❝ ချစ်ရိုးအမှန် ❞
( ပီမိုးနင်း )
( ၁ )
“ ဂုဏ်မတူလို့ မောင့်အမေနဲ့ အစ်ကိုများက သဘောမတူဘူး ဆိုတာ အစော သိပြီးပါ ။ လောကမှာ ငွေကိုး မောင်ရဲ့ ၊ ဂုဏ် မရှိရတဲ့ အထဲ ငွေ ကလည်း မရှိလေတော့ သဘော ဘယ်တူနိုင်ပါ့မလဲလေ ၊ ဓနဂုဏ်ပင် မရှိသော်လည်း သစ္စာသမာဓိ ရိုးသားဖြောင့်မတ်တဲ့ အမျိုးသမီးကလေးများ ထဲတွင်ဖြင့် အစော ဟာ တစ်ယောက် အပါအဝင်လို့ မှတ်စေလိုပါတယ် ။ အစော မှာတော့ ဘဝက အကြောင်းမသင့်လေတော့ အကောင်းနဲ့ မတိုက်ဆိုင်ပေဘူးပေါ့နော် အစောတို့က အဖြစ်က ပြည်ပန်းညို ချိုချင်ရက်နဲ့ ကြားက ဆားဖျက်တော့တယ် ဆိုတဲ့ ကိန်း ရောက်နေတော့တာပဲ ၊ အစောတို့မှာ ဘဝက ကုသိုလ် အကျိုးပေး ဆိုးလေသေးတော့ ဖြစ်သမျှအကြောင်း အကောင်းချည်း ထင်ရတော့မှာပါကလား ။ မောင့် အတွက် အစော မချိဘူးနော် ။ တစ်သက်လုံး မွေးခဲ့တဲ့ ကြက် တစ်မနက် ရိုက်လိုက်သလို အစောမှာ ကိုစိန်နဲ့ ငယ်စဉ်က အတူတူ ချစ်ခင်လာမိတော့ အစောမှာဖြင့် အလွန်တရာမှ ဝမ်းနည်းပူဆွေးမိတော့တာပဲ မောင်ရယ် ” ဟု ဝမ်းနည်း အက်ကွဲသော အသံဖြင့် ယူကျုံးမရ ပြောရှာလေ၏ ။
ချစ်သူ၏ ပူဆွေးသောက ရောက်ရခြင်းကို မကြည့်ရက်နိုင်သော မောင်စိန်မှာ စိတ်သက်သာရာ မရရှာဘဲ
“ ဒီလောက်တောင် ဝမ်းမနည်းပါနဲ့ အစောရယ် ၊ အစောက ဒီလိုသာ စိတ်မကောင်းတာတွေ ပြောနေရင် မောင် ဘယ်တော့ စိတ်ချမ်းသာမလဲ အစောရဲ့ ။ အစော ကသာ စိုးရိမ်နေတာကိုး ၊ အစော အပြင်က လွဲလို့ မောင်က အသစ် မမြင်ပါဘူးကွယ် ။ လူချင်း တူသော်လည်း အသက်ရှူ ချင်းကွဲပါသေးတယ် ၊ အစော အတွက် မောင့်မှာ တစ်နေ့မှ မအေးပါဘူး ။ အိမ်က မိခင်ကြီးကိုလည်း အမျိုးမျိုး တောင်းပန်ရက်ပါပဲ ၊ အစော ကသာ အစော မိဘများကို ပြောပါ ။ အစော ဒီလောက်တောင် အထင်အမြင် သေးရင်ဖြင့် မောင်တော့ သေသာ သေချင်လိုက်တော့တာပါပဲ ၊ မောင် ကတော့ အစောကို ချစ်ရိုး အမှန်ပါ ။ မောင့်ကို အထင်အမြင် သေးလျှင်လည်း ဟောဒီ ဓားနဲ့ ရင်ဝကိုသာ ထိုးသတ်လိုက်ပါတော့ ။ ရော့ရော့ထိုးလေ ” ဟု မိမိ အင်္ကျီ ကို လှန်ပြီး အသင့်ပါလာသော ဓားမြှောင်ကို အစော သို့ ပေးသဖြင့် အစော မှာကား မျက်လုံးပြူးလျက် လက်နှင့် ကာရင်း “ အမယ်လေး မလုပ်ပါနဲ့ မောင်ရယ် အစော လူသ,တ်မှု ဖြစ်နေပါဦးမယ် ။ မောင့်ကို အစော ကြောက်ပါတယ် ၊ ဓားကို အထဲပြန်ထားလိုက်ပါ ” ဟု ပြောမှ မောင်စိန် တွင် ဓားမြှောင်ကို အိမ်ထဲသို့ ပြန်ထိုးထားလေ၏ ။
ထိုအချိန်ကား ဆောင်းနှောင်းနွေဦး ဖြစ်သော်လည်း ဥတုရာသီမှာ အေးချမ်းလျက် ရှိလေ၏ ။ ညဦးနှင်းများကလည်း တဝေဝေလေပြေကလေးကလည်း တသွေးသွေး တအေးအေး တိုက်ခတ်လျက်ရှိလေ၏ ။ လဆန်း ၇ ရက် လကလေးသည်ကား အနောက်ဘက် ဂေါယာကျွန်းသို့ ယွမ်းမည့်ဆဲဆဲ ရှိလေ၏ ။ သောကြာကြယ် တစ်လုံး သာလျှင်ကောင်းကင်ပြင်တွင် လူစွာ လုပ်၍ ငါ မင်းဘဲဟု သဘောထားကာ လင်းလျက်ရှိ၏ ။ တစ်ခါတစ်ရံ လေရူးကလေးများမှာ တောင်ဘက်ဆီမှာ စိုက်ထားသော ဆောင်တော်ကူး ညမွှေးပန်းအနံ့များ ယူလာသည့်ကို ချစ်သူနှစ်ဦး ရွှင်မြူးစွာ အနံ့ခံရလေ၏ ။ မောင်စိ န်မှာကား အစော အနားသို့ မသွားဘဲ ခပ်ဝေးဝေးက တန်းလျားပေါ်တွင် ထိုင်၍ နေလေ၏ ။
“ လာပါ မောင်ရဲ့ အစောကို စိတ်ကောက်နေတာလား ” ဟုပြောသောအခါ မောင်စိန်သည် အစော အနီးသို့ တိုးသွားလေ၏ ။ အစော၏ မျက်နှာမှာ ကျက်သရေမင်္ဂလာတို့ဖြင့် ပြည့်ဝလျက် ရှုမဝ ကြိုက်စရာ ၊ ချစ်မဝ နိုင်လောက်အောင် ကောင်းခြင်းငါးဖြာ အလီလီ ဖြည့်စွက်၍ ထားရန်ပင် မလိုတော့ချေ ။ ပြုံးချိုသော မျက်နှာ ကြည်လင်သောမျက်လုံး ဖြောင့်စင်းသောနှာတံ ၊ ဖြူစင်သောသွားတို့မှာ ပတ္တမြားစိန်စီထားသလို နီထွေးသော နှုတ်ခမ်းမှာ နီရဲနေလောက်အောင် ဆေးဆိုးထား သကဲ့သို့ ထင်ရလေ၏ ။ ဖွံ့ထွားသော ရင်အုံ တင်စုံ မျှစ်စို့ သဖွယ် ကား၍ ဆင်းသွားသော ကိုယ်လုံးကိုယ်ထည် ကလည်း မြင်သူ အလုံး မက်လုံး ဆွနေသဖြင့် မောင်စိန် တည်း ဟူသော ကိုလူပျိုမှာ အသည်းကို လေဖြတ်သလို မူးမတတ် ရှိလေ၏ ။ ဤကဲ့သို့ မတုန်မလှုပ် ထူးဆန်းရှုပ် ထွေးနေစဉ် သွေးသစ်သွေးဆန်းများ လှုပ်ရှားသွားလာ လျက် မိမိ၏ စိတ်ကို မပိုင်တော့ သကဲ့သို့ အစော အားသာလျှင် စိုက်ကြည့်နေမိတော့၏ ။
“ ဘာများ ဖြစ်နေတာလဲ မောင်ရယ် ” ဟု အစောက ပြောရှာသော်လည်း မောင်စိန်တွင် အစော၏ မျက်နှာကလေးကိုသာ ငေးကြည့်နေပြီး တာရှည်စွာ ချစ်လာခဲ့ရသော အချစ်တို့မှာ ဆူတက်ပွားလာပြီး သဲတမန် ရေစား သကဲ့သို့ ဒလဟော စီးဆင်းပြီး
“ အစောရေ ... အစောရဲ့ အစော အတွက်ကြောင့် ရူးရတော့မယ် ” ဟု ဆိုရင်း ... အစော၏ ကိုယ်ကလေးကို သိမ်းကျုံးဖက်လေတော့၏ ။
“ ဒီလိုနေရပြန်တော့လဲ စိတ်သက်သာရာ ရပါရဲ့ ၊ ဒါပေမဲ့ ဘယ်တော့များ ပိုင်ပိုင်နိုင်နိုင်ကြီး ချစ်ရပါမလဲ မောင်ရယ် ” ဟု အစောက မောင်စိန် ၏ ရင်ခွင်ထဲမှ
ပြောရှာသဖြင့် မောင်စိန်မှာ အစော၏ ကိုယ်ကလေး တင်းကြပ်စွာပွေ့ရင်း “ အစောလေ အစောဟာ တယ်ခက်တယ် ။ ဟော အနောက်ဘက် ယွမ်းတော့မည်ဆဲဆဲ လကလေး အလင်းရောင် အေးချမ်းစွာ ပေးသလို အစော ကလည်း အေးအေး နေစမ်းပါ ။ အစော အတွက်ကြောင့် မောင် တစ်နေ့မှ စိတ်မအေးရဘူး ။ အစောနဲ့ ပေါင်းဖို့ ကြံစည်လျက်ပါပဲ အစောရယ် ။ အစောကို တောင်းပန်ချင်တာက မောင်နဲ့ တွေ့တဲ့အခါ အေးအေး နေဖို့ပါပဲ ” ဟု ပြောကာ ဝင်လုဆဲ ဖြစ်သော လကလေးအား ကြည့်လျက် နေလေ၏ ။
