❝ အမုန်းမဲ့ဓိဋ္ဌာန် ❞
( စာကလေး - မော်ကျွန်း )
၁ ။
ကျွန်တော့်အသက် ၃ဝ ကျော်ခဲ့ပြီ ။ ခုထိ ဖော်မစုံ လူပျိုကြီးဘဝနှင့် မိန်းမယူဖို့ မစဉ်းစားဖြစ်သေး ။ နောက်လည်း သိပ်သေချာဖို့ မဖြစ်နိုင် ။ ခိုင်လုံလှသည့် အကြောင်းပြချက် မဟုတ်သော်ငြား ရင်ထဲမှာ သိုဝှက်သိမ်းဆည်းမိသလို ဖြစ်ခဲ့သည့် အဖြစ်အပျက် တစ်ခုပေါ်မှာ အခြေခံသော ကျွန်တော့်၏ စိတ်ခံစားချက်တို့က အချစ်ရေးအချစ်ရာနှင့် ပတ်သက်လာလျှင် ကျွန်တော်၏ စိတ်တံခါးကိုများ ထာဝရ သော့ပိတ်ခဲ့လေပြီလား မပြောတတ် ။ ကျွန်တော် မိန်းမတွေကို မမုန်းပါ ။ သို့သော် ချစ်ရမှာလည်း ကြောက်မိသည်တော့ အမှန်ပင် ။
အထူးသဖြင့် ဒီလိုနွေရာသီ၏ သင်္ကြန်ရက်နား နီးလာတိုင်း တခုတ်တရ အပို ကူးယူဖြစ်ခဲ့ပြီး အမှတ်တရ သိမ်းထားဖြစ်ခဲ့သည့် ဟာသဆန်ဆန် ဓာတ်ပုံလေး တစ်ပုံကို ထုတ်ထုတ်ကြည့်မိတိုင်း မှာတော့ ကျွန်တော့် စိတ်တွေက အတိတ်၏ တစ်ညကို ပျံသန်းသွားတတ်ကြသလို ကျွန်တော့် ဆုံးဖြတ်ချက်တွေကလည်း ပိုလို့ ခိုင်မာလာ ခဲ့ရသည်ပင် ။ ဒီဓာတ်ပုံလေးက ရွာမှာ နောက်ဆုံးကျင်းပ ဖြစ်ခဲ့ကြသည့် သင်္ကြန်ကပွဲ တစ်ညမှာ ရိုက်ခဲ့သည့် ရွာက ဓာတ်ပုံဆရာ ကိုဝင်းအောင် ခေါ် နှာခေါင်းကြီး၏ ဟာသမြောက်သည့် လက်ရာမွန် တစ်ခု ။
ရိုက်ခဲ့သည့် အချိန်က သင်္ကြန်ကပွဲ၏ အကြိုနေ့ည ။ တစ်ကိုယ်တော်အက အစီအစဉ် တစ်ခုမှာပဲ ဖြစ်သည် ။ ဓာတ်ပုံထဲမှာ ပါသူတွေက ရွာ၏ သင်္ကြန်မင်းသား အဆိုကျော် အေးချမ်း နှင့် သင်္ကြန် မင်းသမီးချောလေး ယိမ်းသမ ခင်မေနှင်း တို့ နှစ်ဦးပင် ။ ဒီဓာတ်ပုံလေးကို ကြည့်မိတိုင်း အဲဒီအချိန်က အဖြစ်အပျက်တွေကို ပြန်လည်ဆက်စပ် မြင်ယောင်မိနေဆဲ ။ ခင်မေနှင်း၏ တစ်ကိုယ်တော်အက အတွက် အေးချမ်းက စင်ပေါ်မှာ နှစ်ယောက်အတူ ယှဉ်ပြီး မြနန္ဒာသီချင်းကို သီဆိုပေးနေချိန် ။ သီချင်းထဲက စာသား အလိုက် ပြောင်းလဲနေရသည့် ကကွက်အရ ခင်မေနှင်းက သူမ၏ ညာလက်ကို ရှေ့သို့ ဝိုက်ပြီး ဘယ်လက်ကို ဘေးဘက်သို့ စည်းချက်ညီစွာ ပြန်ချလိုက်သည့် အချိန် ။
ဒီအချိန်မှာပဲ သင်္ကြန် စတိတ်စင် အောက်ကနေ အမိအရ ရိုက်ယူလိုက်သည့် ကိုဝင်းနိုင်ကြီး၏ လျှပ်တစ်ပြက်ရိုက်ချက် တစ်ခုကနေ ဒီဓာတ်ပုံ ဖြစ်လာခဲ့ခြင်းပင် ။ သင်္ကြန် ကပွဲ ပြီးလို့ ဓာတ်ပုံတွေရကြတော့ ဒီဓာတ်ပုံလေးက ရိုက်ခဲ့သမျှ ပုံတွေထဲမှာ ဟာသဆန်စွာနှင့် တစ်ရွာလုံးမှာ ရေပန်းစားခဲ့၏ ။ မြင်ရသူ အပေါင်း မပြုံးဘဲနှင့် ဝါးလုံးကွဲကြရသည့်အဖြစ်ပင် ။ ဓာတ်ပုံကို ကြည့်မိသူတိုင်းက အေးချမ်း နှင့် ခင်မေနှင်းကို ဘယ်သူမှ မမြင်ကြတော့ဘဲ ရွာက ဘုန်းကြီးကျောင်း ဘုရားခန်း၏ နဖူးစည်းမှာ ရေးထားသည့် အောင်ခြင်းရှစ်ပါးပန်းချီကားတွေထဲက မြတ်စွာဘုရားရှင် စိဉ္စမာဏ မိန်းမယုတ်ကို အောင်မြင်တော်မူခန်း ပန်းချီ ကားပုံကိုသာ မျက်လုံးထဲမှာ မြင်ယောင်သွားမိကြတော့၏ ။
