Tuesday, April 21, 2026

ကျွန်တော့်မိန်းမကို ပြောပေးပါ

 

❝ ကျွန်တော့်မိန်းမကို ပြောပေးပါ ❞ 
               ( ပီမိုးနင်း )

ကျပ်ချောင်းရွာ၌ ရွာလယ်ကောင် မန်ကျည်းပင်ကြီး အောက်တွင် ရွာပေါ်ရှိ အကြီးအကဲ လူကြီးများသည် ဝိုင်း၍ ထိုင်ကာ တိုင်ပင်၍ နေကြလေ၏ ။ တိုင်ပင်သော အကြောင်းသည်ကား အခြား မဟုတ် မယ်စံ၏ အရေး ဖြစ်လေ၏ ။ ၎င်း မယ်စံသည် မိမိ လင်ယောက်ျား တစ်ကျွန်းပြန် မောင်လူတုတ်ကို မကြောက်ဘဲ ၊ တစ်ရွာသား ဘိန်းစားကျော်ခေါင် နှင့် ဖောက်ပြန် မှားယွင်း၍ နေရာ ၊ ၎င်း၏ ယောက်ျား မောင်လူတုတ်သည် ထန်းတော၌ ထန်းရည်သောက်ရင်း ထိုအကြောင်းကို ကြားသိ လေ၏ ။ ကြားသိသဖြင့် ဓားကြိမ်းကြိမ်း၍ နေသည် ဟူသော အကြောင်းကို သတင်း အစအနကို ရရှိကြသဖြင့် သတိဝီရိယနှင့် နေဖို့ရန် စည်းဝေးတိုင်ပင်ခြင်း ဖြစ်ကြလေသည် ။

မောင်လူတုတ်၏ စိတ်၌ မိမိမယား ဖောက်ပြန်သည်ကို ရွာသူရွာသားများ သိကြသည် ၊ သိလျက်နှင့် မိမိအား မပြောဘဲ တမင်သက်သက် မြုံနေကြသည် ။ တစ်ရွာလုံးရှိ လူများကို ဓားစာကျွေးမည် ဟူ၍ ကြိမ်းမောင်းနေသည်ကို ကြားရလေသည် ။ သို့အတွက် လွန်စွာ ကြောက်နေကြလေ၏ ။

မောင်လူတုတ်သည် တစ်ကျွန်းပြန် ဖြစ်လျက် လုယက်တိုက်ခိုက် အသက်မွေးသူ ဖြစ်လေရာ ဘယ်နေရာမှာ မဆို နာမည် အလွန်ကြီးသော လူဆိုးကြီး ဖြစ်ခဲ့လေသည် ။ လူ့အသက်ကို အသက်မမှတ် ပုရွက်ဆိတ်ကလေး တစ်ကောင် ကဲ့သို့ မှတ်ထင်လျက် သ,တ်တတ် ဖြတ်တတ်သူ တစ်ယောက် ဖြစ်လေရာ ၎င်းကို လွန်စွာ ကြောက်ရလေ၏ ။ အခြား တစ်ကျွန်းပြန်များမှာ အရှိန်နှင့်သာ ကြောက်ရ၏ ။ လူတုတ် မှာကား အရှိန်နှင့် မဟုတ် ၊ တကယ် ရက်စက်စွာ သ,တ်တတ် ဖြတ်တတ်သောကြောင့် ကြောက်ရလေ၏ ။ ထိုနေ့၌ ၎င်း၏မယား မယ်စံ၏ ဖောက်ပြန်ပုံ အကြောင်းကို မည်သူ သွား၍ သတင်းပေးသည်ကို မသိရ ၊ ထန်းတောရှိ တဲတစ်တဲ၌ ဓားကို သွေးကာ ဤဓားနှင့် တစ်ရွာလုံးကို သ,တ်မည်ဟု ကြိမ်း၍သာ နေလေ၏ ။

