Wednesday, April 15, 2026

ဆောင်းနှောင်းကြွေ


 

❝ ဆောင်းနှောင်းကြွေ ❞
      ( နှင်းဝေငြိမ်း )

ထိုစဉ်က ကျွန်မအသက် ဆယ့်လေးနှစ်သာ ရှိသေး၏ ။ သူက မြင်သူတိုင်းကို လှိုက်လှဲစွာပြုံးပြုလေ့ ရှိသည် ။ သူ့အပြုံးများက အရောင်အဆင်းမပါ ၊ အဖြူသက်သက် ။ ကျွန်မအစ်ကို နှင့် သူ့ကို နေ့စဉ်လိုလို တွဲလျက် မြင်ရဖန်များ သောအခါ သူ့အပေါ် သူစိမ်းတစ်ဦးလို မထင်တော့ချေ ။ ဝင်ထွက်သွားလာနေသော ဆွေမျိုးရင်းချာလိုပင် တစ်ဝိုင်းတည်းဖွဲ့ စားသောက်တတ်လာသည် ။ တကယ်တော့ သူ နှင့် ကျွန်မ ဘာမှမတော်စပ်ခဲ့ပါ ။

သို့သော်လည်း သူ့ကို ကျွန်မ ဆယ်နှစ်တိုင်တိုင် သတိရနေတုန်းပါ ။ နေမကောင်းဖြစ်သည့်အခါများနှင့် ယခုလို သင်္ကြန် ဆိုလျှင် လူသူကင်းမဲ့နိုင်သည့် ခြံထောင့်က သရက်ပင်အောက်တွင် ထိုင်ရင်း သူ့အကြောင်း တွေးနေတတ်ပါသည် ။

ဘယ်သောအခါမှ ပြန်မဆုံတော့ပြီဖြစ်သည့် သူ့ကို ကျွန်မ သတိရလိုက်တာ ။ သူ့ရဲ့ ကြေကွဲပျောက်ဆုံးသွားတဲ့ လူ့ဘဝ ဖြတ်သန်းမှုဟာ ကျွန်မ ရင်ကို ဆိုနင့်နာကျင်စေခဲ့တာ ကြာပြီပဲလေ ။

သင်္ကြန်ရဲ့ မြေသင်းနံ့ကို ကျွန်မ ရပြန်ပြီ ။ သူ့လက်ထဲတွင် ကိုင်ထားသော ဒန်ဖလားကိုလည်း မြင်ရပြန်ပြီ ။ ဝမ်းနည်းရိပ်ကို ကျွန်မ အဖော် ခေါ်ထားမိပြန်ပြီပေါ့ကွယ် ။

“ မျိုးနိုင် လာကွာ ထမင်းစားသွား ” ဆိုသည့် ဖိတ်ခေါ်သံကြောင့် ကျွန်မ မော့ကြည့်လိုက်မိ၏ ။ အစ်ကို့ သူငယ်ချင်းတွေထဲ၌ သူ့ကို သတိအထားမိဆုံးဖြစ်၏ ။ ဖိုသီ ဖတ်သီ အဝတ်အစားနှင့် တစ်ချောင်းချင်း ကျနေသော ဆံပင်ညှင်းသိုးသိုးက သူ့မျက်နှာပေါ်မှ အလှအပတွေကို မှေးမှိန်စေသည် ။

“ မစားတော့ဘူး ၊ မင်းကို လာခေါ်တာ ။ ဒီနေ့ ဆယ့်လေးလမ်းမှာ ကာတွန်းပြိုင်ပွဲရှိတယ် ”

သူက အိမ်ဝတွင် မတ်တတ်ရပ်လျက် ပြောသည် ။ ကျွန်မက အမေနှင့် ပြိုင်တူ “ ထမင်းစားပါဦး ” ဟု ခေါ်လိုက်သည် ။ ကာတွန်းရေးတတ်သည်ဟု သူ့ဝါသနာကို သိ ထား၏ ။ အမေနှင့်ဆုံတိုင်း “ ဒေါ်လေး နေကောင်းလား ” ဟု တရိုတသေ မေးတတ်သည်မှာ မမေ့မလျော့သော သူ့ ယဉ်ကျေးမှုပင် ။

ထမင်းစား မလာရသေးဘူး ဆိုတာ တစ်အိမ်လုံးက သိနေ၍ အစ်ကို့ကို ထပ်ခေါ်ခိုင်းရသည် ။ အစ်ကိုက ထမင်း စားလက်စနှင့်ပင် သူ့ကို အတင်း ဆွဲခေါ်၍

“ ငါ လိုက်ခဲ့မယ် ။ အခု မင်း ထမင်းအရင်စား ၊ ညို ထမင်းတစ်ပန်းကန် သွားခူး ”

“ စားသွား မောင်မျိုးနိုင် ၊ အကုန် အဆင်သင့်ပဲ ။ မင်း အဖေရော ဆေးရုံက ဆင်းပြီလား ”

“ မဆင်းရသေးဘူး ဒေါ်လေး ။ အဖေက နာတာရှည် ”

ထမင်း ခပ်မောက်မောက် ခူးလာခဲ့၏ ။ ထမင်းကို နပ်မှန်အောင် မစားရသူဟု အစ်ကို့ ထံမှ သိထားခဲ့သည် ။ မောင်နှမ ရှစ်ယောက်၌ အကြီးဆုံးအစ်ကို၏ တာဝန်ပိမှုတွင် သူ အလူးအလှိမ့် ခံနေရသည်အား ဆယ်တန်း ရောက်နေပြီ ဖြစ်သော ကျွန်မ နားလည်နေပါ၏ ။