“ ပြောတော့ သိပ်ပြီး လွယ်တယ်နော် ၊ အစောက အေးချင်သမှ သိပ်ပြီး အေးချင်လို့ ရေခဲပေါ်တောင် ထိုင်နေချင်သေးတယ် ။ ခုဖြစ်နေရတာက မဖြစ်နိုင်တဲ့ ဘဝ ရောက်နေတာမို့ အစော ဒီလောက်တောင် ပူနေရတာပေါ့ မောင်ရယ် ၊ မောင်ကတော့ မသိဘူးနော် တွေးလေ တွေးလေ ဆွေးမပြေ ဘေးတွေဘီ စီးဝန်က ကြီးလွန်းလို့ တွေးလိုက်ရင် အေးကွက် တစ်ကွက်မှ မမြင်ဘူး သိရဲ့လား ။ အစော အတွက်တော့ မောင်က လွဲလို့ ဖွဲစကွဲသာ ယောက်ျားတွေကို အောက်မေ့ထားတယ် ၊ တော်တော်ကြာ မောင်ကသာ အသစ်မြင်လို့ အဟောင်း မေ့ပြီး ပြောင်းရွှေ့ဖို့ ကြံရင်ဖြင့် အစောမှာ လူ့ပြည် နေဖို့ လမ်းမရှိ တော့ပါဘူး မောင်ရယ် ” ဟု ပြောပြန်သဖြင့် မောင်စိန်က အစော၏ ပါးစပ်ကို လက်နှင့် ပိတ်ရင်း “ ဘာလို့ ပေါင်းဖို့ လွဲတဲ့ စကားတွေ ပြောရတာလဲ အစောရဲ့ ၊ အစောက မောင့်ကို ခုထက်ထိ မယုံသေးဘဲကိုး ။ မောင်တော့လေ အစော အတွက် ဒုက္ခတစ်ခုပါပဲ အစောရယ် ၊ အသစ်မြင် အဟောင်း မေ့ပြီး ပြောင်းရွှေ့မယ့် အစားထဲက မဟုတ်ပါ ဘူး ။ ငယ်စဉ် ကလေးအရွယ် ကတည်းက အစော အပေါ် မှာ ကိုစိန့် မေတ္တာ မယိမ်းမယိုင် ကျောက်စာတိုင်လို တည်မြဲခဲ့တာမို့ ဒီအရေးကိုတွေ့ပြီး ပူမနေစမ်းပါနဲ့ အစောရယ် ။ အစောနဲ့ မောင်ဟာ ထူးထူးခြားခြား သူများတွေ ထက် ထူးတာမို့ ၊ ဒီပူစကားတွေ မပြောဘဲ အေးအေးသာ နေစမ်းပါ ၊ အစောကို ပြောထားပါပကော ။ မောင် ကတော့ ချစ်ရိုး အမှန် ဘယ်သူ ဘယ်လို ဖျက်ကြပေမဲ့ ၊ ပျက်မယ့် အစားထဲကတော့ မထင်ပါနဲ့ ၊ အစောက ပူထွက်သာ တိုးပြီး ဆွေးပူနေတာကို အစောရဲ့ မပူပါနဲ့ မပူပါနဲ့လို့ ပြောနေတာ အစော ကမှ မရဘဲ ။ တွေးလို့သာ ပူနေရင် အေးကွက်ကို တစ်ကွက်မှမရှိဘူး ။ အရေးကြီးတာက အစော နဲ့ မောင် နဲ့ နောက်ကို တူပျော်ပျော်ကြီး ပြန်တွေ့ဖို့ ဖြစ်တဲ့ ဘဝ အဆိုး ဆိုလို့လဲ အပိုပဲ အစော သိတဲ့အတိုင်း နှစ်ဖက်မိဘများကလည်း အစောနဲ့ မောင့်ကို သဘော မတူ ၊ ဒါ့ကြောင့် တွေ့ရတဲ့ အချိန်ကလေးမှာ အေးအေးလူလူနဲ့ ပျော်ပျော်ကလေးမှာ စကားပြောနေရရင် မကောင်းပေဘူးလား အစောရဲ့ မိဘများဟာ ကိုယ့်ခန္ဓာ ကြီးသာ သူတို့ ပိုင်ကြတော့မပေါ့ အတွင်းစိတ်ကတော့ မပိုင်နိုင်ကြပါဘူး ။ နောက်ဆုံး တစ်နေ့ သူတို့ မပေးစားကော အစောရယ် လူချင်း ခွဲထားရုံပြင် သ,တ်ပစ်တောင် ဒီဘဝ မပေါင်းကြရရင် အသက်ဝိညာဉ်ချင်း ပေါင်းဖို့ မောင့် စိတ်ထဲမှာ ပိုင်းဖြတ်ပြီးသားပါ ။ အေးအေးသာ နေပါ အစောရယ် ၊ အစော က ပူပူနေက မောင် စိတ်မချမ်းသာလို့ပါ ” ဟု ပြောကာ အစော၏ မျက်နှာကလေးပေါ် မိမိ ၏ မျက်နှာကို အပ်လိုက်သဖြင့် အစော ကလည်း သွားကလေးများ ပေါ်အောင် ပြုံးရင်း “ အဲဒါတွေကြောင့် ပူမိတာပေါ့ ၊ ဒါတွေသာ မရှိရင် အစော မပူပါဘူး ။ အစောတို့ အဖြစ်က ဆိုးလွန်းလို့ ဘယ်လိုများ ဘဝပေး ဆိုးမှန်း မသိဘူးနော် ” ဟု ညည်းညူနေမိလေ၏ ။
ထိုကဲ့သို့ ချစ်သူနှစ်ဦး ကြည်နူးနေစဉ် အေးချမ်းသော လေပြေကလေးမှာ တအေးအေး ရှိလေ၏ ။ တသွင်သွင် တနောင်နောင်နှင့် လွမ်းဆွတ်ဖွယ် ကောင်းသော စေတီဆည်းလည်းသံကလေးများကို ကြားရလေ၏ ။ ထိုကဲ့သို့ လွမ်းဆွတ်ကြေကွဲသံကို ကြားရသောအခါ အသည်းဓားနှင့် ဆွဲခွဲသကဲ့သို့ ထင်ရလေ၏ ။ ဧရာဝတီ မြစ်ပြင်မှ တစ်ခါတစ်ရံ ဥသြသံများကို ကြားရသည့်ပြင် ကမ်းစပ်သို့ တဖတ်ဖတ်နှင့် လှိုင်းရိုက်သံများကိုလည်း ကြားရလေ၏ ။ ချစ်သူနှစ်ဦးတို့ တိတ်ဆိတ်သော ညအခါဝယ် အချစ်စည်းစိမ်ကို ယစ်မူးလျက် ရှိတော့၏ ။ လမင်းသည်ကား အနောက်ဘက်ကျွန်းသို့ ယွန်းသွားပြီ ဖြစ်သဖြင့် လောကကြီး တစ်ခုလုံးမှာ မှောင်၍ သွားလေ၏ ။
“ အစောရေ ... အချိန်လည်း အတော် နှောင်းသွား ပြီ ၊ ဒီနေ့ည ခွဲကြ ဦးစို့ရဲ့ ၊ နောက်တစ်နေ့ တွေ့ကြဦးစို့နော် ” ဟု ပြောကာ မောင်စိန်က မှီ၍ နေသော အစော၏ ကိုယ်ကလေးအား မ, ပေးသဖြင့် အစောမှာ ပြေကျလျက် ရှိသော ဆံပင်များကို ပြင်ထုံးရင်း “ မောင်ရယ် အချိန်တွေ သိပ်ဆွဲ မနေပါနဲ့နော် ” ဟုပြောကာ မောင်စိန်အား လှည့် ကြည့်လျက်ပင် သွားသည်ကို မှောင်ရိပ်တွင် ကွယ်ပျောက် သွားသဖြင့် မောင်စိန်လည်း အိမ်သို့ ပြန်ခဲ့လေသတည်း ။
••••• ••••• •••••
( ၂ )
မောင်စိန်နှင့် အစောတို့ မှာကား စလင်းမြို့ ဇာတိ ဖြစ်လေ၏ ။ မောင်စိန်မှာ စလင်းမြို့အစိုးရရုံး တစ်ရုံးမှ စာရေးကလေးမျှ ဖြစ်ရာ အစောနှင့် ငယ်စဉ်ဘဝ ၊ ကလေးဘဝကပင် မောင်ချစ်နှမချစ် ချစ်ခင်နေရာမှ အချိန်အရွယ် ရောက်လာသောအခါ သမီးရည်းစား ဘဝသို့ ရောက်ခဲ့လာလေတော့၏ ။ သို့သော် လူငယ်ချင်း မေတ္တာ မျှကြစေကာမူ နှစ်ဦးနှစ်ဖက် မိဘများကား ရောရောဝင်ဝင် ခေါ်ဆိုခြင်း မရှိသဖြင့် အစော၏ မိဘများကလည်း အစောအား မောင်စိန်နှင့် သဘောမတူ ၊ မောင်စိန်၏ မိဘများကလည်း အစောအား သဘောမတူနိုင်ဘဲ ရှိလေ၏ ။ မောင်စိန်တွင် အဖေ လုပ်သူ ငယ်စဉ်ကပင် ဆုံးရှာသဖြင့် မိခင်ကြီးနှင့် နေရရှာရာ ရှေးအခါက ဖခင်လက်ထက်တွင် ပစ္စည်းဥစ္စာ ပြည့်စုံစွာ ရှိစဉ်က မိဘစကား နားမထောင်က အရေးမကြီးခဲ့သော်လည်း ယခုကဲ့သို့ ဥစ္စာပစ္စည်း နွမ်းပါး မီးစာဆီခန်း ဖြစ်နေသည့်အချိန်တွင် မိခင်ကြီးအား အသိ မပေးဘဲ ထွက်ခွာသွားပြန်လျှင် မိမိထက် မိုက်သောသူ လောကတွင် မရှိလောက်အောင် ထင်မှတ်မိသဖြင့် မိခင်၏ အလိုဆန္ဒသို့ သာလျှင် လိုက်လျောခဲ့ရလေ၏ ။
တစ်ဖန် အစောတို့ ဘက်က ကြည့်လိုက်ပြန်လျှင် ပစ္စည်းဥစ္စာ ဒီရေ အလား တိုးတက်လျက် မြို့ပေါ်တွင် တိုက်တာခြွေရံသင်းပင်းနှင့် နေနိုင်သော အခြေသို့ ရောက်ခဲ့လေ၏ ။ ထိုကဲ့သို့ အစောတို့တွင် အလင်းရောင် ရပြီး မောင်စိန်တို့ အဖို့တွင် အမိုက်မှောင် ချထားသကဲ့သို့ ရှိလေရာ ၊ မောင်စိန်မှာ ပညာကို သော်မှ ဆက်လက်၍ မသင်နိုင်ရှာဘဲ ၊ မင်းဘူးမြို့မှ ဆယ်တန်းတွင် ထွက်၍ အပြင်သို့ အလုပ် ဝင်လုပ်ရလေ၏ ။
ထိုကဲ့သို့ အလုပ်ပင် လုပ်ရသော်လည်း အစော အတွက် စဉ်းစားလိုက် ပြန်လျှင် နတ်ပြည်နှင့် ငရဲပမာ ကွာခြားကာ နေသဖြင့် တွေးလိုက်တိုင်း ဆွေးမိလေ၏ ။ အဆွေးအား ဖြေတန်သလေက် ဖြေကဲ့ပါသော်လည်း မပြေ ၊ ဖျောက်သော်လည်း မပျောက် အစော အတွက် တိုး၍သာ စိတ်နာမိလေတော့၏ ။ စိတ်နာလှသဖြင့် အချစ်ကြိုးအား ဖြတ်တောက်ရန် စိတ်ကူးမိသော်လည်း ငယ်စဉ်က ချစ်ခင်လာသော အစော၏ သဘောကို သိပြီး အားလျော်စွာ မိမိ၏ အတွက် ပူဆွေးသောက ရောက်ရမည့် အရေးကို တွေးပြီးသနားမိလေ၏ ။ ထို့ကြောင့် အစော အားလည်း ရက်စက်စွာ ဖြတ်တောက်ဖို့ ခဲယဉ်းရာ မိမိတို့ ဘဝသည် သေကွဲကွဲပြီး အလွမ်းအဆွေးနှင့် ဇာတ်သိမ်းရမည်ကို ရွံ့မိပြန်တော့၏ ။ မိမိက အစော မေတ္တာဖြတ်ရန် ကြံရွယ်သော်လည်း အစော မှာကား ရှေးကထက်ပင် ရင်းနှီးမေတ္တာမပျက် ချစ်လျက်နှင့်ပင် အားမငယ်ပါနဲ့ မောင်ရယ် ၊ မောင်တို့ဟာ ယောက်ျားတွေပဲ လောကကြီးက သင်္ခါရ လောကပါ ။ သုခံ ဒုက္ခံ လောကဓံ လို့ ဆိုတာ ဒါပဲ မောင်ရဲ့ ဒီလိုပေါ့ မြင့်ရာက နိမ့် နိမ့်ရာက မြင့်ကြတာပါပဲ ။ မောင့် အပေါ်မှာလေ အစောက အစကထက်ကို ပိုပြီး သနားမေတ္တာ ရှိလွန်းလို့ တစ်ပူတည်း ပူနေရတာပေါ့ မောင်ရဲ့ ၊ ဒီလောက်တောင် အားမငယ်ပါနဲ့ဟု အစော တောင်းပန်သံတို့မှာလည်း နားထဲက မထွက်ဘဲ ရှိရှာလေ၏ ။
