလေးဝဏ္ဏ ဟာ ကူးလာတဲ့ လူတိုင်း မျက်နှာကို ကြည့်ပြီး “ နန်းအေး ” ပါ မပါ ရှာရတာကလည်း အမော ၊ တာဝန်ပေးထားတဲ့ လုပ်ငန်းကလည်း စက္ကန့်တွေ ရွေ့တာနဲ့အမျှ နီးလာ ။ ဂျပန်တပ်ကလည်း ဒီရေလို တက်လာဆိုတော့ နှလုံးသွေး ခုန်နေရှာတယ် ။ နန်းအေး ဟာ နောက်ဆုံးပေးတဲ့ အချိန်ထိ ရောက်မလာဘူးတဲ့ ။ ဗိုလ်လေးဝဏ္ဏ ဟာ အချစ်ဇောတွေ မွှန်နေတော့ ပေးအပ်ထားတဲ့ တာဝန်ကို မကျေပွန်ဘဲ အချိန်တွေ ဆွဲပြီး လည်တဆန့်ဆန့်နဲ့ ဖြုန်းနေသတဲ့ ။
နောက်ဆုံးမှာ နန်းအေး တစ်ယောက် ပေါ်တော့ပေါ် လာပါရဲ့ ။ ဒါပေမဲ့ နန်းအေး နောက်က ထက်ကြပ်မကွာ ဂျပန်တပ်တွေကလည်း လိုက်လာတယ် ။ တံတား အလယ်မှာ နန်းအေးရော ဂျပန်တွေပါ ရောထွေးယှက်တင် ဖြစ်နေတော့ ဗိုလ်လေးဝဏ္ဏဟာ တံတားဖောက်ခွဲဖို့ အတွက် တာဝန် နဲ့ အချစ် လွန်ဆွဲနေတဲ့ အခြေအနေကို ရင်ဆိုင်နေရတယ် ။
သူရဲဘော ကြောင်တယ်ပဲ ပြောပြော ၊ ဗိုလ်လေးဝဏ္ဏ ဟာ စနက်တံကို မီးမရှို့တော့ဘဲ နန်းအေး ရှိရာကို သေနတ်ဆွဲပြီး ပြန်ပြေးအလာ ဂျပန်ရဲ့ကျည်ဆန် ထွင်းဖောက်တာ ခံရပြီး နှစ်ဦးစလုံး ကျဆုံးသွားရှာတယ် ။ ဗိုလ်လေးဝဏ္ဏ ရဲ့ တပ်စိပ်ဟာလည်း စနက်တံ မီးရှို့မလို့ အမြန်ဆုံး စီစဉ်ပါရဲ့ ၊ ဒါပေမဲ့ ယမ်းမီးခြစ်က တစ်လုံးထဲသာ ရှိပြီး အဲဒီတစ်လုံးကလည်း ဗိုလ်လေးဝဏ္ဏ အိတ်ထဲမှာပါ သွားသတဲ့ ။ မီးခြစ် တက်ယူဖို့ ကြိုးစားတာမှာ တပ်စိပ်က ရဲဘော်လေးယောက် ထပ်ကာထပ်ကာ ကျဆုံးသွားပြန်တယ် ။
နောက်ဆုံးမှာ ဂျပန်တပ်တွေဟာ တံတားကို အပျက်အစီး မရှိ သိမ်းပိုက်ပြီး တစ်ဖက်ကမ်းကို အောင် မြင်စွာ ဖြတ်ကူးမိကြသတဲ့ ။ ဇာတ်လမ်းကတော့ ဒါပါပဲ ။
ဗိုလ်ကိုက ပုံပြင် အဆုံးသတ်လိုက်သည် ။
••••• ••••• •••••
( ၄ )
ဂျပန်တွေ လက်နက်ချပြီး စစ်ပြီး တစ်ခေတ်ကပေါ့ ဗျာ ။ ဟော့ဒီ ကွန်ဟိန်းဈေးနေ့ တစ်နေ့မှာ ရှမ်းလုလင် တစ်ယောက်နဲ့ ရှမ်းလုံမပျိုတစ်ယောက် တွေ့ကြသတဲ့ ။ ကောင်မလေးနာမည်က ‘ နန်းမြ ’ တဲ့ ။ ကွန်ဟိန်းမြို့ပေါ် ကပဲ ။ ကောင်လေး ‘ အိုက်ထွန်း ’ ဆိုတာက ကာလိ မှာ နေတယ် ။