သူက ဖျတ်ခနဲ ကျွန်မကို လှမ်းကြည့်၍ အားနာရှက်ရွံ့စွာ ခေါင်းငုံ့သွားလေသည် ။ သူ့ အသက်အရွယ် အရ ကျွန်မထက် ဆယ်နှစ်လောက် ကြီးသော်လည်း ကျွန်မကို အစ်မ တစ်ယောက်လို လေးလေးစားစား ဆက်ဆံတတ်၏ ။ ကျွန်မ ထည့်ထားသော ထမင်းအမောက်အပြည့်နှင့် ခပ်ထည့်ပေးသော ငါးဟင်းမှာ သူ့အပေါ် ထားသော စေတနာထမင်းဟင်းလျာများဟု သူ သိနေမှာပါ ။

အစ်ကိုနှင့် သူ အပြင်ရောက်လောက်မှ အမေ့ဆီမှ သက်ပြင်းရှည်ချသံ ကြားရသည် ။ မိုးချုပ်မယ်နော် ဟု အစ်ကို့ကို မှာရင်း မောင်မျိုးနိုင် ရော့ ရော့ မင်းအဖေ အတွက်လို့ လှမ်းအော်ခေါ်ကာ ဗီရိုပေါ်မှ နို့ဆီဘူးကို အတင်း ပေးလိုက်၏ ။ သူ ငြင်းပေမဲ့ နောက်ဆုံး ယူသွားခဲ့သည် ။

ကျွန်မ ထမင်းပွဲသိမ်း၍ ကြမ်းပြင် တစ်လျှောက် တံမြက်စည်း လှည်းနေစဉ် အမေက ဆေးပေါ့လိပ်တစ်တိုနှင့် ကျွန်မ ကြားလောက်ရုံ သူ့အကြောင်း ပြောပြနေ၏ ။

“ ဆင်းရဲတဲ့ သူကို ထောက်ပံ့ပေးကမ်းချင်ပေမဲ့ အမေတို့လည်း ရရစားစားထဲက ဆိုတော့ တိုတိုထွာထွာလေးပဲ ပေးနိုင်ကမ်းနိုင်တယ် ။ မောင်မျိုးနိုင်တို့ မိသားစုမှာ ဒီကလေးပဲ ဦးဆောင်နေရတော့ ဘယ်လွယ်ပါ့မလဲ ။ ကာတွန်း ဆွဲလို့ ရတာလေးနဲ့ ပန်းချီကား ရောင်းရတာလေးနဲ့ လုံးလည်လိုက်နေတာ ။ အငယ်တွေက ကျောင်းသားတွေ ချည်းပဲ ။ အလုပ် ရှာလို့ကလည်း မဖြစ်စလောက်လေးတွေ ၊ ငါ့နှယ် ထီပေါက်လိုက်ချင်ပါတယ်အေ ”

အမေ့လိုပဲ ကျွန်မလည်း သူတို့ မိသားစု မွန်းကျပ် နေခြင်းကို ကူညီချင်ပေမဲ့ ကျွန်မက မိဘဆီမှာ လက်ဖြန့် နေရသူသာ ။ တစ်ခါမျှ မညည်းညူသော သူ့သတ္တိကို လေးစားသော်လည်း လာမည့် မိုးတွင်း၌ အိမ်မိုးရန် ကာတွန်းပြိုင်ပွဲ ဝင်ပြိုင်ထားရသည့်သူ့အတွက် ကျွန်မတို့ မိသားစုက ဘယ်မှာ ဂုဏ်ယူဝမ်းသာနိုင်ပါ့မလဲ ။

ဦးဘဂျမ်း ကာတွန်းပြိုင်ပွဲတွင် သူ ပထမရပါစေဟု အမေရော ၊ ကျွန်မပါ ဆုတောင်းနေမိသည် ။ တန်ဆောင်တိုင်ပွဲတော်က တခြား လူများအတွက် ပျော်ပွဲရွှင်ပွဲ ဖြစ်သော်လည်း သူ့အတွက် မိသားစု မိုးမစိုရေး ၊ ရင်မ,နေရသော ပွဲပင် ဖြစ်မည် ။

သည် ကတည်းက ကျွန်မ သူ့ကို ခင်မင်သံယောဇဉ် ဖြစ်မိ၏ ။

••••• ••••• •••••

“ အောင်စာရင်းထွက်ပြီလား ညို ”

ပါးကွက် မခြောက်သေးသည်မို့ ယပ်တောင်တစ်ချောင်းနှင့် တဖျတ်ဖျတ် ခတ်နေသော ကျွန်မ ရှေ့တည့်တည့် သို့ သူ လာရပ်သည် ။ သူ့ကို မြင်တော့ ကျွန်မ ဝမ်းသာသွား၏ ။

“ မထွက်သေးဘူး ကိုမျိုးနိုင် ။ အတော်ပဲ ညို စောင့်နေတာ ”

“ ဘာလုပ်ပေးရမလဲ ညို ၊ မောင်မောင်ဦးရော ရှိသလား ”

“ အစ်ကို ခရီးထွက်သွားတယ် ညကပဲ ။ အိမ်ထဲ ဝင်ထိုင်ဦးလေ ညို ခိုင်းစရာရှိလို့ ”

ကျွန်မက အိမ်မှာ အငယ်ဆုံးပီပီ အားလုံးအပေါ် ဗိုလ်ကျဖို့ အသင့် ။ သူ့ကိုလည်း ကျွန်မအစ်ကို လိုပဲ မှတ်ကာ အနိုင်ကျင့်ရန် စောင့်နေခဲ့သည် ။ အိမ်ပေါ် သူ တက်လာ သည် ။ ကျွန်မ လွယ်အိတ်ထဲမှ စာအုပ်တစ်အုပ်ကို သူရှေ့ ယူလာပြီး ..