ပုံကလည်း တကယ်ပင် ချိန်သားကိုက် ဖြစ်တတ်လွန်းသည် ။ ပုံထဲမှာ ခင်မေနှင်းက သူ့ဗိုက် ရှေ့တည့်တည့်မှာ ညာလက်ကို ဝိုင်းပြထားပြီး ဘယ်လက်ကလည်း အထက်မရောက် အောက် မရောက်ဖြစ်နေတုန်းအခိုက်မှာ ရိုက်မိသည်ထင် ။ ဓာတ်ပုံထဲက မြင်ကွင်း အရတော့ သူ့ ဗိုက်ရှေ့မှာ ညာလက်က အဝိုင်းသားနှင့် သူ့ဘေးမှာ ဟန်နှင့်ပန်နှင့် သီချင်းဆိုပေးနေသည့် အေးချမ်းကို ဘယ်လက်ညှိုးနှင့် ထိုးပြနေသည့်ပုံ ပေါက်နေတော့၏ ။ ကိုဝင်းနိုင်ကြီး ခမျာလည်း အဲဒီ ဓာတ်ပုံကြောင့် တစ်ဆင့်စကားနှင့် ရွာနီးချုပ်စပ်မှာ တော်တော်လေး နာမည်သတင်း ကြီးခဲ့သေး၏ ။ စိဉ္စမာဏ မိန်းမယုတ်ကို အောင်မြင်တော်မူခန်းကို ဓာတ်ပုံပညာဖြင့် ပီပြင်စွာ ဖော်ကျူးပြနိုင်သူ အဖြစ်နှင့် ။ ခုတော့ဖြင့် အစုံ သုံးလို့ ရနေသည့် လက်ကိုင် ဖုန်းတွေ ပေါသည့် ခေတ်မှာ သူ၏ နက်ပြောင်ပြောင် ကင်မရာ ကြီးကို ဘယ်နား သွားပြီး ချောင်ထိုးလိုက်ပြီ မသိ ။ အရင်လို ရွာ၏ ပွဲလမ်းသဘင်တွေမှာ လွယ်ကြိုးတပ် ကင်မရာကြီးနှင့် ရှိုးထုတ်ခွင့်လည်း မရခဲ့တာ ကြာပြီပင် ။
••••• ••••• •••••
၂ ။
အိပ်မက်စေတမန် × × × ညှင်းသွဲ့ဝန်းရံလေသွေးပြန် × × × ဥသြတွန်သံ ကြားရသည်မှ နိုးထလာခဲ့ပြန် × × × ဪသင်္ကြန် × × × ဪသင်္ကြန် × × × တီးကြဆိုကြ က,ကြရပေဦးတော့အမှန် × × × တစ်နှစ်ကူး × × × ရွှင်မြူးစေတဲ့သင်္ကြန် × × ×
စင်မြင့်ထက်မှာ က , နေသည့် ရွှေအိုရောင် သင်္ကြန် ဝတ်စုံလေးနှင့် ခင်မေနှင်း အလှက မြင်ရသူ ပုရိသအပေါင်းကို ဆွဲဆောင်အား ကောင်းလွန်းခဲ့သည် ။ ဘေးနားဆီကနေ သီချင်းဆို ပေးနေသည့် အေးချမ်း ကလည်း အသံက ကောင်း ၊ ဟန်က ကောင်း ၊ ဆိုသည့် သီချင်းကလည်း ကောင်း ။ သီချင်းထဲက သင်္ကြန်ဒိုးချက် ငြိမ့်ငြိမ့်လေးနှင့် ညီစွာ ကပြနေသည့် ကကွက်နှင့်အတူ ပြေပြစ်ကျနလှသည့် ခန္ဓာကောက်ကြောင်းအလှနှင့်အတူ စည်းချက်ညီစွာ နွဲ့ယိမ်းလှုပ်ရှားနေသည့် ခင်မေနှင်းကို ပရိသတ် အပေါင်းက နှစ်ထောင်းအားရစွာ ရှုစားအားပေးနေကြသည် ။
သီဆိုကပြပြီးကြလို့ ခင်မေနှင်းနှင့် အေးချမ်းတို့ စင်ပေါ်က ဆင်းသွားကြပေမဲ့ ပရိသတ်၏ အားပေးလက်ခုပ်သံတွေက ပွဲခင်းထဲမှာ ညံလို့ မဆုံးနိုင်သေး ။
“ ဒီနှစ်လည်း တို့ရွာ သင်္ကြန်ကပွဲက ခင်မေနှင်းနဲ့ အေးချမ်းရဲ့ ပွဲလို့ပဲ ပြောရဦးမယ် ထင်ပါရဲ့ကွာ ”
စတိတ်စင်၏ ဘေးမှာ ကပ်ပြီး ကာရာအိုကေစက်တွေ ဖွင့်ပေးရသည့် ကိုချစ်ထွေး၏ စကားကိုတော့ သူနှင့် ကပ်လျက် ခုံမှာ ထိုင်ရင်း တီးလုံးသံနှင့်လိုက်အောင် ရောင်စုံမီးဆလိုက်ကို ကစားပေးနေရသည့် ကျွန်တော် တစ်ယောက်ပဲ ကြားလိုက်မည် ထင်သည် ။ တကယ်တော့ ရွာမှာ သင်္ကြန်တွင်းရက်တွေ ဆို ခုလို စတိတ်စင် ဆောက်ပြီး ဆိုကြ ၊ ကကြနှင့်ပင် ကျေးရွာ၏ သင်္ကြန်ပွဲလေးကို ပျော်ရွှင်စွာ ဆင်နွှဲလာခဲ့ကြတာ ကြာပြီ ။ ရပ်သူ ရပ်သားတွေအဖို့ အထိုက်အလျောက် ငွေကုန်ကြေးကျရှိကြပေမဲ့ တစ်နှစ်မှာ တစ်ခါသာ ပျော်ကြရသည့်ပွဲမို့ တက်ညီလက်ညီ အားခဲပြီး လုပ်ခဲ့ကြသည်ပင် ။
