❝ တက္ကသိုလ်မြစိမ်းနှင့် တွေ့ဆုံပေးခြင်း ❞
( ဝင်းငြိမ်း )
ဒီလ ကျွန်တော် တွေ့ဆုံပေးမယ့် သူကတော့ ၁၉၆၅ ခုနှစ်မှာ ‘ မိုးရွာသော ညများနှင့် အခြားဝတ္ထုတိုများ ’ နဲ့ အမျိုးသားစာပေ ( ဝတ္ထုတို ) ဆု ၊ ၁၉၇၈ ခုနှစ်မှာ ‘ နောက်တိုး ’ ဝတ္ထုနဲ့ အမျိုးသားစာပေ ( ဝတ္ထုရှည် ) ဆု ချီးမြှင့်ခံရတဲ့ တက္ကသိုလ်မြစိမ်း ပဲ ဖြစ်ပါတယ် ။
တက္ကသိုလ်မြစိမ်း ဆိုတာနဲ့ တစ်ပြိုင်နက် ဇာတ် ၊ အငြိမ့် နဲ့ ဆိုင်းလောကကို နောက်ခံထားပြီး ပီပီပြင်ပြင် ခြယ်မှုန်းသွားခဲ့တဲ့ ‘ နောက်တိုး ’ ကို သတိရမိကြမှာ ဖြစ်သလို ‘ တိုင်းမင်းကြီးသမီး ’ ၊ ‘ ညွှန်ကြားရေးမှူးချုပ် ကတော် ’ ၊ ‘ စုံကန္ထာ နေပူခရီး ’ စတဲ့ ဆရာမ လက်ရာတွေကို စာချစ်သူများ မှတ်မိကြပါလိမ့်မယ် ။
••••• ••••• •••••
“ ဆရာမ နာမည်ရင်းက ... ”
“ မြင့်မြင့်သန်းပါ ”
“ မြစိမ်းလို့ ကလောင်နာမည် ယူတဲ့ နေရာမှာ သီးခြား အကြောင်းများ ရှိပါသလား ဆရာမ ”
“ အစိမ်းရဲ့ သဘောသဘာဝကို ကျွန်မ သဘောကျတယ် ။ အစိမ်းရောင်ရဲ့ လောကကို အကျိုးပြုပုံကိုလည်း အားကျတယ် ။ ဒါကြောင့် အစိမ်းရောင် ရှိတဲ့ မြ နဲ့ တွဲပြီး မြစိမ်း ဆိုတဲ့ နာမည်ကို ယူခဲ့ပါတယ် ”
“ မြစိမ်းရဲ့ ရှေ့မှာ တက္ကသိုလ် တပ်ထားတော့ ဆရာမ တက္ကသိုလ် တက်နေစဉ် ကတည်းက စာ စ ရေးခဲ့တာ ထင်ပါတယ် ။ ဒါဆိုရင် ဆရာမ စာ စရေးဖြစ်ခဲ့ပုံကို သိပါရစေ ”
“ ကျွန်မ တက္ကသိုလ် ရောက်စ နှစ်မှာပဲ ယုဝတီဂျာနယ်မှာ ဝတ္ထုတိုကလေး တစ်ပုဒ် ပါလာပါတယ် ။ ကျွန်မ ပို့တုန်းက မြစိမ်း နာမည်နဲ့ ပို့တာပဲ ။ စာမူ ယူသွားတဲ့ အစ်မကြီး တစ်ယောက်က တက္ကသိုလ်လည်း ရောက်နေပြီပဲ ။ တက္ကသိုလ် ထည့်လိုက်မယ် ဆိုပြီး ရှေ့က တက္ကသိုလ် ထည့်လိုက်လို့ ကျွန်မ စာရေးတဲ့ နာမည် ‘ တက္ကသိုလ်မြစိမ်း ’ ဖြစ်လာပါတယ် ”