ထို့ကြောင့် အစောနှင့် မိမိမှာ အလွန်တရာ မြင့်လှစွာသော ကျောက်ကမ်းပါးတွင် ရပ်၍ နေကြသည်နှင့် တူတော့သည်ဖြစ်ရာ ၊ မောင်စိန်တွင် အစော အတွက် ပူဆွေးခြင်း ဖြစ်ရလေလေ ရင်တွင်းတွင် အသည်းဆိုင် မီးဖြိုင်ဖြိုင် ထိုးထားသကဲ့သို့ ပူပြင်းရချင်း ဖြစ်ရလေ၏ ။ ထိုအခါမှ အချစ်၏ ဒုက္ခစက်ကွင်းမှ တဝဲဝဲတလယ်လယ်နှင့် အစော ကိုသာ မျှော်မှန်းတမ်းတလျက် ရှိစဉ် အစော၏ သတင်းသည် ရုတ်တရက် မောင်စိန်၏ နားသို့ ပေါက်လာသဖြင့် အစောမှာ မကြာမီ တောင်တွင်းကြီးမြို့ မှ ရာဇဝတ်အုပ် မောင်ဝင်း ဆိုသူနှင့် မိဘများက စေ့စပ်ထားသည်ဟု ကြားရသောအခါ မောင်စိန်တွင် ဆောက်တည်ရာမရ ရတက်မအေး ချစ်သူ အတွက် အဆွေးကြီး ဆွေးရရှာလေ၏ ။
“ အစောရေ အစော ပြောတာတွေဟာ မိုးနှင့် မြေကြီး ကွာချင်တိုင်း ကွာလှပါကလား အစောရယ် ။ အစောက အသစ်မြင်လို့ ပြောင်းရွှေ့ဖို့ ကြံတယ်ပေါ့လေ ၊ ကောင်းပါပေ့ နှစ်လင်စံမကြီးရဲ့ မောင်စိန် တစ်ယောက်ဖြင့် တင်ဆလံ ဆက်သွင်းရတော့မယ်နော် ၊ အစော အတွက် စိတ်နာလို့ အခက်တွေ့ ပိုတာ ၊ ကိုစိန် မျက်ရည်ကျဆင်းပါပေါ့လား အချစ်ရဲ့ ၊ ရက်စက်ပေတယ်နော် ၊ အစော ပြောတဲ့စကားတွေ စဉ်းစားမိသေးရဲ့လား ၊ ဒီဘဝမှာ လူချင်း မပေါင်းရတောင် နောင်ဘဝ ကျတော့ ဝိညာဉ်ချင်း ပေါင်းကြတာပေါ့ ဆိုပြီး အဟောင်း မေ့ပြီပေါ့လေ ။ အသစ်မြင်တဲ့ သူကြီးရဲ့ ။ ငါးစိမ်းမြင် ... ငါးကင်ပစ်လို့ ချောင်းကို ပစ်လို့ မြစ်ကို ရှာ ရေသာများ၍ ငါးမတွေ့ ၊ အဟောင်းကို ပစ်လို့ အသစ်ကိုရှာ ထွေလာ များပြီး ကြားမစေ့တတ်ပါဘူး အစောရယ် ၊ အစက အစော ကိုစိန်ကို ပြောသင့်ပါလျက် မပြောပါဘူး ။ အမယ်လေး မောင့်ကို အစောက အရင်ကထက် ပိုပြီး မေတ္တာရှိပါတယ်လေး ဘာလေးနဲ့ လျှာရိုး မရှိတိုင်း မပလီအိုးကြီးရဲ့ ပလီ နိုင်ပေတယ် ။ ဒါကြောင့် မိန်းမများဟာ ချိတ်သဏ္ဌာန် တူပြီး ယောက်ျားတည်း ဟူသော မီးနှင့် ဝေးမှဖြင့် မာတော့တယ်လို့ ပြောကြတာပဲကိုး ။ ကိုဝင်း ဆိုတဲ့ ယောက်ျားနဲ့ တွေ့တာနဲ့ အစော ပါသွားပြီပေါ့လေ ။ လောကကြီးမှာ နေလို့ မကောင်းတော့ပါကလား ။ အစော ... အစော ရက်စက်ပါပေတယ် ။ အစော ကိုစိန်ကို ပြောရင် ကိုစိန် နောက်မဆုတ်ရပါကလား အစောရဲ့ ။ တိတ်တိတ်ပုန်း သီးတဲ့ ရွက်အုပ်သီးလို အစော ကြံရက်ပေတယ်နော် ။ ကိုစိန်ဖြင့် အစောအတွက် အသက် မသေရုံ တမယ် ရှိပါပေါ့ ၊ ကိုစိန် တော့ဖြင့် အချစ်တံဆိပ် ခတ်နှိပ်ပြီးလို့ အစော က လွဲလို့ ဖွဲဆန်ကွဲ ရှိတော့တယ် ။ အစောရေ အစောရဲ့ ။ ကိုစိန် ရူးရတော့မယ်ထင်ပါရဲ့ အစောကို အစွဲကြီး စွဲခဲ့လေသမျှ လွဲကြတော့မယ် ထင်တယ် ။ ကိုစိန် ကတော့ ဖြစ်လေရာ ဘဝက အစော နဲ့ ပေါင်းရအောင် ဘုရားမှာ ဆုတောင်းပါ့မယ် ။ အစော သာ ပျော်ပျော်ရွှင်ရွှင်နဲ့ အချစ် အရသာ ခံစားပေတော့နော် ၊ ကိုစိန် တစ်ယောက်ဖြင့် အားနွဲ့လို့ ခွေကြုံ မသေရုံ ရှိပါတော့တယ် အချစ်ကယ် ” ဟု အစော အား မောင်ဝင်း နှင့် အထင်မှား၍ ချစ်သူ အတွက် အထူးသဖြင့် အရူးကြီး ဖြစ်ရလေ၏ ။
ထိုကဲ့သို့ ချစ်သူအတွက် အဆွေးကြီး ဆွေးနေရရှာ သဖြင့် အစားအသောက် အအိပ် မမှန်ဘဲရှိရာ အစော အတွက် တွေးလိုက်တိုင်း အေးကွက်ပင် မမြင်နိုင်ရှာဘဲ စိတ်၏ ပူပန်ခြင်း သက်သာရာ မရဘဲ တိုးတိုးပြီးသာ အဆွေးတွေ ပင်လယ်ဝေပြီး မျက်ရည်နှင့် မျက်ခွက်ရှိရာ လေ၏ ။ လူမှာလည်း တစ်နေ့တခြား ပိန်ချုံးလျက် ညှိုးနွမ်းပြီးလာရာ ရှေးက ရုပ်ပင် မပေါ်ဘဲ ရှိသဖြင့် မောင်စိန် ၏ မိခင်ကြီးမှာ သားအတွက် ပူဆွေးခြင်း ဖြစ်ရရှာလေ၏ ။
“ လူကလေး မင့် ကြည့်ရတာ မေမေ စိတ်မသက်သာပါဘူးကွယ် ။ မေမေ့စကားကို နားထောင်ပါ ။ အစောကလေးတော့ သနားစရာပါပဲ ၊ ဒါပေမဲ့ အစော မိဘများက သွေးကြီးလွန်းလို့ အမေ့သား တခြား မိန်းမ ဆိုလျှင် အမေ့ ကိုယ်ကို ရောင်းပြီး ပေးဝယ်ရတောင် အမေ မငြင်းပါဘူးကွယ် ။ ခုတော့ အစောရဲ့အဖေ ကိုဘိုးခင် ဆိုတာက မာနကြီးလိုက်တာ ထိပ်ကို ရောက်နေတာပဲ ။ ဒီတော့ သူတို့က ဓနဂုဏ်ကလေး ရှိလို့ မော်နိုင်ကြွားနိုင်တဲ့ အခါ သားက သူ့သမီးကိုလည်း မလိုချင်ပါနဲ့ ” ဟု မိခင်ဖြစ်သူက ပြန်ပြောသောအခါ မောင်စိန်မှာ အစော၏ ဖခင် ခက်ထန်မာန ကြီးပုံများကို သတိရလေ၏ ။ သို့ရာတွင် အစော ပေါ်တွင် မိမိ အချစ်ကျောက်စာတိုင်သည်ကား မယိုင်မလဲ ခိုင်မြဲစွာ တည်ရှိသည်နေရာ အစော အား မောင်ဝင်း နှင့် စေ့စပ်သည်ကိုပင် အသည်းတွင် ကျွဲဝင်၍ ခတ်သည့်နှယ် ရှိတော့၏ ။ ထိုအခါမှ အခက်ကျကာ မိဘ နှင့် ချစ်သူ ဒွန်တွဲပြီး လွန်ဆွဲပွဲတွင် မိမိသည် မိဘနှင့် ချစ်သူ စပ်ကြား ဘယ်ဘက်က ဝင်၍ နွှဲရမည်ကို မတွေးတောနိုင်အောင် ရှိလေ၏ ။
“ စဉ်းစားပါ သားရယ် မိဘစကား နားထောင်ငြား သံပြားကျောက် စောင်း ကြိုသော်ပြောင်းရတယ် ။ သားသမီး အပေါ်မှာ မိဘက ကောင်းစားတာသာ မြင်ချင်တယ် ။ မကောင်းတာ ဘယ်မြင်ချင်လိမ့်မတုန်း ၊ သား အတွက် မေမေလည်း စိတ်မချမ်းသာဘူး ။ စလင်းမြို့မှာ မိန်းမချော ၊ မိန်းမလှတွေ အများကြီး ရှိပါတယ် သားရယ် ။ သား လိုချင်တဲ့ မိန်းမ အစော က လွဲလို့ လက်ညှိုးထိုး ပြပါ ။ မေမေ ပြောပေးပါမယ် ” ဟု မိခင်ကလည်း အတန်တန်ပင် ပြောဆိုဆုံးမ နေပြန်သဖြင့် မောင်စိန်တွင် ချစ်သူ အတွက် ရတက် မအေးဘဲ ရှိရလေ၏ ။
“ မေမေက ပြောတော့လည်း အလွယ်သားလား မေမေရယ် ။ အစောနဲ့ ကျွန်တော်ဟာ ငယ်စဉ်ကလေး ဘဝက တစ်ယောက်နဲ့ တစ်ယောက် ချစ်ခင်လာကြတော့ ခုမှ တစ်ယောက်နဲ့ တစ်ယောက် သစ်စိမ်းချိုး ချိုးရမယ် ဆိုတော့သဖြင့် အလွန်တရာမှ ဝမ်းနည်းမိတော့တာပဲ မေမေရယ် ... မေမေကို တောင်းပန်လိုတာက သားတို့ ချစ်ခြင်းကို မခွဲပါနဲ့လို့ တောင်းပန်ချင်တော့တာပဲ ”
