Sunday, April 26, 2026

သမုဒ္ဒရာ၏ မျှော်လင့်ချက်


 

❝ သမုဒ္ဒရာ၏ မျှော်လင့်ချက် ❞
( မကျည်းတန် - လွိုင်ကော် )

အဖေ့ဘက်က အဘိုးအဘွား ၊ အမေ့ဘက်က အဘိုးအဘွားတွေကို ကျွန်တော် မသိ,မီလိုက်ပါဘူး ။ အဖေတို့ အမေတို့ တမ်းတမ်းတတ ၊ မှတ်မှတ်ရရ ၊ လွမ်းလွမ်းဆွတ်ဆွတ် ပြောဆိုသံကိုလည်း သိပ်မကြားရတတ်ပါဘူး ။ အင်းလေ ... ကျွန်တော် တောင်မှ ကျွန်တော့် အဖေနဲ့ အမေ့ အကြောင်းကို သိပ်မသိနိုင်လောက်ခဲ့တာ ၊ အဖေနဲ့ အမေလည်း သူတို့ အဖေနဲ့ အမေတွေကို ကျွန်တော့် လိုပဲ မသိနိုင်လောက်ခဲ့လို့ နေမှာပေါ့ ။ ကျွန်တော် ထင်တာကတော့ ကျွန်တော်တို့က ဘိုးအေ ၊ ဘွားအေ လက်ထက်လောက် ကတည်းက သူတောင်းစား ဘဝလောက် နီးနီး ဆင်းရဲခဲ့တယ် ထင်တာပါပဲ ။ ကျွန်တော် သိတတ်တဲ့ အရွယ်မှာ ကျွန်တော် ကိုယ်တိုင် တောင်းနေရပြီ ။ အဖေက အိုးပိတ် ဗုံကလေး တီးတယ် ။ အမေက သီချင်းဆိုတယ် ။ အမေ ဆိုလေ့ရှိတဲ့ သီချင်းက .. “ ညှော်တော်ယောင် × × × ညှော်တော်ယောင် × × × ညှော်တော်ယောင် × × × အဝက အွတ်ကျင်နယ် × × × အူမအယ်ရင် × × × အူမအယ်ရင် × × × ညှော်တော်ယောင် × × × အဝက × × × အွတ်ဖို့ × × × နမ်းမညင်ဘူး  × × × ” တဲ့ ။ ခင်မောင်ထူးရဲ့ မျှော်တော်ယောင် သီချင်းပါ ။ အမေ့ အသံကတော့ အဲသလိုပဲ ထွက်ပါတယ် ။ အဖေနဲ့ အမေက ခြေချောင်း လက်ချောင်းလေးတွေ တုံးတိုပြီး ၊ နှာနုရိုး ကျိုးနေတယ်တဲ့ ။ အဲဒါကို ကျွန်တော်ကတော့ မမြင်ရပါဘူး ။ မမြင်ဆို ကျွန်တော့်မှာ မျက်လုံး မပါဘူးလေ ။ မျက်စိ နေရာမှာ ပကတိ ချိုင့်ခွက်ကြီးပါပဲ ။ မွေးရာပါတဲ့ ။ ဘာတတ်နိုင်မှာတဲ့တုံး ။ ဒီလိုနဲ့ ကျွန်တော် ကြီးပြင်း လာခဲ့တယ် ။ မျက်စိသာ မပါတာ ကျွန်တော်က အသံ ကောင်း ။ ဒါကြောင့် အမေက ကျွန်တော့်ကို “ သံလွင် ” လို့ ခေါ်တယ် ။ ပြီးတော့ နားကလည်း သိပ်ကောင်းတာပဲ ။ သီချင်းတစ်ပုဒ်များ ရှေ့ကဆို သွားရင် နောက်က ကျွန်တော် ရသွားတာပဲ ။