ထိုသတင်းသည် ရွာထဲသို့ ရောက်လာသမျှ လူတိုင်း၏ နှုတ်ပါးစပ်၌ ပါရှိသော သတင်း ဖြစ်လေသည် ။ ၎င်းတို့ တိုင်ပင်နေကြသောစကားသည်ကား ၎င်းထန်းတောမှ ပြန်၍ လာလျှင် မယ်စံ၏ အကြောင်းကို တစ်စုံတစ်ရာ မပြောကြဖို့ မယ်စံကို မိမိ အိမ်၌ မိမိ ငြိမ်ဝပ်စွာနေဖို့ အိမ်များကိုလည်း လုံခြုံစွာ ရှိစေဖို့ ကိစ္စများ ဖြစ်ကြလေသည် ။

ဆယ်အိမ်ခေါင်းက “ မယ်စံကို သူ့အိမ်သူ နေရလျှင် ပြန်လာတဲ့အခါ လူတုတ် တွေ့မှာပေါ့ ၊ တွေ့ရင် မျောက်မြင် ခဲနှင့် ပေါက်ချင် ဆိုသလို ဖြစ်ပြီး ချက်ချင်း သ,တ်မပစ်ပေဘူးလား ”

အခြားသူ တစ်ယောက် “ သူ့မယား သူသ,တ် ဘာဖြစ်သလဲ ယုတ်မာတဲ့ကောင်မပဲ ။ ဒီလိုကောင်မမျိုး ဆယ်ယောက်သေသေ ဘာအရေးလဲ ”

နောက်တစ်ယောက် “ ဒါမျိုးဆိုတာ သ,တ်စရှိလို့ သွေးစွန်းသွားရင် အရမ်းလျှောက်ပြီး ဖြစ်တတ်တာမျိုး ၊ သည့်အတွက် မယ်စံကို သ,တ်မိမှာ စိုးရတယ် ”

အခြား တစ်ယောက် “ ဒီလိုဖြင့် မယ်စံကို ဘယ်မှာ ထားမလဲ ”

နောက်တစ်ယောက် “ တခြားအိမ်မှာ ထားရင် မကောင်းဘူးလား ”

နောက်တစ်ယောက် “ တခြားအိမ်မှာ ထားရင် လင်ငယ်နှင့် ထင်ရာ သွားနေတယ်လို့ တွေးလိမ့်မယ် ”

လူကြီး ။  ။ “ ဒီလို မတွေးနိုင်အောင် ငါ့အိမ်ကို ခေါ်ထားရင် မကောင်းဘူးလား ။ ဒီအကောင်ဟာ ငါ့ကို အတော်ကလေး ရိုသေလေးစားပုံပေါ်တယ် ”

လူကြီး ပြောသော စကားကို အားလုံးပင် သဘောကျကြလေ၏ ။ ထိုကဲ့သို့ သဘောကျ၍ မယ်စံ ကို သွား၍ ခေါ်ကြမည် အပြုတွင် ရွာထိပ်မှ ပျာလဲ့လဲ့ အသံ တစ်ခုကို ကြားရလေ၏ ။ ထိုအသံသည် သ,တ်မည်ပုတ်မည်ဟု ဆဲဆိုကြိမ်းမောင်းသော လူတုတ်၏ အသံ ဖြစ်လေသည် ။ ထိုအခါ စည်းဝေးနေသော လူကြီးများသည် ကွဲပြား၍ သွားကြပြီးလျှင် အိမ်များကို ဝင်ကြလျက် တံခါးများကို အလုံပိတ်ကာ နေလေ၏ ။

ပျာလဲ့လဲ့ ဆဲဆိုကြိမ်းမောင်း၍ လာသော အသံသည် ရွာတွင်းသို့ တဖြည်းဖြည်း ရောက်၍ လာလေ၏ ။ ရွာသူကြီးကို နာမည် တပ်၍ ဆဲဆိုလေ၏ ။ ထို့နောက် ဆယ်အိမ်ခေါင်းကို နာမည် တပ်၍ ဆဲဆိုလေ၏ ။

“ နင် တို့ ငါ့မယား ဒီလို ဖြစ်တာကို ကြည့်ကောင်းလို့ အားပေး အားမြှောက် လုပ်ရတာလား နင်တို့ကို ငါ ပထမစီရင်မယ် ” စသည်ဖြင့် ကြိမ်းမောင်းလေ၏ ။