“ ညို့ အော်တိုစာအုပ်ထဲမှာ ပုံဆွဲပေးပါနော် ။ ကိုမျိုးနိုင် သူငယ်ချင်း စာရေးဆရာတွေ ဆီကလည်း အမှတ်တရ လေးတွေ ရေးပေးပါ ”

“ ဒါ ညို့စာအုပ်လား ”

သူ စကားပြောလျှင် ကျွန်မထက် တိုးသည် ။ ကျွန်မကို ကလေးလို သူ မကြည့်တော့ ။ ကျွန်မကို ဖျတ်ခနဲခိုး ကြည့်ကာ မျက်နှာလွှဲသွား၏ ။ ကျွန်မက သူနှင့် မျက်နှာချင်းဆိုင်ထိုင်ရင်းမှ မျက်လုံးများ ရီဝေနေသော သူ့အား ရှုံ့ရှုံ့မဲ့မဲ့ ပြောလိုက်မိ၏ ။

“ ဟင်း ... အရက်စော် နံလိုက်တာ ၊ ဒီကိုမျိုးနိုင်ကြီးက ပိုက်ဆံ မရှိဘူးလည်း ဆိုသေး အရက်တော့ သောက်နိုင်တယ် ။ ဒါပဲနော် မူးမူးနဲ့ ညို့ကို ပုံလှလှလေးတွေ ဆွဲမလာရင် မခေါ်တော့ဘူး ”

ကိုယ့်ထက် ဆယ်နှစ်လောက် ကြီးသူကို ရင့်ရင့်သီးသီး ပြောရသလားဟု သူ တစ်ခွန်းမှ မချေပ ။ ကျွန်မက ပြောချင်ရာ စွတ်ပြောပေမဲ့ တွန့်ကြေနေသော ရှားညိုရောင် အင်္ကျီနှင့် သူ့အပြုံးက အရမ်း ကြည်လင်နေလေ၏ ။

“ ကလေး ဘာမှမသိပါဘူးကွာ ”

လေးလေးတွဲ့တွဲ့ ထိုသို့ ပြောရင်း သူ့ရင်ခွင်သို့ စာအုပ်အပ်လိုက်သည် ။ ကျွန်မ ထိုစကားကို နားမလည် ။ ပြန်လည်း မချေပတတ် ။ သည်တော့ မျက်စောင်းချည်းလှိမ့် ထိုးပစ်လိုက်၏ ။

“ အစ်ကို ပြန်လာရင် အိမ်လွှတ်လိုက်ရမလား ” 

သူ ပြန်ခါနီး မေးသောအခါ သူ ခေါင်းခါရင်း

“ မလွှတ်ပါနဲ့ ၊ ဒီနေ့ အိမ်က ညီတွေညီမတွေ စာမေးပွဲ အောင်လို့ ညို လည်း အောင်စာရင်း ထွက်ပြီ မှတ်ပြီး လာ‌မေးတာ ”

“ သူတို့က ကျောင်းစစ်နေမှာပေါ့ ။ ညိုက အစိုးရစစ် ၊ ဒီနှစ် ဆယ်တန်း ဖြေထားတာ ”

“ ညိုတောင် တက္ကသိုလ် ရောက်တော့မှာပါလား ”

ကျွန်မ ရှေ့မှ ချာခနဲ လှည့်ပြန်သွားသော သူ့မျက်နှာ မှိုင်းဝေနေသည်ကို မြင်လိုက်ရ၏ ။ အပြုံးတွေ ဘယ်ဆီ လွင့်ပါးသွားပြီလဲ ။

သူ့မှာ စိတ်ရှုပ်စရာတွေ ပြည့်နေပေမဲ့ ကျွန်မနှင့် စကားပြောလျှင် သိမ်သိမ်မွေ့မွေ့ ချိုချိုသာသာ ပြောလေ့ရှိ၏ ။ လူဆင်းရဲပေမဲ့ စိတ်သဘောထား နူးညံ့လွန်းသော သူ့အပေါ် ကျွန်မအမေက သားတစ်ယောက်နှင့် မခြား ချစ်နေသည်မှာ မဆန်းပေ ။

ကျွန်မ စိတ်ရှုပ် မခံနိုင်၍ သူ့ကို အတွေးထဲမှ နှင်ထုတ်လိုက်၏ ။

••••• ••••• •••••

ဆူညံနေသော ကားဟွန်းသံတွေ ၊ အော်ဟစ်လှောင်ပြောင်သံတွေနှင့်အပြိုင် မဏ္ဍပ်ဆီမှ သင်္ကြန်ယိမ်းအကတွေက မြိုင်ဆိုင်နေပါသည် ။