“ သားကတော့ ဟုတ်ပါတယ်လေ ၊ ဟိုက ဘယ်လို စီမံတယ်ဆိုတာ သားသိပြီ မဟုတ်လား သားရဲ့ ။ တောင်တွင်းက မောင်ဝင်း နဲ့ စေ့စပ်ထားကြတာ ”
“ သူတို့ မိဘများက စပ်ပေမဲ့ အစော ကတော့ ပါမယ် မထင်ပါဘူး ။ မေမေရယ် ... အစော အချစ်ဟာ ကျွန်တော့် အပေါ်မှာ ခိုင်မြဲပါတယ် ” ဟု မိခင်ရှေ့တွင် တစ်မျိုး အားဖြင့် ပြောလိုက်ရသော်လည်း အစော၏ အကြောင်း ပြန်ပြောင်း တွေးလိုက်ရသော် အေးနိုင်သည်မရှိဘဲ ဆွေးရတော့သည်တည်း ... ။
သို့သော် မိမိက မည်သို့ပင် ဆင်ခြေကန်စေကာမူ အစော၏ သတင်းမှာ မြို့ပေါ်တွင် လျှံတက်လာသဖြင့် မောင်စိန်တွင် အခက်ကြီး ခက်လျက် ရှိနေတော့၏ ။ “ ရှေးရှေးက အစောတို့ ပစ္စည်းဥစ္စာ နွမ်းပါးစဉ်က ဂုဏ်မတူ လို့ မောင့်အမေနဲ့ အစ်ကိုများက သဘောမတူဘူး ဆိုတာ အစော သိပြီးပါ ။ လောကမှာ ငွေကိုး မောင်ရဲ့ ... ” စသည်ဖြင့် အစောက ပြောခဲ့သည့် စကားများကို မောင်စိန် ကြားယောင်ပြုသောအခါ မိန်းမများကို အမုန်းကြီး မုန်းမိလေ၏ ။
“ အေးလေ ယခုတော့ မြို့ပေါ်မှာ ပစ္စည်းဥစ္စာ ပြည့်လာပြီ ဆိုတော့ ငါ့လို အဖေမဲ့သားကို အရေးယူတော့မယ် မဟုတ်ဘူးပေါ့... ”
ခုတော့ဖြင့် ပြောင်းပြန် ဖြစ်နေပကောလား အစောရယ် ... အစောတို့ ဆင်းရဲစဉ်က ကိုစိန် မပစ်ပယ်ခဲ့သော်လည်း အစော ချမ်းသာလို့ ကိုစိန် ဆင်းရဲတဲ့အခါ အစော ပြစ်ပယ်တာ ကောင်းပါပေရဲ့ ၊ စိမ်းပြီပေါ့လေ ။ အစောဟာ မြစိန်းပင် ကြိုးနဲ့ ခက်သည်ပမာ အစော ဆိုတဲ့ လှမျိုးခက် စိမ်းပြီနော် မြမျိုးရွက်စိမ်းပင်မှာ အစောဟာ စိမ်းလာပြီ ထင်ရဲ့ ၊ ရင့်ရင့်ကြီး ရက်စက် ။ တစ်ဖက်သား မသနား ညှာပြီး ၊ အစော စိမ်းဖြတ်စာ ထိုးလိုက်ပြီ ထင်ပါရဲ့ အစော ရယ် ၊ မြရည်လှည့်တဲ့ အစိမ်းလွှာမှာ အစောကညှာစက စိမ်းညှာနဲ့ အစိမ်းကွာကွာ မဟဲ့လို့ အစောက စိတ်ပိုင်းဖြတ်ပြီပေါ့လေ ။ အစော အတွက် သဘောမှာဖြင့် နှစ်ယောက်စိမ်း စိမ်းမှာဖြင့် စိမ်းကြတာပေါ့နော် ။ အစော ကမှ ကိုစိန် အတွက် မျှော်လင့်ချက် မရှိရင်ဖြင့် ကိုစိန်ဟာ အစောကို မျှော်ကိုးလို့ အကျိုးရှိမယ် မထင်ပါတော့ဘူး ။ အစော အတွက် ချစ်ရက်နဲ့ ခွဲခွာပြီး မလွှဲသာ လွှဲသာ အသည်း နာနာနဲ့ပဲ ပုလဲညှာကို ခွဲရတော့မယ် ။ အစော ဆိုတဲ့ အချစ်ဦး ပျိုတမေဟာ တစ်ကိုယ်ရေ ကောင်းမွန်စွာပင် စလင်း ဆိုတဲ့ နဂရာမြို့မှာ စံရစ်ခဲ့ပေတော့ ကိုစိန် တစ်ယောက်ဖြင့် အစောကို ချစ်တဲ့စိတ် ပြေပျောက်အောင် ကြံရတော့မယ် ။ အစော သဘော ထင်ရာ ပြုနိုင်ပါစေဆိုပြီး ကိုစိန် တစ်ယောက် ရပ်ဝေးကို လှမ်းရတော့မယ် ၊ ရပ်ဝေး ဆီ ရောက်နေသော်လည်း အစော ဆိုတဲ့ အချစ်ဦးကလေး တစ်ယောက် ကျန်းမာပါစေ ဆိုပြီး သပြေခက်ကယ်နဲ့ ဖေမပျက် တောင်းဆုပန်ပါ့မယ် ။ လွမ်းစိတ်က ပွေလာ ပြန်သော်လည်း နွမ်းလျက်ပင် မဖြေနိုင် အကြောင်းမျှလို့ ပေါင်းကြရအောင်ဖြင့် ဟိုနောက်နောင် သံသရာမှာ အစောနဲ့ ကိုစိန် ဆိုတဲ့ ကံနှစ်ထွေဟာ ဆုံပါစေလို့ ဆုတောင်းရတော့မယ် ဟု ချစ်သူတို့ ဓမ္မတာ မောင်စိန်မှာ အစောတွက် ၊ စလင်းတွင် နေချင်သော စိတ် မရှိတော့ဘဲ ၊ တစ်ရပ်တကျေး ဝေးရာသို့ သွားလိုသော ဆန္ဒ ပေါ်လာလေ၏ ။ သို့ရာတွင် ချစ်သူကလေး မျက်နှာ မြင်နေရလျှင်ဖြင့် စိတ်ဆင်းရဲခြင်းမှ ပျောက်စေတော့ဟု ဖြေဆည်ကာ နေကဲ့သော်လည်း ကြာလေကြာလေ ဖြေ မပြေဘဲ ရွှေဝက်ဗျိုလည်နဲ့ ရွဲသလဲနဲ့ စီစီစားရမည် မသဒီတယ် အဆီမို့ နှမြော ဟူသော တေးထပ်ကလေး ပုံပမာ အစော အား ပြစ်လည်း မပြစ်ဝံ့ ၊ ယူလဲ မယူနိုင် အကြံမှာလည်း မပြိုင်လာသဖြင့် နောက်ဆုံးတွင်ကား မိခင်ကြီးအား ကန်တော့ပြီးလျှင် အလုပ်မှ နုတ်ထွက်ကာ တခြားတရပ် ထွက်ခွာသွားရန် စိတ်ပိုင်းဖြတ်မိလေသတည်း ။
••••• ••••• •••••
( ၃ )
ကုသိုလ် အကုသိုလ်ကံ အကျိုးပေးမှုကား လူတစ်ယောက်လျှင် တစ်မျိုးစီ ဖြစ်ပေတော့၏ ။ လူတို့တွင် ကြံစည်ရက်နှင့်လည်း မအောင်မြင် မကြံစည်ရက်နှင့်လည်း ဖြစ်ပျက်လာတတ်ရကား မောင်စိန် မှာ အခြား တစ်ရပ် တစ်ရွာသို့ ပြောင်းရွှေ့မည်ပြုစဉ် အထက်အစိုးရ မင်းများ၏ အမိန့်အရ ကျောက်ဆည်မြို့တစ်ခုသော ရုံးတွင် လက်နှိပ်စက်စာရေး နေရာတွင် ရွှေ့ပြောင်းရန် အမိန့်ရသဖြင့် ပြောင်းရတော့ ဆိုသောအခါ၌ကား မိမိ ချက်ကြွေ ဇာတိနေရပ်ကလေးမှ မခွဲချင် မခွာရက်အောင် ဖြစ်ရလေတော့၏ ။ ထိုအခါမှ ချစ်သူကလေးအား နှုတ်ဆက်လိုသဖြင့် မိုးချုပ်စေရန်သာ ဆုတောင်းမိတော့၏ ။
တောင်လေကလေးကတ သုံသုံ မြောက်လေက တသွေးသွေးနှင့် တအေးအေး တိုက်ခတ်လျက် ရှိလေ၏ ။ ကဆုန်လရာသီ ရောက်သဖြင့် ဥသြ ဥသြနှင့် ထနောင်ပင်ပျိုမှ ချိုသာစွာ တွန်မြူးလိုက်သော အသံ သည်ကား စလင်းမြို့ကလေးအား သိမ်းကျုံး၍ ဖုံးလွှမ်း သွားသည် ထင်ရလေတော့၏ ။ တပေါင်းလက ရွက်ကြွင်းရွက်ကျန်ဟောင်းကလေးများသည် တဖြတ်ဖြတ် ကြွေကျ၍ ရွက်သစ်ရွက်နုကလေးများ ပေါ်ပေါက်လာရာ ရာသီ၏ ကြည်နူးဖွယ်ရာ အသွေးများသည် မောင်စိန် အား ချော့မြူ၍ နေလေတော့၏ ။ မောင်စိန်သည် စလင်းမြို့ကလေးတွင် မွေးဖွားခဲ့သော်လည်း ရှေးက ယခုကဲ့သို့ ဂိမ္မန္တ ခါနွေဦးတွင် လွန်စွာ ပျော်မြူးကဲ့သော်လည်း ယခု အခါ ကြည်နူး လွမ်းဆွတ်ဖွယ် နွေရာသီကို မသိသကဲ့သို့ ရှိသည့်ပြင် ပြာလဲ့လဲ့ ဖြူတူတူ ဆိုင်းနေသော မြူနှင်းလွင်များကို မကြည့်ချင်ဖြစ်တော့၏ ။
အစောထံ ထိုနေ့ညတွင် လျှောက်သွားသော်လည်း အစောတို့ တစ်အိမ်လုံးပင် တောင်တွင်းကြီးသို့ သွားကြကြောင်း သိရသောအခါ ထိပ်မြွေ ခဲသလို မူးမိုက်တွေဝေ သွားလေ၏ ။
“ ဩော် လက်စသတ်တော့ သမီးပြ သမက်လောင်း အကြည့်သွားကြတာကိုး ၊ စိမ်းပြီ အစော ချင်းစိမ်းနဲ့ မိဿလင် သူကြင်မှ ကိုယ်ကြင်တော့မယ် ။ အစော အတွက် မျှော်ကိုးပြီး လာတာ သဲထဲ ရေလောင်း သလောက်မှ အကျိုး မရှိပါကလား အစော သဘောတိုင်း ပြုကြပေတော့ ကိုစိန်လဲ သွားပြီနော် ။ ခုဟာ နောက်ဆုံး လာခြင်းပဲ အစောရဲ့ ” ဟု ချစ်သူအား စိတ်နာကား နောက်တစ်နေ့တွင် ကျောက်ဆည်မြို့သို့ ထွက်ရန် ခရီး ပြင်ဆင်လေ၏ ။