ခွေးများသည် တစီစီညံလျက် ဟောင်ကြအူကြ လေ၏ ။ ရွာထဲသို့ နေ့ခင်းကြောင်တောင် သူရဲ ဝင်၍ လာသလို တစ်ရွာလုံးရှိ ခွေးများသည် စုဝေးကာ လာရောက်ကာ ခရီးကြို ပြုကြလေ၏ ။ အိမ်ကြိုအိမ်ကြား ဟူသမျှတို့မှ ခွေးများသည် ဖိတ်စာရသည့် အလား သူ့ထက်ငါ ထွက်ကြလေ၏ ။ လူတုတ် ကလည်း ခွေးများကို လိုက်၍ ရိုက်နှက်ခြိမ်းခြောက်လေရာ တိုး၍ ဆူပူကြလေ၏ ။ တစ်ရွာလုံးမှာ ခွေးဟောင်သံအူသံနှင့် လူတုတ်၏ ဆဲဆိုသံမှ တစ်ပါး ဘာကိုမှ မကြားရပေ ။ အတန်ကြာသော အခါ ရွာတစ်ဖက် အစွန်းရှိ လူတုတ်၏ အိမ်ဘက်သို့ ခွေးဟောင်သံများ ရောက်၍ သွားလေ၏ ။ ထိုနေရာကျသောအခါ ခွေးများသည် ဆိတ်ငြိမ်၍ သွားကြလေ၏ ။

အိမ်များနှင့် ပုန်းအောင်း နေသူများ၏ စိတ်တွင် အဘယ်သို့သော အသံကို ကြားရမည်နည်းဟု တွေးလျက် လူတုတ်၏ အိမ်မှ အော်သံဟစ်သံများကို ကြားရလေမည်လားဟု တထိတ်ထိတ်နှင့် တွေး၍ နေကြလေ၏ ။ လူတုတ်သည် မိမိမယားကို ဓားနှင့် အပိုင်းပိုင်း ခုတ်ထစ်သဖြင့် ဆူဆူညံညံ အော်သည့်အသံများကို ကြားရတော့မည်ဟု တွေးတောကာ ထိတ်လန့်နေကြလေ၏ ။

ထိုနောက် တစ်ဖန် ခွေးများဟောင်သည်ကို ကြားရပြန်လေ၏ ။ လူထု၏ အသံကိုလည်း ကြားရပြန်၏ ။ အချို့သော အိမ်များမှ အပေါက်ငယ်များမှ ချောင်းမြောင်း၍ ကြည့်ကြလေရာ ဓားကို ကိုင်မြှောက်လျက် အနောက်ဘက်က လာသော နေရောင်ထဲတွင် ဝင်းလက်၍ နေသော ဓားသွားကို မြင်ကြရလေသည် ။

သူ့မိန်းမကို ခုတ်ခဲ့လေပြီလားဟု သိရအောင် ဓားသွားကို ဂရုစိုက်၍ ကြည့်ကြလေ၏ ။ သို့သော်လည်း ဓားသွား၌ သွေးစသွေးနကို မမြင်ရချေ ။ အချို့လည်း စိတ်အထင်နှင့် သွေးစသွေးနကို မြင်ကြရလေသည် ။ တစ်ဖန် ထိုအသံများသည် ဝေး၍ သွားပြန်လေ၏ ။ မိမိ၏ မယားကို လိုက်၍ ရှာနေတာပဲဟု အများ ထင်ကြလေ၏ ။ မိရင် သ,တ်တော့မည် ။ အင်မတန် ရဲတင်းတဲ့ ကောင်မ ဒီရွာမှာ ဒီကောင်မ သေမှ အေးမည် ။ သင်း အတွက် တစ်ရွာလုံး ဒုက္ခများသည် စသည်ဖြင့် တွေးကြလေ၏ ။ ဘယ်သောအခါ ဒီကောင်မကို တွေ့လိမ့်မည်နည်း ။ တွေ့ရင် သ,တ်ချေရဲ့ ။ သ,တ်တော့မှာပဲ ။ သ,တ်မိလျှင် တစ်ရွာလုံးကို ဓားဆက်တော့မှာပဲဟု တထိတ်ထိတ်နှင့် နေကြလေ၏ ။