နူရာ ဝဲစွဲ လဲရာ သူခိုးထောင်း ဆိုတဲ့ စကားလိုပါပဲ ။ အမေက မီးယပ်သွေးဆုံးကိုင် သတဲ့ ။ ထုံကျဉ်ချည့်နဲ့ပြီး အိပ်ရာက မထနိုင်ဘူး ။ အဲဒီတော့ အဖေ့နောက် ကျွန်တော် လိုက်ရတော့တာပေါ့ ။ အဖေက အိုးပိတ်ဗုံကလေး နှစ်လုံး တီး ၊ ကျွန်တော် သံလွင်က သီချင်းဆို ၊ လူစည်ကားတဲ့ နေရာတွေမှာ ကျွန်တော်တို့ သားအဖ ပိုက်ဆံလိုက် တောင်းကြတယ် ။ တစ်နေရာ ကနေ တစ်နေရာပြောင်းရင် အဖေက ကျွန်တော့် လက်ကို ဆွဲလို့ပေါ့ ။

ကျွန်တော်တို့ နေထိုင်ရာ အစုကလေး ထဲမှာတော့ ကျွန် တော်တို့က “ အလုပ်သမား ” ဆိုတဲ့ အဆင့်အတန်းထဲမှာ ပါ ပါတယ် ။ ကောင်းကောင်းမွန်မွန်တောင်းရမ်းစားတဲ့ အလုပ် ကို လုပ်တော့ အလုပ်သမား တဲ့ ။ ဩော် ပြောရဦးမယ် ။ ဘူးခွံ ၊ ပုလင်းခွံ ၊ စက္ကူ ၊ ကတ်ထူ ၊ ပလတ်စတစ် စတာတွေ လိုက်ကောက်တဲ့လူကျတော့ “ အကောက်သမား ” တဲ့ ။ အကောက်သမား ထဲမှာမှ “ ရိုးရိုးကောက် ” နဲ့ “ ရှယ်ကောက် ” ပြန်ခွဲသေးတယ် ။ ရိုးရိုးကောက်က ပစ္စည်းပဲ ရိုးရိုးကောက်တာပါ ။ ရှယ်ကောက် ကတော့ လစ်ရင်လစ်သလို တိုတယ် ၊ ဆွဲတယ် ၊ သုတ်တယ်ပေါ့ ။ အဲဒါတွေထက် မြင့်တာကတော့ “ အကြမ်းသမား ” တဲ့ ။ ကျွန်တော်တို့ အသိုက်အဝန်း ထဲမှာ ဒုစရိုက်သမားတွေ လည်း ရှိပါတယ် ။ ခိုလှုံတိမ်းရှောင် ၊ ပုန်းအောင်းနေတဲ့ လူတွေလည်း ရှိပါတယ် ။ သိပ် ကို လုံခြုံပါတယ် ။ ကျွန်တော်တို့ကို သန်းခေါင်စာရင်းစစ် မယ့်သူ မရှိပါဘူး ။ အဲဒီ အလုပ်သမား ၊ အကောက်သမား ၊ အကြမ်းသမား ဆိုတဲ့ အလွှာ အမျိုးမျိုးကြားမှာ ကျွန်တော် ကြီးပြင်းခဲ့ပါတယ် ။

သိပ်မကြာလိုက်ပါဘူး အမေ ဆုံးသွားပါတယ် ။

အဖေနဲ့ ကျွန်တော် နှစ်ယောက်တည်း ကျန်ခဲ့တယ် ။ မထင်မရှား လူဖြစ်လာပြီး မထင်မရှားဘဲ ပြန်ထွက်သွားတဲ့ အမေ့ အတွက် ကျွန်တော်တို့ လောကမှာ သိပ်ပြီး အမှတ်တရ ခမ်းခမ်းနားနားတွေ မရှိရစ် ၊ မကျန်ရစ်ခဲ့ပါဘူး ။ သေသူက ရှင်သူထက် ပိုပြီး ကံကောင်းပါတယ် ။ ကျွန်တော်တို့ ထက် ကံပိုကောင်းလို့ သေသွားတာပါ ။ ဒီလိုနဲ့ပဲ ဘိုးဘွားမိဘ ဆိုတဲ့ မျိုးရိုးတွေလည်း တိမ်ကော ပျက်စီးသွားကြတာ ဖြစ်ပါလိမ့်မယ် ။