သင်္ကြန်တွင်း ညဘက်တွေမှာ အဆိုအက ၊ ယိမ်းအဖွဲ့တွေနှင့် နေ့ဘက်မှာတော့ ကုသိုလ်ဖြစ် အကျွေးအမွေး တွေနှင့်အတူ ကုန်းချောတိုင် ၊ ရေချောတိုင် တက်တာမျိုးတွေက ပါလိုက်သေးသည် ။ ကိုယ့်ငါးချဉ်မို့တော့ ကိုယ်ချဉ်တာ မဟုတ် ၊ အနုပညာ ဓာတ်ခံ ရှိကြသည့် ကျွန်တော်တို့ ရွာ၏ သင်္ကြန်ပွဲစင်မြင့်က ပတ်ဝန်းကျင်နီးနား ရွာတွေ အထိပါ နာမည်ဂုဏ်သတင်း ကြီးခဲ့၏ ။ တချို့ရွာက လူတွေဆို တကူးတက လာအားပေးကြရသည်အထိပင် ။ အကြို ၊ အကျ ၊ အတက် ၊ အကြတ် သင်္ကြန်ရက်ကုန်သည်အထိ ကျင်းပသည့် ဒီသင်္ကြန် ကပွဲက ရွာထဲ ရွာပြင်ကပါ လာတတ်ကြသည့် ပွဲဈေးသည် တွေနှင့် စည်ကားနေတတ်သေးသည် ။
ရွာမှာ သင်္ကြန်ယိမ်းအဖွဲ့ ၃ ဖွဲ့ ရှိ၏ ။ တောင်ပိုင်းယိမ်း ၊ မြောက်ပိုင်းယိမ်းနှင့် ရွာလယ်ယိမ်းအဖွဲ့များပင် ။ ဒါက ကျွန်တော် အလွယ် ပြောလိုက်ခြင်းပင် ။ သုံးဖွဲ့စလုံးမှာ အနုပညာဆန်ဆန် ယိမ်းအဖွဲ့ နာမည်တွေ ရှိသည် ။ ဒီယိမ်း အဖွဲ့တွေမှာ ပါဝင်ကြသည့် မိန်းမပျိုလေးများက တခြား အချိန်တွေဆို ညီအစ်မရင်းတွေလို ချစ်ခင်ကြပေမဲ့ ဒီလို သင်္ကြန်တွင်း ကာလတွေမှာတော့ ပရိသတ် အားပေးမှုကို ရယူလိုသည့် ဇောတွေနှင့် တစ်ဖွဲ့နှင့် တစ်ဖွဲ့ကြား သူ့ထက်ငါ သာအောင် အားပြိုင်မှုတွေ ရှိတတ်ကြစမြဲ ။
ဘယ်လိုပဲ ပြိုင်ပြိုင် အဲဒီ အထဲမှာ ခင်မေနှင်း ပါဝင်သည့် ရွာလယ် ယိမ်းအဖွဲ့ကသာ နှစ်တိုင်းလိုလို နာမည်ကောင်း ရတတ်စမြဲ ။ ဒီအချိန်ဆို ရွာက မိန်းမတွေ၏ ပါးစပ်ဖျားကနေ သူ့အဖွဲ့ ၊ ကိုယ့်အဖွဲ့ တီးတိုးတီးတိုး သဖန်းပိုးတက်ကြစမြဲ ။ ဒီ အထဲမှာ ခင်မေနှင်း၏ နာမည်ကလည်း အမြဲလိုလို ပါတတ် စမြဲ ။ ဘယ်လိုပဲဖြစ်ဖြစ် သင်္ကြန်ပွဲရက် လွန်မြောက်သွားလျှင် အော်တိုမက်တစ် အလိုအလျောက်စနစ်နှင့်ပင် တစ်ဦးနှင့်တစ်ဦး ၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ ပြန်လည်သင့်မြတ်ငြိမ်သက် အဆင်ပြေ သွားတတ်ကြစမြဲပင် ။
••••• ••••• •••••
၃ ။
ခင်မေနှင်း ပါသည့် ရွာလယ်ယိမ်းအဖွဲ့၏ နာမည်က အတာဒေဝီ ။
ဒီယိမ်းအဖွဲ့ကို အက အလှတွေနှင့် ပသာဒ ဖြစ်အောင် အကတိုက် ပေးသူက ခင်မေနှင်း၏ အမေ ဒေါ်ခင်နွဲ့ ကိုယ်တိုင်ပင် ။ ဇာတ်ပျက်လို့ပဲ ပြောရမလား ၊ ဒေါ်ခင်နွဲ့က ခပ်ငယ်ငယ် အပျိုဘဝက ခင်နွဲ့ရီ ဆိုသည့် နာမည်နှင့် ဒူးထောက်အငြိမ့်သေးသေးလေးမှာ အငြိမ့်မင်းသမီး လုပ်ခဲ့ဖူးကြောင်း သိရသည် ။ ကျွန်တော်တို့ ရွာ၏ ဇာတိချက်မြှုပ်ဖြင့် မဟုတ် ။ အထက်ဘက် ရွာတစ်ရွာကနေ ဒီရွာကို ပြောင်းလာခဲ့ကြတာ ဖြစ်သည် ။