ကလေးမြေးငယ် ရှိသူများသည်လည်း အပေါက်ကို လုကာ ကြည့်ကြသဖြင့် လှုပ်လှုပ်ရွရွ အသံထွက်သော ကလေးများကို မဆူညံကြရအောင် မနည်းကြီး ပိတ်ပင် တားမြစ်ကြရလေသည် ။ အသံပျောက်၍ သွားသည်မှာ အတန်ကြာလေပြီ ။ ဘယ်နေရာကို ရောက်၍ နေသည်ဟု မသိကြရပေ ။ မယားကို လိုက်၍ ရှာနေတာ အမှန်ပဲဟု သိကြလေ၏ ။ မိလျှင် ချမ်းသာပေးမည် မဟုတ် ။ ၎င်း မယားသည် တာရှည်ကြီး ပုန်း၍ နေနိုင်မည်မဟုတ် ဟူသော အကြောင်းကို သိကြလေသည် ။

ပုန်း၍ မနေနိုင်လျှင် မကြာခင် မိမှာပဲ ၊ မိလျှင် မညှာမတာ ရက်စက်စွာ သ,တ်တော့မည် ။ ငါတို့လည်း သေရတော့မည် ၊ တစ်ကျွန်းထက် နှစ်ကျွန်း မရှိ ၊ တစ်ကျွန်းကို ကြောက်မည့်သူလည်း မဟုတ် ။ မတွေ့ပါစေနှင့် ဘုရား သိကြား မပါစေ ၊ ဒီကောင်မ တခြား ရွာကို ပြေးပါစေ သူ့အတွက်နှင့် ငါတို့ ဒုက္ခ ရောက်တော့မည် ။ သို့မဟုတ် အခြား ရွာမှာ တွေ့ပြီး သ,တ်ကြပါစေ ။ ဒီရွာမှာ မတွေ့ပါစေနှင့် စသည်ဖြင့် အောက်မေ့ကြလေ၏ ။

ထိုအခိုက်တွင် သူကြီးအိမ် ခွေးကတက်၌ ခြေသံ ကို ကြားရလေ၏ ။ တံခါးကို အလုံပိတ်၍ နေသော သူကြီးအိမ်သား တစ်စုသည် ထိတ်လန့်တကြား ဖြစ်ကာ ၊ လုံခြုံသော အိမ်ထဲတွင် သာလွန် လုံခြုံသော နေရာကို ရှာကြလျက် ပုန်းအောင်းကြလေ၏ ။ လူတုတ်သည် ခွေးကတက်၌ ခွေးရူးပမာ အပြန်ပြန် အလှန်လှန် လမ်းလျှောက်၍ နေလေ၏ ။

ခြေသံမှာ အတော် ပြင်းသဖြင့် ဒေါသ ဖြစ်၍ လာပြီဟု မှတ်ထင်ကြလေ၏ ။ တစ်ခါတစ်ခါ သူကြီး သူကြီး ဟု ခေါ်လျှက် တံခါးကို တွန်းလေ၏ ။ ထိုအခါ ငါတို့ ခုတ်ဖို့ရန် လာတာပဲဟု အောက်မေ့ကြလျက် တိုး၍ ပုန်းကြလေ၏ ။ အသံမှ မထွက်ဝံ့ကြပေ ။ လူတုတ်သည် ဆင်း၍ သွားပြန်လေ၏ ။ ထို့အတူ ဆယ်အိမ်ခေါင်းအိမ် သို့ တက်၍ “ ဆယ်အိမ်ခေါင်း ဆယ်အိမ်ခေါင်း ” ဟု ခေါ်ကာ တံခါးကို ပုတ်လေ၏ ။ ထို့နောက် ပြင်းထန်သော ခြေသံနှင့် လမ်းလျှောက်၍ နေလေ၏ ။ ဆယ်အိမ်ခေါင်း အိမ်သား တစ်စုလည်း ကြောက်အား ပိုသဖြင့် ကြွက်များ ကဲ့သို့ မလှုပ်မရှား နေကြလေ၏ ။