ကျွန်တော်တို့လို တိမ်ကောပျက်စီးတဲ့ အမျိုးက တိမ်ကောပျက်စီးသွားကြပေမဲ့ မတိမ်ကော မပျက်စီးသေးဘဲ တိမ်မြုပ်နေတဲ့ လူမျိုးက ရှိနေပါသေးတယ် ။ အဲဒါကတော့ “ ဘညိုကြီး ” လို လူမျိုးပါ ။

ဘကြီးညိုကို ကျွန်တော် မမြင်ရပေမဲ့ တော်တော် ကြောက်စရာကောင်းတဲ့ ရုပ်ကြီးလို့တော့ ကြားမိရပါတယ် ။ ညာဘက် မျက်နှာ တစ်ခြမ်းလုံး ဝက်ဝံ ကိုက်ဖြတ်ထားလို့ အသားတွေ မရှိတော့ဘူးတဲ့ ။ ဦးရေပြား တစ်ခြမ်း လန်နေပြီး ညာဘက်မျက်စိ ထွက်သွားတယ် ။ ညာဘက်ပါး တစ်ခြမ်းလုံး အသား မရှိတော့လို့ သွားဖုံး နီနီရဲရဲကြီးနဲ့ သွားတွေကို အံသွားအဆုံးထိ အတိုင်းသား မြင်နေရတယ်တဲ့ ။ ပါးစပ်ကလည်း ရွဲ့နေတယ်တဲ့ ။ ညာဘက်လက် ညာဘက်ခြေ ဆိုတာလည်း သိပ်မသန်စွမ်းတော့ဘူးတဲ့ ။ ထင်းခုတ် မျှစ်ချိုး ဟင်းမျိုး ရှာစားရတဲ့ လူသားတစ်ယောက်ရဲ့ ဘဝရလဒ်ပါ ။

ဒီဘဝ ရောက်မှတော့ ဘညိုကြီး လူတော မတိုးနိုင်တော့ဘူး ။ ရုပ်ပျက်ဆင်းပျက် မသန်မစွမ်း ဘဝမှာ ဘညိုကြီး လုပ်နိုင်တဲ့ အလုပ်ဟာ ဒါပဲ ရှိတော့တယ် ။ လူစည်ကားရာ ဈေးအနားမှာ ငုတ်တုတ်လေး ထိုင် ၊ ခွက်ကလေး တစ်လုံး ချ ၊ ကတ်ထူစက္ကူပြား ပေါ်မှာ စာလေးရေးပြီး ထောင်ထားတယ် ။

“ ဝက်ဝံ အကိုက်ခံရလို့ ဒုက္ခိတဘဝ ရောက်ရတယ် ။ သနားသဖြင့် ထမင်းဖိုးလေး မ ... စ ... ပါ ” တဲ့ ။

ဘညိုကြီး ရုပ်ကို လူတွေက ကြောက်ကြပါတယ် သနားလည်း သနားကြပါတယ် ရွံ့တွန့်ကြီး ကြည့်ပြီး ပိုက်ဆံကို ခွက်စုတ်ထဲ ကြောက်လန့်တကြား ထည့်ကြလိမ့် ထင်ပါတယ် ။ ဘညိုကြီးဟာ အမြဲတမ်း ခေါင်းငုံ့ နေတတ်တယ်တဲ့ ။ တစ်ဖက်တည်း ကျန်တဲ့ မျက်လုံးလေးနဲ့ လူတွေရဲ့အကြည့်ကို ရင်မဆိုင်ဝံ့ဘူး ထင်ပါတယ် ။ ဒါပေမဲ့ ဘညိုကြီးက ကျွန်တော်တို့ထက် ဝင်ငွေ ကောင်းပါတယ် ။ ကျွန်တော်တို့က အာပေါက်အောင် အော်ဆိုမှ ပိုက်ဆံရတာ ။ ဘညိုကြီး ကတော့ ကတ်ပြားလေး ထောင်ရုံနဲ့ ပိုက်ဆံရတာလေ ။ ဘညိုကြီးက တောင်းရမ်းရတဲ့ ငွေလေးနဲ့ ဝမ်းဝရုံ စားပြီး သူ့ရွာ က မိန်းမနဲ့ ကလေးတွေဆီ ငွေ လှမ်း လှမ်း ပို့ရှာတယ် ။