“ သွားတော့မယ် သူငယ်ချင်း ထန်းသီးကြွေခိုက် ကျီးနင်းလိုက် ဆိုသလို ကြံစည်နေရာမှာ ခုလို အဆင်သင့် အလုပ်နဲ့ ပြောင်းရတာ အထူးသဖြင့် ဝမ်းသာမိတာပါပဲ ။ ကျွန်တော် သွားကဲ့သို့ ရှိမှဖြင့် သူတို့ အရိပ်အကဲကို ကြည့်ပြီး ခင်ဗျားက ကျွန်တော့်ဆီ စာရေးစမ်းပါနော် ” ဟု မောင်စိန်သည် သူငယ်ချင်း ဖြစ်သည့် မောင်ဘအောင် အား မှာကြားလျက် ရှိလေ၏ ။
“ တားလို့ မရမှဖြင့် သွားတာပေါ့လေ အလုပ် အတွက် သွားရမယ့် လမ်းကို တားလို့လည်း မဖြစ်ပါဘူး ။ စလင်းရဲ့ အကြောင်းကိုတော့ ခင်ဗျားထံ မကြာ မကြာ စာထည့်ပါမယ် ၊ ဒါနဲ့ အစောရဲ့မိဘများက သွေးကြီပေမဲ့ အစော ကတော့ သွေးကြီးမယ် မထင်ပါဘူး ထင်ပါရဲ့ ။ စဉ်းစားပြီး ကိုယ့်တရား ကိုယ် ဆုံးဖြတ်တာပေါ့ ကိုစိန် ၊ မှာစရာကလေးများ ရှိသေးသလား ”
“ မှာစရာ အထွေထူးရယ်လို့ မရှိပါဘူးဗျာ ၊ လာလို့ တွေ့မှဖြင့် အစောကို တွေ့လိုဇောနဲ့ အိမ်သွားတဲ့အခါ မတွေ့ရလို့ များစွာမှပဲ ဝမ်းနည်းပါတယ် ဆိုတဲ့ အကြောင်း ပြောပြလိုက်ပါနော် ။ အစော တစ်ယောက်ကိုဖြင့် သေတောင် မမေ့နိုင်တဲ့ အကြောင်း ချစ်ရိုး အမှန်ပါပဲ ဆိုတာလည်း ပြောပြလိုက်ပါ ”
“ အင်း ... ခင်ဗျားတို့ အတွက် ကျွန်တော်ပါ စိတ်မကောင်းပါဘူး ခင်ဗျာ ၊ လူငယ်တွေ အေးချမ်းချင်ရက်နဲ့ လူကြီးတွေကြောင့် ခုလိုဒုက္ခ တွေ့ကြတာပဲ ၊ အစော ကတော့ ခင်ဗျားကို မေတ္တာစစ်နဲ့ ချစ်ရိုးအမှန် ထင်ပါရဲ့ ”
“ ဒါကတော့ သူ့သဘောကိုး ကိုဘအောင် အစကတော့ မေတ္တာစစ်နှင့် ချစ်ခဲ့သော်လည်း ခုနေအခါ သူ့မိဘများက ဖြားယောင်းတာနဲ့ပါများ သွားလေရော့သလား မသိဘူး ။ မိန်းမဆိုတာ အခက်သားလားဗျာ ။ မြစ်များဟာ ကောက်ကွေ့ သလို မိန်းမများ စိတ်ဟာ ကောက်ကွေ့တာလား ။ ဟိုပဒုမဇာတ်တော်မှာ ကြည့်လေ ပေါင်တိုကို စုံမက်တာနဲ့ ပဒုမမင်းသား ချောက်ထဲ တွန်းချခဲ့တယ် ။ ကိန္နရာဒေဝီဟာ လင်ကြီးရှင်ဘုရင် ရှိရက်နဲ့ ငဆွံ့ကို သွား ကြိုက်တယ် မဟုတ်လားဗျ ၊ အစောနဲ့ ကျွန်တော်ဟာ သမီးရည်းစား ဘဝသာ ရှိသေးတာ သူ့သဘောက ဘယ်လို လိုက်လျောနေတယ် ဆိုတာ ကျွန်တော် ဘယ်သိမလဲ ၊ တော်ပြီဗျာ မ,နောက်လိုက် မိုက်ဘက်ပါတယ် ။ ရှေးဟောင်း သာဓကတွေကို ပုံသက်သေ ပြထားတာ ကြည့်ပါလား ၊ ကုသမင်းဟာ ပပဝတီ မိန်းမချော တစ်ယောက်ကြောင့် ဒုက္ခရောက်ခဲ့ရတယ် ။ တောင်ငူက နတ်ရှင်နောင် ဟာလည်း ဓာတုကလျာမင်းသမီး အတွက် ဘယ်လောက် ဒုက္ခခံပြီး ဆက်ဆံရတယ် ဆိုတာ ခင်ဗျား အသိသားပဲဗျာ ။ ခင်ဗျားလည်း ရာဇဝင် ဗဟုသုတ ပြည့်စုံတဲ့ သူပဲ ။ တစ်ထွာပြော တစ်တောင် မြင်ရမပေါ့ တော်ပြီ ကိုဘအောင် သူ့အတွက် စိတ်မကောင်းလွန်းလို့ ” ဟု မောင်စိန်သည် အစော အား ကရုဏာဒေါသော အလျောက် ပြောဆိုမိလေ၏ ။
“ မဟုတ်ဘူး ကိုစိန် စဉ်းစားပြောပါ ။ နောင်လွန်ပြီး မှ သတိတရားရလို့ မကောင်းဘူး ၊ ပုဂံပြည် အနော်ရထာမင်းဟာ မစဉ်းစားဘဲ စောမွန်လှ မိဖုရားကို နှင်ထုတ်မိသည့်အတွက် နောင်တရတာလည်း အသိ မဟုတ်လား သူငယ်ချင်း ။ နော်ရတာမင်း ပင် နောင်တော် စုက္ကတေးမင်း ကို မစဉ်းမစား ဖြိုခွင်း လုပ်ကြံမိခြင်းကြောင့် ခြောက်လ တိုင်တိုင် နောင်တတရား ရတာလည်း တစ်ဌာန ပုဂံပြည် နရပတိစည်သူမင်းသား ဝေဠုဝတီမိဖုရား အတွက် နောင်တော်နှင့် ကျွန်ယုံတော် သူရဲကောင်း အောင်စွာ တို့ကို ကွပ်မျက်ပြီး အနန္တသူရိယ ပညာရှိ အမတ်ကြီးတောင် မစဉ်းစားဘဲ ကွပ်မျက်မိလို့ ဘယ့်ကလောက် နောင်တတရား ရပြီး စိတ်မကောင်း ဖြစ်ရတယ်ဆိုတာ ကိုစိန် သိသားပဲ ၊ ပြီးတော့ ပုဂံပြည် မင်းခွေးချေး လက်ထက်မ ဟုတ်လား မိဖုရား စောလုံကလေးကို မဆင်မခြင် မစူးစမ်း ဖိုထိုး သတ်စေလို့ အမိန့်ပေးခဲ့ပြီး စောလုံကလေး သေတဲ့အခါ စောလုံ ... စောလုံ ‘ အစောရေ ’ လို့ မယားတရူးကြီး ဖြစ်နေတာကွ ကိုစိန် စဉ်းစားနော် ကိုစိန်လည်း အစော အတွက် နောင်တ တန်ရနေပါဦးမယ် ။ စိတ်ကို ဒီလောက်တောင် မပိုင်းဖြတ်ပါနဲ့ ကျွန်တော် မေးပြီး အကျိုးအကြောင်း စာရေးလိုက်ပါမယ် ” ဟု မောင်စိန်အား ချော့မော့ရတော့၏ ။
နောက်တစ်နေ့ ရောက်လာသော ဆွေမျိုး သူငယ်ချင်းရင်းနှီးသူတို့နှင့်အတူ စလင်းမှ ဆင်ဖြူကျွန်း သင်္ဘောဆိပ်သို့ ကားနှင့် လာခဲ့ကြလေ၏ ။ ပြည်ကုတို့ ဖြစ်သော ‘ မင်းလတ် ’ သင်္ဘောသည်ကား ဆိပ်ကမ်းတွင် အသင့် ဆိုက်ပြီးသား ဖြစ်လေ၏ ။ သင်္ဘောဆိပ်သို့ ရောက်ပြန် သောအခါ မိခင်ကြီး နှင့် မခွဲရက်အောင် ရှိလေ၏ ။ ထို့ကြောင့် လိုက်ပို့ကြသော မိခင်နှင့် ဆွေမျိုးများအား ကန်တော့နေစဉ် ငယ်စဉ်က အတူတကွ နေကဲ့သို့ ၎င်းတို့ မျက်နှာများမှာ ကြည့်လိုက်တိုင်း ရွာတော့မည့် မိုးအုံဆိုင်း နေသလို မျက်ရည်များ ရစ်ဆိုင်းပြီး ငိုမဲ့မဲ့သာ တွေ့ရသော ကြောင့် မောင်စိန်မှာ ၎င်းတို့ ဘက်သို့ မျက်နှာကိုပင် မလှည့်ဝံ့ဘဲရှိလေ၏ ။ ထိုအချိန်သည်ကား ဧရာဝတီမြစ်သည် လှိုင်းကလေး တဖွေးဖွေးနှင့် တအေးအေး ရှိလေ၏ ။ ပြာလဲ့ညိုမောင်သော ကောင်းကင်ပြင်တွင် ဝါဂွမ်းဆိုင်ကလေးများကို လေဝှေ့နေသကဲ့သို့ တလိပ်လိပ် တက်နေသော တိမ်ဖြူများ၏ အရိပ်သည် သဲသောင် ကမ်းစပ်အနီးတွင် တရိပ်ရိပ်ထင်စေလေ၏ ။ မျက်စိအဆုံး ကြည့်လိုက်ပြန်လျင် သောင်ရိပ်သည် ရေပေါ်တွင် ထင်လျက် ရေ၌ ကျက်စားကုန်သော ဝမ်းဘဲစနိုက် ၊ ပျံလွှား အစရှိသည့် ငှက်ကလေးများမှာ ရေပေါ်တွင် ပျံဝဲလျက် ရှိလေ၏ ။ ကမ်းတစ်ဖက် ထန်းသရက်များဖြင့် ပြည့်စုံနေသော ရွာကလေးများမှ မနီးမဝေး ကမ်းသောင် တွင် ရေအိုး ကိုယ်စီနှင့် မြစ်ဆိပ်သို့ ရေခတ်ရှာကြသော ရွာသူအပျိုကလေးများမှာ ရေးရေးမှေးမှေး ဂရုစိုက်၍ ကြည့်လျှင် မြင်ရလေ၏ ။
သင်္ဘောဆိုက်သည်နှင့် တစ်ပြိုင်နက် နေရာများ ယူပြီး ဆွေမျိုးရင်းချာများအား နှုတ်ဆက်ရလေ၏ ။ “ သူငယ်ချင်းရေ စိတ်ချပါရစေနော် ” ဟု မောင်စိန်၏ အစ်ကွဲ ထွက်ပေါ်လာသောအသံမှာ မောင်ဘအောင်၏ အသည်း နှလုံးကြား ပစ်သွင်းသလို ရှိလေ၏ ။ “ စိတ်ချပါ သူငယ်ချင်းရာ ” ဟု ပြောလိုက်ရ သော်လည်း စိတ်တွင် မသက်မသာ ဖြစ်ရလေ၏ ။ သင်္ဘောသည် ထွက်စ ပြုလာရာ ကမ်းမှ တဖြည်းဖြည်း ခွာမှန်းမသိ ခွာလေ၏ ။ ကမ်းမှ လိုက်ပို့ကြသောသူများ ဆူညံအောင် အော်ဟစ်နှုတ်ဆက် ကြသဖြင့် ၎င်းတို့အား ရီဝေသော မျက်စိဖြင့် ပြန်ကြည့်ကာ လက်ပြန်ပြစဉ်တွင်ပင် သင်္ဘောသည် ကမ်းမှဝေးကာ မြစ်လယ်သို့ ရောက်လာခဲ့ရာ တောစွယ် တောင်စွယ် တို့ကို ကျောပေးရင်း ဆင်ဖြူကျွန်းနှင့် စလင်းမြို့ကလေးများ ပျောက်ကွယ်သွားရာ မောင်စိန်တွင် အသည်းနှလုံး ပျက်ပြုန်းမတတ် ၊ အပူလုံးကြွပြီး ယူကျုံးမရ ဖြစ်ကာ “ အစောရေ အစော ” ဟုသာ မြည်တမ်းမိလေတော့ သတည်း ။