ထိုအတူ ရွာပေါ်ရှိ အရှိန်အဝါ သြဇာ ရှိသူများ၏ အိမ်ကို တစ်အိမ်ပြီး တစ်အိမ် တက်ပြီးလျှင် ခေါ်လေ၏ ။ အခေါ်ခံရသမျှ အိမ်တိုင်း ထိတ်လန့်ကာ တုတ်တုတ်မျှ မလှုပ် မထူးဘဲ ငြိမ်၍ နေကြလေ၏ ။ နောက်ဆုံး၌ သူကြီးအိမ်သို့ ပြန်၍ ရောက်လာပြန်လေ၏ ။ ပထမဦးဦး ကဲ့သို့ ခေါ်ပြန်လေ၏ ။ ပိုမို သဲမဲစွာ ခေါ်လေ၏ ။

သူကြီး အိမ်သားများမှာ ပိုမို ကြောက်ရွံ့၍ မထူးဝံ့ကြပေ ။ လူတုတ် သည်ကား ထပ်ခါထပ်ခါ ခေါ်လေ၏ ။ ထိုအခါ သူကြီးသည် မရဲတရဲ ပြေးပေါက်ကို ရှာလေ၏ ။ သို့သော်လည်း တစ်ယောက်တည်း မဟုတ် အိမ်သား တစ်စုလုံးနှင့် ပြေးရမည် ဖြစ်သောကြောင့် လွတ်ဖို့ရန် ခဲယဉ်းသည်ကို သိရှိရလေ၏ ။ သို့သော်လည်း စွန့်စားကာ အိမ်နောက်ဖေးပေါက်မှ ထွက်၍ ပြေးရန် ကြံစည်လေ၏ ။

လူတုတ်သည်ကား အပြင်မှ နေ၍ တံခါးအကြားဖြင့် အတွင်းကို ချောင်းမြောင်း ကြည့်ရှုလေ၏ ။ သို့ ချောင်းမြောင်းကြည့်ရှုလေရာ နောက်ဘေးပေါက်မှ ဆင်း၍ သွားကြသည်ကို မြင်လေလျှင် ၎င်းတို့ကို မီအောင် အိမ်နောက်ဖေးကို ကွေ့၍ ဓားကို ကိုင်လျက် အပြေးကလေး လိုက်လေ၏ ။ သို့ လိုက်လေရာ သက်ငယ်များ လှန်း၍ ထားသော နေရာ တစ်ခုကို ရောက်လတ်သော် လူတုတ်သည် သက်ငယ်များ ပေါ်၌ နင်း၍ လျှောက်လေ၏ ။ သို့ နင်းလျှောက်ရာတွင် သက်ငယ်များ ကျိုး၍ ဖြိုးဖြိုးဖျောက်ဖျောက် မြည်သော အသံများသည် သူကြီး၏ နားသို့ ရောက်လေ၏ ။

ထိုအခါ ထိတ်လန့်လျက် နေသော သူကြီးသည် နောက်ကို ပြန်၍ ကြည့်ရာ ဓားလွတ်ကို ကိုင်လျက် လူတုတ် ပြေးလိုက်၍ လာသည်ကို မြင်ရလေလျှင် ကြောက်အားနှင့် အိမ်သားများ၏ ရှေ့၌ ခေါင်းဆောင်၍ ပြေးလေ၏ ။ လူတုတ်လည်း အမီ ပြေး၍ လိုက်လေ၏ ။ သူကြီးလည်း လွတ်အောင် ရှေ့သို့ အတွင် ပြေးလေ၏ ။ သို့ ပြေးလေရာ အိမ်နောက်ဖေး စပါးကျီကြီး တစ်ခုသို့ သူကြီးမင်းနှင့် အိမ်သားတစ်စုသည် ရောက်၍ သွားကြလေ၏ ။

လူတုတ်လည်း ပြေး၍ လိုက်လေရာ သူကြီး အိမ်သားများ စပါးကျီထဲသို့ ဝင်၍ တံခါးကို ပိတ်လိုက်ကြသဖြင့် လူတုတ်သည် မဝင်နိုင်ဘဲ အပြင်က နေ၍ ကျီ တံခါးကို အရမ်း ထုရိုက်လေ၏ ။

ထိုအခါ သူကြီးနှင့် အိမ်သား တစ်စုတို့သည် စပါးကျီတံခါး ပွင့်မှာ စိုးသဖြင့် အတွင်းမှ နေ၍ တွန်းကန်၍ ထားရလေ၏ ။ လူတုတ်က အပြင်မှ နေ၍ တအား တွန်းဆောင့်လေ၏ ။ အတွင်းမှလည်း တအား တွန်းကြလေ၏ ။