အပြောအဆို ညက်သလို ရုပ်ရှည်ကလည်း ရှိသူမို့ ရွာကို ရောက်သည့် နှစ်မှာပဲ ပိုက်ဆံချမ်းသာသည့် လူပျိုကြီး ကိုအုံးလှိုင်နှင့် ညားကြောင်း သိရ၏ ။ ကျွန်တော်တို့ မမွေးခင်က ကိစ္စတွေမို့ အတိအကျတော့ မသိ ။ သူ ပြောလူပြောနှင့် ကြားခဲ့ရခြင်းပင် ။ တချို့လူတွေ ဆီကတော့ ပြောသံသဲ့သဲ့ ကြားရဖူး၏ ။ အဲဒါကတော့ ခင်မေနှင်း က ဦးအုံးလှိုင်၏ သမီး မဟုတ်ဘူး ဆိုသော စကားပင် ဖြစ်သည် ။ ဦးအုံးလှိုင်သမီး မဟုတ်လို့ ဘယ်သူ့သမီးလဲ ဟု မေးပြန်တော့လည်း တိတိကျကျ အဖြေ တစ်ခုကို မပေးနိုင်ကြပြန် ။ ရိုးတိုးရိပ်တိပ် သိရတာကတော့ ခင်မေနှင်း၏ အမေ ဒေါ်ခင်နွဲ့တို့ မုဆိုးမ သားအမိတစ်တွေ အထက်ဘက် ကနေ ဒီရွာကို ပြောင်းလာ ကတည်းက ဒေါ်ခင်နွဲ့ ဗိုက်ထဲမှာ ခင်မေနှင်း က ပဋိသန္ဓေဘဝနှင့် ပါလာခဲ့သလိုလို ပြောကြ၏ ။ မည်သို့ပင်ဆိုစေ လက်ရှိမှာတော့ ခင်မေနှင်း၏ အဖေ နေရာမှာ ဦးအုံးလှိုင် ဆိုတာကတော့ တစ်ရွာလုံးက တရားဝင် အသိအမှတ် ပြုထားကြရတာ အမှန်ပင် ။
ဘာတွေပဲဖြစ်ဖြစ် ရွာလယ်က အတာဒေဝီယိမ်း အဖွဲ့မှာ ခင်မေနှင်း က အလှဆုံးဆို တာတော့ ဘယ်သူမှ ငြင်းမရ ။ ဒါတင်မကသေး ဒီဒေါင်းဖြူချောင်း တစ်ရွာလုံးမှာလည်း ခင်မေနှင်းက အလှဆုံးပင် ဖြစ်၏ ။ ခင်မေနှင်း၏ အလှက အကြည့်ခံတယ်ပဲ ပြောရမလား ၊ တစိမ့်စိမ့် ကြည့်လေ လှလေ ဆိုတာမျိုးပင် ။ ဝါဝင်းစိုပြည်နေသည့် အသားအရေ၏ ကောင်းခြင်းနှင့် အတူ အဆက်အပေါက် တိကျ သေချာလှသည့် ခန္ဓာ ကောက်ကြောင်း အလှကလည်း ဘာမှ ပြောစရာ မရှိအောင်ပင် ။ မျက်နှာပေါ်က သန္တာရောင် သန်းနေသည့် ခပ်ပါးပါးနှုတ် ခမ်းနှစ်လွှာအပြင် ဖြောင့်စင်း ပြေပြစ်လွန်းသည့် နှာတံစင်းစင်း၏ တစ်ဖက်တစ်ချက်စီက ရွှန်းလဲ့တောက်ပစွာ ရှိနေတတ်ကြသည့် မျက်ဝန်းနက် တစ်စုံနှင့် လိုက်ဖက်လှသည့် မျက်တောင်ကော့ကြီးတွေက အလှ မြင်ရသူ ပုရိသအများကို ဖမ်း စားညှို့ငင်နိုင်စွမ်းသည့် တရားတွေပဲ ဖြစ်သည် ။
အဲဒီလို လှအားနိုင်သည့် ရုပ်ရည်ပိုင်ရှင်မိန်းကလေးက အကလည်း ကောင်းပြန်သေး ဆိုတော့ ဆိုဖွယ်ရာပင် မရှိတော့ ။ မြန်မာဆန်ဆန် ငြိမ့်ငြိမ့် လေးပဲ ကရမလား ၊ ခေတ်ပေါ်ဒန်ဆာပဲ ဆွဲရမလား ။ ခင်မေနှင်းတို့ က,လျှင် မလှတာ မရှိ ။ ယိမ်းအဖွဲ့လိုက် က, လည်း ခင်မေနှင်း၏ အလှက ပေါ်လွင်နေတတ်သလို အဆို နှင့် တွဲပြီး တစ်ကိုယ်တော် က လျှင်လည်း ပရိသတ် ပွဲကျ အကြိုက်ဆောင်နိုင်ခဲ့တာလည်း အမှန်ပင် ။ ကိုချစ်ထွေး ပြောလည်း ပြောချင်စရာပင် ။ အေးချမ်း ဆိုပေးသည့် အိပ်မက်စေတမန် သီချင်းနှင့် ခင်မေနှင်း၏ တစ်ကိုယ်တော် အကမှာ မီးကစားပေးနေသည့် ကျွန်တော်တောင် မျောပါ ခံစားသွားခဲ့မိသည် အထိ ။
••••• ••••• •••••
၄ ။