“ ကျွန်တော်တို့ စာပေလောကမှာ တက္ကသိုလ်မြစိမ်း နဲ့ မြမြစိမ်း ရယ်လို့ ကလောင်နှစ်မျိုး ရှိနေတာကို စာဖတ်ပရိသတ် တချို့ ခွဲခြားမရ ဖြစ်နေတတ်ကြပါတယ် ။ ကျွန်တော် တွေ့ဆုံပေးခဲ့ဖူးတဲ့ ‘ တက္ကသိုလ် ကြူကြူသင်း ’ ဆိုရင် အခု ရှေ့က တက္ကသိုလ် ဖြုတ်ပြီး ‘ ကြူကြူသင်း ’ နဲ့ပဲ ရေးနေတော့ ဒီကလောင်နာမည် နှစ်ခုက တစ်ယောက်တည်း ဖြစ်နေတယ် ။ ဆရာမ ကိစ္စကိုလည်း ကြုံကြိုက်တုန်းမှာ ရှင်းပြစေချင်ပါတယ် ”
“ ဒီမေးခွန်း ကိုတော့ ကျွန်မ မဖြေပါရစေနဲ့ ”
“ ဆရာမ မဖြေချင်ရင်လည်း ကျော်လိုက်ကြတာပေါ့ ။ ဆရာမက ဝတ္ထုတိုရော ၊ ဝတ္ထုရှည်ပါ အမျိုးသား စာပေဆု ရထားတယ် ဆိုတော့ စာပေ လေ့လာလိုက်စားကြတဲ့ စာဖတ်ပရိသတ် အတွက် ဝတ္ထုတိုရေးနည်းနဲ့ ဝတ္ထုရှည်ရေးနည်း ခွဲခြား ပြောပြစေချင်ပါတယ် ”
“ ဝတ္ထုရေးနည်းက လွယ်လွယ်ပြောလို့ မဖြစ်ပါဘူး ။ မရပါဘူး ။ ကျွန်မ ဝတ္ထုရေးနည်း မပြောတတ်တဲ့ အတွက် ခွင့်လွှတ်ပါ ။ ဝတ္ထုရေးနည်း ပညာရပ်က နက်နဲခက်ခဲ ကျယ်ဝန်းပါတယ် ။ စာပေရေးရာဆိုင်ရာ ၊ စာပေအနုပညာဆိုင်ရာ ၊ အလှတရားဆိုင်ရာ စာအုပ်တွေ အမျိုးမျိုး ထွက်လာတော့ ရေးနည်း ပြောဖို့လည်း ပိုခက် လာပါတယ် ။ ကျွန်မ ပြောတတ်တာတော့ ရှိတယ် ။ ဝတ္ထုတိုတို့ ၊ ဝတ္ထုရှည်တို့ ရေးတဲ့ အခါမှာ ကျွန်မ အတိုင်းအတာ အရ အကောင်းဆုံး ဖြစ်အောင် အဘက်ဘက်က ပြည့်စုံအောင် ကြိုးစားပါတယ် ။ နောင် ကိုလည်း အခုထက် ပိုပြီး ကြိုးစားမယ်လို့ စိတ်ပိုင်းဖြတ်ထားပါတယ် ”
“ ဟုတ်ကဲ့ ဆရာမ ၊ ‘ နောက်တိုး ’ နဲ့ ပတ်သက်ပြီး ကျွန်တော် ဆွေးနွေးချင်တာလေး တချို့ ဆွေးနွေးခွင့်ပြုပါ ”
“ ဟုတ်ကဲ့ ”
“ နောက်တိုးကို လေ့လာကြည့်ရင် ဦးမောင်မောင် မိသားစုနဲ့ ခင်တိုးတို့ မိသားစု နှစ်ဖက် တွေ့ရပါမည် ။ ဦးမောင်မောင် ဘက်မှာ ဘွားဘွားကြီး ဒေါ်စိန်းမြ ၊ မေမေ ဒေါ်စိန်းအေး ၊ အဒေါ် ဒေါ်စိန်းရွှေ ၊ ဒေါ်စိန်းငွေ စတဲ့ ‘ စိန်း ’ မိသားစုကို ဖန်တီးထားတယ် ။ ခင်တိုးတို့ ဘက်ကို ကြည့်ပြန်ရင် အဖေက ဆိုင်းဆရာ ဦးဘတိုး ၊ သမီးက ခင်တိုး ၊ လှတိုး ၊ မြေးက နောက်တိုး စတဲ့ ‘ တိုး ’ မိသားစု ဖန်တီးထားတယ် ။