သင်္ကြန်ရေ ထိလို့များဖြင့် တစ်နေကုန် တုတ်တုတ် ကျပါစေ ၊ ကျွန်မက သင်္ကြန်သရဲ ။ ရေစိုစိုနှင့် မဏ္ဍပ်ထဲမှ မထွက် ။ နေ့လယ် ထမင်းဆာပြီ ဆိုမှ အိမ်ပေါ် ပြေးတက်သည် ။

ကျွန်မကို သိပ်မကဲနဲ့နော်ဟု အစ်ကိုက မျက်လုံးပြူး ပြသည် ။ အစ်ကို့သူငယ်ချင်းတွေက ဂျစ်ကားတစ်စီးပေါ်မှ ခုန်ချလာပြီး မဏ္ဍပ်ထဲမှ ရေတိုင်ကီနား ပြေးကပ်ကြသည် ။ ကျွန်မ တစ်ကိုယ်လုံး ခေါင်းမှ စ၍ ရွှဲစိုနေပါတော့သည် ။ အစ်ကို့သူငယ်ချင်းတွေက ကျွန်မကို ချာတိတ် ဆိုပြီး ဝိုင်းစနေကြ၏ ။ မဏ္ဍပ်ထဲမှ မိန်းကလေးတွေ ကလည်း အပြန်အလှန် ပြန်ပက်ကြသည် ။ နောက်ဆုံး အစ်ကိုကိုယ်တိုင် ကားပေါ်အတင်း ထိုးတင်မှ ဝေးဝေးဟားဟားနှင့် ကားမောင်းသွားကြ၏ ။

“ ညို တော်တော့ အအေးမိမယ် ”

အစ်ကို ဆူမှာ ကြောက်လို့သာ ကျွန်မ အိမ်ဘက် ပြန်ပြေးလာခဲ့၏ ။ အမေနှင့် အစ်မက ဥပုသ်သွားစောင့်၍ အိမ်မှာ ကျွန်မတို့ မောင်နှမပဲ ကျန်သည် ။ ကျွန်မ နှုတ်ခမ်းတွေ တဆတ်ဆတ်တုန်ကာ လက်ဖျားတွေ ပဲကြီးရေခွံလို ဖြစ်မှပဲ ရေပက်ခြင်း ရပ်လိုက်၏ ။

အဝတ်အစား လဲပြီး ရေနွေးကြမ်းပူပူနှင့် ဘေးအိမ်တွေက လာပို့ထားသော ရွှေရင်အေးကို ဗိုက်နာနာ ၊ မနာနာ ထိုင်သောက်နေစဉ် အစ်ကို့ ရယ်သံ ပေါ်လာ၏ ။

“ ငါ့ညီမကို ရေလောင်းချင်လို့ ဟုတ်လား ၊ ဟား ဟား မင်း ဘယ်တုန်းက သင်္ကြန်ရေကစားဖူးလို့လဲ ၊ အေးလေ ငါခေါ်ပေးမယ် ”

ဟော ... ဘယ်သူတွေလဲ ။ ကျွန်မ အဝတ်အစား လဲပြီး သနပ်ခါးပင် လိမ်းပြီးနေပြီ ။ ရေလောင်း မခံချင်တော့ ။ မဏ္ဍပ်ထဲ ရောက်နေလို့ကဖြင့် ဘယ်သူ လောင်းလာင်း ။ အစ်ကို ပေါက်ကရ လုပ်လာပြီလား မသိ ။

“ ညို ဒီမှာ နင့်ကို ရေလောင်းမလို့တဲ့ ”

အစ်ကို့ တစ်ကိုယ်လုံးလည်း ရွှဲစိုလျက် ။ ကျွန်မ လက်ထဲမှ ရွှေရင်အေးပန်းကန်ကို ဆွဲယူမော့ရင်း ကျွန်မကို အိမ်အပြင်ဘက် မေးငေါ့ပြ၏ ။

“ ဟင့်အင်း ညို အဝတ်လဲပြီးပြီ ။ မလောင်းကြနဲ့တော့ ။ မနက်ဖြန် တစ်ရက် ကျန်သေးတယ် ။ အဲဒီ ရက်မှ လောင်း ”

“ အေး မသိဘူး ။ နင် ထွက်ပြော .. လောင်းမယ့်သူက မျိုးနိုင် နော် ။ ဒီကောင်လောင်းတဲ့ရေ ထိရခဲတယ် ” 

“ ဟာ ဒီကိုမျိုးနိုင်ကြီးကလဲ ”

အိမ်ရှေ့ ကပြင်၌ ရေဖလားတစ်လုံးနှင့် မတ်တတ်ရပ် စောင့်နေသော သူ့ကို တွေ့ ရသည် ။ သူက ကျွန်မကို မြင်မြင်ချင်း ...