ထိုအခါ လူတုတ် သည်ထက် ပိုမို၍ ဒေါသကြီးချေက မိမိတို့ တစ်အိမ်သားလုံး ချမ်းသာရာရတော့မည် မဟုတ်ဟု အောက်မေ့ကြပြီးလျှင် သည့်ထက် ပို၍ စိတ် မဆိုးရအောင် အထဲက တံခါးကို လျော့၍ ဖွင့်ပေးလိုက်ကြလေ၏ ။ ထိုအခါ လူတုတ်သည် ဓားကို ကိုင်လျက် စပါးကျီထဲသို့ ပြေးဝင်လာပြီး “ သူကြီးမင်း သူကြီးမင်း လာပါဦး ” ဟု အော်လေ၏ ။ သူကြီးမင်းသည်ကား ဘာပြုလို့ ဘယ်ကိစ္စနှင့် ခေါ်သည်ကို မသိသဖြင့် အပါးသို့ မကပ်ဝံ့ဘဲ ခပ်လှမ်းလှမ်းမှ ရပ်၍ နေလေ၏ ။ ရှေ့လည်း မတိုး နောက်လည်း မဆုတ်ဝံ့ပေ ။ ထိုအခါ လူတုတ်လည်း ရပ်တွေ၍ နေလေ၏ ။

ထိုအတွင်း သူကြီး၏ အိမ်သား တစ်စုတို့သည် ကျီ၏ နံဖေးပေါက် တစ်ခုကို ဖွင့်လိုက်လေ၏ ။ ထိုအခါ သူကြီးရော အိမ်သား အားလုံးပါ ထိုအပေါက်သို့ ပြေးကြလေ၏ ။ လူတုတ်သည် ပြေး၍ လိုက်လေ၏ ။ သို့သော် ကြောက်အားနှင့် ပြေးသူတို့ကို မမိပေ ။ မိအောင်လည်း တမင် ကြိုးစား၍ လိုက်သူ မဟုတ်ပေ ။

ထိုကဲ့သို့ ပြေးလွှား နေကြသည်ကို ဆယ်အိမ်ခေါင်း အိမ်က မြင်လတ်သော် ဆယ်အိမ်ခေါင်းသည် မိမိ တာဝန်အလုပ်ကို သတိရကာ လမ်းမ၌ ပြေးလျှောက်ရင်း “ တစ်အိမ် တစ်ယောက်ကျနော် ၊ မထွက်ရင် မင်းတို့ အသက်သေကုန်မည် ” သို့အတွက် တစ်အိမ်တစ် ယောက်ကျ နှစ်ဖက်ချွန်များနှင့် ထွက်ကြလေ၏ ။

သို့သော်လည်း မည်သူကို ပစ်ခတ်ရမည်ကို မသိသောကြောင့် နှစ်ဖက်ချွန်များနှင့် အေးအေးပင် နေကြလေ၏ ။ လူတုတ်သည်ကား သူကြီး အိမ်သားများကို မမိသဖြင့် လမ်းမသို့ ထွက်၍ လာလေ၏ ။

ထိုအခါ ဓားကို မဝင့်တော့ပေ ။ ထိုအတွင်း ဆယ်အိမ်ခေါင်းသည် မြင်လေ၏ ။ မြင်လေသော် ဆယ်အိမ်ခေါင်း ရှိရာသို့ ပြေးလေ၏ ။ ဆယ်အိမ်ခေါင်းသည် လွတ်ရာသို့ ရှောင်ရှား၍ နေလေ၏ ။

လူတုတ်က “ ခေါင်းမင်းရဲ့ မပြေးပါနဲ့ နေပါဦး ။ ကျွန်တော် မိန်းမကို နောက်တစ်ခါ ဒီလို မလုပ်ပါနဲ့လို့ တောင်းပန်ပေးပါ ခင်ဗျား ။ ဒီတစ်ခါတော့ ကျွန်တော် ခွင့်လွှတ်ပါတယ် ”

ဆယ်အိမ်ခေါင်း “ မောင် ဘာကို အခွင့်လွှတ်တာလဲ ၊ ဦးက ဘာပြောရမလဲ ”