သူတို့ နှစ်ယောက်က ဘုံဓမ္မတာမှာ ကြုံလာရတဲ့သူတွေ ပီပီ တွေ့ပြီး မကြာခင်မှာ မေတ္တာမျှ အရည်အငံ ရှိသွားကြတယ် ။ သူတို့နှစ်ဦးဟာ အသက်ရှင် ရပ်တည်နိုင်ရေးအတွက် အလုပ်နဲ့ လက်နဲ့ မပြတ်အောင် ကြိုးစား နေရတော့ ၅ ရက် တစ်ဈေးမှာပဲ တစ်ကြိမ် ဝဝလင်လင် တွေ့ကြရသတဲ့ ။ ကျန်တဲ့ ရက်တွေတော့ ပိုနေမြဲကျားနေမြဲ အေးအေးပဲ နေကြတယ် ။
‘ အိုက်ထွန်း ’ ဟာ တူနှစ်ကိုယ် ရွှေလည်တွဲနိုင်ရေး အတွက် ငွေကို ကြိုးစားစုရင်း မျှော်တလင့်လင့် နေရှာသည် ။ ဈေးကွဲတဲ့ အချိန်များကျပလား ဆိုရင် သူတို့ နှစ်ယောက်ဟာ တံတားပေါ်မှာ လမ်းလျှောက်ရင်း အနာဂတ် ကြည်နူးမှု အရိပ်တွေကို ကြိုတွေးပြောခြင်းဖြင့် နှစ်သိမ့်ကျေနပ်နေကြသည် ။
တံတားအလယ် ရောက်ရင် ကောင်လေး ကလည်း သူ့ရွာဘက် သူပြန် ၊ ကောင်မလေး ကလည်း သူ့ရွာဘက် သူ ပြန်ပြီး ခွဲခွာသွားကြစမြဲတဲ့ ။ တံတားဟာ သူတို့ နှစ်ဦး အတွက် ဗဟိုချစ်ရိပ်သာလို့ ခေါ်နိုင်ပေသပေါ့ ။ တစ်နေ့မှာ နန်းမြ ကို တစ်ဖက်သတ် ချစ်နေတဲ့ ကာလသားလူမိုက်တစ်ယောက်ဟာ နန်းမြ အဖေအမေ ဆီ ချဉ်းကပ်ပြီး အိုက်ထွန်း ဟာ ဘိန်းရှူတတ်ကြောင်း ၊ သားပျိုသမီးပျို ဖျက်ဆီးတာလည်း မရေတွက်နိုင်ကြောင်း ဆိုပြီး အကြောင်းများစွာ လုပ်ကြံပြောပြီး ခြေထိုးပါလေရော ။ နန်းမြ အဖေ အမေကလည်း ရွာခံလူကြီး တစ်ယောက်ရဲ့ စကားဟာ စေတနာနဲ့ ပြောတာပဲ ဆိုပြီး ယုံကြည်သတဲ့ ။ ဒါကြောင့် နန်းမြ ကို ချုပ်ချယ်ထားကြပြီး ကောင်လေး နဲ့ တွေ့ခွင့် မပေးတော့ဘူး ။
နန်းမြ ကလည်း အကြပ်အတည်းကြားက အိုက်ထွန်းဆီ စာရေး ဆက်သွယ်ပြီး လူကြီးစုံရာနဲ့ လာတောင်း ခိုင်းရှာတယ် ။ အိုက်ထွန်း မိဘများကလည်း လူကြီးမိဘတွေ စုံရာနဲ့ နန်းမြတို့ ရွာ လာတောင်းကြတယ် ။ နန်းမြ အဖေအမေက မချေမငံ ပြောပြီး လက်မခံ ငြင်းပယ်လိုက်တယ် ။ ပိုပြီး ဆိုးရွားတာက လာတောင်းတဲ့ လူကြီးတွေ အပြန်မှာ ကာလသားလူမိုက်နဲ့ အဖော်အပေါင်းတွေ ဝိုင်းရိုက်တာကြောင့် သွေးရဲရဲ သံရဲရဲ ဖြစ်ကုန်ကြသတဲ့ ။ အဲဒီအချိန်က စပြီး ကွန်ဟိန်း နဲ့ ကာလိ ဟာ ကမ္ဘာရန် သဖွယ် ဖြစ်ပြီး အုပ်ဖွဲ့ဖွဲ့ပြီး ချိန်းရိုက်လေ့ ရှိကြတယ် ။ ကွန်ဟိန်းဈေးကို ကာလိသား မလာသလို ၊ ကာလိဈေး ကိုလည်း ကွန်ဟိန်းသား မလာကြဘူး ။