ရွာမှာ ရှိသည့် လူပျို ကာလသားတွေ ထဲမှာတော့ အသံကောင်း ၊ ရုပ်ချော မင်းသားကို ပြပါဆိုလျှင် အေးချမ်း ပဲ ဖြစ်မည် ထင်သည် ။ အထူးသဖြင့် ခေတ်ပေါ် သီချင်းတွေထက် မြန်မာသံ ဆိုလျှင် ဒီကောင့် အသံနှင့် အလိုက်ဖက်ဆုံးပင် ။ ဒီကောင်က ဂစ်တာ ရော ၊ မယ်ဒလင် ပါ အတန်အသင့် တီးတတ် ခေါက်တတ်ရှိပြီး စည်းဝါး လည်း အထိုက်အလျောက် နားလည်သူပင် ။
ပြောရလျှင်တော့ ရွာ၏ သင်္ကြန်ကပွဲတိုင်းမှာ နှစ်စဉ် ဆိုသလို တစ်ကိုယ်တော်အက အစီအစဉ်တွေမှာ ခင်မေနှင်း နှင့် တွဲပြီး သီချင်း အများဆုံး ဆိုပေးရသူက အေးချမ်း ပဲ ဖြစ်သည် ။ ရွာက လူငယ်လူလွတ် တော်တော်များများကတော့ ပုရိသတို့ သဘာဝ ချောမောလှပသည့် ခင်မေနှင်း ကို စိတ်ဝင်စားကြ၏ ။ အထူးသဖြင့် သင်္ကြန်ပွဲများ ဆိုလျှင် ခင်မေနှင်း၏ အကအလှတွေနှင့် တွဲဖက်ပြီး စင်ပေါ်တက် သီချင်းဆိုကာ ဂုဏ်ဖော် အသားယူလိုကြပေမဲ့ ခမျာတွေမှာ သိပ်တော့ အခွင့်အရေး မရကြ ။ တစ်ခါတစ်ရံများမှသာ အစီအစဉ် အနေအထား အရ ကံကောင်း ထောက်မစွာ အခွင့်အရေး ရတတ်ကြ၏ ။
ဒါကလည်း ခင်မေနှင်း ကိုယ်တိုင်ကပင် အေးချမ်း သီချင်းဆိုပေးမှ တစ်ကိုယ်တော် အကကို လိုလိုလားလားနှင့် မြူးမြူးကြွကြွ က , လိုလှသည့် သဘောကြောင့်ပင် ဖြစ် ၏ ။ သင်္ကြန် မတိုင်ခင် အက တိုက်တုန်း ကတည်းကပင် ကိုအေးချမ်းနှင့် ဘယ်နှပုဒ် ဆိုတာ ခင်မေနှင်း က ကြိုတင် ဒိတ်လုပ်ထားတတ်သလို ၊ ခင်မေနှင်း၏အမေ ဒေါ်ခင်နွဲ့ ကိုယ်တိုင်ကလည်း ရွာမှာ လယ်ဧက အများဆုံး ပိုင်သည့် တစ်ဦးတည်းသောသား အေးချမ်း နှင့်သာဆို သူကိုယ်တိုင် သင်္ကြန်စင်၏ အောက်နားကနေ ပျားရည်ပေါ် ထန်းလျက် လောင်းထားသည့် မျက်နှာကြီးနှင့် အားပေးတတ်သေး၏ ။
ဒီအထာကို သိထားကြသည့် လက်ငါးချောင်းတောင် မပြည့်သည့် ကာလသား အုပ်စုထဲမှာတော့ ကျွန်တော်လည်း တစ်ယောက် အပါ အဝင်ပင် ။ ခပ်ကြောင်ကြောင် နိုင်လှသည့် ဒီလိုကိစ္စမျိုးတွေမှာ ကျွန်တော်တို့ အုပ်စုကတော့ အဲဒီ ကာလတွေ ကတည်းက လက်ရှောင်ထားခဲ့ ကြတာအမှန်ပင် ။
••••• ••••• •••••
၅ ။
ဒီနှစ်ရွာ၏ သင်္ကြန်ကပွဲ ခါတိုင်းနှစ်တွေထက် ပိုပြီး စည်တယ် ပြောရမလားပင် ။ သိကြားမင်းကြီးကိုပဲ ကျေးဇူးတင်ရမလား ၊ သင်္ကြန်စာ ထုတ်သည့် ပုဂ္ဂိုလ်တွေကိုပဲ ကျေးဇူးတင်ရမလား ။ ဘယ်သူ့ကို ကျေးဇူးတင်ရမှန်း အသေအချာမသိပေမဲ့ သင်္ကြန်တွင်းကာလမှာ သိကြားမင်းက နှစ်ရက်ကြီးများတောင် ကြတ်တယ် ဆိုတော့ ကျွန်တော်တို့ လူငယ်တွေ အတွက် သင်္ကြန်ပွဲကို တစ်ရက်ပို နွှဲ လိုက်ရတာတော့ အမှန်ပဲ ဖြစ် သည် ။
ဒီထက်ပိုပြီး ထူးခြားတာက ဒီနှစ် သင်္ကြန်ပွဲ မတိုင်ခင်မှာပဲ ခင်မေနှင်းတို့ အိမ်ကို အထက်ဘက်ကနေ လူစိမ်းဧည့်သည် တစ်ယောက် ရောက်လာခြင်းပင် ။ ကိုမျိုးကျော် ဆိုသော ထိုလူက အသက်အရွယ် အားဖြင့် ကျွန်တော်တို့နှင့် မတိမ်းမယိမ်းပဲရှိမည် ထင်သည် ။ ခင်မေနှင်း နှင့် အမျိုးအဆွေ မကင်းကြောင်း ပြောသံ ကြားရ၏ ။ ဘယ်လို တော်စပ်သည်တော့ မသိ ။ ဒီ လူကြောင့်ပင် ရွာ၏ သင်္ကြန် ကပွဲက နောက်ဆုံးညမှာ ပို၍ စည်ကားခဲ့ခြင်းပင် ။