“ ညို စာအုပ် ” ဟု လှမ်းပေး၏ ။

ကျွန်မ ပေးလိုက်သည့် အော်တိုစာအုပ် ၊ ရေစိုမှာ စိုး၍ ပလတ်စတစ်နှင့် ဖုံးလာသည် ။ သူ့ ဆီမှ စာအုပ်ကို ဖျတ်ဆို လှမ်းယူရင်း နောက်တစ်လှမ်း ဆုတ်ကာ -

“ မလောင်းနဲ့တော့ ကိုမျိုးနိုင် ၊ ညနေစောင်းနေပြီ ”

“ ဟို .. ကလေးကို ”

ထစ်ငေါ့နေသော သူ့ကို လုံးဝ ဂရုမစိုက်ဘဲ အော်တိုစာအုပ်ကို ဖွင့်ကြည့်လိုက်၏ ။ ကျွန်မ အရမ်း အံ့သြသွား ရလေသည် ။ သူ ဆွဲထားသည့် ပုံလေးတွေက ကျွန်မနှင့် ထပ်တူထပ်မျှ တူသော ကျွန်မ အိမ်ထဲ၌ လှုပ်ရှားသွားလာ နေပုံတွေ ။

ဆက်တီမှာ ထိုင်၍ ကာတွန်း ဖတ်ရင်း ရယ်နေသော ကျွန်မ ၊ တိုင်ကို မှီရင်း ခါးထောက်တတ်သည့် ကျွန်မ ၊ ခေါင်းငုံ့ရင်း မေးထောက်နေသော ကျွန်မ ။ သူ့မျက်လုံး အသိထဲ၌ ကျွန်မ အရိပ်အငွေ့တွေကို အမိဖမ်း ရေးဆွဲနိုင်လိမ့်မည်ဟု ဘယ်သောအခါကမှ ထင်မထားခဲ့ ။

“ ဟယ် ... ကြည့်စမ်း ၊ ကြည့်စမ်း ညို့ပုံတွေ သိပ်တော်တာပဲ ”

သူ ရယ်နေသည် ။ ဒါပေမဲ့ ကျွန်မကို ရေလောင်းနေချင်ပုံ ။ အတင့်ရဲပြီးတော့လည်း မလောင်း ။ သူက အေးဆေးသူ မဟုတ်လား ။ ကျွန်မ သူ့ကို အားနာလာသောကြောင့်

“ ကဲ လောင်း ၊ ဖြည်းဖြည်းနော် ”

“ ကျေးဇူးတင်ပါတယ် ညို ”

ရေတစ်ဖလား ကုန်အောင် သူ လောင်းသည် ။ ကျွန်မ စိတ်ထဲမှာတော့ ပုံလေးတွေဆွဲပေးသည့်အတွက် အားနာစွာ လိုက်လျောလိုက်ခြင်းသာပင် ။

သူ ရေလောင်းပြီးတော့မှ အစ်ကိုနှင့် ပြန်ဆင်းသွား၏ ။ သူ့မျက်လုံးတွေ တစ်မျိုး ဖြစ်နေသလိုပဲ ။

••••• ••••• •••••

ကျွန်မ အလုပ်ရသော နှစ်မှာပင် စိတ်မကောင်းစရာ သတင်းဆိုး နှစ်ခုကို ကြားခဲ့ရ၏ ။ အသက်ဆယ့်ကိုးနှစ် ပြည့်သည့်နေ့၏ နှစ်ရက် အလွန် ကျွန်မ အလုပ်ဝင်ခဲ့သည် ။ အလုပ်ထဲ ရောက်လာသောကြောင့် အရင်လို ကျွန်မ ကလေးမဆန်မိတော့ ။ ရုံးဆင်းမှ အမေနှင့် ဝိုင်းချက် ပြုတ်ရင်း အစ်မ ချုပ်ထားသော အပ်ထည်ကလေးများကို လက်ချုပ်လိုက်ရင်း ရုံးအကြောင်း ၊ အိမ်အကြောင်း ပြောဖြစ်ကြသည် ။

အစ်ကိုနှင့် အစ်မ ဆီမှ မထင်ထားသော သတင်းဆိုးကို တစ်လစီခြား ကြားရလေသည် ။ ပထမသတင်းက ကိုမျိုးနိုင်အဖေ ဆုံးသွားခြင်း ။

“ ကျွန်တော်တော့ မျိုးနိုင် နေရာမှာ ဝင်တောင် မခံစားရဲဘူး အမေ ။ သူ့အဖေ ရှိရှိ - မရှိရှိ သူပဲ ဒီဝန်တွေ ထမ်းနေရတာ ။ အမေကြီး ကလည်း မျက်လုံး သိပ်ကောင်းတာ မဟုတ်ဘူး ။ ရှာလို့ ရသမျှ အမေ့ ပေးပေမဲ့ မလောက်ပါ များတော့ သူလည်း စိတ်ညစ်ပြီး အရက်သောက်တတ် သွားတာ ။ အိမ်ပြန်လို့မှ အိပ်စရာ ကျပ်ကျပ်တည်းတည်း ၊ တစ်လတစ်ခါ ကာတွန်းရေးခ ၊ ဝတ္ထုတိုစာမူ ရေးခလေးတွေက ပွဲလမ်းသဘင် ဝေးလို့ ဆေးလိပ်ဖိုးတောင် အနိုင်နိုင် ။ အရက်သောက်တာကလည်း သူ့ပိုက်ဆံနဲ့ မထင်နဲ့ ။ သူငယ်ချင်းတွေ ဆီက ယူသောက်နေတာ ”

အစ်ကို စိတ်ထိခိုက်မည် ဆိုလည်း စိတ်ထိခိုက်ချင်စရာ ။ သူ့ကို အစ်ကိုက အချစ်ဆုံး ။ စိတ်ရင်းကောင်းတာထက် အနစ်နာခံတတ်တာက များသည် ။ ကာတွန်းဆရာ တွေဝိုင်း ၊ ပန်းချီဆရာတွေဝိုင်းတွင် သူက နားထောင်ခေါင်းညိတ်နှင့် အငြင်းအခုန်မဲ့ နေတတ်သူ ။