“ စားဖို့က ပိုလျှံရင် ကလေးတွေ ကျောင်းထားတာပေါ့ကွာ ။ စာတတ်မှ ငါ့ ကလေးတွေ ငါ့လို ဘဝကို မရောက်မှာ ။ စာတတ်ရင် ငါ့လို တောအလုပ် ၊ တောင်အလုပ် မလုပ်ရတော့ဘူးပေါ့ ” တဲ့ ။ ဘညိုကြီး အမြဲ ပြောတဲ့ စကားပါ ။ ဘညိုကြီးလို လူမျိုးက တိမ်မြုပ်နေတဲ့ အမျိုးပေါ့ ။ အမျိုးက မပျက်စီးသေးဘူး ။

တစ်ရက်မှာတော့ ဘညိုကြီးက ကျွန်တော့်ကို ပြောတယ် ။

“ ကောင်လေး သံလွင် ၊ ငါ ဒီနေ့ ဈေးထဲမှာ ငါတို့လို လူတစ်ယောက် တွေ့ ခဲ့တယ် ။ သူက ပေါင်ရင်းက စပြီး အောက်ပိုင်း တစ်ခုလုံး အရိုးမပါသလို ပျော့ဖပ်သေးသိမ်နေတာကွ ။ ပြီးတော့ ဗမာစကား မတတ်ဘူး ။ သူက ဘယ်လို တောင်းသလဲ ဆိုတော့ ဘီးလေးဘီး ခံထားတဲ့ ပျဉ်ချပ်ကို ဖင်အောက်မှာ ခုထိုင်ပြီး လက်နဲ့ ယက်သွားရင်း တောင်းတာ ။ ငါတို့ ထက် သာတာက ကက်ဆက်လေး ဖွင့်ထားပြီး တရုတ်သီချင်းတွေ အော်ဆိုပြီး တောင်းတာ ။ သူ့ခွက်ထဲမှာ တရုတ်ပိုက်ဆံတွေ ဖွေးနေတာပဲ ။ တရုတ်ငွေ ငါးကျပ် ဆိုရင်ပဲ ဗမာငွေ ကိုးရာကွာ နည်းလား ။ ဒုက္ခိတချင်း အတူတူ တောင်းရတာချင်း အတူတောင် ငါတို့က အနုပ် စုတ်ကုပ်စုတ် ။ ကံများ စုတ်ချာလိုက်ပုံနှယ် ၊ ပြော မပြောချင်ဘူး ”

ဘညိုကြီးရဲ့ စကားက ကျွန်တော့် ရင်ကို လှုပ်ခတ်စေတယ် ။ ကျွန်တော်လည်း အဲဒီလို ပေမီဒေါက်မီ တောင်းချင်တာပေါ့ ။ အိုးပိတ် ဗုံလေးနှစ်လုံးကို လက်ချောင်းတိုလေးတွေနဲ့ တီးနေတဲ့ အဖေ့နားမှာ ဆောင့်ကြောင့်လေး ထိုင်ပြီး သီချင်း ဆိုရင်းက စည်းသံ ချွင်ခနဲ ၊ ဝါးသံက ဂေါက်ခနဲ ၊ ဝါးအကျမှာ ကိုယ့် ခေါင်းကို ကိုယ့်စည်းလေးနဲ့ ပြန်ခေါက်ရင်း တောင်းရတဲ့ အခြေအနေက ရုန်းထွက်ချင်ပါပြီ ။ အဲဒီ အတွေးနဲ့ ဆုံးဖြတ်ချက်ကို ရင်ထဲမှာ မှတ်တေး ထားလိုက်မိပါတယ် ။

ဆုံးဖြတ်ပြီးတဲ့နောက် ကျွန်တော် အလကား မနေ တော့ဘူး ။ နားသခိုက် အချိန်လေးမှာ ကြားသမျှ သီချင်းသံတွေကို ကျွန်တော် နားထောင်တယ် ။ အလွတ်ရအောင် လိုက်ဆိုတယ် ။ လေ့ကျင့်တယ် ။ ရှယ်ကောက် အစ်ကိုကြီးတွေ ဆီမှာ -