လူပုံစံက သိပ်ပြီး ချစ်စရာ မကောင်းလှပေမဲ့ သင်္ကြန် အတက်နေ့ နောက်ဆုံးညမှာ ဒီလူ ကပြဖျော်ဖြေသွားခဲ့သည့် မာယာဒေဝီ သီချင်းနှင့် အတူ သူ၏ အနုပညာ ကကွက်တွေ ကိုတော့ ကျွန်တော်တို့ တစ်ရွာလုံး ရင်သပ်ရှုမောစွာနှင့် အားပေးခဲ့ကြရတာ အမှန်ပင် ။
မြမျက်တောင်ကော့ ကော့ရွှန်း × × × သွန်းထားတဲ့ ဖော့ဖယောင်း မမရေ × × × မဟူရာ × × × ညမင်းသားလေး × × × ဣန္ဒြေပျက်အောင် ကကြိုးပျက်အောင် ရင်ခုန်မောအောင် ချောသူရေ × × × ပတ္တမြားကြာငုံ မာယာစုံ အသုံးအနှုန်းတွေနဲ့ × × × မဖမ်းစားပါနဲ့ မညှို့မြှူပါနဲ့လား × × × မောင်တောင်းပန် မလေ × × × မာယာဒေဝီရေ × × × မာယာဒေဝီရေ × × × ဒိုင်ဗင်ထိုးလို့ ဆင်းမိတော့မလေ× × × လူပုံတော ပွဲခင်းထဲ အလယ် × × × ချောဒေဝီမမဖုရားရေ × × ×
စတိတ်စင်၏ တစ်ဖက်တစ်ချက်မှာ ထောင်ထားသည့် ဆယ့်နှစ်လက်မ ဆောင်းဘောက်စပီကာခွက်ကြီးထဲကနေ ထွက်ပေါ်လာသည့် မြိုင်ဆိုင်မြူးကြွသည့် တီးလုံး တေးသွား အလှတွေနှင့်အတူ သွက်လက်ကျနစွာ ကပြ အသုံးတော်ခံသွားခဲ့သည့် အထက် အညာကျေးက ဧည့်သည် မင်းသား ကိုမျိုးကျော် ၏ အက အလှကတော့ အဲဒီညက မြင်ရသူ ပရိသတ် အပေါင်းကို ကြက်သီးထစရာ ကောင်းအောင်ပဲ ပီပြင်ကျန မျက်စိပသာဒ ဖြစ်စေခဲ့တာ အမှန်ပင် ။
အဲဒီညက ကိုမျိုးကျော် က,နေတုန်းမှာ စတိတ်စင်၏ ရှေ့ဆုံးကနေ ပြုံးရွှင်နေသည့် မျက်နှာပေးလေးနှင့် လာအား ပေးနေခဲ့သည့် ခင်မေနှင်း၏ မျက်နှာလေးကလည်း ကျွန် တော်ကိုယ်တိုင် ကစားပေး နေရသည့် စတိတ်စင်၏ ဘေးက မီးဆိုင်းရောင်စုံတွေနှင့် အပြိုင် အနီ ၊ အဝါ ၊ အပြာ ၊ အစိမ်း ကာလာရောင်စုံ ယှက်သန်း၍ နဂိုနေထက်ကို ပို၍ စိုပြည်လှပနေခဲ့သည်ကတော့ အမှန်ပင် ။
••••• ••••• •••••
၆ ။
အဲဒီညက ကပွဲ အစီအစဉ်တွေ အားလုံးပြီးတော့ ည ၁၂ နာရီကျော်ခဲ့ပြီ ။ သင်္ကြန်ကပွဲ၏ နောက်ဆုံးညမို့ လူငယ်ခေါင်းဆောင် ကိုကျော်ကြီး နှင့်အတူ ကျွန်တော်တို့ လူငယ်တချို့ အလုပ်ရှုပ်ခဲ့ကြတာတော့ အမှန်ပင် ။ မနက်လင်းလျှင် ပွဲပန်းထားသည့် အိပ်ချင်မူးတူးတွေနှင့် အဆင်မပြေတာမို့ လူစု မကွဲခင်ဘဲ စတိတ်စင် ဖျက်ခြင်း ၊ ဒိုင်နမို ၊ မီးစက် ၊ ဆောင်းဘောက်များ သိမ်းဆည်းပို့ဆောင်ခြင်း စသည့် ဆိုင်ရာ ပွဲသိမ်းဝေယျာဝစ္စတွေကို ပွဲပြီး မီးသေ ဆိုသလိုပင် လုပ်ခဲ့ကြ ရသည် ။