“ ကျွန်တော့်မိန်းမ ဟိုဘိန်းစားနဲ့ ဖြစ်တာလေ အဲဒါကို ကျွန်တော် တောင်းပန်ပါတယ် ”

“ မင်းက ဘာတောင်းပန်ရတာလဲ ”

“ နောက်ထပ်ပြီး ဒီလို မဖြစ်ပါနဲ့လို့ တောင်းပန်ပါတယ် ခင်ဗျား ”

ထိုအတွင်း ပြေး၍ နေသော သူကြီး အိမ်သား တစ်စုတို့သည် လူတုတ်နှင့် ဆယ်အိမ်ခေါင်း အချေအတင် စကားပြော၍ နေသည်ကို တွေ့ကြသောအခါ အကြောင်းကို သိလိုသဖြင့် မရဲတရဲ ကပ်၍ လာကြလေ၏ ။ ထိုအခါ လူတုတ်က ဓားကို မြှောက်ကာ ၎င်းတို့ ဘက်သို့ ရုတ်တရက် လှည့်လိုက်ရာတွင် နဂိုက ကြောက်ရွံ့ပြီး ဖြစ်သောကြောင့် ပြေးကြတော့မည် ပြုလေရာ လူတုတ်က “ မပြေးကြပါနဲ့ဦး ခင်ဗျာ ၊ ကျွန်တော့်မိန်းမကို တောင်းပန်ပေးကြပါ ”

“ ဘာတောင်းပန် ပေးရမလဲကွ ” ဟု သူကြီးမင်းက မေးလေ၏ ။

“ နောက်ကို ဒီလို ပြန်မလုပ်ရအောင် တောင်းပန်ပေးပါလို့ ကျွန်တော် ပြောတာပါ ”

“ ဘယ်လို ပြန်မလုပ်ရအောင်လဲကွဲ့”

“ ကျွန်တော် ဆယ်အိမ်ခေါင်းကို ပြောပြီးပါပြီဗျာ ”

“ ဒီလိုဖြစ်ရင် မင့်မိန်းမကို ငါစစ်ရလိမ့်မယ် ”

“ စစ်ပါသူကြီးမင်းရယ် ဘယ်လိုပဲ စစ်စစ် ကျွန်တော့်မိန်းမဟာ ကျွန်တော့် ကိုတော့ မမုန်းပါဘူး ”

သူကြီး “ ငါတော့ မစစ်ဘူးကွယ် ။ မင့်ဟာ မင်း စစ်ပေတော့ ”

နောက်တစ်နေ့ ည၌ မယ်စံက သနပ်ခါး သွေး၍ နေ၏ ။

လူတုတ်က မယ်စံ၏ ကျောကို သ,တ်ကာ “ ငါ့ မိန်းမဟာ ချောလည်း ချောတယ် ၊ ယဉ်လည်း ယဉ်တယ် ။ ဘယ်မိန်းမနဲ့မှ မတူဘူးကွ ။ အင်မတန် ကောင်းတဲ့ မိန်းမ ။ သို့ပေမယ့်လို့ မင်းကွာ ဟိုတစ်နေ့က ဟိုဘိန်းစားနဲ့ သွားပြီး ဖြစ်တာဟာ ငါ နားမလည်လို့ပါကွယ် ။ မင်း ငါ့ကို တကယ်ပဲ မုန်းလို့လား ”

မယား “ ဘာမုန်းမလဲ ကိုလူတုတ်ရယ် မုန်းရင် ရှင့်ကို ကွာပစ်လိုက်မှာပေါ့ ” ဟု ပြောလေသည် ။

ထိုအခါ လူတုတ်မှာ အသည်းကို ငြိလျက် ဘဝင်ကို ထိပြီး ၎င်း၏ ဇနီးအား ရာသက်ပန် ပေါင်းမည်ဟု မယား၏ ပြောစကားကို ယုံကြည်၍ အဓိဋ္ဌာန်ပြုလေသတည်း ။

▢  ပီမိုးနင်း
📖 သူရိယ မဂ္ဂဇင်း
      ဧပြီ ၊ ၁၉၄၀

No comments:

Post a Comment