••••• ••••• •••••
( ၄ )
တန်ဆောင်းမုန်းဆီက မောင်ဘုန်းကိုတဲ့ မျှော်မိတယ် ၊ လနတ်တော် ကျ မျှော်ရသူ မလာလို့ လပြာသို တပို့တွဲရယ်နှင့် ရှောင်လွှဲတာ မိန်တပေါင်းကိုတော့ ပြောင်းပေါ့သက်ကယ် တန်ခူးကဆုန် ကျပြန်တော့ တစ်ဦးလုံ မကြုံရတာမို့ နယုန်လဆီက သက်ဝေရယ် မျက်ရည်လည်ပါလို့ ဝါဆိုကျူး ။ လဝါခေါင် ကြွလာပေါင် တော်သလင်းရယ်နှင့် မျှော်ရင်းပင် ကျွတ်သီတင်းမှာတော့ လွတ်ကင်းကာ ဗလာပယ်လို့ မဟာနွယ် သခင်ရဲ့ကောင်း ပါပေ့ ။ ကညာနွယ် ယဉ်နွဲ့နှောင်းမှာ အမယ်မင်း ခေါင်းဆယ့်နှစ်လ ၊ အတဲ့မကျနိုင်ဘု အရွဲ့ သမ္မတကြံတယ်လို့ နှမ စိတ်ကူး ။
သက္ကရာဇ် ဦးခေါင်း ရွှေ့ပြောင်း၍ နှစ်ဟောင်းစွန့်ပြီး နှစ်သစ်ရောက်လေပြီ ၊ ထိုအချိန်မှာ တောင်ဆီမှ မိုးတွေ ညိုနေလေ၏ ။ တောင်လေကလည်း တဖြူးဖြူး တိုက်ခတ်လျက် ရှိလေ၏ ။ ကောင်းကင်၌ ဝါဂွမ်းဆိုင်ကြီး ဆွဲထားသလို နေသော သိမ်ဖြူများမှာ ပြေး၍နေလေ၏ ။ ချစ်သူအတွက် မျက်ရည်စက်လက် ယူကျုံးမရ ချစ်ခြင်း ဒုက္ခဝေဒနာကို ခံစားရသဖြင့် မျက်ရည်များသည် ပုလဲဥကလေးတွေလိမ့်လိမ့်ကျသလို မျက်နှာပေါ်တွင် ပါးနှင့် နှာတံ အကြား တအား စီးဆင်း ကျလာကုန်၏ ။ ငိုရဖန် များသဖြင့် မျက်လုံးကလေးများ နီလျက် ရှိလေပြီ ၊ ရှေးအခါက ပြည့်ဖြိုး ချစ်စရာကောင်းခဲ့သော မျက်နှာကလေးမှာ ပါးရိုးကလေးများ ပေါ်ကုန်ပြီ အသားအရေများလည်း ချောင်ကျသွားသဖြင့် အစော အား မှတ်မိသူများပင် မရှိတော့ ပုံပေါက်၍ နေတော့သဖြင့် အစော မှာ အဖြစ်ကို တွေးတော ဝမ်းနည်းလျက် တောင်ဆီက ညို့နေသော မိုးသားများ ကြည့်ရင်း အထက်ပါ လေးဆစ်ကလေးကို သီဆိုမိလေ၏ ။
မောင်ဘအောင် မှာလည်း အစော ထံ ရောက်လာ သဖြင့် အစော မှာ မောင်ဘအောင် ကို မြင်လေ ကိုစိန် ကို သတိရလေ၏ ။
“ ကိုဘအောင်ရယ် ကိုစိန် ပြောတာကလေးများ ပြန်ပြောင်းပြီး ပြောစမ်းပါဦး ။ သူတော့ အစောကို မေ့ပြီထင်တယ် ။ အစောကို အထင်လွဲ သွားတာပါ ။ လူလည်း မပေါ် စာလည်း မလာနဲ့ အစောကို စိမ်းကားရက်စက်သွားပြီ ထင်ပါရဲ့ ။ မူလက အေးအတူပူအမျှ ဆိုပြီး ခုတော့ သူတစ်ယောက်တည်း အေးအေးကလေး ထွက်သွား တာ တော်ရော့လား ၊ တစ်လုံးရှိ တစ်ချမ်းစီ တစ်ချမ်းရှိ တစ်စိတ်စီသဘောထားပါမယ် ဆိုပြီး ခုတော့ အစောကို သက်သက် ဒုက္ခရောက်ရအောင် လုပ်သွားတာပါပဲ ၊ တစ်နှစ် ကြာရင် ပြန်လာခဲ့မယ် ဆိုပြီး ခုထက် ထိမလာသေးပါကလား ။ အစောကို မိဘများကလည်း ဒီနှစ်ကုန်လို့ ကိုဝင်း ကျောင်းဆင်းရင် အစောကို လက်ထပ် ပေးတော့မယ်တဲ့ ”
“ အနို့ နေ့ပါဦး ။ ကိုဝင်းက ဆပ်ကျောင်းက မဆင်းရသေးဘူးလား ”
“ မဆင်းရသေးပါဘူး ၊ အစောတော့ သေသာ သေလိုက်ချင်တော့တာပဲ အစောကို အလွဲထင်ပြီး သွားတာ မခံနိုင်ဘူး ကိုဘအောင်ရယ် ကျောက်ဆည်ကို လိုက်ကြစို့လား ... ”
“ လာပါလိမ့်မယ်ကွယ် စောင့်ကြည့်ကြသေးတာပေါ့ ၊ ကိုစိန် ဟာ ဒါလောက် မရိုင်းပါဘူး ။ သွားခါနီးတုန်းကတောင် အစော အတွက် စိတ်မကောင်း ဖြစ်ရှာသေးတယ် ။ အလွန်ဆုံး ၃ လလောက် စောင့်ကြည့်သေးတာပေါ့ ။ အားမငယ်ပါနဲ့ ” ဟု မောင်ဘအောင် က အားပေးရှာသော်လည်း အစောတွင် ရင်ထဲ ဟာလျက် ရှိလေ၏ ။
တပေါင်းက ကူး၍ မိုးသား လဲလေပြီ ။ ရွက်သစ်တွေ ဝေလို့ ရွက်ဟောင်းတွေ ကြွေပြီး ခအောင်း ပွင့်သော အချိန် မောင်စိန် ထံမှ စာတစ်စောင်မှ မရောက်လာ ။ အစော မှာကား မျှော်လင့်တုန်းပင် တန်ခူးကဆုန် မိုးတွေ အုံပြီး ပိတောက် အင်ကြင်းပန်းတွေက တဝေဝေ ၊ မိုးကလည်း ခပ်စွေစွေ လွမ်းတုန်း ရွာသော မိုးပေတကား ။ အစော မှာကား မောင်စိန် အား မျှော်တော်ဇောနှင့် မောရှာ တုန်းပင် ၊ ကိုဘအောင် ရှင်လည်း ကျွန်မကို ညာတာပဲ ၊ တစ်နေ့တစ်လံ ပုဂံ ဘယ်ပြေးမလဲ ဆိုသလို တစ်နေ့ တစ်နေ့နဲ့ ရက်တွေ ရွေ့လာပါပေါ့လားဟု မောင်ဘအောင်အား အစော က ပြောသောအခါ အစော အတွက် အသနားဖက်မိလေ၏ ။
မိမိက စာထည့်ပါသော်လည်း မောင်စိန် ထံမှ စာမလာ သို့အတွက် အစောအား အဖြေရ ကျပ်နေလေ ၏ ။
“ မကြာပါဘူး အစောရာ အလွန်ဆုံး ဒီတစ်လပေါ့ ၊ ကိုဘအောင် သူငယ်ချင်းအကြောင်း ကောင်းကောင်းကြီး သိပါတယ် ။ ဟောဟို တောင်ဘက်က မိုးတွေညိုလို့ တခြိမ်းခြိမ်း တဒိန်းဒိန်းနဲ့ လွမ်းတုန်း မိုးရွာမှဖြင့် သူ ဘယ်နည်းနဲ့မှ မနေနိုင်ဘူး ၊ ကြည့်ကြသေးတာပေါ့ အစောရယ် ” ဟု အားပေးသော်လည်း ကဆုန်က နယုန် ရောက်လာပြီ ဖြစ်သဖြင့် မိုးသားကလေးများမှာ တဖွားဖွားကျလျက် ရှိချေပြီ ။ နယုန်လ မှာဖြင့် သပြေပန်းတွေက ဝေနေသဖြင့် အစောမှာ ရေချမ်းနှင့် ဘုရားကပ်မိလေ၏ ။ စလင်းတူးမြောင်း ဆည်ကြီးမှာလည်း တောင်သူများအား ရေဖွင့်ပေးပြီ ဖြစ်သဖြင့် လယ်သမားများမှာ ပျော်ရွှင်၍ မဆုံးသော်လည်း အစော အတွက်မှာကား မောင်စိန် ပေါ် မလာသဖြင့် နုံး၍ နေလေပြီ ။ နယုန်က ကျော်လွန်၍ ဝါဆို ဝါခေါင် ရေဖောင်ဖောင်တွင် ကောက်ပင်တွေ စိုက်ကျ ကုန်ပြီ ပျိုးထောင် ထွန်ကြဲနှင့် ဒွန်တွဲပြီး လုပ်သည့်အချိန် တွင် မောင်စိန် က မပေါ်လာ မိုးသားတွေ တောင်က ညို့ တက်လျက် မိုးကြီး သည်းစွာ ရွာပြီး လယ်ပြင်များတွင် ရေတဖွေးဖွေးနှင့် ကောက်စိုက်မတွေ သီချင်းတကျော်ကျော်နှင့် ပျော်နေချိန်တွင် မောင်စိန် တွင် မြုပ်မြဲပင် ဖြစ်သဖြင့် အစော မှာ အားလျော့ပြီး မျက်နှာကလေး ညှိုးလေပြီ ။ မောင်စိန် မှာ သတင်းပင် မကြားရသေးချေ ။
“ ဘယ်မတုန်း ကိုဘအောင်ရဲ့ ရှင့်လူလာတာ ” ဟု ငိုမဲ့မဲ့ ပြောသော အစော၏ မျက်နှာကလေးကို မြင်ရသော အခါ မောင်ဘအောင်ပါ ရောပြီး မျက်ရည်လည်လာ လေ၏ ။