အစကတည်းက ပွဲဖြစ်မြောက်အောင် ကမကထပြု ဦးဆောင်ခဲ့ ကြရသူတွေမို့ တခြားသူတွေ ထက်တော့ အိမ်ပြန် နောက်ကျခဲ့ကြတာ အမှန်ပင် ။ အားလုံးသော အလုပ်တွေ ပြီးလို့ ရွာတောင်ပိုင်းက ကိုချစ်ထွေးနှင့် ကျွန်တော် အတူပြန်ဖို့ လုပ်ကြတော့ မြန်မာစံတော်ချိန် ည နှစ်နာရီခွဲကျော်ကို ပြနေခဲ့ပြီ ။ လဆုတ်ရက်မို့ တစ်ခြမ်းပဲ့သာသာ ထွက်နေသည့် လရောင် မှုန်ပျပျကို အားပြုရင်း ခြံရိပ်တွေ၏ ကြားကနေ စမ်းတဝါး ဝါးနှင့် ရွာလယ်လမ်းကို နှစ်ယောက်သား လျှောက်လာမိ သည့်အခိုက်မှာပဲ ခင်မေနှင်း တို့၏ အိမ်နား အရောက်မှာတော့ မထင်မှတ်စွာ ကြားလိုက်ရသည့် ညည်းသံလိုလို ရယ်သံလိုလိုနှင့် မသဲမကွဲ အသံသဲ့သဲ့ တစ်သံကို ကြားလိုက်ရ၏ ။
မသင်္ကာသလို ရှိပေမဲ့ သိချင်စိတ်ကို မျိုသိပ်ပြီး ဆက်လျှောက်ဖို့အတွက် ခြေလှမ်းပြင်သည့် ကျွန်တော့် လက်မောင်းကို လှမ်းဆွဲလိုက်သည့် ကိုချစ်ထွေး၏ အချက်ပြ ခေါ်ဆောင်ရာနောက်ကို ကျွန်တော် တိတ်ဆိတ်စွာပဲ လိုက်ပါခဲ့ရသည် ခဏ ။ မထင်မှတ်စွာ မြင်လိုက်ရသည့် မြင်ကွင်း တစ်ခုက ကျွန်တော်ရော ၊ ကိုချစ်ထွေး ကိုပါ မှင်တက်ဆွံ့အ , သွားစေ ခဲ့တာ အမှန်ပင် ။ ရွာလယ်လမ်းမနှင့် ဝါးတစ်ရိုက်လောက်သာ ကွာမည့် ခင်မေနှင်းတို့ အိမ်၏ ဘူးစင်အောက်မှာ တွေ့လိုက်ရသည့် မြင်ကွင်း တစ်ခု ။
ယောကျ်ားတစ်ယောက်နှင့် မိန်းမသားတစ်ယောက်၏ အထက်နှင့် အောက် မျက်နှာချင်းဆိုင်ဟန် ချစ်ရည်လူးနေကြသည့် သဏ္ဌာန်က အ , ကာလအခါ၏ မှုန်ပျပျ လရောင်အောက်မှာ ကျွန်တော်တို့ နှစ်ယောက်ကို လူမှားလောက်အောင် တော့ဖြင့် မလှည့်စားနိုင်ခဲ့တာ အမှန်ပင် ။ လမ်းမပေါ် ဖြာကျနေသည့် မှုန်ပျပျ လရောင်ကပဲ ခြံရိပ်ကို မလွန်ဆန်နိုင်လို့လား ၊ ဒါမှမဟုတ် ချစ်စိတ်တွေ မွှန်ထူနေကြသည့် ကာလမို့ပဲ ကျွန်တော်တို့ကို သတိမထားမိလေသလားတော့ဖြင့် မပြောတတ် ။
ကျွန်တော်နှင့် ကိုချစ်ထွေး ကတော့ အခြေအနေမှန် တစ်ခုကို သိရပြီးသည့်နောက် ကာယကံရှင်တွေ မရိပ်စားမိကြခင်မှာပဲ အဲဒီဝန်းကျင်ကနေ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြပါသည် ။ ဒီလိုနှင့် ရွာလယ်လမ်းမကို ဆက်လျှောက်လာကြရင်း ခင်မေ နှင်းတို့၏ အိမ်နှင့် ခပ်လှမ်းလှမ်း အရောက်မှာတော့ဖြင့် -
“ မာယာဒေဝီ က , တဲ့ မင်းသားကတော့ စတိတ်စင်ပေါ်မှာ ဒိုင်ဗင်ထိုးခွင့် မရလိုက်လို့ ဘူးစင်ရဲ့အောက်မှာ ဒိုင်ဗင် ထိုးနေတာကိုးကွ ။ အင်း ... တီးလုံးမပါတဲ့ ဒီ ကကွက်ကို အေးချမ်း သာ မြင်ခဲ့ရင် တစ်ကိုယ်တော် အကမှာ သီချင်းတောင် ဆိုလို့ ရမယ် မထင်ဘူး ” တဲ့ ။
ကိုချစ်ထွေး ပြောလိုက်သည့် အဲဒီ စကားကို ခုထိအောင်ပဲ ပြန်တွေးမိလျှင် ကျွန်တော့် နားထဲမှာ ကြားနေတုန်းပဲ ။ ကြာခဲ့ပြီဆိုပေမဲ့လည်း ဒီမြင်ကွင်း ဒီအဖြစ်အပျက်တွေက ကျွန်တော့် စိတ်မှာတော့ မမေ့ပျောက်နိုင်အောင် ရှိသေးရဲ့ ။ ခုဆိုလျှင် ရွာမှာ သင်္ကြန်ကပွဲလည်း မလုပ်ဖြစ်ခဲ့တာ နှစ်တွေ ကြာခဲ့ပြီ ။ သင်္ကြန် သီချင်းသံတွေကို ဟိုနား ၊ ဒီနား ပြန်ကြားနေရသည် ။ ဘာလိုလိုနှင့် သင်္ကြန်ကျဖို့ နီးခဲ့ပြန်လေပြီ ။ လူတွေလည်း အရင်တုန်းကလို အချိန် မပေးနိုင်ကြတော့ ။ သမုဒ္ဒရာဝမ်းတစ်ထွာ အရေးတွေနှင့် မပြေလည်ခြင်း သံသရာထဲမှာ မျောပါနေကြရင်းက နွေစပါး ၊ မိုးစပါး ၊ သီးထပ် ၊ သီးညှပ်တွေ၏ ကြားမှာ မအားနိုင်အောင် လုံးချာလိုက်နေခဲ့ကြတာ ကြာပြီ ။