ကာယကံရှင် နှစ်ဦးဟာလည်း သူတို့ကြောင့် သွေးချောင်းစီးရတဲ့ စိတ်မချမ်းမြေ့စရာ အဖြစ်အပျက်ကြီးကြောင့် ကြေကွဲနေမိကြတယ် ။ တစ်နေ့မှာ ချစ်သူနှစ်ဦးဟာ အချိန်းအချက် ပြုပြီး စွန့်စားခန်း တစ်ရပ် လုပ်ကြတယ် ။ နန်းမြ နဲ့ အိုက်ထွန်းဟာ ရွာနှစ်ရွာကြား တစ်နေရာမှာ ချိန်းတဲ့အတိုင်း တွေ့ပြီး ဝေးရာကို ပြေးကြဖို့ စီစဉ် ကြတယ် ။
ချိန်းတဲ့နေ့မှာ နန်းမြ ကလည်း အိမ်ကထွက် အိုက်ထွန်း ဆီသွား ၊ အိုက်ထွန်း ကလည်း အိမ်ကထွက် နန်းမြ ဆီ လာကြသတဲ့ ။ နှစ်ရွာ စလုံးက လူတွေဟာ ဘယ်လိုကနေ ဘယ်ပုံ သူတို့ အကြံတွေ သိကြသလဲ မပြော တတ်ဘူး ။ အစုအဝေးနဲ့ ဒေါသခက်ထန်စွာ အုပ်ဖွဲ့ အသီးသီးလိုက်လာကြတယ် ။ ချစ်သူ နှစ်ယောက်ဟာ လှိုင်း နှစ်လုံးအကြား ညပ်နေတဲ့ လှေလိုပဲ ဖြစ်နေသတဲ့ ။
အံ့ဩစရာ ကောင်းအောင်ပဲ သူတို့ နှစ်ဦးဟာ တံတား ဟိုဘက်ထိပ် ဒီဘက်ထိပ်က ပြေးဝင်လာကြတဲ့ လူအုပ်စု နှစ်စုကလည်း တစ်ဖက်တစ်ချက် ညာသံပေးပြီး လိုက်လာကြတယ် ။ တံတား အလယ်လည်း ရောက်ရော ချစ်သူနှစ်ဦးဟာ တစ်ဦးနဲ့ တစ်ဦး တင်းတင်းကျပ်ကျပ် ဖက်ပြီး ငိုကြွေးကြသတဲ့ ။
တစ်ယောက်နဲ့ တစ်ယောက် ခွဲဖို့ကလည်း အခက် ၊ နောက်ဆုတ်ဖို့ကလည်း မဖြစ်နဲ့ ကြီးမားတဲ့ အကျပ်အတည်း တွေ့နေကြတယ် ။ နောက်ဆုံးမှာ ဒီလို အကျပ်အတည်းက သူတို့ ရုန်းထွက်လိုက်ကြသတဲ့ ။ သူတို့ ရုန်းထွက်ပုံကတော့ လူအုပ်နှစ်အုပ် တဖြည်းဖြည်း ရင်ဆိုင်လာဖို့ နီးလာတဲ့ အချိန်မှာ တံတားပေါ်ကနေ လက်တစ်ဖက်စီကိုင် ပဝါနဲ့ ချည်ပြီး ရေထဲ ခုန်ဆင်းလိုက်ကြတယ် ။ ဒေါသ ခက်ထန်နေတဲ့ လူအုပ်စုနှစ်စု ဟာလည်း မမျှော်လင့်ဘဲ ကြောက်ဖွယ် ဖြစ်ရပ်ကို ဗြုန်းစားကြီးတွေ့ ရတဲ့အတွက် မှင်တက်မိပြီး ရေနဲ့ ဖျန်းသလို ငြိမ်သွားကြတယ် ။ အဲဒီ သင်ခန်းစာကြောင့် ဒီနေ့အထိ ကွန်ဟိန်း နဲ့ ကာလိ ဟာ အမျက် မထားတော့ဘဲ ပြန်လည် သင့်မြတ်သွားကြတယ် ။
တင်မောင်ထွန်း က ပုံပြင်ကို ပုံပြင်လို အဆုံးသတ်လိုက်သည် ။
••••• ••••• •••••
( ၅ )
“ ကျွန်တော့် ဇာတ်လမ်းကို ချဲ့ပြီး ဝတ္ထုရေးပါလား ”
“ ကျွန်တော့် ဇာတ်လမ်းလည်း ရေးရင်ရပါတယ် ”
ဗိုလ်ကို ရော တင်မောင်ထွန်း ကပါ ကျွန်တော့်အား တိုက်တွန်းနေလေသည် ။ ကျွန်တော်သည် တစ်ချက် ယဲ့ယဲ့ ပြုံးလိုက်သည် ။