“ သူက တစ်နှစ် တစ်ဆောင်း နေပြီး ပြန်လာမယ် ပြောတာပဲ အစောရဲ့ ။ ခုပုံဆို သူ ဘယ်များ လွင့်နေတယ် မသိဘူး ။ ကိုဘအောင် သူတို့အိမ် မေးကြည့်ပါဦးမယ် ” ဟု ပြောရသော်လည်း အစောကို ကြည့်လိုက်သောအခါ ဝမ်းထဲတွင် ဗလောင်ဆူပွက်လျက် ရှိသည်ကို သိရသဖြင့် အစော အတွက်ပါ ရောပြီး စိတ်မကောင်းဘဲ ဖြစ်ရလေ၏ ။ ကောက်သီးဝါဝင်း တော်သလင်း ဟု ဆိုသည့် အတိုင်း တောနယ်က စပါးပင်များ ဝါဝင်း၍ နေကုန်ပြီ ။ မောင်စိန် ထံမှ အကျိုးအကြောင်း မသိရ ။ သီတင်းကျွတ်လ ရောက်လာသဖြင့် တစ်ဖန်ထပ်မံ၍ မျှော်မိတော့၏ ။ သီတင်းကျွတ်ကုန် တန်ဆောင်မုန်းနှင့် နတ်တော်လ သဇင်ပန်းတွေ ပွင့်သော်လည်း ဝမ်းမသာနိုင် ။ ပြာသို ခွာညိုနှင့် တပို့တွဲ ပေါက်လဲတွေ ငုံစီစီ ဖူးတံကချီသည်နှင့် တစ်ပြိုင်နက် အစောမှာ အရူးတစ်ပိုင်း ဖြစ်ရရှာလေ၏ ။
မိဘများမှာလည်း သမီးအကြောင်း မမေး အစော ကလည်း တဆွေးထဲ ဆွေးနေလေ၏ ။ မောင်ဝင်း ကား ဆပ်ကျောင်းဆင်းချိန် နီးလေပြီ ။ ချစ်သူကို မျှော်ကိုး သော်လည်း ရွှေလည်တိုင် ဖော့ရိုး ကျိုးမတတ် ရှိရှာလေပြီ ။ မိဘများက မေးလိုက်သည့်အခါ တော်ရုံနှင့် ဖြေလိုက် ရသော်လည်း မိမိ၏ အမူအရာမှာ တစ်နေ့တခြား ရွေ့လျားစ ပြုလာလေ၏ ။ ထို့ကြောင့် မိဘရှေ့၌ ဟန်သာ လုပ်ရသော်လည်း တစ်ယောက်တည်း နေရသောအချိန် တွင် မျက်ရည်နှင့်မျက်ခွက် ဖြစ်ရလေ၏ ။ မိမိတို့အချစ် မှာ သာမန်မျှ အချစ် မဟုတ်ဘဲ တကယ့် မေတ္တာစစ်ဖြစ်ခဲ့ကြရာ မောင်စိန် သာ ပြန်မလာပါက အစော မှာ သေဖွယ်ရာသာ အကြောင်းဖြစ်၏ ။ သို့ဖြင့် တမှိုင်မှိုင်တတွေတွေ ငေးမောနေရသည့်လျော်စွာ စားဆို၍ စားလိုက်ရသော် လည်း အဟာရ မဖြစ် သွားဆို၍ သွားလိုက်ရသော်လည်း ရောက်မှန်း မသိ ၊ ထိုင်ဆို၍ ထိုင်ရသော်လည်း အကြောင်း မရှာနိုင် ၊ အိပ်ဆို၍ အိပ်ရသော်လည်း မပျော်ဘဲ ရှိလေတော့၏ ။ တစ်ခါတစ်ရံ လကလေးက ခပ်သာသာ ပြတင်းပေါက် ဖွင့်၍ ကြည့်လိုက်သည့်အခါများတွင် ပန်းခြံတွင်း၌ မောင်စိန် နှင့် ခရေပင်ကြီး အောက်တွင် ချစ်တင်းနှီးနှောကဲ့သော အကြောင်းအရာများ ပေါ်ပေါက် လာလေ၏ ။ ယခင်က အေးချင်းတိုင်း အေးပြီး ပျော်ချင်တိုင်း ပျော်ရွှင်ချင်တိုင်း ရွှင်ကဲ့သော လရောင်မှာ ယခုအခါ မီးတောက်မီးလျှံကဲ့သို့ ဖြစ်စေလျက် အသည်းနှလုံး မီးမြိုက်သည့် ပုံပမာ ၊ မကျွမ်းရုံတမည် ရှိတော့၏ ။ ထို့ကြောင့် ကြိတ်မှိတ်၍ ငိုရလွန်းသဖြင့် မျက်ခွက်နှင့် ခေါင်းအုံး မျက်ရည်စက်လက် ခွာ၍ မရသောကြောင့် ခေါင်းအုံးလည်း ဆွေးလေပြီ ။ ဪ ... အစော အစော ဟု အတွင်းဆွေး ဆွေးနေရသော်လည်း တစ်နေ့တွင် သားအမိ နှစ်ယောက် နှီးနှောသံမှာ ..
“ သမီး ကောင်းစေလိုလို့ ပြောတာပဲလေ ၊ သမီးဟာ ငယ်တဲ့ အရွယ်လည်း မဟုတ်တော့ မေမေတို့ ပြောစရာ မလိုဘူး ထင်ပါရဲ့ ၊ သမီး သဘောကသာ ဘယ်လို သဘောရတယ် ဆိုတာ မေမေ့ ပြောစမ်းပါ ”
“ သမီးကတော့ မေမေတို့ စကား မြေဝယ်မကျ နားထောင်မှာပါပဲ ။ ဒါပေမဲ့ အိမ်ထောင်ရေးကိစ္စဟာ အရေးကြီးဆုံးမို့ သမီး စဉ်းစားပရစေဦး မေမေရဲ့ ၊ သမီး စဉ်းစားပြီးတော့ မေမေတို့ သဘောအတိုင်း စီမံပါ ”
သို့ ပြောလိုက်ရ သော်လည်း အစောတွင် မောင်စိန် ဘက်က ဆွေး၍ မောင်ဝင်း အတွက်က မအေးဘဲ ရှိလေ၏ ။
လူတို့တွင် ဒုက္ခတစ်ခု ကြုံတွေ့ရသောအခါ၌ တစ်ခု ပြီး တစ်ခု ဆက်ကာသာ လာခြင်းမှာ လောက၏ ဓမ္မတာပင်ဖြစ်၏ ။ အစော မှာ မောင်စိန် အတွက် ရတက်မအေး ပူဆွေးနေရစဉ်ပင် မိခင် ဖြစ်သူက မောင်ဝင်း အား ယူရန် အတင်း တိုက်တွန်းလျက် ရှိလေ၏ ။ သို့နှင့် ရေနစ်သူ ဝါးကူ၍ ထိုးသည်နှယ် အစောမှာ ကြံရာမရ မောင်စိန် အား သာလျှင် လာပါစေဟု ဆုတောင်းလိုက်မိလေ၏ ။
တစ်နေ့မှ တစ်ရက် တစ်ရက်မှတစ်လ လပေါင်း ရင့်ညောင်း၍ လာလေပြီ ။ မောင်စိန်ကား အစောထံသို့ အကျိုးအကြောင်းလည်း စာမရေး ၊ ချစ်သူအတွက် မျှော်တော်ဇောနှင့် မောရှာရသော အစော လည်း မချိလေပြီ ။ “ ဪ ယောက်ျား ယောက်ျား ဖောက်ပြားတဲ့ အစားပါ ကလားနော် ၊ ငါးစိမ်းမြင် ငါးကင်ပစ် အသစ်မြင် အဟောင်းမေ့ပြီး ပြောင်းရွှေ့ဖို့ကြံတာပါကလား ” ဟု မောင်စိန်ကို ကြိတ်ကာသာ စိတ်နာမိသော်လည်း မိမိတို့ အချစ်မှာ စိတ်နာစရာ အကြောင်းလည်း မရှိပြီ ဖြစ်သောကြောင့် မချစ်ဘဲ ပစ်ခွဲဖို့ မရနိုင် ဖြစ်လေ၏ ။
သို့နှင့် တစ်နှစ် ကုန်ခန်းလာခဲ့ရာ မောင်ဝင်း ဆပ် ကျောင်းမှ ဆင်း၍ စလင်းနယ်သို့ ရာဇဝတ်အုပ် အဖြစ်နှင့် ပြောင်းလာရမည်ကို သိသောအခါ များစွာ အခက်ကျ တော့၏ ။ ရှေးက တောင်တွင်းမြို့တွင်ဟု သိရသောအခါ ထိုမချစ်မနှစ်သက်သော သူ၏ မျက်နှာအား မည်ကဲ့သို့ ကြည့်ရပါအံ့တော့နည်း ။ မချစ်မနှစ်သက်သော သူအား မိမိ၏ ခန္ဓာကိုယ်ကလေးကို အပ်ရတော့မည် ။ ရှေးက ကြည်ဖြူစွာနှင့် မောင်စိန်အား ပြေပြစ်လှသော ကိုယ်ကလေးအား ပုံပေးခဲ့သော်လည်း မောင်ဝင်း အတွက်မူ မကြည်မဖြူနိုင်အောင်ပင် ရှိတော့၏ ။
ထိုကဲ့သို့ အချစ်ဟောင်း အကြောင်း ပြန်ပြောင်းပြီး တွေးနေစဉ် မိခင်ဖြစ်သူ အခန်းတွင်းသို့ ဝင်လာပြီး
“ သမီး ခုထက်ထိ စဉ်းစားလို့ မရသေးဘူးလား သမီးရယ် မေမေတို့စကား နားထောင်ပါ ။ သားသ မီးအပေါ်မှာ မိဘဆိုတာ ဆင်စီးပြီး မြင်းရံတာသာ မြင်ချင်တာပါ ။ ဆင်နင်းပြီး မြင်းကန်တာ မမြင်ချင်ပါဘူး ။ သမီးမေမေတို့ စိတ်ချမ်းသာအောင် လုပ်ပါ ။ တောင်တွင်း ရွှေအိုးရပ် ၊ မောင်းတိုင်ရပ် ၊ အုန်းတောရပ်က မောင်ဝင်း ဆွေမျိုးတွေ ဒီကနေ့ မိကျောင်းရဲက သင်္ဘောနဲ့ ပါကြပါလိမ့်မယ် သမီးရယ် ။ သူတို့ လာတဲ့အခါ ကြည်ကြည်ဖြူဖြူနဲ့ ဧည့်ခံပြီး စကားပြောပါ ။ ဒီလိုပေါ့ သမီးရယ် ရည်းစားတစ်ထောင် လင်ကောင်တစ်ယောက်လို့ ဆိုထားသေးတာပဲ ၊ သမီး ရည်းစား တစ်ယောက်သာ ရှိသေးတာ ပူမနေပါနှင့် ” ဟု ... မိခင်ဖြစ်သူက ပြောလိုက်သောအခါ ကိုယ်ချင်း မစာလိုက်လေခြင်းဟု ဝမ်းနည်းမိလေ၏ ။
မင်္ဂလာဆောင်ရန် ရက်သည်ကား နီးကပ်၍ လာလေပြီ အစော မှာ ရင်တွင်းမှာ ဖိုလျက် ရှိလေ၏ ။ ထိုအတောအတွင်း မောင်စိန်၏ သူငယ်ချင်း မောင်ဘအောင် ကို မျှော်ပါသော်လည်း မပေါ်လာ ၊ အကြောင်း မေးကြည့်သောအခါ မောင်စိန်အား အရှာလိုက်သွား ကြောင်း သိရသဖြင့် အားတက်မိတော့၏ ။