ကျွန်မတို့ သားအမိတွေ သူ့မိသားစုအိမ် တစ်ခေါက် ရောက်ဖူးသည် ။ ညီနှစ်ယောက် ၊ ညီမနှစ်ယောက် က ကိုးတန်းဆယ်တန်းတွေ ၊ သူ့အမေက ပြောဖူးသည် ။

“ သားကြီး တစ်ယောက်တည်းက ကျောင်းထား ပေးရတာပါ ။ ကျွန်မလည်း မုန့်ပဲသွားရည်စာ ရောင်းရုံအပြင် ဘာမှ မလုပ်တတ်ဘူးလေ ။ အငယ်တွေကို သိပ်ပညာတတ်စေချင်တာ ။ သူ့ခမျာ လူပျိုလူရွယ်လေးပေမယ့် မိသားစုကို ပြန်ငဲ့နေရတာနဲ့ ချို့ချို့ငဲ့ငဲ့ ဖြစ်နေရှာတယ် ။ ကျွန်မလည်း စိတ်ထိခိုက်ပါတယ် ”

သည်လိုမျိုး ကြားလာရသည့်နေ့က ဆိုလျှင် သူ ခပ်ကြောင်ကြောင်ဖြစ်ပြီး အိမ်မှာတစ်နေကုန် လာထိုင်နေသည်အား ပြန်သတိရကာ ကျွန်မ အရမ်းဝမ်းနည်းမိလေသည် ။ ထို့ထက် ဝမ်းနည်းစရာကောင်းသည့် သတင်းကို ထပ်ကြားရသောအခါ အမေရော ၊ ကျွန်မတို့ပါ မျက်ရည် ကျရသည် ။

“ မောင်မျိုးနိုင် တစ်ယောက် အိမ်က ပျောက်သွားတာ သုံးရက်ရှိပြီတဲ့ သား ။ သူ့အမေနဲ့ သူ့ညီ လိုက်ရှာနေတယ် ”

ဘယ်ကို ပျောက်သွားမှန်း မသိသောကြောင့် သူ့အမေ ငိုငိုယိုယို လာမေးသည် ။ ကျွန်မတို့လည်း သူ မလာ၍ မျှော်နေကြတာပါပဲ ။ အစ်ကိုက သူ့အမေနှင့် လိုက်ပြီး လျှောက်ရှာပေးသည် ။ နောက် နှစ်ရက်လောက် နေတော့ သူ့ကို ရှာတွေ့သည်တဲ့ ။

“ အမေရာ မျိုးနိုင် စိတ် သိပ်ပုံမှန် မဟုတ်တော့ဘူး ။ ဒီ့ထက် ချမ်းသာမယ့်အလုပ် လိုက်ရှာတာ ဆိုပြီး ရန်ကုန် တစ်မြို့လုံး လျှောက်သွားနေတာတဲ့လေ ။ တော်သေးတယ် ဗိုလ်တထောင် က ကိုသူရ အိမ်မှာ သွားတွေ့လို့ ချော့ခေါ် လာခဲ့ရတယ် ”

“ ဟယ် ဖြစ်မှ ဖြစ်ရလေ ”

“ ကျွန်တော်က သူ့အကြောင်း အသိဆုံး ။ သိပ်မျို သိပ်နိုင်တာ ။ သူ့ညီ နှစ်ယောက်ကလည်း အလုပ်ထွက်လုပ်မယ်ချည်း ဖြစ်နေကြတယ် ။ အစ်ကိုကြီး ညမအိပ် ၊ နေ့မအိပ် ဆွဲမှ ရတဲ့ ကာတွန်းခ ၊ ပန်းချီခကို မစားချင် မသုံးချင်တော့ဘူးတဲ့ ”

အစ်ကို့ မျက်လုံးအိမ်မှာလည်း သူငယ်ချင်းအတွက် ဝမ်းနည်းရိပ်တို့ ပြည့်နေလေသည် ။

ကျွန်မကို သည်နှစ် သင်္ကြန် သူ ရေလောင်းနိုင်ပါဦးမလား ။

••••• ••••• •••••

“ ဟင် ... ကိုမျိုးနိုင် ”

နှစ်ဆန်းနှစ်ရက်နေ့ ရုံးပြန်အတက် စားပွဲရှေ့သို့ လူတစ်ယောက် လာရပ်သည် ။ ကျွန်မ အလုပ် လုပ်နေရာမှ မော့ကြည့်ရာ ဆတ်ခနဲ တုန်သွားရသည် ။

မယုံကြည်နိုင်လောက်အောင်ပဲ အံ့သြမိလေသည် ။ ကျွန်မ မျက်နှာကို သူ ကြောင်ပြီး ကြည့်နေပါသည် ။ ကျွန်မကို တခြားစားပွဲတွေက ဝိုင်းကြည့်ကြ၏ ။ ရှက်စိတ်က ရုတ်ခနဲ လျှံတက်လာရာမှ အသိတစ်ခု ဝင်လာသောအခါ ရှက်ခြင်းသည် ကျွန်မကိုယ်မှ ခွာသွားတော့၏ ။

“ ညို ”

ဆို့နင့်သော ခေါ်သံကို ကျွန်မ ကြားရသည် ။ မျက်နှာကို အတတ်နိုင်ဆုံး ပြင်၍ သူ့ကို ပြုံးပြရင်း –