မိသားစု နာမည် တပ်တယ် ဆိုတာ ကျွန်တော်တို့ နိုင်ငံမှာ ဒီဘက်ခေတ် ရောက်မှ အလေ့အထ ရှိလာတယ်လို့ ကျွန်တော် ထင်ပါတယ် ။ ဥပမာ ... ကျွန်တော်တို့ ညီအစ်ကိုတွေ ဆိုရင် နာမည် ‘ ညိမ်း ’ ကို နောက်ဆုံးမှာ ထားကြတယ် ။ ညီတွေက မွေးလာတဲ့ တူတွေမှာလည်း ‘ ညိမ်း ’ ပါလာတယ် ။ ဟိုဘက်ခေတ်က မိသားစုတွေနဲ့ ဇာတ်အိမ် စတည်ထားတဲ့ ‘ နောက်တိုး ’ ဝတ္ထုမှာ ဘာဖြစ်လို့ ဆရာမ ဒီလို ဖန်တီးခဲ့တယ် ဆိုတာ သိခွင့်ပြုပါ ”
“ နောက်တိုး က ဟိုဘက်ခေတ်ကို နောက်ခံထားတဲ့ ဝတ္ထု မဟုတ်ပါဘူး ”
“ ဆက်ဆွေးနွေးရရင် အဲဒီ ဝတ္ထုစာမျက်နှာ ၆၉ မှာ နယ်ပိုင် ဦးမောင်မောင်ရဲ့ အယူအဆ တစ်ခု တွေ့လိုက်ရပါတယ် ။ ယောက်ျား တစ်ဦးတည်း ကိုသာ တွေ့ဖူးသော မိန်းမ၏ အယုအယ ၊ အကြင်နာ ၊ အပြုအစု ထက် ယောက်ျား အမျိုးမျိုးကို တွေ့ဖူးသော မိန်းမ၏ အကြင်အနာ အပြုအစု အယုအယတို့က သာမည် ” လို့ ဆိုထားတယ် ။ ခပ်ရိုင်းရိုင်း ပြောရရင် ( ကန်တော့နော် ဆရာမ ) ပြည့်တန်ဆာက အိမ်က မိန်းမထက် သာမယ် ဆိုတဲ့ သဘော သက်ရောက်သွားတယ်လို့ ထင်ပါတယ် ။ ဒါဆိုရင် ယောက်ျားတွေ တစ်အိုးတစ်အိမ် တစ်လင် တစ်မယား စနစ် ထားတာထက် အပျော်အပါး လိုက်စားတာက ပိုပြီး သာယာသွားနိုင်ပါသလား ”
“ ကိုဝင်းငြိမ်းရဲ့ မေးခွန်းကို ကျွန်မ အံ့ဩမိပါတယ် ။ အမှန်က ဒီနေရာမှာ ဇာတ်ကောင်ရဲ့ စရိုက်ကို ပေါ်အောင် ဖော်ပေးတဲ့ သဘောလောက်ပါ ကိုဝင်းငြိမ်း ”
“ အိမ်ထောင်ရေး အယူအဆနဲ့ ပတ်သက်လို့ မေးတာပါ ဆရာမ ။ ဒီဝတ္ထု ရေးဖို့ အတွက် ဆိုင်း ၊ ဇာတ်နဲ့ ပတ်သက်ပြီး တော်တော်လေး ဖတ်မှတ်လေ့လာခဲ့ရမယ် ထင်ပါတယ် ။ ဆရာမ ကြိုးပမ်းခဲ့ပုံ တစ်စိတ်တစ်ဒေသ သိခွင့်ပြုပါခင်ဗျာ ”