“ ပြန်သုံးလို့ရမယ့် ကက် ဆက် အဟောင်းအစုတ်လေးများ ရရင် ကျွန်တော့်ကို ဈေးနိမ့်လေးနဲ့ ရောင်းပေးပါ ” လို့ မှာထားတယ် ။ သူတို့က -

“ ဘာလုပ်ဖို့တုံး ” တဲ့ ။ ကျွန်တော်က -

“ တီးလုံးတွေချည်းပဲ ကက်ဆက်ခွေ သွင်းပြီး ခေတ်သီချင်းတွေနဲ့ ပိုက်ဆံ တောင်းချင်လို့ပါ ” လို့ ပြောတော့ ...

“ အဲဒီအကြံ မဆိုးဘူး ၊ ခေတ်မီတယ် ” တဲ့ ။ အစ်ကိုကြီးတွေက အားပေးတော့ ကျွန်တော် ပျော်လိုက်တာ ။ အစ်ကိုကြီးတွေက ဆက်ပြောသေးတယ် ။

“ မင်းလည်း ခေတ်မီတယ် ၊ ဂန္ထဝင်ကြီးတွေလည်း အနားရတယ် ” တဲ့ ။

ဒီလိုနဲ့ ကက်ဆက် အဟောင်းကလေးလည်း ရ ၊ ဓာတ်ခဲထည့် ၊ တီးလုံးခွေတွေကို အစ်ကိုကြီးကပဲ ရှာကြံပြီး သွင်းပေးတယ် ။ ကျွန်တော်လည်း လေ့ကျင့်တော့တာပါပဲ ။ ကျွန်တော်က “ သံလွင် ” လေ ၊ ရှေ့က ဆိုသွားရင် နောက်က ရပါတယ်ဆို ။ အဖေလည်း အမော သက်သာတာပေါ့ ။

အဖေ့ပခုံးပေါ် လက်ကလေး တစ်ဖက်တင် ၊ ကက်ဆက် အဟောင်းလေးကို စလွယ်သိုင်းပြီး နောက်က လိုက် ၊ လူစည်ကားတဲ့ နေရာမှာ ကျွန်တော် မတ်တတ်လေး ရပ်ပြီး ဖလားစုတ်လေး တစ်လုံး ရှေ့မှာ ချ ၊ ကျွန်တော် “ သံလွင် ” လုပ်ငန်းစ,ပြီ ။

“ အလင်း ... ရောင် ... သန်ခေါင်ယံ × × × ညနက်ထဲ × × × ကြယ်စင်များလည်း × × × အိပ်မက် အလင်းရောင် × × × အလင်းရောင် × × × ”

တကယ်တော့ အလင်း ရောင် ဆိုတာကို မွေးကတည်းက ကျွန်တော် မမြင်ဖူးခဲ့ပါဘူး ။ မမြင်ဖူးတဲ့ အလင်းရောင် ကိုပဲ မျှော်လင့်ချက် တစ်ခု အနေနဲ့ တမ်းတပြီး ဆိုရတာ အရသာ ရှိလွန်းလှပါတယ် ။

ကျွန်တော့်ဘဝမှာ ဝမ်းတစ်ထွာဟာ သမုဒ္ဒရာ ဆိုရင် အလင်းရောင်ဟာ မျှော်လင့် ချက်ပါပဲ ။ ဒီတော့ ကက်ဆက် ခလုတ်ကလေးကို ဖိ ၊ စီးမျောလာတဲ့ တေးသံနဲ့အတူ ကျွန်တော် သံလွင် အင်အား အပြည့်နဲ့ ဟစ်ကြွေးသီဆို လိုက်ပါဦးမယ် ။ အို ... ဘာတဲ့တုံး .. ။

“ သန်းခေါင်ယံညနက်ထဲ × × × ဒဏ်ရာများလည်း အေးစက် × × × အလင်းရောင် × × × အလင်းရောင် ”

⎕ မကျည်းတန် ၊ လွိုင်ကော် ၊
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
     ၂၀၁၅ ၊ နိုဝင်ဘာ

No comments:

Post a Comment