“ ညို့ဆီ လာတာလား ” ဟု မေးလိုက်ရသည် ။ ကျွန်မ ဘေးစားပွဲမှ အကြည့်များကို လျစ်လျူရှုထားရ၏ ။

“ အင်း ” ဟု သူဖြေ၏ ။ သူ့မျက်လုံးတွေ လုံးဝ ပုံမှန် မဟုတ် ။ နီကြောင်နေသော ဆီဝေး ဆံပင်ရှည်ကြီးက ကုပ်ထောက်နေသည် ။ အင်္ကျီကလည်း မည်းညစ်လို့ ၊ ပုဆိုးတိုတိုနှင့် ဖိနပ်က ရာဘာဖိနပ် ။ အိတ်ကပ်ထဲ၌ ဖောင်တိန်တစ်လက်ကဖြင့် ရှိနေဆဲ ။

“ လာ .. မုန့်သွားစားရအောင် ”

ကျွန်မ ခေါ်ရာသို့ သူ လိုက် ပါလာ၏ ။ သူ့ အသွင်အပြင် အမူအရာ အရ သူ ပုံမှန် လူတစ်ယောက် မဟုတ်ဆိုသည်ကို ကျွန်မ သာမက တစ်ဌာနလုံး သိကြ၏ ။

ကျွန်မ ဆီသို့ ရောက်လာသော သာမန်လူ တစ်ယောက် မဟုတ်တော့သည့် သူ့အား အဓိပ္ပာယ်မဲ့ ရှက်စိတ်ဖြင့် အော်ဟစ် နှင်ထုတ်လည်း ဘယ်သူကမှ အပြစ်တင်မည် မဟုတ်ပါ ။ ဒါပေမဲ့ ကျွန်မ ဘယ်လုပ်ရက်ပါ့မလဲ ။

ကင်တင်းသို့ ခေါ်လာရာ လမ်းတစ်လျှောက် ဝိုင်းအုံ ကြည့်သော သူများ အကြား သူက မသိဘဲ လျှောက်ရဲခဲ့ပေမဲ့ ကျွန်မ ကတော့ ရှက်ရိပ်ဖြင့် သူ့ ကိုသာ ငေးကြည့်ရင်း လိုက်ခဲ့ရသည် ။

မတွေ့တာ ငါးလလောက် ရှိပြီဟု ထင်ရသည် ။ သူ့ အသိထဲ၌ ကျွန်မကို ထားနေဆဲဟု ယူကျုံးမရစွာ သိသော်လည်း ဘာမှ မတတ်နိုင်ပေ ။

“ နေကောင်းလား ကိုမျိုးနိုင် ”

“ အင်း ”

“ ခေါက်ဆွဲသုပ် စားနော် ။ နှစ်ပွဲစား ၊ ကော်ဖီလည်း သောက် ၊ အခု အိမ်မှာပဲ နေလား ”

“ အင်း ”

“ ဒီကို လာတတ်တယ်နော် ။ ဘယ်သူ လွှတ်လိုက်တာလဲ ။ ညို ဒီဌာနမှာ ရှိမှန်း သိလို့လား ”

ကင်တင်းတွင် သူနှင့် ကျွန်မ နှစ်ယောက်တည်း မဟုတ်သော်လည်း သူ့အတွက် ကျွန်မ နေတတ်အောင် နေရပါသည် ။ သူ ဗိုက်ဆာလာပုံ ရ၏ ။ ကျွန်မ ကျွေးသမျှ စားသည် ။ သူ့အိမ် အကြောင်း မေးပေမဲ့ အင်း မှ လွဲ၍ မဖြေခဲ့ ။ ညို ဟုတော့ နှစ်ခွန်းဆင့် ခေါ်သည် ။

ကျွန်မ မေးလည်း ဘာမှ ထူးမည် မဟုတ်ချေ ။ ဘယ်သူ လမ်းပြ၍ ဘယ်လိုရောက်လာသည်ကိုလည်း သူ ပြောပြနိုင်ပုံ မပေါ် ။ အခု ဘယ်သွားမှာလဲ ၊ အိမ်ပြန်မှာလား ၊ ညို လိုက်ပို့မယ်လေ ဟုသာ ပြောလိုက်ရသည် ။

သူ ခေါင်းညိတ်ပြကာ အအေးဆိုင်မှ ပလတ်စတစ်ဖလားကို စိုက်ကြည့်နေသည် ။ သူ့ကို ရုံးဝန်းကျင်၌ အကြာကြီး ခေါ်မထားဝံ့ ။ ကျွန်မ ရုံးပေါက်ဝသို့ လိုက်ပို့ရန် ပြင်ဆင်သောအခါ သူ့ဆီက မမျှော်လင့်သော စကားတစ် ခွန်း ကြားရ၏ ။

“ ရေလောင်းမလို့ လာတာ ညို ”

“ အို ... ”

ကျွန်မ အံ့အားသင့်ရသည် ။ သူ့ အသိတရားတွေ ချွတ်ယွင်းအားနည်းနေသည့် ကြားမှ သင်္ကြန်မှာ ကျွန်မကို ရေလောင်းဖို့ သတိရနေသေးပါလား ။ ကျွန်မ မျက်ရည် ဝဲတက်လာကာ ခေါင်းကို ဘယ်ညာ ခါယမ်းမိသည် ။ သူ့ကို ချော့မော့စကားဖြင့် နှစ်သိမ့်ရ၏ ။