လူမအား ၊ စိတ်မအား တွေနှင့် ဟိုတုန်းကလို အပျော်အပါးဘက်မှာလည်း စိတ်မနှစ်အားကြတော့ ။ တကယ်တော့ အဲဒီ သင်္ကြန်ပွဲနှစ်က ကျွန်တော်နှင့် ကိုချစ်ထွေး နှစ်ယောက်သာ မြင်ခဲ့ကြသည့် မထင်မှတ်စရာ မြင်ကွင်းတစ်ခု၏ နောက်ပိုင်းက စလို့ ရွာက သင်္ကြန်ကပွဲလေး တစ်ခု ပျောက်ဆုံးခဲ့ရတာကတော့ တကယ့်ကို မမေ့နိုင်သည့် အမှတ်တရတစ်ခုပင် ။ နောက်ဆက်တွဲ အဖြစ်အပျက် တစ်ခုကတော့ အဲဒီနှစ် သင်္ကြန် ကပွဲ အပြီး နှစ်လလောက် အကြာ ဝါမဝင်ခင် ရက်ပိုင်း အလိုမှာပဲ အေးချမ်း တစ်ယောက် ခင်မေနှင်း ကို ခိုးပြေး သွားခဲ့ခြင်းပင် ဖြစ်သည် ။ လူကြီးစုံရာနှင့် အားချင်း ပြန်အပ်လိုက်ကြပြီး ၆ လလောက် အကြာမှာပဲ ခင်မေနှင်း၏ ဝမ်းကြာတိုက်ကနေ သားဦး ရတနာတစ်ပါးကို ဖွားမြင်ခဲ့လေ၏ ။ မိန်းမတွေ၏ ထုံးစံအတိုင်း ခဏတော့ တီးတိုး တီးတိုးနှင့် သဖန်းပိုးထိုးသံ ကြားလိုက်ရသေး၏ ။ နောက်တော့လည်း နေမြဲ အတိုင်းပင် ။
••••• ••••• •••••
၇ ။
ကျွန်တော် တစ်ယောက်သာ သင်္ကြန်ကာလကို ရောက်လေတိုင်း အမှတ်တရ အနေနှင့် ရယ်စရာအသွင် ဆောင်ဖူးခဲ့သည့် ဓာတ်ပုံလေး တစ်ပုံကို ထုတ်ကြည့်ဖြစ်ရင်းက အတိတ်က တစ်ည၏ မြင်ကွင်းတစ်ခုကို ပြန်ပြောင်း သတိရနေမိတတ်၏ ။ အဲဒီ အခါတိုင်းလည်း ရွာဦးကျောင်း ဘုရားခန်းပေါ်က စိဉ္စမာဏ မိန်းမယုတ်ကို အောင်မြင်တော် မူခန်း ပန်းချီကားကိုသာ စိတ်မှာ အခါခါ မြင်ယောင် လာတတ်စမြဲ ။
တကယ်တော့ ကျွန်တော်တို့၏ ဂေါတမမြတ်စွာ ဘုရားရှင်က စိဉ္စမာဏ မိန်းမယုတ်ကို အမှန်တကယ်ပင် အောင်မြင်တော်မူခဲ့သော်လည်း ကျွန်တော်တို့ ရွာက ပညတ်သွားရာ ဓာတ်သက် ပါသလို ဖြစ်ခဲ့ရသည့် ပုထုဇဉ် ကာလသားလေး အေးချမ်း ကတော့ဖြင့် အလှမာယာရှင်၏ အချစ်စစ်တလင်းမှာ မသိခြင်းတွေနှင့် ကျဆုံးခဲ့ရသည်ပင် ။
အခုဆို ဘာလိုလိုနှင့် ကျွန်တော်လည်း အသက် ၃၀ ကျော်ခဲ့ပြီ ။ ခုထိ ဖော်မစုံ လူပျိုကြီးဘဝနှင့် မိန်းမယူဖို့ မစဉ်းစားဖြစ်သေး ။ နောက်လည်း ယူဖြစ်ဖို့ ဆိုတာ မသေချာ ။ တစ်နှစ်တစ်ခါ ဆိုသလို ဒီဓာတ်ပုံလေးကို ထုတ်ကြည့်မိတိုင်း ကျွန်တော့်ဘဝ အတွက် ဆုံးဖြတ်ချက်တို့ ပိုမို ခိုင်မာလာခဲ့ကြတော့၏ ။ ကျွန်တော် မိန်းမတွေကို မမုန်းပါ ၊ သို့သော် ချစ်ရမှာလည်း ကြောက်မိသည်က အမှန်ပင် ... ။
▢ စာကလေး ၊ မော်ကျွန်း ၊
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
ဖေဖော်ဝါရီ ၊ ၂၀၂၀

No comments:
Post a Comment