“ ဇာတ်သမား မဟုတ်တဲ့ ကျွန်မ ဇာတ်သဘင်ကို လေ့လာရတာ တော်တော် ဒုက္ခကြီးပါတယ် ။ လေ့လာတဲ့ အခါမှာ အကောင်းအဆိုး အမျိုးမျိုး ကြုံရပါတယ် ။ အအိပ်ပျက် အလုပ်ပျက်နဲ့ ကျန်းမာရေးလည်း ထိခိုက်ပါတယ် ။ ဒါပေမဲ့ ကျွန်မက ဇာတ်လောက နောက်ခံ ဝတ္ထုရေးဖို့ စိတ်အားထက်သန်တဲ့ အတွက် ကြုံလာ သမျှကို ရင်ဆိုင်ပြီး ဇာတ်သဘင် လောကကို ဆက်ပြီး လေ့လာတယ် ။ ဇာတ်ဝတ္ထုတွေ ရေးရတာ ကျွန်မ ပျော်ပါတယ် ။ ဇာတ်သဘင် လေ့လာတဲ့ အခါမှာ ကူညီတဲ့ လူပေါင်း များစွာထဲက လူတချို့ကို ပြောရရင်တော့ ဘဘစိန်အောင်မင်း နဲ့ စိန်အောင်မင်း မိသားစု ၊ စိန်မဟာသဘင် ဒေါ်မြသန်း နဲ့ စိန်ညီအစ်ကို ၊ ပန်တျာတင်တင်မြင့် နဲ့ မုန်တိုင်းအဖွဲ့ ၊ ဒေါ်ဗလပြန် ၊ ယုဝတီဒေါ်ခင်ညွန့် ၊ ဒေါ်အောင်သန်းကြည် ၊ ဒေါ်အောင်သန်းတင် စတဲ့ မင်းသမီးကြီးတွေ ၊ ရွှေလိပ်ပြာ ၊ ကောလိပ်မြိုင် ၊ ချစ်အာရုံ စတဲ့ အငြိမ့်မင်းသမီးကြီးတွေ ကြည်ကြည်ဝင်း ၊ ထားမေ စတဲ့ ဇာတ်မင်းသမီးတွေ ၊ စိန်ချစ်တီး အမှူးထားတဲ့ ဆိုင်းဆရာတွေ ၊ ယဉ်ကျေးမှု ကဇာတ်က မင်းသမီးတွေနဲ့ ပညာရှင်တွေ ၊ ဦးထိန်ဝင်း နဲ့ အဖွဲ့ စသည် စသည်တို့ ဖြစ်ပါတယ် ။ ကျွန်မကို ကူညီခဲ့တဲ့ မင်းသား ၊ မင်းသမီး ၊ ဆိုင်းဆရာ ၊ ပညာရှင် အားလုံးကို ကျေးဇူးတင်ပါတယ် ”
“ နောက်တိုး အဆက်အနွယ် အဖြစ် ဆရာမ ဖော်ပြထားတဲ့ စိန်ကတုံး နဲ့ ပတ်သက်ပြီး လူထုဒေါ်အမာရဲ့ ‘ အောင်ဗလ ၊ ဖိုးစိန် ၊ စိန်ကတုံး ’ မှာ ဖော်ပြထားတာနဲ့ အချက် တစ်ခု ကွဲပြားနေတာ တွေ့ရပါတယ် ။
ဆရာမ က စိန်ကတုံးအဖေ ဆိုင်းဆရာကြီး ဦးကျော်ဦး က စံကင်း က လို့ ဆိုတယ် ။ ဒေါ်အမာ က ညောင်တုန်း က လို့ ရေးထားတယ် ။ ဒီကွဲလွဲချက်ကလေးကို သဘင်ချစ်သူတွေ ရှင်းသွားအောင် ပြောပြ စေချင်ပါတယ် ”
“ ဒီမေးခွန်းကို ကျွန်မ မဖြေပါရစေနဲ့ ”
“ ဆရာမ နိုင်ငံခြား ဝတ္ထုတွေ ဖတ်ပါသလား ။ ဘယ်စာရေးဆရာရဲ့ ဝတ္ထုတွေကို စွဲစွဲမြဲမြဲ ဖတ်လေ့ ရှိပါသလဲ ”
“ ဖတ်ပါတယ် ။ ဝတ္ထုသာ မကပါဘူး ။ စာအမျိုးမျိုးကို ကျွန်မ ဖတ်ပါတယ် ။ နိုင်ငံတကာ စာပေသဘောတရားတွေ ၊ စာပေအယူအဆတွေ ၊ စာပေဖန်တီးခြင်း အကြောင်းတွေကိုလည်း ကျွန်မ စိတ်ဝင်စားပါတယ် ။