“ သင်္ကြန် ကျော်သွားပြီနော် ။ ဒီနေရာမှာ ရေလောင်းလို့ မရဘူး ”

သူ တစ်ချက် ငိုင်သွားရာမှ ဪ ... ဟူသော ညည်းညူသံ ပေါ်လာပြီး ပြန်မယ်ဟု ပြောသည် ။

ကျွန်မ ကားဂိတ်အထိ လိုက်ပို့၍ ကားပေါ် ရောက်မှ ရုံးသို့ ပြန်လှည့်လာ၏ ။ ထိုနေ့မှစ၍ သူနှင့် ကျွန်မ ထာဝရ မဆုံရပြီ ကိုသာ သိခဲ့ပါလျှင် သူ လောင်းချင်သည့်ရေစက်များ ကျွန်မ ကိုယ်ပေါ် ဖြန့်ကြဲစေမိမှာပါ ။

••••• ••••• •••••

ကိုမျိုးနိုင် ၊ အသက် ( ၃၃ ) နှစ် ဟူသော စာတန်းဆီမှ မျက်လုံး ခွာမရခဲ့ ။ ကျွန်မ လက်တွေ တဆတ်ဆတ်တုန်လာကာ သတင်းစာကို တင်းတင်း ဆုပ်ကိုင်ထားမိ၏ ။

သူ .. သူ ဘယ်လို ဖြစ်သွားရတာလဲကွယ် ။ သုံးနှစ် ဆိုသည့် အချိန် အတောအတွင်း ကျွန်မ ဆီသို့ အိပ်မက်၌ပင် အလည် မလာတော့သော လူတစ်ယောက် ။ ဤကမ္ဘာလောကကြီးက အပြီးတိုင် ပျောက်ဆုံးသွားရပြီလား ။

နှမြောတသခြင်းတို့ နှလုံးအိမ်တွင် နစ်ဝင်လျက် ကျွန်မ တစ်ချက် ရှိုက်လိုက်သည် ။ လက်မှ နာရီကို ကြည့်ရာ နေ့လယ် တစ်နာရီ တိတိ ။ ရုပ်ကြွင်းမျှပင် မကျန်တော့သည့် အချိန်ကာလ ။

သူ့ နောက်ဆုံးခရီးကိုပင် လိုက်ပါပို့ဆောင်ခွင့် မရတော့ ။ ကျွန်မ ရောက်နေသော အရပ်က သူ ရှိရာသို့ ဆယ့်ငါးနာရီမျှ ကြာအောင် လာရမည်ကို သူ မသိတော့ပါချေ ။

ပြာပူကြွေလွင့် တိမ်မှာ လွင့်တော့မည့် သူ့ လိပ်ပြာသည် ကျွန်မ အတွက် မမေ့နိုင်သော လိပ်ပြာ ဖြစ်ခဲ့လေ၏ ။ ပိုင်ဆိုင်သူမဲ့ ဘဝဖြင့် အဆင်းရဲဆုံး လူမှုဒုက္ခအပေါင်း မှ ထွက်ပေါက်ရှာရင်း သူက လောကကို အရှုံးပေးသွားခဲ့ပြီပေါ့ ။

ကျွန်မ ဝမ်းနည်းစွာ ရှိုက်ငိုပစ်လိုက်၏ ။

••••• ••••• ••••• 

ယခုအချိန်၌ ကျွန်မ အသက် အစိတ် ကျော်ခဲ့ပြီ ။ ကိုမျိုးနိုင် ဆိုသော လူတစ်ယောက်အား ရိုးသားသော သံယောဇဉ် နှင့် သတိရနေဆဲပင် ။

သူ တစ်ကြိမ်တစ်ခါပဲ ရေလောင်းခဲ့ဖူးသည့် ‘ ညို ’ ဆိုသော မိန်းကလေးတစ်ယောက် သင်္ကြန် ရောက်တိုင်း သူ့ကို မျှော်နေတတ်သည်မှာ ဘယ်ရွေ့ဘယ်မျှ ကြာလိမ့်မည် မသိပါ ။

သံယောဇဉ်ဖြင့် ဖွဲ့အပ်သော ချစ်ခြင်းကိုပင် ‘ သူ ’ လို လူတစ်ယောက် ပြောခွင့်မရဘဲ မျိုသိပ်ခဲ့သည်များအား ကျွန်မ တွေးမိတိုင်း ရင်နင့် ကြေကွဲမဆုံး ။

နောက်ဘဝ ဆိုသည်များ ရှိလျှင် သူလို လူတစ်ယောက်အတွက် သည်ဘဝမှာလို ပင်ပန်းဆင်းရဲခြင်းမျိုး မကြုံရပါစေနှင့် ။ ဘဝနှင့် ရင်း၍ မိသားစုမေတ္တာ ပေးရသူ မဖြစ်ပါစေနှင့် ။

ကျွန်မ ဆုတောင်းသံကို ရောက်လေရာ ဘုံဘဝမှ သူ ကြားသိပါစေကွယ် ။

▢  နှင်းဝေငြိမ်း
📖 ဒီရေစီးသံ မဂ္ဂဇင်း
      အမှတ် - ၃ ၊ ၁၉၉၀ ၊

No comments:

Post a Comment