“ ဗိုလ်ကို ကတော့ မင်သေပါ့ကွာ ၊ မင့် ပုံပြင် ပြောနေတုန်း ကတည်းက အကဲခတ် ကြည့်ပြီးသားပါ ။ ဗိုလ်မှူး စောလင်းတဲ့ ၊ ဗိုလ်လေးဝဏ္ဏတဲ့ ယဉ်ပါပေ့ စိတ်ကူး ၊ မင်းက ကိုယ် ဝတ္ထုရေးနည်း ပေးပစ်တာနဲ့ ပညာစမ်းသလိုလိုနဲ့ သိမ်သိမ်မွေ့မွေ့ ပိပိရိရိကလေး လံကြုတ်ဇာတ်လမ်း ဖန်တီးလိုက်တာ မဟုတ်လား ။ ဒီအဖြစ်မျိုး ဒီနယ်မှာ တစ်ခါမှ ငါ မကြားဖူးဘူး ။ မင့်အိပ်မက်ထဲ မှာတော့ ဖြစ်ကောင်း ဖြစ်မပေါ့ကွာ ။ တကယ်လို့ အမှန်ဖြစ်ရပ်ပဲ ထားဦး ၊ စစ်သား တစ်ဦးဟာ တာဝန်ထမ်းဆောင်တဲ့ အခါမှာ ရည်းစား မကလို့ အမေရင်းပဲ ဖြစ်ဖြစ် ဒီတံတားတော့ မလွှဲမသွေ ဖောက်ခွဲပစ်မှာပဲ ၊ စစ်ရေးအရ အရေးပါတဲ့ သေရေးရှင်ရေးကိစ္စကို ဘာမဟုတ်တဲ့ ရည်းစား အတွက် ခေါင်းမရှောင်နိုင်ဘူး ။ မဟုတ်ဘူးလားကွာ ”
တစ်လုံးချင်း ကျွန်တော်က ရှင်းလင်းပြောပြလိုက်ရာ ဗိုလ်ကိုက သွားဖြဲဖြဲနှင့် ပြုံးကျဲကျဲ လုပ်နေလေသည် ။
“ မင်းတို့ စာရေးဆရာတွေ လိုလည်း စိတ်ကူးယဉ် ကြည့်တာပေါ့ကွာ .. ”
ဗိုလ်ကိုက အားပါးတရ ဝန်ခံပြောရင်း တအားရယ်သည် ။ ထိုအခါမှ တစ်ဝိုင်းလုံး ဗိုလ်ကို အား ထထုကြသည် ။ တင်မောင်ထွန်း က တစ်ချက်ဝင်ကာ ပြောပြန်သည် ။
“ ဗိုလ်ကို က စိတ်ကူးယဉ်တာပါ ၊ ကိုယ့်ဇာတ်လမ်းက တကယ့် ဇာတ်လမ်းပါ ယုံပါ ”
ကျွန်တော်သည် တဒင်္ဂ တွေးငေးသွားပြီးမှ ဖြည်းဖြည်း မှန်မှန်ပင် ပြောချလိုက်မိသည် ။
“ ဗိုလ်ကို ဇာတ်လမ်းက ဂျပန်ခေတ်မှာ ဖြစ်ခဲ့တယ် ။ မင့် ဇာတ်လမ်းက စစ်ပြီးခေတ် ဆိုတော့ နောက်မှ ဖြစ်တဲ့ ဇာတ်လမ်းပေါ့ကွာ ။ မင်းဇာတ်လမ်းလည်း ကိုယ် မယုံဘူး ။ ဘာပြုလို့လဲ ဆိုတော့ ဗိုလ်ကို ဇာတ်လမ်း ကတည်းက တံတားကို ဖောက်ခွဲဖျက်ဆီးပစ်ဖို့ ကောင်းကြောင်း ကိုယ်က အခိုင်အမာ ပြောပြီးပြီပဲ ။ အဲဒီတော့ ပျက်စီးပြီး မရှိတော့တဲ့ တံတားပေါ်မှာ မင့် နန်းမြ နဲ့ အိုက်ထွန်း ဇာတ်လမ်းလည်း ပေါ်မလာနိုင်တော့ဘူး ။ နောက်ပြီး ဒီတံတားဟာ လွန်ခဲ့တဲ့ ခြောက်လလောက်ကမှ ဆောက်ပြီးတာကို မင့်လို လမ်းဝန်ထောက်က တို့ထက် ပိုသိမှာပေါ့ကွာ ”
စာကြွင်း ။ ။ စိတ်ကူးယဉ် သက်သက် ဖြစ်ပါသည် ။ ကွန်ဟိန်း ၊ ကာလိ ရှမ်းလူမျိုး အပေါင်းတို့ သည်းခံခွင့်လွှတ်ကြစေလို ။
▢ ရောင်နီ
📖 နဝဒေး မဂ္ဂဇင်း
စက်တင်ဘာ ၊ ၁၉၆၂

No comments:
Post a Comment