ဝတ္ထုမှာတော့ တစ်ယောက်ယောက်ကို စွဲစွဲမြဲမြဲ ထားပြီး မဖတ်ပါဘူး ။ ဖတ်သင့်တာကော ၊ ဖတ်ချင်တာကော ၊ အပျင်းပြေတာကော သင့်သလို တစ်အုပ်ပြီး တစ်အုပ် ဖတ်သွားပါတယ် ”
“ တိုင်းမင်းကြီးသမီး ဝတ္ထု ကို ဆက်လိုက်ကြရအောင် ဆရာမ ။ ဒီဝတ္ထုမှာ တိုင်းမင်းကြီးရဲ့ သမီး အကြီးဆုံး ခင်ရွှေအေး ရဲ့ စရိုက်တွေက မြန်မာ မဆန်ဘူးလို့ ထင်ပါတယ် ။ ခင်ရွှေအေး ဟာ အဖေ ရှေ့မှာ စီးကရက် ပြောင်ပြောင်တင်းတင်း သောက်ဝံ့တယ် ။ လေယာဉ်ပျံပေါ်မှာ ခဏလေး တွေ့လိုက်ရတဲ့ ပန်းချီဆရာ မှိုင်းဝေ လို ဆေးတံသောက်ပြီး နှုတ်ခမ်းမွေးနဲ့ ပါးမြိုင်းမွေးနဲ့ လူမျိုးကို သဘောကျလိုက်တယ် ။ စိတ်ဝင်စား လိုက်တယ် ။ ဟိုက မလာတာတောင် သူက မျှော်တယ် ။
တိုင်းမင်းကြီးခေတ်က မိန်းကလေးတွေ မပြောနဲ့ ၊ ဒီနေ့ခေတ် မိန်းကလေးတွေတောင် မိဘ အုပ်ထိန်းမှု အောက်မှာ ရှိနေသေးရင် အဖေရှေ့ စီးကရက် မသောက်ဝံ့ကြပါဘူး ။ မိဘ အပေါ်မှာ ရိုသေလေးစားမှု ရှိနေကြပါသေးတယ် ။ ဒါပေမဲ့ တိုင်းမင်းကြီးသမီး ခင်ရွှေအေး ကတော့ အဖေ့ရှေ့မှာ စီးကရက်သောက်တယ် ။
Tall , dark and handsome အရပ်မြင့်မြင့် ၊ အသားမည်းမည်း ၊ ရုပ်ချောချောလို့ ဆရာမ ဖန်တီးထားတဲ့ ပန်းချီဆရာ မှိုင်းဝေ ကို သဘောကျတယ် ။ ဒါကြောင့် ခင်ရွှေအေးကို မြန်မာ မဆန်ဘူးလို့ ကျွန်တော် ပြောတာပါ ။
ခင်ရွှေအေးရဲ့ စရိုက်နဲ့ ပတ်သက်ပြီး ဆရာမ ဘာကြောင့် ဒီလို ဖန်တီးခဲ့တယ် ဆိုတာ သိပါရစေ ”
“ အဲဒီဝတ္ထုကို ရေးတဲ့ အချိန်က ခံစားမှုအရ ဇာတ်ကောင် ခင်ရွှေအေး ကို ဖန်တီးခဲ့ပါတယ်လို့ ဖြေရင် လုံလောက်မယ် ထင်ပါတယ် ”
“ တချို့ ဆရာတွေက ပြောတယ် ။ ဇာတ်ကို ရေးရင်းနဲ့ ဇာတ်ကောင် ခေါ်ရာနောက် လိုက်သွားပြီး ကိုယ် ဇာတ်ကွက် ချထားသလို မဟုတ်တော့ဘဲ လွဲသွားတတ်တယ်တဲ့ ။ ဆရာမ ဇာတ်တွေမှာကော ဒီလို ဖြစ်ဖူးပါ သလား ”