မဏ္ဍပ်ဆောက်ရန်အတွက် ဝါးခွဲသံ ၊ ဆောက်သံ ၊ တူသံတို့မှာ ဆူညံလျက် ရှိတော့၏ ။ ထိုအသံများ ကြားရ လေလေ ငရဲပြည် သွားရမည့်အသံများဟု အလား စိတ်တွင် ထင်မြင်မိတော့၏ ။ မောင်ဝင်း မှာကား ပျော်၍မဆုံး ရုပ်ကလည်း ခပ်ပြောင်ပြောင် အပိုးကထောင်ထောင် ဆတ်ကျောင်းသား ဖြစ်သဖြင့်လည်း စိတ်ကခတ်ကြွကြွ ဖြစ်နေလေရာ အစော မှာ ဒီသတ္တဝါနှယ် ၊ ဘယ်လို လူစား ပါလိမ့်ဟု တွေးထင်မိလေ၏ ။ မောင်ဝင်း မှာကား နုကညာပျို တစ်ပါးနှင့် စုလျားရစ်ပတ်ရန် အချိန်နီးလေလေ သဘောကျရှာကာနေလေ၏ ။
နောက်ဆုံး၌ လက်ထပ်မင်္ဂလာ ပြုလုပ်ရန် ရက်သို့ ဆိုက်ရောက်တော့၏ ။ အစောမှာ ဖြေဆည်ခြင်းကာ မတတ်နိုင်တော့ချေ ။ စိတ်ကို ပြေပျောက်အောင် ဖြေသော်လည်း မပြေ ၊ ဖျောက်သော်လည်း မပျောက်ရှိလေ၏ ။ ရိနဲ့ နွမ်းလျ သောကတွေ ဖြိုင်ဖြိုင် အပူမီးတွေ တလှိုင်လှိုင်နှင့် ထလာသောကြောင့် အိပ်ရာမှ ထကာ ပြတင်းပေါက်ဆီသို့ လာခဲ့လေ၏ ။ ပြေကျနေသော ဆံပင်များကို တစ်ပတ် သျှိုထုံးရင်း ပြတင်းပေါက် ဘောင်ပေါ်တွင် လက်ထောက် ကာ ဆန်းသစ်စ ရှစ်ရက်လကလေးကို ကြည့်၍ နေလေ၏ ။ ပြာလဲ့လဲ့ ဖြူတူတူ သီတဂူလရောင်ကလေးမှာ အခန်းတွင်းသို့ ပြေးဝင်ရှာလေ၏ ။ နေ့ခင်းက ဆူဆူညံညံနှင့် လက်ထပ်ပွဲအတွက် တီးကျမှုတ်ကျသော တူရိယာများမှာလည်း ရပ်သည် မရှိ ဆူညံ၍ နေတော့၏ ။ အစော တွင်ကား မိမိ၏ မျှစ်စို့သဖွယ် ကိုယ်ကလေးကို မောင်ဝင်း လက်သို့ ဝကွက်၍ အပ်ရတော့မည်ကို ကြောက်ရွံ့ မိတော့၏ ။ ယနေ့ညဖြင့် မောင်ဝင်း၏ အစာ ဖြစ်ရတော့မည် ။ တစ်သက်လုံး အပျို စဉ်ဖြစ်ခဲ့လေသမျှ မြှုံးမိသော ငါးပမာ မောင်ဝင်း၏ ထင်သလို ပြုလုပ်ခြင်း ခံရမည့် အရေး မတွေးအောင် ရှိတော့၏ ။ ပူဗျာခပြီး နွမ်းလျသော ကိုယ်ကလေးကို အပေါက်ဝတွင် မှီထားရင်း ကမ္ဘာ တစ်ခွင်က အာဇဠာပြင်ကို ကြည်လင်သော လရောင် အောက်တွင် တွေ့မြင် ရှုမျှော်ရသောအခါ စိတ်ထဲတွင် လှိုက်လှိုက်လှဲလှဲ ဝမ်းနည်းပူဆွေးခြင်း ဖြစ်ရလေ၏ ။ ငယ်ဖြစ် ငယ်နှောင်း အကြောင်းကြောင်းတွေ ပေါင်းလိုက် ပြန်သော် အဟောင်းတွေ ပေါ်ပေါက်လာသဖြင့် မောင်စိန် အား တိုး၍သာ အမှတ်ရမိလေ၏ ။
အချစ်ဦး မောင်စိန်နှင့် နောက်ဆုံး ခွဲခွာ၍ သွားကြရသော အချိန်သည်ကား ဤအချိန်မျိုး ငွေလရောင်ကလေး အိမ်ခေါင်မိုး ထိုးစဉ်အချိန် ဖြစ်ရာ ခရေပင်ကြီး အောက်၌ တစ်ယောက်နှင့် တစ်ယောက် ခါးကလေးဖက် ၊ လည်ချင်းယှက်ပြီး ချစ်သူနှစ်ဦး အချစ်ငွေ့ လှုံပြီး မခွဲချင်ဘဲနှင့် နေခဲ့ရသော်လည်း ယခုည အဖို့၌ မိမိ၏ ကိုယ်ကလေးမှာ မောင်ဝင်း၏ လက်သို့ အပ်ရတော့မည်ပါလားဟု မသက်မသာဖြစ်ခဲ့လေ၏ ။
ထိုအခိုက်တွင် ခရေပင်ကြီး အောက်သို့ လူနှစ်ယောက် ပုံသဏ္ဌာန် ရိပ်ခနဲ မြင်လိုက်ရသဖြင့် သေချာစွာ ကြည့်လိုက်ရာ ယောက်ျားတစ်ယောက် နှင့် မိန်းမတစ်ဦး ဖြစ်နေသည်ကို သိရလေ၏ ။ လရောင်တွင် သေချာစွာ ကြည့်လိုက်သောအခါ ယောက်ျားမှာ မောင်စိန် ဖြစ်ကြောင်း သိရလေ၏ ။
ထိုအခါမှ အတိုင်းမသိ ဝမ်းမြောက်ကာ “ ကိုစိန် ... ကိုစိန် ” ဟု ခေါ်မိလေ၏ ။ မောင်စိန်လည်း အစော အား လက်ပြ၍ ခေါ်လေရာ အစော ပန်းခြံ အတွင်းသို့ ရောက်လျှင်ပင် မောင်စိန်အား ဖက်ပြီး စိမ်းရက်တယ်နော်ဟု ကြူကြူချကာ ငိုလေ၏ ။
ထို့နောက် တစ်ဖန် မိန်းကလေးဘက်သို့ လှည့်၍ “ သူက ဘယ်သူတုန်း ကိုစိန်ရဲ့ ” ဟု မေးလိုက်သောအခါ မောင်စိန်က “ မောင်ဝင်း ရဲ့ မိန်းမ မသန်း ဆိုတာလေ အစော ရဲ့ဈေးချိုထဲမှာ အထည်ရောင်းကြတယ် ။ ကိုစိန်နဲ့ မန္တလေးမှာ ကိုဘအောင် တွေ့ပြီး အကျိုးအကြောင်း ပြောတာနဲ့ မသန်း ကလည်း ဘယ်က သတင်းရသလဲ မသိဘူး ။ ကိုဘအောင်ကို မောင်ဝင်းဟာ မသန်းနဲ့ ဆပ်ကျောင်းနေစဉ်ကတည်းက လင်မယား ဖြစ်လာတာ သတင်းစာထဲက မိန်းမယူတော့မယ် ကြားလို့ စလင်း လိုက်ပါရစေ ဆိုတာနဲ့ ခေါ်လာခဲ့တာပါပဲ ၊ ... အစော ကော ” ဟု မောင်စိန် က မေးလိုက်လျှင် အစော လည်း ပါးပြီးသား ဖြစ်သည့်အတိုင်း “ အစောကို အထင်မလွဲနဲ့ အပျိုရေ မှဲ့တစ်ပေါက် မစွန်းရသေးဘူး ။ အရင်ကလည်း အထင်လွဲလို့ ကွဲကြရပြီ ။ ကဲ ... ကိုစိန် နောက် အစော လိုက်ခဲ့တော့မယ် ။ မသန်း ဟောဟို ပြတင်းပေါက် ဖွင့် ထားတာ အစော အခန်းပဲ အစောယောင် ဆောင်ပြီး အခန်းထဲ ဝင်နေပါ ” ဟု ပြောသဖြင့် မသန်း လည်း အစော ယောင်ဆောင်ကာ အစော၏ အခန်းတွင်းသို့ ရောက် နေလေ၏ ။
နှစ်ရှည်လများစွာ ကွဲကွာ၍ နေခဲ့ရသဖြင့် အစော မှာ အချစ်ငွေ့ ဆာ လောင်မွတ်သိပ်သော ၎င်း၏ ကိုယ်ကလေးကို မောင်စိန်၏ ရင်ခွင်တွင် ပြေးကပ်လျက် နှစ်ကိုယ့်တစ်ကိုယ် ဖြစ်၍ နေလေ၏ ။ နှစ်ဦးသားမှာ မမေ့နိုင်သော နှုတ်ဆက်ခြင်းဖြင့် နှုတ်ဆက်ကြလေ၏ ။ ချစ်သူ၏ ရင်ခွင်တွင် ဝမ်းနည်း ဝမ်းသာ ဖြစ်ရသော အစော မှာ မျက်ရည်နှင့် မျက်ခွက် ပါးနှင့် နှာတံ အကြား တအားစီးဆင်း နေသဖြင့် “ မငိုပါနဲ့ အစောရယ် ” ဟု မောင်စိန် က ပြောရှာသော်လည်း အစော မှာ ရှိုက်လျက်နှင့်ပင် “ ခုလို တွေ့ ရမှ မငိုဘဲ နေနိုင်ပါ့မလား ။ တစ်ဖက်သား အထင်လွဲ ပြီး စိမ်းရက်တာ တော်ရော့လား ၊ တွေးကြည့်ပါဦး ” ဟု အစော က ပြောသဖြင့် “ ကျောက်ဆည်မှာ ကိုစိန်ဟာ နေရပေမဲ့ အစောကို တစ်နေ့ မမေ့ပါဘူး ။ အစော ဆီ ပြန် လာမည့်ဆဲဆဲ ကိုဘအောင် ရောက်လာတာနဲ့ အဆင်သင့် မန္တလေးက လှည့်အလာ မသန်း ကလည်း သနားစရာ ပြောတာနဲ့ ကိုဘအောင် ခေါ်လာတာပါ ။ ကဲ ဒီတစ်ခါ မခွဲတမ်း ချစ်ကြစို့ရဲ့ ။ နှစ်ဦးစလုံးရဲ့အချစ်ဟာ ‘ ချစ်ရိုး အမှန် ’ မို့ ပြန်ပေါင်းရပြီ ။ ကဲထထ သွားကြစို့ ” ဟု မောင်စိန်က အစော၏ ကိုယ်ကလေး လရောင် အောက်တွင် ပွေ့ကာ ထွက်ခဲ့လေတော့သတည်း ။
နောက်တစ်နေ့တွင် မောင်ဝင်း မှာ မသန်း အား ပြန် တွေ့ရသောအခါ အရှက်ကြီး ရှက်ပြီး အစောတို့ အိမ်မှ မိုးမလင်းခင်ပင် မသန်း အား ခေါ်သွားသဖြင့် အစော၏ မိဘများမှာ မြွေပါလည်း ဆုံးသားလည်းဆုံး ဆိုသကဲ့သို့ သမက် အတွက် အရှက်တကွဲ ဖြစ်ရလေတော့သတည်း ။
▢ ပီမိုးနင်း
📖 ရွှေဗမာ မဂ္ဂဇင်း
ဒီဇင်ဘာ ၊ ၁၉၂၆
No comments:
Post a Comment