“ ကျွန်မ ဝတ္ထုရေးရင် ဇာတ်ကွက်ချ ရေးလေ့ မရှိပါဘူး ”
“ ဝတ္ထုရှည် တစ်ပုဒ် ရေးပြီးရင် ဒီအထဲက ဇာတ်ကောင်ကို မေ့မရနိုင်ဘဲ ရင်ထဲမှာ ကျန်နေရစ်တာမျိုး ဆရာမ ခံစားရဖူးပါသလား ။ ဘယ်ဇာတ်ကောင်ပါလဲ ”
“ ဝတ္ထု ရေးပြီးစ ဆိုရင်တော့ ဖြစ်တတ်ပါတယ် ။ အခု အခြေအနေ အရတော့ နောက် ရေးမယ့် ဝတ္ထုထဲက ဇာတ်ကောင်တွေကို ပိုပြီး စဉ်းစားနေမိပါတယ် ။ သူတို့က ပိုပြီး ကြီစိုးတယ်လို့ ပြောရမယ် ထင်ပါတယ် ”
“ ဒီနေ့ လုံးချင်းဝတ္ထုတွေ ဈေးကွက် ကျဆင်း နေတာနဲ့ ပတ်သက်ပြီး ဆရာမ ဘယ်လို မြင်ပါသလဲ ”
“ စာပေလောကကို စီးပွားရေးသမားတွေ ဝင်လာပြီး စီးပွားဖြစ်နည်းတွေ သုံးတဲ့ အတွက် လုံးချင်းဝတ္ထု အခြေအနေတွေ ဆိုးလာပါတယ် ။ အခြေအနေတွေ ဆိုး ၊ အရည်အသွေးတွေ ကျတာကနေ အရောင်းဈေးပါ ကျသွားတယ်လို့ ကျွန်မ ထင်ပါတယ် ။ တခြား အကြောင်းတွေလည်း ရှိဦးမှာပါပဲ ”
“ တိုးပွားလာတဲ့ မဂ္ဂဇင်းတွေနဲ့ ပတ်သက်လို့ကော ”
“ မဂ္ဂဇင်းတွေ များလာတာ စာပေလုပ်သားတွေအတွက် ရေးစရာ များလာတဲ့ အတွက် ကောင်းပါတယ် ။ မဂ္ဂဇင်းတွေ များလာတာကို ကြိုဆိုပါတယ် ”
“ ဆရာမ ဖြည့်စွက် ပြောချင်တာများ ရှိရင် ... ”
“ ကျွန်မ အနေနဲ့ တွေ့ဆုံခန်းမှာ ပါဝင်လိုခြင်း မရှိပါဘူး ။ အကြောင်းကြောင်းကြောင့် ကျွန်မ ပါဝင်ခဲ့ပါတယ် ။ ဖြေတဲ့ အခါမှာလည်း ကျွန်မ တော်တာ ၊ ကျွန်မ ညံ့တာကို အဓိက မထားပါဘူး ။ တွေ့ဆုံခန်းကို ဖတ်တဲ့ လူတွေ စိတ်အနှောင့်အယှက် မဖြစ်ဖို့ကိုဘဲ အဓိက ထားပါတယ် ။
ကျွန်မ ဖြေဆိုမှုတွေမှာ ချို့ယွင်းချက် ရှိမယ် ၊ အနှောင့်အယှက် ဖြစ်ရတယ် ဆိုရင် ခွင့်လွှတ်ဖို့ တောင်းပန်ပါတယ် ။ အားလုံးကို ကျေးဇူးတင်ပါတယ် ။ အထူးသဖြင့် ဦးမြလှိုင် အမှူးထားတဲ့ ပေဖူးလွှာ စာတည်းအဖွဲ့ကို ကျေးဇူးအထူးတင်ကြောင်း ပြောပါရစေ ”
“ ကျေးဇူးတင်ပါတယ် ဆရာမ ”
▢ ဝင်းငြိမ်း
📖 ပေဖူးလွှာ မဂ္ဂဇင်း
အမှတ် - ၄၆
မတ်လ ၊ ၁၉၈၅ ခုနှစ်

No comments:
Post a Comment